Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လာမည့် ရက်သတ္တပတ် အတွင်း အိမ်နီးချင်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း တရုတ် အစိုးရက သတင်း ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်သည် စက်တင်ဘာလ ၇ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး လေးရက်တာမျှ ကြာမြင့်မည် ဖြစ်ကြောင်း၊ ၎င်းသည် ဘေဂျင်း မြို့တော်နှင့် ကမ္ဘာ့ ကုန်စည်ပြပွဲ ကျင်းပရာ ရှန်ဟိုင်းမြို့တွင် တည်းခိုမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Jiang Yu က စက်တင်ဘာလ ၂ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

မြန်မာ နိုင်ငံပိုင် သတင်းစာများကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင်တို့သည် တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ သွားရောက် လည်ပတ်မည်ဟု စက်တင်ဘာလ ၄ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့သည်။ အဆိုပါ ခရီးစဉ်သည် ဆယ်စုနှစ် တစ်ခုအတွင်း တရုတ်အစိုးရ စီနီယာ ခေါင်းဆောင် တစ်ဦး၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ခဲ့သည်။

ယခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည် ခရီးစဉ်သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ ဖြစ်သည်။ ထိုရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ တာမျှ ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး စနစ်မှ အရပ်ဘက် အုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲရန် လွန်စွာ အရေးကြီးသည့် အဆင့်တစ်ခု ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး အုပ်စုများနှင့် နိုင်ငံရေး လေ့လာသူ အများစုက ယင်းရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို အရပ်ဘက် အုပ်ချုပ်ရေး အသွင် ပြောင်းလဲရုံသာ ဖြစ်ပြီး စစ်အာဏာရှင် စနစ် သက်ဆိုး ရှည်ရန်သာ ရည်ရွယ်ကြောင်း ထောက်ပြ ပြောဆိုကြသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနီးကပ် မဟာမိတ် တစ်ဦး ဖြစ်ပြီး စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အမေရိကန်နှင့် အနောက် နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေချိန်တွင် တရုတ်နိုင်ငံက သံတမန်နှင့် စီးပွားရေးအရ အထောက်အပံ့ မျိုးစုံ ပေးခဲ့သည်။ အနောက် နိုင်ငံများက နှစ်ကာလ ကြာရှည်စွာ မည်သို့ပင် ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သော်ငြား တရုတ်နိုင်ငံ၏ အဓိက ထောက်ပံ့ ပေးမှုကြောင့် ထိရောက် အောင်မြင်မှု မရှိခဲ့ပေ။

တရုတ်သည် ထိုင်းနှင့် စင်ကာပူပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက် ဖြစ်သည်။ တရုတ်-မြန်မာ အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးမှာ ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံသို့ ရောက်ရှိခဲ့သည်။  ယခုနှစ် ဇန်နဝါရီလတွင် တရုတ်က မြန်မာ နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၈ ဘီလီယံဖိုး ရင်းနှီး မြှုပ်နှံခဲ့သည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ အနေဖြင့် ကုန်ပစ္စည်း အတုများ ထုတ်လုပ် တင်ပို့မှု အပါအဝင် မှောင်ခို ဈေးကွက်ကို တိုက်ဖျက်သွားရန် အီးယူ (ဥရောပ သမဂ္ဂ) က တိုက်တွန်းလိုက်ကြောင်း ဘီဘီစီ သတင်းက ရေးသား ဖော်ပြသည်။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် တရုတ် အရာရှိကြီးများနှင့် အတူ ပူးတွဲ ကျင်းပသော အကောက်ခွန် ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးပွဲ၌ ဥရောပ သမဂ္ဂ အကောက်ခွန် ဆိုင်ရာ မဟာမင်းကြီး Algirdas Semeta က အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

တရုတ် စီးကရက် အတုများကြောင့် အီးယူအနေဖြင့် နှစ်စဉ် အခွန်ငွေ ယူရိုငွေ ၁၀ ဘီလီယံခန့် မရရှိဘဲ ဖြစ်နေကြောင်း ၎င်းကဆိုပြီး "အီးယူတွင် စီးကရက် အတုများ တွေ့ရှိရခြင်း၏ အဓိက ရင်းမြစ်မှာ တရုတ်ဖြစ်သည်" ဟု သတ်မှတ် ဖော်ပြသည်။ ယမန်နှစ်က အီးယူတွင် သိမ်းဆည်း ရမိသော ကုန်ပစ္စည်း အတုများနှင့် မူပိုင်ခွင့် ချိုးဖောက်ထားသော ကုန်ပစ္စည်းများ အားလုံးသည် တရုတ်နိုင်ငံ ထုတ်ကုန်များ ဖြစ်ကြောင်း၊ သိမ်းဆည်း ရမိသော ပစ္စည်း အတုများ အားလုံး၏ ၆၄ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှ ဖြစ်ကြောင်း အီးယူ ကော်မရှင်က ဆိုသည်။ စီးကရက် အတုများ နှင့်အတူ အခြား အတု ဖြစ်သော တံဆိပ်များ၊ အဝတ်အထည်များ၊ အပိုပစ္စည်းများ၊ ဖိနပ်များ၊ အရုပ်များ၊ စီဒီ နှင့် ဒီဗီဒီများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အီးယူ အကောက်ခွန် ဆိုင်ရာ မဟာမင်းကြီး Algirdas Semeta က ပြောသည်။ တရုတ်လုပ် စီးကရက် အတုများကြောင့် အခွန်ငွေ ယူရို ၁၀ ဘီလီယံခန့် နှစ်စဉ် ဆုံးရှုံးကာ တရားဝင် စီးပွားရေး အကျိုးအမြတ် အပေါ်လည်း များစွာ ထိခိုက် နစ်နာစေသည်ဟု
၎င်းက ဆိုသည်။

တရုတ်သည် အမေရိကန် ပြီးလျှင် အီးယူ၏ ဒုတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ပြီး အီးယူ-တရုတ် ကုန်သွယ်မှုမှာ ၂၀၀၉ ခုနှစ်တွင် ယူရို ၁၃၃ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ထို့ပြင် တရုတ်သည် အီးယူအတွက် ပို့ကုန် တင်ပို့မှု လျင်မြန်စွာ ကြီးထွားနေသည့် ဈေးကွက်ကြီး တစ်ခု ဖြစ်သည်။

"ကမ္ဘာ့ ဈေးကွက်ထဲမှာ ကျွန်တော်တို့က ပလေယာတွေ ဖြစ်ကြတဲ့ အတွက် ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ တာဝန်ယူမှု ဆိုတာလည်း ကျွန်တော်တို့မှာ ရှိပါတယ်။ အဲဒီ တာဝန်ယူမှုဟာ တရုတ်မှာလည်း ရှိသလို အီးယူမှာလည်း ရှိပါတယ်" ဟု မစ္စတာ Algirdas Semeta က ပြောကြားသည်။ ၂၀၀၉ ခုနှစ်တွင် ရေးထိုးခဲ့သော အသိဉာဏ် မူပိုင်ခွင့် ကာကွယ် ပေးရေး အစီအစဉ်မှ လက်တွေ့ ကျသော ရလဒ်များ ထုတ်ဖော် ပေးနိုင်ရန် ၎င်းက အီးယူကို တိုက်တွန်းသည်။

ထို့ပြင် အီးယူက အဆင်ပြေ ချောမွေ့ပြီး လုံခြုံမှု ရှိသော ကုန်သွယ်ရေး လမ်းကြောင်း (SSTL) ပိုင်းလော့ စီမံကိန်းကို တိုးချဲ့သွားရန် ဆန္ဒ ရှိသည်။ အဆိုပါ စီမံကိန်းမှာ တရုတ်-အီးယူ အကောက်ခွန် ဌာနများ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆိပ်ကမ်းရှိ ကွန်တိန်နာများ လုံခြုံမှု တိုးမြှင့်ရေးတို့ ပါဝင်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 4th September 2010

အမေရိကန် ပြည်ထောင်စု သမ္မတ Barack Obama သည် အရှေ့တောင် အာရှ ခေါင်းဆောင်များအား စက်တင်ဘာလ ၂၄ ရက်၌ နယူးယောက်တွင် တွေ့ဆုံမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး အပါအဝင် ပိုမို ကျယ်ပြန့်သော ပူးပေါင်း ဆောင်ရွက်မှုများ ရှာဖွေသွားမည် ဖြစ်ကြောင်း အိမ်ဖြူတော်က သောကြာနေ့က ပြောကြားလိုက်သည်။

အဆိုပါ ထိပ်သီး အစည်းအဝေး ကျင်းပမည့် ရက်ကို အကြီးတန်း တာဝန်ရှိသူ တစ်ဦးက AFP သို့ အစောပိုင်းကပင် အတည်ပြု ပြောကြားခဲ့ပြီး၊ အဆိုပါ ဆန်းမစ်သည် ယခင် သမ္မတ George W.Bush လက်ထက်က လျစ်လျူရှု ထားခဲ့သော စွမ်းအားများ ပြည့်နေသည့် ဒေသအပေါ် အမေရိကန်၏ မူဝါဒ ပြန်လည် အသက်ဝင်လာရေး Obama ၏ လတ်တလော ကြိုးစားမှုပင် ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက် နယူးယောက်တွင် တွေ့ဆုံမှုသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ နှစ်ပတ်လည် အစည်းအဝေး အချိန်နှင့်လည်း ကိုက်ညီကြောင်း အိမ်ဖြူတော်က ပြောသည်။

ယခု နယူးယောက် တွေ့ဆုံမှုမှာ  ပြီးခဲ့သည့်နှစ် စင်္ကာပူတွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံမှ ခေါင်းဆောင်များနှင့် Obama တွေ့ဆုံခဲ့မှု၏ နောက်ဆက်တွဲ ဖြစ်သည်။

စင်္ကာပူတွင် သမ္မတကြီးနှင့် အာဆီယံ ခေါင်းဆောင်များသည် ကူးသန်း ရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်း လုံခြုံရေး၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ စားနပ်ရိက္ခာနှင့် စွမ်းအင် လုံခြုံမှုနှင့် ရာသီဥတု ပြောင်းလဲရေး အပါအဝင် နှစ်ဘက် တူညီသော ကိစ္စများတွင် ပိုမို နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်ရေးကို စီစဉ်ခဲ့ကြောင်း အိမ်ဖြူတော် ကြေညာချက်တွင် ပြောကြားခဲ့သည်။

သမ္မတကြီး အနေဖြင့် အဆိုပါ ကိစ္စရပ်များ၏ တိုးတက်မှုကို ပြန်လည် ဆန်းစစ်ရန် ခေါင်းဆောင်များနှင့် အလုပ်လုပ်ရန် မျှော်မှန်းထားကြောင်း၊ အမေရိကန်-အာဆီယံ အနာဂတ် ဆက်ဆံရေး ခိုင်မာရေး ကြိုးစားမှုအား သေချာစေရေး ပြုလုပ်ရန်နှင့် ဒေသတွင်း ပိုမိုကောင်းမွန်သော ပူးပေါင်း ဆောင်ရွက်မှု အတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ရေး ဆွေးနွေးရန် အိမ်ဖြူတော် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခု လာမည့် အစည်းအဝေးတွင် အာဆီယံတွင် ကြုံတွေ့ခဲ့ရဖူး သကဲ့သို့ မြန်မာနိုင်ငံ အပေါ် အမြင် မကြည်မှုများက အရိပ်မည်းသဖွယ် ဖြစ်နေမည်ကို စိုးရိမ်ရသည်။ အများက လက်ခံနိုင်မှု အတွက် စိုးရိမ်နေကြသော်လည်း မြန်မာ အစိုးရသည် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်သည်။

"ဝါရှင်တန် အခြေစိုက် သံတမန်များက ပြောကြားရာတွင် အိမ်ဖြူတော်သည် အာဆီယံ ခေါင်းဆောင်များနှင့် ဆန်းမစ် ကျင်းပမည့် နေရာနှင့် ပတ်သက်၍ အချိန် ကြာမြင့်စွာ ညှိနှိုင်း ခဲ့ရသည်" ဟု ဆိုသည်။

အချို့ အရှေ့တောင် အာရှမှ တာဝန်ရှိသူများက ဆန်းမစ်ကို ဝါရှင်တန်တွင် ပြုလုပ် လိုကြသည်။ ယခု ဆန်းမစ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အရန် ဆွေးနွေးပွဲ တစ်ခု အဖြစ် မမြင်ကြစေလိုပေ။

သို့သော် သံတမန်များက ပြောကြားရာတွင် အိမ်ဖြူတော်ကမူ မြန်မာ အစိုးရကို တရားဝင် အသိအမှတ် ပြုမှု အလွန်အကျွံ မဖြစ်စေရေး အတွက် နယူးယောက်တွင် တွေ့ဆုံကြခြင်းသည်သာ ပိုမို လက်တွေ့ ကျသည်ဟု ယူဆခဲ့သည်ဟု ဆိုသည်။

စင်္ကာပူတွင် တွေ့ဆုံခဲ့စဉ်က Obama သည် မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်အား ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန် တိုက်တွန်း ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

Obama အစိုးရသည် ယမန်နှစ်က မြန်မာနိုင်ငံကို အထီးကျန် ပစ်မထားရေးကို ဦးတည်၍ ထိတွေ့ ဆက်ဆံရေး ပြုလုပ်ရန် ကြိုးစားခဲ့သည်။ သို့သော် အမေရိကန် အစိုးရ တာဝန်ရှိသူများသည် တိုးတက်မှု မရရှိခဲ့ခြင်းကြောင်း တိုး၍သာ စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

Obama အစိုးရသည် ကမ္ဘာပေါ်တွင် မူစလင် ဦးရေ အများဆုံးရှိသည့် အင်ဒိုနီးရှားနှင့် ဆက်ဆံရေး တည်ဆောက်ရန် စတင်ခဲ့ပြီး၊ သမိုင်းကြောင်း အရ ရန်သူများ ဖြစ်ခဲ့သော ကွန်မြူနစ် ဗီယက်နမ်နှင့် လာအိုနိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေး ထူထောင်ရန် ကြိုးစားလျက် ရှိသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် ပြီးခဲ့သည့် ဇူလိုင်လက ဗီယက်နမ်သို့ ရောက်ရှိစဉ် ယခု ဒုတိယအကြိမ် ဆန်းမစ် အတွက် စီစဉ်ထားမှုများကို ကြေညာခဲ့သည်။ ထို့အပြင် အာဆီယံနှင့် သက်ဆိုင်သော ဒေသတွင်း ဖိုရမ်များသည် အာရှတိုက် လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားကောင်းပြီး ထိရောက်သော ဗိသုကာများပင် ဖြစ်ကြောင်း သူမက ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Star, By Pallab Bhattacharya, 4th September 2010

အိန္ဒိယ အရှေ့မြောက် သူပုန်များအား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များနှင့် ပူးပေါင်း နှိမ်နင်းမှုကြောင့် အစွန်းရောက်များသည် ၎င်းတို့၏ အခြေစိုက်မှုများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်းသွား ကြကြောင်း ရဲထိပ်တန်း ခေါင်းဆောင် တစ်ဦးက မနေ့က ပြောကြားခဲ့သည်။

သူပုန်ထမှုများမှာ တဖြည်းဖြည်း အားနည်းသွားပြီဟု ဆိုရမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်တွင် ရှိသော သူပုန်များကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေး တပ်ဖွဲ့များ၏ နှိမ်နင်းမှုကြောင့် အရောင်အသွေး မတူသော သူပုန်များသည် ၎င်းတို့၏ အခြေစိုက် စခန်းများကို မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း နေကြကြောင်း Tripura ပြည်နယ် ရဲညွှန်ကြားရေးမှူးချုပ် Pranay Sahaya က သတင်းထောက်များကို Agartala တွင် ပြောကြားခဲ့သည်။

အဆိုပါ အရေးကိစ္စသည် နယူးဒေလီတွင် သြဂုတ်လ ၂၅ မှ ၂၈ ထိ ပြုလုပ်သော ရဲညွှန်ချုပ်များ၏ ကွန်ဖရင့်တွင် ထွက်ပေါ်လာခဲ့ပြီး၊ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး P Chidamharam နှင့် ပြည်ထဲရေး အတွင်းရေးမှူး GK Pillaic တို့က ထိုကိစ္စကို ပြောခဲ့သည်ဟု ၎င်းက ပြောသည်။

"ULFA အပါအဝင် မြေအောက် အုပ်စု အားလုံးဟာ ဘင်္ဂလားဒေ့ရှ်မှာ ဖိအား အရမ်း ပေးခံရတော့ မြန်မာနိုင်ငံကို သူတို့ ရွှေ့ကြရတယ်။ မြန်မာနဲ့က လွယ်ကူစွာ ဝင်ထွက်လို့ ရပြီး ရှည်လျားတဲ့ ခြံစည်းရိုး ခတ်မထားတဲ့ နယ်စပ် ရှိတယ်၊ ရဲတွေလည်း မရှိဘူးလေ" ဟု Sahaya က ပြောသည်။

အဖွဲ့မျိုးစုံ ဖြစ်သော ULFA၊ KNLF နှင့် UNLF တို့သည် ၎င်းတို့၏ အခြေစိုက် စခန်းများကို အိန္ဒိယနှင့် ၁၆၅၀ ကီလိုမီတာ ရှည်သော နယ်စပ်ရှိ မြန်မာနိုင်ငံသို့ ရွှေ့ပြောင်း သွားကြပြီး ဖြစ်သည်။

Sahaya က မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် အိန္ဒိယသည် အရှေ့မြောက် သူပုန်များက မြန်မာ့မြေအား အသုံးပြုနေမှု ကိစ္စအား မြန်မာ အစိုးရနှင့် စကားပြောခဲ့ကြောင်း ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် မကြာသေးမီက National Liberation Front of Tripura (NLFT) စခန်း သုံးခုအား စစ်တကောင်း တောင်လမ်းတွင် ဖျက်ဆီးခဲ့ပြီး၊ ရဟတ်ယာဉ် ဆင်းသည့် ကွင်းအဖြစ် တည်ဆောက်ခဲ့သည်။

DVB News, 2nd September 2010

ပြင်းထန်သော တိုက်ပွဲများ အဆက်မပြတ် ဖြစ်ပွားနေသည့် ကရင်ပြည်နယ် မြောက်ပိုင်း တောင်ပေါ် ဒေသများတွင် လူသားချင်း စာနာ ထောက်ထားသော အရေးပေါ် ကယ်ဆယ် ကူညီမှုများ လိုအပ်နေသည်ဟု ပြည်တွင်း လူ့အခွင့်အရေး အုပ်စုက ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖာပွန်ခရိုင် မြောက်ပိုင်း ထိုင်းနိုင်ငံနှင့် နယ်စပ်ဒေသများတွင် ကရင် လူ့အခွင့်အရေး အုပ်စု KHRG က ၂၀၀၉ ဇန်နဝါရီမှ ၂၀၁၀ ဧပြီလ အတွင်း လေ့လာ ပြုစုခဲ့သော အစီရင်ခံစာအရ လွန်ခဲ့သော အနှစ် ၂၀ အတွင်း တပ်မတော်၏ တိုက်ခိုက်မှု အကျိုးဆက် အဖြစ် နှိပ်စက် ညှဉ်းပန်းမှုများနှင့် ရင်ဆိုင်နေရသော လူးထော်မြို့နယ် အတွင်းရှိ အရပ်သားများ၏ ကိစ္စမှာ ကရင် ပြည်နယ်တွင် အဆိုးဝါးဆုံး ပြဿနာ တစ်ခု ဖြစ်သည်ဟု သိရသည်။

"မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ တစ်ခုတည်းတွင်ပင် မြန်မာ စစ်တပ်များက ရွာပေါင်း ၃၃၀၀ ခန့် ဖျက်ဆီးခဲ့ကြခြင်းကြောင့် အာရှတိုက်၏ အဆိုးဝါးဆုံး ပြည်တွင်း အိမ်မဲ့ယာမဲ့ ပြဿာနာဇုံ တစ်ခု ဖြစ်ပေါ်စေခဲ့သည်" ဟု အစီရင်ခံစာက ထောက်ပြထားသည်။

"လူးထော်မြို့နယ် ဧရိယာသည် ၂၀၀၅ မှ ၂၀၀၈ အတွင်း ပြင်းထန်သော ထိုးစစ်များ ဆင်နွှဲခဲ့သည့် နေရာတစ်ခု ဖြစ်ပြီး ယခုအခါ ဒေသခံ ၂၇,၀၀၀ ခန့်မှာ တောထဲ၊ တောင်ထဲတွင် ဆက်လက် ပုန်းအောင်းနေရဆဲ ဖြစ်သည်။ အချို့မှာ မြို့ပေါ်တွင် အိမ်မဲ့ယာမဲ့များ အဖြစ် လည်းကောင်း၊ အချို့မှာ အဓမ္မ မောင်းထုတ်ခံရသဖြင့် မြေနိမ့်ပိုင်းသို့ လည်းကောင်း၊ အချို့မှာလည်း ထိုင်းနိုင်ငံတွင်း ဒုက္ခသည် စခန်းများတွင် လည်းကောင်း နေထိုင်လျက် ရှိကြသည်" ဟု KHRG မှ ပြောရေး ဆိုခွင့် ရှိသူ Matt Finch က DVB သို့ ပြောကြားသည်။

လူးထော် မြို့နယ် တဝိုက် ပြီးခဲ့သော နှစ် ၂၀ နီးပါး ထိုးစစ် ဆင်နွှဲခဲ့သော မြန်မာ တပ်မတော်၏ နည်းဗျူဟာများတွင် ကျေးရွာများအား ပစ်ခတ်ခြင်း၊ အိမ်များ၊ စာသင်ကျောင်းများ၊ ဘုရားကျောင်းများကို မီးရှို့ခြင်း၊ စားနပ်ရိက္ခာ သိုလှောင်သော နေရာများကို ဖျက်ဆီးခြင်း၊ မြေမြှုပ်မိုင်းများ မြှုပ်ခြင်း စသည်တို့ ပါဝင်ခြင်းကြောင့် စစ်ပြေး ဒုက္ခသည် ရွာသားများအား အိမ်သို့ ပြန်နိုင်ခြင်း မရှိကြပါ။

ယင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကြောင့် ပြည်သူအများ အိုးမဲ့အိမ်မဲ့ ဖြစ်ခြင်း၊ လူသားချင်း စာနာသော အနေအထားများ ယိုယွင်း ပျက်စီးခြင်း၊ ကျန်းမာရေး၊ စားနပ်ရိက္ခာ ဖူလုံရေး၊ ပညာ သင်ခွင့် ရရှိရေး တို့အပေါ် ဆိုးဝါးစွာ ထိခိုက်ခြင်း စသည်တို့ကို ဖြစ်ပေါ်စေခဲ့သည်။

"ဒီနယ်မြေတွေမှာ အရပ်သားတွေ တိုက်ခိုက်ခံရတဲ့ ကိစ္စအတွက် ဆက်စပ်နေတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ဒီက အရပ်သားတွေက ဗမာ စစ်တပ်ရဲ့ ထိန်းချုပ်မှုကို လွတ်အောင် ရှောင်တတ်၊ ရှားတတ်ကြတယ်။ ဒါ့ကြောင့် ဗမာ စစ်တပ်က သူတို့ ကောင်းစွာ ထိန်းချုပ်ချင်တဲ့ နယ်မြေတွေမှာ အရပ်သားတွေကို မောင်းထုတ်တဲ့ နည်းဗျူဟာကို သုံးတာပါ" ဟု Finch က ပြောကြားသည်။

အဆိုပါ ဒေသများမှ ကရင်လူမျိုးများမှာ မြန်မာ စစ်တပ်အား အတင်းအကျပ် ခိုင်းစေခံ လုပ်သားများ၊ အခွန်အကောက်များ၊ ထောက်လှမ်းရေး သတင်းများ ဖြည့်ဆည်း ပေးရသည်ဟုလည်း Finch ၏ အဆိုအရ သိရသည်။

သာပွန်ခရိုင် အတွင်းမှ အရပ်သားများအား ပစ်မှတ်ထားသည့် အခြား အကြောင်းရင်း တစ်ခုမှာ မြန်မာ အစိုးရနှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်နေသည့် KNLA တပ်ဖွဲ့နှင့် အဆက်အသွယ် ရှိခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် အရပ်သားများကို KNLA က လက်လှမ်း မမှီအောင် ဖယ်ရှားရေးမှာ တပ်မတော်၏ ဦးစားပေး ကိစ္စ ဖြစ်နေသည်။

ယခု လက်ရှိ ဖာဖွန် ခရိုင် တောင်ပေါ်ဒေသများတွင် နိုင်ငံတကာ လူသားချင်း စာနာ ထောက်ထားသော ကူညီမှုများ လုံးဝ မရှိဘဲ ထိုင်းနိုင်ငံ အခြေစိုက် ပြည်တွင်း အဖွဲ့အစည်းများ၏ အကူအညီများကိုသာ အရပ်သားများ လက်ခံ ရရှိကြသည်ဟု ဆိုသည်။

"လူးထော်မြို့နယ် အတွင်းမှာ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အဖွဲ့တွေ ဆက်ပြီး အလုပ် မလုပ်နိုင်အောင် ကယ်ဆယ်ရေး လုပ်သားတွေကို စစ်တပ်က တမင်တကာ တိုက်ခိုက်ပါတယ်။ သာဓက အနေနဲ့ ဒီနှစ် ဇူလိုင် အစောပိုင်းမှ နယ်လှည့် ဆေးကုအဖွဲ့ တစ်ဖွဲ့ကို စစ်တပ်က ပစ်ခတ်လို့ အသက် ဆုံးရှုံးမှုတွေ ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီနယ်မြေမှာ လှုပ်ရှားမယ့် ကယ်ဆယ်ရေး အဖွဲ့တွေ အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်" ဟု Finch က ရှင်းလင်း ပြောကြားသည်။

စစ်အစိုးရက တင်းကြပ်သော စည်းးကမ်းများ ချမှတ်ထားမှုကြောင့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ အနေဖြင့် လုပ်ငန်း ဆောင်ရွက်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ အရပ်သားများနှင့် တွေ့ထိနိုင်ခြင်း မရှိစေရန် မြန်မာ အစိုးရ ပြင်းထန်စွာ တားမြစ် ချုပ်ချယ်မှုကြောင့် ၂၀၀၇ တွင် ထိုနယ်မြေမှ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ လုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရသည်။

"နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ နီးကပ်လာခြင်းကြောင့် အရပ်သားများကို မဲဆွယ်ရန် နွေးထွေးမှု ပြသသည့် အနေဖြင့် ထိုးစစ်များ လျော့နည်းသွားမည်ဟု မှန်းဆမှု တချို့ ရှိနေသော်လည်း ကရင်ပြည်နယ် အထက်ပိုင်း ဒေသများတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်မည်ဟု မိမိတို့ အနေဖြင့် မျှော်လင့် မထားကြောင်း၊ သို့ဖြစ်၍ ရွေးကောက်ပွဲ ကာလနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေလိမ့်မည်" ဟု Finch က မှတ်ချက်ပေးသည်။

"လူးထော် ကျေးရွာတွင် လူသားချင်း စာနာသော အကူအညီများ အရေးပေါ် လိုအပ်နေသည်" ဟု အစီရင်ခံစာက အကြံပြု ထားသော်လည်း ရွေးကောက်ပွဲ နီးလာသည် နှင့်အမျှ ကယ်ဆယ်ရေး လုပ်သားများအား မောင်းထုတ်နေသည့် မြန်မာ အစိုးရ၏ မထီမဲ့မြင် အပြုအမူများကြောင့် လက်တွေ့ အကောင်အထည် ဖော်နိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Telegraph.co.uk, By Simon Scott Plummer,  2nd Sept 2010

သဘာဝ ဘေးအန္တရာယ်များသည် အစိုးရ၏ အမှားများကို ပိုမို ထုတ်ဖော် ပြသစေသလို ဖြစ်နေသည်ကို ယခုနှစ် နွေရာသီတွင် ကျွန်ုပ်တို့ တွေ့ရှိခဲ့သည်။ ရုရှားနိုင်ငံတွင် မီးသတ်ပစ္စည်း ကိရိယာများ မပြည့်စုံမှုကို အူကြောင်ကြောင် စတန့်များ လူရှေ့တွင် လုပ်ပြကာ အာရုံလွှဲရန် ကြိုးစားခဲ့သည်။ ပါကစ္စတန် နိုင်ငံတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒုမြစ်ရေ ကြီးမှုသည် အာဏာပိုင်များကို များစွာ အလုပ်ရှုပ်စေသည်။

အဆိုပါ ရေကြီးမှု၊ မီးလောင်မှုများကြောင့် ကျွန်ုပ်တို့ တွေးထင်ထားသလို ဆုံးရှုံးမှုများ စိတ်မသက်သာဖွယ် ကြုံတွေ့ရသည်ဟု ဆိုလျှင် ၂၀၀၈ ခုနှစ်မေလ နာဂစ် ဆိုက်ကလုံး တိုက်ခတ်စဉ်က မြန်မာ အစိုးရ၏ တုန့်ပြန်မှုများကလည်း ဤနည်းနှင်နှင်ပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်အတွင်း စစ်အစိုးရသည် တိုင်းပြည်ကို ဆင်းရဲ မွဲတေအောင် လုပ်ခဲ့ပြီး၊ ၎င်းအား ဆန့်ကျင်သူများကို ချေမှုန်းပစ်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အနိုင်ရခဲ့မှုအား လစ်လျူရှုခဲ့သည်။

ထိုကိစ္စသည် အစိုးရကို အမည်းစက် ဖြစ်စေပြီး မြန်မာ ဗိုလ်ချုပ်များအား အထီးကျန် ဖြစ်စေပြီး ၎င်းတို့၏ အာဏာစွန့်ရမည်ကို ကြောက်စိတ်မှာ ပိုမို ပေါ်လွင်လာသည်။ နာဂစ် ဆိုက်ကလုံး တိုက်ခတ်စဉ်ကလည်း ၎င်းတို့၏ တုန့်ပြန်မှုမှာ ထိုသဘောအတိုင်း ၎င်းတို့ ချုပ်ကိုင်မှု မဆုံးရှုံးရေးကို ဦးတည် တုန့်ပြန်ခဲ့သည်။ ထို့ကြောင့် အစ ပထမတွင် နိုင်ငံခြား အကူအညီ ပေးရေး လုပ်သားများ မြန်မာပြည်သို့ လာရောက်မှုကို ငြင်းပယ်ခဲ့ပြီး တိုင်းပြည်ထဲရှိ နိုင်ငံခြားသားများကိုလည်း ရန်ကုန်တွင်သာ နေစေသည်။

အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထိုဆိုးဝါးသော အဖြစ်အပျက် အတွက် လူရှေ့ ထွက်ပြရန် အချိန် နှစ်ပတ်ကျော် ယူခဲ့သည်။ ထို့နောက် မေလ (၁၀)ရက်နေ့တွင် စစ်တပ် အုပ်ချုပ်ရေး အမြစ်တွယ်အောင် ရေးဆွဲထားသော အခြေခံ ဥပဒေကို ဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ရာ တောက်ခံမဲ ၉၀ % ကျော်ရခဲ့သည်ဟု နောက်ပိုင်း ကြေညာခဲ့သည်။ အဆိုပါ အကျည်းတန်သော လုပ်ရပ်မှာ ရန်ကုန်နှင့် မြစ်ဝကျွန်းပေါ်တွင် နာဂစ်ဒဏ်ကြောင့် ပျက်စီးသွားရချိန်တွင် ပြုလုပ်ခဲ့သည်။ နာဂစ်ကြောင့် လူပေါင်း ငါးသိန်းခန့် အသက် ဆုံးရှုံးရပြီး တိုင်းပြည်၏ ဆန်ထုတ်လုပ်မှု ၆၅ % နှင့် ငါးထုတ်လုပ်မှု ၈၀ % မြစ်ဝကျွန်းပေါ် ဒေသ ပျက်စီးခဲ့ရသည်။ သို့သော် ဗိုလ်ချုပ်များ၏ တစ်ခုတည်းသော အာရုံမှာ ၎င်းတို့၏ နိုင်ငံရေး ဘဝ ဆက်လက် ရှင်သန်နေရေးပင် ဖြစ်သည်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Bernard Kouchner ၏ တစ်ခုတည်းသော ဆန္ဒမှာ အကူအညီများ အတင်းအကြပ် ပို့ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို လုပ်ပိုင်ခွင့် ပေးရန် နားချနိုင်ရန် ဖြစ်သည်။ အစိုးရက လူများ တဖြည်းဖြည်း သေအောင် ပြုလုပ်လျက် ရှိရာ လူအများ၏ အသက်ကို ကယ်သင့်သည်ဟု ဆိုခဲ့သည်။

Emma Larkin သည် ဘန်ကောက် အခြေစိုက် အမေရိကန် စာရေးဆရာမ၏ ကလောင်အမည် ဖြစ်ပြီး သူမသည် ၁၉၉၀ ခုနှစ်များ ကတည်းက မြန်မာနိုင်ငံသို့ တိုးရစ်ဗီဇာဖြင့် မကြာခဏ ဝင်ရောက်နေသူ ဖြစ်သည်။ သူမသည် နာမည်ရင်းကို မသိစိမ့်သောငှာ အင်တာဗျူးရာတွင် နာမည်ဝှက်ဖြင့် ဗျူးလေ့ ရှိသည်။

၂၀၀၈ နာဂစ်နှင့် ပတ်သက်၍ သူမ၏ ရေးသားချက်များမှာ အသေးစိတ် ကျပြီး ရှင်းလင်းလှသည်။ သူမသည် နေပြည်တော်ရှိ အဆောက်အဦးများကို ကြည့်၍ အစိုးရ၏ အာဏာရူးသော သဘာဝကို ထုတ်ဖော်ခဲ့ပြီး ထူးထူးဆန်းဆန်း ဗေဒင်၊ ယန္တရားများကို ယုံကြည်မှုကိုလည်း ရေးသားခဲ့သည်။

သူမ၏ စာအုပ် အဆုံးပိုင်းတွင် ပြီးခဲ့သည့် နှစ်က ရန်ကုန်အနီးရှိ ရှေးဟောင်း ဓနုတ်စေတီ ပြိုကျမှုကို ရေးသားထားရာ သန်းရွှေ၏ ဇနီးက အခမ်းအနားဖြင့် ထီးတင်အပြီး မကြာမီ ပြိုကျကြောင်း ဖော်ပြထားသည်။ ၎င်းမှာ အစိုးရအတွက် ကြောက်စရာ ခြောက်လှန့်မှု ဖြစ်ကြောင်း မမြင်နိုင်သော တန်ခိုးရှင်များက လက်ရှိ အုပ်ချုပ်သူများကို မကျေနပ်ကြောင်း ပြလိုက်ခြင်း ဖြစ်သည်ဟု သူမက ရေးသားထားသည်။

မမြင်နိုင်သော တန်ခိုးရှင်များက စိတ်ဆိုးသည်ဟုဆိုလျှင် ကျွန်ုပ်တို့ ကိုယ်၌က သည်းခံနိုင်မှု များနေလေသလား။ Larkin က စစ်အစိုးရ၏ သဘာဝကို မချွင်းမချန် ရေးသားခဲ့သော်လည်း၊ ၎င်း၏ အိမ်နီးချင်းနိုင်ငံများ အပေါ် ရေးသားရန် လိုအပ်ခဲ့သည်။

တရုတ်သည် မြန်မာနိုင်ငံတွင် အာဏာရှင် စနစ် ရှိနေစေရန်သာ ပိုမို နှစ်သက်သည့် အလျောက် ဗိုလ်ချုပ်များကို စစ်ရေးနှင့် စီးပွားရေး အကူအညီများ ပေးခဲ့သည်။ တရုတ်၏ မဟာဗျူဟာ ပြိုင်ဖက် အိန္ဒိယကလည်း နောက်ကျ ကျန်ခဲ့မည်ကို မလိုလားပေ။ အာဆီယံ အသင်းကြီးကလည်း မြန်မာ အစိုးရ၏  အကျည်းတန်လှသော လူ့အခွင့်အရေး လုပ်ရပ်များကို မှန်မှန် ထိုးနှက်လျက် ရှိသည်။

တစ်ခုမှာ မြန်မာ ဗိုလ်ချုပ်များသည် မြောက်ကိုးရီးယား ကဲ့သို့ပင် ရွေးစရာ သိပ်မရှိသော သံတမန် နည်းလမ်း အချို့အနက်မှ အကောင်းဆုံး အသုံးချတတ်ကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အရှေ့တောင် အာရှ ဒေသတွင် မြန်မာစစ်အစိုးရထက် ဆိုးဝါးလွန်းသော အာဏာရှင် အစိုးရမျိုး ရှိလာနိုင်မည် မဟုတ်ပေ။ ဖွံ့ဖြိုးမှု နိမ့်ကျလွန်းသော မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကတည်းက စတင် အုပ်ချုပ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးကြီးများသည် မြန်မာ့ စီးပွားရေးမှ အကျိုးအမြတ် မှန်သမျှကို ကိုယ်ကျိုးအတွက် လုယူခဲ့ကြရုံ သာမက မြန်မာ ပြည်သူများ အပေါ်တွင်လည်း နိုင်ထက်စီးနင်း ပြုမူကာ ဆိုးဝါးသော စစ်အာဏာရှင် စနစ် တစ်ရပ်ကို တစ်ကမ္ဘာလုံး သိအောင် ပြသခဲ့သည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများ လတ်တလော လုပ်ကိုင်နေသည့် ဆိုးးရွားသော လုပ်ရပ်များကို ဖုံးကွယ်ရန် လွန်စွာပင် ခက်ခဲပါလိမ့်မည်။ ယခု ဆိုလျှင် ၎င်းတို့က အကြံအဖန် လုပ်ထားသော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို စွဲကိုင်ပြီး ရွေးကောက်ပွဲ တစ်ရပ်အား ဗန်းပြသဘောမျိုး ပြုလုပ်ပြီး စစ်တပ် အုပ်ချုပ်မှု စနစ် ရာသက်ပန် တည်တံ့အောင် လုပ်ကိုင်ကြတော့မည် ဖြစ်သည်။ ယင်းသို့ လုပ်ကိုင်နေမှု မှန်သမျှကို စစ်ဗိုလ်ချုပ်ကြီးများက ဒီမိုကရေစီ အလေ့အကျင့် တစ်ခုဟုပင် သံကောင်း ဟစ်ပြနေသေးသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် (သြဂုတ်လ နောက်ဆုံးပိုင်း) တွင် ကြောက်ခမန်းလိလိ ပြုလုပ်ခဲ့သော မြန်မာ စစ်တပ်အတွင်း ရာထူးနေရာ ပြောင်းရွှေ့မှုကြီးသည်လည်း အရေးကိစ္စ တစ်ခုပင် ဖြစ်သည်။ စစ်အစိုးရက ၎င်း၏ လုပ်ကိုင်မှု မှန်သမျှကို မည်သည့် အခါကမှ သတင်း ထုတ်ပြန်စရာ မလိုအပ်ဟု ယူဆခဲ့သူ ဖြစ်ရာ အဆိုပါ ရာထူးနေရာ ပြောင်းရွှေ့မှု အသေးစိတ်ကိုလည်း မည်သူ တစ်ဦး တစ်ယောက်ကမှ သိမည် မဟုတ်ပေ။ ယခု နောက်ဆုံး လုပ်ရပ်တွင် စစ်တပ်ထဲမှ စီနီယာ အရာရှိကြီး ၇၀ ဦးခန့် ရာထူး ရွှေ့ပြောင်းခြင်း ခံခဲ့ရသည်။ အမှန်တွင် ယခုကိစ္စကို ရာထူးနေရာ ရွှေ့ပြောင်းမှုဟုပင် မခေါ်ဆိုအပ်ပေ။ ထိုင်းနိုင်ငံတွင်မူ စစ်တပ်တွင်း ရာထူးနေရာ ပြောင်းရွှေ့ ခန့်အပ်မှုများ ရှိသည်။ စစ်ဘက် အရာရှိအဖြစ်မှ အနားယူကာ အများပြည်သူနှင့် သက်ဆိုင်သော နေရာတွင် ဝင်ရောက် အမှုထမ်းခြင်းမျိုး ဖြစ်သည်။ သို့သော် ယခု မြန်မာ စစ်အစိုးရ၏ လုပ်ရပ်မှာ တစ်မျိုးတစ်ဖုံ ဖြစ်ပြီး အန္တရာယ်များသည့် ကိစ္စလည်း ဖြစ်သည်။

လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ လွတ်လပ်မှုရော တရား မျှတမှုပါ ရှိလာမည် မဟုတ်ပေ။ ရွေးကောက်ပွဲ နောက်ပိုင်း ပေါ်ထွက်လာမည့် ပါလီမန် လွှတ်တော်တွင် စစ်ဘက်က အလိုအလျောက် အမတ် နေရာ ၂၅ ရာခိုင်နှုန်း ရရှိမည် ဖြစ်သည်။ ယခုဆိုလျှင် အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးများ အကွက် ချထားသော အဆိုပါ ၂၅ ရာခိုင်နှုန်း ဝေစု ရယူမည့် စစ်ဘက် အရာရှိကြီးများ သေချာပေါက် ရွေးထုတ်ခဲ့ပြီး ဖြစ်သည်။ အချို့ စစ်ဘက် အရာရှိကြီးများကိုမူ စစ်ဘက် မဟုတ်သော အရပ်သား အမတ်နေရာများ အတွက် ဝင်ရောက် ယှဉ်ပြိုင်ရန် ရာထူးမှ အငြိမ်းစား ယူခိုင်းခဲ့ပြီ ဖြစ်သည်။

အမှန်စင်စစ် မြန်မာ စစ်အစိုးရသည် လွတ်လပ် မျှတမှု ရှိသော ရွေးကောက်ပွဲမျိုး ကျင်းပ ပေးခဲ့ဖူးသူ ဖြစ်သည်။ လွန်ခဲ့သည့် ၁၉၉၀ ပြည့်နှစ်က နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် စစ်တပ်က မျှတစွာ ကျင်းပပေးခဲ့သည့်ပွဲ ဖြစ်သည်။ သို့သော် ထိုစဉ်က စစ်အစိုးရ အနေဖြင့် မှန်းချက်နှင့် နှမ်းထွက် တက်တက်စင်အောင် လွဲခဲ့ရသည်။ စစ်အုပ်ချုပ်ရေး စနစ်နှင့် စစ်တပ် ကျောထောက် နောက်ခံ နိုင်ငံရေး ပါတီများကို မနှစ်မြို့ကြတော့သည့် မြန်မာ ပြည်သူများက ဒီမိုကရေစီ လိုလားသော အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တစ်ခဲနက် မဲပေးခဲ့ကြသည်။

မြန်မာ စစ်ဗိုလ်ချုပ်ကြီးများက ၎င်းတို့ မျှော်လင့်ထားသည့် ရလဒ်မျိုး မရရှိသောအခါ အနိုင် ရရှိသည့် ပါတီကို အာဏာ လွှဲပြောင်း မပေးတော့ဘဲ နှစ်ပေါင်း ၂၀ တာမျှ ဖိနှိပ်သည့် နည်းလမ်း မျိုးစုံဖြင့် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်။ နိုင်ငံရေး ဆော်သြသူ များစွာကို ဖမ်းဆီး အကျဉ်းချခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ဟူသော ကိစ္စကို အသံမျှပင် မဟနိုင်အောင် လုပ်ပစ်ခဲ့ကြသည်။

ယခု တစ်ကြိမ် ရွေးကောက်ပွဲမှာ စစ်အစိုးရ အလိုရှိသမျှကို ဆောင်ကြဉ်းပေးမည့် ရွေးကောက်ပွဲ တစ်ခုသာ ဖြစ်သည်။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် ပါတီ အချို့ကို စစ်အစိုးရက ငွေကြေး အပါအဝင် အခြားသော ထောက်ပံ့မှုများ ပေါ်ပေါ် ထင်ထင်ပင် ပေးလျက် ရှိသည်။ ရန်ကုန်လို မြို့ကြီးပြကြီးတွင် နေထိုင်သူများ မှအစ ကျေးရွာငယ်လေးများ တွင်ပါ နေထိုင်သူ မဲဆန္ဒရှင်များအား ရွေးကောက်ပွဲနေ့တွင် မိမိတို့ ဘာလုပ်ရမည်၊ ဘာကို မျှော်လင့်ထားသည် ဟူသော အချက်ကို စစ်အစိုးရက ညွှန်ကြားထားပြီးသား ဖြစ်သည်။

ယခု ရွေးကောက်ပွဲတွင် အတိုက်အခံ ဘက်မှ အင်အား အကြီးဆုံး ဖြစ်သည့် ပါတီမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ဖြစ်သည်။ ရွေးကောက်ပွဲ နောက်ပိုင်း ထွက်ပေါ်လာမည့် လွှတ်တော်ကြီး သုံးရပ်အတွက် လိုအပ်သော အမတ်နေရာ ၁၂၀၀ ခန့်တွင် NDF မှ ကိုယ်စားလှယ် အမတ်လောင်း ၂၀၀ ခန့် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ထိုကာလတွင် ဒေါ်အောင်ဆန်းစုကြည်မှာ တစ်ဦးတည်းသော အမျိုးသား နိုင်ငံရေး ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ သူမ အနေဖြင့် ရွေးကောက်ပွဲ ဖြစ်စဉ် တစ်ခုလုံးတွင် ပါဝင်ခွင့် မရရှိအောင် ကန့်သတ် ပိတ်ပင်ခံထားရသည်။ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ မဝင်နိုင်အောင် ကန့်သတ် ပိတ်ပင်ထားသည့် အကြောင်းများစွာ ရှိသည့် အနက် တစ်ခုမှာ သူမသည် နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ချခံထားရခြင်း ဖြစ်သည်။ အဆိုပါ ပြစ်ဒဏ်ကိုလည်း စစ်အစိုးရ လိုရာ ကြိုးဆွဲခံရသည့် တရားရုံးက ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စစ်အစိုးရက တစ်ဖက်သတ် ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေအရ နိုင်ငံခြားသားများနှင့် လက်ထပ် ခဲ့ဖူးသူများ နိုင်ငံရေးတွင် ပါဝင် ပတ်သက်ခွင့် မရပေ။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန် နိုင်ငံသား တစ်ဦး (ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်သည်) နှင့် လက်ထပ်ခဲ့ဖူးသူ မုဆိုးမတစ်ဦး ဖြစ်သည်။

မြန်မာ နိုင်ငံရေးတွင် ဖြစ်ပေါ်နေသမျှ အားလုံးမှာ စစ်တပ် အလိုကျ တစ်ဖက်သတ် ချည်းမျှသာ ဖြစ်သည်။ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ ဝင်မည့်သူ အမတ် အများစုမှာလည်း စစ်အစိုးရကို သစ္စာခံမည့်၊ စစ်အစိုးရက အတည်ပြုချက် ရထားသူများသာ ဖြစ်သည်။ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် မြန်မာပြည်သူများကို တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ မည်သူမည်ဝါ အတွက်ဟု ကြိုတင် ဆုံးဖြတ် ပေးထားနှင့်ပြီး ဖြစ်သော အဆိုပါ ရွေးကောက်ပွဲတွင် မဲပေးခြင်းဖြင့် မည်သည့် ဆုလာဘ်မျိုးမှ ရရှိမည် မဟုတ်ပေ။

မြန်မာနိုင်ငံ ပြင်ပတွင် နေထိုင်သူများ အနေဖြင့်လည်း စစ်အစိုးရ၏ အရှက် မရှိသော အာဏာ လုပွဲကို ပြောင်းပြန် လှန်ပစ်ရန် မည်သို့မှ တတ်စွမ်းနိုင်မည် မဟုတ်ပေ။ သို့သော် စစ်အစိုးရ၏ လုပ်ရပ်များကို ကမ္ဘာသိအောင် ထုတ်ဖော်၍ ရနိုင်သည်။ ဤအချိန်တွင် လွန်စွာ အရေးကြီးသည့် အချက်မှာ ထိုင်းအစိုးရ အပါအဝင် ဒေသတွင်းမှ အခြားသော အစိုးရ အဖွဲ့များ အနေဖြင့် မြန်မာ စစ်အစိုးရ၏ အကြံအဖန် နိုင်ငံရေး ဇာတ်လမ်းကို ထောက်ခံ အားပေးမှု မပြုရန်သာ ရှိတော့သည်။

Bangkok Post သတင်းစာမှ Editorial ကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

­Daily Times, 1st Sep 2010

စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံသို့ တရုတ် သင်္ဘော နှစ်စင်း ရှားရှားပါးပါး ဝင်ရောက် လည်ပတ်ခဲ့ခြင်းဖြင့် အိန္ဒိယ သမုဒ္ဒရာ အပေါ် သာမန် စိတ်ဝင်စားမှုထက် ပိုမိုကြောင်း တရုတ်က ပြသလျက် ရှိသည်ဟု အိန္ဒိယ နိုင်ငံက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

သီရိလင်္ကာနှင့် ပါကစ္စတန်တွင် ဆောက်လုပ်နေသော ဆိပ်ကမ်းများ၌ ကြီးမားစွာ ရင်းနှီး မြှုပ်နှံခြင်းများ အပါအဝင် ဒေသတွင်း တရုတ်နိုင်ငံ၏ ရပ်တည်မှု ကြီးထွားလာခြင်းကို အိန္ဒိယနိုင်ငံက သတိပေး စောင့်ကြည့်နေသည်။ တရုတ် စစ်သင်္ဘော ၂ စင်း ရန်ကုန် သီလဝါ ဆိပ်ကမ်းသို့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ဆိုက်ကပ် ရပ်နားခဲ့ပြီး မြန်မာ ရေတပ်နှင့် အပြန်အလှန် နှီးနှော ဖလှယ်မှုများ ပြုလုပ်ရန် စီစဉ်ထားသည်ဟု Ximhua သတင်းဋ္ဌာနက ထုတ်ပြန်ထားသည်။

"တရုတ်နိုင်ငံက အိန္ဒိယ သမုဒ္ဒရာ ကိစ္စတွေမှာ ပုံမှန် စိတ်ဝင်စား သင့်တာထက် ပိုနေတာကို အိန္ဒိယက သတိထားမိခဲ့ပါတယ်၊ ဒါကြောင့် တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်တွေကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်နေပါတယ်'' ဟု ပြောကြားခဲ့သည်။

၎င်းက တရုတ် စစ်သင်္ဘောများကို တိုက်ရိုက် ရည်ညွှန်းခြင်း မရှိသော်လည်း ၁၉၆၂ က စ၍ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော စစ်ဖက် အစိုးရ၏ အဓိက မဟာမိတ်နှင့် ကုန်သွယ်ဖက်မှာ တရုတ်နိုင်ငံ ဖြစ်ပြီး တရုတ်သည် မြန်မာနိုင်ငံမှ ကျွန်းနှင့် ကျောက်မျက် ရတနာများကို နည်းမျိုးစုံဖြင့် ဝယ်ယူလျက် ရှိကာ လူ့အခွင့်အရေး ချိုးဖောက်သည့် မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ၏ အရေးယူ ဒဏ်ခတ်မှုများကိုလည်း ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ဗီတိုအာဏာ သုံးစွဲကာ ကာကွယ်ပေးနေသည်။

အိန္ဒိယ နိုင်ငံသည်လည်း ရေနံနှင့် ဓါတ်ငွေ့ တင်သွင်းရန် အလားအလာ များအတွက် မြန်မာ နိုင်ငံကို လိုလားလျက် ရှိပြီး ဇွန်လတွင်းက နယူးဒေလီသို့ လာရောက်ခဲ့သော မြန်မာ စစ်အာဏာရှင် ခေါင်းဆောင်အား နိုင်ငံတော် ခရီးစဉ် အဖြစ် လက်ခံ ကြိုဆိုခဲ့ခြင်းကြောင့် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများ၏ ပြစ်တင် ဝေဖန်မှုကို ခံနေရသည်။

တရုတ်နှင့် အိန္ဒိယအကြား ကုန်သွယ်ရေး တိုးတက် ကြီးထွားလာခဲ့သော်လည်း အာရှ အင်အားကြီး ၂ နိုင်ငံ အကြားတွင် မယုံကြည်မှုများ နှောင်ဖွဲ့လျက် ရှိသည်။

ကက်ရှ်မီးယားနှင့် အိန္ဒိယ အရှေ့မြောက် အရူနာချယ်ပရာဒက်ရှ် ပြည်နယ်တို့တွင် နယ်စပ် အငြင်းပွားမှုများ ဖြစ်နေခြင်း၊ ၁၉၆၂ ခုနှစ်က စစ်ပွဲ ဖြစ်ပွားခဲ့ခြင်း၊ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်လားမား အိန္ဒိယတွင် နေထိုင်နေခြင်း စသော အကြောင်းရင်းခံများက သံသယ နယ်ပယ် ဝန်းကျင်ကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Daily Times, 2nd Sept 2010

စွမ်းအင် လုံလောက်မှု မရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ လျှပ်စစ် ဓါတ်အား ၅၇၄ မဂ္ဂါဝပ်ခန့် တင်ပို့ရန် ရည်ရွယ်ကာ ရေအားလျှပ်စစ် စီမံကိန်း ၂ ခု တည်ဆောက်ရန် မြန်မာက သဘော တူခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် ထိပ်တန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လတ်တလော မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အာဏာကုန် လွှဲအပ်ခြင်း ခံရသည့် ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ် အဖွဲ့သည် နယ်စပ်ဖြတ်ကူး လျှပ်စစ်ဓါတ်အား ရောင်းဝယ်မှုနှင့် ပတ်သက်သည့် မြန်မာ အစိုးရ၏ သဘော တူညီမှုကို ရရှိခဲ့သည်ဟု စွမ်းအင် ဝန်ကြီးဋ္ဌာန ထိပ်တန်း တာဝန်ရှိသူက ပြောကြားသည်။

အိမ်နီးချင်း ၂ နိုင်ငံ အကြား လျှပ်စစ် ဓါတ်အား ရောင်းဝယ်ရေးနှင့် ပတ်သက်၍ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးရန် မြန်မာ ကိုယ်စားလှယ် အဖွဲ့ ဒါကာသို့ မကြာမီ လာရောက်လိမ့်မည် ဟု၎င်းကဆိုသည်။

ယခင် တစ်ပတ် မြန်မာခရီးစဉ်တွင် ပါဝင်ခဲ့သည့် အဆိုပါ တာဝန် ရှိသူက ပြောကြားရာ၌ "မြန်မာ နိုင်ငံသည် နောက်ဆုံး စာချုပ်ကို လက်မှတ် မထိုးမီ ဘင်္ဂလားဒေ့ရှ်ထံမှ ငွေပေးချေမှု အာမခံချက်ကို တောင်းခံလိမ့်မည'်' ဟု ဆိုသည်။ မြန်မာ နိုင်ငံသို့ သွားရောက်ခဲ့သော ကိုယ်စားလှယ် အဖွဲ့တွင် စွမ်းအင် ဝန်ကြီးဋ္ဌာနနှင့် စွမ်းအင် ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့မှ ထိပ်တန်း တာဝန်ရှိသူများ ပါဝင်ကြသည်ဟု သိရှိရသည်။

လျှပ်စစ် ဓါတ်အား ထုတ်လုပ်နိုင်စွမ်း  ၅၀၀ မဂ္ဂါဝပ်နှင့် ၇၅ မဂ္ဂါဝပ် အသီးသီး ရှိသော ရေအားလျှပ်စစ် စက်ရုံများကို ဘင်္ဂလားဒေ့ရှ် ကော့ဘဇား ခရိုင်နှင့် နီးကပ်သော ရခိုင်ပြည်နယ်တွင်း မိကျောင်းနှင့် လင်မရို ဒေသများတွင် တည်ဆောက်ရန် စီစဉ်ထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ ဓါတ်အား ရောင်းချမည့် ရေအားလျှပ်စစ် စီမံကိန်းများ တည်ဆောက်ရန် မြန်မာနိုင်ငံမှ ရွှေတောင် ကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ တစ်ခုတို့ သဘော တူညီမှု ရရှိပြီး ဖြစ်သည်။ ရေအားလျှပ်စစ် စက်ရုံများ တည်ဆောက်ရန် အတွက် ရခိုင်ပြည်နယ် အတွင်း မြေငှားရမ်းမှု လုပ်ငန်းမှာလည်း ပြီးစီးသွားပြီဟု သိရှိရသည်။