Transparency Myanmar

transparency.myanmar@gmail.com

The Australian, 18th October 2010

မြန်မာနိုင်ငံ၏ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရက်တစ် အစိုးရကို ဦးဆောင်ရန် သူမ၏ အိပ်မက် အဆုံးသတ်နှင့် ကြုံတွေ့နေရပေသည်။

သူမ၏ ပါတီမှာ အသက် မရှိတော့ခြင်း၊ ကွဲသွားခြင်းများသည် လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ အောင်ပွဲခံမည့် လက္ခဏာကို ပြသနေသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် တောင်းဆိုမှုသည် သူမ၏ အတိုက်အခံ ပါတီကို အကွဲအပြဲ ဖြစ်စေပြီး ပြည်ပရောက် အစိုးရ ဆန့်ကျင်သူများက သူမ၏ ခေတ်တစ်ခု ပြီးဆုံးကာ နီးပြီဟု ယုံကြည်လျက် ရှိသည်။ သူမအား ထောက်ခံသူ (၁၆၀) ကျော်သည် သူမ၏ ပြောစကားကို ငြင်းဆန်၍ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

ထိုင်းနိုင်ငံ အစ တရုတ် နိုင်ငံအဆုံး အစိုးရများသည် မြန်မာ စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေး လုပ်ရန် တန်းစီနေကြသည်။ ဗိုလ်ချုပ်များကလည်း ၎င်းတို့၏ ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံလိမ့်မည်ဟု ယုံကြည်မှု ရှိပုံ ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဦးနှောက် ဖြစ်သော စစ်သားဟောင်းကြီးများနှင့် ပညာတတ် နိုင်ငံရေး သမားကြီးများမှာလည်း အသက်အရွယ် ကြီးမြင့်လာမှုကြောင့် ဘေးရောက်သွား ကြပြီ ဖြစ်သည်။

နိုင်ငံရေး လှုပ်ရှားသူများမှာ ၎င်းတို့ အထဲတွင် သေဆုံးသူများ၏ အသုဘ အခမ်းအနားများတွင်သာ စုဝေး တွေ့ဆုံကြပြီး၊ အဖမ်းခံရမည့် အရေး၊ တိုက်ခိုက်ခံရမည့် အရေးမှ ကာကွယ်ရန် လူထု အကြားတွင် တွေ့ဆုံမှုမှာ ရှားပါးလှသည်။

စစ်အစိုးရ အုပ်ချုပ်မှု အောက်တွင် ပြုလုပ်သော ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ဟုဆိုကာ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် တရားဝင် ရပ်တည်ခွင့် မရှိတော့ချေ။

မျှော်လင့်ချက် မရှိသော အခြေအနေတွင် သူမ၏ ပါတီမှ အဖွဲ့ဝင် (၁၆၃) ဦးသည် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီအဖြစ် ရွေးကောက်ပွဲ ဝင်ရောက်ခဲ့သည်။ အတိုက်အခံကို ထောက်ခံသူများ သည်လည်း ရွေးကောက်ပွဲကို မတရားမှု အဖြစ် မှတ်ယူရမည်လော။ မဲတစ်ခုချင်းအတွက် တိုက်ပွဲ ဝင်ရမည်လော ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်သည်။ စစ်တပ်သည် ပါလီမန်၏ လေးပုံ တစ်ပုံသော နေရာကို ၎င်းတို့အတွက် သတ်မှတ်ထားပြီး၊ ၎င်းထောက်ခံသော ပါတီများ အများစု အနိုင်ရရေး အတွက်လည်း အာမခံပြီး ဖြစ်သည်။

"စစ်အစိုးရဟာ အခု မဲဆွယ်တဲ့ အခါမှ လျှို့ဝှက် စီမံနေသလို မျိုးတော့ နောက်ထပ် ဆက်လုပ်မယ် မထင်တော့ဘူး" ဟု ဧရာဝတီ မဂ္ဂဇင်းက ပြောသည်။

မြန်မာ နိုင်ငံ၏ မဲဆန္ဒ ပေးပိုင်ခွင့် ရှိသူ (၂၇) သန်းတွင် မည်မျှ မဲမပေးဘဲ နေမည်ကို ကြည့်ရမည်မှာ ကြီးမားသော စမ်းသပ်မှုကြီး တစ်ခုပင် ဖြစ်သည်။ ပြည်ပရောက် နိုင်ငံရေး အကျဉ်းသားဟောင်း မြင့်ဆွေက ရေးသားထားရာတွင် အကယ်၍ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိ ပြည်သူလူထု အများစုက ဒေါ်အောင်ဆန်းစုကြည်၏ သပိတ်မှောက်ရန် တောင်းဆိုမှုကို လစ်လျူရှုခဲ့လျှင်၊ သူမ၏ သြဇာ လွှမ်းမိုးမှု ကျဆင်းခဲ့ပြီဟု အဓိပ္ပာယ် ကောက်ရမည် ဖြစ်ပါသည်ဟု ဖော်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာလူငယ် မျိုးဆက်ကို မျှော်လင့်ချက်ရော အလုပ်အကိုင်ပါ မရှိ ဖြစ်စေသော  အရေးယူ ပိတ်ဆို့မှုများကို ပြုလုပ်ရန် တောင်းဆိုချိန်တွင် သူမ၏ ပါတီမှ အဘိုးကြီးများသည် မှားယွင်းသော ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။ အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်ကို စစ်အစိုးရအား မုန်းတီးသော မြန်မာ အတော်များများက ကျယ်ကျယ် လောင်လောင် အော်ဟစ်ခဲ့ကြသည်။ အထီးကျန် ပစ်ထားရေး မူဝါဒကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း၍ အနောက်နိုင်ငံများက လိုက်လုပ်သော်လည်း မည်သည့် အကျိုး ရလဒ်မျှ မထွက်ခဲ့ပေ။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၇၇) နှစ် သည် ရက်စက် ကြမ်းကြုတ်သော ကျွမ်းကျင်မှု နည်းကို သုံး၍ အချင်းချင်း  ရန်ဖြစ်စေသော နည်းကို ကောင်းစွာ ကစားပြနိုင်ခဲ့သည်။

"သန်းရွှေဟာ သူနဲ့ သူ့မိသားစုအတွက် လုံခြုံတဲ့ ထွက်ပေါက်ကို ပြင်ဆင်ခဲ့တာကို မှန်းဆနိုင်ပါတယ်။ ပြီးတော့ တည်ငြိမ်တဲ့ အစိုးရသစ်ကိုလည်း သူတွေ့လိုတာပေါ့" ဟု ဧရာဝတီမှ အောင်ဇော်က ရေးသားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Sydney Morning Herald, 18th October 2010

မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှုသည် အခြား အရှေ့တောင် အာရှ နိုင်ငံ အားလုံးအား အရိပ် မိုးလျက် ရှိပြီး ထုတ်လုပ်မှုမှာလည်း တစိုက်မတ်မတ် ထောင်တက်လျက် ရှိသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါး ကွပ်ကဲရေး အကြီးအကဲက ယနေ့ ပြောကြားမည် ဖြစ်ကြောင်း သိရှိရသည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်း ဆိုင်ရာဌာန UNODC ၏ အရှေ့အာရှ ဌာန အကြီးအကဲ Gary Lewis က "မြန်မာ နိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု လွန်ခဲ့သည့် ၄ နှစ်အတွင်း သိသိသာသာ မြင့်တက်လာခြင်း" ကို ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားမည်ဟု ဆိုသည်။ နိုင်ငံ ဖြတ်ကျော် မှုခင်းများ ခြိမ်းခြောက်မှုကိုလည်း ယခုထက် ပို၍ ကိုင်တွယ် ဖြေရှင်းကြရန် အစိုးရများကို ၎င်းက တောင်းဆိုဦးမည် ဖြစ်သည်။

"နိုင်ငံ ဖြတ်ကျော် မှုခင်းတွေဟာ တရားဥပဒေ အဖွဲ့အစည်းတွေရဲ့ စွမ်းရည်ထက် နိုင်ငံတကာနဲ့ ချီပြီး မြန်ဆန် သာလွန်နေပါတယ်" ဟု  ၎င်းက ပြောကြားမည် ဖြစ်ကြောင်း သိရှိရသည်။

"ဒီပြဿနာတွေဟာ အခု အချိန်မှာ အစိုးရတွေ၊ လူ့အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းတွေ အပေါ်မှာ မိုးနေတဲ့ ခြိမ်းခြောက်မှု တစ်ခုအဖြစ် ကိုယ်စားပြုနေပါတယ်။ တချို့ ကိစ္စတွေမှာ ဆိုရင် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးမှုကို သာမက တိုင်းပြည်တွေရဲ့ အချုပ်အချာ အာဏာကိုတောင် ခြိမ်းခြောက်လာတာ တွေ့ရပါတယ်" ဟု ၎င်း၏ မိန့်ခွန်းတွင် ပါရှိသည်။

မဲလ်ဘုန်းတွင် ပြုလုပ်သည့် Australia Institute of Criminology ၏ ဆိုးဝါးစွာ ကျူးလွန်လာသော မှုခင်းများဆိုင်ရာ ညီလာခံတွင် အထက်ပါ မိန့်ခွန်းကို ပြောကြားမည် ဖြစ်သည်။ အခြား ကျွမ်းကျင် ပညာရှင်များလည်း ပါဝင် ဆွေးနွေးကြမည့် ၎င်းညီလာခံတွင် FBI မှ ကိုယ်စားလှယ်များလည်း ပါဝင်သည်ဟု သိရသည်။

စနစ်တကျ ဖွဲ့စည်းထားသော ရာဇဝတ်ဂိုဏ်း ဆင်ဒီကိတ် အဖွဲ့ကြီးများနှင့် ပတ်သက်၍ တိကျသော သတင်း အချက်အလက်များ မရှိခြင်းနှင့် ၎င်းတို့ကို အားပေး အားမြှောက် ပြုနေသည့် အကျင့်ပျက် ခြစားသော အစိုးရများကြောင့် ထိုအဖွဲ့များကို နှိမ်နှင်းရာတွင် အဟန့်အတား ဖြစ်နေသည် ဆိုသည်ကိုလည်း Gary Lewis က ထည့်သွင်း ပြောကြားမည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 18th October 2010

မကြာသေးမီက မြောက်ကိုးရီးယားက တောင်ကိုးရီးယားသို့ ပြောကြားခဲ့မှုများသည် ရိုးသားမှု မရှိကြောင်း ထိပ်သီး အစည်းအဝေးများ မကျင်းပမီတွင် ငြိမ်းချမ်းရေး အတွက် စစ်မှန်သော လိုလားမှုများ ရှိကြောင်း ပြသရမည် ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ဝေသော အင်တာဗျူး တစ်ခုတွင် တောင်ကိုးရီးယား ဝန်ကြီး တစ်ဦးက ပြောကြားခဲ့သည်။

ပြန်လည် ပေါင်းစည်းရေး ဝန်ကြီး Hyun In-Taek က ပြောကြားရာတွင် ပြုံယမ်းသည် အာဏာ ဆက်ခံရေး လုပ်ငန်းစဉ်ကို နေသားတကျ ဖြစ်အောင် အချိန်တို အတွင်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ သို့သော် ယင်းကိစ္စသည် နိုင်ငံရေး တည်ငြိမ်မှုကိုမူ ပေးစွမ်းနိုင်မည် မဟုတ်ဟု ဆိုသည်။

Hyun ၏ ဝန်ကြီးဌာနသည် နယ်စပ် ပူးတွဲ ဆက်ဆံရေးကို ကိုင်တွယ်ရသည် ဖြစ်ရာ ၎င်းက တောင်ကိုးရီးယား အစိုးရသည် တဖြည်းဖြည်း ပြန်လည် ပေါင်းစည်းမှုအတွက် ကုန်ကျစရိတ်များကို ကူညီ ပေးသွားရေး အတွက် အထူး အခွန်ငွေ ကိစ္စကို လာမည့် နွေရာသီတွင် အပြီးသတ် စီစဉ်မည် ဖြစ်ကြောင်း ပြောခဲ့ပြီး ဝန်ကြီးဌာနက ၎င်း၏ မှတ်ချက်ကို အတည်ပြုခဲ့သည်။

ပြီးခဲ့သည့် မတ်လက တောင်ကိုးရီးယား စစ်သင်္ဘောအား တိုပီဒိုဖြင့် တိုက်ခိုက်ခံရခြင်း အပေါ် ဆိုးလ်က ပြုံယမ်းအား စွပ်စွဲခဲ့မှု ပြီးကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးမှာ အေးခဲနေခဲ့သည်။

သို့ရာတွင် မြောက်ကိုးရီးယားသည် ပြီးခဲ့သည့် အပတ်များက ပြန်ပေါင်းထုတ်ရေးနှင့် ပတ်သက်၍ အရိပ် လက္ခဏာ ပြခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် လကုန်ပိုင်းက ကွဲကွာနေသော မိသားစုများ ယာယီ တွေ့ဆုံနိုင်ရေး အတွက် သဘောတူမှုနှင့် အခြား ဆွေးနွေးမှုများ အတွက် အဆိုပြုမှုများ ပါဝင်သည်။

နွေးထွေးသော အမူအယာ ပြသမှုကို မရိုးသားမှုကြောင့် ဤကိစ္စကို ပြောင်းလဲရေးအတွက် မအောင်မြင်နိုင်ကြောင်း Hyun က ပြောသည်။

ထိပ်သီး အစည်းအဝေးများသည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုများ အတွက် များစွာ အရေးကြီးသော အဓိပ္ပာယ် ဆောင်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

မီဒီယာ သတင်းများက ပြောကြားရာတွင် နှစ်နိုင်ငံသည် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၀၇ နောက်ပိုင်း နောက်ထပ် ထိပ်သီး အစည်းအဝေး တစ်ခု ကျင်းပနိုင်ရေး အတွက် ပြီးခဲ့သည့် နှစ်က လျှို့ဝှက် ဆွေးနွေးခဲ့ကြောင်း၊ သို့သော် ဆွေးနွေးမှု မအောင်မြင်ကြောင်း ဆိုသည်။

"အခု မေးရမယ့် မေးခွန်းတွေကတော့ ဘယ်တော့ ထိပ်သီး အစည်းအဝေးတွေ လုပ်မှာလဲ ဆိုတာရယ်၊ အဲဒီ အစည်းအဝေးတွေကနေ ဘာတွေ ပြီးမြောက် အောင်မြင်နိုင်မလဲ ဆိုတာတွေပါပဲ"ဟု Hyun က ပြောသည်။

"နောက်မေးခွန်းကြီး တစ်ခုကတော့ မြောက်ကိုးရီးယားဟာ အမှန်တကယ်ပဲ ရိုးရိုးသားသားနဲ့ ချဉ်းကပ် နေတာလား ဆိုတာပါပဲ။ ဒီကိစ္စဟာ ကျွန်တော်တို့ ဆွေးနွေးပွဲ လုပ်ရမလား။ မလုပ်ရဘူးလား ဆိုတဲ့ အပေါ်များစွာ သက်ရောက်မှု ရှိပါတယ်"ဟု ၎င်းက ပြောသည်။

"ဒါပေမယ့် အခုထိတော့ သူတို့ကို ခန့်မှန်းကြည့်လို့ မရသေးပါဘူး" ဟု Hyun က ပြောသည်။

၎င်းက မြောက်ကိုးရီးယားရှိ နှစ်နိုင်ငံ ပူးတွဲ လုပ်ကိုင်နေသော Kumgang တောင်ပေါ် အပန်းဖြေ စခန်းတွင် စီးပွားဖြစ် ခရီးသွား လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ရန် မြောက်ကိုးရီးယား၏ အဆိုပြုချက်ကို ဥပမာပေး၍ ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် ဇူလိုင်လတွင် မြောက်ကိုးရီးယား စစ်သားက တောင်ကိုးရီးယား ဧည့်သည်အား ပစ်သတ်ခဲ့သဖြင့် တောင်ကိုးရီးယားက ခရီးသွား အစီအစဉ်ကို ရပ်ဆိုင်းခဲ့သည်။

တောင်ကိုးရီးယားက ခရီးသွား အစီအစဉ်များ ပြန်မစမီ ထိုကိစ္စ စစ်ဆေးပေးပါရန်နှင့် လုံခြုံမှု အတွက် အာမခံရန် တောင်းဆိုခဲ့သည်။ ထိုကိစ္စသည် ကွဲကွာနေသော မိသားစုများ ပြန်လည် ပေါင်းစည်းရေး အစီအစဉ်နှင့် မသက်ဆိုင်ကြောင်း ပြောသည်။

ဝင်ငွေကောင်းသော အဆိုပါ ခရီးသွား လုပ်ငန်းမှာ မြောက်ကိုးရီးယား၏ လုံခြုံရေးနှင့် ပတ်သက်သော ကိစ္စများတွင် သဘောထား မပြောင်းမှုကြောင့် လောလောဆယ် ပြန်လည် စတင်ရန် မဖြစ်နိုင်ကြောင်း Hyun က ပြောသည်။

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအီမှ အငယ်ဆုံးသား Jong-un ကိုအာဏာ ဆက်ခံစေရေး အစီအစဉ်မှာ အောင်မြင်မှု ရနိုင်မှု ရှိမရှိ တောင်ကိုးရီးယားက သေချာစွာ စောင့်ကြည့်နေသည်ဟု Hyun က ပြောသည်။

Jong-un မှာ ပြီးခဲ့သည့် လက ကြယ်လေးပွင့် ဗိုလ်ချုပ်အဖြစ် ခန့်ထားခြင်း ခံရပြီး၊ ၎င်း၏ အဆင့်ကို သေချာစေရန် ပါတီတွင် အာဏာရှိသော နေရာကို ပေးခြင်း ခံရသည်။

"နောက်ခေါင်းဆောင် လက်ထက်မှာ  နိုင်ငံရေးအရ တည်ငြိမ်မှု ဘယ်လောက် မြန်မြန် ရမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။ မြောက်ကိုးရီးယားရဲ့ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှု ရမရကို ရောပေါ့" ဟု Hyun က ပြောသည်။ ပြီးခဲ့သည့် လက ပါတီ အစည်းအဝေး၏ အံ့သြစရာ လျင်မြန်မှုနှင့် မျှော်လင့် မထားမှုတို့ကို ဖော်ပြခဲ့သည်။

တောင်ကိုးရီးယား အစိုးရသည် လာမည့် နှစ်ဝက်တွင် ပြန်လည် ပေါင်းစည်းရေးအတွက် ငွေတိုးမြှင့် အသုံးပြုမည့် ကိစ္စကို သဘောတူလိမ့်မည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

တောင်ကိုးရီးယား၏ Korea Development Institute က ပြောကြားရာတွင် အကယ်၍ မြောက်ကိုးရီးယား အစိုးရ ရုတ်တရက် ပြိုလဲသွားခဲ့လျှင် နှစ်သုံးဆယ် အတွင်း ပြန်လည် ပေါင်းစည်းရေး အတွက် ဒေါ်လာ (၂) ထရီလျံ အသုံးပြုရလိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 17th October 2010

တရုတ် နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေပြမှု မကြာမီ အမြင့်ဆုံးသို့ ရောက်လာမည် ဖြစ်သောကြောင့် လတ်တလော သီတင်းပတ်များ အတွင်း အရှိန်မြင့်လာသော ယွမ်ငွေ အပေါ် ဝေဖန်မှုများ ကြာကြာခံမည် မဟုတ်ဟု နိုင်ငံပိုင် သတင်းစာက တနင်္လာနေ့တွင် ဖော်ပြထားသည်။

ငွေလဲနှုန်း မြန်ဆန်စွာ တက်လာခြင်းကို ထိန်းညှိရန် ပြည်တွင်းနှင့် ပြည်ပ စီးပွားရေး ကဏ္ဍတွင် လုံလောက်သော တိုးတက်မှု မရှိခဲ့ဟု ပြည်သူ့နေ့စဉ် သတင်းစာ ပင်လယ်ရပ်ခြား ကဏ္ဍ ဆောင်းပါးက ဆိုသည်။

တရုတ်နိုင်ငံက ဒေါ်လာနှင့် ယွမ် ငွေလဲလှယ်နှုန်း ၂၃ လကြာ ချည်နှောင်ထားမှုကို ဇွန်လက လွှတ်ပေးခဲ့ပြီးနောက် ဒေါ်လာနှင့် လဲလှယ်သည့် ယွမ်ငွေ ၂.၈ % တက်လာခဲ့ပြီး သြဂုတ်လ နောက်ပိုင်းတွင် အများဆုံး တက်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

Chinese Academy of Social Scieneces မှ သုတေသန ပညာရှင် ဝမ်ဂျန်က "ပြည်ပမှ ဖိအားပေးမှုကို တရုတ်နိုင်ငံက ဦးမညွတ် သင့်သကဲ့သို့ လက်ခံမည်လည်း မဟုတ်ကြောင်း" ပြောကြားခဲ့ခြင်းကို ကိုးကား၍ သတင်း ဖော်ပြထားခြင်း ဖြစ်သည်။

"တကယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ တခြားနိုင်ငံ အချို့ရဲ့ ပူးပေါင်း ဖိအားပေးမှုကြောင့် ယွမ်ငွေ ဝုန်းကနဲ တက်သွားတယ် ဆိုရင် တရုတ်နိုင်ငံဟာ သူ့ရဲ့ ငွေကြေးကို ကိုင်တွယ် ကစားနေတဲ့ အဓိပ္ပာယ် ရောက်သွားမှာပေါ့ မဟုတ်ဘူးလား" ဟု ဝမ်ဂျန်က ပြောကြားကြောင်း ဆောင်းပါးတွင် ရေးသားထားသည်။

တရုတ်နိုင်ငံကို ငွေကြေး ကစားသူ အဖြစ် သတ်မှတ်ရေးနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ဘဏ္ဍာရေး ဌာနက ယခင်အပတ်က ပြုလုပ်ရန် ကြိုးစားခဲ့သည့် ဆုံးဖြတ်ချက်ကို ရည်ညွှန်းသည့် အနေဖြင့် ဝမ်ဂျန်၏ မှတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလကုန် တိုင်အောင် ဆိုင်းငံ့ထားရန် အမေရိကန်တို့ ဖက်က ရွေးချယ်ခဲ့သည်။ အမေရိကန် ကွန်ဂရက် လွှတ်တော် နှစ်လယ် ရွေးကောက်ပွဲများနှင့် G-20 ထိပ်သီး ဆွေးနွေးပွဲများ ထိုအချိန်တွင် ကျင်းပ ပြီးစီးပြီး ဖြစ်သည်။

ယွမ်ငွေ အပေါ် ဖိအားပေးမှု တိုးလာခြင်း မကြာမီ လျှော့သွားဖွယ် ရှိကြောင်း၊ အကြောင်းမှာ တရုတ်နိုင်ငံ၏ ကုန်သွယ်ရေး ပိုငွေပြမှု ထိပ်သို့ တက်လာနေ၍ ဖြစ်ကြောင်း People's Daily ပြည်သူ့ နေ့စဉ် သတင်းစာက ဖော်ပြသည်။ ကုန်သွယ်ရေး ပိုငွေသည် စက်တင်ဘာလတွင် ၅ လအတွင်း အနိမ့်ဆုံးအဖြစ် ဒေါ်လာ ၁၆.၉ ဘီလျံသို့ လျော့ကျခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံအား ငွေကြေး ထိန်းချုပ် ချယ်လှယ်သော နိုင်ငံအဖြစ် တရားဝင် သတ်မှတ် ဖော်ပြနိုင်မည့် အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ရန် အမေရိကန် အစိုးရက ဆိုင်းငံ့ထားကြောင်း သိရသည်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် အဓိက ကုန်သွယ်ဘက် နိုင်ငံများ၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်သော အစီရင်ခံစာ နှစ်ရပ်ကို နှစ်စဉ် နှစ်တိုင်း ထုတ်ပြန်လျက် ရှိသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံအား ငွေကြေး ထိန်းချုပ်သူအဖြစ် သတ်မှတ် ဖော်ပြရန် ရှိသော်လည်း ယခု အချိန်အထိ မထုတ်ပြန်သေးပေ။ လာမည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲ နောက်ပိုင်းတွင်မှ ထုတ်ပြန်မည်ဟု မျှော်လင့်ရသည်။

အမေရိကန် ပြည်ထောင်စု အနေဖြင့် ပြည်တွင်း စီးပွားရေး ပြဿနာများကို ဖြေရှင်းရန် အလို့ငှာ ယွမ်ငွေတန်ဖိုး လျော့နည်းမှုကို အသုံးမချသင့်ဟု တရုတ်နိုင်ငံက ဆိုသည်။ ပုံမှန် ပြုလုပ်နေကျ ဖြစ်သော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ကုန်သွယ်ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက တရုတ်နိုင်ငံ အနေဖြင့် ငွေကြေးမူဝါဒ ပြုပြင် ပြောင်းလဲမှုကို လုပ်ဆောင်သွားမည် ဖြစ်သော်လည်း ကိုယ်ပိုင် နည်းစနစ် ပုံစံဖြင့် လုပ်ဆောင်မည်သာ ဖြစ်ကြောင်း ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စုက ပြီးခဲ့သည့် ဧပြီလတွင် နောက်ဆုံး ထုတ်ပြန်ခဲ့သော ကုန်သွယ်ရေး အစီရင်ခံစာတွင် တရုတ်အား ငွေကြေး ထိန်းချုပ်သည့် နိုင်ငံအဖြစ် စွပ်စွဲထားခြင်း မရှိပေ။

အမေရိကန် ပြည်ထောင်စုသည် ပြီးခဲ့သည့် ၁၉၉၄ ခုနှစ် ကတည်းက တရုတ်ပြည်အား ငွေကြေး ထိန်းချုပ် ချယ်လှယ်သူအဖြစ် သတ်မှတ် ဖော်ပြခဲ့ခြင်း မရှိပေ။ သမ္မတဟောင်း ကလင်တန် လက်ထက်တွင် တစ်ကြိမ် စွပ်စွဲ ပြောဆိုခဲ့ဖူးသည်။ လေ့လာ သုံးသပ်သူ အတော်များများက တရုတ်ပြည်သည် ကမ္ဘာ့ဈေးကွက်သို့ ကုန်ပစ္စည်း တင်ပို့ရာ၌ ပြိုင်ဘက်များထက် အသာစီး ရစေရန် ယွမ်ငွေတန်ဖိုးကို တမင်တကာ နှိမ့်ချထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

ယခုနှစ် အစောပိုင်း ကာလတွင် တရုတ်ပြည်က ငွေကြေး တန်ဖိုး ပြုပြင် ပြောင်းလဲမှုများကို အံ့မခန်း လုပ်ဆောင်သွားမည်ဟု ကတိကဝတ် ပြုခဲ့သည်။ သို့သော် ယွမ်ငွေ တန်ဖိုးမှာ ဒေါ်လာနှင့် ယှဉ်လျှင် အနည်းငယ်သာ မြင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံသည် ငွေကြေး ပြုပြင် ပြောင်းလဲမှုများကို ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်သော်လည်း ပြုပြင် ပြောင်းလဲမှု မြန်နှုန်းမှာ ပြည်တွင်း စီးပွားရေး အနေအထားပေါ်တွင် မူတည်မည်ဟု ပြောရေးဆိုခွင့် ရှိသူ Yao က ဆိုသည်။ ထို့ပြင် ဂျပန် ဘဏ္ဍာရေး ဝန်ကြီး Yoshihiko Noda၏ တရုတ်နိုင်ငံအပေါ် ကျိုးကြောင်း ဆက်စပ်မှု မရှိသော ဝေဖန် ပြောဆိုမှုများကိုလည်း ပယ်ချလိုက်သည်။

မစ္စတာ Noda ကလည်း တရုတ် ယွမ်ငွေတန်ဖိုး မြင့်တက်ရန် တိုက်တွန်းရာ၌ ပူးပေါင်း ပါဝင်ခဲ့သည်။ လာမည့် ဂျီ-၂၀ ထိပ်သီး ဆွေးနွေးပွဲတွင် ငွေကြေး ထိုးစစ်ဆင် စစ်ပွဲနှင့် သက်ဆိုင်သော ခြိမ်းခြောက်မှုများက အရေးကိစ္စကြီး တစ်ခုသဖွယ် ဖြစ်နေလိမ့်မည်ဟု ၎င်းက ဆိုသည်။

သို့သော် မစ္စတာ Yao က ဂျပန်နိုင်ငံတွင် ယင်းသို့ တရုတ် ယွမ်ငွေအပေါ် ဝေဖန်ပြောဆိုရန် အခြေအမြစ် မရှိသလို အရည်အသွေးလည်း မရှိဟု ဆိုသည်။

ဂျပန်နိုင်ငံက ပြည်တွင်းသုံး ယန်းငွေတန်ဖိုး မြင့်တက်နေမှုကို လျှော့ချရန် အလေးအနက်ထား ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ဂျပန်သည် အစောပိုင်း ကာလများတွင် ငွေကြေး ဈေးကွက်တွင်းသို့ အစိုးရက ဝင်ရောက် စွက်ဖက်မှု ပြုလုပ်ခဲ့သည်။ သို့သော် ထိရောက်မှု အနည်းငယ်သာ ရရှိခဲ့သည်။

ဂျပန် ဝန်ကြီးချုပ် Naoto Kan က ငွေကြေး အခြေအနေနှင့် ပတ်သက်၍ လွန်စွာ စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ယွမ်ငွေကြေး တန်ဖိုး မူဝါဒအပေါ် ပြစ်တင် ဝေဖန်မှုများ တိုးပွားလာခြင်းကြောင့် တရုတ် ကွန်မြူနစ် ခေါင်းဆောင်များ အနေဖြင့် ငါးနှစ်တာ စီးပွားရေး အစီအစဉ် တစ်ရပ် ရေးဆွဲရန် ဖြစ်လာသည်။

ငါးနှစ်တာ စီမံကိန်း၏ အဓိက ဖိုးကပ်မှာ တရုတ်နိုင်ငံ၏ လက်ရှိ စီးပွားရေး အဆမတန် တိုးတက်မှုကို ထိန်းသိမ်းရန် ဖြစ်သည်။ တရုတ်ပြည် စီးပွားရေးမှာ ကုန်ပစ္စည်း တင်ပို့မှု အပေါ် လုံးလုံးလျားလျား မှီခိုလျက် ရှိနေသည်။

တရုတ် စီးပွားရေး အရာရှိကြီးများ အနေဖြင့် ပြည်တွင်း ဝယ်လိုအား မြှင့်တင်ရေးကို ဖော်ဆောင်ပြီး စီးပွားရေးကို ပြန်လည် ချိန်ခွင်လျှာ ညှိသွားမည်ဟု ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တောင်ကိုရီးယား နိုင်ငံက လူအမြောက်အမြား သေကြေ ပျက်စီးစေမည့် လက်နက် အန္တရာယ် ကာကွယ်ရေး ဟူသော ရည်မှန်းချက်ဖြင့် ပြုလုပ်သော နိုင်ငံပေါင်းစုံ ရေတပ် စစ်ရေး လေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်လိုက်ပြီး "စစ်မက် ကြေညာချက် တစ်ရပ်" ဖြစ်ကြောင်း သတ်မှတ် ဖော်ပြလိုက်သည်။

တောင်ကိုရီးယားသည် လက်နက် ပြန့်ပွားမှု ဆိုင်ရာ လုံခြုံရေး အစီအစဉ်ဖြင့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ရေတပ် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ်ကို ဘူဆန် ဆိပ်ကမ်း အနီးတွင် ကြီးကျယ် ခမ်းနားစွာ ပြုလုပ်ခဲ့သည်။ အဆိုပါ လေ့ကျင့်မှုတွင် နိုင်ငံပေါင်း လေးနိုင်ငံမှ စစ်သင်္ဘောများ၊ လေယာဉ်တင် သင်္ဘောများ ပါဝင်သည်။

"တောင်ကိုရီးယား ရုပ်သေးအစိုးရသည် ဒိုင်ယာလော့ခ်နှင့် ငြိမ်းချမ်းရေးအတွက် ရာဇဝတ်မှု ဆန်သည့် အစီအစဉ်များကို ထုတ်ဖော် အသုံးပြုသည်။ ကိုရီးယား အချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို စစ်ပွဲတစ်ခု ဓားသွားပေါ် ရောက်ရှိအောင် လက်နက်ပြန့်ပွားမှု လုံခြုံရေး ဟူသည့် အစီအစဉ်ကို လုပ်ဆောင်သည်" ဟု မြောက်ကိုရီးယား Minju Joson နေ့စဉ် သတင်းစာက ဆိုသည်။

"ယခုကိစ္စသည် ဆိုးရွားသော စစ်ရေး ရန်စမှုတစ်ခု ဖြစ်ပြီး ကျွန်ုပ်တို့ နိုင်ငံအား စစ်ကြေညာမှု တစ်ရပ်လည်း ဖြစ်ပေသည်" ဟု မြောက်ကိုရီးယား အစိုးရ အာဘော် သတင်းစာက သုံးသပ် ဝေဖန်လိုက်ကြောင်း KCNA သတင်းဌာနက ရေးသား ဖော်ပြသည်။

အလားတူ အစိုးရ အာဘော် သတင်းစာ တစ်စောင် ဖြစ်သည့် Rodong Sinmun ကလည်း မြောက်ကိုရီးယား နိုင်ငံသည် စစ်တပ်အင်အားကို ဆက်လက် တိုးချဲ့ တည်ဆောက် သွားမည် ဖြစ်ရာ အမေရိကန် ပြည်ထောင်စု အနေဖြင့် စစ်ရေး ခြိမ်းခြောက်မှုများ ဆက်လက် ပြုလုပ်သင့်၊ မသင့်ကို စဉ်းစား သင့်ပေသည်ဟု သုံးသပ် ရေးသားသည်။ မြောက်ကိုရီးယားသည် ကမ္ဘာပေါ်တွင် စစ်တပ်အင်အား အကြီးဆုံး နိုင်ငံများ စာရင်း၌ ပါဝင်သည်။

ယခု စစ်ရေး လေ့ကျင့်မှုနှင့် ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံက မည်သည့် နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်း မဟုတ်ပါကြောင်း ပြောဆိုသော်လည်း Minju Joson သတင်းစာက လေ့ကျင့်မှုများတွင် မြောက်ကိုရီးယားနှင့် သက်ဆိုင်သော စစ်ရေး အင်အားများ၊ စစ်သင်္ဘောများကို ရှာဖွေ စုံစမ်း ဖော်ထုတ်မည့် အစီအစဉ် ပါဝင်သည်ဟု ဆိုသည်။

အောက်တိုဘာ ၁၄ ရေတပ် စစ်ရေး လေ့ကျင့်မှုတွင် တောင်ကိုရီးယား၊ အမေရိကန် ပြည်ထောင်စု၊ ဂျပန် နှင့် သြစတြေးလျ နိုင်ငံတို့မှ စစ်သင်္ဘောနှင့် လေယာဉ်တင် သင်္ဘော ၁၀ စင်း ပါဝင် လေ့ကျင့်ခဲ့သည်။

"စစ်ပွဲ အချိန်ကာလ အတွင်းတွင်သာ တွေ့မြင်ရသည့် ရေတပ် ပိတ်ဆို့မှုပုံစံကိုတွေ့ရသည်မှာ မည်သို့မျှ သည်းခံ ခွင့်လွှတ်နိုင်စရာ ကောင်းသည့် ကိစ္စ မဟုတ်ပေ။ အဆိုပါ လေ့ကျင့်မှုများသည် ကျွန်ုပ်တို့၏ စစ်သင်္ဘောများကို စုံစမ်း ဖော်ထုတ်ခြင်း၊ ဆိပ်ကမ်းများကို ပိတ်ဆို့ရန် ကြိုးစားခြင်းသာ ဖြစ်သည်" ဟု ဆိုသည်။

မြောက်ကိုရီးယားသည် ချိုနန် စစ်သင်္ဘောကို တော်ပီတိုဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုခဲ့ပြီးနောက် စစ်ရေး လေ့ကျင့်မှုကြီး တစ်ရပ် ပြုလုပ်မည်ဟု တောင်ကိုရီးယားက ကြေညာခဲ့သည်။

AFP  သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Bangkok Post, 17th October 2010

ထိုင်းနိုင်ငံ Tak ခရိုင် နယ်စပ် တလျှောက်တွင် ထိုင်းစစ်တပ်သည် နိုဝင်ဘာ (၇) ရက် မြန်မာ ရွေးကောက်ပွဲကြောင့် ယခင်က လုံခြုံရေးအရ ကန့်သတ်မှုများ ရှိပြီးသည့် အပြင် ယခုအခါ ပိုမို တင်းကြပ်လာသည်ကို တွေ့ရသည်။

Tak ခရိုင်၏ မဲဆောက်တွင် ရှိသော အမှတ် (၄) သေနတ်ကိုင် တပ်ရင်းမှ စစ်သားများသည် ၎င်းနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာမြို့တစ်ခု ဖြစ်သော မြဝတီနယ်စပ် တလျှောက်တွင် အထူး ကင်းလှည့်လျက် ရှိပြီး ရွေးကောက်ပွဲ ပြီးဆုံးသည်အထိ တာဝန်ယူထားမည် ဖြစ်သည်ဟု တပ်မှူး Padaung Yingpaiboon က ပြောသည်။

ကရင်ပြည်နယ်ရှိ မြဝတီတွင် မြန်မာအစိုးရ စစ်တပ်များနှင့် ကရင် KNU  တပ်များ အကြား တိုက်ခိုက်မှု အရှိန် မြင့်လျက် ရှိသည်။

မြန်မာ အစိုးရသည် အဆိုပါ ဆန့်ကျင်ရေး အင်အားစုများက ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းစဉ် ကာလအတွင်း မငြိမ်မသက်မှုကို မြှောက်ပင့်ပေးမည်ကို စိုးရိမ်နေပြီး အချုပ်အချာ အာဏာကို ထိပါးလာမည်ကိုလည်း စိုးရိမ်နေသည်။

ကင်းလှည့်ရေးတွင် မော်တော် ဆိုင်ကယ်များနှင့် ယာဉ်တန်းတစ်ခု ပါဝင်ပြီး၊ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများ ကြားတွင် ဖြစ်သော ပဋိပက္ခကြောင့် ဖြစ်လာနိုင်သည့် ကိစ္စများကို ကြိုတင် ကာကွယ်ရေး လုပ်ငန်း ဖြစ်ကြောင်း ဗိုလ်မှူးကြီး Padung က ပြောသည်။

တပ်ရင်း (၃) တပ်မှူး Wannatip Wongwai က ပြောကြားရာတွင် မြန်မာ အစိုးရသည် ထိုင်းအာဏာပိုင်များထံ မည်သည့် အကူအညီမျှ မတောင်းသေးဟု ဆိုသည်။

သို့သော် ချင်းရိုင်ရှိ အမှတ် (၂) ခြေမြန်တပ်ရင်း Pha Muang တပ်မှ တပ်မှူးကြီး Jiradej kamolpetch က ပြောကြားရာတွင် ၎င်းတို့ စစ်တပ် အနေဖြင့် အကူအညီ တောင်းလာလျှင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အကူအညီ ပေးရန် အသင့် ရှိသည်ဟု ဆိုသည်။

နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် အနှစ် နှစ်ဆယ်အတွင်း ပထမဆုံး ကျင်းပခြင်း ဖြစ်ပြီး၊ ဒီမိုကရေစီ ပါတီများက သံလက်သီး တပ်ထားသော စစ်အစိုးရ၏ တင်းကြပ်သော ကန့်သတ်မှုများသည် ရွေးကောက်ပွဲတွင် စစ်တပ် အနိုင်ရရေးကို ပို၍ သေချာစေသည်ဟု ဆိုကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Correspondent, By Zin Linn, 14th October 2010

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်သည် မြန်မာအစိုးရအား လာမည့် ရွေးကောက်ပွဲသည် အမျိုးသား ပြန်လည် စည်းလုံးရေး ဖြစ်စေရန် တောင်းဆိုခဲ့သည်။ ဘန်ကောက်ရှိ VOA ၏ Ron Corben ၏ အဆိုအရ ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ပဋိပက္ခ ဖြစ်လျက် ရှိသော လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များ ဖြေရှင်း ပေးနိုင်လိမ့်မည်ဟု Surin Pitsuwan က မျှော်လင့်လျက် ရှိသည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်က အာဆီယံ အဖွဲ့ဝင် နိုင်ငံ ဖြစ်လာသောအခါ နိုင်ငံ အများစုက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကြောင့် အာဆီယံ ခေါင်းဆောင်များကို ဝေဖန်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၆၂ မှ စတင်၍ စစ်ဖိနပ် အောက်တွင် ဒုက္ခများ ခံစားခဲ့ရသည်။ စစ်အစိုးရသည် ကမ္ဘာပေါ်တွင် လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံဘွဲ့ကို ရယူနိုင်ခဲ့သည်။ စစ်တပ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု၊ ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့တွင် ဒီပဲယင်း လူသတ်မှု၊ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင် တော်လှန်ရေးနှင့် အခြားကိစ္စများတွင် ရက်ရက်စက်စက် ချေမှုန်းခဲ့သည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် Surin Pitsuwan က အောက်တိုဘာ (၁၃)ရက်နေ့က ပြောကြားရာတွင် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် စည်းလုံးရေးအတွက် အခွင့်အလမ်း ပေးနိုင်မည့် အပြင် နိုင်ငံတကာ၏ ပစ်ပယ်ထားမှုကို အဆုံးသတ် နိုင်လိမ့်မည်ဟု မျှော်လင့်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။

သို့သော် ပြီးခဲ့သည့် ဇူလိုင်လက မြန်မာနိုင်ငံရှိ ကရင် အသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေး အဖွဲ့များက ပြောကြားရာတွင် မြန်မာ စစ်တပ်သည် ကရင်ပြည်နယ်တွင် ရွာများကို တိုက်ခိုက်မှုများ ပိုမို လုပ်ဆောင်လာရာ ရွာများကို မီးရှို့ခြင်းကြောင့် လူရာပေါင်း များစွာကို တောထဲသို့ ထွက်ပြေးစေသည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုများသည် ရွေးကောက်ပွဲ မတိုင်မီ စစ်ဆင်ရေး၏ အစ ဖြစ်လေမည်လားဟု လူ့အခွင့်အရေး အုပ်စုများက စိုးရိမ်လျက် ရှိသည်။

စစ်တပ်၏ ရွာများကို မီးရှို့ခြင်းကြောင့် လူ (၉၀၀) ကျော်ခန့်အား နီးစပ်ရာ တောထဲသို့ ထွက်ပြေးစေခဲ့သည်။ KNU  အထွေထွေ အတွင်းရေးမှူး Zipporah sein က အဆိုပါ တိုက်ခိုက်မှုများသည် ယခုနှစ် နှောင်းပိုင်း ရွေးကောက်ပွဲ မတိုင်မီ စစ်တပ်၏ ခြောက်လှန့်မှု ပြုသော စစ်ဆင်ရေးသစ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်မည်ကို ကြောက်ရွံ့ကြောင်း ပြောခဲ့သည်ဟု ပြီးခဲ့သည့် ဇူလိုင် လကုန်က VOA က သတင်း ဖော်ပြခဲ့သည်။

စစ်အစိုးရသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအရ အစိုးရ ဆန့်ကျင်သူ (၂၂၀၀) ကျော်အား ဖမ်းဆီးထားသည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူးက မြန်မာ အစိုးရအား လာမည့် ရွေးကောက်ပွဲများသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် အထောက်အကူ ပြုလာစေရန် အာမခံရေး တောင်းဆိုခဲ့သည်။ သို့သော် နိုင်ငံရေး အကျဉ်းသားများကို မလွတ်ဘဲ ပြန်လည် ပေါင်းစည်းရေးကို အိပ်မက် မက်ခြင်းသည် လေထဲတွင် တိုက်အိမ် ဆောက်ခြင်းပင် ဖြစ်သည်။

မြန်မာ နိုင်ငံသည် အာဆီယံ နိုင်ငံများ ကြားတွင် သဘောထား ကွဲပြားမှုများကို ဖြစ်စေသည်။ ဖိလစ်ပိုင်၊ မလေးရှားနှင့် စကာင်္ပူစသော အဖွဲ့ဝင် နိုင်ငံများက စစ်အစိုးရကို နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ လုပ်ရန် ပြင်းပြင်းထန်ထန် ဖိအားပေးခဲ့သည်။

နှစ်အတန်ကြာ ဖိအားပေးခဲ့ရာ မြန်မာနိုင်ငံသည် နိုဝင်ဘာလ (၇) ရက်နေ့တွင် အနှစ် နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သည်။

"မြန်မာနိုင်ငံဟာ အာဆီယံနဲ့ ကမ္ဘာ့ အသိုင်းအဝိုင်း ကြားမှာ ပူးပေါင်း ဆောင်ရွက်ရေး၊ အပြန်အလှန် ဆက်ဆံရေးမှာ အဓိက အရေးအရာ  တစ်ခု ဖြစ်ခဲ့ရပါတယ်" ဟု Surin  က ပြောသည်။ "ကျွန်တော်တို့ ဒီကိစ္စတွေကို ထားပစ်ခဲ့ချင်ပါပြီ။ တစ်ခုတည်းသော နည်းလမ်းကတော့ ရွေးကောက်ပွဲတွေဟာ အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် ထိရောက်တဲ့ ယန္တရား တစ်ခု ဖြစ်စေရေးပါပဲ" ဟု ၎င်းက ပြောသည်။

သို့သော် ဝေဖန်သူ အများစုက သံသယ ရှိနေဆဲဖြစ်သည်။ အစိုးရသည် အမျိုးသား ပြန်လည် ပေါင်းစည်းရေးအတွက် ကတိများ ပေးခဲ့ပြီး ကတိ မတည်ခဲ့ကြောင်း ၎င်းတို့က ပြောကြသည်။ ASEAN Inter-Parliamentary Myanmar Caucus (AIPMC) ဥက္ကဋ္ဌ Kraisak Choonhavan က ပြောကြားရာတွင် စစ်အစိုးရသည် ဒီမိုကရေစီ တန်ဖိုးများကို လေးစားကြောင်း တစ်ခါတစ်ရံ ပြောခဲ့သော်လည်း ၎င်းသည် အတိုက်အခံများ နိုင်ငံရေး ဖြစ်စဉ်တွင် လွတ်လပ်စွာ ပါဝင်ခွင့်ကို အမြဲတစေ ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

လေ့လာသူများက ၂၀၀၈ အခြေခံ ဥပဒေနှင့် စစ်အစိုးရ၏ အပြောင်းအလဲ ပြုလုပ်မှု မပါဝင်သည့် လမ်းညွှတ်မြေပုံ(၇)ချက်အရ ပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲများသည် မတည်ငြိမ်မှု ကြီးမားစွာ ရှိမည့် နိုင်ငံရေး ရာသီဥတုကို ဖန်တီးပေးလိမ့်မည်ဟု ဆိုကြသည်။ အမျိုးသား ရင်ကြားစေ့ရေး အတွက် သဘော တူညီမှုများ မပါဝင်ဘဲ ပြုလုပ်မည့် ရွေးကောက်ပွဲများသည် နိုင်ငံရေးအရ ရှုပ်ထွေးမှုများ ဆီသို့သာ ဦးတည် သွားနိုင်ပေမည်။

ယခုအခါ မြန်မာ ဗိုလ်ချုပ်များ၏ ရည်ရွယ်ချက်ကို ထင်ထင်ရှားရှား မြင်နိုင်နေပြီ ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်မှုများမှာ လူ့အခွင့်အရေးကို အလေး မထားကြောင်း တွေ့ရမည်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မူတစ်ခုတွင် ရပ်တည်နေကြသော နိုင်ငံရေး အကျဉ်းသားများမှာ နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ လွတ်လမ်း မမြင်ပေ။

ထို့ကြောင့် Surin Pitsuwan က ရွေးကောက်ပွဲ အပြီးတွင် မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် ပေါင်းစည်းရေးကို မြင်လိုသည် ဆိုသော်လည်း လက်ရှိ အခြေခံ အကြောင်းတရားများက ၎င်း၏ မျှော်လင့်ချက် ပြည့်ဝရေးအတွက် ခွင့်ပြုလိမ့်မည် မဟုတ်ကြောင်း တင်ပြလိုက်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 16th October 2010

တရုတ် အစိုးရ၏ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP သည် ယခုနှစ် ၁၀ % ကြီးထွားရန် မျှော်မှန်းထားမှုမှာ နှေးကွေးနေသည်ကို တွေ့ရှိရပြီး ၂၀၁၁ တွင် ၉ % တိုးတက်ရန် အလားအလာ ရှိသည်ဟု အစိုးရ ပညာရှင် အုပ်စုမှ ၀ါရင့် သုတေသန ပညာရှင်က တနင်္ဂနွေနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံတော် ကောင်စီနှင့် ကက်ဘိနက် လက်အောက်ရှိ ဖွံ့ဖြိုးမှု သုတေသန စင်တာမှ ဒုတိယ ဒါရိုက်တာ လူရှီဂျင်က "တရုတ် စီးပွားရေးသည် လာမည့် ၃ နှစ်မှ ၅ နှစ်အတွင်း အလယ် အလတ်နှုန်းသို့ နှေးကွေးသွားဖွယ် ရှိသည်" ဟု အလုပ်သမားခ တိုးလာခြင်း၊ အလွန်အကျွံ ငွေဖော် ရောင်းချခြင်း၊ ဖွံ့ဖြိုးမှု အရင်းအမြစ် အသစ် တွေ့ရှိရန် ခက်ခဲခြင်း စသော စိန်ခေါ်မှုများကို ကိုးကား ပြောကြားခဲ့ခြင်း ဖြစ်သည်။

တရုတ် စီးပွားရေးသည် ယခုနှစ် ပထမ လေးလပတ်တွင် ၁၁.၉ % တိုးတက်ခဲ့ပြီးနောက် ဒုတိယ လေးလပတ်တွင် ၁၀.၃ % သာ တိုးတက်ခဲ့ခြင်းကို ရည်ရွယ်ထားသော ဖွဲ့စည်းပုံ ပြုပြင်မှုများကြောင့် ထွက်ပေါ်လာသည့် မျှော်လင့်ထားသော ရလဒ်သာ ဖြစ်သည်ဟု တရုတ်အစိုးရက ရှင်းလင်း ပြောကြားသည်။

သို့သော် လူရှီဂျင်ကမူ စီးပွားရေး တိုးတက်မှုနှုန်း နှေးကွေးသွားခြင်းကို အကောင်းမြင်သည့် မှတ်ချက်ပေးခဲ့သည်။

စီးပွားရေး ကဏ္ဍ ကြီးထွားမှု အလယ်အလတ် အဆင့် ရှိနေမှုကို အလွန်အမင်း စိုးရိမ်စရာ မလိုကြောင်း ယင်းက ဖိုရမ်တွင် ပြောကြားခဲ့ခြင်းကို တရုတ် အစိုးရ သတင်းဌာန Xinhua က ပြန်လည် ဖော်ပြသည်။

"လက်ရှိ စီးပွားရေး ကြီးထွားမှုက တရုတ်နိုင်ငံအတွက် သိပ်ကို မြင့်လွန်းနေတာကြောင့်ပါ" ဟု ယင်းက ဆိုသည်။

အမေရိကန် ပြည်ထောင်စု၊ ပြည်ထောင်စု အရံငွေကြေး အဖွဲ့၏ ငွေကြေးမူဝါဒ ဖြေလျှော့မှု ကြောင့် နောက်ပိုင်းတွင် ဒေါ်လာတန်ဖိုး ကျဆင်းလာကာ ယွမ်ငွေ အပါအ၀င် ဒေါ်လာ မဟုတ်သော ငွေကြေးများ အပေါ်တွင် ဖိအား ကျရောက်လာမည်ဟု အနာဂတ်အတွက် သဘော ပေါက်ထားရန် လူရှီဂျင်က သတိပေး ပြောကြားသည်။

ချမ်းသာသော စီးပွားရေး နိုင်ငံများသည် ငွေကြေး မူဝါဒများစွာ ဖြေလျှော့မှု အချီသစ်ကို စတင် မိတ်ဆက်နေခြင်းနှင့် အကြီးအကျယ် ငွေဖော် ရောင်းချမှုမှ ဈေးကွက်များ ပေါ်ထွက်လာနိုင်သည် ဟူသော မှန်းဆမှုကို မီးထိုးပေးခြင်းတို့ကို ပြုလုပ်နေသည်ဟု ယင်းက ဆိုသည်။

တရုတ်နိုင်ငံ၏ စီးပွားရေး လှုံ့ဆော် အားပေးမှု အစီအစဉ်သည် ဈေးကွက်အတွင်း အလွန်အကျွံ ငွေဖော် ရောင်းချမှုများကို ထိုးသွင်းပေးသကဲ့သို့ ကုန်ပစ္စည်းများ၊ အစုရှယ်ယာများ၊ အခြားမြေနှင့် ဆက်စပ် ပစ္စည်းများ၊ ရင်းမြစ်များ၏ ဈေးနှုန်းများကိုပါ တက်စေခဲ့သည်ဟု ယင်းက ဆက်လက် ပြောကြားသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်နှင့် ရင်းနှီး မြှုပ်နှံမှုများမှာ ၂၀၁၁ တွင် ယခုနှစ်ထက် များစွာ ကောင်းမွန် လာမည် ဖြစ်သော်လည်း စားသုံးမှု ကြီးထွားနှုန်းမှာမူ ယခုနှစ် အံ့အားသင့်ဖွယ် မြင့်တက်မှုထက် အနည်းငယ် လျှော့သွားနိုင်သည်ဟု လူရှီဂျင်က သုံးသပ် ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 16th October 2010

အရှေ့တရုတ် ပင်လယ် တွင် ၂ နိုင်ငံစလုံးက ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုနေကြသည့် ကျွန်းများနှင့် ပတ်သက် တရုတ်နှင့် ဂျပန်နိုင်ငံတွင် ဆန္ဒပြပွဲများ ပြုလုပ် ကျင်းပလျက် ရှိကြောင်း သိရသည်။

ကျွန်းများနှင့် ပတ်သက် တရုတ်နိုင်ငံ၏ တောင်းဆိုမှုကို ဆန့်ကျင်သော ဆန္ဒပြ ချီတက်ပွဲများကို တိုကျိုတွင် ပြုလုပ်ခဲ့ပြီး တရုတ် သံရုံးသို့လည်း စာတစ်စောင် ပေးပို့ခဲ့သည်ဟု သိရှိရသည်။

တရုတ် နိုင်ငံ မြို့ကြီး ၃ မြို့တွင်လည်း ဆန္ဒပြသူများက ဂျပန် ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် အော်ဟစ် ဆန္ဒပြခဲ့သည်ဟု ဆိုသည်။

ယခင်လက အငြင်းပွား ရေပြင်တွင် သင်္ဘောချင်း တိုက်မိမှုကြောင့် တရုတ် ငါးဖမ်းသင်္ဘောနှင့် ကပ္ပတိန်ကို ဂျပန်တို့က ဖမ်းဆီးခဲ့ပြီးနောက်တွင် ယခင် ကာလများစွာ ငြင်းခုန်နေမှုမှာ အပြည့်အ၀ သံတမန် ပဋိပက္ခ အသွင် ရောက်ရှိသွားခဲ့သည်။

အဆိုပါ ဖြစ်ရပ်တွင် တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်သည် ဂျပန် ကင်းလှည့် ရေယာဉ် ၂ စင်းကို တမင်တကာ ၀င်တိုက်ခဲ့သည်ဟု စွပ်စွဲခြင်း ခံရသည်။ သို့သော်လည်း ၂ ပတ်အကြာတွင် ယင်းအား လွှတ်ပေးလိုက်ပြီးနောက် တင်းမာမှုများ ပြေလျှော့ရန် ၂ နိုင်ငံစလုံးက ကြိုးစားခဲ့ကြသည်။

သို့ရာတွင် အခင်းဖြစ်ရပ်နှင့် ပတ်သက် တောင်းပန်ရန် တရုတ်က တောင်းဆိုထားပြီး ဂျပန်ကလည်း ပယ်ချထားသည်။

တိုကျိုတွင် ပြုလုပ်သည့် စနေနေ့က ဆန္ဒပြပွဲများတွင် ရာနှင့်ချီသော ဆန္ဒပြသူများက "ဂျပန်နိုင်ငံ အန္တရာယ် ရှိနေပြီ၊ ကျူးကျော်သူ တရုတ်ကို ခွင့်မလွှတ်ရ" စသော နဖူးစည်း စာတမ်းများကို ကိုင်ဆောင်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုများအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ဘေဂျင်း အာဏာပိုင်များက နောက်ပိုင်းတွင် ထုတ်ဖော် ပြောဆိုသည်။

တရုတ်နိုင်ငံတွင်လည်း ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ချန်ဒူး၊ ဇီယန်းနှင့် ကျန်ကျိုးမြို့များတွင် ပြုလုပ်ခဲ့သည်ဟု သိရှိရသည်။

"ဂျပန် စိုးမိုးရေး ၀ါဒကို ဖြုတ်ချကြ" "ဒိုယုကျွန်းများကို ကာကွယ်ကြ" ဟူသော နဖူးစည်း စာတမ်းများကို ထောင်ဂဏန်းခန့် ရှိသော ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည် ဟုလည်း သိရှိရသည်။

အနည်းဆုံး ဂျပန် စားသောက်ဆိုင် တစ်ဆိုင်၏ ပြတင်းမှန်များ ကွဲသွားသည်ဟု မျက်မြင် သက်သေများက ပြောကြားသည်။

ရေနံနှင့် ဓာတ်ငွေ့ ရုပ်ကြွင်းများ ရှိနေနိုင်ပြီး ဂျပန်တွင် ဆင်ကာကူဟု ခေါ်ဝေါ်သော လူမနေသည့် ကျွန်းများနှင့် ကြီးမားသော ဆန္ဒပြပွဲများကို တရုတ် အာဏာပိုင်များ ယခင်က လျှို့ဝှက် စီစဉ်ခဲ့ဖူးသည်ဟုလည်း သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.