Transparency Myanmar

transparency.myanmar@gmail.com

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရွေးကောက်ပွဲ နီးကပ်လာသည် နှင့်အမျှ စစ်အစိုးရကလည်း ရွေးကောက်ပွဲတွင် အမှားအယွင်း မရှိအောင် တင်းကြပ်မှုများကို တိုးမြှင့် လုပ်ဆောင်လျက် ရှိသည်။ ထွက်ရှိလာမည့် ရွေးကောက်ပွဲ ရလဒ်မှာလည်း စစ်အစိုးရ ကိုယ်တိုင် ရွေးချယ် ခန့်အပ်ထားသည့် နိုင်ငံရေးသမားများ ဦးဆောင်သော ပါတီများ အသာစီးရမည့် ရလဒ်မျိုးများပင် ဖြစ်ပေလိမ့်မည်။

မြန်မာ စစ်အစိုးရသည် ဆုံးခန်း တိုင်သည်အထိ ပန်းပန်နိုင်ရေးအတွက် အစီအစဉ်မျိုးစုံ ရေးဆွဲလျက် ရှိသည်။ သို့အတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများ ရာထူးမှ ယူနီဖောင်း ချွတ်ကာ စစ်ဘက်ရာထူးမှ အငြိမ်းစား ယူကြသည်။

စစ်ဗိုလ်ချုပ်ကြီးများ မည်သို့ပင် အစိမ်းရောင် ယူနီဖောင်းချွတ် အငြိမ်းစား ယူသည် ဖြစ်စေ တိုင်းပြည် အာဏာကို ယနေ့အချိန်အထိ အပြည့်အဝ ကိုင်တွယ်ထားဆဲပင် ဖြစ်သည်။ သို့အတွက်ကြောင့် စစ်ဗိုလ်ချုပ်ကြီးများ ဝတ်သည့် အင်္ကျီအရောင်ကို ကြည့်ပြီး ၎င်းတို့ အာဏာ ရှိသေးသည်၊ မရှိတော့ပြီဟု ပြောဆိုကာ အူကြောင်ကြောင် ဖြစ်မနေသင့်တော့ပေ။

နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်က စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်ရန်သာ ဦးတည်ထားသော ရွေးကောက်ပွဲကို မြန်မာ ပြည်သူ ပြည်သားများ သပိတ်မှောက်ကြရန် တိုက်တွန်းထားပြီး ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပဖြစ်သည် ဖြစ်စေ၊ မကျင်းပသည် ဖြစ်စေ တပ်မတော်သည်သာ အထွတ်အထိပ် ဖြစ်သော အချုပ်အခြာ အာဏာကို ဆက်လက် ဇက်ကြိုး ကိုင်ထားပေလိမ့်မည်။ စစ်အစိုးရက ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ရွေးကောက်ပွဲ နောက်ပိုင်း ထွက်ပေါ်လာမည့် ပါလီမန် လွှတ်တော်မှ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအလျောက် ရရှိမည် ဖြစ်သည်။ ထို့ကြောင့် အငြိမ်းစား ယူလိုက်သော ဗိုလ်ချုပ်ကြီးများ အနေဖြင့် ရွေးကောက် တင်မြှောက်ခံစရာ မလိုတော့ဘဲ ၂၅ ရာခိုင်နှုန်း ဝေစုကို အလိုအလျောက် ရရှိပေလိမ့်မည်။

စစ်အစိုးရ ကျောထောက် နောက်ခံ ပေးမှု အများဆုံး ရရှိထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) တွင် ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ် အမတ်လောင်း ၁၀၀၀ ကျော် ရှိရာ ၎င်းတို့သာ ပါလီမန် လွှတ်တော်မှ နေရာ အများစုကို ရရှိကြလိမ့်မည်။ ဒီမိုကရေစီ လိုလားသော အတိုက်အခံ ပါတီများမှ ကိုယ်စားလှယ် အမတ်လောင်းမှာ ၅၀၀ ခန့်ကသာ စစ်အစိုးရ လက်ဝေခံ နိုင်ငံရေး ပါတီများနှင့် အကြိတ်အနယ် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ သို့သော် ၎င်းတို့မှာ ရွေးကောက်ပွဲတွင် အပြည့်အဝ ပါဝင် ယှဉ်ပြိုင်ခွင့် မရရှိအောင် စစ်အစိုးရက ပြုလုပ်နေသည့် နိုင်ငံရေး အဟန့်အတားများ၊ အခက်အခဲများ ပေါင်းစုံဖြင့် ရင်ဆိုင်နေကြရသည်။ ဥပမာ အားဖြင့် ပြောပါက ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် တစ်ဦး အနေဖြင့် ကော်မရှင်တွင် မှတ်ပုံတင်မည် ဆိုပါက ငွေကျပ် ငါးသိန်း ပေးသွင်းရမည် ဖြစ်သည်။ ဆင်းရဲ နွမ်းပါးသော နိုင်ငံ တစ်ခုတွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် ထိုကဲ့သို့ ငွေကြေး အမြောက်အမြား ကောက်ခံခြင်းမှာ လွန်စွာ ရယ်စရာ ကောင်းသည့် ကိစ္စ ဖြစ်သည်။

အမှန်စင်စစ် မြန်မာ ပြည်သူများ၏ အမှတ်သညာထဲတွင် နာဂစ် မုန်တိုင်းသင့်သူများ ပြန်လည် ကယ်ဆယ်ရေးနှင့် နေရာ ချထားရေး ကာလအတွင်း စစ်အစိုးရ အမြတ်ကြီးစား လုပ်ခဲ့မှုများကို မှတ်မိနေဆဲပင် ဖြစ်သည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် မြန်မာ့ စီးပွားရေးနှင့် သန်းပေါင်း များစွာသော ဒုက္ခသည်များ ကယ်ဆယ် နေရာချ ထားရေးအတွက် နိုင်ငံတကာမှ အကူအညီငွေ ဒေါ်လာသန်း ၆၀၀ ကျော် ရရှိခဲ့သည်။ အများစုမှာ အနောက်နိုင်ငံများ အပါအဝင် တရုတ်၊ ဂျပန်၊ ထိုင်းနှင့် စင်ကာပူ တို့မှ ဖြစ်သည်။ အဆိုပါ ပြင်ပနိုင်ငံများ၏ အကူအညီငွေကို စစ်အစိုးရက ကြွေးမြီအဖြစ် ထပ်ခါ တလဲလဲ ဖော်ပြ ပြောဆိုခဲ့သည်။

ထို့ကြောင့် စစ်အစိုးရက ပြင်ပကမ္ဘာမှ အင်အားစုများ ဝင်ရောက်လာမှု ကာကွယ်ရေးကို ပြင်းပြင်းထန်ထန် လုပ်ကိုင်နေခြင်း ဖြစ်သည်။ နာဂစ် အစီအစဉ်ဖြင့် နိုင်ငံတကာမှ လူသားချင်း စာနာ ထောက်ထားသော အကူအညီ ပေးရေး အဖွဲ့များ၊ ဝန်ထမ်းများ ဝင်ရောက်လာမည်ကို မလိုလားပေ။ ထို့အတူ ရွေးကောက်ပွဲ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘာတွေ လုပ်ကိုင်နေသည်၊ မဲပေးမည့်သူများ၊ ပါဝင် ယှဉ်ပြိုင်မည့် သူများ မည်သို့သော အခွင့်အရေးများ ရရှိသည် သို့မဟုတ် ပိတ်ပင်ခံရသည် ဟူသော ကိစ္စများ တွေ့မြင်သွားမည်ကို စိုးရိမ်သည်။ ရွေးကောက်ပွဲ ကာလအတွင်း အဖြစ်အပျက်များကို အကူအညီ ပေးရေး အဖွဲ့များနှင့် စေတနာ့ ဝန်ထမ်းများက နိုင်ငံတကာသို့ ပြန်လည် ဖောက်သည် ချမည်ကိုလည်း စစ်အစိုးရက ထိတ်လန့်နေသည်။

ပုံမှန်အားဖြင့် ဆိုလျှင် သတင်းစာ ဆရာများ အနေဖြင့်  ပြည်တွင်းမှ အဖြစ်အပျက် မှန်သမျှကို လွတ်လွတ်လပ်လပ် ရေးသားခွင့် မရှိပေ။ ယခု လာမည့် ရွေးကောက်ပွဲတွင် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများ လာရောက်ရန် မလိုအပ်ဟု စစ်အစိုးရက ဆိုသည်။ မြန်မာနိုင်ငံသည် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လုံလောက်သော အတွေ့အကြုံများ ရှိထားသည့် အတွက်ကြောင့် ဖြစ်သည်ဟု ဆိုခြင်း ဖြစ်သည်။ သို့အတွက်ကြောင့် မြန်မာ ရွေးကောက်ပွဲသို့ လေ့လာရေး အဖွဲ့ စေလွှတ်မည့် အာဆီယံ၏ အစီအစဉ်ပင် ပယ်ပျက်သွားခဲ့ရသည်။

သို့အတွက်ကြောင့် မြန်မာ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြု ထောက်ခံမှု ပြုမည်၊ မပြုမည် ဟူသော ကိစ္စကို သေသေချာချာ ချင့်ချိန် စဉ်းစားရတော့မည် ဖြစ်သည်။ စစ်အစိုးရက နိုင်ငံတကာ အသိုင်းအဝိုင်း၏ မေတ္တာ ရပ်ခံချက် ဖြစ်သော လွတ်လပ်ပြီး တရားမျှတကာ သက်ဆိုင်သူ နိုင်ငံရေး သမားများ အားလုံး ပါဝင် ယှဉ်ပြိုင်နိုင်မည့် ရွေးကောက်ပွဲမျိုး ပြုလုပ်ပေးစရာ မလိုအပ် ဟူသည့် သဘောမျိုး ထုတ်ဖော် ပြသခဲ့ပြီး ဖြစ်သည်။ အာဆီယံသည်လည်း မြန်မာနိုင်ငံ အဖွဲ့ဝင် အဖြစ် ဝင်ရောက်လာသည့် အချိန်မှစ၍ နှစ်ပေါင်း ၁၃ နှစ်တာမျှ စိတ်ဒုက္ခ မျိုးစုံ ခံစားခဲ့ရပြီး ဖြစ်သည်။ ဆိုခဲ့ပါ ဆိုးရွားသော အခြေအနေများ အပေါ် ကုစားနိုင်ရေးအတွက် တစ်ခုတည်းသော လိုအပ်ချက်မှာ အာဆီယံ အနေဖြင့် ရွေးကောက်ပွဲတွင် ရပ်တည်မှု ခိုင်မာနေရန် လိုအပ်သည်။ အာဆီယံသည် တရား ဥပဒေကို အခြေခံပြီး နိုင်ငံတကာ စံချိန်စံနှုန်းများကို လေးစား လိုက်နာသည့် အဖွဲ့တစ်ခု ဖြစ်သည်။ နိုင်ငံတကာ ပလေယာတစ်ဦး ဖြစ်လာရေး ဟူသည့် အာဆီယံ ဦးတည်ချက် မပျက်စီးသွားရန် အဓိက လိုအပ်သည်မှာ မြန်မာနိုင်ငံ ရွေးကောက်ပွဲနှင့် ပတ်သက်၍ အမှားအယွင်း မပြုမိစေရေးပင် ဖြစ်သည်။

The Nation သတင်းစာ ခေါင်းကြီးပိုင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

By Bertil Lintner, 25th August 2010

မြန်မာ အစိုးရသည် ဒီမိုကရေစီ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာလိုက်သည်နှင့် အနောက်နိုင်ငံ ရေဒီယို သတင်းစားများမှ ရွေးကောက်ပွဲသည် ဒုက္ခများလှသည့် တိုင်းပြည်၏ ခေတ်သစ်သမိုင်းတွင် စာမျက်နှာသစ် ဖွင့်လှစ်လေမလားဟု ခန့်မှန်းမှုများဖြင့် အလုပ်ရှုပ်ခဲ့လေသည်။ တကယ်တမ်းမှာမူ တိုင်းပြည်၏ စစ်သား အုပ်ချုပ်သူများသည် တိုင်းပြည်အပေါ် အမြဲတမ်း အာဏာ စွဲကိုင်ထားနိုင်ရေး အတွက် အင်ပါယာ ထူထောင်ရန် ဖြစ်နိုင်ဖွယ် ရှိသည့် ဆိုးဝါးသော အစီအစဉ်ကို ဖွင့်ပြလိုက်ခြင်းပင် ဖြစ်သည်။

စစ်ခေါင်းဆောင်များသည် စတုတ္ထ မြန်မာနိုင်ငံ ထူထောင်ရန် ကြိုးစားလျက် ရှိပေသည်။ ထိုသို့ ရည်မှန်းလျက် လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုခန့်က Burma ဆိုသည့် အမည်ကို Myanmar အဖြစ် ပြောင်းခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဘုရင်များ နေထိုင်ရာ နေရာဟု အဓိပ္ပာယ် ရသော နေပြည်တော် ဟူသည့် မြို့သစ်ကို တည်ဆောက်ခဲ့သည်။

မြန်မာ စစ်တပ်သည် အရှေ့တောင် အာရှတွင် အကြီးဆုံးတွင် ပါဝင်ရာ အကယ်၍သာ ၎င်းတို့ အိပ်မက် အမှန်တကယ် ဖြစ်လာမည် ဆိုပါက ၎င်းတို့သည် သူတို့၏ စစ်တပ်ကို ဒုံးကျည်များ၊ နျူကလီယာ လက်နက်များပင် တပ်ဆင်လာနိုင်သည်။ ပါလီမန် အသစ်ကို ဖော်ဆောင်လျက် ရှိရာ နေပြည်တော်တွင် ရိုးရာ မြန်မာပုံစံဖြင့် ကြီးမားသော အဆောက်အအုံတွင် ပါလီမန် တည်ရှိမည် ဖြစ်ပြီး ၎င်းတို့၏ ခမ်းနားသော အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုပင် ဖြစ်သည်။ ဒီမိုကရေစီ ပါတီများ သဘောထား ပျော့ပြောင်းသူများ၏ အာဏာ မျှဝေလိမ့်မည်တော့ မဟုတ်ပေ။

အရေးကြီးသော အချက်မှာ အစိုးရသည် ရွေးကောက်ပွဲအား ကိုယ်ပိုင်စစ်တပ် ရှိသော ငြိမ်းချမ်းရေး သဘော တူထားသော တိုင်းရင်းသား လက်နက်ကိုင် သူပုန် (၁၂) ဖွဲ့ခန့်ကို အစိုးရတပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အသုံးချခဲ့သည်။ နယ်ခြားစောင့်တပ် ပြောင်းမှသာ ၎င်းတိုင်းရင်းသားများ၏ နိုင်ငံရေး ဋ္ဌာနခွဲများကို အသိအမှတ် ပြုပြီး ရွေးကောက်ပွဲသို့ ပါဝင် ခွင့်ပြုမည် ဖြစ်သည်။

ကိုယ်စားလှယ်လောင်း တစ်ဦးလျှင် မှတ်ပုံတင် ကြေး ကျပ် (၅) သိန်း အပါအဝင်၊ သြဂုတ်လ (၃၀) ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ရာ ခက်ခဲသော လုပ်ငန်းစဉ် တစ်ရပ် ဖြစ်သည်။ အဆိုပါ ငွေသည် ဒေါ်လာ (၅၀၀) နှင့် ညီမျှပြီး သာမန် နိုင်ငံသား တစ်ဦးအဖို့ အနည်းငယ် များနေသည်။ အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့ကသာ ရန်ပုံငွေ ရှိသဖြင့် တစ်ပြည်လုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ် ဝင်ရောက် အရွေးခံရန် လွယ်ကူနိုင်သည်။

တော်လှန်ရေးသမားများ၏ သမိုင်း

မြန်မာနိုင်ငံ ရှေ့ဆက်သွားမည့် လမ်းကြောင်းမှာ ၂၀၀၆ ခုနှစ်က ကျင်းပသော တပ်မတော်နေ့တွင် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာခဲ့သည်။ တပ်မတော်နေ့မှာ မတ်လ (၂၇) ရက်နေ့တွင် နှစ်စဉ်ကျင်းပရာ ၂၀၀၆ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် နေပြည်တော်သို့ ပြောင်းရွှေ့ပြီး ပထမဆုံး ကျင်းပသော အခမ်းအနား၌ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စစ်သား ၁၂၀၀၀ အား မိန့်ခွန်း ပြောကြားရာတွင် "ငါတို့ တပ်မတော်ဟာ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ တည်ထောင်ခဲ့တဲ့ စွမ်းအားရှိတဲ့ တပ်မတော်ထံကနေ ကောင်းမြတ်တဲ့ အမွေ ဆက်ခံတဲ့ တပ်မတော် ဖြစ်သင့်တယ်'' ဟု ဆိုခဲ့သည်။

ထိုဘုရင်များသည် တစ်ဦးမျှ ဂျပန်ကို တော်လှန်ခဲ့ခြင်း မရှိပေ။ သို့သော် အနော်ရထာသည် ၁၀၄၄ တွင် ပထမ မြန်မာနိုင်ငံကို ဧရာဝတီ မြစ်ကမ်းဘေးရှိ ပုဂံတွင် ထူထောင်ခဲ့သည်။ သူသည် မွန်တို့၏ နေပြည်တော် သထုံကို အောင်နိုင်ခဲ့သည်။ ထိုစဉ်က မွန်တို့သည် မြန်မာနိုင်ငံ အလယ်ပိုင်းကို ချုပ်ကိုင်ရန် ပြိုင်ဘက် ဖြစ်ခဲ့ပြီး၊ အနော်ရထာသည် အင်ဒမန် ပင်လယ်ထိ အင်ပါယာကို ချဲ့ထွင်နိုင်ခဲ့သည်။

ဘုရင့်နောင်သည်လည်း မြန်မာနိုင်ငံတွင် စစ်ဘုရင် အဖြစ် အောင်ပွဲခံနိုင်ခဲ့သည်။ ၎င်းသည် ၁၅၅၁ မှ ၁၅၈၁ ထိ အုပ်စိုးခဲ့ပြီး မြောက်ဖက်တွင် ပုဂံ၊ အရှေ့ဖက်တွင် ရှမ်းတောင်တန်းမှ ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်အထိနှင့်  လာအိုရှိ ဗီယန်ကျင်း အထိ အချုပ်အချာ အာဏာ တည်ခဲ့သည်။ ၎င်းသည် ပဲခူးတွင် နန်းစိုက်ပြီး ဒုတိယ မြန်မာနိုင်ငံ၏ ထင်ရှားသော မင်းတစ်ပါး ဖြစ်ခဲ့သည်။

အလောင်းဘုရားသည် ၁၈ ရာစုတွင် အုပ်ချုပ်ခဲ့ပြီး ကုန်းဘောင် မင်းဆက်၏ ပထမဆုံး ဘုရင် ဖြစ်သည်။ ကုန်းဘောင် မင်းဆက်သည် တတိယ မြန်မာနိုင်ငံတွင် နောက်ဆုံးမင်းဆက် ဖြစ်သည်။

အလောင်းဘုရားသည် မွန်တို့ကို တိုက်ခိုက်ခဲ့ပြီး ၎င်းကို ဆက်ခံသော ဆင်ဖြူရှင်သည် ၁၇၆၇ တွင် ထိုင်းနေပြည်တော် အယုဒ္ဓယကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံ သမိုင်း စာအုပ်များတွင် မြန်မာနိုင်ငံကို ဘယ်သောအခါမျှ ခွင့်မလွှတ်ရန် အကြောင်း ဖြစ်လာခဲ့သည်။

ကုန်းဘောင် ဘုရင်များသည် ၁၉ ရာစုတွင် ဖြစ်ပွားသော တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် ရှုံးနိမ့်အပြီး၌ ဗြိတိသျှတို့၏ ကိုလိုနီ ဖြစ်ခဲ့ရသည်။ ၁၈၈၅ တွင် ကုန်းဘောင်မင်းဆက်၏ နောက်ဆုံး နေပြည်တော် မန္တလေး ကျဆုံးပြီးနောက် သီပေါဘုရင်နှင့် ၎င်း၏ ပါဝါရှိ မိဘုရား စုဘုရားလတ်တို့အား လွမ်းဆွေး နေသူများ ရှေ့တွင် ဗြိတိသျှတို့က ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ မိသားစုကို အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ခေါ်ဆောင်သွားပြီး၊ သီပေါ ဘုရင်သည် ၁၉၁၆ တွင် ကွယ်လွန်ခဲ့သည်။

ယနေ့ အချိန်ကို ပြောရလျှင် နေပြည်တော်၏ စစ်ရေး ပြကွင်းကြီးတွင် သန်းရွှေ၏ အင်ပါယာ တည်ဆောက်ခဲ့သော စံပြမော်ဒယ် စစ်ဘုရင်ကြီးများ၏ ရုပ်ထုများ တည်ဆောက်ထားသည်။ သန်းရွှေသည် စည်းလုံး ညီညွတ်သော တိုင်းပြည်ကို ထူထောင်လိုဟန် ရှိပြီး အခြေခံအားဖြင့် အောင်ဆန်း၏ ဖက်ဒရယ် မူဝါဒ၊ ပါလီမန် ဒီမိုကရေစီ အမျိုးအစားများနှင့် သဘာဝချင်း မတူသော နိုင်ငံဖြစ်လိုသည်။ သန်းရွှေ၏ မြန်မာနိုင်ငံတွင် လူတိုင်းသည် မြန်မာများ ဖြစ်ပြီး လက်ရှိ အုပ်စိုးသူများ၏ လက်အောက်ခံများသာ ဖြစ်သည်။

မှတ်သားမိသလောက် နေပြည်တော်တွင် လွတ်လပ်ရေး သူရဲကောင်း အောင်ဆန်း၏ ရုပ်ပုံများ မရှိပေ။ မြို့တော်သစ် တည်ဆောက်ခြင်းမှာ ပြီးခဲ့သည့် မြန်မာ အင်ပါယာ သုံးခု၏ အုပ်စိုးသူများ၏ ပုံရိပ်များဟု ဆိုလျှင် စတုတ္ထ မြန်မာနိုင်ငံကို စတင် အုတ်မြစ် ချခဲ့သူများအတွက် ခြင်းချက်မရှိ ဖြစ်နေသည်။ မြို့တော်သစ်၏ အဆောက်အဦး အရွယ်အစား ကြီးမားမှုများ၊ လမ်းကျယ်ကြီးများသည် ၎င်းတို့၏ ခမ်းနားမှု အတွက် အမြင်ကို ထင်ဟပ်စေသည်။

နိုဝင်ဘာ ရွေးကောက်ပွဲများသည် တိုင်းရင်းသားများကို စုစည်းရေးနှင့် အတိုက်အခံများအား အတင်း ဖိနှိပ်ထားခြင်း များအတွက် အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့် ဖြစ်ပေသည်။ ဗိုလ်ချုပ်များကလည်း ၎င်းတို့၏ မြန်မာ ဆိုသော အမည်သည် မှန်ကန်ကြောင်း မြန်မာနိုင်ငံတွင် ဗမာလူမျိုးနှင့် ၎င်း၏ တိုင်းရင်းသားများသာ ရှိကြောင်း အခိုင်အမာ ပြောဆိုလာခဲ့ပါပြီ။

အဆိုပါ ကိစ္စသည် ပညာရပ် ဆိုင်ရာ အဝန်းအဝိုင်းတွင် ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။ အစိုးရက ၁၉၇၆ ခုနှစ်က ထုတ်ဝေသော အမျိုးသားရေး လှုပ်ရှားမှု သမိုင်း စာအုပ်တွင် မြန်မာ ဆိုသည်မှာ မန္တလေးမှ ဘုရင်မင်းဆက်များကိုသာ ဆိုလိုပြီး၊ Burma (ဗမာ) တိုင်းပြည်တွင် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းနှင့် အခြား တိုင်းရင်းသားများ နေထိုင်ကြသည်။ အရေး အကြီးဆုံး အချက်မှာ ဗိုလ်ချုပ်အောင်ဆန်းနှင့် လုပ်ဖော်ကိုင်ဖက်များသည် "ဒို့ဗမာ အစည်းအရုံး" ကိုသာ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး "ဒို့မြန်မာ အစည်းအရုံး" ကို တည်ထောင်ခဲ့ခြင်း မဟုတ်ပေ။

ယခု New Light of Myanmar ဖြစ်နေသော Working People's Daily တွင် ၁၉၈၉ မေလ (၂၇) ရက်နေ့က ရေးသားခဲ့ရာတွင် ဗမာဆိုသည်မှာ ပြည်ထောင်စုကြီးအတွင်းမှ တိုင်းရင်းသား အုပ်စုများတွင် တစ်ခုသာ ဖြစ်ပြီး၊ မြန်မာ ဆိုသည်မှာ ပြည်ထောင်စုအတွင်း ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာနှင့်ရှမ်း စသည့် တိုင်းရင်းသားများ စုပေါင်းနေထိုင်သော တိုင်းရင်းသားများကို ဆိုလိုသည်ဟု ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နေရာ ဒေသ အမည်များ၊ အထူးသဖြင့် ရှမ်းပြည်နယ်တွင် အချို့ နေရာဒေသ အမည်များကို မြန်မာ အသံထွက်နှင့် ကိုက်ညီအောင် ပြင်ဆင်ခဲ့ရာ ယခင်က ရှမ်းဘာသာဖြင့် အဓိပ္ပာယ် ရှိခဲ့သော်လည်း၊ ပင်းတယ၊ ကျိုင်းတုံ၊ လဲချား၊ သိန်းနီ နှင့် သီပေါ တို့မှာ ယခု မည်သည့် အဓိပ္ပာယ်မျှ မရှိပေ။

ယဉ်ကျေးမှု တော်လှန်ရေး

ဒတ်ခ်ျ မြန်မာ ပညာရှင် Gustaaf Houtman က ထိုသို့ ပြုလုပ်ခြင်းအား Burma အား မြန်မာမှု ပြုခြင်းဟု ဆိုကာ ၎င်းက ၁၉၄၈ လွတ်လပ်ရေး မတိုင်မီ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ သဘောတူခဲ့သော တိုင်းရင်းသား ပေါင်းစုံ ဖက်ဒရေးရှင်း မူလ အိုင်ဒီယာကို ဖယ်ရှားပြီး၊ စစ်တပ်၏ မြန်မာ ဆိုသည့် အဓိပ္ပာယ် ဖွင့်ဆိုချက် အသစ်ကို ဝါဒ ဖြန့်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ ၁၉၈၉ ခုနှစ်တွင် မြန်မာဟု အမည် ပြောင်းခြင်းသည် ယဉ်ကျေးမှု တော်လှန်ရေးကို အစပြုခဲ့ခြင်းသာ ဖြစ်သည်။ အဆိုပါ ယဉ်ကျေးမှု တော်လှန်ရေးတွင် စစ်တပ်မှ ခန့်အပ်သော ကော်မရှင်သည် တိုင်းပြည်၏ သမိုင်းကို လက်ရှိ အာဏာရှင်များနှင့် ကိုက်ညီအောင် သဘောကျအောင် ပြန်လည် ရေးသားခြင်းလည်း ပါဝင်သည်။

နိုင်ငံတဝှမ်း ပြတိုက်များ ဆောက်ပြီး မြန်မာ့သမိုင်းတွင် ရာစုနှစ်များစွာ စစ်တပ်ကို ဗဟိုပြုရခြင်းအား ပြည်သူများအား ပညာပေးဝါဒ ဖြန့်ခဲ့သည်။ ကျောင်းပြဋ္ဌာန်း စာအုပ်များကိုလည်း အဆိုပါ ရည်ရွယ်ချက် ပေါ်လွင်အောင် ပြန်လည်ရေးသားစေသည်။ TV ဇာတ်လမ်းများတွင်လည်း တိုင်းပြည်တွင် ၁၉ ရာစု စစ်ဘုရင်များ လက်အောက်တွင် တိုင်းရင်းသား အုပ်စုများ စုစည်း ညီညွတ်စွာဖြင့် အနောက် နိုင်ငံ ကိုလိုနီများ၏ ပြင်းထန်သော တိုက်ခိုက်မှုများအား တွန်းလှန်ခဲ့ပုံကို ပြသခဲ့သည်။

မကြာမီ ရွေးချယ် တင်မြှောက်ခံ ကိုယ်စားလှယ် ၃၃၀ နှင့် စစ်တပ်မှ ကိုယ်စားလှယ် (၁၁၀) တို့သည် နေပြည်တော်ရှိ ကြီးမားသော အဆောက်အဦးကြီးတွင် နေရာ ယူကြပြီး ဗိုလ်ချုပ်များက အနာဂတ်အတွက် မြန်မာနိုင်ငံကို ပြောလေ့ ရှိသော စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီကို ဖော်ဆောင်ကြတော့မည် ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလက အခြေခံဥပဒေ အသစ်အတွက် ဆန္ဒခံယူပွဲ ဖြစ်စဉ်ကို ကြည့်၍ ယခု နိုဝင်ဘာ ရွေးကောက်ပွဲ ရလဒ်ကို မှန်းဆနိုင်ပေသည်။ ၉၀ % ကျော်က ထောက်ခံခဲ့သည်ဟု အာဏာပိုင်များက ကြေညာခဲ့သည်။ ထိုစဉ်က ကန့်ကွက်မဲ ပေးခဲ့ကြသော ၁၀ % သော လူများအား မဲဆွယ်ခွင့် သော်လည်းကောင်း၊ ပုံနှိပ် ထုတ်ဝေခွင့် သော်လည်းကောင်း အစိုးရက ခွင့်မပြုခဲ့ပါ။

 သြဂုတ်လ (၁၉) ရက်နေ့က တင်းကြပ်လှသော မြန်မာ မီဒီယာများတွင် အစိုးရ၏ ကြေညာချက်အား ဖော်ပြရာတွင် ကိုယ်စားလှယ်လောင်းများသည် ပြည်သူလူထုသို့ မဲဆွယ် စကား ပြောရန် ခုနှစ်ရက် ကြိုတင် ခွင့်ပြုချက် တောင်းရမည်ဟု ဆိုသည်။ အများပြည်သူ၏ နေရာများ သွားလာခြင်းများကို အနှောင့်အယှက် ဖြစ်အောင် မပြုလုပ်ရန် တားမြစ်ထားသေးသည်။

အရွေးခံရသော အမတ်များသည် အခြေခံ ဥပဒေ အပိုဒ် (၃၉၆) အရ မသင့်လျော်သော အပြုအမူများကို အကြောင်းပြကာ အမတ်အဖြစ်မှ ထုတ်ပယ် ခံရနိုင်ပါသေးသည်။ ထို့အပြင် အခြေအနေများ ထိန်းမနိုင် သိမ်းမရ ဖြစ်လာပါက အပိုဒ် ၄၁၃ အရ သမ္မတသည် အာဏာကို ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲပြောင်းပေးရန် ပါရှိသည်။

အဆိုပါ အရာများ အားလုံးသည် စတုတ္ထ မြန်မာ အင်ပါယာအတွက် ခွင်ချထားခြင်း ဖြစ်သည်။ ယခုလ ထုတ်ဝေသော အမေရိကန် အခြေစိုက် NGO  အဖွဲ့ ဖြစ်သည့် National Democratic Institute ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေအသစ်သည် စစ်တပ် အုပ်ချုပ်ရေး သက်တမ်း ရှည်အောင် ရေးဆွဲထားခြင်း ဖြစ်ကြောင်း၊ သန်းရွှေသည် အနားယူကောင်း ယူလိမ့်မည် ဖြစ်သော်လည်း၊ ဒီမိုကရက်တစ် အစိုးရ ဖြစ်လာဖွယ် မရှိဘဲ၊ အာဏာရှင် အုပ်ချုပ်ရေးသာ ရှိနေဦးမည် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခုအချိန် အထိ ဒီမိုကရေစီ ပြောင်းလဲမှု အစစ်အမှန် ပြုလုပ်ပေးနိုင်မည့် လူငယ် သူရဲကောင်းများ သတ်မှတ်ရန် မတွေ့ရသေးပေ။ နိုင်ငံခြား ဝေဖန်သူများက ဖြစ်ချင်သည်များ ပြောနေသော်လည်း၊ သန်းရွှေ အတ္ထုပ္ပတ္တိ ရေးသားသူ Benedict Rogers ကမူ မြင်နိုင်သမျှ အနာဂတ်တွင် စစ်တပ်က အာဏာ ဆုပ်ကိုင် ထားနိုင်ရေးကိုသာ မောင်းတင်ကာ အချက် ပြနေကြောင်း ငြင်းချက်ထုတ်သည်။

မြန်မာနိုင်ငံတွင် တစ်ချိန်က အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ရှိစဉ်အခါက ဝေဖန်သူများနှင့် ပညာရှင်များက ၎င်းသေသွားပါက တိုင်းပြည်သည် အကောင်းဘက်သို့ ပြောင်းလဲသွားလိမ့်မည်ဟု ခန့်မှန်းခဲ့ကြဖူးသည်။ ၎င်းသည် ၁၉၈၈ ခုနှစ်တွင် အာဏာမှ အနားယူသွားခဲ့ရာ၊ မြန်မာနိုင်ငံတွင် အမှန်တကယ် ပြောင်းလဲမှု ဖြစ်ခဲ့သည်။ သို့သော် သန်းရွှေ ခေါင်းဆောင်သော မျိုးဆက်သည် ပိုမို၍ ဖိနှိပ်ကာ ဘုရင်ရူးရူးခဲ့သည်။ နေဝင်းသည် မြို့တော်ကို နေရာ မပြောင်းခဲ့ရုံမက၊ အမြောက်အများ သေစေနိုင်သော လက်နက်များကိုလည်း မဝယ်ယူခဲ့ပေ။ ၎င်းသည် ပြီးခဲ့သော မြန်မာအင်ပါယာ ဘုရင်များကို တမ်းတပြီး ထိုအတိုင်း ဖြစ်စေရန်လည်း လိုက်မလုပ်ခဲ့ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်တွင် မြန်မာ စစ်အစိုးရက အရပ်သားများကို မျက်နှာပန်းပြပြီး စစ်အုပ်ချုပ်ရေး စနစ် အသက်ဆက်ရန် ဟူသော ရည်မျှော်ချက်ဖြင့် ဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့ရာ မျှော်မှန်းထားသည်များ တက်တက်စင်အောင် လွဲချော်ခဲ့သည်။ ထိုကိစ္စကို တုံ့ပြန်သည့် အနေဖြင့် စစ်တပ်က ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုခဲ့ပေ။

နှစ်ပေါင်း ၂၀ အကြာ၊ ယခု ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့၌ စစ်အစိုးရက ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ဆိုပြန်သည်။ ယခု တစ်ကြိမ်တွင် မြန်မာ စစ်အစိုးရမှ စစ်ဗိုလ်ချုပ်ကြီးများ အနေဖြင့် ယခင် ရွေးကောက်ပွဲ အတွေ့အကြုံမှ သင်ခန်းစာများကို နမူနာ ယူဖွယ် ရှိသည်။ ရွေးကောက်ပွဲ ဖြစ်စဉ် အားလုံးကိုလည်း တင်းကြပ်စွာ ကန့်သတ်လာဖွယ် ရှိသည်။

မြန်မာ စစ်အစိုးရသည် ၂၀၀၈ ခုနှစ်တွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ် တစ်ရပ်ကို အပြီးသတ် ရေးဆွဲခဲ့သည်။ ယင်းအခြေခံ ဥပဒေအရ ပါလီမန် လွှတ်တော် အမတ်နေရာ လေးပုံ တစ်ပုံကို စစ်ဘက်မှ ရရှိမည် ဖြစ်ပြီး တိုင်းပြည် အာဏာကိုလည်း ဆက်လက် ချုပ်ကိုင်ထားနိုင်မည် ဖြစ်သည်။ ယခု ကျင်းပတော့မည့် ရွေးကောက်ပွဲ မတိုင်မီ အချိန်တွင် အတိုက်အခံ ပါတီများမှ အမတ်လောင်းများ အနေဖြင့် မဲဆွယ်မှုများ ပြုလုပ်ရာတွင် စစ်အာဏာပိုင်များ၏ ခွင့်ပြုချက် ရယူရမည် ဖြစ်သည်။ ပါတီ ဆောင်ပုဒ်များ အော်ဟစ်ခြင်း၊ အလံများ ဝှေ့ယမ်းခြင်း၊ စစ်အစိုးရကို ပြစ်တင် ဝေဖန်ခြင်းတို့ ပြုလုပ်ခွင့် မရှိပေ။

နိုင်ငံ့ဝန်ထမ်းများ၊ သာသနာ့ ဝန်ထမ်းများ၊ ပြစ်မှု ကျူးလွန်ထားသူများ၊ ပြစ်ဒဏ် ကျခံထားရသူများ အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိပေ။ နိုင်ငံရေး ပါတီများ အနေဖြင့် အဖွဲ့ဝင် အင်အား ၁၀၀၀ အနည်းဆုံး ရှိမှ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်နိုင်မည် ဖြစ်သည်။ စစ်အစိုးရ အာဏာပိုင်များနှင့် ထောက်လှမ်းရေးများ အပေါ် အမြဲမပြတ် ထိတ်လန့်နေရသူ ပြည်သူများ ရှိသည့် နိုင်ငံ ရွေးကောက်ပွဲအတွက် စစ်အစိုးရ၏ ကြောက်ခမန်းလိလိ အဆိုပြုချက် တစ်ရပ် ဖြစ်သည်။ နိုင်ငံရေး ပါတီ တစ်ခုမှ ဥက္ကဋ္ဌ တစ်ဦးက ၎င်း၏ ပါတီဝင်များကို စစ်အစိုးရ အာဏာပိုင်များက ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဤအခြေအနေများ အားလုံးကို ကြည့်ပါက မြန်မာ ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိလာမည့် ပုံစံမျိုး စိုးစဉ်းမျှ တွေ့ရမည် မဟုတ်ပေ။ အမတ်လောင်းများက ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်ရန် ပြန်လည် ခြိမ်းခြောက်လျက် ရှိသည်။

သို့သော် စိတ်မကောင်းစရာ ကောင်းသည့် အချက်မှာ အာဆီယံနှင့် တရုတ်ကဲ့သို့သော နိုင်ငံများက စီးပွားရေး ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် ပြုလုပ်လိုသော မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ
တရားဝင် မဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုမည့် ကိစ္စမှာ ထင်သလောက် လွယ်ကူမည် မဟုတ်ပေ။ စီးပွားရေး ဟူသော မက်လုံးကြောင့် လူ့အခွင့်အရေး ကိစ္စများကို မသိကျိုးနွံ ပြုထားလေ့ ရှိသော နိုင်ငံများ ဖြစ်သည်။

အိန္ဒိယကို ကြည့်က ပို၍ပင် ဆိုးသေးသည်။ မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး မြှင့်တင်နိုင်ရေး အတွက် နိုင်ငံရေးအရ အကာအကွယ်များပင် ပေးလာဖွယ် ရှိသည်။ သို့အတွက်ကြောင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ အနေဖြင့် ၎င်းအလိုရှိသည့် ရလဒ်များပင် ရရှိပေလိမ့်မည်။ သို့သော် မြန်မာ ရွေးကောက်ပွဲ လွတ်လပ် မျှတမှု ရှိသည်ဟူသော ခေါင်းစဉ်အောက်မှ ရလဒ်မျိုး ဖြစ်ပါလိမ့်မည်။

Newsweek မှ ဆောင်းပါးတိုကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Business Mirror, 30th August 2010

"နိုင်ငံရေးနှင့် စီးပွားရေး ကိစ္စများတွင် အခက်အခဲများ ရှိနေသော်လည်း အီးယူ အနေဖြင့် အာဆီယံနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် ရရှိရန် ကြိုးစားနေဆဲ ဖြစ်သည်" ဟု အီးယူ ကုန်သွယ်ရေး ကော်မရှင်နာက ပြောကြားလိုက်သည်။

Karel de Gucht က "အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံသည် ဒေသတွင်း ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ၎င်းတို့၏ ပြည်တွင်း ဈေးကွက် အပြည့်အဝ ပေါင်းစည်းမှုကို ပထမဦးစွာ ပြုလုပ်ရမည်" ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

"အီးယူနှင့် အာဆီယံသည် အလှမ်း ကျယ်လွန်းသည့် ဒေသချင်း လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက် ရရှိရေး အတွက် ဆွေးနွေးပွဲများ ၇ ကြိမ်ခန့် ပြုလုပ်ခဲ့ကြ ပြီးနောက် ၂၀၀၉ ခုနှစ် မတ်လတွင် စေ့စပ် ဆွေးနွေးမှုများကို ရပ်နားလိုက်သည်။ နိုင်ငံရေးနှင့် စီးပွားရေး အကြောင်းရင်းများကြောင့် အာဆီယံနှင့် ကုန်သွယ်ရေး လွတ်လပ်ခွင့် ဆွေးနွေးပွဲများကို ဆက်လက် မပြုလုပ်နိုင်ခြင်း ဖြစ်သည်" ဟု အီးယူက ပြောကြားသည်။

နိုင်ငံရေး ကိစ္စတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ညှင်းပန်း ရက်စက်မှုများသည် အထင်ရှားဆုံး ဖြစ်သည်ဟု De Gucht က ပြောကြားသည်။ စေ့စပ် ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံကို ဖယ်ထားရန် အီးယူက ကြိုးစားခဲ့သော်လည်း အာဆီယံက ၎င်း၏ မူဝါဒကို မပြောင်းလဲခဲ့ပါ။

"အဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကလည်း တစ်ပုံစံတည်း မဟုတ်ပါဘူး။ အဖွဲ့ဝင် နိုင်ငံတွေရဲ့ စီးပွားရေး မူဝါဒတွေ မတူညီကြတော့ သဘော တူညီချက် ရရှိဖို့ အခက်အခဲ ရှိပါတယ်။ အထူးသဖြင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား နိုင်ငံတွေပေါ့" ဟု ၎င်းက ဆိုသည်။

"အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံ အနက် ၆ နိုင်ငံနှင့် အပြန်အလှန် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်များ ရရှိအောင် ကြိုးစားရန် အီးယူက ဆုံးဖြတ်ထားသည်။ ယခု နှစ်ကုန်တွင် စင်္ကာပူနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် မျှော်လင့်ထားပြီး ဗီယက်နမ်နှင့်လည်း လေ့လာ အကဲဖြတ် ဆွေးနွေးပွဲများ ပြုလုပ်နေသည်" ဟု ၎င်းက ပြောကြားသည်။ အခြား အာဆီယံ အဖွဲ့ဝင်များ ဖြစ်သည့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့ကလည်း စိတ်ဝင်စားမှု ရှိကြောင်း ထုတ်ဖော် ပြောဆိုထားသည်ဟု သိရသည်။

"ဒီအာဆီယံ အဖွဲ့ဝင်တွေနဲ့ အပြန်အလှန် လွတ်လပ်သော ကုန်သွယ်ရေး သဘော တူညီချက်တွေ ရရှိခြင်းဟာ အနာဂတ်မှာ ဒေသတစ်ခုလုံးနဲ့ သဘောတူညီချက် ရရှိဖို့ အတွက် လှေကားထစ် တစ်ခု အဖြစ်တော့ အထောက်အကူ ရနိုင်ပါလိမ့်မယ်" ဟု De Gucht က ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံနှင့် အီးယူသည် လူ့အခွင့်အရေး ကိစ္စများ၊ ရွှေ့ပြောင်း နေထိုင်မှုများ၊ ကုန်သွယ်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး ကိစ္စများ အကျုံးဝင်သည့် လုပ်ဖော်ကိုင်ဖက် ပူးပေါင်း ဆောင်ရွက်ရေး သဘော တူညီချက် (PCA) ကို ကနဦး သဘောတူညီမှု ရရှိပြီး ဖြစ်သည်။

အဆိုပါ PCA သဘော တူညီချက်ကို လာမည့် အောက်တိုဘာ၌ ဘရပ်ဆယ်တွင် ပြုလုပ်မည့် အာရှ၊ ဥရောပ ထိပ်သီး အစည်းအဝေးတွင် လက်မှတ် ရေးထိုးရန် အီးယူနှင့် ဖိလစ်ပိုင် ခေါင်းဆောင်များက စီစဉ်ထားသည်ဟု မျှော်လင့်ရသည်။

တရုတ်နိုင်ငံ၏ နောက်တွင် အီးယူသည် အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်ပြီး ယခုအချိန်အထိ ဒေသတွင်း အကြီးဆုံး ရင်းနှီး မြှုပ်နှံသူ ဖြစ်၍ ဒေသတွင်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄.၅ % ကို မြှုပ်နှံထားသည်ဟု သိရှိရသည်။

၂၀၀၉ ခုနှစ် အတွင်း အီးယူနှင့် အာဆီယံ အကြား အပြန်အလှန် ကုန်စည် ကူးသန်း ရောင်းဝယ်မှုမှာ ယူရို ၁၁၈ ဘီလျံအထိ ရောက်ရှိခဲ့ပြီး အဆိုပါ ပမာဏမှာ အီးယူ စုစုပေါင်း ကုန်သွယ်ရေး တန်ဖိုး၏ ၅ % ကျော်ကျော်ခန့် ရှိသည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

DVB News, 31st August 2010

နာဂစ်စ် ဆိုက်ကလုန်း တိုက်ခတ် အပြီး နှစ်နှစ် အတောအတွင်း ကုလသမဂ္ဂ နှင့် မြန်မာ စစ်ဖက် အစိုးရ အကြား ယုံကြည်မှုကို တည်ဆောက် နိုင်ခဲ့ကြသည်ဟု ကုလ သမဂ္ဂ ဌာနေ ကိုယ်စားလှယ် တစ်ဦးက ဒေသတွင်း ဆွေးနွေးပွဲ တစ်ခုတွင် တနင်္လာနေ့က ပြောကြားခဲ့သည်။

အဆိုပါ ထင်မြင်ချက်ကို သတိကြီးစွာ ထား၍ သုံးသပ်ခဲ့သော အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က "တကယ်လို့ နာဂစ်စ်လို သဘာဝ ကပ်ဘေး နောက်တစ်ခါ ပေါ်ပေါက်လာခဲ့ရင် ကျွန်တော်တို့ အတူတကွ အဲဒီမှာ တစ်ကနေ ပြန်စကြရပါလိမ့်မယ်" ဟု သတိပေး ပြောကြားလိုက်သည်။

မြန်မာနိုင်ငံကို ရာစု နှစ်ဝက်မျှ အသွင်အပြင် မျိုးစုံဖြင့် အုပ်ချုပ်လာခဲ့သော စစ်ဖက် အစိုးရသည် လူ့အသက်ပေါင်း ၁၄၀,၀၀၀ ခန့် ဆုံးရှုံးကာ လူပေါင်း ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ၂၀၀၈ မေလ ၂ ရက် ဆိုင်ကလုန်း အပြီးတွင် ပြည်ပ ကယ်ဆယ်ရေး အကူအညီများကို ငြင်းဆန်ခဲ့ခြင်းကြောင့် ကမ္ဘာတဝှမ်း၏ ပြစ်တင် ရှုတ်ချမှုကို ခံခဲ့ရသည်။

အခြေခံ ဆေးဝါးများနှင့်ပင် အလွယ်တကူ ကုသနိုင်သော "ရေမှတဆင့် ကူးစက်သည့် ရောဂါများ" ကြောင့် လူထောင်ပေါင်း များစွာ ရောဂါများ ဖြစ်ပွားခဲ့ကြပြီး အစိုးရ၏ နှေးကွေးသော တုန့်ပြန်မှုကြောင့် လူ့အသက် အများစု ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အာရှတိုက်၏ အဆိုးဆုံး ဘေးအန္တရာယ် စာရင်းဝင် ဆိုက်ကလုန်း မုန်တိုင်း၏ ကြီးမားသော ဆိုးကျိုးကို တုန့်ပြန်ရမည့် အစား စစ်အစိုးရက နယ်စပ် တံခါးပေါက်များကို ပိတ်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်သားများနှင့် သတင်းထောက်များ ဆိုက်ကလုန်းဒဏ်ခံ ဧရာဝတီ ဒေသသို့ မဝင်ရောက်နိုင်အောင် ပိတ်ပင် တားဆီးခဲ့သည်။ ကြေကွဲစရာ နာဂစ်၏ သားကောင်များကို မြှုပ်နှံ သဂြိုလ်ရာတွင် ကူညီခဲ့ကြသည့် မြန်မာ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများမှာ ယခုအခါ နှစ်ရှည် ထောင်ဒဏ် ပြစ်ဒဏ် ကျခံလျက် ရှိကြသည်။

ကုလသမဂ္ဂ အာဆီယံနှင့် မြန်မာ အစိုးရတို့ ၃ ပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ဖွဲ့စည်းရန် ဝိုင်းဝန်း တောင်းဆိုမှုကို ဆိုက်ကလုန်း အပြီး ရက်သတ္တပတ် များစွာ ကြာမှ မြန်မာ အစိုးရက လက်ခံခဲ့သည်။ သို့သော်လည်း ယခုလ အစောပိုင်းတွင် အဆိုပါ အဖွဲ့၏ တာဝန်များကို တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်ရာ ဆောင်ရွက်လက်စ ကယ်ဆယ် ထူထောင်ရေး လုပ်ငန်းများမှာ မြန်မာ စစ်ဗိုလ်ချုပ်များ၏ လက်အောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့ရာတွင် ဆူရင်ပင် ဆူဝမ်က "နိုင်ငံတကာ အသိုင်းအဝိုင်းက အဲဒီမှာ ဝိုင်းပြီး ကူညီခဲ့ကြတယ် ဆိုတာကို မြန်မာ အစိုးရက သိရှိ နားလည်လာပါပြီ" ဟု ပြောကြားခဲ့သော်လည်း ၎င်းက ဆက်လက်၍ "မြန်မာနိုင်ငံရဲ့ ရှေ့မတိုး၊ နောက်မဆုတ် အကျပ်အတည်းကို ကျောက်ချထားတယ်လို့ အငြင်းပွားစရာ ဖြစ်နေတဲ့ လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် တွေမှာလည်း ပူးပေါင်း ဆောင်ရွက်မှာပါ ဆိုတာကို ကမ္ဘာကို စည်းရုံးဖို့ အတွက် စစ်ဗိုလ်ချုပ်တွေ လုပ်စရာတွေ အများကြီး လိုအပ်နေပါသေးတယ်" ဟု ဖြည့်စွက် ပြောကြားသည်။

"တကယ်လို့ ဒီလို မလုပ်နိုင်ခဲ့ဘူး ဆိုရင်တော့ တစ်ကမ္ဘာလုံးက ရွေးကောက်ပွဲ အပြီးမှာ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လူရာ သွင်းဖို့၊ မြန်မာနိုင်ငံနဲ့ အလုပ် ဆက်လုပ်ဖို့ လုံးဝ လိုလားတော့မှာ မဟုတ်ဘူး ဆိုတာကတာ့ အသေအချာပါပဲ။ ဒါကြောင့် ဒီကိစ္စက သေရေးရှင်ရေး တမျှ အရေးပါတယ်။ အလွန်အမင်း အရေးကြီးပါတယ်" ဟု ၎င်းက သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

China Daily, 27th August 2010

နေစွမ်းအင် ဖြာထွက်မှု လျော့နည်းသွားမှုကြောင့် ကမ္ဘာ့လေထု၏ အပေါ်ဆုံး အလွှာတစ်ခု ကျုံ့သွားသည်ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။

အဆိုပါ သတင်းမှာ စိုးရိမ်စရာ သတင်း တစ်ခု ဖြစ်သော်လည်း ဂြိုလ်တုများ အတွက်မူ သတင်းကောင်း တစ်ခု ဖြစ်သည်ဟု ဆိုသည်။ ဂြိုလ်တုများ ကြုံတွေ့နေရသည့် မလိုလားအပ်သော ဓာတ်ငွေ့များ၏ ဆွဲငင်မှု လျော့နည်းသွားက ကမ္ဘာပတ်လမ်းကြောင်း အတွင်း အချိန် ကြာရှည်စွာ တည်နေနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

သို့သော်လည်း အာကာသ အမှိုက်များ ကမ္ဘာပတ် လမ်းကြောင်း အတွင်း ဆက်လက် ကျန်ရှိနေနိုင်သည့် ဆိုးကျိုးကိုလည်း သက်ရောက်စေသည်ဟု သိရှိရသည်။

အမေရိကန် အာကာသ သိပ္ပံ အသင်းကြီး၏ အာကာသ သိပံ္ပ သုနေသန ဂျာနယ်မှ ထုတ်ပြန်သော လေ့လာမှု အစီရင်ခံစာ အရ နေစွမ်းအင် ထုတ်လွှတ်မှုသည် ၂၀၀၇ မှ ၂၀၀၉ ခုနှစ် အတွင်း မကြုံစဖူး လျော့နည်း သွားသည်ဟု သိရှိရသည့် အဆိုပါ ကာလ အတွင်း ကမ္ဘာမြေပြင်မှ အထက် မိုင် ၅၀ မှ မိုင် ၃၀၀ အတွင်း ရှိသော လေထု၏ အပေါ်ဆုံး သာမို စပီးယား အလွှာမှာ ပို၍ အေးလာကာ ကျုံ့သွားခဲ့သည်ဟု သိပ္ပံပညာရှင်များက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Star, 30th August 2010

မြန်မာနိုင်ငံကို ဖြတ်သန်း၍ ဘင်္ဂလားဒေ့ရှ်နှင့် ဆက်သွယ်မည့် လမ်းဖောက်လုပ်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နှင့် စာချုပ် ချုပ်ဆိုရန် တရုတ်နိုင်ငံက အဆင်သင့် ဖြစ်နေပြီဟု ဒါကာသို့ ရောက်ရှိနေသော တရုတ် အရာရှိက ပြောကြားသည်။

၃ နိုင်ငံ ဆက်သွယ်မည့် ၁၁၁ ကီလိုမီတာ ရှည်သော ကားလမ်းကို ဖောက်လုပ်ရာတွင် အကူအညီ ပေးမည် ဖြစ်ကြောင်း တရုတ်နိုင်ငံက ယခုနှစ် မတ်လတွင် ထုတ်ဖော် ပြောကြားခဲ့သည်။ အဆိုပါ လမ်းကြောင်းသည် မြန်မာနိုင်ငံကို ဖြတ်သန်းကာ ယူနန်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်ကို ဆက်သွယ်မည် ဖြစ်သည်။

ရထားလမ်းနှင့် ကားလမ်းများ ဖောက်လုပ်ရေး အတွက် ဘင်္ဂလားဒေ့ရှ်နှင့် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရန် တရုတ်က အဆင်သင့် ရှိနေသည်ဟု ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ကွင်ဂွမ်ရောင်က ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာအား တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။

ယခုနှစ် မတ်လ အတွင်းက ဝန်ကြီးချုပ် ရှိတ်ဟက်ဆီနာသည် တရုတ်နိုင်ငံသို့ သွားရောက်စဉ် ဖိတ်ကြားခဲ့ခြင်းကြောင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ယခု ဘင်္ဂလားဒေ့ရှ်သို့ ၂ ရက်ကြာ လာရောက်ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်၏ တရုတ်ပြည် ခရီးစဉ်တွင် အထက်ပါ စီမံကိန်းနှင့် ပတ်သက်၍ တရုတ် တာဝန် ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ဖြစ်သည်။

စစ်တကောင်း၊ မြန်မာ၊ ကူမင်း အဝေးပြေး လမ်းမကြီးသည် နှစ်နိုင်ငံ အကြား ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်မှု တိုးတက်လာရန် အဓိက အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု ရှိတ်ဟက်ဆီနာက ပြောကြားသည်။

"မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံနဲ့ ကားလမ်း၊ ရထားလမ်းတွေ တိုက်ရိုက် ဆက်သွယ်ဖို့ ဘင်္ဂလားဒေ့ရှ်က ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ဟက်ဆီနာက ပြောကြားခဲ့ခြင်းကို Daily Star သတင်းစာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သကဲ့သို့ ကာကွယ်ရေး လက်နက် ပစ္စည်းများကိုလည်း ရောင်းချပေးလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 27th August 2010

ပင်လယ်ဝါတွင် ပြုလုပ်ခဲ့သော အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားတို့၏ ပူးတွဲ ရေတပ် လေ့ကျင့်မှုများကို လူသိရှင်ကြား ဆန့်ကျင်ခဲ့သော တရုတ်နိုင်ငံက အဆိုပါ ရေပြင်၌ပင် လက်တွေ့ ပစ်ခတ်မှု ရေတပ် လေ့ကျင့်ခန်းများကို ယခု တစ်ပတ်တွင် ပြုလုပ်တော့မည် ဖြစ်သည်။

တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏ ဘိုင်ဟိုင် ရေတပ် သင်္ဘောအုပ်စုသည် ဗုဒ္ဓဟူးနေ့မှ စနေနေ့အထိ လေ့ကျင့်ခန်းများ ပြုလုပ်မည်ဟု တနင်္ဂနွေနေ့က ထုတ်ပြန်သည်။

အမေရိကန် ပြည်ထောင်စုနှင့် တောင်ကိုရီးယားက အဆိုပါ ပင်လယ်ဝါတွင် လာမည့်လ အစောပိုင်း၌ ရေတပ် လေ့ကျင့်ခန်းများ ပြုလုပ်ရန် စီစဉ်ထားသော်လည်း ရက်အတိအကျ မကြေညာ သေးပါ။

ပင်လယ်ဝါ ရေပြင်၏ ဧရိယာ အများစုမှာ နိုင်ငံတကာ ရေပိုင်နက် ဖြစ်သော်လည်း တရုတ်က ၎င်း၏ လုံခြုံရေး အနားသတ်မျဉ်းတွင် ကျရောက်နေသည်ဟု သတ်မှတ်ထားသည်။

ဝါရှင်တန်က ၎င်း၏ မဟာမိတ် ဆိုးလ်ကို ကာကွယ်ပေးရန် ကတိပြုထားသည့် အတွက် အမေရိကန်-တောင်ကိုရီးယား ပူးတွဲ လေ့ကျင့်မှုများသည် မြောက်ကိုရီးယားကို သတိပေးရန် ရည်ရွယ်ခြင်းသာ ဖြစ်သည်ဟု ပင်တာဂွန်က ပြောကြားလိုက်သည်။

ပြီးခဲ့သော မတ်လက ရေတပ်သား ၄၆ ဦး သေဆုံးခဲ့ရသော ချိုနန် စစ်သင်္ဘော နစ်မြုပ်မှု အပြီးတွင် ၎င်းအနီးတဝိုက် ဂျပန် ပင်လယ်ပြင်တွင် အမေရိကန်နှင့် တောင်ကိုရီးယားက ကြီးမားသော ရေတပ်၊ လေတပ် လေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ ချိုနန် သင်္ဘောကို မြောက်ကိုရီးယားတို့က တိုပီဒိုဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုးလ်နှင့် မဟာမိတ်များက အပြစ်တင် ထားသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Korea Herald, 30th August 2010

ရပ်ဆိုင်းနေသော နျူကလီယာ ဖျက်သိမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်ရေး အပါအဝင် နှစ်ပိုင်းကွဲ ကိုးရီးယား ကျွန်းဆွယ်၏ အရွေ့ကို သက်ရောက်စေနိုင်သည့် ပရိယာယ် ဆင်မှု တစ်ခုဖြစ်သည့် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီ၏ လတ်တလော တရုတ်နိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ရန် တရုတ် အစိုးရကို တောင်းဆိုထားသည်ဟု ဆိုးလ်က တနင်္ဂနွေနေ့တွင် ပြောကြားသည်။

အသက် ၆၈ နှစ်ရှိ ပုန်းရှောင်တတ်သော မြောက်ကိုးရီးယား ခေါင်းဆောင်သည် ပြီးခဲ့သော ကြာသပတေးနေ့က နယ်စပ်ကို ဖြတ်ကျော်ကာ တရုတ် အရှေ့မြောက် ဒေသသို့ ဆိုင်းမဆင့် ဗုံမဆင့် သွားရောက်၍ တရုတ်သမ္မတ ဟူကျင်းတောင်နှင့် ဆွေးနွေးခဲ့သည်ဟု ကြားသိရသည်။ အမေရိကန် လူမျိုး အကျဉ်းသား တစ်ဦး လွတ်မြောက်ရေးအတွက် ရောက်ရှိနေသော အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာကို ပြုံယမ်းတွင် ထားရစ်ကာ တရုတ်ခရီးစဉ် သွားရောက်ခဲ့သော ကင်ဂျုံအီသည် ၎င်း၏ ကျန်းမာရေး အခြေအနေ ပိုဆိုးမလာမီ ၎င်း၏ အာဏာကို ဆက်ခံမည့် သားဖြစ်သူကို တရုတ်နိုင်ငံက အသိအမှတ် ပြုမှုကို သေချာစေရန် အရေးပေါ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည် ဟူသော မှန်းဆချက်များ ထွက်ပေါ်လာစေသည်။

၂၀၀၈ ခုနှစ်က လေဖြတ် ဝေဒနာ ခံစားခဲ့ရသော ကင်ဂျုံအီနှင့်အတူ ၎င်း၏ အာဏာကို ဆက်ခံဖွယ် ရှိသည့် အငယ်ဆုံးသား ကင်ဂျုံအန်း လိုက်ပါသွားခဲ့သည်ဟု သတင်းဋ္ဌာန များစွာက ဖော်ပြကြသည်။ ၎င်းသည် တတိယမြောက် ရည်မှန်းချက်အတွက် တရုတ်သို့ ရောက်ရှိနေသည့် လက္ခဏာ ရှိသည်ဟု သတင်း ရင်းမြစ်များက ဆိုသည်။

"ဥက္ကဋ္ဌကြီး ကင်ဂျုံအီးရဲ့ လတ်တလော ခရီးစဉ် ရလဒ် အသေးစိတ် အချက်တွေကို ပေးဖို့ သံတမန် လမ်းကြောင်းက တဆင့် တရုတ် အစိုးရကို တောင်းဆိုထားပါတယ်" ဟု ဆိုးလ်မှ အမည် မဖော်လိုသူ သံတမန် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနထံမှ သတင်း အသေးစိတ်ကို ဘေဂျင်းရှိ တောင်ကိုးရီးယား အဆင့်မြင့် သံတမန်က ရရှိဖွယ် ရှိသည်ဟု ၎င်းက ဖြည့်စွက် ပြောကြားသည်။

ယခင် ခရီးစဉ်နှင့် ၃ လကျော်ပင် မခြားသည့် ကင်ဂျုံအီ၏ ဘေဂျင်း ခရီးစဉ်သည် ရပ်ဆိုင်းနေသော ခြောက်နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေးကို တရုတ်က ပိုမို အားထုတ်လာခြင်း အပါအဝင် ကိုးရီးယား ကျွန်းဆွယ်နှင့် ပတ်သက်သည့် ကိစ္စမျိုးစုံနှင့် တိုက်ဆိုင်နေသည်။

တရုတ်နိုင်ငံ၏ နျူကလီယာ ကိုယ်စားလှယ် အကြီးအကဲ ဝူဒါဝေသည်လည်း ဆိုးလ်ခရီးစဉ်၏ နောက်ဆက်တွဲ အဖြစ် ၆ နိုင်ငံ နျူကလီယာ ဆွေးနွေးပွဲ ပြန်လည် စတင်ရေးတွင် မဖြစ်မနေ စည်းရုံးရမည့် ဂျပန်သို့ လောလောဆယ် သွားရောက်နေသည်။

ပြုံယမ်းသည် နျူကလီယာ ဆွေးနွေးပွဲသို့ ပြန်လည် တက်ရောက်ရန် အပြုသဘော ဆောင်သော ရည်ရွယ်ချက်များကို ပြသလျက် ရှိပြီး မြောက်ကိုးရီးယား၏ စားနပ်ရိက္ခာ ပြတ်တောက်မှုကို သက်သာရာ ရစေမည် ဖြစ်ကာ တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြား တင်းမာမှုများကိုလည်း ပြေလျော့စေလိမ့်မည်ဟု ဝူဒါဝေက ၎င်း၏ ဆိုးလ်ခရီးစဉ်တွင် ရှင်းလင်း ပြောကြားခဲ့သည်။

၂၀၀၃ ခုနှစ်က စတင်ပြီး ၂၀၀၈ တွင် ရပ်ဆိုင်းသွားခဲ့သော နျူဖျက်သိမ်းရေး ဆွေးနွေးပွဲများ ပြန်လည် စတင်နိုင်ရေး အလားအလာမှာ မတ်လအတွင်းက တောင်ကိုးရီးယား စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုးရီးယားတို့ တာဝန်ရှိသည်ဟု နိုင်ငံတကာ စုံစမ်းရေး အဖွဲ့က တွေ့ရှိခဲ့ပြီးနောက် မှေးမှိန်နေခဲ့သည်။ တန်ချိန် ၁၂၀၀ ချိုနန် စစ်သင်္ဘောကို တိုပီဒိုဖြင့် ပစ်ခတ်ခြင်း မပြုခဲ့ပါဟု မြောက်ကိုးရီးယားက ငြင်းဆိုထားသည်။

ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုအတွက် ပြုံယမ်းက ရှင်းရှင်းလင်းလင်း ဝန်ခံ တောင်းပန်ပြီးမှသာ ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်မည်ဟု ဆိုးလ်က အခိုင်အမာ ပြောကြားထားသည်။

ဝါရှင်တန်ကလည်း ၎င်း၏ ကာလရှည် မဟာမိတ် တောင်ကိုးရီးယားကို ထောက်ခံသည့် အနေဖြင့် ကိုးရီးယား ၂ နိုင်ငံ အငြင်းပွား ရေပြင်အနီးတွင် တောင်ကိုးရီးယားနှင့် ပူးတွဲ ရေတပ် လေ့ကျင့်ခန်းများ ပြုလုပ်လျက် ရှိကာ ဆင်းရဲ ငတ်မွတ်နေသော မြောက်ကိုးရီးယားကို ဆက်လက်  ပစ်ပယ်ထားရန်အတွက် အရေးယူ ဒဏ်ခတ်မှု အစီအစဉ်သစ်များကို လာမည့် အပတ်တွင် ကြေညာလိမ့်မည်ဟု မျှော်လင့်ရသည်။ မြောက်ကိုးရီးယားနှင့် ပတ်သက်နေသည့် နာမည်ပျက် စာရင်းတွင် ပင်လယ်ရပ်ခြားသို့ သမားရိုးကျ လက်နက်များ ရောင်းချပေးကာ မြောက်ကိုးရီးယား အထက်လွှာ အတွက် ဇိမ်ခံပစ္စည်းများ တင်သွင်းပေးနေသော ကုမ္ပဏီ ၂၃ ခုနှင့် လူပုဂ္ဂိုလ် ၄ ဦး ပါဝင်သည်ဟု သိရှိရသည်။

မြောက်ကိုးရီးယား အနေဖြင့် ပြည်ပမှ ၎င်းအားကိုးနေရသူများက ဝိုင်းပယ်တော့မည့် အဖြစ်ကို ရှောင်ရှားရန်အတွက် ကြံရာမရ ဖြစ်ကာ ဆွေးနွေးပွဲများ ပြန်လည် စတင်ရေးအတွက် ယခင်က တောင်းဆိုခဲ့ဖူးသော အနေအထားသို့ တဖန်ပြန်၍ ဒူးထောက် အလျှော့ပေးသည့် လက္ခဏာ ရှိသည်ဟု ပညာရှင်များက သုံးသပ်သည်။

ရပ်ဆိုင်းနေသော ဆွေးနွေးပွဲများ ပြန်လည် ပြုလုပ်ရေးအတွက် မြောက်ကိုးရီးယား အစိုးရက ယခင် တောင်းဆိုဖူးသော အချက်များမှာ အမေရိကန် ပြည်ထောင်စု၏ အရေးယူ ဒဏ်ခတ်မှုများကို ရုတ်သိမ်းကာ အကြို ညှိနှိုင်း ဆွေးနွေးရန်နှင့် ကိုးရီးယား နှစ်နိုင်ငံ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆို၍ ၁၉၅၀-၅၃ ကိုးရီးယား စစ်ပွဲကို အပြီးသတ်ရန်တို့ ဖြစ်သည်။

ယခု ဘေဂျင်းနှင့် ပြုံယမ်း အစိုးရတို့ သဘောတူညီမှု ရထားသော အဆင့် ၃ ဆင့် အစီအစဉ်တွင် အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုးရီးယား အကြား ကြိုတင် ပြင်ဆင်မှု ဆွေးနွေးပွဲများ ပြုလုပ်ရန် ၆ နိုင်ငံ ဆွေးနွေးပွဲ တက်ရောက်သူများ အကြား အကြို ဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် အဓိက ဆွေးနွေးပွဲများ ပြန်လည် ကျင်းပရန် စသည့် အဆင့် ၃ ဆင့် ပါဝင်သည်ဟု တရုတ် နျူကလီယာ ကိုယ်စားလှယ်က တောင်ကိုးရီးယား တာဝန်ရှိသူများအား ယခင် အပတ်က ပြောကြားခဲ့သည်။

လတ်တလောတွင် မြောက်ကိုးရီးယားနှင့် ဆက်ဆံရေး လမ်းကြောင်းသစ် ဖွင့်လှစ်ရန် ပြုံယမ်းသို့ ရောက်ရှိနေသော သမ္မတဟောင်း ကာတာ၏ ခရီးစဉ်နှင့် ပတ်သက် ဆက်စပ်မှု မရှိစေရန် ဝါရှင်တန်က အထူး သတိထားလျက် ရှိပြီး မြောက်ကိုးရီးယားနှင့် ကြိုတင် ပြင်ဆင်မှု ဆွေးနွေးပွဲ ပြုလုပ်ရေး အလားအလာနှင့် လက်ရှိ ကင်ဂျုံအီ၏ တရုတ် ခရီးစဉ်တို့ အပေါ် မှတ်ချက်ပေးရန် ငြင်းဆန်ထားသည်။

"ကင်ဂျုံအီရဲ့ ခရီးစဉ်ကို အတည်ပြုဖို့က ကျွန်တော်နဲ့ မဆိုင်ပါဘူး'' ဟု အမေရိကန် နိုင်ငံခြားရေး ဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ PJ Crowley က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဖေမှ သားထံ အာဏာ လွှဲပြောင်းရေးကို ရှေ့တဆင့်တိုး ဆောင်ရွက်နေပုံ ရသော ကင်ဂျုံအီသည် စနေနေ့ နှောင်းပိုင်းတွင် တရုတ် အရှေ့မြောက်ပိုင်း မြို့တော် ချန်းချွန် မီးရထား ဘူတာရုံသို့ ရောက်ရှိနေသည်ဟု ခန့်မှန်းရသည်။

ကင်ဂျုံအီ အနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်ရခြင်းမှာ အာဏာ လွှဲပြောင်းရေး ကိစ္စအပြင် ၎င်း၏ မြောက်ပိုင်းဒေသများ ရေလွှမ်းမိုးခံရသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နေသဖြင့် ကွန်မြူနစ် မဟာမိတ် နိုင်ငံကြီးထံမှ စီးပွားရေး အကူအညီ ရရှိရန် ကြိုးစားသည့် ကိစ္စလည်း ပါဝင်သည်ဟု ပညာရှင်များက မှတ်ချက်ပေးသည်။

ထို့အပြင် ပြုံယမ်းရောက် ဂျင်မီကာတာကို ရှောင်ရှားခြင်းဖြင့်၊ အမေရိကန် ပြည်ထောင်စု၏ ဖိအားပေးမှု ကြီးထွားလာခြင်းကို အညံ့ခံမည် မဟုတ်ကြောင်း အသိပေးလိုသည့် သဘောလည်း ပါဝင်သည်ဟု ပညာရှင်များက သုံးသပ်ထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Xinhua News, 29th August 2010

တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA ရေတပ်၏ အမှတ် ၅ ကင်းလှည့် ရေတပ်ဖွဲ့မှ ဂွမ်ဇိုးနှင့် ချောင်ဟူ စစ်သင်္ဘော နှစ်စင်းသည် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ဝင်ရောက်ဆိုက်ကပ် လည်ပတ်ခဲ့သည်ဟု သိရှိရသည်။

တရုတ် စစ်သင်္ဘောများ မြန်မာ ဆိပ်ကမ်းသို့ ဆိုက်ကပ် လည်ပတ်ခြင်းမှာ ယခု ပထမဆုံး အကြိမ် ဖြစ်သည်။

အဆိုပါ ၅ ရက်ကြာ မစ်ရှင်သည် နှစ်နိုင်ငံ စစ်တပ်များ အကြား၊ ရေတပ်မတော် ၂ ခု အကြား အပြန်အလှန် ခင်မင် ရင်းနှီးသော ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

မိုးများ ရွာသွန်းနေသည့် ကြားမှ ပြုလုပ်သော တရုတ်စစ် သင်္ဘောများအား ကြိုဆိုပွဲ အခမ်းအနားသို့ ရေတပ်စခန်း တပ်မှူး ဗိုလ်ချုပ်ဟန်စိန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ယီဒါဘိုနှင့် သံရုံးအရာရှိများ၊ တရုတ် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ မြန်မာ အခြေစိုက် တရုတ် ကျောင်းဆရာနှင့် ကျောင်းသားများ၊ ဒေသခံ တရုတ်လူမျိုးများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ကြိုဆိုပွဲ အပြီးတွင် ဧည့်သည်များအား စစ်သင်္ဘောများပေါ်သို့ တက်ရောက် ကြည့်ရှုခွင့် ပေးခဲ့သည်ဟု သိရှိရသည်။

ယခု အလည်အပတ် ခရီးစဉ် အတွင်း တရုတ်ရေတပ် အစောင့် တပ်ဖွဲ့နှင့် မြန်မာ ရေတပ်မတော် အကြား အပြန်အလှန် နီးနှော ဖလှယ်မှုများ ပြုလုပ်ကြမည်ဟုလည်း သိရသည်။

တရုတ်ရေတပ် အမှတ် ၅ အစောင့် တပ်ဖွဲ့သည် ဧဒင် ပင်လယ်ကွေ့နှင့် ဆိုမာလီ ကမ်းရိုးတန်းတွင် ကင်းလှည့် တာဝန် ထမ်းဆောင် ပြီးစီး၍ အပြန်ခရီးတွင် ဆိပ်ကမ်းများ၌ ဝင်ရောက် ဆိုက်ကပ် လည်ပတ်ရာ မြန်မာနိုင်ငံသည် ၄ နိုင်ငံမြောက် ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ မရောက်မီ အီဂျစ်၊ အီတလီနှင့် ဂရိနိုင်ငံတို့၌ ဝင်ရောက် ဆိုက်ကပ် ခဲ့သည်ဟုလည်း သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.