Transparency Myanmar

transparency.myanmar@gmail.com

နေအိမ် အကျယ်ချုပ် ပြစ်ဒဏ်ခံနေရသော မြန်မာ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန်  သူမ၏ အသက် ၆၅ နှစ် မြောက် မွေးနေ့ အချိန်ကာလတွင် ဗြိတိန်နိုင်ငံက မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်သည်။

"မေလ ၁၉ ရက်နေ့ (စနေနေ့) မှာ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ် ပြည့်ပါပြီ။ သူမဟာ နှစ်ပေါင်း ၂၀ လောက်မှာ ၁၄ နှစ်လောက် နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပါတယ်" ဟု ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး William Hague က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထားတာနဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ဖမ်းဆီးထားတဲ့ ကိစ္စဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ဆန့်ကျင်ရာ ရောက်သလို မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကိုလည်း ထိခိုက်နစ်နာမှု ဖြစ်စေပါတယ်" ဟု William Hague က ပြောသည်။

"စစ်အစိုးရ အနေနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးပြီး မြန်မာပြည်သူတွေရဲ့ လူ့အခွင့်အရေးကို အလေးထားဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်နှင့် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၊ Oxford တက္ကသိုလ်တွင် ပညာ သင်ယူ လေ့လာခဲ့ပြီး ဗြိတိန်နိုင်ငံသား ပညာရှင် တစ်ဦး ဖြစ်သူ Michael Aris နှင့် လက်ထပ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဖမ်းဆီးခံရပြီး ၁၀ နှစ်မျှအကြာ ၁၉၉၀ ပြည့်နှစ်တွင် သူမ၏ ခင်ပွန်း Michael Aris ကွယ်လွန်ခဲ့သည်။

အရှေ့တောင် အာရှ ဒေသဆိုင်ရာ ဗြိတိန် ဝန်ကြီး Jeremy Browne က စစ်အစိုးရ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ကမ်းလှမ်းချက် ဖြစ်သော ဒိုင်ယာလော့ခ် ပြုလုပ်ရေးကို လက်သင့်ခံပြီး မြန်မာနိုင်ငံတွင် ယုံကြည် စိတ်ချရသော အရပ်ဘက်အစိုးရ တစ်ရပ် ထွက်ပေါ်ရေးအတွက် အကူအညီ ပေးသင့်ကြောင်း ပြောဆိုသည်။

"ဒီကိစ္စဟာ လူသား ဒုက္ခဆိုးကြီး တစ်ခုထက်တောင် ပိုပါသေးတယ်။ နောက်ပြီး အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ထိန်းသိမ်း ထားတာဟာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ခေါင်းဆောင်မှု အစွမ်းရှိမှု၊ အရည်အချင်းရှိမှုနဲ့ အမြော်အမြင် ရှိမှုတွေကို ဖြုန်းတီးနေသလိုပါပဲ" ဟု ၎င်းက ဆိုသည်။

"မြန်မာပြည်သူတွေ ဒုက္ခခံရတာ တော်သင့်လောက်ပါပြီ၊ အရပ်ဘက်နဲ့ ယုံကြည် စိတ်ချရတဲ့ အစိုးရ တစ်ရပ် ထွက်ပေါ်ရေးအတွက် စစ်မှန်တဲ့ အသွင် ကူးပြောင်းရေး ဖြစ်ပေါ်ဖို့ အချိန်တန်နေတာ ကြာပါပြီ။ အဲဒါတွေ ဖြစ်ပေါ်လာဖို့ အကူအညီ ပေးတဲ့ နေရာမှာ ဗြိတိန်နိုင်ငံက နေရာ တစ်နေရာကနေ ပါဝင်ပေးမှာ ဖြစ်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်" ဟုလည်း ဆက်လက် ပြောကြားသွားသည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ABC News, 18th June 2010

၆၅ နှစ်မြောက် မွေးနေ့ကို နေအိမ်တွင် အကျယ်ချုပ်ခံရင်း ဖြတ်သန်းခဲ့ရသော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ အားပေးသော အနေဖြင့် သြစတြေးလျ အမျိုးသမီး ခေါင်းဆောင်များ  ဆစ်ဒနီတွင် ယနေ့ စုဝေးခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ အောင်မြင်မှုကို စစ်ဖက် အစိုးရက ပယ်ချခဲ့ပြီးချိန်မှ စ၍ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့ခြင်း ဖြစ်သည်။

ယခုနှစ်ကုန်တွင် ကျင်းပမည့် လွှတ်တော် ရွေးကောက်ပွဲများတွင် သူမ ပါဝင်ခြင်း မပြုနိုင်ရန် ထိန်းသိမ်းထားခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

ကုန်သွယ်ရေး အဖွဲ့ချုပ်များဆိုင်ရာ သြစတြေးလျ ကောင်စီ ဥက္ကဌ Sharan Burrow၊ အတိုက်အခံ ဒုတိယ ခေါင်းဆောင် Julie Bishop နှင့် အမျိုးသမီးရေးရာ ဝန်ကြီး Tanya Plibersek တို့ အပါအဝင် သြစတြေးလျနိုင်ငံ၏ လူသိများ ထင်ရှားသော အမျိုးသမီး တချို့သည် မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းကို ကန့်ကွက်ရန် အတွက် အတူတကွ စုဝေးခဲ့ခြင်း ဖြစ်သည်။

Ms. Bishop သည် ယခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ဖူးပြီး၊ "သူမသည် ယုံကြည်ချက် ပြင်းပြသူ တစ်ဦး ဖြစ်သည်" ဟု ပြောကြားလိုက်သည်။

"ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ အကြောင်းကို ပြောပြတဲ့အခါ သူမရဲ့ အရှုံးမပေးတဲ့ ဇွဲသတ္တိတွေကြောင့် ကျွန်မ အံ့သြ မှင်သက်ခဲ့မိတယ်" ဟု Julie Bishop က ဆိုသည်။

"မြန်မာပြည်သူတွေဟာ လွတ်လပ်မှု၊ ဒီမိုကရေစီ စတာတွေနဲ့ ထိုက်တန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျွန်မတို့ရဲ့ အပြည့်အဝ၊ ရာနှုန်းပြည့် ထောက်ခံ အားပေးမှုတွေနဲ့  ထိုက်တန်ကြောင်း စတဲ့ စာလွှာ၊ သဝဏ်လွှာတွေ ပေးပို့ရုံလောက်နဲ့ ကျွန်မတို့ ရပ်တန့်နေလို့ မရပါဘူး" ဟု သူမက ဆက်လက် ပြောကြားသည်။

သူမ လွတ်မြောက်မည့် ရက်ကို မြန်မာ စစ်ဖက် အစိုးရက ယနေ့ထိ သတ်မှတ်ခြင်း မရှိသေးပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ABC News, 18th June 2010

အထိန်းသိမ်းခံ မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံသူများက သူမ၏ သူမ၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် ကျင်းပရန် စီစဉ် ပြင်ဆင် ထားကြသည်။

ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသော NLD ပါတီမှ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံ တစ်ဝှမ်း၌ ပျိုးပင်ပေါင်း ၂၀၀၀၀ ခန့် စိုက်ပျိုးရန် စီစဉ်နေသည်။

သူမ လွတ်မြောက်ရန် တောင်းဆိုသည့် ဆန္ဒပြပွဲများကိုလည်း ကမ္ဘာအနှံ့ ပြုလုပ်ရန် စီစဉ်ထားကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် အနှစ် ၂၀ အတွင်း ပုံစံ အမျိုးမျိုးဖြင့် ထိန်းသိမ်းခြင်း ခံခဲ့ရပြီး၊ လက်ရှိအချိန်တွင် ရန်ကုန်မြို့ နေအိမ်၌ အကျယ်ချုပ် ကျခံနေရသည်။

သူမသည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခြင်း ခံရသည်။

ထောက်ခံသည့် သင်္ကေတ နိမိတ်ပုံ

ရန်ကုန်မြို့တော်မှ ထောက်ခံသူများက သူမအတွက် မွေးနေ့ပါတီ တစ်ခုကို တစ်နေရာတွင် ကျင်းပရန် စီစဉ်ထားသည်ဟု ပြောကြားသည်။

အမေရိကန် ပြည်ထောင်စုတွင်မူ ဒီမိုကရေစီ လှုပ်ရှားသူများက စနေနေ့တွင် ဝါရှင်တန်၌ ချီတက် ဆန္ဒပြရန် စီစဉ်နေသည်။

Free Burma အဖွဲ့မှ ဒီမိုကရေစီ လှုပ်ရှားသူများသည် ဖိလစ်ပိုင် မြို့တော် မနီလာရှိ မြန်မာ သံရုံး အပြင်ဖက်တွင် သောကြာနေ့က ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

ထို့အပြင် ယူကေ နိုင်ငံကလည်း သောကြာနေ့ကပင် သူမအား ခြွင်းချက်မရှိ၊ အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် သူမနှင့်တကွ အခြား နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ဆက်လက် ဖမ်းဆီးထားခြင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်ခြင်းပင် ဖြစ်သည်ဟု နိုင်ငံခြားရေးဌာန အတွင်းဝန် William Hague က ပြောကြားလိုက်သည်။

နယ်လဆင် မင်ဒဲလား တည်ထောင်ထားသော The Elders ဟု ခေါ်သည့် ကမ္ဘာကျော် နိုင်ငံရေး ပုဂ္ဂိုလ်များ အုပ်စုက ကြာသပတေးနေ့တွင် တောင်အာဖရိက၌ ကျင်းပသော အစည်းအဝေးတွင် သူမ၏ နေရာ လစ်လပ်နေသည့် သင်္ကေတအဖြစ် ထိုင်ခုံလွတ် တစ်ခု ထည့်သွင်းခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း အာဏာ လွှဲပြောင်း ရယူခွင့် မရခဲ့ပါ။

ယခုအချိန်တွင် သူမ၏ ပါတီသည် အာဏာသုံး ဖျက်သိမ်းခြင်း ခံခဲ့ရပြီး၊ သူမသည်လည်း လာမည့် ရွေးကောက်ပွဲတွင် မပါဝင်နိုင်အောင် တားဆီးခြင်း ခံခဲ့ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Press Release: United Nations, 18th June 2010

ကုလသမဂ္ဂ လွတ်လပ်သော လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြစ်မဲ့ အကျဉ်းသားများ (သို့) နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး လွှတ်ပေးရန် မြန်မာ အာဏာပိုင်များကို ယနေ့ တိုက်တွန်းခဲ့ပြီး သို့မှသာလျှင် မြန်မာနိုင်ငံတွင် အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲများ ကျင်းပနိုင်မည့် အခြေအနေများကို ဖန်တီးရာတွင် အထောက်အကူ ဖြစ်လိမ့်မည်ဟု ပြောကြားလိုက်သည်။

မြန်မာနိုင်ငံရှိ လူ့အခွင့်အရေး အနေအထားဆိုင်ရာ ကုလသမဂ္ဂ အထူးအရာရှိ Tomas Ojea Quintana က ကြေညာချက်တွင် "မြန်မာနိုင်ငံတွင်းမှ စိတ်ထင်တိုင်း ဖမ်းဆီးမှုများ အပေါ် ကုလသမဂ္ဂ အဖွဲ့၏ တောင်းဆိုမှုကို မြန်မာ အစိုးရ အနေနှင့် ဂရုတစိုက် လိုက်နာသင့်သည်" ဟု ပြောကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အစောပိုင်းက တောင်းဆိုထားမှုများကို ယခု ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးကို အဆက်မပြတ် ပိတ်ပင်ထားခြင်းသည် မတော် မတရား ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ကုလသမဂ္ဂလုပ်ငန်း ကော်မတီက သတ်မှတ်ခဲ့သည်ဟု ဂျီနီဗာတွင် ထုတ်ပြန်သော ကြေညာချက်တွင် ၎င်းက ပြောကြားသည်။

စနေနေ့တွင် အသက် ၆၅ နှစ် ပြည့်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ခေါင်းဆောင် ဖြစ်ပြီး ဆယ်စု နှစ်စု နီးပါး နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရသည်။

မတရား ဖမ်းဆီးမှုများ၊ တံခါးပိတ် တရားစစ်ဆေးမှုများ၊ လွတ်လပ်စွာ ပြောဆို၊ စည်းဝေးခွင့်ကို ချုပ်ချယ်မှုများ စသည်တို့ အပေါ် တားမြစ်ထားသော၊ တစ်ကမ္ဘာလုံး လိုက်နာရမည့် လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ပါဝင်သည့် စည်းမျဉ်း၊ စည်းကမ်းများကို မြန်မာ အစိုးရ အနေဖြင့် လိုက်နာရန် ကုလလုပ်ငန်း ကော်မတီက တောင်းဆိုလိုက်သည်။

ကုလသမဂ္ဂ လခစား ဝန်ထမ်း မဟုတ်ဘဲ လုံခြုံရေး ကောင်စီသို့ လွတ်လပ်စွာ အစီရင်ခံစာ တင်သွင်းခွင့်ရှိသူ Mr. Quintana က ယနေ့ ထုတ်ပြန်သော ကြေညာချက်တွင် "အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ လုပ်ငန်းစဉ် အပေါ် လိုအပ်သည့် အခြေအနေများ ဖန်တီးနိုင်ရန် အတွက် အပြစ်မဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်နှင့် လူ့အခွင့်အရေးကို မြှင့်တင်ရမည့်၊ နိုင်ငံတိုင်း၏ တာဝန်ကို ရိုးသားစွာ၊ ထိထိရောက်ရောက် ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း လက်တွေ့ပြသရန်" မြန်မာ အစိုးရကို တောင်းဆိုလိုက်သည်။

ဒီမိုကရေစီ စနစ်ကို ထိရောက်စွာ အကောင်အထည် ဖော်ရန် ရည်ရွယ် ရေးဆွဲထားသော အချိန်ဇယားဟု အစိုးရက ညွှန်းဆိုသည့် ဒီမိုကရေစီ လမ်းပြမြေပုံအရ မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို အောက်တိုဘာလတွင် ကျင်းပလိမ့်မည်ဟု မျှော်လင့်ရသည်။

ကုလ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက "ရွေးကောက်ပွဲများသည် မျှတ၍ ပွင့်လင်း မြင်သာရမည် ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံသားများ အားလုံး ပါဝင်နိုင်ခွင့် ရှိရမည်" ဟု ယခုနှစ် အစောပိုင်းက တောင်းဆိုခဲ့သည်။

ကုလအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးနှင့် ရုံးအဖွဲ့မှူး ဖြစ်သူ ဗီဂျေနမ်ဘီယားသည် မြန်မာနိုင်ငံ ကိစ္စကို ဆွေးနွေးရန် အတွက် အိန္ဒိယ၊ စင်္ကာပူ နှင့် တရုတ်နိုင်ငံတို့မှာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ယခင် အပတ်က တွေ့ဆုံခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနှင့် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနများ အကြား နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ထူထောင်ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံပိုင် New Light of Myanmar သတင်းစာက ရေးသား ဖော်ပြသည်။

အီရန်နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Mohammad Ali Fathollahi ဇွန်လ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်အတွင်း နှစ်နိုင်ငံ ညှိနှိုင်း ဆွေးနွေးမှုများ ထူထောင်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း သတင်းက ဆိုသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းနှင့် အတူ ပြုလုပ်သော တွေ့ဆုံ ဆွေးနွေးပွဲတွင် မစ္စတာ Mohammad Ali Fathollahi က စွမ်းအင် ဝန်ကြီး ဦးလွန်းသီနှင့်လည်း ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အခန်းကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေးခဲ့သည်။ ထို့အတူ ၎င်းနှင့် ရာထူးအဆင့် တူသူ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်နှင့်လည်း အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့သည်။

အနာဂတ်ကာလ အီရန်နှင့် မြန်မာ အကြား ချစ်ကြည် ရင်းနှီးမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် ကုလသမဂ္ဂနှင့် ဘက်မလိုက် လှုပ်ရှားမှုများ ကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ ဖိုရမ်များတွင်ပါ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆန္ဒရှိကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်များက ထပ်မံ ထုတ်ဖော် ပြောဆိုသည်။

ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် နှစ်နိုင်ငံမှ စက်မှုလက်မှုနှင့် ကုန်သည်ကြီးများ အသင်းတို့ အပြန်အလှန် အဆက်အသွယ် ရရှိရန်လည်း သဘောတူခဲ့သည်။ မြန်မာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့်သည် ပြီးခဲ့သည့် မတ်လအတွင်း အီရန်နိုင်ငံသို့ သွားရောက် လည်ပတ်ပြီး အီရန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

Xinhua သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံ အနောက်ဘက် ကမ်းဒေသ (ရခိုင်နှင့် ချင်းပြည်နယ်) ကမ်းလွန်ပင်လယ်ပြင်ရှိ သဘာဝ ဓာတ်ငွေ့များ တစ်စထက် တစ်စ ထုတ်လုပ် ရယူနိုင်သည့် အချိန်မှစ၍ အဆိုပါ ဒေသများတွင် မြန်မာစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ ဦးရေမှာလည်း ပိုမို တိုးပွားလာခဲ့သည်။ ယခင်တပ်ရင်း နှစ်ခုလောက်သာ ရှိရာမှ တပ်ရင်း ၄၈ ခု အထိ တိုးချဲ့ အခြေစိုက်လာသည်။

မြန်မာ စစ်တပ်က တပ်ရင်းများ များလာသည် နှင့်အမျှ ယင်းဒေသရှိ တောင်ကုန်း တောင်တန်းများတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစုများ၏ မြေယာများလည်း ပိုမို သိမ်းယူခြင်း ခံလာရသည်။ စစ်တပ်ရင်းများ တည်ဆောက်ရန်၊ သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေးအတွက် စီးပွားရေး အခြေခံ အဆောက်အအုံများ တည်ဆောက်ရန် ဟူသော အကြောင်းပြချက်ဖြင့် သိမ်းယူခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် ပြောရလျှင် အဆိုပါ လုပ်ရပ်များကို အဂတိ လိုက်စားသော မြန်မာ အစိုးရ အရာရှိများက လုပ်လေ့လုပ်ထ ရှိသည်။ ထိုလုပ်ရပ်များကြောင့် ဒေသခံ တိုင်းရင်းသား လူမျိုးများမှာလည်း အကျပ်အတည်း မျိုးစုံနှင့် ရင်ဆိုင်လာရသည်။

နောက်ဆက်တွဲ ရလဒ်က အခြားမဟုတ်ပါ။  အဆိုပါ လုပ်ရပ်များကြောင့် ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် အသေးစား တိုက်ပွဲများ ပိုမို ဖြစ်ပွားလာသည်။ အစိုးရက သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ရေး ဟူသော အကြောင်းပြချက်ဖြင့် ဒေသခံများအပေါ် ဖိနှိပ်မှု ပြုလုပ်လေ အသေးစား တိုက်ပွဲလေးတွေ ပြင်းထန်လေပင် ဖြစ်သည်။

ထိုမျှမကသေးပါ။ မြန်မာ လေတပ်ကလည်း တရုတ်နိုင်ငံမှ ဝယ်ယူသည့် K-8 အမျိုးအစား တိုက်လေယာဉ် အစင်း ၅၀ မောင်းနှင်နိုင်ရေးအတွက် တရုတ် လေကြောင်း အတတ်သင် ဆရာများ ခေါ်ယူလျက် ရှိသည်။ လိုသည်ထက်ပင် ပို၍ ခေါ်ယူနေသည်။ အကြောင်းမှာ K-8 အမျိုးအစားသည် အပေါ့စား ဗုံးကြဲ လေယာဉ်များ ဖြစ်ပြီး တောင်ကုန်း တောင်တန်း ဒေသတွင် ခြေကုပ်ယူသော သူပုန်များကို နောက်ယောင်ခံလိုက် တိုက်ခိုက်ရာ၌ လွန်စွာ အသုံးဝင်သောကြောင့် ဖြစ်သည်။ K-8 တိုက်လေယာဉ် ပိုင်းလော့ အနေဖြင့် တောင်ကုန်းဒေသရှိ သူပုန်စစ်စခန်းများကို အသာတကြည် ရှာဖွေပြီး ဗုံးများ ကြဲချနိုင်သည်။

ယခု ဇွန်လ အစောပိုင်းတွင် အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂ အရာရှိကြီးများက မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာများ တင်သွင်းလျက် ရှိသည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ကြေညာသည်။ မြန်မာ နျူကလီယာကိစ္စနှင့် ပတ်သက်၍ အနည်းငယ်သာ နားလည် သဘောပေါက်နိုင်သေးသည်။ ထောက်လှမ်းရေး တပ်ဖွဲ့များက မြန်မာနိုင်ငံတွင် နျူကလီယာနှင့် ဆက်စပ်သော အရေးကိစ္စတစ်ခုခု လုပ်ကိုင်နေသည်ဟု ညွှန်းဆိုလိုပုံ ရသည်။ မြန်မာ စစ်အစိုးရက ခဏတာမျှ ငြိမ်နေပြီးကာမှ စွပ်စွဲမှုများ မဟုတ်မမှန်ဟု ငြင်းပယ်သည်။
         မြန်မာနိုင်ငံသည် လက်နက် အတော်များများကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ရရှိနေသည်။ မြောက်ကိုရီးယားကမူ မည်သူမဆို ငွေပေး ဝယ်ယူပါက ရှိသမျှ လက်နက် ဟူသရွေ့ တင်ပို့ ရောင်းချလိုသည်။ တိုက်ချင်းပစ် ဒုံးကျည်၊ နျူကလီယာ နည်းပညာ၊ ခြေလျင် တိုက်ခိုက်ရေး လက်နက် အစရှိသည် အားလုံးကို ရောင်းချလိုသည်။ နိုင်ငံတကာတွင် တရားဝင် အစိုးရအဖြစ် သတ်မှတ် ခံရရေးအတွက် ရွေးကောက်ပွဲ တစ်ရပ်ကို အတုအယောင် သဘောမျိုးဖြင့် ကျင်းပရန် စီစဉ်နေချိန်တွင် အဘယ်ကြောင့် ယခုကဲ့သို့ သံတမန်ရေးအရ ပြဿနာ ရှုပ်ထွေးစေမည့် နျူကလီယာ အစီအစဉ်ကို လုပ်ကိုင်ခဲ့ရသနည်း။

ဖြစ်နိုင်ချေ ရှိသည်မှာ မြန်မာသည် မြောက်ကိုရီးယားနှင့် မဟာမိတ် ဖွဲ့နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ မြောက်ကိုရီးယားထံမှ နျူကလီယာ နည်းပညာ ရရှိရေးနှင့် မြောက်ကိုရီးယား လက်နက် ဈေးကွက်ကို အကူအညီ ပေးရေး ဟူသော ကိစ္စဖြင့် မဟာမိတ် ဖွဲ့နေခြင်း ဖြစ်နိုင်သည်။

ယခုဆိုလျှင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လူမျိုးစုများ၊ လက်နက်ကိုင် သူပုန်များ အကြား တင်းမာမှုများမှာ လျော့ကျသွားခြင်း မရှိဘဲ ပိုမို၍ပင် ဆိုးရွားလာသည်။ အသေးစား စစ်ပွဲများလည်း ဆက်လက် ဖြစ်ပေါ်ဆဲပင် ဖြစ်သည်။ သို့သော် အဆိုပါ စစ်ပွဲကလေးများကို မြန်မာ မီဒီယာများက
ရေးသား ဖော်ပြခြင်း မရှိပေ။ နိုင်ငံခြား သတင်း မီဒီယာများနှင့် ဂျာနယ်လစ်များ အနေဖြင့်လည်း ထိုစစ်ပွဲကလေးများ သတင်းကို ထုတ်ဖော် ရေးသားရန် ခက်ခဲသည့် အနေအထားတွင် ရှိသည်။ မြန်မာနိုင်ငံပိုင် မီဒီယာများကတော့ အကြမ်းဖက်သမားများ ဗုံးဖောက်ခွဲ တိုက်ခိုက်သည်၊ ဗုံးခွဲရန် ကြိုးပမ်းသည်၊ အကြမ်းဖက်သမားတို့၏ ဗုံးများနှင့် မိုင်းများ မပေါက်ကွဲမီ ဖမ်းဆီးရမိသည် ဟူသည့် သတင်းများကို လစဉ်လိုလို ဖော်ပြ ရေးသားသည်။ လူအသေအပျောက် များသည့် အကြီးစားဗုံး ပေါက်ကွဲမှုများ ဖြစ်ပေါ် သတင်းများသာ ထုတ်ဖော် ရေးသားလေ့ ရှိသည်။

ဆိုရပါလျှင် တောတွင်းနေရာများတွင် ခြေကုပ်ယူ လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင်များ၊ သူပုန်များအပေါ် လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်မှုများနှင့် အသေးစား တိုက်ခိုက်မှုများနှင့် ပတ်သက်သော သတင်းများ မည်သည့်အခါမှ ထွက်ပေါ်လာမည် မဟုတ်ပေ။ စစ်တပ် ကင်းလှည့်မှုများ၊ ရှေ့တန်းထွက်မှုများ၊ တောတောင်များတွင် နေထိုင်သူ ပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ စသည်တို့လည်း ရံဖန်ရံခါမှသာ သတင်း ဖြစ်လိမ့်မည်။  ယခုဆိုလျှင် တိုင်းရင်းသား အများစုမှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြပြီ ဖြစ်သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား ကျေးရွာများတွင် ဖြစ်ပေါ်လေ့ ရှိသော မြန်မာစစ်တပ်၏ အဓမ္မ ပြုကျင့်မှုများလည်း ရှိနေဆဲသာ ဖြစ်သည်။

Strategy Page မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th June 2010

ကျေးလက်ဒေသများမှ ရောက်ရှိလာသော ရွှေ့ပြောင်း အလုပ်သမားများ အတွက် လူနေမှု အဆင့်အတန်း ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တောင်းဆိုလိုက်သည်။

တရုတ်နိုင်ငံသည် မိမိ၏ ချမ်းသာကြွယ်ဝမှုနှင့် မိုးမျှော် အဆောက်အအုံများ အတွက် အဆိုပါ လုပ်သားများအပေါ် ကျေးဇူးကြွေး တင်နေကြောင်းနှင့် တာဝန်ရှိသူများက ၎င်းတို့အား သားသမီးကဲ့သို့ သဘောထား ဆက်ဆံသင့်သည်ဟု 'ဝမ်' က ဆိုသည်။ အလုပ်သမား ဆန္ဒပြမှုများ၊ အလုပ်ခွင်နှင့် ဆက်စပ်သည့် မိမိကိုယ်မိမိ သေကြောင်းကြံမှုများ ဖြစ်ပွားလာခြင်းကြောင့် 'ဝမ်' ၏ မှတ်ချက်များ ထွက်ပေါ်လာခြင်း ဖြစ်သည်။

လက်ရှိ နှစ်များအတွင်း ကျေးလက်တောပိုင်းမှ မြို့ကြီးများသို့ ရွှေ့ပြောင်းလာသော အလုပ်သမားများ သန်း ၂ဝဝ ခန့်အထိ တိုးပွားလာသည်။

သို့သော်လည်း ၎င်းတို့အား နေထိုင်ခွင့် ပါမစ်ပေးရေး အတွက် လုပ်ထုံးလုပ်နည်း စနစ်ကို လျော့ပါးပေးရန် တရုတ် အစိုးရက ငြင်းဆန်ခဲ့သည်။

လုပ်ခလစာ မကျေနပ်၍ တစ်ပတ်ကြာ သပိတ်မှောက်ပြီးနောက် အလုပ်ပြန်ဆင်းကြသော ဟွန်ဒါ စက်ရုံလုပ်သားများ၏ ကိစ္စကြောင့် ဝမ်ကျားပေါင်က မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

လစာတိုးရန် ကတိမပေး

"အစိုးရနဲ့အတူ အသိုင်းအဝိုင်း အားလုံးက ဒီငယ်ရွယ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ကိုယ့်သားသမီးကို ဆက်ဆံသလိုမျိုး ဆက်ဆံကြဖို့ သင့်ပါတယ်" ဟု ဝမ်က ဆိုသည်။

ကျေးလက်ဒေသများရှိ စာသင်ကျောင်းများ၊ ဆေးရုံများ စသော ပြည်သူ ဝန်ဆောင်မှုများကို တိုးတက်အောင် ဆောင်ရွက်ပေးရန် 'ဝမ်' က ကတိပြုခဲ့ရာ ရွှေ့ပြောင်းလုပ်သားများ အနေဖြင့်​ ၎င်းတို့ ဇာတိမြို့ရွာနှင့် ပတ်သက်၍ ပူပန်မှု လျော့ပါးသွားဖွယ် ရှိသည်။

တရုတ်စက်မှုကဏ္ဍမှ စက်ရုံများတွင် အလုပ်သမား ပြဿနာများကြောင့် စိုးရိမ် ပူပန်မှုများ ကြီးထွားလာပြီး ရွှေ့ပြောင်း အလုပ်သမားများမှာ ခက်ခဲ ပင်ပန်းသော အလုပ်ခွင် အခြေအနေများ၊ လုပ်ခလစာ ထိန်းချုပ်မှုများကြောင့် စိတ်ဓာတ်ကျနေကြသည်ဟု သိရှိရသည်။

တရုတ်နိုင်ငံတွင် ဆန္ဒပြမှုများမှာ ဥပဒေအရ ခွင့်မပြုသော်လည်း ဟွန်ဒါနှင့် အခြားကုမ္ပဏီများတွင် လတ်တလော ဖြစ်ပွားခဲ့သော ဆန္ဒပြမှုများကို အစိုးရက သည်းခံခဲ့သည့် လက္ခဏာ ရှိသည်။ ယခုအချိန်အထိ ဖြစ်ခဲ့သော ပြဿနာများမှာလည်း အလျင်အမြန် ကျေအေး ပြီးဆုံးကာ ငြိမ်သက်သွားခဲ့သည်ဟု ရှန်ဟိုင်းမှ BBC သတင်းထောက် Chris Hogg က ပြောကြားသည်။

လွန်ခဲ့သည့် ၅ လအတွင်း သတင်း နည်းပညာ IT ပစ္စည်း ထုတ်လုပ်သူ Foxconn ကုမ္ပဏီမှ တရုတ် ဝန်ထမ်း ၁၀ ဦး မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြပြီး ၃ ဦးထက်မနည်း သေကြောင်း ကြံစည်ရန် ကြိုးစားခဲ့ကြသည်။

ကမ္ဘာ့အကြီးဆုံး ကွန်ပြူတာ အစိတ်အပိုင်း ထုတ်လုပ်သူ Foxconn သည် Apple ၊ Nokia နှင့် Dell စသော ကမ္ဘာကျော် ကုမ္ပဏီများသို့ ပစ္စည်းတင်သွင်းသည့် ကုမ္ပဏီ ဖြစ်သည်။

ကျေးလက်ဒေသများမှ မြို့ကြီးများသို့ လာ၍ အလုပ်လုပ်သော လစာနည်း အလုပ်သမားများအား ဝန်ကြီးချုပ် 'ဝမ်' က ယခုကဲ့သို့ ထောက်ခံ ပြောကြားခြင်းသည် ယခင်က ထုံးစံ မရှိခဲ့ဟု BBC သတင်းထောက်က ဆိုသည်။

သို့ရာတွင် လတ်တလော မငြိမ်သက်မှုများကို ဆက်စပ် သုံးသပ်မည် ဆိုပါက ဝန်ကြီးချုပ် 'ဝမ်' ၏ မှတ်ချက်များသည် အထက်ပါ ဖြစ်ရပ်များ ငြိမ်သက် အေးဆေးသွားစေရန် တရုတ်နိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုဟု ယူဆရမည့် လက္ခဏာ ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆန္ဒပြ အလုပ်သမား အုပ်စုများစွာ၏ တူညီသော တင်ပြမှု ဖြစ်သည့် လုပ်ခ လစာ နည်းပါးမှုကိုမူ 'ဝမ်' က ဖြေရှင်းခဲ့ခြင်း မရှိပါ။

မည်သို့ပင် ဖြစ်စေ၊ ရွှေ့ပြောင်း လုပ်သားများ၏ လိုအပ်ချက်များကို အထူး အာရုံစိုက်ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များအား အချက်ပြ သတိပေးလိုက်ပြီ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံမှတစ်ဆင့် ဖြတ်သန်းသွားပြီး ဘင်္ဂလားဒေ့ရှ်သို့ ဖောက်လုပ်မည့် ဘင်္ဂလားဒေ့ရှ် အစိုးရ၏ လမ်းဆက်သွယ် ဖောက်လုပ်ရေး အဆိုပြုလွှာကို တရုတ်အစိုးရက သဘော တူညီလိုက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဒုတိယသမ္မတ Xi Jinping ၏ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ပြီးဆုံးပြီးနောက် ဝန်ကြီးချုပ် Sheikh Hasina က အဆိုပါ လမ်းဖောက်လုပ်ရေး လုပ်ငန်း အပြီးသတ် ဆောင်ရွက်ရန် တရုတ်အစိုးရက သဘော တူညီလိုက်ကြောင်း ထုတ်ဖော် ကြေညာသည်။

ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရ၏ ငွေကြေး စိုက်ထုတ်မှုဖြင့် ဖောက်လုပ်မည့် အဆိုပါ ဘင်္ဂလားဒေ့ရှ် - မြန်မာ လမ်းမ စီမံကိန်းအတွက် ဒီဇိုင်း ရေးဆွဲမှုများ ပြုလုပ်လျက် ရှိကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပါလီမန်သို့ ပြောကြားသည်။ လမ်းဖောက်လုပ်ရေး စီမံကိန်းကို အပိုင်း နှစ်ပိုင်း ခွဲကာ အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သူမက ဆိုသည်။

ပထမ တစ်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ Ramuမြို့ မှ Gudum မြို့သို့ ဖောက်လုပ်မည် ဖြစ်ကြောင်း ဒုတိယ အပိုင်းမှာ ကီလိုမီတာ ၂၃ ရှည်လျားပြီး မြန်မာနိုင်ငံတွင် Taungbro မှ Bolibazar သို့ ဖောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

ဒါကာ အစိုးရသည် ယခုအခါ ဘင်္ဂလားဒေ့ရှ် ပြည်သူများ၏ အကျိုးစီးပွားအတွက် တရုတ်နိုင်ငံ အပါအဝင် အရှေ့တောင် အာရှ (အာဆီယံ) နိုင်ငံများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ ချိတ်ဆက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းလျက် ရှိကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောသည်။

"အဆိုပြုထားတဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်ပြီးတာနဲ့ တစ်ပြိုင်နက်တည်း အကျိုး ဖြစ်ထွန်းမှုတွေ ဖြစ်စေမယ်။ မော်တော်ကားလမ်းတွေနဲ့ ရထားလမ်း ဆက်သွယ်ရေး ကွန်ယက်တွေ အာဆီယံနိုင်ငံတွေ အကြား ထွက်ပေါ်လာမှာ ဖြစ်ပါတယ်" ဟု Sheikh Hasina က ပြောကြားသည်။

တရုတ် အပါအဝင် အခြားသော အရှေ့တောင် အာရှ နိုင်ငံများနှင့် ပူးပေါင်းပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာ လုပ်ငန်းများကို အပြန်အလှန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု သူမက ဖြည့်စွက် ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ် အမျိုးသမီး ဝန်ကြီးချုပ် Sheikh Hasina သည် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလတွင် အာဏာ ပြန်လည်ရရှိခဲ့သည်။ သူမသည် ထိုအချိန်မှ စကာ အိန္ဒိယ၊ တရုတ်နှင့် အခြား တောင်အာရှ နိုင်ငံများ ဖြစ်သော နီပေါ၊ ဘူတန် စသည့်နိုင်ငံတို့နှင့် ကုန်သွယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ကားနှင့် ရထားလမ်းများ ချိတ်ဆက် ဖောက်လုပ်ရန် ကြိုးပမ်းလျက် ရှိသည်။

ယခု ကားလမ်း ဖောက်လုပ်ပြီးသွားပါက ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနိုင်ငံမှ တစ်ဆင့် ကုန်သွယ်မှု ပြုလုပ်နိုင်မည် ဖြစ်သည်။ လမ်းဖောက်လုပ်ရေး ဒုတိယအပိုင်း ဖြစ်သည့် Bolibazar နှင့် Kyanktow လမ်းပိုင်းကို မြန်မာအစိုးရက ဖောက်လုပ်မည် ဖြစ်သည်။ Kyanktow နှင့် တရုတ်နိုင်ငံ ကူမင်းမြို့အကြား လမ်းပန်း ဆက်သွယ်မှု ရှိကြောင်း ဝန်ကြီးချုပ် Hasina က ဆိုသည်။

Xinhua သတင်းကို ဘာာသာပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 16th June 2010

ဗုဒ္ဓဟူးနေ့က ရာသီဥတု ဆိုးဝါးမှုကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် စစ်ဖက် ရဟတ်ယာဉ် တစ်စင်း ပျက်ကျခဲ့ရာ ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည် ဟု သက်ဆိုင်ရာ အရာရှိများက ပြောကြားသည်။

Mi-1 အမျိုးအစား စစ်ဖက် ရဟတ်ယာဉ်သည် ရှမ်းပြည်နယ် အနောက်ပိုင်း ပင်းတယမြို့အနီး တောအုပ်ထဲသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

လိုက်ပါလာသူ လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ တစ်ဦးကို အနီးမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ရဟတ်ယာဉ် ပျက်ကျမှု အတွက် ရာသီဥတု ဆိုးဝါးမှုကိုသာ အပြစ်တင်ရမည် ဖြစ်ကြောင်း နောက်ထပ် စစ်ဖက် အရာရှိ တစ်ဦးက ပြောကြားခဲ့သော်လည်း သေဆုံးသူများ၏ ကိုယ်ရေး အချက်အလက် အသေးစိတ်ကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိပါ။

လျှို့ဝှက်တတ်သော မြန်မာ စစ်ဗိုလ်ချုပ်များသည် ၎င်းတို့၏ စစ်ဖက် စစ်ဆင်ရေးနှင့် ပတ်သက်သော အကြောင်းအရာများကို ထုတ်ဖော် ပြောဆိုမှု မရှိသလောက် နည်းပါးလှသော်လည်း ၂၀၀၉ ဒီဇင်ဘာလက  လေယာဉ်မောင်း ပိုင်းလော့ တစ်ဦး သေဆုံးခဲ့သည့် တရုတ်နိုင်ငံလုပ် ဂျက်တိုက်လေယာဉ် မတော်တဆ ပျက်ကျမှုကိုမူ နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Dominion Post, By Tom Hunt, 16th June 2010

မြန်မာ စစ်အစိုးရ ရေတပ်မှ Captain တစ်ဦးသည် Auckland လုံခြုံရေး ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ ရေတပ်မှ အရာရှိကြီး တစ်ဦး လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ အဖြစ်အပျက်များကို စောင့်ကြည့်နေသော အတိုက်အခံ နိုင်ငံရေးသမား နှစ်ဦးကို အံ့သြစေခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် အဆိုပါ ကိစ္စကို လုံးဝ သိရှိခြင်း မရှိဘဲ နိုင်ငံခြားရေး ဝန်ကြီး Murray McCully က တရားဝင် သတင်းအက် ဥပဒေ အရ The Dominion Post သို့ ထုတ်ပြန်သော စာများ ထွက်ပေါ်လာမှ သိရှိရခြင်း ဖြစ်သည်။

သို့သော် McCully က ပြောကြားရာတွင် ကွန်ဖရင့်မှာ လူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြောင်း ဆိုသည်။

အဆိုပါ ကိစ္စအား ဖော်ပြခဲ့မှုသည် နယူးဇီလန် အပေါ် နိုင်ငံတကာ၏ ထင်မြင်ချက်နှင့် ပတ်သက်၍ အန္တရာယ်များကြောင်း မီးမောင်း ထိုးပြလိုက်သလို ဖြစ်သည်။ အဆိုပါ စာများတွင် အခြား အသေးစိတ်များကို ဖော်ပြခြင်း မရှိပေ။

အဆိုပါ ကွန်ဖရင့်သည် ဒေသတွင်း စွမ်းဆောင်ရည် တိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ရေးကို အလေးထား ဆွေးနွေးခဲ့သည်။

Green Party နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Keith Locke က ပြောကြားရာတွင် နယူးဇီလန် အစိုးရသည် လူသားချင်း မစာနာသော ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲခြင်း ခံရသော မြန်မာ စစ်အစိုးရကို ထိရောက်သော ဆုလာဒ်များ ပေးနေသကဲ့သို့ ဖြစ်သည်ဟု ဆိုသည်။ နယူးဇီလန် အစိုးရသည် အနောက်ကမ္ဘာတွင် မြန်မာနိုင်ငံအား အရေးယူမှု အားအနည်းဆုံး နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ပြီး အတိုက်အခံများကို နှိပ်ကွပ်နေသော အစိုးရ ဖြစ်သည်။

တိုင်းပြည်တွင် ဒီမိုကရေစီ နည်းကျကျ ရွေးချယ်တင်မြှောက် ခံထားရသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း လွန်ခဲ့သော အနှစ်နှစ်ဆယ် အတွင်း အချိန်အတော် များများ နေအိမ်အကျယ်ချုပ် ချထားခြင်း ခံနေရသည်။

လေဘာ ပါလီမန် အဖွဲ့ဝင် Maryan Street က မြန်မာနိုင်ငံမှ ဤမျှ ရာထူးကြီးကြီး လာရောက်သည်ကို အံ့သြကြောင်း ဆိုသည်။

ယခုလတွင် ပါလီမန်သည် တညီတညွတ်တည်း မဲပေး၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများ ပြန်လည် ပေးအပ်ရန်နှင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန် စစ်အစိုးရသို့ တောင်းဆိုခဲ့ကြသည်။

McCully ၏ ရုံးသည် မတ်လ ၂၉ မှ ၃၁ ထိ ကျင်းပသော March Asean Regional Forum International Meeting ၏ ရေကြောင်းဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရေတပ်မှ Captain နေဝင်း တက်ရောက်ကြောင်း အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာန အာဆီယံရေးရာ ဌာနမှ ဒါရိုက်တာ ဦးဝေလွင်သန်းနှင့် ပို့ဆောင်ရေးမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေတို့လည်း တက်ရောက်ရန် စီစဉ်ပြီးကာမှ အကြောင်းပြချက် မပေးဘဲ မတက်ရောက် ဖြစ်ခဲ့ပေ။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ကိုကိုက ပြောကြားရာတွင် နယူးဇီလန် အစိုးရသည် မြန်မာနိုင်ငံ၏ ပါဝင် တက်ရောက်မှုကို တားဆီးသင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပါဝင် တက်ရောက်မှုသည် မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ပြုလုပ်နိုင်ရေး အတွက် ထောက်ခံလိုက်သကဲ့သို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

"နယူးဇီလန် အစိုးရဟာ ဒီလို အာဏာရှင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က စစ်ရာဇဝတ်မှုနဲ့ လူသားချင်း မစာနာတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ အရေးယူဖို့ တောင်းဆိုထားတဲ့ အစိုးရ ဖြစ်နေလို့ပါပဲ" ဟု ဆိုသည်။

သတင်း၏ အရေးကြီးသော အပိုင်းများကို McCully က ပြောဆိုရန် ငြင်းဆိုခဲ့သည်။ အဆိုပါ သတင်း ထုတ်ပြန်မှုကြောင့် နယူးဇီလန်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အရိပ်မည်း ထိုးနိုင်ကြောင်း၊ နယူးဇီလန်နှင့် လျှို့ဝှက်သတင်း ဖလှယ်မည့် နိုင်ငံ အတွက်လည်း အထင်မှားနိုင်ကြောင်း McCully က ပြောသည်။

"မြန်မာနိုင်ငံဟာ ASEAN ဒေသတွင်း ဖိုရမ်ရဲ့ အဖွဲ့ဝင် ဖြစ်တာနဲ့အညီ၊ ဒီလို အစည်းအဝေးကို တက်ရမယ့် အခွင့်အရေး ရှိပါတယ်။ နယူးဇီလန်ကလည်း အိမ်ရှင် ဖြစ်တာနဲ့ ဘယ်အဖွဲ့ဝင်ကို ဖိတ်မယ်၊ မဖိတ်ဘူး ရွေးချယ်ပိုင်ခွင့် မရှိပါဘူး" ဟု McCully ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။

"ဒါ့ကြောင့် နယူးဇီလန် အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အတွက် စိုးရိမ် ပူပန်ရမှုတွေကို နောက်ထားလို့ ဒေသတွင်း အကျိုးစီးပွားကိုသာ ဦးစားပေး စဉ်းစားဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

Captain နေဝင်းအား နယူးဇီလန်သို့ ဝင်ခွင့်ပြုခြင်း အတွက် အခြား လူဝင်မှု ကြီးကြပ်ရေးမှ အခြား ကန့်သတ်မှုများ မရှိခဲ့ပေ။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်သည့် Partners Relief and Development New Zealand မှ ဒါရိုက်တာ ဖြစ်သူ Ruth Corlett က ပြောကြားရာတွင် စစ်အစိုးရ အပေါ် နယူးဇီလန်၏ အရေးယူမှုများ မရှိသောကြောင့် မြန်မာ အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစံများကို ဗြောင်ကျကျ မလေးစား မလိုက်နာမှုအား သဘောတူသယောင် ဖြစ်ခဲ့ရကြောင်း ဆိုသည်။

"အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂတို့က စစ်အစိုးရ အပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ပိတ်ဆို့မှုတွေ လုပ်နေပေမယ့်၊ နယူးဇီလန်ကတော့ အေးအေးထိုင်နေတာ တွေ့ရတာပါပဲ" ဟု သူမက ဆိုသည်။

ပြီးခဲ့သည့် မတ်လက The Dominion Post သည် မြန်မာနိုင်ငံမှ အစိုးရ အရာရှိ သုံးဦးအား နယူးဇီလန်တွင် အင်္ဂလိပ်စာ သင်ကြားရန် Kiwi မှ ထောက်ပံ့ကြေးပေးသည့် ကိစ္စအား ဖော်ထုတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.