Transparency Myanmar

transparency.myanmar@gmail.com

monster sand critics.com/ news, 10th March 2010

ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး ဘဏ်က မြန်မာနိုင်ငံတွင် ဘဏ်ခွဲ ဖွင့်လှစ်မည့် အစီအစဉ်ကို ဗီယက်နမ် အစိုးရ လက်ခံ အတည်ပြုလိုက်သည် ဟု ဗုဒ္ဓဟူးနေ့ ပြည်တွင်း သတင်းများတွင် ဖော်ပြလိုက်သည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော် ရန်ကုန်တွင် ဗီယက်နမ် နိုင်ငံပိုင်ဘဏ်က ဘဏ်ခွဲ ဖွင့်လှစ်မည့် အစီအစဉ်အား အင်္ဂါနေ့တွင် ဆက်လက် လုပ်ဆောင်ခွင့် ပြုလိုက်သည်ဟု The Voice of Vietnam ဝက်ဘ်ဆိုက်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေး ဆက်ဆံမှုကို လက်ရှိ လပိုင်းများအတွင်း ဗီယက်နမ်နိုင်ငံက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ရာဘာပင် စိုက်ပျိုးသော လုပ်ငန်းကို ဧရိယာ ဟက်တာ ၂ သိန်း အထိ ဗီယက်နမ်က လုပ်ကိုင်မည်ဟု လယ်ယာ စိုက်ပျိုးရေး သတင်းစာ Nong Nghiep က အင်္ဂါနေ့တွင် သတင်းဖော်ပြသည်။ ယခင် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော လယ်ယာ စိုက်ပျိုးရေး ဝန်ကြီး Cao Duc Phat ၏ ခရီးစဉ်တွင် သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။

ဟနွိုင်းနှင့် ရန်ကုန် အကြား ဗီယက်နမ် လေကြောင်း လိုင်းများ တိုက်ရိုက် ပျံသန်းမှုကို ဖေဖော်ဝါရီလက စတင်ခဲ့သည်။ ကုန်သွယ်ရေး ဆက်ဆံမှုများကို တိုးမြှင့်ရန် သတိပေးခဲ့သော ဗီယက်နမ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Doan Xuan Huong ၏ ဇန်နဝါရီလ မြန်မာနိုင်ငံ ခရီးစဉ် အပြီးတွင် တိုက်ရိုက် လေကြောင်း ခရီးစဉ်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

၂၀၀၉ ပထမ ၉ လပိုင်း အတွင်း ၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ဒေါ်လာ သန်း ၆၀ ရှိခဲ့သည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

www.hinduatantimes.com, 10th March 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် ကန့်သတ်ထားသော မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေနှင့် ပတ်သက်၍ မျှော်လင့်သည်များ ဖြစ်မလာဘဲ စိတ်ပျက်ရကြောင်း အမေရိကန် ကိုယ်စားလှယ် Kurt Cambell က ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

''ယခု အထိ တွေ့ရသမျှ မျှော်လင့်တာတွေ ဖြစ်မလာလို့ စိတ်ပျက်ရတယ်လို့ ပြောရမှာ တရားမျှတတယ်လို့ ထင်ပါတယ်'' ဟု Campbell က မလေးရှားသို့ ရောက်ရှိစဉ် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Campbell က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အလေးအနက်ထား ထပ်မံ တောင်းဆိုခဲ့သည်။

သူမအား လွှဲပေးရန်နှင့် နိုင်ငံတွင်း တက်ကြွစွာ နှင့် အပြည့်အဝ လှုပ်ရှား ခွင့်ပြုရန်နှင့် ပတ်သက်၍ မိမိတို့၏ ကြေညာချက်ပေါ်တွင် မိမိတို့ ရပ်တည်နေမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ကျွန်ုပ်တို့ အနေဖြင့် တိုင်းပြည်၏ ရှေ့ဆက်မည့် နိုင်ငံရေးတွင် သူမအား တက်ကြွသည့် အခန်းကဏ္ဍမှ ပါဝင်ရန် လိုလားကြောင်း Campbell က ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ မတိုင်မီ ပြည်တွင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရန် အစိုးရအား မိမိတို့ တိုက်တွန်းလိုကြောင်းလည်း ပြောသည်။

သို့သော် ယခု ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေသည် နှစ်ပေါင်း ငါးဆယ် အုပ်ချုပ်လာသော စစ်တပ်၏ အာဏာ အမြစ်တွယ်ရေးနှင့် တရားဝင်ရေးအတွက် အလေးပေးထားသည်ကို တွေ့ရသည်။

ဥပဒေ၏ အချက်တစ်ခုအရ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် ရရှိမည် မဟုတ်သည့်ပြင် သူမအနေနှင့် ပါတီမှ နုတ်ထွက်ပေးရဖွယ် ရှိနေကြောင်း NLD ပြောခွင့်ရ ပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Irrawaddy News, 10th March 2010

နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိက လက်သို့ ရောင်းချနေသော အစိုးရ၏ ဝန်ကြီးဌာန အသီးသီးထံမှ စီးပွားရေး လုပ်ငန်းများကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် MEHC က တိုက်ရိုက် လွှဲပြောင်းရယူနေသည်ဟု သတင်းများ ကြားသိရသည်။

မြန်မာ့တပ်မတော်ကို အသုံးစရိတ်နှင့် ရန်ပုံငွေများ ထောက်ပံ့ပေးနေသော မြန်မာ့ဦးပိုင် MEHC သည် ပုဂ္ဂလိက ကဏ္ဍသို့ လတ်တလော လွှဲပြောင်းမှုများတွင် ကြီးမားသော နိုင်ငံပိုင် လုပ်ငန်းများနှင့် မြေနေရာများကို ရယူသွားခဲ့သည်။

ဦးပိုင်က ရယူသွားသော လုပ်ငန်းများမှာ လောင်စာဆီလုပ်ငန်း၊ ပင်လယ်ကူး သင်္ဘောများ၊ ဆိပ်ကမ်း ဝန်ဆောင်မှုများ၊ ပို့ဆောင်ရေး လုပ်ငန်းများ၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းများ၊ ကုန်တိုက်များ၊ ရွှေနှင့်ကျောက်မျက် တူးဖော်ခြင်း လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများ ပါဝင်သည်။ မြန်မာ့ဦးပိုင် MEHC သည် အဆိုပါ လုပ်ငန်းနယ်ပယ်များမှ အကျိုးအမြတ်များကို လက်ဝါးကြီး အုပ်ခဲ့သည်မှာ နှစ်ပေါင်း အတန်ကြာခဲ့ပြီ ဖြစ်သည်။

လတ်တလော လေလံတင်ခဲ့သော ဓာတ်ဆီဆိုင် ၂၄၆ ဆိုင်အနက် ဦးပိုင်က တစ်ဝက်ကျော် ရယူသွားခဲ့သည်ဟု ဦးပိုင်နှင့် နီးစပ်သော သတင်းရပ်ကွက်က ပြောကြားသည်။

"ရန်ကုန်၊ မန္တလေးနဲ့ တခြား နယ်မြို့ကြီးတွေမှာ ရှိတဲ့ လောင်စာဆီ အရောင်းဆိုင်တွေကို ဦးပိုင်က ထိန်းချုပ်ပြီး တခြား ပုဂ္ဂလိကဆိုင်တွေလိုပဲ ဓာတ်ဆီ၊ ဒီဇယ်ဆီတွေ ရောင်းပါလိမ့်မယ်" ဟု ဦးပိုင်နှင့် ပုံမှန် အဆက်အသွယ်ရှိသော ဝန်ကြီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့ စီးပွားရေးဦးပိုင် MEHC သည် ပင်လယ်ကူး သင်္ဘောများ၊ တရုတ်မှ မှာယူထားသော ကွန်တိန်နာ သင်္ဘောများအပြင် မြန်မာ့ကြယ်ငါးပွင့် လုပ်ငန်းမှ လက်ရှိ သင်္ဘောအချို့နှင့် ဝန်ထမ်းများကိုပါ ရယူသွားသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံတွင် တည်ဆောက်ပြီး မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းသို့ ၂၀၀၉ နိုဝင်ဘာ ၂၀ တွင် ရန်ကုန်ဆိပ်ကမ်း၌ လွှဲပြောင်းခဲ့သော ကွန်တိန်နာ ၅၀၀ တင်ဆောင်နိုင်သော Delppni Alpha သင်္ဘောကိုလည်း မြန်မာ့ဦးပိုင်က ရယူသွားသည်ဟု ဆိုသည်။

ဝန်ကြီးဌာနက လေလံတင်ခဲ့သော ဆိပ်ကမ်း ၅ ခုအနက် အကြီးဆုံး ဆိပ်ကမ်းကို ဦးပိုင်လီမိတက်ပိုင် သင်္ဘောများ အသုံးပြုရန်အတွက် ဦးပိုင်က ယူလိမ့်မည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန သတင်းရပ်ကွက်မှ သိရသည်။

"အဆင်သင့် အသုံးပြုနိုင်တဲ့ ဆိပ်ကမ်းကို ဦးပိုင်က ယူမယ်ဆိုတဲ့ သတင်းက သေချာပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ အရာရှိ တစ်ဦးက ပြောသည်။

ဦးပိုင်လီမိတက် MEHC ၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်သော ဗန္ဓုလ ပို့ဆောင်ရေး ကုမ္ပဏီ BTC မှ အရာရှိတစ်ဦးက ပြောကြားရာတွင် နိုင်ငံတစ်ဝှမ်း ပြေးဆွဲနေသော အဝေးပြေး ဘတ်စ်ကားလိုင်းများကို တိုးချဲ့သွားရန် အစီအစဉ်ရှိပြီး ငှားရမ်းခြင်း လုပ်ငန်းအတွက် မော်တော်ယာဉ် ရာပေါင်းများစွာ တင်သွင်းရန် စီစဉ်နေသည်ဟုလည်း ဆိုသည်။

ဗန္ဓုလ ကုမ္ပဏီ BTC သည် မြန်မာနိုင်ငံတဝှမ်းတွင် ပြည်တွင်း အဝေးပြေးလိုင်း ၁၄ လိုင်းကို ဆောင်ရွက်နေပြီး ရန်ကုန်မြို့တော်၌ ကားငှားရမ်းခြင်း လုပ်ငန်းကို ပါရမီ နှင့် အဓိပတိ နာမည်များဖြင့် လုပ်ကိုင်နေသည်။ အထက်ပါ အဝေးပြေး ယာဉ်လိုင်းများတွင် ရွှေမန်းသူ၊ ရွှေမြိုင်သူ၊ ရှမ်းမလေး နှင့် ပုသိမ်သူ ယာဉ်လိုင်းများ ပါဝင်သည်။ ဘတ်စ်ကားကြီးများ တင်သွင်းခြင်းအပြင် ဇိမ်ခံကားများကိုလည်း တင်သွင်း ရောင်းချလျက် ရှိသည်။

ဦးပိုင်လီမိတက် MEHC သည် ယခုအခါ မြဝတီ ထရေးဒင်းနှင့် ဖိုက်ဖိုးဆဲဗင်း ကုမ္ပဏီ နာမည်များဖြင့် ၎င်း၏ ထုတ်ကုန် ပစ္စည်းများ ရောင်းချခြင်းနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို လုပ်ကိုင်နေသည်။

ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားရာတွင် မြန်မာ့ဦးပိုင်သည် ရန်ကုန်မြို့ပေါ်ရှိ အစိုးရပိုင်မြေနှင့် အဆောက်အဦး ပေါင်းစုံကို ရယူထားပြီး အဆင့်မြင့် ကုန်တိုက်ကြီးများ၊ လက်လီ အရောင်းဈေးများ၊ အခြား စီမံကိန်းများ ဆောက်လုပ်မည်ဟု ဆိုသည်။

ထို့အပြင် တောင်ဥက္ကလာပ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်တွင် မော်တော်ကား အရောင်းစင်တာ ပါဝင်သည့် ခေတ်မီ အဆင့်မြင့် ဈေးကြီးကိုလည်း ဦးပိုင်လီမိတက်က တည်ဆောက်မည်ဟု ယုံကြည်ရသည်။

ဤမျှ မကသေးဘဲ ရန်ကုန်မြို့ရှိ ဗဟိုဘဏ်နေရာကိုပါ ဦးပိုင်လီမိတက်၏ မြဝတီဘဏ်က ၎င်း၏ ရုံးချုပ် ပြုလုပ်ရန် အတွက် ရယူမည် ဖြစ်ပြီး နိုင်ငံတဝှမ်းတွင် ဘဏ်ခွဲများ ဖွင့်လှစ်ရန် စီစဉ်နေသည်ဟုလည်း သိရသည်။

လတ်တလောတွင် မြဝတီဘဏ်သည် ဘုရင့်နောင်၊ မန္တလေး၊ မုံရွာ၊ နေပြည်တော်၊ ပျဉ်းမနား၊ ဖားကန့်၊ တောင်ကြီး နှင့် ပုသိမ်မြို့များတွင် ဘဏ်ခွဲ ၇ ခု ဖွင့်လှစ် ဆောင်ရွက် နေသည်။

ရွှေနှင့် ကျောက်မျက် တူးဖော်ရေး ကဏ္ဍတွင်လည်း မြန်မာ့ဦးပိုင်က ပုဂ္ဂလိကများသို့ မြေနေရာများ ငှားရမ်း လိုင်စင်ချပေးနေပြီး ဖက်စပ် လုပ်ငန်းများကိုလည်း လုပ်ကိုင်နေသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ လက်ရှိ ဆောင်ရွက်မှုများကို နိုင်ငံတော် ဓားပြတိုက်မှု အဖြစ် ယူဆနိုင်သည်ဟု ပြောကြားသူမှာ မြန်မာနိုင်ငံမှ စီးပွားရေး ပညာရှင် တစ်ဦး ဖြစ်သည်။

"အမျိုးသား အမွေအနှစ်လို့ ပြောလို့ရတဲ့ စီးပွားရေးလုပ်ငန်းတွေကို တပ်မတော်က ခွဲစိတ်ယူနေတာပါ။ တိုင်းပြည်ကို ဘယ်သူပဲ အုပ်ချုပ်ပါစေ။ ကိစ္စ မရှိတော့ဘူးလေ။ ဒီလုပ်ငန်းတွေကနေ စစ်တပ် အသိုင်းအဝိုင်း အတွက် ဝင်တွေကောင်းကောင်း ရှာနိုင်သွားပြီကိုး" ဟု ၎င်းက ပြောကြားသည်။

အာဏာရှင် အစိုးရများ အားလုံးသည် ၎င်းတို့၏ စီးပွားဘက်များ၊ ဆွေမျိုးများ၊ မိသားစုများထဲသို့ အမြတ်အစွန်း ကြီးမားသော စီးပွားရေး လုပ်ငန်းများ၊ နေရာကောင်းများကို လွှဲပြောင်းပေးခြင်းသည် အစဉ်အလာ ထုံးစံပင် ဖြစ်သည်ဟု ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခ တစ်ဦးက ပြောကြားသည်။

"အာဏာရှင်တွေ အားလုံးဟာ သူတို့ ကိုယ်ကျိုး စီးပွားအတွက် ဦးပိုင်လီမိတက်လို ကုမ္ပဏီမျိုးတွေ ထောင်ကြတာဟာ ထုံးစံပါပဲ။ အင်ဒိုနီးရှားမှာဆိုရင် စစ်အစိုးရ လက်ထက်တုန်းက စစ်တပ် နောက်ခံ ကုမ္ပဏီတွေ အများကြီး ရှိခဲ့တယ်" ဟု ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asia Times, By Stanley A Weiss, 10th March 2010

၁၉၅၂ ခုနှစ် စက်တင်ဘာလက ရုရှား အာဏာရှင် ဂျိုးဇက် စတာလင်နှင့် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချူအင်လိုင်း တို့သည် အရှေ့တောင် အာရှ၏ အနာဂတ် နှင့် ပတ်သက်၍ ထူးခြားသော အစည်းအဝေး တစ်ခု ကျင်းပဖူးသည်။ Mao: The Unknown Story ဆိုသည့် စာအုပ်တွင် ချူအင်လိုင်းက အရှေ့တောင် အာရှ၏ ကံကြမ္မာသည် ပီကင်း၏ အပေါ်တွင်သာ လုံးလုံး တည်မီနေမည့် သဘောကို ပြောကြားခဲ့သည်။

သူက တရုတ်နိုင်ငံ၏ မဟာဗျူဟာသည် စစ်တပ်ဖြင့် မဟုတ်ဘဲ ငြိမ်းချမ်းသော နည်းလမ်းဖြင့် လွှမ်းမိုးရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း တိဗက်နှင့် မြန်မာပြည်ကို ဥပမာပြု၍ ရှင်းပြခဲ့သည်။ ''တိဗက်ဟာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့အတွက် တရုတ် စစ်တပ်တွေ ချထားဖို့ ဖြစ်နိုင်ပေမဲ့၊ မြန်မာပြည်ကိုတော့ သတိနဲ့ ကိုင်တွယ်ဖို့ လိုပါလိမ့်မယ်'' ဟု စတာလင်က ပြောသည်။ စတာလင်က အသေအချာ ပြောဆိုရာတွင် မြန်မာပြည်၌ တရုတ် အစိုးရ အလိုကျသော အစိုးရ ရှိခဲ့လျှင် ကောင်းမည် ဖြစ်ကြောင်း ပြောခဲ့သည်။

ကျောက်စိမ်းများ ထွက်ရာ မြန်မာနိုင်ငံမြောက်ပိုင်း ကျောက်စိမ်းတွင်းများကို နိုင်ငံခြားသားများ သွားရောက်ရန် ကန့်သတ်ထားသော်လည်း တရုတ် ကျောက်တွင်းတူးသမား များစွာ ရှိနေပြီး ကျောက်စိမ်း အများစုကို တရုတ်ပြည်သို့ တိုက်ရိုက် ပို့ဆောင်နေကြသည်။ မလှမ်းမကမ်းတွင်လည်း ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုရှိမည့် ရေအားလျှပ်စစ် စီမံကိန်း တစ်ခုကို တရုတ်က တည်ဆောက်လျက် ရှိသည်။ စာရေးသူအား ထင်ရှားသော စီးပွားရေးသမား တစ်ဦးက ပြောရာတွင် အဆိုပါ ဒေသတွင် တရုတ်က တရားမဝင်သစ်များ အပြောင်ခုတ်နေမှုကို ဖုံးကွယ်ရန် ဖြစ်သည် ဟုဆိုသည်။ ၂၀၀၄ ခုနှစ် ကတည်းက လျှို့ဝှက် ဖောက်လုပ်ထားသော အဝေးပြေး လမ်းမကြီး နှစ်ခုမှတစ်ဆင့် သစ်များကို တရုတ်ပြည်သို့ သယ်ထုတ်သွားကြသည်။

အနောက်နိုင်ငံက မြန်မာအကြောင်း လေ့လာသူ တစ်ဦးက ပညာတတ် မြန်မာများကမူ တရုတ်သည် မြန်မာနိုင်ငံ၏ တန်ဖိုးရှိသော သယံဇာတများကို လုယူနေပြီး ဘာမျှ ပြန်မပေးကြောင်း သိရှိနေကြသည်။

တဖန် အနောက်နိုင်ငံများကလည်း မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများဖြင့် ချမှတ်ထားသောကြောင့် ဤတစ်ပွဲတွင် သူတို့ကိုယ်တိုင်က အပြင်ထွက်ထိုင်နေသလို ဖြစ်နေကြောင်း ဦးသန့်၏ မြေးဖြစ်သူ ဦးသန့်မြင့်ဦးက ပြောသည်။ ထို့ကြောင့်ပင် တရုတ်က မြန်မာ စစ်အစိုးရက ဘီလီယံနှင့် ချီသော အကူအညီများ ပေးခြင်း၊ လက်နက်များ ရောင်းချပေးခြင်း တို့ကို ပေးပြီး နေရာဝင်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် အသေးအဖွဲ ကိစ္စလေးအဖြစ် သဘောထား၍ မရတော့မည့် အချိန်ရောက်လာပြီ ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယကြားတွင် ရှိနေသော မြန်မာနိုင်ငံအပေါ် အမေရိကန်၏ လုံခြုံရေး ကိစ္စနှင့် ပတ်သက်၍ အာရုံစိုက်ရမည့် အချက်သုံးခု ပေါ်ထွက်လာသည်။

ပထမ အချက်မှာ ပိုက်လိုင်းကိစ္စ ဖြစ်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ တရုတ်နိုင်ငံသည် အိန္ဒိယ သမုဒ္ဒရာမှ အစပြု၍ မြန်မာနိုင်ငံကို ဖြတ်ပြီး တရုတ်နိုင်ငံ အထိ ၆၇၅ ကီလိုမီတာ (မိုင် ၄၈ဝ) ရှည်သော ရေနံပိုက်လိုင်း တစ်ခု ဆောက်လုပ်ရန် ကြေညာခဲ့သည်။ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ရေနံ အသုံးပြုသူ တရုတ်သည် မလက္ကာ ရေလက်ကြားကို ဖြတ်လာရပြီး၊ ပဋိပက္ခ တစ်ခုခု ဖြစ်၍ ရေလက်ကြား ပိတ်လိုက်ပါက တရုတ် ဒုက္ခရောက်သွားနိုင်ပေသည်။

ယခု ပိုက်လိုင်း အသစ်သည် မလက္ကာ ရေလက်ကြားကို ရှောင်ရန် အခွင့်ရပြီ ဖြစ်သည်။ အိန္ဒိယသည် တရုတ်က ထိုသို့ ကြေညာအပြီးတွင် တိုက်ရေယာဉ် အစီးလေးဆယ်နှင့် တိုက်လေယာဉ်များကို အိန္ဒိယ သမုဒ္ဒရာတွင် အားဖြည့်ခဲ့သည်။ အမေရိကန် အနေနှင့် ထိုသို့ ပြုလုပ်ရန် မလိုအပ်ပေ။

ဒုတိယ အချက်မှာ မြန်မာနိုင်ငံ၏ နျူကလီယာ ရည်မှန်းချက်များပင် ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်က ရုရှား၏ အကူအညီဖြင့် နျူကလီယာ ဓါတ်ပေါင်းဖို တည်ဆောက်ရန် မြန်မာ အစိုးရက အတည်ပြုခဲ့သည်။ စစ်တပ် အရာရှိ အများအပြားလည်း မော်စကိုတွင် ပညာသင်သွားခဲ့ကြသည်။ မကြာသေးမီက သတင်းများအရ မြန်မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် လျှို့ဝှက် ဆက်ဆံပြီး မြေအောက် နျူကလီယာ အဆောက်အအုံများ ဆောက်လုပ်နေခြင်းသည် အများကို နောက်ထပ် မြောက်ကိုးရီးယား နိုင်ငံတစ်ခု အဖြစ် မြင်လာစေသည်။ မြန်မာနိုင်ငံကို အထူးပြု လေ့လာနေသော Morten Pedersen က ပြောကြားရာတွင် ယခုကိစ္စမှာ ဝါရှင်တန် အနေဖြင့် အလေးပေး သတိပြုရမည့် ကိစ္စ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တတိယအချက်မှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် အစွန်းရောက် အစ္စလာမ် (radical Islam) များ တိုးပွားလာနေခြင်းပင် ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် တပ်မတော်တွင် အစ္စလာမ်မစ် ဦးရေ များပြားစွာ တိုးတက်နေသည်။ ပညာရှင် Sajeeb Wajed ၏ ရေးသားထားချက် အရ ၂၀၀၁ ခုနှစ်က ၅ % သာ ရှိနေရာမှ ယနေ့ ၃၅ % ထိ ရှိလာနေပြီ ဖြစ်သည်။ ဒါကာမြို့တော်တွင် သတင်းထောက်များနှင့် အတိုက်အခံများကို ပိုမို နှိပ်ကွပ်မှုများ ရှိလာခဲ့ရာ အကြမ်းဖက် အဖွဲ့များသည် ၎င်းတို့၏ မြောက်ဖျား မြန်မာနိုင်ငံကို ခိုလှုံလာကြပြီး မြန်မာနိုင်ငံကို ပါကစ္စတန်ကဲ့သို့ ဖြစ်လာမည်ကို စိုးရိမ်နေရသည်။

အိုဘားမား အစိုးရသည် မြန်မာနိုင်ငံနှင့် စကားပြောမှုများ အသစ်တဖန် စတင်ရန်၊ ဆယ်စုနှစ် အတွင်း အမေရိကန်၏ အဆင့်အမြင့်ဆုံး အဖွဲ့နှင့် ဗိုလ်ချုပ်များ စတင် စကားပြောခဲ့ကြသည်။ သို့သော် ၂၀၀၉ ခုနှစ် အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဆီနိတ်တာ Jim Webb မှ လွဲ၍ အမေရိကန် ကွန်ဂရက်သည် မြန်မာနိုင်ငံ အကြောင်း နားမလည်ပါ။ ကွန်ဂရက်တွင် မြန်မာနိုင်ငံ အကြောင်း နားမလည်သူများနှင့် မိမိကိုယ့်ကိုသာ မှန်သည်ဟု အထင်ရောက်နေသူများသာ ရှိကြောင်း မသိင်္ဂီက ပြောသည်။ သူမသည် ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက်အဖြစ် လုပ်ခဲ့၍ ထောင်သုံးနှစ် ကျခဲ့သည်။ ''သူတို့ရဲ့ နည်းဗျူဟာတွေဟာ မြန်မာပြည်သူတွေကို ပိုပြီး ငတ်မွတ်စေပါတယ်။ မစ္စတာ အိုဘားမားကို ကောင်းချီးပေးပါစေ '' ဟု မသိင်္ဂီက ပြောလိုက်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အမေရိကန်က မြန်မာနိုင်ငံအပေါ် ထားခဲ့သော မူဝါဒ ပြောင်းပစ်ရန် အခွင့်အလမ်းပင် ဖြစ်ကြောင်း၊ ၎င်း၏ အစီအစဉ်တွင် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းရေး ထည့်သွင်း ရမည် ဖြစ်ကြောင်း Pedersen က ပြောသည်။ မြန်မာ့ရေးရာ ကျွမ်းကျင်သူ Robert Taylor က အမေရိကန် အတွက် အာရှနှင့် ကမ္ဘာပေါ်တွင် တရုတ်၏ သြဇာ လွှမ်းမိုးလာမှုကို ချိန်ညှိရန် အခွင့်အရေး ဖြစ်ကြောင်း သုံးသပ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

IPS / Terra Viva, 8th March 2010

မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှ ချမ်းချမ်းက မြန်မာစစ်သား ၇ ယောက်သည် သူမနှင့် သူငယ်ချင်း ၃ ဦးတို့အား တိုက်ခိုက်ခဲ့သည်ဟု ထုတ်ဖော် ပြောကြားလိုက်သည်။

ကျောင်းသွား၍ တောင်ယာ အလုပ် ကူလုပ်ရမည့် အရွယ်ဖြစ်သော သူမ၏ ဘဝမှာ ယခုမူ အညွှန့်ကျိုးသွားခဲ့ပြီ ဖြစ်သည်။

''ကျွန်မတို့ရှိတဲ့ ကာရာအိုကေ ဆိုင်ထဲကို မြန်မာစစ်တပ်က ဗိုလ်မှူးရယ်၊ ဗိုလ်ကြီးရယ်၊ စစ်သားတွေရယ် မပြောမဆို ရောက်လာပြီး သူတို့နဲ့ လိုက်ခဲ့ဖို့ ကျွန်မတို့ကို အတင်းခေါ်သွားပါတယ်။ ပြီးတော့ ဆိုင်ကနေ မိနစ် နှစ်ဆယ်လောက် သွားရတဲ့ စခန်းကို ခေါ်သွားတာပါ'' ဟု သူမက ပြန်ပြောပြသည်။ အဆိုပါ စစ်သားများ ကာရာအိုကေဆိုင်သို့ ရောက်လာချိန်က စစ်ဝတ်စုံ ဝတ်ဆင်ထားသည်ကို မြင်တွေ့ မှတ်မိခဲ့သည်ဟုလည်း ဆိုသည်။

"သူတို့နဲ့ အတူ လက်နက်တွေလည်း ပါလာတယ်။ စခန်းကို ရောက်တော့ ကျွန်မတို့ ၄ ယောက်ကို အခန်းတစ်ခုထဲ ထည့်ထားတယ်၊ နောက်တော့ တစ်ခန်းစီ ခွဲပြီး သော့ပိတ်ထားတယ်။ ကျွန်မတို့ ၄ ယောက်ကို အတူတူ ပေါင်းပြီး တစ်ခန်းထဲထားဖို့ တောင်းပန်ပေမဲ့ သူတို့က ဆဲဆိုပြီး ခြိမ်းခြောက်ကြတယ်'' ဟုလည်း သူမက ရှင်းပြသည်။

စစ်သားများက ခြိမ်းခြောက်၍ မတရား ဆက်ဆံကြပုံများကို ယခင် အပတ်က ကျင်းပသည့် ကုလသမဂ္ဂ အမျိုးသမီးများ ညီလာခံတွင် ချမ်းချမ်းက တည်ငြိမ်သော လေသံဖြင့် ပြောပြသွားသည်။ ''ကျွန်မတို့ တစ်ညလုံး အဓမ္မကျင့်ခံရပါတယ်။ အရမ်းလည်း မှောင်နေတော့ သူတို့ ဘယ်နှစ်ယောက်လည်း ဆိုတာ အတိအကျသိဖို့ မလွယ်ပါဘူး။ ၇ ယောက် လောက်တော့ ရှိမယ် ထင်ပါတယ်'' ဟု သူမက ပြောကြားခဲ့သည်။

''ဒီအကြောင်းတွေကို အပြင်မှာ ပြန်ပြောရင် ကျွန်မနဲ့ ကျွန်မမိသားစုတွေ ဒုက္ခရောက်သွားမယ်လို့ သူတို့က ခြိမ်းခြောက်ကြပါတယ်။ ကျွန်မ ငိုရုံ အပြင် ဘာမှ မတတ်နိုင်ခဲ့ပါဘူး'' ဟုလည်း သူမက ပြောသည်။

အမှတ် ၁၃၈ ခြေလျင် တပ်ရင်းမှ အရာရှိ နှင့် စစ်သားများက အသက် ၁၈ နှစ်အောက် မိန်းကလေး ၄ ယောက်ကို အဓမ္မပြုကျင့်ခဲ့သည့် အကြောင်းကို BBC မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်ခဲ့ပြီး နောက်တွင် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ ကော်မတီက ရောက်လာပြီး မိန်းကလေးများကို ခေါ်ဆောင်သွားသည်။ ထို့နောက်တွင် သူမတို့အား ပြည့်တန်ဆာ ဥပဒေဖြင့် တရားစွဲကာ ထောင်ဒဏ် ၁ နှစ်စီ အပြစ်ပေးခဲ့သည်။ စစ်သားများမှာမူ အရေးယူခြင်း မခံရပါ။

မြန်မာနိုင်ငံတွင် အရေအတွက် ထောင်နှင့်ချီသော အမျိုးသမီးများသည် အုပ်ချုပ်သူ စစ်ဖက် အစိုးရ၏ လက်တွင် ဒုက္ခများနှင့် ရင်ဆိုင်နေရသည်ဟု ကြားသိရပါသည်။ အဓမ္မပြုကျင့်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ အဓမ္မ ခိုင်းစေခံရခြင်း၊ ညှင်းပမ်း နှိပ်စက်ခံရခြင်း၊ မတရား ဖမ်းဆီးထောင်ချခံရခြင်း၊ အဓမ္မ နေရာရွှေ့ပြောင်း ခိုင်းခြင်း စသည်တို့မှာ အမျိုးသမီးများ ပုံမှန် ရင်ဆိုင်နေရသော ဒုက္ခများ ဖြစ်သည်။

မြန်မာ အမျိုးသမီးများအပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို စစ်ဆေးတော့မည့် နိုင်ငံတကာ အထူး ခုံရုံး ရှေ့တွင် ၎င်းတို့ ကြုံတွေ့ခဲ့ရသော အမှုတွဲ ဇာတ်လမ်းများကို တင်ပြရန်အတွက် မတ်လ ၁ ရက်မှ ၁၂ ရက် အထိ ပြုလုပ်သော အမျိုးသမီး ဥပဒေ ဆိုင်ရာ ကော်မရှင်သို့ ရောက်ရှိလာမည့် သတ္တိခဲ အမျိုးသမီး ၁၂ ဦးတွင် ချမ်းချမ်းလည်း တစ်ဦး အပါအဝင် ဖြစ်သည်။

အမျိုးသမီး သက်သေ ၁၂ ဦးကို နယူးယောက်သို့ ခေါ်ဆောင်လာခဲ့သည့် Nobel Women's Initiative နှင့် Women League of Burma အဖွဲ့များ၏ အဆိုအရ ယခု အများပြည်သူ ခုံရုံး စစ်ဆေးမှုကြောင့် မြန်မာ အမျိုးသမီးတို့၏ ခက်ခဲသော အနေအထားကို နိုင်ငံတကာက ပိုမို သိရှိလာကြမည် ဟု သိရသည်။ ဒီမိုကရေစီ တည်ဆောက်သူများ ဖြစ်သော မြန်မာ အမျိုးသမီးတို့၏ အားအင်ကို ကမ္ဘာက မြင်တွေ့ခွင့်ရလိမ့်မည် ဖြစ်သည်။ အမှန်တကယ် အပြောင်းအလဲများကို လုပ်ဆောင်နိုင်လိမ့်မည် ဟူသော ယုံကြည်ချက်ဖြင့် သက်သေ ထွက်ဆိုကြခြင်း ဖြစ်သည်ဟုလည်း ၎င်းတို့က ပြောကြားသည်။

အသက် (၂၂) ရှိ ရုသာကို စစ်သားများ ခေါ်ဆောင်သွားစဉ်က သူမတွင် ကိုယ်ဝန် ၅ လ ရှိနေပြီး သူမ အပါအဝင် ပြင်ဦးလွင်မှ မိန်းကလေးများကို စစ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ ''ညအချိန် ရောက်တော့ စစ်သား တစ်ယောက်က အခန်းထဲ ခေါ်သွားပါတယ်။ ကျွန်မမှာ ကိုယ်ဝန်ရှိနေလို့ ဘာမှ မလုပ်ဖို့ တောင်းပန်ပေမဲ့ နားမထောင်ပါဘူး'' ဟု သူမက ပြောသည်။

"ကျွန်မက ဒူးထောက်ပြီး တောင်းပန်တာကို အဲဒီ စစ်သားက တွန်းပစ်ပြီး ပါးရိုက်တယ်။ ကျွန်မ အရမ်းကြောက်လာပြီး အော်မိတာပေါ့၊ ဒီတော့ သူက မင်း ဆက်အော်နေရင် မင်းဗိုက်ထဲက ကလေးကို ဖောက်ပစ်မယ်လို့ ခြိမ်းခြောက်ပြန်ပါတယ်၊ ကျွန်မကလည်း အော်တာပဲ၊ သူက မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်တယ်" ဟု ရုသာက ပြောပြသည်။

"ကျွန်မ ဆက်အော်နေရင် ဓားနဲ့ထိုးမယ်လို့ သူက ပြောတယ်၊ ကျွန်မ အတွက် ရွေးစရာ မရှိတော့ပါဘူး။ သူ မုဒိန်းကျင့်တာကို အားမတန်တော့ မာန်လျှော့လိုက်ရပါတယ်။ တစ်ချိန်လုံး ငိုနေမိတာပါပဲ။ ပြီးရင်တော့ နားရလိမ့်မယ်လို့ ထင်တာပေါ့၊ မဟုတ်ဘူးရှင်၊ နောက်တစ်ယောက် ဝင်လာပြန်တယ်၊ သူတို့ကိုလည်း ကျွန်မ တောင်းပန်ပေမဲ့ မရပါဘူး၊ တစ်ယောက်ပြီး တစ်ယောက်ပေါ့" ဟု သူမက ရှင်းပြသည်။

ကုလသမဂ္ဂသို့ လာရောက် ထွက်ဆိုရခြင်း၏ အကြောင်းရင်းကို ရုသာက ရှင်းပြရာတွင် ''ကျွန်မ ကြုံခဲ့ရတဲ့ အဖြစ်မျိုး တခြား မိန်းကလေးတွေ မကြုံရအောင် ကာကွယ်ပေးရာမှာ အကူအညီ ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ သူတို့လည်း ကျွန်မလိုပဲ လုံခြုံ စိတ်ချရတဲ့ နေရာတစ်ခုကို မျှော်လင့်နေကြမှာပါ'' ဟု ပြောဆိုခဲ့သည်။

"မြန်မာနိုင်ငံက အထီးကျန် နိုင်ငံတစ်ခု ဖြစ်သလို လူတွေကလည်း ပါးစပ်ပိတ်နေကြရတယ်"ဟု Women's League of Burma မှ အထွေထွေ အတွင်းရေးမှူး လွယ်အေးနန်းက ပြောကြားလိုက်သည်။ ''ဒီလို သတင်းမျိုးက ကမ္ဘာသိအောင် ထွက်မလာတတ်ပါဘူး၊ ဒါကြောင့် အခု သတင်း အချက်အလက်တွေ၊ အနေအထားတွေကို ကမ္ဘာက သိဖို့ သိပ်ကို အရေးကြီးပါတယ်၊ ဒါမှသာ မြန်မာ အစိုးရကို အရေးယူ ဆောင်ရွက်နိုင်ပါမှာ'' ဟု သူမက ရှင်းလင်း ပြောကြားသည်။

'နန်း' က ဆက်လက် ပြောကြားရာတွင် "ဒီအမျိုးသမီးတွေဟာ သူတို့ကို အကူအညီ ပေးရမယ့် သူတို့ရဲ့ အစိုးရ ကိုယ်တိုင် ၊ သူတို့ရဲ့ တပ်မတော် ကိုယ်တိုင်က သူတို့ကို လိင်မှု အကြမ်းဖက်တာကို ခံနေရသူတွေပါ၊ တစ်ခု တည်းသော လုပ်စရာကတော့ စစ်အစိုးရကို ဖိအားပေးဖို့ပါပဲ၊ ဒီရာဇဝတ်မှုတွေ အားလုံး အတွက် တာဝန်ရှိတဲ့ မြန်မာ အစိုးရကို ကိုင်တွယ်ရပါလိမ့်မယ်" ဟု ဆိုသည်။

ယနေ့ သက်သေ ထွက်ဆိုသော အမျိုးသမီးများမှာ မြန်မာပြည်တွင် ကျန်ခဲ့သော မိသားစုများ အတွက် စိတ်ပူနေပုံ ရသည်။ ''မိန်းမတွေ ပါးစပ် ပိတ်ထားရမယ် ဆိုတဲ့ နေရာမျိုးမှာ သူတို့ ရှင်သန် နေရတာပါ။ မုဒိန်းမှု တစ်ခု ဖြစ်လာရင် မိန်းမတွေကိုပဲ ဝိုင်းပြီး အပြစ်တင်ကြတာပါ။ ထုတ်ပြောမယ် ဆိုရင်လည်း သူတို့ ဘဝအတွက် အန္တရာယ်ကြီးတယ်လေ'' ဟု 'နန်း'  က အလေးအနက် ပြောဆိုသည်။ သို့သော်လည်း ထုတ်ဖော် ပြောဆိုခြင်းသည်သာ အသံတိတ် နှိပ်စက်ခံနေရမှုများမှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေသည်။

(သက်သေများ၏ ကိုယ်ရေး အချက်အလက်များကို ကာကွယ်ရန် နာမည်များကို ပြောင်းလဲထားသည်။)

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှ ကွန်ပျူတာ ဆော့ဖ်ဝဲ ကုမ္ပဏီများသည် အစိုးရ ဝန်ကြီးဌာနများတွင် e-government စနစ်ကျင့်သုံးရန် စတင် မိတ်ဆက်ပေးနေပြီ ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနပေါင်း ၃၂ ခု ရှိသည့်အနက် ၉ ခုတွင် အဆိုပါစနစ်ကို စတင်အသုံးပြုနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်း (MCA) မှ သတင်းရင်းမြစ်များက ဆိုသည်။

e-government စနစ် စတင် ကျင်သုံးနေပြီ ဖြစ်သော ဝန်ကြီးဌာန ၉ ခုမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာနတို့ ဖြစ်ကြသည်။

အဆိုပါ ဝန်ကြီးဌာနများတွင် အသုံးပြုနေသော ဆော့ဖ်ဝဲများမှာ Internal Information System ၊ Employee Bio Data Information System၊ Document Exchange and Management System၊ Industry Reporting System နှင့် Tender Reporting System တို့ ဖြစ်ကြောင်း MCA က ဆိုသည်။

တစ်ချိန်တည်းမှာပင် ဘဏ်လုပ်ငန်း အခန်းကဏ္ဍများတွင်လည်း Banking Network System များကို စတင် အသုံးပြုနေပြီ ဖြစ်သည်။ ဘဏ်စုစုပေါင်း ၆ ခုတွင် ငွေကြေး လွှဲပြောင်းမှုများနှင့် ကုန်သည်ကြီးများ ငွေပေးချေမှုများ ပြုလုပ်ရာတွင် လွယ်ကူ ချောမွေ့စေရန် တပ်ဆင် အသုံးပြုခြင်း ဖြစ်ကြောင်း၊ အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များလည်း လုပ်ငန်းချင်း ချိတ်ဆက် လုပ်ကိုင်နိုင်ရန် ဖြစ်ကြောင်း MCA က ဆိုသည်။

Banking Network System စတင် အသုံးပြုနေသော ဘဏ်များမှာ ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြဝတီဘဏ် နှင့် မြန်မာစက်မှု ဖွံ့ဖြိုးရေးဘဏ်တို့ ဖြစ်ကြသည်။ အဆိုပါဘဏ်များအတွက် ပုဂ္ဂလိက နည်းပညာ ကုမ္ပဏီများ ဖြစ်သော MIT နှင့် Global Net တို့က တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် အီလက်ထရွန်းနစ် ငွေပေးချေစနစ် (e-payment) စနစ်ကို အပြည့်အဝ အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း e-government စနစ်နှင့် mobile –(m-) commerce စနစ်များကို စတင် အသုံးပြုနိုင်မည့် အနေအထားတွင် ရှိကြောင်း နည်းပညာ ကျွမ်းကျင်သူများက သုံးသပ် ပြောကြားသည်။

Xinhua သတင်းဌာန သတင်းကိုဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုင်ငံတွင်း ဆန်ဝယ်လိုအားများ မြင့်တက်လာသောကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံ မှ ဆန်တန်ချိန် ၂၅၀၀၀ ဝယ်ယူ တင်သွင်းမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များထံမှ စုံစမ်း သိရှိရသည်။

မြို့တော် ဒါကာတွင် ဘင်္ဂလားဒေ့ရှ် ပြည်သူများ ဆန်ဝယ်ယူမှုအပေါ် ပြုလုပ်သော ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံမှ ယင်းသို့ ဆန်ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဘင်္ဂလားဒေ့ရှ် ဘဏ္ဍာရေးဝန်ကြီး AMA Muhith က ဥက္ကဋ္ဌအဖြစ် ပါဝင်ခဲ့သည်။

စင်ကာပူ အခြေစိုက် Indo-Sino Trade Limited က မြန်မာနိုင်ငံမှ ဆန်များကို တစ်တန်လျှင် အမေရိကန် ၃၉၅ ဒေါ်လာဖြင့် တင်ပို့ ရောင်းချရန် စာချုပ် ချုပ်ဆိုထားပြီး ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဈေးကွက်အတွင်း ဝယ်လိုအား မြင့်တက်လာမှုအတွက် လုံလောက်သော ဆန်ပမာဏ ရရှိထားရန် ဆန္ဒရှိကြောင်း စားနပ်ရိက္ခာဆိုင်ရာ ဝန်ကြီး Abdur Razzak က အစည်းအဝေးတွင် သတင်းထောက်များကို ပြောကြားသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ် ကက်ဘိနက်သည် ဆန်တန်ချိန် ငါးသန်း ဝယ်ယူ တင်သွင်းရန် အဆိုပြုလွှာကိုလည်း အလေးအနက် စဉ်းစားလျက် ရှိသည်ဟု ၎င်းက ဆိုသည်။

လက်ရှိ အနေအထားတွင် အမေရိကန်၊ ဥရောပ သမဂ္ဂနှင့် ကနေဒါ နိုင်ငံတို့က စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်နေသောကြောင့် မြန်မာနိုင်ငံမှ ဆန်တင်ပို့သူများက Letter of Credit(LC) စနစ်ဖြင့် ငွေပေးချေမှု ပုံစံမျိုးကို မလိုလားကြပေ။

သို့အတွက်ကြောင့် လတ်တလော ကာလများတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံအကြား နိုင်ငံခြား ကုန်သွယ်မှုများအတွက် ငွေပေးချေရာတွင် စင်ကာပူကဲ့သို့သော တတိယနိုင်ငံ တစ်ခုခု မှတစ်ဆင့် ပေးချေနေကြရသည်။

ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူ တင်သွင်းသူများသည် ယခုအခါ တတိယနိုင်ငံများ၏ နိုင်ငံခြားဘဏ်များမှ ထုတ်ပေးသော ဘဏ်ငွေ ပေးချေသည့် လက်မှတ်များဖြင့် ငွေပေးချေမှုကို အသားကျလျက် ရှိသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်မှု သဘောတူညီချက်အရ တစ်ကြိမ်လျှင် သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့် ၂၀၀၀၀ တန်ဖိုး တင်သွင်းသူ တစ်ဦးအနေဖြင့် ဘဏ်ငွေချေ စနစ်ဖြင့် ငွေချေခွင့် ရှိသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့သူ အချို့က မောင်းတော-တက်ကနက် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တင်ပို့မှုကို ပိုမို စိတ်ဝင်စားကြသည်။ သို့သော် ယင်းသို့ ပြုလုပ်ရန်အတွက် အစိုးရ၏ ခွင့်ပြုချက် ရယူရန် လိုအပ်သည်ဟု ဆန်လုပ်ငန်းရှင်များက ဆိုသည်။

အခြားတစ်ဖက်တွင် ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်အတွင်း ဆန်စပါး ထုတ်လုပ်မှုကို မက်ထရစ်တန် ၃၅ ဒဿမ ၀၅၁ သန်းအဖြစ် လျာထားခဲ့သည်။

Mizzima သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) က မြန်မာနိုင်ငံရှိ နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်သင့်သော ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာ ထောက်ထားသော အကူအညီများ ပေးအပ်ရေး လုပ်ငန်းများကို မြန်မာအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ရာ ယခုနှစ် ဇူလိုင်လတွင် အပြီးသတ်တော့မည်ဖြစ်သည်။

နောက်ထပ်အကူအညီ အထောက်အပံ့များ ဆက်လက် ပေးအပ်သွားနိုင်ရေး အတွက်လည်း အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပ ပြုလုပ်သော ခုနစ်ကြိမ်မြောက် အာဆီယံလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ (AHTF) အစည်းအဝေးတွင် ယင်းသို့ အကူအညီများ ဆက်လက်ပေးပို့သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

"အာဆီယံ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းအဖွဲ့ အနေနဲ့ မြန်မာနိုင်ငံမှာ ဆောင်ရွက်ခဲ့တာ လာမယ့် ဇူလိုင်လဆိုရင် အဆုံးသတ်တော့မှာပါ။ ဒါပေမဲ့ နာဂစ် ဒုက္ခသည် တွေအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကတော့ နောက်ထပ်နှစ် အတော်ကြာ ဆက်လုပ် သွားဦးမှာပါ" ဟု အာဆီယံ အထွေထွေအတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ် က ပြောပါသည်။

"ကျွန်တော်တို့ အဖွဲ့က နောက်ဆုံးပြုလုပ်တဲ့ အချိန်ကာလအလိုက် သုံးသပ်ချက်အရ အခုထိ ကွာဟမှုတချို့ ရှိနေတာကို တွေ့ရပါတယ်။ နေထိုင်စရာအဆောက်အုံ၊ ဘဝ တည်ဆောက်မှုနဲ့ ရေကောင်းရေသန့် ရရှိရေး စတာတွေ လိုအပ်နေသေးတာကို တွေ့ရပါတယ်။ အဲဒါကြောင့် လိုအပ်ချက်ရှိနေတဲ့ မြန်မာပြည်သူတွေအတွက် အကူအညီ အထောက်အပံ့တွေ အမြန်ဆုံး ပေးပို့သွားနိုင်အောင် လုပ်ရပါမယ်။ အဲဒီကိစ္စက အရေးကြီးနေပါတယ်" ဟု ၎င်း က AHTF အစည်းအဝေးပွဲတွင် ပြောဆိုသည်။

"တစ်ချိန်တည်းမှာပဲ အာဆီယံအနေနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ အစိုးရ ဝန်ကြီးဌာနတွေကို လုပ်ငန်းလွှဲပြောင်းပေးဖို့ ပြင်ဆင်သွားမှာပါ"ဟု ယင်းက ဆိုသည်။

အာဆီယံအဖွဲ့သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် လူသားချင်း စာနာထောက် ထားသော အကူအညီများ ပေးသည့် အဖွဲ့နှင့်အတူ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရေး အတွက် အမေရိကန်ဒေါ်လာ ၁၀၃ သန်း အသုံးပြုရန် အဆိုပြုခဲ့သည်။

၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ဒေါ်လာ ၉၁ ဒဿမ ၃ သန်း သုံးစွဲ ထောက်ပံ့ရန် ခွင့်ပြုချက်ရရှိခဲ့သည်။ လက်ရှိ အခြေအနေအရ နာဂစ်ရန်ပုံငွေအဖွဲ့ သို့မဟုတ် ကူညီ စောင့်ရှောက်ရေး အဖွဲ့အစည်းများအတွက် စုစုပေါင်း ဒေါ်လာ ၃၈ ဒဿမ ၅၇ သန်း ခန့် လက်ဝယ် ရရှိထားပြီး ဖြစ်သည်။

အာဆီယံက လွှဲပြောင်းပေးမည့် ဆောင်ရွက်မှုများတွင် နာဂစ်ဖြစ်ပေါ်ပြီး နောက်ပိုင်း ရန်ပုံငွေ သုံးစွဲမှုမှတ်တမ်း ပြုစုရေး၊ အသုံးစာရင်းပြုစုခြင်း၊ လှုပ်ရှား ဆောင်ရွက်မှုများအပေါ် အခါ အားလျော်စွာ သုံးသပ်ခြင်းနှင့် လူမှုရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ခြင်းတို့ ပါဝင်သည်။

တစ်ချိန်တည်းမှာပင် အာဆီယံသည် မြန်မာနိုင်ငံဆိုင်ရာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး လှုပ်ရှားမှု စီမံချက် အကောင်အထည်ဖော်ရေး လုပ်ငန်းကိုလည်း ကူညီ ထောက်ပံ့သွားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရရှိသော အတွေ့အကြုံနှင့် သင်ခန်းစာများကို မှတ်တမ်းတင်ရန် ယခုအချိန်မှစ၍ ဇူလိုင်လအတွင်း နာဂစ်ဒဏ်သင့် ပြည်သူများ သက်သာချောင်ချိခွင့် ပိုမိုရရှိစေရန်၊ ကယ်ဆယ်ရေးကိစ္စ အားလုံးကို မြန်မာ အစိုးရထံသို့ အဆင်ပြေချောမွေ့စွာ လွှဲအပ်ရန် အာဆီယံ အတွင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုအဖွဲ့ ဥက္ကဋ္ဌ ဆူရင်ပစ်ဆာဝမ်က တိုက်တွန်း ပြောကြားပါသည်။

အာဆီယံဒေသ သဘာဝဘေးအန္တရာယ် စီမံကွပ်ကဲမှုနှင့် အရေးပေါ်တုံ့ပြန်မှု (AADMER) ဆိုင်ရာ အာဆီယံ သဘောတူညီချက်များကို ခိုင်မာအောင် ဆောင်ရွက်ရာတွင် နာဂစ်လွန် ကာလ မြန်မာနိုင်ငံ၏ အတွေ့အကြုံများကိုလည်း အတုယူသွားနိုင်ကြောင်း ၎င်းက ပြောဆိုပါသည်။
Relifeweb မှသတင်းကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

8th March 2010

အိန္ဒိယနိုင်ငံတွင် အခြေစိုက်ဖွယ်ရှိသော အရှေ့တောင်အာရှ ဒေသဆိုင်ရာ စွမ်းအင် ဗဟိုဋ္ဌာနကို စတင်ရန် သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို မြန်မာနိုင်ငံတွင် မကြာမီ ကျင်းပလိမ့်မည် ဖြစ်သည်။

အထက်ပါ ဆောင်ရွက်မှုကို မြန်မာနိုင်ငံက လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသော နည်းပညာနှင့် စီးပွားရေး ကဏ္ဍပေါင်းစုံ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ ဘင်္ဂလား ပင်လယ်အော် လှုပ်ရှားမှု အဖွဲ့ (BIMSTEC) ဘင်းစတက် အဖွဲ့ဝင် ၇ နိုင်ငံက ကြေညာ ခဲ့ခြင်း ဖြစ်သည်။

အဖွဲ့ဝင် ထိုင်းနိုင်ငံမှ စွမ်းအင် ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူက DVB သို့ ပြောကြားရာတွင် စွမ်းအင် ဗဟိုဋ္ဌာနသည် ဗဟုသုတနှင့် နည်းပညာ လွှဲပြောင်းပေးရန် ကြိုးစားသွားမည် ဖြစ်၍ ဘင်းစတက် ဒေသတွင်း အသုံးပြုမည့် စွမ်းအင် အဆက်မပြတ် ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ရန် ညှိနှိုင်းရေး အစီအစဉ်နှင့် စီမံကိန်းများ ပါဝင်သည် ဟု ဆိုသည်။

ကျန် အဖွဲ့ဝင် နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ နီပေါ၊ သီရိလင်္ကာနှင့် ပြီးခဲ့သော ဒီဇင်ဘာ အထိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့သော အိန္ဒိယနိုင်ငံတို့ ဖြစ်သည်။

ဘင်းစတက် အဖွဲ့၏ သဘောတူ စာချုပ်ကို လာမည့် ၃ လ အတွင်း မြန်မာနိုင်ငံ၌ လက်မှတ် ရေးထိုးကြမည် ဖြစ်၍ ၂၀၁၀ ဇူလိုင်လတွင် ဖြစ်နိုင်ချေ များသည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

မတ်လ ၅ ရက်နေ့ ဘန်ကောက်တွင် ပြုလုပ်သော ဒုတိယအကြိမ် ဘင်းစတက် စွမ်းအင်ဝန်ကြီးများ အစည်းအဝေး အပြီးတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ သတ္တု သယံဇာတ ပိုင်ဆိုင်မှုတွင် ရှယ်ယာ ထည့်ဝင် ရင်းနှီးရန် အိန္ဒိယ၏ ကြိုးစားမှုနှင့် အတူ ဒေသတွင်း ပေါင်းစည်းရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကို ရည်ရွယ်သော စီမံကိန်း အတွဲများ၏ နောက်တွင် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်းစွမ်းအင် ဝန်ကြီးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်၏ အဆိုအရ သဘောတူ စာလွှာတွင် အစိတ်အပိုင်း ၇ ခု ပါဝင်သည် ဟု သိရသည်။ ပါဝင်သော အစိတ်အပိုင်းများမှာ အဖွဲ့ဝင် အချင်းချင်း စွမ်းအင် လဲလှယ်ရေးနှင့် ဖွံ့ဖြိုးရေး စီမံကိန်း၊ ဘင်းစတက် ဒေသတွင်း သွယ်တန်းမည့် ဓါတ်ငွေ့ ပိုက်လိုင်း၊ ဘင်းစတက် ဒေသတွင်း ရေအား အခြေပြု စွမ်းအင် အလားအလာ၊ စွမ်းအင်လုံခြုံရေး၊ အချက်အလက် စီမံခန့်ခွဲမှုနှင့် စွမ်းအင် ဆိုင်ရာ သုတေသန နှင့် လေ့လာမှုများ ဖြစ်သည်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး Smt. Nirupama Rao နှင့် မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့် တို့အကြား ကျင်းပခဲ့သော အစည်းအဝေးတွင် ဓါတ်ငွေ့၊ ရေနံ နှင့် စွမ်းအင် ကဏ္ဍတို့ကို ဆွေးနွေးခဲ့သည်ဟု အိန္ဒိယ ပြည်ပရေးရာ ဝန်ကြီး ဋ္ဌာနက မတ်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံရှိ ဓါတ်ငွေ့ လုပ်ကွက်နှင့် ဆက်စပ် စီမံကိန်းများတွင် အိန္ဒိယ ONGC နှင့် Gail ကုမ္ပဏီများက အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ရင်းနှီး မြှုပ်နှံခဲ့ခြင်းကို မြန်မာနိုင်ငံက ကြိုဆိုခဲ့သည် ဟုလည်း ဝန်ကြီးဋ္ဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ဓါတ်ငွေ့ လုပ်ငန်း နယ်ပယ်တွင် ခိုင်မြဲစွာ ပူးပေါင်း ဆောင်ရွက်သွားကြရန် နှစ်ဘက်စလုံးက သဘောတူခဲ့ကြသည် ဟုလည်း ဆိုသည်။

ဘင်းစတက် အဖွဲ့၏ သဘောတူ စာလွှာကို လက်မှတ်ရေးထိုးပြီး ၂ နှစ် အတွင်း စွမ်းအင် ဗဟိုဋ္ဌာန တည်ဆောက်ရေး လုပ်ငန်းကို စတင်နိုင်ရန် မျှော်လင့်ထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

 Associated Press, 8th March 2010

မြန်မာနိုင်ငံ၌ ယခုနှစ်ကုန်တွင် ကျင်းပပေးမည်ဟု ဆိုသော ရွေးကောက်ပွဲ အတွက် လူအများ ကာလကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ကြသော ရွေးကောက်ပွဲ ဥပဒေများကို အစိုးရက ကြေညာပေးခဲ့သည်။

အစိုးရ ရုပ်မြင်သံကြားဋ္ဌာနက တနင်္လာနေ့ နေ့လယ်က ထုတ်လွှင့်ရာတွင် အစိုးရသည် ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရေး ဥပဒေ တို့ကို ပြဋ္ဌာန်းခဲ့သည်ဟု ဆိုပါသည်။ အသေးစိတ် ဖော်ပြခြင်း မရှိဘဲ၊ အင်္ဂါနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြသွားမည်ဟု ဆိုသည်။

မြန်မာ အစိုးရသည် ၂၀၀၈ ခုနှစ် အစောပိုင်းက ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်တွင် ကျင်းပပေးမည်ဟု ကြေညာခဲ့သော်လည်း၊ ယခု အချိန်အထိ ကျင်းပမည့်ရက်ကို ထုတ်ပြန်ခြင်း မရှိသေးပါ။ ၁၉၉၀ ခုနှစ်က ပြုလုပ်သော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် အနိုင်ရခဲ့သော်လည်း အစိုးရက အာဏာလွှဲပေးခြင်း မရှိခဲ့ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.