Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, 30th Oct, 09

အောက်တိုဘာလ ၁၉ ရက်နေ့က KNU (Karen National Union) နှင့် DKBA (Democratic Karen Buddhist Army) ခေါင်းဆောင်များသည် အမည်မဖော်ပြသော မြန်မာ-ထိုင်းနယ်စပ် တစ်နေရာတွင် အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ယခု ဖြစ်ရပ်သည် ၁၉၉၄ ခုနှစ်ကတည်းက DKBA သည် KNU မှ ခွဲထွက်ပြီး နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။ DKBA သည် KNU မှ ထွက်ခွာခဲ့ပြီးနောက် မြန်မာစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့သည်။

DKBA ဘက်မှ နာမည်ကျော် တိုက်ခိုက်ရေးသမား Maw Tho နှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဦးသုဇနတို့က ဦးဆောင်ပြီး KNU ကို ၎င်း၏ ဖားအံနယ် တာဝန်ခံ အောင်မောင်အေး၊ KNLA (Karen National Liberation Army) မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ် မူတူးစေးပို (Mutu Say Poe) နှင့် KNLA တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် Johnny တို့ တက်ရောက်ခဲ့ကြကြောင်း၊ ကရင်သတင်းနှင့် ပြန်ကြားရေးအဖွဲ့ Kwekalu က ပြောကြားခဲ့သည်။

ဦးသုဇနသည် ၎င်းတို့နှင့် ခဏသာ တွေ့ဆုံခဲ့ကြောင်း သူက စာတစ်စောင်နှင့် မှင်နှိပ်တုံးတစ်ခု ယူလာပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူကြောင်း လက်ဗွေနှိပ်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော် အဆိုပါစာကို ၎င်းတို့က လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြောင်း၊ ဦးသုဇနသည် DKBA ကို ကိုယ်စားပြုသည်ဟု မိမိတို့ မယူဆသောကြောင့် ဖြစ်သည်ဟု Kwekalu သတင်းဌာနသို့ ပြောခဲ့သည်။ ထို့အတွက်ကြောင့် ဦးသုဇနသည် ချက်ချင်းထ၍ အစည်းအဝေးမှ ထွက်ခွာသွားကြောင်း၊ မိမိတို့က ဘာမှ ဆွေးနွေးနိုင်ခြင်း မရှိခဲ့ကြောင်း အောင်မောင်အေးက ပြောခဲ့သည်။

KNU နှင့် ဦးသုဇနအကြား မည်ကဲ့သို့ နားလည်မှု လွဲသွားသည်ကို ဧရာဝတီသတင်းဌာနက အတည်ပြုနိုင်ခြင်း မရှိခဲ့ကြောင်း ပြောသည်။ DKBA သတင်းရပ်ကွက်၏ ပြောကြားချက်အရ DKBA နှင့် KNU တို့၏ အစည်းအဝေးသည် မိနစ် ၃ဝ ကြာမြင့်ခဲ့ပြီး ဦးသုဇန၏ အပစ်အခတ်ရပ်စဲရေး တိုက်တွန်းခြင်း ကိစ္စကို အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DKBA နှင့် KNU တို့သည် နောက်ထပ်ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူညီခဲ့ကြပါသည်။ သို့သော် DKBA တွင် အာဏာအရှိဆုံးသော ပုဂ္ဂိုလ်ဖြစ်သူ Col. Chit Thu (ဗိုလ်မှူးကြီးချစ်သူ) ပါဝင်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

DKBA က ကရင်အဖွဲ့နှစ်ဖွဲ့ ညှိနှိုင်းခြင်းသည် မသေချာ၊ မရေရာသော ကိစ္စဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် DKBA ၏ တပ်ရင်းအားလုံးသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပါဝင်ရန် သဘောတူအတည်ပြုပြီး ဖြစ်ကြောင်း အောက်တိုဘာလ ၃၁ ရက်နေ့က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲ အပြီးတွင် ဦးသုဇနကို မြန်မာအာဏာပိုင်များက သတိပေးခဲ့ကြောင်း ကောလာဟလများ ထွက်ပေါ်လာခဲ့သလို တချို့ကလည်း အဆိုပါ ကောလာဟလမှာ မဖြစ်နိုင်ကြောင်း၊ မြန်မာစစ်အာဏာပိုင်များသည် နဂိုကတည်းက ဆွေးနွေးမှု၏ နောက်တွင်ရှိကြောင်း ပြောခဲ့သည်။

နယ်ခြားစောင့်တပ်အသွင် ကူးပြောင်းရေးအတွက် ကန့်သတ်ထားသော အချိန် နီးလာသော်လည်း DKBA တပ်အချို့မှာ ၎င်းတို့အနေဖြင့် မြန်မာစစ်တပ် တပ်မှူးများ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရန်အတွက် သဘောမတူသဖြင့် ခေါင်းဆောင်ပိုင်းနှင့် ပြဿနာဖြစ်လျက်ရှိကြောင်း ပြောသည်။ DKBA တပ်သား (၁၀၀) ခန့်နှင့် အခြားသော အဖွဲ့ခွဲများ၊  အဖွဲ့ဝင်များသည် KNLA သို့ ဇွန်လအတွင်းက စတင်၍ ထွက်ပြေးဝင်ရောက် လာခဲ့ပါသည်။

လောလောဆယ်တွင် အခြားသော ခွဲထွက်အဖွဲ့ဖြစ်သည့် KNU/ KNLA ငြိမ်းချမ်းရေး ကောင်စီက အောက်တိုဘာ ၂ဝ ရက်နေ့တွင် ၎င်းတို့သည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး ညွှန်ကြားချက်ကို သဘောတူညီမှု မရှိခဲ့ကြောင်း ပြောခဲ့သည်။

နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးအတွက် စစ်ပိုင်းဆိုင်ရာ စီမံချက်ကို လက်ခံခြင်းသည် ရှုပ်ထွေးမှုနှင့် ကြောက်လန့်နေရမှုကိုသာ ပိုမို ဖြစ်စေနိုင်ကြောင်း (၂၀၁၀) ခုနှစ်တွင် ပြုလုပ်မည့် ဒီမိုကရေစီရရှိရေး လုပ်ငန်းစဉ်ကို အနှောင့်အယှက် ဖြစ်စေမည့်အပြင် ဘယ်သောအခါမှ မပြီးဆုံးနိုင်သည့် ပဋိပက္ခကိုသာ ဖြစ်စေသည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---

30th Oct, 09

By Lalit K Jha, Irrawaddy

အမေရိကန်- မြန်မာဆွေးနွေးပွဲ စကားဝိုင်းတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် တိုင်းရင်းသား လူမျိုးစုအဖွဲ့များလည်း ပါဝင်ကြရန် အမေရိကန် အထက်လွှတ်တော် အမတ်တစ်ဦးက တိုက်တွန်းလိုက်ပါသည်။

ယခု နှစ်ဦးနှစ်ဖက်ကြား ဆွေးနွေးဆောင်ရွက်မှုများကို မြန်မာအစိုးရ SPDC နှင့်သာ ဆွေးနွေးရန် ကန့်သတ်ထားခြင်း မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များနှင့် ဆွေးနွေးမှုများလည်း ပါဝင်သင့်သည်ဟု မိမိယုံကြည်ကြောင်း ဆီနိတ်တာ Sen. Mitch McConnell က အထက်လွှတ်တော်တွင် ပြောကြားခဲ့သည်။

မြန်မာအစိုးရသည် ၎င်းတို့၏ အာဏာချုပ်ကိုင်မှုကို ထိခိုက်စေမည့် မည်သည့်ကိစ္စကိုမဆို အပေးအယူလုပ် ညှိနှိုင်းမည့် လက္ခဏာပြသခြင်း မရှိကြောင်း၊ သို့ဖြစ်၍ တပ်မတော်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရာမှ ရရှိနိုင်သည့် အခွင့်အရေးများကို မိမိယုံကြည်စိတ်ချမှု မရှိပါဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ မူဝါဒသစ်ကို ထုတ်ပြန်ကြေငြာခြင်း မပြုမီ သီတင်းပတ် အနည်းငယ်အလို ယခုနှစ် ဇူလိုင်လအတွင်း အမေရိကန် အစိုးရဌာန ထိပ်တန်းအဆင့် အရာရှိများက အကယ်၍ မြန်မာအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမည်ဆိုပါက မြန်မာနိုင်ငံအပေါ် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန် တားမြစ်ချက်ကို ရုတ်သိမ်းပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းခဲ့သည်ဟု သတင်းများအရ သိရှိရပါသည်။

ဤသည်မှာ အခြေအနေများ အမှန်တကယ်ပင် ပြောင်းလဲသွားခြင်း ဖြစ်ကြောင်း သက်သေပြရန် မြန်မာအစိုးရအား ရွှေရောင်အခွင့်အလမ်းများ ပေးအပ်မည့် သံတမန်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများအပေါ် လက်ရှိအစိုးရ၏ တုန့်ပြန်နိုင်ချေကို ဆန်းစစ်သည့် အဓိက စမ်းသပ်မှုပင်ဖြစ်သည်။ အဆိုပါ ကမ်းလှမ်းချက်ကို လက်ခံ၍ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည့်အစား မြန်မာအစိုးရသည် ချက်ချင်းပင် သူမအား နေအိမ်အကျယ်ချုပ် ၁၈ လ ပြစ်ဒဏ်ချမှတ်ခဲ့ပါသည်။ သံတမန်ညှိနှိုင်းဆွေးနွေးမှုများကို ကောင်းမွန်စွာ တုန့်ပြန်လိုက်လျောခြင်း မရှိသည့် လက္ခဏာပင် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုအပေါ် မြန်မာအစိုးရ၏ ဆက်ဆံရေး တိုးတက်လာခြင်းသည်  အရေးယူပိတ်ဆို့မှုများကို ဖယ်ခွာချနိုင်မည့် အဆင့်သို့ ရောက်မရောက်ကို တိုင်းတာမည့် ထင်ရှားသည့်စမ်းသပ်မှု ၃ ခု ရှိပါသည်။ ပထမအချက်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ ဒုတိယအချက်မှာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ၊ တတိယအချက်မှာ နိုင်ငံတကာက တားမြစ်ထားသော မြောက်ကိုရီးယားနှင့် ဆက်ဆံရေးကို အဆုံးသတ်ရန် စသည်တို့ ဖြစ်ပါသည်။

အထက်ပါ နယ်ပယ်များသည် အမြစ်တွယ်ခိုင်မာစွာ ဖြစ်ပေါ်နေပြီး ထိတွေ့သိရှိနိုင်ရန်လည်း လက်လှမ်းမမီနိုင်ပါ။ အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားခြင်းသည် အနည်းငယ်သာ အဓိပ္ပာယ်ရှိပါလိမ့်မည်ဟု ဆီနိတ်တာ McConnell က ပြောပါသည်။ အရေးယူပိတ်ဆို့မှုများသည် မိမိတို့ အစိုးရ၏ အထင်ရှားဆုံး အင်အားသုံးမှုဖြစ်ပါသည်။ တပ်မတော်အစိုးရသည် အနောက်နိုင်ငံများ၏ တရားဝင် အသိအမှတ်ပြုမှုကို ရနိုင်မည် မဟုတ်ကြောင်း အရေးယူ ပိတ်ပင်မှုများက ပြသနေပါသည်ဟု ၎င်းက ဆိုပါသည်။

၂၀၁၀ ရွေးကောက်ပွဲများသည် ပြဿနာများစွာ ရှိနေပါသည်။ ကြိုတင်ပြင်ဆင်မှုအနေဖြင့် အဓိပ္ပာယ်ပြည့်ဝသော ရွေးကောက်ပွဲများ ဖြစ်လာစေရန်အတွက် အခြေခံဥပဒေသစ်ကို ပြင်ဆင်သင့်ပြီး အမှန်တကယ် လွတ်လပ်စွာ ရွေးကောက်ယှဉ်ပြိုင်မှုများနှင့် ဒီမိုကရေစီနည်းကျကျ အုပ်ချုပ်ရေး စနစ်တို့ကို ဖော်ဆောင်နိုင်ရမည် ဖြစ်သည်။

ယခု တပ်မတော်က ခင်းပေးသည့်လမ်းတွင် တပ်မတော်က ချမှတ်ပေးသော စည်းမျဉ်း စည်းကမ်းများအောက်တွင် လျှောက်လှမ်းကြပြီဆိုပါစို့။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ယှဉ်ပြိုင်ခွင့်ရှိသော လွှတ်တော်ကိုယ်စားလှယ်နေရာ အားလုံးတွင် ၁ဝဝ ရာခိုင်နှုန်း အနိုင်ရရှိပြီ ဆိုပါစို့။ အရေးကြီးသော ဝန်ကြီးဌာနများဖြစ်သည့် ကာကွယ်ရေးနှင့် ပြည်ထဲရေးကို ထိန်းချုပ်ခွင့်ရမည် မဟုတ်ပါ။ စစ်တပ်ကလည်း ၎င်းတို့ကို တင်းကြပ်စွာ ဆက်လက် ချုပ်ထိန်းထားပါလိမ့်မည်။ ထို့အပြင် တပ်မတော်က လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထားသောကြောင့် NLD အနေဖြင့် လွှတ်တော်စည်းမျဉ်း စည်းကမ်းများ တိုးတက်လာအောင် အခြေခံဥပဒေကိုလည်း ပြင်ဆင်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် တပ်မတော်အစိုးရသည် အခြေခံဥပဒေပြင်ဆင်ခွင့်ကို ပိတ်ဆို့ထားနိုင်သည်ဟု ဆိုရပါမည်။ နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရအဖွဲ့တွင် နေရာတစ်ခုပင် ရနိုင်မည်မဟုတ်ပါ။ ပဋိဥာဉ်စည်းကမ်းများဖြင့် သူမအား ဖယ်ထုတ်ခဲ့ပြီး ဖြစ်ပါသည်။ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးအတွက် ဆေးညွှန်းရရန်ပင် ခက်လှပါသည်ဟု လုပ်ဖော်ကိုင်ဖက် လွှတ်တော်အမတ်များအား ပြောကြားလိုပါသည်ဟု McConnell က မိန့်ခွန်းချွေခဲ့ပါသည်။

၂၀၁၀ ရွေးကောက်ပွဲများ အဓိပ္ပာယ်ပြည့်ဝစွာ ဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေးပတ်ဝန်းကျင်ကို အကြီးအကျယ် ပြုပြင်ပြောင်းလဲပစ်ရန် လိုအပ်သည်ဟု ဆိုပါသည်။

လာမည့်နှစ် မဲရွေးပွဲများကို လေးစားသောအားဖြင့် ၁၉၉၀ ရွေးကောက်ပွဲ အောင်နိုင်သူ NLD အနေဖြင့် Hobson's Choice (ပေးတာယူမလား မယူဘဲနေမလား) နှင့် ရင်ဆိုင်နေရပါသည်။ မျှတခြင်း မရှိရန် အလွန်သေချာနေသော ရွေးကောက်ပွဲများကို ပါဝင်ယှဉ်ပြိုင်၍ မှားနေသော အခြေခံဥပဒေကို အသက်သွင်းမလား၊ သို့မဟုတ် ရွေးကောက်ပွဲကို သပိတ်မှောက်၍ တရားမဝင်သော အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းခံမလား။

ပါဝင်ယှဉ်ပြိုင်ခြင်းသည် ၁၉၉၀ အောင်ပွဲကို ဖယ်ထုတ်လိုက်ခြင်းပင် ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်မှု  မပြုခြင်းသည် ဥပဒေပြင်ပ ရောက်သွားပါမည်။ "ယခု ရင်ဆိုင်နေရသော အကြီးအကျယ် ဘေးကျပ်နံကျပ် အခြေအနေကို တည့်တည့်ဝင်တိုးရဲလောက်အောင် ငါသည် မျက်ကန်းမဟုတ်" ဟူသော သိုးဆောင်းစကားပုံကို အခြေခံ၍ ဆုံးဖြတ်ချက်ချပါရန် NLD အား ထောက်ခံတိုက်တွန်းလိုပါကြောင်း McConnell က ပြောကြားခဲ့ပါသည်။


--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.

-~----------~----~----~----~------~----~------~--~---