Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ၏ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် သြစတြေးလျ နိုင်ငံအစိုးရက မြန်မာဘွဲ့လွန် ကျောင်းသားများကို ပညာသင်ဆု ချီးမြှင့်သွားမည် ဖြစ်ကြောင်း ပြည်တွင်း သတင်း မီဒီယာ တစ်ခု၏ ရေးသားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ရေးသား ဖော်ပြလိုက်သည်။

၂၀၁၀-၂၀၁၁ ပညာသင်နှစ် အတွက် မြန်မာ ကျောင်းသား ၁၀ ဦးကို ရွေးချယ်ကာ ပညာသင်ဆု ချီးမြှင့်မည်ဟု အဆိုပါ သတင်းက ဆိုသည်။

သြစတြေးလျ အစိုးရသည် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ နယူးဇီလန်၊ ဂျပန် နှင့် ဥရောပ နိုင်ငံများမှ ကျောင်းသားများကိုလည်း ပညာသင်ဆုများ ထောက်ပံ့ ချီးမြှင့်လျက် ရှိသည်။

သြစတြေးလျက ပေးမည့် ပညာသင်ဆု ထောက်ပံ့ရေး အစီအစဉ်တွင် Journalism၊ Mass Communication၊ Public Relation၊ Accounting and finance၊ International Business Management and Marketing၊ Logistics Management၊ e-business and e-commerce၊ Construction Management and Property and hospitality နှင့် Tourism စသည့် ဘာသာရပ်များ ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလအတွင်း သြစတြေးလျ အဆင့်မြင့် ပညာဌာနက ဆစ်ဒနီမြို့ရှိ Raffles College of Design and Commerce တွင် မြန်မာ ကျောင်းသားများ အနေဖြင့် ဘွဲ့လွန်ပညာ ဆည်းပူး နိုင်ရေးအတွက် သြစတြေးလျ ဒေါ်လာ တစ်သောင်း ထောက်ပံ့သွားမည်ဟု ကြေညာခဲ့သည်။

အဆိုပါ ပညာသင်ဆု အတွက် လျှောက်ထားမည့် ကျောင်းသားများ အနေဖြင့် G.C.E 'O' Level နှင့် IELTS အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွင် အနည်းဆုံး အမှတ် 6.0 ရရှိထားသူများ ဖြစ်ရမည်ဟု အရည်အချင်း ကန့်သတ်ချက်များ ထားရှိထားသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် သြစတြေးလျ Central Queensland University နှင့် Jame Cook University အပါအဝင် နိုင်ငံတကာ စာသင်ကျောင်းပေါင်း ၂၀ ပူးပေါင်းပြီး မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် လားရှိုးမြို့တွင် နိုင်ငံတကာ ပညာရေး ပွဲတော် တစ်ရပ်ကို ကျင်းပခဲ့ကြသည်။

Bernama သတင်းဝက်ဆိုက်မှ Australia to provide scholarship to Myanmar students ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြည်ပ မြန်မာအလုပ်သမား သမဂ္ဂများ၏ အဆိုအရ ယနေ့ခေတ် မြန်မာနိုင်ငံတွင်းမှ အလုပ်သမားများ၏ အလုပ်သမား အခွင့်အရေးနှင့် လူမှု လုံခြုံရေး အစရှိသည်တို့ ရရှိနိုင်ရန် အလုပ်သမား သမဂ္ဂများ လိုအပ်လျက် ရှိကြောင်း သိရသည်။

မဲဆောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားများ အဖွဲ့နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (FTUB) တို့သည် မကြာသေးခင်က ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်တွင် ဖြစ်ပွားခဲ့သော အလုပ်သမားများ ဆန္ဒပြမှုကို အသေးစိတ် သိရှိရန် စုံစမ်းလျက် ရှိသည်။

သတင်းများအရ လှိုင်သာယာ စက်မှုဇုန်ရှိ Tayi ဖိနပ်စက်ရုံ၊ ကြာမင်း၊ အိုပယ်-၂ (မြအထည်ချုပ်) စသည့် စက်ရုံများမှ အလုပ်သမားများ အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်မှုကို မကျေနပ်သောကြောင့် ကန့်ကွက် ဆန္ဒပြခဲ့ကြသည် ဟုဆိုသည်။

"မြန်မာနိုင်ငံမှာ လူမှု လုံခြုံရေးစနစ်တွေ အားနည်းနေပါတယ်။ အလုပ်သမား တွေအတွက် အာမခံ စနစ်တွေ မရှိဘူး။ အလုပ်သမားနဲ့ အလုပ်ရှင်ကြားမှာ ကန်ထရိုက် စာချုပ်တစ်ခု ရှိသင့်ပေမယ့်လည်း အခုထိ ဘယ်စက်ရုံမှာမှ အဲဒီလို စာချုပ် ချုပ်တာ မရှိဘူး။ အလုပ်သမား အခွင့်အရေးကို ကာကွယ်ပေးမယ့် သမဂ္ဂတွေ မရှိသလို အခွင့်အရေးအတွက် တိုက်ပွဲဝင်ပေးမယ့်အဖွဲ့အစည်းတွေလည်း မရှိပါဘူး။ အဲဒီလို အဖွဲ့အစည်းတွေ မရှိတော့ ပြဿနာ အသေးလေးတွေက တဖြည်းဖြည်း ကြီးထွားလာပြီး လူမှုရေး အလှုပ်အယမ်းတွေ အထိ ဖြစ်လာနိုင်ပါတယ်" ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မှ အတွင်းရေးမှူး ကိုမိုးဆွေက မဇ္ဈိမ သတင်းဌာနသို့ ပြောသည်။

FTUB မှ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်က "ကျွန်တော်တို့ ကြားသိ ထားသလောက် ပြောရရင် အလုပ်ရှင်တွေက အလုပ်သမားတွေကို အားလပ်ရက် မပေးပါဘူး။ အလုပ်ပျက်ရက် တစ်ရက်မှ မရှိတဲ့ သူတွေကို တစ်လကို ကျပ် ၄၈၀၀၀ ပဲ ပေးတယ်။ ပြောရရင် အဲဒီ စက်ရုံ အလုပ်ရုံ ပိုင်ရှင်တွေက မြန်မာပြည်မှာ အလုပ်သမား သမဂ္ဂတွေ မရှိတဲ့ အခြေအနေကို အခွင့်ကောင်း ယူပြီး ခေါင်းပုံဖြတ်ခွင့် ရနေတာပါပဲ" ဟု ပြောသည်။

Tai Yi အမည်ရ ဖိနပ် စက်ရုံ အလုပ်သမားများသည် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အလုပ်ရှင်များ အနေဖြင့် အချက် ၁၀ ကို လိုက်လျောပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ အလုပ်သမားများ အဓိက တောင်းဆိုသော အချို့ အချက်များမှာ အလုပ်အားရက် ပေးရန်၊ နားနေချိန် တိုးမြှင့်ပေးရန်၊ ဆုကြေးငွေ(ဘောနပ်စ်)ကို နှစ်စဉ် ပေးရန်၊ ရက်ပျက် မရှိသော အလုပ်သမားများကို နေ့စဉ် ဆုကြေးပေးရန် တို့ ပါဝင်သည်။ မြဖက်ရှင် (Opal-2) အထည်ချုပ် စက်ရုံမှ အလုပ်သမား များကလည်း ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ ဆန္ဒပြခဲ့ကြသည်။
အကြောင်းမှာ အဆိုပါ စက်ရုံ စီမံ အုပ်ချုပ်ရေး အဖွဲ့က ကြီးကြပ်ရေးမှူး အဆင့်ရှိသူများကို လစာငွေ ကျပ်တစ်သောင်းစီ တိုးမြှင့်ပေးခဲ့သော်လည်း အလုပ်သမားများကို မတိုးမြှင့် ပေးသောကြောင့် ဖြစ်သည်။ အလုပ်သမားများက တောင်းဆိုသည့် အချက်များတွင် လက်ရှိ လုပ်ကိုင်နေရသော အလုပ်ချိန် (နံနက် ၇ နာရီမှ ည ၁၁ နာရီ) ကို လျှော့ချပေးရေး၊ လုပ်ငန်းခွင် နှင့် ထမင်းစားဆောင်များ ကျန်းမာရေးနှင့် ကိုက်ညီအောင်၊ သန့်ရှင်းအောင် ပြုလုပ်ပေးရေးတို့ ပါဝင်သည်။

အဆိုပါ နေ့တွင်ပင် ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ ဦးနေလင်း၊ စစ်ဒေသမှူး ဗိုလ်မှူးကြီး တင့်ဆန်း၊ အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချစ်ရှိန် တို့က စက်ရုံသို့ သွားရောက်ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ် ခဲ့ကြသည်ဟု သိရသည်။

လွန်ခဲ့သော ၁၉၄၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံမှ သခင်ခေါင်းဆောင် လေးမောင်နှင့် သခင် ဘ တို့သည် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားများ သမဂ္ဂ ကွန်ဂရက်ကို ဖွဲ့စည်း ထူထောင်ခဲ့ပြီး အလုပ်သမားတို့အကြား ဖြစ်ပေါ်သော ပြဿနာများကို ဖြေရှင်းပေးနိုင်ခဲ့သည်။ သို့သော် ဂျပန်တို့ ဝင်ရောက်လာသောအခါ အဆိုပါအဖွဲ့ကို ပိတ်ပင်လိုက်ပြီး အလုပ် သမား အဖွဲ့ဟု ပြောင်းလဲ ဖွဲ့စည်းစေခဲ့သည်။

ဒုတိယ ကမ္ဘာစစ် အပြီးတွင် အလုပ်သမား အဖွဲ့က မြန်မာပြည် အလုပ်သမား သမဂ္ဂ ကွန်ဂရက် (TUCB) ဟု ပြောင်းလဲ ဖွဲ့စည်းခဲ့ပြန်သည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေဝင်းက အာဏာ သိမ်းပိုက်လိုက်ပြီး နောက်ပိုင်းတွင် မည်သည့် အလုပ်သမား အသင်းနှင့် သမဂ္ဂတို့ကိုမျှ လုပ်ကိုင်ဖွဲ့စည်းခွင့် မပြုတော့ပေ။ ဗိုလ်ချုပ်ကြီးနေဝင်း အစိုးရက ၎င်းတို့၏ အုပ်ချုပ်မှု အောက်တွင် အလုပ်သမားနှင့် လယ်သမား အဖွဲ့များကိုသာ ဖွဲ့စည်းစေခဲ့သည်။

အလုပ်သမား သမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားခွင့် ရရှိစဉ် အချိန်က အဆိုပါ အဖွဲ့များသည် အလုပ်သမား ပြဿနာများကို ဖြေရှင်းရာတွင် သြဇာ အင်အား ကြီးမားခဲ့ပြီး အလုပ်သမား အခွင့်အရေးအတွက် ကာကွယ်မှုများ ပေးနိုင်ခဲ့သည်။ အခွင့်အရေးများ ရရှိအောင်လည်း တိုက်ပွဲ ဝင်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ထိုကဲ့သို့သော လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိသည့် သမဂ္ဂများ မရှိတော့ပေ။ သို့အတွက်ကြောင့် အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ အမျိုးသမီး စသည့် မတူညီသော လူတန်းစားများ၏ အခွင့်အရေးအတွက် လုပ်ကိုင်ပေးသော အဖွဲ့အစည်းများသည် မြေအောက် လှုပ်ရှားမှု အသွင်ဖြင့်သာ လည်ပတ် နေကြရသည်။ သို့သော်လည်း အဆိုပါ အရေးကိစ္စများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း မရှိပေ။

Mizzima သတင်းဌာန၏ Burma badly needs trade unions for workers ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Wall Street Journal, 17th February 2010

ပြီးခဲ့သည့် ရက်သတ္တပတ် ကုန်ဆုံးချိန်က မြန်မာနိုင်ငံတွင် အဓိက အစိုးရ ဆန့်ကျင်သူ တစ်ဦးကို လွှတ်ပေးခဲ့ခြင်းဖြင့် မြန်မာ စစ်အစိုးရသည် ယခုနှစ်တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသော ကတိ အတိုင်း ပြုလုပ်ပေးမည်လော။ အတိုက်အခံကလည်း မည်သည့် ပုံစံဖြင့် ပါဝင်မည်လော စသည်ဖြင့် မေးခွန်းများကို ပိုမို တိုးပွားလာစေသည်။

အင်္ဂါနေ့က စိုးရိမ် ပူပန်မှုများ ပိုမို တိုးပွားလာစေမည့် သတင်းများ ပိုမို ရရှိလာခဲ့ရာ နိုင်ငံရေး လှုပ်ရှားသူ အမျိုးသမီး လေးဦးအား အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခြင်းနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး အဖွဲ့မှ ပြီးခဲ့သည့် နှစ်များ အတွင်း နိုင်ငံရေး လှုပ်ရှားသူများ အပေါ်နှိပ်စက်မှုများနှင့် ပတ်သက်၍ အသေးစိတ် လေ့လာချက်ကို ထုတ်ပြန်ခဲ့ခြင်းများပါဝင်ပါသည်။

အဆိုပါ အဖြစ်အပျက်များနောက်တွင် ကုလသမဂ္ဂ ကိုယ်စားလှယ် Toma's Ojea Quintana သည် မြန်မာနိုင်ငံ တွင် လူ့အခွင့်အရေး တိုးတက်မှုများကို လေ့လာရန် ရောက်ရှိလာသည်။ ဒီမိုကရေစီ လိုလားသော အဖွဲ့များက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ ဆန့်ကျင်သူ နိုင်ငံရေး လှုပ်ရှားသူ ၂၀၀၀ ကျော်ခန့်ကို ထောင်ထဲတွင် ဖမ်းဆီးထားမှုနှင့် ပတ်သက်၍ အချိန်ကာလ ကြာမြင့်စွာပင် မြန်မာ အစိုးရ၏ ကျူးလွန်မှုများကို စွပ်စွဲ ပြောဆိုခဲ့သည်။

မကြာသေးမီက အစိုးရသည် အငြင်းပွားနေမှုများကို ရပ်တန့် သွားစေလိုသည့် သဘောကို တွေ့ရသည်။ ပြီးခဲ့သည့် စနေနေ့က နာမည်ကြီး နိုင်ငံရေး လှုပ်ရှားသူ ဦးတင်ဦးကို ၂၀၀၃ ခုနှစ်မှ စတင်၍ နေအိမ် အကျယ်ချုပ် ချထားခြင်း ပြီးဆုံးချိန်တွင် လွှတ်ပေးခဲ့သည်။

အစိုးရသည် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် အားလည်း သူမ၏ ပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်။ လေ့လာသူများက သုံးသပ်ရာတွင် စစ်တပ်သည် ရွေးကောက်ပွဲဖြင့် ၎င်း၏ တရားဝင် ရပ်တည်မှုကို ပြုလုပ်လိုပြီး၊ ရွေးကောက်ပွဲ သိက္ခာရှိရေး အတွက် အတိုက်အခံကိုလည်း အတိုင်းအတာ တစ်ခု အထိ ပါဝင်စေလိုပုံ ရသည်ဟု ဆိုပါသည်။ နိုင်ငံရေး လှုပ်ရှားသူများနှင့် အဝေးရောက်များက ဦးတင်ဦးအား လွှတ်ပေးမှသာ အမှန်တကယ် တိုးတက်မှု ဖြစ်မည်ဟု ဆိုသည်။

အမေရိကန် ပြည်ထောင်စုနှင့် အခြားဒေသများရှိ ခေါင်းဆောင်များက သူမကို လွှတ်ပေးခြင်းမှသာ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အတွက် အကြို ပြင်ဆင်မှု ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ကြသည်။ အချို့ နိုင်ငံရေး လှုပ်ရှားသူများက ဦးတင်ဦးအား လွှတ်ပေးခြင်းမှာ ၎င်းသည် အသက် ၈၂ နှစ် ရှိပြီ ဖြစ်ပြီး အစိုးရအား ဒုက္ခပေးရန် အိုမင်း နေသောကြောင့်ဟု ဆိုသည်။ ''အစိုးရ ဟာ ရွေးကောက်ပွဲ မတိုင်ခင် သူတို့ နာမည်ကောင်း ရအောင် ဒီလို လှပတဲ့ တိုက်ကွက် ကလေးတွေ လုပ်လိမ့်ဦးမယ်လို့ မျှော်လင့်ရတယ်'' ဟု ထိုင်းနိုင်ငံ အခြေစိုက် Forum for Democracy အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် စိုးအောင်က ပြောသည်။ အစိုးရသည် ရွေးကောက်ပွဲ မတိုင်မီ အတိုက်အခံများ လှုပ်ရှား၍ မရသော အခြေအနေ မရောက်သေးဘူး ဆိုလျှင် အားနည်း သွားစေရန် ဘာလုပ်ရ လုပ်ရ၊ မည်မျှ ကုန်ကျပါစေ လုပ်လိမ့်ဦးမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာ အစိုးရသည် နိုင်ငံခြား သတင်းစာ ဆရာများနှင့် တွေ့ဆုံ စကားပြောရန် ခဲယဉ်းသောကြောင့် အစိုးရနှင့် ထိတွေ့ ဆက်ဆံရန် ကြိုးစားမှုများမှာ မအောင်မြင် နိုင်ပေ။ ယခု ကုလသမဂ္ဂ လူ့ အခွင့်အရေး ကိုယ်စားလှယ်မှာလည်း မည်သည့် တိုးတက်မှု ရလဒ်များ ဆောင်ကြဉ်းနိုင်မည်လည်း ဆိုသည်မှာ မသေချာသေးပေ။ ၎င်းသည် အစိုးရ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံရန် မျှော်လင့် သော်လည်း မသေချာသည့် အခြေအနေတွင် ရှိနေသည်။

အတိုက်အခံ ပြောခွင့်ရ ပုဂ္ဂိုလ်၏ ပြောကြားချက်ကို အခြေခံ၍ AP သတင်းဋ္ဌာနမှ ပြောကြားရာတွင် တနင်္လာနေ့က အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်ခဲ့သော အမျိုးသမီးများမှာ ဘုန်းတော်ကြီးများကို ဆွမ်းလောင်းသောကြောင့် စွပ်စွဲပြီး ပြစ်ဒဏ် ချမှတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် ပေးရေး အဖွဲ့၏ ၂၀၀၉ ခုနှစ် သြဂုတ်လ အထိ အကြုံးဝင်သော အစီရင်ခံစာတွင် အစိုးရသည် တိုင်းရင်းသား နိုင်ငံရေး သမားများကို ရည်ရွယ်၍ ထောင်ထဲတွင် သေသည် အထိ နှိပ်စက်ရန် ပစ်မှတ်ထားခဲ့သည်ဟု ဆိုသည်။ ၎င်းတို့က အစိုးရကို နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 17th February 2010

Dalai Lama သည် ကြာသပတေးနေ့တွင် အမေရိကန် သမ္မတ Barack Obama နှင့် တွေ့ဆုံရန် အမေရိကန် ပြည်ထောင်စု သို့ ရောက်ရှိ လာပြီ ဖြစ်သည်။ အဆိုပါ ကိစ္စကို တရုတ်က ကန့်ကွက်လျက် ရှိသည်။

အမေရိကန်နှင့် တရုတ်တို့ ဆက်ဆံရေး တင်းမာနေချိန်တွင် အဆိုပါ တွေ့ဆုံမှု ဖြစ်ပေါ်လာခဲ့သည်။ အမေရိကန်က ထိုင်ဝမ်သို့ လက်နက်များ ရောင်းခြင်း ကိစ္စ၊ တရုတ်၏ ဆိုက်ဘာ စပိုင် ကိစ္စ နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု ဆက်ဆံရေး ကိစ္စများတွင် အငြင်းပွားဖွယ်များ ဖြစ်ပေါ်နေချိန် ဖြစ်သည်။

တရုတ်နိုင်ငံသည် Dalai Lama ကို ခွဲထွက်ရေး သမားဟု မြင်ပြီး၊ Dalai Lama နှင့် တွေ့ဆုံမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမို အားနည်းစေမည် ဖြစ်ကြောင်း တရုတ်က သတိပေးခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် အဆိုပါ ကိစ္စကို သေချာစွာ ကိုင်တွယ်လျက် ရှိနေပြီး၊ ကြောက်ရွံ့နေရန် မလိုအပ် ဟု ဆိုသည်။

Dalai Lama သည် ဝါရှင်တန် သို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိလာရာ၊ ဟော်တယ်သို့ သွားရောက်ပြီး၊ တိဗက် လုပ်ဖော်ကိုင်ဖက်များနှင့် တရုတ်နှစ်သစ်ကူးကို ဆင်နွှဲခဲ့သည်။

Dalai Lama ၏ အထူး ကိုယ်စားလှယ် Lodi Gayari က ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းသည် အရေးကြီးမှုများ ပါဝင်ကြောင်း ပြောကြားခဲ့သည်။

Dalai Lama သည် အမေရိကန် သမ္မတအား တိဗက် ကိစ္စအား ဖြေရှင်းရာတွင် တိဗက်နှင့် တရုတ် လူမျိုးများ နှစ်ဦး နှစ်ဖက် အကျိုး ရှိစေမည့် အဖြေရှာနိုင်ရေး အတွက် အကူအညီ ပေးရန် တောင်းခံလိမ့်မည်ဟု ၎င်းက ဆိုသည်။

အိမ်ဖြူတော် ပြောခွင့်ရ ပုဂ္ဂိုလ် Robert Gibbs က ပြီးခဲ့သည့် အပတ်က Dalai Lama အား လက်ခံတွေ့ဆုံမှု အတွက် ဆုံးဖြတ်ချက် ချရခြင်း အပေါ် ကာကွယ် ပြောဆိုသွားရာတွင် ၎င်းသည် နိုင်ငံတကာ က လေးစားသော ဘာသာရေး ခေါင်းဆောင် ဖြစ်သောကြောင့် ဟု ဆိုသည်။

Gibbs က တရုတ် အမေရိကန် ဆက်ဆံရေးတွင် နိုင်ငံတကာ အရေးကိစ္စများ အတွက် တူညီသော အခြေခံ အချက်များ ရှာဖွေရာတွင် သဘော မတူမှုများ အတွက် လူကြီးဆန်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Obama သည် ယမန်နှစ်က တရုတ်နိုင်ငံ သို့ ၎င်း၏ တရားဝင် ခရီးစဉ် ရှိသောကြောင့် ဝါရှင်တန်တွင် Dalai Lama နှင့်တွေ့ဆုံရန် ရှောင်ရှားခဲ့သည်။

Obama သည် ကြာသပတေးနေ့တွင် အိမ်ဖြူတော်ရှိ နိုင်ငံခြား ခေါင်းဆောင်များနှင့် VIP ဧည့်သည်များအား လက်ခံ တွေ့ဆုံလေ့ ရှိသည့် ဘဲဥပုံ ရုံးခန်းတွင် လက်ခံ တွေ့ဆုံမည် ဖြစ်သည်။

Dalai Lama သည် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်နှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။

တရုတ်သည် တိဗက်နှင့် ပတ်သက်သော ကိစ္စများတွင် အထိမခံ ဖြစ်လျက် ရှိရာ တရုတ် နိုင်ငံခြားရေး ဌာနက အမေရိကန်အား တရုတ် အမေရိကန် ဆက်ဆံရေးတွင် ထိခိုက်မှု မရှိစေရန် တွေ့ဆုံမှုအား ပယ်ဖျက်ရန် တိုက်တွန်းခဲ့သည်။

တရုတ်သည် ၁၉၅ဝ ခုနှစ်က တိဗက်ကို သိမ်းပိုက်ခဲ့ပြီး၊ Dalai Lama ကို ခွဲထွက်ရေး သမား အဖြစ် သတ်မှတ်ကာ ၎င်းအား နိုင်ငံတကာ ခေါင်းဆောင်များကို မတွေ့ဆုံရန် တောင်းဆိုပြီး အထီးကျန်အောင် ပြုလုပ်ရန် ကြိုးစားခဲ့သည်။

Dalai Lama သည် ၁၉၅၉ ခုနှစ် တွင် တိဗက်မှ ထွက်ပြေးလာခဲ့ပြီး အိန္ဒိယနိုင်ငံတွင် နေထိုင်ခဲ့သည်။

တရုတ်သည် အမေရိကန်မှ ထိုင်ဝမ်သို့ ဒေါ်လာ (၆.၄) ဘီလီယံ  ( ပေါင်စတာလင် ၄ ဘီလီယံ) တန်ဖိုးရှိ လက်နက်များ ရောင်းချခြင်း အတွက် ဝမ်းနည်းကြောင်း ဖော်ပြအပြီး မကြာမီ ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

Beijing သည် ထိုင်ဝမ်ကို တရုတ်၏ အချုပ်အချာ အာဏာပိုင်သည့် နယ်မြေ တစ်ခု အဖြစ် သတ်မှတ်ပြီး လိုအပ်ပါက အင်အားသုံး၍ ပြန်လည် ပေါင်းစည်းရေး လုပ်မည်ဟု ယူဆထားသည်။

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု အတွက် အခြား အကြောင်းတစ်ခုမှာ ရှာဖွေရေး အင်ဂျင်ကြီး ဖြစ်သည့် Google သည် တရုတ်နိုင်ငံတွင်း၌ ရည်ရွယ်ချက် ရှိရှိဖြင့် ဆိုက်ဘာ တိုက်ခိုက်မှုများ၊ အင်တာနက် ဆင်ဆာများကို ခံစားခဲ့ရခြင်းကြောင့် ဖြစ်သည်။

နောက်တစ်ချက်မှာ အချိန် ကြာမြင့်စွာကပင် အငြင်းပွားနေသော Obama ပေးသည့် တရုတ် ငွေကြေးအပေါ် ပိုမို အလေးပေး ကိုင်တွယ်ရန် အကြံပြုမှု အပေါ် တရုတ်၏ လျစ်လျူရှုမှု ဖြစ်သည်။ ကုန်သည် အချို့က တရုတ်ငွေကို ဟန်ဆောင်၍ အားနည်းအောင် လုပ်ထားသည်ဟု ဆိုသည်။

တချိန်တည်းတွင် အမေရိကန်သည် တရုတ်ကို အီရန်၏ နျူကလီယာ အစီအစဉ်ကြောင့် ကုလသမဂ္ဂ မှ အရေးယူရာတွင် ပါဝင် ထောက်ခံ ကူညီရန် အလိုရှိနေပြန်သည်။

အမေရိကန်က Dalai Lama ကို ထောက်ခံခြင်းကြောင့် တရုတ်တို့က စိတ်ဆိုးခြင်းမှာ ယခု အကြိမ်သည် ပထမဆုံး အကြိမ် မဟုတ်ပေ။

၂၀၀၇ ခုနှစ်က သမ္မတ Bush က Dalai Lama ကို အိမ်ဖြူတော်၌ လက်ခံတွေ့ဆုံပြီး၊ Dalai Lama အား ချီးမြှင့်သော ကွန်ဂရက်ဆိုင်ရာ ရွှေတံဆိပ် ချီးမြှင့်ပွဲသို့ တက်ရောက်စဉ်က တရုတ်သည် စိတ် အနှောင့်အယှက် ဖြစ်ခဲ့ဖူးသည်။

ထိုစဉ်က အမေရိကန် သမ္မတသည် တိဗက် ခေါင်းဆောင်နှင့် အတူ တွဲ၍ လူအများရှေ့ ထွက်ပြခဲ့ခြင်းသည် ပထမဦးဆုံး အကြိမ် ဖြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 17th Feb 2010

          မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ မတိုင်မီ လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုကို စစ်ဆေးရန် ရောက်ရှိနေသည့် ကုလ အထူး ကိုယ်စားလှယ်သည် နိုင်ငံ၏ ဝေးလံလှသော အနောက်မြောက် ဒေသမှ အကျဉ်းသားများနှင့် တွေ့ဆုံခဲ့သည်ဟု သက်ဆိုင်ရာက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

          ကုလ အထူး အရာရှိ Tomas Ojea Quintana သည် ၎င်း၏ ၅ ရက်ကြာ ခရီးစဉ်အတွင်း တတိယနေ့တွင် ဘင်္ဂလားဒေ့ရှ်နှင့် ထိစပ်နေသော ရခိုင်ပြည်နယ် ဘူးသီးတောင်သို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။

          "ဘူးသီးတောင် အကျဉ်းထောင်က အကျဉ်းသားတွေနဲ့ Quintana တွေ့ဆုံပါလိမ့်မယ်၊ စစ်တွေထောင်က အကျဉ်းသားတွေနဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီးပါပြီ၊ ကြာသပတေးနေ့ မနက်မှာ ရန်ကုန်ကို ပြန်ပါလိမ့်မယ်" ဟု မြန်မာ တာဝန်ရှိ ပုဂ္ဂိုလ်က AFP သို့ ပြောကြားသည်။

          နိုင်ငံရေး အကျဉ်းသားများ ဟုတ်၊ မဟုတ်ကိုမူ Quintana က သတ်မှတ်ခဲ့ခြင်း မရှိပါ။

          ဘူးသီးတောင် အကျဉ်းထောင်တွင် ၆၅ နှစ် ပြစ်ဒဏ် ကျခံ နေရသော ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် တစ်ဦး၏ ဆွေမျိုးများကမူ Quintana ၏ ခရီးစဉ်မှ ပြောင်းလဲမှုများ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားကြသည်။

          "ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ ကျွန်မ အစ်ကို တွေ့ဆုံသွားတယ်လို့တော့ မကြားသေးပါဘူး၊ ဒါပေမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ဒီကို ရောက်လာတယ် ဆိုတော့ အပြောင်းအလဲတွေ ရှိမယ်လို့ မျှော်လင့်နေပါတယ်" ဟု ကိုဌေးကြွယ်၏ ညီမ ခင်မိမိကြွယ်က AFP သို့ ပြောကြားသည်။

          "အရင်လက ဘူးသီးတောင်မှာ သူ့ကို သွားတွေ့ခဲ့ပါတယ်၊ သူ့ရဲ့ ကျန်းမာရေး ကောင်းပါတယ်၊ ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့ တွေ့ဖို့ အာဏာပိုင်တွေက ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်" ဟုလည်း သူမက ပြောသည်။

          ၂၀၀၇ ခုနှစ် သံဃာတော်များ၏ ဆန္ဒပြမှု အပြီးတွင် ဌေးကြွယ်အား စစ်ဖက် အစိုးရက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်တွင် ၎င်း၏ လုပ်ဖော်ကိုင်ဘက် အချို့နှင့်အတူ ဘူးသီးတောင် အကျဉ်းထောင်တွင် ပြစ်ဒဏ် ကျခံနေရသည်။

          မြန်မာ စစ်ဖက် အုပ်ချုပ်သူများက ၂၀၁၀ တွင် ရွေးကောက်ပွဲများ ကျင်းပရန် ကတိပေးထားသော်လည်း ရက်သတ်မှတ်ခြင်း မရှိသေးပါ။ လွန်ခဲ့သော ၃ နှစ်က ဆန္ဒပြပွဲများ အပြီးတွင် အစိုးရ ဆန့်ကျင်သူများအား ဆက်လက် ဖမ်းဆီး နှိမ်နင်းလျက် ရှိသည်။

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို မြန်မာနိုင်ငံတွင် ဖမ်းဆီးထားသည်ဟု ကုလသမဂ္ဂက ပြောကြားသည်။

သူမ၏ NLD ပါတီသည် ၁၉၉၀ နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင်ဖြင့် ပွဲသိမ်းနိုင်ခဲ့သော်လည်း အစိုးရက အာဏာလွှဲ မပေးဘဲ သူမအား ၁၄ နှစ်ခန့် ဖမ်းဆီး ထိန်းသိမ်း ထားခဲ့သည်။ လွန်ခဲ့သော သြဂုတ်လက သူမ၏ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ကို ၁၈ လ ထပ်မံ သက်တမ်း တိုးခဲ့သည်။

Quintance သည် ကြာသပတေးနေ့တွင် ရခိုင်မှ ပြန်လာပြီးနောက် မြို့တော်ဟောင်း ရန်ကုန်မှ နာမည်ပျက် အင်းစိန်ထောင်သို့ သွားရောက် ကြည့်ရှုမည် ဖြစ်ပြီး၊ ထို့နောက်တွင် တိုင်းရင်းသား အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမည် ဖြစ်သည်။

ထို့အပြင် Quintana သည် အစိုးရ ပြည်ထဲရေး ဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ ရဲချုပ်၊ လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် မြန်မာ နိုင်ငံမှ မထွက်ခွာမီ တွေ့ဆုံရန် သောကြာနေ့တွင် "အဝေးမြို့တော် နေပြည်တော်" သို့ သွားရောက်ဦးမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

United Press International, 17th February 2010

          လူမှုနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များထံမှ ကန့်ကွက်မှုများ ရှိနေသည့် ကြားမှ မြန်မာနိုင်ငံတွင် ဆည်နှင့် ရေအားလျှပ်စစ် စက်ရုံ တည်ဆောက်ခြင်းကို ခွင့်ပြုရန် ထိုင်းနိုင်ငံက စီစဉ်နေသည်။

          "လေ့လာမှုတွေ အများကြီး လုပ်ရဦးမှာပါ။ နှောင့်နှေး ကြန့်ကြာနိုင်တယ် ဆိုပေမယ့် ဒီ စီမံကိန်းကို စွန့်လွှတ်မှာ မဟုတ်ပါဘူး" ဟု ထိုင်းနိုင်ငံ စွမ်းအင်ဆိုင်ရာ အမြဲတမ်း အတွင်းရေးမှူး ပွန်ချိုင်းရူဂျီပရာပါက ပြောကြားကြောင်း The Nation သတင်းဌာနက ထုတ်ပြန်လိုက်သည်။

          ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအား အာဏာပိုင် အဖွဲ့က အကောင်အထည် ဖော်မည် ဖြစ်ပြီး ခန့်မှန်းချေ လျှပ်စစ် ဓာတ်အား ၁.၃၅ ဂီဂါဝပ် ထွက်ရှိမည့် သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းသည် စီးပွားဖြစ် ထုတ်လုပ်ရန် မျှော်လင့်ထားပြီး ၂၀၁၅ (သို့) ၂၀၁၆ တွင် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား တင်ပို့မည်ဟု ခန့်မှန်းထားသော်လည်း ဆန့်ကျင် ကန့်ကွက်မှုများကြောင့် လတ်တလော ရပ်ဆိုင်းနေသည်။

          စီမံကိန်းအတွက် အဆိုပြုထားသော တည်နေရာနှင့် ပတ်သက်၍ The Nation က သတင်း ဖော်ပြရာတွင် စီမံကိန်း နေရာ လုံခြုံရေးအတွက် မြန်မာစစ်တပ်၏ ဆောင်ရွက်မှုများကြောင့် ဒေသခံ ထောင်ပေါင်း များစွာသည် လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံစားရမည် ဖြစ်ပြီး မြန်မာ စစ်တပ်၏ ထိုးစစ်ဆင် သိမ်းပိုက်မှုများ၊ ဒေသတွင်း ကြီးမားသော စစ်ရေး တည်ဆောက်မှုများ ထွက်ပေါ်လာမည်ဟု ဆိုသည်။

          ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် တိုင်းရင်းသား လှုပ်ရှားမှု အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားထံ အိတ်ဖွင့်ပေးစာကို အင်္ဂါနေ့က ထုတ်ပြန်ခဲ့ရာတွင် ဟတ်ကြီး ရေလှောင်တမံကို လေ့လာရေး အတွက် ကော်မတီ တစ်ရပ် ဖွဲ့စည်းရန် စွမ်းအင်ဝန်ကြီး ဌာနအား လတ်တလော အမိန့်ပေးထားခြင်းကို ပြန်လည် ပြင်ဆင် ပေးရန် တိုက်တွန်း ထားသည်။

စီမံကိန်းကို ကန့်ကွက်နေသော အဖွဲ့အစည်းများက အဆိုပါ ကော်မတီသည် မှန်ကန် မျှတမည် မဟုတ်ဟု စိုးရိမ်ပူပန် နေသည်။

သဘာဝ ဝန်းကျင်ကို စီမံကိန်း အဖြစ် စစ်ဆေး အသွင်ပြောင်းမည့် ဟတ်ကြီး ရေလှောင်တမံ လုပ်ကိုင်သူ ထိုင်းနိုင်ငံ လျှပ်စစ်စွမ်းအား အာဏာပိုင် အဖွဲ့အား ကြီးကြပ်ပေးရန် စွမ်းအင် ဝန်ကြီးဌာနက တာဝန်ယူခြင်းကို လက်မခံနိုင်ပါဟု ပြောကြားသူမှာ Southeast Asia Rivers Network မှ ဗီယာပွန် ဒီတီးစ် ဖြစ်၍ အဆိုပါ အဖွဲ့သည် သံလွင်မြစ်ပေါ်တွင် ဆည် တည်ဆောက်ခြင်းကို ကန့်ကွက်နေသူများအား ဦးဆောင်နေသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ ဖြစ်သည်။

လတ်တလော ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်သော ဓာတ်ငွေ့ ၆၀ % ကို တင်သွင်းနေသည်ဟု ခန့်မှန်းထားသည်။

အဆိုပါ စီမံကိန်းကို မကြာမီ စတင်နိုင်ခြင်း မရှိပါက တရုတ်နိုင်ငံက လုယူသွားလိမ့်မည်ဟု ထိုင်းအစိုးရက ပူပန်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

"တကယ်လို့ ထိုင်းအစိုးရက စီမံကိန်းကို ခွင့်မပြုဘူးဆိုရင် တရုတ်က လုယူသွားမှာပါ။ စီမံကိန်း နယ်မြေမှာ ဖြစ်လာနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေးစိတ် လေ့လာဖို့ အချိန်အများကြီး လိုတဲ့အတွက် နောက်ထပ် အချိန်ယူရဦးမှာ ဖြစ်ပေမယ့် ကျွန်တော်တို့ အမြန်လုပ်ငန်း စတင်လိုက်ရတာ အဲဒီ အကြောင်းကြောင့်ပါပဲ" ဟု အမည် မဖော် လိုသူ ထိုင်းအရာရှိက ဧရာဝတီ သတင်းဌာနသို့ ပြောကြားသည်။

မြန်မာနိုင်ငံကို နိုင်ငံတကာတွင် Burma ဟု လူသိများသည်။

Burma Rivers Network အဖွဲ့၏ အဆိုအရ နိုင်ငံတွင်းရှိ စွမ်းအင် စီမံကိန်း ဒေသများကို စစ်ရေးအရ လုံးဝ ထိန်းချုပ်ထားပြီ ဖြစ်ကြောင်း သတင်း ဖော်ထုတ် ရေးသားခြင်းကို ခွင့်ပြုမည့် အစီအစဉ် မရှိကြောင်း၊ ဆည် တည်ဆောက်ရာတွင် သတ်မှတ် စံချိန် စံညွှန်း မီ၊မမီကို ပြည်သူလူထု၏ ပါဝင် စစ်ဆေးခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း သိရှိရသည်။ အိမ်နီးချင်း နိုင်ငံများသည် လူမှုရေးနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကုန်ကျစရိတ်များကို ကျခံခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အား ရယူခြင်းဖြင့် အမြတ်ထုတ် နေကြသည်ဟု ၎င်းအဖွဲ့က ပြောကြားသည်။

မြန်မာ့ ကမ်းလွန် ရေနံနှင့် ဓာတ်ငွေ့သိုက်များသည် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ၏ စိတ်ဝင်စားမှုကို ဆွဲဆောင်လျက် ရှိပြီး ပြန်လည် ပြည့်လာနိုင်သော ရေနံစိမ်း အရံသိုက်မှာ စည်ပေါင်း ၃.၂ ဘီလျံခန့် ရှိသည်ဟု ခန့်မှန်းထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် ဇန်နဝါရီလတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံသမား ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာကို သီရိလင်္ကာ သမ္မတ မဟင်ဒါရာဂျာပါစကာက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာကို ထောက်ခံသူများ၏  အဆိုအရ ၎င်းအား သီရိလင်္ကာ စစ်သား ၁၀၀ ခန့်က ပြင်းထန်စွာ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာ အစိုးရ အရာရှိများက ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာအား အစိုးရကို ဖြုတ်ချရန် ကြံစည်မှုဖြင့် ခုံရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ဗိုလ်ချုပ်ကြီးသည် ဇန်နဝါရီလ ၂၆ ရက် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် နောက်ပိုင်း သီရိလင်္ကာ သမ္မတ ရာဂျာပါစကာအား လုပ်ကြံ သတ်ဖြတ်ကာ အစိုးရအဖွဲ့ကိုပါ ဖျက်သိမ်းပစ်ရန် အထိ အကွက်ဆင် ခဲ့သောကြောင့် ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ဗိုလ်ချုပ်ကြီး နှင့်အတူ သီရိလင်္ကာ စစ်တပ်မှ စစ်ဘက် အရာရှိကြီး ၁၄ ဦးနှင့် တပ်သား ၄၀ ခန့်ကိုပါ အစိုးရက ဖမ်းဆီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီး၏ လျှို့ဝှက်ကြံစည်မှု အသေးစိတ်ကိုမူ အစိုးရက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

သီရိလင်္ကာ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာသည် နိုင်ငံတော် အက်ဥပဒေ ချိုးဖောက်မှု၊ စစ်ရေးဆိုင်ရာ ပြစ်မှု ကျူးလွန်မှုတို့ နှင့် ဆက်နွယ်နေသောကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ သီရိလင်္ကာ အစိုးရ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဗိုလ်ချုပ်ကြီးသည်  စစ်ယူနီဖောင်း ဝတ်ဆင်ပြီး စစ်ဘက်ဆိုင်ရာ တာဝန် ထမ်းဆောင်စဉ် နိုင်ငံရေးတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

သီရိလင်္ကာတွင် ဘက်မလိုက်သော နိုင်ငံရေး လှုပ်ရှားမှု ဟူသည်မှာ အလွန်ပင် နည်းပါးနေပြီ ဖြစ်သည်။ တစ်ချိန်က လူမျိုးရေးကို အခြေခံ၍ ဖြစ်ပွားခဲ့သော စစ်ပွဲမှာ ယခုအခါ နိုင်ငံရေး တစ်ရပ် ဖြစ်လာသည်။ ယခု ဖမ်းဆီးခံလိုက်ရသော ဗိုလ်ချုပ်ကြီးမှာ တစ်ချိန်က စစ်ရေးတွင် နာမည်ကျော်ခဲ့သူ တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ကာလကြာရှည်စွာ ပုန်ကန်ခဲ့သော တမီ ကျား သူပုန်များကို အမြစ်ပြတ်အောင် ချေမှုန်းသည့် စစ်ပွဲကို ဦးဆောင်ခဲ့ပြီး ရှည်လျားလှသည့် ပြည်တွင်း စစ်ကြီးကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မေလတွင် အဆုံးသတ်နိုင်ခဲ့သည်။

သို့သော် အဆိုပါ စစ်ပွဲ ဖြစ်ပွားစဉ် ကာလများအတွင်း အရပ်ဘက် ဒုက္ခသည် ၈၀၀၀ ခန့်ကို ဗိုလ်ချုပ်ကြီး ဦးဆောင်သော စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက စွပ်စွဲ ပြောဆိုကြသည်။

ယခု ဗိုလ်ချုပ်ကြီးကို အစိုးရက ဖမ်းဆီး ထိန်းသိမ်းလိုက်ရာတွင် ပြစ်မှု ကျူးလွန်သည် ဟူသော သက်သေ အထောက်အထား တစ်စုံတရာကို ထုတ်ဖော်နိုင်ခြင်း မရှိသည့်အတွက် သမ္မတ ရာဂျာပါစကာ အစိုးရ အဖွဲ့၏ အာဏာရှင် ဆန်မှု၊ တစ်ဖက်သက် အနိုင်ကျင့်မှု တို့ကို ထုတ်ဖော် လိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။

ဇန်နဝါရီ ရွေးကောက်ပွဲတွင် သမ္မတ ရာဂျာပါစကာမှာ ဗိုလ်ချုပ်ကြီးဘက်မှ မထင်မှတ်သော စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု အငြှိုးဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီးကို ထောက်ခံသူများက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲများ ရေတွက်ရာ၌ လိမ်လည်မှုများ၊ မသမာမှုများ ရှိခဲ့သည်ဟု ဗိုလ်ချုပ်ကြီး အပါအဝင် ၎င်းကို ကျောထောက်နောက်ခံ ပြုသော အတိုက်အခံ ပါတီတိုင်းက စွပ်စွဲ ပြောဆိုထားသည်။ သတင်းများအရ သီရိလင်္ကာတွင် စင်ဟာလိ လူမျိုး အများဆုံး နေထိုင်သည် ဖြစ်ရာ ၎င်းတို့က သမ္မတ ရာဂျာပါစကာကို မဲအများဆုံး ပေးခဲ့ကြကြောင်း၊ ထို့ပြင် အဆိုပါ သမ္မတ လက်ထက်တွင် စစ်ကြီး ဆုံးခန်းတိုင် ခဲ့သောကြောင့် မဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

သို့တိုင်အောင် ယခု ရက်သတ္တပတ် များအတွင်း သီရိလင်္ကာ သမ္မတနှင့် အစိုးရ၏ ကြမ်းတမ်းမှုများနှင့် ပတ်သက်သော  သက်သေ အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲ ကာလအတွင်း သတင်းစာ ဆရာများကို ဖမ်းဆီးခြင်း၊ ဝေဖန် သုံးသပ်သူများကို အကြမ်းဖက်ခြင်း စသည်တို့သည် သီရိလင်္ကာ အစိုးရ၏ သရုပ်သဏ္ဍာန်ကို ပြသနေခြင်းပင် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ ပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီး ဖွန်ဆီကာက တမီကျား သူပုန်များကို အမြစ်ပြတ် နှိမ်နင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဖုံးကွယ်မှုများကို ထုတ်ဖော်ခဲ့သည်။ တမီကျား သူပုန်များကို နှိမ်နင်းရာ၌ သမ္မတ ရာဂျာပါစကာ၏ အစ်ကို တော်စပ်သူ ကာကွယ်ရေး ဦးစီးချုပ် ဂေါ်တာဘာရာ ရာဂျာပါစကာက သူပုန်များ အားလုံး လက်နက်ချသည် ဖြစ်စေ၊ မချသည် ဖြစ်စေ ပစ်သတ်ရန် အမိန့်ထုတ်ခဲ့ကြောင်း ၎င်းက စွပ်စွဲ ပြောဆိုခဲ့သည်။

သီရိလင်္ကာ အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်ကြီး ဖွန်ဆီကာက မိမိ အနေဖြင့် စစ်ရာဇဝတ်မှု ဆိုင်ရာ ခုံရုံးတွင် သက်သေအဖြစ် စစ်ဆေးခြင်း ခံရမည့် ကိစ္စအတွက် ဝမ်းမြောက် ဝမ်းသာမိပါကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

Economist မှ သတင်း သုံးသပ်ချက်ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အောက်ဖော်ပြပါ အချက်များသည် သြစတြေးလျ အခြေစိုက် Burma Campaign Australia က ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ကြေညာချက်များ ဖြစ်သည်။

အာရှ ဒေသတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရာ၌ မြန်မာ့ တပ်မတော် (ရေ) ကို ပါဝင်ခွင့် ပြုခဲ့သည့် သြစတြေးလျ အစိုးရ၏ ဆုံးဖြတ်ချက်ကို Burma Campaign Australia က ပြစ်တင် ဝေဖန် လိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် သြစတြေးလျ အစိုးရသည် မြန်မာ စစ်အစိုးရအပေါ် လက်နက် ရောင်းဝယ်မှု တားဆီး ပိတ်ပင်ရေး မူဝါဒကို ချိုးဖောက်ရာ ရောက်သွားပြီလော ဟူသည့် ဆန်းစစ်ချက်များလည်း ထွက်ပေါ်လာခဲ့သည်။

သြစတြေးလျ ရေတပ်သည် အိန္ဒိယ ပင်လယ်အတွင်း အခြားသော ၁၃ နိုင်ငံမှ ရေတပ်များနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိရာ အဆိုပါ လေ့ကျင့်မှုတွင် မြန်မာ့ တပ်မတော် (ရေ) လည်း ပူးပေါင်း ပါဝင်လျက် ရှိကြောင်း သိရသည်။

"လွန်ခဲ့တဲ့ တစ်နှစ်လောက်က မြန်မာနိုင်ငံကို စစ်လက်နက် တင်သွင်းမှု တားဆီးရေး ကိစ္စမှာ သြစတြေးလျ အစိုးရက ထောက်ခံကြောင်း ထုတ်ဖော် ကြေညာခဲ့ပါတယ်၊ အခုတော့ မြန်မာရေတပ် အပါအဝင် စစ်ရေး လေ့ကျင့်မှုတွေ လက်ခံပြီး လုပ်နေတာကို တွေ့ရပါတယ်" ဟု မြန်မာ့ နိုင်ငံရေးအတွက် လှုံ့ဆော်မှုများ ပြုလုပ်လျက် ရှိသော Burma Campaign Australia မှ ပြောရေးဆိုခွင့် ရှိသူ Zelty Brake က ပြောကြားလိုက်သည်။

"သြစတြေးလျ နိုင်ငံဟာ မြန်မာ စစ်အာဏာရှင် အဖွဲ့ကို အချိန် အတော်ကြာ စစ်လက်နက် ပစ္စည်း ရောင်းချမှုကို ပိတ်ပင် တားမြစ်ခဲ့တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ မရောင်းချခဲ့ပါဘူး။ ဒီလို ဖြစ်နေတဲ့ အနေအထားမျိုးမှာ သြစတြေးလျ အစိုးရ အနေနဲ့ ဘာကြောင့် မြန်မာစစ်တပ်နဲ့ ပေါင်းပြီး စစ်ရေး လေ့ကျင့်တာတွေ လုပ်နေရတာလဲ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"တစ်ချိန်က သြစတြေးလျ အနေနဲ့ မြန်မာစစ်တပ်က အရာရှိ၊ တပ်သား စတာတွေကို စစ်ရေး သင်တန်း ပေးဖို့ အစီအစဉ် လုံးဝမရှိခဲ့ပါဘူးလို့ ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ အခုတော့ စစ်ရေး ပူးတွဲ လေ့ကျင့်နေတာ တွေ့ရတော့ သြစတြေးလျ အစိုးရဟာ မြန်မာနိုင်ငံအပေါ် လက်နက်များ တင်သွင်းမှု ပိတ်ပင် တားဆီးရေးမူကို ဖောက်ဖျက်တဲ့ အနေအထားမျိုး ရောက်သွားပြီလားလို့ မေးရမလို ဖြစ်နေပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ရေတပ် စစ်ရေး လေ့ကျင့်မှုများတွင် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင်ကြောင်း သိရသည်။

ပင်လယ်ဓားပြ၊ အကြမ်းဖက် တိုက်ခိုက်မှုနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး ကိစ္စများကို အခြေခံ၍ ရေတပ် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သည်ဟု သြစတြေးလျ အစိုးရက အကြောင်းပြ ပြောဆိုသည်။ သို့သော် Zetty Brake ကမူ "အကြီးမားဆုံး အန္တရာယ် တစ်ခုတော့ ရှိနေပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးမှုပဲ ဖြစ်ပါတယ်" ဟု ဆိုသည်။

"မြန်မာနိုင်ငံမှာ စစ်တပ်ဟာ ရိုးသားတဲ့ ပြည်သူတွေကို တိုက်ခိုက်နေတယ်။ ကျေးရွာတွေကို ဖျက်ဆီး မီးရှို့ပစ်တယ်။ လူ့အခွင့်အရေးတွေကို စနစ်တကျ ချိုးဖောက်တယ်၊ နာဂစ်မုန်တိုင်း ဒဏ်ခံရတဲ့ ဒုက္ခသည်တွေကို လူသားချင်း စာနာ ထောက်ထားမှုနဲ့ ကယ်ဆယ်မှုတွေ လုပ်တာကိုလည်း ပိတ်ပင်တယ်။ ဒါတွေကြောင့် မြန်မာနိုင်ငံရဲ့ ပြည်သူတွေကို ကူညီဖို့ ဆိုပြီး ခုလို စစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတဲ့ စစ်အာဏာရှင် အဖွဲ့ဟာ ဘယ်ပြည်သူကိုမှ ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါကို သြစတြေးလျ အစိုးရကလည်း သူတို့ပြောတိုင်း ယုံကြည်တယ်၊ ပြောရရင် တကယ့်ကို နုံအလွန်းပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

"မနေ့က နိုင်ငံခြားရေး ဝန်ကြီး Stephen Smith က မြန်မာ စစ်အာဏာရှင်တွေဆီကို စာတစ်စောင် ပေးပို့ပြီး အကြောင်းကြားလိုက်တာ တစ်ခု ရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဖိနှိပ် ချုပ်ခြယ် ခံနေရတဲံ့ သန်းပေါင်း များစွာသော အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ အကျိုးအတွက် သြစတြေးလျ အနေနဲ့ ဒီစစ်ရေး လေ့ကျင့်မှုတွေ လုပ်နေတာပါ လို့ အသိပေး လိုက်တာပါ" ဟုလည်း ၎င်းက ဆိုသည်။

Australia breaches Burma arms embargo ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

thestar.com.my, 13th February 2010      

ပြီးခဲ့သည့် စနေနေ့က မလေးရှားနိုင်ငံ  Bagan Sungai Besar  ရှိ ငါးဖမ်းဆိပ် နှစ်ခုတွင် ငါးဖမ်း တံငါသည်ဟု ဆိုသော မြန်မာ နိုင်ငံသား ၁၅  ယောက်အား ဒေသခံများအား ဟီးရိုးအင်း ရောင်းဝယ်ရန် လာရောက်စဉ် ရဲများက ဖမ်းဆီးခဲ့သည်။

အဆိုပါ တရားမဝင် ဝင်ရောက်လာသူများအား နံနက် (၇) နာရီတွင် ရဲများက Ops Tapis Khas  စစ်ဆင်ရေးဖြင့် ဖမ်းဆီးခဲ့သည်။

အဆိုပါ လူများထံမှ ဟီးရိုးအင်း ၅၇.၅ ဂရမ် နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာမှ ရရှိထားသော ငွေဟု ယူဆရသော မလေးရှား ရင်းဂစ် RM ၅ဝဝ  တို့ကို ဖမ်းဆီးရမိခဲ့သည်။

ရဲများ၏ ကနဦး စစ်ဆေးချက်များ အရ ၎င်းတို့ ၁၅ ဦး သည် မူးယစ်ဆေးဝါး ရောင်းဝယ်သော ဂိုဏ်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရပြီး လွန်ခဲ့သော ခြောက်လ ကတည်းက ထိုဒေသတွင် ရောင်းဝယ်နေခဲ့သည်။

Sabak Bernam မှ ရဲ အကြီးအကဲ Supt Noor Mushar Mohamad  က ပြောကြားရာတွင် မြန်မာများသည် ငါးဖမ်းသမား အယောင်ဆောင်၍ မူးယစ်ဆေးဝါး လာရောင်းခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့သည် မည်သည့် ခရီး သွားလာခွင့် စာရွက်စာတမ်းမျှ မပါရှိဘဲ၊ ဝင်ရောက် ဖမ်းဆီးစဉ်က ထွက်ပြေးရန် ကြိုးစားခဲ့ကြကြောင်း အဆိုပါ ရဲ အကြီးအကဲက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 15th February 2010

          မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အခြေအနေများကို အကဲခတ်ရန် ခန့်အပ်ထားသော ကုလသမဂ္ဂ အထူး အရာရှိ Tomas Ojea Quintana သည် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်၏ ရှေ့နေများနှင့် ယနေ့ ရန်ကုန်မြို့တွင် တွေ့ဆုံသည်။

          ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် တွေ့ဆုံ ဆွေးနွေးမှုကို ရန်ကုန် မြရိပ်ညို ဟိုတယ်တွင် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များက စီစဉ်ပေးခြင်း ဖြစ်သည်ဟု ဦးဥာဏ်ဝင်းက ပြောသည်။

          တရားသူကြီးများ လွတ်လပ်စွာ စီရင်ခွင့် မရှိခြင်းနှင့် ပွင့်လင်းသော တရားရေးစနစ် ပျောက်ကွယ်နေခြင်းကို Quintana အားရှင်းပြခဲ့သည်ဟု ဦးဥာဏ်ဝင်းက ပြောကြားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှုအနေအထားကို ဦးကြည်ဝင်းကအသေးစိတ် ရှင်းပြခဲ့သည်ဟု ဆိုပါသည်။

          ကုလအထူးကိုယ်စားလှယ်ကို ဦးဥာဏ်ဝင်းက မြန်မာနိုင်ငံ၏ တရားရေးစနစ်နှင့် ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ရာတွင် လွတ်လပ်စွာ ဆောင်ရွက်ခွင့်နှင့် ကျိုးကြောင်း ဆီလျှော်မှုတို့ ချို့တဲ့ အားနည်းနေခြင်း၊ နိုင်ငံရေး အကျဉ်းသားများအပေါ် ပြင်းထန်နေသော ပြစ်ဒဏ်များ ချမှတ်နေခြင်း စသော အချက်များ ပါဝင်သည်။

          Quintana သည် မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အနေအထားများကို အကဲဖြတ်ရန် အတွက် ၅ ရက် ခရီးစဉ်အဖြစ် ယနေ့ ရောက်ရှိခြင်း ဖြစ်သည်။ ယခု အကြိမ်သည် တတိယ အကြိမ်မြောက် ဖြစ်၍ ၂၀၀၈ သြဂုတ်တွင် တစ်ကြိမ်၊ ၂၀၀၉ ဖေဖော်ဝါရီတွင် တစ်ကြိမ် လာရောက်ခဲ့ဖူးသည်။

          ၎င်းက သံတမန်များ၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တရားသူကြီး အဖွဲ့ဝင်များ အပါအဝင် အစိုးရ အရာရှိများနှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်။ ရိုဟင်ဂျာ မူဆလင် အသိုင်းအဝန်းကို အကဲခတ်ရန် အတွက်လည်း မနက်ဖြန် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားသည်။

          ဝေးလံသော မြန်မာနိုင်ငံ အနောက်မြောက်ဖက် ပြည်နယ် ဘင်္ဂလားဒေ့ရှ်နှင့် ကပ်နေသော ရခိုင် ဒေသသို့ ကုလ ကိုယ်စားလှယ် လာရောက်ခြင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး၊ ရခိုင် လွှတ်တော်အမတ် ဦးအေးသာအောင်က ကြိုဆိုလိုက်သည်။ ရိုဟင်ဂျာများ၏ အနေအထားကို သာမကဘဲ အဖိနှိပ်ခံ နေရသော သာမန် ရခိုင်ပြည်သူများ၏ အကြောင်းကိုပါ လေ့လာသွားရန် ကုလ ကိုယ်စားလှယ်ကို ၎င်းက တိုက်တွန်းထားသည်။

          ဇန်နဝါရီလတွင် DVB နှင့် ပြုလုပ်သော အင်တာဗျူး၌ Quntana က ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အခြား နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် တောင်းဆိုထားသော်လည်း သူမနှင့် တွေ့ဆုံခွင့် ရမရကို ရှင်းစွာ မသိရသေးဟု ပြောကြားခဲ့သည်။

          "ကျွန်တော့်ရဲ့ အလုပ်ကတော့ အနေအထားတွေ တိုးတက်လာအောင် ကြိုးစားဖို့ပါပဲ။ လုပ်ပိုင်ခွင့် အာဏာနဲ့ ပြဿနာတွေကို ဆက်ပြီး အကဲဖြတ်မယ်။ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့ အတွက် ကျွန်တော်ရဲ့ အကြုံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ သူတို့ထဲက တစ်ချို့ ဆန္ဒရှိ သလား ဆိုတာကို သိနှင့်အောင် ကြိုးစားမယ်" ဟု Quintana က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.