Transparency Myanmar

transparency.myanmar@gmail.com

The Irrawaddy, By Saw Yan Naing and The Associated Press, 27th February 2010

          ထိုင်းနိုင်ငံပိုင်ဘဏ် Exim Bank မှ မြန်မာနိုင်ငံသို့ အတိုးနှုန်း နည်းနည်းနှင့် ငွေချေးခဲ့သော ကိစ္စမှာ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် စွပ်စွဲထားသော ပြစ်ချက်များတွင် တစ်ခု အပါအဝင် ဖြစ်ပြီး၊ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆင်တွင် အပြစ်ရှိကြောင်း မနေ့က တွေ့ရှိခဲ့ပါသည်။

          ထိုင်းနိုင်ငံ တရားရုံးချုပ်က သက်ဆင်သည် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို မြန်မာနိုင်ငံသို့ ဘတ် ၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၂၇ သန်း) ချေးရန် အတည်ပြုရေးကို အာဏာဖြင့် ဖိအားပေးခဲ့ကြောင်း၊ သို့မှသာ ၎င်းပိုင် Shinawatra Satellite ကုမ္ပဏီသည် ဆက်သွယ်ရေး စာချုပ်များမှတဆင့် အမြတ်အစွန်း ရရှိမည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

          ၂၀၀၄ ခုနှစ်က Shinawatra Satellite သည် ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ သားဖြစ်သူ ပိုင်သော ပုဂံဆိုက်ဘာတက်သို့ Broadband အင်တာနက်တွင် တယ်လီဖုန်း လုပ်ငန်းများအတွက် ဂြိုလ်တု ငှားရမ်းပေးခဲ့သည်။

          သို့သော် ပုဂံကြေညာချက်အရ ထိုင်း၊ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အစိုးရများ၏ ဒေသတွင်း စီးပွားရေး သဘောတူညီချက်များကို လက်မှတ် ရေးထိုးထားရာ၊ ထိုင်းနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ဆက်သွယ်ရေး ကဏ္ဍအတွက် ငွေချေးခြင်းကို အတည်ပြုခွင့် မရှိကြောင်း သိရှိရသည်။

          တရားရုံးချုပ်အနေဖြင့် သက်ဆင်အပေါ် စွပ်စွဲထားသော အမှု ငါးခုအနက် လေးခုတွင် သက်ဆင်သည် ဝန်ကြီးချုပ်အဖြစ် ၂၀၀၁ မှ ၂၀၀၆ ခုနှစ်အတွင်း တာဝန်ယူစဉ်က မူဝါဒများကို အကောင်အထည် ဖော်ရာတွင် ၎င်းအမြတ်ရှိစေရန် အာဏာကို အသုံးပြုခဲ့ကြောင်း တစ်ခါတစ်ရံ တိုင်းပြည်၏ ကုန်ကျစရိတ်ကို အသုံးပြုခဲ့ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

          တရားရုံးချုပ်က ပြောကြားရာတွင် သက်သာခွင့် ပေးသည့် အနေဖြင့် သက်ဆင်အား အာဏာ သိမ်းခဲ့စဉ်က ထိုင်းဘဏ်များတွင် ထိန်းသိမ်းထားသော ၎င်း၏ မိသားစု ပိုင်ငွေ ဘတ် ၇၆ ဘီလီယံ (ဒေါ်လာ ၂.၃ ဘီလီယံ) အနက် ဘတ် ၄၆ ဘီလီယံ (ဒေါ်လာ ၁.၄ ဘီလီယံ) ကိုသာ သိမ်းယူသင့်ကြောင်း ဆိုသည်။

          သက်ဆင်နှင့် သူ၏ မိသားစုအပေါ် စစ်ဆေးရန် ကျန်နေသေးသော အမှုများကို မည်သည့် အချိန်တွင် စစ်ဆေးမည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။ နိုင်ငံခြားရှိ ဘဏ်များတွင် သက်ဆင်အနေနှင့် မည်မျှချမ်းသာသည်ကို မသိရှိနိုင်ပေ။

          တရားရုံးချုပ်က ပြောကြားရာတွင် ၎င်းပိုင်ဆိုင်မှု အားလုံးကို သိမ်းဆည်းရန်မူ မသင့်တော်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် အချို့ ပိုင်ဆိုင်မှုများမှာ ၎င်းဝန်ကြီးချုပ် မဖြစ်မီကပင် ရှိနေသော အရာများ ဖြစ်သောကြောင့်ဟု ဆိုသည်။

          သက်ဆင်အပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်အား တရားသူကြီး၏ ၇ နာရီခွဲကြာ ဖတ်ကြားမှုကို အချို့ ရုပ်မြင်သံကြားအစီအစဉ်မှ ပြသခဲ့သည်။ ရာပေါင်းများစွာသော လူထုကြီးသည် အတိုက်အခံ သက်ဆင်၏ မဟာမိတ်ပါတီ Puca Thai ပါတီရုံးချုပ်ရှေ့တွင် စုရုံး အော်ဟစ် လှောင်ပြောင်ခဲ့ကြသည်။ အချို့ အမျိုးသမီးများ ငိုကြပြီး၊ လူတစ်ဦးမှာ ခုံပေါ်တွင် ရပ်၍ ရုပ်မြင်သံကြားကို ကြည့်၍ အော်ဟစ်ခဲ့သည်ကို တွေ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

indiatimes.com, 28th February 2010

          အိမ်နီးချင်း မြန်မာနိုင်ငံအတွင်းမှ  အနောက်မြောက် သူပုန်များကို မောင်းထုတ်ရန် ပူးပေါင်း စစ်ဆင်ရေး တစ်ရပ်ကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့က မကြာမီ စတင်ဆင်နွှဲမည်ဟု ဗဟိုအစိုးရ ပြည်ထဲရေး ဝန်ကြီး GK Pillai က ပြောကြားလိုက်သည်။

          ဖေဖော်ဝါရီ ၁၈ ရက်က နေပြည်တော်တွင် ဗိုလ်မှူးချုပ်ဖုန်းဆွေနှင့် Pillai တို့ တွေ့ဆုံ ဆွေးနွေးစဉ် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် အိန္ဒိယ ကိုယ်စားလှယ်အဖွဲ့က မြန်မာအရာရှိများထံ မြန်မာနိုင်ငံတွင်းရှိ သူပုန်စခန်းများ၏ မြေပုံညွှန်းကို ပေးအပ်ခဲ့သည်ဟု ဝန်ကြီးက ပြောကြားသည်။

          United National Liberation Front Revolutionary People's Front ၏ လက်နက်ကိုင်တပ် NSCM (F.M) နှင့် People's Front Liberation Army စသော သူပုန်အဖွဲ့များသည် မြန်မာနိုင်ငံတွင်း ပုန်းအောင်း နေထိုင်ကြသည်ဟု ၎င်းက ဆိုသည်။

          မြန်မာ့တပ်မတော်တွင်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရသောကြောင့် ပူးပေါင်းစစ်ဆင်ရေးကို အစီအစဉ် ရေးဆွဲခြင်း ဖြစ်ကြောင်း မြန်မာအာဏာပိုင်များထံ လိုအပ်သော အကူအညီ မှန်သမျှ အိန္ဒိယနိုင်ငံက ပေးအပ်သွားမည် ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် စစ်တပ်သို့ အလားတူ အကူအညီများ ပေး၍ ဆောင်ရွက်ခဲ့ရာတွင် အောင်မြင်မှု ရရှိခဲ့ကြောင်း Pillai က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Yahoo News, By Eric Talmadge (AP Writer), 27th February 2010

          စနေနေ့က ချီလီနိုင်ငံ ကမ်းရိုးတန်းတွင် လှုပ်ခဲ့သော ငလျင်ကြောင့် တောင်ပစိဖိတ်၊ အာရှနှင့် သြစတြေးလျတို့တွင် ဆူနာမီ ဖြစ်လာနိုင်သောကြောင့် သက်ဆိုင်ရာနိုင်ငံများက ပြင်ဆင်လျက် ရှိသည်။

          ဂျပန်နိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့မှ တာဝန်ရှိပုဂ္ဂိုလ်များက ငလျင်ကြောင့် ၂၄ နာရီအတွင်း အာရှတိုက် ကမ်းရိုးတန်းတလျှောက် ဆူနာမီ ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။ ဟာဝိုင်ယီရှိ ပစိဖိတ် ဆူနာမီ သတိပေး ဗဟိုဌာနက ပစိဖိတ် ဒေသတလျှောက် ဆူနာမီ သတိထားရန် ထုတ်ပြန်ထားသည်။

          ပင်လယ်ရေမျက်နှာပြင် အမြင့်ကို ဖတ်ခြင်းဖြင့် အပျက်အစီး များနိုင်သော ဆူနာမီ ဖြစ်လာနေပြီ ဖြစ်ကြောင်း အတည်ပြုနိုင်သည်ဟု ချီလီကမ်းခြေတွင် စကေး ၈.၈ ရှိ ငလျင်လှုပ်အပြီး ဟာဝိုင်ယီ ဗဟိုဌာနမှ ထုတ်ပြန်သော သတင်းလွှာတွင် ပြောကြားထားသည်။ အာဏာပိုင်များအနေဖြင့် သင့်တော်သော ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း ဖော်ပြထားသည်။

          ဗဟိုဌာန၏ မှတ်သားထားချက်အရ ငလျင်ပြီးနောက် ပထမဆုံး ဖြစ်လာမည့် ဆူနာမီလှိုင်းသည် အကြီးဆုံး ဖြစ်လိမ့်မည် မဟုတ်ဟု ယူဆရမည် ဖြစ်သော်လည်း ဆူနာမီလှိုင်း၏ အမြင့်ကို ခန့်မှန်းရန် ခက်ခဲကြောင်း၊ ကမ်းရိုးတန်းတလျှောက် သက်ဆိုင်ရာ နိုင်ငံ၏ မြေမျက်နှာသွင်ပြင်ပေါ် မူတည်၍ အမြင့် အမျိုးမျိုး ဖြစ်နိုင်ကြောင်း သိရှိရသည်။

          ပစိဖိတ်တကြောရှိ ငလျင်များသည် အတိတ်ကာလက အာရှ၌ ကြောက်မက်ဖွယ် အကျိုးဆက်များ ဖြစ်ခဲ့သည်။

          ၁၉၆၀ ခုနှစ်က ချီလီနိုင်ငံ ငလျင်သည် စကေး ၉.၅ ရှိပြီး မှတ်တမ်းများအရ အကြီးဆုံးငလျင် ဖြစ်ကာ၊ ယင်းငလျင်နောက်က ဖြစ်လာသော ဆူနာမီသည် ဂျပန်တွင် လူ ၁၄ ဦး၊ ဟာဝိုင်ယီတွင် ၆ ဦးနှင့် ဖိလစ်ပိုင်တွင် ၃၂ ဦး သေဆုံးစေခဲ့ပါသည်။ ဆူနာမီ လှိုင်း၏ အမြင့်သည် ၃.၃ မှ ၁၃ ပေအထိ ၁ မီတာ မှ ၄ မီတာထိ မြင့်ကြောင်း ဂျပန်မိုးလေဝသ အေဂျင်စီက ပြောကြားခဲ့သည်။

          ယခု စနေနေ့က လှုပ်သော ငလျင်ကြောင့် ဖြစ်ပေါ်နိုင်သော ဆူနာမီမှာ သေးငယ်လိမ့်မည်ဟု ခန့်မှန်းရပြီး၊ အဘယ်ကြောင့်ဆိုသော် ငလျင် အားမပြင်းသောကြောင့်ဟု ဆိုသည်။

          ဂျပန်၏ NHK သတင်းဌာနက ငလျင်ကျွမ်းကျင်သူများ၏ အဆိုကို ကိုးကား၍ ပြောဆိုရာတွင် ယခု ဆူနာမီသည် စင်တီမီတာ (လက္မ) ဆယ်ဂဏန်းခန့်သာ ရှိမည် ဖြစ်ပြီး ၂၂ နာရီအတွင်း ဖြစ်နိုင်ကြောင်း ဆိုသည်။ မှတ်တမ်းများအရ ၂၀၀၁ ခုနှစ်က ချီလီနိုင်ငံတွင် စကေး ၈.၄ ရှိ ငလျင်ကြောင့် ဆူနာမီသည် ၂၈ စင်တီမီတာ (၁၁ လက္မ)သာ ရှိသည်ဟု သိရှိရသည်။

          မိုးလေဝသ အေဂျင်စီက ပြောကြားရာတွင် ယခု စကေး ၈.၈ ငလျင်ကြောင့် ဖြစ်လာနိုင်သည့် ဆူနာမီကို ဖြစ်နိုင် မဖြစ်နိုင် စုံစမ်းဆဲ ရှိနေသောကြောင့် ပုံမှန်ကမ်းရိုးတန်း သတိပေးချက်ကိုပင် မထုတ်ပြန်သေးကြောင်း သိရှိရသည်။

          တစ်ချိန်တည်းတွင် သြစတြေးလျကလည်း ဆူနာမီကို စောင့်ကြည့်လျက် ရှိသည်။

          သြစတြေးလျ ဆူနာမီ သတင်းပေး ဗဟိုဌာနသည် New South Wales ပြည်နယ်၊ Queensland ပြည်နယ်၊ Lord Howe ပြည်နယ်နှင့် Norfold ကျွန်းတို့တွင် ဆူနာမီ ဖြစ်နိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။ သို့သော် တနင်္ဂနွေနေ့ သြစတြေးလျ စံတော်ချိန် နံနက်ပိုင်းအထိ ဆူနာမီ ဖြစ်ပေါ်ခြင်း မရှိသေးပေ။

          ငလျင်သည် ချီလီ အလယ်ပိုင်း၌ စနေနေ့မနက်က လှုပ်ခတ်ခဲ့ရာ၊ မြို့တော်တွင် တစ်မိနစ်ခွဲခန့် ကြာအောင် လှုပ်ခဲ့သည်။

          ပစိဖိတ် ဆူနာမီ သတိပေး ဗဟိုဌာနသည် အာရှပစိဖိတ် နယ်တလျှောက်၊ နယူးဇီလန်၊ Samoa၊ အမေရိကန် Samoa၊ ဆော်လမွန်ကျွန်းများ၊ ပါပူဝါနယူးဂီနီ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့ကို သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          မြန်မာစစ်အစိုးရသည် အာဆီယံ အဖွဲ့ဝင်များအား လည်းကောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများအား လည်းကောင်း လွတ်လပ်၍ တရားမျှတမှု ရှိသော ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်ပေးမည်ဟု ကတိပေး ပြောဆိုခဲ့ပြီး ဖြစ်သည်။

အာဆီယံ ပါလီမန်တွင်းဆိုင်ရာ မြန်မာသီးသန့်အဖွဲ့ (Asean Inter-Parliamentary Myanmar Caucus-AIPMC) အနေဖြင့် အာဆီယံ ချာတာတွင် လက်မှတ် ရေးထိုးထားသည်နှင့် အညီ အများပြည်သူတို့၏ အခွင့်အရေးကို လေးစားရမည်လည်း ဖြစ်သည်။

မြန်မာအစိုးရက မည်သို့ပင် ဝန်ခံလက်မှတ် ထိုးပြီး ကတိကဝတ်များ ပေးနေစေကာမူ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ကျင့်စဉ်များကို လက်တွေ့ မကျင့်သုံးခြင်း၊ ဒီမိုကရေစီ ဖော်ဆောင်ရေးကို အကောင်အထည်ဖော်မှု မရှိသေးခြင်း စသည့် အချက်များကို AIPMC အနေဖြင့် တွေ့မြင်နေရသည်။

လွန်စွာ ထင်ရှားသော ဥပမာကို ပြပါက ဖေဖော်ဝါရီလ ၈ ရက်နေ့က ရန်ကုန်မြို့၊ လှိုင်သာယာ စက်မှုဇုန်တွင် ဖြစ်ပွားသော အလုပ်သမား ၃၆၀၀ ဆန္ဒပြသည့် ကိစ္စပင် ဖြစ်လိမ့်မည်။ ဆန္ဒပြလုပ်သားများတွင် အမျိုးသမီးထုက အများဆုံး ဖြစ်သည်။ အလုပ်သမားများက အလုပ်ချိန်ကို ခေတ္တ ရပ်ဆိုင်းကာ အလုပ်သမား ရပိုင်ခွင့်များ ရရှိရေး၊ ပိုမို ကောင်းမွန်သည့် လုပ်ငန်းခွင် အခြေအနေတစ်ရပ် ဖန်တီးပေးရေး တို့ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာစစ်အစိုးရ အာဏာပိုင်များ၏ နှိပ်ကွပ်ခြင်းကို ခံရသည့်အတွက် အလုပ်သမားများ၏ ကြိုးပမ်းချက်များ မအောင်မြင်ခဲ့ပေ။ အစိုးရသည် ဆန္ဒပြမှု ဖြစ်ပွားရာ စက်ရုံများအနီးတွင် အဓိကရုဏ်း နှိမ်နင်းရေးကား ၅၀ ကျော်ခန့် ချထားပြီး လမ်းမများပေါ်တွင်လည်း အပိတ်အဆို့၊ အဟန့်အတားများ ပြုလုပ်ထားသည်။ ဆန္ဒပြမှုများ အပြီးသတ် ဆုံးခန်းတိုင် နိုင်ရေးအတွက် အစွမ်းကုန် တင်းကြပ်မှုများ ပြုလုပ်လျက် ရှိသည်ဟု သတင်း ပေးပို့ချက်များအရ သိရသည်။

AIPMC က လှိုင်သာယာ အလုပ်သမားများ ယင်းသို့ အလုပ်သမား အခွင့်အရေးအတွက် ဆန္ဒပြ တိုက်ပွဲဝင်မှုကို ချီးမွမ်း ပြောဆိုပြီး မြန်မာအစိုးရအနေဖြင့် ယင်းဖြစ်ရပ်ကို မည်သို့ ကိုင်တွယ် ဖြေရှင်းသည် ဟူသော အချက်ကို မေးခွန်းထုတ်ထားသည်။

အလုပ်သမားများအား စက်ရုံပိုင်ရှင်များက တစ်လလျှင် ကျပ် နှစ်ထောင်မှငါးထောင်အထိ တိုးမြှင့်ပေးသွားမည်ဟု ညှိနှိုင်းလိုက်ပြီးနောက် ဆန္ဒပြလုပ်သားများသည် အလုပ်ခွင်သို့ ပြန်သွားကြောင်း သိရသည်။ ၎င်းတို့က တစ်လလျှင် ကျပ် ၁၀၀၀၀ စီ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ မည်သို့ဆိုစေကာမူ အချိန်ပို ဆင်းရသည့်အတွက် ထိုက်သင့်သော လုပ်အားခ ပေးရေးနှင့် အများပြည်သူ ရုံးပိတ်ရက်များတွင် ပိတ်ရက် ခံစားခွင့် ရရှိရေး တို့ကိုပါ ဆက်လက် ဖိအားပေး တောင်းဆိုသွားမည်ဟု ဆိုသည်။ အလုပ်သမားများ ဆက်လက် တောင်းဆိုမည့် အရေးကိစ္စများတွင် အဆင့်အတန်း ပြည့်မီသော လုပ်ငန်းခွင် ဖြစ်ပေါ်အောင် ဖန်တီးပေးရေးလည်း ပါဝင်သည်။

AIPMC ကော်မတီ အဖွဲ့ဝင်များက အစိုးရအနေဖြင့် အလုပ်သမားများ၏ ခံစားခွင့်နှင့် အခွင့်အရေးတို့ကို အကာအကွယ် ပေးနိုင်ခြင်းရှိ၊ မရှိဟူသော ကိစ္စကို ဆက်လက် စုံစမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် သမိုင်းကြောင်းအရ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အပေါ်တွင် လည်းကောင်း၊ အတိုက်အခံ နိုင်ငံရေးသမားများ အပေါ်တွင်လည်းကောင်း အကြမ်းဖက် နည်းလမ်းသုံး၍ ဖြေရှင်းလေ့ရှိသူ ဖြစ်ရာ ယခု စက်ရုံအလုပ်သမားများ ဆန္ဒပြမှုတွင်လည်း မိမိတို့ အနေဖြင့် ၎င်းတို့၏ လုံခြုံရေး၊ လူမှု ဖူလုံရေး အစရှိသည်တို့အတွက် လွန်စွာ စိုးရိမ်ပူပန်မိသည်ဟု AIPMC က ကြေညာချက် ထုတ်ပြန်သည်။

မြန်မာစစ်အစိုးရအနေဖြင့် အလုပ်သမားများ ဆန္ဒပြမှုအပေါ် အကြမ်းဖက် နှိမ်နင်းမှုများ မကျင့်သုံးရန်နှင့် နိုင်ငံတကာက သတ်မှတ် ပြဋ္ဌာန်ထားသော အလုပ်သမား ဥပဒေ စည်းမျဉ်း စည်းကမ်းများအတိုင်း ကိုင်တွယ် ဖြေရှင်းရန် AIPMC က တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့ဝင်တစ်ဦး ဖြစ်သည့် အားလျော်စွာ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်သွားပါမည်ဟု ကတိကဝတ်များ ပြုထားပြီး ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာနိုင်ငံအနေဖြင့် အလုပ်သမား အခွင့်အရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများအတိုင်း ကိုင်တွယ် ဖြေရှင်းပါသည်ဟူသော အချက်ကို စစ်အစိုးရက ထုတ်ဖော် ပြသရလိမ့်မည် ဖြစ်သည်။

Asian Tribune သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

         တရုတ်-တိုင်ပေသို့ နောက်ထပ် စစ်လက်နက်များ ထပ်မံ ရောင်းချမည်ဆိုပါက မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း တရုတ် ကွန်မြူနစ်အစိုးရက အမေရိကန် ပြည်ထောင်စုသို့ သတိပေး ပြောဆိုလိုက်သည်။ ထို့ပြင် ပြီးခဲ့သည့်လက တရုတ်-တိုင်ပေသို့ အမေရိကန် ဒေါ်လာ ၆ ဒဿမ ၄ ဘီလီယံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချရန် ဝါရှင်တန် အစိုးရက ဆုံးဖြတ်ခဲ့သောကြောင့် တရုတ်နိုင်ငံကလည်း အမေရိကန် ပြည်ထောင်စုနှင့် စစ်ရေး အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှုများကို ရပ်ဆိုင်းရန် ဆုံးဖြတ် လိုက်ကြောင်း  ထပ်မံ အသိပေးလိုက်သည်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Huang Xueping က အမေရိကန် ပြည်ထောင်စု အနေဖြင့် တရုတ်ပြည်မကြီးနှင့် ဆက်ဆံရေးကို ထိခိုက်စေမည့် အပြောအဆိုနှင့် အပြုအမူများကို ထပ်မံ မပြုလုပ်ရန် အလေးအနက် သတိပေးလိုကြောင်း၊ အမေရိကန်၏ အပြုအမူသည် ဘေဂျင်းနှင့် ထိုင်ဝမ်အကြား ဆက်ဆံရေးကိုပါ ထိခိုက်စေကြောင်း ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန် အစိုးရက ပြီးခဲ့သည့်လတွင် ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၆ ဒဿမ ၄ ဘီလီယံ တန်ဖိုး ရှိသော စစ်သုံး ရဟတ်ယာဉ်များ၊ ဒုံးကျည်များနှင့် အခြားသော လက်နက်များ ရောင်းချရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။ ယင်းဆုံးဖြတ်ချက်ကြောင့် ဘေဂျင်းကလည်း အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးအရ ဆက်ဆံမှုများနှင့် အဆက်အသွယ် ပြုလုပ်ထားမှုများ အားလုံးကို ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ကြောင်း၊ ဘေဂျင်း၏ အဆိုပါ ဆုံးဖြတ်ချက်မှာ ထပ်မံ ပြုပြင် ပြောင်းလဲသွားမည် မဟုတ်ကြောင်း Huang Xueping က ထပ်မံ ပြောကြားလိုက်သည်။

"အခု အမေရိကန်နဲ့ တရုတ် စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ အားလုံးကို ဝါရှင်တန် အစိုးရကသာ တာဝန်ယူရပါလိမ့်မယ်" ဟု ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စု စစ်ဘက် ထောက်လှမ်းရေး အေဂျင်စီက တရုတ်ပြည်အပေါ် အဟန့်အတား ပြုလုပ်မည့် ထိုင်ဝမ်ကျွန်း၏ လေကြောင်း ကာကွယ်ရေး အစီအစဉ်သည် ပြည့်စုံ လုံလောက်ဖွယ် မရှိဟု သုံးသပ်ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပြီးနောက် Huang Xueping ၏ သုံးသပ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။ စစ်ရေး လေ့လာ သုံးသပ်သူ အများစုကမူ အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်ကျွန်းသို့ နောက်ထပ် ခေတ်မီသော ဂျက်တိုက်လေယာဉ်များကို ရောင်းချလိမ့်မည်ဟု ပြောဆို လျက် ရှိသည်။

တရုတ်ပြည်မကြီးကလည်း ထိုင်ဝမ်ကျွန်းသည် ၎င်းတို့၏ နယ်မြေ တစ်စိတ်တစ်ဒေသ ဖြစ်ကြောင်း၊ လိုအပ်ပါက ထိုင်ဝမ်ကျွန်းကို အင်အားသုံး၍ သိမ်းပိုက်မည် ဖြစ်ကြောင်း သန္နိဋ္ဌာန် ပြုထားသည်။

ယခုကဲ့သို့ အမေရိကန်က ထိုင်ဝမ်ကို စစ်လက်နက်များ ရောင်းချခြင်းသည် တရုတ် ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ တရုတ်ပြည်မကြီးက မည်သို့ပင် သတိပေးချက်များ ပြုလုပ်နေသော်ငြားလည်း ထိုင်ဝမ်က မိမိတို့အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ခေတ်မီ နည်းပညာသုံး စစ်လက်နက် ပစ္စည်းများ ထပ်မံ ဝယ်ယူလိုပါကြောင်း ထုတ်ဖော် ပြောဆိုထားသည်။

သမ္မတ အိုဘားမား လက်ထက် တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယခု ထိုင်ဝမ်သို့လက်နက် ရောင်းချခြင်း တစ်ခုတည်းကြောင့် မပြေမလည် ဖြစ်ခဲ့ခြင်း မဟုတ်ပေ။ အိုဘားမားက တိဘက် ပြည်ပြေးခေါင်းဆောင် ဒလိုင်းလားမားကို ဝါရှင်တန် အိမ်ဖြူတော်၌ လက်ခံ တွေ့ဆုံခဲ့သည့် ဖြစ်ရပ်ကိုလည်း တရုတ်အစိုးရက မကျေမနပ် ဖြစ်လျက် ရှိသည်။

Yahoo News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

         မြန်မာနိုင်ငံသို့ ဒီဇယ် တင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်း လုပ်ငန်းများကို လက်ဝါးကြီး အုပ်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက်က နိုင်ငံကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ဒီဇယ် အုပ်စုကြီး တစ်ခု ဖွဲ့စည်းတည်ထောင်ရန် ပြင်ဆင်နေကြောင်း စုံစမ်း သိရှိရသည်။

ဦးပိုင် အနေဖြင့် ၎င်းတို့ အုပ်စုတွင် ပါဝင်မည့် ကုမ္ပဏီများကို ကြိုက်နှစ်သက်ရာ ဒီဇယ်ဆိုင်၊ ဓါတ်ဆီဆိုင် ကို လုပ်ကိုင်ခွင့် ရရှိမည်ဟု အာမခံလျက် ရှိပြီး ဆိုင် စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကို ဦးပိုင်မှ ရယူထားသည်။

၂၀၁၀ နိုင်ငံရေး အကူးအပြောင်း ကာလ မတိုင်ခင် စီးပွားရေး ပြုပြင် ပြောင်းလဲမှု အနေဖြင့် ပုဂ္ဂလိကပိုင် ပြုလုပ်လျက် ရှိသော်လည်း အဓိက ဝင်ငွေ ရရှိနိုင်မည့် လုပ်ငန်းများနှင့် စစ်တပ် အတွက် စီးပွားရေး ကျောထောက်နောက်ခံ လုပ်ငန်းများကို MEC နှင့် ဦးပိုင်တို့ကသာ လက်ဦးမှု ရယူထားကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး၏ စီးပွားရေုးု လူယုံ ဦးတေဇသည်ပင်လျှင် ဦးပိုင်မှ မလုပ်လိုသည့် လုပ်ငန်းကြီးတချို့ကို လွှဲပြောင်းရာ၌ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် နီးစပ်သူများသာ အဓိက ရရှိကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy news, 25th February 2010

          အမေရိကန် သံရုံး ယာယီ တာဝန်ခံ သံမှူးသည် NLD ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် (CEC) များနှင့် တွေ့ဆုံကာ အတိုက်အခံပါတီ၏ နိုင်ငံရေး သဘောထား ရပ်တည်ချက်နှင့် ရွေးကောက်ပွဲ ဝင် / မဝင် စသော ကိစ္စများကို ဆွေးနွေးခဲ့သည်။

          သံရုံး ယာယီ တာဝန်ခံ Larry Dinger သည် သံရုံးမှ နိုင်ငံရေးနှင့် စီးပွားရေး သံမှူး Jennifer Harhigh လိုက်ပါလျက် NLD ပါတီ CEC အဖွဲ့ဝင်များ ဖြစ်သော ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးခင်မောင်ဆွေ၊ ဦးညွှန့်ဝေ၊ ဦးသန်းထွန်းတို့နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

          ဗုဒ္ဓဟူးနေ့ နေ့လယ် ၁ နာရီတွင် NLD ပါတီ၏ ရန်ကုန် ဌာနချုပ်၌ ကျင်းပသော အစည်းအဝေးသည် ၁ နာရီ နီးပါး ကြာမြင့်သည်ဟု ဦးဝင်းတင်က ပြောကြားသည်။

          ဗဟို ကော်မတီ ပြန်လည် ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ ဝင်/မဝင် စသော ကိစ္စများနှင့် ပတ်သက်၍ သံမှူးများက မေးမြန်းခဲ့သည်ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ပြောကြားခဲ့ပြီး ရွေးကောက်ပွဲ ပါဝင် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် မချရသေးကြောင်း CEC ကိုယ်စားလှယ်များက ပြန်လည် ဖြေကြားခဲ့သည်ဟု ဆိုသည်။

          အငြင်းပွားဖွယ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်၊ နိုင်ငံရေးအရ ဆွေးနွေး ညှိနှိုင်းရန်၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုထားသည့် ယခုနှစ် ဧပြီလက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်တွင် ပါတီ၏ လက်ရှိ အနေအထားကို အခြေပြုထားသည်။ ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်များကို အသိအမှတ်ပြုရန်နှင့် နိုင်ငံရေး အင်အားစုများ အားလုံး ပါဝင်နိုင်မည့် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် စစ်ဖက် အစိုးရကို တောင်းဆိုထားသေးသည်။

          ၂၀၀၈ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် သင့်/ မသင့်၊ NLD ပါတီ ရွေးကောက်ပွဲ ဝင်ရန် သင့်/ မသင့် စသော ကိစ္စများ အပေါ်တွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် တစ်စုံတစ်ရာ မှတ်ချက် မပေးလိုကြောင်း Dinger က ရှင်းလင်းစွာ ပြောကြားခဲ့သည်ဟု ဦးဝင်းတင်က ဆိုသည်။

          သို့ရာတွင် ရွေးကောက်ပွဲ မကျင်းပမီ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အကြား တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန် အမေရိကန်က တိုက်တွန်းသွားမည်ဟု သံမှူးက ပြောကြားကြောင်း ဦးဝင်းတင်က ဖြည့်စွက် ပြောသည်။

          ရန်ကုန်ရှိ အမေရိကန် သံရုံးက အဆိုပါ အစည်းအဝေးကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှုများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များကိုမူ ပြောကြားခြင်း မရှိပါ။

          ရွေးကောက်ပွဲများ မကျင်းပမီ လက်ရှိ အစိုးရ၊ NLD ပါတီ၊ အခြား အတိုက်အခံ ပါတီများ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့အစည်းများ ပါဝင်သော အမျိုးသား မျက်နှာစုံညီ အစည်းအဝေး တစ်ရပ် ကျင်းပရန် အမေရိကန် ပြည်ထောင်စုက တောင်းဆိုထားသော်လည်း စစ်အုပ်ချုပ်ရေးကို ဆက်လက် အသက်သွင်းမည့် အခြေခံ ဥပဒေကို ပြင်ဆင်ရန် အစိုးရကို တိုက်တွန်းထားခြင်း မရှိပါ။

          ပြီးခဲ့သော စက်တင်ဘာလတွင် မြန်မာအစိုးရအပေါ် တွေ့ဆုံ ဆွေးနွေးမှုနှင့် အရေးယူ ပိတ်ဆို့မှုကို တစ်ပြိုင်တည်း ကျင့်သုံးမည့် မူဝါဒကို ဆက်လက် ဆုပ်ကိုင်သွားမည်ဟု အမေရိကန်က ကြေညာခဲ့သည်။

          အရှေ့အာရှနှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell နှင့် ၎င်း၏ လက်ထောက် Scot Marciel တို့၏ အချက်အလက် ရှာဖွေရေး မစ်ရှင်သည် မနှစ်က နိုဝင်ဘာလဆန်းတွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး ဝန်ကြီးချုပ် အပါအဝင် မြန်မာအာဏာပိုင်များ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

          ဒီမိုကရေစီ ပြောင်းလဲရေးအတွက် တွန်းအားပေးရန် မြန်မာနိုင်ငံသို့ ၎င်းတို့ထက် စောရောက်ခဲ့သူများမှာ ၁၉၉၅ ခုနှစ်က လွှတ်တော် အမတ် Bill Richardson နှင့် ကုလဆိုင်ရာ အမေရိကန် သံအမတ်ကြီး Madeleine Albright တို့ဖြစ်သည်။

          Campbell သည် မြန်မာသို့ နောက်တစ်ခေါက် လာရောက်ရန် စီစဉ်နေသော်လည်း ရက်မသတ်မှတ်ရသေးဟု သံတမန် သတင်းရပ်ကွက်မှ သိရှိရသည်။

          တစ်ချိန်တည်းတွင်ပင် NLD က ကြာသပတေးနေ့တွင် ကိုယ်စားလှယ်လောင်း ၁၀၀ နှင့် ဗဟို ကော်မတီအတွက် အရန်ကော်မတီဝင် ၈ ဦး ရွေးချယ်ခဲ့သည်။

          ယခုကဲ့သို့ ပါတီ၏ ဒုတိယအဆင့် ခေါင်းဆောင်ပိုင်း အတွက် ကိုယ်စားလှယ်လောင်းများ ရွေးခဲ့ခြင်းမှာ ပါတီ၏ ဗဟို ထိန်းချုပ်မှုနှင့် ပတ်သက်၍ ပဲခူးတိုင်းမှ အဖွဲ့ဝင် အချို့က ပြစ်တင် ဝေဖန်ခဲ့သောကြောင့် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ၊ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်ဟု CEC အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

          အစိုးရက ၁၉၉၁ တွင် ဖျက်သိမ်းပစ်ခဲ့သော ဗဟိုကော်မတီကို ပြန်လည် ဖွဲ့စည်းရန် အဖွဲ့ဝင် ၁၀၈ ဦး ရွေးချယ်ခဲ့ခြင်းသည် ၁၉၉၀ ခုနှစ်များ နောက်ပိုင်း ပါတီကို ပြန်လည် စည်းရုံး ဖွဲ့စည်းရန် အထင်ရှားဆုံး ကြိုးပမ်းမှု ဖြစ်သည်။

          ပြီးခဲ့သော ဇန်နဝါရီလတွင် မူလက အဖွဲ့ဝင် ၁၁ ဦးသာ ရှိသော NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ CEC ကို အဖွဲ့ဝင်သစ် ၉ ဦး ထပ်မံ ရွေးချယ်၍ ပြင်ဆင် ဖွဲ့စည်းခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 25th February 2010

         မြန်မာ နယ်စပ်အနီး ထိုင်းနိုင်ငံ အနောက်တောင်ပိုင်း ပြည်နယ်တွင် မြန်မာမှ တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများ လိုက်ပါလာသည့် ပစ်ကပ်ကား တစ်စီးကို ကြာသပတေးနေ့က ထိုင်းစစ်သားများမှ ပစ်ခတ်ခဲ့ရာတွင် ၃ ဦး သေဆုံး၍ ၅ ဦး ဒဏ်ရာ ရရှိသွားသည်ဟု သိရှိရသည်။

          ဘန်ကောက်နှင့် ၅၈၀ ကီလိုမီတာ ကွာဝေးသည့် ရနောင်းမှ ထိုင်းတပ်ဖွဲ့များက အရှိန်ဖြင့် မောင်းနှင်လာသည့် ထရပ်ကားကို ပစ်ခတ် တားဆီးရာတွင် လိုက်ပါ လာသော ရွှေ့ပြောင်းသူ ၁၃ ဦး အနက် ၈ ဦးထိ မှန်ခဲ့ပြီး ၃ ဦး သေဆုံးသွားသည်ဟု ရဲမှူးကြီး ဗီရာဆင်ကွမ်ဆင်းက ရိုက်တာသို့ ပြောကြားသည်။

          စစ်သားများထံ အရှိန်ဖြင့် မောင်းဝင်လာသော မော်တော်ယာဉ်ကို မတားဆီးနိုင်သည့်အတွက် ကာကွယ်သည့် အနေဖြင့် တာယာများကို ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ကနဦး စစ်ဆေးမှုများအရ တွေ့ရှိရသည်ဟု ဗီရာဆင်းက ပြောသည်။

          ထိုင်းလူမျိုး ယာဉ်မောင်းမှာ တရားမဝင် ပြည်ပ နိုင်ငံသားများ ခိုးသွင်းမှု၊ စစ်ဆေးရန် တားဆီးခြင်းကို ရပ်မပေးဘဲ ကားဖြင့် တိုက်သတ်ရန် ကြိုးစားမှုတို့ဖြင့် အသက် မသေဘဲ ကျန်ရစ်သူများမှာလည်း ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် အရေးယူခံရမည် ဖြစ်သည်။

          အိမ်နီးချင်း မြန်မာနိုင်ငံမှ အများဆုံး ဝင်ရောက်လာသော ရွှေ့ပြောင်းသူများကို ဆိုးဝါးစွာ ဆက်ဆံမှုအတွက် ထိုင်းနိုင်ငံကို ပြစ်တင်ဝေဖန်သည့် အစီရင်ခံစာကို နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ထုတ်ပြန်ခဲ့ပြီး ၂ ရက်အကြာတွင် အထက်ပါ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
          မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံများမှ ရွှေ့ပြောင်း ရောက်လာသူများမှာ နှိပ်စက်ခံရခြင်း၊ မတရား ဖမ်းဆီးခံရခြင်း၊ အဓမ္မ ခိုင်းစေခံရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းခံရခြင်း စသည်တို့ကို ကြုံတွေ့နေရပြီး ကျူးလွန်သူ အစိုးရအရာရှိများမှာ အပြစ်ပေးခြင်း မခံရဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

           မြန်မာနိုင်ငံ ကော့သောင်း ဆိပ်ကမ်းမှ မိနစ် ၃၀ စက်လှေခရီးဖြင့် ရောက်ရှိနိုင်သော ရနောင်းသည် မြန်မာရွှေ့ပြောင်း ဝင်ရောက်သူများ၏ အဓိက ဝင်ပေါက်တစ်ခု ဖြစ်၍ အဆိုပါ ဝင်ပေါက်မှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူ တစ်သန်းခန့် ရှိပြီး ခရီးသွားလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ကုန်ပစ္စည်း၊ ထုတ်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လျက် ရှိကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

         မြန်မာနိုင်ငံ၏ အကြီးဆုံး ဆန်ဈေးကွက် ဖြစ်သည့် ဝါးတန်း ဆိပ်ကမ်း ဆန်စပါး ကုန်စည်ဒိုင်တွင် ဆန်ဈေးများ မြင့်တက်လာသည်ဟု အကြောင်းပြချက်ဖြင့် ရွှေဘို ပေါ်ဆန်းမွှေး ရောင်းဝယ်ခွင့်ကို ပြီးခဲ့သည့် တနင်္လာနေ့ (ဖေဖော်ဝါရီလ ၂၂ ရက် ) က ပိတ်ပင်ခဲ့ကြောင်း ဘုရင့်နောင်မှ ဆန်လက်ကား ကုန်သည်ကြီး တစ်ဦးက ပြောကြား သည်။

တရားဝင် စာကပ် ကြော်ငြာခြင်းမျိုး မရှိဘဲ လိုင်းခေါင်းဆောင် (မြို့နယ် အလိုက် တာဝန်ခံများ) ကို ခေါ်ယူ၍ ရွှေဘိုပေါ်ဆန်းဈေးကို ဆွဲတင်သဖြင့် ဆန်ဈေးများ မြင့်တက် လာကြောင်း ရွှေဘိုပေါ်ဆန်းအား ဒိုင်တွင် ရောင်းဝယ်ခြင်း မပြုရန် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးမှ ခေါ်ယူ သတိပေး ပြောကြားကြောင်း လိုင်းခေါင်းဆောင် တစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် နှစ်ကထက် ဆန်ဈေးများ သိသိသာသာ မြင့်နေသဖြင့် ကုန်သွယ်ရေး မူဝါဒ ကောင်စီမှ ဥက္ကဋ္ဌအား ခေါ်ယူ သတိပေးကြောင်း ယခင်က ဆန်ဈေးတက်လျှင် စီးပွားကူးသန်းနှင့် ကုန်ဈေးနှုန်း ကျဆင်းရေး ကော်မတီမှသာ အသင်းအား ပြောဆိုကြောင်း ပြီးခဲ့သည့်နှစ်က ဖေဖော်ဝါရီလ အတွင်း ပေါ်ဆန်း တစ်အိတ် ၁၉၀၀၀ ခန့်သာရှိသော်လည်း ယခု လက်ရှိ တစ်အိတ် ၂၆၀၀၀ ခန့် ရှိကြောင်း အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဥက္ကဋ္ဌ ဦးအောင်သန်းဦး အနေဖြင့် ဆန်ဈေးတက်လျှင် ဆန်ဈေးနှုန်းကို ကန့်သတ် ရောင်းချခြင်း၊ နယ်သို့ ဆန်တင်ပို့ခွင့် ပါမစ်အာ ပိတ်ပင်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဘုရင့်နောင်မှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

'' ဥက္ကဋ္ဌက ထွက်ခတ်ခတ်တဲ့ သဘော ဖြစ်မယ် '' ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ ဥက္ကဋ္ဌ ဦးအောင်သန်းဦးသည် ဇန်နဝါရီလ အသင်းက ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဆန်စပါး အသင်းတွင် ဒုတိယ ဥက္ကဋ္ဌ အဖြစ်သာ စစ်အစိုးရမှ တာဝန်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ လောကတွင် အပြင်လူများ ဝင်ရောက်လာခြင်းအား လက်ခံနှစ်ခြိုက်သည့် သဘောထား မရှိကြောင်း၊ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းကို ဖျက်သိမ်းပြီးနောက် မြန်မာနိုင်ငံ ဆန်စပါး အသင်းတွင် အားပြိုင်မှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ဆန် လုပ်ငန်းရှင်ကြီး တစ်ဦးက သုံးသပ် ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရနှင့် စီးပွားရေး ပူးပေါင်း လုပ်ကိုင်များကို ငါးသလောက်ပေါင်း စားသူများဟု ခေါ်ကြောင်း ငါးသလောက်သည် ချက်စားလျှင် အရိုးစူးသော်လည်း ပေါင်းစားလျှင်မူ အရသာ ကောင်းကြောင်း ယခု ကုန်သည်များ အချင်းချင်း နေရာ လုနေလျှင် စစ်အစိုးရမှ စိတ်တိုင်းကျ ကစားသွားနိုင်ကြောင်း စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzima, 26th February 2010

          မြန်မာနိုင်ငံရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ (CEC) သည် အဖွဲ့ဝင် (၁၀၀) ပါဝင်သော ဗဟိုကော်မတီ (CC) အသစ်ကို ယနေ့ အတည်ပြုခဲ့သည်။

          NLD ၏ CEC သည် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ပြည်နယ်တိုင်းများရှိ အဖွဲ့ခွဲများမှ တင်ပြ လာသော အမည်စာရင်းများကို သေချာစွာ စစ်ဆေးလျက် ယနေ့ နောက်ဆုံး အတည်ပြုခဲ့ခြင်း ဖြစ်သည်။

          ထိုအတည်ပြုထားသော စာရင်းကို ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေထံသို့ အတည်ပြုချက် ရယူနိုင်ရန် မနက်ဖြန်ပို့မည် ဖြစ်ပြီး လာမည့်လ ပထမပတ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း ပါတီ သတင်းထုတ်ပြန်ရေး ဌာနတာဝန်ခံ ဦးခင်မောင်ဆွေက မဇ္စျိမသို့ ပြောသည်။

          NLD ပါတီသည် CEC အဖွဲ့ဝင်အဖြစ် လူ ၂၀ နှင့် ဗဟိုကော်မတီတွင် CC အယောက် ၁၀၀၊ စုစုပေါင်း ၁၂၀ ပါဝင်ရန် သတ်မှတ်ထားသည်။ ပြည်နယ်တိုင်းများမှ ဗဟိုကော်မတီအတွက် လူတစ်ရာကျော် အမည်စာရင်း တင်သွင်းခဲ့ကြသည်။

          NLD မှ ထုတ်ပြန်ကြေညာချက်တွင် ပါတီ၏ အနာဂတ် အစီအစဉ်များကို အကျိုးရှိစွာ ကိုင်တွယ်နိုင်ရန်နှင့် ပါတီစွမ်းအား ရှိနေစေရေးအတွက် ဗဟိုကော်မတီကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

          ပါတီ၏ လုပ်ငန်းအဖွဲ့များက ပြောကြားရာတွင် ၎င်းတို့သည် ဗဟိုကော်မတီအတွက် အမည်စာရင်း တင်သွင်းရာတွင် ပါတီအပေါ် သစ္စာစောင့်သိမှု၊ စွမ်းဆောင်နိုင်ရည်နှင့် လုပ်ရည်ကိုင်ရည်ရှိမှု၊ ပါတီအပေါ် ထမ်းရွက်မှုနှင့် အသင့်ရှိမှု၊ ပါတီ၏ မူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာသူ၊ စည်းကမ်းပျက်မှုဖြင့် အရေးယူ မခံရသူများကို အခြေခံ၍ ရွေးချယ်ပေးသည်ဟု သိရှိရသည်။

          NLD ကို ၁၉၉၀ ၌ ဖွဲ့စည်းစဉ်က ဗဟိုကော်မတီဝင် ၈၀ ဖြင့် ဖွဲ့စည်းခဲ့ရာ အများစုမှာ အဖမ်းဆီး ခံရခြင်းကြောင့် ပါတီလုပ်ငန်းများ လုပ်ကိုင်ရန် ခါးပြတ်သွားခဲ့ရသည်ဟု သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.