Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာအောင် အားပေး အားမြှောက် ပြုလုပ်ပေးသင့်ကြောင်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းလိုက်သည်။ နယူးဒေလီ အစိုးရသည် အရှေ့တောင် အာရှ ဒေသနိုင်ငံ ဖြစ်သော မြန်မာတွင် အရေးပါသော အခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်သူ တစ်ဦး ဖြစ်သည်ဟု အမေရိကန် အစိုးရက မှတ်ချက်ပြု ပြောဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးကိစ္စနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံက ပါဝင် ဆွေးနွေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ စကား ပြောဆိုထားပြီးပါပြီ။ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆို ဆက်ဆံတဲ့ နေရာမှာ အိန္ဒိယနိုင်ငံဟာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိတယ် ဆိုတဲ့ အချက်ကို အိန္ဒိယက အဆွေတော်တွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ပြောဆိုထားပြီးပါပြီ" ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သတင်းထောက်များကို ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း အိန္ဒိယနိုင်ငံ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ မေးမြန်းသော မေးခွန်းအပေါ် မစ္စတာ Kurt Campbell က တုံ့ပြန် ပြောဆိုရာတွင် အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တာဝန်ယူမှုများ ပိုမို ပြုလုပ်လာနိုင်ရေး အစရှိသည်တို့ ဖြစ်ပေါ်ရန် မြန်မာနိုင်ငံမှ ဆွေးနွေး ညှိနှိုင်းသူများကို အားပေး အားမြှောက် ပြုလုပ်ပေးရန် တိုက်တွန်း ပြောဆိုထားသည်ဟု ဆိုသည်။

အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်း မြန်မာနိုင်ငံ အပေါ် ထားရှိသည့် မဟာဗျူဟာ အကျိုးစီးပွားကို အမေရိကန် ပြည်ထောင်စုက သတိရှိစွာဖြင့် အလေးထား ရှိခဲ့ပါကြောင်း၊ သို့သော် မိမိတို့ အနေဖြင့် မြန်မာနိုင်ငံ စစ်အစိုးရ ခေါင်းဆောင်များ ပို၍ တာဝန်ရှိသော ရွေးချယ်မှုများ ပြုလုပ်လာရေးအတွက် အရှေ့တောင် အာရှဒေသမှ နိုင်ငံများ အားလုံးနှင့် အနီးကပ် လုပ်ကိုင် ဆောင်ရွက်လိုပါကြောင်း မစ္စတာ Kurt Campbell က ဆိုသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယက ကြားဝင် ဆွေးနွေး ညှိနှိုင်းပေးတဲ့ သူတွေ အနေနဲ့ ပိုပြီး တက်ကြွတဲ့ အခန်းကဏ္ဍကနေ ပါဝင် လုပ်ကိုင်ပေးဖို့နဲ့ နှစ်ကာလ အတော်ကြာ အဲလို အဆင့်မျိုး ရောက်အောင် လုပ်ကိုင်ခဲ့တယ် ဆိုတဲ့ အချက်ကို သူတို့နဲ့ ပြောဆိုထားပါတယ်" ဟု မစ္စတာ Kurt Campbell က ပြောသည်။

မစ္စတာ Kurt Campbell သည် ယခုနှစ် အစောပိုင်း ကာလတွင် အိန္ဒိယ နိုင်ငံသို့ သွားရောက်ပြီး မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ၏ အရှေ့မျှော် မူဝါဒ (Look East Policy) နှင့် ပတ်သက်၍ အစိုးရ အရာရှိကြီးများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည်။

မစ္စတာ Kurt Campbell ၏ အဆိုအရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ယခု ရက်သတ္တပတ် အတွင်း ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၌ ကျင်းပမည့် အာဆီယံ ဒေသတွင်း ဖိုရမ်သို့ တက်ရောက်ပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး SM Krishna နှင့် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။ ယင်း ဆွေးနွေးပွဲသို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှ အရေးပါသော နိုင်ငံများ အပါအဝင် အာရှ ဒေသတွင်း အင်အားကြီး နိုင်ငံကြီးများ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် အပြင် သြစတြေးလျနှင့် နယူးဇီလန်တို့လည်း တက်ရောက်မည် ဖြစ်သည်။

"အဲဒီ ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့ အချိန်မှာ မြောက်ကိုရီးယား အရေးကိစ္စ၊ အရှေ့တောင် အာရှဒေသတွင်း လုံခြုံရေးကိစ္စ၊ အာရှ ဖွဲ့စည်း တည်ဆောက်ပုံ အဆင့်ဆင့် အပြောင်းအလဲမှာ အမေရိကန် ပြည်ထောင်စုရဲ့ အခန်းကဏ္ဍ အစရှိတာတွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ ကွဲကွဲပြားပြား ဆွေးနွေး နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ကြိုတင် မျှော်လင့်ထားပါတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

"ဗီယက်နမ် နိုင်ငံကို ရောက်နေခိုက် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် အနေနဲ့ နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးမှုတွေ အတော်များများ ပြုလုပ်ပါလိမ့်မယ်။ တရုတ်၊ အိန္ဒိယ အပါအဝင် အာဆီယံက အရေးပါတဲ့ နိုင်ငံတွေနဲ့ အပြန်အလှန် ဆွေးနွေးမှုတွေ လုပ်မှာ ဖြစ်ပါတယ်" ဟု မစ္စတာ Campbell က ပြောသည်။

PTI သတင်းဌာနမှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB, 15th July 2010

ယခင်လထုတ် Foreign Policy မဂ္ဂဇင်းက မြန်မာ အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ရောဘတ် မူဂါဘီနှင့် ကင်ဂျုံအီးတို့၏ နောက်တွင် ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင် အဖြစ် အဆင့် သတ်မှတ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ မှစ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ပြီး၊ နိုင်ငံရေး အတိုက်အခံများကို ဖယ်ရှားရန်နှင့် တစ်ခါက ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းရင်းသား အုပ်စုများကို စစ်အစိုးရ၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်သို့ သိမ်းသွင်းရန် စီမံကိန်း ချ၍ လုပ်ဆောင်ခဲ့သည်။

လူသားမျိုးနွယ် အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ရုံးတင် စစ်ဆေးရန် တောင်းဆိုသည့် အသံများ ကျယ်လောင်လာသော်လည်း ဗိုလ်ချုပ်မှူးကြီးကမူ ယခုနှစ်ကုန် ရွေးကောက်ပွဲများ ပြီးလျှင် ကန့်လန့်ကာ နောက်ကွယ်မှ နေ၍ တိုင်းပြည်ကို အာဏာဖြင့် ထိန်းကျောင်းရန် စီစဉ်နေပုံ ရသည်။ "Than Shwe: Unmasking Burma Tyrant" အတ္ထုပ္ပတ္တိသစ်ကို ရေးသားသူ Christian Solidarity World Wide မှ Benedict Rogers က "အကြောင်း အချက်ပေါင်း များစွာသည် အမှန်တကယ်၌ ဇင်ဘာတွေ၏ ရက်စက်သော မူဂါဘီထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပိုမို ဆိုးဝါးကြောင်းကို ပြသနေသည်" ဟု DVB သို့ ပြောကြားလိုက်သည်။

မေး     ။ ခင်ဗျား သန်းရွှေနဲ့ မဆုံဘူးဘဲနဲ့ ဒီလိုမျိုး အတ္ထုပ္ပတ္တိကို ဘယ်လိုများ ရေးခဲ့တာလဲ။

ဖြေ     ။ ဟုတ်ပါတယ်။ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ။ ကျွန်တော့်မှာ စိန်ခေါ်မှုတွေ အများကြီး ရှိခဲ့တာ အထင်အရှားပါပဲ။ သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေ ရှာဖွေရတာ အကန့်အသတ် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော့်ကို အများကြီး ကူညီခဲ့တဲ့ အဓိက ဇစ်မြစ် ၃ ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မာ စစ်တပ်ကို စွန့်ခွာလာတဲ့ တပ်ပြေးတွေပါ။ တချို့က သူ့ဘဝ တလျှောက် ဖြတ်သန်းမှု အမျိုးမျိုးကို သိထားသူတွေ ဖြစ်လို့ သူ့ရဲ့ အတွင်းကျကျ ဇာတ်လမ်းတွေ အများကြီးကို ကျွန်တော့်ကို မျှဝေကြတယ်လေ။ ဒုတိယ တစ်ချက် အနေနဲ့ နိုင်ငံတကာ သံတမန်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ဟောင်းတွေ၊ ကုလသမဂ္ဂ အထူး အရာရှိဟောင်း Razali Ismail နဲ့ ကုလသမဂ္ဂ အရာရှိတွေ အများကြီးကို အင်တာဗျူးခဲ့တာပါ။ တတိယ တစ်ချက်ကတော့ မြန်မာ အစိုးရ ဆန့်ကျင်သူတွေ၊ နိုင်ငံရေးသမားတွေ ဆီကနေ အကူအညီ အများကြီး ရခဲ့တာပါ။ သူတို့ဟာ ဗိုလ်ချုပ်မှူးကြီးနဲ့ ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းပေမယ့် မျှဝေစရာ သတင်းတွေ အများကြီး ရှိကြတယ်လေ။ ဒါကြောင့် တပ်ပြေးတွေ၊ သံတမန်တွေနဲ့ အစိုးရ ဆန့်ကျင်သူတွေဆီကနေ ကျွန်တော် အကူအညီ ရခဲ့ပါတယ်။ သူတို့က ကျွန်တော့်ရဲ့ အဓိက သတင်းရင်းမြစ်တွေပါ။

မေး     ။ ခင်ဗျား လေ့လာရေး သွားခဲ့တဲ့ နေရာတွေ အကြောင်း ပြောပါဦး။

ဖြေ     ။ ကျွန်တော့်ရဲ့ အလုပ်ဖြစ်တဲ့ Christian Solidarity Worldwide ရဲ့ တာဝန် အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားခဲ့ရပါတယ်။ မြန်မာနိုင်ငံကိုလည်း တစ်နည်းနည်းနဲ့ ပုံမှန် ရောက်လေ့ ရှိပါတယ်။ ဒီစာအုပ် အတွက် သုတေသန လုပ်တဲ့ အနေနဲ့ ကွဲပြားတဲ့ နယ်စပ်ဒေသတွေကို သွားခဲ့ပါတယ်။ ထိုင်းနယ်စပ်၊ အိန္ဒိယ နယ်စပ်၊ တရုတ် နယ်စပ်တွေ ဆီကိုပေါ့။ ပြီးတော့ ရန်ကုန်ကိုလည်း သွားခဲ့တယ်။ နေပြည်တော်ကို တစ်ရက် ခရီးသွားခဲ့လို့ ကြည့်ရှု လေ့လာဖို့ အခွင့်အလမ်း ရခဲ့ပါတယ်။ ဒါ့အပြင် လူတွေနဲ့ အင်တာဗျူး လုပ်ဖို့ တခြား နေရာတွေကိုလည်း သွားခဲ့ပါတယ်။ မလေးရှားမှာ၊ ထိုင်းမှာ၊ ဂျပန်မှာ၊ အမေရိကန် ပြည်ထောင်စုမှာ၊ ဗြိတိန်မှာ လူတော်တော်များများနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ ဒီစာအုပ်ရေးဖို့ တစ်နှစ်ကျော်လောက် အချိန်ယူခဲ့ရတယ်။ အသေအချာ ပြောရရင် ၁၄ လ၊ ၁၅ လ လောက် ရှိမှာပေါ့။

မေး     ။ တကယ်လို့များ သန်းရွှေနဲ့ တွေ့ဖို့ အခွင့်အရေး ရမယ်ဆိုရင် ဘာမေးမှာလဲ။

ဖြေ     ။ တကယ်လို့ သူ့ကို မေးခွန်းတစ်ခု မေးဖို့ အခွင့်အရေး ရမယ်ဆိုရင် "ဘာကြောင့်များ အစိုးရကို ဦးဆောင်ပြီး ကိုယ့်ပြည်သူတွေ အပေါ်မှာ ဒီလောက် များပြားတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတာလဲ" လို့ ကျွန်တော် သူ့ကို မေးမှာပါ။ စစ်ပွဲ လက်နက် အဖြစ် မုဒိန်းမှု ကျူးလွန်တာ၊ အဓမ္မ ခိုင်းစေတာ၊ နှိပ်စက် ညှင်းပန်းတာ၊ ကလေး စစ်သားတွေ အသုံးပြုတာ၊ ရွာတွေကို ဖျက်ဆီးတာ စသဖြင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တသီကြီးဟာ ကမ်းကုန်နေပြီ ဖြစ်တာကြောင့် ဗိုလ်ချုပ်မှူးကြီးရဲ့ အပြစ်ရှိမှုဟာ ကြီးမားလွန်းပါတယ်။ ဒါ့ကြောင့် လူသား တစ်ယောက် အနေနဲ့ သူ့ကို ကျွန်တော် မေးမယ့် မေးခွန်းက "ဒါနဲ့ ပတ်သက်လို့ ဘယ်လို ခံစားရသလဲ။ ဘာကြောင့် လူသားတွေ အပေါ်ကို ရာဇဝတ်မှုတွေ ဆက်ပြီး ကျူးလွန်နေသလဲ။ နိုင်ငံ ခေါင်းဆောင် တစ်ယောက် ဖြစ်ရမယ့် အစား စစ်ရာဇဝတ်ကောင် တစ်ယောက်လို့ မြင်ကြအောင် ကိုယ့်ကိုကိုယ် ခွင့်ပြုမှာလား" အစရှိသဖြင့် မေးခွန်းတွေပေါ့။

မေး     ။ ဒီအာဏာရှင်ရဲ့ အားသာမှု အများဆုံး အချက်၊ အားအနည်းဆုံး အချက်၊ အရက်စက်ဆုံး အချက်က ဘာတွေ ဖြစ်မလဲ။

ဖြေ     ။ ကျွန်တော့် အထင် ပြောရရင် သူဟာ ပြည်သူတွေကို ကြိုးကိုင် ချယ်လှယ်၊ လွှမ်းမိုးတဲ့ နေရာမှာ၊ သွေးကွဲအောင် လုပ်တဲ့ နေရမှာ အလွန့်အလွန် ကျွမ်းကျင်ပါတယ်။ သွေးခွဲပြီး အုပ်ချုပ်တာဟာ သူ့ရဲ့ မဟာစွမ်းအားပါပဲ။ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း လမ်းလွဲစေပါတယ်။ သူ့အပေါ် ကျရောက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဖိအားတွေ လျော့သွားရုံ၊ တွက်ချက်ပြီး ကတိတွေ ခဏခဏ ပေးပါတယ်။ ပြီးရင် ပေးထားတဲ့ ကတိရဲ့ အနည်းငယ်လောက်ပဲ လုပ်ပြပါတယ်။ ဒါပေမယ့် သူဟာ နိုင်ငံတကာ အသိုင်းအဝိုင်း တမျှော်မျှော်နဲ့ စောင့်ရင်း၊ အချိန်ကုန်အောင် လုပ်တဲ့ နေရာမှာ သိပ်ကျွမ်းကျင်ပါတယ်။ သူ့ရဲ့ အားနည်းချက်ကတော့ သူဟာ ဆုံးဖြတ်ချက် ပြတ်သားတဲ့ လူမဟုတ်ဘူးလို့ လူတွေက ပြောကြပါတယ်။ သူက ဆုံးဖြတ်ချက် ချဖို့ အချိန် အကြာကြီး ယူလေ့ရှိပြီး ဆုံးဖြတ်ချက် ချတဲ့ အချိန်မှာလည်း ရက်စက် ပြင်းထန်လွန်းတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်လေ့ ရှိပါတယ်။ ရွှေဝါရောင် တော်လှန်ရေးကို ဥပမာ အနေနဲ့ ပြောရရင်၊ တကယ်လို့များ ဗိုလ်ချုပ်ကြီး ခင်ညွန့် ရှိနေမယ်ဆိုရင် ဆန္ဒပြပွဲတွင် ကြီးထွားမလာခင်မှာ ရက်စက်မှု အနည်းဆုံး၊ သွေးစွန်းမှု အနည်းဆုံးနဲ့ အမြန်ဆုံး နှိမ်နင်းနိုင်မှာ ဖြစ်ပြီး၊ အခုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆန္ဒပြပွဲတွေ ကြီးမားလာအောင် ကြီးထွားခွင့် ပေးခဲ့ပြီးမှ အစွန်းရောက် ရက်စက်မှုများနဲ့ ဖြိုခွဲခဲ့တာကို တွေ့ရပါတယ်လို့ ပြည်သူတွေက ပြောကြပါတယ်။

ဒါဟာ အတိုက်အခံတွေကို ရှင်းလင်းဖို့ အတွက် စေ့စပ် သတိထားတဲ့ နည်းလမ်း တစ်ခုလို့ ခင်ဗျား ပြောနိုင်ပါတယ်။ ပြီးတော့ ဘယ်သူ ထွက်ပေါ်လာပြီး ရှင်းလင်းပစ်တယ် ဆိုတာကိုလည်း တွေ့ရမှာပါ။ ဒါပေမယ့် အခုလို ဆုံးဖြတ်ချက် တစ်ခု ချဖို့ အချိန်တွေ ကြာနေတာဟာ သူ့ရဲ့ အားနည်းချက်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ သူဟာ မူလ ဗီဇ အတွေးအခေါ်သမား တစ်ယောက် မဟုတ်ပါဘူး။ အခု ရွေးကောက်ပွဲ အတွက် လုပ်နေတဲ့ အစီအစဉ်နဲ့ အခြေခံ ဥပဒေကို ကြည့်ရင် မြန်မာ့ ပထမဆုံး အာဏာရှင် ဦးနေဝင်း ၁၉၇၀ တုန်းက လုပ်ခဲ့တဲ့ အတိုင်း ပြန်လုပ်နေတာကို တွေ့ရမှာပါ။ သမိုင်း တစ်ပတ် လည်တာမျိုးပေါ့။ ဒါကြောင့် ကျွန်တော်ကတော့ သူ့မှာ အကြံဥာဏ် သိပ်ကို နည်းပါးတယ်လို့ ယူဆပါတယ်။

သူ့ရဲ့ အရက်စက်ဆုံး စရိုက် လက္ခဏာကတော့၊ သူ့ရဲ့ ပြည်သူတွေ အပေါ် အကြင်နာ၊ ဂရုဏာ လုံးဝ မရှိတာကတော့ ရှင်းနေပါတယ်။ နာဂစ်စ် ဆိုင်ကလုန်း ဝင်ပြီးတဲ့နောက် သူဟာ နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီနဲ့ ကယ်ဆယ်ရေး လုပ်သားတွေကို ခွင့်ပြုဖို့ အချိန် အတန်ကြာ ငြင်းဆန်နေခဲ့တာကို မှတ်မိကြမှာပါ။ တကယ်လို့သာ သူဟာ ဒီဘဝ အန္တရာယ်ကို သနား ဂရုဏာ အပြည့်အဝနဲ့ တုန့်ပြန် ဆောင်ရွက်ခဲ့မယ်ဆိုရင် အသက်ပေါင်း များစွာကို ကယ်တင်နိုင်ခဲ့မှာပါ။ ဒါ ဥပမာ တစ်ခုပါ။ ကျွန်တော်ကတော့ သူဟာ သူ့ရဲ့ ပြည်သူတွေ အပေါ်မှာ ကရုဏာ၊ အကြင်နာ လုံးဝ ကင်းမဲ့တဲ့ လူတစ်ယောက် ဖြစ်တယ်လို့ ယူဆပါတယ်။

မေး     ။ သန်းရွှေကို ဘယ်လို သုံးသပ်မလဲ။

ဖြေ     ။ သူဟာ အစိုးရ အဖွဲ့ ထိပ်ဆုံး ရာထူးကို ယူထားသူ တစ်ယောက်၊ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ထားသူ တစ်ယောက်၊ ပြီးတော့ အာဏာကို နည်းလမ်း ပေါင်းစုံနဲ့ ချုပ်ကိုင်ထားသူ တစ်ယောက်လို့ ကျွန်တော် ယူဆပါတယ်။ ဒါ့အပြင် သဘောထား ကွဲလွဲ ဆန့်ကျင်မှုတွေကို လုံးဝ သည်းမခံတဲ့ လူတယောက်၊ ဆန့်ကျင်သူတွေကို ကြိတ်ချေပစ်တဲ့ နေရာမှာ၊ ပြိုင်ဖက်တွေကို ဖယ်ရှားပစ်တဲ့ နေရာမှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ စစ်သား ဘဝ သက်တမ်းမှာ ကြိုးစားခဲ့တာမျိုးလည်း မရှိပါဘူး။ သူဟာ ရိုးရိုးတန်းတန်း သာမန် အရာရှိ တစ်ယောက်သာ ဖြစ်ခဲ့ပါတယ်။ ထူးချွန် ထက်မြက်တဲ့ စစ်သားတစ်ယောက် အဖြစ် လူသိများခဲ့ခြင်းလည်း မရှိပါ။ သူ့ရဲ့ ရည်မှန်းချက်တွေ၊ ဗီဇတွေကိုလည်း ဖုံးကွယ်ထားခဲ့ပါတယ်။ ဒီတော့ လူတွေက သူ့ကို အန္တရာယ်ကောင်လို့ မထင်ခဲ့ကြဘူးပေါ့။ သူကတော့ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ရာထူးတွေ တက်လာခဲ့ပါတယ်။ ပြီးတော့ တကယ့်ကို ထုံထုံထိုင်းထိုင်း ပုံစံမျိုးပါ။ ဒါပေမယ့်လည်း သူဟာ ထိပ်ဆုံး ရောက်တဲ့ အချိန်ကျမှ အာဏာကို နည်းပေါင်းစုံနဲ့ ချုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတာကို ပြသခဲ့ပါတယ်။

မေး     ။ Foreign Policy မဂ္ဂဇင်းက သန်းရွှေကို ကမ္ဘာ့ တတိယ အဆိုးဆုံး အာဏာရှင်လို့ သတ်မှတ်တာကို ခင်ဗျား သဘောတူပါသလား။

ဖြေ     ။ သဘောတူတာပေါ့ဗျာ။ ဒုတိယနဲ့ တတိယ နေရာ အတွက် သန်းရွှေနဲ့ မူဂါဘီတို့ အကြား ယှဉ်ပြိုင်မှုဟာ မတိမ်းမယိမ်း ရှိနေတယ်လို့ ကျွန်တော် အမှန်တကယ် ယူဆတယ်။ ကင်ဂျုံအီးကတော့ အဆိုးဆုံး ဖြစ်လို့ နံပါတ်တစ် နေရာ အတွက် သံသယ ရှိစရာ မလိုပါဘူး။ ဒါပေမယ့် သန်းရွှေဟာ တချို့နေရာတွေမှာ မူဂါဘီထက် ပိုဆိုးတယ်လို့ ကျွန်တော် ယူဆတယ်။ ဘာကြောင့်လဲဆိုရင် အနည်းဆုံးတော့ မူဂါဘီဟာ ဇင်ဘာဘွေ အတိုက်အခံ ဒီမိုကရေစီ သမားတွေနဲ့ သဘော တူညီမှု အချို့ ပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ချို့ယွင်းချက် များလွန်းတဲ့ သဘော တူညီချက် ဖြစ်ပြီး မူဂါဘီဟာ အာဏာရှင် အဖြစ် ရက်စက်မှုတွေကို ဆက်လက် ပြသခဲ့ပေမဲ့ အနည်းဆုံးတော့ ဇင်ဘာဘွေ အစိုးရထဲမှာ အတိုက်အခံ အုပ်စုတွေကို အထိုက်အလျှောက် ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ သန်းရွှေကတော့ အတိုက်အခံတွေကို အပြည့်အဝ သုတ်သင် ဖယ်ရှားဖို့ ကြိုးစားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ဖမ်းဆီးထားပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အမြင်ကို ပြောရရင် သန်းရွှေဟာ ဒုတိယ နေရာ အတွက် မူဂါဘီကို အနိုင်ယူနိုင်တယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ဒုတိယ နေရာ (သို့) တတိယ နေရာနဲ့ ထိုက်တန်သူ တစ်ဦးပါ။

မေး     ။ တကယ်လို့ သန်းရွှေ အနားယူမယ်ဆိုရင် အစိုးရ တစ်ဖွဲ့လုံး သူနဲ့အတူ အနားယူမှာလား။

ဖြေ     ။ မဖြစ်နိုင်ပါဘူး။ သန်းရွှေ တကယ်လို့ ဆင်းသွားရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ယူဆမယ်ဆိုရင် အမှားကြီး မှားပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် တခြား စစ်ဗိုလ်ချုပ်တွေကလည်း အလွန် ရက်စက် ကြမ်းကြုတ်ပြီး သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေကို ကာကွယ်လို့ စိတ်ပြင်းပြ နေတယ်ဆိုတာ အရမ်း သိသာပါတယ်။ ဒါကြောင့် ရက်စက်တဲ့ အာဏာရှင် သန်းရွှေလိုပဲ ရက်စက်တဲ့ အစိုးရ အဖွဲ့ ဖြစ်တယ်လို့ ဆိုရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ သူဟာ အစိုးရ အဖွဲ့မှာ နံပါတ်တစ် ဆိုတာ သံသယ ဖြစ်စရာ မလိုပါဘူး။ သူက အစိုးရ အဖွဲ့ကိုလည်း အမှန်တကယ် ထိန်းချုပ်ထားနိုင်ပါတယ်။ သူအနားယူမယ်လို့ ပြောတာဟာ ဘာဖြစ်မလဲ။ ဒီတော့ ဘယ်တုန်းကမှ စုစုစည်းစည်း အစိုးရ အဖွဲ့တစ်ခု မဟုတ်ခဲ့ဘူးလို့ ကျွန်တော် ယူဆပါတယ်။ ဒါဟာ သန်းရွှေ တစ်ယောက်ထဲရဲ့ အာဏာရှင် အုပ်ချုပ်မှုပါ။ ဒါပေမယ့် သူမရှိတော့တဲ့ အချိန်မှာ နောက်ထပ် အာဏာရှင် တစ်ယောက် မပေါ်တော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးနော်။ ဒီနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းမှု မရှိဘူးဆိုရင် အာဏာရှင် နောက်တစ်ယောက် အလွယ်တကူ ပေါ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက စစ်အုပ်ချုပ်ရေးဟာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ အလားအလာကို ထုတ်ဖော်ပေးမှာ မဟုတ်ပါဘူး။

မေး     ။ သူ့နေရာကို ဘယ်သူ ရမလဲ။

ဖြေ     ။ အင်း။ ဒီကိစ္စက လုံးလုံးလျားလျား မသဲကွဲသေးဘူးဗျ။ အစိုးရအဖွဲ့ နံပါတ်သုံး ဗိုလ်ချုပ်ကြီး ရွှေမန်းကို ဆက်ခံသူ အဖြစ် ရွေးချယ်ထားတယ်လို့ လူအများစုက ပြောနေကြပေမယ့် သူဟာ အသုံးတည့်ခဲ့သလောက် မျက်နှာသာ ပေးမခံရဘူးလို့လဲ တချို့ သတင်းတွေက ဆိုပါတယ်။ တကယ်လို့များ သန်းရွှေ မနက်ဖြန် မရှိတော့ဘူးဆိုရင် လက်ရှိ နံပါတ်နှစ် မောင်အေးက နံပါတ်တစ် ဖြစ်မယ်ဆိုတာ ရှင်းနေတယ်လို့ ကျွန်တော်ထင်တယ်။ ဒါပေမယ့် တကယ်လို့ သန်းရွှေက သူ့ရည်ရွယ်တဲ့ အတိုင်း ဆက်ခံရေး ကိစ္စကို လျှို့ဝှက် စီစဉ်နိုင်ခဲ့မယ် ဆိုရင်တော့ ဆက်ခံသူ တစ်ယောက် ရွေးချယ်ပြီး အနားယူတာမျိုး ဖြစ်နိုင်ပါတယ်။ သူနဲ့အတူ မောင်အေးပါ အနားယူဖို့ သန်းရွှေက ဆုံးဖြတ်ထားတာပါ။ ဒီတော့ သန်းရွှေသာ စီစဉ်ထားတဲ့ လမ်းအတိုင်း သွားနိုင်ခဲ့ရင် မောင်အေးဟာ ဆက်ခံသူ မဖြစ်နိုင်တော့ပါဘူး။ အဲဒီအချိန် ရောက်ရင် လူအများစု ထင်ကြသလို ရွှေမန်း ဖြစ်မလား။ ဒါမှမဟုတ် တခြားတစ်ယောက် ဖြစ်မလား ဆိုတာကတော့ လုံးဝ မသဲကွဲသေးပါဘူး။ ဒါပေမဲ့လည်း ဖြစ်နိုင်တဲ့ ဇာတ်ကွက် တစ်ခုလို့တော့ ပြောလို့ ရပါတယ်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Ttgtravelhub.net, 16th July 2010

ထိုင်းနိုင်ငံ အခြေစိုက် KR Commercial and Property ကုမ္ပဏီ၏ လုပ်ငန်းခွဲ Pearl Lagura အပန်းဖြေ လုပ်ငန်းသည် အမေရိကန် ဒေါ်လာ ၁၅ သန်း ကုန်ကျမည့် ကြယ်ငါးပွင့် ဟိုတယ် တစ်ခုကို မြန်မာနိုင်ငံ တောင်ဖက်တွင် တည်ဆောက်လျက် ရှိသည်။

၂၀၁၂ ဒီဇင်ဘာလ ၎င်းဟိုတယ် ဖွင့်လှစ်သည့် အခါ တနင်္သာရီတိုင်းတွင် အကြီးဆုံး အပန်းဖြေ ခရီးသွား စီးပွားလုပ်ငန်း ဖြစ်လာလိမ့်မည်။ မြိတ်မြို့နယ် အတွင်း တည်ရှိသော အမည် မပေးရသေးသည့် အပန်းဖြေ ဟိုတယ်ကို အပိုင်းလိုက် ဖွင့်လှစ်သွားမည် ဖြစ်သည်။ အခန်း ၆၀ ခန့်ကို ပထမ ဖွင့်လှစ်မည် ဖြစ်ကာ ဒုတိယ အဆင့် အခန်း ၄၀ ကို ဆက်လက် ဆောက်လုပ်မည် ဖြစ်ပြီး လာမည့်နှစ်တွင် စတင်မည်ဟု ဆိုသည်။

၎င်းအပန်းဖြေ ဟိုတယ်တွင် Standard, Suite နှင့် Superior Suite အခန်း သုံးမျိုး သုံးစား ပါဝင်ပြီး ညီလာခံ ခန်းမ၊ အစည်းအဝေးခန်းများ၊ စားသောက်ဆိုင်များ၊ ရေကူးကန်၊ အားကစား ခန်းမ၊ ဈေးဝယ်စင်တာနှင့် အခွန်လွတ် အရောင်းဆိုင်များလည်း ပါဝင်သည်ဟု သိရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AP, By Kwang-Tae Kim, 16th July 2010

မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန် ဦးဆောင်သော ကုလသမဂ္ဂ ညွှန်ကြားရေးမှူးရုံးနှင့် ရှားရှားပါးပါး တွေ့ဆုံစဉ်တွင် မတ်လက တောင်ကိုရီးယား စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကိုယ်ပိုင် စစ်ဆေးမှုများ ပြုလုပ်လိုကြောင်း ပြန်လည် ပြောကြားလာသည်။

နိုင်ငံတကာ စုံစမ်း စစ်ဆေးသူများသည် မေလက စစ်ဆေးမှုများ ပြီးစီးသွားရာ မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီဒိုဖြင့် ပစ်ခတ်ခြဲ့ခင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ ဆိုးလ်ကမူ ယခု တိုက်ခိုက်ခံရမှုသည် ၁၉၅၀-၅၃ ကိုရီးယား စစ်ပွဲပြီးကတည်းက အဆိုးဝါးဆုံး တိုက်ခိုက်ခံရမူ ဖြစ်ကြောင်း ပြောခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယားတို့က အဆိုပါ ကိစ္စသည် ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲ ပြီးဆုံးရန် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။ ပြုံးယမ်းက သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ တာဝန်မရှိကြောင်း ငြင်းဆိုခဲ့ပြီး၊ ၎င်းအား ပြစ်ဒဏ်ခတ်မှုများ ပြုခဲ့ပါက စစ်ပွဲ ဖြစ်စေမည် ဖြစ်ကြောင်း သတိပေးခဲ့သည်။

ပြီးခဲ့သည့် အပတ်က ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့ရာ သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ရှုတ်ချခဲ့သော်လည်း မြောက်ကိုရီးယားကို တိုက်ရိုက် အပြစ်တင်ခဲ့ခြင်း မရှိပေ။

ကြာသပတေးနေ့က နယ်စပ်ရှိ စစ်တပ် ကင်းမဲ့ဇုန်ရှိ Panmunjom ရွာတွင် မြောက်ကိုရီးယား စစ်တပ်မှ ဗိုလ်မှူးကြီး အဆင့်ရှိသူများနှင့် ကုလသမဂ္ဂ ကွပ်ကဲမှုရုံးမှ တာဝန်ရှိသူများ မိနစ် ၉၀ ကြာ တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံရာတွင် မြောက်ကိုရီးယားတို့က အခင်းဖြစ်ပွားရာ နေရာသို့ ပြုံယမ်းမှ စစ်ဆေးသူများ သွားရောက်ခွင့် ပြုရန် အလေးထား ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနက ကြာသပတေးနေ့ နှောင်းပိုင်းတွင် သတင်း ထုတ်ပြန်ခဲ့သည်။

ယခု ဗိုလ်မှူးကြီး အဆင့် ဆွေးနွေးပွဲ အောင်မြင်သည့် အထိမ်းအမှတ် အဖြစ် စစ်ဆေးရေး အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခွင့် ပြုသင့်ကြောင်း ကိုရီးယား ဗဟို သတင်းဌာန (KCNA) က ပြုံးယမ်းမှ ပြောကြားခဲ့သည်။

ဆိုးလ်ကမူ ယခုအထိ တောင်းဆိုမှုကို ပယ်ချခဲ့သည်။ ကုလသမဂ္ဂ ကွပ်ကဲမှု ဌာနကမူ အပစ်အခတ် ရပ်စဲမှုကို အလေးထားသည့် အနေဖြင့် မည်သူ ချိုးဖောက်ကြောင်း အတွက် သီးခြားစီ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် စီစဉ်ခဲ့သည်။ သို့သော် သက်သေ အထောက်အထားများကိုမူ ထုတ်ဖော်ပြခဲ့ခြင်း မရှိပါ။

နှစ်ဖက်စလုံးက ဒုတိယအကြိမ် ဗိုလ်မှူးကြီး အဆင့် တွေ့ဆုံမှုကို အဆိုပါ နေရာ၌ပင် ဇူလိုင်လ ၂၀ ရက် ဝန်းကျင်တွင် ပြုလုပ်ရန် သဘောတူခဲ့သည်ဟု KCNA က ပြောသည်။

ဝါရှင်တန်တွင် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က ပြောကြားရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် စွပ်စွဲထားချက်များနှင့် ပတ်သက်၍ နည်းလမ်း အမျိုးမျိုး စဉ်းစားလျက် ရှိသည်ဟု ဆိုသည်။

၎င်းက ဆက်လက် ပြောကြားရာတွင် မြောက်ကိုရီးယား အနေဖြင့် ရန်စသည့် အပြုအမူများ မရုတ်သိမ်း မချင်းနှင့် ယခင် နျူကလီယာ လက်နက်က ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် ကျင်းပရန် စိတ်မဝင်စားကြောင်း ပြောသည်။

တစ်ချိန်တည်းမှာပင် တရုတ်နှင့် မြောက်ကိုရီးယားတို့ ကန့်ကွက်နေသည့် ကြားမှ ပင်လယ်ဝါတွင် အမေရိကန်-တောင်ကိုရီးယား ရေတပ် လေ့ကျင့်ခန်း အစီအစဉ်ကို စီစဉ်ထားသည့် အတိုင်း မကြာမီ ပြုလုပ်မည် ဖြစ်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဒုဝန်ကြီး Chang Soo-man က ကြာသပတေးနေ့က ပြောကြားလိုက်သည်။

ရေတပ် လေ့ကျင့်ခန်း အစီအစဉ် မကြာသော ကာလတွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ သို့သော် အမေရိကန် လေယာဉ်တင် သင်္ဘောသည် အရှေ့ပင်လယ်တွင်သာ ပါဝင်မည် ဖြစ်ပြီး တရုတ် ရေပိုင်နက် အနီး ပင်လယ်ဝါတွင် ပါဝင်မည် မဟုတ်ကြောင်း Chang က နယူးယောက်တွင် ပြောကြားခဲ့သည်။

တရုတ်က အဆိုပါ ပူးတွဲ ရေတပ် လေ့ကျင့်ရေး အစီအစဉ်ကို ဆန့်ကျင်ကြောင်း ကြာသပတေးနေ့က ထပ်မံ ပြောကြားခဲ့သည်။ ထိုသို့ ပြုမူခြင်းသည် ရှိပြီးသား တင်းမာမှုကို ပိုမို ဖြစ်စေပြီး တရုတ် အကျိုးစီးပွားကိုလည်း ခြိမ်းခြောက်ခြင်း ဖြစ်ကြောင်း ပြောခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 15th July 2010

ရွှေ့ပြောင်း အလုပ်သမားများ လုပ်ငန်းခွင်တွင် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါက အစိုးရ လျော်ကြေး အစီအစဉ် ခံစား ရရှိခွင့်ကို ပိတ်ပင်ထားသည့် စည်းကမ်း ဥပဒေကို ပြင်ဆင်ပေးရန် ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးကို လူ့အခွင့်အရေး အဖွဲ့များက တောင်းဆိုခဲ့ကြသည်။

ဇူလိုင် ၁၂ ရက် နေ့စွဲပါ ပိုင်သွန်ကေသွန်ထံ အိတ်ဖွင့်ပေးစာကို နိုင်ငံတကာ အလုပ်သမား သမဂ္ဂများ၊ ဒုက္ခသည်နှင့် လူဝင်မှုဆိုင်ရာ အမေရိကန် ပြည်ထောင်စု ကော်မတီတို့ အပါအဝင် လူ့အခွင့်အရေး အုပ်စု ၁၄ ခုက လက်မှတ်ရေးထိုးကာ မြန်မာနိုင်ငံမှ ၈၀ % ပါဝင်သည့် ရွှေ့ပြောင်း အလုပ်သမားများအား "လုပ်ငန်းခွင် မတော်တဆမှု လျော်ကြေး အစီအစဉ်" တွင် ထည့်သွင်းပေးရန် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"ရွှေ့ပြောင်း အလုပ်သမားများသည် ထိုင်းနိုင်ငံ စီးပွားရေးတွင် အတွင်းကျကျ ပါဝင်နေသော်လည်း ထိုင်းအာဏာပိုင်များက ပေါ့လျော့စွာ ပစ်ပယ် ဆက်ဆံခဲ့ကြပြီး ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ် ခံစားခွင့်ကို မကြာခဏ ပိတ်ပင်ခဲ့ကြသည်ဟု လူ့အခွင့်အရေး အဖွဲ့များက ယခင်ကပင် သတိပေးခဲ့သည်။ ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမားများသည် ဆိုးဆိုးဝါးဝါး နိမ့်ကျသော အခြေအနေများထဲတွင် နေထိုင်၊ လုပ်ကိုင် နေကြရသည်" ပေးစာတွင် ဖော်ပြထားသည်။

ယခင်လက ထိုင်းရဲတပ်ဖွဲ့သည် နိုင်ငံတွင်း တရားမဝင် ရွှေ့ပြောင်း နေထိုင်သူများ အပေါ် ကြီးမားသော နှိမ်နင်းမှု ပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီ၍ ဖမ်းဆီး စုစည်းကာ ထိန်းသိမ်းရေး စခန်းများသို့ ပို့ခဲ့သည်။ ဤလှုပ်ရှားမှုသည် နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အတွက် မှတ်ပုံတင်ရန် ပျက်ကွက်သူများကို ပစ်မှတ်ထားခြင်း ဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်လာသူများကို ဖမ်းဆီး၊ တရားစွဲဆိုမည့် အစိုးရဌာန ဖွဲ့စည်းခြင်း၏ နောက်ဆက်တွဲအဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု အစိုးရက ပြောကြားသည်။

လုပ်ငန်းခွင်တွင် ထိခိုက် ဒဏ်ရာရသွားသော ရွှေ့ပြောင်း အလုပ်သမားများအား အလုပ်ရှင်များထံမှ လျော်ကြေး တောင်းရန် ဖိအားပေးမှုများ ရှိသော်လည်း လျော့နည်းသော အလုပ်သမား အခွင့်အရေး ဥပဒေများကြောင့် အလုပ်ရှင်များမှာ လျော်ကြေး မပေးဘဲ မကြာခဏ လွတ်မြောက် သွားနိုင်ကြသည်ဟု လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးမှု ဖောင်ဒေးရှင်း HRDF မှ စိန်ဌေးက ပြောကြားလိုက်သည်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမား အများစုမှာ ဆောက်လုပ်ရေးနှင့် ငါးဖမ်းလုပ်ငန်း ကဲ့သို့သော မတော်တဆမှု အန္တရာယ်များသည့် အလုပ်ကြမ်း လုပ်ငန်းခွင်များတွင် လုပ်ကိုင်ကြရသည်။ တတ်နိုင်သမျှ အကောင်းဆုံး လုပ်မည်ဟု ပြောကြားခဲ့သော ပိုင်သွန်ကေသွန်က ပေးစာကို လက်ခံခဲ့သည်ဟု စိန်ဌေးက ပြောဆိုသည်။

လုပ်ငန်းခွင်တွင် မတော်တဆ ထိခိုက်ကာ မသန်မစွမ်း ဖြစ်သွားသူ၊ ဒုက္ခိတ ဖြစ်သူ၊ သေဆုံးသူ "အလုပ်သမား အားလုံး" ကို လုပ်ငန်းခွင် ထိခိုက်မှု လျော်ကြေးပေးရန် အတွက် အခြေအနေ၊ စည်းမျဉ်းစနစ်၊ လုပ်ထုံးလုပ်နည်းများကို ၁၉၉၄ လုပ်ငန်းခွင် လျော်ကြေး အစီအစဉ်တွင် ရှင်းလင်းစွာ ဖော်ပြထားသည်ဟု ပေးစာတွင် ရေးသားထားသည်။

သို့ရာတွင် အမှန်တကယ်၌ ထိုင်းနိုင်ငံရောက် ရွေ့ပြောင်း အလုပ်သမားများသည် အခြေခံ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးများကို ပိတ်ပင်ခံနေရပြီး သာတူညီမျှမှုနှင့် ခွဲခြား မဆက်ဆံရေး စံနှုန်းများကိုလည်း လက်ခံ ကျင့်သုံးနိုင်ခြင်း မရှိခဲ့ဟု ပေးစာတွင် တိုင်ကြားထားသည်။

လတ်တလော နှစ်များအတွင်း အလားတူ တောင်းဆိုချက် များစွာကို ထိုင်းအစိုးရထံ တင်ပြခဲ့ကြသော်လည်း ရွှေ့ပြောင်း အလုပ်သမား အများစုမှာ တရားမဝင် ရောက်လာသူများ ဖြစ်၍ နိုင်ငံတော် လျော်ကြေး အစီအစဉ်နှင့် အကျုံးမဝင် ဟူသော အကြောင်းပြချက်ကို အခြေခံကာ ထပ်ဖန်တလဲလဲ ပယ်ချမှုများ ပြုလုပ်ခဲ့သည်ဟု စိန်ဌေးက ဆိုသည်။

"နိုင်ငံတကာ အလုပ်သမား ဥပဒေ၊ ထိုင်းနိုင်ငံ အလုပ်သမား ဥပဒေနဲ့ ထိုင်းလျော်ကြေး ဥပဒေတွေကို ကိုးကားပြီး ကျွန်တော်တို့ တောင်းဆို တင်ပြခဲ့တာပါ။ ဒီကိစ္စမှာ ကျွန်တော်တို့ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်ဝက်ခန့်တွင် ၁၁ ဒဿမ ၁ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အစိုးရက ဇူလိုင်လ ၁၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။ သို့သော် အဆိုပါနှုန်းသည် ပထမနှစ် လေးပုံ တစ်ပုံခန့်တွင် ရှိခဲ့သော ၁၁ ဒဿမ ၉ ရာခိုင်နှုန်း အောက်တွင်ပင် ရှိနေသည်ကို တွေ့ရသည်။

တရုတ်အစိုးရသည် နိုင်ငံတွင်း ဖြစ်ပေါ်လျက် ရှိသော အိမ်ခြံမြေ ဈေးနှုန်းများ အဆမတန် မြင့်တက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ကြွေးမြီများကို လျှော့ချလျက် ရှိသည်။ ကမ္ဘာ့ စီးပွားရေး အကျပ်အတည်း ကာလအတွင်း ဘေဂျင်းအစိုးရ၏ စီးပွားရေး နှိုးဆွသည့် အစီအစဉ်ကို အထောက်အကူ ပေးသည့် အနေဖြင့် နိုင်ငံဘဏ်ပိုင်များက ငွေကြေး အမြောက်အမြား ထုတ်ချေးခဲ့ပြီးနောက် ရရန် ရှိသည့် ကြွေးမြီပမာဏမှာ လွန်စွာ မြင့်တက်ခဲ့သည်။ သို့အတွက်ကြောင့် အဆိုပါ ကြွေးမြီ ပြဿနာ လျော့ပါးရေးအတွက် ဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့ အစွမ်းကုန် နပန်းလုံးလျက် ရှိသည်။

အဆိုပါ စီးပွားရေးနှိုးဆွမှု အစီအစဉ် ဂယက် ရိုက်ခတ်မှုများ၊ ကြွေးမြီ လျှော့ချရေး အစီအစဉ်များကြောင့် စီးပွားရေး တိုးတက်မှုနှုန်းမှာ နှေးကွေးလျက် ရှိသည်ဟု ကျွမ်းကျင်သူ များက ထောက်ပြသည်။ အကယ်၍ တရုတ်ကသာ သံမဏိနှင့် စက်မှုလုပ်ငန်း ဆိုင်ရာ ပစ္စည်းများ၊ အခြားသော နိုင်ငံခြား ကုန်ပစ္စည်းများ တင်သွင်းမှုကို ဖြတ်တောက်လိုက်ပါက စီးပွားရေး တိုးတက်မှုနှုန်း လျော့ကျကာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတွင်လည်း ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်နိုင်သည်ဟု ဆိုသည်။

ယခု နောက်ဆုံး ထုတ်ပြန်လိုက်သော ဘေဂျင်း အစိုးရ၏ စာရင်းဇယားများအရ တရုတ်သည် ကမ္ဘာ့ ဒုတိယ စီးပွားရေး အကြီးဆုံး ဂျပန်နိုင်ငံကို ကျော်တက်နိုင်မည့် အနေအထားသို့ ရောက်ရှိနေသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံ၏ ငွေကြေး ဖောင်းပွမှုမှာ မေလတွင် ၃ ဒဿမ ၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ ဇွန်လတွင် ၂ ဒဿမ ၉ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သည် ဟု တရုတ် အမျိုးသား စာရင်းစစ်ဗျူရို (NBS) ၏ ထုတ်ပြန်ချက်အရ သိရသည်။ တရုတ် အစိုးရက ငွေကြေး ဖောင်းပွမှုနှုန်း တစ်နှစ်တွင် ၃ ရာခိုင်နှုန်း လျော့ကျရမည်ဟု သတ်မှတ် ထားရှိမှုကိုပင် ကျော်လွန်သွားခြင်း ဖြစ်သည်။

AP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Christian Science Monitor, By Jim Della - Giacoma, 15th July 2010

မြန်မာနိုင်ငံ၏ စစ်အစိုးရကို အထီးကျန် ပစ်ပယ်ထားရန် နောက်ထပ် ကြိုးပမ်းမှုများသည် အောင်မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ကမ္ဘာ့ခေါင်းဆောင်များ အနေဖြင့် ယခုကဲ့သို့ မပြည့်စုံသော အားနည်းချက်များ ရှိသော အခြေအနေများထံမှ မြန်မာနိုင်ငံကို ပြန်လည် စုစည်းပေးနိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လုပ်ဆောင်သင့်လှပေသည်။

မြန်မာနိုင်ငံတွင် ယခု နှစ်ကုန်ပိုင်း၌ ပြုလုပ်မည့် ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်ပေ။

နှစ်ပေါင်း နှစ်ဆယ်ခန့် ငြိမ်သက်နေခဲ့သော တိုင်းပြည်တွင် ယခုကဲ့သို့ ပြီးပြည်စုံခြင်း မရှိသည့် ရွေးကောက်ပွဲသည် ပင်လျှင် မရှိသည်ထက် စာလျှင် မဆိုးဟု ဆိုရချေမည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မည်သူ့ထံတွင် အာဏာရှိသည် ဆိုသည်ကို မေ့ထားလျက် ပြောင်းလဲလာမည့် အခြေအနေကို အခွင့်အရေး ယူသင့်လှပေသည်။

အများက အရှေ့တောင်အာရှ၏ အဆင်းရဲဆုံး နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံ၏ စစ်အစိုးရကို ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံး၊ အရိုင်းစိုင်းဆုံး အစိုးရ အဖြစ် ယုံကြည်ထားသည်။ မြန်မာနိုင်ငံတွင် အဓမ္မ လုပ်အားပေးစေရန် စေခိုင်းမှုများသည် ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်သည်။ အစိုးရမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်ရက်စက်စက် နှိပ်ကွပ်မှုများကို မှန်မှန် ပြုလုပ်ဆဲ ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက အာဏာရှင် အစိုးရသည် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံး အကြိမ် ရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာက အာရုံ ကျခဲ့ကြပြီး၊ သံသယများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ရွေးကောက်ပွဲများကို ၁၉၉၀ ခုနှစ်က ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တစ်ပြည်လုံး အနိုင်ရခဲ့သော်လည်း အစိုးရက လက်ခံခဲ့ခြင်း မရှိသည့်အပြင် ထိုစဉ်ကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် နေထိုင်ခဲ့ရသည်။

ယခုနှစ် မတ်လကပင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ပါတီသည် ရွေးကောက်ပွဲကို သပိတ်မှောက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ သူမ၏ သပိတ်မှောက်မှုကြောင့် အစိုးရကို ဆန့်ကျင်၍ ဆန္ဒမဲပေးမည့်  သူများသည် မည်သူဆိုစေ ရွေးချယ်စရာ နည်းသွားပြီ ဖြစ်သည်။

ရွေးကောက်ပွဲ အပြီးတွင် အားနည်းချက်များ ရှိနေသော အခြေခံ ဥပဒေသည် အသက်ဝင်လာမည် ဖြစ်သည်။ သို့သော် အခြေခံ ဥပဒေသည် နိုင်ငံရေး အဖွဲ့အစည်း အသစ်များကို ဖန်တီးပေးလိမ့်မည် ဖြစ်သည်။ သမ္မတ အုပ်ချုပ်သော စနစ် ရှိလာမည် ဖြစ်ပြီး၊ ပါလီမန် နှစ်ရပ်နှင့် ဒေသဆိုင်ရာ အစိုးရ ၁၄ ခုလည်း ရှိလာမည် ဖြစ်သည်။ နေရာ အတော်များများကို စစ်အစိုးရနှင့် နီးစပ်သူများကသာ ယူကြမည် ဖြစ်သော်လည်း၊ မြန်မာနိုင်ငံ အတွက် ကျယ်ပြန့်သော အသွင်သဏ္ဍာန် ပြောင်းလဲမှုကြီး ဖြစ်ပြီး၊ တိုင်းပြည် အနာဂတ်အတွက် သွားရမည့် လမ်းကြောင်းတွင် ပြောင်းလဲသွားမည့် အခွင့်အလမ်းပင် ဖြစ်သည်။

ထို့အပြင် ရွေးကောက်ပွဲ နှင့်အတူ မျိုးဆက်သစ် ခေါင်းဆောင်ပိုင်း ပြောင်းလဲမှုနှင့်အတူ အသက်အရွယ် ကြီးရင့်ပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် မောင်အေးတို့သည် အနားယူခြင်း (သို့မဟုတ်) ဂုဏ်ထူးဆောင် နေရာများတွင်သာ ယူခြင်းတို့ ဖြစ်လာမည် ဖြစ်သည်။ အမှန်တကယ်ပင် ဤပြောင်းလဲမှုများသည် အကောင်းအတွက် အလိုအလျောက် ခြေလှမ်းတစ်လှမ်း ဖြစ်ရုံမက၊ အလွန်တရာ အရေးကြီးသော ပြောင်းလဲမှု ဖြစ်မည်။

ဝေဖန်သူများက ရွေးကောက်ပွဲတွင် ပါဝင်ခြင်းသည် ဘာမျှအကျိုး ရှိမည် မဟုတ်၊ မှားယွင်းသော မူဖြစ်ကြောင်း ငြင်းချက် ထုတ်ခဲ့ကြသည်။ အချို့ကလည်း ပြည့်စုံသော အခြေအနေများ မရှိပဲ ရွေးကောက်ပွဲ မလုပ်သင့်ဟု ဆိုသည်။ ၎င်းတို့က ၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က အစိုးရနှင့် သူမိသားစု အချို့ အပါအဝင် NLD ကို မဲပေးခဲ့သလိုမျိုး ယခုတစ်ကြိမ်တွင် ၎င်းတို့၏ မဲများကို လွတ်လွတ်လပ်လပ် ပေးခွင့်ရလိမ့်မည် မဟုတ်ဟု ဆိုသည်။

အထက်ပါ ငြင်းချက် ထုတ်မှုများသည် ဖိနှိပ်မှုများကြောင့် အပြောင်းအလဲ ဖြစ်စေရန် အစိုးရအား ဆန့်ကျင် ဆန္ဒမဲပေးလိုက်မည် ဟု အားခဲထားသော သာမန် ပြည်သူများ၏ ရဲဝံ့သော စိတ်ဓာတ်ကို မထေမဲ့မြင် ပြုရာ ရောက်ပေသည်။

Timor-Leste နိုင်ငံတွင် ဖြစ်ပျက်ခဲ့သည်များကို စဉ်းစားကြည့်လိုက်ပါ။ ရာပေါင်း ထောင်ပေါင်း များစွာသော တစ်ဦးချင်းသည် ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒမဲကို သတ္တိရှိရှိ မပေးခဲ့လျှင် ယနေ့ လွတ်လပ်သော နိုင်ငံအဖြစ် ရှိမနေနိုင်ပါ။ ကြောက်ရွံ့စိတ်များနှင့် မဲများကို လိုရာ ဖြစ်စေရန် ထိန်းချုပ်ခြင်းများ အတွက် ဖြစ်နိုင်မှုကို လျှော့မတွက်သင့်သလို ဆန္ဒမဲပေးမည့် ပြည်သူများ၏ ရဲရင့်မှုနှင့် ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်း တွက်ချက်ရလိမ့်မည် ဖြစ်သည်။ ရွေးကောက်ပွဲသည် ဘာမျှမဟုတ်ဟု ဆိုခဲ့လျှင်တောင်၊ ၎င်းသည် လူသိအောင် ကြေညာသော စတန့် တမျိုးပင်ဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံတွင်းရှိ နိုင်ငံသားများသည် ပြည့်စုံသော ယခုလို အခြေအနေမှာပင် အကောင်းဆုံး ဖြစ်အောင် ပြုလုပ်ရန် ဆုံးဖြတ်ထားသင့်ပေသည်။

ရာစုနှစ် တဝက်နီးပါးမျှ အာဏာရှင် အုပ်စိုးမှုမှ တဖြည်းဖြည်း ပြောင်းလဲမှု ဖြစ်စဉ်တွင် နှေးကွေးမှုများ၊ ရပ်တန့်နေမှုများနှင့် မပြည့်စုံမှုများ ရှိနေမည် ဖြစ်သည်။ မည်သည့်နေရာတွင်မဆို မပြည့်စုံသော လိုအပ်ချက်များ ရှိသော ရွေးကောက်ပွဲသည် ထိုအသွင် ကူးပြောင်းရေး ဖြစ်စဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ယခုအခါ အချို့ပါတီများသည် အနာဂတ် ဥပဒေ အဆိုပြုမှုများ၊ ဥပဒေ မူကြမ်းများကို စတင် ဆွေးနွေးနေကြပြီ ဖြစ်သည်။ ထိုခြေလှမ်းများသည် ဒီမိုကရေစီ အတွက် အဓိက ခြေလှမ်းများပင် ဖြစ်ရာ၊ လွန်ခဲ့သော တစ်နှစ်က ထိုကဲ့သို့ တွေးဆခွင့်၊ ဆွေးနွေးခွင့် မရှိနိုင်ခဲ့ပေ။

မကြာသေးမီက မြန်မာနှင့် မြောက်ကိုရီးယားကြား ဆက်နွယ်မှု နှင့်ပတ်သက်၍ စွပ်စွဲမှု အသစ်များ ထွက်ပေါ်လာရာ မြန်မာနိုင်ငံသည် နျူကလီယာနှင့် ဒုံးကျည် နည်းပညာများကို အာသာငမ်းငမ်း ရှိနေနိုင်သည်ဟု ဆိုခြင်းကြောင့် နိုင်ငံတကာ မြန်မာနိုင်ငံကို ပစ်ပယ်ရေး အတွက် အသစ်တဖန် ကြိုးစားနေကြပြန်ပြီ ဖြစ်သည်။ သို့သော် အင်အားကြီး အိမ်နီးချင်း နိုင်ငံများ ဖြစ်သော အိန္ဒိယနှင့် တရုတ်တို့ ရှိနေခြင်းနှင့် အာဆီယံ နိုင်ငံများ ရှိနေခြင်းကြောင့် မြန်မာနိုင်ငံသည် အထီးကျန် ဖြစ်ရန် အလှမ်းဝေးနေသေးသည်။

အရေးယူ ပိတ်ဆို့မှုများကလည်း နှစ်ပေါင်း များစွာကြာသည့်တိုင် ၎င်း၏ ရည်မှန်းချက်များ ပြည့်မြောက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အလုပ်မဖြစ်သော အရေးယူ ပိတ်ဆို့မှု လမ်းစဉ်ကို ပြန်လိုက်နေမည့် အစား နိုင်ငံတကာ အနေဖြင့် မြန်မာနိုင်ငံ ပြန်လည် စုစည်းရေးကို ကြိုးပမ်းသင့်လှပေသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည် ရွေးကောက်ပွဲ သတင်းများကို ပြောင်းလဲမှု အတွက် ပြတင်းတံခါး သဖွယ် အသုံးပြုနိုင်သည်။

သေချာအောင် ပြောရလျှင် အစိုးရက လမ်းကြောင်း ပြောင်းတော့မည် မဟုတ်ဘဲ ရွေးကောက်ပွဲကတော့ ရှေ့ဆက်သွားလိမ့်မည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲတွင် အခွင့်အရေးများ ရှိနေဆဲ ဖြစ်သည်။ ရွေးကောက်ပွဲ ပြီးနောက် အစိုးရသစ် တစ်ခု ထွက်ပေါ်လာသော အခါ၊ နိုင်ငံတကာ အနေဖြင့် ရွေးကောက်ပွဲ၏ တရားမျှတခြင်း မရှိပုံကို ဝေဖန်သင့်သော်လည်း ပြောင်းလဲမှု၏ အရေးပါပုံကို မျက်ကွယ်ပြုထားခြင်း မပြုသင့်ပေ။

 

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th July 2010

မြန်မာစစ်ဖက် အုပ်ချုပ်သူ အစိုးရကို အားပေး ထောက်ခံနေသည့် အင်အားကြီးမား များပြားလှသော အဖွဲ့အစည်း လှုပ်ရှားမှုကြီးကို ဖျက်သိမ်းလိုက်ပြီး ၎င်းအဖွဲ့၏ ပိုင်ဆိုင်မှုများကို နိုင်ငံရေးပါတီသို့ လွှဲပြောင်းပေးခဲ့သည်ဟု ၎င်းပါတီမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦး ဘီဘီစီ မြန်မာပိုင်း အစီအစဉ်သို့ ပြောကြားခဲ့သည်။

အထက်ပါ လုပ်ဆောင်မှုသည် လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ စိုးမိုး ချယ်လှယ်မှုကို သေချာအောင် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ နိုင်ငံရေးသမားများကို သဲကြီးမဲကြီး စော်ကား တိုက်ခိုက်ခဲ့ခြင်း အတွက် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း၏ လှုပ်ရှားမှုများ အပေါ် ပြစ်တင် ရှုတ်ချမှုများ ရှိခဲ့သည်။

ယခု  USDP  ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီသစ်ကို စစ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စစ်ဗိုလ်ချုပ်များ ရေးဆွဲခဲ့သော အခြေခံ ဥပဒေ အရ လွတ်တော်နေရာ ၂၅ % ကိုစစ်တပ် အတွက် ဖယ်ထားသော်လည်း စစ်သားများနှင့် အရပ်ဖက် ဝန်ထမ်းများအား သာမန် အရပ်သားများ ကဲ့သို့ ပါဝင် လှုပ်ရှားခြင်းကို တားမြစ်ထားသည်။

သို့သော်လည်း ယခုနှစ် အစောပိုင်းက စစ်ဗိုလ်ကြီး ရာထူး ထမ်းဆောင်ခဲ့သူ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြား ဝန်ကြီး အဆင့် ၂၆ ဦး တို့သည် ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဝင်များ အဖြစ် ပါတီသစ်ကို မှတ်ပုံတင်ခဲ့ကြသည်။

အစိုးရ မီဒီယာက လတ်တလော သတင်းများ ကြေညာရာတွင် ဝန်ကြီးချုပ်၏ စစ်ဖက်ရာထူးကို ဖော်ပြခြင်း ရပ်ဆိုင်းခဲ့သည်။

ယခုလ အစောပိုင်းတွင် အာဏာပိုင်များက ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း၏ လှုပ်ရှားမှုကို ဖျက်သိမ်းရန် ခွင့်ပြုခဲ့သည် ဟု  USDA  ပြောရေးဆိုခွင့် ရှိသူ သူရမြင့်ဦးက ပြောကြားခဲ့သည်။

"ခုချိန်က စပြီး ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း ရှိတော့မှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ နိုင်ငံရေးပါတီ အဖြစ်နဲ့ ရှေ့ဆက်သွားမှာပါ'' ဟု ၎င်းက ဆိုသည်။

"ဗဟို ကော်မတီရဲ့ ဆုံးဖြတ်ချက် အရ အသင်းကြီးရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို နိုင်ငံရေးပါတီထံ တရားဝင် လွှဲပြောင်းပေးလိုက်ပါပြီ" ဟု ၎င်းက ပြောကြားသည်။

တိုင်းပြည်၏ အသိရခက် လျှို့ဝှက်တတ်သော အစိုးရအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကဲ့သို့သော ငွေကြေးနှင့် အာဏာ ကြွယ်ဝသူ ထောက်ခံသူများက ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းကို ကျောထောက် နောက်ခံပြု ပံ့ပိုးပေးခဲ့ကြခြင်း ဖြစ်သည်။

USDA အသင်းက အဖွဲ့ဝင် ၂၄ သန်း  ရှိသည်ဟု ကြေညာခဲ့သော်လည်း ၎င်းတို့ အများစုမှာ မဝင်မနေရ စုဆောင်း ခံရသူများသာ ဖြစ်သည်။

၂၀၀၇ တွင် သံဃာတော်များ ဦးဆောင် ဆန္ဒပြမှုကို အကြမ်းဖက် နှိမ်နှင်းခြင်း၊ ၂၀၀၃ တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်ခြင်း စသော ဖြစ်ရပ်များတွင် ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်းဝင်များက ကြံရာပါ အဖြစ် ပါဝင်ခဲ့ကြသည်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီသစ် USDP သို့ လက်လွှဲပေးသော ပိုင်ဆိုင်မှု အများစုမှာ နိုင်ငံပိုင် ပစ္စည်းများ ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဥပဒေ အရ တရားမဝင်ဟု အစိုးရအား ဝေဖန်သူများက ဆိုသည်။

USDP အသင်းကမူ လွဲပြောင်းမှုများမှာ ၎င်းတို့ပိုင် ပစ္စည်းများ ဖြစ်သည်ဟု ခုခံငြင်းဆိုသည်။

၁၉၉၀ ခုနှစ်က ကျင်းပခဲ့သော နောက်ဆုံး ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။

လာမည့် ရွေးကောက်ပွဲများကို NLD က သပိတ် မှောက်ထားပြီး အခြား အတိုက်အခံ ပါတီများမှာ မှတ်ပုံတင်ရာတွင် အခက်အခဲများ ရှိနေသည်ဟု သိရှိရသည်။

USDP ပါတီ အင်အား ကြီးထွားနေခြင်းကို လွှတ်တော်တွင် စစ်တပ်နှင့် သူ့တပည့်များသာ လွှမ်းမိုး ခြယ်လှယ်မည့် သဘော သက်ရောက်သည်ဟု အကဲခတ် လေ့လာသူတို့က မှတ်ချက်ပေးသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VNS News, 14th July 2010

မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန် ဈေးကွက်သို့ ဗီယက်နမ်တို့ ဝင်ရောက်မည့် အစီအစဉ်ကို မြန်မာ အစိုးရက သဘောတူ ကတိပေးခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးက ဟိုချီမင်း မြို့တော်တွင် ယမန်နေ့က ပြောကြားသည်။

လူဦးရေ ၅၆ သန်း ရှိသော မြန်မာနိုင်ငံသည် လူသုံးကုန် ပစ္စည်းများအတွက် ကြီးမားသော ဈေးကွက် တစ်ခု ဖြစ်၍ ပြည်တွင်း ထုတ်လုပ်မှုမှာ ဈေးကွက် ဝယ်လိုအား၏ ၁၃ % သာ ပြည့်မီသည်ဟု ချူကောင်ဖန်က ဆိုသည်။

ပြီးခဲ့သော စက်တင်ဘာနှင့် ဧပြီလက ရန်ကုန်တွင် ပြုလုပ်ခဲ့သော ဗီယက်နမ် ကုန်စည်ပြပွဲ နှစ်ခုလုံးမှာ အလွန် အောင်မြင်ခဲ့ပြီး နှစ်ရက်အတွင်း အားလုံး ရောင်းချခဲ့ရသည်ဟု ၎င်းက ပြောကြားသည်။

အရည်အသွေး၊ အတိုင်းအတာ၊ သင့်တင့်သော ဈေးနှုန်းတို့ကြောင့် ဗီယက်နမ် ထုတ်ကုန်များကို မြန်မာသွင်းကုန် လုပ်ငန်းရှင် မြောက်မြားစွာက တင်သွင်းရန် လိုလားနေကြသည် ဟုလည်း သိရှိရသည်။

မြန်မာနိုင်ငံသည် ရေ၊ မြေ၊ သစ်တော၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်သတ္တုနှင့် ရေပြင် သယံဇာတ စသော သဘာဝ သယံဇာတများ ပေါများစွာ ရှိနေပြီး ပတ္တမြားဆိုလျှင် ကမ္ဘာတွင် အကောင်းဆုံး ဖြစ်ကြောင်းနှင့် သို့သော် အများစုမှာ ယခုတိုင် ထုတ်ယူနိုင်ခြင်း မရှိသေးဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်သစ်ကို လျင်မြန်စွာ အသားကျနိုင်၍ စွမ်းရည် ကျွမ်းကျင်မှု မြင့်သော လူသားရင်းမြစ်များလည်း ရှိနေကာ အင်္ဂလိပ်စကားကိုလည်း အများစု ပြောဆို နိုင်ကြသည်ဟု ၎င်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသို့ စီးပွားရေး ခရီးစဉ်များ သွားရောက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို လေ့လာရန် ဗီယက်နမ် ကုမ္ပဏီများကို ၎င်းက တိုက်တွန်းလိုက်ပြီး ဝန်ဆောင်မှုနှင့် ခရီးသွား လုပ်ငန်း အပါအဝင် ကဏ္ဍများစွာတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်နေသည်ဟု ၎င်းက ဖြည့်စွက်သည်။

ဟိုချီမင်း မြို့တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေး စင်တာမှ ညွှန်ကြားရေးမှူး တုမင်သီယဉ်ကလည်း အထက်ပါ အချက်များကို သဘောတူခဲ့ပြီး ဗီယက်နမ် လုပ်ငန်းရှင်များ အတွက် မြန်မာနိုင်ငံတွင် ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရန် အချိန်ကောင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကဏ္ဍများစွာ အနက်မှ သတ္တု တူးဖော်ခြင်း၊ သစ်တော သယံဇာတ ထုတ်ယူခြင်း လယ်ယာ စိုက်ပျိုးရေး၊ ငါးမွေးမြူ ထုတ်လုပ်ခြင်း၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ ခရီးသွား လုပ်ငန်းနှင့် ကျန်းမာရေး စောင့်ရှောက် ဝန်ဆောင်မှု ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံ နိုင်ကြလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကလည်း လျှပ်စစ်ပစ္စည်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ သံနှင့်သံမဏိ၊ ပလစ်စတစ် ထုတ်ကုန်များ၊ ဆောက်လုပ်ရေး ပစ္စည်းများနှင့် အခြားကဏ္ဍများတွင် ကြီးမားသော ဝယ်လိုအား ရှိနေသည်ဟု ၎င်းက ပြောကြားသည်။

စိန်ခေါ်မှုများ

သို့ရာတွင် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်လျှင် ရှုပ်ထွေးသော သွင်းကုန် လိုင်စင် လုပ်ထုံးလုပ်နည်းများ၊ ငွေပေးချေမှု အခက်အခဲများ စသော အခက်အခဲ ဒုက္ခများစွာ ရှိလိမ့်မည်ဟု ချူကောင်မွန်က ဝန်ခံ ပြောကြားသည်။

မြန်မာနိုင်ငံ အပေါ် အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့ ချမှတ်ထားသော အရေးယူမှုများကြောင့် ငွေပေး၊ ငွေယူ ကိစ္စတွင် အခက်အခဲများ ဖြစ်ပေါ်စေသည်ဟု ၎င်းက ရှင်းပြသည်။

သို့သော်လည်း ပြဿနာကို ကွေ့ပတ် ရှောင်ရှားရန် အတွက် ဗီယက်နမ် ကုမ္ပဏီများသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် သံရုံးနှင့် စက်မှု ကုန်သွယ်ရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်ပြီး သတ်မှတ်ထားသော ဘဏ်များ မှတဆင့် ငွေကြေးကိစ္စကို ဆောင်ရွက်ရမည်ဟု ၎င်းက အကြံပြုသည်။

ဗီယက်နမ် ရင်းနှီး မြှုပ်နှံမှုနှင့် ဖွံ့ဖြိုးမှုဘဏ်သည် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ထားပြီး လာမည့် ရွေးကောက်ပွဲပြီးချိန်တွင် ဘဏ်ဝန်ဆောင်မှု စတင်ရန် ခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ထားကြောင်းနှင့် ထိုအချိန်တွင် ငွေပေးငွေယူ လမ်းကြောင်း ချောမွေ့သွားမည် ဖြစ်၍ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကို မြှင့်တင်နိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အကြား ကုန်သွယ်မှုသည် ယခင်နှစ်က အမေရိကန် ဒေါ်လာ ၇၄ သန်းမျှသာ ရှိခဲ့သောကြောင့် အခြားနိုင်ငံများထက် နိမ့်ကျနေသည်ဟု စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ဗူငေါ်ထရမ်က ဆိုသည်။

ယခုနှစ်ဝက်တွင် ဗီယက်နမ် ပို့ကုန် တန်ဖိုး ဒေါ်လာ ၁၆ သန်း နှင့်အတူ စုစုပေါင်း ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၅၈ သန်းသို့ ရောက်ရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ ဗီယက်နမ်သို့ အဓိက ပို့ကုန်များမှာ သစ်နှင့် သစ်တော ထွက်ကုန်၊ သဘာဝ ရာဘာနှင့် ပင်လယ်စာများ ဖြစ်သည်။ ဗီယက်နမ်မှ သံမဏိထွက်ကုန်၊ ဘိလပ်မြေ၊ အသင့် စားသောက်ကုန်၊ ပလပ်စတစ်၊ ဆေးဝါးများ၊ လျှပ်စစ်ပစ္စည်း အသုံးအဆောင်များကို မြန်မာသို့ ပြန်လည် တင်ပို့သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများ အသင်း၏ အဆိုအရ ယခုနှစ် မြန်မာနိုင်ငံ၌ ဒေါ်လာ ၁ ဘီလျံ နီးပါး ရင်းနှီး မြှုပ်နှံရန် ဗီယက်နမ် ကုမ္ပဏီများက ကတိပြုထားသည်ဟု သိရှိရသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 15th July 2010

မြောက်ကိုးရီးယားသည် ၎င်း၏ ပြည်သူများအတွက် လိုအပ်နေသော အခြေခံ ကျန်းမာရေး စောင့်ရှောက်မှု အများစုကို ဖြည့်ဆည်းရန် ပျက်ကွက်နေသည် ဟု  Amnesty International  က သတိပေး ပြောကြားလိုက်သည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့၏ စုံစမ်းမှုတွင် လည်ပတ်ရုံမျှသာ ဖွင့်ထားသော ဆေးရုံများ၊ ပတ်ဝန်းကျင် သန့်ရှင်းရေး နှိမ့်ကျမှုများ၊ တိုင်းပြည် အနှံ့ အာဟာရ ချို့တဲ့မှုကြောင့် ဆိုးဝါးလာသော ရောဂါ ပြန့်ပွားမှုများကို တွေ့ရှိခဲ့သည်။

ပြည်သူ အများစုမှာ ဆေးကုသခပေးရန်ပင် မတတ်နိုင်ကြဟု မြောက်ကိုးရီးယား ပြည်သူများနှင့် ကျန်းမာရေး ဝန်ထမ်းများ၏ ပြောကြားမှုကို ကိုးကား၍ အစီရင်ခံစာ ကဖော်ပြသည်။

ပြုံးယမ်းသည် လူတစ်ဦးချင်း ကျန်းမာရေး စောင့်ရှောက်မှု အတွက် တစ်နှစ်လျှင် ၁ ဒေါ်လာပင် သုံးစွဲခြင်းမရှိဟု  WHO   ကိန်းဂဏန်းများက ညွှန်ပြနေသည်။

Amnesty ၏ "မြောက်ကိုးရီးယားမှ ပြိုလဲတော့မည့် ကျန်းမာရေး စောင့်ရှောက်မှု စနစ်'' အစီရင်ခံစာသည် ၂၀၀၄ မှ ၂၀၀၉ အတွင်း တိုင်းပြည်ကို စွန့်ခွာလာသော မြောက်ကိုးရီးယား လူမျိုး ၄၀ ကျော်နှင့် အင်တာဗျူးများကို  အခြေခံထားခြင်း ဖြစ်သည်။

မြောက်ကိုးရီးယားများနှင့် အတူ လုပ်ကိုင်နေသော ကျန်းမာရေး ကျွမ်းကျင် ပညာရှင်များကိုလည်း တိုင်ပင်ခဲ့သည်ဟု သိရသည်။

အစာရေစာ ပြတ်လတ် ငတ်မွတ်မှု

ပြုံးယမ်းက ၎င်း၏ ပြည်သူများ အတွက် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်ဟု ပြောကြားခဲ့သော်လည်း သက်သေများကမူ လွန်ခဲ့သော နှစ်၂၀ အတွင်း ဝန်ဆောင်မှု အားလုံး အတွက် အခကြေးငွေ ပေးခဲ့ရသည်ဟု Amnesty သို့ ပြောကြားသည်။

"လူတွေက သူတို့မှာသာ ပိုက်ဆံ မရှိဘူးဆိုရင် ဆေးရုံကို သွားဖို့ မစဉ်းစားတော့ပါဘူး၊ ပိုက်ဆံပေးရမယ် ဆိုတာ လူတိုင်း သိနေတာပဲ'' ဟု မြောက်ပိုင်း ဟန်ဂျောင်းပြည်နယ်မှ အသက် ၂၀ အရွယ် မိန်းကလေး တစ်ဦးက ဆိုသည်။

၂၀၀၈တွင် မြောက်ကိုးရီးယားကို စွန့်ခွာခဲ့သော အမျိုးသမီး တစ်ဦးက "ပိုက်ဆံ မရှိရင်တော့ အသက်သာ အသေခံပေတော့'' ဟု ပြောကြားသည်။

နောက်တစ်ယောက်ကလည်း "ဆေးရုံတွေမှာ ဆေးမရှိပါဘူး၊ တကယ်လို့ တစ်စုံတစ်ယောက်က ဆေးကုသ ခံတော့မယ်ဆိုရင် ဆရာဝန်တွေ လိုတဲ့ ဆေးတွေကို ဈေးမှာ သွားဝယ်ရပါတယ်'' ဟု ပြောဆိုသည်။

ဆေးကုသဆောင်များ၏ ညစ်ပတ်မှု၊ ဆေးဝါး အလွန်အမင်း ချို့တဲ့မှုများသည် အသက်ပေါင်း များစွာကို ခြိမ်းခြောက်နေသည် ဟု Amnesty ကသတိပေးခဲ့ပြီး ပြည်သူများသည် ဆေးကုသ စရိတ်အတွက် စီးကရက်၊ စားသောက်ကုန်နှင့် အရက် တို့ကို ပုံမှန်ရောင်းဝယ် ကုန်သွယ်ကြရသည်ဟု ဆိုသည်။

အသက် ၅၆ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးကလည်း "သူမ၏ အူအတက်ရောင် ဝေဒနာကို မေ့ဆေးမပါဘဲ ခွဲစိတ်ခဲ့သည်'' ဟု ထုတ်ဖော် ပြောကြားသည်။ "ခွဲစိတ်မှုက တစ်နာရီနဲ့ ၁၀ မိနစ်လောက် ကြာပါတယ်၊ နာလွန်းလို့ သေပြီလို့တောင် ထင်ခဲ့တာရှင့်။ ခြေထောက်တွေ၊ လက်တွေကို မရုန်းနိုင်အောင် ကြိုးနဲ့ တုပ်ထားကြတာပါ'' ဟု သူမက ဆိုသည်။

၁၉၉၀ ခုနှစ်များ အတွင်း လူပေါင်း တစ်သန်းခန့် အထိ သေဆုံးခဲ့ရသော ငတ်မွတ်မှု ကပ်ဘေး၏ နောက်ဆက်တွဲ အဖြစ် မြောက်ကိုးရီးယားတွင် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရပြီး နိုင်ငံတကာ ကယ်ဆယ် ထောက်ပံ့မှုများကို မှီခိုနေရသည်။

၂၀၀၉ ခုနှစ် အတွင်း မိုက်မိုက်မဲမဲ ငွေတန်ဖိုး ပြင်ဆင်ခဲ့ခြင်းကြောင့် တစ်ညအတွင်း ဆန်ဈေး ၂ ဆ တက်သွားကာ ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ အတွင်း ပြည်နယ် တစ်ခုထဲမှာပင် အစာငတ် သေဆုံးသူ ထောင်ချီ၍ ရှိခဲ့သည်ဟု NGO တစ်ခုကို ကိုးကားကာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြောက်ကိုးရီးယားသည် အဆုတ် တီဘီရောဂါ ပြန့်ပွားမှုကို နှိမ်နှင်းနေရဆဲ ဖြစ်ပြီး ပြည်လုံးကျွတ် အာဟာရ ချို့တဲ့မှုကြောင့် ပိုမိုဆိုးဝါးလာသည်ဟု Amnesty ကပြောကြားသည်။

"မြောက်ကိုးရီးယား ပြည်သူတွေဟာ ဆေးဝါးနဲ့ စားနပ်ရိက္ခာ ကယ်ဆယ် ထောက်ပံ့မှုကို အရေးတကြီး လိုအပ်နေပါတယ်'' ဟု Amnesty ၏ အာရှပစိဖိတ် ဆိုင်ရာ လက်ထောက်ညွှန်ကြားရေးမှူး  Catherine Baber ကဆိုသည်။

"ဒါဟာ သေရေးရှင်ရေး ကိစ္စဖြစ်တဲ့ အတွက် အလှူရှင်နိုင်ငံတွေ အနေနဲ့ နိုင်ငံရေး ဘောလုံး တစ်လုံးလို အသုံးပြုလို့ မရပါဘူး'' ဟု သူမက သတိပေးသည်။

မြောက်ကိုးရီးယားသည် နိုင်ငံရေးအရ အပယ်ခံ ဘဝရောက်အောင် သူ့ကိုယ်သူ ပြုလုပ်ခဲ့သည်။ ၎င်း၏ အငြင်းပွားဖွယ် နျူကလီယာ အစီအစဉ်များနှင့် ပတ်သက်သည့် နိုင်ငံတကာ ဆွေးနွေးပွဲများမှ နုတ်ထွက်သွားခဲ့သည်။

ပြုံးယမ်းက နျူကလီယာနှင့် ဒုံးပျံ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် အမေရိကန်က ပိတ်ဆို့ အရေးယူမှုကို ထပ်မံ တင်းကျပ်လိုက်သည်။

မြောက်ကိုးရီးယားသည် ပြီးခဲ့သော မတ်လ ကလည်း တောင်ကိုးရီးယား စစ်သင်္ဘောကို အလစ် တိုက်ခိုက်ခဲ့သဖြင့် ရေတပ်သား ၄၆ ဦး သေဆုံးကာ သင်္ဘော နစ်မြုပ်သွားခဲ့သောကြောင့် ဆိုးလ်နှင့် ဆက်ဆံမှု အားလုံးကို ရပ်ဆိုင်းထားသည်။

အထက်ပါ ဖြစ်ရပ်တွင် မြောက်ကိုးရီးယားက တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်းကို နိုင်ငံတကာ စုံစမ်းရေး အဖွဲ့က ဖော်ထုတ်နိုင်ခဲ့သော်လည်း ပြုံးယမ်းက မျက်နှာပြောင်တိုက် ငြင်းဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.