Transparency Myanmar

transparency.myanmar@gmail.com

မဏိပူရ ပြည်နယ် အနေဖြင့် မြန်မာနိုင်ငံမှ ဆန်မက်ထရစ် တန်ချိန် ၃၀၀၀၀ တင်သွင်းရန် အိန္ဒိယ အစိုးရ၊ စားသုံးသူ ပြည်သူ့ရေးရာ၊ အစားအသောက်နှင့် ဖြန့်ဝေရေး ဝန်ကြီးဌာနက မဏိပူရ စက်မှုဖွံ့ဖြိုးရေး ကော်ပိုရေးရှင်း လီမိတက် (MANIDCO) ကို ခြွင်းချက်မရှိ ဝယ်ယူခွင့် လက်မှတ် 'No Objection Certificate' ထုတ်ပေးလိုက်ကြောင်း သိရသည်။ အဆိုပါ လက်မှတ် ထုတ်ပေးမှုကို အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု မူဝါဒ ၂၀၀၉-၁၄ အရ ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။

MANIDCO မှ အမှုဆောင် ဒါရိုက်တာက ထုတ်ပြန်သော ကြေညာချက်အရ မဏိပူရပြည်နယ် စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဌာနက နိုင်ငံခြား ကုန်သွယ်မှု ဌာနကို အဆို တင်သွင်းခဲ့ကြောင်း၊ အကောက်ခွန် ကြေညာချက် အမှတ် နံပါတ် -၁၁၈/၂၀၀၉ နှင့်အညီ မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၃၀၀၀၀ တင်သွင်းခွင့် ပါမစ် ထုတ်ပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း သိရသည်။

ယခု တင်သွင်းခွင့် ပြုသည့် ဆန်ပမာဏမှာ အလွန်ပင် များပြားပြီး အကောက်ခွန် ကင်းလွတ်ခွင့် ပေးထားသည့် ကန့်သတ်အချိန် ကာလလေးအတွင်း အပြီးသတ် လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊ MANIDCO မှ ဦးဆောင် ညွှန်ကြားရေးမှူးက မဏိပူရ ပြည်နယ်မှ စိတ်ဝင်စားမှု ရှိသော ဆန်လုပ်ငန်းရှင်များ အနေဖြင့် တင်သွင်းခွင့် လျှောက်လွှာ တင်နိုင်သည်ဟု ဖိတ်ခေါ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ဆန်လုပ်ငန်းများနှင့် အဆက်အသွယ် ရှိပြီး ဆန်တင်သွင်းလိုသော မဏိပူရ စီးပွားရေး လုပ်ငန်းများ အနေဖြင့် MANIDCO မှတစ်ဆင့် ဆန်တင်သွင်းရမည် ဖြစ်ပြီး စပေါ်ငွေ ထားရှိရန် လိုအပ်သည်။

အဆိုပါငွေများကို ဆန်ဝယ်ယူမည့် နိုင်ငံမှ လုပ်ငန်းများသို့ ငွေလွှဲပြောင်းပေးမည် ဖြစ်ကြောင်း၊ အသေးစိတ် အချက်အလက်များကို MANIDCO ရုံး၊ ကုန်သွယ်မှု ဌာနသို့ ဆက်သွယ် ရယူနိုင်ကြောင်း သိရသည်။

Kanglaoline.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 23rd August 2010

တရုတ်နိုင်ငံ၏ စီးပွားရေး မြန်နှုန်းမြင့် ကြီးထွားနေမှုကို ထိန်းသိမ်းရန် အတွက် နိုင်ငံရေးစနစ်ကို ပြုပြင် ပြောင်းလဲရန် လိုအပ်သည်ဟု တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာက သတင်းထုတ်ပြန်ခဲ့သည်။

"စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိုပဲ တွန်းနေလို့ မရပါဘူး။ နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲဖို့ကိုလည်း တွန်းအားပေးဖို့ လိုပါတယ်" ဟု ဝမ်ကျားပေါင်က ဖွံ့ဖြိုးနေသော တောင်ပိုင်း ရုန်ဇန်း ခရီးစဉ်တွင် ပြောကြားခဲ့ခြင်းကို ဆင်ဟွာ သတင်းဌာနက ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။

"တကယ်လို့ နိုင်ငံရေးစနစ် ပြောင်းလဲဖို့ အာမခံချက် မရှိဘူးဆိုရင် စီးပွားရေး ပြုပြင် ပြောင်းလဲမှုက ထွက်ပေါ်လာတဲ့ ရလဒ်တွေ ဆုံးရှုံးသွားနိုင်သလို ခေတ်မီ တိုးတက်ရေး ရည်မှန်းချက်လည်း အောင်မြင်မှာ မဟုတ်ပါဘူး" ဟု ဝမ်က ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်သူများ၏ ဒီမိုကရေစီ အခွင့်အရေးများ၊ ဥပဒေအရ ရပိုင်ခွင့်များ၊ အကျိုးစီးပွားများကို အာမခံနိုင်ရန် အရေးကြီးသည်ဟုလည်း ဝမ်က ဆိုသည်။

"အာဏာကို အလွန်အကျွံ ချုပ်ကိုင်မှု ပြဿနာကို ကျွန်တော်တို့ ဖြေရှင်းရမယ်။ အစိုးရကို ဝေဖန်၊ အကြံပေးနိုင်အောင် ခွင့်ပြုတဲ့ အခြေအနေတွေကို ပြည်သူတွေ အတွက် ဖန်တီးရမယ်။ အဂတိ လိုက်စားမှုကို တင်းတင်းကျပ်ကျပ် အရေးယူမယ်" ဟု ဝမ်က ပြောကြားခဲ့သည်။

ဝမ်က အသေးစိတ် ပြောဆိုခြင်း မရှိသော်လည်း အဂတိ လိုက်စားမှုနှင့် အာဏာ အလွဲသုံးစား ပြုမှုများက အာဏာရ ကွန်မြူနစ်ပါတီ အပေါ် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာသည်ကို ခေါင်းဆောင်ပိုင်းက များစွာ စိုးရိမ် ပူပန်နေကြောင်း ၎င်း၏ မှတ်ချက်များက ထင်ဟပ်နေသည်။

စကားပြော ညင်သာသည့် ဝန်ကြီးချုပ်ကို နိုင်ငံခေါင်းဆောင် ရာထူး အတွက် တဖြည်းဖြည်း ရေပန်းစားလာသူ အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်လျက် ရှိကြသည်။

၁၉၈၉ ခုနှစ်တွင် တရုတ်စစ်တပ်က ရက်အနည်းငယ် အတွင်း ရက်ရက်စက်စက် ကြိတ်ချေ ပစ်ခဲ့သော ဒီမိုကရေစီ ဆန္ဒပြပွဲများ အတွင်း တီယန်မင် ရင်ပြင်တွင် ယခင်ပါတီ ခေါင်းဆောင် ကျောက်ကျီယန် နှင့်အတူ ပေါ်ထွက်လာခဲ့ပြီးနောက် ဝမ်ကျားပေါင်သည် လူသိများ ထင်ရှားလာခြင်း ဖြစ်သည်။

သို့သော်လည်း ကျောက်ကျီယန် အထုတ်ပယ် ခံရပြီးနောက် ဝမ်ကျားပေါင် ပိုမို ထင်ရှားလာကာ ၂၀၀၃ တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 20th August 2010

ကမ္ဘာတစ်ဝှမ်းရှိ သူပုန် အုပ်စုများသို့ လက်နက်များ ရောင်းချသည်ဟု သံသယရှိသော ရုရှား လူမျိုး တစ်ဦးအား အမေရိကန် ပြည်ထောင်စုသို့ ပြန်ပို့မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ တရားရုံးက အမိန့်ထုတ်ခဲ့သည်။

အသက် ၄၃ နှစ်ရှိ Viktor Bout သည် ကိုလံဘီယာ သူပုန်များကို လက်နက် ရောင်းရန် လျှို့ဝှက် ကြံစည်ကြောင်း အမေရိကန်၏ စွဲချက်တင်မှုကို အပြစ်မရှိကြောင်း အသနားခံခဲ့သည်။

သေမင်း ကုန်သည် (Merchant of Death) ဟု အမည်ပေးခြင်း ခံထားရသော Mr Bout သည် ၂၀၀၈ ခုနှစ် မတ်လက ထိုင်း-အမေရိကန် ပူးပေါင်း စစ်ဆင်ရေး တစ်ခုတွင် အဖမ်းခံခဲ့ရသည်။

ရုရှားက ဆုံးဖြတ်ချက်ကို ကန့်ကွက် ရှုတ်ချခဲ့ပြီး၊ ၎င်းလွတ်မြောက်ရေး အတွက် ကြိုးပမ်း သွားမည်ဟု ဆိုသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov က အဆိုပါ အမိန့်အား ဥပဒေနှင့် မညီကြောင်း၊ အလွန် အားကောင်းသော ပြင်ပ ဖိအားပေးမှုကြောင့် ဤသို့ ဆုံးဖြတ်ရခြင်း ဖြစ်သည်ဟု ရုရှား အစိုးရက ယုံကြည်ကြောင်း ပြောသည်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ထိုင်း သံအမတ်အား ခေါ်ယူ၍ ဆုံးဖြတ်ချက် အပေါ် လွန်စွာ ဝမ်းနည်းကြောင်းနှင့် မည်သို့ပြောရမှန်း မသိအောင် နားမလည် ဖြစ်ရကြောင်း ပြောဆိုခဲ့သည်ဟု Agence France – Presse သတင်း အေဂျင်စီက သတင်း ပေးပို့သည်။

အမေရိကန်ကမူ အဆိုပါ သတင်းအား လွန်စွာ သဘောကျကြောင်း ပြောသည်။

"Mr Bout ကို အမေရိကန်ကို ပြန်ပို့ဖို့ ဆုံးဖြတ်ရလောက်တဲ့ ရှင်းလင်းတဲ့ အချက်တွေ ရှိပါတယ်" ဟု ခေတ္တ အမေရိကန် ဒုတိယ ရှေ့နေချုပ် Gary Grindler က ကြေညာချက်တွင် ပြောသည်။

အမေရိကန်က ၎င်းကို အမေရိကန်သို့ ပြန်ပို့ရန် တောင်းဆိုချက်ကို ထိုင်းတရားရုံးက ယခင်က ငြင်းပယ်ခဲ့သည်။ သို့သော် အမေရိကန်က ထပ်မံ  အသနားခံခဲ့သည်။

အမိန့်ချအပြီး Mr. Bout က ရုရှား သတင်းထောက်များသို့ ပြောကြားရာတွင် ၎င်းသည် အမေရိကန် တရားရင်ဆိုင်ပြီး အနိုင်ရမည်ဟု ပြောခဲ့သည်ဟု ရုရှား၏ RIA Novosti သတင်း အေဂျင်စီ သတင်းတွင် ဖော်ပြခဲ့သည်။

Mr. Bout သည် ဆိုဗီယက် လေတပ်မှ အရာရှိဟောင်း တစ်ဦး ဖြစ်ပြီး၊ အမေရိကန်က ၎င်းကို အမေရိကန်များအား သတ်ဖြတ်ရန် ကြံစည်ခြင်း၊ အကြမ်းဖက်သမားများကို ပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် လေယာဉ်ပစ် ဒုံးကျည်များ ရောင်းဝယ် အသုံးပြုရန် ကြံစည်မှု စွဲချက်များကို ရင်ဆိုင်ရမည် ဖြစ်သည်။

၎င်းသည် အမေရိကန်တွင် တရားရင်ဆိုင်ပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံနိုင်ဖွယ် ရှိသည်။

သောကြာနေ့ ဆုံးဖြတ်ချက် မချမီက အမေရိကန်တို့သည် ၎င်းတို့၏ အသနားခံမှု ပယ်ချခံရပါက၊ Mr. Bout အား ထောင်ထဲတွင် ဆက်နေရစေရန် နောက်ထပ် စွဲချက်နှစ်ခု ဖြစ်သော ငွေမည်း ခဝါချမှုနှင့် အီလက်ထရွန်နစ်နှင့် ပတ်သက်သော လိမ်လည်မှုများဖြင့် ထပ်မံ စွဲချက်တင်ရန် ပြင်ဆင်ထားခဲ့သည်။

တရားရုံးသည် အာဏာပိုင်များကို ၎င်းတို့နှင့် ညှိနှိုင်းရန် သုံးလအချိန် ပေးထားသည်။ သို့သော် အမေရိကန်တို့ကို နောက်ထပ် ဒုတိယ စွဲချက်မတင်စေလိုဘဲ၊ ပြန်ပို့ရေး အစီအစဉ်ကိုသာ အမြန်ဆုံး အကောင်အထည် ဖော်ရန် မျှော်လင့်သည်။

"တရားရုံးကတော့၊ သူ့ကို အမေရိကန် ပြန်ပို့ဖို့ပဲ ထိန်းသိမ်းထားတာပါ" ဟု တရားသူကြီး Jitakorn Patanasiri က ပြောသည်။

Viktor Bout နှင့် ပတ်သက်၍ ၎င်းသည် မည်သူမည်ဝါ ဖြစ်သည်။ ၎င်းဘာတွေ လုပ်ခဲ့သည် ဆိုသည်များမှာ ဇာတ်လမ်း နှစ်မျိုး ဖြစ်နေသည်။

"၎င်းသည် အမေရိကန် အာဏာပိုင်များ ပုံဖော်ထားတဲ့ စီးပွားရေးသမား တစ်ဦး ဖြစ်ပါတယ်" ဟု ၎င်း၏ ရှေ့နေက ပြောသည်။

တစ်ဖက်တွင်လည်း ၎င်းသည် အာဖရိက တလွှားနှင့် အရှေ့အလယ်ပိုင်းတွင် ၎င်း၏ လက်နက် ရောင်းဝယ်မှုဖြင့် ပြည်တွင်းစစ်များ ဖြစ်စေရန် လောင်စာပင့်ပေးသူ ဖြစ်သောကြောင့် သေမင်းကုန်သည် (Merchant of Death) အဖြစ် အမည်တွင်သော နာမည်ဆိုးဖြင့် ကျော်ကြားသူ လက်နက် မှောင်ခိုတစ်ဦး ဖြစ်သည်။

Nicholas Cage ၏ Lord of Wars ရုပ်ရှင်သည် ၎င်း၏ လက်နက် မှောင်ခိုရာဇာ၏ ဘဝကို ရိုက်ပြခြင်း ဖြစ်သည်။

အထက်ပါ စွပ်စွဲချက်များကို အမေရိကန် တရားရုံးတွင် ၎င်းရင်ဆိုင်ရဖွယ် ရှိနေသည်။

ယခု ဆုံးဖြတ်ချက် ပြုလုပ်ရန်လည်း ချေပမည့် ရှေ့နေများ ပြောင်းမှုကြောင့် ကြန့်ကြာခဲ့ရသည်။

Mr Bout ၏ ရှေ့နေများက အမေရိကန်တွင် ၎င်းသည် တရားမျှတသော တရားစီရင်မှု ရလိမ့်မည် မဟုတ်ကြောင်း ငြင်းချက် ထုတ်ပါသည်။ အမေရိကန်က ၎င်းသည် စစ်ဘုရင်များ၊ အယ်ကိုင်ဒါနှင့် တာလီဘန် တို့သို့ လက်နက်များ ရောင်းသည်ဟု ပြောနေသည်။

ကုလသမဂ္ဂ အေဂျင်စီများနှင့် အနောက်နိုင်ငံ အစိုးရ အချို့က Mr Bout သည် အာဖရိကနှင့် အာဖကန် နစ္စတန်ရှိ သူပုန်များသို့ လက်နက်များ ဖြန့်ဝေကြောင်း၊ ကုလသမဂ္ဂ၏ လက်နက် ရောင်းဝယ်မှု ပိတ်ပင်ထားခြင်းကို ချိုးဖောက်ကြောင်း စွပ်စွဲသည်။

"Viktor ဟာ စီးပွားရေးသမား တစ်ဦးပါ။ သူလုပ်ခဲ့တာတွေဟာ အကောင်းတွေပါ" ဟု ၎င်း၏ ရှေ့နေ Nittiwattanawichan က ပြောသည်။

"သူဟာ လက်နက်မှောင်ခို ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ တရားရုံးမှာ ဖြေရှင်းရပါမယ်" ဟု ၎င်းက ဆိုသည်။

Mr Bout အား ဖမ်းသော စစ်ဆင်ရေးတွင် ကိုလံဘီယာမှ Farc သူပုန်အုပ်စု အဖွဲ့ဝင် ဟန်ဆောင်ထားသော အမေရိကန် အရာရှိများ ပါဝင်သည်။

"ဒါဟာ နိုင်ငံရေး အမှုပါ။ Farc ဟာ နိုင်ငံရေးအရ တိုက်ပွဲဝင် နေသူတွေပါ။ သူတို့ဟာ ရာဇဝတ် ကျူးလွန်တဲ့ဂိုဏ်း မဟုတ်ပါဘူး။ ထိုင်းနိုင်ငံနဲ့ Farc ကို အကြမ်းဖက် အုပ်စုလို့ မသတ်မှတ်သင့်ပါဘူး" ဟု ယမန်နှစ်က အမေရိကန်၏ တရားခံအား ပို့ပေးရန် တောင်းဆိုမှုကို ပယ်ချစဉ်က လျှောက်လဲချက် ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Associated Press, 22nd August 2010

မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် စိန်ခေါ်သူ အတိုက်အခံပါတီများမှာ ငွေကြေး ပြဿနာနှင့် အခြား အနှောင့်အယှက်များဖြင့် ရင်ဆိုင်နေရခြင်းကြောင့် လက်ရှိ စစ်ဖက် အစိုးရက ပံ့ပိုး စောင့်ရှောက်ပေးနေသည့် နိုင်ငံရေးပါတီသာ အလွယ်တကူ အနိုင်ရသွားလိမ့်မည်ဟု ရွေးကောက်ပွဲ ဝင်မည့် စစ်မှုထမ်းဟောင်း နိုင်ငံရေးသမား တစ်ဦးက ပြောကြားလိုက်သည်။

အသစ် ဖွဲ့စည်းလိုက်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားရာ၌ စိန်ခေါ်သူ အတိုက်အခံ ပါတီများက ရှာဖွေထားသည့် ကိုယ်စားလှယ်လောင်း အရေအတွက်မှာ အမျိုးသား အဆင့်နှင့် ဒေသအဆင့် လွှတ်တော် မဲဆန္ဒနယ်များ ထက်ဝက်ပင် မပြည့်ဟု ဆိုသည်။

သို့ရာတွင် အစိုးရက ပံ့ပိုးနေသော ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှာမူ ငွေကြေးနှင့် တစ်နိုင်ငံလုံး သွားရောက်ခွင့် ရရှိထားမှုကြောင့် မဲအများစု အနိုင်ရလိမ့်မည်ဟု မျှော်လင့်ထားကြသည်။

နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများမှာ ဆင်းရဲ မွဲပြာကျနေသော မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပခြင်း ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီကမူ လာမည့် ရွေးကောက်ပွဲများကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

"ရွေးကောက်ပွဲ မတိုင်ခင်မှာ တခြား နိုင်ငံရေး ပါတီတွေကို အနှောင့်အယှက် ပေးလိုက်တော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက အသာစီးရသွားပြီး ရွေးကောက်ပွဲမှာ မဲလိမ်ဖို့ မလိုတော့ဘူးပေါ့။ ဒီလိုဆိုတော့ ရွေးကောက်ပွဲက သူဟာနဲ့သူ လွတ်လပ် မျှတနေတာပေါ့" ဟု ဦးသုဝေက ပြောကြားလိုက်သည်။

ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်းများမှာ ရွေးကောက်ပွဲ ကော်မရှင်သို့ ကျပ် ၅ သိန်းစီ ပေးသွင်းရမည် ဖြစ်ရာ ၎င်းငွေပမာဏမှာ ကျောင်းဆရာ တစ်ဦး၏ နှစ်ဝက် လစာထက်ပင် များနေသည်။

အသက် ၇၇ နှစ်ရှိ ဦးသုဝေမှာ သက်တမ်းရင့် ဒီမိုကရေစီ လှုပ်ရှားသူတစ်ဦးဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးလည်း ဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဒေါ်သန်းသန်းနု၊ ဝန်ကြီးချုပ်ဟောင်း ဦးဘဆွေ၏ သမီး ဒေါ်နေရီဘဆွေ၊ ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်းတို့က ဦးသုဝေ၏ ပါတီတွင် အမှုဆောင် အတွင်းရေးမှူးများ အဖြစ် တာဝန် ယူထားကြသည်။

အမျိုးသား လွှတ်တော်နှင့် ဒေသကြီး လွှတ်တော်များတွင် ကိုယ်စားလှယ်နေရာ ၁၁၀၀ ကျော် ရှိသည့် အခြား နိုင်ငံရေး ပါတီများက မဲဆန္ဒ ၅၀၀ မျှသာ ယှဉ်ပြိုင်နိုင်ကြမည် ဖြစ်၍ ကျန်ထက်ဝက်ကျော်ကို မယှဉ်ပြိုင်ဘဲ ထားခဲ့ရတော့မည်ဟု ဦးသုဝေက ပြောကြားသည်။

"ကိုယ်စားလှယ်လောင်း စာရင်းတွေ တင်ပြဖို့ ကျွန်တော်တို့ကို ရွေးကောက်ပွဲ ကော်မရှင်က ၂ ပတ်ပဲ အချိန်ပေးတာဆိုတော့ ကျွန်တော်တို့ရဲ့ ကိုယ်စားလှယ်လောင်း ရှာဖွေနိုင်မှုက အရမ်းကို လျှော့ကျသွားပါတယ်၊ ကျွန်တော်တို့မှာ အချိန်နဲ့ငွေ မလုံလောက်ပါဘူး" ဟု ဦးသုဝေက ပြောကြားခဲ့ပြီး ၎င်း၏ ပါတီမှာလည်း ကိုယ်စားလှယ်လောင်း ၁၀၀ ခန့်သာ ပါဝင် ယှဉ်ပြိုင်နိုင်တော့မည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဝင်ရန် နိုင်ငံရေးပါတီ ၄၇ ခု မှတ်ပုံတင်ခဲ့ပြီး ယခုအချိန်ထိ ပါတီ ၄၁ ခုကို ခွင့်ပြုခဲ့သည်ဟုလည်း သိရှိရသည်။

မတ်လက ထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲ ဥပဒေများမှာ ဒီမိုကရေစီ ပြည့်ဝခြင်း မရှိဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ဝေဖန် ပြစ်တင်လျက် ရှိသည်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်နှင့် ဘာသာရေး အသင်းအဖွဲ့ဝင်များကို ရွေးကောက်ပွဲ အတွက် မှတ်ပုံတင်ရန် ငြင်းပယ်ခဲ့ခြင်းကြောင့် အလိုအလျောက် ဖျက်သိမ်းလိုက်ရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အိန္ဒိယ-ဂျပန် အရပ်ဘက်သုံး နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု သဘော တူညီချက် ရရှိရေးအတွက် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ သြဂုတ်လ ၂၀ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။ နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံနှင့် စေ့စပ် ညှိနှိုင်းမှုများ စတင်ရန် ဆုံးဖြတ်ချက် ချမှတ်ခြင်းသည် မိမိအတွက် လွန်စွာ ခက်ခဲသော ကိစ္စတစ်ခု ဖြစ်ခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Katsuya Okada က ပြောကြားသည်။

အကယ်၍ အိန္ဒိယကသာ နျူကလီယာ စမ်းသပ်မှုများ ပြုလုပ်ခဲ့မည်ဆိုပါက ဂျပန်နိုင်ငံ အနေဖြင့် ပူးပေါင်း ဆောင်ရွက်မှုများကို ရပ်ဆိုင်းလိုက်မည်သာ ဖြစ်ကြောင်း မစ္စတာ Katsuya Okada က နယူးဒေလီ မြို့တော်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဂျပန်နိုင်ငံက အိန္ဒိယနှင့် နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘော တူညီချက် လက်မှတ် ရေးထိုးရန် တုံ့ဆိုင်းနေခဲ့သည်။ အကြောင်းမှာ အိန္ဒိယသည် နျူကလီယာ မပြန့်ပွားရေး သဘော တူညီချက် စာချုပ်တွင် လက်မှတ် မရေးထိုးထားသောကြောင့် ဖြစ်သည်။

မစ္စတာ Katsuya Okada သည် နှစ်ရက်တာ ခရီးစဉ်အတွင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး S M Krishna နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ကြေညာချက် ထုတ်ပြန်သည်။

မစ္စတာ Katsuya Okada ၏ ခရီးစဉ်သည် အိန္ဒိယ နိုင်ငံတွင်းသို့ နိုင်ငံခြား ကုမ္ပဏီများ ဝင်ရောက်ပြီး နျူကလီယာ ဓာတ်ပေါင်းဖိုများ တည်ဆောက်နိုင်ခွင့် ပြုမည့် ဥပဒေမူကြမ်းကို ကက်ဘိနက် အဖွဲ့က အတည်ပြုချက် ထုတ်ပြန်လိုက်ပြီး နောက်တစ်ရက်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ အဏုမြူ စွမ်းအင် ဈေးကွက်မှာ ဒေါ်လာ ၁၅၀ ဘီလီယံခန့် တန်ဖိုးရှိကြောင်း သတင်း ပေးပို့ချက်များအရ သိရသည်။

အရပ်ဘက်သုံး နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်ကို လာမည့် စက်တင်ဘာလတွင် လက်မှတ် ရေးထိုးဖွယ် ရှိသည်ဟု ခန့်မှန်းရသည်။ အိန္ဒိယသည်  နျူကလီယာ စမ်းသပ်မှုကို ၁၉၇၄ ခုနှစ်တွင် ပထမဆုံး ပြုလုပ်ခဲ့ပြီး နျူကလီယာ မပြန့်ပွားရေး သဘောတူညီချက် စာချုပ် လက်မှတ် ရေးထိုးရန် ငြင်းဆိုခဲ့သည်။ သို့သော် ၂၀၀၈ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုနှင့် အရပ်ဘက်သုံး နျူကလီယာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ် ရေးထိုးလိုက်ရာ နျူကလီယာ ဆိုင်ရာ အထီးကျန်ဖြစ်မှုမှ လွတ်မြောက်သည့် သဘောသို့ ရောက်ခဲ့သည်။

ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများတွင် ဆဋ္ဌမမြောက် အကြီးဆုံး နိုင်ငံ ဖြစ်သည်။ အိန္ဒိယ-ဂျပန် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၉ ခုနှစ်တွင် ဒေါ်လာ ၁၂ သန်းအထိ ရှိခဲ့ကြောင်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆိုအရ သိရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Arirang News, 23 August 2010

မြောက်ကိုးရီးယား နိုင်ငံသည် ခြောက်နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲများမှ ဆွေနွေးဖက် နိုင်ငံများနှင့် တရားဝင် ဆွေးနွေးမှု ပြန်လည် မစတင်မီ အလွတ်သဘော ဆွေးနွေးရန် သဘော တူညီခဲ့ပုံ ရသည်။

တရုတ်နိုင်ငံ၏ ထိပ်ပိုင်း နျူကလီယာ ကိုယ်စားလှယ် ရူဒါဝေ ယခုအပတ် အစောပိုင်းက မြောက်ကိုးရီးယားသို့ ရောက်ရှိစဉ် ပြုံးယမ်းက နျူကလီယာ ဆွေးနွေးပွဲ အကြို ညှိနှိုင်းမှုများ ပြုလုပ်ရန် လိုလားသည်ဟု ပြောကြားခဲ့ကြောင်း ဂျပန် မိုင်နီချိရှင်ဘွန်း သတင်းစာက ဖော်ပြသည်။

ဘေဂျင်းတွင် ဂျပန် အတိုက်အခံ လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် ရူဒါဝေက "မြောက်ကိုးရီးယားသည် ရှေးဦးစွာ အမေရိကန် ပြည်ထောင်စုနှင့် သီးသန့်ရန်နှင့် ထို့နောက်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲမှ ထိပ်တန်း ကိုယ်စားလှယ်များနှင့် အလွတ်သဘော ဆွေးနွေးရန် သဘောတူခဲ့သည်'' ဟု ပြောကြားသည်။

ရူဒါဝေသည် အထက်ပါ ကိစ္စကို အသေးစိတ် ဆွေးနွေးရန် ဆိုးလ်နှင့် တိုကျိုသို့ မကြာမီ သွားရောက်မည်ဟု ဂျပန် သတင်းစာတွင် ဖော်ပြထားသော်လည်း အဆိုပါ ခရီးစဉ် စီစဉ်ထားမှုကို မသိရှိကြောင်း တောင်ကိုးရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းလျက် ရှိကြောင်း အရှေ့တီမောနိုင်ငံ သမ္မတ Jose Ramos-Horta က ပြောကြားသည်။

"ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို မြှင့်တင်လိုပါတယ်" ဟု သမ္မတ Jose Ramos-Horta က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း အရှေ့တီမော နိုင်ငံသို့ ရောက်ရှိနေစဉ် ပြောဆိုသည်။ ဦးဉာဏ်ဝင်း၏ ခရီးစဉ်တွင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် မကျေနပ်သော ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

"မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး မြှင့်တင်မယ့် ကိစ္စကို တီမောလက်စ်ပေါ်လစီနဲ့ တစ်သားတည်း ဖြစ်အောင် လုပ်ဆောင်သွားမှာပါ။ တီမောလက်စ် ပေါ်လစီက အိမ်နီးချင်း နိုင်ငံတွေအားလုံးနဲ့ ဆက်ဆံရေး မြှင့်တင်ဖို့ ဦးတည်ထားတာ ဖြစ်ပါတယ်" ဟု မစ္စတာ Romos-Horta က မြန်မာ (Myanmar) ဟူသော နိုင်ငံ၏ တရားဝင် အမည်နာမကို အသုံးပြု၍ ပြောဆိုသည်။

"ဒါ့အပြင် မြန်မာနိုင်ငံနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ဖို့ အတွက်လည်း အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး Zacarias Da Costa က စီးပွားရေး ကိုယ်စားလှယ် အဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို မကြာမီ လာရောက် လည်ပတ်မှာပါ။ ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့ စီးပွားရေး ဆက်ဆံမှု တစ်ရပ် ထူထောင်ဖို့ပါပဲ" ဟု ၎င်းကပြောသည်။

မြန်မာ စစ်အစိုးရအနေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးပြီး ပွင့်လင်းမှုရှိသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်ရန် အရှေ့တီမော နိုင်ငံက တိုက်တွန်း ပြောဆိုခဲ့ပြီး ဖြစ်သည်ဟု မစ္စတာ Romos-Horta က ပြောကြားသည်။

"အရှေ့တီမောရဲ့ ရပ်တည်ချက် သဘောထားကတော့ အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထားလိုပါပဲ၊ တကယ်လို့ ဒိုင်ယာလော့ခ်တစ်ရပ် ထွက်ပေါ်လာမယ်ဆိုရင် အဲဒီ ဒိုင်ယာလော့ခ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး သာမန် နိုင်ငံသားတစ်ယောက် ဖြစ်လာနိုင်ဖို့ ရည်ရွယ်ချက် ထားရှိသင့်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း၏ အရှေ့တီမော ခရီးစဉ်သည် ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုသူ လူ့အခွင့်အရေး သမားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခများလည်း ဖြစ်ပေါ်ခဲ့သည်။ သမ္မတ Ramos-Horta အပါအဝင် အခြားသော စီနီယာ အရာရှိကြီးများနှင့် တွေ့ဆုံရန် သြဂုတ်လ ၂၀ ရက်နေ့က Dili လေဆိပ်သို့ ဦးဉာဏ်ဝင်း ရောက်ရှိလာချိန်တွင် ဆန္ဒပြအုပ်စု ရာပေါင်းများစွာ လေဆိပ်တွင် စုရုံးလျက် ရှိကြောင်း ဆန္ဒပြမှုကို ဦးဆောင် ပြုလုပ်ခဲ့သူများက ပြောကြားသည်။

လေဆိပ်တွင် အရှေ့တီမော ရဲများက ဆန္ဒပြသူများ ယူဆောင်လာသည့် နဖူးစည်းများ၊ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်တင် ရှုတ်ချထားသည့် စာတန်းများ ရေးသားထားသည့် ဆိုင်းဘုတ်များကို ဝင်ရောက် သိမ်းဆည်းရာ ရုန်းရင်းဆန်ခတ်မှုများ၊ လုံးထွေး သတ်ပုတ်မှုများလည်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။

"ကျွန်တော်တို့ ဒီကိုလာပြီး ဆန္ဒပြတာဟာ မြန်မာနိုင်ငံထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အဆုံးသတ်ရေး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး စတာတွေကို ခဲရာခဲဆစ် လုပ်ကိုင်နေကြတဲ့ မိတ်ဆွေ ရောင်းရင်းတွေကို အကူအညီ၊ အထောက်အပံ့ ပေးဖို့ပါပဲ" ဟု ဆန္ဒပြမှုကို ပူပေါင်း ဆောင်ရွက်ပေးခဲ့သူ Carolino Marques က ပြောကြားသည်။

"ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလက်ငင်း လွှတ်ပေးပြီး စစ်အစိုးရ အမြန်ဆုံး ဆင်းပေးရပါမယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို စစ်အစိုးရက တင်းကြပ်စွာ ချုပ်ကိုင်ထားမှုအပေါ် အတိုက်အခံ နိုင်ငံရေးသမားများနှင့် အနောက်နိုင်ငံများက ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုကြသည်။ ထို့ပြင် အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင်မျှသာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရာသာ ဦးတည်ထားသည်ဟု ဆိုသည်။

နှစ်ပေါင်းများစွာ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေများ တရားမျှတမှု မရှိသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ ပြည်သူများအပေါ် စစ်အစိုးရ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ စုံစမ်းဖော်ထုတ်နိုင်မည့် နိုင်ငံတကာခုံရုံး တစ်ရပ် ဖွဲ့စည်းမှုကို ကျောထောက်နောက်ခံ ပြုပေးသွားမည်ဟု အမေရိကန် အစိုးရက သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ဖော် ကြေညာလိုက်ကြောင်း BBC သတင်းက ဆိုသည်။

ယင်းနိုင်ငံတကာ ခုံရုံးဖွဲ့စည်းမှုအပေါ် ကျောထောက်နောက်ခံ ပေးခြင်းသည် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး ဟူသည့် ယခင် အမေရိကန် မူဝါဒနှင့် တစ်ထပ်တည်းပင် ဖြစ်သည် ဟု စီနီယာ အရာရှိကြီး တစ်ဦးက BBC သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု အစိုးရက မြန်မာနိုင်ငံနှင့် သံတမန်နည်းအရ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ၂၀၀၉ ခုနှစ်တွင် မူဝါဒသစ် တစ်ရပ်ကို စတင် ကျင့်သုံးခဲ့သည်။ ယခုနှစ် မတ်လတွ် ကုလသမဂ္ဂ အထူး သံတမန်က မြန်မာနိုင်ငံတွင် နှစ်ကာလ ကြာရှည်စွာ အကွက်ကျကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟု အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော အဓိက ရည်ရွယ်ချက် ပန်းတိုင်မှာ နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲရေး၊ ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ ကျင်းပရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၇ ရက်နေ့၌ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းချက်များက အပြုသဘော ဆောင်သော ရလဒ် တစ်စုံတရာ မဖော်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောသည်။

"သံတမန် နည်းလမ်းအရ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ဆုလာဘ်တစ်ခု မဟုတ်ပါဘူး။ အပြုသဘော ဆောင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရဲကိုင်ရဲ ဖြစ်လာအောင် ဒီဇိုင်းဆင်ထားတဲ့ နည်းလမ်း တစ်ခုပါပဲ" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးက ပြောသည်။ "အခုလို နိုင်ငံတကာခုံရုံးကို ကျောထောက်နောက်ခံ ပြုမယ့် ကိစ္စကြောင့် အကြောင်း ခိုင်လုံလာတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ကိုင်လို့ မရအောင် အဟန့်အတား ဖြစ်စေမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကြပ်သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ပြုလုပ်သွားဖွယ် ရှိသည်ဟုလည်း အမေရိကန် အစိုးရက အရိပ်ပြ ပြောဆိုထားခဲ့သည်။ အမေရိကန် အစိုးရ ပေါ်လစီသည် လှုပ်ရှား ပြောင်းလဲမှု ရှိသလို အကျိုး သက်ရောက်မှု အတိုင်းအတာများ အပေါ်တွင်လည်း မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာလျက် ရှိသည်ဟု ဆိုသည်။ အမေရိကန် အစိုးရက နိုင်ငံတကာခုံရုံး တည်ထောင်မည့် ကိစ္စအပေါ် ကျောထောက်နောက်ခံ ပေးမှုအား US Campaign for Burma ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များက ကြိုဆိုကြသည်။

The New Kerala မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ယခင် မြောက်ကိုရီးယား ဝန်ကြီးချုပ်ဟောင်း Pak Pong Ju အား ကွန်မြူနစ် အစိုးရက အာဏာ ပြန်ပေးလိုက်ကြောင်း သတင်း ပေးပို့ချက်များအရ သိရသည်။ ဝန်ကြီးချုပ်ဟောင်း Pak Pong Ju သည် အမေရိကန် အရင်းရှင်စနစ်ပုံစံ လုပ်အားခ ပေးသည့်စနစ် ကျင့်သုံးရန် အဆိုပြုခဲ့မှုကြောင့် ရာထူးမှ ဖြုတ်ချခံရဖွယ် ရှိကြောင်း၊ ၎င်းကို ရာထူးချသည့် အနေဖြင့် ဓာတုဗေဒစက်ရုံ တစ်ခုတွင် မန်နေဂျာအဖြစ် တာဝန် ထမ်းဆောင်စေခဲ့ပြီးနောက် ယခုအခါ နိုင်ငံရေးအာဏာ ပြန်လည် ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သတင်းက ဆိုသည်။

မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရက Pak Pong Ju ကို အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဒုတိယ ညွှန်ကြားရေးမှူးအဖြစ် စတင် ခန့်အပ်လိုက်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရေဒီယို သတင်းပေးပို့ချက်ကို ကိုးကားပြီး Yonhap သတင်းဌာနက ရေးသား ဖော်ပြသည်။

Pak Pong Ju သည် ပြီးခဲ့သည့် ဧပြီ ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ ဖြုတ်ချခံရပြီး Sunchon Vinalon ဓာတုဗေဒ စက်ရုံတွင် စီမံခန့်ခွဲရေး မန်နေဂျာချုပ်အဖြစ် တာဝန် ပေးအပ်ခံခဲ့ရသည်ဟု Yonhap သတင်းက ဆိုသည်။ ဂျပန်သတင်းစာ တစ်စောင် ဖြစ်သော Mainichi Shimbun သတင်းစာ အဆိုအရ Pak Pong Ju သည် ၂၀၀၇ ခုနှစ်တွင် အလုပ်သမားများအတွက် မက်လုံးပေးမှုအပေါ် အခြေခံသည့် လုပ်အားခ စနစ် ကျင့်သုံးရန် အကြံပြုခဲ့သောကြောင့် အလုပ်ဖြုတ်ခံခဲ့ရခြင်း ဖြစ်သည်။

မြောက်ကိုရီးယားတွင် ရာထူး ချခံထားရသော အရာရှိကြီးများအား အာဏာနှင့် လုပ်ပိုင်ခွင့် ပြန်ပေးခြင်းသည် ပုံမှန် ဖြစ်ရိုးဖြစ်စဉ် တစ်ခု မဟုတ်ကြောင်း တောင်ကိုရီးယား နိုင်ငံ အစိုးရက ဆိုသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်မည့် ကိစ္စကို ပြုံးယမ်းမြို့တော်တွင် ဆွေးနွေးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

မြောက်ကိုရီးယား နျူကလီယာ အရေးကိစ္စဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးသံတမန် Wu Dawei က ယခု ရက်သတ္တပတ်အတွင်း ပြုံးယမ်းမြို့တော်သို့ သွားရောက်ခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲ မစတင်မီ မြောက်ကိုရီးယား အနေဖြင့် ချိုနန် စစ်သင်္ဘောအား တော်ပီတိုဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် ဝန်ချ တောင်းပန်ရမည် ဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံက တောင်းဆိုထားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ကျောခိုင်း ထွက်ခွာခဲ့သည်။ ယခု မြောက်ကိုရီးယား ခရီးစဉ်တွင် တရုတ် သံတမန် Wu Dawei သည်
နိုင်ငံခြားရေး ဝန်ကြီး Pak Ui chun အပါအဝင် ကွန်မြူနစ် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

"ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များ ပြန်လည် စတင်နိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်၍ မစ္စတာ Wu Dawei က
မြောက်ကိုရီးယား အာဏာပိုင်များနှင့် အမြင်ချင်း ဖလှယ်ခဲ့သည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

"ဆွေးနွေးခဲ့သည့် ကိစ္စများအပေါ် အမြင်ချင်း တူညီမှုများ အပြည့်အဝ ရရှိခဲ့ကြသည်" ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ်လ ၁၉ ရက်နေ့တွင် သတင်း ပေးပို့သည်။

ချိုနန် စစ်သင်္ဘော ကိစ္စ

တရုတ်သည် မြောက်ကိုရီးယား နျူကလီယာ အစီအစဉ်များ အားလုံး အဆုံးသတ်နိုင်ရေး အတွက် အမေရိကန်၊ ရုရှား၊ ကိုရီးယား နှစ်နိုင်ငံ၊ ဂျပန် တို့နှင့်အတူ ခြောက်နိုင်ငံ ဆွေးနွေးပွဲများကို ကျင်းပပေးခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် တောင်ကိုရီးယား ချိုနန်စစ်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ၏ ပြစ်တင် ရှုတ်ချမှုကို ဆန့်ကျင်သည့် အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးအတွက် သင်္ဘောကိစ္စကို မေ့ဖျောက်ပစ်ရန် ဆွယ်တရား ဟောခဲ့သည်။

သို့သော် အဆိုပါ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင်မည့် ကိစ္စမှာ ယနေ့ အချိန်အထိ မရေရာ မသေချာ အနေအထားတွင် ရှိနေဆဲဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယား နှင့် ဂျပန်တို့က ချိုနန်စစ်သင်္ဘော ကိစ္စအတွက် မြောက်ကိုရီးယား နိုင်ငံမှ ဝန်ချ တောင်းပန်မှုကို ရယူလိုသည်ဟု ပြောဆိုထားပြီး သင်္ဘော တိုက်ခိုက်ခံရမှုသည် မြောက်ကိုရီးယား၏ ရန်စသော အပြုအမူအဖြစ် သတ်မှတ် ဖော်ပြကြသည်။

မတ်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။ "ပထမဆုံး မြောက်ကိုရီးယား အနေနဲ့ ချိုနန် စစ်သင်္ဘောကိစ္စနဲ့ ပတ်သက်ပြီး ရိုးစင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်လာဖို့ပါပဲ" ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Shin Maeong-Ho က AFP သတင်းဌာနသို့ ပြောကြားသည်။

"လတ်တလော အဖြစ်အပျက်တွေ၊ အနေအထားတွေအရ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ဖို့ ဆိုတာကို ပြောဖို့ စောလွန်းပါသေးတယ်" ဟု ၎င်းက ဆိုသည်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung-hwan က ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား၏ ရိုးသား ဖြူစင်မှုနှင့် ပတ်သက်၍ အများက အယုံအကြည် ကင်းမဲ့နေကြကြောင်း သြဂုတ်လ တတိယပတ်တွင် ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီယာ စမ်းသပ်မှု နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့သည်။ ပထမ တစ်ကြိမ်မှာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာတွင် ဖြစ်ပြီး ဒုတိယအကြိမ်မှာ ၂၀၀၉ ခုနှစ်၊ မေလတွင် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.