Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

 

နိုင်ငံတကာသတင်းများ

(15 January 2014 ရက်စွဲပါ Channel News Asia မှ Myanmar Steps into international role at ASEAN helm ကို ဘာသာပြန်ပါသည်)

(The Korea herald မှ 14 Jan 2014 ရက်စွဲပါ “Daewoo International to earn W 400 b in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာနိုင်ငံက အာဆီယံကို ဦးဆောင်၍ နိုင်ငံတကာ အခန်းကဏ္ဍ သို့ ဝင်ရောက်

(15 January 2014 ရက်စွဲပါ Channel News Asia မှ Myanmar Steps into international role at ASEAN helm ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသည် ပထမဦးဆုံး နိုင်ငံတကာ နိုင်ငံရေး အခန်းကဏ္ဍကို ယခုအပတ်တွင် အာဆီယံအဖွဲ့ကြီးအား အိမ်ရှင်အဖြစ် စတင်လက်ခံခြင်းဖြင့် စတင်ခဲ့ပါသည်။ ယခုအခါ အဖွဲ့ကြီးသည် နယ်မြေ အငြင်းပွားမှုများ ၊ ရည်မှန်းချက် ကြီးသော စီးပွားရေးစုဖွဲ့မှု အစီအစဉ်များဖြင့် ရုန်းကန်နေရခြင်းကြောင့် လိုအပ်သည်ထက် ပိုမို မမျှော်လင့်ကြရန် ပညာရှင်များ က သတိပေးလျက် ရှိပါသည်။

လာမည့် သောကြာနေ့တွင် ရှေးဟောင်းမြို့တော် ပုဂံမြို့၌ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သာမန် အစည်း အဝေးတစ်ခု ကျင်းပမည် ဖြစ်ပါသည်။

ကာလကြာရှည် အပယ်ခံ ဖြစ်ခဲ့သော မြန်မာနိုင်ငံသည် လွန်ခဲ့သည်သုံးနှစ် စစ်အုပ်ချုပ်ရေး အပြီးတွင် ပြုပြင် ပြောင်းလဲရေးများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံ အများစု၏ အရေးယူမှုများ ရုတ်သိမ်းသွားခဲ့ပြီး နိုင်ငံတကာ၏ ချီးကျုးမှုခံခဲ့ရကာ ရင်းနှီးမြှုပ်နှံမှု အတွက် ကတိကဝတ်များ မြင့်တက်လာခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်က အရှေ့အာရှ ကမ္ဘာ့စီးပွားရေးဖိုရမ် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများကို ကျင်းပခဲ့ခြင်း ကြောင့် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ကြီးကို အိမ်ရှင်အဖြစ် လက်ခံ၍ သံတမန် ၊ အစားအသောက်နှင့် သယ်ယူပို့ဆောင် ရေးများ စသည့် စိန်ခေါ်မှုများကို ကောင်းစွာ ကိုင်တွယ်နိုင်မည်ဟု ယုံကြည်မှု ရှိနေပါသည်။ သို့သော် အခြေခံ အဆောက်အဦး မှာမူ ထိရောက်စွာ ဆောင်ရွက်နိုင်သည့် အခြေအနေတွင် မရှိပေ။

"မြန်မာနိုင်ငံဟာ အာဆီယံဥက္ကဋ္ဌ နေရာအတွက် အသင့်ဖြစ်နေပါပြီ"ဟု အမျိုးသား စီမံကိန်းဝန်ကြီး ဌာနမှ အကြီးတန်း တာဝန်ရှိသူ ဦးသန်းထွတ်က ပြောပါသည်။

"အာဆီယံဟာ ကမ္ဘာ့စီးပွားရေးနဲ့ နိုင်ငံရေးမှာ ထွန်းတောက်နေဆဲ ကြယ်တစ်ပွင့် ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူမှုဟာ ဒီအချက်ကို အထောက်အပံ့ ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောပါသည်။ ကိုယ်စား လှယ်များ ကြိုဆိုရန်အတွက် BMW ကား အုပ်စုကိုလည်း လှူဒါန်းထား ကြောင်း ၎င်းက ဖြည့်စွက်ပြောပါသည်။

သြစတြေးလျ၏ Maequarie University မှ တွဲဖက် ပါမောက္ခ Sean Turnell ကလည်း မြန်မာနိုင်ငံ သည် ယခင်က အဖွဲ့ကြီး၏ ပြဿနာနိုင်ငံ ဖြစ်ခဲ့သော်လည်း ယခုအခါ အပေါင်းလက္ခဏာဆောင်သော ထည့်ဝင်မှုများ ပြုလုပ်ရန် ကတိကဝတ်များ ပြုထားကြောင်း ဆိုပါသည်။

"မြန်မာနိုင်ငံအတွက် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူတာနဲ့ ပတ်သက်ပြီး အကြီးဆုံး အန္တရာယ်ကတော့ ရှိသင့်တာထက် ပိုပြီး မျှော်လင့်ချက်တွေ ထားမိကြမှာ ဖြစ်ပါတယ်" ဟု ၎င်းက AFP သို့ ပြောပါသည်။ အရှေ့တောင်အာရှ အားကစားပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခြင်းကြောင့် မဟာဗျူဟာ အရေးကြီးသော စိန်ခေါ်မှုတွေကို ကိုင်တွယ်နိုင်လိမ့်မည်ဟု သဘာဝ မကျသော မျှော်လင့်ချက်များ ထွက်ပေါ်လာနိုင်ကြောင်း ၎င်းက ပြောပါသည်။

"နိုင်ငံတကာ အသိုင်းအဝိုင်းက အရင် ဥက္ကဋ္ဌ လုပ်ခဲ့တဲ့ လာအို ၊ ကမ္ဘောဒီးယား တို့ကို သိပ်ပြီး မျှော်လင့်ချက် မထားခဲ့တော့ မျှော်လင့်ချက်တွေကို လွယ်လွယ်  ကျော်ဖြတ်နိုင်ခဲ့ပါတယ်" ဟု ၎င်းက ပြောပါသည်။

၂ဝဝ၆ ခုနှစ်က အာဆီယံ ဥက္ကဋ္ဌ အတွက် အလှည့်ကျခဲ့စဉ်က လူ့အခွင့်အရေး မှတ်တမ်းများ ၊ စစ် အစိုးရ၏ ဒီမိုကရေစီ ဖော်ဆောင်မှု မရှိခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာ ဥက္ကဋ္ဌ နေရာအတွက် လက်ခံခြင်း မပြုနိုင်အောင် ဖိအားပေးခဲ့ကြပါသည်။

မြန်မာနိုင်ငံသည် ယခုနှစ်တွင် ဥက္ကဋ္ဌ နေရာအတွက် စိတ်အား ထက်သန်လျက်ရှိရာ အစိုးရအနေဖြင့် ဒေသတွင်း နှင့် ပြင်ပကမ္ဘာကို တံခါးဖွင့်နေပြီ ဖြစ်ကြောင်း အချက်ပြလိုက်ခြင်း ဖြစ်သည်ဟု အရှေ့တောင်အာရှ ကျွမ်းကျင်သူ Cart Thayer က ပြောကြားခဲ့ပါသည်။

၎င်းက ပြောကြားရာတွင် မြန်မာနိုင်ငံသည် ကြိုတင် သတ်မှတ်ထားသော အစီအစဉ်များ အပေါ်တွင်သာ အစီအစဉ် များအပေါ်တွင်သာ လုပ်ဆောင်နိုင်ဖွယ် ရှိပြီး ဥက္ကဋ္ဌနေရာ အနေဖြင့် မထိန်းသိမ်းနိုင်သည့် အဖြစ်သို့ ရောက်လိမ့်မည် မဟုတ်ဟု ဆိုပါသည်။

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် အောက်တိုဘာလက ပြောကြားရာတွင် မြန်မာနိုင်ငံဥက္ကဋ္ဌ တာဝန်ယူခြင်း၏ အဓိက အကြောင်းအရာမှာ ငြိမ်းချမ်း၍ သာယာဝပြောသော အသိုင်းအဝန်း အဖြစ် ညီညွတ်စွာ ရှေ့ဆက်လှမ်းနိုင်ရေး ဖြစ်သည်ဟု ဆိုပါသည်။

အာဆီယံတွင် လောလောဆယ် ရှုပ်ထွေးသော ကိစ္စရပ်များ ဖြေရှင်းရန် ရှိနေပါသည်။ တရုတ်နှင့် အာဆီယံ အဖွဲ့ဝင် အချို့ ဖြစ်သော ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့ တောင်တရုတ်ပင်လယ်တွင် နယ်မြေ အငြင်းပွားမှုများ ၊ ရည်မှန်းချက်ကြီးသော စီးပွားရေးအရ စုစည်းမည့် အစီအစဉ်များ ရှိနေပါသည်။

လူဦးရေ သန်း (600) ရှိသော အာဆီယံသည် တရုတ်နှင့် အိန္ဒိယ တို့ကို ပိုမိုယှဉ်ပြိုင်နိုင်ရန် ဘုံဈေးကွက်နှင့် ထုတ်လုပ်မှု ထူထောင်ရန် ဆန္ဒရှိနေသော်လည်း ၂ဝ၁၅ တွင် မျှော်မှန်းချက် ပြည့်မှီနိုင်ခြင်း ရှိ ၊ မရှိ မှာမူ သံသယများ ရှိနေပါ သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် ပြုပြင်ပြောင်းလဲရေးများ စတင်ကတည်းက စီးပွားရေးအရ စိတ်ဝင်စားမှုများ ပေါ်ထွက်လာရာ မဟာဗျူဟာကျသော အရေးပါသည့် နေရာကြောင့် ရင်းနှီးမြှုပ်နှံသူများ မျက်စိကျခြင်း ၊ သဘာဝသယံဇာတ ပေါများခြင်း နှင့် အပယ်ခံ ဖြစ်ခဲ့ရသော သန်း (၆၀) သော စားသုံးသူ ဈေးကွက်များမှာ စိတ်ဝင်စားဖွယ် ဖြစ်ခဲ့ရပါသည်။

"စုဖွဲ့မှုမှနေပြီး မြန်မာနိုင်ငံဟာ ကြီးမားစွာ အကျိုးအမြတ် ရနိုင်ပါတယ်"ဟု Turnell က ပြောပါသည်။ ပြုပြင်ပြောင်း လဲရေးများ လုပ်ဆောင်နေသော်လည်း ရင်းနှီးမြှုပ်နှံသူများက သတိထားနေဆဲ ဖြစ်ကြောင်း ဖြည့်စွက်ပြောခဲ့ပါသည်။

မြန်မာနိုင်ငံသည် တောင်တရုတ်ပင်လယ် ကိစ္စကို ကိုင်တွယ်ပါ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့သော တရုတ် နှင့် ဆက်ဆံရေး ပျက်သွားနိုင်သည့် အခြေအနေရှိပါသည်။

၂ဝ၁၂ က အာဆီယံ ဥက္ကဋ္ဌ ဖြစ်ခဲ့သော ကမ္ဘောဒီးယား သည် တရုတ်၏ မဟာမိတ် ဖြစ်ခဲ့ခြင်းကြောင့် တောင်တရုတ်ပင်လယ် ကိစ္စတွင် တရုတ်ကို ဝေဖန်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အများကို အံ့အားသင့်စေ ခဲ့ပါသည်။

"မြန်မာ သံတမန်တွေ အလွတ်သဘော ကျွန်တော့်ကို ပြောကြားချက်အရ သူတို့ အနေနဲ့ တောင်တရုတ် ပင်လယ်ကိစ္စမှာ အာဆီယံရဲ့ အများသဘောတူညီမှု ကို ထင်ဟပ်စေမှာ ဖြစ်ပြီး တရုတ်ရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို မျှော်လင့်ထားကြောင်း ပြောပါတယ်" ဟု Thayer က AFP သို့ ပြောပါသည်။ အရေကြီးသော ဆုံးဖြတ်ချက်များမှာ ဥက္ကဋ္ဌ နေရာပြီးမှသာ ထွက်ပေါ်လာနိုင်ဖွယ် ရှိကြောင်း ဆိုပါသည်။

၂ဝ၁၄ တွင် မြန်မာနိုင်ငံသည် အာဆီယံ ထိပ်သီး အစည်းအဝေး ကျင်းပမည်ဖြစ်ရာ အမေရိကန် ၊ တရုတ် နှင့် ရုရှားတို့ပါ ပါဝင်မည် ဖြစ်ပါသည်။

ဥက္ကဋ္ဌနေရာ တာဝန်ယူခြင်းသည် မြန်မာအစိုးရအား လူ့အခွင့်အရေး အခြေအနေ တိုးတက်ရန် နှင့် စစ်အုပ်ချုပ်ရေး ကနေ စစ်မှန်တဲ့ အရပ်သား အုပ်ချုပ်ရေးအတွက် အသွင်ကူးပြောင်းရေးကို ပိုမို လေးနက်စွာ လုပ်ဆောင်ရန် အခွင့်အလမ်း ဖြစ်သင့်ကြောင်း Human Rights Watch မှ သုတေသနပြုသု David Mathieson က ပြောပါသည်။ ယခုအချိန်အထိမူ ယုံကြည်ရန် ခက်သော အကြောင်းတချို့ ရှိနေသေးကြောင်း ပြောပါသည်။

မကြာသေးမီက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်းအတွက် အကောင်းမြင်မှုများကို တက်ကြွသူများ ဆက်လက်ဖမ်းဆီးခြင်း နှင့် ဘာသာရေးအရ တင်းမာမှုများ ၊ လွှတ်တော်တွင် စစ်တပ်က အရေးပါသော နေရာယူထားမှုများက အားနည်းအောင် လုပ်ဆောင်နေပါသည်။


 

 မြန်မာနိုင်ငံတွင် ဝမ်ငွေဘီလီယံ ၄၀၀ ခန့် Daewoo International ရရှိနိုင်မည်

(The Korea herald မှ 14 Jan 2014 ရက်စွဲပါ “Daewoo International to earn W 400 b in Myanmar” သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာအနောက်ဖက် ကမ်းရိုးတန်းကမ်းလွန်ရှိ ‘ရွှေ’ ဓါတ်ငွေ့ လုပ်ကွက်တွင် ဓါတ်ငွေ့ထုတ်လုပ်မှုကို အောင်မြင်စွာ စတင်လိုက်နိုင်ပြီဟု ကိုရီးယား POSCO ၏ လုပ်ငန်းခွဲ Daewoo International က တနလာင်္နေ့ တွင် ထုတ်ပြန်ကြေညာ သည်။ ၎င်းစီမံကိန်းမှ နှစ်စဉ်အခွန်မဆောင်မှီ အမြတ်ငွေ ဝမ် ၃၅၀-၄၀၀ ဘီလီယံခန့် နောက်ထပ်နှစ်ပေါင်း ၂၀ လုံးလုံးရရှိနေမည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

Daewoo သည် ရွှေဓါတ်ငွေ့ စီမံကိန်းရှိ တွင်း ၁၁ တွင်းအနက်မှ တစ်တွင်းတွင် ဓါတ်ငွေ့ထုတ်လုပ်မှု စတင်ခဲ့ ခြင်းဖြစ်ပြီး၊ ယခုနောက်ဆုံး ထုတ်လုပ်မှုကြောင့် မနှစ်က ဇူလိုင်လ တွင် စတင်ထုတ်လုပ်ခဲ့သော မြ လုပ်ကွက်မှ ထွက်ရှိမှု အပါအဝင် ကုမ္မဏီ၏ နေ့စဉ်သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု ပမာဏမှာ ကုဗပေသန်း ၂၀၀ သို့ ရောက်ရှိ လာမည်ဖြစ်သည်

ရွှေဓါတ်ငွေ့စီမံကိန်းတွင် ထုတ်ယူမှု အပြည့်အဝ စတင်သည်နှင့် တစ်ပြိုင်နက် ယခုနှစ်ကုန်တွင် နေ့စဉ် ထုတ်လုပ် နိုင်စွမ်း ကုဗပေ သန်း ၅၀၀ အထိရှိလာနိုင်မည်ဟု ကုမ္မဏီက မျှော်မှန်းထားသည်။

ထို့အပြင် ‘ရြွှေဖူ’ ဓါတ်ငွေ့လုပ်ကွက်မှလည်း အစောဆုံး ၂၀၂၀ တွင် စတင် ထုတ်ယူရန် ကုမ္မဏီက စီစဉ်နေ သည်။

အဆိုပါ ဓါတ်ငွေ့လုပ်ကွက် ၃ ခု၏ စုစုပေါင်း သိုမှီးမှုပမာဏသည် ခန့်မှန်းခြေ ကုဗပေ ၄ ထရီလီယံခန့် ရှိနိုင်ပြီး၊ ရေနံစိမ်း စည်သန်းပေါင်း ၇၀၀ (သို့) ကိုရီးယားနိုင်ငံ၏ ဓါတ်ငွေ့သုံးစွဲမှု ၃ နှစ်စာ နှင့် အကြမ်းဖျင်းညီမျှသည်ဟု ကုမ္မဏီ ဆိုပါသည်

ထို့အပြင် ကိုရီးယား ကုမ္မဏီတစ်ခု၏ အကြီးစား ပင်လယ်ရပ်ခြား ရေနံဓါတ်ငွေ့ စီမံကိန်းတစ်ခုဖြစ်ကြောင်း ကိုလည်း ထင်ဟပ်နေသည်ဟု ကုမ္မဏီက ပြောကြားသည်။

Daewoo International တာဝန်ရှိသူတစ်ဦးက “မြ ဓါတ်ငွေ့လုပ်ကွက် အပြင် ရွှေ ဓါတ်ငွေ့လုပ်ကွက် ကနေ ဓါတ်ငွေ့ထုတ်လုပ်မှု အောင်အောင်မြင်မြင် စတင်နိုင်ခဲ့လို့ ကျွန်တော်တို့ ဝမ်းသာပီတိဖြစ်နေပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ မြန်မာကမ်းလွန် ဓါတ်ငွေ့သိုက်တွေကနေ တည်တည် ငြိမ်ငြိမ် ထုတ်လုပ်နေမှုကို မြင်တွေ့နိုင်တော့မယ်ဆိုတဲ့ အဓိပါယ် ကိုဆောင်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ ဓါတ်ငွေ့သိုက်များမှ ထွက်ရှိလာသော ဓါတ်ငွေ့များကို တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံသို့ ပို့လွှတ်ရောင်းချ သွားမည်ဟု ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။


 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံ၏ အခက်အခဲဒုက္ခများအပေါ် သဘာဝဘေးအန္တရာယ်များကထပ်ဆင့်ခြိမ်းခြောက်နေ

(Inter Press Service မှ 11 Jan 2014 ရက်စွဲပါ “Natural disasters add to Myanmar’s troubles” သတင်းဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ကာလရှည်ကြာစစ်ဖက်ကအုပ်ချုပ်ခဲ့ပြီးနောက် ခနော်ခနဲ့ ဒီမိုကရေစီကို ပြုစုပျိုးထောင်နေသော မြန်မာနိုင်ငံတွင် နောက်ထပ်ထွက်ပေါ်လာသော အန္တရာယ်သစ်တစ်ခု ဖြစ်သည့် ရာသီဥတုပြောင်းလဲမှု Climate Change သည် နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်မှုများနှင့် အကျပ်အတည်းတို့ကိုပိုဆိုးစေမည့်အလားအလာရှိသည်ဟု ကျွမ်းကျင်သူများကဆိုပါသည်။

နာဂစ်ဆိုက်ကလုံးအလွန် ငါးနှစ်ခန့်ရှိလာသည့်တိုင်အောင် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် နေထိုင်သူများမှာ ၎င်းတို့ ခြေထောက်ပေါ်ရပ်နိုင်ခြင်းမရှိသေးဟု NGOs များကထောက်ပြကြသည်။

ဆိုးဆိုးဝါးဝါး ပျက်စီးသွားသော သက်မွေးဝမ်းကျောင်းလုပ်ငန်းများကြောင့် အခက်အခဲများ ထပ်မံကြုံတွေ့နေရ သည်ဟု Environment and Economic Research Institute of Myanmar မှ ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းသီးစ်မီယာ က ပြောကြားသည်။

ဆားငန်ရည်ဝင်ခြင်းကြောင့် လယ်များဆုံးရှုံးသွားသော (သို့) ပိုက်ဆံမရှိ၍ လယ်မစိုက်နိုင်သော မြစ်ဝကျွန်းပေါ် ဒေသခံများသည် အကြွေးထဲနစ်လျှင်နစ်၊ နေ့စားစာရင်းငှားဖြစ်ရင်ဖြစ်၊ သို့မဟုတ်ပါက Free Trade Area ဟုခေါ်သော ပို့ကုန်ထုတ်လုပ်ရေး ဇုန်အသစ်များသို့ ပြောင်းရွှေ့ကြရုံသာရှိသည်ဟု မြစ်ဝကျွန်းပေါ် ပြန်လည်ထူထောင်ရေး အစီအစဉ် များ အကြောင်း နှံ့စပ်ကျွမ်းကျင်သူလင်းသီးစ်မီယာ က ဆိုပါသည်။

နာဂစ်ဆိုက်ကလုံးအပြီးတွင် ကျေးလက်အခြေပြုပုံစံ ပြန်လည်ထူထောင်ရေး စီမံချက်များကို ခရိုင်ဒေသ များစွာတွင် အစိုးရက စီစဉ်ခဲ့သော်လည်း ငွေကြေးရင်းမြစ်နှင့် ကျွမ်းကျင်ဝန်ထမ်းချို့တဲ့မှုကြောင့် အနည်းငယ်သာ အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု သိရှိရသည်။

“လူတိုင်းရေဒီယိုရှိအောင်၊ အရေးပေါ်သတင်းတွေ ဖမ်းယူနားထောင်တက်အောင် အစိုးရကလုပ်ပေးခဲ့ပေမယ့် လှေနဲ့မှ ခရီးသွားလို့ရတဲ့ နေရာတွေ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် မုန်တိုင်းလာရင် လွတ်မြောက်ဖို့က ပြဿနာရှိနေ တုန်းပါပဲ၊ သူတို့ တကယ်လိုအပ်နေတာကပုန်းခိုနိုင်မယ့် Shelters တွေ ဖြစ်ပါတယ်” ဟုသူမကပြောကြားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးဌာန UNOCHA က လူဦးရေး ၅၃ သန်းကျော်ရှိသော မြန်မာနိုင်ငံသည် အာရှပစ္စဖိတ်ဒေသတွင် ထိခိုက်အန္တရယ် ဖြစ်နိုင်ခြေအများဆုံး တိုင်းပြည်ဟု ၂၀၁၁ ခုနှစ်ကသတ် မှတ်ခဲ့ပြီး၊ အလတ်စားနှင့် အကြီးစားသဘာဝဘေးအန္တရာယ်များ ၂ နှစ်တစ်ကြိမ် ဖြစ်ပေါ်ရန် အလားအလာ အလွန်များ သည်ဟု မှတ်ချက်ပေးထားပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိနှစ်ပိုင်းအတွင်းအဆိုးဝါးဆုံးဖြစ်ပေါ်ခဲ့သော ၂၀၀၈ နာဂစ်ဆိုက်ကလုံးအပြီးတွင် ပြည်တွင်းနှင့် နိုင်ငံတကာ NGOs များကရာသီဥတုဆက်နွယ်ဆိုးကျိုးသက်ရောက်မှုများကိုကာကွယ်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်ခဲ့ကြသည်။

၂၀၁၁ တွင် အရပ်ဖက်အစိုးရအာဏာရလာသောအခါ နောက်တစ်ခါလာမည့် သဘာဝဘေးအန္တရာယ်က မြန်မာနိုင်ငံ၏ လူမှုစီးပွားအပြောင်းအလဲအပေါ် မည်သို့ သက်ရောက်နိုင်သနည်း ဟူသောကိစ္စမှာ အဓိကမေးခွန်း ဖြစ်လာ သည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ကြိုတင်မှန်းဆကာကွယ်၍ ရသောဆိုးကျိုးများစွာ ခံစားရဖွယ်ရှိသည်ဟု George Washington University မှ International Strategies in Asia ဒါရိုက်တာလင်ဒါယား က သုံးသပ်သည်။ ယင်းဆိုးကျိုးများထဲတွင် ကမ်းခြေတိုက်စားခြင်း၊ ဆိုက်ကလုံးနှင့် အလွန်အမင်းမိုးခေါင်ခြင်းကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြစ်ရပ်များမကြာခဏဖြစ်လာနိုင်ခြင်း၊ တောင်ပေါ်ဒေသများတွင် မိုးကြီး၍ မြေပြိုခြင်းစသည်တို့ ပါဝင်သည်ဟု သူမကဆိုပါသည်။

World Vision Myanmar မှ အရေးပေါ် လူသားချင်းစာနာမှုရေးရာ ဒါရိုက်တာဦးဝင်းဇင်ဦး က “ကျွန်တော် တို့ ရောင့်ရဲတင်းတိမ်နေလို့ မရပါဘူး၊ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟုသတိပေးသည်။

မနှစ်က နွေဦးတွင် ဆိုက်ကလုံးမဟာဆင် မြန်မာဖက်သို့ ဦးတည်လာသောအခါ သဘာဝဘေးအန္တရာယ်၏ မှန်းဆရခက်မှုနှင့် ရှုပ်ထွေးမှုတို့ကို ကြုံတွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ကြီးကြီးမားမား ရင်ဆိုင်နေရသော ထိခိုက်အန္တရာယ်မျိုးမှ မြန်မာနိုင်ငံသက်သာရာရခဲ့သည်။ ပြီးခဲ့သော ၂ နှစ်အတွင်း သိသိသာသာဖြစ်ပွားသော ဘေးအန္တရာယ်မှာ ရေလျှံခြင်းဖြစ်ပြီးဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုတည်ငြိမ်မှုကို ပျက်ပြားစေခဲ့သည်ဟု ၎င်းကပြောကြားသည်။

World Vision သည် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်နိုင်ခြေလျှော့ချခြင်း DRR နှစ်မျိုးစလုံးကိုဝင်ရောက်လုပ်ကိုင်ပေးနေပြီး၊ ဆိုက်ကလုံးနာဂစ်၊ ရှမ်းပြည်နယ်ငလျင်၊ မြစ်ဝကျွန်းပေါ် နှင့် ကရင်ပြည်နယ် ရေလျှံမှု တို့ကြောင့် ဒုက္ခရောက်သူများကို ကူညီပေးလျက်ရှိသည်။

ဦးဝင်ဇင်ဦး က ၎င်း၏ NGO သည် နာဂစ်အပြီးတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းသည် စိန်ခေါ်မှုဖြစ်နေဆဲဟု သိရှိနားလည်ခဲ့ရကြောင်း၊ သို့သော် ထိခိုက်နိုင်ခြေလျှော့ချခြင်း DDR ကြောင့် ရာသီဥတုအပြောင်းအလဲဆိုင်ရာဆိုးကျိုးများကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖြစ်ပေါ်ရေး ဦးတည်လုပ်ကိုင်နေသော ရန်ကုန်အခြေစိုက် အင်ဂျီအို Dear Myanmar ၏ အဆိုအရလုံလောက်သော ကြိုတင်ပြင်ဆင်မှုကို အဓိကတားဆီး နေသော ပြဿနာများတွင် မိုးလေဝသသတင်း ချို့တဲ့အားနည်းမှု၊ ကြိုတင်သတိပေးစနစ် အကန့်အသတ်ရှိမှု၊ ဒေသခံ အချို့၏ အလေးမထားမှု စသည်တို့ ပါဝင်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည် စွမ်းအားနည်းခြင်းအပေါ် ထပ်ဆင့်ထုထောင်းနေသော ပြဿနာများမှာ လတ်ဆတ်သော သန်းခေါင်စာရင်းမရှိခြင်း၊ ကားလမ်း၊ လျှပ်စစ်ဓါတ်အားကွန်ယက် စသော အခြေခံ အဆောက်အဦးစနစ် အားနည်းခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ခေတ်မမီခြင်း၊ သစ်ခုတ်၊ မိုင်းတူးလုပ်ငန်းများကို ထိန်းချုပ်မှု လျော့ရဲခြင်းတို့ဖြစ်သည်ဟု လင်ဒါယားက သုံးသပ်သည်။

လင်ဒါယားတို့အဖွဲ့နှင့် ရန်ကုန်အခြေစိုက် ALARM အင်ဂျီအိုတို့ ပူးပေါင်းကာ ပြီးခဲ့သော ဖေဖော်ဝါရီလက ဝန်ကြီးဌာန ၁၂ ခုမှ အရာရှိ ၄၅ ဦးအား Myanmar Leadership Institute on Climate Change အစီအစဉ် ကိုပို့ချပေးခဲ့ကြသည်။ ပြည်တွင်းမှ အဖွဲ့အစည်းများကတိုင်းပြည်၏ သဘာဝဒဏ်ခံနိုင်ရည်စွမ်းကို မြှင့်ရန် ကြိုးပမ်း နေကြသည်။

အစိုးရဖက်ကလည်း ၂၀၁၄-၁၅ အတွက် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများထဲသို့ သဘာဝဘေး ကာကွယ်ရေး အစီအမံများ ထည့်သွင်းရေး စမ်းသပ်ချက် အနေဖြင့် ဧရာဝတီတိုင်း တနသာင်္ရီတိုင်းကို ရွေးချယ်ထားသည်။

ရန်ကုန်မှ NGO Environmental & Economic Research Institute ဒါရိုက်တာဒေါက်တာဝင်းမြင့် ကလည်းနာဂစ်အပြီးဖျက်ဆီးသွားသောစိုက်ပျိုးမြေများ ပြင်ဆင်ရန်နှင့် နည်းပညာပံ့ပိုးပေးရန်အတွက် ပြန်လည် ထူထောင် ရေးစီမံချက်တစ်ခုကို ဆောင်ရွက်ပေးခဲ့သည်။

“ဆိုက်ကလုံးအပြီးမှာသူတို့ရှင်သန်နိုင်ခဲ့ ကြပါတယ်။ ဒါပေမယ့် ဆင်းရဲတွင်းသံသရာက လွတ်အောင် ကူညီဖို့ ကတော့ စိန်ခေါ်နေတုန်းပါပဲ” ဟု ၎င်းက ပြောကြားသည်။

Asia Institute of Technology နှင့် အတူ ပြန်လည်ထူထောင်ရေး စီမံချက်ကို လုပ်ကိုင်ရာတွင် ကျေးရွာ ၁၁ ရွာ မှ မြေမဲ့ယာမဲ့ အနွမ်းပါးဆုံးမိသားစုကိုးစုကိုပစ်မှတ်ထားရွေးချယ်ကာဝက်မွေးလိုသူ၊ ငါးဖမ်းလိုသူ၊ ဟင်းသီး ဟင်းရွက် စိုက်ပျိုးလိုသူများကို သင်တန်းပေးကာ ပစ္စည်းပစ္စယများ ထောက်ပံ့ကူညီပေးခဲ့သည်ဟု သိရှိရသည်။

Dear Myanmar ကလည်းမြေလွှာကိုပျက်စီးစေသော၊ ရာသီဥတုပြောင်းလဲခြင်းကို ပိုဆိုးစေသော ဓါတုမြေသြဇာများ ထက်ပိုကောင်းသော သြဂဲနစ်မြေသြဇာများ အသုံးပြုပုံပြုနည်းများကို သင်ကြားပေးသည့် လစဉ် သင်တန်းများ ပို့ချပေးနေသည်။

နာဂစ်ဆိုက်ကလုံးက ယူဆောင်လာသော ပျက်စီးဆုံးရှုံးမှုများသည် နိုင်ငံတကာအကူအညီများကို မြန်မာအစိုးရ က လက်ခံလာအောင် ဖိအားပေးခဲ့သလို၊ နိုင်ငံ၏ သဘာဝဘေး အံတုနိုင်စွမ်းကိုမြှင့်ရာတွင် ပြည်တွင်းလှုပ်ရှားသူ များကိုလည်း ပါဝင်လာစေခဲ့သည်ဟု ကျွမ်းကျင်သူများက မှတ်ချက်ပေးကြသည်။

ယင်းကဲ့သို့ ကြိုးပမ်းအားထုတ်မှုများ ရှိလာသော်လည်း ရာသီဥတုပြောင်းလဲမှုသည် မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းမှု ဖြစ်စဉ်အပေါ် မှန်းဆမရသော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပြီဟု George Washington University မှ နောက်ဆုံးအစီရင်ခံစာ တစ်စောင်က ဆိုပါသည်။

ဆိုက်ကလုံးနာဂစ် အရွယ်အစားမျိုးရှိသော အကြီးစားသဘာဝဘေးအန္တရာယ်သည် အစိုးရ၏ စွမ်းဆောင်ရည် နှင့် ဒီမိုကရေစီကူးပြောင်းရေး ဖြစ်စဉ် တိုးတက်မှုတို့ကို ယုတ်လျော့အောင် ခြိမ်းခြောက်နိုင်သည်ဟု အစီရင်ခံစာက သတိပေးထားပါသည်။

သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တပ်မတော်အပါအဝင် လုံခြုံရေး အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသအာဏာပိုင်များကလုပ်ဆောင်ကြရာတွင် နိုင်ငံရေးအရ စည်းရုံးအမြတ်ထုတ်သည့် ပုံစံမျိုးဖြင့် ပြုလုပ်ခြင်းသည် သိက္ခာမဲ့လွန်းကြောင်း ရန်ကုန်မြို့မှ အကဲခတ် စောင့်ကြည့်သူများက ထောက်ပြဝေဖန် ထားကြသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive