Transparency Myanmar

transparency.myanmar@gmail.com

Reuters  News,15th May 2010

မြန်မာနိုင်ငံ နယ်စပ် အနီးရှိ မငြိမ်သက်သော မဏိပူ ပြည်နယ်တွင် အိန္ဒိယ တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သူပုန် ၆ ဦး မနေ့က သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။

နယ်စပ်အနီး တောင်ပေါ်တွင် ခြေလျင် ကင်းလှည့် နေသော စစ်သားများကို သူပုန်များက စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲ အရာရှိကြီးက ဆိုပါသည်။

အိန္ဒိယ အရှေ့မြောက်ဒေသ၏ နိုင်ငံတကာ ကုန်သွယ်ရေး ဝင်ပေါက်ဟု လူသိများသော အဆိုပါ နယ်စပ်တွင် သူပုန်များ၏ အခြေစိုက် စခန်းများ ရှိနေသည်ဟု အစိုးရက ပြောကြားသည်။

သူပုန်များသည် နယ်စပ်ကို ကျော်၍ မြန်မာနိုင်ငံထဲတွင်လည်း စခန်းများ ဆောက်လုပ် ထားသည်ဟု မဏိပူ ရဲမင်းကြီး ဝိုင်ဂျွိုင်းကူမား ကပြောကြားခဲ့သည်။

လူဦးရေ ၂ သန်းကျော်မျှ ရှိသော ပြည်နယ်ထဲတွင် လက်နက်ကိုင် အဖွဲ့ ၂၀ ကျော် လှုပ်ရှားနေပြီး အချို့ကလုံးဝလွတ်မြောက်ရေးနှင့် အချို့က နိုင်ငံရေးအရ ပိုမို အုပ်ချုပ်ခွင့်ရရေးကို တောင်းဆိုနေကြပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Editorial, The Hindu.com, 14th May 2010

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လွန်ခဲ့သည့် အနှစ်နှစ်ဆယ် အတွင်း အစိုးရကို ဆန့်ကျင်သော အဓိက ပြယုဂ်ဖြစ်ခဲ့ပြီး၊ ဖိနှိပ်သော စစ်တပ်ခေါင်းဆောင်များ၏ သားကောင်ဖြစ်ခဲ့ရကာ ယခုအခါ တရားဝင် ရပ်တည်ခွင့် ကုန်ဆုံးသွားပြီ ဖြစ်ပါသည်။

ယခုနှစ်  အစောပိုင်းက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပြဋ္ဌာန်းခဲ့ပြီး ရွေးကောက်ပွဲ အတွက် ပါတီများ မှတ်ပုံတင်ရန်နှင့် မဟုတ်ပါက ဖျက်သိမ်းခံရမည် ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။ ပါတီများကို ၎င်း၏ ထောင်ကျနေသော အဖွဲ့ဝင်များကို ထုတ်ပယ်ပြီးမှသာ မှတ်ပုံတင်ခွင့်ပြုမည် ဖြစ်ပါသည်။ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်အောင် တမင်ရည်ရွယ်သည်မှာ ရှင်းလင်းပါသည်။ မေလ(၆)ရက် မှတ်ပုံတင်ရက် ကုန်ဆုံးချိန်တွင် NLD သည် လက်တွေ့ကျသော လမ်းစဉ်ကို ကျော်၍ မိမိ၏ ခေါင်းဆောင်ကို ပစ်ပယ်ခြင်း မပြုဘဲ ပါတီအားရပ်ဆိုင်းပစ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

အစိုးရနှင့် ဒီမိုကရေစီ လှုပ်ရှားသူများအကြား အနိုင်အရှုံးမပေါ်သော ပဋိပက္ခ အခြေအနေကိုလည်း ပြည်သူများက ငြီးငွေ့နေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ NLD အနေဖြင့် ဒီမိုကရေစီ အတွက် အလုပ်အကျွေးပြုသောအားဖြင့် ရွေးကောက်ပွဲတွင်ပါဝင်ရန် သဘောတူသင့်သည် ဟူသော အကြံပြုချက်များလည်း ထွက်ပေါ်လာပါသည်။ အမှန်တကယ်ပင် ပျက်သွားသော NLD မှ အဖွဲ့ဝင် အချို့သည် နိုင်ငံရေး ပါတီသစ် တစ်ခုထောင်၍ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်ကို အမြန်ဆုံး ကြေညာခဲ့ပါသည်။ သို့သော် ၎င်းတို့ အရာရောက်လိမ့်မည်ဟု မထင်ပါ။

ယခုအခါ SPDC ဖော်ဆောင်မည့် ဒီမိုကရေစီ အမျိုးအစားသည် ဘာမျှမဟုတ် စစ်တပ်က အာဏာကို ပုံစံ တစ်မျိုးဖြင့် ဆုပ်ကိုင်ရန်သာ ဖြစ်သည် ဆိုသည်မှာ ထင်ရှား လာပါသည်။ အစိုးရ ရေးဆွဲသော အခြေခံ ဥပဒေတွင် ပါလီမန်၏ လေးပုံတစ်ပုံသော နေရာအား စစ်တပ်မှ ရယူရန် အပိုဒ် ပါဝင်ပါသည်။ ထို့်အပြင် အချို့ ဗိုလ်ချုပ်များသည် မကြာမီက စစ်တပ်မှ ထွက်၍ အရပ်သားများ အဖြစ် ရွေးကောက်ပွဲ ဝင်လိမ့်မည်ဟု မျှော်လင့်ရပါသည်။ သို့မှသာ ပါလီမန်တွင် စစ်တပ်မှ လူများ၏ အရေအတွက် တိုးလာမည် ဖြစ်ပါသည်။

NLD က ရွေးကောက်ပွဲကို ပါဝင်ခဲ့လျှင် အစိုးရ၏ မတရားသဖြင့် ကြိုတင် စီမံထားသော ရွေးကောက်ပွဲကို တရားဝင်အောင် လုပ်ပေးသည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။ NLD က ရွေးကောက်ပွဲ မဝင်ရန် ခက်ခက်ခဲခဲ ရွေးချယ်ခဲ့ခြင်းကြောင့် အစိုးရ မရိုးသားစွာ ကြိုတင် စီမံထားသော ရွေးကောက်ပွဲ တရားဝင် ဖြစ်ရေးကို ထိခိုက်စေပါသည်။ တဖက်မှ ပြင်ပကမ္ဘာကလည်း မြန်မာနိုင်ငံတွင် ၎င်းတို့ အတွက် ဆက်ဆံရမည့် အဖွဲ့အစည်း ရှာဖွေရန် ခက်ခဲသွားမည် ဖြစ်ပါသည်။ နိုင်ငံတကာနှင့် အိန္ဒိယ အပါအဝင် ဒေသတွင်း အင်အားကြီး နိုင်ငံများ အဖို့ ဒေါ်အောင်ဆန်းစုကြည် သည် ၎င်းတို့အဖို့ အမြဲတမ်း နမူနာယူစရာ ဖြစ်သော၊ ၎င်းတို့၏ သူမ အပေါ် အကူအညီ ပေးရန် ကြိုးစားမှုများ မအောင်မြင်မှုအတွက် အမြဲ အမှတ်ရနေစေမည်ဖြစ်ပါသည်။

NLDနှင့် ၎င်း၏ ခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ အနေဖြင့်လည်း နိုင်ငံရေးပါတီ၏ အခြေခံ အဆောက်အဦးများ မရှိတော့ဘဲ ပြည်သူလူထုနှင့် နိုင်ငံရေးအရ ဆက်သွယ်မှုကို ဆက်လက် ထိန်းထားနိုင်ရေးသည် စိန်ခေါ်မှု တစ်ခု ဖြစ်လာနေပေသည်။ ထိုအတွက် NLD ၏ တုံ့ပြန်မှုမှာ လူမှုရေး လုပ်ငန်းများ စတင် ပြုလုပ်ပြီး နိုင်ငံရေး လုပ်နေသကဲ့သို့ ရှင်သန်နေစေရန် ကြေညာခဲ့ခြင်း ဖြစ်ပါသည်။ အစိုးရကလည်း လူမှုရေး လုပ်ငန်းများ NLD ကို လုပ်ကိုင်ခွင့် အားပေးလိမ့်မည် ဆိုသည်ကလည်း များစွာ မသေချာလှပေ။ ဒေါ်အောင်ဆန်းစုကြည် အတွက်မူ ထိုသို့ အခက်အခဲများကို ဖြတ်သန်းလာခဲ့ရပြီး ယခုမှ တကယ့် တိုက်ပွဲက စတင်နေခြင်း ဖြစ်ပေတော့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 14th May 2010

အထိန်းသိမ်းခံ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ယခင် ပါတီ NLD မှ ပါတီဝင် အချို့သည် ပါတီသစ် ဖွဲ့စည်း၍ ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ ဒီမိုကရေစီ နည်းလမ်းမကျ ဟု ပြောကြားလိုက်သည်။

ထို့အပြင် NLD ပါတီဝင်များအား ရန်ကုန်မြို့ ဋ္ဌာနချုပ်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပခြင်းကို ရှောင်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေးခဲ့သည်ဟု သူမ၏ ရှေ့နေ ဦးဥာဏ်ဝင်းက VOA သို့ ပြောကြားခဲ့သည်။

ယခုနှစ်ကုန် ကျင်းပမည့် ရွေးကောက်ပွဲများကို ယှဉ်ပြိုင်ခြင်း မပြုရန် NLD ပါတီက ပြီးခဲ့သည့်မတ်လတွင် ဆုံးဖြတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူမ၏ ပါတီအား  ရွေးကောက်ပွဲ ဥပဒေမှာ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခြင်း မပြုရန် တိုက်တွန်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရန် ငြင်းဆန်ခဲ့ပြီးနောက် NLD ပါတီမှာ ဖျက်သိမ်းရန် ဖိအားပေးခံခဲ့ရသည်။ ပြစ်ဒဏ်ကျခံနေရသူများအား ပါတီဝင် အဖြစ် လက်မခံရန် ရွေးကောက်ပွဲ ဥပဒေတွင် တားဆီးထားသောကြောင့် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ထိန်းသိမ်းခံရသည်မှာ ၁၄ နှစ်ခန့် ရှိပြီဖြစ်သလို သူမ၏ ပါတီဝင် များစွာမှာလည်း နိုင်ငံရေး အကျဉ်သားများအဖြစ် ဖမ်းဆီးခြင်း ခံနေရပါသည်။

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်သည် နေအိမ် အကျယ်ချုပ် ကျခံနေစဉ်အတွင်း ဥပဒေ ချိုးဖောက်သည်ဟု အစိုးရက စွပ်စွဲကာ ယခင်နှစ် သြဂုတ်လက သူမ အပေါ် ပြစ်ဒဏ် ထပ်မံချမှတ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Strait Times, 15 May 2010

          အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်နေသော မြန်မာစစ်အစိုးရကို အမေရိကန်က ဆက်လက် ဖိအားပေးသည့်အနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများကို သမ္မတဘာရက်အိုဘားမားက သောကြာနေ့တွင် တရားဝင် သက်တမ်းတိုးလိုက်သည်။

၁၉၉၇ မေလက စတင်ခဲ့သော အရေးယူ ပိတ်ဆို့မှု အစီအစဉ်များကို ဆက်လက်တိုးချဲ့ရခြင်း အကြောင်းမှာ အမေရိကန်ပြည်ထောင်စု၏ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံခြားရေး မူဝါဒအပေါ် ထုံးစံ မဟုတ်သော၊ သာမန်မဟုတ်သော ခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ်နေသည့် မြန်မာအစိုးရ၏ မူဝါဒနှင့် ဆောင်ရွက်ချက်များကြောင့်ဖြစ်သည်ဟု အိုဘားမားက ကွန်ဂရက်လွှတ်တော်သို့ ပေးပို့သော စာလွှာတွင်ဖော်ပြထားသည်။

အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းကို တားဆီးထားပြီး၊ မြန်မာနိုင်ငံမှ အမေရိကန်သို့ ပို့ကုန်တင်ပို့မှုကိုလည်း တားဆီးထားသည့် ယခုတရားဝင် ချမှတ်လိုက်သည့်  အရေးယူမှုသည် စစ်ဖက်အစိုးရနှင့် ဆက်နွယ်သူ တစ်ဦးတစ်ယောက်ခြင်းကို ပစ်မှတ် ထားခြင်းဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီက မေ ၆ ရက် နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ရန် ငြင်းဆန်ခဲ့ခြင်းကြောင့် အစိုးရ၏ ဖျက်သိမ်းခြင်းခံခဲ့ရပြီး ရက်အနည်းငယ်အကြာတွင် အရေးယူပိတ်ဆို့မှုများကို တိုးချဲ့လိုက်ခြင်းဖြစ်သည်။

ကျယ်ကျယ်ပြန့်ပြန့် အငြင်းပွား ပြစ်တင်ဝေဖန်ခဲ့ကြသော ရွေးကောက်ပွဲဥပဒေကြောင့် ယခုကဲ့သို့ ပါတီကိုဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။

မတ်လတွင် ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူများကို ပါတီဝင်ခွင့် မပြုရန် တားဆီးထားပြီး၊ လိုက်နာရန် ပျက်ကွက်ပါက ပါတီကို ဖျက်သိမ်းမည်ဟု ဆိုထားပါ သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော်လည်း စစ်ဖက်အစိုးရက အသိအမှတ်မပြုဘဲ သူမအား နှစ်ပေါင်းများစွာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်။

ယခုသီတင်းပတ်တွင်မူ အသက် ၆၄ နှစ်အရွယ်၊ နိုဘယ်ဆုရှင်ကို မြန်မာနိုင်ငံသို့ ရောက်နေသော အမေရိကန် ထိပ်တန်း သံတမန်နှင့်တွေ့ဆုံခွင့်ပြုခဲ့ပြီး တနင်္လာနေ့က အစိုးရ ဧည့်ဂေဟာတွင် မိနစ် ၉၀ ခန့်တွေ့ဆုံဆွေးနွေးခဲ့သည်။

မစ္စတာ Campbell က ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း၊ အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များနှင့် လည်းကောင်း တွေ့ဆုံဆွေးနွေးအပြီး ပြောကြားရာ၌ "စစ်ဖက်အစိုးရ၏ ရွေးကောက်ပွဲ အတွက် ပြင်ဆင်ပုံများကို အမေရိကန် ပြည်ထောင်စုကများစွာ စိတ်ပျက်မိကြောင်းနှင့် အစိုးရ၏ ပြင်ဆင်မှုများသည် ကြောင်းကျိုးဆီလျှော်မှုမရှိဟု အများက စိုးရိမ်ပူပန်နေမှုကို ဖြေရှင်းရေးအတွက် အမြန်ဆုံးဆောင်ရွက်စေလိုကြောင်း ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

          စစ်ဖက်အုပ်ချုပ်သော မြန်မာနိုင်ငံသို့ လတ်တလောလာရောက်ခဲ့သော အမေရိကန် ထိပ်တန်းသံတမန်၏ ခရီးစဉ်သည် အကျိုးရလဒ်ကောင်းများ ထွက်ပေါ်စေ မည်ဟု အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေကြောင်း သူမ၏ ရှေ့နေက သောကြာနေ့က ပြောကြားခဲ့သည်။

          "Mr Kurt Campbell ရဲ့ ခရီးစဉ်ဟာ အရမ်းကို အကျိုးရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်" ဟုဦးဥာဏ်ဝင်းက ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်၏ အိမ်သို့ သွားရောက် တွေ့ဆုံအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ "သဘောတူညီချက်တွေလည်း အများကြီး ရခဲ့တယ်လို့ ပြောပါတယ်"ဟု ၎င်းက ဖြည့်စွက် သည်။

          အသက် ၆၄ နှစ်အရွယ်ရှိ ဒီမိုကရေစီခေါင်းဆောင်မှာ ကျန်းမာရေး ကောင်းမွန်နေပြီး တနင်္လာနေ့က အစိုးရဧည့်ဂေဟာတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် တစ်နာရီခွဲကျော် တွေ့ဆုံခွင့်ရရှိခဲ့ သည်ဟု ဦးဥာဏ်ဝင်းကပြောကြားသည်။

          တရားဝင်သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်နှင့် Campbell တို့နှစ်ဦးသည် အပြင်ဖက် နေရောင်အောက်တွင် ထီးများဆောင်းကာ မိနစ် ၂၀ ခန့် သီးသန့်ဆွေးနွေး ခဲ့ကြသည်ဟု သိရပါသည်။

          နေပြည်တော်တွင် အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်များနှင့်လည်းကောင်း ရန်ကုန်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့ပြီးနောက် Campbell က "ရွေးကောက်ပွဲအတွက် အစိုးရ၏ ပြင်ဆင်ပုံများကို အမေရိကန်ပြည်ထောင်စုအနေဖြင့် လွန်စွာစိတ်ပျက်မိကြောင်းနှင့် မှန်ကန်ဆီလျော်မှု ရှိမည်မဟုတ်ဟု အများက စိုးရိမ်နေမှုအပေါ် ဖြေရှင်းရန် အမြန်ဆုံး ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။

          မတ်လက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူ မည်သူကိုမဆို ပါတီမှ ထုတ်ပယ်ရမည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ပါတီ ဖျက်သိမ်းခံရ မည်ဟုဆိုသည်။ လက်ရှိ ဖျက်သိမ်းထားသော NLD အတွင်းမှ အချို့ပါတီဝင်များက အမျိုးသားဒီမိုကရေစီ အင်အားစု NDF အမည်နှင့် ပါတီသစ်ဖွဲ့စည်းကာ ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းပြည်တွင်း စီးပွားရေး ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အင်ဒိုချိုင်းနား နိုင်ငံသုံးခုနှင့် မြန်မာနိုင်ငံတွင် စီးပွားရေး အခွင့်အလမ်းများ ရှာဖွေသင့်ကြောင်း Siam Commercial Bank(SCB) ၏ Economic Intelligence Center က တိုက်တွန်း ပြောဆိုလိုက်သည်။

ဗီယက်နမ်နိုင်ငံတွင် ထိုင်းနိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အနေအထား မျက်နှာပန်းမလှ ဖြစ်နေသည့်တိုင် ဖော်ပြပါ နေရာသုံးခုတွင် အခွင့်အလမ်းများ ရှာဖွေသင့်သည်ဟု ဆိုသည်။ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူညီချက် (AFTA) သည် အဆိုပါ နိုင်ငံများရှိ ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်းများကို ပိုမိုဖြစ်ထွန်း လာစေမည်ဖြစ်သလို အခြေအနေ ကောင်းများကိုလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း Economic Intelligence Center မှ Sethaput Suthiwartnarueput ၏ ပြောကြားချက်ကို ကိုးကား၍ ဗီယက်နမ်သတင်းဌာနက ပြောကြားသည်။

ဗီယက်နမ်သည် ကုန်ထုတ်လုပ်မှု ဆိုင်ရာလုပ်ငန်း၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်း၊ ဖျော်ရည်၊ ယမကာလုပ်ငန်း စသည်တို့နှင့် ပတ်သက်လာပါက အလားအလာကောင်းများ အများဆုံးရှိသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း မစ္စတာ Sethaput Suthiwartnarueput က ဖြည့်စွက် ပြောဆိုသည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများနှင့် ခရီးသွား လုပ်ငန်းတို့သည် ထိုင်းစီးပွားရေး လုပ်ငန်းကြီး များအတွက် ဆွဲဆောင်မှုတစ်ရပ် ဖြစ်သည်ဟု ယူဆရသည်။ အလယ်အလတ်စား နှင့် အသေးစား စီးပွားရေး လုပ်ငန်းများ အနေဖြင့် ကုန်သွယ်ရေးနှင့် ကုန်ပစ္စည်း တင်ပို့မှုလုပ်ငန်းများအထိ တိုးမြှင့်လုပ်ကိုင်ကြရန် အကြံပေးတိုက်တွန်းထားသည်။

မစ္စတာ Sethaput က လက်ရှိထိုင်းနိုင်ငံတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး ကစဥ့်ကလျား ဖြစ်မှုများကြောင့် ထိုင်းနိုင်ငံတွင်းမှ ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံခြား ဈေးကွက်သို့ ရောက်ရှိ သွားနိုင်သည် ဟု ဝေဖန်ပြောဆိုသည်။

ထို့်အတူ အဆိုပါ ဖြစ်ရပ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများလည်း တစ်ဝက်တိတိမျှ လျော့ကျ သွားသည်ဟု ဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံ ရှိခဲ့သော်လည်း တဖြည်းဖြည်းချင်း လျော့ကျမှုများ ဖြစ်ပေါ်လာရာ ပထမလေးလပတ် အရောက်တွင် ၁ ဒဿမ ၄ ဘီလီယံ ဖြစ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ၁ ဒဿမ ၂ ဘီလီယံသို့ ရောက်ရှိသွားကြောင်း သိရသည်။

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်း၊ မိုဘိုင်းလ်ဖုန်း ဝန်ဆောင်မှုလုပ်ငန်း တို့နှင့် ပတ်သက်ပါက ရင်းနှီးမြှုပ်နှံမှုပြုရန် အလားအလာကောင်းသော နိုင်ငံတစ်ခု ဖြစ်သလို ကမ္ဘောဒီးယား နိုင်ငံသည်လည်း အင်တာနက် နည်းပညာနှင့် ပတ်သက်လာပါက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ များပြားကြောင်း မစ္စတာ Sethaput က ပြောကြားသည်။

Bernama သတင်းဌာန၏သတင်းကိုဘာသာပြန်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အမေရိကန်ပြည်ထောင်စု အနေဖြင့် စစ်လက်နက် ဖြုတ်သိမ်းရေးဆိုင်ရာ သဘောတူညီချက် အကောင်အထည်ဖော်ရေးကို လုပ်ဆောင်မည့်အစား ငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရ အာဘော် သတင်းစာဖြစ်သော Nodon Sinmun က တိုက်တွန်းရေးသား လိုက်သည်။

"ငြိမ်းချမ်းရေးကို လိုလားသော အစိုးရတစ်ရပ် အနေဖြင့် ကိုရီးယားကျွန်းဆွယ်နှင့် ပတ်သက်၍ ဖြစ်ပေါ်နေသော တင်းမာမှုများကို လျှော့ချကာ ထိပ်တိုက်ရင်ဆိုင်မှုများ အဆုံးသတ်နိုင်ရေးကို အကောင်အထည်ဖော်ရန် အထူးလိုအပ်သည်။

ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လိုလားသော ကိုရီးယားနိုင်ငံတစ်ခု၏ အကျိုးစီးပွားအတွက် စစ်နှင့် ပတ်သက်သော အန္တရာယ်များ ကင်းဝေးအောင် လုပ်ဆောင်ပေးသင့်သည်" ဟု Nodon Sinmum သတင်းစာ၏ ရေးသားချက်ကို ကိုးကားပြီး တောင်ကိုရီးယားသတင်းဌာန Yonhap News Agency ကဖော်ပြသည်။

အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုများသည် မြောက်ကိုရီးယား နိုင်ငံအပေါ် သြဇာလွှမ်းမိုးမှု မပြုလုပ်နိုင်ကြောင်း အဆိုပါ မြောက်ကိုရီးယား သတင်းစာက ဖော်ပြသည်။ "သို့အတွက်ကြောင့် အမေရိကန် အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေးနှင့် ဆက်နွှယ်သော ဆွေးနွေး ပြောဆိုမှုများ မပြုလုပ်ဘဲ ရေငုံနှုတ်ပိတ် လုပ်နေခြင်းကို ရပ်တန့်ကာ ငြိမ်းချမ်းရေးစာချုပ်ကို အမြန်ဆုံး လက်မှတ်ရေးထိုး သင့်သည်" ဟု အဆိုပါ သတင်းစာကဆိုသည်။

Nodon Sunmum သတင်းစာက အစောပိုင်းကာလတွင် အမေရိကန် အစိုးရအား လာမည့် မေလဆန်းပိုင်း၌ ငြိမ်းချမ်းရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုရန် ဆော်သြခဲ့သည်။ ထို့နောက် များမကြာမီ ကာလတွင် မြောက်ကိုရီးယားသည် နျူကလီးယား ဓာတ်ပေါင်းထုတ်လုပ်နိုင်သော ကိရိယာကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီဖြစ်ကြောင်း ရေးသားဖော်ပြခဲ့သည်။

အဆိုပါ သတင်းကြေညာပြီးနောက် တစ်နေ့တွင် တရုတ်နိုင်ငံပိုင် မီဒီယာက မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား ဂိမ်းကစားနေခြင်းကို ရပ်တန့်သင့်ပြီ ဖြစ်ကြောင်း သတိပေးခဲ့သည်။

"မြောက်ကိုရီးယားနိုင်ငံသည် တစ်ဖက်တွင် လွန်စွာအားအင်ချိနဲ့နေသော အမျိုးသားရေး အင်အားကို မှီခိုနေရသည်ဖြစ်ရာ အခြားတစ်ဖက်တွင် အရှေ့မြောက်အာရှ ပါဝါနိုင်ငံများနှင့် အန္တရာယ်များလွန်းသော နျူကလီယာဂိမ်း ကစားလျက်ရှိသည့် အမူအကျင့်များကို အထူးသတိပြု ဆင်ခြင်သင့်ပေသည်" ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ရေးသားသည်။

ယခုလို တရုတ် ကွန်မြူနစ်နိုင်ငံပိုင် မီဒီယာတစ်ခုက မြောက်ကိုရီးယား ကွန်မြူနစ်အစိုးရကို ပြစ်တင် ဝေဖန်သည်မှာ လွန်စွာရှားပါးသော ကိစ္စရပ်တစ်ခုပင်ဖြစ်သည်။ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်အနေဖြင့် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် သမ္မတ ဟူဂျင်းတောင်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သော ကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်သင့်သည်ဟု တရုတ်မီဒီယာက သတိပေး ရေးသားသည်။

ကင်ဂျုံအီလ်က မြောက်ကိုရီးယားအနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင် နိုင်ရေးအတွက် သင့်တင့်လျောက်ပတ်သော အခြေအနေမျိုးဖြစ်အောင် ပြုလုပ်ပေးပါမည်ဟု ဟူဂျင်းတောင်နှင့် တွေ့ဆုံစဉ် ကတိကဝတ်ပြု ပြောဆိုခဲ့သည်။

Bernama သတင်းဌာန၏သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ ဒေသတချို့တွင် သောက်ရေနှင့် ရေကောင်းရေသန့် ပြတ်လပ်မှုဖြစ်ပေါ်လျက်ရှိရာ မြန်မာအစိုးရ၏ ညွှန်ကြားမှုဖြင့် ဒေသခံအာဏာပိုင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များက အများပြည်သူနှင့် ပူးပေါင်းပြီး သောက်ရေရရှိရန် ကြိုးပမ်းလုပ်ဆောင်လျက် ရှိသည်။

မေလ ၁၀ ရက်နေ့တွင်မူ စေတနာရှင်များ၊ အလှူရှင်များ နှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မတီတို့ ပူးပေါင်းပြီး ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်ရှိ စက်ခွန်ပိုင်၊ ကန်သာယာ၊ ငချင်းပိုင်၊ သီတာအေး၊ ရွာသစ် ၄၊ ကန်ကုန် ၄ ၊ ဘူတာ နှင့် ရွှေကျီးပင် ကျေးရွာများမှ ဘုန်းတော်ကြီးများနှင့် ပြည်သူများအတွက် လစ်တာ ၂၀ ပါ ရေတိုင်ကီများ နှင့် ဘူးများ လှူဒါန်းခဲ့ကြသည်။

ထို့အတူ မင်းရွာ၊ ရွှေကျီးပင်၊ ရစ်ကန်လေး၊ ကမာနတ်၊ ရစ်ကန်ကြီး၊ ကုလားချောင်းကြီး၊ မင်းရွာ နှင့် ကမာဆည် ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိရာ စေတနာရှင်များက မော်တော်ယာဉ် ၁၂ စီးဖြင့် သောက်ရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။ ပဲခူးမြို့ အမှတ် ၁ ရဲစခန်း၊ ဒိုက်ဦးရဲစခန်း၊ ဝေါမြို့နယ် ရဲစခန်း၊ သနပ်ပင် မြို့နယ် ရဲစခန်း၊ ကဝမြို့နယ် ရဲစခန်းနှင့် မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အဖွဲ့ဝင်များ၊ စေတနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပဲခူးတိုင်းဖွံ့ဖြိုးရေး ကော်မတီဝင်များ စုပေါင်းပြီး ရှမ်းကြီး၊ မင်ဂလွန်း၊ ကျိုက်ပိ၊ အကာရစ်၊ အဖျားဘုတ်၊ အဖျားထမင်းဆိုင်၊ အင်းတိုင်စု၊ ကပင်၊ လက်ပံခါး၊ ဈေးညောင်ပင်နှင့် စည်တီး ကျေးရွာများမှ ပြည်သူများအတွက် သောက်သုံးရေ ဖြန့်ဖြူးပေးခဲ့ကြသည်။

အလားတူ၊ ပဲခူးမြို့မှ စေတနာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ကလည်း ရှမ်းယူကြီး၊ ပေချောင်း၊ စစ်တီးကျေးရွာများကို လည်းကောင်း၊ သနပ်ပင်မြို့နယ်ရှိ ကျားချောင်း၊ တနော်ကျွန်းနှင့် ကျိုးနပ်ကျေးရွာများ ကိုလည်းကောင်း ဂါလန် ၁၆၀၀ ဆံ့ ရေကားများဖြင့် သောက်ရေပေးပို့ လှူဒါန်းခဲ့ကြသည်။

သနပ်ပင်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ၏ ဦးဆောင်မှုဖြင့် သနပ်ပင်မှ စေတနာရှင်များကလည်း လီတာ ၂၀ဆံ့ ရေဘူးများ၊ သောက်ရေသန့်ဘူးများကို စက်ရုံပိုင်၊ ဘုရားကြီးပိုင်း၊ အပ်စုနှင့် ထနှောင်းပင် ကျေးရွာများသို့ ပေးပို့လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Relief International ၏ သတင်းထုတ်ပြန်ချက်ကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခုအခါ ဥပဒေကြောင်းအရ ပယ်ပျက်သွားပြီဖြစ်သော မြန်မာ့ပင်မ အတိုက်အခံပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ၏ ရှေ့နေများက ပါတီမပျက်ပြယ်ရေး အတွက် အယူခံဝင်မှုအပေါ် ပယ်ချလိုက်သည့် အကြောင်းအရင်းကို ထုတ်ဖော်ပြောဆိုပေးရန် ဗဟိုတရားရုံးတော်သို့ တောင်းဆိုလိုက်ကြောင်း သိရသည်။

NLD ပါတီသည် မြန်မာစစ်အစိုးရက ထုတ်ပြန်လိုက်သော ရွေးကောက်ပွဲဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲပေးရန် ဗဟိုတရားရုံးတော်သို့ ဧပြီလ ၃၀ ရက်နေ့က အမှုဖွင့် တရားစွဲဆိုခဲ့သည်။ သို့သော် တရားရုံးတော်က အဆိုပါအမှုကို ပယ်ချပစ်ခဲ့သည်။ ယင်းသို့ တရားစွဲဆိုရသည့် အကြောင်းမှာ အကယ်၍ NLD အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ရမည့် အခြေအနေသို့ ရောက်နေသောကြောင့် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ အမှုကို ပယ်ချခဲ့တဲ့ကိစ္စဟာ ဗဟိုတရားရုံးတော်ရဲ့ စည်းမျဉ်းဥပဒေနဲ့ ကိုက်ညီမှု မရှိပါဘူး။ ဥပဒေအရ တရားရုံးတော်က ကျွန်တော်တို့ရဲ့အမှုကို ဘာကြောင့် ပယ်ချတယ်ဆိုတဲ့ ကိစ္စကို အသိပေးပြောဆိုရမှာ ဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့အနေနဲ့ အမှုကို ပြင်ဆင်လို့ရမှာပါ" ဟု ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

"ဒါပေမဲ့ သူတို့က ဘာအကြောင်းပြချက် တစ်ခုမှမပေးတော့ ကျွန်တော်တို့လည်း ဘာဆက် လုပ်ရမယ်၊ ဘာပြောင်းလဲရမယ် ဆိုတာကို မသဲကွဲဘူးဖြစ်နေတယ်။ အဲဒါကြောင့်အခု နေပြည်တော်က ဗဟိုတရားရုံးတော်ကို ကျွန်တော်တို့ရဲ့ အမှုနဲ့ပတ်သက်ပြီး ညွှန်ကြားချက် အမြန်ဆုံး ထုတ်ပြန်ပေးဖို့ တောင်းဆို ထားပါတယ်" ဟု ၎င်းက ဆိုသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ် ပျက်ပြယ်သွားမှုအပေါ် မကျေနပ်၍ တရားစွဲဆိုထားသော ၉၀ ရွေးကောက်ပွဲ အနိုင်ရ အမတ်များနှင့်တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောကြားသည်။

NLD သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ်အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို လျစ်လျူရှုခဲ့သည်။

DVB သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆန္ဒပြအုပ်စုများ စုဝေးရာနေရာကို ထိုင်းစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်တပ်ဆင်ထားသော စစ်ယာဉ်များဖြင့် ဝိုင်းရံပြီး လူစုခွဲပစ်ရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်က ခြေကားရား လက်ကားရားနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသော ဆန္ဒပြလူအုပ်ရှိရာ နေရာကို ညနေပိုင်း ၆ နာရီတွင် အပြီးသတ် ပိတ်ပင်မည်ဖြစ်ကြောင်း၊ ဆန္ဒပြသမားများအား ထိုနေရာမှ လွတ်လပ်စွာ ထွက်သွားခွင့်ပြုမည်ဖြစ်သော်လည်း ပြန်လည် ဝင်ရောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း ပြောကြားသည်။

ထိုင်းအစိုးရက ဆန္ဒပြလူအုပ်ကြီး စုဝေးရာ နေရာသို့ ဝင်ရောက်နေသော ရေ၊ မီးနှင့် အခြားသော အစားအသောက် အထောက်အပံ့များ လမ်းကြောင်းကို ပိတ်ဆို့ရန် စီစဉ်ခဲ့သော်လည်း ပြန်လည် ဖျက်သိမ်းခဲ့သည်။ ထို့နောက် ယခုလို လူအုပ်ကြီး စုဝေးရာနေရာကို ပိတ်ဆို့ဝိုင်းရံကာ ရှင်းထုတ်တော့မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ကို လိုလားသော အဆိုပါ ရှပ်နီဝတ် ဆန္ဒပြသူများသည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှစ၍ မြို့တော်ဘန်ကောက်၏ အချက်အခြာ ကျသော နေရာအတော်များများကို သိမ်းပိုက်ခဲ့ကြသည်။ ရှပ်နီဆန္ဒပြ အုပ်စုက လက်ရှိဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရ အနေဖြင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တစ်ရပ် ကျင်းပပေးရန် တောင်းဆို ထားကြသည်။

ဝန်ကြီးချုပ် အဘီဇစ်က လာမည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဟု  ကမ်းလှမ်းခဲ့သည်။ သို့သော် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော ဆန္ဒပြသူများအပေါ် အင်အားသုံး ဖြိုခွင်းမှုအတွက် မည်သူမည်ဝါက တာဝန်ယူမည်ဟူသော ကိစ္စကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရရှိခဲ့ကြပေ။

ယခုလို စစ်တပ်က ဆန္ဒပြအုပ်စုကြီးကို လူစုခွဲရန် ကြိုးပမ်းပါက သွေးထွက်သံယိုမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဘန်ကောက်ရောက် BBC သတင်းထောက် Rachel Harvey က ပြောကြားသည်။

ဆန္ဒပြလူအုပ်ကြီးစုဝေးရာ နေရာတစ်ဝိုက်မှ စီးပွားရေးလုပ်ငန်းများနှင့် ဈေးဆိုင်များအား သတ်မှတ်ချိန် မတိုင်မီ နောက်ဆုံးထား၍ ပိတ်ပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားသည်။ "ညနေ ခြောက်နာရီလောက်မှာ ဆန္ဒပြလူအုပ်ကြီး စုဝေးတဲ့နေရာကို စစ်တပ်က ဝိုင်းရံပိတ်ပင်မှာပါ။ လက်နက် တပ်ဆင်ထားတဲ့ စစ်သုံးယာဉ်တွေနဲ့ ပိတ်ပင်ပစ်မှာပါ။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး" ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sunsern Kaewkummnerd ကပြောကြားသည်။

ဆန္ဒပြလူအုပ်ကြီးများနှင့် နီးကပ်သော ကောင်းကင်ရထား ဘူတာရုံလေးခုကိုလည်း အဆိုပါ အချိန်တွင် ပိတ်ပင်မည်ဖြစ်သည်ဟု ဘန်ကောက် သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက ပြောကြားသည်။

ရှပ်နီဆန္ဒပြအုပ်စုများသည် ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာများရှိရာ နေရာမှ စီးပွားရေးအရ အချက်အခြာကျသော နေရာများအထိ သိမ်းပိုက်ထားခဲ့သည်။ ၎င်းတို့က အဆိုပါ နေရာများတွင် မော်တော်ကား တာရာများ၊ ဝါးများဖြင့် အဟန့်အတားများ ပြုလုပ်ထားသည်။ အဆိုပါ အဟန့် အတားများ နောက်တွင် မီးစက်များ၊ စားသောက်စရာများ ထားရှိကြသည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရနှင့် ဆန္ဒပြသူများအကြား ညှိနှိုင်းအဖြေရှာမည် ဟူသော အသံများ ပျောက်ကွယ်သလို ဖြစ်သွားပြီးနောက် ယခုလို စစ်တပ်က ဖြိုခွင်းမည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် အဘီဇစ်ကလည်း နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော ကမ်းလှမ်းချက်ကို ပြန်လည်ရုပ်သိမ်းပါကြောင်း သတင်းထောက်များကို ပြောကြားသည်။

"ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို ကျွန်တော်ဖျက်သိမ်း လိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြတဲ့ သူတွေက လူစုမခွဲပေးဘူးလို့ ငြင်းပယ်ခဲ့လို့ပါပဲ" ဟု မစ္စတာ အဘီဇစ်က ပြောဆိုသည်။ "ဖြစ်နိုင်ရင် အမြန်ဆုံး နဂိုအခြေအနေအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကျွန်တော် ပြောလိုက်ပါပြီ" ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရနှင့် ဆန္ဒပြအဖွဲ့အကြား အပေးအယူလုပ်သည့် ကိစ္စမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည့် အနေအထားသို့ ရောက်ရှိခဲသည် သို့သော် ဆန္ဒပြ အုပ်စုများက ဧပြီလ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြိုခွင်းမှုနှင့်ပတ်သက်၍ ထိုင်း ဒုတိယဝန်ကြီးချုပ် Suthep Thaugsuban ကို အရေးယူပေးပါရန် တောင်းဆိုခဲ့သောကြောင့် ပြန်လည် ပျက်ပြယ်သွားခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

မစ္စတာ Suthep Thaugsuban က ဆန္ဒပြအုပ်စုများ ဖြိုခွင်းမှုကို ဦးဆောင်လုပ်ကိုင်ခဲ့ရာတွင် အစီအစဉ်များ လွဲမှားသောကြောင့် ဆန္ဒပြသူ ၁၉ ဦး၊ သတင်းထောက် တစ်ဦးနှင့် စစ်သား ၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်တပ်က လူစုခွဲမည်ဟု ကြေညာလိုက်ပြီးနောက် ရှပ်နီဝတ် ဆန္ဒပြသူများ ဘက်ကလည်း ပုန်ကန်တော်လှန်မည့် အနေအထားများ ပြသခဲ့ကြသည်။ "ကျွန်တော်တို့ကို ထောက်ခံတဲ့ သူတွေအနေနဲ့ ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းပြီး အကူအညီပေးဖို့ တိုက်တွန်း ပါတယ်။ ကျွန်တော်တို့ လူအင်အားကောင်းလေ သူတို့အနေနဲ့ ကျွန်တော်တို့ကို နာကျင်ထိခိုက်အောင် လုပ်ဖို့ခက်လေပါပဲ" ဟု ဆန္ဒပြခေါင်းဆောင်က လူအုပ်ကြီးကို ပြောဆိုသည်။

"ကျွန်တော်တို့ကို အင်အားသုံး လူစုခွဲဖို့ကြိုးစားနေတာတွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ကျွန်တော်တို့ရဲ့ အစောင့်တွေကလည်း ကျွန်တော်တို့ဘက်ကို ကာကွယ်ပေးဖို့ အသင့်ဖြစ်နေပါပြီ" ဟု ဆိုသည်။

ရှပ်နီဆန္ဒပြသူများသည် နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ကြရသော လက်ဝဲယိမ်းသမားများ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူများလည်း ဖြစ်သည်။

လက်ရှိအစိုးရသည် ရွေးကောက်ပွဲ ကြောင်းအရ မဟုတ်ဘဲ ပါလီမန် တွင်း အပေးအယူပြုမှု ဟူသော အကြောင်းကိစ္စဖြင့် ဖွဲ့စည်းထားသောကြောင့် တရားမဝင်ကြောင်း ရှပ်နီဆန္ဒပြသမားများက စွပ်စွဲပြောဆိုထားသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.