Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(20 Jan 2014 ရက်စွဲပါ VOA News မှ Gabrielle Paluch ရေးသားသော Reports of religious violence in remote part of Burma draw concern ကို ဘာသာပြန်ပါသည်)

(ETN မှ 20 Jan 2014 ရက်စွဲပါ “Silk Air launches Singapore Mandalay flight” သတင်းကိုဘာသာပြန်ဆိုသည်။)

(The Korea Herald မှ 20 Jan 2014 ရက်စွဲပါ  “Korea, Myanmar to boost agriculture cooperation” သတင်းကို ဘာသာပြန်ဆိုသည်)


ရခိုင်ပြည်နယ် ဝေးလံသောဒေသမှ ဘာသာရေးအရ အကြမ်းဖက်မှုသတင်းများ စိုးရိမ်မှုကို ဖြစ်ပေါ်စေ

(20 Jan 2014 ရက်စွဲပါ VOA News မှ Gabrielle Paluch ရေးသားသော Reports of religious violence in remote part of Burma draw concern ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံမှ မငြိမ်သက်သော ရခိုင်ပြည်နယ်ရှိ မူဆလင်နှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကြား ရန်ပွဲများကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားအစိုးရများက ဝေးလံသောဒေသများတွင် လုံခြုံရေးတပ်ဖွဲ့များ၏ တုန့်ပြန်မှုများနှင့် ပတ်သက်၍ စိုးရိမ်မှုကို ထုတ်ဖော်ပြောကြား ခဲ့သော်လည်း မြန်မာအစိုးရကမူ အဆိုပါအကြမ်းဖက်မှု မဖြစ်ပေါ်ခဲ့ကြောင်း ငြင်းဆိုခဲ့ပါသည်။

လူ့အခွင့်အရေးအုပ်စုများက ဇန်နဝါရီလ ၁၄ ရက် နံနက်က မောင်းတောမြို့အနီး ဒူးချီးယားတန်းကျေးရွာတွင် ဖြစ်ပွားသည်ဟု သတင်းများက ဖော်ပြသော ကိစ္စရပ်တွင် ပါဝင်သည့် တိုက်ခိုက်ခံရသူများ၏ အမည်များကို ဖော်ထုတ်လျှက် ရှိပါသည်။

အဖြစ်အပျက်မှာ ရိုဟင်ဂျာ ရွာသားများထဲမှ လဒ်ငွေတောင်းသည်ဟု ယူဆရသော ရဲအရာရှိတစ်ဦး ပျောက်ဆုံးခြင်းမှ စတင်သည်ဟု ယုံကြည်ရပါသည်။ ထိုကိစ္စကြောင့် ရွာခံများမှာ လက်တုန့်ပြန်ခံရခြင်း ဖြစ်နိုင်ပါသည်။

မြန်မာနိုင်ငံမှ အာဏာပိုင်များကမူ အကြမ်းဖက်မှုများ လုံးဝမရှိခဲ့ကြောင်း ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ပါသည်။ သို့သော် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Jen Psaki ကမူ ၎င်း တို့စီစစ်ချက်များအရ အလွန်တရာ စိုးရိမ်ကြောင်း ပြောကြားခဲ့ပါသည်။

“အချို့အသတ်ခံရတယ်။ အများအပြား ဒဏ်ရာရတယ်။ တစ်ယောက်ပျောက်နေတယ်။ နေအိမ်တွေ ဖျက်ဆီး ခံရပြီး လုယက်ခံရလို့ အရပ်သား ရာနဲ့ချီပြီး အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်လို့ သတင်းတွေ ကြားရတာ ဝမ်းနည်းပါတယ်။ လုံခြုံရေး တပ်ဖွဲ့အင်အားဟာ အင်အားအလွန်အကျွံသုံးတယ်လို့ ကြားရတာ စိတ်အနှောက်အယှက် ဖြစ်ရပါတယ်” ဟု Psake ကပြောပါသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလျှက် ရှိပါသည်။ သို့သော် ဝေးလံသော ဒေသမှ အချို့မူဆလင်အများစု နေထိုင်သော ကျေးရွာများကို လုံခြုံရေးတင်းကြပ်ထားသောကြောင့် အကြမ်းဖက်မှုနှင့် ပတ်သက်သော သတင်းများကို အတည်ပြုရန် ခက်ခဲပါသည်။

နိုင်ငံတကာအကူအညီပေးရေး အဖွဲ့တစ်ခုဖြစ်သော နယ်စည်းမခြားဆရာဝန်များအဖွဲ့သည် အခင်းဖြစ်ပွားရာ ဒေသတွင် လုပ်ကိုင်လျှက်ရှိရာ ၎င်းတို့က ပြောကြားရာ၌ သေနတ်ထိမှန်သူတစ်ဦးအပါအဝင် အဆိုပါ အကြမ်းဖက်မှုကြောင့် ဒဏ်ရာရသူနှစ်ဦးကို ဆေးကုသပေးခဲ့ရကြောင်း ဆိုပါသည်။ မြန်မာနိုင်ငံမှ အဆိုပါအဖွဲ့ခေါင်းဆောင် Peter-Paul de Groote ကပြောကြားရာတွင် အဆိုပါ အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ဆေးခန်း၌ ထူးထူးခြားခြား လူနာနည်းသွားသည်ကိုတွေ့ရသည်ဟု ဆိုပါသည်။

နိုင်ငံတကာလူ့အခွင့်အရေး အုပ်စုဖြစ်သော Fortify Rights မှ Malthew Smith သည် ရခိုင်ပြည်နယ်မှ သတင်းပေးပို့မှုများကို စောင့်ကြည့်လျှက်ရှိရာ ၎င်းက အချက်အလက်များကို အတည်ပြုရန် ခက်ခဲသည်ဆိုသော်လည်း  အစိုးရ၏ ရှင်းလင်းချက်များနှင့် ပတ်သက်၍ သံသယဖြစ်ဖွယ် ထောက်ပြရမည့် အချက်များရှိသည်ဟု ဆိုပါသည်။

“အစိုးရက တိုင်းပြည်မှာ လုပ်နေတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဇာတ်ကြောင်းမှာ ဒီအဖြစ်ဆိုးတွေကို ထည့်ပြောချင်ပုံ မရဘူး။ အခုတိုင်းပြည်မှာ နိုင်ငံသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ မူဆလင်တွေအပေါ် အကြမ်းဖက်နေတာတွေဟာ အစိုးရပြောနေတဲ့ အပေါင်းလက္ခဏာ ဆောင်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ ညီညွတ်မှု မရှိပါဘူး။ ဒါကြောင့် အစိုးရက အကြမ်းဖက်မှုတွေ မဖြစ်ပါဘူးလို့ မျက်စိပိတ်ငြင်းနေတာ ဖြစ်မှာပါ”ဟု Smith က ပြောပါသည်။

Smith ကပြောကြားရာတွင် ရခိုင်းပြည်နယ်တွင် တင်းကြပ်သော လုံခြုံရေးမူဝါဒများ ချမှတ်ထားခြင်းမှာ မူဆလင်လူဦးရေ တိုးမလာအောင် ကာကွယ်ထားခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်မည်ဟု ဆိုပါသည်။

Arakan Project ကို ဦးဆောင်နေသူ ရိုဟင်ဂျာအခွင့်အရေးတက်ကြွသူ Chris Lewa က ပြောကြားရာတွင် သူမ၏ အုပ်စုသည် ရိုဟင်ဂျာရွာသား အနည်းဆုံး သုံးဦးသေဆုံးသည်ကို အတည်ပြုကြောင်း ၊ ဓါးထိုးခံရ၍ သေဆုံးကြောင်း၊ ၎င်းမှာ တင်းမာမှု ပိုမိုမြင့်တက်လာသည်ကို ပြနေကြောင်း ဆိုပါသည်။

“တိုက်ခိုက်မှု ဖြစ်တယ်ဆိုတာ သေချာပါတယ်။ ရှင်းနေတဲ့အချက်ကတော့ အဲဒီရွာက ရခိုင်တွေ ပါဝင်ပတ်သက်တယ်ဆိုတာပါပဲ။ ရဲတွေပါမပါ အတည်မပြုနိုင်ပေမယ့် သူတို့ ဝင်ရောက်ထိန်းသိမ်းမှုမရှိတာ သေချာပါ တယ်”ဟု Lewa ကပြောပါသည်။

Lewa က ဖြည့်စွက်ပြောကြားရာတွင် မူဆလင်ဆန့်ကျင်ရေး နာမည်ဆိုးရှိသော အဖွဲ့ဖြစ်သည်။ ‘၉၆၉’သည် ဒီဇင်ဘာလက ထိုဒေသတွင် တရားဟောမှုများ ပြုလုပ်ဟုဆိုပါသည်။ ထို့ကြောင့် အသိုင်းအဝိုင်းနှစ်ခုအတွင်း တင်းမာမှုများ တိုးလာသည်ဟု ဆိုပါသည်။


စကာင်္ပူ မန္တလေး တိုက်ရိုက်ပျံသန်းမှု Silk Air စတင်တော့မည်

(ETN မှ 20 Jan 2014 ရက်စွဲပါ “Silk Air launches Singapore Mandalay flight” သတင်းကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သော ခရီးသွားတိုးရစ် အရေအတွက် တိုးမြင့်လာခြင်းကြောင့် စကာင်္ပူ အခြေစိုက် Silk Air လေကြောင်းလိုင်းက မြန်မာအလယ်ပိုင်းမြို့တော် မန္တလေးသို့ တိုက်ရိုက်ပျံသန်းမှု ခရီးစဉ်ကို တိုးချဲ့တော့မည် ဟု လေကြောင်းလိုင်းက စနေနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

စကာင်္ပူမှ မန္တလေးသို့ တိုက်ရိုက်ပျံသန်းမှု ခရီးစဉ်သည် အဓိက မြို့တော်ရန်ကုန်ကို ဖြတ်သွားမည်ဖြစ်ပြီး ယခုနှစ် ဇွန်လမှ စ၍ တစ်ပတ်လျှင်သုံးကြိမ် ပျံသန်းပေးမည်ဟု သိရှိရသည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် လတ်တလောတွင် Bangkok Airline၊ Indian Airlines နှင့် တရုတ်ပြည် Kunming Airlines များအတွက် ဆင်းသက်ရပ်နားရန် ပျံသန်းရေးခရီးစဉ်များကို လက်ခံကိုင်တွယ် ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သည် ၁၉၉၆တွင် Visit Myanmar year 1966 ဟုကြွေးကြော်ကာ တည်ဆောက်ခဲ့ခြင်းဖြစ်သော်လည်း ထိုစဉ်က အကြီးအကဲ၏ အာဏာတည်မြဲရေး တံခါးပိတ်၊ အဆတ်ဖြတ်မှုဝါဒကြောင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက်ခြင်းမရှိပဲ။ ပြည်တွင်းခရီးစဉ်များကိုသာ ဖြစ်ကတတ်ဆန်း ကိုင်တွယ်နေရာမှ ယခုအခါ ဂျပန်ကုမ္ပဏီတစ်ခုအား လုပ်ကိုင်ခွင့်တင်ဒါချပေးကာ နိုင်ငံတကာ အဆင့်အတန်းနှင့် အညီပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာနိုင်ငံသို့ ပျံသန်းနေသော နိုင်ငံတကာလေကြောင်းလိုင်း စုစုပေါင်း ၂၄ခုရှိပြီး၊ ပြည်တွင်းခရီးစဉ်များကိုမှု မြန်မာပြည်တွင်းလေကြောင်းလိုင်း ၇ခုက ပျံသန်းပေးနေသည်ဟု သိရှိရသည်။


ကိုရီးယား၊ မြန်မာ လယ်ယာကဏ္ဍပူးပေါင်းမှု တိုးမြှင့်ကြမည်

(The Korea Herald မှ 20 Jan 2014 ရက်စွဲပါ  “Korea, Myanmar to boost agriculture cooperation” သတင်းကို ဘာသာပြန်ဆိုသည်)

တောင်ကိုရီးယားနှင့် မြန်မာတို့သည် စားနပ်ရိက္ခာ ပိုမိုလုံခြုံမှု ရှိစေရန် တစ်စိတ်တစ်ပိုင်းရည်းမှန်းထားသော လယ်ယာကဏ္ဍပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး သဘောတူညီချက်တစ်ရပ်ကို တနလာင်္နေ့က လက်မှတ်ရေးထိုး ခဲ့ကြသည် ဟု တောင်ကိုရီးယားအစိုးရ က ပြောကြားသည်။

အဆိုပါ နားလည်မှု စာချွန်လွှာကို တောင်ကိုရီးယား စိုက်ပျိုးရေးဝန်ကြီး လီဒေါင်ဖီးနှင့် မြန်မာလယ်ယာဝန်ကြီး ဦးမြင့်လှိုင်တို့အကြား လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်ဟု တောင်ကိုရီးယား စိုက်ပျိုးရေး၊ စားနပ်ရိက္ခာနှင့် ကျေးလက်ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယခုသဘောတူညီချက်အရ ဆိုးလ်၏ခေတ်မှီတိုးတက်သော စိုက်ပျိုးရေးနည်းပညာကို လွှဲပြောင်းပေးမည့်ဖြစ်ရာ၊ ကိုရီးယား၏ လယ်ယာထုတ်ကုန်နှင့် စက်ကိရိယာများ မြန်မာနိုင်ငံသို့ တင်ပို့မှုကိုပါ တိုးတက်စေလိမ့်မည်ဟု သိရှိရသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

ဘာသာပြန်သတင်းများ

မြန်မာ့ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်များကို ကူညီပါ

(Japan Times သတင်းစာမှ 16 Jan 2014 ရက်စွဲပါ Assist Myanmar’s reform efforts ကိုဘာသာပြန်ဆိုသည်)

စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ လွှဲပြောင်းခဲ့သည်မှာ သုံးနှစ်နီးပါးခန့် ကြာမြင့်ခဲ့ ပြီဖြစ်သော မြန်မာနိုင်ငံသည် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲရေး ပြုလုပ်ရာတွင် စိန်ခေါ်မှုများ ယနေ့ အချိန်အထိ ကျန်ရှိနေဆဲပင် ဖြစ်သည်။ မြန်မာနိုင်ငံ စီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံမှုကောင်းများ ပေါ်ထွက်လာ စေမည့် အခြေခံအဆောက်အဦးများ ဖွံ့ဖြိုးရေးကို အထောက်အကူပြုရန် ဂျပန်နိုင်ငံက စီးပွားရေးအကူအညီများ ပေးအပ်မည်ဟု ကမ်းလှမ်းခဲ့သည်။ အဆိုပါ အကူအညီအထောက်အပံ့များကို မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေးနှင့် ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ကိုင်လာနိုင်ရန်ပါ တိုးမြှင့်ပေးအပ်သင့်ပါသည်။

မြန်မာနိုင်ငံအပေါ် တစ်ချိန်က သတ်မှတ်ပြဋ္ဌာန်းခဲ့သော ပိတ်ဆို့အရေးယူမှုများအား အနောက်အင်အားကြီး နိုင်ငံများက ဖယ်ရှားပေးလိုက်သည်နှင့် တစ်ပြိုင်နက်တည်း သဘာဝသယံဇာတနှင့် ရင်းမြစ်ပေါ်ကြွယ်ဝသော နိုင်ငံ တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အရေးတကြီးသဘောမျိုးဖြင့် ဝင်ရောက်လာခဲ့ကြသည်။

ယခုနှစ်ဆိုလျှင် မြန်မာအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့(အာဆီယံ) ဥက္ကဌရာထူးကို ပထမဆုံး အကြိမ် အဖြစ်ရယူတော့မည်ဖြစ်ရာ အဆိုပါဖြစ်ရပ်သည် မြန်မာအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းထဲသို့ ရာနှုန်းပြည့် ပြန်လည် ဝင်ရောက်မှုပြုနိုင်သည့် သဘောတရားကို ဖော်ကျူးလိုက်ခြင်းပင် ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံ၏ ဂျီဒီပီသည် ၆ ဒဿမ ၅ ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပြီး ယခုနှစ်အတွက်မူ ၆ ဒဿမ ၈ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။

ဂျပန်နိုင်ငံခြား ကုန်သွယ်ရေးအဖွဲ့က ပြုလုပ်ထားသော စစ်တမ်းများအရ ဂျပန်စီးပွားရေးလုပ်ငန်းကြီးများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် အာရှနှင့်သမုဒ္ဒရာ ထိစပ်နေသော နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံလိုကြပြီး မြန်မာနိုင်ငံကို လာမည့် ၂ နှစ်အတွင်း စီးပွားရေးတိုးချဲ့လုပ်ကိုင်ရမည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ကြသည်။

သို့သော် မြန်မာနိုင်ငံတွင် အခြေခံအဆောက်အဦး ဖွံ့ဖြိုးမှုက လျင်မြန်သော စီးပွားရေးတိုးတက်မှု ခြေလှမ်း များနှင့် တန်းတူမလိုက်နိုင်ဘဲ ဖြစ်နေသည်မှာ ထင်ရှားပါသည်။ လျှပ်စစ်ဓာတ်အား အလုံအလောက် ဖြန့်ဝေပေးနိုင်ခြင်း မရှိမှုကြောင့် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ် လုပ်ကိုင်နေပြီဖြစ်သည့် ဂျပန်စီးပွားရေးလုပ်ငန်းများ အနေဖြင့် စွမ်းအင်ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ကားလမ်းနှင့် ရထားလမ်းဖောက်လုပ်ရေး၊ ဆိပ်ကမ်းများ တည်ဆောက်ရေး အစရှိသည်တို့မှာ အရေးပေါ်လုပ်ကိုင်ရမည့် လုပ်ငန်းကြီးများ ဖြစ်လာသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ လာရောက်လည်ပတ်ခဲ့စဉ်က ဂျပန်နိုင်ငံက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး တည်ဆောက်မှုကို ငွေကြေးထောက်ပံ့သည့် အနေဖြင့် ချေးငွေ ယန်းငွေ ၆၃ ဘီလီယံပေးမည်ဟု ကတိပြုပြောဆိုခဲ့သည်။  ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သော သဘောတူညီချက် စာချုပ်များကို လည်းနှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့ကြသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် အာဏာရရှိလာသည့် အချိန်မှစ၍ ဂျပန်နိုင်ငံက ထောက်ပံ့ပေးရန် ကတိကဝတ်ပြုခဲ့သည့် ချေးငွေနှင့်ထောက်ပံ့ငွေ ပမာဏမှာ ယခုဆိုလျှင် ယန်းငွေ ၁၅၀ ဘီလီယံထိ ရှိလာပြီဖြစ်သည်။ အဆိုပါ အကူအညီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းကြီးများကို အကျိုးအမြတ်ဖြစ်ထွန်းစေပြီး နှစ်နိုင်ငံ အပြန်လှန်ချစ်ကြည်ရင်းနှီးမှုအား မြှင့်တင်စေမည်မှာ မှန်သော်လည်း ဂျပန်အနေဖြင့် မြန်မာနိုင်ငံတွင်း အခြားသော ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်လာနိုင်ရေးအတွက် ကူညီထောက်ပံ့မှုများ ဆက်လက် တိုးမြှင့်ပေးသင့်သည်။

ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ဆောင်မှုတစ်ရပ်အနေဖြင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် သမ္မတဦးသိန်းစိန်  က နိုင်ငံရေး  အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်တစ်ရပ်ကို ကြေညာခဲ့သည်။ ယင်းကြေညာ ချက်ကြောင့် တစ်ချိန်က နိုင်ငံရေးတက်ကြွလှုပ်ရှားမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော အကျဉ်းသားများစွာ လွတ်မြောက်ခွင့်ရရှိလာသည်။

သို့သော် မြန်မာအစိုးရသည် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်းဆော်သြနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို အကောင်အထည်ဖော်ရန် ခြေတုံချတုံဖြစ်လျက်ရှိသည်ကို တွေ့ရသည်။ ယင်းဥပဒေက မြန်မာစစ်တပ်အနေဖြင့် ပါလီမန်လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို ရွေးကောက် တင်မြှောက်ခံစရာမလိုဘဲ ရယူခွင့်ပြုထားသလို ဗြိတိန်နိုင်ငံသား ခံယူထားသည့် သားနှစ်ဦးရှိသော ဒေါ်အောင်ဆန်းစုကြည် အား သမ္မတဖြစ်ခွင့်မရှိအောင် ပိတ်ပင်ထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးသည် မြန်မာနိုင်ငံ အပြည့်အဝ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အရေးပါသော လုပ်ဆောင်ချက်တစ်ရပ်အဖြစ် မြန်မာအစိုးရက လုပ်ဆောင်ပေးရမည့် လုပ်ငန်းတစ်ရပ်ဖြစ်လာ သည်။ အကယ်၍ လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်မျှတမှုရှိမည်ဆိုပါက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါလီမန်လွှတ်တော်တွင် အမတ်နေရာ အတော်များများကို ရယူနိုင်ဖွယ်ရှိသည်။ မြန်မာအနေဖြင့် အခြားသော နိုင်ငံရေးနှင့်ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင်နိုင်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုပြုလုပ်ရန် ဂျပန်နိုင်ငံက အားပေးအားမြှောက် ပြုလုပ်သင့်ပါသည်။

သတင်းများအရ ဂျပန်အစိုးရသည် လာမည့် ငါးနှစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ၏ လူနေမှုဘဝ အဆင့်အတန်းမြှင့်တင်ရေးအတွက် ယန်းငွေ ၁၀ ဘီလီယံ ထောက်ပံ့ပေးအပ်သွားမည်ဟု သိရပါသည်။ အဆိုပါ ထောက်ပံ့ငွေသည် သမ္မတဦးသိန်းစိန်အစိုးရ နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို အကူအညီပေးရန်လည်း ဖြစ်သည်။

ဆိုရလျှင် ယင်းကိစ္စသည် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်စဉ်အတွက် ဂျပန်နိုင်ငံ၏ ကူညီ ပံ့ပိုးမှု တစ်ရပ်ဖြစ်ရာ မလွဲမသွေကြိုဆိုရမည် ဖြစ်ပါသည်။


Attached: International media (1)
Google Drive: create, share, and keep all your stuff in one place. Logo for Google Drive