Transparency Myanmar

transparency.myanmar@gmail.com

By Nick Clegg, 3rd October 2010

(ရေးသားသူ Nick Clegg သည် ဗြိတိန်နိုင်ငံ ဒုတိယ၀န်ကြီးချုပ် ဖြစ်သည်)

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ်အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပရန် တစ်လခန့်သာ လိုတော့သည်။ ထို့ကြောင့် အမှန်တကယ်တွင်မူ ယခု အကြိမ်တွင် အောင်ပွဲ ခံသင့်လှပေသည်။ သို့သော် ဤသည်မှာ ဖြစ်ချင်သည်ကို ပြောရခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံမှ (၅၅) သန်းသော ပြည်သူများသည် ဆက်၍ ရက်ရက်စက်စက် ဖိနှိပ်ခံနေရဆဲ ဖြစ်သည်။ နေ့စဉ် တွေ့နေရသည့် အမှန်တရားမှာ လူအများ အဆုံးစွန် ဆင်းရဲ မွဲတေလျက် ရှိနေခြင်းပင် ဖြစ်သည်။ ရွေးကောက်ပွဲများသည် စစ်တပ် အုပ်ချုပ်မှုကို သက်တမ်း ရှည်အောင် လိမ်ညာထားခြင်းထက် မပိုပေ။

ထို့ကြောင့် ဘရပ်ဆဲတွင် တနင်္လာနေ့၌ အာရှနှင့် ဥရောပ ခေါင်းဆောင်များ တွေ့ဆုံရာတွင် ဗြိတိန် နိုင်ငံသည် မြန်မာ ပြည်သူများ ဆိုးရွားစွာ နှိပ်စက်ခံ နေရသည်များကို တစ်လေသံတည်း ဆန့်ကျင် ပြောကြားကြရန် တောင်းဆိုလိမ့်မည် ဖြစ်သည်။

ယခု ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရား မျှတလိမ့်မည် မဟုတ်သည်မှာ ရှင်းလင်း သေချာ လှပေသည်။ အတိုက်အခံ ပါတီများသည် ရန်ပုံငွေ ချို့တဲ့လှသည်။ အစိုးရကလည်း ထိုအချက်ကို စနစ်တကျ ပစ်မှတ်ထားသည် နိုင်ငံရေး အကျဉ်းသား ထောင်ပေါင်း များစွာသည်လည်း ထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ တိုင်းရင်းသား ပါတီများကိုလည်း ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မပြုပေ။ ပြီးခဲ့သည့် လက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ခြင်းသည် ကြီးမားသော အန္တရာယ် ပြုမှုပင် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ပါဝင်ရန် ခွင့်ပြုထားသော အခြား ပါတီများအတွက် အခြေအနေမှာလည်း အနည်းငယ်သာ ကောင်းနေသည်။ အစိုးရသည် တရားမျှတမှု မရှိသော ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်းပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။ မီဒီယာများ အားလုံးကိုလည်း အစိုးရက တင်းကြပ်စွာ ဆင်ဆာ ပြုလုပ်ထားသည်။

ထို့ကြောင့် ရွေးကောက်ပွဲ ရလဒ်သည် မည်သို့ ဖြစ်တော့မည်ကို ကြိုတင် သိရှိနိုင်သည်။ အခြေခံ ဥပဒေအရ ပါလီမန် အမတ်ဦးရေ၏ လေးပုံတစ်ပုံမှာ စစ်တပ်အတွက် ချန်ထားရသည်။ ကျန်သော အမတ် နေရာ၏ ထက်ဝက်ခန့်မှာလည်း အတိုက်အခံများ ပါဝင် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့် အတွက် အစိုးရ သစ္စာခံ ပါတီများမှာ မပြိုင်ရဘဲ အနိုင်ရမည် ဖြစ်သည်။ ထို့ကြောင့် အစိုးရသည် မဲမထည့် မီကပင် အများစု အနိုင်ရရန် သေချာနေပြီး ဖြစ်သည်။

မြန်မာ နိုင်ငံအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ မတရား ဖမ်းဆီးခြင်း၊ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခြင်း၊ အဓမ္မ ပြုကျင့်ခြင်းနှင့် နှိပ်စက်မှုများ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်နေသော လက်ရှိ အစိုးရ လူနည်းစုထံသို့သာ အာဏာ ပြန်လည် ရောက်ရှိသွားခြင်းပင် ဖြစ်မည်။ ကြီးမားသော အကျင့်ပျက် ခြစားမှုနှင့် စီးပွားရေးအရ မှားယွင်းသော စီမံခန့်ခွဲမှုများကို ကျူးလွန်ရာတွင် အပြစ်ရှိသူမှာလည်း ဤအစိုးရပင် ဖြစ်သည်။ အစိုးရသည် ဖွံ့ဖြိုး တိုးတက်မှု အားနည်းခြင်းကို အရေးယူ ပိတ်ဆို့မှုကြောင့်ဟု မှန်မှန် အပြစ်ဖို့နေသော်လည်း အမှန်တရားမှာ ယင်းတို့သည် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများနှင့် ပို့ကုန်မှ ရရှိသော အကျိုးအမြတ်များကို ဖြုန်းတီးပစ်သောကြောင့် ဖြစ်သည်။ တိုင်းပြည်၏ ကလေးငယ်များ အရွယ် မတိုင်မီ သေဆုံးမှုနှုန်းမှာ အာရှတွင် အမြင့်ဆုံး ဖြစ်သည်။

အထက်ပါ ဆိုးရွားသော ကျဆုံးမှုများမှာ ငြင်း၍ မရသော အချက်များ ဖြစ်သည်။ သို့တိုင်အောင် အချို့သော သူများသည် အဆိုပါ အားနည်းချက်များကို လျစ်လျူရှု၍ ရွေးကောက်ပွဲကို ချဉ်းကပ်ရန် ကြိုးစားနေကြသည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေဖြင့် ရွေးကောက်ပွဲ မလုပ်သည်ထက် စာလျှင် မည်သို့သော ရွေးကောက်ပွဲမဆို ပိုကောင်းသည်ဟု ခံယူလျှင်လည်း တိတ်တဆိတ်သာ သဘောတူကြလျှင် ကောင်းမည် ထင်သည်။ မဟုတ်လျှင် မြန်မာနိုင်ငံနှင့် တဖြည်းဖြည်း ဝေးကွာ သွားတော့မည် ဖြစ်၍ ကျွန်ုပ်တို့ တစ်စုံတစ်ခု စလုပ်ရန် ဖြစ်လာသည်။ သူတစ်ပါး အရေးကိစ္စ ၀င်မစွက်သင့်ဟု ခံယူသူများ အဖို့မူ ပြဿနာ မရှိလှပေ။ အနောက် နိုင်ငံများကိုလည်း ကမ္ဘာကြီး ပုံရိပ်ကို ပြန်လည် ဖန်တီး ပေးနေသည်ဟု အစွပ်စွဲ မခံရတော့ပေ။

အထက်ပါ အချက်များသည် အမှန်တရားကို လျစ်လျူရှုရန် အကြောင်းပြချက်များကား မဟုတ်ပေ။ ဥရောပ သမဂ္ဂသည် အစိုးရနှင့် သူ၏ ၀င်ငွေ ရလမ်းများကို အရေးယူ ပိတ်ဆို့မှုများကို  တိုးတက်မှု အစစ်အမှန်များ မရှိမချင်း ပယ်ဖျက်ပေးမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေးပြီး ဖြစ်သည်။ ယခု ကျွန်ုပ်တို့သည် ခေါင်းဆောင်များ၏ စုစည်းမှုဖြင့် တိုးတက်မှု ရအောင် တွန်းအား ပေးကြရမည် ဖြစ်သည်။ အာရှ-ဥရောပ အစည်းအဝေး တက်သော အုပ်စု အဖွဲ့ဝင်များ (ASEM) သည် ကမ္ဘာ့ လူဦးရေ၏ ၆၀ % ခန့် ရှိသည် ဖြစ်ရာ ကမ္ဘာ့ ကုန်သွယ်ရေး၏ ၆၀ % ခန့်ကိုလည်း ပြုလုပ်လျက် ရှိသည်။ မြန်မာ စစ်အစိုးရ အနေဖြင့် သိသင့်သည်မှာ နိုင်ငံတကာ၏ တောင်းဆိုမှုများကို ယင်းက ကျေကျေနပ်နပ် လက်ခံသည့်တိုင် အရှေ့ကြည့်ကြည့် အနောက်ကို ကြည့်ကြည့် လူဆိုးအဖြစ် ကြည့်မြင်မှုများကို တွေ့နေရဦးမည် ဖြစ်သည်။

ထိုကိစ္စများသည် ကျွန်ုပ်တို့၏ စိတ်ထဲမှ ထမ်းဆောင်သင့်သော တာဝန် ခွဲဝေယူမှု သဘောထား ဖြစ်သည် သာမက မဟာဗျူဟာ ကျသော မိမိ အကျိုးအတွက်လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းစဉ်များ မရှိလျှင် မတည်ငြိမ်မှု ဖြစ်မည့် အန္တရာယ်မှာ အမှန် ကြုံတွေ့ရမည် ဖြစ်သည်။ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ယူထားမှုမှာ တစ်နေ့ တစ်ခြား တိုး၍ များပြားတော့မည့် အသွင်ကို ဆောင်လျက် ရှိသည်။ ပဋိပက္ခ ပြန်လည် ဖြစ်ပွားခြင်းဖြင့် ထိုဒေသရှိ လူများ လူမဆန်စွာ ပျက်စီးခြင်းနှင့် ကြုံကြရမည် ဖြစ်ပြီး ဒေသတွင်း လုံခြုံရေး ပျက်ပြားခြင်းနှင့် အိမ်နီးချင်း နိုင်ငံများသို့ ဒုက္ခသည်များ ၀င်ရောက်သွားခြင်းနှင့် အခြား အချက်များ ဖြစ်ပေါ်စေမည် ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် အတိုက်အခံ အားလုံး၊ တိုင်းရင်းသား အုပ်စုများနှင့် အဓိပ္ပာယ် ရှိသော တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရေးအတွက် စစ်အစိုးရကို ဖိအား ပေးကြရမည် ဖြစ်သည်။ ဦးတည်ချက်မှာ တိုင်းရင်းသား အုပ်စုများ နိုင်ငံရေးအရ ပြောရေးဆိုခွင့် ရှိရေး၊ ရပိုင်ခွင့်များ ကာကွယ်ပေးရေး၊ တရား မျှတသည့် သဘော တူညီမှု ဖြစ်ရေးတို့ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို မဆိုင်းမတွ လွှတ်ရေး ဖြစ်သည်။ ပြန်လည် ပေါင်းစည်းရေးသည် မြန်မာ နိုင်ငံတွင် ပျောက်ကွယ်နေသော လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အတွက် မြှင့်တင်နိုင်ရေး ဦးတည်ရမည် ဖြစ်သည်။

ယခု အပတ်သည် အာရှနှင့် ဥရောပ နိုင်ငံများအဖို့ အဆိုပါ အချက်များကို သေချာအောင် ပြုလုပ်နိုင်မည့် အခွင့်အလမ်း ရရှိမည် ဖြစ်သည်။ မြန်မာ နိုင်ငံမှ ဗိုလ်ချုပ်ကြီးများ သိရမည်မှာ ယူနီဖောင်း ချွတ်၍ အရပ်ဝတ် လဲရုံမျှဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း၏ ဆောင်းဆိုမှုများကို ပြောင်းလဲ ပေးနိုင်မည် မဟုတ် ဟူသော အချက် ဖြစ်သည်။ ဒီမိုကရေစီ ဆိုသော စကားလုံးကို မျက်နှာဖုံး တပ်ရုံဖြင့် ကျွန်ုပ်တို့ ငြိမ်သက်သွား လိမ့်မည် မဟုတ်ပေ။ ကျွန်ုပ်တို့၏ မျှော်မှန်းချက်များကိုလည်း ဘယ်သော အခါမျှ စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Radio Australia News, 3rd October 2010

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက သြစတြေးလျ ဝန်ကြီးချုပ်အား အာရှနှင့် ဥရောပ ခေါင်းဆောင်များ၏ အစည်းအဝေးကို အသုံးပြု၍ မြန်မာ စစ်ဖက် အစိုးရ အပေါ် ကြီးကြီးမားမား ဖိအားပေးရန် တိုက်တွန်းလျက် ရှိသည်။

အာရှနှင့် ဥရောပ နိုင်ငံ ၄၃ နိုင်ငံမှ ခေါင်းဆောင်များ အတူတကွ စုဝေးကြမည့် အာရှ-ဥရောပ အစည်းအဝေး ဖွင့်ပွဲအတွက် ဘရပ်ဆဲသို့ ဝန်ကြီးချုပ် Julia Gillard ရောက်ရှိနေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏  နိုဝင်ဘာ ရွေးကောက်ပွဲများနှင့် စစ်အစိုးရ၏ ကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများကို ဆွေးနွေးရန် အစည်းအဝေး အစီအစဉ်တွင် ထည့်သွင်းထားသည်ဟု မျှော်လင့်ရသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ကာကွယ်ပေးမှု အစီအစဉ်ကို အရေးကြီးကိစ္စ အဖြစ် တင်ပြရန် Julis Gillard ကို Amnesty International က တောင်းဆိုနေသည်။

ယင်းသို့ တောင်းဆိုမှုကို ထောက်ခံ ပြောကြားသူမှာ ဘန်ကောက် အခြေစိုက် Human Rights Watch မှ သုတေသန ပညာရှင် Sunai Phasuk ဖြစ်သည်။

"ရွေးကောက်ပွဲ ရှိရှိ၊ မရှိရှိ မြန်မာနိုင်ငံရဲ့ အနေအထားကတော့ ထူးမခြားနားပါပဲ။ ဒါကြောင့် အီးယူ အနေနဲ့ ခိုင်မာတဲ့ ကတိကဝတ် ပေးဖို့ အများ သဘောတူ မူဝါဒ တစ်ခုကို အခု ချက်ချင်း ချမှတ်ပေးပါ" ဟု ၎င်းက ရေဒီယို သြစတြေးလျ၏ Connet Asia အစီအစဉ်တွင် ပြောဆိုခဲ့သည်။

"သြစတြေးလျ ဝန်ကြီးချုပ် အနေနဲ့ ဘရပ်ဆဲမှာ ဒီကိစ္စကို တင်ပြဖို့ အခွင့်အရေး ရတဲ့ အချိန်မှာ သူမရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားသည်။

အာဆီယံ အဖွဲ့၏ တွေ့ဆုံ ညှိနှိုင်းရေး မူဝါဒမှာ အောင်မြင်မှု မရခဲ့ကြောင်း သို့ဖြစ်၍ မြန်မာ အစိုးရအပေါ် ဖိအားပေးရာတွင် ဥရောပ နိုင်ငံအချို့၏ ခိုင်မာ ပြတ်သားသော သဘောထား ရပ်တည်ချက်က အထောက်အပံ့ ဖြစ်စေလိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။

"ရွေးကောက်ပွဲတွေကနေ ဘယ်လို တိုးတက် ပြောင်းလဲမှုမှ ဖြစ်ပေါ်လာမှာ မဟုတ်ဘူးဆိုတဲ့ အချက်ကတော့ စဉ်းစားစရာတောင် လိုမယ် မထင်ပါဘူး၊ အတိုက်အခံ ပါတီတွေဟာ ဆက်လက်ပြီး ဖိနှိပ်ခံရမယ်၊ စစ်တပ် ခေါင်းဆောင်တွေက ယူနီဖောင်း ချွတ်မယ်။ စီမံ အုပ်ချုပ်ရုံ သာမကပဲ လွှတ်တော်မှာလည်း ဝင်ပါဦးမယ်။ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်က ဖိအားပေးတဲ့ တပ်မတော် ထိုးစစ်တွေကို ဆက်လက် ရင်ဆိုင်ရမယ်" ဟု ၎င်းက ဆိုသည်။

"မြန်မာ နိုင်ငံမှာ ဒီရွေးကောက်ပွဲတွေကနေ အရေးပါတဲ့ ပြောင်းလဲမှုကို ဆောင်ကြဉ်းပေးမယ် ဆိုတဲ့ အာမခံချက် လုံးဝမရှိပါဘူး။ ဒါကြောင့် ဒီအမှန်တရားကို ဘရပ်ဆဲ အစည်းအဝေးမှာ ခေါင်းဆောင်တွေက အသိအမှတ် ပြုကြဖို့ လိုအပ်ပါတယ်" ဟု ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 3rd October 2010

တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က တရုတ်နိုင်ငံသည် ယူရိုငွေနှင့် ဥရောပ အစိုးရ ငွေတိုက် စာချုပ်များ (bonds) များကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။

"ယူရိုငွေ တည်ငြိမ်ရေးအတွက် တရုတ်က ဆက်လက် ထောက်ခံ ပေးသွားမယ် ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်" ဟု ယင်းက ပြောသည်။

မကြာခင်က ဖြစ်ပေါ်သော အကျပ်အတည်းကြောင့် ငွေတိုက်စာချုပ် အတော်များများ တန်ဖိုး ကျဆင်း စေခဲ့သော်လည်း ဥရောပ ငွေတိုက် စာချုပ်များ (European Bonds) အပေါ် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုကို ဖြတ်တောက်သွားမည် မဟုတ်ကြောင်း ၀မ်က ကတိပြု ပြောကြားခဲ့သည်။

ဝမ်သည် လတ်တလောတွင် ဂရိနိုင်ငံ၌ လည်ပတ်လျက် ရှိသည်။ ဂရိသည် (၂၇) နိုင်ငံရှိ ဥရောပ သမဂ္ဂတွင် အဆိုးရွားဆုံး ထိခိုက်သည့် နိုင်ငံ ဖြစ်သည်။ ဂရိ အစိုးရ ငွေတိုက်စာချုပ်များ နောက်တစ်ကြိမ် ထုတ်ရောင်းလျှင် ၀ယ်ယူရန်လည်း ၀မ်ကြားပေါင်က ကတိပြုခဲ့သည်။

တရုတ်က ပြောကြားရာတွင် ယင်း၏ နိုင်ငံခြား ငွေကြေး ကုမ္ပဏီ အစိတ်အပိုင်းများသည် လုပ်ငန်းသစ်များ လုပ်ကိုင်ရန် လိုအပ်မှုကြောင့် စပိန် အစိုးရ စာချုပ်များကို ၀ယ်ယူထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအပတ် အပြီးတွင် တရုတ် ၀န်ကြီးချုပ်သည် ယွမ်ငွေ ကိစ္စကို ဆွေးနွေးကြလိမ့်မည် ဖြစ်သည်။

တန်ဖိုးကို တမင် လျှော့ထားမှု

တရုတ်သည် အခြား နိုင်ငံခြား ငွေကြေး၊ အထူးသဖြင့် ဒေါ်လာငွေနှင့် စာလျှင် တန်ဖိုး လျှော့နည်းအောင် တမင် ပြုလုပ်ထားကြောင်း စွပ်စွဲခံနေရသည်။ ထို့ကြောင့် ကမ္ဘာ့ ဈေးကွက်တွင် တရုတ် ပစ္စည်းများက ဈေးပေါပြီး တရုတ်နိုင်ငံ အတွင်းတွင်  အခြားနိုင်ငံမှ ကုန်ပစ္စည်းများ ပို၍ ဈေးကြီးနေသည်။

ထိုကိစ္စမှာ အမေရိကန် ပြည်ထောင်စုတွင် သွေးအဆူဆုံး ဖြစ်နေသည်။ အမေရိကန် ကွန်ကရက်၏ အကြီးဆုံး အစိတ်အပိုင်းကလည်း တရုတ်အပေါ် ကုန်သွယ်ရေး အရေးယူ ပိတ်ဆို့မှု ပြုလုပ်ရေး ဥပဒေအတွက် ထောက်ခံလျက် ရှိသည်။

ဝမ်ကြားပေါင်က တရုတ်ကို ဈေးကွက် စီးပွားရေး အဖြစ် အသိအမှတ် ပြုကြရန် တိုက်တွန်းခဲ့သည်။ သို့မှသာ WTO ၏ ဥပဒေများအရ ဈေးနှုန်း အမျိုးမျိုး ဖြစ်နေမှုကို ဆန့်ကျင်သည့် ပြစ်ဒဏ်များဖြင့် တိုက်ခိုက်ရာတွင် အထိ မနာရေးအတွက် အထောက်အကူ ရမည် ဖြစ်သည်။

တရုတ်သည် ကြီးထွားလာသည် ဆိုသော်လည်း စီးပွားရေးအရ စတင် ဖွံ့ဖြိုးဆဲ အဆင့်တွင်ပင် ရှိသေးကြောင်း ၀မ်က ပြောသည်။ "တစ်ဦးချင်း GDP ဟာ ဂရိရဲ့ နှစ်ပုံတစ်ပုံပဲ ရှိပါတယ်။ ဆင်းရဲ မွဲတေမှု အတွက် သတ်မှတ်ထားတဲ့ မျဉ်းရဲ့ အောက်မှာ ရှိတဲ့ လူဦးရေ ရာခိုင်နှုန်းဟာလည်း ဂရိထက် သုံးဆ ပိုများပါတယ်။ တရုတ်ဟာ စတင် ဖွံ့ဖြိုးဆဲ အဆင့်မှာ ရှိနေဆဲ ဖြစ်ပါတယ်" ဟု ၀မ်ကြားပေါင်က ပြောသည်။

တရုတ်၏ စီးပွားရေး ကြီးထွားမှုနှုန်းသည် ပထမ လေးလပတ်တွင် ၁၁.၉ % ရှိခဲ့ရာမှ ယခုနှစ် ဒုတိယ လေးလပတ်တွင် ၁ဝ.၃ % သာ ရှိခဲ့သည်။

တရုတ် အစိုးရက တစ်နှစ်လုံး အတွက် တိုးတက်မှုနှုန်း ၈ % ရှိရန် ရည်မှန်းထားခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြောက်ကိုရီးယား ခေါင်းဆောင်သစ်များ လက်ထက်တွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ ကဏ္ဍပေါင်းစုံ၌ တိုးချဲ့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားလိုက်သည်။

တရုတ်နိုင်ငံ၊ မြို့တော် ဘေဂျင်းသို့ ရောက်ရှိနေသော မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံရာ၌ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ယင်းသို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။

"နှစ်နိုင်ငံ အပြန်အလှန် ဆက်သွယ်မှု မြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများ ပူးပေါင်း ဆောင်ရွက်ရေးအတွက် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သည်" ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင်က ပြောကြားကြောင်း Xinhua သတင်းဌာနက ဆိုသည်။

မြောက်ကိုရီးယား ကိုယ်စားလှယ် အဖွဲ့ကို အလုပ်သမား ပါတီ၏ အတွင်းရေးမှူးချုပ်နှင့် နိုင်ငံရေး ဗျူရို အဖွဲ့ဝင် မစ္စတာ Choe Thae Bok က ဦးဆောင်သည်။ ယင်းအဖွဲ့သည် မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က စက်တင်ဘာ လကုန်ပိုင်းတွင် ပါတီ ခေါင်းဆောင်သစ်များ ရွေးချယ်ခန့်လိုက်ပြီးနောက် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

Bloomberg မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ နယ်နိမိတ် အငြင်းပွားမှု ဖြေရှင်းမည့် ပူးတွဲ နည်းပညာ ဆိုင်ရာ ကော်မတီအတွက် မြန်မာ နိုင်ငံဘက်မှ ကိုယ်စားလှယ် တစ်ဦး ခန့်အပ်မည့် ကိစ္စကို မြန်မာ စစ်အစိုးရက မသိကျိုးနွံ ပြုလျက် ရှိကြောင်း သိရသည်။ အဆိုပါ နယ်စပ်ဒေသ ပြဿနာကြောင့် ထိုင်းနိုင်ငံအတွက် ကုန်သွယ်ရေးတွင် ဒေါ်လာ သန်းနှင့်ချီ၍ ဆုံးရှုံးလျက် ရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က အဆိုပါ ကော်မတီ ပူးတွဲ တည်ထောင်ရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အစိုးရတို့ သဘောတူ ခဲ့ကြသည့်တိုင် ယနေ့အထိ ထူးခြားမှု မရှိသေးကြောင်း ထိုင်းနိုင်ငံ ဘက်မှ ထိုင်း-မြန်မာ နယ်စပ်ဒေသ ဆိုင်ရာ ပူးတွဲကော်မတီ အကြီးအကဲ Vasin Teeravechyan က ပြောကြားသည်။ ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ အကြား ဖြစ်ပေါ်နေသော နယ်စပ်ဒေသ အရေးကိစ္စကို နိုင်ငံရေး ဇာတ်မသွင်းရန် ၎င်းက ယခု ရက်သတ္တပတ် အတွင်း တိုက်တွန်း ပြောဆိုလိုက်သည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး အတွက် အဓိက အချက်အခြာ ကျသော မဲဆောက်-မြဝတီ ဝင်ပေါက် လမ်းကြောင်းကို လအတန်ကြာ ပိတ်ပင်ထားခဲ့မှုကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းများ အနေဖြင့် အမေရိကန် ဒေါ်လာသန်း ၁၀၀ ခန့် ဆုံးရှုံးခဲ့ရပြီး မြန်မာ နိုင်ငံတွင်လည်း ကုန်ပစ္စည်း ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ရသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ သောင်းရင်းမြစ် ကမ်းပါး (ထိုင်းနိုင်ငံ ဘက်အခြမ်း) တွင် ထိုင်းအစိုးရက တမံ တည်ဆောက်ခဲ့မှု အပေါ် မြန်မာအစိုးရက မကျေနပ်၍ ယင်းသို့ နယ်စပ် ဝင်ပေါက် ပိတ်ပင်လိုက်ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ယခုကဲ့သို့ ထိုင်းဘက်က တမံ တည်ဆောက် လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ ဘက်တွင် နယ်နမိတ် သတ်မှတ်မှုများ ပျက်ပြားသွားရသည်ဟု မြန်မာ အစိုးရက ဆိုသည်။

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံသည် ကီလိုမီတာ ၂၄၀၁ ရှည်လျားသော နယ်စပ်ဒေသကို မျှဝေ ပိုင်ဆိုင်ထားသည်။ Vasin Teeravechyan ၏ အဆိုအရ လာမည့် အောက်တိုဘာလ ၁၁ ရက်တွင် မြန်မာ နိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝ လာရောက် လည်ပတ်ရာတွင် နယ်စပ်ဒေသ ပိတ်ပင်သည့် ကိစ္စကို အဓိက ဦးတည် ဆွေးနွေးဖွယ် ရှိသည်။ ထိုင်းဝန်ကြီးချုပ်သည် ယခင်က မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် နှစ်ကြိမ်တိတိ စီစဉ်ခဲ့သော်လည်း ပျက်ပြားခဲ့ရသည်။

Irrawaddy သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပုဂ္ဂလိကပိုင် လေကြောင်းလိုင်း တစ်ခု ဖြစ်သော Myanmar Airway International (MAI) က ယခု အောက်တိုဘာ လကုန်မှ စ၍ ဘန်ကောက်နှင့် စင်ကာပူ အကြား နေ့စဉ် လေကြောင်း ခရီးစဉ် ပြေးဆွဲတော့မည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက သတင်း ထုတ်ပြန်သည်။ အဆိုပါ အစီအစဉ်သည် MAI ၏ စင်ကာပူ-ဘန်ကောက် အကြား ပြေးဆွဲမည့် ခရီးစဉ်သစ် တစ်ခု ဖြစ်ကြောင်း၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ စ၍ မတ်လ ၂၆ ရက်နေ့အထိ အဲယားဘတ်စ် အမျိုးအစား လေယာဉ်များဖြင့် ပြေးဆွဲသွားမည် ဖြစ်ကြောင်း၊ လက်မှတ်များကို Authorized Agent များ မှတစ်ဆင့် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

MAI သည် ရန်ကုန်မှ ဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ နှင့် ဂယာ (အိန္ဒိယ) သို့ လေကြောင်း ခရီးစဉ်များ ပြေးဆွဲ ပျံသန်းလျက် ရှိပြီး လာမည့် နိုဝင်ဘာလ ကုန်တွင်လည်း တရုတ်နိုင်ငံ ကွမ်ကျိုးသို့ လေကြောင်း ခရီးစဉ်သစ် စတင် ပြေးဆွဲရန် စီစဉ်ထားသည်။ ဤအတော အတွင်းမှာပင် ဗီယက်နမ် လေကြောင်းလိုင်း (VA) က နိုဝင်ဘာလ ၁၅ ရက်နေ့မှ စ၍ ဟိုချီမင်းနှင့် ရန်ကုန် တိုက်ရိုက် လေကြောင်း ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားကြောင်း သိရသည်။ VA သည် ဟနွိုင်းနှင့် ရန်ကုန် လေကြောင်းလိုင်း ပြေးဆွဲလျက် ရှိပြီး ဗီယက်နမ်နှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရန် အလို့ငှာ ယင်းသို့ ထပ်တိုး ပြေးဆွဲရန် စီစဉ်ခြင်း ဖြစ်သည်။

ပြည်တွင်း လေကြောင်းလိုင်း တစ်ခုဖြစ်သော နိုင်ငံပိုင် မြန်မာ့လေကြောင်း (MA) သည်လည်း ယခုအခါ တရုတ်နိုင်ငံမှ အဲယားဘတ်စ် အမျိုးအစား ခရီးသည်တင် လေယာဉ် သုံးစင်း ဝယ်ယူရန် စီစဉ်လျက် ရှိသည်။ လက်ရှိ ပြေးဆွဲနေသော F 32 ဖော်ကာ အမျိုးအစား လေယာဉ်များ နေရာတွင် အစားထိုးရန် ဝယ်ယူခြင်း ဖြစ်ကြောင်း လေကြောင်း အာဏာပိုင်များနှင့် နီးစပ်သော သတင်း ရင်းမြစ်များက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြေးဆွဲနေသော နိုင်ငံခြား လေကြောင်းလိုင်း ၁၃ ခု ရှိသည်။ ယင်းတို့မှာ Air China၊ China Southern Airline၊ Thai Airways International၊ Indian Airlines၊ Qatar Airways၊ Silk Air၊ Malaysian Airlines၊ Bangkok Airways၊ Mandarin၊ Jetstar Asia၊ Phuket Airline၊ Thai Air Asia နှင့် Vietnam Airlines တို့ ဖြစ်သည်။

Xinhua သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လာမည့် နိုဝင်ဘာလ ၇ ရက် ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပပြီးနောက် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန် ထိုင်းဝန်ကြီးချုပ် အဖိဆစ်ဝိချာချီဝက စီစဉ်ထားကြောင်း MCOT သတင်းဌာနက ဆိုသည်။ ထိုင်းဝန်ကြီးချုပ်သည် ရွေးကောက်ပွဲ နောက်ပိုင်း ကာလ အိမ်နီးချင်း မြန်မာနိုင်ငံ၏ မူဝါဒကို သိရှိ နားလည်နိုင်ရန်နှင့် နယ်စပ် ကုန်သွယ်ရေး ဝင်ပေါက် ပိတ်ပင်ထားမှုနှင့် ပတ်သက်၍ မြန်မာ အာဏာပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးရန် ဟူသော ရည်ရွယ်ချက်ဖြင့် လာရောက် လည်ပတ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး Kasit Piromya က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပ ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ပြောကြားသည်။

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပ ပြုလုပ်သည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ပြီးဆုံးသွားသည့် နောက်ပိုင်း ထိုင်းဝန်ကြီးချုပ် အဖိဆစ် အနေဖြင့်  မြန်မာ နိုင်ငံ၏ အုပ်ချုပ်ရေး မဟာဗျူဟာကို တိုက်ရိုက် ရရှိမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းဝန်ကြီးချုပ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ် ပူပန်လျက် ရှိသည့် အရေးကိစ္စ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကိုလည်း မြန်မာ ခရီးစဉ်တွင် ထုတ်ဖော် ပြောဆိုရန် အခွင့်အရေး တစ်ခုပင် ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးက ဖြည့်စွက် ပြောဆိုသည်။

ဤအတော အတွင်းမှာပင် ထိုင်းဝန်ကြီးချုပ်က မြဝတီ-မဲဆောက် နယ်စပ် တံခါးပေါက် ပိတ်ထားသည့် အရေးကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ အာဏာပိုင်များနှင့် စေ့စပ် ညှိနှိုင်းရန် စီစဉ်ထားသည်။

ထိုင်းနိုင်ငံ၊ တက်ပြည်နယ် မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီ နယ်စပ်မြို့ အကြား စစ်ဆေးရေး ဂိတ်ကို မြန်မာဘက်က ဇူလိုင်လ ၁၂ ရက်နေ့တွင် ပိတ်ပင်ခဲ့ရာ နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ များစွာ ကမောက်ကမ ဖြစ်ခဲ့ရသည်။

ထိုင်း-မြန်မာ လမ်းပန်း ဆက်သွယ်ရေး ကွန်ယက် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ရာတွင် နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေးသည် လွန်စွာ အရေးကြီးသည့် ကိစ္စ ဖြစ်သကဲ့သို့ ဝန်ကြီးချုပ် အဖိဆစ် ခရီးစဉ်၏ အာဂျင်တာ တစ်ခုလည်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထို့ပြင် ထိုင်းနိုင်ငံက ငွေကြေးစိုက်ထုတ် ထားသော လမ်းပန်း ဆက်သွယ်ရေး တည်ဆောက်မှု ဆိုင်ရာ စီမံကိန်းများသည်လည်း အခြားသော အာဂျင်ဒါများ အဖြစ် ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။

ဝန်ကြီးချုပ် အဖိဆစ်သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လက မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက် လည်ပတ်ရန် စီစဉ်ခဲ့သော်လည်း အစီအစဉ် ဖျက်သိမ်းလိုက်ရသည်။ အကြောင်းမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ အမေရိကန် နိုင်ငံသား တစ်ဦး ခိုးဝှက် ဝင်ရောက်သည် ဆိုသည့် အရေးကိစ္စ ဖြစ်ပေါ်နေခဲ့သောကြောင့် ဖြစ်သည်။ ထို့နောက် ယခုနှစ် သြဂုတ်လ အတွင်း လာရောက်ရန် စီစဉ်ခဲ့ပြန်သော်လည်း နှစ်ဖက်သော အစိုးရ ခေါင်းဆောင်များတွင် အခြား လုပ်ဆောင်စရာ အရေးကိစ္စများ ပေါ်ပေါက်နေခဲ့သောကြောင့် ဖျက်သိမ်းခဲ့ရသည်။

MCOT သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

NNT, 2nd October 2010

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Abhisit Vejjajiva က သတင်းစာ ဆရာများသို့ သောကြာနေ့က ပြောကြားရာတွင် ၎င်းသည် နိုင်ငံရေး အကျဉ်းသား ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍ မြန်မာ အစိုးရနှင့် ပွင့်ပွင့်လင်းလင်း စကားပြောမည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲ မတိုင်မီ အောက်တိုဘာ (၁၁) ရက်နေ့တွင် မြန်မာနိုင်ငံသို့ တရားဝင် သွားရောက်ရန် ရှိနေဆဲ ဖြစ်ကြောင်း Abhisit က သောကြာနေ့က ထုတ်ဖော် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းထားမှု ကိစ္စအား အစည်းအဝေးတွင် ဆွေးနွေးမည် ဟုတ်မဟုတ် မေးမြန်းရာ ဝန်ကြီးချုပ်က အဆိုပါ ကိစ္စကို အထက်တွင် လိုရင်း ဖြေဆိုခဲ့ပြီး ဖြစ်ကြောင်း ပြောခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Editorial, The Nation, 2nd October 2010

ကာလ ရှည်ကြာ ငြိမ်းချမ်းရေး ယူထားသော မြန်မာ စစ်တပ်နှင့် တိုင်းရင်းသား သူပုန်များ ကြားတွင် ဖြစ်ပေါ်လာသော အက်ကြောင်းသည် ထိုင်းနိုင်ငံအတွက် ဒုက္ခသည် အမြောက်အများ ပြေးဝင် လာဦးမည် ဆိုသော သဘောပင် ဖြစ်သည်။

နာမည်ဆိုးဖြင့် ကျော်ကြားသော ရွှေတြိဂံ နယ်မြေ၏ မြန်မာနိုင်ငံဖက် အပိုင်းကို ကမ္ဘာက အာရုံ စိုက်လာကြ ရပြန်ပြီ ဖြစ်သည်။ သွေးထွက် သံယိုကိန်း ဖြစ်ပြီး ထိုင်းနှင့် တရုတ်တို့အတွက် ခေါင်းခဲစရာ ကိစ္စ ဖြစ်သည်။

အကယ်၍ မြန်မာ စစ်တပ်သည် "၀"ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်း ရေးကို ဖျက်၍ စစ်တိုက်ခဲ့လျှင် ထွက်ပေါ်လာမည့် စစ်ပြေး ဒုက္ခသည် (100000) ခန့်အတွက် နယ်စပ်ရှိ ထိုင်းနှင့် တရုတ် အာဏာပိုင်များသည် တစ်ခုခု လုပ်ရန် ပြင်ဆင်လျက် ရှိသည်။

တိုင်းရင်းသား လက်နက်ကိုင်များနှင့် မြန်မာ အစိုးရကြား ၁၉၉၈ ခုနှစ်က သဘော တူထားသော ငြိမ်းချမ်းရေး သဘော တူညီမှုမှာ ပြီးခဲ့သည့်နှစ်က ကိုးကန့်ကို နှိမ်နှင်း အပြီးတွင် သိသာစွာ ပျက်ယွင်းသွားခဲ့သည်။ ထိုနောက်ပိုင်းတွင် မြန်မာ အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်များအား ယင်းတို့ လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင် ပြောင်းရန် ဖိအားတိုး၍ ပေးခဲ့သည်။

"၀" (USWA)၊ ကချင် စသည် တိုင်းရင်းသား လက်နက်ကိုင်များသည် လွန်ခဲ့သည့် အနှစ် ၂၀ က ဗမာပြည် ကွန်မြူနစ်ပါတီ ကျဆုံးသွားခြင်းကြောင့် အစိုးရနှင့် ငြိမ်းချမ်းရေး စာချုပ် သဘောတူခဲ့ခြင်း ဖြစ်ပြီး ယခု နယ်ခြားစောင့်တပ် အစီအစဉ်ကြောင့် ယင်းတို့သည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု အပါအ၀င် စီးပွားရေး ကိစ္စများရော ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ရပ်တည်မှုများပါ ရှိတော့မည် မဟုတ်ပေ။

မြန်မာ အစိုးရဖက်မှ ကာကွယ် ပြောဆိုမည့်သူများ အနေဖြင့်မူ တိုင်းရင်းသား လက်နက်ကိုင်များကို ကိုယ်ပိုင် လွတ်လပ်ခွင့် ပေးထားမှု ရပ်ဆိုင်းလိုက်ခြင်းသည် မူးယစ်ဆေးဝါး လုပ်ငန်းကြီး ရပ်သွားလိမ့်မည်ဟု ငြင်းချက် ထုတ်နိုင်ပေသည်။

သို့သော် မကြာမီက ထုတ်ပြန်သော ရှမ်းသံတော်ဆင့် သတင်း (SHAN) ၏ အစီရင်ခံစာအရ အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်ခံခဲ့သော အုပ်စုများသည် "၀" (USWA) လုပ်ခဲ့သော မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းဝယ်မှုကို လုပ်ကိုင်နေကြပြီဟု သိရှိရသည်။

ယင်းတို့သည် မကြာမီကမှ ရရှိသော အခွင့်အရေး သစ်များနှင့်အတူ အဆိုပါ တရားမ၀င် လုပ်ငန်းများကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးလိုက်သကဲ့သို့ ဖြစ်သွားသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရှမ်းပြည် မြောက်ပိုင်း တစ်ခုတည်းတွင်ပင် လက်နက်ကိုင် အုပ်စု (၄ဝဝ) ခန့် ရှိကြောင်း ရှမ်းသံတော်ဆင့်က ခန့်မှန်းထားသည်။ ယင်းတို့၏ ခေါင်းဆောင်များမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ထိုင်းနှင့် အမေရိကန် ဖက်ဒရယ် တရားရုံးများက အလို ရှိနေသူများ ဖြစ်သည်။

ထို့အပြင် အားလုံး သိသော လျှို့ဝှက်ချက်မှာ တရားမ၀င် မူးယစ်ဆေးဝါး ရောင်းဝယ်၍ ရသော ငွေများဖြင့် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးမှုများတွင် သုံးခြင်း၊ မြို့များ တည်ဆောက်ခြင်းနှင့် မြန်မာ ထိပ်တန်း ဗိုလ်ချုပ်များကို ဆက်သရခြင်းများတွင် အသုံးပြုသည်။

အပတ်စဉ် အခြေခံ တွက်ချက်မှုများအရ ထိုင်းနိုင်ငံရှိ မြို့များ၊ လမ်းများသို့ အဆိုပါ တောင်ပေါ် ဒေသမှ မက်သာဖက်တမင်း ဆေးပြား သန်းနှင့် ချီ၍ ၀င်ရောက်လာသည်ဟု ဆိုသည်။ ထိုင်းနိုင်ငံ၏ အဆိုပါ ဆိုးရွားသော အခြေအနေသည် မြန်မာနိုင်ငံ၏ ထိပ်တန်းအရေး မဟုတ်ဟု ငြင်းချက် ထုတ်ကောင်း ထုတ်နိုင်မည် ဖြစ်သည်။ မြန်မာ နိုင်ငံ၏ အမြဲတမ်း ဦးစားပေးမှာ လုံခြုံရေးသာ ဖြစ်သည်။

တရုတ် အစိုးရသည် မြန်မာ အစိုးရအား နိုင်ငံရေး နည်းလမ်းကို ရွေးချယ်ရန် လက်မလျှော့သင့်ကြောင်း အကြံပြုခဲ့သော်လည်း မြန်မာ အစိုးရကမူ ယခုအထိ စိတ်ဝင်စားပုံ မရပေ။ နှစ်ပေါင်း ကြာမြင့်သော ကာလ ကတည်းက မြန်မာနိုင်ငံအပေါ် တရုတ်သြဇာ ညောင်းသည်ဟု လက်ခံလာကြသော်လည်း ကိုးကန့်ကို မြန်မာ အစိုးရက နှိမ်နှင်းပြီးကတည်းက ထိုယုံကြည်ချက်ကို စွန့်လွှတ်ရမလို ဖြစ်ခဲ့ရသည်။

မြန်မာ နိုင်ငံဘက်မှ တရားမျှတစွာ ပြောရလျှင် မည်သည့် နိုင်ငံမဆို နယ်စပ် လုံခြုံရေးကို အလိုရှိ ကြမည်သာ ဖြစ်သည်။ ဆိုလိုသည်မှာ နယ်စပ် တစ်လျှောက် မိမိ အချုပ်အခြာ နယ်မြေအတွင်း မည်သည့် သူပုန်တပ်မျှ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မပြုနိုင် ဆိုသည့် သဘော ဖြစ်သည်။

နောက်ထပ် ငြင်းချက် ထုတ်နိုင်သည့် အရာတစ်ခုမှာ မူးယစ်ဆေးဝါးနှင့် သူပုန်ထမှုသည် ခေါင်းနှင့် ပန်းလို တွဲလျက် ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။ တစ်နည်း ပြောရလျှင် သူပုန်များနှင့် ပတ်သက်၍ ပြည့်စုံသော အဖြေ မထုတ်နိုင်မခြင်း မည်သည့် မူးယစ်ဆေးဝါး ပပျောက်ရေး မူဝါဒများမဆို မအောင်မြင်နိုင် ဟူ၍ ဖြစ်သည်။

ထိုင်းနိုင်ငံသည် အိမ်နီးချင်း နိုင်ငံများမှ ဒုက္ခသည်များကို လက်ခံရသည့် ရှည်လျားသော သမိုင်းကြောင်း ရှိသည်။ လက်ရှိအားဖြင့် ထိုင်း-မြန်မာ နယ်စပ်တွင် ဒုက္ခသည် စခန်းပေါင်း များစွာ ရှိပြီး၊ မြန်မာ နိုင်ငံမှ ဒုက္ခသည်များ သိန်းနှင့်ချီ၍ နေနေကြသည်။ အဆိုပါ ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန် အစီအစဉ် မှန်သမျှကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်စွာ ကန့်ကွက်လျက် ရှိနေ၍ ထိုင်းနိုင်ငံ အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းတွင် ပါဝင်နေရာ၊ ထိုသို့ မလုပ်သင့်ဘဲ ဒုက္ခသည်များ၏ မူရင်း အရပ်ဒေသသည် လုံခြုံပြီ ဆိုမှသာ ပြန်ပို့သင့်သည်။

သို့သော် နောက်ဆုံး အခြေအနေအရ နယ်စပ်တစ်လျှောက်ရှိ စစ်တပ် တာဝန်ရှိသူများ ပြောကြားရာတွင် နယ်စပ်တစ်ခုလုံး မီးခိုးလွှမ်းနိုင်ကြောင်း ဆိုသည်။ ယင်းတို့က လက်ရှိ အစိုးရတပ်များနှင့် တိုင်းရင်းသား တပ်များ၏ တင်းမာမှုကို ညွှန်းဆိုကြသည်။ တိုင်းရင်းသား လက်နက်ကိုင်များက လက်ရှိ အဖြေ မထွက်သော အခြအနေတွင် ဆက်နေလိုပြီး လက်နက် ချလိုက်ခြင်းသည် ယင်းတို့၏ ခွဲထွက်လိုသော အိပ်မက် ပျက်ပြယ်မည် ဖြစ်ပြီး ငွေရလွယ်သော မူးယစ်ဆေးဝါး လုပ်ငန်း ရပ်ဆိုင်းသွားမည်ကို စိုးရိမ်ကြသည်။

ထိုင်းနိုင်ငံ အနေဖြင့်မူ ခက်ခက်ခဲခဲ ရှည်ရှည်လျားလျား စဉ်းစားရတော့မည် ဖြစ်သည်။ ဒုက္ခသည်ပေါင်း များစွာ အတွက် အထူးသဖြင့် စားဝတ်နေရေး ပြဿနာ စိန်ခေါ်မှုများ ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ 1970 ခုနှစ်က အိမ်နီးချင်းကောင်း မူဝါဒအရ အင်ဒိုချိုင်းနားမှ ဒုက္ခသည်များ သိန်းနှင့်ချီ၍ လက်ခံ ခွင့်ပြုခဲ့ရခြင်းကို ပြန်လည် သုံးသပ်၍ လုပ်ပေးရမည့် ကိစ္စကိုတော့ လုပ်ရပေတော့မည်ဟု ညှိနှိုင်း လက်ခံရတော့မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The New Kerala, 1st October 2010

အန်ဒမန် ပင်လယ်တွင် ပိုင်နက် ကျူးကျော် ငါးဖမ်းသော မြန်မာ ရေလုပ်သား ၁၀ ဦးကျော်နှင့် ငါးဖမ်းစက်လှေ ၂ စင်းကို အိန္ဒိယ ကမ်းခြေစောင့် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ပင်လယ်ပြင်တွင် ပြီးခဲ့သော တနင်္ဂနွေနေ့ကပင် ဆက်တိုက် ကင်းလှည့်နေသော ကမ်းခြေစောင့် သင်္ဘော Durga Bai Deshmukh က အဆိုပါ စက်လှေ ၂ စင်းကို ကြာသပတေးနေ့ သန်းခေါင်ယံတွင် ရေဒါ၌ ထောက်လှမ်းမိခြင်း ဖြစ်သည်။

ကမ်းခြေစောင့် သင်္ဘောကို မြင်သည်နှင့် အဆိုပါ ငါးဖမ်းစက်လှေ ၂ စင်းက ဆန့်ကျင်ဖက် လားရာ ၂ ဖက်ဆီသို့ ဦးတည်ကာ မောင်းနှင် ထွက်ပြေးကြသည်။ တစ်စင်းက အရှေ့ဖက်ကျွန်း ရေတိမ်ပိုင်းသို့ ဦးတည် ခုတ်မောင်းရန် ကြိုးစားခဲ့ပြီးနောက် တစ်စင်းက မြန်မာ ရေပိုင်နက်ဆီသို့ ဦးတည်ကာ ပြန်လှည့် မောင်းပြေးခဲ့သည်။ ရေတိမ်ပိုင်း ရေပြင်တွင် သင်္ဘောကို သတိကြီးစွာ ထား၍ ခုတ်မောင်း လိုက်လံ ဖမ်းဆီးခဲ့ရာ စက်လှေ ၂ စင်းနှင့် ရေလုပ်သား ၁၀ ဦးကို ဖမ်းဆီး ရမိခဲ့သည်ဟု အင်ဒါမန်နှင့် နီကိုးဘား ကျွန်းစု ကမ်းခြေစောင့်တပ်မှ ပြန်ကြားရေး အရာရှိက ပြောကြားသည်။

ယခု ဖမ်းဆီးမှုသည် အောက်တိုဘာလ အတွင်း ပထမဆုံး ဖမ်းဆီးမှု ဖြစ်ပြီး ယခင်လက မြောက်ပိုင်း ကျွန်းစုများတွင် ငါးခိုးဖမ်းသူ ရေလုပ်သား ၁၄၀ နှင့် ငါးဖမ်းစက်လှေ ၁၁ စင်း ဖမ်းဆီး ရမိခဲ့သည်ဟု သိရသည်။

"ဒီငါးဖမ်း စက်လှေတွေ အားလုံးကို အိန္ဒိယ ရေပိုင်နက် ရေနက်ပိုင်းမှာ ဖမ်းမိတာပါ။ ဒါ့အပြင် ရေကြောင်း ရဲတပ်ဖွဲ့ကလည်း ဒီရေတော ချောင်းတွေထဲမှာ ငါးခိုးဖမ်းသူတွေ ကိုလည်း ဖမ်းဆီးထားပါတယ်" ဟု အဆိုပါ အရာရှိက ပြောကြားသည်။

"ကမ်းခြေစောင့် တပ်ဖွဲ့နဲ့ ရေကြောင်း ရဲတပ်ဖွဲ့ဟာ နီးနီးကပ်ကပ် စစ်ဆင်ရေး ပူးပေါင်း ညှိနှိုင်းမှုကို လုပ်ဆောင်နေကြပါတယ်။ အထူးသဖြင့် ကမ်းခြေစောင့် သင်္ဘောတွေ ရေစူး မလွှတ်လို့ မဝင်နိုင်တဲ့ ရေတိမ်ပိုင်းတွေ၊ ချောင်းတွေ၊ မြောင်းတွေထဲကို ငါးဖမ်း စက်လှေတွေ ဝင်ပြေးတဲ့ အချိန်မှာပါ'' ဟု ၎င်းက ဆက်လက် ပြောသည်။

ဖမ်းဆီးမိထားသော စက်လှေ ၂ စင်းနှင့် ရေလုပ်သားများကို Diglipur သို့ ပို့ဆောင်ပြီး ဥပဒေကြောင်းအရ တရား စွဲဆိုရန်အတွက် ရဲများထံ အပ်နှံမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.