Transparency Myanmar

transparency.myanmar@gmail.com

(AFP သတင်းဌာနမှ 3 February 2011 ရက်စွဲပါ "US says no to easing pressure in Myanmar" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု များအပေါ် ဖြေလျော့ ပေးရန် အချိန် မကျသေးဟု အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲ နောက်ဆက်တွဲ အဖြစ် ခေါင်းဆောင်ပိုင်း ပြန်လည် ဖွဲ့စည်း ပြင်ဆင်နေသော မြန်မာ အစိုးရကို ပိုမို မှန်ကန် ခိုင်မာသော ဆောင်ရွက်ချက်များ ပြုလုပ်ရန် တိုက်တွန်း လိုက်သည်။

အရှေ့အာရှ ပစိဖိတ် ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က အရှေ့တောင် အာရှ နိုင်ငံများနှင့် တိုင်ပင် ညှိနှိုင်းရန် ခရီး လှည့်လည် ခဲ့ပြီးနောက် "အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ များစွာ စိတ်ပျက် လက်ပျက် ဖြစ်ရသော်လည်း တွေ့ဆုံ ညှိနှိုင်းမှုကိုမူ ဆက်လက် ပြုလုပ် သွားမည်" ဟု ပြောကြား ခဲ့သည်။

"အရှေ့တောင် အာရှ နိုင်ငံ တော်တော် များများက အရေးယူမှု အစီအစဉ်တွေကို ရုတ်သိမ်းဖို့ အချိန်တန်ပြီလို့ ထုတ်ပြောလာပါတယ်၊ အချိန် မကျသေးတာကို ထင်သာ မြင်သာ တွေ့နေရတယ်လို့ ကျွန်တော်တို့ ယူဆတဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ပြန်ပြောခဲ့ပါတယ်" ဟု Campbell က သတင်းထောက်များကို ပြောကြားသည်။

"သူတို့က ကိစ္စမျိုးစုံနဲ့ ပတ်သက်တဲ့ အစိုးရသစ် မူဝါဒကို ပုံဖော်နေတာ ဖြစ်လို့ ဒီအစိုးရသစ်က မှန်ကန် ခိုင်မာတဲ့ ပြုပြင် ဆောင်ရွက်မှုတွေ ပြုလုပ်လာတာကို ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်" ဟု ယင်းက ပြောဆိုခဲ့သည်။

ကမ္ဘာတွင် Burma ဟုသာ လူသိများသည့် မြန်မာ နိုင်ငံတွင် ယခု သီတင်းပတ်၌ တပ်မတော် ဩဇာခံ လွှတ်တော်ကို ခေါ်ယူ စည်းဝေးလျက် ရှိရာ ဒီမိုကရေစီ လမ်းညွှန် မြေပုံဟု ခေါ်သော လုပ်ငန်းစဉ်၏ အရေးကြီးဆုံး အဆင့်ဟု မြန်မာ အစိုးရက ပြောဆိုနေသည်။

သို့သော်လည်း အနောက် နိုင်ငံများနှင့် အတိုက် အခံ အုပ်စုများက "ဒိုင်ညစ်သည်" ဟု ဝိုင်းဝန်း ဝေဖန် ခဲ့ကြသည့် ယခင်နှစ်က ရွေးကောက်ပွဲများသည် ဒီမိုကရေစီ အင်အားစု များနှင့် တိုင်းရင်းသား လူမျိုးစုများကို ဘေးဖယ် ထုတ်ရန် ကြံစည် လှည့်ဖြား ထားသော သိက္ခာမဲ့ ညစ်ညမ်းမှု အဖြစ် စွပ်စွဲ အပြစ် တင်ခဲ့ကြသည်။

"လက်ရှိ အစိုးရ အနေဖြင့် ၎င်းတို့၏ ရည်ရွယ် ကြံစည်မှုများကို ရှင်းရှင်းလင်းလင်း ပြောကြားရန် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားခြင်းကို အမေရိကန် ပြည်ထောင်စုက ပံ့ပိုး ရပ်တည်သွားမည်" ဟု Campbell က ဆိုသည်။

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိခဲ့သော်လည်း စစ်ဖက် အုပ်ချုပ်သူများက အသိ အမှတ်ပြု အာဏာ လွှဲပြောင်းပေးခြင်း မရှိခဲ့ပါ။ နိုဘယ် ဆုရှင် လူထု ခေါင်းဆောင်ကို နှစ်ပေါင်း များစွာ အကျယ်ချုပ် ထိန်းသိမ်း ထားခဲ့ပြီးနောက် ပြီးခဲ့သော နိုဝင်ဘာလတွင် အစိုးရက လွှတ်ပေးခဲ့သော်လည်း ရွေးကောက်ပွဲများ အပြီး တစ်ပတ်ကြာမှသာ လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုကို ဆန့်ကျင်သော နိုင်ငံများနှင့် ဆက်ဆံ ညှိနှိုင်းရန် သမ္မတ အိုဘားမား အစိုးရ၏ ကြိုးပမ်းမှု အစီအစဉ် တစ်ရပ် အဖြစ် ၂၀၀၉ ခုနှစ်တွင် Campbell က မြန်မာ အစိုးရနှင့် တွေ့ဆုံ ညှိနှိုင်းမှုကို စတင် ပြုလုပ် ခဲ့သည်။

"ဖြစ်စဉ် တစ်ခုလုံးကို အခြေခံ ကျကျ သုံးသပ်ရမယ် ဆိုရင် ကျွန်တော်တို့ စိတ်ပျက် လက်ပျက် ဖြစ်ရပါတယ်" ဟု ပြောကြားခဲ့သော Kurt Campbell က အမေရိကန် ပြည်ထောင်စုသည် တွေ့ဆုံ ဆွေးနွေးမှု ရလဒ်ကို ပိုမို ဈေးခေါ်ရန် လုံးဝ ကြိုးစားခဲ့ခြင်း မရှိဟု အခိုင်အမာ ပြောလိုက်သည်။

"ဒီကိစ္စမှာ ဘယ်လိုပဲ ဖြစ်ဖြစ် တွေ့ဆုံ ဆွေးနွေးမှု အတိုင်းအတာ ဒီဂရီဟာ အမေရိကန် ပြည်ထောင်စုရဲ့ အကောင်းဆုံး စိတ်ကူးတွေနဲ့ ကျွန်တော်တို့ရဲ့ ဒေသတွင်း မူဝါဒတွေကို လုပ်ဆောင် ပေးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" ဟု Campbell က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Hindustan Times သတင်းဌာနမှ 2 February 2011 ရက်စွဲပါ "Mizoram Anticipating Security Problems Post-Kaladan" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အရှေ့မြောက်ရှိ ငြိမ်းချမ်းသော နယ်မြေ (Island of Peace) မီဇိုရမ်သည် ကုလားတန် သယ်ယူ ပို့ဆောင်ရေး ဘက်စုံသုံး စီမံကိန်း စတင် လည်ပတ်သည့် အချိန်မှ စ၍ လုံခြုံရေး ပြဿနာကို စိုးရိမ် လာရသည်။

နယူးဒေလီနှင့် ရန်ကုန်တို့သည် ၂၀၀၈ ခုနှစ် ဧပြီလက အိန္ဒိယ အစိုးရက ငွေကြေး ထောက်ပံ့မည့် ဒေါ်လာသန်း ၁၂၀ တန် ကုလားတန် စီမံကိန်း အတွက် သဘော တူညီချက် လက်မှတ် ရေးထိုးခဲ့ပြီး အဆိုပါ စီမံကိန်းကြောင့် အနာဂတ်တွင် ကုလားတန် မြစ်တလျှောက် အိန္ဒိယနှင့် မြန်မာ ကူးသန်းရောင်းဝယ်ရေး လမ်းကြောင်း ဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။

ကုလားတန် မြစ်သည် မီဇိုရမ်မှ စတင် စီးဆင်းပြီး ဘင်္ဂလား ပင်လယ်အော်သို့ မြန်မာ နိုင်ငံ စစ်တွေတွင် စီးဝင်သည်။ စစ်တွေတွင် ဆိပ်ကမ်း ဆောက်လုပ် ခြင်းအား အိန္ဒိယမှ ကူညီလျက် ရှိသည်။ သို့သော် ၎င်းသည် မီဇိုရမ်နှင့် နယ်စပ်ချင်း ထိနေသော မြန်မာ နိုင်ငံမှ စက်ပစ်ပြင် (Setpyitpyin) အထိ ရေကြောင်းမှ သွားလာနိုင်ပြီး ထိုဒေသအထိ အိန္ဒိယ အရှေ့မြောက်မှ ကုန်ပစ္စည်းများ ကုန်းလမ်းမှ သယ်ပို့နိုင်သည်။

"လိုအပ်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု တွေနဲ့ အတူ မလိုလားတဲ့ အရာတွေလည်း ဝင်လာမှာ၊ ထွက်သွားမှာကို မျှော်လင့် ထားပါတယ်၊ ဒီတော့ ဖြစ်လာနိုင်တဲ့ အရာတွေကို လက်ခံ ကိုင်တွယ်ဖို့ ထိရောက်တဲ့ မဟာဗျူဟာ တဖြည်းဖြည်း ချမှတ်ဖို့ အချိန် ရောက်နေပါပြီ၊ ဘာကြောင့်လဲ ဆိုတော့ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းပါတယ်" ဟု မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် Lal Thanhawla က နယူးဒေလီတွင် ပြည်နယ် ဝန်ကြီးချုပ်များ ကွန်ဖရင့်၌ ပြောကြားခဲ့သည်။

၎င်းက ဖြည့်စွက် ပြောကြား ရာတွင် ပြည်နယ်များ လုံခြုံရေး အသုံး စရိတ် အတွက် လက်ရှိ ကျင့်သုံးနေသော လိုအပ်ချက် အရသာ ရွေးချယ်၍ ဗဟိုမှ ထောက်ပံ့သော စနစ်ကို ပြန်လည် ပြုပြင် သင့်ကြောင်း ဆိုသည်။ "မီဇိုရမ် ဆိုရင် နှစ်ပေါင်းများစွာ အနှောင့် အယှက်တွေ ရှိရာကနေ ငြိမ်းချမ်းရေး ပြန်ရလာပြီ ဖြစ်ပေမဲ့ ငြိမ်းချမ်းရေးကိုလည်း ထိန်းသိမ်း ထားရပါမယ်၊ ငြိမ်းချမ်းရေး ရပြီ ဆိုပြီး အခြား ပြည်နယ်တွေနဲ့ ခွဲခြား ဆက်ဆံဖို့ မသင့်ပါဘူး" ဟု ၎င်းက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးကို ထိန်းသိမ်း ထားနိုင်ရေး အတွက် မက်လုံး ပေးသည့် အနေဖြင့် ပြည်နယ် လုံခြုံရေးကို ထိန်းသိမ်း စရိတ် ကာမိအောင် ဗဟိုက အထောက် အပံ့ ပေးသင့်ကြောင်း Thanhawla က ပြောသည်။ "ကျွန်တော်တို့ ငြိမ်းချမ်းရေး အတွက် တန်ဖိုး ကြီးကြီး ပေးခဲ့ရပြီးပါပြီ၊ ငြိမ်းချမ်းရေးကို ထိန်းသိမ်း နိုင်ဖို့ကိုလည်း တန်ဖိုး တစ်ခု ပေးရမှာပဲ" ဟု ၎င်းက ဆိုသည်။

မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ် လုံခြုံရေး ထိန်းသိမ်း ထားနိုင်ရေး အတွက် လူမျိုးစုများ ရှိရာ အရပ်တွင် ရိုးရာ ဒေသဆိုင်ရာ အဖွဲ့ အစည်းများ ဖွဲ့စည်း နိုင်ရေး လိုအပ်ချက်ကို အလေးပေး ပြောကြားခဲ့သည်။

"ဥပမာ အားဖြင့် မီဇိုရမ်မှာ ကျေးရွာ ကောင်စီ ဒါမှ မဟုတ် နာဂမြေမှာ ကျေးရွာ ဖွံ့ဖြိုးရေး ဘုတ်အဖွဲ့ တွေဟာ ကိုယ့် ဒေသမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းရာမှာ ထိရောက်တဲ့ ကဏ္ဍက ပါဝင်နိုင်ပြီး ငြိမ်းချမ်းရေး ပျက်ပြား စေမယ့် ပြင်ပက လှုပ်ရှားမှုတွေကို ကာကွယ် တားဆီးနိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

ယင်းက ပြည်ထဲရေး ဝန်ကြီးဌာနအား ပြည်နယ်များနှင့် တိုင်ပင်၍ အဆိုပါ ကိစ္စအား အမျိုးသား အဆင့် စီမံကိန်း ရေးဆွဲရန် တိုက်တွန်း ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 3 February 2011 ရက်စွဲပါ "Moderate 5.6 Quate Hits off India's Andamans" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ အန်ဒမန် ကျွန်းစုများ၏ ကမ်းရိုးတန်းတွင် အင်္ဂါနေ့က အင်အား ၅.၆ မဂ္ဂနီကျုရှိ ငလျင် တစ်ခု လှုပ်သွားသည်ဟု အမေရိကန် ဘူမိဗေဒ တိုင်းတာရေး ဌာန (USGS) က ပြောကြား သော်လည်း လတ်တလော ပျက်စီးမှု သတင်းများနှင့် ဆူနာမီ သတိ ပေးချက်များ ထုတ်ပြန်ခြင်း မရှိဟု သိရသည်။

အန်ဒမန် ကျွန်းစု ပို့ဘလဲ ဆိပ်ကမ်း၏ အရှေ့တောင်ဘက် ၁၉၂ ကီလိုမီတာ အကွာ ရေအောက် အနက် ၂၅ ကီလိုမီတာတွင် ပင်လယ် ရေအောက် ငလျင် လှုပ်သွားသော နေရာသည် ဘင်္ဂလား ပင်လယ်အော်တွင် တည်ရှိပြီး အချိန်မှာ ဒေသ စံတော်ချိန် ည ၇:၃၉ တွင် ဖြစ်သည်ဟု USGS က ပြောကြားသည်။

ဟာဝိုင်ယီ အခြေစိုက် ပစိဖိတ် ဆူနာမီ သတိပေး စင်တာကမူ မည်သည့် အကြောင်း ကြားမှုမျှ မရရှိခဲ့ဟု ဆိုသည်။

အန်ဒမန် ကျွန်းစုများ၏ မြောက်ဘက်တွင် မြန်မာ နိုင်ငံ၊ တောင်ဘက်တွင် အင်ဒိုနီးရှား နိုင်ငံနှင့် အနောက်မြောက်ဘက် ၂၅၀၀ ကီလိုမီတာ အကွာတွင် နယူးဒေလီတို့ တည်ရှိသည်။

အင်ဒိုနီးရှား ဆူမားတြား ကျွန်းစု ငလျင်မှ အစပြု လိုက်သော ပင်လယ် ရေလှိုင်းကြီးများက အိန္ဒိယ သမုဒ္ဒရာ ပတ်လည် နိုင်ငံများကို တိုက်ချ သွားခဲ့သည့် ၂၀၀၄ အာရှ ဆူနာမီကြောင့် အန်ဒမန် ကျွန်းစုတွင် ဆိုးဝါးစွာ ထိခိုက် ပျက်စီးခဲ့ဖူးသည်။

အန်ဒမန် ပြတ်ရွေ့ကြော တစ်လျှောက်ရှိ အိန္ဒိယ မြေလွှာနှင့် မြန်မာ မြေလွှာငယ်တို့ ဆုံတွေ့မှု ကြောင့် မကြာခဏ ဖြစ်ပေါ်သော မြေငလျင်များကို အန်ဒမန် ပင်လယ် တဝိုက်တွင် အမြဲ စောင့်ကြည့် လေ့လာ နေရသည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 1 February 2011 ရက်စွဲပါ "Military Calls Egyptian People's Demand Legitimate"ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် ပြည်သူတို့၏ တောင်းဆိုမှုများသည် တရားဝင်ကြောင်း အီဂျစ် ဩဇာကြီး တပ်မတော်က တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အင်္ဂါနေ့တွင် စီစဉ် ထားကြသော အစိုးရ ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကြီးများကို နှိမ်နင်းမည် မဟုတ်ဟု အခိုင် အမာ ပြောဆိုခဲ့သည်။

"ကြီးမြတ်သော အီဂျစ် ပြည်သူများ ခင်ဗျာ၊ သင်တို့ရဲ့ လက်နက်ကိုင် တပ်မတော်ဟာ ပြည်သူ တွေရဲ့ တရားဝင် အခွင့်အရေးတွေကို အသိအမှတ် ပြုပါတယ်၊ အီဂျစ် ပြည်သူ တွေ အပေါ် အင်အား သုံးပြီး နှိမ်နင်း ခဲ့ခြင်း မရှိ သလို နောင်ကိုလည်း အင်အား သုံးမှာ မဟုတ်ပါဘူး" ဟု အီဂျစ် တပ်မတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

"ငြိမ်းချမ်းသော လွတ်လပ်စွာ ပြောဆိုခွင့်ကို လူတိုင်း အတွက် ခွင့်ပြုထားသည်" ဟု တပ်မတော် ပြောရေးဆိုခွင့် ရှိသူက ပြောကြားခဲ့သည့် အတိုင်း အီဂျစ် နိုင်ငံပိုင် ရုပ်သံနှင့် နိုင်ငံပိုင် MENA သတင်း ဌာနက ထုတ်လွှင့် ဖော်ပြ ခဲ့သည်။

သမ္မတ ဟော့စနီ မူဘာရက်၏ အနှစ် သုံးဆယ် အာဏာ ချုပ်ကိုင်မှု အပေါ် မကြုံစဖူး ကြီးမားစွာ စိန်ခေါ်ခဲ့သည့် ဆန္ဒ ပြပွဲများသည် တနင်္လာနေ့တွင် ၇ ရက် မြောက် အဖြစ် ကိုင်ရို မြို့တွင်း ပြည့်လျှံ သွားခဲ့ပြီး မူဘာရက် လက်အောက်မှ အစိုးရ အဖွဲ့သစ်ကို ပယ်ချခဲ့ကြသည်။

အနည်းဆုံး ၁၂၅ ဦး သေဆုံးကာ ထောင်နှင့် ချီ၍ ဒဏ်ရာ ရရှိခဲ့ကြသော တစ်ပတ်ကြာ ဆန္ဒပြ တော်လှန်မှု အပြီး အင်္ဂါနေ့တွင် မြို့တော် ကိုင်ရို၌ လူပေါင်း တစ်သန်း ချီတက် ဆန္ဒ ပြမည်ဟု စည်းရုံး လှုပ်ရှား သူများက ကတိ ပြုထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 1 February 2011 ရက်စွဲပါ "Last Internet Provider in Egypt Goes Dark" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံ၏ အဓိက အင်တာနက် Service Providers များ အနက်မှ နောက်ဆုံး ကျန်နေသော Noor Group အမှောင် ကျသွားပြီ ဖြစ်ကြောင်း သိရသည်။

အီဂျစ်၏ အဓိက Providers လေးခု ဖြစ်သော Link Egypt၊ Vodafone/Raya၊ Telecom Egypt၊ Etisalat Misr တို့ သောကြာနေ့ မနက်တွင် ပြည်ဝင် ပြည်ထွက် အင်တာနက် ဆက်သွယ်မှုကို ရုတ်တရက် ရပ်ဆိုင်း လိုက်သည့် နောက်ပိုင်း၌ပင် အွန်လိုင်း ပေါ်၌ Noor Group ကျန်နေခဲ့ သေးသည်ဟု သိရသည်။

တနင်္လာနေ့ည ဒေသ စံတော်ချိန် ၁၁ နာရီတွင်မူ Noor Group ကို ချိတ်ဆက်၍ မရနိုင်တော့ ဟု နယူးဟမ့်ရှိုင်းယား၊ မန်ချက်စတာ အခြေစိုက် Renesys နည်းပညာ ဌာန အကြီးအကဲ James Cowie က ပြောကြားခဲ့သည်။ Noor Group ၏ လမ်းကြောင်းများကို စောင့်ကြည့် ရှာဖွေ ခဲ့သော်လည်း မတွေ့ရတော့ဟု ၎င်းက ဆိုသည်။

Noor Group နှင့် အခြား Internet Service Providers များမှ အင်ဂျင်နီယာများက ပရိုဂရမ် ဖိုင်များကို ပြောင်းကာ အင်တာနက်ကို အလျင် အမြန် ပိတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု Mr. Cowie က ပြောကြားခဲ့သည်။ သောကြာနေ့က ကနဦး အင်တာနက် အမှောင် ချမှု လုံးဝ ပြီးစီးရန် မိနစ် ၂၀ မျှသာ ကြာခဲ့သည် ဟုလည်း သိရှိရသည်။

အီဂျစ်တွင် မိုဘိုင်းဖုန်း ဝန်ဆောင်မှုများကို မနေ့က ပြန်လည် ဖွင့်ပေး ခဲ့သော်လည်း ဆန္ဒပြပွဲများ ရှိနေသရွေ့ Text Message စာပို့လွှာကို ဖြတ်တောက် ထားမည်ဟု ဆိုသည်။

ထို အတော အတွင်း Google က ပြောကြားရာတွင် အင်တာနက် ပြတ်တောက် နေသော်လည်း အီဂျစ် ပြည်သူများ Twitter Message ပို့နိုင်မည့် ဝန်ဆောင်မှု အသစ်ကို ယခု သီတင်းပတ် အတွင်း ဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။

Speak-to-Tweet ဟုခေါ်သော ဝန်ဆောင်မှု အသစ်ကို Google၊ Twitter နှင့် ပြီးခဲ့သော အပတ်တွင် Google က သိမ်းယူ ခဲ့သော Say Now တို့မှ အင်ဂျင်နီယာများက အကောင် အထည် ဖော် ဆောင်ရွက် ပေးခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Associated Press မှ 2 February 2011 ရက်စွဲပါ "Malaysia to Evacuate 11000 Students from Egypt" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် နိုင်ငံကို လှုပ်ခါ သွားစေသည့် ဆန္ဒပြပွဲများ ကြားမှပင် ကိုင်ရို မြို့တော်မှ ကျောင်းသား ၁၁၀၀၀ ကျော်ကို ပြန်လည် ခေါ်ယူရန် အတွက် သင်္ဘော တစ်စီးနှင့် လေယာဉ်များ စေလွှတ်မည်ဟု မလေးရှား နိုင်ငံက ပြောကြားသည်။

အေဒင် ပင်လယ်ကွေ့ရှိ ဆိုမာလီ ပင်လယ် ဓားပြများ၏ ရန်မှ မလေးရှား သင်္ဘောများကို ကာကွယ် ပေးနေသော ရေတပ်က အသုံး ပြုနေသည့် ကုန်သင်္ဘောသည် ကျောင်းသား ၅၀၀ ခန့်ကို ခေါ်ဆောင်ရန် အတွက် ကိုင်ရို တောင်ဘက် ဆိပ်ကမ်းသို့ ယခု သီတင်းပတ် ကုန်တွင် ရောက်ရှိမည်ဟု မလေးရှား ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က ပြောကြားခဲ့သည်။

အခြား ကျောင်းသားများ မှာမူ မလေးရှား လေတပ်၊ မလေးရှား လေကြောင်းလိုင်းများနှင့် Air Asia တို့မှ လေယာဉ်များဖြင့် ပြန်လည် ရောက်ရှိလာကြမည်ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

၎င်းက Bernama National News Agency မှတစ်ဆင့် အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန် ရာတွင် အချို့ ကျောင်းသားများမှာ ဆော်ဒီ အာရေဗျ နှင့် အခြား အိမ်နီးချင်း တိုင်းပြည်များသို့ သွားကြမည် ဖြစ်ပြီး ဆက်စပ် လေကြောင်းလိုင်းများမှ တစ်ဆင့် မလေးရှားသို့ ပြန်လာကြမည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သည့်တိုင် ဖြစ်ပေါ်လာမည့် ပါလီမန် လွှတ်တော်၌ ဥပဒေ ပြုရေး လုပ်ငန်းစဉ်အား ဒီမိုကရေစီ  ဆန်ဆန် ကျင့်သုံးရေးမှာ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံက ဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့က အတုအယောင် သဘောဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သူများဖြင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ပါလီမန် လွှတ်တော် ခေါ်ယူ ကျင်းပကြောင်း သတင်းများ အရ သိရသည်။ ယင်းလွှတ်တော်များသည် ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာ နိုင်ငံ၏ ပထမဆုံးသော တရားဥပဒေ ပြုရေးအဖွဲ့ တစ်ခုဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ မြန်မာ စစ်အစိုးရသည် အငြင်းပွားစရာ ဖြစ်သော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၀၈ ခုနှစ်တွင် ရေးဆွဲခဲ့သည်။ ယင်းဥပဒေက ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ ခေါင်းဆောင်များ အသာ စီးရအောင် ဖန်တီးပေးခဲ့ပြီး စစ်အစိုးရကို ထောက်ခံသော အရာရှိကြီးများ၊ စစ်တပ်က ခန့်အပ်သော ကိုယ်စားလှယ်များ အမတ်နေရာ ၈၀ ရာခိုင်နှုန်း အနိုင် ရရှိအောင်လည်း ဖန်တီးပေးခဲ့သည်။ စစ်အစိုးရသည် ထွက်ပေါ်လာမည့် လွှတ်တော်အတွက် တပ်မတော်သား ကိုယ်စားလှယ်များကို မကြာသေးခင်က ခန့်အပ်လိုက်ပြီး နိုင်ငံရေး အာဏာကို ပိုမို ခိုင်မြဲအောင် လုပ်ကိုင် လိုက်ပြီလည်း ဖြစ်သည်။

ပါလီမန် လွှတ်တော် အမတ်နေရာ လေးပုံတစ်ပုံကို ယင်းစစ်ဘက် ကိုယ်စားလှယ်များက ရယူထားခြင်း ဖြစ်သည်။

မြန်မာ စစ်ခေါင်းဆောင်များက ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် အရပ်ဘက် အုပ်ချုပ်ရေးစနစ် ပြောင်းလဲရေး ဖြစ်စဉ်၏ တစ်စိတ် တစ်ပိုင်းသာ ဖြစ်သည်ဟု ဆိုသည်။ သို့သော် လွှတ်တော်၌ ဖြစ်ပေါ်လာမည့် ဥပဒေပြုရေး ဖြစ်စဉ်အား ဒီမိုကရေစီ ဆန်ဆန် ကျင့်သုံးရေးမှာ ခက်ခဲလိမ့်မည်ဟု ဆိုသည်။ စစ်အစိုးရ ခေါင်းဆောင်များက ပါလီမန် လွှတ်တော်၏ အရေးပါသော နေရာများ အားလုံးကို ၎င်းတို့၏ နောက်လိုက်များ၊ သစ္စာခံများဖြင့် ဖြည့်စွက်ထားပြီဖြစ်ရာ အတိုက်အခံ အင်အားစုများ အနေဖြင့် လွှတ်တော်တွင် စည်းရုံး သိမ်းသွင်းမှုများ ပြုလုပ်ရန် မည်သို့မျှ ဖြစ်နိုင်တော့မည် မဟုတ်ပေ။

ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းခဲ့သူ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူများသည်လည်း ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့် မရရှိအောင် ကန့်သတ် ပိတ်ပင် ခံခဲ့ရသည်။ နိုဝင်ဘာ ရွေးကောက်ပွဲသည် မည်သို့မျှ တရား မျှတမှု မရှိခဲ့သလို လွတ်လပ်မှုလည်း မရှိခဲ့ပေ။

အမေရိကန် ပြည်ထောင်စုအပါအဝင် အနောက် နိုင်ငံများက ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူ့အခွင့်အရေး အလေး ထားရေးကို မထီမဲ့မြင် ပြုလုပ်ရာတွင် အဓိက တာဝန်ရှိသူများ အားလုံးကို ပစ်မှတ်ထားကာ ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ယခု မြန်မာနိုင်ငံ၌ ပါလီမန် လွှတ်တော်များ စတင် ခေါ်ယူလိုက်ချိန်တွင် အိမ်နီးချင်းနိုင်ငံများက ပိတ်ဆို့ အရေးယူမှုများကို ဖယ်ရှားပေးရန် အနောက် နိုင်ငံများကို ပြောဆိုလာကြသည်။ မြန်မာနိုင်ငံ အပေါ် ထားရှိသည့် အမေရိကန် မူဝါဒက ကုန်သွယ်ရေး၊ ရင်းနှီး မြှုပ်နှံရေး နှင့် နည်းပညာ အစရှိသော နယ်ပယ်များ အပေါ် ထိခိုက် နစ်နာစေသည်ဟု အိမ်နီးချင်း နိုင်ငံများက ဆိုသည်။ အထူးသဖြင့် စစ်အစိုးရ၏ ဖိနှိပ် ချုပ်ခြယ်မှု၊ ခွဲခြား ဆက်ဆံမှုများ ခံနေရသော တိုင်းရင်းသား လူမျိုးစု ဒေသများ ဖွံ့ဖြိုးရေး ဆောင်ကြဉ်းရာ၌ ထိခိုက် နစ်နာမှုများ ဖြစ်ပေါ်စေကြောင်း ထောက်ပြ ပြောဆိုကြသည်။

အမေရိကန် ပြည်ထောင်စုကမူ မြန်မာနိုင်ငံမှ အခြေခံ လူတန်းစားများ ကြုံတွေ့နေရသော လူမှုဒုက္ခ အဝဝနှင့် ပတ်သက်၍ စိုးရိမ် ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။ သို့သော် ယင်းကိစ္စမှာ မြန်မာ နိုင်ငံအပေါ် လွဲမှားသည့် စီးပွားရေး မူဝါဒ ကျင့်သုံးသော စစ်အစိုးရတွင်သာ တာဝန် ရှိသည်ဟု ဆိုရမည်။ မြန်မာနိုင်ငံ စီးပွားရေးကို စီမံခန့်ခွဲရာ၌ စစ်အစိုးရ မည်မျှ အတိုင်းအတာ အထိ လွဲမှားခဲ့သည်၊ အဂတိ လိုက်စားမှုများကို တရားဝင် ဖြစ်အောင် မည်သို့ လုပ်ဆောင်ခဲ့သည်၊ အဖိုးတန် သဘာဝ သယံဇာတများကို မည်ကဲ့သို့ အလွဲသုံးစား ပြုခဲ့သည် ဟူသော အချက်မှာ ရှင်းလွန်းနေသည်။

မြန်မာ စစ်အစိုးရနှင့် ဝါရှင်တန် အစိုးရတို့သည် ၂၀၀၉ ခုနှစ်မှ စတင်ကာ ဆက်ဆံရေး တိုးတက် ဖြစ်ထွန်းအောင် လုပ်ဆောင်ခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုက အပြန်အလှန် အကျိုးစီးပွား ဟူသော ကိစ္စကို အခြေခံကာ မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများ ထပ်မံ လုပ်ဆောင် သွားလိမ့်မည် ဖြစ်သည်။ မြန်မာ အစိုးရက မြန်မာ ပြည်တွင်း အခြေခံ ပြောင်းလဲမှုများ ဖြစ်ပေါ်အောင် အကောင်အထည် မဖော်နိုင်သေးသရွေ့၊ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွတ်မြောက်ခွင့် မပေးသေးသရွေ့၊ မြန်မာ စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများ၊ တိုင်းရင်းသား လူမျိုးစု အုပ်စုများ စစ်မှန်ပြီး အဓိပ္ပာယ် ပြည့်ဝသော ဒိုင်ယာလော့ခ် မဖြစ်ပေါ် သေးသရွေ့ အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့ အရေးယူမှုများ ဆက်ရှိနေဦးမည် ဖြစ်သည်။

VOA  ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(31 January 2011 ရက်စွဲပါ Asia News Network မှ Jonathan Eyal ရေးသားသော Way Forward for Asean and EU on Burma ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် အသစ် ရွေးကောက် တင်မြှောက် ခဲ့သော ပါလီမန် အသစ်သည် ဇန်နဝါရီ (၃၁) ရက်နေ့ တနင်္လာနေ့တွင် စတင် ကျင်းပရန် စီစဉ်ထားသည်။

အနောက် နိုင်ငံ အစိုးရများ အဖို့ ယခု အချိန် အခါသည် ၎င်းတို့ Burma ဟု သုံးနှုန်းနေသော မြန်မာ နိုင်ငံနှင့် ပြန်လည် ဆက်ဆံရန် ပြည့်စုံသော အခွင့်အလမ်း ကောင်းပင် ဖြစ်သင့်သည်။ ပြီးခဲ့သည့် အပတ်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ ဥရောပနှင့် အမေရိကန်တို့အား စီးပွားရေး အရေးယူမှုများ ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့မှုနှင့် တစ်ထပ် တည်းပင် ဖြစ်သည်။

အနောက်နိုင်ငံ အများစုက ၎င်းတို့၏ လက်ရှိ ချဉ်းကပ်မှုသည် အဖြေ မထွက်ကြောင်း သိကြ သော်လည်း ယခု အနောက် နိုင်ငံများက အထက်ပါ တောင်းဆိုမှုကို ငြိမ်သက်လျက် ရှိသည်။

၁၉၉၀ ခုနှစ် နှစ်လယ်များ ကတည်းက အီးယူ၊ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါနှင့် နယူး ဇီလန်တို့သည် မြန်မာ နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အမျိုးမျိုး ချမှတ် ခဲ့သည်။ အဆိုပါ အရေးယူ ပိတ်ဆို့မှုများတွင် လက်နက် ရောင်းဝယ်မှု၊ သစ်၊ ကျောက်မျက် ရတနာနှင့် သတ္တုများ ရောင်းဝယ်မှု များကို ပိတ်ပင်ထား ခဲ့သည်။ ထို့အပြင် အစိုးရ အဖွဲ့ဝင်များ အပေါ် ဗီဇာ ကန့်သတ်ချက်များ၊ ဖွံ့ဖြိုး တိုးတက်မှု အတွက် အကူ အညီ ပေးရေး အစီအစဉ် များကိုပါ ရပ်ဆိုင်း ထားခဲ့သည်။

အနောက် နိုင်ငံ အစိုးရများသည် မြန်မာ နိုင်ငံကို သူစိမ်း တရံစာကဲ့သို့ ဆက်လက် ဆက်ဆံရန် အကြောင်း ပြချက် အချို့ ရှိနေသည်။ သို့သော် ၎င်းတို့သည် အခြား အာဏာရှင် အစိုးရများနှင့်မူ ဆက်ဆံရန် အခက်အခဲ မရှိခဲ့ကြပေ။

အချက် တစ်ခုမှာ စိတ်ပညာ သဘောနှင့် ဆိုင်သည်။ မြန်မာ နိုင်ငံတွင် ၁၉၈၈ ခုနှစ်က အရေး အခင်းသည် ပေါ်ပြူလာ ဖြစ်ခဲ့ပြီး နောင်မကြာမီ အရှေ့ ဥရောပတွင်လည်း ထိုနည်း လည်းကောင်း ပြောင်းလဲမှုကြီးကို ကြုံကြရသည်။ ထို့ကြောင့် ဥရောပသားတို့သည် မြန်မာ နိုင်ငံကို ၎င်းတို့ နှင့်အတူ လွတ်မြောက် ရာလမ်းသို့ ချီတက်ကြသော အစိတ် အပိုင်း တစ်ခု အဖြစ် စိတ်ထဲတွင် စွဲထင် သွားကြသည်။ သို့သော် မြန်မာ နိုင်ငံတွင် ၁၉၉၀ ခုနှစ် လွတ်လပ်သော ရွေးကောက်ပွဲ ရလဒ်ကို အသိ အမှတ် မပြု ခဲ့သောအခါ ၎င်းတို့၏ ဒီမိုကရေစီ အောင်ပွဲ ဆိုသည့် ယုံကြည်ချက်မှာ တစ်စစီ ပြိုကွဲ ခဲ့ရပေသည်။

အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ နာမည် ကျော်ကြားမှု ကလည်း တစ်စိတ် တစ်ပိုင်း ပါဝင်ခဲ့သည်။ သူမသည် ခန္ဓာကိုယ်က ပိန်သဖြင့် အားမရှိဟု ယူဆရသော်လည်း နိုင်ငံရေး အရ ဖြိုခွင်း၍ မရသော ဇာတ်ကောင် တစ်ဦး ဖြစ်ခဲ့ရသည်။ နောက်ပိုင်းတွင် အနောက် နိုင်ငံများ အဖို့ သူမသည် လွတ်မြောက်ရေး အတွက် သူရဲကောင်း တစ်ဦး ခေတ်သစ် မဟတ္တမ ဂန္ဒီ ဖြစ်လာတော့သည်။

မြန်မာ နိုင်ငံကို ဆန့်ကျင်ရေး အတွက် ကြားဝင် ဆောင်ရွက်မှုများ ရှိခဲ့ရာ Burma Campaign သည် ဗြိတိန် နိုင်ငံ၏ ထိရောက်သော ဖိအား ပေးရေး အုပ်စု တစ်ခု ဖြစ်သည်။

မြန်မာ နိုင်ငံသည် သယံဇာတ ပေါများသော်လည်း အနောက် နိုင်ငံများနှင့် အဓိက ကုန်သွယ်ဖက် မဖြစ်ခဲ့ရခြင်း ကလည်း Sanction ပြုလုပ် ရခြင်း၏ အကြောင်းများတွင် ပါဝင်နေသည်။ မြန်မာ နိုင်ငံကို မဆက်ဆံရန် ဆုံးဖြတ်ခြင်းတွင် ငွေကြေး ကုန်ကျမှု လွန်စွာ မရှိလှချေ။

သို့သော် ရလဒ်မှာ လုံးဝ ကျရှုံးခဲ့သည်။ ဆွီဒင် နိုင်ငံ Institute for Security and Development Policy မှ အကြီးအကဲ Dr. Niklas Swanstorm က "ဒီနေ့ မြန်မာ နိုင်ငံမှာ တွေ့ရတာက အားနည်းတဲ့ အစိုးရ မဟုတ်ပါဘူး၊ ပြည်သူတွေနဲ့ သယံဇာတတွေကို ချုပ်ကိုင် ထားနိုင်တဲ့ အားကောင်းတဲ့ အစိုးရ တစ်ခု ဖြစ်နေပါတယ်" ဟု ဆိုသည်။

မြန်မာ နိုင်ငံတွင် လွတ်လပ်ရေး ရကာစက အာရှ၏ အချမ်းသာဆုံး နိုင်ငံများတွင် ပါဝင်ပြီး ယခု အခါ ကုလသမဂ္ဂ လူသား ဖွံ့ဖြိုး တိုးတက်မှု ညွှန်းကိန်းများ အရ ၁၈၂ နိုင်ငံ အနက် အမှတ်စဉ် ၁၃၈ တွင် ရှိနေသည်။ သို့သော် အမှန်တကယ် ဒုက္ခ ခံစား နေရသူများမှာ သာမန် လူတန်းစားများပင် ဖြစ်သည်။

မြန်မာ နိုင်ငံတွင် Sanction ရုတ်သိမ်းရေး အတွက် အာဆီယံ၏ တင်ပြချက်မှာ အဓိက အချက် နှစ်ခု အပေါ်တွင် အခြေခံသည်။ စစ်တပ်မှ မျိုးဆက်သစ် အရာရှိများ မကြာမီ အာဏာ ရလာကြ တော့မည် ဖြစ်သည်။ ၎င်းတို့ကို မျက်စိပွင့်၊ နားပွင့်၊ ဦးနှောက်ပွင့်စေရန် အားပေးကြရမည် ဖြစ်သည်။ ကုန်သွယ်ရေး တိုးမြှင့်ခြင်း၊ အကူအညီ တိုးပေးခြင်းအားဖြင့် မြန်မာ နိုင်ငံမှ အုပ်ချုပ်သူများကို မက်လုံး ပေးရာ ရောက်ပြီး လူထု ဒုက္ခ ခံစားနေရမှု များလည်း လျော့နည်း သွားနိုင်သည်။

သို့သော် အနောက် နိုင်ငံမှ နိုင်ငံရေး သမား အများစုမှာ ဆွဲဆောင်၍ မရ ဖြစ်နေသည်။ ယင်းတို့က မြန်မာ နိုင်ငံတွင် စစ်တပ်သည် မျိုးဆက် နှစ်ခုခန့် အာဏာ ယူထားပြီး ယခုလည်း မပြောင်းလဲဘဲ ရှိနေသည်ဟု တစ်ထစ်ချ မှတ်ယူထားလျက် ရှိသည်။

စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ Sanction များ ရုတ်သိမ်းပြီး နောက်မှ လိုက်လာမည် ဟူသော အချက်မှာလည်း သံသယ ဖြစ်ဖွယ် ရှိသည်။ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ စီးပွားရေးသည် နိုင်ငံရေး၏ ချုပ်ကိုင်မှု ကင်းလွတ်မှ၊ မြန်မာ ခေါင်းဆောင်များက လူထု၏ သက်သာ ချောင်ချိရေး တိုးတက်ရန် လိုအပ်သည်ဟု လက်ခံမှသာ ဖြစ်ပေါ် နိုင်မည် ဖြစ်သည်။

လက်ရှိ အားဖြင့်မူ နှစ်ခု စလုံး ဖြစ်ရန် အကြောင်းကိစ္စ မမြင်ပေ။ တိုင်းပြည်၏ ဝင်ငွေမှာ မှန်မှန်ကြီး တိုးတက်လျက် ရှိသော်လည်း လူထုမှာ ဘာမျှ အကျိုး ခံစားရခြင်း မရှိပေ။ ကျန်းမာရေးနှင့် ပညာရေး နှစ်ခု ပေါင်း ဘတ်ဂျတ်မှာ ၂% ထက်ပင် နည်းသည်။

Sanction များကို ရုတ်သိမ်းပေးခြင်းဖြင့် အနည်းငယ် ခြားနားသွားမည်မှာ အမှန်ပင် ဖြစ်သည်။ မြန်မာ နိုင်ငံ၏  ထွက်ရှိသော ကုန်ကြမ်းများကို တရုတ်နှင့် အိန္ဒိယတို့ကသာ ချုပ်ကိုင်ထားသည်။ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကိုလည်း ကန့်သတ်မှုများ ပြုလုပ် မထားချေ။ မြန်မာ နိုင်ငံ အပေါ်မှ အကျိုးအမြတ် ရလိုသူ အနောက် နိုင်ငံ ကုမ္ပဏီများ အနေဖြင့် အခွင့် အလမ်းများ ရှိနေသေးသည်ဟု ဆိုနိုင်သည်။

အနောက် နိုင်ငံ အထည်ချုပ် ကုမ္ပဏီများသည် အဘယ်ကြောင့် မြန်မာ နိုင်ငံသို့ မသွားသနည်း။ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့က လုပ်အားခ ပိုမို ပေါပေါနှင့် ဆွဲဆောင် ထား၍လော။ ပိုမို ကောင်းမွန်သော သယ်ယူ ပို့ဆောင်ရေး အခြေခံ အဆောက် အအုံများ ရှိ၍လော မေးခွန်း ထုတ်စရာ ဖြစ်နေသည်။

"ဆက်ဆံရေး ပြုလုပ်ခြင်း၊ ဖွံ့ဖြိုး တိုးတက်မှု အကူ အညီ ပေးခြင်းနှင့် ကုန်သွယ်မှု မှတစ်ဆင့် တဖြည်းဖြည်း ပြောင်းလဲမှု ရနိုင်မည် ဆိုတဲ့ အယူအဆဟာ အရှေ့မှာပဲ ဖြစ်စေ အာဏာရှင် စနစ်ကနေ အဓိပ္ပာယ် ရှိတဲ့ လူမှု ပြောင်းလဲရေး ဖြစ်စဉ် သမိုင်းမှာ လက်တွေ့ကျတဲ့ အခြေခံ မရှိခဲ့ပါဘူး" ဟု London School of Economics မှ သုတေသနဖဲလိုး ဖြစ်သူ ဒေါက်တာ ဇာနည်က ပြောသည်။

အသံ ဆူဆူ ညံညံ ကြားနေရသော NGO များထံမှ နိုင်ငံရေး အရ ဆန့်ကျင်မှုများမှာ ပြင်းထန်သည့် အလျောက် စီးပွားရေး အရ အကျိုးအမြတ်များကလည်း နည်းသည့်အလျောက် Sanction များကို ရုတ်သိမ်းရေး မက်လုံး သိပ်မရှိလှချေ။ ဒေါ်အောင်ဆန်း စုကြည် ကိုယ်တိုင်ကပင်လျှင် Sanction ရုတ်သိမ်းရေး အတွက် မျက်နှာသာ ပေးလှသည် မဟုတ်ဟု ပြီးခဲ့သည့် အပတ်အကုန်က Financial Times တွင် သတင်း ဖော်ပြခဲ့သည်။

မည်သို့ပင် ဆိုစေ ရှေ့ဆက်ရမည့် လမ်းကမူ ရှိနေသည်ပင် ဖြစ်သည်။ အာဆီယံ၏ နောက်ဆုံး တောင်းဆိုခဲ့သော Sanction ရုတ်သိမ်းရေးတွင် မပြေလည် နိုင်သော မြန်မာ့ ပြည်တွင်း နိုင်ငံရေး ပြဿနာကို ကူညီ ဖြေရှင်းရေး အစီအစဉ်ကိုပါ တင်ပြထားကြောင်း ဥရောပတို့ မှတ်သား မိပါလိမ့်မည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြိး Marty Natalegawa က ပြီးခဲ့သော သီတင်းပတ်က ဆိုခဲ့သကဲ့သို့ အရေး ယူမှုများ ရုတ်သိမ်းရေးနှင့် ပြန်လည် ပေါင်းစည်းရေးမှာ လက်ချင်း တွဲနေ သင့်ကြောင်းပင် ဖြစ်သည်။

ပို၍ အရေးကြီးသည်မှာ အမေရိကန်သည် မြန်မာ နိုင်ငံနှင့် လက်တွေ့ကျသော ဆက်ဆံရေး အသစ် ပြုလုပ်နေပြီး ဖြစ်သည်။ ဝါရှင်တန်သည် ၂၀၀၉ ခုနှစ် စက်တင်ဘာလက မူဝါဒ ပြောင်းလဲကြောင်း ကြေညာပြီး နောက်ပိုင်း ရလဒ် အနည်း ငယ်သာ ရသဖြင့် အခြား နည်းလမ်းကို ရှာဖွေလျက် ရှိသည်။

စိန်ခေါ်မှု အသစ်မှာ အချိန်ကိုက် လုပ်ဆောင်နိုင်ရေး ဖြစ်သည်။ အာဆီယံ အနေဖြင့် ယခုကဲ့သို့ စောသေးသည့် အဆင့်တွင် အီးယူ ထံမှ သော်လည်းကောင်း၊ အမေရိကန် ထံမှ သော်လည်းကောင်း Sanction ရုတ်သိမ်းရေးနှင့် ပတ်သက်သော တရားဝင် ကတိ စကားများ ရရှိရန် မဖြစ်နိုင်ပါ။

သို့သော် အာဆီယံ အနေဖြင့် ထိုသို့ တောင်းဆိုရန် အခွင့် ရှိနေသည်။ အနောက် နိုင်ငံ အစိုးရများ အဖို့ နားလည်မှုဖြင့် ဖြစ်စေ၊ အာဆီယံက မြန်မာ နိုင်ငံမှ အနာဂတ် နိုင်ငံရေး သဘော တူညီမှုများ ရယူရေးတွင် လျင်မြန်စွာ အပေါင်း လက္ခဏာ ဆောင်သော တုံ့ပြန်မှုများ စီစဉ်နိုင်ပေသည်။ Sanction များကို အရေးကြီးသော ကိစ္စအား နောက်ဆုံး ချန်၍ တဆင့်ချင်း ရုတ်သိမ်း သွားနိုင်ပါသည်။

ဥရောပ အနေဖြင့် ပထမ ခြေလှမ်းကိုပင် လှမ်းနိုင်ဖွယ် မရှိပေ။ သို့သော် အမေရိကန်က အာဆီယံ နှင့်အတူ ဆောင်ရွက်ရန် နားချပါက အီးယူသည် ၎င်း၏ ရပ်တည်မှုကို ပြောင်းရန် စဉ်းစား လာနိုင်သည်။

အာဆီယံ၏ Sanction ရုတ်သိမ်းရန် လျှောက်လဲချက် ပေးမှုမှာ ရှုထောင့် တစ်ခုမှ ကြည့်လျှင် Jချိန်ပင် အတော် လွန်နေပြီ ဖြစ်ကြောင်း သတိ ပေးသကဲ့သို့ ဖြစ်ခဲ့သည်။ သို့သော် လုပ်ရ ကိုင်ရ ခက်နေသော မြန်မာ နိုင်ငံနှင့် ဆက်ဆံရေး ကိစ္စကြီးကလည်း ရှေ့တွင် ရှိနှင့်ခဲ့ပြီး ဖြစ်နေသည်။ သို့ရာတွင် အဆိုပါ နည်းလမ်း နှစ်ခုစလုံးသည် အာဆီယံနှင့် အနောက်ကြား အသံကျယ် ပြောခြင်း ပရိယာယ်၊ လူထုကြား လက်ညှိုး ထိုးခြင်း နည်းများဖြင့် ဆက်လက် လုပ်ကိုင် နေပါက မည်သည်ကိုမျှ ရလိမ့်ဦးမည်ကား မဟုတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Bangkok Post မှ 31 January 2011 ရက်စွဲပါ "Thai Soldiers hurt by Burmese Motors" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် DKBA ကရင် လက်နက်ကိုင် တပ်ဖွဲ့များ အကြား တိုက်ပွဲ ဖြစ်ပွားစဉ် နယ်စပ်ကို ကျော်ကာ တပ်ခါ ပြည်နယ် အတွင်းသို့ အမြောက်ဆံ လွဲချော် ကျရောက် ပေါက်ကွဲမှုကြောင့် ထိုင်းစစ်သား နှစ်ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသွားသူ တစ်ဦး ဖြစ်သည့် ဘန်ဂျာပွန် ပေါင်ကန်သာ အား ထိုင်းစစ်တပ် တတိယ အကြီးအကဲ ဝန်သမ်ဝမ်ဝေက တနင်္လာနေ့တွင် မဲဆောက် ဆေးရုံသို့ သွားရောက် မေးမြန်း ခဲ့သည်။

ဒဏ်ရာရ စစ်သားမှာ တပ်ခ်ပြည်နယ် မဲဆောက် ခရိုင် အခြေစိုက် အမှတ် (၄) ခြေလျှင် တပ်ရင်း လက်အောက်ရှိ အထူး တိုက်ခိုက်ရေး ယူနစ်မှ ဖြစ်သည်ဟု သိရသည်။

၁၂၀ မီလီမီတာ အမြောက်ဆံ ပေါက်ကွဲ ထိမှန်မှုကြောင့် ညာဖက် လက်မောင်း ကျိုးသွားခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

တနင်္လာနေ့က တပ်ခ်ပြည်နယ် ဖော့ဖရားခရိုင်တွင်လည်း အလားတူ ဖြစ်ရပ်ကြောင့် ထိုင်းစစ်သား ဝီနိုင်းဒမ်မရောင် မှာ အသေးစား ထိခိုက် ဒဏ်ရာ ရသွားခဲ့ရာ ဖော့ဖရား ဆေးရုံသို့ တက်ရောက် ကုသနေသည်ဟု သတင်း ရရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအဖြစ် ထွက်ပေါ်လာသည့် ပါလီမန် လွှတ်တော် ဆွေးနွေးပွဲကို စစ်ဗိုလ်ချုပ်ကြီးများက ဦးဆောင်ကာ သဘာပတိ ပြုနေပြီ ဖြစ်သည်။ ယင်းသို့ ပါလီမန် လွှတ်တော် ခေါ်ယူခြင်းသည် ပါတီစုံ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်၏ နောက်ဆုံး အပိုင်းဖြစ်သည်ဟု မြန်မာ စစ်အစိုးရက ဆိုသည်။

တရားဝင်အားဖြင့် ပြောမည်ဆိုပါက နေပြည်တော် မြို့တော်သစ်တွင် ပါလီမန် လွှတ်တော်ကို ပထမဆုံး ခေါ်ယူမှုသည် စစ်အစိုးရအား ဖျက်သိမ်းတော့မည် ဟူသည့် သဘောမျိုးကို သက်ရောက်သည်။ သို့သော် တကယ့် သဘောတရား အစစ်ကို ပြောမည် ဆိုပါက ယခုကဲ့သို့ လွှတ်တော် ခေါ်ယူခြင်းသည် လွတ်လပ်သော ဒီမိုကရေစီ တစ်ရပ် စတင် ပေါ်ထွန်းမှု ဖြစ်သည်ဟု ဆို၍ ရမည် မဟုတ်ပေ။ လွှတ်တော်အမတ် နေရာ လေးပုံတစ်ပုံမှာ စစ်တပ်မှ တိုက်ရိုက် ခန့်ထားသူများ ရရှိပြီး ကျန်နေရာ အားလုံး၏ ၈၀ ရာခိုင်နှုန်းကို စစ်တပ် ကျောထောက် နောက်ခံ ပါတီမှ ကိုယ်စားလှယ်များ ရယူထားသည် ဖြစ်ရာ စစ်ဗိုလ်ချုပ်ကြီးများအနေဖြင့် ၎င်းတို့၏ ပါဝါကို ထိထိ ရောက်ရောက်ပင် ပြန်လည် ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ သို့သော် ရာထူးကြီးငယ် အဆင့်ဆင့် အုပ်ချုပ်သည့် စနစ်မျိုး လျော့နည်းသွားမည် ဖြစ်သည်။

"စစ်တပ်ကပဲ ဆက်ပြီး ထိန်းချုပ်နေဦးမှာပါ။ ဒါပေမဲ့ သူတို့ထဲက တချို့ကတော့ စစ်ယူနီဖောင်း ချွတ်လိုက်ရမှာပါ" ဟု ထိုင်းနိုင်ငံ၊ Payap University မှ ပါမောက္ခ ဦးဝင်းမင်းက ပြောကြားသည်။ လက်ရှိ အနေအထားတွင် အဓိက မေးစရာ ဖြစ်နေသည့် မေးခွန်းမှာ မြန်မာ စစ်အစိုးရ၏ နံပါတ် ၁ ခေါင်းဆောင် ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် လက်အောက်တွင် အာဏာ အရှိဆုံး ရာထူးဖြစ်သည့် နိုင်ငံတော်သမ္မတ ဖြစ်လာမည်လော ဟူသည်ပင်။ သို့သော် တစ်ဖက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် အဆိုပါ ရာထူးကို ရယူမည် ဆိုပါက ၎င်းလက်ရှိ ရယူထားသည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူးမှ နုတ်ထွက်ပေးရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ထွက်ပေါ်ခဲ့သော ဆန္ဒပြမှုများ၊ အဓိကရုဏ်းများကို နှိမ်နင်းပြီး နိုင်ငံရေးတွင် သြဇာ အာဏာ ရှိသော ပြိုင်ဘက်များကို ကောင်းစွာ အနိုင် ယူနိုင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အသက် ၇၈ နှစ် ပြည့်ခဲ့ပြီ ဖြစ်ကြောင်း လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်က ထုတ်ပြန်သည့် အစိုးရ ပြန်တမ်း တစ်ရပ်အရ သိရသည်။ (မြန်မာ စစ်အစိုးရသည် လွန်စွာ လျှို့ဝှက် သိုသပ်သော အဖွဲ့အစည်း ဖြစ်သည်။ နိုင်ငံ ထိပ်ပိုင်း ခေါင်းဆောင်များ၏ မွေးနေ့၊ မွေးရက်ကိုပင် ထုတ်ဖော်မှု မပြုပေ။)

မြန်မာနိုင်ငံတွင် ထွက်ပေါ်လာမည့် နိုင်ငံရေး စနစ်သစ်သည် ဒီမိုကရေစီ စနစ်ကို အနှစ်သာရ သဘောထက် အသွင်သဏ္ဍာန် သဘောမျိုးဖြင့် တည်ဆောက်သွားမည် ဖြစ်သည်။ သို့သော် စစ်အစိုးရ လက်ထက် ထက်-အောက် အုပ်ချုပ်မှု ပုံစံမျိုးတွင် မရှိခဲ့သော အငြင်းအခုံ ပြုမှုများ၊ နိုင်ငံရေး သမား အားလုံး ပါဝင် ဆွေးနွေးမှုများ ပိုမို ပေါ်ထွန်းလာမည် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

ပြည်ပရောက် မြန်မာ မီဒီယာများ အဆိုအရ ပါလီမန်တွင် မေးမည့် မေးခွန်းများကို အဖွဲ့ဝင်များက ၁၀ ရက်ကြို၍ တင်ပြရမည် ဖြစ်ကြောင်း၊ ထို့နောက် စိစစ်မှုများ ပြုလုပ်ပြီးမှ ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။ "ဒီမိုကရေစီ အစိုးရ လက်ထက် ပထမ ငါးနှစ်အတွင်းမှာ အများကြီး ပွင့်လင်းလာမယ် လို့တော့ ကျွန်မ မထင်မိပါဘူး" ဟု မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံရုံး၌ အကြီးအကဲ အဖြစ် ၁၉၉၉ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ တာဝန် ထမ်းဆောင်ခဲ့သူ Priscilla Clapp က သုံးသပ် ပြောဆိုသည်။ "ဒါပေမဲ့ စနစ်ကိုပိုပြီး ရှုပ်ထွေး နက်နဲနေတယ် ဆိုတော့ ပါဝါစင်တာတွေ အပြိုင်အဆိုင် ဖြစ်လာတာမျိုး မလွဲမသွေ တွေ့ရမှာ ဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ပါလီမန် လွှတ်တော် စတင် ခေါ်ယူသည့် ကိစ္စသည် တစ်ခုတည်းသော အပြောင်းအလဲ တစ်ခု ဖြစ်သည်။ နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ယင်းရွေးကောက်ပွဲ ကျင်းပပြီးနောက် ရက်ပိုင်းမျှတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ကာ လက်ရှိ အနေအထားတွင် ဒီမိုကရေစီရေး လှုပ်ရှားမှုများ ပြန်လည် လုပ်ကိုင်ရန် နည်းလမ်း ရှာဖွေလျက် ရှိသည်။ ဤအတော အတွင်းမှာပင် မြန်မာ စစ်အစိုးရက နိုင်ငံပိုင် အဆောက်အအုံများ၊ စက်ရုံများ၊ လုပ်ငန်းကြီးများကို ၎င်းနှင့် နီးစပ်သော အသိုင်းအဝိုင်း လက်သို့ အဆမတန် လွှဲပြောင်းရောင်းချကာ ပုဂ္ဂလိကပိုင် ပြုပေးနေသည်။ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက် ရုရှား နိုင်ငံတွင် ပုဂ္ဂလိကပိုင် ပြုမှုများ အစွမ်းကုန် ပြုလုပ်သကဲ့သို့ ဖြစ်သည်။

မြန်မာ နိုင်ငံတွင်း ဖြစ်ပေါ်လျက် ရှိသော အပြောင်းအလဲ အချို့နှင့် ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများက စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးရန်နှင့် အထီးကျန် ဖြစ်အောင် လုပ်ဆောင်မှုများ ရပ်တန့်ပေးရန် အမေရိကန် ပြည်ထောင်စုနှင့် အနောက် နိုင်ငံများကို တိုက်တွန်း ပြောဆိုသည်။

NY Times မှ သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.