Transparency Myanmar

transparency.myanmar@gmail.com

          ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်ဒေသ တစ်လျှောက်တွင် ဆောက်လုပ်လျက် ရှိသော ခြံစည်းရိုး ကာသည့် အရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဦးနှစ်ဖက် ဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော Bangladesh Rifle (BDR) နှင့် မြန်မာ နယ်စပ်ဒေသ စောင့်တပ် ဖြစ်သော Nasaka တို့ ပူးပေါင်းပြီး ဘန်ဒါဘန် ခရိုင် Naikhyongchhari ဒေသရှိ Chakdhala မြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိရသည်။

          ဇန်နဝါရီလ အစောပိုင်း လောက်က အဆိုပါ နယ်စပ်ဒေသတွင် ခြံစည်းရိုး တည်ဆောက်သည့် ကိစ္စအပေါ် BDR နှင့် Nasaka တို့ ပူးပေါင်းကာ ဆန္ဒ ပြခဲ့ကြကြောင်း၊ ယင်းသို့ တည်ဆောက်မှုသည် နိုင်ငံတကာ နယ်နိမိတ်ဆိုင်ရာ ဥပဒေများကို လျစ်လျူရှု ထားခြင်း ဖြစ်သည်ဟု စွပ်စွဲ ပြောဆို ခဲ့ကြကြောင်း BDR နှင့် နီးစပ်သော သတင်း ရင်းမြစ်များက ဆိုပါသည်။

နယ်စပ်ဖြတ်ကျော် မှောင်ခို ရောင်းဝယ်မှု တိုက်ဖျက်ရေး လုပ်ရပ်များ၊ ရိုဟင်ဂျာ လူမျိုးများ ဝင်ရောက်သည့် ကိစ္စများ အပါအဝင် နယ်စပ်ဒေသ ငြိမ်းချမ်းမှု ထွန်းကားရေး ကိစ္စ အစရှိသည်တို့ကို အဆိုပါ ဆွေးနွေးပွဲတွင် ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။

          Nasaka တို့က Azizul Haque နှင့် Noor Mohammad အပါအဝင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ဦးအား BDR သို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။

Azizul Haque နှင့် Noor Mohammad တို့နှစ်ဦးအား Nasaka တို့က လွန်ခဲ့သည့် နှစ်လခန့်က ဖမ်းမိခဲ့ခြင်း ဖြစ်သည် ဟု သတင်း ရင်းမြစ်များက ဆိုသည်။ ယခု ပြုလုပ်သည့် ဆွေးနွေးပွဲသို့ BDR နှင့် Nasaka နှစ်ဖက်စလုံးမှ အဖွဲ့ဝင် ကိုးဦးစီ ပါသော အဖွဲ့နှစ်ဖွဲ့ တက်ရောက်ခဲ့ကြသည်။

          Naikhyongchhari တွင် အခြေစိုက်သော BDR အမှတ်-၁၅ တပ်ရင်းမှ ဒုတိယ ဗိုလ်မှူးကြီး Shafiul Azam က ဘင်္ဂလားဒေ့ရှ် ဘက် အခြမ်းကို ဦးဆောင်ပြီး မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့ Nasaka မှ ဗိုလ်မှူးကြီး Umony Singh က မြန်မာဘက် အခြမ်းကို ဦးဆောင်ကာ ဆွေးနွေးခဲ့ ကြကြောင်း၊ Khagrachhari တွင် အခြေစိုက်သည့် Burma Net သတင်းထောက်၏ အဆိုအရ  ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် Guimara ဒေသတွင် မြန်မာ နိုင်ငံသား တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

          ဖမ်းဆီးခံရသူမှာ အသက် ၃၀ အရွယ်ရှိ Mohammad Rafiq ဆိုသူ ဖြစ်ပြီး ၎င်းသည် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသရှိ Iaikep ခရိုင်ဒေသမှ ဖြစ်ကြောင်း သိရပါသည်။

          Guimara ရဲတပ်ဖွဲ့၏ အဆိုအရ Mohammad Rafiq သည် ကော့ဘဇားတွင် လွန်ခဲ့သည့် ၇ နှစ် လောက်ကတည်းက ခိုအောင်း နေထိုင်ခဲ့ကြောင်း၊ ၎င်းသည် လွန်ခဲ့သည့် ရက် အနည်းငယ် လောက်တွင် သူနှင့် ပတ်သက်သူ အချို့ကို အဆိုပါ မြို့သို့ ခေါ်ဆောင်လာကြောင်း ပြောကြားပါသည်။ Mohammad Rafiq နှင့် အပေါင်းအသင်းများသည် Guimara ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ဖမ်းဆီးစဉ် ထွက်ပြေး လွတ်မြောက်ရန် ကြိုးပမ်းခဲ့ပါသေးသည်။

 Burma Net မှ သတင်းကို ဘာသာပြန်ဆိုပါသည်။

Bloomberg News, 16th January 2010

          နျူကလီးယား လက်နက် ထုတ်လုပ်ရန် ကြိုးစားနေသော အီရန်ကို တားဆီးရန် တင်းကြပ်သော ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရေးအတွက် စဉ်းစား သုံးသပ်မည်ဟု တရုတ်နှင့် ရုရှားက ယနေ့ သဘောတူခဲ့ကြကြောင်း ဥရောပသမဂ္ဂ နိုင်ငံရေး ဆိုင်ရာ ညွှန်ကြားရေးမှူး Robert Cooper က ပြောကြားပါသည်။

          ရှေ့ဆက်၍ ဆောင်ရွက်သင့်သော ကိစ္စများကို စဉ်းစား သုံးသပ်မှု စတင်နေပြီဟု အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမဏီနှင့် ရုရှားနိုင်ငံများမှ ကိုယ်စားလှယ်များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံအပြီးတွင် Cooper က သတင်းထောက်များကို ပြောကြားလိုက်ပါသည်။ အဆိုပါ အစီရင်ခံစာတွင် ဥရောပ သမဂ္ဂ ရုံးတွင် ကျင်းပသော အစည်းအဝေး၌ အများဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု လည်း Cooperm ဆိုပါသည်။

          ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Sergei Ryabkov က ပြောကြားတွင် အီရန်အပေါ် ကျင့်သုံးမည့် လုံခြုံရေး ကောင်စီ၏​  မဟာဗျူဟာမှ ဒုတိယ နည်းလမ်းနှင့် ပတ်သက်၍ အများဆုံး ဆွေးနွေးခဲ့ကြသည်ဟု အရေးယူ ပိတ်ဆို့မှုကို ရည်ညွှန်းလိုက်ပါသည်။ အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သော အကျပ်အတည်းကို ဖြေရှင်းရာတွင် စေ့စပ် ညှိနှိုင်းခြင်းသည် ပထမ နည်းလမ်း ဖြစ်သည်ဟုလည်း ဆိုပါသည်။

          ကုလသမဂ္ဂ ဆိုင်ရာ တရုတ် မစ်ရှင်အဖွဲ့၏ ကောင်ဆယ်လာ အရာရှိ Kang Yong သည် တရုတ်အစိုးရ ကိုယ်စားပြုခဲ့ပြီး ယခု အစည်းအဝေးသို့ တက်ရောက်သည့် သံတမန်များအနက် ရာထူး အငယ်ဆုံး ဖြစ်ပါသည်။ ၎င်းက သတင်းထောက်များကို ပြောဆိုခြင်း မပြုခဲ့ပါ။

          ကုလသမဂ္ဂ ဆိုင်ရာ တရုတ် သံအမတ်ကြီး Zhang Yesui က ဇန်နဝါရီ ၅ ရက်တွင် ပြောကြားရာ၌ ယခုအချိန်သည် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အချိန် မဟုတ်သေးဟု ဆိုခဲ့ပြီး စေ့စပ် ဆွေးနွေးရေးကို ပိုမို ကြိုးစားရန် တောင်းဆိုခဲ့ပါသည်။

          အီရန်နိုင်ငံက ရှေ့ဆက်၍ ကျင်းပမည့် အစည်းအဝေးများကို ငြင်းပယ်ခဲ့ခြင်း၊ နိုင်ငံတကာ အနုမြူ စွမ်းအင် အေဂျင်စီ IAEA နှင့် ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သော ၆ နိုင်ငံ စလုံးက စိုးရိမ် ပူပန်နေကြသည်ဟု Cooper က ဆိုပါသည်။ ဆေးဝါးဆိုင်ရာ အိုင်ဆိုတုပ် ထုတ်လုပ်မည့် ဓာတ်ပေါင်းဖိုအတွက် လိုအပ်သော သန့်စင်ပြီး ယူရေနီယမ် နှင့် ပတ်သက်သည့် အောက်တိုဘာ (၁) ရက် အဆိုပြုချက် အပေါ် အီရန်၏ တုံ့ပြန်မှုမှာ လုံလောက်မှု မရှိ ဟု ၆ နိုင်ငံစလုံးက သဘောတူခဲ့ကြသည်ဟု Cooper က ပြောကြားပါသည်။

ပိတ်ဆို့ အရေးယူမှု အစီအစဉ်များ

          လက်နက် ထုတ်လုပ်ရန် ရည်ရွယ်နေသည်ဟု အမေရိကန်နှင့် ဥရောပ နိုင်ငံများက ယုံကြည်ထားကြသော အီရန်၏ နျူကလီးယား အစီအစဉ် ရုတ်သိမ်းရေးနှင့် ယူရေနီယမ် သန့်စင်ခြင်းကို ရပ်ဆိုင်းရေးအတွက် အီရန်ကို ဖိအားပေးရန် ရည်ရွယ်သည့် အရေးယူ ပိတ်ဆို့မှု အစီအစဉ် ၃ ခုကို လုံခြုံရေး ကောင်စီက လက်ခံခဲ့ပါသည်။ အီရန်နိုင်ငံကမူ အရပ်ဖက် စွမ်းအင် စီမံကိန်းများ အတွက်သာ ဖြစ်သည်ဟု အခိုင်အမာ ငြင်းဆိုနေဆဲ ဖြစ်ပါသည်။

          အစည်းအဝေးနှင့် ပတ်သက်၍ ရုရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားရာ၌ မည်သည့် ဆုံးဖြတ်ချက်မှ မချရသေးသောကြောင့် စဉ်းစား သုံးသပ်နေဆဲ အဆင့်သာ ဖြစ်သည်ဟု ဆိုပါသည်။ ယခု အစီအစဉ်၏ ကဏ္ဍသစ်ကို စတင်နေပြီ ဖြစ်သည်။ အောက်တိုဘာ ၁ ရက် အဆိုပြုချက်၏ အခြေခံ အချက်များနှင့် ပတ်သက်၍ အီရန်နှင့် တွေ့ဆုံ ဆွေးနွေးလိုသော မိမိတို့၏ ဆန္ဒကို အတည်ပြုခဲ့ကြသည်။ ပြဿနာ၏ အဖြေကို ရရှိရေးအတွက် ကြိုးစားရန်၊ မှန်ကန်သော နိုင်ငံရေး ညှိနှိုင်း ဆွေးနွေးမှု ပြုလုပ်ရန် အချိန် ရှိသေးသည်ဟု မိမိတို့ ယုံကြည်နေသည်ဟုလည်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

          ယခု အစည်းအဝေးသည် အလွန် အရေးပါသည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး၏ လက်အောက်မှ အရာရှိ William Burms က ပြောဆိုပါသည်။ ယူရေနီယမ် သန့်စင်ခြင်း ဆိုင်ရာ အဆိုပြုချက်အား အီရန်မှ တုန့်ပြန်ရန် အတွက် ဒီဇင်ဘာ ၃၁ ရက်ကို နောက်ဆုံးရက် အဖြစ် အမေရိကန် ပြည်ထောင်စုက သတ်မှတ်ခဲ့ပါသည်။

          ချမှတ်ဖွယ် ရှိသည့် အရေးယူ ပိတ်ဆို့မှု အများစုသည် ကုလသမဂ္ဂ လက်နက် ကုန်သွယ်မှု တားမြစ်ချက်ကို ချိုးဖောက်သည်ဟု စွပ်စွဲ ခံနေရသော သင်္ဘော ကုမ္ပဏီများနှင့် အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့ကို ပစ်မှတ်ထားမည် ဖြစ်ပြီး ကမ္ဘာဘဏ် ကဲ့သို့သော နိုင်ငံတကာ ငွေကြေးအဖွဲ့များ၊ ကမ္ဘာ့နိုင်ငံများအား လူသားခြင်း စာနာမှုနှင့် ဖွံ့ဖြိုးရေး ကိစ္စများမှ လွဲ၍ အီရန်အား အာမခံပေးခြင်း၊ ငွေချေးခြင်း၊ ငွေကြေး အကူအညီ ပေးခြင်းများကို တားမြစ်သွားမည် ဖြစ်ပါသည်။

Irrwaddy News, 16th January 2010  

          အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့နှင့် တရုတ်နိုင်ငံ အကြား လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီမှု အသစ်အရ သွင်းကုန် အခွန်များ ဖယ်ရှားပေးရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် ကျန်ရှိ နေသေးသော အာဆီယံ အဖွဲ့ဝင် ၄ နိုင်ငံတွင် မြန်မာနိုင်ငံလည်း ပါဝင်ပါသည်။

          မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် ၎င်းတို့၏ စီးပွားရေး ဖွံ့ဖြိုးဆဲ အခြေအနေကြောင့် သွင်းကုန် အခွန် ဖယ်ရှားရေး လုပ်ငန်းကို ၂၀၁၅  အထိ ဆောင်ရွက်မည် မဟုတ်ပါ။

          ကျန် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ် နိုင်ငံတို့သည် ကုန်စည်များ၊ လယ်ယာ ထွက်ကုန်များ ကူးသန်း ရောင်းဝယ်ရာတွင် အခွန် ကောက်ခံခြင်းကို ဇန်နဝါရီ (၁) ရက်မှ စ၍ အဆုံးသတ်ရန် စီစဉ် ထားကြပါသည်။

          ဆင်းရဲ နွမ်းပါးသော အဖွဲ့ဝင် ၄ နိုင်ငံမှာ ၎င်းတို့၏ စီးပွားရေးကဏ္ဍနှင့် ပြည်ပ ကုန်သွယ်ရေး ချိန်ညှိနိုင်ရေးအတွက် အချိန် ပိုပေးရန် လိုအပ်သောကြောင့် လောလောဆယ် ကင်းလွတ်ခွင့် ပေးရန် စီစဉ်ထားသည်ဟု အာဆီယံ အရာရှိများက ပြောကြားပါသည်။

          အဆိုပါ ၄ နိုင်ငံ အနက်မှ ၃ နိုင်ငံသည် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးအရ လည်းကောင်း၊ နိုင်ငံရေးအရ လည်းကောင်း အလွန် ရင်းနှီးစွာ ဆက်ဆံ ပတ်သက်နှင့်နေပြီးသား ဖြစ်သည်ဟု အကဲခတ် အချို့ က ထောက်ပြ ပြောဆိုပါသည်။

          မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားသည် မည်သည့် ကိစ္စတွင် မဆို တရုတ်နိုင်ငံ၏ ကြီးမားသော ဖောက်သည် နိုင်ငံများ ဖြစ်သည်ဟု ဘန်ကောက် စွမ်းအင် လုပ်ငန်းများ၏ အတိုင်ပင်ခံ ပညာရှင် Collin Reynolds က ပြောကြားပါသည်။

          ဘီဂျင်းက ၎င်း၏ အနီး တစ်ဝိုက်တွင် ရှာဖွေနေသော ရေနံနှင့် ဓာတ်ငွေ့များမှာ မြန်မာနှင့် ကမ္ဘောဒီးယားတွင် ရှိနေပါသည်။ တရုတ်က စိတ်ဝင်စားကြောင်း ပြသနေသည့် သစ်တော ထွက်ကုန်များ၊ သစ်သီးဝလံများ၊ အခြား သဘာဝ ထွက်ကုန်များမှာ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် ထွက်ရှိပါသည်။ သို့ဖြစ်၍ ယခု အခွန်ကိစ္စမှာ ဆောင်ရွက် ပြီးလုနီး ဖြစ်နေသည်ဟု ဆိုရပါလိမ့်မည်။

Irrawaddy News, 16th January 2010

မြန်မာ စစ်ဖက် အစိုးရသည် နေပြည်တော် စစ်ရုံးမှ တပ်မတော် အရာရှိ (၆) ဦးကို ယခင် အပတ်က ရှေ့တန်း စစ်မြေပြင်သို့ တာဝန် ပြောင်းရွှေ့ ချထားလိုက်ပြီး မြန်မာနှင့် မြောက်ကိုရီးယား အကြား လျှို့ဝှက် စစ်ရေး သဘော တူညီမှုများ ယခင်နှစ်က သတင်း ပေါက်ကြားခဲ့ခြင်းနှင့် ပတ်သက်၍ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပုံ ရပါသည်။

ကြည်း ၊ ရေ ၊ လေ ပူးတွဲ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး ရွှေမန်း လက်အောက်မှ ဗိုလ်မှူးကြီး ဝင်းသိန်း အပါအဝင် အခြား အရာရှိ (၆) ဦးကို စစ်ရုံးမှ ရှေ့တန်း စစ်မြေပြင် ရာထူးများသို့ ပြောင်းရွှေ့ခံခြင်း ဖြစ်သည်ဟု စစ်ဖက် သတင်း ရပ်ကွက်မှ သိရှိရသည်။

အခြား အရာရှိများမှာ အောင်ဇော်အေး၊ သိုက်စိုး၊ သိန်းထွန်းဦး၊ ဝင်းမင်းထွန်း နှင့် အောင်ဇော်ဦးတို့ ဖြစ်သည်။ ၎င်းတို့ အားလုံးမှာ ဒုတိယ ဗိုလ်မှူးကြီး အဆင့် ဖြစ်၍ စစ်ဦးစီးမှူး ပထမတန်း ရာထူးရှိသူများ ဖြစ်သည်။ အောင်ဇော်ဦးမှာ စစ်ဖက် လုံခြုံရေးရာ ဌာန (တပ်မတော် ထောက်လှမ်းရေး) မှ ဖြစ်သည်။

ဒုတိယ ဗိုလ်မှူးကြီး နှင့် ဗိုလ်မှူးကြီး အဆင့်ရှိသူ အရာရှိ (၃၀) ခန့်မှာလည်း ယခင်လက နေရာ ပြောင်းရွှေ့ခြင်း ခံရသည်ဟု စစ်ဖက် သတင်း ရပ်ကွက်က ဆိုပါသည်။

မြန်မာ အစိုးရ၏ တတိယ အာဏာ အရှိဆုံး ပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ၂၀၀၈ ခုနှစ် နိုဝင်ဘာ ပြုံးယမ်း ခရီးစဉ်နှင့် ပတ်သက်သော ဓာတ်ပုံများ၊ အသေးစိတ် အချက်အလက်များ ပြီးခဲ့သော ဇွန်လက နိုင်ငံတကာ မီဒီယာများသို့ ပေါက်ကြား ခဲ့ပါသည်။ အဆိုပါ အထောက်အထားများတွင် မြန်မာအစိုးရက မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်နေသော ဥမင် လိုဏ်ခေါင်းများ၏ ဓာတ်ပုံများလည်း ပါဝင်ပါသည်။

အဆိုပါ သတင်း ပေါက်ကြားမှုကို အစိုးရသို့ တင်ပြပြီး မကြာမီတွင်ပင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး (SPDC) ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကျော်ကျော်ဝင်း အပါအဝင် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိများစွာကို ဖမ်းဆီး၍ စစ်ကြော မေးမြန်းခဲ့ပါသည်။

ယခုလ အစောပိုင်းတွင် ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတစ်ဦးကို သတင်း ပေါက်ကြားမှုတွင် အဓိက ပါဝင်မှုဖြင့် သေဒဏ် ချမှတ်ခဲ့ပါသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အခြား ဝန်ထမ်း တစ်ဦးကိုမူ နှစ်ရှည် ထောင်ဒဏ် စီရင် ခဲ့ပါသည်။

သို့ဖြစ်၍ ယခင် အပတ်က တပ်မတော်တွင်း ရာထူး ပြောင်းရွှေ့မှုများသည် စစ်ရေး သတင်း ပေါက်ကြားမှုနှင့် ဆက်စပ် ပတ်သက်နိုင်သည်ဟု အကဲခတ် လေ့လာရေးသမား အချို့က မှန်းဆခဲ့ ကြခြင်း ဖြစ်သည်။

မြန်မာ့ တပ်မတော်အတွင်း တာဝန် ပြောင်းရွှေ့ ချထားမှုမှာ ပုံမှန် လုပ်နေကျ ဖြစ်သော်လည်း ယခင် အပတ်က စစ်ရုံးမှ အရာရှိ (၆) ဦးကို တပြိုင်နက် ရွှေ့ပြောင်းခဲ့ခြင်းမှာမူ ပုံမှန်ဖြစ်စဉ် မဟုတ်ဟု မိမိယူဆသည်ဟု တရုတ် မြန်မာ နယ်စပ် အခြေစိုက် မြန်မာ အကဲခတ် လေ့လာသူ အောင်ကျော်ဇောက ပြောကြားပါသည်။

လတ်တလော ပြောင်းရွှေ့မှုများတွင် ဗိုလ်မှူးကြီး ဝင်းသိန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယ တိုင်းမှူးအဖြစ်သို့ လည်းကောင်း၊ အခြား စစ်ဦးစီး အရာရှိများကို ယာယီ စစ်ဗျူဟာမှူးများအဖြစ် ဒေသခံ စစ်ဌာနချုပ်များနှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်များသို့ လည်းကောင်း ပြောင်းရွှေ့ တာဝန်ပေးခဲ့ပါသည်။ ရှမ်းပြည်နယ်တွင် (၄) နေရာ နှင့် ရခိုင် ပြည်နယ်တွင် (၁) နေရာ ဖြစ်ပါသည်။

စစ်ဖက် သတင်း ရပ်ကွက်၏ အဆိုအရ စစ်ရုံးမှ စစ်ဦးစီးမှူး ပထမတန်းများသည် ရှေ့တန်းမှ ယာယီ စစ်ဗျူဟာမှူးများထက် ပို၍ လုပ်ပိုင်ခွင့် ရှိသည်ဟု သိရပါသည်။ ဗိုလ်မှူးကြီး ဝင်းသိန်းကို အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး အဖြစ် ပြောင်းရွှေ့ခြင်းမှာ ရာထူးချခြင်းသာ ဖြစ်သည်ဟု ၎င်းတို့က ထောက်ပြပါသည်။

"ဒေသခံ စစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်အပ်တယ် ဆိုရင်တော့ ရာထူးတိုးတယ်လို့ ပြောနိုင်ပေမယ့်၊ အခု ဒုတိုင်းမှူး အဖြစ် ခန့်တာကတော့ ရာထူးတိုးတယ်လို့  ပြောဖို့ခက်ပါတယ်" ဟု ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ အကဲခတ် လေ့လာရေးသမား ဝင်းမင်းက ပြောကြားပါသည်။

ပြီးတော့ ယာယီ စစ်ဗျူဟာမှူးတွေက စစ်ရုံးက စစ်ဦးစီးမှူး အရာရှိတွေလောက် အာဏာ မရှိပါဘူးဟု ၎င်းက ဆက်လက် သုံးသပ် ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးချဲ့နိုင်ရေးအတွက် ဗီယက်နမ်နိုင်ငံက တွန်းအားပေး လုပ်ဆောင်မှု တစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခု ရက်သတ္တပတ်အတွင်း ကုန်သွယ်မှု ဆိုင်ရာ ကိုယ်စားလှယ်တော် အဖွဲ့ကြီး တစ်ဖွဲ့ကိုလည်း ရန်ကုန်မြို့သို့ စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။

          ဗီယက်နမ် နိုင်ငံပိုင် Vietnamese News Agency(VNA) သတင်းဌာန၏ အဆိုအရ ဗီယက်နမ် သည် မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အကြား ပုံမှန် စီးပွားရေး လေကြောင်းလိုင်း တစ်ခုကို ဖွင့်လှစ်ရန် ကြိုးပမ်းလျက် ရှိကြောင်း၊ ထိုမှတစ်ဆင့် ငါး၊ လျှပ်စစ်ပစ္စည်းများ၊ ဓာတုနှင့် ပလတ်စတစ် ထုတ်ကုန်များကို အရောင်းအဝယ် ပြုလုပ်လိုကြကြောင်း သိရပါသည်။

          မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး အသွင် ကူးပြောင်းသည့် အချိန်ကာလတွင် ဗီယက်နမ် အနေဖြင့် မြန်မာနှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေး လုပ်ကိုင်လိုကြောင်း VAN က ဆိုပါသည်။

          ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး အုပ်စုကြီး တစ်ခုသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ကာ ကုန်စည်ပြပွဲ တစ်ရပ်ကို ကျင်းပ ပြုလုပ်ခဲ့ကြောင်း၊ ယခု နောက်ဆုံး ရောက်ရှိနေသော အဖွဲ့သည် အဆိုပါ အဖွဲ့၏ လုပ်ဆောင်ချက်များ အတိုင်း လိုက်လံ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း VNA က ဆိုသည်။

VNA သတင်းဌာန၏ Vietnam makes new push for trade, air links with Burma ကို ဘာသာပြန်ဆိုသည်။

          ထိုင်း၊ ဗီယက်နမ် အစရှိသည့် နိုင်ငံများနှင့် အပြိုင် ကမ္ဘာ့ဈေးကွက်သို့ ဆန်တင်ပို့မှုကို မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံက ဆန်လုပ်ငန်းဆိုင်ရာ အသင်းကြီး တစ်ရပ်ကို ဖွဲ့စည်း ထူထောင်လိုက်ပြီ ဖြစ်ကြောင်း ပြည်တွင်း မီဒီယာများ၏ သတင်း ပေးပို့ချက်များအရ သိရှိရပါသည်။

          သတင်းများအရ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် မြန်မာ့ ဆန်လုပ်ငန်း အသင်း (MRIA) ကို အမျိုးသား အသင်းကြီး တစ်ခုအနေဖြင့် ဖွဲ့စည်းလိုက်ပြီး MRIA နှင့်အတူ မြန်မာ့ ဆန်စပါး ကုန်သည်ကြီးများ အသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းနှင့်  မြန်မာ့ဆန်စပါး ထုတ်လုပ်သူများ အသင်း စသည့် အသင်းအဖွဲ့ သုံးခု ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

          "အခုလို မြန်မာနိုင်ငံရဲ့ ဆန်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် လတ်တလော ထူထောင်ထားတဲ့ ဆန်စပါး ကုမ္ပဏီ၂၉ ခုနဲ့ အတူ ရှိပြီးသား အသင်းကြီး သုံးခုကို စည်းရုံးလိုက်တာဟာ ကျွန်တော်တို့အတွက် ပထမဆုံးပါပဲ" ဟု MRIA ၏ ဥက္ကဋ္ဌ ဦးချစ်ခိုင် က ပြောကြားသည်။

"နိုင်ငံတကာ ဈေးကွက်ကို အရည်အသွေး ပြည့်မီတဲ့ ဆန်တွေ တင်ပို့ရာမှာ ကျွန်တော်တို့ နိုင်ငံရဲ့ ဆန်လုပ်ငန်းဟာ ထိုင်းနဲ့ ဗီယက်နမ်တို့နဲ့ နှိုင်းယှဉ်ရင် ဒေသတွင်းမှာ နောက်ကျ ကျန်ရစ်နေတာကို တွေ့ရပါတယ်"

          "အဲဒါကြောင့် မြန်မာနိုင်ငံဟာ ဆန် အဓိက တင်ပို့တဲ့ နိုင်ငံကြီးတစ်ခု ဖြစ်လာဖို့ လုပ်ဆောင်ရာမှာ အဲဒီ နိုင်ငံတွေကို အမီလိုက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက် အခု ကျွန်တော်တို့ အသစ် ဖွဲ့လိုက်တဲ့ အမျိုးသား အသင်းကြီးက လုပ်သလိုမျိုး မတူညီတဲ့ ရင်းမြစ်တွေကို စုစည်းစေပြီး အတူလက်တွဲ လုပ်ကိုင်သွားကြရပါမယ်" ဟု ၎င်းက ဖြည့်စွက် ပြောဆိုပါသည်။

          မြန်မာနိုင်ငံသည် ယခင်က ကမ္ဘာပေါ်တွင် ဆန် အများဆုံး တင်ပို့သည့် နိုင်ငံတစ်ခု ဖြစ်ခဲ့ဖူးသည်။ ပြီးခဲ့သည့် ၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် ဆန်တန်ချိန် ငါးသိန်း (၅၀၀၀၀၀) ခန့် ပြည်ပသို့ တင်ပို့နိုင်ခဲ့သည်။

          မှတ်တမ်းများအရ ၂၀၀၉ ခုနှစ်တွင် ဗီယက်နမ်သည် ဆန်တန်ချိန် ၅ သန်း တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံက ၉ သန်း တင်ပို့နိုင်ခဲ့သည်ကို တွေ့ရပါသည်။

          ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံတွင် 'မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် စနစ်' ကို စတင် အကောင်အထည် ဖော်သည့် အချိန်မှ စ၍ ထိုင်းနိုင်ငံသည် ယခင် မြန်မာနိုင်ငံ၏ နေရာကို ဝင်ရောက် ရယူကာ ကမ္ဘာပေါ်တွင် ဆန်အများဆုံး တင်ပို့သည့် နိုင်ငံတစ်ခု ဖြစ်လာတော့သည်။

Monster Sand Critics ဝက်ဘ်ဆိုက်မှ Myanmar forms national association to boost rice exports ကို ဘာသာပြန်ဆိုပါသည်။

VOA News,15 Jan 2010

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရ ဆက်ဆံရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ကြောင်းသိရသည်။

          အထိမ်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့သည် သောကြာနေ့က ရန်ကုန်မြို့တွင် မိနစ် ၂၀ ခန့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သက်ဆိုင်ရာက ပြောကြား ပါသည်။

          ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ NLD ပါတီမှ ဝါရင့်ထိပ်ပိုင်း အဖွဲ့ဝင်များနှင့် တွေ့ဆုံခွင့်ပြု မည့်သတင်းကို အသိပေးရန်အတွက် ဆက်ဆံရေးဝန်ကြီးက သူမကို ဒီဇင်ဘာ ၉ ရက်နေ့က နောက် ဆုံးတွေ့ဆုံခဲ့ပြီး တပတ်ခန့်အကြာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များ တွေ့ဆုံခဲ့ပါသည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ၁၉၉၀ ခုနှစ်က နောက်ဆုံးကျင်းပခဲ့သော ရွေး ကောက်ပွဲတွင် အပြတ်အသတ် အောင်ပွဲခံခဲ့သော်လည်း အဆိုပါရလဒ်များကို အသိအမှတ်ပြုရန် စစ် ဖက်အစိုးရက ငြင်းဆန်ခဲ့ပါသည်။

          ၁၉၆၂ ကပင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ဖက်အစိုးရက ရက်အတိအကျ မသတ်မှတ်ရ သေးသော ရွေးကောက်ပွဲများကို ယခုနှစ်အတွင်း ကျင်းပပေးရန် စီစဉ်ထားပါသည်။ အဆိုပါ ရွေး ကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း ပြု/မပြုကို NLD က ယခုတိုင်မကြေညာရသေးပါ။

          ရွေးကောက်ပွဲတွင် အတိုက်အခံ ပါတီများနှင့် တိုင်းရင်းသား လူမျိုးစုအဖွဲ့များကို ပါဝင်ခွင့်ပြုရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရအား တိုက်တွန်းထားပါသည်။

          ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ၁၄နှစ်ခန့် အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပြီး အစိုးရကို ဝေဖန်သူ၊ သဘောထားကွဲလွဲသူ နိုင်ငံရေးသမားများ၊ စာနယ်ဇင်းသတင်းထောက်များ၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူပေါင်း များစွာကိုလည်း ထောင်သွင်း အကျဉ်းချ ထားခဲ့ပါသည်။

          ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမား ၆၀၀၀၀ နီးပါး၏ ရွှေ့ပြောင်း မှတ်ပုံတင် ကဒ်များမှာ ဇန်နဝါရီ(၂၀)တွင် သက်တမ်း ကုန်ဆုံးမည်ဖြစ်၍ လာမည့်ရက် အနည်းငယ်အတွင်း Work Permits မရရှိခဲ့လျှင် (သို့မဟုတ်) ၎င်းတို့အား နေထိုင်ခွင့်ပြုရန် ထိုင်းအစိုးရ၏ မူဝါဒ အလျင်အမြန် ပြောင်းလဲသွားခဲ့လျှင် ထိုင်းနိုင်ငံမှ ထွက်ခွာကြရလိမ့်မည်ဟု ထိုင်းနိုင်ငံတွင်းရှိ လူ့အခွင့်အရေး အဖွဲ့များ အဆိုအရ သိရ ပါသည်။

          ဇန်နဝါရီ ၂၀ တွင် မှတ်ပုံတင် သက်တမ်းကုန်ဆုံးမည့် ရွှေ့ပြောင်း အလုပ်သမား ၅၉၂၂၈ ယောက်သည် တရားဝင် အသိအမှတ်ပြု ခံရရန်အတွက် လျှောက်ထားခွင့် မရှိတော့ပါ။ အကယ်၍ ထိုင်းအစိုးရကသာ ၎င်းတို့၏ မှတ်ပုံတင် ကဒ်များကို နောက်တစ်နှစ် သက်တမ်းတိုး မပေးပါက နိုင်ငံတွင်းမှ ထွက်ခွာရဖွယ် ရှိသည်ဟု ဘန်ကောက်အခြေစိုက် Migrant Justice Programme မှ ညွှန်ကြားရေးမှူး Andy Hall က ပြောကြားပါသည်။

          အကယ်၍ ထိုင်းအစိုးရက မောင်းထုတ်ခဲ့လျှင်လည်း ပိုက်ဆံလိုနေသူတို့မှာ တရားမဝင် ပြန်ဝင် လာမည်သာ ဖြစ်သည်။ ၎င်းတို့အတွက် ပြေလည်နိုင်မည့် နည်းလမ်းကို အစိုးရက ရှာဖွေသင့်ပါသည်။ တရားမဝင် ဥပဒေမဲ့ အတင်းအကျပ် ခိုင်းစေခြင်း ခံရပါက ၎င်းတို့အတွက် အန္တရာယ် ကြီးမားလှသည် ဟု Andy Hall က ပြောကြားပါသည်။

          ရွှေ့ပြောင်း နေထိုင်သူ ၅၉၂၂၈ ဦးကို နှင်ထုတ်ခဲ့ပါက မည်သို့ ဖြစ်လာနိုင်သည်ကို အလေး အနက် စဉ်းစားပေးရန် ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားထံ တောင်းဆိုမည်ဟု MPT က ဆိုပါသည်။

          ၂၀၁၀ ဖေဖော်ဝါရီ ၂၈ အတွင်း တရားဝင် အသိအမှတ်ပြု ကဒ်ပြား မပြုလုပ်ရသေးသူများ နိုင်ငံတွင်းမှ ထွက်ခွာရမည်ဟု ထိုင်းအစိုးရက ၂၀၀၈ ဒီဇင်ဘာတွင် ကြေညာခဲ့ပါသည်။

          MPT နှင့် အခြား လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် ထိုင်းအစိုးရသည် မကြာမီ ကက်ဘိနက် အစည်းအဝေး ကျင်းပမည်ဖြစ်၍ ရွှေ့ပြောင်း နေထိုင်သူများသည် ၎င်းတို့၏ အလုပ် လုပ်ခွင့်ပါမစ် တရားဝင် သက်တမ်းတိုးရန် ကက်ဘိနက် ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရမည်ဟု ဆိုပါသည်။

          ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် အသိအမှတ်ပြုရေး လုပ်ငန်းစဉ်ကို နောက်ထပ် ၂ နှစ် ခွင့်ပြုရန် ထိုင်းအစိုးရအား လူ့အခွင့်အရေး အဖွဲ့များက တိုက်တွန်းထားပါသည်။ လက်ရှိ ထိုင်းနိုင်ငံထဲတွင် အလုပ်လုပ်ခွင့်ပါမစ် ရရှိထားသော ရွှေ့ပြောင်းအလုပ်သမား ၁၂၀၀၀ ခန့်သာ ရှိပါသည်။

          ထိုင်းနိုင်ငံထဲတွင် တရားမဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းမှ ၃ သန်းခန့် အထိရှိ သည်ဟု ခန့်မှန်းထားသည့် အနက်မှ ၁၃၁၀၆၈၆ ဦးခန့်သာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် မှတ်ပုံတင် ထားပါသည်။

          ရွှေ့ပြောင်း အလုပ်သမား အများစုမှာ မွန်၊ ကရင်၊ ရှမ်းစသော တိုင်းရင်းသားများဖြစ်၍ မြန်မာစစ်တပ်၏ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှု များကြောင့် ထွက်ပြေး ရောက်ရှိ နေကြခြင်း ဖြစ်သည်။

          အဆိုပါ ရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာနိုင်ငံသားအဖြစ် အထောက်အထားပြရန် အတွက် ကိုယ်ရေးရာဇဝင် အချက်အလက် အသေးစိတ်ကို မြန်မာအစိုးရထံ တင်ပြရပါသည်။ ယင်းကဲ့သို့ မြန်မာနိုင်ငံသားဖြစ်ကြောင်း အသိအမှတ်ပြု လုပ်ငန်းစဉ်အတွက် မြန်မာအစိုးရရုံးသို့ သွားရောက် ဆောင်ရွက်ပါက ၎င်းတို့၏ လုံခြုံမှုနှင့် မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ မိသားစုဝင်များ သွယ်ဝိုက်၍ ဒုက္ခရောက်နိုင်သဖြင့် အများစုမှာ စိုးရိမ်ပူပန်လျက်ရှိကြပါသည်။

          အဆိုပါ ရွှေ့ပြောင်းအလုပ်သမားများ အသိအမှတ်ပြုရေး လုပ်ငန်းစဉ်နှင့် အကျိုးရလဒ်များကို အလုပ်သမားများနှင့် အလုပ်ရှင်များပါ သိရှိသဘောပေါက်မှု အလွန်နည်းသည်ဟု လူ့အခွင့်အရေးအဖွဲ့ များကပြောကြားပါသည်။

          မြန်မာ့ရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ရေးကို တိုက်တွန်း အားပေးရန် ရည်ရွယ်၍ ထိုင်းနိုင်ငံတွင်းရှိ မြန်မာနိုင်ငံသားများ အသိအမှတ်ပြု လုပ်ငန်းဆောင်ရွက်ရန် တာဝန်ရှိ ပုဂ္ဂိုလ်များစေ လွှတ်ပေးရေးကို မြန်မာအစိုးရထံ လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားပါသည်။

          ထိုသို့ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ သတင်းအချက်အလက်နှင့် သဘောပေါက်နားလည်မှု အားနည်းသောကြောင့် ရွှေ့ပြောင်း အလုပ်သမား အများစုမှာ မှတ်ပုံတင်ရန် မကြိုးစားပဲ ဝေးဝေးရှောင်ကြသည် ဟုလည်း သိရပါသည်။

          ကမ္ဘောဒီယားနှင့် လာအိုအစိုးရများသည် အလားတူ လုပ်ငန်းစဉ်မျိုးကို ပြီးစီးအောင် ဆောင်ရွက်ရန်အတွက် အစိုးရ တာဝန်ရှိပုဂ္ဂိုလ်များကို ထိုင်းနိုင်ငံသို့ ယခင်နှစ်များကပင် စေလွှတ်ခဲ့ပါသည်။ သို့သော်လည်း မြန်မာအစိုးရက တောင်းဆိုမှုများကို ငြင်းဆန်ခဲ့ပြီး ရွှေ့ပြောင်း အလုပ်သမားများ အားလုံးကို နိုင်ငံသား အသိအမှတ်ပြု လုပ်ငန်းအတွက် မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်းစသော နယ်စပ် စစ်ဆေးရေးဂိတ် ၃ ခုသို့ လာရောက် ဆောင်ရွက်ရန်ကိုသာ လိုလားနေသည်ဟု သိရှိရပါသည်။

Reuters,15 Jan 2010        

မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံပါတီသည် ၎င်း၏ အသက်ကြီး ခေါင်းဆောင်ပိုင်းကို လူငယ်အချို့ဖြင့် အားဖြည့် ထည့်သွင်းခဲ့သည် ဆိုသော်လည်း အသစ် ဝင်ရောက်လာသူများမှာ အသက် ၆၀ တန်းများဖြစ်၍ ကျန်းမာရေးမကောင်းသော အသက် ၉၂ နှစ်အရွယ် ဥက္ကဋ္ဌက ထိပ်ပိုင်းတာဝန်များ ကို ထိန်းသိမ်းထားဆဲ ဖြစ်ပါသည်။

          အထိမ်းသိမ်းခံ နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ပြောကြားရာတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီသို့ သက်လတ်ပိုင်းအရွယ် ကော်မတီဝင် သစ် ၉ ဦး ထပ်မံ ပါဝင်လာမည်ဖြစ်ပြီး ယခင်ကော်မတီဝင် ၁၁ ဦးမှာ ပျှမ်းမျှအသက် ၈၂ နှစ်ခန့်ရှိကြ သည်ဟု ဆိုပါသည်။

          လူငယ်ပါတီဝင်များ၏ ဆန္ဒကို ဖြည့်ဆီးရန်နှင့် ဗဟိုအလုပ်အမှုဆောင် ကော်မတီကို အင်အားဖြည့်တင်းရန် သက်လတ်ပိုင်းအရွယ် ကော်မတီဝင် သစ် ၉ ဦး ထပ်မံ ထည့်သွင်းခဲ့သည်ဟု NLD ဝါရင့် ပါတီဝင် တစ်ဦးဖြစ်သူ ဦးခင်မောင်ဆွေက ရိုက်တာသို့ပြောကြားပါသည်။

          NLD ပါတီ ခေါင်းဆောင်အများစုမှာ အင်အားချည့်နဲ့၍ ကျန်းမာရေး မကောင်းတော့ပါ။ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေသည် ကျန်းမာရေး ချို့ယွင်းနေမှုကြောင့် အိမ်အပြင် မထွက်နိုင်သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်ပါသည်။

          ဆယ်စုနှစ် ၂ စုအတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ရွေးကောက်ပွဲများတွင် NLD ပါဝင်ယှဉ်ပြိုင်ရေးကို အသက်ကြီး ပါတီဝင်အချို့က ဆန့်ကျင်နေပါသည်။ အကြောင်းမှာ ဆယ်စုနှစ် ၅ စုကြာမျှ အုပ်ချုပ်လာခဲ့သော တပ်မတော်ကို အခြေခံဥပဒေက အာဏာပါဝါများ အလွန်အကျွံပေးအပ် ထားသည်ဟု ၎င်းတို့က ယုံကြည်နေသောကြောင့် ဖြစ်ပါသည်။

          ကော်မတီဝင် သစ်များ ယခင်နိုင်ငံရေး အကျဉ်းသားများကြောင့် အချိန်တိုအတွင်း ပါတီမူဝါဒ အပေါ် တစုံတစ်ရာ သက်ရောက်နိုင်ခြေ မရှိနိုင်ဆိုသော အချက်မှာ မဖြစ်နိုင်ဟု ယခင် NLD ထိပ်ပိုင်း တာဝန် ပုဂ္ဂိုလ်က ပြောကြားပါသည်။

          ကျွန်တော်တို့ မျှော်လင့်နိုင်တဲ့ တခုတည်းသော ပြောင်းလဲမှုကတော့ ပျှမ်းမျှ အသက်အရွယ်တန်း ကို လျော့ချခြင်းပါပဲဟု ၎င်းကဆိုပါသည်။ သူတို့ ခေါင်းဆောင်ပိုင်း အတွင်းကို သွေးသစ် လောင်းခဲ့ပေမယ့် ပါတီရဲ့ ဦးနှောက်ပိုင်းကတော့ အရင်လို အုံနေဆဲပါပဲ ဟု ၎င်းက မှတ်ချက် ပေးခဲ့ပါသည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအများစုသည် အသင့်ဖြစ်နေပြီဖြစ်၍ သင့်တော်သော လပိုင်းတွင် ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။ 

၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ အမျိုးမျိုး ထွက်ပေါ်လျက် ရှိသည်။ ယခု တစ်ကြိမ် ရွေးကောက်ပွဲကို ၂၀၁၀ နှောင်းပိုင်း အောက်တိုဘာလလောက်တွင် ကျင်းပပြုလုပ်ဖွယ် ရှိသည်ဟု ခန့်မှန်း ပြောဆိုမှုများလည်း ထွက်ပေါ်လျက် ရှိသည်။ 

မြန်မာ စစ်အစိုးရကမူ ယခုနှစ်တွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု အတည်ပြုပြောဆို ထားသည်။  ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပုဂ္ဂိုလ်အချို့က အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်အတိအကျနှင့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို အတည်ပြု ထုတ်ပြန် နိုင်ခြင်း မရှိသေးသဖြင့် ရွေးကောက်ပွဲ ဝင်နိုင်ရန် ကြိုတင် ပြင်ဆင်မှုများကိုပင် မလုပ်လိုတော့ဘဲ ပြန်လည် ရုပ်သိမ်းရမည့် သကဲ့သို့ ဖြစ်နေကြောင်း ပြောဆိုသည်။ 

ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေများ နှင့် ပတ်သက်၍ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ပြုစုပြီးဖြစ်ကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံပြီးနောက် ထိုင်း နိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က Reuters သတင်းထောက်အား ပြောကြားသည်။ 

"ဒီဥပဒေဆိုင်ရာ ကိစ္စတွေ ရာနှုန်းပြည့် ပြီးမြောက်ဖို့ နောက် ၂ လကနေ ၃ လအထိ အချိန် ယူရဦးမယ်။ ဒါကြောင့် နှစ်ဝက်ပိုင်းမှာ ရွေးကောက်ပွဲတော့ လုပ်နိုင်မယ်လို့ထင်တယ်" ဟု ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ပြောပါသည်။ 

ထင်ရှားသော ဂျပန် အကူအညီ အထောက်အပံ့ပေးရေး အဖွဲ့တစ်ခု၏ အကြီးအကဲနှင့် မြန်မာစစ်အစိုးရ၏ ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) အကြီးအကဲတို့ တွေ့ဆုံဆွေးနွေးကြပြီး ပေါက်ကြားခဲ့သော သတင်းများအရ ရွေးကောက်ပွဲကို အောက်တိုဘာလတွင် ကျင်းပမည် ဖြစ်ကြောင်း၊ နေရက်အားဖြင့် ၁၀ နေ့ ဖြစ်နိုင်ကြောင်း သိရှိရပါသည်။ 

၁၀ ရက်၊ ၁၀ လ၊ ၂၀၁၀ နေ့ရက် ဂဏန်းရွေးချယ်ခြင်းသည် စစ်အစိုးရ၏ လုပ်လေ့လုပ်ထ ရှိသော ရွေးချယ် သတ်မှတ်မှုတစ်ရပ် ဖြစ်သည်။ အာဏာရယူပြီး နောက်ပိုင်း အချက်အချာ ကျသည့် ဆုံးဖြတ်ချက် တစ်ခုခုကို ပြုလုပ်တိုင်း ကိန်းဂဏန်းများကို အသေအချာ ရွေးချယ်ကာ လုပ်ဆောင်ခဲ့သည်က များပါသည်။ 

ငွေတန်ဖိုး လျှော့ချရာတွင် လည်းကောင်း၊ ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က လည်းကောင်း နေ့ရက် ကိန်းဂဏန်းများကို အလေးအနက်ထားကာ ရွေးချယ်ခဲ့ကြကြောင်း သိရပါသည်။ 

၂၀၀၈ ခုနှစ်၊မေလ နာဂစ်မုန်တိုင်း ကျရောက်ပြီးခါစ ကာလအတွင်း နိုင်ငံလူထု၏ ၉၂ ရာခိုင်နှုန်း ထောက်ခံမှုဖြင့် အတည်ပြုခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် နိုင်ငံတကာက ဝေဖန်မှုများ အမျိုးမျိုး ပေါ်ပေါက်ခဲ့သည်။ အဆိုပါ ဥပဒေသည် စစ်အုပ်ချုပ်ရေးကိုသာ အားကောင်း မောင်းသန်ဖြစ်အောင် ပြုလုပ်ပေးမည်၊ လမ်းခင်းပေးမည် ဟု ပြောဆိုမှုများ ရှိနေသည့်တိုင် ယခု ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမည် ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ထိုင်း နိုင်ငံခြားရေး ဝန်ကြီးအား ယုံကြည်အောင် ပြောကြားခဲ့သည်။

နိုင်ငံတကာမှ ပြောဆို ဝေဖန်မှုများအပေါ် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက အလေးအနက်ထားလျက် ရှိသည်။ သို့သော် ရွေးကောက်ပွဲ ကျင်းပရန် ရက်ကြေညာလိုက်ပါ က အဆိုပါ ဝေဖန်မှုများ ပျက်ပြယ်သွားနိုင်သည်ဟု ၎င်းကဆိုသည်။ 

"ကျွန်တော်တို့ အဖို့ကတော့ အဓိက မှတ်ကျောက် တစ်ခုရှိနေတယ်။ ဒါမှမဟုတ် စွဲလမ်းချက် ရှိနေတယ်လို့လည်း ဆိုချင်တယ်။ ဒါကတော့ ဖြစ်နိုင်ခြေ ရှိ၊မရှိ၊ ဒီမိုကရေစီစနစ် ကျကျ၊ ယုံကြည် စိတ်ချရမှုရှိရှိ နဲ့ ရွေးကောက်ပွဲကို ကျင်းပပေးနိုင်ပါ့မလား ဆိုတာပါပဲ" ဟု ဗီယက်နမ်တွင် ကျင်းပသော အာဆီယံ အစည်းအဝေးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံပြီးနောက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားပါသည်။ 

"အဲဒီအခြေအနေတွေ အားလုံး ဖြစ်ပေါ်နေဖို့က သိပ်အရေးကြီးပါတယ်။ အဲဒါတွေ မဖြစ်သေးဘဲနဲ့ ကိုယ်ဖြစ်စေချင်တာကို အတင်း မဖြစ်ဖြစ်အောင် လုပ်နေမယ်ဆိုရင် မကောင်းပါဘူး။ အဲဒီလို အခြေအနေကောင်းတွေ ခင်ဗျားတို့ဆီမှာ မရှိသေးဘူးဆိုတာ ကျွန်တော်တို့သိပါတယ်" ဟူ၍လည်း ၎င်းက ဆက်လက်ပြောဆိုပါသည်။ 

DVB သတင်းဌာနမှ သတင်းကိုဘာသာပြန်ဆိုပါသည်။