Transparency Myanmar

transparency.myanmar@gmail.com

The Independent, 12th November 2010

(၇) နှစ် ထိန်းသိမ်းထားသည် ဆိုသည့်  အဖြစ်မှာ ဆိုးလွန်းလှသည်။ သို့သော် လွတ်မြောက်ခြင်းသည် အဆိုးဆုံး ဖြစ်စေမည်လော။ အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်သည် မနက်ဖြန် လွတ်မြောက်လာသည် ရှိသော် သို့မဟုတ် ကောလ ဟာလများ အတိုင်း ယခု ညနေတွင် လွတ်လာခဲ့သည် ရှိသော် သူမ၏ နိုင်ငံရေး ဘဝ၏ စိန်ခေါ်မှုကို တွေ့ကြုံရလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေး အခင်းအကျင်းသည် သူမ နောက်ဆုံးအကြိမ် အပြင်တွင် ရှိသည့် အချိန်နှင့် စာလျှင် အသွင်အပြင်က အစ သိသိသာသာ ပြောင်းသွားပြီ ဖြစ်သည်။ နောက်ဆုံးအကြိမ် သူမ လွတ်မြောက်စဉ် ၂၀၀၂ ခုနှစ်က သူမ၏ ပါတီ NLD သည် လူမုန်းများသော အစိုးရကို ဆန့်ကျင်သော တစ်ခုတည်းသော ပါတီအဖြစ် ရပ်တည်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိမှုတည်း ဟူသော အသာစီး ရရှိမှုကလည်း အငြင်းပွားဖွယ် မရှိသော အချက် ဖြစ်ခဲ့သည်။

ယခု တစ်ကြိမ်တွင်မူ သူမ လွတ်မြောက်လာလျှင် ရွေးကောက်ပွဲ အတွက် မှတ်ပုံ တင်ရန် ငြင်းပယ်မှုကြောင့် အစိုးရ၏ ဖျက်သိမ်းမှု ခံရသော ပါတီ၏ ခေါင်းဆောင် ဖြစ်နေခြင်းပင် ဖြစ်သည်။ အတိုက်အခံ ကဏ္ဍတွင် ပြိုင်ဘက်များနှင့် ပြည့်နေသည်။ အဓိကမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)  ဖြစ်ပြီး၊ NLD မှ ခွဲထွက်လာသူ ဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲတွင် (၁၆) နေရာ အနိုင် ရရှိထားသည်။ သူမ မည်သူ့ ကိုယ်စား စကားပြောမည်နည်း။ သူမ၏ ပလက်ဖောင်း ကရော ဘာလဲ။

မှန်သည် ဆိုသည်ထက် ပို၍ ထင်ရှားသော ပြဿနာများ ကလည်း ရှိနေသေးသည်။ ယခုအခါ ရွေးကောက်ပွဲအပေါ် အစိုးရ၏ လုပ်ဆောင်မှုမှာ လုံးဝ လက်ခံနိုင်ဖွယ် မရှိ ဆိုသည်မှာ ထင်ရှားလာပြီ ဖြစ်ရာ သူမ၏ မဆုတ်မနစ် ရပ်တည်နေခဲ့သော ရွေးကောက်ပွဲကို သပိတ် မှောက်ခြင်းမှာ ဟန်ကျ နေသေးတော့သည်ဟု ပြောရသည်ထက် ပိုမှန်နေပေသည်။ အကယ်၍ ရွေးကောက်ပွဲကို မနက်ဖြန် မှန်မှန်ကန်ကန် ပြုလုပ်ပေးမည် ဆိုလျှင်၊ သူမသည် ၁၉၉၀ ကကဲ့သို့ အောင်မြင်မှုမျိုး ရရန် သူမ၏ ပါတီကို ဦးဆောင်လိမ့်မည် ဖြစ်သည်။ ဗိုလ်ချုပ်များကလည်း ထိုအချက်ကို သိ၍ သူမအား သော့ခတ်၍ ထိန်းသိမ်းထားခြင်း ဖြစ်သည်။ သူမကတော့ လွတ်မြောက်လာသည်နှင့် အစိုးရ လစ်လျူရှုထား၍ မရနိုင်သော တစ်ဦးတည်းသော ဒီမိုကရေစီ ကိုယ်စား စကားပြောမည့်သူ ဖြစ်လာပေလိမ့်မည်။

သို့သော်လည်း ထိုအချက်ကြောင့် အစိုးရသည် သူမနှင့် စကားပြောရန် သဘောတူ လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ထိုကိစ္စမှာ ၎င်းတို့ နောက်ဆုံး အဆင့်မှသာ စဉ်းစားမည့် အချက် ဖြစ်သည်။ ၎င်းတို့သည် လွန်ခဲ့သော နှစ်နှစ်ဆယ် အတွင်း (၁၈) နှစ်ခန့်ကို သူမနှင့် သူမ၏ လုပ်ဖော် ကိုင်ဖက်များကို ဘေးဖယ်ထားသော အတုအယောင် ဒီမိုကရေစီ အခင်းအကျင်းကို ပုံဖော်လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် အတွက်မူ ကြီးမားသော လူအုပ်ကြီးအား စကား ပြောခြင်းဖြင့် သူမအား မတရား ပြန်လည် ဖမ်းဆီးစေရန် လုပ်ဆောင်ခြင်းထက် ရိုးစင်းသော ကိစ္စ ရှိတော့မည် မဟုတ်ပေ။ သို့သော် ခါးသီးသော အတွေ့အကြုံ အရ ထိုသို့ လုပ်ပါက သူမအား ပြန်လည်၍ ထိန်းသိမ်း ထားမည်မှာ မုချ ဖြစ်သည်။

သူမ၏ အမှန်တကယ် နိုင်ငံရေး စိန်ခေါ်မှုမှာ ဗိုလ်ချုပ်များကို သူမနှင့် တွေ့ဆုံ ဆွေးနွေးရေး စားပွဲသို့ အရောက် ခေါ်နိုင်ရေးပင် ဖြစ်သည်။ လွန်ခဲ့သည့် ခုနှစ်နှစ် အတွင်း ၎င်းတို့နှင့် ရှားရှားပါးပါး စကားပြောခွင့် ရခဲ့စဉ်က၊ သူမသည် ၎င်းတို့အား သေချာစွာ ကိုင်တွယ်ရန် လိုအပ်ပုံကို ပြသခဲ့သည်။ ဥပမာအားဖြင့် ပြည်သူလူထု၏ တရားစီရင်မှုဖြင့် ၎င်းတို့အပေါ် ခြိမ်းခြောက်မှုများ မပြုတော့ပဲ၊ အရေးယူ ပိတ်ဆို့မှုများကြောင့် ဖြစ်လာသည့် ပြဿနာများကို ရှာဖွေရန် သဘော တူခဲ့ခြင်းမျိုး ဖြစ်သည်။ ပျော့ပျော့ ပြောင်းပြောင်း လုပ်ကိုင်ခြင်းသည် လမ်းမပေါ် ထွက်ခြင်းထက် ပို၍ ကောင်းသည် ဟုတော့ အာမခံချက် မရှိသော်လည်း၊ အနည်းဆုံးတော့ တစ်ခုခု အသစ်တော့ ဖြစ်မည် ဖြစ်သည်။

တစ်ချိန်တည်းတွင် သူမ လုပ်ကိုင်ရန် လိုအပ်သည့် တစ်ခုမှာ အစိုးရ၏ နှိပ်ကွပ်မှုကြောင့် ဆိုးဝါးစွာ ပျက်စီးသွားသော သူမ၏ ပါတီကို တစ်ခုခု လုပ်ပေးရန် လိုသည့် အချက် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အလွန် ကောင်းသော ခေါင်းဆောင် တစ်ဦး ဖြစ်ကောင်း ဖြစ်မည် ဖြစ်သော်လည်း နိုင်ငံရေး ပင်လယ်ကြောတွင် စီးမျောရန် စီးနိုင်ရန် သင့်တော်သော ရွက်လှေတစ်စီး လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ရန် သူမသည်သာ တစ်ဦးတည်း အာဏာပိုင်သူ တစ်ဦး ဖြစ်နေခြင်းပင် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

AFP, 9th November 2010

ဆင်းရဲ မွဲတေမှုနှင့် အစာရေစာ ပြတ်လပ်မှု မြင့်တက်လာခြင်းကို တားဆီးရန် အတွက် ထိရောက်မှု မရှိသော စိုက်ပျိုးမှု နည်းလမ်းများကို ပြင်ဆင်ကာ ကမ္ဘာ့ဆန် ထုတ်လုပ်မှုကို မြှင့်တင်ရန် အရေးပေါ် လုပ်ဆောင်ဖို့ လိုအပ် နေသည်ဟု ကျွမ်းကျင်သူများက ကမ္ဘာ့ဆန် ကွန်ဂရက်တွင် အင်္ဂါနေ့က ပြောကြားခဲ့ကြသည်။

"ကျွန်တော်တို့ အခု ချက်ခြင်း လုပ်ဆောင် ရမှာပါ။ နောက်အပတ်၊ နောက်လ၊ နောက်နှစ် မဟုတ်ပါဘူး၊ ဒီနေ့ စရမှာပါ" ဟု ကုလ သမဂ္ဂ လယ်ယာ စိုက်ပျိုးမှု ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတကာ ရန်ပုံငွေ အဖွဲ့ အကြီးအကဲ Kanayo Nwanze က ဟနွိုင်း ကွန်ဂရက်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆန်သည် ကမ္ဘာ့ လူဦးရေ ထက်ဝက်ခန့် ဖြစ်သော လူဦးရေ ၃ ဘီလျံကျော် အတွက် အဓိက အစားအစာ ဖြစ်နေပြီး ဆန်စိုက်ပျိုး ထုတ်လုပ်သော ဒေသများမှာ တစ်ရက်လျှင် ၁.၂၅ ဒေါ်လာပင် မရသည့် အစွန်းရောက် ဆင်းရဲ နွမ်းပါးသော လူဦးရေ သန်း ၅၆၀ နီးပါး နေထိုင်ရာ ဒေသများ ဖြစ်သည်။

လက်ရှိ နည်းလမ်းများကို ပြန်လှန် ပြင်ဆင်ခြင်း မပြုလုပ်ပါက ရုတ်တရက် မြင့်တက်လာသော ဆန်ဝယ်အားက ထုတ်လုပ်မှုကို မကြာမီ အတွင်း ကျော်တက် သွားလိမ့်မည်ဟု နိုင်ငံတကာ ဆန်သုတေသန အဖွဲ့အစည်း IRRI မှ Robert Ieigler က ဖိုရမ်သို့ ပြောကြားသည်။

အထက်ပါ နည်းလမ်းများတွင် အထွက် တိုးမှု နှေးကွေးခြင်းနှင့် သဘာဝ သယံဇာတာ စီမံခန့်ခွဲမှု မမှန်ကန်၊ မပြည့်ဝခြင်းတို့ ပါဝင်သည်ဟု ၎င်းကဆိုသည်။

ဗီယက်နမ်သည် ထိုင်းနိုင်ငံ၏ နောက်တွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဆန်တင်ပို့သော နိုင်ငံ ဖြစ်သော်လည်း နိုင်ငံ၏ စားနပ်ရိက္ခာ ထုတ်လုပ်မှု ကဏ္ဍသည် လူဦးရေ လျှင်မြန်စွာ တိုးပွားလာခြင်း၊ သဘာဝ ဘေးအန္တရာယ် မကြာခဏ ပိုမို ကျရောက်မှုများ အပါအဝင် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင် နေရဆဲ ဖြစ်သည်ဟု ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းက ပြောကြားသည်။

"စားနပ်ရိက္ခာ လုံခြုံမှု သေချာစေဖို့ လုပ်ဆောင်ရေးဟာ စီးပွားရေး ကိစ္စအတွက်၊ လူသားချင်း စာနာတဲ့ ကိစ္စအတွက်သာ မကပါဘူး။ နိုင်ငံတွေနဲ့ ကမ္ဘာလုံး ဆိုင်ရာ လူမှု-နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရှိစေဖို့ အတွက်လည်း ထိထိ ရောက်ရောက် သက်ရောက်မှု ရှိပါတယ်" ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ အစာရေစာ မလုံလောက်သူ ၀.၅ % နေထိုင်နေသော အာရှဒေသတွင် စားနပ်ရိက္ခာ လုံခြုံမှု တိုးတက် လာစေရန် အတွက် အာရှ နိုင်ငံများ အနေဖြင့် ဆန်စိုက်ပျိုး ထုတ်လုပ်မှု သိသာစွာ တိုးမြင့်ရေးနှင့် ကောင်းစွာ စီမံ ခန့်ခွဲရေး တို့ကို လုပ်ဆောင်ရန် လိုအပ်သည်ဟု ဖော်ပြထားသော IRRI ၏ အစီရင်ခံစာ ထုတ်ပြန် အပြီးတွင် အထက်ပါ ၃ ရက်ကြာ ညီလာခံကို ကျင်းပခြင်း ဖြစ်သည်။

အာရှတိုက်တွင် ကမ္ဘာ့ ဆန်စပါး ၉၀ % စိုက်ပျိုး ထုတ်လုပ်နေပြီး ဆန်စပါး ကုမ္ပဏီ လုပ်ငန်းပေါင်း ၂၀၀ ကျော် ရှိသည်ဟု သိရှိရသည်။

သက္ကရာဇ် ၂၀၅၀ တွင် လူဦးရေ သန်း ၉ ထောင် ရှိလာမည့် လျှင်မြန်စွာ ကြီးထွားလာသော ကမ္ဘာ့ လူဦးရေကို စားနပ်ရိက္ခာ ဖူလုံစေရန် ယခု ညီလာခံက ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဆန်ကွန်ဂရက် ကမကထ ပြု စီစဉ်သူ စိုက်ပျိုးရေး ဝန်ကြီး Cao Duc Phat ၏ အဆိုအရ သိရှိရသည်။

၎ နှစ် တစ်ကြိမ် ကျင်းပသည့် ဆန်ကွန်ဂရက်သည် ကမ္ဘာ့အကြီးဆုံး ဆန်လုပ်ငန်း နယ်ပယ် စည်းဝေးပွဲကြီး ဖြစ်ပြီး သုတေသန ပညာရှင်များ၊ ကုန်သည်များ၊ စိုက်ပျိုးရေး ဝန်ကြီးများ၊ အာရှတိုက်နှင့် ကမ္ဘာ တလွှားမှ အခြား ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀၀ ကျော် အတူတကွ စုဝေး ကြခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 8th November 2010

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အမြဲတမ်း အဖွဲ့ဝင် ဖြစ်လိုသော အိန္ဒိယနိုင်ငံ၏ ရည်မှန်းချက်ကို အမေရိကန် သမ္မတ ဘားရက် အိုဘားမားက အားပေး ထောက်ခံလိုက်သည်။

၃ ရက်ကြာ ခရီးစဉ်၏ အပြီးသတ်၊ အိန္ဒိယ ပါလီမန်တွင် မိန့်ခွန်း ပြောကြားစဉ် သမ္မတ အိုဘားမားက အိန္ဒိယ နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို လှိုက်လှိုက်လှဲလှဲ ချီးကျူးခဲ့သည်။

ကုလ သမဂ္ဂ၏ ထိပ်ပိုင်း စားပွဲတွင် နေရာ ရရန် နှစ်ပေါင်း များစွာ ကြိုးစား စည်းရုံးနေသော အိန္ဒိယနိုင်ငံကို ၎င်း၏ မှတ်ချက်များက နှစ်သိမ့် ကျေနပ် စေပါလိမ့်မည်။

အိန္ဒိယ အနေဖြင့် ကုလ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် နေရာကို ချက်ချင်း ရလိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း၊ မစ္စတာ အိုဘားမား ပြောကြားသည့် အတိအကျ မသိနိုင်သော ကုလသမဂ္ဂ ပြုပြင် ဖွဲ့စည်းမှုမှာ နှစ်ပေါင်းများစွာ ကြာနိုင်ကြောင်း အကဲခတ် လေ့လာသူများက ပြောကြားသည်။

အမေရိကန် ခေါင်းဆောင်က ဝါရှင်တန်-ဒေလီ ဆက်ဆံရေးသည် ယခု ရာစုနှစ်၏ ထင်ရှားသော လုပ်ဖော် ကိုင်ဖက်များ စာရင်း ဝင်လိမ့်မည်ဟုလည်း ပြောကြားခဲ့သည်။

တရားဥပဒေ ရှေ့မှောက်သို့

"ကမ္ဘာ့ ခေါင်းဆောင် ၂ နိုင်ငံ အနေနဲ့ အမေရိကန် ပြည်ထောင်စုနဲ့ အိန္ဒိယ နိုင်ငံဟာ ကမ္ဘာလုံး ဆိုင်ရာ လုံခြုံရေး အတွက် လုပ်ဖော် ကိုင်ဖက်တွေ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် လာမယ့် ၂ နှစ်ပြီးရင် လုံခြုံရေး ကောင်စီမှာ အိန္ဒိယနိုင်ငံ တာဝန်ယူတဲ့ အချိန်မှာပေါ့" ဟု သမ္မတ အိုဘားမားက ပြောကြား လိုက်ချိန်တွင် လက်ခုပ် သြဘာသံများ ဆူညံသွားသည်။

"အမေရိကားက ကြိုဆိုနေတဲ့ အဆက်မပြတ် ရှင်သန် တည်တံ့မယ့် နိုင်ငံတကာ အာဏာ တစ်ရပ်မှာ အရည်အချင်း ရှိတဲ့၊ ထိရောက်မှု ရှိတဲ့၊ သိက္ခာရှိတဲ့၊ တရားဝင်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီး ဖြစ်လာဖို့ ကိစ္စ ပါဝင်ပါတယ်။ ကျွန်တော် ဒီနေ့ ဒီလို ပြောရတဲ့ အကြောင်းကတော့ လာမယ့်နှစ်တွေ အတွင်းမှာ အိန္ဒိယနိုင်ငံ အမြဲတမ်း အဖွဲ့ဝင် အဖြစ် ပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ပြုပြင် ဖွဲ့စည်းဖို့ ကျွန်တော် လေ့လာ နေလို့ပါပဲ" ဟု ၎င်းက ပြောကြားသည်။

လက်ရှိ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ၅ နိုင်ငံမှာ အမေရိကန် ပြည်ထောင်စု၊ တရုတ်၊ ဗြိတိန်နှင့် ရုရှားတို့ ဖြစ်သည်။

အိန္ဒိယအတွက် နောက်ထပ် အရေးကြီးသော အချက်တစ်ခုမှာ ၎င်း၏ ဒေသတွင်း ပြိုင်ဖက် ပါကစ္စတန်မှ စစ်သွေးကြွများ၏ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ သမ္မတ အိုဘားမားက ပြောကြားခဲ့မှု ဖြစ်သည်။

"ပါကစ္စတန် ခေါင်းဆောင်တွေဆီ ကျွန်တော်တို့ အခိုင်အမာ ဆက်လက် တောင်းဆိုရမှာ ကတော့ သူတို့ရဲ့ နယ်စပ်စည်း အတွင်းမှာ အကြမ်းဖက် သမားတွေ ဘေးကင်းစွာ ခိုလှုံနေတာဟာ လက်ခံ နိုင်စရာ မရှိဘူး ဆိုတဲ့ အချက်ပါပဲ၊ မွန်ဘိုင်း တိုက်ခိုက်မှု နောက်ကွယ်က အကြမ်းဖက် သမားတွေကို တရားဥပဒေ ရှေ့မှောက်ကို ပို့ဆောင် ရမှာပါ" ဟု ၎င်းက ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ် မွန်ဘိုင်း (ဘုံဘေ) တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများကို အမှတ်တရ နေရာသို့ စနေ၊ တနင်္ဂနွေတွင် အိုဘားမား သွားရောက်ခဲ့သည် ဟုလည်း သိရှိရသည်။

အရေိကန် သမ္မတသည် အမေရိကန် ပို့ကုန်များ မြှင့်တင်ရန် ရည်ရွယ်သည့် အာရှ ၁၀ ရက် ခရီးစဉ်တွင် အင်ဒိုနီးရှား၊ တောင်ကိုးရီးယားနှင့် ဂျပန် နိုင်ငံများသို့ ဆက်လက် သွားရောက်မည် ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

BBC News, 4th November 2010

စကာင်္ပူ နိုင်ငံသည် စီးပွားရေး လုပ်ငန်း ဆောင်ရွက်ရန် အကောင်းဆုံး နိုင်ငံ ဖြစ်နေဆဲဟု ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစီရင်ခံစာ အရ သိရှိရသည်။

ကုမ္ပဏီများ စီးပွားရေး လုပ်ရန် ဖြေလျှော့ပေးမှု အပေါ် နိုင်ငံပေါင်း ၁၈၃ နိုင်ငံအား အဆင့် သတ်မှတ်သည့် ကမ္ဘာ့ဘဏ် ၂၀၁၁ စီးပွားရေး အစီရင်ခံစာတွင် စကာင်္ပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်ခြင်း ဖြစ်သည်။

စီးပွားရေး လုပ်ငန်း စတင်ရန် လွယ်ကူမှု ချေးငွေ ရရှိနိုင်မှု အပေါ် မှတ်ကျောက် တင်သည့် အနေဖြင့် နိုင်ငံများကို အဆင့် သတ်မှတ်ရာတွင် ဗြိတိန်နိုင်ငံက အဆင့် (၄) နေရာနှင့် ချပ်ဒ် နိုင်ငံက အောက်ဆုံး အဆင့်တွင် ရှိနေသည်။

ကာဇက်စတန်ကမူ ပြီးခဲ့သော တစ်နှစ်လုံး အတိုးတက်ဆုံး ပြသခဲ့သည်။

ဂျော်ဂျီယာ ကမူ လွန်ခဲ့သော ၅နှစ်အတွင်း ကြီးကြီးမားမား တိုးတက်မှု ရှိခဲ့ကြောင်း တွေ့မြင်ရသည်။

ကုမ္ပဏီ တည်ထောင်ရန် အကောင်းဆုံး နိုင်ငံများ-

Source: ကမ္ဘာ့ဘဏ် ၂၀၁၁ စီးပွားရေး အစီရင်ခံစာ

(၁) စကာၤပူ

(၂) ဟောင်ကောင်

(၃) နယူးဇီလန်

(၄) ယူနိုက်တက် ကင်းဒမ်း(ဗြိတိန်)

(၅) အမေရိကန် ပြည်ထောင်စု

(၆) ဒိန်းမတ်

(၇) ကနေဒါ

(၈) နော်ဝေး

(၉) အိုင်ယာလန်

(၁၀) ၾသစေၾတးလ်

၂၀၀၄ နောက်ပိုင်း ထုတ်ပြန်ခဲ့သော နှစ်ပတ်လည် စီးပွားရေး အစီရင်ခံစာသည် စံညွှန်း မှတ်ကျောက် (၉) ခု အပေါ်တွင် လေ့လာ တင်ပြခြင်း ဖြစ်သည်။

အကဲဖြတ်ရာတွင် လေ့လာသည့် အခြားအချက် ၇ ချက်မှာ အခွန် ပေးဆောင်မှု၊ နယ်စပ် ကုန်သွယ်ရေး၊ ပိုင်ဆိုင်မှု မှတ်ပုံ တင်ခြင်း၊ ဆောက်လုပ်ရေး ပါမစ် ရရှိနိုင်မှု၊ စီးပွားရေး လုပ်ငန်း ပိတ်သိမ်းမှု၊ ကန်ထရိုက် စာချုပ်ပါ အချက်များ လိုက်နာရန် ဖိအား ပေးနိုင်မှု၊ ရင်းနှီး မြှုပ်နှံသူများ အကာအကွယ် ပေးမှုတို့ ဖြစ်သည်။

အစီရင်ခံစာတွင် တိုင်းပြည်၏ အခြေခံ အဆောက်အဦး၊ လုပ်သား အင်အားစု ကျွမ်းကျင်မှု စွမ်းရည်နှင့် လုံခြုံရေး စသော ကျယ်ပြန့်လွန်းသည့် အခြေအနေ များကိုမူ လေ့လာခြင်း မပြုပါ။

ဟောင်ကောင်က အဆင့်(၂)၊ နယူးဇီလန်က အဆင့်(၃)၊ အမေရိကန် ပြည်ထောင်စုက ဗြိတိန်၏ နောင်တွင် အဆင့် (၅) အသီးသီး ရပ်တည်နေကြပြီး ထိပ်ဆုံးမှ ၅ နိုင်ငံ စလုံးမှာ ယခင်နှစ်က အဆင့်အတိုင်း အလားတူ ပြန်လည် ရရှိကြခြင်း ဖြစ်သည်။

၁၈၃ နိုင်ငံ လေ့လာမှု စစ်တမ်းတွင် ၁၁၇ နိုင်ငံမှာ ၂၀၀၉ ဇွန်လမှ ၂၀၁၀ မေလ အကြား စီးပွားရေး ဦးစားပေး ဥပဒေသစ်များ အကောင်အထည် ဖော်ခဲ့ကြသောကြောင့် ၂၀၁၁ အစီရင်ခံစာတွင် အကြုံး ဝင်ခဲ့ကြသည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားသည်။

အစိုးရ အဖွဲ့များက ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေး ကိစ္စရပ်များကို တုန့်ပြန် ဆောင်ရွက် ခဲ့ကြသည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

ကမ္ဘာလုံး ဆိုင်ရာ ငွေကြေးနှင့် စီးပွားရေး အကြပ်အတည်းကို တွန်းလှန်သည့် အနေဖြင့်  ကမ္ဘာတလွှားမှ မူဝါဒ ချမှတ်သူ အစိုးရများက ပြည်တွင်း ကုမ္ပဏီများ စတင်မှုနှင့် လည်ပတ်မှု လွယ်ကူစေရန် ပြီးခဲ့သော တစ်နှစ်လုံး အဆင့်ဆင့် ဆောင်ရွက် နိုင်ခဲ့ကြသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အချို့ စီးပွားရေး နိုင်ငံများ အခြားသူများထက် ပိုမို ပြင်းထန်စွာ ထိခိုက်ခဲ့ချိန်တွင် စီးပွားရေး ကုမ္ပဏီ လုပ်ငန်းများ စတင်ရန်၊ နှင့် လည်ပတ်ရန် လွယ်ကူမှု (သို့) ခက်ခဲမှု ရှိ/မရှိ၊ ထိရောက်သော တရား စီရင်ရေးနှင့် ကြွေးမြီမဆပ်မှု အရေး ယူခြင်းများ ရှိ/မရှိ၊ ယင်းအချက်များက ကုမ္ပဏီများ၏ အကျပ်အတည်း ကျော်လွှားနိုင်မှုနှင့် အခွင့်အလမ်း သစ်များကို လျင်မြန်စွာ ဖမ်းဆုပ်မှုအပေါ် လွှမ်းမိုးနိုင်မှု စသည်တို့ကို လေ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။

ယခု နောက်ဆုံး စီးပွားရေး အစီရင်ခံစာ၌ ဒေသအလိုက် ပိုင်းခြား လေ့လာထားရာ၊ အရှေ့ ဥရောပနှင့် ဗဟိုအာရှဒေသမှ တိုင်းပြည်များသည် ပြီးခဲ့သော ၁၂ လအတွင်း စီးပွားရေး လုပ်ငန်းများ လွယ်ကူစေရန် အများဆုံး လုပ်ဆောင်ခဲ့ကြပြီး တိုင်းပြည်အားလုံး၏ ၈၄ % မှာ စီးပွားရေး ဦးစားပေး ပြုပြင် ပြောင်းလဲမှု အနည်းဆုံး တစ်ခုကို လုပ်ဆောင် နိုင်ခဲ့ကြသည်ကို တွေ့ရှိရသည်။

ကမ္ဘာတလွှား တိုးတက်မှု အရှိဆုံး မှတ်တမ်း ဝင်ခဲ့သည့် ကာဇက်စတန်သည် ၎င်း၏ ကုမ္ပဏီ ဆိုင်ရာ ဥပဒေများ ပြင်ဆင်ခြင်း၊ ကုမ္ပဏီ လုပ်ငန်း စတင်ရန် လုပ်ထုံး လုပ်နည်းများ ဖြေလျှော့ခြင်း၊ ဆောက်လုပ်ခွင့် ပါမစ် ရရှိမှု လွယ်ကူ ရိုးရှင်းစေခြင်းတို့ အပါအဝင် ဆောင်ရွက်ချက် များစွာကို ပြုလုပ်ခဲ့သည်။

အရှေ့ အာရှနှင့် ပစိဖိတ် ဒေသသည်လည်း ဒေသတွင်း နိုင်ငံ လေးပုံ သုံးပုံခန့်က ကုမ္ပဏီများ၏ ရှင်သန် နိုင်မှု လွယ်ကူစေရန် အနည်းဆုံး ပြုပြင် ပြောင်းလဲမှု တစ်ခုစီ ပြုလုပ်ကြခြင်းဖြင့် အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့သော နောက်ထပ် ဒေသ တစ်ခု အဖြစ် ရပ်တည်ခဲ့သည်။

လက်တင် အမေရိကန်နှင့် ကာရစ်ဘီယန် နိုင်ငံများမှာမူ စီးပွားရေး ဦးစားပေး ပြုပြင် ပြောင်းလဲမှု တစ်ခုစီ (သို့) ပို၍ ပြုလုပ်သော နိုင်ငံ ၄၇ % သာ ရှိသောကြောင့် တိုးတက်မှု အနည်းဆုံး နိုင်ငံအဖြစ် မြင်တွေ့ကြရသည်။

စကာင်္ပူ၏ အရည်အချင်း

စကာင်္ပူ နိုင်ငံ ထိပ်ဆုံးမှ ဦးဆောင်နေခြင်းမှာ အကြောင်းရင်း များစွာ ရှိသည်ဟု အစီရင်ခံစာ ပူးတွဲ ရေးသားသူ ဒါလီယာ ခါလီဖာက BBC သို့ ပြောကြားသည်။

"စကာင်္ပူဟာ ပြီးခဲ့တဲ့ ၅ နှစ်လုံးလုံး ကျွန်မတို့ရဲ့ အစီရင်ခံစာမှာ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်" ဟု သူမက ဆိုသည်။

"စကာင်္ပူဟာ ပို့ကုန်နဲ့ သွင်းကုန် လုပ်ငန်းအတွက် စွမ်းဆောင်ရည် အကောင်းဆုံး နေရာ အဖြစ် ရိုးရိုးလေး ရပ်တည်နေပါတယ်။ ဥပမာ ပြောရရင် ရှင့်အနေနဲ့ ကုန်စည်တွေ တင်ပို့ဖို့နဲ့ တင်သွင်းဖို့ အတွက် အထောက်အထား ၄ ခုပဲ လိုပါတယ်။ ဒီအချက်ဟာ ကမ္ဘာ့ အကောင်းဆုံး လုပ်ထုံးလုပ်နည်း တစ်ခု ဖြစ်နေဆဲ ပါပဲ။ ရင်းနှီး မြှုပ်နှံသူတွေနဲ့ လူနည်းစု ရှယ်ယာစုတွေကို အကာအကွယ် ပေးရာမှာလည်း စကာင်္ပူက ဦးဆောင် နိုင်ငံတစ်ခုပါ" ဟု သူမက ဆက်လက် ပြောဆိုသည်။

လတ်တလော ကမ္ဘာဒုတိယ အကြီးဆုံး စီးပွားရေး အင်အားကြီး ဖြစ်လာသော တရုတ်မှာမူ စကာင်္ပူနှင့်များစွာ ပြတ်ကျန်ရစ်ကာ အဆင့် (၇၉) တွင် ရပ်တည်နေသည်။

ဗြိတိန်၏ ချီးမွမ်းစရာ

ဗြိတိန်နှင့် ပတ်သက်၍ ခါလီဖာက ပြောကြားရာတွင် ၎င်းနိုင်ငံ၌ ကုမ္ပဏီများ ချေးငွေရရှိရန် လွယ်ကူမှုနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် ခိုင်မာသော ဥပဒေကြောင်း အခွင့်အရေးများ ရှိနေမှုကြောင့် အစီရင်ခံစာတွင် ချီးကျူး ဂုဏ်ပြုထားသည်ဟု ဆိုသည်။

ချေးငွေ သတင်း အချက်အလက် ဆိုင်ရာ ဗြိတိန်၏ ထိရောက်သော စနစ်နှင့် ကုန်သွယ်ရေး အငြင်းပွားမှုများကို တရားရုံးများတွင် ကိုင်တွယ်ဖြေရှင်းမှု မြန်ဆန်ခြင်းတို့ကို အစီရင်ခံစာ ထုတ်ဖော် ရည်ညွှန်းထားသည်။

အာဖရိက တိုက်တွက် စွမ်းဆောင်ရည် အကောင်းဆုံးမှာ မောရစ်သျှ နိုင်ငံဖြစ်၍ ကမ္ဘာ့အဆင့် သတ်မှတ်ချက် (၂၀) တွင် ရှိနေသည်ဟု သိရသည်။

အဆင့် ၂၂ ဂျာမဏီ၊ အဆင့် ၂၅ ဘယ်လ်ဂျီယံ၊ အဆင့် ၂၆ ပြင်သစ်၊ အဆင့် ၂၇ ဆွစ်ဇာလန်၊ အဆင့် ၃၀ နယ်သာလန် တို့ ပါဝင်သည့် အနောက်ဥရောပ တိုင်းပြည်များကို မောရစ်သျှက အနိုင်ယူ သွားခြင်းပင် ဖြစ်သည်။

အဆင့်ကောင်း ရရှိသော အခြား အာဖရိက နိုင်ငံများမှာ တောင်အာဖရိက (၃၄) နှင့် ဘော့ဆွာနာ (၅၂) တို့ဖြစ်သည်။ အဆင့် ၅၈ ရရှိသည့် ရဝမ်ဒါမှာ ယခင်နှစ် အဆင့် ၇၀ မှ တက်လာခြင်း ဖြစ်ပြီး၊ လွန်ခဲ့သော ၁၂ လနှင့် ၅ နှစ်အတွင်း ဒုတိယ တိုးတက်မှု အရှိဆုံး တိုင်းပြည် ဖြစ်သည်။

ချဒ် နိုင်ငံကမူ စွမ်းဆောင်ရည် အဆိုးဝါးဆုံး အဖြစ် ၂ နှစ် ဆက်တိုက် ရပ်တည်ခဲ့သည်။

ကျယ်လောင်သော အသိပေးမှု

စီးပွားရေး လုပ်ရန် အကောင်းဆုံး တိုင်းပြည်များ စာရင်းတွင် မက္ကဆီကိုက အဆင့် ၃၅၊ ပီရူးက ၃၆ ရရှိကြပြီး အဆင့် ၃၉ သို့ တဆင့် ကျသွားသော ကိုလံဘီယာကို ကျော်တက်ခဲ့ခြင်း ဖြစ်သည်။

လက်ဝဲယိမ်း သမ္မတ ဟူရိုချားဗက်စ် ဗင်နီဇွဲလားမှာမူ ဒေသတွင်း စီးပွားရေး လုပ်ကိုင်ရန် အဆိုးဝါးဆုံး နိုင်ငံအဖြစ် ဆက်လက် ရပ်တည်ကာ ကမ္ဘာ့အဆင့် ၁၇၂ တွင် ရှိနေသည်။ အရှေ့ အလယ်ပိုင်းမှ ဆော်ဒီ အာရေဗီယားကမူ စွမ်းဆောင်ရည် အကောင်းဆုံး အဆင့် (၁၁) ရရှိပြီး ၎င်း၏ နောက်မှ ဘာရိန်းက ၂၈၁ အစ္စရေးက ၂၉ ဖြင့် အသီးသီး ရပ်တည်နေသည်။

"ကုမ္ပဏီတွေ စီးပွားရေး လုပ်လို့ လွယ်ကူအောင် ပြုလုပ်နေတဲ့ နိုင်ငံတွေကို များများ ပိုတွေ့လာရတာ ဝမ်းသာ ကျေနပ်စရာပါ" ဟု ခါလီဖာက ဖြည့်စွက် ပြောကြားသည်။

"အခု အသိပေးမှုက ကျယ်လောင်တယ်၊ ကြည်လင်တယ်၊ နိုင်ငံတွေ အနေနဲ့ အငယ်စားနဲ့ အလတ်စား ကုမ္ပဏီတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်နိုင်ရေးနဲ့ အလုပ်အကိုင် ဖန်တီးရေးဟာ သိပ်ကို အရေးကြီးတယ် ဆိုတာကို သိရှိသွားကြပါပြီ" ဟု သူမက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ရန် အနောက် အင်အားကြီး နိုင်ငံ အစိုးရများက စစ်အစိုးရကို တိုက်တွန်းလိုက်ပြီး နိုဝင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပသော ရွေးကောက်ပွဲသည် လွတ်လပ်မှု မရှိသလို တရား မျှတမှုလည်း မရှိကြောင်း ဝေဖန် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ တာ ကာလ အတွင်း ပထမဆုံး အကြိမ် ကျင်းပသည့် ရွေးကောက်ပွဲကို အနောက် အင်အားကြီး နိုင်ငံများက ပြင်းပြင်းထန်ထန် ဝေဖန် ပြောကြားကြသည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမား မြန်မာ ရွေးကောက်ပွဲသည် နိုင်ငံတကာ စံချိန် စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း၊ တရားဝင်သော ရွေးကောက်ပွဲ တစ်ရပ်လည်း မဟုတ်ကြောင်း သုံးသပ် ပြောဆိုသည်။

အမေရိကန် ပြည်ထောင်စု နှင့် သြစတြေးလျ နိုင်ငံတို့ ပူးတွဲ ထုတ်ပြန်သော ကြေညာချက်တွင် မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန် တိုက်တွန်း ထားသည်ကို တွေ့ရသည်။

"မြန်မာနိုင်ငံ အာဏာပိုင်များ အနေဖြင့် လွတ်လပ်ပြီး တရား မျှတသော ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးသမားများ အားလုံး ပါဝင်နိုင်သည့် စစ်မှန်သော ရွေးကောက်ပွဲ ဖြစ်မြောက်အောင် မပြုလုပ် နိုင်ခဲ့သည့်အတွက် သြစတြေးလျ နှင့် အမေရိကန် ပြည်ထောင်စုက များစွာ စိတ်မကောင်း ဖြစ်မိသည်" ဟု အဆိုပါ ပူးတွဲ ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

"ဤလုပ်ရပ်သည် မြန်မာ ပြည်သူများအတွက် ရက်စက် ကြမ်းကြုတ်သော အစိုးရ စနစ်အောက်သို့ ပြန်လည် ရောက်ရှိစေမည့် သဘောမျိုး ဖြစ်သည်။ လူ့အခွင့်အရေး ချိုးဖောက်သော၊ မြန်မာနိုင်ငံ၏ ကြွယ်ဝသော သဘာဝ သံယံဇာတများကို အလွဲ သုံးစား ပြုမည့် အစိုးရ တစ်ရပ် အောက်သို့ ပြည်သူများကို တွန်းပို့နေသည့် သဘောမျိုးလည်း ဖြစ်သည်" ဟု ဆက်လက် ဖော်ပြထားသည်။

မြန်မာ စစ်အာဏာပိုင်များ အနေဖြင့် အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား လူနည်းစုများ အားလုံးနှင့် စစ်မှန်ပြီး ရိုးသား ပွင့်လင်းသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်သင့်ကြောင်း ပြင်သစ် နိုင်ငံက တိုက်တွန်းသည်။

ဥရောပ သမဂ္ဂ (အီးယူ) အဖွဲ့၏ နိုင်ငံခြား ရေးရာ မူဝါဒ အကြီးအကဲ Catherine Ashton က မြန်မာ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲသည် နိုင်ငံရေး သမားများ၊ တိုင်းရင်းသားများ အားလုံး ပါဝင်ခွင့် ရရှိသော တာထွက် တစ်ခု အဖြစ် သတ်မှတ်နိုင်အောင် ပြုလုပ်ပေးသင့်ကြောင်း ပြောဆိုသည်။

ရွေးကောက်ပွဲ ကျင်းပပြီးနောက် အစောဆုံး ထွက်လာသည့် ရလဒ်များအရ စစ်အစိုးရနှင့် ချိတ်ဆက်မှု ရှိသော ပါတီသာ အနိုင် ရရှိသွားသည်ကို တွေ့ရသည်။ အဓိက အတိုက်အခံ ပါတီကြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က အဆိုပါ ရွေးကောက်ပွဲကို သပိတ်မှောက်ပြီး ဝင်ရောက် ယှဉ်ပြိုင်မှု မပြုလုပ်ခဲ့ပေ။ ယခု ရွေးကောက်ပွဲတွင် နိုင်ငံခြား သတင်းစာ ဆရာများနှင့် စောင့်ကြည့် လေ့လာသူများ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။

New Satesman မှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နှစ်ပေါင်း ၂၀ တွင်း ပထမဆုံး ကျင်းပသည့် မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲကို အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ)က ကြိုဆိုပြီး "နိုင်ငံ ရှေ့ဆက် သွားရန် အရေး ကြီးသော အဆင့်တစ်ခု" ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်လိုက်သည်။ အဆိုပါ ကြေညာချက်ကို အာဆီယံ၏ လက်ရှိ ဥက္ကဌ ဖြစ်သော ဗီယက်နမ် နိုင်ငံက နိုင်ငံပိုင် မီဒီယာမှ တစ်ဆင့် ထုတ်ပြန်ခြင်း ဖြစ်သည်။

"အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ် ဆက်လက် အရှိန် မြှင့်တင်ရန် နှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး၊ နိုင်ငံတွင်း တည်ငြိမ် အေးချမ်းရေး အစ ရှိသည် တို့ကို ဖော်ဆောင် ရန် အာဆီယံ အနေဖြင့် မြန်မာနိုင်ငံကို အားပေး အားမြှောက် ပြုပါသည်" ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အနောက်နိုင်ငံ အစိုးရများက မြန်မာ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုမရှိဟု ပြစ်တင် ရှုတ်ချသည်။ အကြောင်းမှာ ရွေးကောက်ပွဲတွင် မဲလိမ်မှုနှင့် မသမာမှု များစွာ ရှိခဲ့သည် ဟူသော သတင်း ပေးပို့ချက်များ ထွက်ပေါ် လာသောကြောင့် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲတွင် စစ်အစိုးရ ကျောထောက် နောက်ခံ ပေးခြင်း ခံရသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့- USDP) သာ မဲအများဆုံးဖြင့် အနိုင် ရရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက် များအရ သိရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

စစ်အစိုးရ ကျောထောက် နောက်ခံ ပေးမှုကို ရရှိထားသည့် ပါတီက လွှတ်တော် အမတ်နေရာ ၈၀ ရာခိုင်နှုန်း အနိုင် ရရှိကြောင်း ထုတ်ဖော် ကြေညာလိုက်ရာ မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ဒီမိုကရေစီ ပါတီကြီး နှစ်ခုမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပသည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်သွားပြီ ဖြစ်သည်။

နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပ ပြုလုပ်သည့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ အပေါ် စစ်အစိုးရက ကြိုးကိုင် ချယ်လှယ်ခဲ့သည်ဟု ဒီမိုကရေစီ လိုလားသော အတိုက်အခံ ပါတီများက စွပ်စွဲ ပြောဆိုသလို အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂ နှင့် ဂျပန်နိုင်ငံ တို့ကလည်း ပြစ်တင် ရှုတ်ချထားသည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေး စနစ်ကို အရပ်သား အုပ်ချုပ်ရေးပုံစံ ပြောင်းလဲရန် ကြိုးပမ်းမှု တစ်ခုသာ ဖြစ်၍ အတု အယောင်မျှသာ ဖြစ်သည်ဟု ဆိုသည်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Kevin Rudd က "လွတ်လပ်ပြီး တရား မျှတမှုတို့နှင့် ကင်းကွာသည်" ဟု ဆိုပြီး မြန်မာ ရွေးကောက်ပွဲကို ပြစ်တင် ရှုတ်ချလိုက်သည်။ စစ်အစိုးရ သြဇာခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့- USDP) မှ တာဝန်ရှိသူ တစ်ဦးက ၎င်းတို့ ပါတီသည် ရွေးကောက်ပွဲတွင် လွှတ်တော် အမတ်နေရာ ၈၀ ရာခိုင်နှုန်း အထိ အနိုင်ရဖွယ် ရှိကြောင်း ပြောကြားသည်။

ရွေးကောက်ပွဲ ရလဒ်များ မကြေညာမီ ရက်ပိုင်း ကပင် စစ်အစိုးရ ကျောထောက် နောက်ခံ ကြံ့ဖွံ့ ပါတီက ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ကြံ့ဖွံ့ပါတီမှ အရာရှိ တစ်ဦးက ဧရာဝတီတိုင်း၌ အမတ်နေရာ ၉၁ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာတွင် ၆ နေရာ ရှုံးကြောင်း၊ မန္တလေးတွင် ၁၀၅ နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာ ၂ နေရာသာ ရှုံးကြောင်း ပြောကြားသည်။ မန္တလေးနှင့် ဧရာဝတီတိုင်းတို့သည် မြန်မာ နိုင်ငံတွင် အကြီးဆုံး တိုင်းဒေသကြီးများ ဖြစ်သည်။

ရွေးကောက်ပွဲတွင် နိုင်ငံ့ဝန်ထမ်းများအား ကြိုတင်မဲပေးရန် ဖိအားပေးမှုများ ရှိခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၆ ပါတီခန့်က ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်တန်းထားကြောင်း သိရသည်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခွဲထွက်လိုက်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ရန်ကုန် တိုင်းဒေသကြီးတွင် ၁၆ နေရာသာ အနိုင် ရရှိပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသများတွင် ရှုံးနိမ့်ကြောင်း ပြောဆိုသည်။

ဒုတိယ အကြီးဆုံး အတိုက်အခံ ပါတီ ဖြစ်သည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) လည်း ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သည်။

ဤအတော အတွင်းမှာပင် နယ်စပ်ဒေသ ဖြစ်သော မြဝတီတွင် မြန်မာစစ်တပ်နှင့် ကရင် လက်နက်ကိုင် တပ်ဖွဲ့အကြား ပစ်ခတ် တိုက်ခိုက်မှုများကြောင့် ဒုက္ခသည် ပြည်သူ နှစ်သောင်း ကျော်ခန့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားကြသည်။

သတင်း ပေးပို့ချက်များ အရ ထိုင်း-မြန်မာ နယ်စပ် ဒေသတွင် လက်နက်ကြီးများနှင့် သေနတ် ပစ်ဖောက်သံများ အဆက်မပြတ် ကြားရသည်ဟု ဆိုသည်။ ယခု အခါ အခြေအနေမှာ တည်ငြိမ် အေးချမ်းသည့် အဆင့်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်ကြောင်း အဆိုပါ ဒေသမှ သတင်း ရင်းမြစ်များက ဆိုသည်။

ထိုင်းအာဏာပိုင်များက ယခုအခါ ဒုက္ခသည်များကို မြန်မာ နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်လျက် ရှိသည်။ ခန့်မှန်းချက် များအရ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြသည့် ဒုက္ခသည် ဦးရေ နှစ်သောင်းမှ လေးသောင်းအထိ ရှိသည်။

မြန်မာ စစ်တပ်နှင့် ကရင် လက်နက်ကိုင် တပ်ဖွဲ့များ အကြား ပစ်ခတ် တိုက်ခိုက်မှုမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း အနည်းဆုံး လူ ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

UPI News, 3rd November 2010

မြန်မာ နိုင်ငံတွင် တနင်္ဂနွေနေ့၌ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တရားဝင် ယှဉ်ပြိုင်ပွဲ တစ်ခုအဖြစ် ဗြိတိသျှ အစိုးရက အသိအမှတ် ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။း

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဉ် ပြင်ဆင်လျက် ရှိနေပြီး လက်ရှိ အုပ်ချုပ်သူ စစ်အစိုးရက အစိုးရအဖွဲ့ အတွင်းသို့ အရပ်သားများ ပါဝင်နိုင်ရန် တံခါးဖွင့် ထားသည်ဟု ပြောကြားထားသည်။

စစ်ဖက် ခေါင်းဆောင်များ အနေဖြင့် လွှတ်တော် တွင်းနေရာ ၂၅ % ရရှိရန် အာမခံချက် ရထားပြီး ဖြစ်သလို အစိုးရကလည်း အတိုက်အခံ ပါတီများစွာနှင့် တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲကို ဖော်ထုတ် ကန့်ကွက်မည့် နာမည်ကြီး ဝေဖန် ဆန်းစစ်သူများ ကိုလည်း တားဆီး ပိတ်ပင်ထားသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Jeremy Browne က Channel News Asia နှင့် ပြုလုပ်သော အင်တာဗျူးတွင် လန်ဒန် အနေဖြင့် အဆိုပါ ရွေးကောက်ပွဲကို များစွာ ယုံကြည်မှု မရှိကြောင်း ပြောကြားလိုက်သည်။

"ရွေးကောက်ပွဲတွေကို တရားဝင်တယ်လို့ ကျွန်တော်တို့ အသိအမှတ် မပြုပါဘူး၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် ရှိနေပါတယ်။ ရွေးကောက်ပွဲ ဝင်ချင်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ဟာလည်း ဝင်ရောက် မယှဉ်ပြိုင် နိုင်ကြပါဘူး။ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ သဘောထားကိုလည်း၊ ထင်ဟပ်နိုင်ခြင်း မရှိပါဘူး၊ ဒီလို အကြောင်းရင်းတွေ ရှိနေတဲ့ အတွက် ဒီရွေးကောက်ပွဲတွေကို တရားဝင် လုပ်ငန်းစဉ် တစ်ခုလို့ ကျွန်တော်တို့ မယူဆပါဘူး" ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၃၇ ခု ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် လက်ရှိ စစ်ဖက် အုပ်ချုပ်သူများသာ အနိုင်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

တိုင်းပြည်တွင်းမှ  အတိုက်အခံ အုပ်စုများကမူ ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် တိုက်တွန်း တောင်းဆိုနေကြသည်။ သို့သော်လည်း ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် ပြည်သူ လူထုကို နှိုးဆော်သူများ အနေဖြင့် ငွေဒဏ် (သို့) ထောင်ဒဏ် ၁ နှစ် (သို့) ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း အတိုက်အခံ DVB သတင်းစာက ဖော်ပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 3rd November 2010

မြန်မာ နိုင်ငံတွင် ယခင်က အတိုက်အခံ နိုင်ငံရေးဟု ဆိုလိုက်သည်နှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆိုလိုသည်ကို လူတိုင်း သိကြသည်။ ထို့နောက် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD သည် ကြီးမားစွာ အနိုင်ရ ခဲ့သော်လည်း အစိုးရက လက်မခံခဲ့ပေ။

ယခု အနှစ် နှစ်ဆယ် ကြာသောအခါ ယခုအပတ် အကုန်တွင် ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်လျက် ရှိသည်။ စစ်အစိုးရ ခေါင်းဆောင်များသည် ယူနီဖောင်းချွတ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အောက်မှ အရွေးခံရန် ရှိသည်။ ပါတီ၏ အမှတ်အသား ဖြစ်သော အဖြူရောင် နောက်ခံတွင်အစိမ်းရောင် ခြသေ့င်္မှာ တိုင်းပြည်နေရာ အနှံ့ချယ်မှုန်းထားသည်ကို တွေ့ရပါသည်။ မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထူးထူးခြားခြား ထင်မြင်ချက်များ မရှိပါ။ သို့သော် USDP သည် နေရာ အားလုံးတွင် ပါဝင် ယှဉ်ပြိုင်သဖြင့် အနိုင်ရရန် သေချာနေပေသည်။ အချို့ ပါတီငယ်များသည် နေရာ အနည်းငယ် တွင်သာ ပါဝင် ယှဉ်ပြိုင်နိုင်ကြသည်။ တိုင်းရင်းသား လူမျိုး အများစုသည်လည်း ၎င်းတို့ လူမျိုး ပါတီများ အပေါ် ဆန္ဒမဲ ပေးနိုင်ကြသည်။

အတိုက်အခံ အတွက်မူ ယခင်ပုံစံ အတိုင်း မဟုတ်တော့ပေ။ NLD သည် ဥပဒေများ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်း စာမျက်နှာမှ နုတ်ထွက်သွားခဲ့သည်။ ထိုအချက်ကြောင့် အခြား ပါတီများအတွက် အန္တရာယ် မရှိတော့ပေ။ ထိုအထဲတွင် သပိတ်မှောက်မှုကို သဘောမတူသော NLD အဖွဲ့ဝင်ဟောင်းများ ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သည် အကြီးဆုံး ဖြစ်သည်။ ၎င်းသည် ပါလီမန်တွင် လုံလောက်သော အတိုက်အခံ အင်အား ရလိမ့်မည်ဟု မျှော်လင့်နေသည်။ အခြားပါတီများမှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိကြပေ။ အချို့ နေရာများတွင် တစ်သီးပုဂ္ဂလ အမတ်များ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ အားလုံးက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသော အချက်မှာ ပိုကောင်း လာလေမလားဟု ထိုင်စောင့် နေသည်နှင့် စာလျှင် အားနည်းချက်များ အမှားများ ရှိသော ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းက ပိုကောင်းသည်ဟု ခံယူထားကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ အလေ့အကျင့် သိပ်မရှိသေးပါဘူး။ ကျွန်တော်တို့ နိုင်ငံရေး သမား ဖြစ်ချင်တယ်" ဟု တစ်ဦးက ကျွန်ုပ်အား ပြောပြသည်။

ထိုအချက်မှာ ကျိုးကြောင်း ဆီလျော်သည်။ သို့သော် NLD သစ္စာခံများနှင့် မြန်မာနိုင်ငံ ပြင်ပမှ တစ်သံတည်း ထွက်သော အမြင်တွင်၊ သစ္စာ မရှိသူများ အဖြစ် မြင်ကြသည်။ NDF သည် ရွေးကောက်ပွဲအတွက် စတင် ပြင်ဆင်ချိန်က NLD ၏ ခိုင်မာသော ထောက်ခံသူများနှင့် တက်ကြွသူများကို စည်းရုံးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် NLD တာဝန်ရှိ ပုဂ္ဂိုလ်များက ၎င်း၏ ထောက်ခံသူများအား NDF နှင့် မပူးပေါင်းရန် ပြောခဲ့ပြီး၊ ယုတ်စွအဆုံး အိမ်တံခါးပင် ဖွင့်မပေးရန် ပြောခဲ့သည်။ ယခုနှစ် အစောပိုင်းက အမေရိကန် သံတမန်အား NLD ခေါင်းဆောင်များက ပါတီမှ ခွဲထွက်သွားသူများ အပေါ် ပွင့်ပွင့်လင်းလင်း အမုန်းတရားအား ထုတ်ပြခဲ့ရာ သံရုံး
ဝန်ထမ်းမှာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။

ပြည်ပရောက် နိုင်ငံရေး သမားများသည် NDF နှင့် မြန်မာနိုင်ငံ၏ ထင်ရှားသော အရပ်ဖက် အဖွဲ့အစည်း ထောက်ပံ့သူများကြား အဆက်အသွယ်ကို အာရုံပြု ပြောဆိုခဲ့ကြသည်။ စွပ်စွဲချက်မှာ စစ်အစိုးရ၏ စီးပွားရေး သမားများက အဆိုပါ အဖွဲ့အစည်းများမှ တဆင့် NDF အား ငွေကြေး ထောက်ပံ့ပြီး မရိုးသားသည့် ရွေးကောက်ပွဲအား တရားဝင်အောင် ပြုလုပ်သည်ဟု ဆိုသည်။ (NDF ခေါင်းဆောင်များက ထိုစွပ်စွဲချက်များကို ဂရုမစိုက်ခဲ့ပါ။ သို့သော် ကိုယ်စားလှယ်များ အတွက် စီးပွားရေး သမားများထံမှ အကူအညီ ယူရကြောင်း ပြောသည်။) မကြာသေးမီက NDF ဦးဆောင်၍ ခြောက်ပါတီ မဟာမိတ် ဖွဲ့စည်းရေး ကြိုးပမ်းမှုမှာ ထိုစွပ်စွဲချက်ကြောင့် ရှေ့မဆက်နိုင် ဖြစ်ခဲ့ရသည်။

ထိုကဲ့သို့သော အကွဲအပြဲများသည် အတိုက်အခံ ကြုံတွေ့နေရသော ကြီးမားသော လုပ်ငန်းစဉ် အတွက် ကြီးမားသော စိတ်ပျက်ဖွယ် နှောင့်နှေးမှုများပင် ဖြစ်သည်။ အဆိုပါ ကိစ္စများသည် အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေခဲ့ရပြီးနောက် မြန်မာ နိုင်ငံရေး၏ ဘာမဟုတ်သော ကိစ္စဖြင့် ကိုယ့်ကိုယ်ကို ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သော သဘာဝကို မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ အစိုးရ နောက်ခံပြု အင်အားစုများကို ယှဉ်ပြိုင်ရန် ကိစ္စမှာ စိတ်ကူးရန် ခဲယဉ်းသော ကိစ္စဖြစ်သည်။ သို့သော် NDF နှင့် အခြား ပါတီများသည် ကြိုးစားကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလုပ်ရပ်မှာ ရက်စက် ကြမ်းကြုတ်ပြီး၊ အပြောင်းအလဲ မြန်သော အစိုးရအား အလျော့ ပေးသည်ဟု ယူဆပြီး ၎င်းတို့အား မုန်းတီးသူများက ထိုလုပ်ရပ်ကို ပြည်သူများ မယုံကြည်စေရန် ကြိုးပမ်း လုပ်ဆောင်လာကြသည်။ ၎င်းတို့ အောင်မြင် သွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကမ္ဘာက လွှတ်ပေးရန် အကြိမ်ကြိမ် ပြောနေသည့် ကြားမှ အကျဉ်းကျ ခံနေရဆဲ ဖြစ်သည်။ ထိုအချက်သည်ပင် အများက ရွေးကောက်ပွဲအပေါ် မကောင်းမြင်ရခြင်း တစ်ချက် ဖြစ်နေပေသည်။ သူမ၏ နောက်ဆုံး နေအိမ် အကျယ်ချုပ် သက်တမ်းသည် နိုဝင်ဘာ (၁၃) ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ အစိုးရက သူမအား လွှတ်ပေးလိမ့်မည်ဟု ယူဆရသည်။ အတိုက်အခံမှာလည်း ထိုသို့သော စုစည်းသော အာဏာ ရှိဖို့ လိုအပ်လှသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 1st November 2010

နိုင်ငံ အုပ်ချုပ်ရေး အာဏာ သိသာစွာ လွှဲပြောင်းမှု ရှိမည် မဟုတ်သော ရွေးကောက်ပွဲ အတုဟု ဝေဖန် ဆန်းစစ်သူများက သတ်မှတ်ထားကြသော နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများကို စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တော့မည် ဖြစ်သည်။

အကယ် ပေါ်ပေါက်လာမည့် စနစ်သစ်သည် ပြည်သူလူထုကို သော်လည်းကောင်း၊ အာဏာ ငတ်မွတ်နေသော စစ်ဗိုလ်ချုပ်များကို သော်လည်းကောင်း ကျေနပ် နှစ်သိမ့်မှု မပေးနိုင်ပါက ဖြစ်ပွားလာ နိုင်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်မှု များအပေါ် စိုးရိမ် ပူပန်ခြင်းနှင့်အတူ မရေရာသော အနာဂတ် ကာလ တစ်ခုဆီသို့ ပြည်သူ သန်း ၅၀ နှင့် သယံဇာတ ကြွယ်ဝသော တိုင်းပြည်တို့ ဦးတည်နေခြင်း ဖြစ်သည်။

ဖြစ်နိုင်ချေ ရှိသော ရွေးကောက်ပွဲ အလွန် ပုံရိပ်များကို အောက်တွင် တင်ပြ ဆွေးနွေးထားသည်။

-      ရွေးကောက်ပွဲသည် အပေါ်ယံ ရုပ်ပြောင်းခြင်းမျှသာ ဖြစ် စစ်တပ်က အာဏာ ဆက်ယူမည်

စစ်တပ်က အာဏာကို အမှန်တကယ် စွန့်လွှတ်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။ အခြေခံ ဥပဒေသစ်အရ တပ်မတော် သားများအတွက် လွှတ်တော် ကိုယ်စားလှယ် နေရာ ၂၅ % သီးသန့် ဖယ်ထားသည့် အပြင် လတ်တလော အငြိမ်းစား ဗိုလ်ချုပ်များ အပါအ၀င် တပ်မတော် ကြိုးကိုင် ကိုယ်စားလှယ်များက ကိုယ်စားလှယ် နေရာ အမြောက် အမြား အနိုင်ရရန် များစွာ သေချာနေသည်။

သမ္မတက တာဝန် ထမ်းဆောင်ဆဲ ဗိုလ်ချုပ် ၃ ဦးကို ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများအဖြစ် တာဝန်ပေးကာ ကျန်ဝန်ကြီး ရာထူးများကို တပ်မတော်ကြိုးကိုင် ကိုယ်စားလှယ်များက ရရှိကြလိမ့်မည်ဟု မျှော်လင့် ရပေရာ မူဝါဒနှင့် ဘတ်ဂျက် ဆုံးဖြတ်မှုများကို တပ်မတော်က ဆက်လက် ထိန်းချုပ်မည့် သဘောပင် ဖြစ်သည်။ အသုံးစရိတ် ဘီလ်စာရင်း များမှာမူ လွှတ်တော်မှ တဆင့် အတည်ပြုရမည် ဖြစ်သော်လည်း တပ်မတော်က မဖြစ်မနေ ထိန်းချုပ်လိမ့်မည် ဖြစ်သည်။

သည်မှာ ဖြစ်နိုင်ခြေ အများဆုံး ဇာတ်ကွက်ဖြစ်ပြီး တပ်မတော် သည်သာလျှင် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း ရှိသည့် တစ်ခုတည်းသော အင်အားစု ဖြစ်သည်ဟု စစ်အစိုးရက ရိုးသားစွာ ယုံကြည်နေ သည်ဟု လေ့လာသူများက ပြောကြားသည်။ ထို့အပြင် စစ်ဗိုလ်ချုပ်များက ယင်းတို့၏ ကိုယ်ပိုင် အကျိုး စီးပွားများကိုလည်း ကာကွယ်ရန်၊ မြှင့်တင်ရန် ဆန္ဒ ရှိကြလိမ့်မည်ဟု ဆိုသည်။

-      ဒီမိုကရေစီ စနစ် ကျဆုံးကာ စစ်တပ်က အာဏာ ပြန်ယူမည်

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့စဉ်က ရလဒ်ကို စစ်ဗိုလ်ချုပ်များက မလိုလားသောကြောင့် အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ကြသည်။ ယင်းဖြစ်ရပ်မှ စစ်အစိုးရက သင်ခန်းစာ ယူခဲ့သည့် လက္ခဏာ ရှိပြီး အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေကို ဂရုတစိုက် ရေးဆွဲကာ အာဏာကို ယင်းတို့ လက်ထဲ ပြန်လွှဲရန် အသေအချာ စီစဉ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သစ်ကို ပြည်သူအများစုက ပယ်ချခြင်းကြောင့် လူထု အုံကြွမှု ဖြစ်ပေါ်စေနိုင်သော်လည်း လက်ရှိ အာဏာရ ဗိုလ်ချုပ်ကြီးများကို ဖယ်ရှားကာ တကယ့် ဒီမိုကရေစီသို့ ပြောင်းလဲမည့် တပ်မတော် အုပ်စုကွဲ၏ အာဏာ သိမ်းခြင်းမှာမူ ဖြစ်နိုင်ချေ နည်းသည်။

ပြည်တွင်း လုံခြုံရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်မှုကို ခြိမ်းခြောက်မှုနှင့် ရင်ဆိုင် ရချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို  အာဏာ သိမ်းခွင့် ပြုထားသည့် အရေးပေါ် အခြေအနေ ကြေညာခွင့်နှင့် ပတ်သက်ပြီး တပ်မတော်က ရေးဆွဲသော ၂၀၀၈ အခြေခံ ဥပဒေတွင် အသေးစိတ် ဖော်ပြထားသော အခန်း ပါဝင်သည်။ အချက်ကြောင့် အကယ်တပ်မတော်၏ အာဏာ ခြိမ်းခြောက်ခံရခြင်း၊ သြဇာ ကျဆင်းလာခြင်း တို့ ဖြစ်ပေါ်လာပါက အာဏာ ပြန်သိမ်းရန် အတွက် အကြောင်းပြရန် ပဋိပက္ခများ ကိုယ်တိုင် ဖန်တီးခြင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်။

-      တကယ့် အရပ်ဖက် အုပ်ချုပ်ရေးသို့ အဆင့်ဆင့် ပြောင်းလဲခြင်း

ရေရှည်တွင်မူ မြန်မာနိုင်ငံ တပ်မတော်၏ ထိန်းချုပ်မှုနှင့် သြဇာ ကင်းရှင်းသော တကယ့်အစစ် အမှန် အရပ်ဖက် အစိုးရထံ တဖြည်းဖြည်း အာဏာ လွှဲပြောင်းမှု ဖြစ်ပေါ်လာနိုင်သည်။ ကိစ္စမှာ အဆင့်ဆင့် ပြောင်းလဲရမည့် လုပ်ငန်းစဉ် ဖြစ်ဖွယ် ရှိပြီး တပ်မတော်၏ ရည်ရွယ်ချက် မဖြစ်နိုင်ပါ။

အနာဂတ် ရွေးကောက်ပွဲများ၊ အခြေခံ ဥပဒေ ပြင်ဆင်မှုများ၊ အာဏာ တည်ဆောက်ပုံ အပြောင်း အလဲများက တပ်မတော်အတွင်း သဘောထား မတူသော အုပ်စုကွဲများကို ထွက်ပေါ် စေနိုင်သည်။ ဥပမာအားဖြင့် အချို့သူများက အတွေ့အကြုံ ရှိသော ပညာရှိသော ပညာရှင်များ (စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများကို ကိုင်တွယ်နိုင်စွမ်း ရှိသည်ဟု ယူဆရသော) ကို နေရာပေးရန် လိုလားခြင်း များကို ဆိုလိုသည်။

နိုင်ငံတကာ ဖိအားပေးမှု၊ ပြုပြင် ပြောင်းလဲရန် ဆန္ဒ (သို့) ပုဂ္ဂလိက စီးပွားရေး (သို့) နိုင်ငံရေး စိတ်ဝင်စားမှုများကြောင့် တပ်မတော် အတွင်း (သို့) ယင်း၏ ကိုယ်စားလှယ်များအတွင်း အုပ်စုကွဲများ အလိုအလျောက် ပေါ်ထွက်လာသည်ကို တွေ့မြင်ရနိုင်သည်။

အဆိုပါ ဖြစ်ရပ်မျိုးမှာ ပထမပိုင်း အစိုးရ အနည်းငယ် အတွင်း ဖြစ်နိုင်ချေ မရှိသော်လည်း အိုမင်း ရင့်ရော်လာသည့် စစ်အစိုးရ ထိပ်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ် ကွယ်လွန်ခြင်း (သို့) မြင်ကွင်းမှ ပျောက်ကွယ် သွားပါက စတင် ဖြစ်ပေါ်လာနိုင်သည်။ မည်သို့ပင် ဖြစ်စေ တပ်မတော်အတွင်း အကွဲအပြဲ မှန်သမျှသည် အာဏာ သိမ်းမှုနှင့် နိုင်ငံရေး အရှုပ်အထွေးများကို ဖြစ်ပေါ်စေမည့် အခွင့်အလမ်းများ မြင့်တက် လာစေဖွယ် ရှိသည်။

-      စစ်တပ် ကြိုးကိုင် အစိုးရကို ပြည်သူလူထုက ပယ်ချခြင်း

နှစ်ပေါင်းများစွာ စီးပွားရေး ခန့်ခွဲမှု အလွဲများ၊ လူ့အခွင့်အရေး ညှင်းပန်းမှုများနှင့် ပညာရေး၊ ကျန်းမာရေး၊ လူထု ၀န်ဆောင်မှု ကဏ္ဍများတွင် လုံလုံ လောက်လောက် ရင်းနှီး မြှုပ်နှံရန် ပျက်ကွက်မှုများ ကြောင့် တပ်မတော် အပေါ် လူထု မကျေနပ်မှုကို နက်ရှိုင်းအောင် ဖန်တီးသလို ဖြစ်ခဲ့ပြီး အထူးသဖြင့် အခြေခံ ဥပဒေတွင် ကတိပြုထားသည့် ပြုပြင် ပြောင်းလဲရေးနှင့် လူမှုဖူလုံရေး ကတိက၀တ်များကို ဖော် ဆောင်ရန် အစိုးရက ပျက်ကွက်သည့် အချိန်တွင် ဆူပွက် အုံကြွမှု ဖြစ်ပေါ်လာနိုင်သည်။

ဤကိစ္စမှာ ယခင်ကလည်း ဖြစ်ပျက်ခဲ့ပြီး ဖြစ်သည်။ လောင်စာဆီနှင့် ဓာတ်ငွေ့ ဈေးနှုန်း တက်မှု ကြောင့် စစ်အစိုးရအပေါ် ပြည်သူလူထု ဒေါသပွားကာ ၂၀၀၇ တွင် နိုင်ငံအနှံ့ သံဃာတော် ဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့ပြီး စစ်ဖက် အုပ်ချုပ်သူ အစိုးရကလည်း ပြည်သူလူထု၏ တော်လှန်မှုနှင့် ရင်ဆိုင် ရချိန်တွင် ယင်းတို့၏ ကြောက်ရွံ့စိတ်နှင့် ရက်စက် ကြမ်းကြုတ်မှုတို့ကို ထပ်မံ ပြသခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသစ်ကို ဆွေးမျိုးရောင်းရင်း ကောင်းစားရေးဝါဒ၊ အကျင့်ပျက် ခြစားမှု နှင့် အလွန်အမင်း မညီမျှမှုများက ဒုက္ခပေးဖွယ် ရှိနေသည်။ အကယ်၍ တရားစီရင်ရေး စနစ် စွန်းထင်း နေခြင်း၊ လယ်သမား လျစ်လျူရှု ခံနေရခြင်းနှင့် လုံလောက်သော လူမှု ဖူလုံရေး အစီအစဉ်များကို အစိုးရက ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက ယင်းတို့၏ လက်တွင်း၌ပင် တော်လှန် သူပုန်ထမှုများ ဖြစ်လာနိုင်သည်။ စစ်အစိုးရ၏ အတိတ်က ကျူးလွန်မှုများကို တုန့်ပြန် တရားစွဲဆို လိုကြသည့် ဒီမိုကရေစီ အုပ်စုများစွာ မြန်မာနိုင်ငံတွင် ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.