Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား လက်နက် ဖြုတ်သိမ်းရေး ဆိုင်ရာ နိုင်ငံတကာ စကားဝိုင်းသို့ ပြန်လည် ဝင်ရောက်မည်ဖြစ်ရာ အဆိုပါ စကားဝိုင်း မစတင်မီ အချိန်အတွင်း မိမိတို့ အနေဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ထိပ်တန်း အရာရှိကြီး တစ်ဦးက ပြောကြားလိုက်သည်။

မြောက်ကိုရီးယားသည် ဗုံးလက်နက်များ တပ်ဆင်နိုင်ရေးအတွက် လိုအပ်သော ပလူတိုနီယံများ အလုံအလောက် ရရှိထားပြီ ဖြစ်သည်ဟု ယုံကြည်ရပါသည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က နျူကလီးယားလက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲမှ နုတ်ထွက်ခဲ့ပြီးနောက် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူခြင်းကို ခံထားရသူဖြစ်သည်။

မြောက်ကိုရီးယားက လက်နက်ဖြုတ်သိမ်းမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲများမ စတင်မီ ကာလအတွင်း ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားရေး၊ ၁၉၅၀-၅၃ ခုနှစ်က ရှိခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရေးတို့ကို ပြုလုပ်ပေးရန် တောင်းဆိုထားသည်။ အဆိုပါ နျူလက်နက် ဖြုတ်သိမ်းမှုဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ စကားဝိုင်းတွင် တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ၊ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် ဂျပန်တို့ပါဝင်သည်။

"ဒီဖြစ်စဉ်ဟာ ဆွေးနွေးညှိနှိုင်းပြီးသားကိစ္စပါ။ အခု သူတို့က ဆွေးနွေးပွဲဖြစ်စဉ်ကို ပြန်လည် စတင်မယ်ဆိုတာ ကျွန်တော့်အနေနဲ့ အတော့်ကို အသိအမှတ်ပြုမိပါတယ်။ အချိန်တော့ ပေးရပါလိမ့်မယ်" ဟု ကုလသမဂ္ဂဆိုင်ရာ နိုင်ငံရေးအကြီးအကဲ Lynn Pascoe က မြောက်ကိုရီးယားမှ အပြန် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားပါသည်။

Lynn Pascoe သည် ၂၀၀၄ ခုနှစ် နောက်ပိုင်း မြောက်ကိုရီးယားသို့ ပထမဆုံးသွားရောက် သော ကုလအဖွဲ့၏ ထိပ်တန်းအရာရှိကြီး တစ်ဦး ဖြစ်ပါသည်။

"အခုဆွေးနွေးပွဲမှာ စေ့စပ်ညှိနှိုင်းမှုတွေပြန်လုပ်လာနိုင်ဖို့အတွက်ကျွန်တော်တို့ကမျှော်လင့် ခဲ့တာပါ။ အဲဒါကြောင့် အမြန်ဆုံးစတင်ချင်ပါတယ်" ဟု မြောက်ကိုရီးယားနှင့် ပတ်သက်၍ ၎င်းက ပွင့်လင်းစွာပြောကြားခဲ့သည်။

အဆိုပါ သုံးသပ်ပြောကြားချက်သည် မြောက်ကိုရီးယားက တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးစားနေစဉ် ကာလအတွင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယခုရက်ပိုင်း အတွင်းမှာပင် မြောက်ကိုရီးယား အစိုးရက နျူကလီးယားဆိုင်ရာ အထူးသံတမန် Kim Kye Gwan ကို တရုတ်နိုင်ငံ ဘေကျင်းမြို့သို့ စေလွှတ်ခဲ့သည်။

"မြောက်ကိုရီးယားနဲ့ တရုတ်နှစ်ဖက်စလုံးဟာ လေးနက်တဲ့ ဆွေးနွေးမှုတွေ လုပ်ထားပါတယ်။ ကိုရီးယားကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး၊ တရုတ်-မြောက်ကိုရီးယား ဆက်ဆံ မှု မြှင့်တင်ရေး စတာတွေအတွက် လုပ်ထားတာပါ" ဟု Kim Kye Gwan ၏ ပြောကြားချက်ကို ကိုးကား၍ KCNA သတင်းဌာနက ရေးသားဖော်ပြသည်။

တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိလာသော အခါ မစ္စတာ Kim က ခြောက်နိုင်ငံစ ကားဝိုင်း ပြန်လည် စတင်ရေးအတွက် တရုတ်နိုင်ငံနှင့် တိုင်ပင်လျက်ရှိသည့် အနေ အထားတွင် ရှိကြောင်း၊ တရုတ်နှင့်လည်း သံတမန်နည်းလမ်းအရ အဆက်အသွယ်များ ရရှိထားပါကြောင်း အသိပေး ပြောကြားသည်။ ဆွေးနွေးမှု အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။ Kim Kye Gwan သည် တရုတ်နိုင်ငံ ဘေကျင်းမြို့တော်တွင် ၎င်းနှင့် ရာထူးအဆင့် အတန်းတူသော တရုတ် သံတမန်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပါ သည်။

တောင်ကိုရီးယားနိုင်ငံထုတ် Dong Ilbo သတင်းစာ ရေးသားချက်အရ ယခုအခါ မြောက်ကို ရီးယား အစိုးရသည် မစ္စတာ Kim အား အမေရိကန် ပြည်ထောင်စုသို့ မတ်လ အတွင်း သွားရောက်ပြီး အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ရန် တွန်းအားပေးနေကြောင်း သိရပါသည်။ သို့သော် အမေရိကန်ပြည်ထောင်စုက ၎င်းအား ဗီဇာထုတ်ပေးခြင်း မရှိသေးဟုလည်း ဆိုသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ ပုဂ္ဂိုလ်က မစ္စတာ Kim ၏ ခရီးစဉ်နှင့်ပတ် သက်၍ ဆွေးနွေးညှိနှိုင်းမှုများ မပြုလုပ်ရသေးကြောင်း၊ လာရောက်ရန်လည်း စီစဉ်ခြင်းမရှိ သေးကြောင်း ပြောကြားပါသည်။

ဤအတောအတွင်းမှာပင် မြောက်ကိုရီးယားမြို့တော် ပြုံယမ်း၌ ပြည်သူတစ်သိန်းခန့် လောက်က အစိုးရ၏ မြင့်မြတ်ကြီးမား ကြွယ်ဝချမ်းသာရေး ပေါ်လစီကို ထောက်ခံအားပေးရန် လူဆုဆန္ဒပြ လမ်းလျှောက်ပွဲ တစ်ရပ်ကို ကျင်းပလျက်ရှိကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းစာကဆိုသည်။

AP သတင်းကိုဘာသာပြန်ဆိုပါသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

           မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီမှ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးအား စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားရာမှ ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် လွှတ်ပေး လိုက်ပြီးနောက် ကုလသမဂ္ဂအထူးသံတမန် Thomas Ojea Quintana သည် မြန်မာနိုင်ငံ သို့ လာရောက်မည် ဖြစ်ကြောင်း သိရပါသည်။

မစ္စတာ Quintanaက ခရီးစဉ်အတွင်း နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရ သော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခွင့်ပေးရန် တောင်းဆို ထားကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေနေများကိုလည်း လေ့လာအကဲဖြတ်မည် ဖြစ်ကြောင်း သိရသည်။

လူ့အခွင့်အရေးများ ချိုးဖောက်သည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်ဝေဖန်မှုကို ခံနေရသော မြန်မာစစ်အစိုးရသည် NLD ဒုတိယ ခေါင်းဆောင် ဦးတင်ဦး(၈၂ နှစ်)ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် လွှတ်ပေးခဲ့သည်။

စစ်အစိုးရက ဦးတင်ဦးအား နှစ်ပေါင်း ၇ နှစ်ခန့် နေအိမ်အကျယ်ချုပ် အပါအဝင် ထောင်တွင်း အကျဉ်းချမှုများ ပြုလုပ်ပြီးနောက် လွှတ်ပေးလိုက်ခြင်း ဖြစ်ပါသည်။ဦးတင်ဦးသည် NLD ပါတီ ထူထောင်ရာတွင် ဒေါ်အောင်ဆန်းစုကြည်အား အကူအညီပေးခဲ့ သူတစ်ဦး ဖြစ်ပါသည်။

"ကျွန်တော် အခုလို လွတ်မြောက်လာလို့ မပျော်နိုင်ပါဘူး၊ ကျွန်တော့်ရဲ့ လုပ်ဖော် ကိုင်ဖက် တွေ ထောင်ထဲမှာ နှစ်ရှည်လများ ထိန်းသိမ်း ခံနေရတဲ့အတွက် အတော့်ကို စိတ်မကောင်း ဖြစ်မိ ပါတယ်" ဟု ဦးတင်ဦးက ဖမ်းဆီးထိန်းသိမ်းမှုမှ လွတ်မြောက်လာပြီးနောက် ရွှေတိဂုံ စေတီတော်သို့ သွားရောက်ကာ နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်များအတွက် ဝတ်ပြုဆုတောင်းစဉ် သတင်း ထောက်များအား ပြောကြားပါသည်။

လူ့အခွင့်အရေး စောင့်ကြည့်သော အဖွဲ့အစည်းများ၏ အဆိုအရ မြန်မာစစ်အစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့်အား ဖမ်းဆီးထိန်းသိမ်း ထားပါသည်။တစ်ချိန်က ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဖြစ်ခဲ့ဖူးသော ဦးတင်ဦးသည် ဖမ်းဆီးထိန်းသိမ်း မှုမှ လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီအတွက် ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

NLD ၏ ဒုတိယဥက္ကဋ္ဌအနေဖြင့် နိုင်ငံရေး ဆောင်ရွက်ချက်များကို ပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ၂၀ ဦးနှင့် ဆက်လက်ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးတင်ဦးက ပြောပါသည်။ NLD ပါတီ ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်သော ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဖြစ်ရာ ယခုကဲ့သို့ ကုလအထူး သံတမန် မြန်မာနိုင်ငံသို့ လာရောက်မှုကို အထူးပင် ကြိုဆိုပါကြောင်း ပြောကြားပါသည်။

"မစ္စတာ Quintana အနေနဲ့ အခုခရီးစဉ်မှာ လူ့အခွင့်အရေး ကိစ္စတွေအားလုံးကို ထုတ်ဖော် ပြောဆို နိုင်လိမ့်မယ်လို့ မထင်မိပါဘူး။ ဒါပေမဲ့လည်း ချိုးဖောက်မှုအချို့ကိုတော့ ထုတ်ဖော် အသိပေးနိုင်လိမ့်မယ် ဆိုတာသေချာပါတယ်" ဟု ၎င်းကပြောပါသည်။

မစ္စတာ Quintana သည် ငါးရက်တာမျှ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးများ၊ အတိုက် အခံ နိုင်ငံရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ၎င်းသည် ရန်ကုန်မြို့မှ နာမည်ဆိုးထွက်နေသော အင်းစိန်အကျဉ်းထောင်နှင့် ရခိုင်ပြည်နယ် အနောက် မြောက်ပိုင်း ဒေသမှ အခြားအကျဉ်းထောင် တစ်ခုကိုလည်း သွားရောက် စစ်ဆေးမည်ဖြစ်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက  NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကို လွှတ်ပေးသည့်အတွက် အထူးပင် ကြိုဆိုရပါကြောင်း၊ အစိုးရ နှင့် NLD အကြား ခိုင်မာသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်နိုင်လိမ့်မည်ဟုလည်း မျှော်လင့်မိပါကြောင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်လိုက်သည်။

ထို့ပြင် နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံထား ရသော ဒေါ်အောင်ဆန်းစုကြည် ကိုလည်း အချိန်မစောင့်ဆိုင်းဘဲ အမြန်ဆုံး လွှတ်ပေးစေ လိုကြောင်း ၎င်းက တိုက်တွန်း ပြောဆိုပါသည်။

ဦးတင်ဦးကမူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်ချက် အပြည့် ထားရှိနေခဲ့မိကြောင်း ပြောဆိုသည်။ ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အား မလွှတ်ပေးမီ အချိန်ပိုင်းအလိုတွင် မိမိအား ထောင်မှဦးစွာလွှတ်ပေးခဲ့သည် ဟု ၎င်းက ဥပမာပေးကာ ပြောဆိုပါသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့် ရရှိအောင် သက်ဆိုင်ရာ အာဏာပိုင်များ ထံသို့ တောင်းဆိုမည် ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အီးယူနှင့် အခြားသော ဖိအားပေးမှုများ ပြုလုပ်ပေးခဲ့ကြသည့် သူများအားလုံးကိုလည်း အထူးပင် ကျေးဇူး တင်ရှိပါကြောင်း ၎င်းကပြောပါသည်။

ဦးတင်ဦးသည် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခံ ထားရစဉ်အတွင်း ပြင်ပနှင့် အဆက်အသွယ် မရရှိခဲ့ပေ။ စစ်အစိုးရက ဦးတင်ဦးအား တတ်နိုင်သမျှ အထီးကျန် ဖြစ်စေရန် ကြိုးပမ်းခဲ့ပါသည်။ ၎င်း၏နေအိမ်မှ တယ်လီဖုန်းလိုင်းကိုလည်း ဖြတ်တောက်ခဲ့ပြီး ရေဒီယိုတစ်လုံးသာ အသုံးပြု နားထောင်ခွင့်ပြုခဲ့သည်။

"ဒီမိုကရေစီဆန်တဲ့ မီဒီယာတွေအားလုံးရဲ့ ကျေးဇူးကြောင့် ကျွန်တော်ဟာ ကမ္ဘာကြီးနဲ့ အဆက်အသွယ် မပြတ်ခဲ့ပါဘူး" ဟု ၎င်းကပြောပါသည်။

AP သတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတကာ အလုပ်သမား အဖွဲ့ (ILO) က မြန်မာနိုင်ငံ တစ်ဝန်းမှ ကလေးများကို အဓမ္မ စေခိုင်းမှုနှင့် ကလေး စစ်သားအဖြစ် သိမ်းသွင်းမှုများနှင့် ပတ်သက်၍ ကန့်ကွက် ရှုတ်ချသည့် စာရွက် စာတမ်းများကို ဖြန့်ဝေသွားမည်ဟု သိရသည်။ ယင်းသို့ ဖြန့်ဝေရာတွင် စစ်အစိုးရ၏ စာပေစိစစ်ရေး အဖွဲ့၏ ခွင့်ပြုချက်ကို ရယူမည် မဟုတ်ဟု ဆိုသည်။

ကမ္ဘာ့ ကလေးစစ်သား အများဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်သော မြန်မာနိုင်ငံသည် နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO)၏ မျက်ခြည်မပြတ် စောင့်ကြည့်ခြင်းကို ခံနေရပြီး ILO သည် အဆိုပါ ပြဿနာများ တိုက်ဖျက်ရေးအတွက် လုပ်ပိုင်ခွင့်များ ရရှိထားသည်။

ILO က ဖြန့်ဝေမည့် စာတမ်းများတွင် ပါရှိမည့်  အချက်အလက်များအား စစ်အစိုးရ၏ အလုပ်သမား ဝန်ကြီးဋ္ဌာနသို့ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း ရန်ကုန် အခြေစိုက် ILO သတင်း ပြန်ကြားရေးနှင့် ဆက်သွယ်ရေး အရာရှိ Steve Marshall က ပြောသည်။

ILO ဒါရိုက်တာ Kari Tapiola နှင့် အလုပ်သမား ဝန်ကြီးဋ္ဌာန ဝန်ကြီး ဦးအောင်ကြည်တို့ ယခင်လက တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယင်းသို့ စာရွက် စာတမ်းများ ဖြန့်ဝေမည့် အစီအစဉ် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုသို့ တွေ့ဆုံပြီးနောက် စစ်အစိုးရနှင့် ILO တို့အကြား နားလည်မှုများ ပိုမို ရရှိလာကြသည်။ အဓမ္မ အလုပ် ခိုင်းစေမှုနှင့် ကလေးစစ်သား စုဆောင်းမှုများနှင့် ပတ်သက်ပြီး ILO သို့ တိုင်ကြားသူများအပေါ် အစိုးရက အပြစ်ပေး အရေးယူခြင်းများ မပြုလုပ်ရန် သဘော တူညီချက်များ ရရှိခဲ့ကြသည်။

စာရွက်စာတမ်းများကို ဘာသာစကား စုံလင်စွာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ သွားမည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံတွင် အဓမ္မ အလုပ် စေခိုင်းမှုနှင့် ကလေးစစ်သား
စုဆောင်းမှုတို့သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဆယ်စုနှစ်များစွာ တိုက်ပွဲ ဖြစ်ပွားလျက် ရှိသော နယ်စပ်ဒေသများတွင် အဓိက ဖြစ်ပေါ်လျက် ရှိသည်။

ပထမဦးစွာ ဖြန့်ဝေမည့် စာရွက်စာတမ်းကို မြန်မာ ဘာသာဖြင့် ပုံနှိပ်မည် ဖြစ်ကြောင်း၊ အကယ်၍ တိုင်းရင်းသား ဘာသာစကားများဖြင့် ဖြန့်ဝေဖြင်း မပြုလုပ်ပါက တရားမျှတမှု ရှိမည် မဟုတ်ကြောင်း အဆိုပါ ILO အရာရှိက ဆက်လက် ပြောဆိုသည်။ ILO သည် ၂၀၀၇ ခုနှစ် ဖေဖော်ဝါရီလကပင် စတင်၍ အဆိုပါ ကိစ္စအတွက် ကြိုးပမ်းခဲ့ရာ စစ်အစိုးရနှင့် နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ အဆိုပါ သဘောတူ နားလည်မှုတွင် အဓမ္မ အလုပ် စေခိုင်းမှုနှင့် ကလေးစစ်သား စုဆောင်းမှု၊ မြေယာမြေ ပိုင်ဆိုင်မှုတို့ကို မြန်မာ အစိုးရက ထိန်းချုပ်ပေးရန် ဟူသည့် အချက်များ ပါဝင်သည်။

အလုပ်သမား လှုပ်ရှားမှုများနှင့် အဓမ္မ စေခိုင်းမှုတို့နှင့် ပတ်သက်၍ လှုပ်ရှားသူများအား ဖမ်းဆီး အကျဉ်းချမှုများကိုလည်း ILO က ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချခဲ့သည်။ ၂၀၀၂ ခုနှစ် လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ တစ်ရပ်အရ မြန်မာစစ်တပ်တွင် တာဝန် ထမ်းဆောင်နေရသော စစ်သား ၂၀ ရာခိုင်နှုန်း (ခုနစ်သောင်း) သည် ကလေး စစ်သားများ ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်က ရရှိသော အစီရင်ခံစာ တစ်ခုအရ မြန်မာစစ်တပ်၏ လက်နက်ကိုင် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် အသက် ၉ နှစ်အထိ ငယ်ရွယ်သော ကလေးစစ်သားများ ပါဝင်ကြောင်း သိရသည်။

DVB ၏ ILO to begin Burma child soldier campaign ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Shan Herald Agency for News, 12th February 2010

မြန်မာနိုင်ငံသည် တရုတ် ကုမ္ပဏီ နှစ်ခုနှင့် ပူးပေါင်း၍ ဝ နှင့် မိုင်းလား ဒေသများတွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ဆည် ၇ ခု တည်ဆောက်ရန် စီစဉ်နေသည်ဟု အင်တာနက် သတင်းများ အရ သိရသည်။

အဆိုပါ ဒေသ နှစ်ခု စလုံးသည် အပစ်ရပ် အဖွဲ့များအား မြန်မာ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်များ အဖြစ် အသွင်ပြောင်းမည့် နေပြည်တော်၏ အစီအစဉ်ကို လက်နက်ကိုင် ဆန့်ကျင်နေသာ ဒေသများ ဖြစ်သည်။

သတင်း ဖော်ပြချက်များအရ Yunnan Power Grid Corporation နှင့် State Development and Investment Corporation (SDIC) Huajing power Holdings တို့သည် ၂၀၀၈ ခုနှစ် အတွင်း အစီအစဉ်များ ရေးဆွဲ ပြီးစီးခဲ့ကြပြီး မြန်မာ အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီးဋ္ဌာနသို့ တင်ပြထားသည် ဟု သိရသည်။

၂၀၀၉ မေလနှင့် ဒီဇင်ဘာလတွင် ဝန်ကြီးဋ္ဌာနက အဆိုပါ စီမံကိန်း အစီအစဉ်များကို အတည်ပြုခဲ့ပါသည်။ ယခု အချိန် အထိ စီမံကိန်း ကနဦး ကြိုတင် လေ့လာမှု ပြီးစီးသွားပြီ ဖြစ်၍ နန့်ခ မြစ်ကြောင်း ရေအားလျှပ်စစ် စက်ရုံ များ၏ ပြင်ပ စုံစမ်း စစ်ဆေးမှု  လုပ်ငန်းများကို စတင်နေပြီဟု ဆိုသည်။

စတင် အကောင်အထည် ဖော်နေသော ရေအားလျှပ်စစ် စီမံကိန်း များမှာ သံလွင် မြစ်လက်တက် တစ်ခု ဖြစ်သော နမ့်ခမြစ်ပေါ်တွင် စီမံကိန်း တစ်ခု (၎င်းမြစ်သည် ဝ မြို့တော် ပန်ဆိုင်းကို ဖြတ်သန်း စီးဆင်းသည်) ၊ ထို့နောက် မိုင်းလား အခြေစိုက် NDAA တပ်ဖွဲ့ ထိန်းချုပ်နယ်မြေကို ဘောင်ခတ်ပေးနေသဖွယ် ဖြစ်နေသော နမ့်လွယ်မြစ် ( မဲခေါင်၏ လက်တက်) ပေါ်တွင် စီမံကိန်း    ခု တို့ ဖြစ်သည်။

YPGC ၏ ဒုတိယ အထွေထွေ မန်နေဂျာ ဝမ်ဝင်းနှင့် SIDC Huajing Power Holding ဒါရိုက်တာ ဟူဂန် တို့သည် စီမံကိန်းများ အကောင်အထည် ဖော်ရေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၄ ရက် တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်ဟု သတင်းများ အရ သိရသည်။

မိုင်းလား ခေါင်းဆာင်ပိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောကြားရာတွင် '' ဒီကိစ္စက ကျွန်တော်တို့ကို တရုတ်လက်နဲ့ အငှားသတ်ဖို့ ကြံစည်တဲ့ မြန်မာ အစိုးရ  SPDC  ရဲ့ အစီအစဉ် တစ်ခု ဖြစ်နိုင်ပါတယ်၊ သူတို့ကို ဆန့်ကျင်ဖို့ လွယ်သလောက် တရုတ်ကို ဆန့်ကျင်ဖို့ ခက်တယ် ဆိုတာကို စစ်ဗိုလ်ချုပ်တွေက သိနေတယ်လေ''  ဟု ဆိုသည်။

မိုင်းလား အဖွဲ့၏ နံပါတ် ၆ ခေါင်းဆောင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရပြီးနောက် ကျင်းပခဲ့သော အစည်းအဝေး တစ်ခုတွင် ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဋ္ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးက ''မြန်မာ့စစ်တပ်က တိုက်ခိုက်စရာ မလိုဘဲ အပစ်ရပ် တပ်ဖွဲ့များ ပျက်စီးတော့မည်'' ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.straitstimes.com , 14th February 2010

        ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီ ဒုတိယ ခေါင်းဆောင်သည် စနေနေ့က လွတ်မြောက်လာခြင်းကို ကြိုဆိုလိုက်ပြီး ကျန်နေသေးသော နိုင်ငံရေး အကျဉ်းသား အားလုံးကိုလည်း လွှတ်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းလိုက်သည်။

          အားလုံး ပါဝင်နိုင်၍ ယုံကြည် လေးစားလောက်ဖွယ် ရှိသော နိုင်ငံရေး လုပ်ငန်းစဉ်ကို ရှေ့ရှုသည့် မဖြစ်မနေ လုပ်ရမည့် အဆင့် တစ်ခုအဖြစ် အစိုးရနှင့် NLD အကြား ကျယ်ပြန့် ထိရောက်သော ဆွေးနွေးမှုများ ရှိလာရေး အတွက် ယခု တိုးတက်မှုက ဆောင်ရွက် ပေးနိုင် လိမ့်မည်ဟု ယုံကြည်မိကြောင်း ဘန်ကီမွန်းက ပြောကြားခဲ့သည်။

          အသက် ၈၃ နှစ်ရှိ ဦးတင်ဦးကို ရန်ကုန်မြို့ နေအိမ်တွင် ၆ နှစ်ကြာ အကျယ်ချုပ် ဖမ်းဆီးထားမှု သက်တမ်း ပြည့်သွားသောကြောင့် လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

          ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၎င်းထုတ်ပြန်သော ကြေညာချက်တွင် NLD အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပေါ် တားမြစ် ပိတ်ပင်မှုများကို နှောင့်နှေးမှု မရှိ ရုတ်သိမ်းပေးရန်နှင့် ကျန် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန် မြန်မာ အစိုးရကို တောင်းဆိုထားခြင်းအား ထပ်မံ ဖော်ပြလိုပါသည်ဟု ပြောကြား ထားသည်။

          ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် (၆၆ နှစ်) သည် ၁၉၉၀ ရွေးကောက်ပွဲများ တွင် သူမ၏ ပါတီ သိမ်းကြုံး အနိုင်ရရှိခဲ့ခြင်းကို အစိုးရက အသိအမှတ် မပြု ငြင်းဆန်ခဲ့ပြီး နောက်ပိုင်းတွင် နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခြင်း ခံနေရသည်။

          မြန်မာ အစိုးရက ၎င်းတို့ အသံကောင်း ဟစ်ထားသော ဒီမိုကရေစီ လမ်းညွှန် မြေပုံအရ ရွေးကောက်ပွဲများကို ၂၀၁၀ တွင် ကျင်းပမည်ဟု ကတိပေးထားသော်လည်း ယခုတိုင် ရက်သတ်မှတ် ရခြင်း မရှိသေးသလို စစ်အုပ်ချုပ်ရေး အမြစ်တွယ်စေမည့် အစီအစဉ်သာ ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သတ်မှတ် ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ထူထောင်ရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ခေါင်းဆောင်ဟောင်း ဦးတူးဂျာသည် မြစ်ကြီးနားမြို့မှ အမျိုးသမီးများ နှင့် ကျောင်းသား ကျောင်းသူ များကို ဖိတ်ကြားပြီး ပါတီအတွက် စည်းရုံးရေး ပြုလုပ်မည့်နည်း လမ်းများကို ပြောကြားခဲ့ကြောင်း သတင်း ရရှိပါသည်။  

ဦးတူးဂျာသည်  ယခုအခါ ကချင်ပြည်နယ်မှ ကျောင်းသူ ကျောင်းသားများနှင့် အမျိုးသမီးများ ကို အဓိက ပစ်မှတ်ထားကာ မဲဆွယ်လျက် ရှိကြောင်း၊ အကြောင်းမှာ ၎င်းတို့သည် ဈေးများ၊ စာသင် ကျောင်းများနှင့် အခြားသော အများပြည်သူ ဧရိယာများတွင် အရေးပါသည့် အခန်းဏ္ဍမှ ပါဝင် နေခြင်းကြောင့် ဖြစ်ကြောင်း မြစ်ကြီးနား တက္ကသိုလ်မှ ကချင်တိုင်းရင်းသူကျောင်းသူ Marry က Irrawaddy သတင်းဌာနသို့ ပြောကြားသည်။

"အမျိုးသမီးတွေနဲ့ ကျောင်းသားတွေကို အဓိက ပစ်မှတ်ထားတာက သူတို့က KSPP ပါတီနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဖြန့်ဝေနိုင်လို့ပါ" ဟု ၎င်းကဆိုပါသည်။ 

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလက ဦးတူးဂျာအပါအဝင် အခြား KIO ခေါင်းဆောင် များသည် KSPP ပါတီတွင် အချိန်ပြည့် လုပ်ကိုင်ရန် KIO ပါတီမှ နုတ်ထွက်ခဲ့ကြ သည်။ KSPP ပါတီမှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်  ၂၀၀၉ မတ်လတွင် ဦးတူးဂျာ ဦးဆောင်ကာ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

မည်သို့ဆိုစေ အဆိုပါ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဥပဒေ စည်းမျဉ်းစည်းကမ်းများကို စစ်အစိုးရက ထုတ်ပြန်ခြင်း မရှိသေးသော ကြောင့် KSPP ပါတီအပါအဝင် မည်သည့် နိုင်ငံရေး ပါတီတစ်ခုမျှ တရားဝင် မှတ်ပုံတင်ခြင်း မပြုလုပ်နိုင်ကြပေ။ 

လေ့လာအကဲခတ်သူများက ရွေးကောက်ပွဲ ဥပဒေများကို လာမည့်မေလတွင် ပြည် သူများ သိအောင် တရားဝင် ထုတ်ပြန်ကြေညာလိမ့်မည်ဟု ခန့်မှန်းကြသည်။

မြန်မာစစ်အစိုးရသည် ယခု ၂၀၁၀ ပြည့်နှစ် သြဂုတ်လနှင့် စက်တင်ဘာလ သို့မဟုတ် နှစ်ဝက်လောက်တွင် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း ဦးတူးရဂျာ၏ ပြောကြားချက်ကို ကိုးကား၍ ထိုင်းနိုင်ငံ အခြေစိုက် Kachin News Group ကရေးသားဖော်ပြပါသည်။ KSPP ပါတီဝင်များ အနေဖြင့် ကြောက်ရွံ့ ထိတ်လန့်ခြင်းမရှိဘဲ ရွေးကောက်ပွဲအတွက် တက်ကြွစွာ မဲဆွယ် စည်းရုံးကြရန် ဦးတူးဂျာက တိုက်တွန်းအားပေး ထားပါသည်။ 

တရုတ်-မြန်မာ နယ်စပ်ဒေသတွင် နေထိုင်သော ကချင်တိုင်းရင်းသား Awng Wa ၏ အဆိုအရ ဦးတူးဂျာသည် မြစ်ကြီးနား၊ ဗန်းမော်၊ သိန္ဒီ နှင့် မိုးညှင်းအစရှိသည့် ကချင်ပြည်နယ် မြို့များတွင် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်လျက် ရှိသည်။  

လာမည့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ခြင်းသည် ကချင်ပြည်သူများအတွက် ကောင်းသော လုပ်ရပ်တစ်ခု ဖြစ်သည်ဟု ဦးတူးဂျာနှင့် ကချင်တိုင်းရင်းသား အတော်များများ သဘောတူ ညီမှု ရရှိထားကြောင်း၊ သို့သော် အချို့က အဆိုပါရွေးကောက်ပွဲသည် လွတ်လပ်ပြီး မျှတမှုရှိ မည်မဟုတ်ဟု ယုံကြည် နေကြသဖြင့် ပါဝင်ယှဉ်ပြိုင်မှု မပြုရန် ဆုံးဖြတ်ထားကြကြောင်း ၎င်းက ဆိုပါသည်။

ဦးတူးဂျာသည် ၎င်း၏ KSPP ပါတီကို ၂၀၀၉ခုနှစ် ဇူလိုင်လတွင် တရုတ်-မြန်မာနယ်စပ် Liaza မြို့တွင် ပထမဆုံး တရားဝင် မိတ်ဆက်ခဲ့သည်။ အဆိုပါ မိတ်ဆက်ပွဲအခမ်းအနားသို့ KIO အဖွဲ့ဝင်များ၊ ကချင်ဒီမိုကရက်တစ် တပ်မတော်သစ်နှင့် ကချင် အတိုင်ပင်ခံ ကော်မတီအဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၈၀၀ ခန့်တက်ရောက်ခဲ့သည်။  

Irrawaddy သတင်းဌာန၏ Kachin Poliitcal Party Becoming More Active ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပဲခူးတိုင်းအတွင်း ကရင်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာနှစ်ခုရှိ အိမ်ခြေ ၇၀ ခန့်အား မြန်မာ စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ ရွာသူရွာသားပေါင်း ၁၀၀၀ခန့် ထွက်ပြေးတိမ်းရှောင် ခဲ့ကြရကြောင်း ကရင်အမျိုးသားယူနီယံ (KNU) ၏ ပြောကြားချက်အရ သိရပါသည်။

KNU ၏ အဆိုအရ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ကျေးရွာနှစ်ရွာမှာ ဖေဖော်ဝါရီလ ၇ရက်နေ့နှင့် ၉ရက်နေ့တို့တွင် မြန်မာစစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရပြီး ရွာနေ ပြည်သူများမှာ တောတွင်းဒေသတွင်ပုန်းခိုလျက် ရှိသည်ဟု ဆိုပါသည်။

"လူတစ်ထောင်ကျော်လောက် တောထဲကို ထွက်ပြေးခဲ့ရတယ်။ ဘာလို့ဒီလိုဖြစ်ရသလဲဆို တော့ သူတို့က စစ်အစိုးရ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မရှိလို့ပါပဲ။ မြန်မာစစ်တပ်က ကရင်တွေကို မုန်းနေတာကြောင့် ကရင်ရွာတွေကိုလည်း ဖျက်ဆီးမီးရှို့ပစ်တာပါ" ဟု KNU ၏ ဒုတိယ ဥက္ကဋ္ဌ ဒေးဗစ်သာကာဘော ကစွပ်စွဲပြောဆိုပါသည်။

ကျောက်ကြီးမြို့နယ်တွင် မြန်မာစစ်တပ်၏ ခြေလျင်တပ်ရင်း ၃၆၃ အခြေစိုက်သည်။ မြန်မာစစ်တပ်က ကျောက်ကြီးမြို့နယ်ရှိ KNU တပ်ရင်း ၃ ကိုရဲရန်အောင် စစ်ဆင်ရေးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်တော့မည် ဟူသော သတင်းထွက်ပေါ်လာပြီး နောက်မကြာမီမှာပင် အဆိုပါ ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။

KNU အဖွဲ့သည် မြန်မာစစ်အစိုးရက ၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အ ခြေခံ ဥပဒေကို ဆန့်ကျင်သူဖြစ်သလို ယခုနှစ်တွင် ပြုလုပ်မည့် ဒီမိုကရေစီရွေးကောက်ပွဲ ကိုလည်း ဆန့်ကျင်ရန် ဆုံးဖြတ်ထားသူ ဖြစ်သည်။

KNU အဖွဲ့ သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးစောလှငွေက "ဒီလုပ်ရပ်ဟာ နိုင်ငံသား တွေကို သုံ့ပန်းဖြစ်အောင် လုပ်နေသလိုပဲ။ နောက်ပြီး အခုလိုဖြစ်ရပ်ကို ကြည့်ရင် မြန်မာစစ် အစိုးရ ဟာ ကျွန်တော်တို့ကို သူတို့ရဲ့ အုပ်ချုပ်မှုအောက် မဖြစ်မနေ ဝင်ရောက်အောင် ဖိအား ပေးနေ သလိုပါပဲ" ဟု ပြောဆိုပါသည်။  

"ပြီးခဲ့တဲ့လကဆိုရင် ကရင်ရွာသား နှစ်ဦးကို မြန်မာစစ်တပ်က စစ်သားတွေက ပစ်သတ်ပြီး ရွာသူအမျိုးသမီး တစ်ဦးကိုလည်း မုဒိမ်းကျင့်ခဲ့ပါတယ်။ အိမ် ၁၂ လုံးနဲ့ စာသင်ကျောင်းတစ် ကျောင်း ကိုပါ မီးရှို့ ဖျက်ဆီးပစ်ကြပါတယ်" ဟု ၎င်းကပြောပါသည်။  

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် နိုင်ငံပိုင် ကြေးမုံသတင်းစာက KNU တပ်ဖွဲ့ဝင် လေးဦး သည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျေးရွာတွင် နေထိုင်သော မြေစာရင်းဌာနမှ အရာရှိ ဝန်ထမ်း လေးဦးအား ပြန်ပေးဆွဲသွားပြီး ကျပ်သိန်း  ၅၀ ပေးမှ ပြန်လွှတ်မည်ဟု တောင်းဆို ထားကြောင်း ရေးသားဖော်ပြသည်။  

"မြန်မာစစ်တပ်က ကျွန်တော်တို့ကို မဟုတ်တဲ့ ဖြစ်ရပ်တွေ ပြောပြီး စွပ်စွဲတယ်။ ကျွန်တော်တို့ KNU က အခွန်မကောက်ပါဘူး။ ကျွန်တော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို ဆန့်ကျင်တော့ သူတို့က အမျိုးမျိုး စွပ်စွဲပြောဆိုနေတော့ တာပေါ့"ဟု KNU ဒုတိယ ဥက္ကဋ္ဌက ဆိုပါသည်။ 

ယခုအခါ ထိုင်းနိုင်ငံ Tak ပြည်နယ်ရှိ ဒုက္ခသည် စခန်းများတွင် မြန်မာဒုက္ခသည် ပေါင်း ၄၀၀၀ ခန့် မှီခိုနေထိုင်လျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် မြန်မာစစ်တပ်နှင့် DKBA တို့က ဘားအံ ဒေသမှ KNU တပ်များကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ အဆိုပါ ဒုက္ခသည် စခန်းများသို့ ထွက်ပြေးလာသူ ဦးရေ အဆမတန် မြင့်တက်ခဲ့သည်။  

လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် လူမှုရေး အသင်းအဖွဲ့များက အဆိုပါ ဒုက္ခသည်များကို မြန်မာပြည်သို့ နှင်မထုတ်ရန် ထိုင်းအစိုးရအား တောင်းဆိုထားသည်။ အကြောင်းမှာ အကယ်၍ မြန်မာပြည်သို့ နှင်ထုတ်ခြင်း ခံရပါက ဒုက္ခသည်များ၏ ဘဝမှာ မရေရာ မသေချာမှုများ၊ စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့တိုင်အောင် ကလေးသူငယ်များနှင့် အမျိုးသမီးများ ပါဝင်သော ဒုက္ခသည်အချို့အား မြန်မာနိုင်ငံသို့ ပြန်လည်နှင်ထုတ်ခြင်း ခံခဲ့ရပါသည်။  

ကရင်လက်နက်ကိုင် တပ်ဖွဲ့များဖြစ်သော DKBA နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တို့က မိမိတို့အနေဖြင့် မြေမြှုပ်မိုင်းများကိစ္စ အတွက် တာဝန်ယူ ဆောင်ရွက် ပေးမည် မဟုတ်ကြောင်း မီဒီယာများမှတစ်ဆင့် ထုတ်ဖော် ပြောဆိုထားပါသည်။  

KNLA သည် KNU ၏ လက်နက်ကိုင် တပ်ခွဲတစ်ခုဖြစ်ပြီး DKBA မှာ ၁၉၉၄ ခုနှစ်အတွင်း မြန်မာစစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲလိုက်သည့် နောက်ပိုင်း KNU မှ ခွဲထွက်ခဲ့သော တပ်ဖွဲ့တစ်ခု ဖြစ်ပါသည်။  

Mizzima သတင်းဌာန၏ Army sets ablaze Karen villages, 1000 villagers flee ကို ဘာသာ ပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Nationmultimedia.com, 12th February 2010

          မြန်မာနိုင်ငံရှိ ရတနာ ဓာတ်ငွေ့လုပ်ကွက်သည် ရက်သတ္တ ၂ ပတ်ခန့် ရပ်နားမည် ဖြစ်၍ ထိုင်း ပင်လယ်ကွေ့ရှိ သဘာဝဓာတ်ငွေ့ စီမံကိန်း အားလုံးမှ လုပ်ငန်းဆောင်ရွက်သူ ကုမ္ပဏီများအား လာမည့် မတ်လကုန်တွင် ဓာတ်ငွေ့များ စွမ်းအားပြည့် ထုတ်လုပ်ကြရန် PTT က တောင်းဆို လိုက်သည်။

          ဓာတ်ငွေ့ ပိုက်လိုင်းနှင့် စက်ကိရိယာများ တပ်ဆင်ရန်အတွက် ရပ်နားမှုကြောင့် တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်း ၁၀၀၀ ခန့် လိုအပ်ချက် ရှိလိမ့်မည်ဟု သိရသည်။

          PTT ၏ ဝါရင့် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ Permsak Shevawattananon က ပြောကြားရာတွင် စက်မှုနှင့် ပို့ဆောင်ရေး ကဏ္ဍ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လျော့သွားသော ထုတ်လုပ်မှုကို ကာမိရန် အနောက်ပိုင်း ဓာတ်ငွေ့ ပိုက်လိုင်းများ၏ သယ်ပို့နိုင်စွမ်းကို အမြင့်ဆုံး မြှင့်တင်ထားရမည်ဟု ဆိုသည်။

          PTT အနေဖြင့် ထိုင်းစွမ်းအင် ဝန်ကြီးဌာန၊ ထိုင်း လျှပ်စစ်ဓာတ်အား အာဏာပိုင် အဖွဲ့တို့နှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပြီး ကုန်ထုတ်လုပ်မှု၊ စွမ်းအင် ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် ဆိုးကျိုး သက်ရောက်မှုများ မရှိအောင် လုပ်ဆောင်နိုင်လိမ့်မည်ဟု စိတ်ချ ယုံကြည်ထားကြောင်း Permsak က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Irrawaddy, By William Boot, 13th February 2010

          ဥရောပ သမဂ္ဂမှ မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေးအရ အရေးယူ ပိတ်ဆို့ထားမှု များသည် အောင်မြင်မှုမရရှိဘဲ စစ်အစိုးရ၏ နေရာကို ပိုမို အင်အားကောင်းစွာ ခိုင်မြဲစေရန် ပြုလုပ်ပေးနေ သလို ဖြစ်နေကြောင်း ဥရောပ၏ နာမည်ကြီး လွတ်လပ်သော Think Tank အဖွဲ့တစ်ခုက ပြောကြား လိုက်သည်။

          အရေးယူမှုများကို ရည်ရွယ်ချက်ကောင်းများဖြင့် ချမှတ်ခဲ့သော်လည်း၊ ၎င်းတို့သည် မြန်မာအစိုးရကို သဘာဝ အရင်းအမြစ်များနှင့် ပြည်သူများအပေါ် ပိုမို ထိန်းချုပ်လာနိုင်ခြင်း၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ရုရှားနှင့် အခြား နိုင်ငံများ ဆက်ဆံရေးအပေါ် သြဇာလွှမ်းမိုးမှုကို ဖြစ်စေပြီး၊ ဥရောပ၏ သြဇာ လွှမ်းမိုးမှုနှင့် ဆက်ဆံရေးကို လျော့ပါး သွားစေသည်။

          အဆိုပါ အရေးယူမှုနှင့် ပတ်သက်သော ဝေဖန်မှု လေ့လာမှုများကို ဆွီဒင် အခြေစိုက် Institute for Security and Development Policy က ပြုလုပ်ခဲ့သည်။

          အဆိုပါ အဖွဲ့က ဥရောပ သမဂ္ဂ၏ မူဝါဒကို ပြန်လည် စဉ်းစားရန် တောင်းဆိုခဲ့သည်။ မိမိက ဦးအောင် ချဉ်းကပ်ခြင်း (Pro-active approach) ဖြင့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများကို တိုးတက်လာအောင် ပြုလုပ်သင့်ပါသည်ဟု ဆိုသည်။

          အထက်ပါ လေ့လာမှုက ပြောကြားရာတွင် အရေးယူမှုများသည် မြန်မာနိုင်ငံရှိ သာမန် လူတန်းစားများကို အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများသာ ဖြစ်စေပြီး၊ ကုန်သွယ်မှုနှင့် သေးငယ်သော ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများကို နှောင့်နှေးမှုများ ဖြစ်ပေါ်စေသည်။ အစိုးရ၏ ရေပေါ်ဆီ လူတန်းစားများနှင့် စာလျှင် လူလတ်တန်းစားများမှာ ပို၍ မှေးမှိန်လာကြရသည်။

          အရေးယူ ပိတ်ဆို့မှုကြောင့် မထင်မှတ်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာရာ ဥပမာအားဖြင့် ပို့ကုန်များအတွက် မူရင်းနိုင်ငံ ဖော်ပြမှုတွင် မြန်မာနိုင်ငံမှ ကျောက်စိမ်း အရိုင်းတုံးများကို ထိုင်းနိုင်ငံသို့ ပို့၍ မူရင်းနိုင်ငံကို ထိုင်းနိုင်ငံမှ ကျောက်စိမ်းဟု ဖော်ပြ၍ ဆက်လက် တင်ပို့မှုကို ပြုလုပ်လာကြခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင်း လုပ်ငန်းများသည် ထိုင်းကုမ္ပဏီများကို တဆင့်ခံ ပြန်လည် မှီခို လာကြရစေသည်။

          ထို့အပြင် မြန်မာနိုင်ငံရှိ လူလတ်တန်းစားများ၏ စီးပွားရေး တိုးတက်မှုကို ပိုမို လျော့ပါးစေပြီး၊ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ပိုမို ပြဿနာပွားစေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 13th February 2010

          မြန်မာ အစိုးရသည် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံ ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ  ဒုဥက္ကဋ္ဌ ဦးတင်ဦးက လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

          ၎င်းသည် အသက် ၈၂ နှစ် ရှိပြီ ဖြစ်ပြီး၊ ထောင်ထဲမှာ သော်လည်းကောင်း၊ နေအိမ် အကျယ်ချုပ်ဖြင့် သော်လည်းကောင်း ဆယ်စုနှစ် တစ်ခုကျော် နေခဲ့ရသည်။

          ယခုကဲ့သို့ လွှတ်ပေးခြင်းမှာ အစိုးရက ရက် သတ်မှတ်ခြင်း မရှိသေးသည့် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေသည့် အချိန်တွင် ဖြစ်သည်။

          မြန်မာနိုင်ငံတွင်းမှ လာသော ကောလာဟလများအရ ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ နေအိမ်အကျယ်ချုပ် သက်တမ်း ပြည့်သည့် နိုဝင်ဘာလတွင် ပြန်လွှတ်ပေးလိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.