Transparency Myanmar

transparency.myanmar@gmail.com

Global Post , By Patrick Winn, 28th December 2009

          အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် နွေးထွေးသော လက္ခဏာ ပြသနေပြီ ဆိုသော်လည်း မြန်မာနိုင်ငံသည် အမေရိကန် အစိုးရ၏ ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုကို ခံနေရဆဲ ဖြစ်ပါသည်။

          မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်ဒဏ်ပေးသော အနေဖြင့် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန်နှင့် မြန်မာပစ္စည်းများ တင်သွင်းရန် ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် အမေရိကန် တို့အနေဖြင့် မြန်မာနိုင်ငံမှ နှစ်သက်ဖွယ် ကောင်းသော သယံဇာတများ ဖြစ်သော ရှားပါးသော သစ်များနှင့် ကျောက်စိမ်းတို့ကို ဝယ်ယူခြင်းကို တားမြစ် ခံထားရပါသည်။ တစ်နည်းအားဖြင့် အဆိုပါ ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ဖိနှိပ်သော စစ်အစိုးရကို ငွေကြေး ထောက်ပံ့ပြုရာ ရောက်သည်ဟု ဆိုခြင်းကြောင့် ဖြစ်သည်။

          သို့သော် အမေရိကန် နိုင်ငံတွင် ပရိဘောဂ အရောင်း ကိုယ်စားလှယ်များသည် မြန်မာ့ကျွန်းသစ်ကို ကြော်ငြာ၍ ရောင်းဝယ်နေကြသည်။ မြန်မာ့ကျွန်းသစ်သည် ရှားပါးပြီး အရည်အသွေး ကောင်းမွန်မှုကြောင့် တဖြည်းဖြည်း ဈေးတက်လာနေပါသည်။ မြန်မာနိုင်ငံ၏ နာမည်ဆိုးကြောင့် အမေရိကန်တို့၏ တင်းကြပ်သော ဥပဒေများ ချမှတ်ထားသော်လည်း အမေရိကန်တို့သည် Website မှတစ်ဆင့် မြန်မာ့ သစ်မာများကို အလွယ်တကူ ဝယ်ယူနိုင်ဆဲပင် ဖြစ်ပါသည်။

          အဆိုပါ အရည်အသွေး ကောင်းသော သစ်များသည် စစ်အစိုးရအတွက် အကြီးမားဆုံး ငွေရပေါက်ရလမ်း ဖြစ်ရာ အဆိုပါငွေများဖြင့် ကိုယ့်တိုင်းပြည်ကို ပြန်ပြီး ဖိနှိပ်လျက် ရှိပေသည်။

          ဗြိတိန်နိုင်ငံ၏ အမြတ်ရယူသည့် လုပ်ငန်း မဟုတ်သည့် Global Witness ၏ အဆိုအရ ၂၀၀၇-၀၈ ခုနှစ်တွင် သစ်အမျိုးမျိုး တင်ပို့ ရောင်းရငွေသည် တိုင်းပြည်၏ စတုတ္ထ အများဆုံး ပို့ကုန်တန်ဖိုး ရှိခဲ့သည်ဟု သိရှိရပါသည်။ အာဖရိက၏ Blood Diamond စိန် ရောင်းဝယ်ရေးကို နာမည်ကျော်အောင် ပြုလုပ်ပေးခဲ့သော ရှေ့နေအဖွဲ့ တစ်ခုသည် မြန်မာ့သစ် ရောင်းဝယ်ရေးကို ရပ်ဆိုင်းသွားအောင် ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက် ရှိပါသည်။

          ထို့အပြင် သစ်များ ခုတ်ယူမှုကြောင့် သစ်တောများ ပျက်စီးပြီး၊ ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိလာကြောင်း Global Witness မှ သစ်တော ကျွမ်းကျင်သူ Jon Buckrell က ဆိုပါသည်။

          ယခု ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ကုမ္ပဏီများသည် အင်တာနက်တွင် "မြန်မာ့သစ်" ဟူ၍ ပြောင်ကျကျ ကြော်ငြာ၍ ရောင်းချလာကြပါသည်။ ၎င်းတို့တွင် Floors To Go's က "Ulysses Burmese Teak" ဟုလည်းကောင်း၊ Can Trust Hardwood က "Solid Burmese Teak" ဟူ၍ လည်းကောင်း၊ Corona Hardwood က "Burma Mahogany" ဟူ၍ လည်းကောင်း၊ ကြော်ငြာခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းများသို့ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ရာ Corana Hardwood တစ်ခုကသာ တုံ့ပြန်ခဲ့ပါသည်။ ၎င်းက တင်သွင်းသူ Elegance Wood Flooring ကို အဆိုပါသစ်များ အတွက် မူရင်းနိုင်ငံကို မေးမြန်းခဲ့ပါသည်။ အဆိုပါ တင်သွင်းသူကလည်း E-mail ဖြင့် ပြန်ကြားရာတွင် Burma Mahogany အတွက် မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။ ၎င်းက မူရင်းနိုင်ငံကို Web Site ၌ ကြော်ငြာရာတွင် "Burma / Thiland"  ဟု အမည်တပ်ခဲ့သည်။

          မြန်မာ့ကျွန်းသစ်သည် စကြာဝဠာတွင် အလှပဆုံးသစ်အဖြစ် ဆိုရမည် ဖြစ်ပါသည်။ ၎င်းသည် ပျက်စီးခြင်း မရှိဘဲ၊ အရည်အသွေး ကျဆင်းသွားခြင်း မရှိဘဲ၊ မိုးထဲ လေထဲတွင် သဘာဝအတိုင်း ကြာရှည်ခံသောသစ် ဖြစ်ပါသည်။ ၎င်းကို ဗြိတိသျှတို့၏ Colonial – era navy စတိုင်အိမ်များ ဆောက်ရာတွင် ပိုမို အသုံးပြုကြပါသည်။ သက်တမ်း ရင့်သော ကျွန်းများကို ဝရံတာများ၊ ဝရံတာတွင် ထားရှိမည့် ပရိဘောဂများနှင့် ရွက်လှေများ တည်ဆောက်ရာတွင် အသုံးပြုပါသည်။ မြန်မာ့ကျွန်းသစ်သည် လူချမ်းသာများသာ အသုံးပြုနိုင်သည့် လူတန်းစား အမှတ်အသားတစ်ခု ဖြစ်ပါသည်။

          အမေရိကန်၏ ဖက်ဒရယ် ဥပဒေအရ မြန်မာသစ်များကို တင်သွင်းခြင်းကို ပိတ်ပင်ထားသော်လည်း၊ တင်သွင်းသူများသည် ဥပဒေ၏ ဟာကွက်များကို အသုံးချခဲ့ကြပါသည်။

          ၂၀၀၃ ခုနှစ်မှ စ၍ အမေရိကန် သမ္မတများသည် Burma Freedom and Democracy Act ကို နှစ်စဉ် အသစ် ပြန်လည် အတည်ပြုကြရာတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် မှန်သမျှ တင်သွင်းရန် တားဆီး ပိတ်ပင်ထားပါသည်။

          ထိုဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ရန် အမေရိကန် သစ်လုပ်ငန်းရှင်များသည် မြန်မာသစ်များကို တရုတ်နိုင်ငံမှ တင်သွင်းကြပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်လုံးများကို ကားများ ဖြင့် နယ်စပ်မှ ထုတ်ယူသွားပြီး ခွဲသားများအဖြစ် ပြောင်းလဲခဲ့ကြပါသည်။

          ထို့ကြောင့် ကွန်ဂရက်သည် တရားမဝင် သစ်ဥပဒေကို အလေးအနက် ထားပြီး လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ရှိခဲ့သော Lacey Act ကို ပြင်ဆင်ခြင်းဖြင့် ဖိအားပေးခဲ့ပါသည်။ ယခုအခါ အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် သစ်၏ ခုတ်ယူသည့် မူရင်းနိုင်ငံကို ဖော်ပြရမည် ဖြစ်ရာ၊ အကယ်၍ မူရင်းနိုင်ငံသည် မြန်မာနိုင်ငံ ဖြစ်နေပါက အဆိုပါ သစ်တင်သွင်းသူသည် တရားမဝင် ဖြစ်လိမ့်မည် ဖြစ်ပါသည်။

          သို့သော် သစ်ကို မြန်မာနိုင်ငံမှ သစ်ဖြစ်ကြောင်း ခွဲခြား၍ မရနိုင်အောင် ပြုလုပ်၍ ရကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောခွင့်ရ အမျိုးသမီး Jessica Milteer က ပြောပါသည်။

          အဆိုပါ တရားမဝင်သစ်များကို တင်သွင်းကြောင်း တာဝန်ရှိသူများက သက်သေ ပြနိုင်သည့် အပေါ် မူတည်၍ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၂၅၀ မှ ငါးသိန်းအထိ ပေးဆောင်ရနိုင်ပြီး အချို့အမှုများတွင် ထောင်ဒဏ် ကျခံရနိုင်သည်ဟု ဆိုပါသည်။

          အဆိုပါ ပြင်ဆင်ချက်တွင် အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် နိုင်ငံခြား တိုင်းပြည်များ၏ အပင်များကို ကာကွယ် စောင့်ရှောက်သော ဥပဒေများကို အလေးထားရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အကယ်၍ တရုတ်နိုင်ငံ ဥပဒေတွင် ရှားပါးသော မြန်မာ သစ်ပင်များ တင်သွင်းခြင်းကို ကန့်သတ်ထားသည်ဟု ဆိုလျှင် အမေရိကန် ကုမ္ပဏီများကလည်း အဆိုပါသစ်ကို တင်သွင်းခြင်းမှ တားမြစ်ခံရမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ Global Witness ၏ အဆိုအရ တရုတ်နိုင်ငံသည် လေထု ညစ်ညမ်းမှုအတွက် ဂရုမပြုသည့် နိုင်ငံ ဖြစ်သော်လည်း၊ တရားဝင် နှိမ်နှင်းမှုများအရ အချို့ဒေသများတွင် မြန်မာနိုင်ငံမှ တရားမဝင် သစ်တင်သွင်းမှုကို ၇၀% ခန့် လျော့ချနိုင်ခဲ့ပါသည်။

          အမေရိကန်တို့အနေဖြင့်မူ သစ်တင်သွင်းသူများကို အပြီးတိုင် အရေးယူမည့် အဆင့် ကျန်ရှိနေပါသေးသည်။ ဥပဒေ အသစ်ကလည်း သက်ရောက်မှု မရှိသေးသဖြင့် အမေရိကန် ကိုယ်စားလှယ်များသည် ကျန်ရှိသော မြန်မာသစ်များကို လွတ်လပ်စွာ ရောင်းဝယ်လျက် ရှိနေကြပါသေးသည်။

          အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲကြောင့် အချို့ အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် အကြံပြုထားပါသည်။ သို့သော် မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများကို ကာကွယ်ပေးသော အနေဖြင့် မြန်မာ့သစ်များအပေါ် ကန့်သတ်ထားမှုများကိုမူ ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ပေ။ မြန်မာ့သစ်တောများသည် သစ်ခုတ်ယူမှုများ သတ္တု တူးဖော်မှုများကြောင့် ပျက်စီးနေပြီ ဖြစ်ပါသည်။

          ပြင်းထန်သော ဥပဒေများနှင့် ကျွန်းသစ် တင်သွင်းရမှု လျော့ကျလာသည့်အတွက် အမေရိကန်တွင် ကျွန်းစိုက်ပျိုးရန် စတင် ကြိုးစားလာရပြီ ဖြစ်ပါသည်။ အပူပိုင်း ရာသီဥတု ရှိသည့် အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပေါက်ရောက်ပါသည်။ သို့သော် အဆိုပါသစ်သည် အချို့ သင်္ဘော တည်ဆောက်သူများနှင့် ပရိဘောဂ အရောင်းကိုယ်စားလှယ်များ၏ အဆိုအရ သက်တမ်းရင့် မြန်မာ့ ကျွန်းသစ် အရည်အသွေးကို မည်သို့မျှ မယှဉ်နိုင်ကြောင်း သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 27th Dec 2009

          မြန်မာနိုင်ငံမှ ဓာတ်ငွေ့နှင့် လျှပ်စစ် ဓာတ်အားကို တင်သွင်းရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရည်ရွယ်နေကြောင်း အစိုးရ အရာရှိကြီး တစ်ဦးက ပြောကြားခဲ့ပြီး စီးပွားရေး လျင်မြန်စွာ ကြီးထွားလာမှုကို ထောက်ပံ့ အားပေးရန်အတွက် စွမ်းအင် ဖြည့်ဆည်းမှုကို မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။

          အင်္ဂါနေ့တွင် ဒက်ကား၌ စတင် ကျင်းပမည့် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲ ၂ ရက်လုံးတွင် အထက်ပါ ကိစ္စကို အဓိက ဆွေးနွေးဖွယ် ရှိသည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး Mohamed Mijarul Quayes က ပြောပါသည်။

          မိမိတို့၏ ကြီးထွားလာသော စွမ်းအင် လိုအပ်ချက်ကို ပြည့်မီရန်အတွက် မြန်မာနိုင်ငံက ပိုလျှံ၍ ရောင်းချရန် အဆင်သင့် ဖြစ်နေသော လျှပ်စစ် ဓာတ်အားနှင့် ဓာတ်ငွေ့များကို တင်သွင်းမည့် ဒက်ကား၏ အစီအစဉ်များ ပါဝင်လိမ့်မည်ဟု ၎င်းက ရိုက်တာသို့ ပြောကြားပါသည်။

          ၎င်းဆွေးနွေးပွဲ၌ လျှပ်စစ်ဓာတ်အား တင်သွင်းရန်အတွက် မြန်မာနိုင်ငံတွင် တည်ဆောက်နေသော ရေအား လျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးကြပါလိမ့်မည်။

          ဆင်းရဲ၍ လူဦးရေ ထူထပ်သော ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုး ဖြစ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် စခန်းများတွင် စုဝေး ရောက်ရှိနေသည် မြန်မာ မူဆလင် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် ကိစ္စကိုလည်း ဆွေးနွေးကြပါလိမ့်မည်။

          ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း Cox's Bazar ခရိုင်တွင် UNHCR ထူထောင်ထားသော ဒုက္ခသည် စခန်းများတွင် မြန်မာ ရိုဟင်ဂျာ မူဆလင် ၂၈၀၀၀ ကျော် နေထိုင်လျက် ရှိပါသည်။

          တိုးတက်မှု ၆ % ရှိနေသော စီးပွားရေး ကြီးထွားမှုကို တွန်းအားပေးရန် ဆင်းရဲ မွဲတေမှုကို တိုက်ဖျက်ရန်နှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို အားပေးရန်အတွက် ပြည်တွင်း၊ ပြည်ပ ရင်းမြစ်များမှ ရရှိမည့် ဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းမှုများ လိုအပ်နေသည်ဟု ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိများ နှင့် ကျွမ်းကျင်သူများက ပြောကြားပါသည်။

          အဆိုပါ ပြဿနာများကို ဖြေရှင်းမည်ဟု ကတိပေး၍ ပြီးခဲ့သော ဇန်နဝါရီလက အာဏာ ရရှိလာသော ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာ၏ အစိုးရသည် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားပေး ကွန်ယက်စနစ်အတွင်း လိုအပ်ချက်ကို လာမည့် နှစ်များအတွင်း ထိထိရောက်ရောက် ဖြည့်ဆည်း နိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။

          လက်ရှိ အချိန်တွင် ဘင်္ဂလားဒေ့ရှ်သည် တစ်နေ့လျှင် လျှပ်စစ် ဓာတ်အား ၃၈၀၀ မဂ္ဂါဝပ် ထုတ်လုပ်လျက် ရှိပြီး အမှန်တကယ် လိုအပ်ချက်ထက် ၁၂၀၀ မဂ္ဂါဝပ်မှ ၁၅၀၀ မဂ္ဂါဝပ်အထိ လျော့နည်းနေသည် ဟု စွမ်းအင် အရာရှိများက ပြောကြားပါသည်။

          ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိ ထုတ်ယူနေသော ဓာတ်ငွေ့သိုက်မှာ ကုဗပေ ၇ . ၂ ထရီလီယံခန့် ရှိ၍ နောက်ထပ် ထွက်ရှိမည်ဟု ခန့်မှန်းထားသော အရံ ဓာတ်ငွေ့သိုက် ကုဗပေ ၅.၅ ထရီလီယံမှာလည်း လာမည့်နှစ် အနည်းငယ်အတွင်း သုံးစွဲလိုက်လျှင် ကုန်ခမ်းသွားမည် ဖြစ်သည်။

          မြန်မာ အစိုးရ၏ ဖိနှိပ်မှုများမှ လွတ်မြောက်ရန် ကြိုးစားသည့် အနေဖြင့် ၁၉၉၂ အစောပိုင်းက နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ ၂ သိန်းခွဲ ခန့်အနက် အများစုကို UNHCR က အဆိုပါ နှစ်ကုန်ကပင် မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ပြီး အချို့မှာမူ မြန်မာနိုင်ငံသို့ ပြန်ရန် ငြင်းဆန်နေကြပါသည်။

          Cox'Bagor ခရိုင်အရာရှိများ၏ အဆိုအရ ရိုဟင်ဂျာ ၃ သိန်းခန့်သည် ဒုက္ခသည် စခန်းများ၏ ပြင်ပတွင် ဒေသခံ မူဆလင်များနှင့် ရောနှော နေထိုင်ကြပြီး အနည်းငယ်သာ နေရာရှိသော အလုပ်အချို့ကို ရရှိရန် အတွက် အလုအယက် ယှဉ်ပြိုင်နေကြသည်ဟု သိရပါသည်။

          အင်္ဂါနှင့် ဗုဒ္ဓဟူးတွင် ကျင်းပမည့် ဆွေးနွေးပွဲတွင် ရိုဟင်ဂျာ ကိစ္စသည်လည်း အဓိက ဆွေးနွေးရမည့် ကိစ္စ ဖြစ်သည်ဟု Quayes က ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားခြင်း မရှိပါ။

          ဒက်ကားနှင့် နေပြည်တော် အရာရှိများသည် စီးပွားရေး ဗီဇာနှင့် ပတ်သက်သော ပြဿနာများ ရှင်းလင်း ဖယ်ရှားရန် နည်းလမ်းများနှင့် ကုန်သွယ်ရေး တိုးတက်စေရန်အတွက် တိုက်ရိုက် ငွေပေးစနစ်ကို မိတ်ဆက် ကျင့်သုံးရန် ကိစ္စများကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။

          နှစ်နိုင်ငံကြား လက်ရှိ ကုန်သွယ်ရေး ပမာဏမှာ လွန်စွာ နည်းပါးပါသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ ထိစပ်နေသော နယ်နိမိတ်မှာ ၃၂၀ ကီလိုမီတာ (မိုင် ၂၀၀) ခန့် ရှိပြီး အချို့အပိုင်းကို နတ်မြစ်က ပိုင်းခြားထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

            မြန်မာနိုင်ငံတွင်း အခြေခံ အခွင့်အရေးများ နည်းပါးနေမှုနှင့် မြန်မာစစ်အစိုးရ၏ စနစ်တကျ လူအခွင့်အရေး ချိုးဖောက်နေမှုများနှင့် ပတ်သက်၍ ကုလသမဂ္ဂက ပြစ်တင် ရှုတ်ချထားသော ဆုံးဖြတ်ချက်ကို စီနီယာ အတိုက်အခံ ခေါင်းဆောင်ကြီးတစ်ဦးက လှိုက်လှိုက်လှဲလှဲ ကြိုဆို လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများအပေါ် ကုလသမဂ္ဂ အထွေထွေ ညီလာခံ (UNGA) က ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ကို မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ၏ အမျိုးသား ဒီမိုကရေစီပါတီ (NLD) မှ ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းတင်က ကြိုဆို လိုက်သည်။ ယခု ဆုံးဖြတ်ချက်သည် ကုလသမဂ္ဂ၏ လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု ဖြစ်သော်လည်း လူ့ကျင့်ဝတ် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ လွန်စွာ အရေးကြီးကြောင်း ဦးဝင်းတင်က ဆိုသည်။

 "ဒါဟာ မြန်မာနိုင်ငံအတွက် ကောင်းတဲ့ လက္ခဏာ တစ်ရပ်ပါ၊ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို အလေးအနက်ထား စဉ်းစားခဲ့တယ် ဆိုတာကို ဖော်ပြနေပါတယ်။ အဲဒါကြောင့်လည်း အခုလို မဲခွဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်" ဟု ဦးဝင်းတင်က မဇ္ဈိမ သတင်းဌာနသို့ ပြောကြားသည်။

မည်သို့ပင် ဖြစ်စေကာမူ ယခုကဲ့သို့ ကုလသမဂ္ဂက ဆုံးဖြတ်ချက် ထုတ်ပြန်ကာ ပြစ်တင် ဝေဖန်လိုက်ရုံ သက်သက်ဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တိုင်းရင်းသား လူမျိုးစုများပေါ် တိုက်ခိုက်မှုများ၊ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ နှင့် အဓမ္မကျင့်သည့် ကိစ္စကို လက်နက်သဖွယ် အသုံးပြုနေခြင်းများ လျော့ပါး သက်သာဖွယ် မရှိကြောင်း ဦးဝင်းတင်က ဆိုသည်။

      "ကုလသမဂ္ဂအနေနဲ့ လုံခြုံရေး ကောင်စီမှာ မြန်မာ့ လူ့အခွင့်အရေး ကိစ္စကို ပိုပြီး ဆွေးနွေး ညှိနှိုင်းသင့်ပါတယ်" ဟုလည်း ဦးဝင်းတင်က ပြောကြားခဲ့သည်။

            ကုလသမဂ္ဂ အဖွဲ့ကြီးက သက်သေ အထောက်အထားတွေ စုဆောင်းပြီး မြန်မာ စစ်တပ်ကဲ့သို့ အရေးတယူပြု တာဝန်ယူ ဆောင်ရွက်နိုင်သူများနှင့် ပူးပေါင်းမှသာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရပ်တန့် ပစ်နိုင်မည် ဖြစ်သည်ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။

      မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်သော ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) တွင် ဒုတိယမြောက် ဆုံးဖြတ်ချက် မူကြမ်း တစ်ရပ်ကို ချမှတ်ခဲ့ကြသည်။ အထွေထွေ ညီလာခံတွင် မြန်မာ့ လူ့အခွင့်အရေး ကိစ္စအပေါ် နိုင်ငံပေါင်း ၈၆ နိုင်ငံ မဲခွဲ ဆုံးဖြတ်ရာ ၂၃ နိုင်ငံက ဆန့်ကျင်ပြီး ၃၉ နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့သည်။ အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်တွင် လူ့အခွင့်အရေး အခြေအနေများအပေါ် တတိယ ကော်မတီ တစ်ရပ်၏ အစီရင်ခံစာနှင့် လူ့အခွင့်အရေးဆိုင်ရာ အထူး သံတမန်နှင့် ကိုယ်စားလှယ်များ၏ အစီရင်ခံစာ တို့လည်း ပါဝင်သည်။

UNGA က ထုတ်ပြန်သော ဆုံးဖြတ်ချက်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရသော နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် စစ်အစိုးရကို ဖိအားပေး တောင်းဆိုထားသည်။

            ဆုံးဖြတ်ချက်ကို အတည်ပြုပြီးနောက် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ မြန်မာစစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ အထူး ကိုယ်စားလှယ်များက လွန်စွာ စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။

      "နိုင်ငံရေးကို လွန်စွာ ဇောင်းပေးပြီး နိုင်ငံတစ်ခုတည်းကို ကွက်၍ ထုတ်ဖော်ခဲ့သော ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက ဆန့်ကျင်မဲပေးပါသည်။ အဆိုပါ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပါသည်" ဟူသော မြန်မာကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂသို့ တင်သွင်းသည့် အဆိုပြုလွှာကို ကိုးကား၍ ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်က ဆိုသည်။

      "နိုင်ငံရေး ဦးတည်ချက် သက်သက်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်သည်၊ အလွဲသုံးစား ပြုလုပ်သည် ဟူသော အစီရင်ခံစာမှာ လက်သင့်ခံဖွယ် မရှိပေ။ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေး ဖြစ်စဉ်ကို ဝင်ရောက် စွက်ဖက်မှုအား လက်သင့်ခံမည် မဟုတ်သလို ခွင့်ပြုမည်လည်း မဟုတ်ပေ" ဟု မြန်မာ ကိုယ်စားလှယ်အဖွဲ့က ဆိုသည်။

            ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် အစရှိသော နိုင်ငံများသည် အဆိုပါ UNGA ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ခဲ့သည့် အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့က ကျေးဇူး အထူးတင်ရှိကြောင်း ထုတ်ဖော်ခဲ့သည်။ မြန်မာ၏ အိမ်နီးချင်း ထိုင်းနိုင်ငံက မဲမပေးဘဲ ကြားနေ နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။

Mizzima သတင်းဌာန၏ Opposition lauds UN resolution on Burma ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawady News, 26 Dec 2009

          မြန်မာနိုင်ငံ၏ အဓိက ကမ်းလွန် ဓာတ်ငွေ့သိုက်ဖြစ်သော ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်း၏ အဓိက ပင်မ လုပ်ကိုင်သူ တောင်ကိုရီးယား နိုင်ငံမှ ဒေဝူး အင်တာနေရှင်နယ်ကို ရောင်းချရန် စီစဉ် နေပါသည်။

          ဒေဝူး၏ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်ထားသူမှာ တောင်ကိုရီးယား အစိုးရပိုင် ဘဏ္ဍရေးအဖွဲ့ ဖြစ်ပါ သည်။

          အစိုးရက ပိုင်ဆိုင်သော ဒေဝူး အင်တာနေရှင်နယ်၏ ရှယ်ယာ ၆၈% မှာ အမေရိကန်ဒေါ်လာ ၁.၈၇ ဘီလျံခန့် တန်ဘိုး ရှိပါသည်။

          ကိုရီးယား အစိုးရက ၎င်းပိုင်ဆိုင်သော ရှယ်ယာအများစုကို ၂၀၁၀ အစောပိုင်းတွင် ရောင်းချရန် ဆန္ဒရှိသည်ဟု နိုင်ငံပိုင် Korea Asset Management Corporation က ပြောကြား ပါသည်။

          အနည်းဆုံး ဓာတ်ငွေ့ကုဗမီတာ ၂၀၀ ဘီလျံခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသော ရွှေစီမံကိန်းရှိ ဓာတ်ငွေ့သိုက် ၂ ခုကို လုပ်ကိုင်နေသည့် ဒေဝူး၏ ဦးဆောင် ကဏ္ဍကို အထက်ပါ ရှယ်ယာ ရောင်းချမည့် ကိစ္စက မည်သို့ အကျိုးသက်ရောက်မှု ရှိလာမည်ကို ရှင်းလင်းစွာ မသိနိုင်သေးပါ။

          ဒေးဝူးကမူ ယခု သီတင်းပတ်တွင် မှတ်ချက် မပေးသေးပါ။ တောင်ကိုရီးယား၏ အကြီးဆုံး သံမဏိ လုပ်ငန်းရှင် POSCO က ဒေဝူး၏ ရှယ်ယာများကို ဝယ်ယူရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည် ဟု တောင်ကိုရီးယား သတင်းမီဒီယာများက ဖော်ပြပါသည်။

          နိုဝင်ဘာလတွင် ဒေဝူးက ဒေါ်လာ ၁.၄ ဘီလျံ တန်ဘိုးရှိ ရွှေစီမံကိန်း ဆောက်လုပ်ရေး ကန်ထရိုက် လုပ်ငန်းကို တောင်ကိုရီးယား၏ ဟွန်ဒိုင်း အကြီးစား စက်မှုလုပ်ငန်းသို့ ပေးအပ်ခဲ့ပါသည်။

          အပြန်အလှန် ရှယ်ယာ ပိုင်ဆိုင်မှုများကြောင့် ဟွန်ဒိုင်းနှင့် POSCO တို့ ဆက်သွယ်မှု ရှိလာ ပါလိမ့်မည်။

          ဟွန်ဒိုင်းနှင့် ပြင်သစ် အင်ဂျင်နီယာ ကုမ္မဏီ ဒေါ်ရစ်စ် တို့သည် တန်ချိန် ၄ သောင်းရှိသော ဓာတ်ငွေ့တွင်း ပလက်ဖောင်းများ၊ ပင်လယ်ကြမ်းပြင် ပိုက်လိုင်းများနှင့် ရွှေစီမံကိန်း၏ ပို့တာမင်နယ်တို့ကို တည်ဆောက် တပ်ဆင်ကြမည်ဖြစ်ပြီး ၂၀၁၃ တွင် ဓာတ်ငွေ့ စတင်ထုတ်လုပ်ရန် စီစဉ် ထားပါသည်။

          ထွက်ရှိလာသော သဘာဝဓာတ်ငွေ့ အကုန်လုံးနီးပါးကို တရုတ်နိုင်ငံသို့ ရောင်းချရန် သဘော တူထားပြီး ဖြစ်၍ မြန်မာနိုင်ငံကို ဖြတ်သန်း တည်ဆောက်နေသော ပိုက်လိုင်းမှတဆင့် တင်ပို့မည် ဖြစ်သည်။

          ရွှေစီမံကိန်း၏ ရှယ်ယာ ၅၁%ကို ပိုင်ဆိုင်ထားသော ဒေဝူးနှင့် ရှယ်ယာ ပါတနာများမှာ မြန်မာ့ ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်း၊ တောင်ကိုရီးယား အစိုးရပိုင် Korea Gas နှင့် အိန္ဒိယနိုင်ငံပိုင် ONGC တို့ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Washington Post,26 Dec 2009

          စားဝတ်နေရေး ကျပ်တည်း ဆင်းရဲလှသော မြန်မာနိုင်ငံနှင့် သံချေးတက်နေသော သံဇကာ စည်းရိုး ပါးပါးလေးတစ်ချပ်သာ ခြားသည့် စီးပွားရေးကြွယ်ဝသော တရုတ် အနောက်တောင်ပိုင်း ယူနန် ပြည်နယ်ရှိ ဖွံ့ဖြိုးနေသော နယ်စပ်မြို့လေးသည် ကမ္ဘာတစ်ဝှမ်း တားဆီး နိမ်နင်းနေကြသည့် လူကုန်ကူးမှုများ၏ ရှေ့တန်း စစ်မျက်နှာအသစ် အဖြစ် ပေါ်ထွက်လာပါသည်။

          နေ့တစ်နေ့ မကုန်ဆုံးမီ ညနေ နှောင်းပိုင်းများတွင် ၆ ပေမြင့်သော နယ်စပ်စည်းရိုးကို ကိုက်တစ်ရာခန့် အကွာမှ တရုတ် နယ်ခြားစောင့်ရဲများ မမြင်အောင် ကျော်တက်နေသော လူများကို ပုံမှန် တွေ့ရလေ့ရှိပါသည်။ နေ့စားအလုပ်ရှာဖွေမည့် မြန်မာအမျိုးသားများ၊ အရောင်းအဝယ်ကောင်း သော တရုတ်ဈေးများတွင် ဟင်းသီးဟင်းရွက်များ ရောင်းချရန် လာသော မြန်မာ အမျိုးသမီးများ အကြားတွင် လူကုန်ကူးသူများ၏ အန္တရာယ်က မသေးလှပါ။

          အတင်းအကျပ် သော်လည်းကောင်း၊ အချို့မှာ အောင်သွယ်များမှ တစ်ဆင့် ၎င်းတို့ဆန္ဒ အလျှောက် သော်လည်းကောင်း မြန်မာအမျိုးသမီးများအား တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် အတွက် တရုတ်နိုင်ငံဖက်သို့ ခေါ်ဆောင်သွားကြခြင်း ဖြစ်သည်။ မွေးကင်းစ ကလေးများကိုလည်း တရုတ်နိုင်ငံတွင် ရောင်းချရန် ယူဆောင်သွားကြပါသည်။ ဆင်းရဲနွမ်းပါးသော တရုတ်ကုန်းတွင်းပိုင်း ဒေသများမှ တရုတ် အမျိုးသမီးများမှာမူ ဆန့်ကျင်ဘက်လားရာသို့ ဦးတည်ထွက်ခွာကြပြီး အရှေ့ တောင်အာရှဒေသ လိင်ဝန်ဆောင်မှု လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ကြပါသည်။

          လူကုန်ကူးမှု အမှောင်လောက အကြောင်းကို အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်ပ ထောက်ပံ့ရေး အေဂျင်စီများမှ အကြံပေးများက ပြောပြရာတွင် တရုတ်နိုင်ငံသည် မူလမြစ်ဖျားခံရာ နိုင်ငံ၊ ခရီးလမ်းဆုံးနိုင်ငံ၊ ခရီး တစ်ထောက်နားရာနိုင်ငံ စသည့် ကဏ္ဍ အားလုံးတွင် အကျုံးဝင် ပတ်သက်နေသည်ဟု ဆိုပါသည်။

          အချို့သော ယူနန် မိန်းကလေးများသည် ထိုင်းနိုင်ငံတွင် အလုပ်ကောင်းကောင်း ရမည်ဟု ယူဆ နေကြကြောင်း ပြောကြားသူမှာ ဘီဂျင်းရှိ United Nation's International Labour Office မှ နည်းပညာအကြံပေးအကြီးအကဲ Kathleen Speake ဖြစ်ပါသည်။ တရုတ်ပြည်တွင်းသို့ မြန်မာများ တဖွဲဖွဲ ဝင်လာလျက်ရှိသည့် မွေးစားမည့် ကလေးများအား မှောင်ခိုသွင်းလာခြင်းလား၊ လက်ထပ်မည့် မိန်းကလေးများအား မှောင်ခိုသွင်းလာခြင်းလား ဆိုသည်ကို မိမိတို့ စောင့်ကြည့်နေသည်ဟု သူမကဆို ပါသည်။

          တရားမဝင် လူကုန်ကူးမှု အတိုင်းအတာနှင့် ပတ်သက်၍ တိကျသော ကိန်းဂဏန်းများ ရရှိရန် မလွယ်ကူပါ။ ဘီဂျင်း အခြေစိုက် ယူနီဆက် UNICEF စီမံကိန်းအရာရှိ Kirsten Di Martino ၏ ပြော ကြားချက်အရ တရုတ်ပြည်သူ့ လုံခြုံရေးဗျူရိုသည် လူကုန်ကူး အမှုပေါင်း ၄၄၀၀၀ ခန့်ကို စုံစမ်း စစ်ဆေးခဲ့ပြီး အမျိုးသမီးနှင့် ကလေး တစ်သိန်းသုံးသောင်းခန့်ကို ကယ်တင်နိုင်ခဲ့သည်ဟု သိရပါသည်။ အဆိုပါ အရေအတွက်သည် အဖျားအနား လောက်သာရှိသည်ဟု သူမကဆိုပါသည်။

          တရုတ်နိုင်ငံတွင် အလွန်ကြီးလွန်းသည့် နယ်ခြားဒေသများကလည်း အများကြီးပင်ဖြစ်သည်။ ပြဿနာတွေကလည်း တပြုံကြီး ရှိနေသည်ဟုလည်း သူမကပြောပါသည်။

          ယူနန်ပြည်နယ် ရွှေလီမြို့တွင် ရာဇဝတ်ဂိုဏ်း ၂ ခုကို ဖြိုခွဲခဲ့ပြီး အမျိုးသမီး ၁၄ ဦးကို ယခုနှစ်ဦး ပိုင်းတွင် ကယ်တင်ခဲ့သည်ဟု အသစ်ဖွဲ့စည်းလိုက်သော လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ မင်ရီလျန်က ပြောကြားပါသည်။

ဥပဒေနှင့်ငြိစွန်းနေသော အောင်သွယ်တောင်လုပ်ငန်း

          မြန်မာနယ်စပ်ရှိ ရွာများတွင် အောင်သွယ်တော်အဖြစ် လုပ်ကိုင်နေသူများ ရှိနေသည်။ ၎င်းတို့အနက် တရားမဝင် လူကုန်ကူးသူများ ပါဝင်နေသည်။ မည်သူက အောင်သွယ်တော်များဖြစ်ပြီး မည်သူက လူကုန်ကူးသမားများ ဖြစ်သည်ကို ခွဲခြား၍ပြောရန် မလွယ်ကူလှပါဟု သူမကဆက်လက် ပြောကြားပါသည်။

          ဥပဒေအရ ရှုပ်ထွေးလှသည့် ဒေသတွင်းရှိ အောင်သွယ်တော် လုပ်ငန်းသည် တရုတ်ရိုးရာ ဓလေ့မှ ဆင်းသက်လာခြင်း ဖြစ်၍ အမျိုးသမီးတစ်ဦးအား လက်ထပ်ရန် ငွေကြေးဖြင့် အလဲအလှယ် လုပ်ခြင်းကို ခွင့်ပြုထားပါသည်။

          အဆိုပါ နယ်စပ်တွင် အောင်သွယ်တော်များအတွက် အလုပ်ရှာဖွေရန် မခက်လှပါ၊ ရွှေလီမှလာ သော ကျောက်ခင်းလမ်းသည် အနောက်ဖက်သို့ ဦးတည်လာပြီး မြန်မာနယ်စပ်နှင့် ရှေးဒေအိရွာသားများ ၏စပါးခင်းများကို အပြိုင် ဖြတ်သန်း ဖောက်လုပ်ထားပါသည်။ မူဆယ်မှ အသက် ၂၈ နှစ်အရွယ် အောင်သွယ်လုပ်ငန်း ကျွမ်းကျင်သူ အမျိုးသမီးတစ်ဦး၏ အဆိုအရ သူမသည် ယင်းလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ ၈ နှစ်ခန့် ရှိပြီဖြစ်၍ တရုတ် ဝယ်လက်များနှင့် မြန်မာ မိန်းကလေးများ စုံတွဲ ၂၀ ခန့်ကို အောင် မြင်စွာ အောင်သွယ် ပေးခဲ့သည်ဟု သိရှိရပါသည်။

          ဥပဒေအရ ငြိစွန်းနေသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းကြောင့် နာမည်ကို မထုတ်ဖော်ရန် တောင်းဆိုခဲ့သော အထက်ပါ အောင်သွယ်တော်အမျိုးသမီး၏ အဆိုအရ ဒေသခံ တရုတ် မိန်းကလေး တစ်ဦး၏ တန်ဘိုးမှာ ယွမ် ၅၀၀၀၀ (ဒေါ်လာ ၇၃၀၀)ခန့် ရှိသော်လည်း မြန်မာ မိန်းကလေး တစ်ဦး၏ တန်ဖိုးမှာမူ ယွမ် ၂၀၀၀၀ (ဒေါ်လာ ၃၀၀၀)မျှသာ ရှိသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaady, 26 Dec 2009

          မြန်မာနိုင်ငံကို ဖြတ်သန်း၍ ရခိုင်ပြည်နယ် ကမ်းရိုးတမ်းမှ တရုတ် ယူနန်ပြည်နယ်သို့ ဆက်သွယ် တည်ဆောက်မည့် ကီလိုမီတာ ၈၀၀ ရှည်သော ရေနံပိုက်လိုင်းနှင့် ပတ်သက်၍ ၁၀၀ ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်နှင့် စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်များ ရရှိခဲ့သည်ဟု တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း CNPC က ပြောကြားပါသည်။

          အဆိုပါ ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာအစိုးရက အာမခံရမည်ဟု တရုတ်နိုင်ငံပိုင် CNPC က ယခုသီတင်းပတ်၌ ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့ပါသည်။

          ပိုက်လိုင်း လုံခြုံရေးအတွက် မြန်မာစစ်တပ်တွင် တာဝန်ရှိသည်ဟု ၎င်းကြေငြာချက်က ဆိုလိုပုံ ရပါသည်။

          အဆိုပါ ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဒေသခံ ပြည်သူများအပေါ် မြန်မာစစ်တပ်၏ ဖိနှိပ်မှုများ၊ အဓမ္မခိုင်းစေမှုများ ဖြစ်ပွားလာနိုင်သည်ဟု လူ့အခွင့်အရေး အဖွဲ့များက စိုးရိမ်ပူပန်နေပါ သည်။

          ရခိုင်ပြည်နယ် မဒေးကျွန်း ကျောက်ဖြူမှ တရုတ်နယ်စပ် ရွှေလီသို့ ဆက်သွယ်မည့် ဒေါ်လာ ၁.၅ ဘီလျံ တန်ဖိုးရှိသော ပိုက်လိုင်းသည် မြန်မာအစိုးရနှင့် ရင်ဆိုင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများ အနီးမှ ဖြတ်သန်း သွားမည်ဖြစ်သည်။

          အဆိုပါ ရေနံပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ပေါင်း ၁၂ သန်း (သို့) တနေ့လျှင် ရေနံစည်ပေါင်း ၂၄၀၀၀၀ ခန့် သယ်ပို့ ပေးနိုင်မည်ဟု Xinhua သတင်း အေဂျင်စီ၏ အဆိုအရ သိရပါ သည်။ အချို့သော တရုတ် သတင်းများကမူ ထိုပမာဏထက် များစွာ ပိုလိမ့်မည်ဟု ဆိုပါသည်။

          တရုတ်တို့သည် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ လာသော ရေနံတင်သင်္ဘောများ ဆိုက်ကပ်ရန်အတွက် ကြီးမားသော ဆိပ်ကမ်းတစ်ခုကို ကျောက်ဖြူတွင် တည်ဆောက်ရန်ရှိပြီး မလက္ကာ ရေလက်ကြားနှင့် စင်ကာပူကို ဖြတ်သန်း၍ အသုံးပြုနေကျ ရေလမ်းကြောင်းကို ရေကြော ရှုံ့ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

          ပြီးခဲ့သော နိုဝင်ဘာလတွင် ရေနံပိုက်လိုင်း တည်ဆောက်မည့် မဒေးကျွန်းပေါ်မှ လယ်ယာများ ကို လျော်ကြေးမပေးပဲ မြန်မာစစ်တပ်က သိမ်းယူခဲ့သည်ဟု လူ့အခွင့်အရေး အဖွဲ့များက အစီရင်ခံခဲ့ပါ သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          အိန္ဒိယ-မြန်မာ ၂ နိုင်ငံ နယ်စပ်ကို ဖြတ်သန်းသွားသော ကုလားတန်မြစ်ကိုရောက်ရှိမည့် ဒေါ်လာသန်း ၁၄၀ တန်ဘိုးရှိ အဝေးပြေးလမ်းကို အိန္ဒိယနိုင်ငံက ၎င်း၏အရှေ့မြောက်ဒေသတွင် ဖောက်လုပ်နေပါသည်။

          မြန်မာနိုင်ငံကမ်းရိုးတန်း စစ်တွေသို့ စုန်ဆင်းသွားသော ကုလားတန်မြစ်၏ ကီလိုမီတာ ၂၀၀ ရှည်သော ရေကြောင်းလမ်းကို တိုးတက်လာစေရေးအတွက် ဒေါ်လာသန်း ၁၀၀ တန် ဘက်စုံ ဖွံ့ဖြိုးရေး လုပ်ငန်းအား သီးခြားဆောင်ရွက်ရန် အိန္ဒိယက ဆွေးဆွေးညှိနှိုင်းနေပါသည်။

          ယခုတည်ဆောက်နေသော ကီလိုမီတာ ၁၀၀ ရှည်သည့် အဝေးပြေး လမ်းသစ်သည် အိန္ဒိယ နိုင်ငံ မီဇို ရမ်ပြည်နယ်ကို ဖြတ်သန်းသွားမည်ဖြစ်သည်။

          မြန်မာနိုင်ငံ ဘင်္ဂလားပင်လယ်အောင် ကမ်းခြေသို့ ဆက်သွယ်မည့် ကုန်သွယ်ရေးလမ်း ကြောင်းအတွက် အိန္ဒိယနိုင်ငံက တွန်းအားပေးလျက်ရှိပြီး အိန္ဒိယအရှေ့မြောက်ဒေသနှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် တို့ကြားတွင် ကုန်သွယ်မှု တိုးတက်လာစေမည့် အခြေခံတူညီမှုများ ရှိနေပါသည်။

          အိန္ဒိယ ကန်ထရိုက်တာများက ယိုယွင်းနေသော စစ်တွေ ဆိပ်ကမ်းကိုလည်း ပြုပြင်မွန်းမံရန် မျှော်လင့် ထားကြပါသည်။

          မီဇိုရမ်နှင့် စစ်တွေအကြား ကုန်သွယ်ရေး လမ်းကြောင်းကို ဖွင့်လှစ်လိုက်သည်နှင့် ဒေါ်လာသန်း ၁၀၀ ကျော် တန်ဘိုးရှိသော ကုန်သွယ်ရေး အကျိုးခံစားခွင့်များကို ချက်ခြင်း ဆောင်ကြဉ်း ပေးလိမ့်မည်ဟု အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ စက်မှုနှင့် ကူးသန်း ရောင်းဝယ်ရေး ဖက်ဒရေးရှင်း ဥက္ကဌ R.S Joshi က မှန်းဆပြောကြားခဲ့ကြောင်း အိန္ဒိယ Business Standard သတင်းစာက ဖော်ပြခဲ့ပါသည်။ မကြာမှီ အချိန်အတွင်း "ကြီးကြီးမားမား ပေါက်မြောက် သွားလိမ့်မည်"ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းကဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ဂျပန်နိုင်ငံ၊ ဟွန်ရှူးကျွန်းအနီး နာဂါနိုပြည်နယ်ဒေသမှ မီနန်မန်နိုဝါမူရာ ကျေးရွာတွင် နေထိုင်သော အဘိုးအိုတစ်ဦးမှာ လာမည့် ၂၀၁၀ ပြည့် နှစ်သစ်ကူး အချိန်ကာလတွင် မြန်မာပြည်မှ ပေးပို့လိုက်မည့် ပန်းဂျုံ လတ်လတ်ဆတ်ဆတ်များကို စောင့်မျှော်လျက်ရှိသည်။

ထိုအဘိုးအိုမှာ အခြားမဟုတ်။ အသက် ၇၅ နှစ်အရွယ်ရှိ မစ္စတာ Akio Ujihara ဆိုသူဖြစ်သည်။ သူသည် Shinshu တက္ကသိုလ်မှ ပါမောက္ခဟောင်း တစ်ဦးလည်းဖြစ်ပြီး "ဒေါက်တာဆိုဘ" ဟုလူသိများသည်။  

မစ္စတာ Akio Ujihara သည် မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ရှိ ဘိန်း အမြောက်အမြား စိုက်ပျိုးသော နာမည်ကျော် ရွှေတြိဂံဒေသတွင် ဘိန်းအစား ပန်းဂျုံများ အစားထိုး စိုက်ပျိုးရန် အကြံပေးခဲ့သူ ဖြစ်ပါသည်။ ပန်းဂျုံမှုန့်များကို ဂျပန်ရိုးရာ ခေါက်ဆွဲ ဖြစ်သော ဆိုဘ ပြုလုပ်ရာတွင် အသုံးပြုသည်။  ယခုလာမည့် နှစ်သစ်တွင် ပန်းဂျုံများ တင်ပို့မှုသည် မြန်မာပြည်မှ ဂျပန်သို့ သီးနှံ တင်ပို့မှု ၁၀ နှစ် ပြည့် အထိမ်းအမှတ်လည်း ဖြစ်သည်။ 

မစ္စတာ Akio Ujihara သည် Shinshu တက္ကသိုလ်တွင် ဆိုဘ ခေါက်ဆွဲ ပြုလုပ်မှုကို ၃၂ နှစ်တာမျှ လေ့လာဆည်းပူးခဲ့သည်။ သူသည် အမျိုးအစား မတူသော ပန်းဂျုံ လေးမျိုးကို စမ်းသပ် စိုက်ပျိုး နိုင်ခဲ့သည်။ 

သူသည် ၁၉၉၉ ခုနှစ် တွင် တက္ကသိုလ်မှ အငြိမ်းစားယူခဲ့ပြီးနောက် Japan International Cooperation Agency—JICA (ဂျကာ) တွင် ကျွမ်းကျင်သူ ပညာရှင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အခြေစိုက် ဂျကာ ရုံးတွင် တာဝန်ဖြင့် လေးနှစ်တာမျှ လာရောက်နေထိုင်စဉ် သူ၏ စိုက်ပျိုးရေး သုတေသန အတွေ့အကြုံများနှင့် စမ်းသပ်ချက်များကို ထုတ်ဖော်အသုံးချရန် ကြိုးစားလာခဲ့သည်။ 

မြန်မာပြည်တွင် နေထိုင်စဉ် သူပုန် လက်နက်ကိုင်များ ကြောင့် အမဲရောင် နယ်မြေအဖြစ် သတ်မှတ်ထားသော ရှမ်းပြည်နယ်မှ ကျေးရွာ ဒေသအချို့သို့ သွားရောက် လည်ပတ်ခဲ့သည်။ ထို ကျေးရွာများမှာ နိုင်ငံခြားသားများ ဝင်ရောက်ခွင့် မရှိသော နေရာများဖြစ်သည်။ ထိုသို့ သွားရောက်စဉ် မစ္စတာ Akio Ujihara က အပူဒဏ် ခံနိုင်ရည်ရှိသော ပန်းဂျုံပင်များ စိုက်ပျိုးနိုင်သည့် နည်းလမ်းများ ပေးခဲ့သည်။

ရှမ်းပြည်နယ်သည် ပုံမှန်အားဖြင့် တောင်ထူထပ်သော ဒေသဖြစ်ရာ ကောက်ပဲသီးနှံပင်များ စိုက်ပျိုးရန် ခက်ခဲလှသည်။ သို့အတွက်ကြောင့် ဘိန်းပင်များသည်သာ ဝင်ငွေ အဓိက ရရှိသော သီးနှံပင် နေရာကို ရရှိခဲ့ခြင်း ဖြစ်သည်။ 

ဂျပန်၊ အမေရိကန်နှင့် ကုလသမဂ္ဂတို့၏ အကူအညီ အထောက်အပံ့ကြောင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းခဲ့သလို ဘိန်းစိုက်ပျိုးခဲ့သော ဒေသခံပြည်သူများ၏ ဝင်ငွေမှာ လည်း သိသိသာသာ ကျဆင်းခဲ့သည်။ ယခင် ဘိန်း စိုက်ပျိုးခဲ့သူများမှာ  အခြားသော ဝင်ငွေရမည့် နည်းလမ်းကို ခက်ခက်ခဲခဲ ကြိုးစား ရှာဖွေခဲ့ကြ ရသည်။ ဝင်ငွေ လွန်စွာ ကျဆင်းသွားသောကြောင့် ၎င်းတို့မှာ ဘိန်း ပြန်လည် စိုက်ပျိုးရန်ပင် ဖိအားပေး ခံနေရသလို ဖြစ်လာသည်။

ဤသို့သော အခြေအနေမျိုးတွင် ပန်းဂျုံပင်များ အစားထိုး စိုက်ပျိုးမှုသည် လွယ်ကူသော အလုပ်တစ်ခု ဖြစ်လာသည်။ ပန်းဂျုံပင်များသည် စိုက်ပျိုးမြေယာ မည်မျှ အတိုင်းအတာထိ ညံ့ဖျင်း နေစေကာမူ ရက်ပေါင်း ၆၀(နှစ်လခန့်) အတွင်း စိုက်ပျိုး ထုတ်လုပ်နိုင်သည်။

လက်ရှိ အနေအထားတွင် ရှမ်းပြည်နယ်မှ အိမ်ရာပေါင်း ၄၀၀၀ ခန့်မှာ ပန်းဂျုံများ စိုက်ပျိုးလျက် ရှိသည်။ ပန်းဂျုံ စိုက်ပျိုးမြေ ဧကစုစုပေါင်းမှာ ဟက်တာ ၁၀၀၀ ခန့် ဖြစ်ပြီး တန်ပေါင်း ၂၅၀ ခန့် ထုတ်လုပ်နိုင်သည်။ ယခင်က ဘိန်းပင်များ စိုက်ပျိုးခြင်း မရှိခဲ့သော ကျေးရွာများ သည်ပင် ပန်းဂျုံများ စိုက်ပျိုးလာသည်ကို တွေ့ရသည်။  

မြန်မာနိုင်ငံတွင် ဖြစ်ထွန်းသော ပန်းဂျုံများသည် ဂျပန်ပြည်တွင် ထုတ်လုပ်သော ပန်းဂျုံများနှင့် အရည်အသွေး တူညီကြောင်း မစ္စတာ Akio Ujihara က ပြောကြားသည်။  

မြန်မာပြည်မှ ထွက်ရှိသည့် ပန်းဂျုံများကို ဝယ်ယူသူ အများစုမှာ ဂျပန်နိုင်ငံမှ သီးနှံ ကြိတ်ခွဲရေး လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီကြီးများ၊ ဆိုဘ ခေါက်ဆွဲစက်များ ဖြစ်ကြပြီး အဆိုပါ လုပ်ငန်းများသည် ပန်းဂျုံတန် ၇၀ ခန့် မှာယူ တင်သွင်းလေ့ ရှိကြောင်း သိရသည်။  

မြန်မာနိုင်ငံတွင်မူ ဆိုဘ ခေါက်ဆွဲကို စားသုံးသူများ စားလေ့စားထ မရှိ ကြပေ။ ဂျပန်သို့ တင်ပို့ရာမှ ကျန်ရှိသော ပန်းဂျုံများကို ပြည်တွင်း ကုမ္ပဏီအချို့က ဝယ်ယူပြီး အရက်ချက်ရာတွင် အသုံးပြုကြသည်။  

"မြန်မာ ဆိုဘက အရည်အသွေးကောင်းပြီး စိတ်ချလက်ချ စားလို့ရတယ်" ဟု ၎င်းက ပြောသည်။  

မစ္စတာ Akio Ujihara သည် အာရှဒေသ မူးယစ်ဆေးဝါးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ပန်းဂျုံ စိုက်ပျိုး ထုတ်လုပ်သည့် အရောင်းအဝယ် လုပ်ငန်းကို လည်း သူ၏ ဝန်ထမ်းများဖြင့် အတူလုပ်ကိုင်လျက် ရှိသည်။  

Yomiuri Shimbun မှ Dr Soba focuses on Myanmar buckwheat ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima News,24 Dec 2009

မြန်မာနိုင်ငံပိုင် သတင်းစာ New Light of Myanmar က နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း သည် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ညီလာခံ တက်ရောက်ပြီးနောက် ဒိန်းမတ်နိုင်ငံမှ ပြန်လည် ရောက်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့ပါသည်။

          အဆိုပါ သတင်းစာက ဆက်လက်၍ ဦးဥာဏ်ဝင်းသည် ညီလာခံတွင် မိန့်ခွန်းပြောကြားခဲ့ ကြောင်း၊ ထို့အပြင် ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး Carl Bildt ဦးဆောင်သော ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများနှင့် လည်း ကိုပင်ဟေဂင် ညီလာခံ အဝန်းအဝိုင်းတွင် တွေ့ဆုံခဲ့ပြီး အိမ်ရှင် ဒိန်းမတ် နိုင်ငံခြား ရေးဝန်ကြီး Per.Stig Moller လည်း တက်ရောက်ခဲ့သည်ဟု ဖော်ပြပါသည်။

          အထက်ပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဆိုင်ရာ အီးယူအထူး ကိုယ်စားလှယ် မစ္စတာ ပီယာရိုဖာစီနို လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရန် ရှေ့ရှုသော ထင်ရှားသည့် တိုးတက်မှုများ ဖြစ်ပေါ်ရေးနှင့် လူအခွင့်အရေးများကို လေးစားရေးတို့ကို ရည်မှန်းချက် ထားသော ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည့် ၎င်းတို့၏ ဆန္ဒကို အီးယူ နိုင်ငံခြားရေး ဝန်ကြီးများက ထပ်ဖန်တလဲလဲ ပြောကြားခဲ့သည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် အီးယူက ထုတ်ပြန်ပါသည်။

          မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် လိုအပ်ချက်ဖြစ်သည့် အမျိုးသား ပြန်လည်ပေါင်းစည်းရေးနှင့် ပတ်သက်၍ အရေးကြီးသော တိုးတက်မှု များကို ပြသနိုင်ရေး၊ အားလုံးပါဝင်ခွင့်ပြုနိုင်ရေးတို့အတွက် ၂၀၁၀ ရွေးကောက်ပွဲများသည် အရေး ကြီးသည့် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း အီးယူနိုင်ငံခြားရေးဝန်ကြီးများက ဦးဥာဏ်ဝင်းကို ပြော ကြားခဲ့ပါသည်။

          ထို့အပြင် မြန်မာတပ်မတော် အစိုးရအနေဖြင့် လွတ်လပ်၍ မျှတသော ရွေးကောက်ပွဲများကို ရှေ့ရှုသည့် အစစ်အမှန် ဆောင်ရွက်ချက်များ ပြုလုပ်ရန်ကိုလည်း ဝန်ကြီးများက တိုက်တွန်းခဲ့ပါသည်။

          သီတင်းတပတ် အကြာတွင် ထွက်ပေါ်လာသော ဦးဥာဏ်ဝင်း၏ ဒိန်းမတ်ခရီးစဉ်နှင့် ပတ်သက် သော သတင်းဖော်ပြချက်သည် မြန်မာအစိုးရ အာဘော်သတင်းစာက ဖော်ပြနေသော အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်သည့် သတင်းများအနက်မှ တခုဖြစ်ပါသည်။

          တပ်မတော် ခေါင်းဆောင်များ၏ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များကိုသာ သတင်းအဖြစ် ထုံးစံအတိုင်း ဖော်ပြလေ့ရှိသော အင်္ဂလိပ်ဘာသာ သတင်းစာသည် အပယ်ခံ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ပြည်ပနိုင်ငံ ခေါင်းဆောင်အနည်းငယ်နှင့် ဒုတိယခေါင်းဆောင်များ၊ ပြည်ပအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ သတင်းများကို လွန်ခဲ့သော သီတင်းပတ် အနည်းငယ်အတွင်း ဆက်တိုက် ဖော်ပြခဲ့သည်ကို တွေ့ရပါသည်။

          ကြာသပတေးနေ့က ထုတ်ဝေသော သတင်းစာတွင် Central China Power Grid International Economic and Trade Co.Ltd ဥက္ကဌ မစ္စတာ လီချာအို ခေါင်းဆောင်သော ကိုယ်စား လှယ်အဖွဲ့၏ ခရီးစဉ်အပါအဝင် အဆိုပါ ကိုယ်စားလှယ်အဖွဲ့နှင့် အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့်တို့ တွေ့ဆုံမှုကို ဖော်ပြခဲ့ပါသည်။

          ဗုဒ္ဓဟူးနေ့က ထုတ်ဝေသော သတင်းစာတွင် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဒုတိယဝန်ကြီး မစ္စတာ ဟီရိုယူကီအီရှီဂဲ၏ ခရီးစဉ်အပါအဝင် ၎င်းနှင့် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်တို့၏ တွေ့ဆုံမှုကို ဖော်ပြခဲ့ပါသည်။

          အင်္ဂါနေ့ထုတ် သတင်းစာတွင် တရုတ်နိုင်ငံ CTTIC အုပ်စု၏ အကြီးအကဲ ချန်ဇန်မင်း၏ ခရီးစဉ် အပါအဝင် ၎င်းနှင့် ပို့ဆောင်ရေးဝန်ကြီး ဗိုလ်ချုပ်သိန်းဆွေတို့၏ တွေ့ဆုံမှုကို ဖော်ပြခဲ့ပါသည်။

          တနင်္လာနေ့ထုတ် သတင်းစာတွင် တရုတ်ဒုတိယသမ္မတ ဂျင်ဇီပင်း၏ ခရီးစဉ်အပါအဝင် ၎င်းနှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ တွေ့ဆုံမှုကို ဖော်ပြခဲ့ပါသည်။ လာရောက် လည်ပတ်သော ပြည်ပဧည့်သည်တော်အများစုမှာ နိုင်ငံခေါင်းဆောင်များ မဟုတ်၍ အရေး ပါသည်ဟု မဆိုနိုင်သော်လည်း အနောက်နိုင်ငံများက အရေးယူထားသော မြန်မာနိုင်ငံသို့ ပြည်ပဧည့် သည်များစွာ လာရောက်ခဲ့သည့်အချက်မှာ အရေးပါသည်ဟု မြန်မာအရေး အကဲခတ် လေ့လာသူတစ်ဦးက ဆိုပါသည်။

          ထိုင်းနိုင်ငံအခြေစိုက်မြန်မာအကဲခတ်သမား ဝင်းမင်းက ယခုနောက်ပိုင်း မြန်မာအစိုးရထံ လာရောက်လည်ပတ်ဆက်ဆံရန် စိတ်ဝင်စားလာသော နိုင်ငံများတိုးပွားလာပြီး အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံမူဝါဒသစ်သည် ယင်းကဲ့သို့ပြောင်းလဲလာခြင်း၏ အကြောင်းအရင်းတစ် ချက်ဖြစ်နိုင်သည်ဟု ပြောကြားပါသည်။

          အမေရိကန် ပြည်ထောင်စု၏ အရေးယူ ပိတ်ဆို့မှုနှင့် တပြိုင်တည်း ညှိနှိုင်းဆွေးနွေးရေး မူဝါဒသစ်သည် အခြားနိုင်ငံ ကိုယ်စားလှယ်များ လာရောက်နိုင်ရန်အတွက် တစိတ်တပိုင်း အားပေးမှုတစ်ခု ဖြစ်ဖွယ်ရှိသည်ဟု ၎င်းကဆိုပါသည်။

          အမေရိကန် ပြည်ထောင်စုသည် မြန်မာအစိုးရအပေါ် ထားရှိမည့် မူဝါဒသစ်ကို စက်တင်ဘာလ က ကြေညာခဲ့ပြီး ၎င်းမူဝါဒအရ အမေရိကန်သည် ပိတ်ဆို့မှုများ ချမှတ်ထားဆဲ ကာလတွင် မြန်မာအစိုး ရနှင့် တိုက်ရိုက် ဆွေးနွေးလိုခြင်း ဖြစ်သည်။ အမေရိကန် - မြန်မာ ဆက်ဆံရေး ပထမအဆင့် အနေဖြင့် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ နိုဝင်ဘာလက ရောက်ခဲ့ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဆွေးနွေးခဲ့ပါသည်။

          ပြည်နိုင်ငံ အများစုက ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို တံခါးဖွင့်စေရန် ရည်ရွယ်သော ၎င်းတို့၏ ခရီးစဉ်မှ အကျိုးရလဒ်များ ထွက်ပေါ်နိုင်သည်ကို မြင်တွေ့လိုကြသည့် အချိန်တွင် အချို့နိုင်ငံများက ရွေးကောက်ပွဲ မတိုင်မှီ ၎င်းတို့၏ ကိုယ်ကျိုးစီးပွား အကျိုးအမြတ်များ သေချာစိတ်ချရစေရန် ကြိုးစား နေကြသည်ဟု ဝင်းမင်းက မှတ်ချက်ပေးပါသည်။

          ၎င်းက ဆက်လက် ပြောကြားရာတွင် စီးပွားရေး နိုဗယ်ဆုရှင် ဂျိုးဇက်စတစ်ဂလစ်၏ မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာအစိုးရ ခေါင်းဆောင်များအား စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ အကြံဥာဏ် ပေးနိုင်ဖွယ်ရှိပြီး ဂျပန်နိုင်ငံကလည်း ပိုမိုလွတ်လပ်သော စီးပွားရေးကဏ္ဍ၏ ဖြစ်နိုင်ချေများကို လေ့လာရန် စိတ်ဝင်စားဖွယ် ရှိသည်ဟု ဆိုပါသည်။

          ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပရန်စီစဉ်ထားသော အစိုးရ၏ လမ်းပြမြေပုံအတွက် နိုင်ငံတကာ အားပေးထောက်ခံမှုများ ရရှိအောင် မြန်မာအစိုးရက ပြင်းပြင်းထန်ထန် ကြိုးစားနေသည် ဆိုသော အချက်ကို နိုင်ငံခြား ဧည်သည်တော်များ၏ ခရီးစဉ်များက ရည်ညွှန်းနေသည်ဟု ဝင်းမင်းက ဖြည့်စွက် သုံးသပ်လိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်ဒေသတွင် ဌာနဆိုင်ရာ အဆောက်အအုံများ၊ အိမ်ရာများ ၊ လမ်းမကြီးများ၊ ဈေးများ၊ ဟိုတယ်-မော်တယ်နှင့် အပန်းဖြေစခန်းများ ထွက်ပေါ်လာပြ ဖြစ်သော်လည်း နေပြည်တော်ဒေသ ဆောက်လုပ်ရေး လုပ်ငန်းများမှာ ဆက်လက် အကောင်အထည် ဖော်လျက် ရှိသည်ကို တွေ့ရပါသည်။ 

အုပ်ချုပ်ရေး ယန္တရား တစ်ခုလုံး ရန်ကုန်မှ နေပြည်တော်သို့ ပြောင်းရွှေ့သွားသည့် နောက်ပိုင်း ကာလများတွင် နေပြည်တော်ဒေသ မြို့သစ်ကြီး ငါးမြို့ကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်နေဆဲ ဖြစ်သည်။ 

မြို့တော်သစ်ကြီး ငါး မြို့မှာ ဥတ္တရာသီရိ၊ ဒက္ခိဏသီရိ၊ ပုပ္ပါသီရိ၊ ဇဗ္ဗူသီရိနှင့် ဇေယျာသီရိတို့ ဖြစ်ပြီး ယခင်ရှိပြီးသား မြို့ဟောင်း သုံးခု ဖြစ်သော ပျဉ်းမနား၊ လယ်ဝေး၊ တက်ကွန် တို့နှင့် ပေါင်းပါက နေပြည်တော် ခရိုင်ဒေသ မြို့စုစုပေါင်း ၈ ခုဖြစ်လာမည်ဖြစ်သည်။ အဆိုပါ မြို့ဟောင်းသုံးခုမှာ ယခင်က မန္တလေးတိုင်းတွင် ပါဝင်ခဲ့သော်လည်း ယခုအခါ နေပြည်တော် ဒေသပိုင်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်သည်။ 

ဤအတောအတွင်းမှာပင် မြို့တော်ဟောင်း ရန်ကုန်တွင် ကျန်ရှိနေသော အစိုးရဌာန ရုံးများ ကို နေပြည်တော်သို့ ပြောင်းရွှေ့နေရာချရန် အစိုးရက စီစဉ်လျက်ရှိသည်။  

သို့သော် ဝန်ကြီးဌာန ညွှန်ကြားရေး ရုံးခွဲမျာမှာ မြန်မာနိုင်ငံ တောင်ပိုင်း ဒေသ ဝန်ကြီးဌာန ရုံးခွဲများ အဖြစ် ရန်ကုန်မြို့တွင် ဆက်လက် ထားရှိမည် ဖြစ်ကြောင်း သတင်းပေးပို့ချက်များ အရ သိရသည်။ 

မြန်မာစစ်အစိုးရသည် ၂၀၀၅ခုနှစ် နိုဝင်ဘာလတွင် အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို ရန်ကုန်မြို့မှ မြောက်ဘက် ၃၉၀ ကီလိုမီတာ အကွာ နေပြည်တော်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ နေပြည်တော် မြို့သစ်သည် ပဲခူးရိုးမ တောင်တန်းများနှင့် အရှေ့ဘက် ရှမ်းရိုးမ တောင်တန်းများ အကြားတွင် တည်ရှိပြီး ဧရိယာ စတုရန်းကီလိုမီတာ ၇၀၅၄ ဒဿမ ၃၇ ကျယ် ဝန်းသည်။ နေပြည်တော်တွင် လူဦးရေ စုစုပေါင်း ၉၂၄၆၀၈ ဦး ရှိကြောင်း အစိုးရက ထုတ်ပြန်သော စာရင်း ဇယားများအရ သိရသည်။ 

နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီး တစ်နှစ်ကျော်ခန့် အကြာတွင် အစိုးရက ရန်ကုန်မြို့ တွင် ကျန်ရစ်သော အစိုးရပိုင် အဆောက်အအုံများ လေလံတင် ရောင်းချနိုင်ရေး အတွက် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းစေခဲ့သည်။ အဆိုပါ ကော်မတီဥက္ကဋ္ဌမှာ အမျိုးသားစီးပွားရေး စီမံကိန်းနှင့် ဖွံ့ဖြိုးရေးဝန်ကြီး ဌာနဝန်ကြီး ဦးစိုးသာဖြစ်သည်။

လေလံတင် ရောင်းချသည့် အစီအစဉ်တွင် အစိုးရ ကြီးကြပ်မှုဖြင့် အကောင်အထည်ဖော် လျက်ရှိသော အိမ်ရာစီမံကိန်း အဆောက်အအုံများ၊ အဆိုပါစီမံကိန်းနှင့် ပတ်သက်သော မြေများလည်း ပါဝင်သည်။  

မြန်မာအစိုးရက နေပြည်တော် မြို့တော်သစ် တည်ဆောက်ရာတွင် အစိုးရဌာနများ၌ ကာလ ကြာရှည်စွာ အမှုထမ်းခဲ့သော ဝန်ထမ်းများအား မြေယာသစ်များ ပေးခဲ့သည်။ ယင်းသို့ မြေပေးရာတွင် အစိုးရ ဝန်ထမ်းအဖြစ် ၁၀ နှစ်၊ နေပြည်တော်တွင် ၂ နှစ် တာဝန်ထမ်းခဲ့ဖူးသူများကို ဦးစားပေး ဝယ်ယူခွင့်ပေးခဲ့ခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်မှစ၍ နေပြည်တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီ သည် မြန်မာနိုင်ငံသားများအား မြေယာများ ဝယ်ယူခွင့်ပြုပြီး  နေပြည်တော်၌ လာရောက် ရင်းနှီးမြှုပ်နှံကြရန် ဖိတ်ခေါ် ခဲ့သည်။ 

အဆိုပါ မြေယာကွက်သစ်များသည် အိမ်ရာမြေများ၊ ရှော့ပင်းစင်တာများ၊ ဈေးများ၊ အဝေးပြေး ကားစခန်းများနှင့် ကားဝပ်ရှော့များ တည်ဆောက်ရန် လျာထားခြင်းဖြစ်သည်။  

နေပြည်တော် စည်ပင်သာယာရေးနှင့် ဖွံ့ဖြိုးရေး ကော်မတီအဆိုအရ အဆောက်အအုံများ ဆောက်လုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ၁၀ နှစ်အတွင်း လွှဲပြောင်း ရောင်းချခွင့် မရှိသော နှစ် ၃၀ မြေငှားရမ်း နေထိုင်ခွင့် လက်မှတ်ရရှိမည် ဖြစ်သည်။ 

ဤအတောအတွင်းမှာပင် မြန်မာအစိုးရသည် နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ၏ တစ်စိတ်တစ်ပိုင်းအဖြစ် နေပြည်တော်နှင့် ချိတ်ဆက်မည့် လမ်းဖောက်လုပ်ရေး စီမံကိန်း များကိုပါ အကောင်အထည် ဖော်နေသည်။ 

ရန်ကုန်မြို့နှင့် နေပြည်တော် ချိတ်ဆက်ထားသည့် ၈ လမ်းသွား အဝေးပြေး လမ်းမကြီးကိုလည်း ပြီးခဲ့သည့် မတ်လက ဖွင့်လှစ်ခဲ့သည်။ အဆိုပါလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းကို ဧရာမ ဆောက်လုပ်ရေး လုပ်ငန်းကြီး ၁၂ ခုက တာဝန်ယူ ဖောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ရန်ကုန်-နေပြည်တော် အဝေးပြေး လမ်းမကြီးသည် ၃၂၃ ဒဿမ ၂ ကီလိုမီတာ ရှည်လျားသည်။ နေပြည်တော်သို့ ယခင်လမ်းဟောင်းဖြစ်သော ရန်ကုန် - မန္တလေးအဝေး ပြေး လမ်းမကြီးမှ သွားပါက ၅၆၃ ကီလိုမီတာခန့် ဝေးကွာသည်။  

ထို့ပြင် မြန်မာအစိုးရသည် ယခင် ပျဉ်းမနားဘူတာနှင့် နီးကပ်သော နေရာတွင် နေပြည်တော် ဘူတာသစ်တစ်ခုကို တည်ဆောက်လျက် ရှိသည်။ နေပြည်တော်တွင် နေထိုင်သူများ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်ရန် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး အတွက် လိုအပ်သော လေ့လာ တိုင်းထွာမှုများကို ဆောင်ရွက်ဆဲဖြစ် ကြောင်း အစိုးရက ဆိုသည်။ 

အဆိုပါ ဘူတာသစ်မှာ မကြာသေးခင်က တည်ဆောက်မှု ပြီးဆုံးသွားပြီဖြစ်သည် ဟုဆိုသော နေပြည်တော် ဘူတာသစ်ကြီး ပြီးသည့်နောက် ဒုတိယမြောက် ဘူတာ ဖြစ်လာမည် ဖြစ်သည်။ 

တရိစ္ဆာန်ဥယျဉ်၊ ရေတံခွန်၊ ပရဆေးဥယျာဉ် ၊အမျိုးသားအထိမ်းအမှတ်ဥယျာဉ် နှင့် ငါးလိုက် ကန်သာ အပန်းဖြေစခန်း တို့မှာလည်း တည်ဆောက်ပြီးစီး သွားပြီဖြစ်သည်။ ထို့ပြင် မြန်မာပုဂ္ဂလိက ကုမ္ပဏီများက နေပြည်တော်တွင် ရှော့ပင်းစင်တာများ၊ ကုန်တိုက်များ စုစုပေါင်း ၄၂ ခုကို တာဝန်ယူ တည်ဆောက်လျက် ရှိသည်။ နေပြည်တော်သို့ လာရောက်လ ည်ပတ်မည့် သူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်၍ တည်ဆောက်နေခြင်း ဖြစ်သည်။  

နေပြည်တော်တွင် အစိုးရဌာနများ၊ အိမ်ရာစခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့်ဘဏ်များ၊ မြန်မာ့ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်ကြီးများ အသင်း ကဲ့သို့သော ခေတ်မီသည့် အဆောက်အအုံ များလည်း ပေါ်ထွက်ခဲ့ပြီးဖြစ်သည်။ နာမည်ကျော် ရွှေပုဇွန်မုန့်တိုက်ပင် ပါရှိသေးသည်။ 

တစ်ချိန်တည်းမှာပင် အခြားသော ဆောက်လုပ်ရေး ကုမ္ပဏီများကလည်း ခေတ်မီ ရှော့ပင်းစင်တာကြီးများကို တရှိန်ထိုး တည်ဆောက်လျက်ရှိပြီး အချို့မှာ အပြီးသတ် အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါ ရှော့ပင်းစင်တာများထဲတွင် နေပြည်တော် Junction Center ကို ပြီးခဲ့သည့် သြဂုတ်လက ဖွင့်လှစ်ခဲ့သည်။ Junction Centerကို ရွှေတောင် ဆောက်လုပ်ရေးက တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ဆိုပါက မြန်မာနိုင်ငံ မြိုတော်သစ် နေပြည်တော်သည် လာမည့် ဆယ်စုနှစ် တစ်ခုလောက် တွင် မြို့တော်အင်္ဂါရပ်နှင့် ပြည့်စုံသော အဆင့်သို့ ရောက်ရှိလာမည်ဟု ခန့်မှန်းရပါသည်။ 

Xinhua သတင်းဌာန၏ Construction of Myanmar new capital continues ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.