Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 1st August 2010

အမေရိကန် စစ်တပ်တွင် အီရန်ကို တိုက်ခိုက်မည့် အစီအစဉ် တစ်ရပ် ရှိသည်ဟု ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌက တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ပြီး ၎င်းအနေဖြင့်မူ စစ်ရေးအရ တိုက်ခိုက်မှုကို အကြံဥာဏ်ကောင်း တစ်ခု မဟုတ်ဟု ယူဆသည်ဟု ဆိုသည်။

တနင်္ဂနွေ စကားဝိုင်းတွင် ဗိုလ်ချုပ်ကြီး  အဒမ် မိုက်မူလန်က ယင်းသို့ ပြောကြားပြီး မရှေးမနှောင်းမှာပင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ဒုတိယ အကြီးအကဲက ၎င်းတို့ နိုင်ငံ အပေါ် အမေရိကန် ပြည်ထောင်စုက စစ်ရေးအရ အရေးယူခဲ့ပါက အီရန် လူမျိုးတို့၏ ပြင်းထန်သော တုန့်ပြန်မှုနှင့် တွေ့ကြုံရလိမ့်မည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

အီရန်ကို တိုက်ခိုက်ခြင်းသည် အရှေ့ အလယ်ပိုင်း ဒေသတစ်ခုလုံးကို ပြင်းထန်၍ မမှန်းဆနိုင်သော ဂယက် ရိုက်ခတ်မှုများ သက်ရောက်စေလိမ့်မည်ဟု အမေရိကန် စစ်ဖက် အမြင့်ဆုံး အရာရှိ မိုက်မူလန်က မကြာခဏ သတိပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် မူလန်က အီရန်နိုင်ငံ၏ နျူကလီယာ လက်နက် အစီအစဉ်၏ အန္တရာယ်ကိုလည်း လက်ခံနိုင်ဖွယ် မရှိဟု ပြောကြားခဲ့သော်လည်း အရေးယူမှု ဂယက်နှင့် နျူကလီယာ အန္တရာယ်တွင် မည်သည်က ပိုဆိုးသည် ဆိုသည်ကိုမူ ၎င်းက ပြောကြားခြင်း မရှိပါ။

ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ အဒမ် မိုက်မူလန်က တနင်္ဂနွေနေ့တွင် ပြောကြားရာ၌ အမေရိကန် စစ်ဖက်က အီရန် အပေါ် တိုက်ခိုက်မည့် အစီအစဉ်မှာ လိုရမယ်ရ စီစဉ်ထားခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

"စစ်ရေးအရ အရေးယူ ဖြေရှင်းမယ့် နည်းလမ်းက ယခုအချိန်ထိ စားပွဲပေါ်မှာ ခေါက်ထားတုန်းပါ" ဟု မူလန်က NBC နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ "ဒီကိစ္စဟာ သမ္မတကြီး လက်ထဲက ရွေးချယ်စရာ နည်းလမ်းတွေထဲက တစ်ခုသာ ဖြစ်ပါတယ်။ ဒီလမ်းကို မရွေးဖို့ မျှော်လင့်ထားတာကို ထပ်ပြောပါရစေ။ ဒါပေမယ့် ဒီအစီအစဉ်ဟာ အရေးကြီးတဲ့ နည်းလမ်း တစ်ခု ဖြစ်ပြီးတော့ ကောင်းကောင်း နားလည် သဘောပေါက်ပြီးသား လုပ်ငန်း တစ်ခု ဖြစ်ပါတယ်" ဟု ၎င်းက ဆိုသည်။

အီရန် နိုင်ငံ သတင်းဌာန RNA က ထုတ်လွင့်သွားသည့် အစီအစဉ်တွင် အီရန် တော်လှန်ရေး အစောင့် တပ်ဖွဲ့ ဒုတိယ အကြီးအကဲ ယာနိုလာ ဂျာဗာနီက တနင်္ဂနွေနေ့တွင် "တကယ်လို့ အမေရိကန်တွေသာ အမှား အနည်းငယ် ကျူးလွန်ခဲ့ရင် ပါရှန် ပင်လယ်ကွေ့ လုံခြုံမှု အပေါ် အန္တရာယ် ကျရောက် လာပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

"ပါရှန် ပင်လယ်ကွေ့ဟာ မဟာဗျူဟာမြောက် အရေးပါတဲ့ ဒေသပါ။ တကယ်လို့သာ ဒီဒေသရဲ့ လုံခြုံမှု အပေါ် အန္တရာယ် ရှိလာပြီဆိုရင် သူတို့လည်း ဆုံးရှုံးမှုတွေ ခံစားရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ တုန့်ပြန်မှုကတော့ ခိုင်မာလာပါလိမ့်မယ်" ဟု ဂျာဗာနီက ဆိုသည်။

အမေရိကန် ပြည်ထောင်စု သို့မဟုတ် အစ္စရေးက အီရန် အပေါ် စစ်ရေးအရ တိုက်ခိုက်ပါက အစ္စရေး၏ ဒုတိယ အကြီးဆုံး မြို့တော် တဲလ်အဗစ် မြို့လယ်ကို ပစ်မှတ်ထားမည်ဟု အီရန်က ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။

အမေရိကန် ပြည်ထောင်စုနှင့် အီရန်နိုင်ငံသည် အီရန် နျူကလီယာ အစီအစဉ်၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ သဘော ကွဲလွဲနေကြခြင်း ဖြစ်သည်။ အီရန်က နျူကလီယာ စွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်သည်ဟု အခိုင်အမာ ခုခံ ပြောဆိုခဲ့ပြီး အမေရိကန် ပြည်ထောင်စုကလည်း အီရန်သည် နျူကလီယာ လက်နက် ဖန်တီးနိုင်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု အခိုင်အမာ ကန့်ကွက်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Agence France - Presse, 2nd August 2010

 တောင်ကိုရီးယားသို့ အမေရိကန် အထူး ကိုယ်စားလှယ် မလာမီ တနင်္ဂနွေနေ့က မြောက်ကိုရီးယားသည် စစ်ရေးဖြင့် လက်တုန့်ပြန်မည် ဖြစ်ကြောင်း တဖန် ခြိမ်းခြောက်ခဲ့ပြန်သည်။ ဆိုးလ်နှင့် အမေရိကန်တို့ကလည်း ပြုံးယမ်း အပေါ် အရေးယူမှု အသစ်များ ချမှတ်ရန် ရှေးရှုလျက် ရှိသည်။

တောင်ကိုရီးယားတို့သည် အမေရိကန် ပြည်ထောင်စုနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြုခဲ့ခြင်းကြောင့် မြောက်ကိုရီးယား အနေဖြင့် ပြင်းပြင်းထန်ထန် မညှာမတာ ပြစ်ဒဏ် ခတ်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား ပါတီ သတင်းစာ Rodong Sinmun တွင် ရေးသားထားသည်။

ယခင်က ပြောခဲ့ဖူး သလိုပင် မိမိတို့သည် နျူကလီယာကို အခြေခံသော လက်တုန့်ပြန် စစ်ပွဲ တစ်ခု ဆင်နွှဲရလိမ့်မည် ဖြစ်ကြောင်း စွပ်စွဲ ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဌာန လက်နက် မပြန့်ပွားရေးနှင့် ထိန်းချုပ်ရေး အတွက် အထူး အကြံပေး အရာရှိ Robert Einhorn သည် တနင်္ဂနွေနေ့ ညပိုင်းတွင် ဆိုးလ်သို့ ရောက်ရှိပြီး၊ မြောက်ကိုရီးယား အပေါ် အရေးယူမှုများ မည်သို့ အရှိန်မြှင့်နိုင်မည်ကို ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဌာန တာဝန်ရှိသူများက ပြောသည်။

Einhorn သည် တနင်္လာနေ့တွင် တောင်ကိုရီးယား တာဝန်ရှိသူများနှင့် ဆက်တိုက် တွေ့ဆုံရန် ရှိသည်။

စစ်တပ်မှ တနင်္ဂနွေနေ့က ပြောကြားရာတွင် မြေမြှုပ်မိုင်းများကြောင့် တစ်ဦး သေ၍ တစ်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။

တောင်ကိုရီးယား ကမ်းခြေ တလျှောက်တွင် ပြီးခဲ့သည့် အပတ်အတွင်း မြေမြှုပ်မိုင်း ဒါဇင်ပေါင်း များစွာ ရေနှင့် မျောပါလာကြောင်း၊ မိုးကြီးသောကြောင့် မြောက်ကိုရီးယားမှ မျောပါလာဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။

လူနှစ်ဦးသည် စနေနေ့က မြောက်ကိုရီးယား နယ်စပ် အနီးတွင် ငါးဖမ်းနေစဉ် သစ်သား သေတ္တာတွင် ထည့်ထားသော မိုင်းနှစ်လုံး ရေထဲတွင် မျောလာသည်ကို တွေ့ရှိရသည်ဟု စစ်တပ်မှ အရာရှိ တစ်ဦး၏ အဆိုအရ သိရှိရသည်။

တစ်လုံးမှာ ၎င်းတို့ သယ်ယူလာစဉ် ပေါက်ကွဲပြီး၊ တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးကြောင်း၊ အမည် မဖော်လိုသူ အရာရှိ တစ်ဦးက ဆိုသည်။ အခြား တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိ၍ အနီးရှိ ဆေးရုံသို့ သယ်ဆောင်သွားသည်။

တနင်္ဂနွေနေ့က တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယားသို့ မြေမြှုပ်မိုင်းများ တောင်ဖက်သို့ စီးဝင်မလာရန် သင့်တော်သော ကြိုတင် ကာကွယ်မှုများ ပြုလုပ်ရန် သတင်း ပေးပို့ခဲ့သည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ လူများသည် ၎င်းတို့ သယ်ယူလာသော ပစ္စည်းများသည် မိုင်းများ ဖြစ်သည်ကို သိမသိကိုမူ ရှင်းလင်းစွာ မသိရသေးပေ။

စနေနေ့ကတည်းက ထိုသို့သော မိုင်း ၃၅ လုံး မျောပါလာရာ၊ မြောက်ကိုရီးယားတွင် မိုးကြီးသောကြောင့် ဖြစ်ဟန် တူသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယား စစ်သင်္ဘောသည် မြောက်ကိုရီးယား တော်ပီဒိုကြောင့်ဟု တောင်ကိုရီးယားနှင့် အမေရိကန်တို့က မေလ နှောင်းပိုင်းတွင် စွပ်စွဲ ပြောကြားခဲ့ အပြီးတွင် နှစ်နိုင်ငံ နယ်စပ် တင်းမာမှုများ သိသိသာသာ ဖြစ်လာခဲ့သည်။

အမေရိကန်နှင့် တောင်ကိုရီးယား တပ်များသည် ပြီးခဲ့သည့် အပတ်က လေးရက်ကြာ ရေတပ်နှင့် လေတပ် ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ ၎င်းတို့က မြောက်ကိုရီးယားတို့ နောက်ထပ် တိုက်ခိုက် မလာရန် ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝါရှင်တန်သည် ၂၀၀၅ ခုနှစ်က မကာအို အခြေစိုက်ဘဏ် တစ်ခုအား မြောက်ကိုရီးယား ငွေစာရင်းတွင် ဒေါ်လာ ၂၅ သန်းကျော် လက်ခံထားပြီး၊ ပြုံးယမ်းအား ငွေမည်း ခဝါချပေးမှု အတွက် စွပ်စွဲကာ အမည်မည်း စာရင်း သွင်းခဲ့သည်။

ထိုသို့ ပြုလုပ်ခဲ့ခြင်းကြောင့် မြောက်ကိုရီးယားကို နိုင်ငံတကာ ငွေကြေးစနစ်ဖြင့် ဆက်သွယ်ခြင်းကို ထိရောက်စွာ ဖြတ်တောက် နိုင်ခဲ့သည်။

ကုလ သမဂ္ဂကလည်း ပြီးခဲ့သည့်နှစ် ဇွန်လက မြောက်ကိုရီးယား၏ ဒုံးကျည် ပစ်လွှတ်မှုများနှင့် နျူကလီယာ စမ်းသပ်မှုများကြောင့် အရေးယူမှုများကို ပိုမို တင်းကြပ်ခဲ့သည်။

ပြီးခဲ့သည့် လက ဝါရှင်တန်သည် ထပ်မံ အရေးယူမှုများကို ကြေညာခဲ့ရာ မြောက်ကိုရီးယား၏ နျူကလီယာ လက်နက်များ ရောင်းဝယ်မှု၊ ငွေမည်း ခဝါချမှုနှင့် တရားမဝင် လုပ်ရပ်များ ရပ်တန့်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 1st August 2010

မဲဆောက် မြဝတီ နယ်စပ် ပိတ်ထားခြင်းကြောင့် အခွန်ငွေ ဘတ် ၂၀ ဘီလျံကျော် ဆုံးရှုံး စေခဲ့သည်ဟု မဲဆောက် အကောက်ခွန်ရုံး အကြီးအကဲ ပင်ကန်ချာနာ လော့ဆရီ ပိုင်ဘွန်းက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

"နယ်စပ် ပိတ်ထားတာ ရက် ၂၀ ကျော်ပြီ ဆိုတော့ ပင်လယ်စာ Seafood လိုမျိုး ကုန်ပစ္စည်း တော်တော်များများရဲ့ ဈေးနှုန်းတွေက တရှိန်ထိုး တက်သွားခဲ့ပါတယ်" ဟု သူမက ဆိုသည်။

"နယ်စပ် ပိတ်ပြီးနောက်ပိုင်း မြန်မာဖက်က လူတွေ ထိုင်းနိုင်ငံဖက်ကို ကူးမလာကြတော့ တက္ကစီကား၊ တက္ကစီ ဆိုင်ကယ်တွေကို ဆိုးဆိုးဝါးဝါး ထိခိုက်စေခဲ့ပါတယ်" ဟု သူမက ဆက်လက် ပြောသည်။

"အခု အနေအထားကို အရေးပေါ် ပြန်လည် ထိန်းသိမ်းဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ထိုင်းအစိုးရဟာ မြန်မာ အစိုးရနဲ့ စေ့စပ် ညှိနှိုင်းဖို့ လိုအပ်ပါတယ်" ဟု အကောက်ခွန် အရာရှိက သုံးသပ်သည်။

မြန်မာနိုင်ငံ ဘက်မှ ပြည်သူအချို့သည် မဲဆောက်မြို့တွင် ကလေးများ ဆေးခန်းပြရန်၊ ထိုင်း ကုန်ပစ္စည်းများ ဝယ်ယူရန် အတွက် ထိုင်းနိုင်ငံ နယ်စပ်ကို တရားမဝင် ဖြတ်သန်း ဝင်ထွက် သွားလာနေကြသည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်း-မြန်မာ နယ်စပ်ဒေသ ပိတ်ဆို့မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ရှိနေသော်လည်း မြန်မာနယ်စပ်ဒေသ မဲဆောက်မြို့တွင် ဟက်တာ ၈၀၀ အကျယ်အဝန်းရှိ စီးပွားရေးဇုန် တစ်ခုကို တည်ဆောက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ရေး မြှင့်တင်ရန် ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ကက်ဘိနက်သို့ အဆိုပြု တင်ပြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးဇုန်တွင် ကုန်သွယ်ရေး လုပ်ငန်းများ ကောင်းမွန်စွာ လည်ပတ်နိုင်ရေး အတွက် ထိုင်းအစိုးရ၏ အထောက်အပံ့ဖြင့် ပုဂ္ဂလိက ကုမ္ပဏီများအား ဝင်ရောက် လုပ်ကိုင်ခွင့် ပြုမည်ဟု ဆိုသည်။ စီးပွားရေးဇုန်ကို ထိုင်း-မြန်မာ နယ်စပ်ဒေသ ကြားရှိ သောင်းရင်းမြစ် တစ်လျှောက်တွင် တည်ဆောက်သွားမည် ဖြစ်သည်။

ထိုင်း-မြန်မာ စီးပွားရေးဖွံ့ဖြိုးမှု ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပြီး ထိုင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယဝန်ကြီး ဖြစ်သူ Alongkorn Ponlaboot က မိမိတို့ ဝန်ကြီး ဌာနသည် စီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ကြဉ်း နိုင်ရေးအတွက် ကော်မတီတစ်ရပ် ဖွဲ့စည်းရန် ကက်ဘိနက် အဖွဲ့၏ အတည်ပြုချက် ရယူမည် ဖြစ်ကြောင်း ပြောကြားသည်။

ယင်းမဲဆောက် စီးပွားရေးဇုန်ကို ပြည်သူ့ရေးရာ အသင်းအဖွဲ့ တစ်ခု နှင့် စက်မှုလုပ်ငန်း ဆိုင်ရာ မြေယာတစ်ခု ရောစပ်ထားသည့် ပုံစံဖြင့် စီမံခန့်ခွဲသွားမည် ဖြစ်ပြီး ကုန်သွယ်ရေးအတွက် လိုအပ်သော အခြေခံ အဆောက်အအုံ၊ ကုန်းတွင်း ကွန်တိန်နာ ရပ်နားစခန်း တစ်ခု၊ ကုန်လှောင်ရုံ တစ်ခု၊ စစ်ဆေးရေး အဖွဲ့ တစ်ခုနှင့် အကောက်ခွန်ရုံး တစ်ခု ဖြည့်ဆည်းပေးမည် ဖြစ်သည်။

"အစိုးရက စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံမယ့် သူတွေကို အကောက်ခွန် လျှော့ချပေးတာမျိုး အပါအဝင် သီးသန့် အခွင့်အရေးတွေ ပေးသွားမှာပါ" ဟု Alongkorn Ponlaboot က ပြောဆိုသည်။

အဆိုပါ စီးပွားရေးဇုန် တည်ထောင်မှုကို ပြီးခဲ့သည့် အောက်တိုဘာလက ကက်ဘိနက်အဖွဲ့၏ အစမ်း သဘောတူညီချက်ဖြင့် စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသ မဲဆောက် စစ်ဆေးရေး ဂိတ်မှာ နှစ်နိုင်ငံ အငြင်းပွားမှု ပြဿနာကြောင့် ပိတ်ပင်ထားသည်။ သတင်း ပေးပို့ချက်များအရ သောင်းရင်းမြစ် တစ်ဖက် ထိုင်းနိုင်ငံဘက် အခြမ်းတွင် တမံ တည်ဆောက်မှုကို မြန်မာနိုင်ငံက ကန့်ကွက်သည့် အနေဖြင့် နယ်စပ်ဝင်ပေါက် ပိတ်ပင်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

The Nation သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်အာဖရိက နိုင်ငံတွင် ကျင်းပသော ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် မြောက်ကိုရီးယား အသင်း ကောင်းမွန်စွာ ခြေစွမ်း မပြနိုင်ခဲ့သောကြောင့် ပြုံးယမ်း ကွန်မြူနစ် အစိုးရက အသင်းနည်းပြ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူ Kim Jong-hun အား နည်းပြရာထူးမှ ထုတ်ပယ် လိုက်ရုံသာမက အလုပ်သမားပါတီမှပါ ထုတ်ပယ်ကာ ဆောက်လုပ်ရေး အလုပ်ကြမ်းသမား အဖြစ် လုပ်ကိုင်စေခဲ့ကြောင်း စုံစမ်းသိရှိရသည်။ Kim Jong-hun ကို လူသိရှင်ကြား ကဲ့ရဲ့ ရှုတ်ချပြီး ယင်းသို့ အလုပ်ကြမ်း သမားအဖြစ် လုပ်ကိုင်ရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထိုမျှ မကသေးဘဲ မစ္စတာ Kim Jong-hun သည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ သားအဖြစ် ရိုးတိုးရိပ်တိတ် ပြောဆိုခံရသူ ဗိုလ်ချုပ်ကြီး Kim Jong-un အပေါ် သစ္စာဖောက်သူအဖြစ် စွပ်စွဲ ပြောဆိုခံထားရသည့် အတွက် ကွပ်မျက်ခံရကောင်း ခံရနိုင်သည် ဟူ၍ စိုးရိမ် မကင်းမှုများ ဖြစ်ပေါ်လျက် ရှိသည်။

Daily Express သတင်းစာ အဆိုအရ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရသည် လတ်တလော ကာလများအတွင်း ထိပ်ပိုင်း ခေါင်းဆောင် နှစ်ဦးကို ကွပ်မျက် သုတ်သင်ခဲ့သည်ဟု သိရသည်။ ကွပ်မျက်ခံရသူ တစ်ဦးမှာ လွဲမှားသော ငွေကြေးပြုပြင် ပြောင်းလဲမှု ပေါ်လစီ ချမှတ်ခဲ့သူ ဖြစ်ပြီး ကျန်တစ်ဦးမှာ တောင်ကိုရီးယား နိုင်ငံနှင့် သံတမန်အရ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် တာဝန်ရှိသူ ဖြစ်သည်။

မြောက်ကိုရီးယား အသင်းသည် ၂၀၁၀ ကမ္ဘာ့ဖလား အုပ်စု ပတ်လည် ပြိုင်ပွဲများ အတွင်း ဘရာဇီးအသင်းကို ၂ ဂိုး ၁ ဂိုး ဖြင့်ရှုံးနိမ့်ခဲ့စဉ်က စိတ်ဓာတ် ကြံ့ခိုင်သော အသင်းအဖြစ် ချီးမွမ်း ပြောဆိုခံခဲ့ရသည်။ အဆိုပါ ဘရာဇီးအသင်းနှင့် ယှဉ်ပြိုင်ရာတွင် ပြသခဲ့သော စိတ်ဓာတ် ကြံ့ခိုင်မှုကို ထောက်ခံ အားပေးသည့် အနေဖြင့် သက်ဦးဆံပိုင် ဆန်သော ကွန်မြူနစ် ခေါင်းဆောင် အစိုးရက အုပ်စုပတ်လည် ဒုတိယမြောက်ပွဲဖြစ်သည့် ပေါ်တူဂီအသင်းနှင့် ယှဉ်ပြိုင်သည့် ပွဲစဉ်ကို တိုက်ရိုက် ထုတ်လွှင့်ပြသ ခဲ့ပေးခဲ့သည်။

သို့သော် ကံမကောင်း အကြောင်း မလှစွာပင် မြောက်ကိုရီးယား အသင်းသည် ပေါ်တူဂီအသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။ နောက်တစ်နေ့ထုတ် သတင်းစာများတွင်
မြောက်ကိုရီးယားက ပေါ်တူဂီအပေါ် ရှုံးနိမ့်ခဲ့ရသည့် သတင်းများ ရေးသားခြင်း လုံးဝ မရှိခဲ့ပေ။

မြောက်ကိုရီးယား အသင်းမှာ နောက်ဆုံးပွဲစဉ် ဖြစ်သော အိုင်ဗရီကို့စ်နှင့် ယှဉ်ပြိုင်သည့် ပွဲတွင် သုံးဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလားမှ ထွက်ခဲ့ရသည်။ အုပ်စုပွဲမျှနှင့် ရှုံနိမ့်ကာ အိမ်ပြန်လာသော မြောက်ကိုရီးယား အမျိုးသား ဘောလုံးအသင်းသား များမှာ ပြည်သူ့ယဉ်ကျေးမှု ဇာတ်ရုံ စင်မြင့်ပေါ်တွင် ခြောက်နာရီ တာမျှ မတ်တပ်ရပ် ခိုင်းစေ ခံခဲ့ရရုံသာမက ကွန်မြူနစ် ပါတီအရာရှိများ၊ အားကစား သမားများ၊ ကျောင်းသားများ ပါဝင်သည့် ပရိသတ် ၄၀၀ ခန့်၏ လှောင်ပြောင် သရော် ရှုတ်ချခြင်းလည်း ခံခဲ့ရသည်။

www.newkerala.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နာဂပြည်နယ် ဖက်ဒရယ်အစိုးရ (နာဂ အမျိုးသား ကောင်စီ-NNC) ၏ ဗိုလ်မှူးချုပ်ဟောင်းသည် Imphal ဒေသတွင် တားဆီး ပိတ်ပင်ထားသော စစ်လက်နက် ပစ္စည်းများနှင့်
စစ်လက်နက် မှောင်ခိုရောင်းဝယ်မှု ပြုလုပ်ခဲ့သောကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မဏိပူရ ရဲတပ်ဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့ အဆိုအရ NNC ၏ ဗိုလ်မှူးချုပ်ဟောင်း Mangkung Sarang Paisho အား Ukhrul ခရိုင် Phungyar ရဲစခန်းပိုင် နယ်မြေတွင် Imphal ရဲတပ်ဖွဲ့ အထူးကွန်မန်ဒို အဖွဲ့က ဇူလိုင်လ ၂၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ Mangkung Sarang Paisho သည် အာသံပြည်နယ် တပ်ဖွဲ့မှ တပ်ပြေးတစ်ဦးလည်း ဖြစ်သည်။

၎င်းသည် Imphal ပြည်နယ် Nagaram မြို့ရှိ Stadium View Hotel အခန်း နံပါတ်-၂၀၁ အတွင်း တည်းခိုနေခိုက် ကွန်မန်ဒိုတပ်ဖွဲ့၏ စီးနင်းဝင်ရောက် ဖမ်းဆီးမှု ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ဟိုတယ်တွင် လက်နက် မှောင်ခိုဂိုဏ်း တစ်ခုမှ အဖွဲ့ဝင်များ တည်းခိုလျက် ရှိသည်ဟု သတင်း ပေးသောကြောင့် ဖမ်ဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မဏိပူရ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ စုံစမ်း ဖော်ထုတ်မှုအရ နာဂပြည်နယ် ဖက်ဒရယ် အစိုးရမှ ဗိုလ်မှူးချုပ်ဟောင်း Mangkung Sarang Paisho သည် မြန်မာနိုင်ငံမှ လက်နက်မှောင်ခို ထုတ်ယူပြီး NSCN(IM) အပါအဝင် တရားမဝင် အဖွဲ့အစည်းများသို့ ထောက်ပံ့ ရောင်းချနေသည့် မှောင်ခိုဂိုဏ်း အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံ၊ Manyuan ကျေးရွာတွင် မြန်မာ အမျိုးသမီး တစ်ဦးနှင့် လက်ထပ်ကာ နှစ်ပေါင်း ၁၇ ခန့် နေထိုင်ခဲ့သည်။

Mangkung Sarang Paisho သည် သူ၏ သားဖြစ်သူ MS Sunlight ခေါ် Koba ခေါ် အောင်သန်းတင် (၃၀ နှစ်) နှင့်အတူ လက်နက်မှောင်ခိုမှုများ ပြုလုပ်လျက် ရှိသည်။ အောင်သန်းတင်မှာ NSCN(IM) လက်နက်ကိုင်အဖွဲ့တွင် မိမိကိုယ်မိမိ ဗိုလ်မှူးရာထူး ရယူထားသူ ဖြစ်သည်။

Mangkung Sarang Paisho သည် Hopeson နှင့် Jacob ပြည်နယ် ဒေသများရှိ တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းများ အတွက် လက်နက်များ ထောက်ပံ့ ပေးပို့ ရောင်းချနိုင်ရေး အတွက် အမည် မသိရသော နေရာတစ်ခုသို့ သွားရောက်ရန် ပြင်ဆင်နေခိုက် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း ရဲက ဆိုသည်။

Hueiyen News Services မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Strait Times, 31st July 2010

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးသည် ၎င်း၏ ခရီးစဉ် အတွင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံခဲ့ကြောင်း စနေနေ့က ပြုံးယမ်း သတင်းများက ပြောသည်။ ထိုခရီးစဉ်အား အနောက် နိုင်ငံများက နှစ်နိုင်ငံကြား နျူကလီယာ လက်နက်များအတွက် ပူးပေါင်း ဆောင်ရွက်မှုများ ဖြစ်နိုင်ကြောင်း စိုးရိမ်မှုများဖြင့် စောင့်ကြည့်နေကြမည် ဖြစ်သည်။

ကိုးရီးယား ဗဟို သတင်းအေဂျင်စီ (KCNA) က ပြောကြားရာတွင် Pak Ui Chun ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဦးဥာဏ်ဝင်းနှင့် အခြား တာဝန်ရှိသူများနှင့် နေပြည်တော်တွင် သောကြာနေ့က တွေ့ဆုံခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲများတွင် နှစ်နိုင်ငံ စလုံးနှင့် သက်ဆိုင်သည့် ဒေသတွင်းနှင့် နိုင်ငံတကာ  ကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြား ချစ်ကြည်စွာ ဆက်ဆံမှု တိုးတက်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဖက် အမြင်များ ဖလှယ်ခဲ့ကြသည်ဟု KCNA က ဆိုသည်။

ဆွေးနွေးပွဲ အကြောင်းအရာ၏ အသေးစိတ် အချက်များကိုမူ သတင်း ထုတ်ပြန်ခြင်းမရှိပါ။

ပတ်အီချွန်သည် ရန်ကုန်သို့ ကြာသပတေးနေ့တွင် ရောက်ရှိခဲ့ပြီး ၎င်း၏ ခရီးစဉ်ကို တနင်္ဂနွေနေ့တွင် ပြီးဆုံးရန် မျှော်လင့်ထားသည်ဟု မြန်မာနိုင်ငံမှ အရာရှိက ဆိုသည်။

၁၉၈၃ တွင် ထိုစဉ်က မြန်မာနိုင်ငံသို့ရောက်ရှိ နေသော တောင်ကိုးရီးယား သမ္မတ ချန်ဒူးဝှမ် အပေါ် မြောက်ကိုးရီးယား အေးဂျင့်များ၏ မအောင်မြင်သော လုပ်ကြံ သတ်ဖြတ်မှုကြောင့် ရန်ကုန် ပြုံးယမ်း ဆက်ဆံရေး ပျက်ပြားသွားခဲ့သည်။ ၎င်းဖြစ်ရပ်တွင် တောင်ကိုးရီးယား ဝန်ကြီးများ အပါအဝင် ၂၁ ဦး သေဆုံးခဲ့သည်။ သို့သော်လည်း အဆိုပါ အထီးကျန် အာဏာရှင် ၂ နိုင်ငံကို လတ်တလော နှစ်များအတွင်း အမေရိကန် ပြည်ထောင်စုက ပြန်လည် ဆက်ဆံခဲ့ပြီး၊ ၂၀၀၇ ခုနှစ်တွင် ၎င်းတို့ ၂ နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

30th July 2010

ယခင်နှစ်က နျူကလီယာနှင့် ဒုံးကျည် စမ်းသပ်မှု များပြုလုပ်ခဲ့သည့် မြောက်ကိုးရီးယား နိုင်ငံ အပေါ် ကုလသမဂ္ဂက ချမှတ်ထားသည့် လက်နက်ကုန်သွယ်မှု တားမြစ်ချက်နှင့် အခြား အရေးယူ ပိတ်ဆို့မှုများကို မြန်မာနိုင်ငံ အနေဖြင့် လိုက်နာကျင့်သုံးရန် အမေရိကန် ပြည်ထောင်စုက ကြသပတေးနေ့တွင် တိုက်တွန်းခဲ့သည်။

မြောက်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီး ပတ်ဂီချွန် မြန်မာနိုင်ငံသို့ ၄ရက်ကြာ ခရီးစဉ် ရောက်ရှိနေမှုကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowely ထံမှ မှတ်ချက်ပေးမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

"မြောက်ကိုးရီးယားနဲ့ မြန်မာအကြားက ဆက်ဆံရေး သဘာဝကို ကျွန်တော်တို့ စိတ်ပူနေပါတယ်။ သူတို့ ၂ နိုင်ငံ ဆက်ဆံရေးက ပွင့်လင်း မြင်သာမှု မရှိပါဘူး။ မြောက်ကိုးရီးယားဟာ နျူကလီယာ ပြန့်ပွားရေးကို ဆက်တိုက် ကျူးလွန်နေသူပါ၊ သိသာထင်ရှားတဲ့ တရားမဝင် လှုပ်ရှားမှုတွေမှာ မြောက်ကိုးရီးယားနိုင်ငံ ပါဝင် ပတ်သက်ခဲ့ပါတယ်" ဟု Crowley က ပြောကြားသည်။ "ကမ္ဘာပေါ်က တခြားနိုင်ငံတွေ လိုပဲ မြန်မာနိုင်ငံ ဟာလည်း ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဥပဒေ စည်းကမ်းတွေကို လိုက်နာဖို့ တာဝန် ရှိပါတယ်။ လိုက်နာလိမ့်မယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ဆီးရီးယား၊ အီရန်၊ ပါကစ္စတန် နှင့် အခြား နိုင်ငံအတော်များများမှ နျူကလီယာနှင့် ဒုံးကျည် နည်းပညာ ပြန့်ပွားမှုများ၏ နောက်ကွယ်တွင် ပါဝင် ပတ်သက်နေသည်ဟု သံသယ ရှိနေကြသော မြောက်ကိုးရီးယား နိုင်ငံအတွက် လက်နက် ရောင်းချခြင်းသည် အဓိက ဝင်ငွေ ရင်းမြစ်တစ်ခု ဖြစ်သည်။

ယခင်နှစ် ဇွန်လက မြန်မာနိုင်ငံသို့ ဦးတည်နေသည်ဟု ယူဆရသော မြောက်ကိုးရီးယား ကုန်သင်္ဘော တစ်စင်းမှာ အမေရိကန် ရေတပ်သင်္ဘောများ၏ အနီးကပ် နောက်ယောင်ခံလိုက်မှုကြောင့် နောက်ပြန်လှည့်သွားခဲ့သည်။

ပြီးခဲ့သော ဒီဇင်ဘာလက ဘန်ကောက် လေဆိပ်တွင် ဖမ်းဆီးမိသော မြောက်ကိုးရီးယား လက်နက် ပစ္စည်း ၃၅ တန်မှာလည်း ဆီးရီးယားမှ တဆင့် ဟားမက်စ်နှင့် ဟစ်စ်ဘိုလာ စစ်သွေးကြွများထဲ ပို့ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အစ္စရေးက မေလတွင် ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စု အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး Dannis Blair ကလည်း မြောက်ကိုးရီးယား ကုန်တင် လေယာဉ်သည် အရှေ့ အလယ်ပိုင်းသို့ ဦးတည်ခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပြီး အသးစိတ် ရှင်းလင်း ပြောကြားခြင်း မရှိပါ။

လွန်ခဲ့သော နှစ်က အနည်းငယ်က အစ္စရေးက မြောက်ကိုးရီးယားအား အရှေ့ အလယ်ပိုင်းသို့ လက်နက် တင်ပို့မှု ရပ်ဆိုင်းအောင် တန်စိုး လက်ဆောင်ပေး စည်းရုံးခဲ့မှုမှာလည်း မအောင်မြင်ခဲ့ဟု သိရှိရသည်။

ပြီးခဲ့သောနှစ် မေလတွင် မြောက်ကိုးရီးယားက နျူကလီယာ စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် ကုလ လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို ချမှတ် အရေးယူခဲ့အပြီး တစ်လခန့် အကြာတွင် ပထမဆုံး ဖမ်းဆီးမှု အဖြစ် မြောက်ကိုးရီးယား ပဲ့ထိန်း ဒုံးကျည်ထိပ်ဖူးများ၊ သမားရိုးကျ လက်နက်များ တင်ဆောင်လာသည့် ဘဟားမား အလံတင် သင်္ဘော တစ်စင်းကို UAE နိုင်ငံက ဖမ်းဆီးခဲ့သည်။

ယခင်နှစ် သြဂုတ်လကလည်း အိန္ဒိယနိုင်ငံက ၎င်း၏ ကမ်းလွန်တွင် မြောက်ကိုးရီးယား သင်္ဘော တစ်စင်းကို ဖမ်းဆီးရှာဖွေခဲ့သော်လည်း လက်နက်များ တင်ဆောင်လာခြင်း မရှိသည်ကို တွေ့ရှိရသည်။

"ပြုံးယမ်း-နေပြည်တော် ဆက်ဆံရေးက ပွင့်လင်းမြင်သာမှု မရှိလို့ အကဲဖြတ်ဖို့ ခက်ခဲနေပါတယ်'' ဟု Crowley က ပြောကြားသည်။ "မြောက်ကိုးရီးယားရဲ့ သမိုင်းဝင် နာမည်ပျက် မှတ်တမ်းတွေကြောင့် အခု ကိစ္စမှာ ကျွန်တော်တို့ စိုးရိမ်စရာ တစုံတရာ ရှိနေပါတယ်။ ဒီ တစုံတရာကို ဂရုတစိုက် သတိထားပြီး စောင့်ကြည့်သွားမှာပါ'' ဟု ၎င်းက ဆိုသည်။

မြောက်ကိုးရီးယားက မြန်မာနိုင်ငံသို့ နျူကလီယာ နည်းပညာ ဖြန့်ဝေနိုင်မှု နှင့် ပတ်သက်ပြီး စိုးရိမ် ပူပန်နေမှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ဟနွိုင်းတွင် ယခင် အပတ်က မှတ်ချက်ပေးခဲ့ပြီးနောက် ယခု ပြောရေးဆိုခွင့် ရှိသူ Crowley က ထပ်မံ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ဟနွိုင်း အစည်းအဝေးတွင် ကလင်တန်က "မြောက်ကိုးရီးယား စစ်လက်နက် ပစ္စည်းတွေ မြန်မာနိုင်ငံကို တင်ပို့နေမှုနဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ စိုးရိမ်ပူပန်မှုတွေဟာ အားလုံးနဲ့ သက်ဆိုင်တယ် ဆိုတာကို ပြောခဲ့ပြီးပါပြီ၊ မြောက်ကိုးရီးယား သင်္ဘော တစ်စင်းဟာ မကြာသေးမီကပဲ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ပို့ဆောင်ခဲ့တာကို ကျွန်မတို့ သိထားပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီယာ အစီအစဉ်ကို အကောင်အထည် ဖော်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ အစီရင်ခံစာတွေကြောင့် ဆက်လက် စိုးရိမ်မှုတွေ ဖြစ်ပေါ်နေတာပါ" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Jakata Post, 30th July 2010

ယခင် အပတ် ဟနွိုင်းတွင် ကျင်းပသည့် ၄၃ ကြိမ်မြောက် အာဆီယံ ဝန်ကြီးများ အစည်းအဝေး၏ ရလဒ်များပေါ်တွင် အခြေပြုကာ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်က "အာဆီယံသည် ၎င်း၏ ဗဟိုအချက်အချာကျမှုကို ပြန်လည်ရရှိခဲ့ပြီ'' ဟု ပြောကြားလိုက်သည်။ "ကမ္ဘာကြီးက အာဆီယံကို ပြန်ဦးလှည့်နေပါပြီ" ဟု ၎င်းက ဆိုသည်။

"အာဆီယံနဲ့ ဒေသတစ်ခုလုံး အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဟာ သူတို့ရဲ့ အမြင်တွေ ဖလှယ်ဖို့အတွက်၊ သူတို့ရဲ့ တိုင်းပြည် အစီအစဉ်၊ သူတို့ရဲ့ နိုင်ငံတကာ အစီအစဉ် စတဲ့ သူတို့အတွက် အရေးကြီးတဲ့ ကိစ္စတွေအပေါ် တိုင်ပင် ဆွေးနွေးကြဖို့ အတွက် အာဆီယံ စင်မြင့်ကို ပြန်ဦးလှည့်လာကြပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

အရှေ့ အာရှ ထိပ်သီး ညီလာခံ EAS သို့ တက်ရောက်ရန် စိတ်ဝင်စားကြောင်း အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့က ထုတ်ဖော် ပြောဆိုမှုကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ယခင် အပတ် အစည်းအဝေးတွင် ကြိုဆိုလိုက်ကြပြီး ဒေသ၏ စွမ်းဆောင်ရည် ကြီးထွားလာမှုကြောင့် ကမ္ဘာ့ အင်အားကြီး နိုင်ငံများ၏ အလေးထားမှုနှင့် ပါဝင် ပတ်သက်မှု တို့ကို ဆွဲဆောင်နိုင်သည်ကို ပြသခဲ့ကြသည်ဟု အာဆီယံ အကြီးအကဲက ဆိုသည်။

ယခင် အပတ်က ဟနွိုင်း အစည်းအဝေးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် တက်ရောက်ခဲ့ပြီး အောက်တိုဘာလတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီး ညီလာခံ သို့လည်း ထိပ်သီး ခေါင်းဆောင်များ လေ့လာသူအဖြစ် တက်ရောက်ကြမည်ဟု ဆိုသသည်။

ဟနွိုင်း အစည်းအဝေးတွင် ကနေဒါနှင့် တူရကီတို့ကလည်း အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်TAC ကို သဘောတူ လက်ခံခြင်းဖြင့် အာဆီယံနှင့် ဆက်လက် ညှိနှိုင်း ဆောင်ရွက်သွားကြရန် စိတ်ဝင်စားမှုကို ပြသခဲ့ကြသည်။ TAC ကို ပြင်ဆင်သည့်  တတိယ အကြိမ် ညှိနှိုင်းမှုကိုလည်း ကြိုးကြိုးစားစား ပြုလုပ်နိုင်ခဲ့ပြီး အချုပ်အချာ ပိုင်နိုင်ငံများ အဖွဲ့ဝင် အဖြစ်ပါဝင်သော ဒေသတွင်း အဖွဲ့အစည်းများ ပါဝင်လာမှုကို ခွင့်ပြုကာ ၂၀၁၀တွင် TAC သို့ ဥရောပ သမဂ္ဂ ပါဝင်လာရန် လမ်းကြောင်း ဖော်နိုင်ခဲ့သည်။

အာဆီယံ ဆိုင်ရာ အင်ဒိုနီးရှား အမြဲတမ်း ကိုယ်စားလှယ် Ngurah Swajaya က  "အာဆီယံသည် ၂၀၀၈ အာဆီယံ ပဋိဥာဉ် စာတမ်း မူကြမ်း ရေးဆွဲရာတွင် အီးယူ ပါဝင်ခြင်းမှ တဆင့် အီးယူနှင့် ရင်းနှီးစွာ ဆက်ဆံမှုကို တိုးတက်စေခဲ့ပြီး၊ အတွေ့အကြုံများ၊ အကောင်းဆုံး ကျင့်သုံးမှု ပုံစံများ၊ ရရှိထားသော သင်ခန်းစာများကို မျှဝေခြင်းမှ တဆင့် အဆိုပါ ဆက်ဆံရေးကို ဆက်လက် တည်ဆောက်နိုင်ခဲ့သည်'' ဟု ပြောကြားသည်။

တစ်နှစ် ၂ ကြိမ် ပြုလုပ်မည့် အာရှ-ဥရောပ အစည်းအဝေးကို ဘရပ်ဆယ်တွင် ယခုနှစ် အောက်တိုဘာလ၌ ကျင်းပရန် စီစဉ်ထားပြီး အီးယူနှင့် အာဆီယံ အကြား ဆက်ဆံရေး အပေါ် အဓိက အာရုံစိုက် ဆွေးနွေးကြမည့် လက္ခဏာ ရှိသည်။

ယခင် အပတ်က ဟနွိုင်းတွင် ဒေသတွင်း လုံခြုံရေး အပေါ် ဆွေးနွေးကြရာတွင် ကိုးရီးယားကျွန်းဆွယ်နှင့် တောင်တရုတ် ပင်လယ် ကိစ္စများကလည်း သိသိသာသာ လွှမ်းမိုးခဲ့သည်။

"ကိုးရီးယား ကျွန်းဆွယ် တင်းမာမှုများ အပေါ် စိုးရိမ် ပူပန်မှုဟာ နိုင်ငံတိုင်းနဲ့ သက်ဆိုင်ပြီး ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေသလို ကမ္ဘာကြီး တည်ငြိမ်ရေးနဲ့လည်း အကြုံးဝင်နေပါတယ်'' ဟု ဆူရင်ပစ်က ဆိုသည်။

ယင်းကဲ့သို့ ပဋိပက္ခ ကြီးထွားမှုများက ဒေသတွင်း တည်ငြိမ်မှုနှင့် လုံခြံမှု အပေါ် မခြိမ်းခြောက်နိုင်စေရန် နိုင်ငံများအကြား တင်းမာမှုနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲများ အတွက် ဖိုရမ် ကျင်းပရန် အာဆီယံ ကဲ့သို့သော အဖွဲ့အစည်းများတွင် တာဝန်ရှိသည်ဟု ၎င်းကပြောကြားခဲ့သည်။

တောင်တရုတ် ပင်လယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဒေသတွင်း ဥပဒေ စည်းကမ်း COC ထွက်ပေါ်ရေးနှင့် သက်ဆိုင်သည့် စေ့စပ်ညှိနှိုင်းမှုများမှာလည်း ဆွေးနွေးနေဆဲ အဆင့်တွင် ရှိသည်။

အင်ဒိုနီးရှား ပိုင်နက်၏ အနောက်မြောက် စွန်းစွန်း အကျော်လေးတွင် ရှိနေသော တောင်တရုတ် ပင်လယ်တွင် အမေရိကန်နှင့် တရုတ်တို့၏ အကျိုးစီးပွားချင်း ထိပ်တိုက် တိုးမိကြသည့် အချိန်တွင် အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာ့အင်အားကြီး ၂ နိုင်င့ အကြားမှ သြဇာ လွှမ်းမိုးရေး စစ်ပွဲ အတွင်း ရုတ်တရက် ကျရောက်သွားခဲ့သည်။

၂၀၁၅ တွင် အာဆီယံ အပြည့်အဝ ပေါင်းစည်းရေး အလားအလာနှင့် ပတ်သက်၍ အကဲခတ်များက သံသယရှိ နေကြသော်လည်း ပန်းတိုင် အရောက်သွားမည့် အာဆီယံ၏ ပိုင်းဖြတ်ထားမှုကို ဆူရင်ပစ်ဆူဝမ် က ထပ်မံ အတည်ပြုလိုက်ပြီး ၂၀၀၈ ပဋိပက္ခ စာတမ်း စတင် မိတ်ဆက်ပြီးနောက်ပိုင်း ဒေသတွင်း စီးပွားရေး အောင်မြင်မှုများကို ချီးကျူး ဂုဏ်ပြုလိုက်သည်။

အာဆီယံ ခြောက်နိုင်ငံတွင် အခွန် ကောက်ခံမှု သုည အဆင့်သို့ ရောက်ရှိသော ပြုလုပ် အောင်မြင်ခဲ့မှုကို ၎င်းက ထောက်ပြခဲ့ပြီး လာအို၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့်  ဗီယက်နမ် နိုင်ငံများတွင် အခွန်ကောက်ခံမှု မှန်မှန် လျှော့ချနေခြင်းမှာ ကြီးမားသော ဒေသတွင်း ပေါင်းစည်းမှုကို ဦးတည်နေသည့် တိုးတက်မှု လက္ခဏာပင် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ငွေကြေး အကျပ်အတည်း ကာလအတွင်း အာဆီယံ နိုင်ငံများကို အထောက်အကူ ပေးခဲ့သည့် IMF ကဲ့သို့ အဖွဲ့အစည်းများက ၎င်းတို့၏ ပံ့ပိုးမှုအားကို လျှော့လိုက်ချိန်တွင် အာဆီယံ အတွက် ဒေါ်လာ သန်း ၇၀၀ အာမခံ ရန်ပုံငွေ တစ်ရပ် ထူထောင်နိုင်ခဲ့သည့် အတွက် ဒေသတွင်း စီးပွားရေး ကြီးမားထွားမှုကို မြှင့်တင်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံမှ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကိစ္စမှာလည်း အာဆီယံ၏ လမ်းစဉ်တွင် ခက်ခဲသည့် အဆင့်တစ်ခု ဖြစ်နေသည်။ ယခင်အပတ် ဟနွိုင်း အစည်းအဝေးတွင် အာဆီယံ ဝန်ကြီးများက မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ လွပ်လပ်၊ မျှတ၍ အများနှင့် သက်ဆိုင်မှုရှိ စေရန် မျှော်လင့်ထားမှုကို ထုတ်ဖော် ပြောကြားခဲ့ကြရာ အဆိုပါ ရည်မှန်းချက် အောင်မြင်ရေး အတွက် အာဆီယံ ကုလသမဂ္ဂ အဖွဲ့တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့ကြသည်။

သို့သော်လည်း မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများ ကျင်းပပုံကို စောင့်ကြည့် လေ့လာရေးတွင် အာဆီယံ တိုက်ရိုက်ပါဝင် ပတ်သက်မည့် မည်သည့် အစီအစဉ်ကိုမျှ ကြေညာခဲ့ခြင်းမရှိပါ။

ထို့အပြင် မြန်မာနိုင်ငံမှ လူသားချင်း စာနာသော လုပ်ငန်းများကို ယခုလကုန် နောက်ဆုံးထား၍ အဆုံးသတ်ရန် အာဆီယံ ဝန်ကြီးများက သဘောတူခဲ့ကြသည်။ ရွေးကောက်ပွဲ ကာလ မတိုင်မီ နိုင်ငံတွင်းမှ အာဆီယံ အဖွဲ့ မှန်သမျှ ဖယ်ရှားပေးရန် မြန်မာ အစိုးရက တောင်းဆိုထားခြင်းကြောင့် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံမှ စတီး ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်သော Taiyuan Iron and Steel Group (TISCO) သည် China Nonferrous Metal Mining Group(CNMC) နှင့် မြန်မာနိုင်ငံရှိ တကောင်းတောင် (Tagaung Taung) နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းတွင် ပူးပေါင်း လုပ်ကိုင်ရန် သဘောတူ စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း  TISCO ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ထုတ်ပြန် ကြေညာထားသည်။

CNMC Nickel သည် ယခင်က တကောင်းတောင် သတ္တုတူးဖော်ရေး စီမံကိန်းကို ဦးဆောင် လုပ်ကိုင်ခဲ့ကြောင်း၊ ယခု သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် TISCO က CNMC တွင် အစုရှယ်ယာ ရရှိရန် အရင်းအနှီး ထည့်ဝင်မည် ဖြစ်ကြောင်း သိရသည်။ တကောင်းတောင် နီကယ်သတ္တု တူးဖော်ရေး စီမံကိန်းသည် တရုတ်နှင့် မြန်မာ ပူးပေါင်း ဆောင်ရွက်သည့် အကြီးဆုံးသော သတ္တု တူးဖော်ရေး စီမံကိန်းကြီး ဖြစ်သည်။

လေ့လာ သုတေသန ပြုချက်အရ တကောင်းတောင် သတ္တုတွင်းတွင် အဆင့်မြင့် အရည်အသွေး ရှိသော နီကယ်သတ္တု တန်ပေါင်း သန်း ၃၀ နှင့် အခြား နီကယ်သတ္တု တန်ပေါင်း ခုနစ်သိန်းခန့် ရှိသည်။ သတ္တု တူးဖော်ရေး လုပ်ငန်းကို လာမည့် နှစ် ၂၀၁၁ ခုနှစ်မှ ၂၀၃၁ ခုနှစ်အတွင်း လုပ်ကိုင်မည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု တန်ဖိုး အမေရိကန် ဒေါ်လာ သန်း ၈၀၀ ဖြစ်ကာ တစ်နှစ်လျှင် နီကယ်-သံ သတ္တုတန်ပေါင်း ၈၅၀၀၀ တန်နှင့် နီကယ် တန်ပေါင်း ၂၂၀၀၀ ခန့် ထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။ သတ္တု တူးဖော်ရေးတွင်း တည်ဆောက်မှု လုပ်ငန်းများမှာ အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်သည်။

နီကယ်သည် နိုင်ငံ အသီးသီးအတွက် ရှားပါးသော မဟာဗျူဟာ အရင်းအမြစ် တစ်ခု ဖြစ်သည်။ ယခု မြန်မာနိုင်ငံတွင်း ရင်းနှီး မြှုပ်နှံမည့် TISCO သည် ကမ္ဘာ့အကြီးဆုံး စတီး ထုတ်လုပ်ရေး ကုမ္ပဏီကြီး ဖြစ်ပြီး တစ်နှစ်လျှင် နီကယ်တန်ပေါင်း တစ်သိန်းခန့် ဝယ်ယူလျက် ရှိသည်။

"နီကယ် သတ္တုဟာ စတီး ထုတ်လုပ်ရေး လုပ်ငန်းအတွက် အင်မတန် အရေးကြီးတဲ့ ကုန်ကြမ်း ဖြစ်ပြီး နီကယ်အတွက် ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်ဟာလည်း အများဆုံး ဖြစ်ပါတယ်" ဟု Mysteel.com မှ ကျွမ်းကျင်သူ ပညာရှင် Zeng Jiesheng က ပြောကြားသည်။ Mysettl.com သည် စတီးဈေးကွက် သုတေသနနှင့် ခွဲခြမ်း စိတ်ဖြာရေး အဖွဲ့တစ်ခု ဖြစ်သည်။

People's Daily Online မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.