Transparency Myanmar

transparency.myanmar@gmail.com

Asia Times Online, By Marwaan Macan-Marker, 11th August 2010

မြန်မာနိုင်ငံ အတွက် လူ့အခွင့်အရေး စစ်ဆေးရန် ကုလသမဂ္ဂ ကိုယ်စားလှယ်သည် စစ်အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများ အတွက် နိုင်ငံတကာ စုံစမ်း စစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုခဲ့သည်။

အဆိုပါ တောင်းဆိုမှုကို ပြီးခဲ့သည့် မတ်လက အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ၎င်း၏ စာမျက်နှာ ၃၀ ပါ အစီရင်ခံစားကို ဂျီနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီတွင် တင်ပြစဉ်က ထည့်သွင်း ဖော်ပြခဲ့သည်။ ယခုအခါ Quintana သည် မြန်မာနိုင်ငံသို့ စတုတ္တ အကြိမ် သွားရောက်ရန် အတွက် မြန်မာ အစိုးရက ဗီဇာ ငြင်းပယ် ခဲ့သည်ဟု ကုလသမဂ္ဂနှင့် သံတမန် အသိုင်းအဝိုင်း၏ အဆိုအရ သိရှိရသည်။

Quintana သည် ယခုအခါ ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့သို့ ရောက်ရှိနေပြီး၊ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ အောက်တိုဘာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော အစီရင်ခံစာ တင်သွင်းရန် ပြင်ဆင်လျက် ရှိသည်။ ယခု ၎င်းအပေါ် မြန်မာ အစိုးရ၏ ပြုမူပုံများမှာ ပြည်ပရောက် ဒီမိုကရေစီ လှုပ်ရှားသူများက အံ့သြစရာ မကောင်းဟု ဆိုသည်။

၎င်း၏ ရှေ့အထူး ကိုယ်စားလှယ် Paulo Sergio Pinheiro အားလည်း ကုလသမဂ္ဂတွင် ပြင်းထန်သော အစီရင်ခံစာ တင်ပြမှုကြောင့် မြန်မာ အစိုးရက တိုင်းပြည်သို့ လာရောက်ရန်ကို ပိတ်ပင်ခဲ့သည်။

"Quintana က စစ်ရာဇဝတ်မှုတွေ အတွက် စုံစမ်းဖို့ နိုင်ငံတကာ ကော်မတီ ဖွဲ့ဖို့ ပြောတော့ အစိုးရရဲ့ အထိမခံတဲ့ အကြောင်း ကို သွားကိုင်တွယ် ဆိုတာ သိပ်ရှင်းနေပါတယ်။ အစိုးရက အဲဒီ့လို ဝေဖန်မှုမျိုးကို သည်းမခံနိုင်ပါဘူး" ဟု မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အတွက် လူထု အဖွဲ့အစည်း အဖြစ် အာရှ-ပစိဖိတ်တွင် လှုပ်ရှားနေသော Burma Partnership မှ ညှိနှိုင်းရေးမှူး ခင်ဥမ္မာက ပြောသည်။

မြန်မာနိုင်ငံ၏ လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် စုံစမ်း စစ်ဆေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က တောင်းဆိုခြင်းသည် ယခုအကြိမ်သည် ပထမဆုံး အကြိမ် ဖြစ်သည်။

Quintana သည် ဗီဇာ ငြင်းပယ် ခံရသော်လည်း စုံစမ်း စစ်ဆေးမှု ပြုလုပ်ရေး အတွက် တွန်းအား ပေးရန် ကတိပြုထားဆဲ ဖြစ်ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်သော အဖွဲ့ဖြစ်သော Human Rights Watch မှ မြန်မာနိုင်ငံ ပညာရှင် David Scott Matheison က ပြောသည်။ "သူလက်မလျှော့သေးပါဘူး။ မြန်မာပြည် ပြန်သွားပြီး၊ အထဲက တက်ကြွသူတွေနဲ့ တွေ့ဖို့ စိတ်အား ထက်သန်နေတုန်းပဲ" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြည့်ရှုရန် ကုလသမဂ္ဂက ၁၉၉၂ တွင် စတင် လုပ်ဆောင်ခဲ့သည်။ ထိုနှစ်တွင်ပင် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာ အစိုးရ အပေါ် အရေးပါသော ဆုံးဖြတ်ချက်များ ချမှတ်ရန် စတင် ဆွေးနွေး ခဲ့သည်။

သို့သော် ၂၀၀၂ ခုနှစ်တွင်မှသာ စစ်ရာဇဝတ်မှုများ အတွက် စွပ်စွဲမှုများ ပါဝင်သော အစီရင်ခံစာများ ထွက်ပေါ်လာပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ တိုးတက်လျက် ရှိသော တိုင်းပြည်တွင် ဖိနှိပ်မှုများနှင့် ကျူးလွန်မှုများ ပိုမို ဆိုးရွားလာမှု အတွက် အတည်ပြု ပေးသလို ဖြစ်သည်။ ထိုအထဲတွင် ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု နက်ဝပ်ခ် (Shan Women's Action Network SWAN) က ထုတ်ဝေသော "အဓမ္မပြုခွင့် လိုင်စင်" (License to Rape) အမည်ရ အစီရင်ခံစာသည် အစိုးရ၏ ဆိုးဝါးသော ပြုမူပုံများကို ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာတွင် အစိုးရ စစ်တပ်က ရှမ်းတိုင်းရင်းသား သူပုန်များ အပေါ် တိုက်ခိုက်ရာတွင် ရှမ်းအမျိုးသမီးများ အပေါ် အဓမ္မ ပြုကျင့်မှုကို စစ်ပွဲ၏ အစိတ်အပိုင်း အဖြစ် အသုံးပြုပုံကို မှတ်တမ်းများဖြင့် ဖော်ပြထားသည်။

၂၀၀၂ ခုနှစ် အစီရင်ခံစာ နောက်တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် ပထမဆုံး အကြိမ် အဖြစ် နယ်စပ်ဒေသ တိုင်းရင်းသားများနှင့် စစ်ဖြစ်လျက် ရှိသော နေရာများတွင် အမျိုးသမီးများအား အဓမ္မ ပြုကျင့်ခြင်းနှင့် အခြား ရာဇဝတ်များ ကျူးလွန်မှု အတွက် မြန်မာ အစိုးရ အပေါ် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။

SWAN ၏ အစီရင်ခံစာပါ ဖော်ပြချက်များသည် သူ့နောက် ထွက်ပေါ်လာသော အခြား အစီရင်ခံစာများတွင် ဖော်ပြချက်များနှင့် အနည်းငယ် ပြောင်းလဲမှု ရှိသည်။ အချို့မှာ နှစ်ပေါင်း ခြောက်ဆယ်ကျော် ခွဲထွက်ရေး အတွက် ပဋိပက္ခ ဖြစ်နေသော ကရင်ပြည်နယ်မှ အမျိုးသမီးများ၏ ပုံနှိပ် ထုတ်ဝေမှုများ ပါဝင်သည်။

ကရင်နှင့် ရှမ်း လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ဖက်နှင့် မြောက်ဖက် ထိုင်းနှင့် တရုတ် နယ်စပ်များတွင် နေထိုင်ကြပြီး၊ ငါးသိန်းခန့်မှာ ပြည်တွင်းတွင် နေထိုင်စရာ မရှိဘဲ အလွန် စိုးရိမ်ဖွယ်ရာ အခြေအနေတွင် နေထိုင် နေကြရသည်။ ၎င်းတို့၏ ရွာများတွင် စစ်ပြေး ဒုက္ခသည် အဖြစ် ပြေးလွှား နေရသည်။

အဆိုပါ စစ်ပွဲ ပဋိပက္ခများကြောင့် တိုင်းရင်းသား အရပ်သား လူထု အပေါ် သက်ရောက်မှုများကို ၂၀၀၉ ခုနှစ်က နိုင်ငံတကာ ဂျူရီ လူကြီး ငါးဦး ရေးသားသည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ တိုင်းရင်းသား ကျေးရွာ ၃၀၀၀ ကျော်ကို စစ်အစိုးရက မီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဟားဗတ် တက္ကသိုလ်၏ ဥပဒေကျောင်း နိုင်ငံတကာ လူ့အခွင့်အရေး လေ့လာမှု စာတမ်းတွင် ဖော်ပြထားသည်။ အဆိုပါ ဖျက်ဆီးမှုကို ဒါဗာ (ဆူဒန်) တွင် ဖျက်ဆီးခဲ့သော ကျေးရွာများ အရေအတွက်နှင့် နှိုင်းယှဉ်၍ ရနိုင်ကြောင်း ဆိုသည်။

"မြန်မာ ပြည်သူလူထု အပေါ် စစ်အစိုးရက ဆက်လက် နှိပ်စက်နေမှုများကို ကမ္ဘာကြီးက စောင့်ကြည့် မနေနိုင်တော့ပါဘူး" ဟု ဗြိတိန်၊ မွန်ဂိုလီးယား၊ တောင်အာဖရိက၊ အမေရိကန်နှင့် ဗင်နီဇွဲလားတို့မှ ဂျူရီ လူကြီးများ ရေးသားသော မြန်မာနိုင်ငံမှ ရာဇဝတ်မှုများ (Crimen in Burma) အစီရင်ခံစာတွင် ဖော်ပြထားသည်။ "မြန်မာနိုင်ငံမှ စစ်ရာဇဝတ်မှုများနှင့် လူသားချင်း မစာနာသော ရာဇဝတ်မှုများ အပေါ် စုံစမ်းရေး ကော်မရှင် အမြန်ဆုံး ဖွဲ့ရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသို့ ကျွန်ုပ်တို့ တောင်းဆိုသည်" ဟု ဖော်ပြထားသည်။

Quintana ကလည်း ၎င်း၏ မတ်လ အစီရင်ခံစာတွင် အဆိုပါ အယူအဆကိုပင် ထပ်မံ အသံပြုခဲ့သည်။

Quintana ၏ အစီရင်ခံစာသည် ၎င်းအား ၂၀၀၈ ခုနှစ် မေလက ခန့်အပ်ပြီး ကတည်းက ဖေဖော်ဝါရီလ တတိယမြောက် ခရီးစဉ် အပြီးတွင် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး ရက်စက်မှုများကို စာရင်းပြုလျက် မီးမောင်းထိုး ဖော်ပြခဲ့ရာ ဖမ်းဆီးထားသူများကို သေသည်အထိ နှိပ်စက်ခြင်း၊ အဓမ္မ လုပ်အား ပေးစေခြင်း၊ အစိုးရ ဆန့်ကျင်သူများအား ဖမ်းဆီးမှု၊ လွတ်လပ်စွာ ဖော်ပြခွင့်နှင့် စုဝေးခွင့် မရှိမှုတို့ကို ဖော်ပြထားသည်။

"အဲဒီ အစီရင်ခံစာကတော့ ကုလသမဂ္ဂ တာဝန်ရှိ ပုဂ္ဂိုလ်ထံက အမြန်ဆုံး အစီရင်ခံစာပါပဲ။ အရင်ကတည်းက ပြောနေတဲ့ စစ်ဖြစ်တဲ့ ကြားထဲနေရတဲ့ တိုင်းရင်းသားတွေ အကြောင်း အတည်ပြု လိုက်တာပါပဲ" ဟု SWAN ၏ အဖွဲ့ဝင် Charm Tong က ပြောသည်။ "သူတို့ဟာ အခုထိ မြန်မာ စစ်တပ်ရန်ကြောင့် ထွက်ပြေးနေတုန်းပဲ" ဟု ၎င်းက ဆိုသည်။

"အဲဒီ ခံစားချက်တွေ ပျောက်သွားဖို့ ဆိုရင် Quintana ရဲ့ တောင်းဆိုမှုဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ အရာရောက်မှ ဖြစ်မှာပါ" ဟု ရှမ်းလူမျိုး လှုပ်ရှားသူ တစ်ဦးက Inter Press Service သို့ ပြောသည်။ "ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံ အကြောင်း ဆွေးနွေး စေချင်ပါတယ်" ဟု ၎င်းက ပြောသည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံ ပြည်တွင်းလေကြောင်းလိုင်း တစ်ခုဖြစ်သော မြန်မာ့လေကြောင်း (Myanmar Airways-MA) တွင် လက်ရှိအသုံးပြုနေသော F-32 အမျိုးအစား လေယာဉ်များ နေရာတွင် အစားထိုးရန် တရုတ်နိုင်ငံမှ လေယာဉ်သုံးစင်း ဝယ်ယူရန် စီစဉ်လျက် ရှိကြောင်း လေကြောင်း အာဏာပိုင်အဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်များက သြဂုတ်လ ၁၁ ရက်နေ့တွင် ပြောကြားသည်။

တရုတ်နိုင်ငံထုတ် MA-60 အမျိုးအစား (လူစီးထိုင်ခုံ ၄၅ ခုံပါဝင်သည်) လေယာဉ် တစ်စင်း စက်တင်ဘာလတွင် ရောက်ရှိမည် ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။ မြန်မာ့ လေကြောင်းသည် ပြည်တွင်းရှိ မြို့ ၂၅ မြို့သို့ ဂျက်လေယာဉ် သုံးစင်း၊ ATR-72 နှစ်စင်း၊ ATR-42 တစ်စင်း၊ F-37 နှစ်စင်းတို့ဖြင့် ခရီးစဉ်များ ပြေးဆွဲပေးလျက် ရှိသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း မြန်မာ့လေကြောင်းအပြင် ပုဂ္ဂလိကပိုင်းက တာဝန်ယူ ဆောင်ရွက်သော မြန်မာ အပြည်ပြည် ဆိုင်ရာ လေကြောင်း (MAI) အမည်ရ နိုင်ငံတကာ လေကြောင်းလိုင်း တစ်ခုလည်း ရှိသည်။

MAI ကို ယခင် ၁၉၉၃ ခုနှစ်တွင် နိုင်ငံပိုင် မြန်မာ့လေကြောင်းနှင့် စင်ကာပူ အခြေစိုက် ကုမ္ပဏီ တစ်ခုတို့၏ ဖက်စပ် လေကြောင်းလုပ်ငန်း တစ်ခုအဖြစ် စတင် ထူထောင်ခဲ့သည်။ ထိုအချိန်က MAI သည် နိုင်ငံတကာ ခရီးစဉ်အဖြစ် ဘန်ကောက်၊ စင်ကာပူ နှင့် ကွာလာလမ်ပူသို့ ပြေးဆွဲခဲ့သည်။

၂၀၀၇ ခုနှစ်တွင် ဟောင်ကောင် အခြေစိုက် Region Air of Hong Kong က စင်ကာပူ ကုမ္ပဏီမှ MAI ၏အစုရှယ်ယာ ၄၉ ရာခိုင်နှုန်း ဝယ်ယူလိုက်သည်။ ကျန်ရှိသော အစုရှယ်ယာ ၅၁ ရာခိုင်နှုန်းကို နိုင်ငံပိုင် မြန်မာ့လေကြောင်းက ဆက်လက် ပိုင်ဆိုင်ထားသည်။

ယခု ၂၀၁၀ ပြည့်နှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဧရာမ ပုဂ္ဂလိက စီးပွားရေး အုပ်စု ဖြစ်သော ကမ္ဘောဇ ကုမ္ပဏီက အစိုးရ၏ ပုဂ္ဂလိကပိုင် ပေးရေး အစီအစဉ်ဖြင့် MAI ကို ပြောင်းလဲ ဝယ်ယူလိုက်သည်။ သတင်းများအရ ကမ္ဘောဇသည် MAI ၏ အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းကို ဝယ်ယူလိုက်ခြင်း ဖြစ်သည်။ ကျန်ရှိသော အစုရှယ်ယာကို အစိုးရကပင် ဆက်လက် ပိုင်ဆိုင်ထားသည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 12th August 2010

Kasikorn သုတေသန စင်တာ (KRC) ၏ ခန့်မှန်းချက်အရ ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းများ၏ နယ်စပ် ကုန်သွယ်ရေးသည် ယခုနှစ် ဒုတိယ နှစ်ဝက်တွင် မှန်မှန် ဖွံ့ဖြိုးနေခြင်းကြောင့် ၂၀၁၀ ရည်မှန်းချက် ဘတ်ငွေ ၇၀၀ ဘီလီယံသို့ ရောက်ရှိလိမ့်မည်ဟု သိရှိရသည်။

အိမ်နီးချင်း နိုင်ငံများ အကြား အပြန်အလှန် မှီခိုမှု ရှိသော နယ်စပ် ကုန်သွယ်ရေးနှင့် စီးပွားရေး မှန်မှန် ကြီးထွားမှုတို့က အဆိုပါ နိုင်ငံများသို့ ပို့ကုန် အားပေးမှုကို အထောက်အကူ ဖြစ်စေခဲ့သည်ဟု KRC က ဆိုသည်။

အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေ သဘော တူညီချက် AFTA အရ အခွန် လျှော့ချမှုသည်လည်း ပဓာနကျသော အကြောင်းရင်း တစ်ရပ် ဖြစ်ပြီး၊ ထိုင်းနိုင်ငံ အနေဖြင့် မလေးရှားနှင့် အခွန် သုည အဆင့်၊ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားတို့နှင့် အခွန် သုညမှ ငါးရာခိုင်နှုန်း အဆင့်ထိ လျှော့ချနိုင်သည့် အကျိုးကျေးဇူးကို ရရှိခဲ့သည်။

AFTA အရ အခွန် လျှော့ချခြင်းသည် အိမ်နီးချင်း နိုင်ငံများထံ ပို့မည့် ထိုင်း ပို့ကုန်များ အတွက် အဓိက မောင်းနှင်အား ဖြစ်သလို ထိုနိုင်ငံများမှ ကုန်ကြမ်းနှင့် တဝက်တပျက် ကုန်ချောများ သွင်းယူမှု ကိုလည်း တွန်းအား ဖြစ်စေသည်ဟု KRC က ပြောကြားသည်။

ကုန်ကြမ်း ပစ္စည်းများကို ဈေးပေါပေါဖြင့် တင်သွင်းနိုင်ခြင်းသည် ထိုင်း စီးပွားရေး လုပ်ငန်းများကို အကျိုး ဖြစ်ထွန်းစေပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာမှုကို ရရှိသည်။

၂၀၁၀ အတွင်း အိမ်နီးချင်း တိုင်းပြည်များနှင့် နယ်စပ် ကုန်သွယ်ရေး တန်ဖိုးသည် ပထမ နှစ်ဝက် အတါင်း ဘတ်ငွေ ၃၃၈ ဘီလျံ အထိ ရောက်ရှိကာ အစိုးရ၏ ၂၀၁၀ ရည်မှန်းချက် ဘတ်ငွေ ၇၀၀ ဘီလျံ ရောက်ရှိရန် နီးစပ်နေပြီး တစ်နှစ်စာ ခန့်မှန်း တန်ဖိုး၏ ၅၅ % ရရှိနေပြီဟု သိရှိရသည်။

ထိုင်းနယ်စပ် ကုန်သွယ်ရေး အပေါ် စိမ်ခေါ်မှုများတွင် မြန်မာ အာဏာပိုင်များ၏ မြဝတီ-မဲဆောက် နယ်စပ် ပိတ်ထားခြင်းလည်း ပါဝင်နေသည်။ သို့သော်လည်း ကုန်ပစ္စည်းများ ဈေးတက်မှုကြောင့် မြန်မာ စီးပွားရေး လုပ်ငန်းများနှင့် ဒေသခံများ အပေါ် ထိခိုက်နိုင်သဖြင့် ကြာရှည်စွာ ပိတ်ထားမည့် လက္ခဏာ မရှိဟု သုတေသန ဝင်တာက မှတ်ချက်ပေးသည်။

ထို့အပြင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အငြင်းပွားမှုမှာလည်း ကုန်သွယ်ရေး အပေါ် ဖိအားများ ကျရောက်နိုင်ဖွယ် ရှိပြီး၊ အနေအထားကို အနီးကပ် စောင့်ကြည့် လေ့လာရမည်ဟု KRC က ပြောကြား သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

the.diplomet.com, 12th August 2010

မြန်မာ ခေါင်းဆောင်အား အိန္ဒိယနိုင်ငံက ကော်ဇောနီ ခင်း၍ ကြိုဆိုခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးလာမှုကို တုန့်ပြန် ထိန်းညှိရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်ခဲ့ခြင်း ဟုလည်း ဆိုနိုင်သည်။

ကောင်းသည် ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ တိုင်းပြည် အတော်များများသည် ပထဝီ နိုင်ငံရေးများ ပြောင်းလဲနေမှုကြောင့် ၎င်းတို့၏ မူဝါဒများကို မကြာခဏ စွန့်လွှတ်လေ့ ရှိကြသည်။ စစ်ဖက် အုပ်ချုပ်သူ အစိုးရ စိတ်လက် ပေါ့ပါးစေရန် အရှေ့ဖက် အိမ်နီးချင်း မြန်မာနိုင်ငံမှ ဒီမိုကရေစီ ပိတ်ပင်မှုများကို အလေးမထား လစ်လျူရှု ပြခဲ့ပုံရသော အိန္ဒိယနိုင်ငံကြောင့် ဤအချက်မှာ ပိုမို ထင်ရှားလာသည်။

လွန်ခဲ့သော နှစ် ၂၀ အတွင်း အချိန် ကြာမြင့်စွာ နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရသော လူကြိုက်များ၊ ရွေးကောက်ပွဲနိုင် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကိစ္စကို အိန္ဒိယနိုင်ငံက ပြီးခဲ့သောနှစ် အနည်းငယ်ခန့်ကပင် အလေးဂရုပြု ခဲ့သေးသည်။ သာဓက အားဖြင့် ၂၀၀၈ အစောပိုင်းတွင် မြန်မာနိုင်ငံအား အရေးပေါ် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ကြီးကြီးမားမား ပြုလုပ်ရန် လိုအပ်နေကြောင်းနှင့် ၎င်းလုပ်ငန်းစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဖက် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရန် ကျယ်ပြန့်စွာ အခြေခံသင့်ကြောင်း အကြံပြုခဲ့သည်ဟု အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက အတည်ပြု ပြောကြားခဲ့ဖူးသည်။

သို့သော်လည်း ၂ နှစ်ခန့် အကြာတွင်မူ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ အိန္ဒိယသည် ၎င်း၏ နေရာကို မေ့လျော့ကာ စစ်ဖက် အစိုးရနှင့် ဆက်ဆံရေး နက်ရှိုင်းအောင် ကြိုးစားလာခြင်းကြောင့် ယခင်က ဖိအားပေးခဲ့ခြင်းများကို စွန့်လွှတ်လိုက်သည့် လက္ခဏာ ရှိသည်။

အထက်ပါ ဆက်ဆံရေး ပုံစံသစ်၏ ဒိုင်းနမစ် အရွေ့ကို ယခင်လက အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနှင့် တွေ့ဆုံခဲ့သော မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ် အတောအတွင်း အပြည့်အဝ ပြသခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခရီးစဉ်တွင် နှစ်နိုင်ငံ ခေါင်းဆောင်များက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက် တိုက်ဖျက်မှု ပူးပေါင်း ဆောင်ရွက်ရေး၊ လမ်းဖောက်ရေး အတွက် ဒေါ်လာ သန်း ၆၀၊ စက်ပစ္စည်း ဝယ်ယူမှု အတွက် ဒေါ်လာ ၁၀ သန်း ပါဝင်သော အတိုးနည်း ချေးငွေ အစီအစဉ် အပါအဝင် သဘောတူညီချက် အတော် များများကို ထုတ်ပြန် ကြေညာခဲ့ကြသည်။

Freedom House အစီရင်ခံစာအရ ကမ္ဘာ့ လွတ်လပ်ခွင့် အနည်းဆုံး ကိုးနိုင်ငံ စာရင်းတွင် ပါဝင်သော မြန်မာနိုင်ငံမှ စစ်ဖက် အစိုးရ အပေါ် အခွင့်အရေး ယူနိုင်ရန် ရည်ရွယ်၍ အဆိုပါ သဘော တူညီချက်များကို လက်မှတ် ရေးထိုးခဲ့သည်ဟု ယူဆနိုင်သည်။ ထို့အပြင် ယခင်နှစ်က နေအိမ် အကျယ်ချုပ် ကာလအတွင်း ဥပဒေ ချိုးဖောက်မှုဖြင့် စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုမှု အပေါ် ဖိအားပေးရန် အိန္ဒိယနိုင်ငံကို Freedom House က တောင်းဆိုခဲ့သည်။

Freedom House ၏ အမှုဆောင် ဒါရိုက်တာ Jennifer Windsor က "ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်သလို ဒေသတွင်း ဦးဆောင်နိုင်ငံ ဖြစ်သည့် အိန္ဒိယ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ် ပေးရန်၊ အနည်းဆုံး မြန်မာ အစိုးရ၏ လုပ်ဆောင်မှုများကို လွှမ်းမိုးနိုင်အောင် ကြိုးပမ်းရန် တာဝန်ရှိသည်" ဟု ဝေဖန်ခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ဖြစ်လာမည့် မြန်မာဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း စစ်အစိုးရက သြဂုတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အဆိုပါ ရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့် ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ဖြစ်သည်။ မြန်မာ စစ်အစိုးရက ရွေးကောက်ပွဲကို တင်းကြပ်စွာ ထိန်းချုပ်ထားပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်အရ ထွက်ပေါ်လာမည့် လွှတ်တော်သစ်တွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း နှစ်ပေါင်း ၂၀ နီးပါး ကာလမျှ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။ ထို့ပြင် သူမသည် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ကျခံနေရသဖြင့် ယခု ကျင်းပမည့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည် မဟုတ်ပေ။

သြဂုတ်လ ၁၃ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက်သည် နိုဝင်ဘာလ ၇ ရက် ဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်သံမီဒီယာမှ တစ်ဆင့် အတိုချုံး ထုတ်ပြန် ကြေညာသည်။

"ပါတီစုံ အထွေထွေ ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပမည် ဖြစ်သည်" ဟု ကော်မရှင်၏ ကြေညာချက်က ဆိုသည်။

မြန်မာနိုင်ငံတွင် ရှိသော သံတမန် အသိုင်းအဝိုင်းမှ သံတမန်တချို့က အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်သည်ဟု ရှုမြင်ကြပြီး အချို့ကမူ မြန်မာ နိုင်ငံရေးတွင် အပြုသဘော ဆောင်သော ပထမဆုံး အပြောင်းအလဲဖြစ်သည်ဟု ဆိုကြကြောင်း ထိုင်းနိုင်ငံ၊ ဘန်ကောက် အခြေစိုက် ဘီဘီစီ သတင်းထောက် Rachel Harvey က ပြောကြားသည်။

နိုင်ငံရေး ပါတီများအနေဖြင့် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ မပြုလုပ်နိုင်အောင် စစ်အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားသည့် ကိစ္စကို နိုင်ငံတကာမှ အကဲခတ်များက ပြင်းထန်စွာ ဝေဖန်ပြစ်တင် ပြောဆိုကြသည်။

၂၀၁၀ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိရေးအတွက် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) က စစ်အစိုးရကို ကြိမ်ဖန်များစွာ တိုက်တွန်း ပြောဆိုခဲ့သည်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် အခြားသော နိုင်ငံများက မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများ မဆောင်ကြဉ်းပေးသည့် အတွက် စစ်အစိုးရကို ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ထားသည်။

"မြန်မာနိုင်ငံတွင်း လုပ်ဆောင်မယ့် နိုင်ငံရေး ဖြစ်စဉ်တွေ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်လို့ ကျွန်တော်တို့ မထင်ပါဘူး" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေများကို စစ်အစိုးရက ပြီးခဲ့သည့် မတ်လတွင် ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေများအရ ဖမ်းဆီး အကျဉ်းချ ခံထားရသူများ အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။ NLD အနေဖြင့် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီး အကျဉ်းချ ခံထားရသော အခြား ပါတီဝင်များကို ပါတီမှ ထုတ်ပယ်ရမည် ဖြစ်သည်။ ထို့ကြောင့် NLD က ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့်ပင် NLD သည် တရားဝင် ပါတီအဖြစ်မှ ပျက်ပြယ်ခဲ့ရသည်။

သို့သော် NLD ပါတီဟောင်းများဖြင့် ဖွဲ့စည်းထားသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က အခြားသော နိုင်ငံရေးပါတီများနှင့် အတူ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။ NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ရွေးကောက်ပွဲကြောင့် အပြောင်းအလဲများ ဖြစ်လာမည်ဟု အကောင်းမြင် သဘောဖြင့် သုံးသပ်ထားသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzama News, 11th August 2010

ဖမ်းဆီးခံ နေရသော ရှမ်းခေါင်းဆောင် ခုနစ်ဦးအား ထောက်ခံကြသော သူများက ဒေသတွင်းတွင် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ရောက်ရှိနေမှုအား အခွင့်ကောင်းယူ၍ ဖမ်းဆီးထားမှု၏ အကြောင်းရင်းကို အစိုးရသို့ မေးမြန်းပေးရန် ကုလသမဂ္ဂ အဖွဲ့ကြီးသို့ တောင်းဆိုခဲ့သည်။

ရှမ်းပြည်နယ် ပူးတွဲ လှုပ်ရှားမှု ကော်မတီ (SSJAC) မှ အတွင်းရေးမှူး စိုင်းလိတ်က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများ အပေါ် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် Tomas Ojea Quintana အနေဖြင့် ထိန်းသိမ်းခံနေရသော ရှမ်းနိုင်ငံရေး အကျဉ်းသား ခုနစ်ဦး၏ အမှုကို ကုလသမဂ္ဂသို့ တင်ပြသင့်သည်ဟု ဆိုသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် လက်ရှိ ထိုင်းနိုင်ငံတွင် ရောက်ရှိနေရာ SSJAC ကို တည်ထောင်ခဲ့သူများ အထိန်းသိမ်း ခံနေရသော အမှုကို ပြန်လည် သုံးသပ်ရန် တောင်းဆိုခံရသည်။ SSJAC ကို ၁၉၉၆ တွင် ရှမ်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) နှင့် အပစ်အခတ် ရပ်ထားသော ရှမ်းပြည် တပ်မတော် - မြောက် (SSA – North) တို့မှ ပူးတွဲ ဖွဲ့စည်းခဲ့သည်။

စိုင်းလိတ်က ပြောကြားရာတွင် "ကုလသမဂ္ဂက အစိုးရကို ဒီအမှုတွေကို တရားမျှတစွာ ပြန်လည် သုံးသပ်ပေးဖို့ ဖိအားပေး စေလိုပါတယ်။ မဟုတ်ရင် သူတို့ကို အပြစ်ရှိတယ်ဘဲ ပြောနေတယ်။ အစိုးရ အနေနဲ့ ဖမ်းထားတဲ့ ရှမ်း ခေါင်းဆောင်တွေကို ချက်ချင်း လွှတ်ပေးစေလိုပါတယ်" ဟု ဆိုသည်။

Quintana သည် သြဂုတ်လ ၆ ရက်နေ့ ကတည်းက ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား ဒီမိုကရေစီ လှုပ်ရှားသူများနှင့် တွေ့ဆုံ၍ နိုဝင်ဘာလ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တင်ပြရန် အချက်အလက် စုဆောင်းလျက် ရှိသည်။

ရှမ်းခေါင်းဆောင် ကိုးဦးကို ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလက SSJAC ကို ဖွဲ့စည်း အပြီးတွင် နိုင်ငံတော် အပေါ် ကြီးလေးသော ပြစ်မှု ကျူးလွန်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သည်။ တစ်ဦးကို သက်သေ အဖြစ် ပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှစ်ဦးကို ထောင်ဒဏ် အနှစ် ၇၀ မှ ၁၀၀ ထိ အပြစ် ပေးခဲ့သည်။ ထိုအထဲမှ တစ်ဦးမှာ ထောင်ထဲတွင် ကွယ်လွန်ခဲ့ ပြန်သည်။

SSA-North မှ နာယက ဗိုလ်ချုပ်ကြီး ဆေးထင်မှာ အသက် ၇၄ နှစ် ရှိပြီ ဖြစ်ပြီး စစ်တွေ ထောင်တွင် ထောင်ဒဏ် ၁၀၆ နှစ် ကျရပြီး၊ မျက်စိ ဝေဒနာ အတွက် ဆေးကုသရန် အရေးတကြီး လိုအပ်နေသည်။

"ကျွန်မတို့ အနေနဲ့ သူ့အတွက် သင့်တော်တဲ့ ဆေးကုသမှု အပြင် လွှတ်ပေးဖို့ပါ တောင်းဆိုပါတယ်" ဟု ဆေးထင်၏ သမီး နန်းခမ်းပေါင်က ပြောသည်။

SSA-North သည် သီပေါနှင့် လားရှိုးတွင် အခြေစိုက်ပြီး အင်အား ၄၀၀၀ ခန့် ရှိသည်။ ၎င်းသည် ၁၉၈၉ တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည်။

အခြား ရှမ်းခေါင်းဆောင် တစ်ဦး ဖြစ်သူ မြင့်သန်းမှာ သံတွဲထောင်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ သန်းလှအောင်၊ ဗိုလ်ချုပ်ကြီး ဆေးထင်၊ စိုင်းမျိုးဝင်းထွန်း၊ ထွန်းညို နှင့် ညီညီမိုး တို့သည် ပူတာအိုထောင်၊ ကလေးထောင်၊ ကျောက်ဖြူထောင်၊ စစ်တွေထောင်၊ မြင်းခြံထောင်၊ ဘူးသီးတောင်ထောင်နှင့် ပခုက္ကူထောင်များတွင် အသီးသီး ဖမ်းဆီးထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 10th August 2010

အမေရိကန် ပြည်ထောင်စုနှင့် ဗီယက်နမ် တို့သည် တောင်တရုတ် ပင်လယ် အတွင်း ပူးတွဲ ရေတပ် စစ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်လျက် ရှိရာ၊ ယခင် ရန်သူ နှစ်နိုင်ငံ အကြား စစ်ဖက် ဆက်ဆံရေး တိုးတက်လာသည့် လက္ခဏာပင် ဖြစ်သည်။

သီတင်း တစ်ပတ်ကြာ လေ့ကျင့်မှုများတွင် တိုက်ခိုက် ချေမှုန်းခြင်း မဟုတ်သည့် လေ့ကျင့်ခန်းများ အဓိက ပါဝင်ပြီး ဝါရှင်တန်နှင့် ဟနွိုင်းအကြား ၁၅ နှစ်မြောက် သံတမန် ဆက်ဆံရေး အထိမ်းအမှတ် တစ်စိတ်တစ်ပိုင်း အဖြစ် ပြုလုပ်ခြင်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ နယ်မြေ အတွင်းရှိ ကျွန်းများနှင့် ပတ်သက်၍ ဗီယက်နမ်နှင့် အငြင်းပွားနေသော တရုတ်နိုင်ငံကို စိတ်ဆိုး ဒေါသ ထွက်စေနိုင်သည်ဟု သတင်းထောက်များက ပြောကြားသည်။

တောင်တရုတ် ပင်လယ် အတွင်းရှိ ပိုင်နက် နယ်မြေများနှင့် ပတ်သက်သည့် တင်းမာမှုများမှာ လတ်တလော မြင့်မားလာခဲ့သည်။

ယခု လေ့ကျင့်ခန်းများသည် ထိခိုက်မှု ထိန်းချုပ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး အပေါ်တွင်သာ အဓိက အာရုံစိုက်သည့် ရေတပ် လေ့ကျင့်ခန်း အတွဲများ ဖြစ်သည်ဟု အမေရိကန် ပြည်ထောင်စုက ရှင်းလင်း ပြောကြားသည်။

ဂျပန် ပင်လယ်တွင် တောင်ကိုရီးယားနှင့် ရေတပ် လေ့ကျင့်မှု ပြုလုပ်ပြီး ပြန်လာသော လေယာဉ်တင် သင်္ဘော ဂျော့ဝါရှင်တန် ပေါ်တွင် အမေရိကန် ရေတပ်က ဗီယက်နမ် စစ်ဖက်နှင့် အစိုးရ အရာရှိများကို တနင်္ဂနွေနေ့က ကြိုဆို ဧည့်ခံခဲ့သည်။

ဖျက်သင်္ဘော ၃ စင်း ပါဝင်သည့် ရေတပ် တိုက်ခိုက်ရေး သင်္ဘောစုက တောင်တရုတ် ပင်လယ် အတွင်း ရှိနေချိန်တွင် USS Tohn SM Cain စစ်သင်္ဘောက ဗီယက်နမ် ဒါနန်း ဆိပ်ကမ်းတွင် အင်္ဂါနေ့ ညနေပိုင်း၌ အသင့် ဆိုက်ကပ် ထားသည်။

ယခု စစ်ရေး လေ့ကျင့်မှုသည် အမေရိကန်နှင့် ဗီယက်နမ် အကြား သိသိသာသာ ဆက်ဆံရေး နွေးထွေးလာမှုကို ပြသခြင်း ဖြစ်သည်ဟု BBC ဗီယက်နမ် သတင်းထောက် ဝါဖန်က ပြောကြားသည်။

တရုတ်နိုင်ငံနှင့် အရှေ့တောင် အာရှနိုင်ငံများ ယှဉ်ပြိုင်လျက် ရှိကြသည့် အဆိုပါ ပင်လယ်ပြင်တွင် လွတ်လပ်သော ရေကြောင်း သွားလာမှုကို ကာကွယ်မည့် ဝါရှင်တန်၏ ဆုံးဖြတ်ချက်ကို ပြသလိုက်ခြင်းလည်း ဖြစ်သည်ဟု BBC သတင်းထောက်က ဆိုသည်။

မတ်လ အတွင်းက ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့ခြင်း အတွက် အပြစ်တင်ခံ နေရသော မြောက်ကိုရီးယား အပေါ် တောင်ကိုရီးယားက ကန့်ကွက်နေခြင်းကို ထောက်ခံကြောင်း ပြသမှု တစိတ်တပိုင်း အဖြစ် အမေရိကန် ပြည်ထောင်စုက ဒေသတွင်း ၎င်း၏ ရပ်တည်မှုကို လက်ရှိ လများ အတွင်း တိုးမြှင့်နေခြင်း ဖြစ်သည်။

ဂျော့ရှ်ဝါရှင်တန် လေယာဉ်တင် သင်္ဘောမှ ရေယာဉ်မှူး David Lausman က "ဒီရေပြင်ကို ဘယ်သူမှ မပိုင်ပါဘူး။ အားလုံးနဲ့သာ သက်ဆိုင်ပါတယ်" ဟု တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

"ဒီနယ်မြေမှာ ကျွန်တော်တို့ လုပ်သလို၊ ကမ္ဘာပေါ်က တခြားနိုင်ငံတွေ လုပ်သလို၊ တရုတ်နိုင်ငံလည်း လုပ်ပိုင်ခွင့် ရှိပါတယ်" ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

အငြင်းပွား နယ်မြေရှိ Paracel ကျွန်းစု တဝိုက်တွင် တရုတ် သင်္ဘောများက တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ခြင်းသည် ဗီယက်နမ်၏ အချုပ်အခြာကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယခင် အပတ်တွင် ပြောကြားခဲ့သည်။

တောင်တရုတ် ပင်လယ်ပြင် ပိုင်နက် အငြင်းပွားမှုတွင် အခြားနိုင်ငံများ ပါဝင် ပတ်သက်ခြင်းကို တရုတ်နိုင်ငံက အမြဲတမ်း ဆန့်ကျင် ကန့်ကွက်ခဲ့ပြီး "သက်ဆိုင်ရာ နှစ်နိုင်ငံ စေ့စပ် ညှိနှိုင်းရမည့် ကိစ္စသာ ဖြစ်သည်" ဟု ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

CNN, 11th August 2010

တောင်အာဖရိကတွင် ပြုလုပ်ခဲ့သော ၂၀၁၀ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော မြောက်ကိုရီးယား ဘောလုံးအသင်းနှင့် နည်းပြကို ၎င်းတို့ အစိုးရက ဆင့်ခေါ် စစ်ဆေးနေကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်က စုံစမ်းမှု ပြုလုပ်နေသည်။

မြောက်ကိုရီးယား ဘောလုံးအသင်းသည် ၁၉၆၆ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခဲ့ရာ ပေါ်တူဂီကို ၇ - ၀ ဖြင့် စိတ်ပျက်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ဘရာဇီးနှင့် အိုင်ဗရီကိုစ့် တို့ကိုပါ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံဖွား ဂျောင်တေအီနှင့် အင်ယွန်ဟတ်တို့မှ လွဲ၍ ကျန်ကစားသမားများကို ယခင်လက ပြုံးယမ်းသို့ ပြန်ရောက်အပြီး ကြီးမားသော ကဇာတ်ရုံသို့ ဆင့်ခေါ်ကာ ၆ နာရီကြာ စစ်ဆေး မေးမြန်းခဲ့သည်ဟု RFA သတင်းများအးရ သိရှိရသည်။

နည်းပြ ကင်ဂျုံဟွန်မှာ အလုပ်သမားပါတီမှ ထုတ်ပယ်ခြင်း ခံရပြီး အလုပ်ကြမ်း ပြစ်ဒစ်ပေးခြင်း ခံရသည်ဟု သတင်းများက ဆိုသည်။ ၎င်းသည် အာဏာရှင် သက်တော်ရှည် ခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ဘိသိတ်မြောက် အမွေခံ မျိုးဆက်သစ် ကင်ဂျုံအန်း အပေါ် သစ္စာဖောက်မှုဖြင့် စွပ်စွဲခံရခြင်း ဖြစ်သည်ဟု သိရှိရသည်။

FIFA ဥက္ကဋ္ဌ ဆက်ဘလတ္တာက စင်္ကာပူတွင် ဗုဒ္ဓဟူးနေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မိမိတို့ ဘောလုံး အဖွဲ့ချုပ်က မြောက်ကိုရီးယား ဘောလုံး အဖွဲ့ချုပ်နှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်ဟု ပြောကြားသည်။

"တကယ်လို့ မီဒီယာတွေက စွပ်စွဲတဲ့အတိုင်း ဘောလုံးသမားတွေနဲ့ နည်းပြကို ပြစ်တင် ရှုတ်ချပြီး အပြစ်ပေးခဲ့တာ မှန်တယ်ဆိုရင် ဥက္ကဋ္ဌ အသစ် တင်မြောက်မှုနှင့် ပတ်သက်ပြီး ကျွန်တော်တို့ကို ရှင်းလင်းပြောကြားဖို့ သူတို့ကို ဆက်သွယ်ခဲ့ပါတယ်" ဟု ဘလတ္တာက ပြောကြားခဲ့ကြောင်း UK Press Assoication က ထုတ်ပြန်သည်။

"ပထမ အဆင့် အနေနဲ့ကတော့ အဖွဲ့ချုပ်ကိုပါပဲ။ ကျွန်တော်တို့ အဖြေ ဘာလဲဆိုတာ တွေ့ရပါလိမ့်မယ်။ ဒီနောက်မှ အကျယ်ချဲ့ပြီး ဆက်လုပ်ရပါမယ်"  ဟု ပြောသည်။

ဘလတ္တာက ပြောကြားရာတွင် FIFA သည် ၎င်း၏ အဖွဲ့ချုပ်များ၏ အရေးကိစ္စများတွင် အစိုးရ၏ ပါဝင် ပတ်သက်မှု မရှိစေရန် တင်းကြပ်သော ဥပဒေများ ထုတ်ပြန်ထားသည့် အလျောက်၊ အထက်ပါ သတင်းများနှင့် ပတ်သက်၍ တရားဝင် သတင်း ထုတ်ပြန်ချက် ပြုလုပ်နိုင်ရန် သေချာစွာ စောင့်ကြည့်လျက် ရှိသည်ဟု ဆိုသည်။

"ကျွန်တော်တို့ တစ်ခါက တခြားတိုင်းပြည် တစ်ခုမှာ ကစားသမားတွေကို ပြစ်တင်ခဲ့ပြီး ကာယကံမြောက် ဖိအားပေးမှုတွေ ရှိတယ်ဆိုလို့ လူလွှတ်ပြီး စုံစမ်းတော့ မဟုတ်ခဲ့ပါဘူး" ဟု ၎င်းက ပြောသည်ဟု AFP က ပြောသည်။

"ဒီတော့ တရားဝင် ကြေညာချက် မထုတ်ခင် ဘာတွေ ကြားရမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့" ဟု ဘလတ္တာက ပြောသည်။

ဘလတ္တာသည် လူငယ် အိုလံပစ် ကစားပွဲ၏ ဘောလုံးပြိုင်ပွဲ အတွက် စင်္ကာပူတွင် ရောက်ရှိနေပြီး၊ ယခုအခါ နိုင်ငံတကာ ဘောလုံးဘုတ်အဖွဲ့သည် ဂိုးစည်း နည်းပညာကို အောက်တိုဘာလ အစည်းအဝေးတွင် ဆွေးနွေးမည် ဖြစ်ကြောင်း အတည်ပြုခဲ့သည်။

ထိုကိစ္စမှာ ကမ္ဘာ့ဖလားတွင် အင်္ဂလန်က ဂျာမနီအပေါ် ရသင့်သည့် ဂိုးမရခြင်းနှင့် အာဂျင်တီးနားက မက္ကဆီကိုအား လူကျွံဘောမှ ဂိုးရခဲ့ခြင်းတို့ကြောင့် ဆွေးနွေးရန် ကိစ္စ ဖြစ်လာခဲ့သည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Mizzama News, 11th August 2010

မြန်မာ စစ်တပ်၏ ကွပ်ကဲမှု အောက်တွင် ထားရှိမည့် မြန်မာနိုင်ငံ ရှေ့ပိုင်းရှိ အထူး နယ်စပ် တပ်ဖွဲ့သို့ ပူးပေါင်းရန် တောင်းဆို ခံနေရသော အစိုးရ မဟာမိတ် DKBA တပ်ဖွဲ့မှ အရာရှိများနှင့် စစ်သားများသည် အစိုးရ ကမ်းလှမ်းမှုကို ငြင်းပယ်ထားသော တပ်မဟာသို့ အလုံးအရင်းလိုက် လာရောက် ပူးပေါင်းလျက် ရှိသည်ဟု ကရင်သတင်း ရပ်ကွက်မှ သိရှိရသည်။

နယ်ခြားစောင့် တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးအား ညွှန်ကြားသည့် အစိုးရ၏ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော ဗိုလ်မှူးကြီး စောလှဖွေး၏ တပ်မဟာ ၅ သို့ လာရောက် ပူးပေါင်းနေကြခြင်း ဖြစ်သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး အခြေစိုက် အမှတ် ၈ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သန်းစိုးက စောလှဖွေးအား နယ်ခြားစောင့်တပ်သို့ ယနေ့ အသွင်ပြောင်း ပူးပေါင်းရန် ရာဇသံ ပေးထားသည်ဟု ကရင်သတင်းဌာနက မနေ့က ပြောကြားခဲ့သည်။

သို့သော်လည်း DKBA ၉၉၉ တပ်မမှ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သည့် တပ်ဖွဲ့ဝင် ၁၉ ဦး၊ တပ်မဟာ ၅ ကလိုတူးပေါ်၏ မဟာဗျူဟာ ကွပ်ကဲရေး ဌာနသို့ လာရောက် ပူးပေါင်းခဲ့ခြင်းကြောင့် နယ်ခြားစောင့်တပ် အစီအစဉ် အပေါ် ဆန့်ကျင်မှုများ ကြီးထွားလာခဲ့သည်။ ၎င်းတို့တွင် ဒုံးပစ်လောင်ချာများ၊ M 79 လောင်ချာများ၊ M-16 နှင့် AK 47 ရိုင်ဖယ် သေနတ်များ ၂၀ ကျော် ပါလာသည်ဟု DKBA အရာရှိက ပြောကြားသည်။

တစ်ချိန်တည်းတွင် DKBA တပ်ထောက် တပ်ကြပ်ကြီး စောဖလိုး ကလည်း သီးခြား အဖွဲ့ကို ဦးဆောင်ကာ တပ်မဟာ ၅ သို့ ယနေ့ လာရောက် ပူးပေါင်းသည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

"သူတို့ မိသားစုတွေလည်း ပါလာကြပါတယ်။ သူတို့ရဲ့ အရင် ရာထူးအဆင့် ပြန်ပေးမယ်လို့ ကျွန်တော်တို့ ကမ်းလှမ်းထားပါတယ်။ သူတို့ရဲ့ လုံခြုံရေး အတွက် ကျွန်တော်တို့ ကြိုတင် စီစဉ်ထားပြီးသားပါ" ဟု တပ်မဟာ ၅ မှ ဒီကေဘီအေ အရာရှိက ဆိုသည်။

နိုင်ငံတဝှမ်း တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ မြန်မာ အစိုးရက DKBA တပ်ဖွဲ့ကို မြန်မာနိုင်ငံ အရှေ့ပိုင်းကို ထိန်းချုပ်နှင့် ပေးခဲ့ပြီး အခွန်ကောက်ယူခွင့်နှင့် စီးပွားရေး အခွင့်အလမ်းများ ပေးခဲ့သည်။

အစိုးရ၏ နယ်ခြားစောင့် တပ်ဖွဲ့သို့ ပူးပေါင်းရန် အဆိုပြုချက်ကို DKBA ထိပ်ပိုင်း အရာရှိများက လက်ခံခဲ့သော်လည်း လက်နက် ဖြုတ်သိမ်းမည်ကို စိုးရိမ်သော အဖွဲ့များက အဆိုပြုချက်ကို ပယ်ချရန် ကြိုးစားခဲ့ကြပြီး ဗိုလ်မှူးကြီး စောလှဖွေးသည်လည်း အဆိုပြုချက်ကို ပြတ်သားစွာ ပယ်ချခဲ့သူ ဖြစ်သည်။

ဤကိစ္စနှင့် ပတ်သက်၍ ကြားသိရသော သတင်းတစ်ခု အရ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်မှူးကြီး ရဲမြင့်သည် နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆွဲဆောင် စည်းရုံးရန် အတွက် ထိုင်းနယ်စပ် မြဝတီသို့ ထွက်ခွာလာစဉ် KNU တပ်ဖွဲ့၏ ခြုံခို တိုက်ခိုက်မှုကြောင့် စစ်သား တစ်ဦး သေဆုံးခဲ့သည်ဟု သိရှိရသည်။

ကရင် အုပ်စု တစ်ခု ဖြစ်သည့် ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့က နယ်ခြားစောင့်တပ်သို့ တနင်္လာနေ့တွင် လည်းကောင်း၊ DKBA တပ်ဖွဲ့က ဗုဒ္ဓဟူးနေ့တွင် လည်းကောင်း တရားဝင် အခမ်းအနားဖြင့် ပူးပေါင်းကြရန် နေပြည်တော်က စီစဉ်ထားခြင်း ဖြစ်သည်။

အစိုးရ၏ အစီအစဉ်ကို လက်ခံခြင်းထက် တောထဲသို့ ပြန်ဝင်ရန် DKBA တပ်ဖွဲ့ဝင်များက လိုလားကြသည်ဟု သတင်းများ ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာ စစ်တပ်နှင့် DKBA တပ်ဖွဲ့အကြား တင်းမာမှုများ လအတန်ကြာ ကြီးထွားခဲ့သည်။

DKBA တပ်ရင်းများသည် ၁၉၉၄ တွင် KNU မှ ခွဲထွက် ခဲ့ပြီးနောက် ယခုအခါ ပြန်လည် ပူးပေါင်းရန် အတွက် ဆက်သွယ်ရန် ကြိုးစားနေကြသည်ဟု ဘားအံခရိုင် KNU ဥက္ကဌ ဖဒိုစောမော်အေးက မဉ္ဇိမ သတင်းဌာနသို့ ပြောကြားသည်။

"ကျွန်တော်တို့ရဲ့ ကရင်လူမျိုးတွေကို ကျွန်တော်တို့ လက်ခံမှာပါ။ တချို့လည်း ကျွန်တော်တို့ဆီ ဆက်သွယ် လာကြပါတယ်။ KNU မှာ တာဝန် ထမ်းမယ် ဆိုရင်လည်း လက်ခံမှာပါ။ KNU နဲ့ အလုပ် မလုပ်ချင်ဘူး ဆိုရင်တောင် သူတို့ မိသားစုတွေနဲ့ အတူ ဘေးကင်းတဲ့ နေရာမှာ နေထိုင်နိုင်အောင် စီစဉ် ပေးမှာပါ" ဟု ဖဒိုစောမော်အေးက ပြောကြားသည်။

နယ်ခြားစောင့်တပ်သို့ ပူးပေါင်းရန် ဆုံးဖြတ်ခဲ့သော တပ်မဟာ ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ တပ်ရင်းမှူး လိုက်သိမ့်က "KNU နဲ့ သွားပေါင်းကြတဲ့ တပ်ဖွဲ့ဝင်တွေကတော့ သူတို့ ကြမ္မာ သူတို့ သတ်မှတ်တာပါ။ တကယ်လို့ တစ်စုံတစ်ခု မှားယွင်းခဲ့ရင် ကျွန်တော်တို့ မကယ်နိုင်ပါဘူး။ သူတို့လမ်းကို သူတို့ ရွေးတာပါ" ဟု ပြောကြားသည်။

၁၉၉၄ ခုနှစ်က KNU ခရစ်ယာန် ခေါင်းဆောင်ပိုင်းသည် ဗုဒ္ဓဘာသာ တပ်ဖွဲ့ဝင်များ အပေါ် ခွဲခြား ဆက်ဆံသည် ဟူသော အကြောင်းပြချက်ဖြင့် မြိုင်ကြီးငူ ဆရာတော် ဦးသုဇန ဦးဆောင်သော အဖွဲ့ဝင်များက KNU မှ ခွဲထွက်ကာ DKBA ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထို့နောက်တွင် DKBA က အစိုးရနှင့် အပစ်ရပ် သဘော တူညီချက် လက်မှတ်ထိုးခဲ့သည်။

DKBA တပ်ဖွဲ့တွင် တပ်ဖွဲ့ဝင် အင်အား ၇၀၀၀ ကျော် ရှိမည်ဟု စစ်ရေး ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Human Rights Watch, 11th August 2010

ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ အနေဖြင့် စက်တင်ဘာလတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်မီ မြန်မာနိုင်ငံ အပေါ် ၎င်း၏ လူသားချင်း မစာနာသည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအား စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့သင့်ကြောင်း လူသိရှင်ကြား ထောက်ခံသင့်သည်ဟု Human Rights Watch က အီးယူ နိုင်ငံခြားရေး ဝန်ကြီးများထံသို့ ယနေ့ စာရေးသား ပေးပို့ခဲ့သည်။

အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် မူကြမ်းတွင် စုံစမ်းရေး ကော်မရှင်ကိုပါ ထည့်သွင်းရန် Human Rights Watch က အီးယူသို့ တိုက်တွန်းခဲ့သည်။ ထိုသို့သော တောင်းဆိုမှုမျိုးကို ပြီးခဲ့သည့် မတ်လက မြန်မာနိုင်ငံ အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana က ၎င်း၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ဖူးရာ၊ ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဥပဒေ ချိုးဖောက်သော ရာဇဝတ်မှုများကို စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။

"အထွေညီလာခံ ဆုံးဖြတ်ချက်မှာ နှစ်စဉ် လုပ်နေကြအတိုင်း မြန်မာနိုင်ငံ အပေါ် ရှုတ်ချ ကန့်ကွက်ရုံနဲ့ မလုံလောက်တော့ပါဘူး။ ကျူးလွန်မှုတွေ အတွက် တန်ဖိုးကြီးကြီး ပေးဆပ်နိုင်ဖို့ သူတို့ကို စပြီး စုံစမ်း စစ်ဆေးရပါမယ်" ဟု Human Rights Watch မှ အမှုဆောင် ဒါရိုက်တာ Kenneth Roth က ပြောသည်။

Quintana ၏ တောင်းဆိုမှုအား ထောက်ခံသည့် အနေဖြင့် ဥရောပ ပါလီမန်သည် မေလ ၂၀ ရက်နေ့က မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် တစ်ခု အတည်ပြုခဲ့ရာ အီးယူ အဆင့်မြင့် ကိုယ်စားလှယ်နှင့် အဖွဲ့ဝင် နိုင်ငံများအား မြန်မာနိုင်ငံ အပေါ် ကုလသမဂ္ဂ၏ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမှုအား လူသိရှင်ကြား ထောက်ခံရန်နှင့် အထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက် မူကြမ်းတွင် ထိုတောင်းဆိုမှုအား ထည့်သွင်းရန် ဖော်ပြခဲ့သည်။

အချို့ အီးယူ အဖွဲ့ဝင် နိုင်ငံများနှင့် သြစတြေးလျ အစိုးရတို့သည် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ ကော်မရှင် အတွက် ၎င်းတို့၏ ထောက်ခံမှုကို လူသိရှင်ကြား ကြေညာခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လက နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး (ICC) ၏ ရောမ ဥပဒေကို ပြန်လည် သုံးသပ်သည့် ကွန်ဖရင့်တွင် Kampala ကြေညာချက် ထုတ်ပြန်ခဲ့ရာ ICC အဖွဲ့ဝင် ၁၁၁ နိုင်ငံက နိုင်ငံတကာက စိုးရိမ် ပူပန်ရသော ရာဇဝတ်မှုကြီးများကို ကျူးလွန်နေသော အာဏာရှင်များ၏ တရား ဥပဒေမဲ့ လုပ်ရပ်များကို ရပ်တန့်စေရမည်ဟု ထပ်မံ ကတိပြုခဲ့ကြသည်။ အီးယူနိုင်ငံ အားလုံးသည် ICC အဖွဲ့ဝင်များလည်း ဖြစ်ကြရာ၊ ၎င်းတို့ အနေဖြင့် အထက်ပါ ကတိကဝတ်ကို မြန်မာနိုင်ငံက ကျူးလွန်နေသော ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေးရန် နိုင်ငံတကာ ကော်မရှင် ထူထောင်ရေးကို ရှေ့တန်းမှ တွန်းအားပေးခြင်းဖြင့် ပြကြရန် လိုသည်ဟု Human Rights Watch က ပြောသည်။

ကုလသမဂ္ဂ အထူး ယန္တရားဖြစ်သော Human Right Watch နှင့် အခြား အဖွဲ့များသည် မြန်မာနိုင်ငံတွင် စနစ်တကျ၊  ကျယ်ကျယ်ပြန့်ပြန့်၊ စိုးရိမ်ဖွယ် ကျူးလွန်မှုများ အတွက် အထောက်အထား နှင့်တကွ လူသိရှင်ကြား သတင်းထုတ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ တစ်ခုတည်းကပင် ၁၉၉၂ ကတည်းက မြန်မာနိုင်ငံ အပေါ် ဆုံးဖြတ်ချက် ၁၉ ခု ချခဲ့ပြီး ဖြစ်သည်။

Human Rights Watch ကလည်း ယနေ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားသော အမေးအဖြေကို ယနေ့ ထုတ်ပြန်ခဲ့ရာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှု အတွက် တာဝန်ရှိမှုနှင့် ပတ်သက်သော ကိစ္စအမျိုးမျိုးကို ဖော်ပြထားသည်။

"မြန်မာနိုင်ငံမှာ လုပ်သမျှဟာ လူ့အခွင့်အရေး ချိုးဖောက်သူများ အဖြစ် ပိုမို ထင်ရှား လာစေပါတယ်။ နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းခြင်းဟာ မြန်မာနိုင်ငံက ချိုးဖောက်သူများကို တရားဥပဒေ ရှေ့မှောက်ပို့ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ်များ ရပ်သွားစေဖို့ အရေးကြီးတဲ့ ပထမခြေလှမ်း ဖြစ်ပါတယ်" ဟု Roth က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.