Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

ဘာသာပြန်သတင်းများ

(Bernama News မှ 6 March 2014 ရက်စွဲပါ “Thailand wants Myanmar to use Baht to boost trade” သတင်းကို ဘာသာပြန်ဆိုသည်)

(The Huffington Post မှ 2 March 2014 ရက်စွဲပါ Burma is at a Crossroad? ကိုဘာသာပြန်ဆိုသည်)


ထိုင်းက မြန်မာကို ကုန်သွယ်ရေးမြှင့်တင်ရန် ဘတ်ငွေသုံးစေချင်

(Bernama News မှ 6 March 2014 ရက်စွဲပါ “Thailand wants Myanmar to use Baht to boost trade” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ကြိုးစားသည့်အနေဖြင့် မြန်မာ ပြည်တွင်း ကုန်သွယ်ရေးကဏ္ဍတွင် ထိုင်းဘတ်ငွေကို ကြားခံဖလှယ်သည့် အနေဖြင့် အသုံးပြုရန် ထိုင်းနိုင်ငံက ကြားခံ ဖလှယ်သည့်အနေဖြင့် အသုံးပြုရန် ထိုင်းနိုင်ငံက မြန်မာနိုင်ငံအား တိုက်တွန်းလိုက်သည်။

နေပြည်တော်တွင် ပြီးခဲ့သော နိုဝင်ဘာလက ကျင်းပခဲ့သော ထိုင်း-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ပူးတွဲကော်မရှင်၏ ၇ ကြိမ်မြောက် အစည်းအဝေးကို သုံးသပ်ပြီးနောက် ယခုအစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်း သတင်းဌာန National News Bureau of Thailand NNT ၏ သတင်းထုတ်ပြန်ချက်အတိုင်း Vietnam News Agency က သတင်းဖော်ပြထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံက လောလောဆယ်တွင် ၎င်း၏ ဗဟိုဘဏ်စီမံအုပ်ချုပ်မှုကို ပုံစံအသစ်ပြောင်းနေခြင်းကြောင့် အဆိုပါ ကိစ္စကိုမကြာမှီအတွင်း အဆုံးအဖြတ်ပေးမည်ဟု ပြောကြားထားသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံစလုံးသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပိုင်းတွင် မှန်မှန်တိုးတက်ကြီးပွား မှုရှိခဲ့ ပြီး ၂၀၁၅ တွင် ကုန်သွယ်မှုတန်ဘိုး အနည်းဆုံးအားဖြင့် ဘတ်ငွေ ၁၂ ဘီလီယံ (ဒေါ်လာ ၃၇၁.၅) သန်း ရရှိရန် ရည်မှန်းထားသော ကုန်သွယ်မှုဆိုင်ရာ လှုံဆော်အားပေးရေး အစီအစဉ်ကို အကောင်အထည် ဖော်ရန် ထိုင်းနိုင်ငံက တွန်းအားပေးလျက် ရှိသည်။

ထိုင်းနိုင်ငံသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်စိတ်ချမှုကို ဖန်တီးပေးနိုင်မည်ဟု ၎င်းတို့ ယုံကြည်ထားသော ထားဝယ် အထူးစီးပွားရေးဇုန် ထူထောင်ရေးကို အားပေးထောက်ခံကြောင်း ထပ်မံပြောဆိုထားသည်။

ထို့အပြင် အခြားတိုင်းပြည်များမှ ခရီးသွားဧည့်သည်များကို ပိုမိုဆွဲဆောင်ရန်အတွက် ACMECS Single Visa စနစ်ကို ထောက်ခံအားပေးရန် ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို တိုက်တွန်းလျက်ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့်မူ စိုက်ပျိုးရေးနည်းပညာနှင့် လုပ်သားဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများတွင် ထိုင်းနိုင်ငံ၏ အကူအညီကို ရယူရန် ကြိုးစားနေသည်ဟု သိရှိရသည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ နိုင်ငံရေးအရှုတ်အထွေးကြောင့် စီးပွားရေးကဏ္ဍတုန့်ဆိုင်းနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ၎င်းဝေစုကို ဖဲ့ယူရန် အခွင့်အလမ်း ထွက်ပေါ်နေသော်လည်း မြန်မာအာဏာပိုင်များမှာ နိုင်ငံ ဖွံ့ဖြိုးရေး အခွင့်အလမ်းထက် ၎င်းတို့ အာဏာရှင် အသိုင်းအဝိုင်း၏ အာဏာနှင့် စည်းစိမ်တည်မြဲရေးကိုသာ လုံးပမ်းနေကြသည်ဟု ရန်ကုန်မြို့မှ အကဲခတ်အချို့က မှတ်ချက်ပေးထားသည်။


မြန်မာပြည်လမ်းဆုံလမ်းခွကိုရောက်နေပြီလား

(The Huffington Post မှ 2 March 2014 ရက်စွဲပါ Burma is at a Crossroad? ကိုဘာသာပြန်ဆိုသည်)

လက်ရှိကာလတွေမှာ လူအတော်များများဟာ ထိုင်းနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်အကြားမှာရှိပြီး တရုတ်နဲ့ အိန္ဒိယတို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံကို Myanmar ဒါမှမဟုတ် Burma လို့ သုံးနှုန်းရမလား ဆိုတာကို မေးမြန်လာကြပြန် ပါတယ်။ သိပ်မကြာသေးခင် ကာလလောက်တုန်းက အဲဒီလိုမေးလေ့ရှိတဲ့သူတွေက သူတို့ဟာ မြန်မာနိုင်ငံမှာ တစ်ဆင့်တစ်ဆင့် ပြောင်းလဲဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ လူမှုရေးအပြောင်းအလဲတွေကို စိတ်ဝင်စား သူတွေ ဖြစ်ပါတယ်လို့ ကိုယ့်ကိုယ်ကို တံဆိပ်ကပ်နိုင်ဖို့အတွက် Burma နဲ့ Myanmar ဆိုတဲ့စကားလုံးဟာ အရေးကြီးတယ်လို့ သတိပြုမိခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ အမှန်တကယ် စိုးရိမ်စိတ် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ဟာ ဖိနှိပ်ချုပ်ခြယ်လွန်းလှတဲ့ စစ်အစိုးရကို ထောက်ခံအားပေးသူလို့ အထင်ခံရမှာ စိုးသောကြောင့် Myanmar နဲ့ Burma ဆိုတဲ့စကားလုံး အသုံးအနှုန်းကို အထူးဂရုစိုက်ခဲ့ကြတာပါ။ US Campaign for Burma မှာ Fan Beeton နဲ့ Jeremy Woodrum တို့နဲ့အတူ ကျွန်တော် Co-Founder လုပ်ခဲ့စဉ် လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ခန့်က ထိုသို့သောအရေးကိစ္စများနှင့်ပတ်သက်လို့ ဆန့်ကျင်ဘက်သဘော နှစ်ခုသာ ရှိခဲ့ပါတယ်။ ဆိုလိုတဲ့သဘောကတော့ ခင်ဗျားဟာ စစ်အစိုးရဘက်ကလား ဒါမှမဟုတ် အတိုက်အခံဘက်ကလား ဆိုတဲ့သဘောပါ။ အဲဒီတုန်းက Myanmar လို့ခေါ်ဝေါ်သုံးနှုန်းတာဟာ စစ်အစိုးရကို ထောက်ခံတဲ့သူလို့ သဘောရပြီး Burma လို့ခေါ်တာကတော့ စစ်အစိုးရကို ဆန့်ကျင်တဲ့သူဆိုတာကို ပြသလိုက်တာပါပဲ။

ယခုအခါမှာတော့ ကျွန်တော်တို့အနေနဲ့ Myanmar ဒါမှမဟုတ် Burma ဆိုတာကို ဘာမှစဉ်းစားနေစရာမ လိုဘဲ ခေါ်ဆို သုံးနှုန်းနိုင်နေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလိုကိစ္စထက် ပိုမိုရှုပ်ထွေးတဲ့ တခြားအကြောင်းကိစ္စတွေ ဘယ်လောက်များများ ရှိခဲ့မလဲဆိုတာ စိတ်ဝင်စားစရာပါ။ ယခုဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာရုံတင် မကပါဘူး၊ ပါလီမန်လွှတ်တော်မှာပါ ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံ ထားရပြီဖြစ်ပါတယ်။ အစိုးရကလည်း တစ်ချိန်က တိုက်ခိုက်ခဲ့ကြရတဲ့ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ ပြန်လည်သင့်မြတ်ရေးကို လူသိရှင်ကြား ထုတ်ဖော်လုပ်ကိုင်ပြတာမျိုးထိ ဖြစ်လာပါတယ်။ နောက်ဆုံးမှာ ထာဝရငြိမ်းချမ်းရေးရရှိတဲ့အထိ လုပ်ကိုင်သွားမယ်လို့လည်း ဆိုပါတယ်။ မီဒီယာဆင်တာ တည်းဖြတ်မှုဆိုတာလည်း မရှိတော့တဲ့အတွက် ပုဂ္ဂလိကသတင်းမီဒီယာတွေဟာ ကလောင်စွမ်းကို အကောင်းဆုံးဖြစ်အောင် ပြသနိုင်ဖို့ ကြိုးစား နေကြပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ဆယ်စုနှစ်ကြာ ဖွံ့ဖြိုးတိုးတက်မှုမရှိအောင် ကန့်သတ်ဟန့်တားထားတဲ့ နိုင်ငံရေး စနစ်ဟောင်းကိုဖယ်ရှားပြီး ကောင်းမွန်တဲ့ စနစ်သစ်တစ်ခုကို ရှေ့ဆက်အကောင်အထည်ဖော်နေပြီ ဖြစ်တဲ့အတွက် တိုင်းပြည်ထဲကို အရင်းအနှီးတွေ၊ ကုန်သွယ်ရေးတွေ အများအပြားဝင်ရောက်လျက်ရှိပါတယ်။ မြန်မာပြည်မှာ လူတိုင်းလူတိုင်းဟာ ကိုယ့်တိုင်းပြည်ရဲ့ အပြောင်းအလဲတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုပြီး အနာဂတ်အတွက် စစ်မှန်သောမျှော်လင့်ချက်များထားရှိနိုင်နေပြီဖြစ်ပါတယ်။ လာမယ့် ၂၀၁၅ ဒီမိုကရေစီ ရွေးကောက်ပွဲပြီးဆုံး သွားပြီးတဲ့နောက် နှစ်တွေထဲမှာ အကြောင်းကိစ္စအတော်များများ နက်နက်နဲနဲနဲ့ လျင်လျင် မြန်မြန်ပင် ပြောင်းလဲလာတော့မယ့် သဘောမျိုးကိုလည်း တွေ့မြင်ရပါတယ်။

လွန်ခဲတဲ့ ဆယ်စုနှစ်များစွာ၊ ဗြိတိသျှတို့ မြန်မာပြည်ကို ကြိုးဆွဲရာကစေခဲ့စဉ်က Kipling ဆိုသူက "ဒါဟာ မြန်မာနိုင်ငံပဲ။ အဲဒီမြန်မာနိုင်ငံဆိုတာ ခင်ဗျားသိထားတဲ့ ဘယ်လိုနိုင်ငံတွေနဲ့မှ မတူပါဘူး" လို့ရေးသားခဲ့ဖူးပါတယ်။ အဆိုပါအဆိုကို တခြားသောအကြောင်းကိစ္စများ၊ အငြင်းအခုန်များဘေးချိတ်ပြီး ဆန်းစစ်ကြည့်မယ်ဆိုရင် တခြား သော တိုင်းပြည်တွေအတွက် အရေးပါမှုပေးတဲ့နေရာမှာ မတူကွဲပြားတယ်လို့ ပြောလိုဟန်ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ သိပ်ပြီးတော့ ထူးထူးထူးခြားခြား ကွဲပြားခြားနားလွန်းတဲ့ နိုင်ငံတစ်နိုင်ငံ မဟုတ်ဘူးဆိုတဲ့ အချက်ကို ဖော်ကျူးလျက် ရှိပါတယ်။ အသိုင်းအဝိုင်းနဲ့ လုပ်ကိုင်ကြတဲ့ ခရိုနီအရင်းရှင်တွေက သူတို့ချမ်းသာကြွယ်ဝနိုင်ဖို့ မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတွေနဲ့ ရင်းမြစ်တွေကို အစိတ်အစိတ်အပိုင်းပိုင်း ဖြစ်အောင် လုပ်ကိုင်ခဲ့ကြပါတယ်။ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်မှာ ပါဝင်တဲ့သူတွေက မုဒိမ်းကျင့်မှုကို စစ်လက်နက်သဖွယ်အသုံးပြုမှုအပါအဝင် ပုံမှန်မဟုတ်တဲ့ အကြမ်းဖက်နည်းလမ်းတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေကြတုန်းပါပဲ။ စိတ်အနှောက်အယှက်ဖြစ်စရာ အကောင်းဆုံးကိစ္စမှာ မွတ်စလင်များ၊ အထူးသဖြင့် ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အဓိက ပစ်မှတ်ထား တိုက်ခိုက်မှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ ဘာသာရေးအကြမ်းဖက်မှုကြီး ရခိုင်ပြည်နယ်မှာ စတင် ပေါ်ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီလိုဖြစ်ရပ်တွေကြောင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြား တင်းမာမှုတွေ ကိုပါ နောက်ဆက်တွဲအနေနဲ့ ဖြစ်ပေါ်စေပါတယ်။ လတ်တလော အနေအထားမှာတော့ အဲဒီဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေဟာ တခြားနိုင်ငံတွေဆီကို ကူးစက်ပျံ့နှံ့သွားပြီး ဗမာလူမျိုးများအပေါ် ပြန်လည်ဆန့်ကျင် တိုက်ခိုက်မှုတွေ၊ လက်တုံ့ပြန်မှုတွေအထိ ဖြစ်ပေါ်စေခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်လို့ပဲ ဆိုရမှာပါပဲ။ မြန်မာပြည်မှာ အင်မတန်အရေးပါတဲ့ အပြောင်း အလဲကြီးတွေ ဖြစ်ပေါ်နေတယ်ဆိုတာလည်း တကယ့်ကိုမှန်ကန်တဲ့ကိစ္စပါ။ ဒါပေမဲ့ ဆက်လက်လုပ်ဆောင်ရ မှာတွေတော့ အများကြီးကျန်ရှိနေပါသေးတယ်။ ရိုဟင်ဂျာတွေဟာ အခြားသော တိုင်းရင်းသားများကဲ့သို့ပင် သူတို့ရဲ့ ရပိုင်ခွင့်များ မရရှိကြတဲ့အခါ ပြည်ပနိုင်ငံများသို့သွားရောက်ကာ ခိုလှုံခွင့်တောင်းခံကြရပေရာ မြန်မာအစိုးရအနေနဲ့ မိမိဟာ တိုးတက်ဖွံ့ဖြိုးမှုများရှိအောင် လုပ်ဆောင်လျက်ရှိတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်လို့ ရှုမြင်ခံရလိုတယ်ဆိုပါက လူတိုင်းအတွက် အခြေခံအခွင့်အရေးများကို တိုးမြှင့်ပေးသင့်ပါတယ်။

ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုပါက မြန်မာနိုင်ငံမှာစိုးရိမ်ပူပန်စရာကိစ္စရပ်တွေအများကြီးရှိနေပါသေးတယ်။ ဧရာမ စီမံကိန်းကြီး တွေကြောင့်ဖြစ်တဲ့ ပြည်သူအများစုရွှေ့ပြောင်းနေထိုင်ကြရတဲ့ကိစ္စတွေ၊ ပညာရေးနဲ့ကျန်းမာရေး စနစ် ကိစ္စတွေ၊ တက်ကြွစွာလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းနေတဲ့ကိစ္စတွေ၊ လူကုန်ကူးတဲ့ ပြဿနာ တွေ၊ HIV/AIDS နဲ့ မူးယစ်ဆေးဝါးမှောင်ခိုကူးမှု ကိစ္စတွေအပါအဝင် လာဘ်စားမှုတိုက်ဖျက်ရေး၊ ဈေးကွက်စီးပွားရေး စနစ်အပြည့်အဝကျင့်သုံးနိုင်တဲ့ အရင်းရှင်နိုင်ငံသစ်တစ်ရပ် ထူထောင်ရေး စတာတွေနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေ အများကြီးရှိနေပါတယ်။

လာမယ့်နှစ်မှာ ကျင်းပမယ့် ဒီမိုကရေစီရွေးကောက်ပွဲဟာ နှစ်ပေါင်း ၅၀ အတွင်းပထမဆုံးအနေနဲ့ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီတဲ့ ခေါင်းဆောင်ကို ရွေးချယ်နိုင်မယ့် ရွေးကောက်ပွဲတစ်ရပ်ပါ။ အဆိုပါ ရွေးကောက်ပွဲ ကြောင့် မြန်မာနိုင်ငံဟာ လက်ဝါးကြီးအုပ် စီးပွားရေးလုပ်တဲ့သူတွေရဲ့ မတော်လောဘတရားတွေ လက်ကလွတ်ရုန်း နိုင်မယ့် အခွင့်အရေးတွေရှိ လာမလားဆိုတာ စိတ်ဝင်စားစရာပါ။ စစ်တပ်နဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ခေါင်းဆောင်ဖြစ်ခွင့်ပေးနိုင်မယ့် အခွင့်အရေးတွေကဘာလဲ။ နေပြည်တော်မှာ ရှိတဲ့ လွှတ်တော်ခန်းမ ဆောင်ကြီးတွေထဲကနေ မြန်မာပြည်သူလူထုရဲ့ နေ့တဓူဝလူမှုဘဝတွေ အကျိုးအမြတ်ရှိအောင် ဘာတွေလုပ်ဆောင် ပေးနိုင်မလဲ ဆိုတာတွေဟာလည်း စိတ်ဝင်စားစရာပါပဲ။ ပြောရရင် အဲဒီမေးခွန်းတွေအတွက် အဖြေအနည်းငယ်သာ ရှိပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ကတော့ မြန်မာအစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်မှုမပြုမီ၊ ဒါမှမဟုတ် မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်များနဲ့ တိုင်ပင်ညှိနှိုင်းဖို့ ခင်ဗျားတို့ကို တိုက်တွန်းပါတယ်။ နောက်ပြီးတော့ မြန်မာပြည်အပြောင်းအလဲမှာ စစ်မှန်တဲ့ လုပ်ဆောင် ချက်တွေ ဖော်ထုတ်နိုင်မယ့် NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ကျောထောက် နောက်ခံပြုဖို့ တိုက်တွန်းပါတယ်။ ထို့အပြင် NLD ပါတီထဲမှာလဲ အပြောင်းအလဲတွေ လုပ်ဆောင်သွားပြီး လူငယ် ခေါင်းဆောင်လောင်းတွေအတွက် နေရာပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။


 

 

 

 

 

 

 

 

 

 

 

 

Date (7).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဒီမိုကရေစီဆိုတာ ပြိုင်တာပဲ။ ပြည်သူအပေါ်မှာ မူတည်တယ်။ ပြည်သူလူထုရဲ့ ယုံကြည်အားကိုးတဲ့ ပါတီက အနိုင်ရမယ်။ ပြီးတော့ အဲဒီသက်တမ်းမှာ အစိုးရဖြစ်လာမယ်။ ကျွန်တော်တို့ ပါတီကတော့ အပြတ်နိုင်အောင် ကြိုးစားမှာပဲ”

မတ်လ ၇ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီကို အပြတ်အသတ် အနိုင်ယူမည်ဟု သူရဦးရွှေမန်း ပြော” သတင်းမှ NLD ပါတီဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒီလိုအရေးကြီးတဲ့ စီးပွားရေးဆိုင်ရာ ဥပဒေတွေ လိုအပ်နေသေးတာကြောင့် ရင်းနှီးမြှုပ်နှံမှု အကြီးစားတွေ မလာသေး တာပါ၊ သူတို့ အစိုးရပိုင်းကတော့ မြန်မာအစိုးရ ပြုပြင်ပြောင်းလဲရေး ဒီမိုကရေစီ ဖော်ဆောင်ရေးတွေ ပြောနေပေမဲ့ လုပ်ငန်းရှင်တွေကတော့ ဥပဒေတွေလိုအပ်နေသေးတာကြောင့် ဝင်မလာတာပါ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ရှိနေပြီ ဖြစ်ပေမဲ့ စီးပွားရေးဆိုင်ရာ ဆက်စပ်နေတဲ့ ဥပဒေတွေအတည်ပြု အသက်မဝင်မချင်း အလုပ်လုပ်ဖို့ ခက်နေဦးမယ်”

မတ်လ ၇ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၉၉) တွင် ပါရှိသော “စီးပွားရေး၊ ငွေကြေး ဥပဒေ ခြောက်ခု အတည်မပြူမချင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခက်ခဲမည်ဟုဆို” သတင်းမှ ပါရမီစွမ်းအင်လုပ်ငန်းစု အမှုဆောင် အရာရှိချုပ် ဦးပြည့်ဝထွန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“နိုင်ငံရေးအကျဉ်းသား စိုးရိမ်ပူပန်မှု ဆိုတာက အစိုးရကပြန်ပြီး နောက်ကြောင်း ပြန်လှည့်မယ့် ပုံသဏ္ဍာန်မျိုး ဖြစ်လို့ရှိရင် ဟိုးအရင်တုန်းက ပုံစံမျိုးဖြစ်မှာ စိုးရိမ်တာပါ။ ၂၀၁၅ ဝန်းကျင်ပဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသား ပြန်ထိန်းနိုင်တယ် ဆိုတာမျိုးတွေ စိုးရိမ်မှုရှိကြတယ်”

မတ်လ ၇ ရက်နေ့ထုတ် Mizzima နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “နိုင်ကျဉ်းစာရင်း ကောက်ယူရာတွင် စိုးရိမ်မှုများရှိနေ” သတင်းမှ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (အထက်မြန်မာပြည်) မှ ဦးသန့်ဇင် ၏ ပြောကြားချက် အားကောက်နှုတ်ချက်။


“မြန်မာနိုင်ငံအတွင်းမှာ ဝင်ရောက်လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေနည်းတူ မြန်မာ အာဏာပိုင်တွေနဲ့ အကြံဥာဏ်တွေ ဖလှယ်ပြီး လုပ်ဆောင်တာဖြစ်တဲ့အတွက် အာဏာပိုင်တွေ ဘက်ကလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေမှာ ကျွန်တော်တို့နဲ့ ပြန်လည်ပူးပေါင်း ဆောင်ရွက်တာတွေ ဗဟိုအဆင့်ရော၊ ပြည်နယ်၊ တိုင်း အဆင့်မှာပါ ရှိနေပါတယ်”

မတ်လ ၉ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၂) အမှတ် (၁၁) တွင်ပါရှိသော “ကချင်ပြည်နယ် မြစ်ကြီးနားတွင် ရုံးဖွင့်ခွင့်ရပြီးနောက် နိုင်ငံတကာ ကြက်ခြေနီကော်မတီက အဆိုပါဒေသတွင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည်” သတင်းမှ ICRC အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် Michael O Btien ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ပတ်ဝန်းကျင်ထိန်းသိမ်းရေးက ဥပဒေရှိတယ်။ လုပ်ထုံးလုပ်နည်း ဥပဒေတွေကတော့ ကျန်နေသေးတယ်။ EIA နဲ့ ပတ်သက်တာတွေလဲ ဆောင်ရွက်နေတယ်။ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တက်ကျွမ်းတဲ့ ဝန်ထမ်းတွေ၊ လူအင်အားတွေ စုနေရတုန်းပဲ၊ စတင်ဖွဲ့စည်းနေရတဲ့ ကာလမို့လို့ အားနည်းနေသေးတယ်။ ဒါ့ကြောင့် အားနည်းနေသေးတာပါ”

မတ်လ ၇ ရက်နေ့ထုတ် Democracy နေ့စဉ်ထုတ် သတင်းစာတွင် ပါရှိသော “အစိုးရစီမံခန့်ခွဲမှု ညံ့ဖျင်း ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဒဏ်ကို ခံစားနေရခြင်းဖြစ်ဟု ဆို” သတင်းမှ သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ ညွှန်ချုပ်ဦးနေအေး ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


Date (7).jpg


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive