Transparency Myanmar

transparency.myanmar@gmail.com

ရေနံဈေးနှုန်းပြန်တက်လာတာ ကောင်းသလား? ဆိုးသလား?

20 - Oct - 2009 / Houston Chronicle

By Brett Clanton

          ရေနံဈေးနှုန်းများသည် တစ်နှစ်တာအတွင်း အမြင့်ဆုံးအဖြစ် တစ်စည်လျှင် ဒေါ်လာ  ၈၀ နှုန်းသို့ အင်္ဂါနေ့က အချိန်တိုအတွင်း ရောက်ရှိသွားခဲ့ပြီး၊ လာမည့်လ အနည်းငယ်အတွင်း စီးပွားရေး ပြန်လည်ကောင်းမွန်လာနိုင်ချေရှိမှုအပေါ်တွင် ရင်းနှီးမြှုပ်နှံသူများက လောင်းကြေးထပ် စွန့်စားခဲ့ခြင်းကြောင့် ဖြစ်ပါသည်။

          တနေ့တာ၏ နောက်ဆုံးဈေးနှုန်း သတ်မှတ်ချက်အောက်သို့ ပြန်မကျမှီ ရေနံဈေးနှုန်းသည် ၈ ရက်ဆက်တိုက် မှန်မှန်တက်လာခဲ့ကာ အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ ၀ယ်လိုအား တိုးတက်လာခြင်းကို ညွှန်းဆိုနေပြီး၊ အမေရိကန် ဒေါ်လာတန်ဖိုးကျဆင်းမှုကလည်း ရေနံလောကတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးလာရန် ဆွဲဆောင်နိုင်သော အချက်ဖြစ်ခဲ့သည်။

          အချို့သောပညာရှင်များက ဘဏ္ဍာရေးဈေးကွက်တွင် အရှုံးပေါ်နေသူများသည် ကုန်ကြမ်း ပစ္စည်းနယ်ပယ်သို့ ရင်းနှီးငွေများလောင်းထည့်၍ ဈေးနှုန်းများဖေါင်းပွလာရန် တမင်ဖန်တီးခဲ့ခြင်း ဖြစ်သည်ဟုဆိုပါသည်။

          ဒေါ်လာ ၈၀ သို့ရောက်ခဲ့သောဈေးနှုန်းမှာ အမေရိကန်စီးပွားရေးအတွက် ကောင်းခြင်း လား၊ ဆိုးခြင်းလားဟု မေးခွန်းထုတ်စရာဖြစ်လာပါသည်။

          ယခုကဲ့သို့တက်လာသောဈေးနှုန်းများသည် ကိုယ့်အားကိုယ်ကိုး၍ စီးပွားရေးနာလံထနိုင်မှု အပေါ်တွင် ယုံကြည်မှုများ တိုးပွားလာသော လက္ခဏာတရပ်ဖြစ်ပြီး အခြားတဖက်တွင်လည်း ရေနံစိမ်းဈေးတက်ခြင်းကြောင့် ဓာတ်ငွေ့ဈေးနှုန်းများတက်သွားမည်ဖြစ်သည်။ နိုင်ငံကို စီးပွားရေး အကျပ်အတည်းမှ ရုန်းထွက်နိုင်စေမည်ဖြစ်သော်လည်း စားသုံးသူဖောက်သည်များကို ထိခိုက်စေ မည်ဖြစ်သည်။

          တစည်လျှင်ဒေါ်လာ ၈၀ ဈေးနှုန်းသည် မိမိကိုထိတ်လန့်သွားစေသည်ဟု အမေရိကန် စွမ်းအင်ဝန်ကြီး Steven Chu က အင်္ဂါနေ့တွင် ကျင်းပသောဝါရှင်တန်ညီလာခံ၌ ရိုက်တာ (Reuters) သို့ ပြောကြားခဲ့ပြီး၊ နောက်တစ်ကြိမ်ဈေးနှုန်းတက်မည်ကို စိုးရွှံ့မိကြောင်းနှင့် စီးပွားရေး ကဏ္ဍ၏အကျိုးအတွက် တည်ငြိမ်သောဈေးနှုန်းကိုသာလိုလားပါသည်ဟု ဆက်လက်ပြောကြား သည်။

          ရေနံစိမ်းဈေးနှုန်းသည် ပြီးခဲ့သောဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင် တစည်လျှင် ဒေါ်လာ ၃၀ အထိ ထိုးကျသွားခဲ့ပြီးနောက် ယခုလအနည်းငယ်အတွင်း မှန်မှန်ပြန်တက်လာခြင်းဖြစ်သည်။ ယခင်နှစ် ဂျုလိုင်လက တစည်လျှင် ဒေါ်လာ ၁၅၀ အထိ ရောက်ရှိခဲ့သည့် မှတ်တမ်းများ ရှိပါသည်။

          အင်္ဂါနေ့က တနှစ်တာအတွင်း အမြင့်ဆုံးနေ့အဖြစ် တစည်လျှင် ဒေါ်လာ ၈၀ သို့ ရောက်ရှိခဲ့ခြင်း၏အရှိန်သည် စတော့ရှယ်ယာဈေးကွက်ကိုလည်း ရိုက်ခတ် သက်ရောက်ခဲ့ပါသည်။ နယူးယောက် Mercantile Exchange တွင် နိုဝင်ဘာလအတွက် ဈေးနှုန်းသတ်မှတ်ရာတွင် ၅၂ ဆင့် ဈေးကျခဲ့ပြီး၊ တစည်လျှင် ၇၉.၀၉ ဒေါ်လာဖြင့် ငြိမ်နေသည်ဟု သိရပါသည်။

          ယခုကိစ္စမှာ ယူရိုနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ဒေါ်လာ တန်ဖိုးတက်လာရန် ကြိုးစားမှု မအောင်မြင်ခြင်းကြောင့်ဟု အပြစ်တင်ခံနေရပြီး၊ အခြားတချက်မှာ အမေရိကန် ကုန်သွယ်ရေးဌာန၏ အစီရင်ခံစာအရ အမေရိကန်အိမ်ယာစီမံကိန်း အသစ်တည်ဆောက်မှုများသည် စက်တင်ဘာလအတွက် မျှော်မှန်းချက်အောက်သို့ လျော့နည်းနေခြင်းဖြစ်သည်။

          ယခုရက်များအတွင်း ရေနံဈေးနှုန်းများတက်လာခြင်းကြောင့် ဓာတ်ဆီဆိုင်များတွင်လည်း အလားတူ ဈေးတက်ခဲ့ပါသည်။ ယခင်အပတ်က တနိုင်ငံလုံးပျမ်းမျှ တဂါလံဈေးနှုန်းတွင် ၁၀ ဆင့် တက်ခဲ့ပြီး၊ ၂.၅၈ ဒေါ်လာသို့ ရောက်ခဲ့သည်ဟု AAA ၏ လောင်စာဆီတိုင်းတာမှုစစ်တမ်းများအရ သိရှိရပါသည်။ ဟူစတန်မြို့၏ ပျမ်းမျှ ၁ဂါလံဈေးနှုန်းမှာ ယခင်အပတ် ၂.၂၅ ဒေါ်လာမှ ယခုအင်္ဂါနေ့တွင် ၂.၄၁ ဒေါ်လာသို့ တက်ခဲ့သည်ဟုဆိုပါသည်။

          ယခုဈေးနှုန်းတက်မှုသည် ယခင်နှစ်ကဈေးနှုန်း ၁ဂါလံ ၄ ဒေါ်လာကို မမှီသေးသော်လည်း ငွေကြေးအကျပ်အတည်းကြောင့် မောပန်းနေသော အမေရိကန်များသည် ယခုဈေးနှုန်းကို အကုန် အကျခံနိုင်မည် မဟုတ်ပါ။

          လန်ဒန်ရှိ ဘာဂလေ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းမှ ပညာရှင် Amrita Sen က ရေနံဈေးနှုန်း မြင့်တက်မှုနှင့် ပတ်သက်၍ ခွဲခြားပိုင်းခြားပြသည့် အစီရင်ခံစာတွင် အမေရိကန်နှင့် အခြားနိုင်ငံများ၏ ၀ယ်လိုအား တိုးတက်လာမှုကို ရည်ညွှန်းထားပြီး အလွန်အကျွံ ယုံကြည်မှုပြင်းထန်သော အနာဂါတ် မျှော်မှန်းမှုများဖြင့် ရှေ့သို့တိုးနေသည်ဟု သုံးသပ်ထားပါသည်။

လွန်ခဲ့သော သီတင်းပတ်များအတွင်း ရေနံနှင့်ပတ်သက်သော သတင်းအချက်အလက်သည် ငြိမ်သက်နေခဲ့ပြီး၊ အပေါင်း လက္ခဏာသဘော ဆောင်ခဲ့သည်ဟု သူမကပြောခဲ့သည်။

          သို့ရာတွင် ယခုကဲ့သို့ ရေနံဈေးနှုန်း တစည် ဒေါ်လာ ၈၀ သို့ မောင်းတင်ခဲ့ခြင်းနှင့် ဆက်စပ်ပတ်သက်နေသောကိစ္စတွင်  ရောင်းလိုအား၊ ၀ယ်လိုအား ဟန်ချက်ထိန်းသိမ်းမှုက အနည်းငယ်သာသက်ရောက်မှုရှိပြီး စတော့ဈေးကွက်တွင် အရှုံးပေါ်နေသူများက ကုန်ကြမ်း ဈေးကွက်သို့ ငွေကြေးများလောင်းထည့်ရင်းနှီးကာ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းမှုကို ကာကွယ်ခြင်းကများစွာ အကျိုးသက်ရောက်ခဲ့သည်ဟု နယူးဂျာဆီ ရေနံဈေးနှုန်းဆိုင်ရာ သတင်း အချက်အလက်ဌာနမှ ရေနံကျွမ်းကျင်သူ အကြီးအကဲ Tom Kloza က ပြောကြားခဲ့သည်။ "ရိုးရိုး ရှင်းရှင်းစဉ်းစားရင် တစည် ဒေါ်လာ ၈၀ ဆိုတာများလွန်းပါတယ်ဗျာ" ဟု ၎င်းက မှတ်ချက်ပေးပါ သည်။

          လောလောဆယ်တွင် ရေနံစိမ်း တစည်လျှင် ဒေါ်လာ ၉၀ ကျော်သို့ အလွယ်တကူတက်သွားနိုင်ခြေရှိနေပြီး၊ အမေရိကန်ဒေါ်လာတည်ငြိမ်သွားသည်နှင့် တပြိုင်နက် ရေနံဈေးကစားမှု အဆုံးသတ်သွားမည်ဟု ၎င်းက ဆိုပါသည်။

          အမေရိကန်ဒေါ်လာ လုံးဝပြိုလဲသွားခြင်း (သို့) အီရန်နိုင်ငံအပေါ်စစ်ရေးအရ ပြင်းထန်စွာ အရေးယူခြင်းစသော မယုံနိုင်ဖွယ်ကိစ္စများ ဖြစ်လာခဲ့ပါက ရေနံတစည်လျှင် ဒေါ်လာ ၉၀ မှ ၁၀၀ အတွင်း ရောက်ရှိသွားနိုင်သည်ဟု သံသယဖြစ်မိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

          ရင်းနှီးမြှုပ်နှံသူများက ရှေ့သို့ ကြိုတင်မှန်းဆနိုင်ရန် ကြိုးစားနေကြချိန်တွင် ရေနံစိမ်း ဈေးနှုန်းများကလည်း လာမည့်နှစ်ဈေးကွက်အနေအထားဖြစ်နိုင်ခြေများကြောင့် ဈေးနှုန်းစတက်နေ သည်ဟု ဟူစတန် ရင်းနှီးမြှုပ်နှံမှုဘဏ် Simmons & Company International မှ ပညာရှင် Bill Herbert က ပြောကြားခဲ့သည်။

          စီးပွားရေးအခြေအနေများတိုးတက်လာခြင်းကြောင့် စွမ်းအင်လိုအပ်ချက်များ မြင့်တက်လာ ၍ ရေနံထုတ်လုပ်မှုများ ကန့်သတ်သည်အထိဖြစ်သွားနိုင်ပြီး ဈေးနှုန်းကျဆင်းချိန်က ရပ်တန့်ထား ခဲ့သော ရေနံစီမံကိန်းများ အစောတလျှင် ပြန်လည်ထုတ်လုပ်မှုကြောင့်လည်း အဆိုပါ ဆိုးဝါးသော အခြေအနေများ ဖြစ်ပေါ်နိုင်သည်ဟုဆိုပါသည်။

          ၂၀၁၁ ခုနှစ်သို့ မျှော်ကြည့်ပါက ရေနံထုတ်လုပ်မှုနှင့် ၀ယ်လိုအားတို့ ဟန်ချက်ညီမျှရေးမှာ ဖြေရှင်းရခက်သော အကျပ်အတည်းဖြစ်လာဖွယ်ရှိသည်ဟု ဆိုပါသည်။

          ပုံမှန်ဖြစ်စဉ်မဟုတ်သော အေးချမ်းလှသည့် ဆောင်းရာသီမှလွဲလျှင် ယခုနှစ်ကုန်ချိန်အထိ ရေနံစိမ်းဈေးနှုန်းများမှာ တစည်လျှင် ၇၅ ဒေါ်လာမှ ၈၀ ဒေါ်လာအတွင်းရှိလိမ့်မည်ဟု ယူဆရပါ ကြောင်း တင်ပြလိုက်ရပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

အောက်တိုဘာ၂၅

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပြီးခဲ့သည့်လကုန်ပိုင်းက ကျင်းပခဲ့သော ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်သတင်းရယူခဲ့သော စစ်အစိုးရရှယ်ယာပိုင် မြန်မာတိုင်းမ်အပတ်စဉ်ထုတ် သတင်းစာစောင်မှ ကိုထင်ကျော်အမည်ရ အယ်ဒီတာ တစ်ဦးမှာ ယနေ့အထိ မြန်မာနိုင်ငံသို့ ပြန်လာခြင်း မရှိသေးကြောင်း ရန်ကုန်သတင်းထောက် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။

ထိုညီလာခံအပြင် G-20 အစည်းအဝေးသို့လည်း မြန်မာပြည်တွင်း မီဒီယာများမှ သတင်းသမား ၄ ဦး သွားရောက် သတင်းရယူခဲ့ပြီး ယင်းအနက်မှ အထက်ပါပုဂ္ဂိုလ် မှာ ကနေ့အထိ မြန်မာနိုင်ငံသို့ ပြန်မရောက်သေးသဖြင့် အမေရိကန်တွင် ခုံလှုံခွင့် တောင်းခံကာ နေထိုင်လိုက်ပြီ ဟု ပြည်တွင်းသမားအများစုက ယူဆနေကြသည်။

"အခုထိပြန်မရောက်တော့ပါဘူး"ဟု မြန်မာတိုင်မ်းက သတင်းထောက်တစ်ဦး ကလည်း အောက်တိုဘာ နောက်ဆုံးပတ်အတွင်း က ပြောကြားခဲ့ပါသည်။

မွတ်စလင်ဘာသာ ကိုးကွယ်သူ တစ်ဦးဖြစ်ပြီး ခြေတဖက်မသန်သူ ကိုထင်ကျော်မှာ မြန်မာသတင်းလောက သို့ Ever Win Media တွင် ဘာသာပြန်မှ တဆင့် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြန်မာတိုင်းမ် သတင်းစာစောင်တွင် ပြီးခဲ့သည့်၂ နှစ်ခန့်တွင်မှ သတင်းထောက်အဖြစ် ၀င်ရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး စီးပွားရေးအယ်ဒီတာ အဖြစ်အချိန်တိုအတွင်း ရာထူးတိုးမြှင့်ပေးခံခဲ့ရသူ ဖြစ်သည်။

နိုင်ငံရပ်ခြား တိုင်းပြည်များတွင် သင်တန်းများ မကြာခဏ တက်ရောက်ခဲ့ဖူးသူ ဖြစ်ပြီး ပြီးခဲ့သည့်လပိုင်းကလည်း အင်္ဂလန်နိုင်ငံတွင် သင်တန်းတစ်ခု သွားရောက်တက်ရောက်ခဲ့သေး သည်။

၎င်း၏ထိုကဲ့သို့သော အပြုအမူကို ပြည်တွင်းသတင်းသမားအချို့ ရှုတ်ချခဲ့ပြီး နောက်ပိုင်းတွင် မြန်မာသတင်းသမားများ သွားရောက်သတင်းရယူနိုင်သည့် အခွင့်အလမ်းကို ထိခိုက်နိုင်ကြောင်း ပြောဆိုကြသည်။

စစ်အစိုးရ လက်ထက်တွင် ပုဂ္ဂလိက သတင်းမီဒီယာအချို့ ပေါ်ပေါက်လာပြီး ယခုနှစ်ပိုင်းတွင် ယင်းမီဒီယာများမှာ နိုင်ငံရပ်ခြားသို့ သွားရောက်သတင်းရယူမှုကို ပိုမိုတွေ့ရှိလာသည်။

အထက်ပါ အစည်းအဝေးများသို့ သွားရောက်သတင်းရယူခဲ့သော ပြည်တွင်းပုဂ္ဂလိက မီဒီယာများမှာ Living Color Media, 7 day News, Yangon Times နှင့် Myanmar Times တို့ဖြစ်သည်။

စစ်အစိုးရလက်ထက် သတင်းမီဒီယာများကို နှိပ်ကွပ်လေ့ရှိသဖြင့် မီဒီယာသမား အများအပြားမှာ ချင်းမိုင်နှင့် ဘန်ကောက်အခြေစိုက် စစ်အစိုးရကိုဆန့်ကျင်သော မီဒီယာအများအပြားတွင် သွားရောက်လုပ်ကိုင်ကြသည်။

--
Posted By icypress to Sensible Rumour at 10/25/2009 11:04:00 PM