Transparency Myanmar

transparency.myanmar@gmail.com

          ရုရှားနိုင်ငံထုတ် MiG-29 ဂျက် တိုက်လေယာဉ် အစင်း ၂၀ ဝယ်ယူရန် မြန်မာနှင့် ရုရှား နှစ်နိုင်ငံ အကြား သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း ရုရှားနိုင်ငံထုတ် Kommersant သတင်းစာက ရေးသားဖော်ပြသည်။

အဆိုပါ တိုက်လေယာဉ်များ ဝယ်ယူရန် ချုပ်ဆိုလိုက်သော စာချုပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်ခန့် က လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်လေယာဉ်အစင်း ၂၀ အတွက် စုစုပေါင်းတန်ဖိုးမှာ ယူရို သန်း ၄၀၀(အမေရိကန် ဒေါ်လာ သန်း ၅၇၀) နီးပါး ဖြစ်ကြောင်း ရုရှား လက်နက်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သော Rosoboronexport နှင့်နီးစပ်သော သတင်းရင်းမြစ်ကို ကိုးကား၍ Kommersant သတင်းစာကဖော်ပြသည်။

အမေရိကန်နှင့် အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူခြင်းခံထား ရသော်လည်း မြန်မာနိုင်ငံ စစ်အစိုးရသည် အိမ်နီးချင်းနှင့် မဟာမိတ်နိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယ နှင့် ရုရှားကဲ့သို့သော နိုင်ငံများ၏ လက်နက်ထောက်ပံ့ ရောင်းချမှုကို ပုံမှန်ရရှိလျက်ရှိကြောင်း လူ့အခွင့်အရေး ဆော်သြသူများက ပြောကြားသည်။

ယခု တိုက်လေယာဉ်များ ရောင်းချသည့် Rosoboronexport ကုမ္ပဏီနှင့် နီးစပ်သော သတင်းရင်းမြစ်၏ အဆိုအရ မြန်မာနိုင်ငံကို တရုတ်နိုင်ငံက လွန်စွာအဆင့်မြင့်သည့်"Ultra-Modern J-10" နှင့် FC-1 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ရောင်းချရန် ကမ်းလှမ်းခဲ့ကြောင်း၊ သို့သော် နောက်ဆုံးတွင် ရုရှားကုမ္ပဏီ၏ ကမ်းလှမ်းချက်ကို သဘောတူညီလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံကို ပြီးခဲ့သည့် ၂၀၀၁ ခုနှစ် က အဆိုပါ MiG-29 အမျိုးအစား တိုက်လေယာဉ် ၁၂ စင်း ရောင်းချခဲ့ဖူးသည်။

ယခုပြုလုပ်လိုက်သော အရောင်းအဝယ်သည် MiG တိုက်လေယာဉ် အမျိုးအစားအတွက် ပမာဏ အများဆုံး ရောင်းဝယ်မှု တစ်ခုဖြစ်သည်။ ယခင်၂၀၀၇ ခုနှစ် ကလည်း အယ်လ်ဂျီးရီးယား နိုင်ငံက အလားတူ ပမာဏများသောတန်ဖိုးဖြင့် ဝယ်ယူမှုပြုလုပ်ခဲ့ဖူးသည် ဟု အဆိုပါ ရုရှားသတင်းစာက ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် အယ်လ်ဂျီးယားနိုင်ငံက ယူရို ၉၈၇ သန်းတန်ဖိုးရှိသော MiG-29 တိုက်လေယာဉ် ၃၄ စင်း ဝယ်ယူရန် ကမ်းလှမ်း ခဲ့ဖူးကြောင်း၊ သို့သော် တိုက်လေယာဉ်များ၏ အရည်အသွေးမှ မျှော်လင့်ထားသလောက် ကောင်းမွန်မှု မရှိသောကြောင့် ဝယ်ယူမည့် အစီအစဉ်ကို ဖျက်သိမ်း လိုက်ကြောင်း အဆိုပါ သတင်းစာက ဆိုသည်။

AFP သတင်းဌာန၏ Russia to deliver 20 MiG fighters to Myanmar : Report ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Tribune, By Nehginpao Kipgen, 24 Dec 2009

        ၂၀၀၉ ခုနှစ်ကုန်ရန် ရက်ပိုင်းမျှသာလိုတော့သည် မြန်မာနိုင်ငံအတွင်း နေထိုင်ကြ သူများရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ ၂၀၁၀ ခုနှစ်တွင် ကျင်းပပြုလုပ်မည်ဟုဆို ထားသော အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လျက်ရှိကြပါသည်။ ရွေးကောက်ပွဲ ဥပဒေများကို ကြေညာခြင်းမရှိသေးသော်လည်း စစ်အစိုးရသည် ရွေးကောက်ပွဲကို စစ်တပ်အုပ်ချုပ်မှုအား တရားဝင်အောင် ပြုလုပ်ပေးမည့် အခွင့်အရေးတစ်ခုအဖြစ် ရှုမြင် ထားပါသည်။ သို့သော် တိုင်းပြည်တွင် ဖြေရှင်းစရာ အရေးကြီးသော ကိစ္စရပ်များစွာရှိနေ ပါသေးသည်။

        မြန်မာနိုင်ငံအနေဖြင့် အနှေးနှင့် အမြန်ဆိုသလို ပေါင်းစည်း ညီညွှတ်ရေး လိုအပ် နေပါသည်။ ပြင်အကူအညီများ သို့မဟုတ် ဝင်ရောက် စွက်ဖက်ခြင်းသည် ဒီမိုကရေစီ လုပ်ငန်းစဉ်များကို ချောမွေ့အောင် အကူအညီ ပေးရုံသာရှိပြီး၊ အမှတ်တကယ် ပြုပြင် ပြောင်းလဲမှုများမှာ မြန်မာနိုင်ငံသားများ ကိုယ်တိုင်က ပြုလုပ်ကြရမည်ဖြစ်ပါသည်။ အမေရိကန် ကဲ့သို့သော အင်အားကြီးနိုင်ငံများက စစ်ရေးအရ ဝင်ရောက် စွက်ဖက်ခြင်းမျိုး သည်သာ စစ်အစိုးရကို ဖယ်ရှားရန် အမြန်ဆုံး နည်းလမ်း ဖြစ်ပေလိမ့်မည်။

        ၁၉၆၂ ခုနှစ်မှ စတင် အုပ်ချုပ်ခဲ့သော စစ်တပ်သည် ၁၉၇၄ တွင် မြန်မာဆိုရှယ် လစ် လမ်းစဉ်ပါတီမှာ လွှတ်တော် ရွေးကောက်ပြီး အုပ်ချုပ်ကာ ၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ကော်မတီ၊ ၁၁၉၉၇ တွင် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ စသည်ဖြင့် အမည်အမျိုးမျိုး ပြောင်းကာ အုပ်ချုပ်ခဲ့ပြီး အတိုက်အခံ အုပ်စုများကို ရက်ရက်စက်စက် ဖိနှိပ်ခဲ့ပြီး၊ တိုင်းပြည်ကို အထီးကျန် တိုင်းပြည် ဖြစ်စေခဲ့ပါသည်။

        ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ်တွင် ပါလီမန်၌ ၂၅% ကို စစ်တပ်မှ နေရာယူ ထားမည်ဖြစ်ပြီး၊ ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမည်ဖြစ်ပါသည်။ အရေးပေါ် အခြေ တွင် ကာကွယ်ရေး ဦးစီးချုပ်သည် ဥပဒေပြုအာဏာ၊ တရားစီရင်ရေး အာဏာနှင့် အုပ်ချုပ် ရေးအာဏာ တို့ကို ကိုင်တွယ်နိုင်မည်ဖြစ်သည်။ အခြေခံဥပဒေကို ပြင်ဆင်မည် ဆိုလျှင် ပါလီမန်၏ ၇၅% နှင့် အထက် ထောက်ခံမဲရရန် လိုအပ်မည်ဖြစ်ပါသည်။

        အခြေခံဥပဒေကို ပြင်ဆင်ခြင်းမပြုလျှင်၊ ဒီမိုကရေစီအမည်ခံပြီး စစ်တပ်မှ ဆက်လက်အုပ်ချုပ်မည်ဟုသာ ကောက်ချက်ဆွဲရလိမ့်မည်ဖြစ်ပါသည်။ SPDC မှ စစ်တပ်က ကြိုးကိုင်သော ပါလီမန်စနစ်သို့ပြောင်းသွားခြင်းပင်ဖြစ်သည်။

        ရွေးကောက်ပွဲ ကျင်းပခြင်းသည် စစ်အစိုးရ၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အတွက် လမ်းပြမြေပုံ (၇)အဆင့်တွင် နံပါတ်(၅) အဆင့် ဖြစ်ပါသည်။ ကျန်ရှိသော ၂ ဆင့်မှာ ရွေးကောက် တင်မြှောက်ခံရသော ကိုယ်စားလှယ်များနှင့် ခေတ်မှီ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရက်တစ် နိုင်ငံတို့ ဖြစ်သည်။

        မြန်မာနိုင်ငံသည် ရွေးကောက်ပွဲဆီသို့ ဦးတည်နေပြီ ဖြစ်သော်လည်း အဓိက အတိုက်အခံ ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် ပါဝင်မည်လား (သို့မဟုတ်) ပါဝင်ခွင့်ပြု မည်လား ဆိုသည့် အချက်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါ။ မည်သို့ပင် ဆိုစေ၊ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်ခဲ့လျှင် ကြီးမားသော အရေးကိစ္စဖြစ်ပါမည်။ အနောက်နိုင်ငံများက ထိုအချက်ကို ထောက်ပြပြီး ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြလိမ့်မည် မဟုတ်ပေ။ အကယ်၍ ရွေးကောက်ပွဲတွင် NLD မပါဝင်ခဲ့ သော်လည်း NLD အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်လိုက်သလို ဖြစ်သွားမည် ဖြစ်ပါသည်။

        ပြီးခဲ့သည့် စက်တင်ဘာ လကလည်း အိုဘားမားအစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး မူဝါဒကို စတင်ခဲ့သော်လည်း NLD နှင့် စစ်အစိုးရတို့၏ ပေါင်းစည်းမှု ဖြစ်စဉ်မှာ နှေးကွေး လွန်းလှပါသည်။ ပြန်လည်ပေါင်းစည်းရေး ဖြစ်စဉ်သည် အစပြုရုံသာ ရှိသေးသဖြင့် သုံးသပ်ရန် စောလွန်းနေပါသေးသည်။ သို့သော် တိုင်းပြည်၏ ဒီမိုကရေစီ လုပ်ငန်းတွင် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှုများ ရှိပါသေးသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလက တစ်ကြိမ်၊ နိုဝင်ဘာလကတစ်ကြိမ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေးသားပေးပို့ခဲ့ပါသည်။ ပထမအကြိမ် စာရေးသား ပေးပို့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ နှင့် သြစတြေးလျတို့မှ သံတမန်များနှင့် အရေးယူ ပိတ်ဆို့မှု ကိစ္စရပ်များကို ဆွေးနွေးခွင့် ရရှိ ခဲ့ပါသည်။

        ဒုတိယစာအရ ဒေါ်အောင်ဆန်းစုကြည်သည် NLD မှ သက်ကြီးခေါင်းဆောင် ၃ ဦးဖြစ်သော၊ ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့ဖြင့် ဒီဇင်ဘာ ၁၆ ရက်နေ့က တွေ့ ဆုံခွင့်ရရှိခဲ့ပါသည်။

        ဒုတိယစာတွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံ များက ချမှတ်ထားသော အရေးယူမှုများ ဖြေလျော့ရေးအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် တွေ့ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်အစိုးရ၏ အကြွင်းမဲ့ အာဏာရှင် ဖြစ်သည့်အလျှောက်၊ ၎င်းတို့နှစ်ဦး တွေ့ဆုံမှုသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် အရေးကြီးသော ခြေလှမ်းဖြစ်ပေလိမ့်မည်။

        ဝါရှင်တန်သည် တိုးတက်မှုအတွက် မျှော်လင့်ချက်က အပြည့်ရှိနေပါသည်။ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ian Kelly က ဒီဇင်ဘာ ၁၆ ရက်နေ့က ပြောကြားရာတွင် မိမိတို့သည် မြန်မာအစိုးရအား ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီ မိုကရက်တစ် အတိုက်အခံများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အခြားနိုင်ငံရေးနှင့် ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးရေးကို တိုက်တွန်း သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။

        နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ငြိမ်းချမ်းသော ဒီမိုကရေစီ နိုင်ငံဖြစ်ပေါ်စေရေး ဦးတည်ချက်ဖြင့် ဆက်ဆံရေးများ ပြုလုပ်ရန် လိုအပ်ပါ သည်။

        မြန်မာနိုင်ငံတွင် စီးပွားရေးအရရော မဟာဗျူဟာအရပါ လွှမ်းမိုးနိုင်ရန် ပြိုင်ဆိုင်လျက် ရှိကြသော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အနေဖြင့် သဘောပေါက်သင့် သည်မှာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ကြောင့် ဆယ်စုနှစ်များနှင့် ချီ၍ ဆိုးရွားသော အကျိုးဆက်များ ဖြစ်ခဲ့ရသည်ကို နားလည် သင့်ပေသည်။ အကျယ်ချဲ့၍ ရှင်းပြရန် လိုအပ်လိမ့်မည် မဟုတ်ပေ၊ အိမ်နီးချင်း နိုင်ငံများသို့ စစ်ပြေးဒုက္ခသည်များ ထောင်သောင်း ချီ၍ ထွက်ပြေးနေရခြင်း၊ တိုင်းပြည်တွင်းတွင် အိမ်ခြေမဲ့သူများ၊ ဆင်းရဲ မွဲတေနေမှုများ တိုးပွားလာမှု တို့ကို ကြည့်ရုံဖြင့် နားလည်ရမည်ဖြစ်ပါသည်။

        စစ်အစိုးရနှင့် စစ်ရေးအရ သော်လည်းကောင်း၊ စီးပွားရေးအရ သော်လည်း ကောင်း ပူးပေါင်း ဆောင်ရွက်ရုံမျှဖြင့် ပြဿနာ ပြေလည်သွားလိမ့်မည် မဟုတ်ပေ။ မြန်မာနိုင်ငံသည် သဘာဝအရ တိုင်းရင်းသားများနှင့် ပတ်သက်သော နိုင်ငံရေး ပြဿနာများ ရှိခဲ့ပါသည်။ တရုတ်နှင့် အိန္ဒိယတို့က မြန်မာအစိုးရကို စစ်ရေး ကူညီထောက်ပံ့မှုများ ပေးခြင်းသည် နိုင်ငံတွင်းရှိ တိုင်းရင်းသား လူမျိုးစုများကို ဒုက္ခများ ပိုမိုတွေ့စေပြီး ခံစားစေသည် နှင့် အတူတူပင်ဖြစ်ပါသည်။

        ထို့ကြောင့် Asean အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် အနည်းဆုံးတော့ လူ့အခွင့်အရေး ကိစ္စနှင့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စများကို အသံကျယ်ကျယ် ပြတ်ပြတ်သားသား ပြောကြားရန် လိုလိမ့်မည်ဖြစ်ပါသည်။ ယခုအခါ Asean သည် ဝါရှင်တန်ကို မြန်မာနိုင်ငံ အား ပစ်ပယ်ထားသည်ဟု အပြစ်တင်၍ မရတော့ပေ။ ယခုအချိန်သည် မြန်မာနိုင်ငံအဖို့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး လမ်းကြောင်းကို စတင်ရန် အချိန်ရောက်နေပြီ ဖြစ်ကြောင်း ပြောလိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bernama news, 23 Dec 2009

        မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ နိုင်ငံများ ကဲ့သို့သော ပြည်ပ နိုင်ငံများသို့ ဆန်တင်ပို့မှုကို မြှင့်တင်ရန် ကြိုးစားခြင်းဖြင့် ၎င်း၏ နိုင်ငံတကာဆန်ဈေးကွက်ကို ချဲ့ထွင်ရန် ကြိုးပမ်းနေသည်ဟု တရုတ် Xinhua news agency သတင်းများအရ သိရပါသည်။

        ယခု အောက်တိုဘာလက ဖိလစ်ပိုင်တွင် ကျင်းပသော ကမ္ဘာ့ဆန် ကွန်ဖရင့်တွင် မြန်မာနှင့် ဥရောပ ဆန်ထုတ်လုပ်သူများ အကြား ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာ နိုင်ငံ၏ အဆင့်မြင့် ဇီယာဆန်ကို ဥရောပသို့ တင်ပို့နိုင်ခဲ့ခြင်း ဖြစ်သည်။

        ယခု ဈေးကွက် ချဲ့ထွင်မှုများအရ မြန်မာနိုင်ငံသည် ၎င်း၏ အရည်အသွေးဖြင့် ဆန်ကောင်းကို ကူဝိတ်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိက နိုင်ငံများသို့ တင်ပိုရန် စီစဉ် ထားပါသည်။

        မြန်မာနိုင်ငံသည် ယခုနှစ်ဇွန်လ အစောပိုင်းက ဒူဘိုင်းတွင် ကျင်းပသော အရှေ့ အလယ်ပိုင်း၊ အာဖရိက၊ အာရှဆန်နှင့် ကောက်နှံဆိုင်ရာ ကမ္ဘာ့ထိပ်သီး ညီလာခံသို့ လည်း တက်ရောက်ခဲ့ပါသည်။

        ညီလာခံကျင်းပစဉ်အတွင်း ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများ ဆန်စပါးနှင့် နှံစားသီးနှံကဏ္ဍ ရင်ဆိုင်နေရသော စိန်ခေါ်မှုများ သတင်းအချက်အလက် ဖလှယ်မှု အားကောင်းရေး ကိစ္စများ၊ လယ်ယာထွက်ကုန် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုများ အင် အားဖြည့် လုပ်ကိုင်နိုင်ရန် လုပ်ဖော်ကိုင်ဘက် ဆက်ဆံရေး ဆိုင်ရာ ကိစ္စများကို ဆန်စပါး ထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ကျွမ်းကျင်သူများက ဆွေးနွေး ခဲ့ကြပါသည်။

        မြန်မာနိုင်ငံသည် နှစ်စဉ် ဆန်စပါး အပိုဆောင်း ထုတ်လုပ်မှု တန်ချိန် ၅ သန်းခန့် ရှိသည်ဟု Xinhua က ဆိုပါသည်။

        မတ်လတွင် ကုန်ဆုံးခဲ့သည့် ၂၀၀၈ - ၂၀၀၉ ဘဏ္ဍာရေးနှစ် အတွင်း မြန်မာနိုင်ငံ သည် စပါးစိုက် ဧရိယာ ဟက်တာ ၈.၂၆ သန်းမှ ဆန်တန်ချိန် သိန်း ၃၀ ခန့် ထုတ်လုပ် နိုင်ခဲ့သည်ဟု တရားဝင် စာရင်းများ အရ သိရပါသည်။

        စပါးစိုက်ပျိုးမှု ကြီးထွား လာခြင်းကြောင့် မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုလည်း မြင့်တက် လာခဲ့ပြီး ၂၀၀၈-၂၀၀၉ ရာသီတွင် စံချိန်သစ် တင်သည့် အနေဖြင့် ဆန်တန်ချိန် ၇သိန်းကျော် တင်ပို့နိုင်ခဲ့သည်။ လွန်ခဲ့သော ၆ နှစ်က ဆန်တန်ချိန် ၁ သိန်းသာ တင်ပို့နိုင်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါသည်။

        ၂၀၀၈-၂၀၀၉ ရာသီ ဆန်တင်ပို့မှု အမေရိကန် ဒေါ်လာ သန်း ၂၀၀ ခန့် ဝင်ငွေရရှိ ခဲ့ပါသည်။ လက်ရှိ အချိန်အထိ တောင်အာဖရိက၊ စင်ကာပူ၊ သီရိလင်္ကာ၊ ယူအေအီး၊ တောင်ကိုရီးယားနှင့် အီဂျစ်နိုင်ငံများသို့ ဆန်တင်ပို့နေသည့် ပုဂ္ဂလိက ကုမ္ပဏီ ၃၅ စု ခန့် မြန်မာနိုင်ငံတွင် ရှိပါသည်။

        ယခင်နှစ် မေလက ဖြစ်ပွားခဲ့သော ဆိုင်ကလုန်း နာဂစ်တိုက်ခတ်မှုကြောင့် ဆန်တင်ပို့မှု ၅ လခန့် ရပ်ဆိုင်း သွားခဲ့သော်လည်း အောက်တိုဘာလတွင် ဆန်တင်ပို့ မှုကို ပြန်လည် စတင်နိုင်ခဲ့ပြီး လစဉ်တန် တစ်သိန်းခန့် အထိ တင်ပို့ နိုင်ခဲ့ပါသည်။

        ဆိုင်ကလုံး နာဂစ် ဖျက်ဆီးခဲ့သော စပါးစိုက် ဟက်တာ ၉ သိန်းခန့်သည် တစ်နိုင်ငံလုံး စုစုပေါင်း စိုက်ပျိုးဧရိယာ၏ ၂၄% ရှိသည်ဟု ခန့်မှန်းခဲ့ကြပြီး အဆိုပါ ဒေသသည် စပါး တန်ချိန် ၁.၃၅ သန်းခန့် ထွက်ရှိသော ဒေသဖြစ်သည်ဟု စာရင်းဇယားများကို ကိုးကား ၍ Xinhua က ဖော်ပြပါသည်။

        မြန်မာနိုင်ငံသည် လာမည့်နှစ် အနည်းငယ်အတွင်း စပါးတန်ချိန် သန်း ၄၀ နှစ်စဉ် ထုတ်လုပ်သွားရန် လျာထားချက် အသစ်ချမှတ်ထားပြီး အဆိုပါ ဆောင်ရွက်မှုသည် ပြည်တွင်း ဖူလုံရေးအတွက် သာမကဘဲ စားနပ်ရိက္ခာ ပိုလျှံရေး အတွက်ပါ ရည်ရွယ်သည်ဟု အစိုးရ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီက ဆိုပါသည်။

        လယ်ယာ စိုက်ပျိုးရေး ကဏ္ဍသည် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေး ကဏ္ဍတစ်ရပ် ဖြစ်ပြီး နိုင်ငံလူဦးရေ ၅၇.၃၇ သန်း၏ ၇၀%သည် အဆိုပါကဏ္ဍတွင် ပါဝင် လုပ်ကိုင်နေ ကြပါသည်။ ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဘိုး GDP ၏ ၄၀% ကိုလည်း ဖြည့်ဆည်း ပေးနေပါသည်။

        မြန်မာနိုင်ငံသည် လာမည့် မတ်လတွင် ကုန်ဆုံးမည့် ၂၀၀၉-၂၀၁၀ ရာသီတွင် ဆန်တန်ချိန် ၃၂ သန်း ထုတ်လုပ်ရန် ရည်မှန်းထားပြီး ၎င်းအနက်မှ တန်ချိန် ၁၀၅ သန်းကို ပြည်ပသို့ တင်ပို့မည်ဖြစ်သည်။

        နိုင်ငံ၏ ဆန်တစ်ဦးချင်း စားသုံးမှုမှာ ကျေးလက် လူထုအတွက် တနှစ်လျှင် ၅၁၀ ကီလိုဂရမ် ဖြစ်ပြီး မြို့ပြ လူထုအတွက် တစ်နှစ်လျှင် ၄၀၈ ကီလိုဂရမ်ဖြစ်ပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် တစ်နှစ်ပတ်လုံး ဆန်စားသုံးမှုမှာ တန်ချိန် ၁၄ သန်း ခန့်ရှိသည်ဟု စာရင်းဇယားများ အရ သိရပါသည်။

        တစ်ချိန်ထဲတွင်ပင် အဓိက စပါးစိုက် ဒေသများဖြစ်သော စစ်ကိုင်းတိုင်း၊ ဧရာဝတီ တိုင်းနှင့် ပဲခူးတိုင်းတို့တွင် ကန်ထရိုက် စိုက်ပျိုးရေး စနစ်ကို အပိုအနေဖြင့် တိုးချဲ့ရန် ကြိုးစားနေပြီး အရံအနေဖြင့် ရန်ကုန်တိုင်းတွင် စမ်းသပ် လုပ်ကိုင်လျက် ရှိပါသည်။

        ဆန်စပါး၏ နောက်တွင် ဒုတိယအဓိက သီးနှံအဖြစ် ရပ်တည်နေသော မြန်မာ့ပဲမျိုးစုံသည်လည်း နိုင်ငံအတွက် နိုင်ငံခြားငွေ ပမာဏများစွာ ရှာဖွေပေးနေပါ သည်။

        ၂၀၀၇-၀၈ တွင် တန်ချိန် ၁.၃ သန်းတင်ပို့နိုင်ခဲ့သော ပဲမျိုးစုံသည် ၂၀၀၈-၀၉ တွင် ၁၅.၃%မြင့်တက်လာကာ တန်ချိန် ၁.၅ သန်းတင်ပို့နိုင်ခဲ့ပါသည်။ ပဲစိုက်ဧရိယာ ဟက်တာ ၄.၂၅ သန်းမှ ထွက်ရှိသော ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၀၆ သန်းရရှိခဲ့ပါသည်။

        မြန်မာနိုင်ငံသည် ကမ္ဘာ့ဒုတိယအကြီးဆုံး ပဲတင်ပို့သူအဖြစ် ကနေဒါ၏ နောက်တွင် ရပ်တည်နေပြီး ၇၀% ကို အိန္ဒိယသို့ တင်ပို့နေခြင်းဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima news,23 Dec 2009

          အီရန်တွင် အဆုံးသတ်မည်ဟု ယူဆနေကြသော ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိသည့် လေယာဉ် ပေါ်မှ လက်နက်များသည် ၎င်းတို့နှင့်မည်သည့်ဆက်နွယ်မှုမှမရှိကြောင်း အီရန်က ငြင်းဆိုလိုက်ပါ သည်။

          အပတ်စဉ် သတင်းစာရှင်းလင်းပွဲတွင် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Ramin Mehanparast က ယနေ့ကမ္ဘာကြီးတွင် ယင်းကဲ့သို့ လုပ်ဆောင်မှုများသည် အဓိပ္ပါယ်ရှိသည် ဟု မိမိတို့ မထင်ကြောင်းနှင့် ၎င်းကိစ္စကို မိမိတို့ပြင်းပြင်းထန်ထန်ငြင်းဆိုသည်ဟု ပြောကြားပါသည်။

          အမြဲတမ်းဆိုသလိုပင် အနောက်နိုင်ငံများသည် မိမိတို့၏ နျူကလီးယားရပိုင်ခွင့်များကို ဟန့် တားရန် ကြိုးစားနေသည်မှာ စိတ်မကောင်းစရာပင်ဖြစ်သည်။ အထက်ပါသတင်းသည် ကမ္ဘာအနှံ့ လျှင် မြန်စွာ ပြန့်နှံ့နေပြီး အီရန်အပေါ် ပို၍ဖိအားပေးရန် ကြိုးစားနေကြသည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ကြောင်း Xinhua သတင်းဝက်ဘ်ဆိုက်တွင် အင်္ဂါနေ့က ဖော်ပြထားပါသည်။

          အဆိုပါသတင်းများသည် အီရန်အပေါ် နိုင်ငံရေးအရ ဖိအားပေးရန် ကြိုးစားမှုနှင့် ၎င်းတို့၏ စိတ်ဓာတ် စစ်ဆင်ရေး ပြုလုပ်မှုအဖြစ် လုပ်ကြံဇာတ်လမ်း ဖန်တီးခြင်းသာ ဖြစ်သည်ဟု Mehman Parast ကဆိုပါသည်။

          လက်နက် မှောင်ခိုလေယာဉ်သည် လမ်းတွင် အကြိမ်ပေါင်းများစွာ အယောင်ပြ ရပ်နား၍ အီရန်သို့ ပျံသန်းမည်ဟူသော သတင်းထွက်ပေါ်လာပြီးနောက် အီရန်က တုန့်ပြန် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

          ဘယ်လဂျီယံ အခြေစိုက် IPIS နှင့် အမေရိကန် အခြေစိုက် TransArms အဖွဲ့အစည်းများမှ လက်နက် တရားမဝင် ကုန်သွယ်ရေးဆိုင်ရာ သုတေသန အရာရှိများ၏ လေယာဉ်သည် အီရန်သို့ ဦးတည်ခဲ့ခြင်း ဖြစ်သည်" ဟူသော အစီရင်ခံစာ အသစ်ကို ကိုးကား၍ Assonated Press (AP) သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

          မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုကို ၂၀၀၆ တွင် ပထမအကြိမ်နှင့် ၂၀၀၈ မေတွင် ဒုတိယအကြိမ် ပြုလုပ်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ကုလသမဂ္ဂဆုံး ဖြတ်ချက်အမှတ် ၁၈၇၄ ကို ချမှတ်ကာ လက်နက်ကုန်သွယ်မှုတားမြစ်ခြင်း၊ ဘဏ္ဍာရေးအရ ပိတ်ဆို့ ခြင်းနှင့် နျူကလီးယား လက်နက်များ၊ ဒုံးပျံများ၊ အဖျက်စွမ်းအားကြီး လက်နက်များ၊ သမားရိုးကျ လက်နက်များ ကြားဖြတ် ဟန့်တားခြင်း စသည်တို့ကို ဆောင်ရွက်ရန် တောင်းဆိုခဲ့ပါသည်။ မြောက်ကို ရီးယားသည် အီရန်၊ ဆီးရီးယားနှင့် မြန်မာစသော နိုင်ငံများသို့ ဒုံးကျည်များ၊ ဒုံးပျံအစိတ်အပိုင်းများ၊ အခြားလက်နက်များ ရောင်းချခြင်းဖြင့် နှစ်စဉ် ဝင်ငွေကြီးမားစွာ ရရှိနေသည်ဟု ယုံကြည်ရပါသည်။

          သုတေသန အရာရှိများ၏ ပြောကြားချက်အရ ဖမ်းဆီးခံ လေယာဉ်၏ ယခင်မှတ်ပုံတင် အထောက်အထားများ ဖြစ်သော Air Cess နှင့် Centratrican Air Lines များသည် မတ်လ ၆ ရက်က ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံ အကျဉ်းကျနေသော လက်နက်မှောင်ခိုကုန်သည် Victor Bout နှင့် ဆက် သွယ်မှုရှိသည်ဟု စွပ်စွဲမှုများ ရှိနေကြောင်း သိရပါသည်။ သို့ရာတွင် Bout နှင့် ဆက်နွယ်နေသည်ဟု အတိအကျ ပြောဆိုရန် လုံလောက်သော အထောက်အထားများ မရှိသေးဟု အစီရင်ခံစာက ဖော်ပြပါ သည်။

          ဒီဇင်ဘာ ၁၂ ရက်က မြောက်ကိုရီးယားမှ ပျံတက်လာခဲ့သော ရုရှားနိုင်ငံလုပ် စစ်ဘက် ပို့ဆောင်ရေး လေယာဉ် (အီလူးရှင်း ၇၆ အမျိုးအစား)သည် ဘန်ကောက် ဒွန်မောင်းလေဆိပ်တွင် ဆီဖြည့်ရန် ခွင့်တောင်းရပ်နားစဉ် ထိုင်းလုံခြုံရေးအရာရှိ ၁၀၀ ကျော်က တက်ရောက်ရှာဖွေ ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

          ဖမ်းဆီးရမိသော လက်နက် ၃၅ တန်တွင် ဒုံးပစ်လောင်ချာ ဗုံးသီးများ(အာပီဂျီ) လေယာဉ်ပစ် SAM ဒုံးကျည် အစိတ်အပိုင်းများနှင့် ခဲယမ်းမီးကျောက်များ ပါဝင်ပါသည်။

          ဖမ်းဆီးမိသော လက်နက်များကို ထိုင်းစစ်တပ်၏ လက်နက်ဂိုဒေါင်သို့ သိမ်းဆည်းသယ် ဆောင်သွားခဲ့ပါသည်။

          အဆိုပါ လေယာဉ် ငှားရမ်းထားသူ ပိုင်ရှင် နယူးဇီလန်မှ SP Trading က "အီလူးရှင်း လေယာဉ်သည် ပြုံယမ်းသို့ မထွက်ခွာမီ ယူကရိန်းသို့ လက်နက်များ ပို့ဆောင်ရန် သွားရောက်မည်ဟု မိမိတို့ကို အသိပေးခဲ့ကြောင်း ပြောကြားခဲ့သည်ဟု တနင်္လာနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထား ပါသည်။

          ယခုဖမ်းဆီးရမိသော မြောက်ကိုရီးယားမှ လက်နက်များကို ကုလသမဂ္ဂ ဆုံးဖြတ်ချက်အရ အကုန်လုံး ဖျက်ဆီးရမည် (သို့) တစိတ်တပိုင်း ဖျက်ဆီးရမည်စသဖြင့် မည်သို့ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ရန် ထိုင်းအစိုးရအနေဖြင့် အချိန်ပိုမို၍ လိုအပ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ် ဆူသက်သောင်ဆူဂန်က လတ်တလော ပြောကြားခဲ့ပါသည်။

          လက်နက်များကို အကုန်လုံး ဖျက်ဆီးပစ်ရမလား ဒါမဟုတ် ထိုင်းစစ်တပ်မှာ သုံးဖို့ တချို့ကို သိမ်းထားရမလား ဆိုတာကို သေချာ မဆုံးဖြတ်ရ သေးပါဘူး။ လက်နက်တွေကို စစ်ဆေးဖို့၊ အမျိုးအစားခွဲဖို့၊ ကုလသမဂ္ဂ ဆုံးဖြတ်ချက် စည်းကမ်းတွေကို လိုက်နာဖို့ အချိန်ပိုပြီး ပေးရလိမ့်မယ်"ဟု ဆူသက် က ဆက်လက် ပြောကြားခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By Wai Moe, 22nd December 2009

          အကယ်၍ ဝါရှင်တန်၏ မြန်မာအစိုးရနှင့် တိုက်ရိုက် ဆက်ဆံရေး မူဝါဒသစ်သည် ရလဒ်များ ထွက်ပေါ်လာခြင်း မရှိပါက မြန်မာအစိုးရ အနေဖြင့် အမေရိကန်၏ ပိုမို တင်းကြပ်သော ငွေကြေးဆိုင်ရာ အရေးယူ ပိတ်ဆို့မှုများကို ရင်ဆိုင်ရနိုင်ပါသည်ဟု ဝါရှင်တန်မှ ဥပဒေ ရေးဆွဲသူများနှင့် အာရှတိုက်ရှိ အမေရိကန် သံတမန်များက မကြာသေးမီက မှတ်ချက် ပြုခဲ့ကြပါသည်။

          အိုဘားမား အစိုးရအနေဖြင့် မြန်မာအစိုးရနှင့် စကားပြောခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ ပေါ်ထွက်လာခြင်း မရှိပါက ၎င်းတို့တွင် ပါဝါကြီးသော စီးပွားရေး လက်နက်ကောင်း ရှိကြောင်း၊ ဘဏ်များကို မြန်မာအစိုးရနှင့် စီးပွားရေး မလုပ်ရန် ဖိအားပေးနိုင်ကြောင်း AP သတင်းထောက်၏ အစီရင်ခံစာတွင် မီးမောင်းထိုး ဖော်ပြထားပါသည်။

          အမေရိကန် အစိုးရအနေဖြင့် ဘဏ်များကို မြန်မာနိုင်ငံနှင့် စီးပွားရေး မလုပ်ရန် တားဆီးနိုင်သည့် အခွင့်အာဏာအား အမေရိကန် ကွန်ဂရက်က အတည်ပြုပြီး ဖြစ်သည်ဟု အေဂျင်စီ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

          အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော မူဝါဒသစ်သည် အရေးယူ ပိတ်ဆို့မှုအပြင် တိုက်ရိုက် ဆက်ဆံမှုကိုပါ ချိတ်ဆက်ထားသော မူဝါဒ ဖြစ်ပါသည်။ နှစ်နိုင်ငံကြား ဆက်ဆံမှုကြောင့် မည်သည့် တိုးတက်မှု ရလဒ်မျှ ထွက်ပေါ်လာခြင်း မရှိပါက အရေးယူမှုများ ဆက်လက် တည်ရှိမည် ဖြစ်ကြောင်း မြန်မာအစိုးရကို အသိပေးထားပြီး ဖြစ်ပါသည်။

          ယခု မုန့်ဝေရေး အစီအစဉ်နှင့် တုတ်ဝေရေး အစီအစဉ်ကို အရှေ့တောင် အာရှနိုင်ငံများရှိ အမေရိကန် သံတမန်များ ကြားတွင် ကျယ်ပြန့်စွာ ဆွေးနွေးပြီးမှ ချမှတ်ထားခြင်း ဖြစ်ပါသည်။ ဒေသတွင်းရှိ ဝါရင့်အမေရိကန် သံတမန်အချို့က မကြာသေးမီက ဧရာဝတီသို့ ပြောကြားရာတွင် ဝါရှင်တန်၏ ဆက်ဆံရေးကို မြန်မာ ဗိုလ်ချုပ်များက ၎င်းတို့ကို တရားဝင် အမှတ်ပြုရာ ရောက်ကြောင်း ထင်မြင်ပါက၊ လုံးဝ မှားယွင်းလိမ့်မည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

          သံတမန် တစ်ဦး၏ အဆိုအရ အကယ်၍ ဆက်ဆံရေး မူဝါဒသစ်သည် တစ်နှစ်အတွင်း မည်သည့် ရလဒ်မျှ ပေါ်ထွက်ခြင်း မရှိပါက နောက်ထပ် အမေရိကန်တို့၏ အရေးယူမှုများ ထွက်ပေါ်လာနိုင်ကြောင်း သိရှိရပါသည်။

          မူဝါဒ အသစ်အပေါ် အချို့ ဝေဖန်သုံးသပ်သူများက မှတ်ချက်ပြု ထောက်ပြရာတွင် ယခု ချဉ်းကပ်မှုမျိုးကို အမေရိကန်တို့ လွန်ခဲ့သော ၁၅ နှစ်ကတည်းက မြောက်ကိုရီးယားနှင့် ရှိခဲ့ဖူးသော်လည်း ပြုံးယမ်း၏ နျူကလီးယား အစီအစဉ်များကို တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း ဆိုပါသည်။

          အမေရိကန် သံတမန် တစ်ဦးက ပြောကြားရာတွင် ယခု မြန်မာအရေးကိစ္စမှာ မြောက်ကိုရီးယား ကိစ္စနှင့် အတော်အတန် ခြားနားကြောင်း၊ ရလဒ်ကောင်းများ မရရှိဘဲ မြန်မာအစိုးရနှင့် ဆက်ဆံရန် မဖြစ်နိုင်ကြောင်း ဝါရှင်တန်က ကောင်းစွာ သိရှိကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။

          ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က အမေရိကန် တို့သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မူဝါဒ ပြန်လည် သုံးသပ်မှုအတွက် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းနေ့တွင်ပင် အမေရိကန် အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell သည် ဦးသောင်း ခေါင်းဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါသည်။ ဦးသောင်းသည် အမေရိကန်တွင် မြန်မာသံအမတ်ကြီး တာဝန် ထမ်းဆောင်ခဲ့ဖူးပြီး၊ ယခုအခါ အစိုးရ ဝန်ကြီးတစ်ဦး ဖြစ်ပါသည်။

          တဖန် ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက Campbell သည် မြန်မာနိုင်ငံသို့ သွားရောက်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အတိုက်အခံများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပါသည်။

          အမေရိကန်တို့သည် စစ်အစိုးရနှင့် တိုက်ရိုက် ဆက်ဆံနေချိန်တွင် တစ်ဖက်မှလည်း ၎င်းနှင့် စီးပွားရေး ဆက်သွယ် ထိတွေ့မှုများကိုလည်း သေချာစွာ စောင့်ကြည့်နေခဲ့ပါသည်။ ဒီဇင်ဘာ ၁၆ ရက်နေ့က အမေရိကန် ငွေတိုက်ဌာနသည် Swiss ဘဏ်ကြီးတစ်ခု ဖြစ်သော Credit Suisse AG ကို မြန်မာနိုင်ငံ အပါအဝင် အမေရိကန် စီးပွားရေးအရ ပိတ်ဆို့ထားသော နိုင်ငံများကို ငွေကြေးကိစ္စများ လုပ်ဆောင်ပေးသည့်အတွက် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၅၃၆ သန်း ချမှတ်ခဲ့ပါသည်။ အဆိုပါ ဒဏ်ငွေသည် နိုင်ငံခြားသား ပိုင်ဆိုင်မှုများ ထိန်းချုပ်ဌာန သမိုင်းတွင် အများဆုံး ဖြစ်ပါသည်။

          အဆိုပါဘဏ် ငွေသွင်းငွေထုတ် အများဆုံးတွင် အီရန် ပါဝင်ပြီး၊ အမေရိကန် အရေးယူ ထားသော ဆူဒန်၊ လစ်ဗျား၊ မြန်မာ၊ ကျူးဘားနှင့် လိုက်ဘေးရီးယား အစိုးရဟောင်းမှ Charles Taylor တို့လည်း ငွေသွင်းငွေထုတ် စာရင်းတွင် တွေ့ရှိရကြောင်း အမေရိကန် ငွေတိုက်ဌာနက ကြေညာပါသည်။

          စက်တင်ဘာလက အမေရိကန် အခြေစိုက် စောင့်ကြည့်ရေး အဖွဲ့တစ်ခု ဖြစ်သော Earthrights International က စင်္ကာပူ အခြေစိုက်ဘဏ်နှစ်ခု ဖြစ်သည့် Overseas Chinese Banking Cooperation (OCBC) နှင့် DBS အုပ်စု (ယခင်က Development Bank of Singapore) တို့အား မြန်မာစစ်အစိုးရက ရတနာဓာတ်ငွေ့ စီမံကိန်းမှ ရရှိသော ငွေများကို ထည့်သွင်းထားကြောင်း စွပ်စွဲခဲ့ပါသည်။ မြန်မာအစိုးရသည် အဆိုပါ စီမံကိန်းမှ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ ဘီလီယံခန့် ရရှိသည်ဟု ခန့်မှန်းရပါသည်။

          မြန်မာနိုင်ငံအား လေ့လာနေသူများက သံသယ ရှိနေကြသော အချက် တစ်ခုမှာ မြန်မာဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အခွင့်ထူးခံ ကုန်သည်ကြီးများသည် ၎င်းတို့၏ သန်းနှင့် ချီသော ဒေါ်လာငွေများကို စင်္ကာပူ၊ ရှန်ဟိုင်း၊ ဟောင်ကောင်နှင့် ဒူဘိုင်းရှိ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် ထားရှိကြသည်ဟူသော အချက်ပင် ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP News, 21st December 2009

          ယခုလအတွင်း ဖမ်းဆီးရမိသော မြောက်ကိုရီးယားမှ တင်ဆောင်လာသော လေယာဉ်စီးလုံးပြည့် လက်နက်များသည် အီရန်နိုင်ငံအတွက် ဖြစ်ကြောင်း တနင်္လာနေ့က သတင်းစာများတွင် ဖော်ပြထားပါသည်။ လက်နက် ရောင်းဝယ်မှုဆိုင်ရာ ကျွမ်းကျင်သူများ လက်ဝယ်တွင် ရရှိသော အထောက်အထားများအရ အီရန်သို့ ပိုဆောင်မည့် လက်နက်များ ဖြစ်ကြောင်း ပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

          အမေရိကန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့မှ ဒါရိုက်တာ Dennis Blair က ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် ၃၅ တန်ခန့် ရှိသော လက်နက်များသည် ကုလသမဂ္ဂမှ အရေးယူထားသော ပြုံးယမ်းမှ တင်ဆောင်လျက် အရှေ့အလယ်ပိုင်းရှိ နေရာအတိအကျ မသတ်မှတ်နိုင်သေးသော နေရာသို့ သွားရောက် ပို့ဆောင်မည်ဟု ဆိုခဲ့ပါသည်။

          သုတေသန ပြုသူများ၏ လက်ဝယ်တွင် ရရှိထားသော လေယာဉ် ပျံသန်းရေး အစီအစဉ်ကို ကိုးကား၍ The Wall Street Journal က ပြောကြားရာတွင် တီဟီရန်တွင် ပစ္စည်းမချမီ လေယာဉ်သည် ဆီဖြည့်ရန် သီရိလင်္ကာ UAE နှင့် ယူကရိန်းတို့တွင် ရပ်နားရန် စီစဉ်ထားခဲ့သည်ဟု ဆိုပါသည်။

          အဆိုပါ သတင်း အချက်အလက်သစ်မှာ ချီကာဂို အခြေစိုက် Transarms နှင့် Antwerp ရှိ International Peace Information Service (IPIS) တို့၏ ပူးတွဲ အစီရင်ခံစာ မူကြမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

          ဘန်ကောက် လေယာဉ်ကွင်းတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆီဖြည့်ရန် ဆင်းသက်လာသော  I lyushin - 76 လေယာဉ်ကို အမေရိကန်တို့၏ သတင်းပေးမှုအရ ဖမ်းဆီးခဲ့ကြောင်း ထိုင်းအာဏာပိုင် တို့က ပြောကြားခဲ့ပြီး၊ အဆိုပါ လေယာဉ်ပေါ်တွင် ပခုံးဖြင့် ထမ်း၍ ပစ်နိုင်သော ဒုံးကျည်များ၊ ဒုံးပစ် လောင်ချာတပ် ဗုံးသီးများ တင်ဆောင်လာသည်ဟု ဆိုပါသည်။

          ကာဇက်စတန် လေယာဉ်မှူး လေးဦးနှင့် ဘီလာရုစ် လေယာဉ်မှူး တစ်ဦးကို ဖမ်းဆီးခဲ့ပါသည်။

          အဆိုပါ လေယာဉ်သည် လွန်ခဲ့သော နှစ်ပတ်က ဘန်ကောက်မှတဆင့် ပြုံးယမ်းသို့ သွား ရောက်ခဲ့ခြင်း ဖြစ်ပြီး၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပစ္စည်းများ တင်ပြီး ဘန်ကောက်သို့ ဆီဖြည့်ရန် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်ဟု ထိုင်းအာဏာပိုင်တို့က ဆိုပါသည်။

          လေယာဉ် အမှုထမ်းများကမူ ၎င်းတို့သည် ရေနံတူးသည့် ကိရိယာပစ္စည်းများ တင်ဆောင်လာသည်ဟု ထင်ကြောင်း ပြောကြားခဲ့ကြပါသည်။ The Wall Street Journal က သုတေသန ပြုသူတစ်ဦး ၏ အဆိုကို ကိုးကား၍ ပြောကြားရာ၌ လေယာဉ် အမှုထမ်းများသည် အမှန်တကယ် ဘာမျှ သိပုံ မပေါ်ကြောင်း၊ Transarms နှင့် IPIS တို့ လက်ဝယ်ရှိ ပျံသန်းရေးဆိုင်ရာ စာရွက်စာတမ်းများတွင် ရေနံတူး လုပ်ငန်း အပိုပစ္စည်း ကိရိယာများ (Oil Industry Spare parts) ဟုဖော်ပြထားသည်ဟု ဆိုပါသည်။

          Journal မှ ဆက်လက် ဖော်ပြရာတွင် ပစ္စည်း တင်ပို့သူများသည် ၎င်းတို့၏ အမည်များကို ဖျောက်ထားပြီး ကုမ္ပဏီတစ်ခု ဖြစ်သော Air West အနေဖြင့် မှတ်တင်ပုံထားပြီး နိုဝင်ဘာလ ၅ ရက်နေ့က နယူဇီလန်တွင် မှတ်ပုံတင်ထားသော SP Trading သို့ ငှားရမ်းထားပါသည်။ အမှန်တကယ်တွင် SP Trading သည် ဘန်းပြထားသော အခွံသာ ရှိသော ကုမ္ပဏီ ဖြစ်ကြောင်း Journal တွင် ဖော်ပြထားပါသည်။

          ဒီဇင်ဘာ ၄ ရက် နေ့စွဲ တပ်ထားသော အခြားစာချုပ်တစ်ခုတွင် SP Trading သည် ဟောင်ကောင် အခြေစိုက် ကုမ္ပဏီသို့ ငှားရမ်းထားပါသည်။

          ကုမ္ပဏီ မှတ်ပုံတင် စာရွက်စာတမ်းများကို ကိုးကား၍ Journal က ပြောရာတွင် ဟောင်ကောင် ကုမ္ပဏီကို ဒုတိယ ဟောင်ကောင်အဖွဲ့ တစ်ခုက ပိုင်ဆိုင်ပြီး၊ တဖန် ၎င်းတို့ကို British Virgin Islands တွင် အခြေစိုက်သော တတိယအဖွဲ့ တစ်ခုက ပိုင်ဆိုင်သည်ဟု ဆိုပါသည်။

          အဆိုပါ ကုမ္ပဏီများသည် လေယာဉ်ပေါ်ပါ ပစ္စည်းများကို စီမံ ခန့်ခွဲကြသည်ဟု ဆိုပါသည်။

          အမှန်တကယ်တွင်မူ လေယာဉ်ကို UAE ရှိ Sharjah အခြေစိုက် Overseas Cargo FZE ကုမ္ပဏီက ပိုင်ဆိုင်သည်ဟု သုတေသန ပညာရှင်များ၏ အစီအရင်ခံစာ မူကြမ်းကို ကြည့်၍ သတင်းစာက ဆိုပါသည်။

          ကုမ္ပဏီ၏ အစုရှယ်ယာ စာရင်းတွင် ဖော်ပြထားသော ရှယ်ယာရှင်၏ လိပ်စာမှာ ကာဇက်စတန် ဖြစ်ပြီး၊ လေယာဉ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ မေးမြန်းမှုအား ဖြေဆိုရန် ငြင်းဆန်ခဲ့ပါသည်။

          မြောက်ကိုရီးယား၏ နောက်ဆုံး နျူကလီးယား စမ်းသပ်မှုများကြောင့် ကုလသမဂ္ဂသည် မြောက်ကိုရီးယား၏ လက်နက် တင်ပို့မှုကို ပြင်းထန်သော ဆုံးဖြတ်ချက်များဖြင့် ပြီးခဲ့သည့် ဇွန်လက တားမြစ် ပိတ်ပင်ခဲ့ပါသည်။

          ယခုဘန်ကောက်တွင် လက်နက်များ ဖမ်းမိသော ကိစ္စမှာ ထိုအချိန်မှ စ၍ ပြုံးယမ်းမှ လေကြောင်းဖြင့် ပထမဆုံး လက်နက်တင်ပို့မှု ဖြစ်လိမ့်မည်ဟု ယုံကြည်ရပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သက်ကြီးပိုင်း ခေါင်းဆောင်များနှင့် ပထမဆုံး တွေ့ဆုံ ဂါရဝပြုခွင့် ရခဲ့ပါသည်။ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တစ်ဦးလည်း ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အား အာဏာပိုင်များက ရန်ကုန်မြို့ရှိ သူမ၏ နေအိမ်မှ နိုင်ငံတော် ဧည့်ဂေဟာသို့ ခေါ်ဆောင်သွားကာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ အဖွဲ့ဝင် တို့သုံးဦးနှင့် တွေ့ဆုံ ဂါရဝပြုခဲ့ခြင်း ဖြစ်သည်။

သတင်း ပေးပို့ချက်များအရ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းသို့ နိုင်ငံတော် ဧည့်ဂေဟာ၌ တွေ့ဆုံ ဆွေးနွေးစဉ်အတွင်း အဆိုပါ NLD သက်ကြီးပိုင်း ခေါင်းဆောင်များအား ပါတီတွင်း ပြောင်းလဲ ဖွဲ့စည်းမှုများ ပြုလုပ်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့သည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုသည် ဒေါ်အောင်ဆန်းစုကြည်က အနောက်ကမ္ဘာ၏ ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးအတွက် မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်လိုပါသည်ဟု အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာရေးသား ပေးပို့မှုများ ပြုလုပ်ပြီးနောက် နောက်ဆုံးသော တိုးတက် ပြောင်းလဲမှု တစ်ခုဟု ဆိုနိုင်ပါသည်။

အမေရိကန်အစိုးရကလည်း ယခု နောက်ဆုံး တွေ့ဆုံ ဆွေးနွေးမှုကို လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ အမေရိကန်သည် မြန်မာအစိုးရနှင့် အတိုက်အခံ ပါတီများ၊ တိုင်းရင်းသား လူမျိုးများ အကြား စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကာလကြာရှည်စွာ တိုက်တွန်းခဲ့သူ ဖြစ်သည်။

ထို့ပြင် အမေရိကန်သည် မြန်မာစစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား လူမျိုး ကိုယ်စားလှယ် ခေါင်းဆောင်များ အကြား စစ်မှန်သော စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်နိုင်အောင် ဆက်လက် အားပေးအားမြှောက် ပြုလုပ်သွားမည်ဟု သိရသည်။

အမေရိကန်သည် မြန်မာပြည်သူ လူထုအတွက် ကောင်းမွန်သော လမ်းစဉ်များ ဖော်ထုတ်နိုင်ရေးအတွက် အစိုးရနှင့် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန်လည်း ကြိုးစားလျက် ရှိသည်။ မည်သို့ပင် ဆိုစေ စစ်အစိုးရက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမှု၊ အတိုက်အခံများ၊ တိုင်းရင်းသားလူမျိုးစုများ အားလုံးနှင့် အရေးကြီးသော စေ့စပ်ညှိနှိုင်းမှု အစရှိသည့် ပဓာနကျသော ကိစ္စများကို မပြုလုပ်သေးသရွေ့ ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

VOA သတင်းဌာနမှ Movement In Burma? ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP,22 Dec 2009

          အကယ်၍ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံနှင့် ဆွေးနွေးမှု မအောင်မြင်ခဲ့ပါက အသုံးပြုနိုင်မည့် အင်အားကြီး စီးပွားရေး လက်နက်တစ်ခု အိုဘားမားအစိုးရတွင် အဆင်သင့်ရှိနေပြီး ၎င်းလက်နက်မှာ နိုင်ငံ၏ စစ်ဖက်အုပ်ချုပ်သူများနှင့် စီးပွာားရေး လုပ်ဆောင်ခြင်း မပြုရန် ဘဏ်များကို ဖိအားပေးမည့် အစီအစဉ်ဖြစ်ပါသည်။

          နျူကလီးယားလက်နက် စွန့်လွှတ်စေရန် မြောက်ကိုရီးယားကို ဖိအားပေးရာတွင် အလားတူနည်းလမ်းကို အသုံးပြုခဲ့ပါသည်။  ယခု မြန်မာနိုင်ငံ ကိစ္စတွင် ပစ်မှတ်ထားသော နိုင်ငံတကာ ဘဏ်များက တပ်မတော်အစိုးရ သဘာဝဓါတ်ငွေ့ ရောင်းချရာမှ ရရှိသော ငွေမြောက်မြားစွာကို ထုတ်ယူ သုံးစွဲခြင်း မပြုနိုင်အောင် ထိန်းချုပ်ထားနိုင်မည်ဖြစ်သည်။

          အမေရိကန် အောက်လွှတ်တော်ကလည်း ဘဏ်များကို ချုပ်ကိုင်ရန် အာဏာကို အပ်နှင်းပြီး ဖြစ်ပါသည်။  သမ္မတအိုဘားမား အနေဖြင့် အထက်ပါ နည်းဗျူဟာကို မကြာမှီအတွင်း ကျင့်သုံးရန် (သို့) အနည်းဆုံး တိုက်ရိုက်ဆွေးနွေးမှုများ မအောင်မြင်သည့် အချိန်တွင် ကျင့်သုံးရန် လူ့အခွင့်အရေးအဖွဲ့ အချို့က လိုလားနေပါသည်။

          သို့ရာတွင် ယခုအချိန်အထိ ယင်းကဲ့သို့ပြုလုပ်ရန် အမေရိကအစိုးရက တုန့်ဆိုင်းနေဆဲ ဖြစ်ပါသည်။  မျက်နှာချင်းဆိုင် စေ့စပ်ညှိနှိုင်းမှုများကို စတင်ကာစရှိသေးသည့် အတွက်ရလဒ်များထွက် ပေါ်လာရန် မြန်မာအစိုးရကို အချိန်ပိုပေးလိုပုံရပါသည်။  ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်းသည် တန်ဖိုးကြီးမားပြီး အချိန်ကုန်ပါသည်။  ထို့အပြင် အာဖဂန်နစ္စတန် နှင့်အီရန် အရေးကိစ္စများပါဝင်နေသော များပြားထူထပ်လှသည့် နိုင်ငံခြားရေးရာမူဝါဒအစီအစဉ်များတွင် မြန်မာနိုင်ငံအရေးသည် ထိပ်တန်းဦးစားပေးမဟုတ်ပါ။

          မြန်မာအစိုးရ အပေါ်တင်းကြပ်သည့် အရေးယူပိတ်ဆို့မှုများ ပြုလုပ်မည့်အစီအစဉ်ကို အသုံးပြု သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် ၎င်းအားထောက်ခံသူ နိုင်ငံ များက တုန့်ပြန် ဆောင်ရွက်ရေးကိုလည်း ကြိုးစားသွားမည်ဟု အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ထိပ်တန်းသံတမန် kurt Campbell က လွှတ်တော်အမတ်များအား စက်တင်ဘာလတွင် ပြောကြား ခဲ့ပါသည်။

          ကမ္ဘာပေါ်ရှိ အရက်စက်ဆုံး အစိုးရများတွင် မြန်မာအစိုးရလည်း ပါဝင်နေပြီး မြန်မာနိုင်ငံတွင် ၁၉၆၂ မှစ၍ စစ်တပ်က အာဏာကိုထိန်းချုပ်ထားခဲ့ပါသည်။  တိုင်ပြည်အတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် အတင်းအကျပ် ဖိအားပေးသည့် အနေဖြင့် အရေးယူ ပိတ်ဆို့မှုများဖြင့် အမေရိကန်က တွန်းအား ပေးခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်မျှ သာရရှိခဲ့ ပါသည်။  ယခင် သမ္မတ ဂျော့ဘွတ်ရှ် အစိုးရသည် မြန်မာနိုင်ငံအား ရှောင်ဖယ်ထားခြင်းကို ပြုလုပ်ခဲ့ကြပြီး ဘွတ်ရှ်၏ ဇနီးလော်ရာနှင့် လွှတ်တော်အမတ် မြောက်မြားစွာသည် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီသည် အစပျိုးရန် လှုပ်ရှားမှုများကို အကြီးအကျယ် ထောက်ခံသူများဖြစ်ပါသည်။

          ယခု အိုဘားမားအစိုးရ ကမူ ပစ်ပယ်ရေး မူဝါဒကို ပြောင်းပြန်လှန်၍ ညှိနှိုင်း ဆွေးနွေးရေးကို ဦးစားပေးခဲ့ပါသည်။  အတိုင်အခံ ပါတီများနှင့် တိုင်းရင်းသား လူမျိုးစုများအား ပိုမိုကြီးမားသော လွတ်လပ်ခွင့်များ ပေးရန်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် မြန်မာတပ်မတော်ခေါင်း ဆောင်များကို စည်းရုံး ဆွဲဆောင်နိုင်လိမ့်မည်ဟု လည်းမျှော်လင့်ထားပါသည်။

          ထိုအချိန်မှစ၍ မြန်မာအစိုးရကလည်း သဘောကောင်းမှု အရိပ်အယောင် အနည်းငယ်ကို ပြသခဲ့ပါသည်။  ဥပမာအားဖြင့် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Kurt Campbell နှင့်တွေ့ဆုံခွင့်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခြင်း စသည်တို့ ဖြစ်ပါသည်။  တစ်ချိန်ထဲမှာပင် တိုင်းရင်းသား လူမျိုးများ၊ စာနယ်ဇင်း သတင်းထောက်များနှင့် ကျောင်းသားလှုပ်ရှားကို ဆက်လက်နှိပ်ကွပ်ခဲ့ပါသည်။

          အိုဘားမားကလည်း မြန်မာနိုင်ငံတွင် ဖြစ်နိုင်သမျှ အရေးပါသည့် အနေအထား ရယူမည့်ဆန္ဒအား ၎င်း၏ ငြိမ်းချမ်းရေး နိုဗယ်ဆုရရှိသည့် မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။  မြန်မာ နိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ သံတမန်ဆိုင်ရာကြိုးစားမှုများ ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သော် လည်း အဆိုပါအရာများ မအောင်မြင်ခဲ့ပါက အကျိုးဆက်များနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ၎င်းကဆို ပါသည်။

          အဆိုပါ အကျိုးဆက်များတွင် နိုင်ငံတကာ ဘဏ်လုပ်ငန်းစနစ်ကို အသုံးပြုနိုင်မည့် မြန်မာ အစိုးရ၏ အခွင့်အလမ်းကို ဟန့်တားရန် ရည်ရွယ်သော ဘဏ္ဍာရေး ပိတ်ဆို့ ဆောင်ရွက်မှုများအား အမေရိကန် ပြည်ထောင်စုက အသုံးပြုခွင့် ရရှိစေမည့် ဥပဒေတစ်ရပ် ချမှတ်ကျင့်သုံးရေး ကိစ္စလည်း ပါဝင်သင့်သည်ဟု ဒီမိုကရေစီ လှုပ်ရှားသူများက ပြောကြားပါသည်။

          မြန်မာအစိုးရ အရေးတကြီး တန်ဖိုးထား သည့်ကိစ္စမှာ ပြင်ပကမ္ဘာနှင့် ကုန်သွယ်ရေးမဟုတ်ဘဲ ထိုကုန်သွယ်ရေးမှ ရရှိသည့် ငွေကြေး အကျိုးအမြတ်များသာ ဖြစ်သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့မှ Tom Malinowski ပြောပါသည်။  မြန်မာအစိုးရသည် ၎င်း၏ ဘဏ်စာရင်းတွင် ချက်လက်မှတ်များ တင်သွင်းလိုက်သည့် အချိန်တွင် နိုင်ငံတကာ ဘဏ်လုပ်ငန်း စနစ်အတွင်း ၎င်းငွေများ ထုတ်ယူသုံးစွဲခွင့်ကို တားဆီးရန် အမေရိကန် ပြည်ထောင်စုအနေဖြင့် အခွင့်အရေးများစွာ ရရှိသွားမည် ဟု ဆိုပါသည်။

          အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံအပေါ်တွင် အရေးယူ ပိတ်ဆို့မှုများစွာကို ချမှတ် ထားခဲ့ပြီး ဖြစ်ပါသည်။  ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှု ကာလတွင် ဆန္ဒပြသူများအား မြန်မာအစိုးရ ဖမ်းဆီး သတ်ဖြတ်ခဲ့ချိန်မှစ၍ အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာန အရာရှိများသည် လူပုဂ္ဂိုလ် ၄၀ နှင့် ပုဂ္ဂလိက အဖွဲ့အစည်း ၄၄ခု တို့ကို ပစ်မှတ်ထား ရွေးချယ်ခဲ့ပါသည်။  ၎င်းတို့ကို ပိတ်ဆို့မှုစာရင်း သို့ သွင်းလိုက်ခြင်းအားဖြင့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဖြစ်သော အမေရိကန် ဘဏ်လုပ်ငန်းစနစ်အတွင်း စီးပွားရေး လုပ်ကိုင် ဆောင်ရွက်ခွင့်ကို တားဆီးလိုက်ခြင်း ဖြစ်သည်။

          ၂၀၀၈ ဥပဒေအရ ခွင့်ပြုခဲ့သော ထပ်မံ ပိတ်ဆို့မှုများအရ အမေရိကန် ငွေတိုက်ဌာနက ဘဏ်လုပ်ငန်း ဆက်ဆံရေးနှင့် ပတ်သက်သော အခြေအနေများကို ပြစ်ဒဏ် ချမှတ်ခွင့် ရရှိ ထားပါသည်။  အနာဂတ် မူဝါဒ ဆုံးဖြတ်ချက်များနှင့် ပတ်သက်၍ အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်များက မှတ်ချက် မပေးသေးပါ။  သို့ရာတွင် လက်ရှိပြဿနာကို ဖြေရှင်းရာတွင် အကောင်းဆုံး တိတိကျကျ အသုံးချ နိုင်ရန်အတွက် ဘဏ်လုပ်ငန်း စည်းကမ်းများ အပါအဝင် ဖြစ်နိုင်ချေရှိသော အရေးယူမှု နည်းလမ်းများ အားလုံးကို လေ့လာနေသည်ဟု အမေရိကန် ငွေတိုက်ဌာနက ပြောကြားပါသည်။

          မြန်မာနိုင်ငံနှင့် ၎င်း၏ အိမ်နီးခြင်းများ၊ ဥရောပကုပ္မဏီများ၊ အမေရိကန်ကုမ္မဏီများ ဆောင်ရွက် လုပ်ကိုင်နေသော အမြတ်အစွန်းကြီးမားသည့် သဘာဝဓါတ်ငွေ့ ရှာဖွေရေး သဘောတူ စာချုပ်များကို အမေရိကန် ပြည်ထောင်စုအနေဖြင့် အလွယ်တကူ ပိတ်ဆို့နိုင်မည် မဟုတ်ပါ။  သို့ရာတွင် နိုင်ငံခြားဘဏ် များသည် ၎င်းတို့နှင့် မြန်မာအစိုးရပိုက်ဆံများ ပတ်သက်နေမှုကို အမေရိကန်က စိုးရိမ်ပူပန်နေခြင်း၊ ၎င်းတို့နှင့် အမေရိကန် ဘဏ္ဍာရေး အဆောက်အအုံများ ဆက်ဆံမှုကို သတိထား စောင့်ကြည့်နေခြင်း စသောကိစ္စများကို စိုးရိမ်ပူပန်မှုများ ရှင်းလင်းပြီးသည့် တိုင်အောင် ဘဏ်လုပ်ငန်း ဆိုင်ရာအရေးယူမှု အစီစဉ်များကြောင့် သိရှိသွားကြပြီ ဖြစ်သည်ဟု US Campaign for Burma မှ ဝါဒဖြန့်ချီရေး ဒါရိုက်တာ Jennifer Quigley က ပြောကြားပါသည်။

          အမေရိကန်ပြည်ထောင်စုသည် မြောက်ကိုရီးယားကို နိုင်ငံတကာ ဘဏ်စနစ် အပြင်သို့ ရောက်အောင် ထိရောက်စွာ ပိတ်ဆို့နိုင်ခဲ့ပြီး ခေါင်းဆောင်ကြီး ကင်ဂျုံအီကို ထိခိုက်စေခဲ့သည်ဟု မကြာခဏ ထကြွတတ်သူ မြောက်ကိုရီးယားအား ဘဏ်လုပ်ငန်းဆိုင်ရာ အရေးယူမှုကို ထောက်ခံသူ များက ပြောကြားပါသည်။

          လောလောဆယ်တွင်မူ မြန်မာအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် ကြိုးစားဆောင်ရွက်နေဆဲဖြစ်၍ စိတ်ရှည်သီးခံကြရန် အိုဘားမားအစိုးရက တိုက်တွန်းနေပါသည်။

          လာမည့်နှစ် ရွေးကောက်ပွဲများသည် တပ်မတော်အစိုးရ၏ ရည်ရွယ်ချက်များကို ကောင်းစွာ မြင်တွေ့ခွင့် ရစေပါလိမ့်မည်။ အမေရိကန် မြန်မာထိပ်ပိုင်း အဆင့် ဆွေးနွေးပွဲများ၏ ရလဒ်သည် အတိုက်အခံ အဖွဲ့များနှင့် တိုင်းရင်းသားများ အမှန်တကယ် ပါဝင်ခွင့်ကို အစိုးရက ခွင့်ပြုခြင်းလား(သို့) တပ်မတော် ခေါင်းဆောင်များ အာဏာ စုစည်းခွင့် ရရှိသွားခြင်းလား ဆိုသည့် အချက်မှာမူ အရေးကြီး သည့် မေးခွန်းတစ်ခု ဖြစ်နေပါသည်။    

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

သြစတြေးလျ အခြေစိုက် နိုင်ငံတကာ အန်ဂျီအိုတစ်ခု ဖြစ်သော Cartias က နာဂစ် ဆိုင်ကလုန်းဒဏ် ခံခဲ့ရသူများနှင့် ၎င်းတို့အနေဖြင့် အနာဂတ်ကာလတွင် သဘာဝ ဘေးအန္တရာယ်ဆိုးကြီးများကို ရင်ဆိုင်နိုင်ရန် အရေးပေါ် အကူအညီများ ပေးမည် ဖြစ်ကြောင်း သိရသည်။

ယခုအခါ နာဂစ် ဆိုင်ကလုန်း တိုက်ခတ်သွားခဲ့သည်မှာ လပေါင်း ၁၉ လကျော် ရှိသွားပြီ ဖြစ်သော်လည်း ဆိုင်ကလုန်း ဒဏ်သင့်သူများ၏ လူမှုဘဝအခြေအနေများမှာ ဆိုးရွားလျက်ရှိပြီး အကူအညီအထောက်အပံ့များ လိုအပ်နေဆဲ ဖြစ်ကြောင်း၊ အနာဂတ်ကာလတွင် အကယ်၍ နာဂစ်ကဲသို့ သဘာဝ ဘေးအန္တရာယ်ဆိုးများကို ကြိုတင် ပြင်ဆင် ကာကွယ်နိုင်ရန်လည်း လိုအပ်နေကြောင်း၊ သို့အတွက်ကြောင့် အရေးပေါ် အကူအညီများ ပေးအပ်မည့် အစီအစဉ်ကို စတင်ခဲ့ခြင်း ဖြစ်ကြောင်း Cartias က သတင်းထုတ်ပြန်သည်။

Cartias ၏ အစီအစဉ်အရ လာမည့် ၂၀၁၀ ပြည့်နှစ်တွင် နာဂစ် ဆိုင်ကလုန်းဒဏ်သင့် မြန်မာပြည်သူ ၈၅၀၀၀ အတွက် အလှူငွေ အမေရိကန် ဒေါ်လာ ၂၆၃၃၆၀၇ ကို တစ်နှစ်တာ အစီအစဉ်အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Cartias သည် ယနေ့အချိန်အထိ နာဂစ်အလွန် ပြန်လည် ထူထောင်ရေးနှင့် အိုးအိမ်နှင့် အခြေခံ အဆောက်အအုံများ တည်ဆောက်ရေးကို ဦးစားပေး ဆောင်ရွက်လျက် ရှိသည်။

ယခု အစီအစဉ်သစ်တွင် လယ်သမားများအတွက် စိုက်ပျိုးရေးဆိုင်ရာ ချေးငွေ ထုတ်ပေးရေး၊ မိသားစုဝင်များ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နိုင်ရန်အတွက် အကူအညီပေးရေး၊ ငါးဖမ်းသမားများအတွက် လိုအပ်သော လှေနှင့် ငါးဖမ်းပစ္စည်းများ ထောက်ပံ့ ပေးအပ်ရေးတို့ အဓိက ပါဝင်သည်။

အခြားသော အစီအစဉ်များအဖြစ် ကျန်းမာရေး စောင့်ရှောက်မှု၊ HIV/AIDS အသိပညာ ပို့ချမှု၊ ကလေးသူငယ်များ အခွင့်အရေးအတွက် ထောက်ပံ့မှု နှင့် သဘာဝ ဘေးအန္တရာယ်ဆိုးများအတွက် ကြိုတင် ပြင်ဆင်မှုတို့လည်း ပါဝင်သည်။

နာဂစ် ဆိုင်ကလုန်းတွင် လူပေါင်း တစ်သိန်းလေးသောင်းကျော် သေဆုံးခဲ့ပြီး အိုးအိမ်၊ စာသင်ကျောင်း၊ ရေတွင်း၊ ရေကန်၊ ကျွဲနွားတိရိစ္ဆာန် အပါအဝင် အခြေခံ အဆောက်အအုံများစွာလည်း ပျက်စီးခဲ့သည်။ ယင်းသို့ ကျွဲနွားတိရိစ္ဆာန် ပျက်စီး ဆုံးရှုံးခဲ့သူများကို Caritas က ချေးငွေများ ထုတ်ချေးမည် ဖြစ်သည်။

ယခု ၂၀၁၀ အစီအစဉ်သည် နာဂစ်ဒဏ် သင့်သူများအတွက် ဝင်ငွေ လည်ပတ်ရေးကို မြှင့်တင်နိုင်မည့် ဆောင်ရွက်ချက်များ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း Cartias က ဆိုသည်။

 

Relief Web မှ New Caritas Programme for Myanmar ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

strategypage.com, 19th – December - 2009

မြန်မာနိုင်ငံတွင် မြောက်ဘက်နှင့် အရှေ့ဘက်ရှိ တိုင်းရင်းသား သူပုန်များသည် ဘိန်းနှင့် ဟီးရိုးအင်း ထုတ်လုပ်မှုများ လုပ်ကိုင်နေသည်ဟု ယူဆရပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အဆိုပါ ဒေသများတွင် ကိုယ်ပိုင် လွတ်လပ်စွာ ရပ်တည်လိုသော်လည်း အစိုးရက ၎င်း၏ ချုပ်ကိုင်မှုအောက်သို့ သွတ်သွင်း နေသောကြောင့် စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်မှုများ ရှိလာသောကြောင့် ဖြစ်ပါသည်။ တိုင်းရင်းသားများသည် ရာစုနှင့် ချီ၍ တိုက်ခိုက်လျက် ရှိရာ လွန်ခဲ့သော ဆယ်နှစ်ကျော်က အစိုးရသည် တိုင်းရင်းသား အများစုနှင့် ငြိမ်းချမ်းရေး သဘောတူညီမှု ရယူခဲ့ပါသည်။ အစိုးရအား ဆက်လက် ဆန့်ကျင်လျက် ရှိသော အဓိက အဖွဲ့တစ်ခုသည် ရှမ်း ဖြစ်ပြီး၊ Shan State Army (SSA) အင်အား တစ်သောင်းရှိသော တပ် ဖြစ်ပါသည်။ ရှမ်းတို့သည် ဆယ်စုနှစ်ပေါင်းများစွာ ၎င်းတို့၏ တော်လှန်မှုအတွက် ဘိန်း ထုတ်လုပ်၍ ငွေကြေး ထောက်ပံ့မှုကို ရယူခဲ့ပါသည်။ လွန်ခဲ့သော ဆယ်နှစ်က ၎င်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို စွန့်လွှတ်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယင်းသို့ ကြေညာရခြင်းမှာ အစိုးရနှင့် ငြိမ်းချမ်းရေး ရယူခဲ့သော အဖွဲ့များသည် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသောကြောင့် ဖြစ်ပါသည်။ စစ်တပ်မှ စစ်ဆင်ရေးများဖြင့် ထိုင်းနယ်စပ်သို့ ရောက်သည်အထိ တိုက်ခိုက်ခဲ့ပါသည်။ ရှမ်းတို့သည် တစ်ခုတည်းသော အစိုးရကို ဆန့်ကျင်သည့် အဓိက အဖွဲ့အဖြစ် ထီးထီးကြီး ရှိနေသောအခါ စစ်တပ်၏ အဓိက ပစ်မှတ် ဖြစ်လာခဲ့ပါသည်။ အစိုးရသည် ဝတပ် (UWSA) ၏ အကူအညီကိုလည်း ရယူခဲ့ရာ နောက်ဆုံးတွင် တိုက်ခိုက်မှု ရပ်ဆိုင်းရန် ရှမ်းတို့ သဘောတူခဲ့ရပါသည်။

မကြာသေးမီကပင် မြန်မာစစ်တပ်သည် အင်အား (၁၅၀၀) ရှိ ကိုးကန့်တပ်ကို နှိမ်နင်းခဲ့ပါသည်။ ဆယ်စုနှစ် များစွာကပင် ကိုးကန့်တို့သည် မူးယစ်ဆေးဝါးမှ အမြတ်ငွေများစွာ ရရှိရာ လက်နက်များ ဝယ်ခြင်း၊ စစ်သားများ ငှားရမ်းခြင်းနှင့် မြန်မာ အာဏာပိုင်များအား လာဘ် ထိုးခြင်းများ ပြုလုပ်ခဲ့ပါသည်။ တိုက်ခိုက်မှုကြောင့် ကိုးကန့် ပြည်သူများ တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေး ကြရပါသည်။ ထို့ကြောင့် တရုတ်အစိုးရအနေဖြင့် သဘော မတွေ့ခဲ့ပါ။ သို့သော် ကိုးကန့်ဒေသသည် တရုတ် တောင်ပိုင်းဒေသအတွက် ဟီးရိုးအင်းနှင့် အခြား မူးယစ်ဆေးဝါး ထုတ်လုပ်ရာ ဒေသတစ်ခု အဖြစ် ဆက်လက် မရှိနိုင်တော့သည်မှာ ကောင်းသော အကျိုးဆက် ဖြစ်ပါသည်။ တရုတ် တောင်ပိုင်းဒေသသည် မူးယစ်ဆေး စွဲပြီး၊ မူးယစ်ဆေးနှင့် ပတ်သက်သော ရာဇဝတ်မှုများဖြင့် ကာလရှည်ကြာ ပြဿနာ ဖြစ်နေသော ဒေသ ဖြစ်ပါသည်။

တရုတ်နယ်စပ်ရှိ အခြား သူပုန်အုပ်စု နှစ်စု ဖြစ်သော ဝ နှင့် ကချင်တို့သည် အစိုးရကို တိုက်ခိုက်ရန် နှစ်ဦး ပူးပေါင်းထားကြပြီး ကိုးကန့်နှင့်ပါ သဘောတူထားသော အဖွဲ့များ ဖြစ်ပါသည်။ သို့သော် ကချင်တို့သည် အင်အားကြီးသော တိုင်းရင်းသားအဖွဲ့ ဖြစ်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လုံးဝ ပတ်သက်မှု မရှိချေ။ ယခုအခါ မြန်မာစစ်တပ်သည် ကိုးကန့်နယ်မြေအတွင်း ဝ နှင့် ကချင် စစ်သားများကို မောင်းထုတ်ခဲ့ပြီး၊ ဝ၊ ကချင်တို့နှင့် လမ်းကြောင်းအား ဖြတ်တောက်ခဲ့သည်။

ယခုအခါ ဝ တို့သည် မြန်မာစစ်တပ်၏ ပစ်မှတ် ဖြစ်လာပါသည်။ ဝ တို့အား နှိမ်နင်းလိမ့်မည်ဟု ယူဆရပါသည်။ သို့မှသာ ရွှေတြိဂံ နယ်မြေတွင် ဟီးရိုးအင်း ရောင်းဝယ်မှု အဆုံးသတ်လိမ့်မည် ဖြစ်ပါသည်။ အမှန်တကယ်တွင်မူ ဟီးရိုးအင်း လုပ်ငန်းသည် လွန်ခဲ့သော အနှစ် နှစ်ဆယ်ကတည်းက စ၍ ဒုက္ခတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ရွှေတြိဂံဒေသသည် ၁၉၅၀ ခုနှစ်ကတည်းက ကမ္ဘာ့ဟီးရိုးအင်း ဈေးကွက်ကို လွှမ်းမိုးထားခဲ့ရာ လွန်ခဲ့သော ဆယ်နှစ်ကမှ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရ စစ်တပ်မှ ဖိအားများ ရောက်ရှိလာခြင်းနှင့် အာဖဂန်နစ္စတန်မှ ဈေးပေါသော ထုတ်ကုန်များ ထွက်ပေါ်လာသောကြောင့် ဖြစ်ပါသည်။

အာဖဂန်နစ္စတန် ခေါင်းဆောင်များသည် ရွှေတြိဂံ၏ ဟီးရိုးအင်း သမိုင်းကို သိကြပါသည်။ မူးယစ်ဆေးဝါးသည် လုပ်ကိုင်သည့် အဖွဲ့များကို ၎င်းတို့အား တိုက်ခိုက်မည့် စစ်တပ်များအား ခုခံရန် လုံလောက်သည့် အင်အားကို ရရှိစေနိုင်သည်။ ရွှေတြိဂံနယ်မှ ဘိန်းထုတ်လုပ်မှုသည် ရာစုနှစ်နှင့် ချီ၍ ရှိနေပြီ ဖြစ်ပါသည်။ သို့သော် ဒုတိယ ကမ္ဘာစစ်အပြီး စီးပွားရေး တိုးတက်လာသောအခါ ရွှေတြိဂံနယ်နှင့် အနီးရှိ နိုင်ငံများသည် ဘိန်းနှင့် ဟီးရိုးအင်း စတင် သုံးစွဲလာပြီးနောက် တစ်ကမ္ဘာလုံး သုံးစွဲလာကြသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှု ရပ်ဆိုင်းသွားရေးအတွက် ပိုမို အားစိုက် ကြိုးစားလာကြရသည်။

ယခုအခါ အခြေအနေသည် ပိုမို၍ အန္တရာယ်ကြီးသော အခြေအနေသို့ ရောက်ရှိလာနေပြီ ဖြစ်ပါသည်။ တရုတ်နိုင်ငံမှ တရားမဝင် ရွေ့ပြောင်းလာသူများသည် နယ်စပ်ဒေသများတွင် ငွေပုံအော၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက် ရှိနေကြပါသည်။ ထိုဒေသမှ ဝ နှင့် အခြား မြန်မာတိုင်းရင်းသားများမှာ တရုတ်သွေးပါကြသည်။ တရုတ်အစိုးရက စစ်ရေးအရ ဝင်ရောက် စွက်ဖက်မှု မရှိသောကြောင့် တရုတ်ငွေများ၊ တရုတ်လူမျိုး နှင့် လက်နက် အပါအဝင် တရုတ် ပစ္စည်းများသည် နယ်စပ်ကို ဖြတ်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်သည် ဖြစ်ရာ၊ မြန်မာအစိုးရအတွက် နယ်စပ်ရှိ တိုင်းရင်းသားများကို နှိမ်နင်းရေးအတွက် အခက်အခဲများ ဖြစ်စေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.