Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့အရေးမှာတရုတ်ကဘာများထပ်လုပ်ဦးမလဲ

 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို စိတ်ပါလက်ပါဖြင့် အကာအကွယ် ပေးနေသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုများ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် စီပွားရေးအရရော ပထ၀ီအနေအထားအရပါ အရေးပါ အရာရောက်သော နိုင်ငံတစ်ခု ဖြစ်သည့်အတွက် ယင်းသို့ လုံခြုံရေးကောင်စီတွင် အကာအကွယ် ပေးနေခြင်း ဖြစ်သည်ဟု အများက ယျေဘုယျ နားလည်လက်ခံ ထားကြသည်။

သဘောထား မပျော့ပျောင်းသော စစ်ဗိုလ်ချုပ်ကြီးများက မြန်မာ့ စီးပွားရေးအပေါ် သြဇာလွှမ်းမိုးထားသည့် အကြောင်းကိုလည်း ပြောဆိုခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။

စစ်အစိုးရသည် တရုတ်ပြည်ကို အစ်ကိုကြီး တစ်ဦးသဖွယ် သဘောထားသည်ဟု ယူဆမှုများရှိသော်လည်း အမှန်တကယ်တွင် အစ်ကိုကြီးတရုတ်ကို လုံးလုံးလျားလျား အားကိုးလိမ့်မည်  မဟုတ်ပေ။     

စစ်တပ်က တွင်တွင်ကျယ်ကျယ် ပြောဆိုနေသော ၂၀၁၀ ဒီမိုကရေစီ ရွေး ကောက်ပွဲကို ကြည့်ရသည်မှာလည်း မည်သို့မျှ ပယ်ဖျက်၍ ရနိုင်မည် မဟုတ်ပါ။

ရွေးကောက်ပွဲကြောင့် မြန်မာနိုင်ငံတွင် နိုင်ငံရေး ကစားကွင်းတစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။ တစ်ခု စိတ်ဝင်စားစရာ ကောင်းသည်မှာ ထိုဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တရုတ်ကြီးက ဘာဆက်လုပ်မည်နည်း ဆိုသည့် မေးခွန်းဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံကဲ့သို့ ကြိုးကိုင် ဒီမိုကရေစီဖြစ်လာမည့် မြန်မာအား အိမ်ဘေးနားမှ ယခင်အတိုင်း ရပ်ကြည့်သွားမည်လော။ ရွေးကောက်ပွဲအပြီး မြန်မာအပေါ် အနောက် ကမ္ဘာ၏ သြဇာလွှမ်းမိုးမှုများ ပိုမိုဖြစ်ပေါ်လာပါက တရုတ်ခေါင်းဆောင်ကြီးတွေ အောင့်အီး သည်းခံနိုင်ကြမည်လော။ မေးခွန်းတွေက တသီကြီး ထွက်လာသည်။

သေချာသလောက်ရှိသည့် အထောက်အထားများအရ ဆိုပါက တရုတ်ကြီးသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်နှင့် ပတ်သက်ပြီး ငြိမ်သက်နေမည်  မဟုတ်ပေ။

သိသာထင်ရှားပြီး ရိုးရှင်းလွန်းသော ကိစ္စတစ်ခုမှာ မြန်မာစစ်အစိုးရနှင့် အမေ ရိကန် အစိုးရအကြား မကြာသေးခင်က ထိတွေ့ ဆက်ဆံမှုများအပေါ် တရုတ်နိုင်ငံ၏ တုံ့ပြန်မှုပင်ဖြစ်သည်။

မြန်မာနှင့်  အမေရိကန် ဆက်ဆံရေး ထူးခြားသည့် အနေအထား ဖြစ်လာပြီးနောက် တရုတ်ပြည်က ရုရှားနှင့်ပူးပေါင်းသည်။ထို့နောက် ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးကာ လွတ်လပ်ပြီး တရားမျှတသော ဒီမိုကရေစီရွေးကောက်ပွဲ လုပ်ငန်းစဉ်ကိုအကောင်အထည်ဖော်ရန် တိုက်တွန်းလိုက်သည်။

ဤသို့ တရုတ်ကြီးက တိုက်တွန်းလိုက်ခြင်းမှာ မြန်မာစစ် အစိုးရက အမေရိကန် ပြည်ထောင်စုနှင့် မိတ်ဖွဲ့သလို ဖြစ်ရန်ကြိုးပမ်းနေမှုအား မကျေနပ်သောကြောင့် ဒဏ်ခတ်လိုက်ခြင်းပင် ဖြစ်သည်။       

ပို၍ စိုးရိမ်စရာကောင်းသည့် ကိစ္စမှာ တရုတ်-မြန်မာ နယ်စပ်ဒေသမှ ၀ ပြဿနာပင် ဖြစ်သည်။သတင်းပေးပို့ချက်များအရ ၀ တပ်မတော်သည် တရုတ်နိုင်ငံထဲတွင် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး မြန်မာပြည်နယ်မြေထဲတွင် လက်နက်စက်ရုံ တည်ဆောက်ထားသည်။

ဝ တပ်မတော်သည် တရုတ်အစိုးရ၏ အထောက်အပံ့ကို ရယူရန် ကြိုးစားလျက် ရှိသည်။ ဤပြဿနာကို မြန်မာ စစ်အစိုးရက ကောင်းစွာ သိရှိထားပြီး စိုးရိမ် ပူပင်မှုများလည်း ကြီးထွားနေသည်။ 

မြန်မာစစ်အစိုးရက တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများအား နယ်စပ်ဒေသစောင့် အထူးတပ်ဖွဲ့အဖြစ် ထားရှိရန် ကြိုးပမ်းနေသည့် အချိန်ကာလတွင် အဘယ့်ကြောင့် ဤအခြေအနေမျိုး ထွက်ပေါ်လာရ သနည်း။       

မြန်မာစစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးကို နယ်စပ်ဒေသတွင် အစောင့်တပ်အဖြစ် ထားရှိလိုသည်။

မြန်မာစစ်တပ်၏ ကြီးကြပ်ကွပ်ကဲမှု အောက်တွင် ထားလိုခြင်းဖြစ်သည်။ အမှန် ပြောရလျှင် တရုတ်နိုင်ငံက မြန်မာနယ်စပ်  ဒေသပြဿနာတွင် ၀င်ရောက် ခြယ်လှယ်မှုမျိုး မရှိလျှင်တောင်မှ တိုင်းရင်းသား လက်နက်ကိုင်များအား နယ်စပ်ဒေသ စောင့်တပ်ဖွဲ့ အဖြစ် သိမ်းသွင်းရေးမှာ လွယ်ကူသည့် အလုပ်တစ်ခု မဟုတ်ပေ။     

ဖြစ်နေသည့်ပုံစံကို ကြည့်ရသည်မှာ တရုတ်နိုင်ငံသည် လိုအပ်ပါက စစ်အေးခေတ်  မဟာဗျူဟာမျိုးဖြင့် မြန်မာနိုင်ငံကို အကြပ်ရိုက်အောင် ပြုလုပ်နေခြင်းဖြစ်သည်။ သို့အတွက် ၀ တပ်မတော်ကို တရုတ်ပြည်၏ ကိုယ်စားလှယ် လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု အနေဖြင့် အသုံးပြုကောင်း ပြုလာနိုင်သည်။

တရုတ်အစိုးရက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ရန် သို့မဟုတ် ကန့်သတ် ပိုင်းခြားရန် မဖြစ်နိုင်ဟု ကောင်းစွာ သိထားသည်။ သို့သော် အကယ်၍ ၀ လက်နက်ကိုင် တပ်ဖွဲ့ကသာ မြန်မာပြည်တွင်း၌  စစ်ရေးပဋိပက္ခ ဖန်တီးပါက နိုင်ငံ တကာ အသိုင်းအ၀ိုင်းအနေဖြင့် ကြားဝင်စွက်ဖက်ရန် မလွဲမသွေ ခက်ခဲမည်ဖြစ်သည်။

ဤသို့သော အနေအထားမျိုး ဖြစ်ပါက အမေရိကန်ပြည်ထောင်စုက မည်သို့မျှ စွန့်စားမှု ယူမည်မဟုတ်ပေ။ ထို့အတူ အိန္ဒိယကလည်း အာရှ၏ စူပါပါဝါ တရုတ်ကြီးနှင့် ကပ်လျက်ဖြစ်နေသော ပြဿနာကို လက်ရှောင်မည်သာ ဖြစ်သည်။

ဤအနေအထားမျိုး ဖြစ်လာစေရန် တရုတ်ပြည်က ၀ တပ်ဖွဲ့ကို အသုံးချရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။   ဆိုရလျှင် ၀ တပ်ဖွဲ့ကို ကျောထောက်နောက်ခံ ပြုပြီး ဖြစ်နိုင်ခြေရှိသော စစ်ရေး ဆောင်ရွက်ချက်များ လုပ်ကိုင်စေခြင်းသည် မြန်မာ စစ်အစိုးရကို ခြိမ်းခြောက်နေသလို ဖြစ်သည်။ "အဆွေတော်၏ မိတ်ဆွေ အစစ်အမှန်တွေသည် မည်သူမည်ဝါ ဖြစ်သည်ကို သတိရပါ။ သင်၏သစ္စာ တရားသည် မည်သည့် အရာနှင့် ချီနှောင် ထားသည် ကိုလည်း သိပါ။ မဟုတ်ပါက ကျွန်ုပ်တို့အနေဖြင့် အဆွေတော်ဆောင်း ထားသော ရတနာ သရဖူကြီးကို ချွတ်ပစ်လိုက်နိုင်သည်။ ထိုအခါတွင် အဆွေ တော်လည်း မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်စွမ်း ရှိမည်မဟုတ်ပေ" ဟူသော ရှင်းလင်း ပြတ်သားသည့် သတိပေးချက်မျိုးကို တရုတ်က မြန်မာစစ်အစိုးရအား ပေးပို့လာနိုင်သည်။

မြန်မာ-တရုတ် အရေးနှင့်ပတ်သက်ပြီး အတိုက်အခံ နိုင်ငံရေးအင်အားစု အများစုက တရုတ်နိုင်ငံသည် ၀ ဒေသမှ တစ်ဆင့် ၀င်ရောက်ကာ မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းပိုက်လိမ့်မည်ဟု သုံးသပ်ကြသည်။     

လတ်တလော အခြေအနေကို ကြည့်ပါက တရုတ်နိုင်ငံက မြန်မာ့အရေးကိစ္စ တွင် မည်သည့်ခြေလှမ်း လှမ်းမည်ကို ဟောကိန်းထုတ်ရန် ခက်ခဲ နေပါသေးသည်။ သို့သော်လည်း လာမည့်နှစ်များတွင် မြန်မာစစ်အစိုးရ အနေဖြင့် လွန်စွာ အရေးပါသော နိုင်ငံရေးနှင့် သံတမန်ရေးရာ ကိစ္စများဖြင့် နပန်းလုံးနေရမည်မှာ အသေအချာပင်ဖြစ်သည်။

 

Irrawaddy သတင်းဌာနမှ What will china do next? ကို ဘာသာပြန်ဆိုထား ခြင်းဖြစ်သည်။ 

 

 

 

 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

အာဖဂန်နစ္စတန်အရေး ဆုံးဖြတ်ချက်ချရန် အိုဘားမားအခက်တွေ့

 (၀ါရှင်တန် : 9 - 10 - 2009)

သမ္မတအိုဘားမားသည် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့၏ လွှမ်းမိုးမှုကို ပြန် ပြောင်းပစ်ရန်နှင့် တည်ငြိမ်သော ဒီမိုကရေစီစနစ် ဖွဲ့စည်းတည်ထောင်ရန် အာဖဂန်သို့   အမေရိကန်စစ်တပ် စေလွှတ်မည့် ကိစ္စနှင့်ပတ်သက်၍ ဆုံးဖြတ်ရန် အခက်တွေ့ နေပါသည်။

ကာကွယ်ရေးဝန်ကြီး Robert Gastes က သမ္မတ အိုဘားမားအတွက် အရေးအကြီး ဆုံးသော ဆုံးဖြတ်ချက်ဖြစ်ကြောင်း ပြောပါသည်။ ဤဆုံးဖြတ်ချက်သည် သမိုင်းတွင် အမေရိကန်သမ္မတများ နှင့် အခြားသော ခေါင်းဆောင်များ ကြုံတွေ့ရသည့် မဖြစ်သာ၍ ချမှတ်ရသော ဆုံးဖြတ်ချက် ဖြစ်သည်။      

သမ္မတ အိုဘားမားအတွက် အကြံပြုချက် မြောက်များစွာ ရှိပါသည်။ သူ၏ ဗိုလ်ချုပ်ကြီးများက သူတို့တပ်အင်အား ပိုမိုလိုအပ်ကြောင်း တင်ပြထားပြီးဖြစ်သည်။ သူ၏ အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့ တပ်မှူးလည်း အပါအ၀င်ဖြစ်သည်။

တပ်မှူးဗိုလ်ချုပ် Stanley  Mc Chrystal က "အခြေအနေက သိပ်အရေးကြီးပါတယ်၊ ကျွန်တော် ဒီစကားလုံးကို အထူးသတိထားပြီး ပြောခဲ့တာပါ" ဟု ပြောကြားသည်။      

Mc Chrystal ၏ အရေးပါသော ယူဆချက်က သမ္မတအိုဘားမား၏ လွန်ခဲ့သည့် (၆)လက ပြုလုပ်ခဲ့သော မဟာဗျူဟာကို အမြန်ပြန်လည် စိစစ်စေခဲ့သည်။      

အဆိုပါ ပြန်လည်စိစစ်မှုတွင် အိုဘားမားသည် ဘက်ပေါင်းစုံမှ အကြံပြုချက်များ ရရှိခဲ့သည်။ ၎င်း၏သမ္မတရွေးကောက်ပွဲပြိုင်ဘက် ရီပတ်ပလိတ်ကင်ဆီနိုက်တာ John Mc Cain  ထံမှလည်း စစ်ဦးစီးချုပ်များ ဥက္ကဌက ထောက်ခံပေးသော အကြံပြုချက်ကို ပိုမို၍ အလေးထားရမည် ဟုဆိုသည်။

သူတို့သည် အီရတ်တွင် အောင်မြင်မှန်ကန်သော မဟာဗျူဟာကို ချမှတ်ထားနိုင်ရန် ဖြစ်ကြောင်း Mc Crain က ပြောကြားသည်။ ဆီနိတ်တာ Mc Cain က သမ္မတကို အမြန်ဆုံး အကောင်အထည် ဖော်ရန်နှင့် တ၀က်တပျက် အကောင်အထည်ဖော်မှု မပြုလုပ်ရန်  တိုက်တွန်းထားပါသည်။ 

ပြဿနာ၏ဖိအားပေးမှု      

သတိထားရန် အကြံပြုသူများလည်း ရှိသေးသည်။ သမ္မတ၏ပါတီမှ အဖွဲ့ဝင်များနှင့် ဒုတိယသမ္မတ Joe Biden (၂၀၀၄)ခုနှစ် သမ္မတရွေးချယ်ပွဲ ကိုယ်စားလှယ် ဘီနိုက်တာ John Kerry လည်း အပါအ၀င်ဖြစ်သည်။

၎င်းက တာလီဘန်တို့၏ အင်အား၊ ရည်ရွယ်ချက်နှင့် ဒေသအတွင်း ပါကစ္စတန်၏ ပါဝင်ပတ်သက်မှုကို မေးခဲ့သည်။ အဆိုပါ မေးခွန်းများအတွက် ကျေနပ်လောက်သော အဖြေရှိမှသာ လူအများကို ထိခိုက်စေမည့် နည်းလမ်းကို ရွေးချယ်ခဲ့လျှင်လည်း မိမိတို့မှာ တာဝန်မရှိနိုင် ဟု Kerry ကပြောခဲ့သည်။

ပြဿနာ၏ ဖိအားပေးမှုသည် မည်သည့် သမ္မတကိုမဆို ခက်ခဲသော ဆုံးဖြတ်ချက်ကို မလွဲမသွေ ချမှတ်စေနိုင်ပါသည်။ အလွန်ဝေးကွာသော အရပ်တွင် မသေချာသော အဖြေတစ်ခုအတွက် ထောင်ပေါင်းများစွာသော အမေရိကန်တို့၏ အသက်ကို ရင်းရသော ဆုံးဖြတ်ချက်မျိုးဖြစ်သည်။

"သူ့ရဲ့ သမ္မတသက်တမ်းဟာ ဒီပြဿနာ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ကိစ္စတွေပေါ်မှာ  များစွာတည်နေတယ်" ဟု သမိုင်းပညာရှင် Robert Dallek က ပြောကြား ခဲ့သည်။

၎င်းမှာ "20th Century U.S presidents and  the decisions they have faced" အပါအဝင် စာအုပ်ပေါင်း (၁၂)အုပ် ရေးသားခဲ့သည့် စာရေးဆရာ ဖြစ်သည်။ စစ်နှင့် ငြိမ်းချမ်းရေး အတွက် ချမှတ်ရသော ဆုံးဖြတ်ချက်များသည် သမ္မတတစ်ယောက်အတွက် အကျပ်အတည်းများ ဖြစ်သည်ဟုလည်း ၎င်းကပြောထားသည်။

ဤဆုံးဖြတ်ချက်များသည် တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်နေသော စစ်သားများ၏ သေရေးရှင်ရေး သာမက သမ္မတ၏ အစိုးရ အတွက်လည်း နိုင်ငံရေး သေရေးရှင်ရေး ဖြစ်သည် ဟု ဆက်လက်ပြောကြား သွားပါသည်။      

Dallek က အမေရိကန်၏ စစ်ပွဲတွင် ပါဝင်ပတ်သက်မှုကို လုပ်ဆောင်ခဲ့ရသော ယခင် သမ္မတများ လက်ထက်တွင် သူတို့၏ ပြည်တွင်းစီမံချက်များ၌ အခက်အခဲများစွာ တွေ့ကြုံခဲ့ကြောင်း ပြောသည်။

သမ္မတအိုဘားမားသည် ပိုမိုကျယ်ပြန့်ပြီး၊ အသုံးစရိတ် များသော ပြည်တွင်း အစီအစဉ်များကို ကွန်ဂရက်သို့ ခွင့်ပြုချက် ရယူရေးအတွက် တင်ပြရန် ရှိနေပါသည်။

သမ္မတများအပေါ် ဤသို့ဖိအားပေးမှုများသည် အမှန်ပင်ရှိနေပါသည်။ Harry Truman သည် အဆိုပါကိစ္စမျိုးအတွက် စတေးခံခဲ့ရသည်။ Lyndon Johnson လည်း ကြီးမားသော နိုင်ငံရေး အလျော်အစားကို ပေးခဲ့ရသည်။ သမ္မတအိုဘားမားလည်း မည်သို့ ဖြစ်လာမည်ကို မည်သူမျှ ပြောမပြနိုင်ပါ။      

အငြင်းပွားမှု ပြဿနာကို ဆက်လက်မဖြစ်စေရန် စစ်တပ်၏ အကြံပြုမှုကို လိုက်နာခဲ့ခြင်း မရှိသူမှာ အမေရိကန် John F. Kennedy တစ်ဦးသာ ရှိခဲ့ဖူးသည်။

(၁၉၆၂)ခုနှစ် ကျူဘားဒုံးကျည် ပြဿနာတွင် ကျူးဘားကို ကျူးကျော် တိုက်ခိုက်ရန် တောင်းဆိုချက်ကို ပယ်ချပြီး၊ အင်အားဖြင့် ခြိမ်းခြောက်မှုထက် တင်းကျပ်သော သံတမန် လုပ်ထုံးလုပ်နည်းများ သုံးခဲ့ရာ အောင်မြင်ခဲ့ပါသည်။

ဘားရက် အိုဘားမားကဲ့သို့ သမိုင်းနှင့်အသိပညာ ကြွယ်ဝသူ သမ္မတမျိုးသည် စစ်တပ်က ပြောကြားချက်ကို ဘ၀င်ကျမည် မဟုတ်သော်လည်း သူတို့၏ အကြံပြုချက်ကို ငြင်းပယ်မည် မဟုတ်ပါ။

"ကျွန်တော့် တပ်မှူးတွေ ပြောတာကို ကျွန်တော် လက်မခံဘူး" ဟုလည်း ပြောမည် မဟုတ်ပါ။ သူတို့၏ ပြောကြားချက်ကို လက်ခံမည်။ သို့သော် သူတို့ကို လုံးဝလွတ်လပ်စွာ စီမံရန် ခွင့်ပြုချက် မပေးဟုလည်း ပြောမည်မဟုတ်ပါ။

သူရရှိသည့် အကြံပြုချက်နှင့် ပတ်သက်၍ သတိထား ကိုင်တွယ်မည်သာ ဖြစ်မည်ဟု Dallek က ဆက်လက်ပြောကြားခဲ့သည်။      

ထိပ်တန်းစစ်တပ် အရာရှိကြီးများထံမှ သမ္မတအိုဘားမားရရှိသော အကြံပြုချက်မှာ အာဖဂန်သို့တပ်များ ထပ်မံစေလွှတ်ပြီး၊ လွန်ခဲ့သည့် (၆)လက သူကြေညာထားသော ရည်မှန်းချက်နှင့် မဟာဗျူဟာများကို ရအောင် ပြန်လည်လုပ်ဆောင်ရန် ဖြစ်သည်။

"ကျွန်တော်တို့မှာ ရှင်းလင်းပြတ်သားတဲ့ အလေးထားရမယ့် ရည်မှန်းချက်တွေ ရှိတယ်၊ အယ်လကိုင်ဒါကို ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ ဟန့်တားပြီး အပြတ်တိုက်ဖို့ ဖြစ်တယ်၊ နောင်လဲ အဲဒီတိုင်းပြည်တွေကို ပြန်မလာအောင် တားရမှာဖြစ်တယ်"လို့ သမ္မတက ပြောခဲ့ပါသည်။ 

သမ္မတမှရွေးချယ်ရန်နည်းလမ်းလေ့လာခြင်း      

ဘယ်လိုလုပ်မလဲဟုမေးရန်သာရှိသည်။      

ပထမ လုပ်ဆောင်မှုအဖြစ် သမ္မတက ကနဦးကြေညာခဲ့သလို တပ်ဖွဲ့ဝင်များထပ်မံ စေလွှတ်ပြီး ကျယ်ပြန့်သော သူပုန်နှိမ်နင်းမှု မဟာဗျူဟာကိုသုံး၍ အာဖဂန်နစ္စတန်နိုင်ငံ တည်ငြိမ်အောင် ပြုလုပ်ရန်ဖြစ်သည်။ သူက အမေရိကန်တပ်သား ၂၁၀၀၀ ကို စေလွှတ်ပြီး အောင်မြင်မှု ရရှိအောင် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။      

နောက်တစ်ချက်မှာ အာဏာပိုင်အချို့နှင့် ကျွမ်းကျင်သူများက အကြံပြုသကဲ့သို့၊ အမေရိကန် စစ်မြေပြင်တပ်များကို ကန့်သတ်ပြီး၊ အကြမ်းဖက်သမားများ ပုန်းခိုရာ ဒေသများကို လေတပ်မှ ချေမှုန်းရန်နှင့် အာဖဂန်နစ္စတန် ဒေသများ တည်ငြိမ်မှုကို ပူပန်ခြင်း မပြုရန်ဖြစ်သည်။      

General Mc Chrystal က ကန့်သတ် လုပ်ဆောင်ခြင်းသည် ရေတို အမြင်သာ ဖြစ်သည်ဟု ဆိုသည်။ "ပထမဆုံး ကျွန်တော်တို့လုပ်ရမှာက အယ်ကိုင်ဒါကို အရေးပါတဲ့ နေရာတွေကို ပြန်မ၀င်လာအောင် တားဆီးဖို့နဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုကို တားဆီးဖို့ဖြစ်တယ်"  ဟု ပြောကြားခဲ့သည်။

စစ်တပ်အင်အား ပိုမိုချထားရန် လိုအားသောအဖွဲ့က အစ္စလာမ် စစ်သွေးကြွများ ကမ္ဘာတ၀ှမ်းလုံးတွင် အင်အား ပိုကောင်းလာလိမ့်မည်ဖြစ်ကြောင်း သတိပေးထားသည်။

အမေရိကန်နှင့် နေတိုးတို့၏ အာဖဂန်နစ္စတန်တွင် ကြိုးပမ်းမှု မအောင်မြင်လျှင် အကြမ်းဖက်မှု၏ အန္တရာယ်သည် ဒေသအတွင်းနှင့် အခြားနေရာတ၀ှမ်းတွင် ပိုမိုများပြား လာမည်ဖြစ်သည်။      

သမ္မတအိုဘားမားမှ အဆိုပါအမြင်နှင့် ပတ်သက်၍ သဘောပေါက်ပြီး ဖြစ်ကြောင်း မတ်လက ပြောဆိုခဲ့သည်။ "အာဖဂန်သာ တာလီဘန်တွေရဲ့ လက်ထဲ ရောက်သွားရင်၊ အဲဒီတိုင်းပြည်ဟာ လူများကို သတ်နိုင်သ၍ သတ်မယ့် အကြမ်းဖက်သမားတွေရဲ့ အခြေစိုက်စခန်း ဖြစ်လာလိမ့်မယ်" ဟုလည်းပြောခဲ့သည်။      

သို့သော် သမိုင်းပညာရှင် Dallek က "အလားတူ အရေးကြီးသော မျှော်မှန်းချက်မျိုး ယခင်ကလည်း ရှိခဲ့ဖူးကြောင်း၊ ဗီယက်နမ်အရေးက ၀င်ရောက်တိုက်ခိုက်မှု မပြုလုပ်ခဲ့လျှင် အရှေ့တောင် အာရှနိုင်ငံများ ကျဆုံးပြီး၊ ကျွန်တော်တို့ရဲ့ သိက္ခာလည်း ကျမည် ဖြစ်ကြောင်း၊ တရုတ်နှင့် ဆိုဗီယက်တို့သည် ပိုမိုထင်ရှားလာမည်ဖြစ်ပြီး၊ တတိယ ကမ္ဘာစစ်ကြီးကို ဖြစ်ပေါ်စေနိုင် သည့်အတွက် စိတ်ပူခဲ့ကြကြောင်း" ပြောသည်။

သို့သော် အဆိုပါ ကိစ္စအားလုံးမှာ အဓိပ္ပာယ်မရှိသော လုပ်ရပ်များဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အခြားသော သမ္မတများကဲ့သို့ပင်၊ သမ္မတဘားရက် အိုဘားမား သည်လည်း သူ၏ စစ်ဦးစီးချုပ်များကို လျစ်လျူရှု၍ မရကြောင်း၊ ၎င်းတို့၏ အကြံပြုချက်များမှာ မှန်နိုင်ကြောင်း ပြောပါသည်။      

အာဏာပိုင်များ၏ ပြောဆိုချက်အရ သမ္မတအိုဘားမားသည် အာဖဂန်နစ္စတန်တွင် အမေရိကန်စစ်သားများ ထိခိုက်မှု ပိုမိုများလာခြင်းအတွက် အထူးစိုးရိမ်နေကြောင်း၊ တပ်အင်အား တိုးချဲ့၍ တိုက်ခိုက်မှု ပိုလုပ်လိုက်ပါက ထိခိုက်မှုအင်အား ပိုမိုများ လာနိုင်သည် ဟု ယူဆထားကြောင်း ပြောပါသည်။

အကောင်းဆုံးသော လုပ်ဆောင်ရမည့်အချက်မှာ မှန်ကန်သော မဟာဗျူဟာ ချမှတ်ပေးရန် ဖြစ်ကြောင်း ပြောသည်။ သမ္မတ အိုဘားမားက သူ၏ဆုံးဖြတ်ချက်ကို မကြာမီ ကြေညာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

မျက်ခင်းစိမ်းပေါ်က ကစားပွဲု

(သစ်ထိန်)

          ပရိုလိဂ်အစပိုင်း ပွက်လောရိုက်လာသော မေးခွန်းများတွင် အောက်ပါမေးခွန်းတစ်ခုလည်း အပါအဝင်ဖြစ်သည်။

" ဒီလောက်ဆင်းရဲတဲ့နိုင်ငံမှာပိုက်ဆံသိန်းထောင်ချီသုံးပြီး ဘောလုံးအသင်းထောင်၊ ပရိုလိဂ်လုပ်၊ ရည်ရွယ်ချက်က ဘာလဲ"

          အထက်ပါရည်ရွယ်ချက်နှင့် ပတ်သက်၍ ဘောလုံးဥက္ကဌ ဦးဇော်ဇော် အမြဲတမ်း ပြောဆိုလေ့ ရှိသော စကားတစ်ခွန်းရှိသည်။

" အမျိုးသားအားကစားဖြစ်တဲ့ ဘောလုံးကို တိုးတက်စေချင်လို့ပါ၊ ကမ္ဘာ့အဆင့်မီချင်လို့ပါ"

          လေ့လာသူများကမူ ထိုထက်ပိုသည်။ သို့မဟုတ် ထိုမျှမကဟု ဆိုကြသည်။အဓိက ပြဿနာမှာ ဗိုလ်ချုပ်ကြီး၏ စေတနာ။ ဗိုလ်ချုပ်မှူးကြီး၏ အမိန့်မရဘဲနှင့် နိုင်ငံတွင်းမည်သည့်အရာမျှ ကြီးကြီးမား မား "လှုပ်" ၍မရသော မြန်မာနိုင်ငံတွင် ဘောလုံးကို ဆုကြေးစားပြိုင်ပွဲအသွင်ပြောင်းရာ၌ ၎င်း၏ ဆန္ဒ အရသာ ဖြစ်လာသည်ဆိုခြင်းကို မည်သို့မျှ သံသယမရှိကြပါ။အချို့ကမူ 'သူတို့မြေးအဖိုး၏တစ်ရေးနိုး အကြံပေါ်တာပါ' ဟုပင်ဆိုကြသည်။

          ဗိုလ်ချုပ်မှူးကြီး၏ မြေးဖိုးလပြည့် အမည်ရနေရွှေသွေးအောင်မှာ ဘောလုံးတွင်သည်းသည်း လှုပ်ကြောင်း နီးစပ်သူအားလုံးသိသည်။ ဂျပန်နာမည်ကျော် ဘောလုံးသမားနာကာတာ လာရောက်၍ ရန်ပုံငွေပွဲကန်တုန်းကပင်ဝင်ဟဲလိုက်သေးသည်။ ထိုပွဲတုန်းကလည်းဖိုးလပြည့်လေး ဂိုးသွင်းနိုင်အောင် ဟ ပေးခဲ့ရဖူးသည်ဟူ၏။ ထားတော့..

          ပြန်ကောက်ရလျှင် ဗိုလ်ချုပ်မှူးကြီး၏ မြန်မာနိုင်ငံအပေါ်ထားသောစေတနာ။ ဘယ်တုန်းကမှ မမှန်ခဲ့သော စေတနာ။ ယခုထူးထူးဆန်းဆန်း စေတနာမှန်သွားသည်ဆိုလျှင်မူ အံ့သြဖွယ်ရာဖြစ်သည်။

          စနစ်ဆိုးအောက်မှ စေတနာမမှန်ကြောင်းကို လက်ဝေခံဘောလုံးအသင်းပိုင်ရှင်များ၏ ဘောလုံးအသင်းစီမံခန့်ခွဲပုံများကလည်း သက်သေထူနေသည်။ အပေါ်လွင်ဆုံးကိစ္စမှာ ယင်းအသင်း ပိုင်ရှင်များသည် မိမိတို့၏ ဘောလုံးအသင်းတွင် ပေါ်ပြူလာဖြစ်သော လူကြိုက်များသော နေရာများတွင် ငွေပုံသုံးလေ့ရှိသည်ပင်။ဥပမာ-ကြေငြာခြင်းများ၊အသင်းနိုင်လျှင်ငွေမည်မျှသုံးမည်ဟု အသံဟစ်ခြင်း။(တစ်ကယ်ပေးမပေးမူကား မည်သူမျှမသိပါ)

          အချို့အသင်းပိုင်ရှင်များသည်  အရှုံးပွဲများအတွက်ပင် ဆုပေးလိုက်သေးသည်။ ဘောလုံးအသင်းကို ပေါ်ပြူလာဖြစ်အောင်လုပ်ရာတွင် အထင်ရှားဆုံးမှာ ဒေါက်တာစိုင်းဖြစ်သည်။လိဂ်စသည်နှင့် အပီအပြင်ကြေငြာသည်။ နိုင်ငံခြားဘောလုံးသမားသာမက နည်းပြကိုပါခေါ်သည်။ (ယင်းအချိန်က နိုင်ငံခြားနည်းပြခေါ်ရန် မည်သည့်အသင်းမျှလေသံမဟသေးပါ။)အားကစားမီဒီယာများနှင့် နွေးထွေးစွာ ဆက်ဆံသည်။ သာမန်စီးပွားရေးလုပ်ငန်းရှင်ဘဝတွင် သတင်းထောက်များနှင့် ရှားရှားပါးပါးသာ တွေ့ဆုံလေ့ရှိသော် လည်း 'ဘောလုံးအတွက်ဆိုလျှင် welcome' ဆိုသည့်အဆင့်ရှိလာသည်။

          တဖက်တွင်မူ ဘောလုံးအသင်းများကို အဓိကမဏ္ဍိုင်ပြုထားသော ဘောလုံးသမားများ(လူမြင် ကောင်းရန် လစာအများအပြားပေးထားသည်ဆိုသော်လည်း) အာဟာရနှင့် ပတ်သက်၍မူ မည်မည်ရရ စီမံမှုမရှိကြောင်း နီးစပ်သူအချို့က ဆိုသည်။ ၎င်းတို့၏ အစားအသောက်အတွက် တစ်နေ့ကို ၃၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိသာ သုံးသည်ဆိုလျှင် စာရှုသူ ယုံဖွယ်ရာရှိမည်မထင်။ သို့သော် ယင်းကားအမှန်တစ်ကယ်ဖြစ်ရပ်။

          ဘောလုံးအသင်းတစ်သင်း၏ ဘောလုံးသမားတစ်ဦးချင်းစီ၏  ခန္ဓာကိုယ်နှင့် အာဟာရ ဓါတ်လို အပ်ချက်ကို ပညာရှင်များကတွက်ချက်၍ စီမံရသည်။ဘောလုံးသမားများကိုမောင်းရန်သာသိပြီးအားကစားသမားအကြောင်းဘုမသိ၊ဘမသိ ပိုင်ရှင်များအနေဖြင့် "တခါတခါ အနားယူခြင်းက ပိုကောင်းသည်" ဟူသော ဘောလုံးသမားများအ တွက် အဆိုကိုပင် ကြားဖူးမည်မထင်ပါ။

          "ဘောလုံးအသင်းအများစုက ဆိုင်ကထမင်းကို ချိုင့်ဆွဲကျွေးတယ်။ ကြက်ဥ၊နွားနို့်ပါတယ်" ဟု ဘောလုံးအသင်းတော်တော်များများ အာဟာရနှင့် ပတ်သက်၍ စီမံခန့်ခွဲပုံကို မယုံမရှိပါနှင့်။သို့ဆိုလျှင် နိုင်ငံတကာအဆင့်မီကျင်းပနေသည်ဆိုသော မြန်မာနေရှင်နယ်လိဂ်မှာ ရပ်ကွက်ပွဲများနှင့် ဘာများခြား နားပါသနည်း။          ရပ်ကွက်ပွဲများတွင်လည်းကြက်ဥ၊နွားနို့ကတော့ပုံမှန်ရသည်ပင်။ယင်းကား ဗိုလ်ချုပ်မှူးကြီး၏ မည်သည့်ရည်ရွယ်ချက်ဖြင့် ဖန်တီးလိုက်မှန်းတိတိပပ မသိရသော မြန်မာနေရှင်နယ်လိဂ် အသင်းပိုင်ရှင်များ၏ 'အ' ခြင်းလား၊စေတနာမမှန်ခြင်းလား။

          နောက်ထပ်အကြောင်းအရာတစ်ခုမှာဆုများကို'လ'ူဖြင့်ဖြတ်ပေးခြင်းဖြစ်သည်။ ရန်ကုန်အသင်း  ပိုင်ရှင်ဦးတေဇမှသည် အခြားအသင်းပိုင်ရှင်များအထိ ဆုများကို စနစ်ကျသော မူ ဖြင့်မဖြတ်ဘဲ ပေးချင်ရာပေးသည်ဟု ကျွမ်းကျင်သူများကဝေဖန်ဖူးသည်။ မပေးတာထက်စာရင်ပေးတာက ပိုကောင်းသည်မှာ မှန်သော်လည်းပေးပုံပေးနည်းမမှန်ပါက အသင်းသားများ၏ စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ကြောင်း နည်းပြအချို့ထောက်ပြသည်။ ဆုပေးပုံပေးနည်းကား ကစားသမားများ၏အကျိုးထက် အသင်းပိုင်ရှင်များက မိမိဘယ်လိုဘယ်လောက်ပေးကြောင်း ကြွားလုံးထုတ်ချင်သည်က များမည်ဖြစ်ကြောင်း သုံးသပ်ကြသူများလည်း မနည်းကြပါ။

          ထိုသို့ဆိုလျှင် မေးခွန်းများစွာ ပေါ်လာသည်။ ထိုအထဲမှ တစ်ခုက… ဘောလုံးကစားနေတာ ဘောလုံးသမားတွေလား။ နိုင်ငံစီးပွားရေးကို ခွဲဝေလက်ဝါးကြီးအုပ်ထားသော စီးပွားရေးလုပ်ငန်းရှင် တွေလား။

          " ဘောလုံးပွဲကြောင့် ကျွန်တော့်အစ်ကို သူဌေးတွေကွင်းထဲရောက်လာကြတယ်" ဟု မီဒီယာများနှင့် ဆက်ဆံရာတွင် ပါးနပ်လှသော ဦးဇော်ဇော်က မကြာခဏပြောလေ့ရှိသည်။ အချို့ စီးပွားရေး လုပ်ငန်းရှင်များသည်လည်း ဘောလုံးကို လုံးဝစိတ်မဝင်စားဘဲ ကွင်းထဲရောက်လာသည်မှာ သေချာသည်။ သူတို့တတွေ ဘောလုံးပွဲကြည့်ရန် စိတ်အပန်းဖြေရန်ကား မဟုတ်တန်ရာ။ ကိုယ်ကျိုးစီးပွားအတွက် ဘောလုံးဝင်ကစားရန်သာ ဖြစ်ကြောင်းသေချာသည်။

        ဗိုလ်ချုပ်မှူးကြီးမြေးအဖိုး၏ တရေးနိုးပေါ် သောအကြံမှသည် နိုင်ငံရေးရည်ရွယ်ချက်အထိ ဘာမဆိုဖြစ်နိုင်သော ရည်ရွယ်ချက်ဖြင့် ကျင်းပသော မြန်မာလိဂ်ပွဲစဉ်များတွင် စီးပွားရေးသမားများလည်း မျက်နှာလို မျက်နှာရဝင်ဟဲရသည်။ ဝင်ရင်းပေး ရသည်။မိမိတို့၏ အချိန်၊ငွေ။

          " ကျွန်တော်တို့ မြန်မာအားကစားတိုးတက်ဖို့အတွက် အရှုံးခံပြီးလုပ်နေပါတယ်။" ဟု လူကြား ကောင်းအောင် အမြဲတစေထုတ်ဖော်ပြောဆိုလေ့ရှိသော သူဌေးကြီးများမှာ ကိုယ်ကျိုးစီးပွားကိုပင် အခြေခံကြောင်း၊ ထောင်မြင်၍ ရာစွန့်ကြောင်း သံသယရှိရန်မလိုပါ။ ဘောလုံးပွဲတွင် ဝင်မဟဲဖြစ်ပါက၊ ကျန်ခဲ့ပါက ၎င်းတို့လက်လွတ်လိုက်ရမည့် ပမာဏကားမနည်းမနော။

          သို့ဆိုလျှင် ယင်းပြိုင်ပွဲမှာ မြန်မာပြည်သူလူထုဘာကိုများ မျှော်လင့်နိုင်ပါသနည်း။ စိတ်အပန်းဖြေမှုလော။ အပြည်အဝမဖြစ်နိုင်ပါ။ အမျိုးသမီး ပြည်သူလူထုအတွက် နိုင်ငံခြားရုပ်သံဇာတ်လမ်းတွဲများရှိ နှင့်ပြီးဖြစ်သည်။အမျိုးသားများအတွက်မူ ကမ္ဘာကျော် ပရီးမီးယားလိဂ်ရှိသည်။

          မြန်မာလိဂ် မျက်ခင်းစိမ်းများပေါ်တွင် အမှန်တကယ် ကစားရန် စီးပွားရေး၊နိုင်ငံရေး အမြတ် ထွက်သွားသူများမှာဗိုလ်ချုပ်မှူးကြီးမျက်နှာအတွက် မချစ်သော်လည်း အောင့်ကာနမ်းရသောလက်ဝေ ခံစီးပွားရေးသမားများသာ ဖြစ်ကြောင်း ကောက်ချက်ဆွဲမည်ဆိုက မှားမည်မထင်ပါ။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

မြောက်ကိုရီးယားဆွေးနွေးပွဲကို စောလျင်စွာပြုလုပ်ရန် နိုင်ငံတကာက တိုက်တွန်း

(BBC News : 10 - 10 - 2009)

တရုတ်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများမှ ခေါင်းလောင်းများက မြောက်ကိုရီး ယား၏ နျူကလီးယားအစီအစဉ် ဆွေးနွေးပွဲကို ပြန်လည်ပြုလုပ်ရန် တိုက်တွန်းလိုက် ပါသည်။

ခေါင်းဆောင် (၃)ဦးသည် ပီကင်းမြို့တွင်တွေ့ဆုံစဉ် ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်အောင် ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ တိုကျိုနှင့်ဆိုးလ်တို့က မြောက်ကိုရီးယားမှ ၎င်း၏နျူကလီးယား လက်နက်တပ်ဆင်မှုကို မရပ်မချင်း အကူအညီပေးမှုများကို ရပ်ဆိုင်းထားမည်ဟု မှာကြားခဲ့သည်။      

သို့သော် ပြုံယမ်း၏ အဓိကမဟာမိတ် တရုတ်၏ထောက်ခံမှုကို ရရှိရန်မှာ လွယ်ကူမည် မဟုတ်ကြောင်း သတင်းထောက်များကပြောကြားပါသည်။ မြောက်ကိုရီးယား က နျူကလီးယားကိစ္စအတွက် နိုင်ငံတကာပါဝင်သော ဆွေးနွေးမှုကို ပြန်လည်လုပ်ဆောင် ရန် အသိပေးထားသော်လည်း အမေရိကန်နိုင်ငံနှင့် ပထမဆုံးစေ့စပ်ညှိနှိုင်းလိုကြောင်း ပြောကြားထားပါသည်။      

ပီကင်းတွင် ကျင်းပသော အစည်းအဝေးမှ ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် ခေါင်းဆောင်များက ကျွန်တော်တို့ဆွေးနွေးမှု၊ တိုင်ပင်မှုများကို ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ပြုလုပ်မည်ဖြစ်ကြောင်း၊ ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားလက်နက် ကင်းစင်အောင် ရည်ရွယ်၍ပြုလုပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တခြားသော နိုင်ငံများနှင့်လည်း အာရှအရှေ့ မြောက်ပိုင်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ကာကွယ်ရန် ခြောက်နိုင်ငံ နျူကလီးယားဆွေးနွေးပွဲကို စောလျင်စွာ ပြန်လည်ကျင်းပနိုင်ရေးအတွက် လုပ်ဆောင်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

အဆိုပါ ခြောက်နိုင်ငံတွင် ကိုရီးယား (၂)နိုင်ငံ၊ တရုတ်၊ အမေရိကန်၊ ရုရှားနှင့် ဂျပန်တို့ ပါဝင်ပါသည်။ ပီကင်းတွင်ရှိစဉ် ခေါင်းဆောင် (၃)ဦးမှ ဒိန်းမတ်နိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဆွေးနွေးပွဲ အောင်မြင်ရန်အတွက်လည်း အနီးကပ်ပူးတွဲ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

တိုးတက်လာသောဆက်ဆံရေး

တရုတ်ဝန်ကြီးချုပ် ၀မ်ကြားပေါင် မြောက်ကိုရီးယားသို့ သွားရောက် လည်ပတ်ခဲ့စဉ် က မြောက်ကိုရီးယားသည် ဆွေးနွေးပွဲကို ပြန်စရန်ဆန္ဒရှိကြောင်း၊ ယခုအချိန်သည် အခွင့်အလမ်း အကောင်းဆုံးဖြစ်ကြောင်းပြောပါသည်။

မြောက်ကိုရီးယားသည် အမေရိကန်နှင့် ဆက်ဆံရေးကို တိုးတက်စေရန် လိုလားရုံ သာမက တောင်ကိုရီးယားနှင့် ဂျပန်တို့နှင့်လည်း ဆက်ဆံရေး တိုးတက်စေရန် လိုလား ကြောင်းလည်း ပြောပါသည်။ ဤသည်မှာ ကျွန်ုပ်၏ခရီးစဉ်မှရရှိခဲ့သော နက်နဲသည့် အမြင်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသွားသည်။      

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-il က သူ့အနေဖြင့် (၆)နိုင်ငံပါဝင်သော နိုင်ငံပေါင်းစုံ ဆွေးနွေးပွဲသို့ ကိုယ်တိုင်တက်ရောက်ရန် ဆန္ဒရှိကြောင်း တရုတ်ဝန်ကြီးချုပ် အား တနင်္လာနေ့ကပြောခဲ့သည်ဟု သတင်းရရှိခဲ့ပါသည်။

သို့သော် မစ္စတာကင်က အဆိုပါကိစ္စသည် မြောက်ကိုရီးယားနှင့်အမေရိကန်တို့၏ ပထမဆုံးအကြိမ် နှစ်နိုင်ငံဆွေးနွေးမှုပေါ်တွင် မူတည်ကြောင်းပြောပါသည်။ ၀ါရှင်တန်မှ အဆိုပါကိစ္စကို အတည်ပြုပြန်ကြားခြင်းမရှိသေးပါ။      

အမေရိကန်နိုင်ငံက မြောက်ကိုရီးယားအနေဖြင့် (၆)နိုင်ငံဆွေးနွေးပွဲတွင် ပြန်လည် ပါဝင်နိုင်ရန် ရည်ရွယ်၍ မြောက်ကိုရီးယားနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ၀ါရှင်တန်သည် မြောက်ကိုရီးယားကို နျူကလီးယားလုံးဝစွန့်လွှတ်ရန် ဆန္ဒရှိနေပါသည်။

ဝမ်ကြားပေါင်က သူ့အနေဖြင့် အမေရိကန်-မြောက်ကိုရီးယား တိုက်ရိုက်ဆွေးနွေးမှု ကို ထောက်ခံပါကြောင်း ပြောကြားပါသည်။တောင်ကိုရီးယားသမ္မတ Lee Myung-bak က ၎င်းအနေဖြင့် အဆိုပါကိစ္စကို ကြိုဆိုပါကြောင်း၊ သို့သော် တောင်နှင့်မြောက် ကိုရီးယား တို့၏ ဆွေးနွေးပွဲ နောက်ဆုံးရလဒ်မှာ မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ရန်သာဖြစ်ကြောင်းပြောကြားပါသည်။ 

သတ်မှတ်ချက်များ

တောင်ကိုရီးယားသမ္မတ Lee နှင့် ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama တို့ သောကြာနေ့က တွေ့ဆုံရာတွင် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုကို ၎င်း၏ နျူကလီးယား အစီအစဉ်စွန့်လွှတ်မှုကို မလုပ်သေးသ၍ ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

နှစ်နိုင်ငံအနေဖြင့် နျူကလီးယားကိစ္စနှင့်ပတ်သက်၍ အခြေခံကျ၍ ပြီးပြည့်စုံသော အဖြေတစ်ရပ်ကို သဘောတူကြကြောင်း သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ခေါင်းဆောင်နှစ်ဦးအနေဖြင့် မြောက်ကိုရီးယားက နျူကလီးယားအစီအစဉ်ကို စွန့်လွှတ်ခြင်း ပြုလုပ်ပါက အကူအညီများကို တစ်လုံးတစ်ခဲတည်းပေးရန် သဘော တူညီကြောင်း ပြောကြားခဲ့သည်။      

တရုတ်သည် မြောက်ကိုရီးယား၏အကြီးဆုံးသော ကုန်သွယ်ဘက်အနေဖြင့် လျှို့ဝှက်သော ပြုံယမ်းအစိုးရအပေါ် လွှမ်းမိုးမှုများရှိပါသည်။ တောင်ကိုရီးယားနှင့် ဂျပန်တို့ အနေဖြင့် မြောက်ကိုရီးယား၏ အနီးကပ်ဆုံးသော မဟာမိတ်တရုတ်နိုင်ငံ၏ လူသိရှင်ကြား ထောက်ခံမှုကို ရရှိရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ဘီဘီစီမှ Michael Bristow က ပြောကြားခဲ့သည်။      

စနေနေ့က ကျင်းပခဲ့သောအစည်းအဝေးတွင် အပြုသဘောကို ဆောင်သော သဘောများ တွေ့ရကြောင်းပြောသည်။ ယခု အစည်းအဝေးတွင် ဒေသတွင်းရှိ အင်အားကြီး (၃)နိုင်ငံ၏ ဖြစ်တောင့်ဖြစ်ခဲ စည်းလုံးမှုကို တွေ့ရှိရကြောင်း သတင်းထောက်မှ ဆက်လက်ပြောကြား သွားပါသည်။

ပြုံယမ်းသည် (၆)နိုင်ငံဆွေးနွေးပွဲမှ ယခုနှစ်ဧပြီလတွင် နုတ်ထွက်ခဲ့ပြီး၊ ဒုံးကျည်များ စမ်းသပ်မှုနှင့် မြေအောက်နျူကလီးယား စမ်းသပ်ပေါက်ခွဲမှုများ ပြုလုပ်ခဲ့၍ ဒေသအတွင်း တင်းမာမှုများကို ဖြစ်စေခဲ့ပါသည်။ ကုလသမ္ဂ၏ပိတ်ဆို့မှုအပေါ် တုန့်ပြန်၍ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

      မြောက်ကိုရီးယားက ၎င်းတို့အနေဖြင့် နိုင်ငံစုံဆွေးနွေးပွဲသို့ မည်သည့်အခါမှ ပြန်လည် လာရောက်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ဘူးပါသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

အိုဘားမားအပေါ်တွင် ကျရောက်နေသော ၀န်ထုပ်ဝန်ပိုးများ

(From Editorial of The Hindu)

10 - Oct - 2009 

      အမေရိကန်ပြည်ထောင်စုသမ္မတ Barack Obama အား ဂုဏ်သိက္ခာ ကြီးကျယ် သော ငြိမ်းချမ်းရေး နိုဘယ်ဆုချီးမြှင့်ရန် ဆုံးဖြတ်လိုက်ခြင်းသည် ကမ္ဘာကြီးတစ်ခုလုံးကို အံ့သြသွားစေရုံမျှမက Mr. Obama ကိုပါ တမူထူးခြားသော အပြုအမူများနှင့် တွေ့နေ ရပါသည်။

နိုဘယ်ဆု၏ အကျိုးဆက်အနေဖြင့် Mr. Obama သည် ကမ္ဘာကြီး၏ ကြီးမားသော မျှော်လင့်ချက်များကို ဖော်ဆောင်ပေးရမည့် တာဝန်များ ယူရတော့မည့် ကမ္ဘာကြီး၏ ပြယုဂ်တစ်ခု ဖြစ်လာရခြင်းဖြစ်သည်။      

ယခုငြိမ်းချမ်းရေးဆုသည် အောင်မြင်မှုများကိုကြည့်၍ ရွေးချယ်သောဆုမဟုတ်ပါ။ အကောင်းဘက်သို့ ဦးတည်သော ပြောင်းလဲမှုများအတွက် အဓိကကျသောနေရာမှ ပါဝင်မှုအတွက် ရည်ရွယ်၍ ရွေးချယ်ပေးခြင်းဖြစ်သည်။

Obama ၏ အကောင်းဘက်သို့ ဦးတည်စေရန် ရည်ရွယ်၍  စတင်လုပ်ဆောင် ခဲ့မှုများကို တစ်ကမ္ဘာလုံးကသိရှိကြသည်။ နျူကလီးယားလက်နက် ဖျက်သိမ်းရေးကို အမေရိကန်အဖွဲ့အစည်းများ၏ ပြင်းထန်စွာ ကန့်ကွက်မှုကြားမှ လုပ်ဆောင်ခြင်း၊ အီရန်၊ မြောက်ကိုရီးယား၊ မြန်မာတို့နှင့်စကားပြောရန် စတင်လုပ်ဆောင်လာခြင်း၊ အစ္စရေးနှင့် ပါလက်စတိုင်း အငြင်းပွားမှုကိစ္စတွင် နှစ်နိုင်ငံအချင်းချင်းအပြန်အလှန်အသိအမှတ်ပြုရေး၊ နှစ်နိုင်ငံပြည်သူများ၏ လုံခြုံရေးနှင့် အချုပ်အချာအာဏာကို အသိပြုရေးတို့အတွက် ဆုံးဖြတ်ချက်တစ်ခု လိုအပ်၍ အလေးအနက်ထားလုပ်ဆောင်နေမှုတို့ကို တစ်ကမ္ဘာလုံးက သိရှိကြပါသည်။

အကယ်၍သာ Obama အနေဖြင့် အထက်ပါ ရည်မှန်းချက်များအတွက် လုပ်ဆောင် မှုခြေလှမ်း လေးစရုံ (Baby Steps) သာရှိသေးသည်ဆိုလျှင် အမေရိကန်ရှိ အယူအဆ တစ်ခုကို စွဲမြဲစွာ ကိုင်စွဲထားသော အုပ်စုများ၏ဆန့်ကျင်မှုကို ရင်ဆိုင်ရနိုင်ပါသည်။      

ယခုကဲ့သို့ ငယ်ရွယ်သော၊ စမ်းသပ်ခြင်းမပြုရသေးသော ခေါင်းဆောင်တစ်ဦးကို နိုဘယ်ဆု ပေးအပ်လိုက်ခြင်းမှာ ဝေဖန်မှုများကို ထွက်ပေါ်စေပါသည်။ ယခုနှစ် ဆုရွေးချယ် ရန် ဆုံးဖြတ်ချက်သည် ယခင်အစဉ်အလာများအရ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လုပ်ဆောင်ချက်များမှ အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပေးအပ်သော သိက္ခာရှိသောဆုဖြစ်ရာ ထိုအစဉ်အလာကို ဆန့်ကျင်၍ အချိန်မတိုင်မီပေးသည့်သဘော သက်ရောက်နေပါသည်။

ကမ္ဘာ့နိုင်ငံရေးနှင့် ပါဝါကို ခံစားတတ်သည့် အခြားနိုင်ငံရေးသမားများကဲ့သို့ပင်၊ Mr. Obama သည်လည်း ယခုကဲ့သို့အသိအမှတ်ပြုချီးမြှင့်ခံရမှု ရည်ရွယ်ချက်ကို ကာလ ရှည်ကြာစွာကပင် ပြုစုပျိုးထောင်လာခဲ့လိမ့်မည်ဟု ယူဆရပါသည်။

သို့သော သူ့အနေဖြင့် သူ၏သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများအတွက် အသီးအပွင့်များ မြင်သာထင်သာရှိလာမှသာ ဤဆုကို ရရှိရန် ပိုမိုလိုလားလိမ့်မည် ဖြစ်သည်။

အနောက်အာရှတွင် ငြိမ်းချမ်းရေးမွေးဖွားလာရန်အတွက် သန္ဓေတည်ရမည့်အချိန်မှာ Mr. Obama အိမ်ဖြူတော်မှာ ယခုထိကြာမြင့်သော ကိုးလအချိန်ထက် ပိုမိုလိုအပ်လိမ့်မည် ဖြစ်သည်။

ကတိပြုထားသော နျူကလီးယားလက်နက် ဖျက်ဆီးရေးသည် သူ၏သက်တမ်း အတွင်း ဖြစ်လိမ့်မည်မဟုတ်ကြောင်း Obama က ယခုနှစ်အစောပိုင်းက ချက်နိုင်ငံ Prague မြို့တွင် လူသိရှင်ကြားပြောကြားခဲ့ပါသည်။

သို့သော် အလယ်အလတ်လက်နက် ထိန်းချုပ်ရေးကိစ္စမှာမူ အချိန်တိုအတွင်း ပြီးမြောက်နိုင်ပြီး၊ ဆုရွေးချယ်ရေးအဖွဲ့အနေဖြင့် ၂၀၁၀ ခုနှစ်အထိစောင့်ရုံမျှဖြင့် အချိန်မ တိုင်မီဆုရွေးချယ်ခြင်း၊ အစဉ်အလာကိုသွေဖည်၍ ရွေးချယ်ရေး ကော်မတီအနေဖြင့် နိုဘယ်ဆုကြောင့် Mr. Obama သည် အမေရိကန်ပြည်ထောင်စုအတွင်း ပါဝါညှိနှိုင်းမှုများ ပိုမိုပြုလုပ်လာရနိုင်ပြီး၊ တချိန်တည်းမှာပင် Obama သည် သူချမှတ်ထားသော လမ်းစဉ် များကို နိုင်ငံရေးဖိအားများကြောင့် မခံနိုင်ဖြစ်ပြီး၊ စွန့်လွှတ်ရန်ခက်ခဲသွားမည်ဖြစ်ကြောင်း မျှော်လင့်ထားပြီး ဖြစ်သည်။

      Mr. Obama ၏ ရိုးသားမှုနှင့် စွမ်းဆောင်နိုင်စွမ်းရည်တို့ကို ယုံကြည်မှုအပြည့်ဖြင့် ဆုရွေးချယ်ခြင်းဖြစ်ရာ၊ ထိုအချက်များကပင် Mr. Obama ကို သူ၏အနောက်အာရှတွင် သံတမန်ရေးဆိုင်ရာလုပ်ဆောင်မှုများနှင့် လက်နက်ဖျက်သိမ်းရေးမျက်နှာစာတို့တွင် ပိုမို လွယ်ကူစွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်ရပေသည်။

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

တာလီဘန်များအားတိုက်ခိုက်ရေး အာဖဂန်များကို အိုဘားမား ငွေကြေးထောက်ပံ့ရန်စီစဉ်

(Manan Vatsyayana)

Christina Lamb in Washington  (Oct 12,2009)

အာဖဂန်နစ္စတန်တွင်ရှိသော အမေရိကန်တပ်များ၏ တပ်မှူးဗိုလ်ချုပ် Stanley Mc Chrystal က အိုဘားမားအားရွေးချယ်ရန်အချက် (၃)ချက်တင်ပြခဲ့ပါသည်။

အိုဘားမားအစိုးရသည် အာဖဂန်ရွာသားများ လက်နက်စွန့်လွှတ်ရန်အတွက် တာလီဘန်များပေးသည့် ငွေကြေးထက်ပိုသော ပမာဏပေးရန် ဆွဲဆောင်နေကြောင်း ၀ါရှင်တန်မှ Christina Lamb ကသတင်းပေးပို့ခဲ့သည်။

ဤသည်မှာ လူထု၏ ထောက်ခံမှုနှင့် ကွန်ကရက်၏ ထောက်ပံ့မှုကျဆင်းနေသော အာဖဂန်စစ်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ချက်အသစ်တစ်ခု ဖြစ်ပါသည်။

      စစ်ကောင်စီမှ (၅) ကြိမ်မြောက် အစည်းအဝေးပြုလုပ်ခဲ့သော်လည်း သမ္မတဘားရက် အိုဘားမားအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ မဟာဗျူဟာချမှတ်ခြင်း ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါ။

အဆိုပါကိစ္စသည် အိုဘားမား၏ သမ္မတသက်တမ်းကို ထိခိုက်စေမည့် အကြောင်း ကိစ္စတစ်ခု ဖြစ်သည်။ သူ၏ဗိုလ်ချုပ်များနှင့် အကြံပေးတို့အကြားတွင် ပြင်းထန်သော ငြင်းခုံမှုများ ဖြစ်နေကြပါသည်။

အာဖဂန်ရှိအမေရိကန်တပ်များ၏တပ်မှူး General Stanley Mc Chrystal က အိုဘားမားအား ရွေးချယ်ရန်နည်းလမ်း (၃)ခုတင်ပြခဲ့သည်။

လက်ရှိအမေရိကန် အင်အားကို ၂၀၀၀၀ မှ ၆၀၀၀၀ အထိ တိုးမြှင့်ချထားရန်နှင့် တပ်သား ၄၀၀၀၀ ခန့်ကို တိုးမြှင့်ချထားခြင်း မပြုပါက ၎င်းတို့၏ အစီအစဉ် အောင်မြင် မည်မဟုတ်ကြောင်း ပြောပါသည်။

အိမ်ဖြူတော်မှ လက်ရှိအင်အား (၂၁၀၀၀) အပေါ်တွင် တပ်သားထပ်မံ ဖြည့်တင်းပေးပါက စစ်ပွဲအရှိန်ပိုမိုတက်စေပြီး၊ အသေအပျောက်ပိုမိုလာစေနိုင်မည်ကို စိုးရိမ်လျက်ရှိပါသည်။ ယခုအချိန်ထိ သေဆုံးသော အမေရိကန်တပ်သားဦးရေမှာ (၂၄၁) ဦးရှိသွားပြီဖြစ်သည်။

အိုဘားမားဆုံးဖြတ်ချက်ချမှတ်ရန် နှောင့်နှေးနေခြင်းကြောင့် တာလီဘန်တို့သည် ဖြေရှင်းရန် နည်းလမ်းမရှိဟုယူဆပြီး၊ အခွင့်ကောင်းများပိုမိုယူနိုင်ကြောင်း ဗိုလ်ချုပ်များက သတိပေးထားပါသည်။

ကာဘူးလ်မြို့တွင် လူ (၁၇)ဦးသေဆုံးစေခဲ့သည့် ဗုံးပေါက်ကွဲမှုဖြင့် တာလီဘန်တို့က တိုက်ခိုက်မှုကို မြှင့်တင်ခဲ့သည်။ အမေရိကန်စစ်စခန်းတစ်ခုကို ၀င်ရောက် စီးနင်း၍ စစ်သား (၈)ဦးကိုလည်း သတ်ခဲ့သည်။

လေကြောင်းမှတိုက်ခိုက်ခြင်းကို အကြံပြုသည့် အငြိမ်းစားဗိုလ်ချုပ်ကြီး Anthony Zinni က တပ်သားများထပ်မံစေလွှတ်သင့်ကြောင်း ပြောကြားပါသည်။ အချိန်ဆွဲခြင်း အားဖြင့် မိမိတို့သည် ကြောက်ရွံ့နေသည်။

သို့မဟုတ် အဆိုပါကိစ္စအပေါ် အမှန်တကယ် ပတ်သက်မှုမရှိဟု ထင်ယောင် ထင်မှားဖြစ်ဖွယ်ရှိကြောင်းလည်း သတိပေးပြောကြားခဲ့ပါသည်။

သမ္မတသည် မကျေမလည်ဖြစ်နေကြောင်း၊ တပ်အင်အားထပ်ချဲ့လိုသူများနှင့် ၎င်းတို့အား ဝေဖန်သူတို့အကြားတွင် အခြေအတင်ပြောဆိုမှုများမှာ ပိုမိုသိသာလာ ကြောင်း သိရှိရသည်။

နောက်ထပ် ဗီယက်နမ်မျိုးဖြစ်နိုင်ကြောင်းလည်း ပြောဆိုလျက် ရှိပါသည်။ ၎င်းတို့က ဖောင်းသူမဲ့ လေယာဉ်များနှင့် အထူးတပ်ဖွဲ့များအပေါ် ပိုမိုအားကိုးသင့်ကြောင်း ပြောကြား ကြသည်။

နိုင်ငံခြားဆက်ဆံရေးကောင်စီ၊ ဂုဏ်ထူးဆောင် ဥက္ကဌ Leslie Gelb (President Emeritus of the Council on Foreign Relations) က သမ္မတသည် သူ့ကိုယ်သူသာ အပြစ်တင်ရမည် ဖြစ်ကြောင်း၊ အိုဘားမားက မတ်လနှင့် လွန်ခဲ့သည့်လက ဤစစ်ပွဲသည် "တိုက်ရမည့်စစ်ပွဲ" ဖြစ်ကြောင်း၊ အာဖဂန်နိုင်ငံတွင်း ယခုပါဝင်ပတ်သက်နေခြင်းထက်ပို၍ အပြည့်အ၀အကူအညီ ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။

အိမ်ဖြူတော်တွင် ကျင်းပသော အစည်းအဝေး၏ အဓိကဆွေးနွေးချက်မှာ အမေရိကန် စစ်တပ် အာဖဂန်နစ္စတန်မှ ထွက်ခွာရန်ကိစ္စဖြစ်ကြောင်း အရာရှိတစ်ဦးမှ ပြောကြားပါသည်။

အာဖဂန်တပ်သားများကို လေ့ကျင့်ပေးရေးကိစ္စအပြင်  တဖက်တွင် ၎င်းတို့အင်အား ချည့်နဲ့အောင် လုပ်နေချိန်မှာပင် တာလီဘန်တို့၏ နိုင်ငံရေးနှင့်ပတ်သက်သော အခန်းကဏ္ဍကိုလည်း ပြောင်းလဲ လက်ခံလာအောင် ကြိုးစားရမည်ဖြစ်သည်။

အာဖဂန်တို့သည် စစ်ပွဲကာလတစ်လျှောက်တွင် ဘက်ပြောင်းမှုများ မကြာခဏ လုပ်လေ့ရှိသည်ကို အများအသိဖြစ်ကြောင်း၊ "အာဖဂန်လူမျိုးကို ငှားလို့ရသည်၊ သို့သော်ဝယ်၍ မရ" ဟူသော ရှေးဆိုရိုးစကားပင်ရှိကြောင်း၊ စစ်ပွဲများတွင် တိုက်ခိုက် ခြင်းထက် ထွက်ပြေးခြင်း ပြုလုပ်ကြကြောင်းဖော်ပြထားသည်။

တာလီဘန်တိုက်ခိုက်ရေးသများအား ဘက်ပြောင်းရန် ငွေကြေးထောက်ပံ့ခြင်း၊ အမေရိကန်တို့၏ သေဆုံးမှုကို ကာကွယ်နိုင်ပြီး၊ ဘဏ္ဍာငွေလည်း ချွေတာနိုင်ကြောင်း အကြံပေး များက ပြောသည်။

ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီ၏ ပြောကြားချက်အရ လက်ရှိ တာလီဘန် တို့၏ တိုက်ခိုက်ရေးအင်အား (၁၅၀၀၀) တွင် (၅)ရာခိုင်နှုန်းသည်သာ ခံယူချက်ရှိပြီး၊ (၇၀) ရာခိုင်နှုန်းမှာ ပိုက်ဆံရရှိရေးအတွက် တိုက်ခိုက်နေသူများဖြစ်ကြောင်း၊ တရက် (၁၀) ဒေါ်လာတန် တာလီဘန်ဟု ခေါ်ကြကြောင်းသိရသည်။

၎င်းပမာဏထက် (၂)ဆပေးခြင်းသည် အမေရိကန် အစိုးရအပေါ် တရက် ဒေါ်လာ ၃၀၀၀၀၀ သာကုန်ကျမည်ဖြစ်ပြီး၊ လက်ရှိအမေရိကန်အစိုးရ၏ တိုက်ခိုက်မှုစရိတ်မှာ တနေ့ ဒေါ်လာ (၁၆၅)သန်းရှိကြောင်း သိရှိရသည်။

အီရတ်နိုင်ငံတွင် အမေရိကန်အစိုးရက ဆွန်နီသေနတ်သမား တစ်သန်းအား တစ်လ ဒေါ်လာ (၃၀၀)ပေးခြင်းဖြင့် ထိရောက်သော နည်းဗျူဟာကို သုံးခဲ့ပါသည်။      

တချို့သော ကျွမ်းကျင်သူများက သဘောမတူခဲ့ပေ။ Carnegie Institute မှ Gilles Dorronsoro က အင်အားကြီးမားသော သူပုန်ထမှုကို ငွေဖြင့်ဖြိုခွဲ၍မရနိုင်ကြောင်း၊ သူတို့သည် ကြေးစားတပ်ဖွဲ့မဟုတ်ကြောင်း၊ ယခုဖြစ်ရပ်မှာ အင်အားရှိသော လှုပ်ရှား မှုဖြစ်ကြောင်း ပြောပါသည်။      

Mc Chrystal ၏ လုပ်ဖော်ကိုင်ဘက်များက အင်အားပိုမိုချထားခြင်းဖြင့် အာဏာကို သူပုန်များထံမှရယူနိုင်ပြီး၊ လူထုကို ယုံကြည်မှုပေးပြီး၊ ဘက်ပြောင်းခြင်းများ ပြုလုပ်နိုင် စေကြောင်း ပြောပါသည်။      

Mc Chrystal က အကြံပေးများက အယ်လကိုင်ဒါတို့အပေါ်တိုက်ခိုက်မှုကို အမြင် ကျဉ်းမြောင်းကြောင်း ပြောပါသည်။ သူ့အား အိုဘားမားထံ ၀ါရှင်တန်သို့သွားရန် ခရီးစဉ်ကို ပယ်ဖျက်ရန် တိုက်တွန်းမှုများပင် ရှိနေပါသည်။      

Mc Chrystal နှင့် အနီးကပ် လုပ်ဆောင်ခဲ့ဘူးသူ ဗိုလ်ချုပ်တစ်ဦးက ၎င်းသည် အိမ်ဖြူတော်၏ သဘောထားကို အံ့သြမိကြောင်း Sunday Times သို့ပြောကြားခဲ့သည်။

ပေါ်လစီ ဆုံးဖြတ်ချက်သည် သူပုန်နှိမ်နင်းမှုကို တန်ပြန်ရန်သာ ရည်ရွယ်ထား ခြင်းဖြစ်ကြောင်းလည်း ပြောခဲ့သည်။ ၎င်းကပင်ဆက်လက်၍ တာလီဘန်တို့ကို မည်သို့မျှလုပ်ဆောင်ခြင်းမရှိပဲ ဆက်ဆံမှုကို ဖြတ်တောက်ခြင်းသည် ရူးသွပ်သော အကြံဥာဏ်တစ်ခုသာဖြစ်ကြောင်း ပြောပါသည်။

လက်ရှိအခြေအနေတွင် Pashtun မျိုးနွယ်စုနှင့် မိသားစုများအတွင်းမှ လူစုဆောင်း ရန်မလွယ်ကြောင်း၊ သူတို့၏လုံခြုံရေးကို အရင်အာမခံပေးရန် လိုကြောင်းလည်း ပြောခဲ့ သည်။      

ပင်တဂွန်က စစ်အင်အားထပ်၍ တိုးချဲ့မှုမပြုခြင်းက အဖြေရှာမတွေ့မှုကို ပြသနေပြီး၊ ရန်သူများအတွက် အခွင့်အလမ်းအသစ်များကို ပိုမိုရရှိစေကြောင်းပြောသည်။      

အိုဘားမားသည် ယခုအပတ်တွင် ဆက်လက်ဆွေးနွေးမှုပြုလုပ်မည်ဖြစ်သည်။ 

 


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---