Transparency Myanmar

transparency.myanmar@gmail.com

(Reuters သတင်းဌာနမှ 4 February 2011 ရက်စွဲပါ "I've had enough: Mubarak declares but won't quit now" ကို ဘာသာ ပြန်ဆိုသည်)

အီဂျစ် သမ္မတ မူဘာရက်၏ အနှစ် ၃၀ အုပ်ချုပ်မှု အဆုံးသတ်ပေးရန် တောင်းဆို ဆန္ဒပြသူများနှင့် ၎င်းအား ထောက်ခံသူများ ကိုင်ရိုမြို့ လမ်းများပေါ်တွင် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိရာ သမ္မတ မူဘာရက်က ၎င်းအနေဖြင့် ဆင်းပေးလိုက်သော်လည်း ယင်းသို့ နုတ်ထွက်မှုကြောင့် အီဂျစ်တွင် ဝရုန်းသုန်းကား ဖြစ်လာမည်ကို စိုးရိမ်သည်ဟု ကြာသပတေး နေ့က ပြောကြားလိုက်သည်။

မူဘာရက် အစိုးရသည် ဆင်းရဲ နွမ်းပါးမှု၊ စီးပွားရေး အကျပ်အတည်း၊ နိုင်ငံရေး အကျပ်အတည်း တို့နှင့် ပတ်သက်၍ ဒေါသ ထွက်နေသော နိုင်ငံကို ပြန်လည် ထိန်းချုပ် နိုင်ရန် အထူး ခက်ခဲစွာ ရုန်းကန်နေရပြီး အစ္စလာမ် အတိုက် အခံ အုပ်စုများကို အစည်း အဝေး ဖိတ်ကြားကာ လူ ၁၁ ဦး သေဆုံး ခဲ့ရသော ဗုဒ္ဓဟူးနေ့က ကိုင်ရို သွေးမြေကျမှု အတွက် တောင်းပန် လိုက်သည်။

အမေရိကန် ပြည်ထောင်စု၏ အဓိက မဟာမိတ်နှင့် အာရပ်ကမ္ဘာ၏ ရေပန်း အစားဆုံး တိုင်းပြည် ဖြစ်သော အီဂျစ်၏ ခေတ်သစ် သမိုင်းကို ပြန်လည် ပုံဖော်နေသော ဆန္ဒပြပွဲများ ပေါ်ပေါက် ဖြစ်ပွားလျက် ရှိရာတွင် ကြာသပတေး နေ့၌ ဒီမိုကရေစီ ထောက်ခံ ဆန္ဒပြသူများအား လက်နက်ကိုင် အစိုးရ သစ္စာခံများက တိုက်ခိုက် ခဲ့သော ကိုင်ရို မြို့လယ်တွင် သွေးစွန်းသော ထိပ်တိုက်တွေ့ ရန်ပွဲများ ဖြစ်ပွားခဲ့သည်။

ကိုင်ရိုရှိ လုံခြုံရေး ထူထပ်သွာ စောင့်ကြပ် ထားသော ဂေဟာတွင် ရှိနေဆဲ ဖြစ်သော မူဘာရက် (၈၂) နှစ်က "ကျွန်တော် ငြီးငွေ့နေပါပြီ၊ နိုင်ငံ့ တာဝန်ကို ၆၂ နှစ် ထမ်းဆောင် ပြီးတဲ့ နောက်တော့ လုံလောက် နေပါပြီ၊ ကျွန်တော်လည်း နားချင်နေပြီ" ဟု ABC သတင်းနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

"တကယ်လို့ ကျွန်တော် ဒီနေ့ပဲ နုတ်ထွက် ပေးလိုက်တယ် ဆိုရင် ပရမ်းပတာတွေ ဖြစ်လာ ပါလိမ့်မယ်" ဟု ၎င်းက ဆက်လက် ပြောသည်။ ၎င်းအား နုတ်ထွက် ပေးရန် တောင်းဆို နေမှု များအပေါ် မှတ်ချက် ပေးရန် မေးမြန်းရာ၌ "ကျွန်တော့်ကို လူတွေ ဘာပြောပြော ဂရု မစိုက်ပါဘူး၊ အခု လောလောဆယ် ကျွန်တော့် နိုင်ငံကိုပဲ အလေးထားနေပါတယ်" ဟု ဆိုသည်။

ယခင် အပတ်က သွေးစွန်းခဲ့သော ဆန္ဒပြပွဲများ၏ အထိမ်းအမှတ် အဖြစ် သောကြာနေ့တွင် ပြုလုပ်မည့် "Friday of Departure" ဟု ခေါ်သည့် အကြီးစား ဆန္ဒပြပွဲကြီး မတိုင်မီ အကြို ကြာသပတေး နေ့ညတွင် ဆန္ဒပြသူ တစ်သောင်းခန့်က တာရစ် (လွတ်မြောက်ရေး) ရင်ပြင်တွင် ညအိပ်ကာ ကာဖျူး အမိန့်ကို အာခံရန် ပြင်ဆင်လျက် ရှိကြသည်။ အမေရိကန် နိုင်ငံခြားရေး ဌာနက အီဂျစ်တွင် သောကြာနေ့ မွန်းလွဲပိုင်း ဗလီဝတ်ပြုမှု အပြီးတွင် ထိပ်တိုက် ရန်ပွဲများ ဖြစ်နိုင်သည်ဟု မျှော်လင့်ရကြောင်း ပြောကြားထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(AFP သတင်းဌာနမှ 4 February 2011 ရက်စွဲပါ "US Pushing Mubarak to Quit Now" ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ပြည်ထောင်စုက အီဂျစ် အစိုးရအား အသွင် ကူးပြောင်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ရန် ကြာသပတေး နေ့က တိုက်တွန်း လိုက်ပြီး သမ္မတ မူဘာရက် အနေဖြင့် ချက်ချင်း နုတ်ထွက် ပေးရန် ဖိအား ပေးလျက် ရှိသည်ဟု သိရသည်။

ဒုတိယ သမ္မတ အိုမား ဆူလေမန် ဦးဆောင်သော ကြားဖြတ် အစိုးရအား မူဘာရက်က အာဏာ ချက်ချင်း လွှဲပေး နိုင်မည့် အစီအစဉ် တစ်ရပ်ကို သမ္မတ ဘားရက် အိုဘားမား အစိုးရက အီဂျစ် တာဝန် ရှိသူများနှင့် ဆွေးနွေး နေသည်ဟု The New York Times က သတင်း ဖော်ပြခဲ့သည်။

အိုဘားမား အစိုးရ အဖွဲ့အတွင်းမှ အရာရှိများနှင့် အာရပ် သံတမန်များကို ကိုးကား ဖော်ပြသော သတင်းက "အထက်ပါ အစီအစဉ်ကို သမ္မတ မူဘာရက် ကိုယ်တိုင်က ငြင်းဆန် ခဲ့ရင်တောင် အီဂျစ် တပ်မတော်ရဲ့ ထောက်ခံမှုကို ရရှိရန် အမေရိကန် ပြည်ထောင်စုက ကြိုးစားနေသည်" ဟု ဆိုသည်။

အီဂျစ် တပ်မတော်၏ ထောက်ခံမှု ရရှိထားသော ဆူလေမန်က အခြေခံ ဥပဒေ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ချက်ချင်း စတင်နိုင်မည့် အစီအစဉ် နှင့် ပတ်သက်သည့် ဆွေးနွေးပွဲများကို နှစ်နိုင်ငံ အစိုးရ တာဝန် ရှိသူများက တွေ့ဆုံ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။

ကြားဖြတ် အစိုးရ အတွက် တောင်းဆိုမှုများတွင် စက်တင်ဘာ၌ လွတ်လပ် မျှတသော ရွေးကောက်ပွဲ ကျင်းပရေး လုပ်ငန်းစဉ်ကို စတင်ရန် အတွက် တားမြစ် ထားသော Muslim Brotherhood အပါအဝင် အတိုက် အခံ အုပ်စု အမျိုးမျိုးမှ အဖွဲ့ဝင်များကို ဖိတ်ကြား ဆွေးနွေး ရမည့် အချက် ပါဝင်သည်ဟု New York Times က ဆိုသည်။

အထက်ပါ အတိုင်း ကောက်ချက် ချထားသော အယူအဆကို အိမ်ဖြူတော်က အရေး မကြီး သယောင် ပြုလုပ် ခဲ့သော်လည်း New York Times ၏ သတင်း ဖော်ပြမှုကို လုံးဝ ဥဿုံ ငြင်းဆန်မှုကား ပြုလုပ် ခဲ့ခြင်း မရှိပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Radio Netherlands မှ 4 Feb 2011 ရက်စွဲပါ Myanmar picks junta insider as new president သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ နိုင်ငံရေး စနစ်သစ်တွင် တပ်မတော် အဖွဲ့အစည်း၏ အာဏာ ချုပ်ကိုင်မှုကို ဆက်လက် ကာကွယ်သည့် အနေဖြင့် အငြိမ်းစား ဗိုလ်ချုပ်ကြီးကို သမ္မတ အဖြစ် သောကြာနေ့က ရွေးချယ်လိုက်သည်။

မနှစ်က ပြုလုပ်သော အငြင်းပွားဖွယ် ရွေးကောက်ပွဲများတွင် ပါဝင် ယှဉ်ပြိုင်ရန် စစ်ဝတ်ရုံ ချွတ်ခဲ့သူ ဦးသိန်းစိန်ကို သမ္မတ အဖြစ် ထောက်ခံမဲ့ အများစုဖြင့် ရွေးချယ်လိုက်သည်ဟု အမည် မဖော်လိုသော မြန်မာ တာဝန် ရှိသူ တစ်ဦးက AFP သို့ ပြောကြားခဲ့သည်။

စစ်ဖက် အစိုးရ နံပါတ် ၄ အဆင့် ပုဂ္ဂိုလ်ဖြစ်သူ ဝန်ကြီးချုပ်သည် သမ္မတ ရွေးချယ်ပွဲ မတိုင်မှီကပင် ထိုရာထူးအတွက် 'တစ်' ပြေးနေခဲ့ခြင်း ဖြစ်ပေရာ စစ်တပ်၏အာဏာကို အရပ်သား မျက်နှာဖုံးဖြင့် ဖုံးကွယ်မည့် နိုင်ငံရေး လုပ်ငန်းစဉ်ကို စစ်ဖက် အစိုးရက စနစ်တကျ စီစဉ်ခဲ့သည် ဟူသော စိုးရိမ် ပူပန်မှုများကို ပိုမို ခိုင်မာ သွားစေသည်။

စစ်ဖက် အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာခံ သွေးသောက် တစ်ဦး ဖြစ်သော အသက် ၆၅ နှစ် အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီးသည် ရွေးကောက်ပွဲတွင် အများစု အနိုင် ရခဲ့သော စစ်တပ် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ၏ ခေါင်းဆောင် အဖြစ် နိုဝင်ဘာ ရွေးကောက်ပွဲကို ပါဝင် ယှဉ်ပြိုင်ရန် အတွက် အရပ်ဝတ်လဲခဲ့သူ ဖြစ်သည်။

သမ္မတ၏ ပထမဦးဆုံး တာဝန်များထဲမှ တစ်ခုမှာ အစိုးရ အဖွဲ့သစ်ကို ခန့်အပ် တာဝန် ပေးရမည် ဖြစ်ရာ၊ စစ်တပ်နှင့် အပေါင်းပါများ လွှမ်းမိုးထားသော လွှတ်တော် အတွင်းမှ ကန့်ကွက်မှု အနည်းငယ်မျှသာ ရှိနိုင်သဖြင့် ၎င်းအနေနှင့် ယုံကြည် စိတ်ချမှု ရှိနိုင်လိမ့်မည်။

ဦးသိန်းစိန်သည် သူ၏ သမ္မတ ရာထူးသစ် အပြင် ယခင် ဝန်ကြီးချုပ် ရာထူးကိုပါ ဆက်လက် ရယူထားဖွယ် ရှိသည်ဟု အချို့ သတင်း ရပ်ကွက်များက ပြောကြားသည်။

ရှုပ်ထွေးသော လွှတ်တော် စည်းမျဉ်းများအရ အထက်လွှတ်တော်၊ အောက်လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့ဝင် ကိုယ်စားလှယ်များက ဒုတိယ သမ္မတလောင်း တစ်ဦးစီကို အသီးသီး နာမည် တင်သွင်းခဲ့သည်ဟု သိရှိရသည်။

သမ္မတလောင်း ၃ ဦး အနက်မှ တစ်ဦးကို သမ္မတ ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ပေးရာတွင် ၎င်းတို့ ၃ ဦးစလုံးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် များသာ ဖြစ်ကြပြီး ၁၉၆၂ ခုနှစ်ကပင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော စစ်တပ်က ဆက်လက် လွှမ်းမိုး ချုပ်ကိုင်ခဲ့ခြင်းပင် ဖြစ်သည်။

သမ္မတ အဖြစ် ရွေးချယ်ခံရသူ ဦးသိန်းစိန်သည် စုစုပေါင်း ၆၅၉ မဲအနက် ၄၀၈ မဲ ရရှိခဲ့ခြင်း ဖြစ်သည်။

ဒုတိယ သမ္မတ နှစ်ဦးမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာခံ သွေးသောက် တစ်ဦး ဖြစ်သော အငြိမ်းစား ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးနှင့် ရှမ်းတိုင်းရင်းသား ဒေါက်တာ စိုင်းမောက်စမ်းတို့ ဖြစ်သည်ဟု သိရသည်။

သို့ဖြစ်ရာ ၁၉၉၂ ခုနှစ်က စ၍ အာဏာကို သံလက်သီးဖြင့် ဆုပ်ကာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထိပ်ဆုံး နိုင်ငံရေး ရာထူးကို ရယူခြင်း မပြုသည့် အလျောက် ၎င်း၏ လုံခြုံမှု သေချာစေရန် ကန့်လန်ကာ နောက်ကွယ်မှ ဆက်လက် ကြိုးကိုင်ရန် ကြိုးစားလိမ့်မည်ဟု လေ့လာ ဆန်းစစ်သူ အများစုက ယုံကြည်ထားကြသည်။

လက်နက်ကိုင် စစ်တပ်နှင့် အခြား လုံခြုံရေး အဖွဲ့အစည်းများကို တစ်ဦးထဲ ချုပ်ကိုင်ခဲ့သည့် အာဏာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အလွယ်တကူ စွန့်လွှတ်မှာလား ဆိုသည့် မေးခွန်းမှာ လတ်တလော အရေးကြီးဆုံး ဖြစ်သည်။

ကျွန်တော့် အဖြေကတော့ အတိအကျ "No" ပါပဲဟု London School of Economics မှ မောင်ဇာနည်က ဆိုသည်။ ၎င်းက ဆက်လက်၍ "ကျွန်တော်တို့ တိုင်းပြည်ရဲ့ အာဏာ တည်ဆောက်ပုံ ကတော့ စံတင်လောက်တဲ့ အာဏာရှင် စနစ်ပါပဲ။ လူကောင်းတွေကို မချီးမြှောက်ပါဘူး" ဟု ပြောကြားသည်။

သို့သော်လည်း မြန်မာ့ ရေးရာ ကျွမ်းကျင်သူ ဦးအောင်နိုင်ဦးကမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကန့်လန့်ကာ နောက်သို့ ဆုတ်ကာ ကြိုးကိုင်ခြင်းကြောင့် ပြောင်းလဲရေး အခွင့်အလမ်း အနည်းငယ် ရလာနိုင်ခြင်းသည် အရေးကြီးဆုံး အချက် ဖြစ်သည်ဟု ပြောကြားသည်။

"ဗိုလ်ချုပ်မှူးကြီး မရှိတော့ဘူး ဆိုရင် အရာရာဟာ ဖြစ်နိုင်ခြေ ရှိပါတယ်။ ဦးသိန်းစိန်ဟာ လောလောဆယ် သစ္စာရှိ ခေါင်းညိတ်သူလို့ သတ်မှတ် ခံနေရပေမယ့် မကြာမှီမှာ သူလည်း ကိုယ်ပိုင် လမ်းကြောင်းကို တွေ့သွားမှာပါ" ဟု ဦးအောင်နိုင်ဦးက သုံးသပ်သည်။

နေပြည်တော်တွင် ပထမဆုံး အကြိမ်အဖြစ် တနင်္လာနေ့က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးသည် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် မူဝါဒ ၇ ဆင့်ဟု စစ်ဖက် အစိုးရက ပြောသည့် လမ်းညွှန်မြေပုံ နောက်ဆုံးအဆင့်ကို တိုင်းပြည်ကို ဦးလှည့်လိုက်ခြင်း ဖြစ်သည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ခြင်း၊ ရွေးကောက်ပွဲ ကော်မရှင်၏ လိမ်ညာခြင်း၊ အာဏာပိုင် အဖွဲ့အစည်း၏ ခြိမ်းခြောက်ခြင်းတို့ကြောင့် ဂုဏ်သိက္ခာမဲ့ ခဲ့ရသော နိုဝင်ဘာလ ရွေးကောက်ပွဲများ မတိုင်မှီကပင်လျှင် လွှတ်တော် ကိုယ်စားလှယ်နေရာ လေးပုံတစ်ပုံကို တပ်မတော်သား ကိုယ်စားလှယ်များ အတွက် သီးသန့် ဖယ်ကာ ကြိုတင် ရယူထားပြီး ဖြစ်သည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၄၉၃ နေရာ အနက်မှ ၃၈၈ နေရာကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အဓမ္မ ရယူသွားခဲ့ရာ အတိုက်အခံများ အတွက် နေရာ အနည်းငယ်သာ ကျန်တော့သည်။

ရွေးကောက်ပွဲ ဝင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီမှ ခွဲထွက်လာခဲ့သော အတိုက်အခံ NDF ပါတီက လွှတ်တော် နှစ်ရပ်တွင် စုစုပေါင်း ၁၂ နေရာသာ အနိုင်ရရှိပြီး၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ကမူ လုံးဝ အနိုင်မရခဲ့ပါ။

ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်လိမ့်မည်ဟု မိမိတို့ ပါတီက မျှော်လင့်ထားပြီး ဖြစ်သည်ဟု NDF ပါတီမှ ဦးခင်မောင်ဆွေက ပြောကြားသည်။

"ဘယ်သူပဲ သမ္မတ ဖြစ်ပါစေ၊ ဘယ်သူပဲ တိုင်းပြည်ကို အုပ်ချုပ်ပါစေ၊ ဒီကိစ္စက ကျွန်တော်တို့ ပါတီအတွက် အရေးမပါပါဘူး။ ပြည်သူတွေ အကျိုးရှိအောင် အစိုးရက ဘယ်လိုလုပ်ပေးမလဲဆိုတဲ့ ကိစ္စကိုပဲ ကျွန်တော်တို့ ပိုပြီး ဂရုစိုက်ပါတယ်" ဟု ၎င်းက ဆိုသည်။

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် ပတ်သက်၍ စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်းနှင့် အရေးယူမှုများ​ ရုတ်သိမ်းရန် အချိန်မတန်သေးကြောင်း ပြောကြားခဲ့ပြီးနောက် ဦးသိန်းစိန် သမ္မတအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ အပြီး တစ်ပတ် အကြာတွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်ကလည်း ယခု ရွေးကောက်ပွဲကြောင့် နိုင်ငံရေး ပြောင်းလဲနိုင်မှုကို ထည့်မတွက်ကြောင်း ယခင် အပတ်ထုတ် Financial Times နှင့် အင်တာဗျူးတွင် ပြောဆိုခဲ့သည်။

"ဒီရွေးကောက်ပွဲ တွေကြောင့် နိုင်ငံရေး လုပ်ငန်းစဉ်မှာ စစ်မှန်တဲ့ ပြောင်းလဲမှု ရှိလာလိမ့်မယ်လို့ ကျွန်မ မထင်ပါဘူး" ဟု သူမ ပြောကြား ခဲ့သည့် အတိုင်း သတင်းစာက ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ရွေးကောက်ပွဲကို သပိတ် မှောက်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ဖျက်သိမ်း ခံထားရသဖြင့် ယခု လွှတ်တော်သစ်တွင် မည်သည့် ကဏ္ဍကမှ ပါဝင်နိုင်မည် မဟုတ်ပါ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

မြန်မာနိုင်ငံတွင် စစ်အစိုးရက အကွက်ချ လုပ်ဆောင်မှုများ ထပ်မံ လုပ်ကိုင်နေသည့် သဘောမျိုး တွေ့နေရပြန်သည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ခဲ့စဉ်က ခေတ္တ ခဏ ရရှိခဲ့သော လူအများစု၏ ပျော်ရွှင်မှုမှာ ယခုအခါ မှေးမှိန် ပျောက်ကွယ်သွားပြီ ဖြစ်သလို ပြုပြင် ပြောင်းလဲရေးနှင့် ဒီမိုကရေစီ ဖော်ဆောင်ရေး ဟူသည် မှာလည်း ခရောင်းလမ်းပေါ် လျှောက်ရင်း ခြေကုန် လက်ပန်း ကျနေပြီ ဖြစ်သည်။ ဤသို့သော အနေအထားတွင် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) တရားဝင် ပါတီ အဖြစ် ပြန်လည် ရပ်တည်နိုင်ရေး ကြိုးပမ်းချက်အား နိုင်ငံတော် တရားရုံးချုပ်က ပယ်ချလိုက်သည့် ကိစ္စမှာ အရေးတကြီး စိုးရိမ်စရာ ကိစ္စတစ်ခု ဖြစ်လာသည်။

အမျိုးသား ဒီမိုကရေစီ ပါတီက သူ၏ အခန်းကဏ္ဍ ပြန်လည် သက်ဝင် လှုပ်ရှားနိုင်ရေးနှင့် လူထု ထောက်ခံမှု ပြန်လည် ရရှိရေး အတွက် ကြိုးပမ်း လုပ်ဆောင်မှုသည် စစ်အစိုးရ အတွက် ရှော့တစ်ခုဖြစ်ခဲ့သည်။ ထို့အတူ ယင်းဖြစ်ရပ်သည် အရေးကြီး ဆုံးဖြတ်ချက်များ ပြုလုပ်သည့် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ အကြား စိတ်လှုပ်ရှားမှုများ ရှိနေသည် ဟူသော အချက်ကိုလည်း အရိပ်အမြွက် ထုတ်ဖော် ပြသရာ ရောက်သည်။ အကြောင်းမှာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်ပိုင်းများကို ကြည့်ရသည်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မြောက်ခွင့် ပေးထားရုံ၊ ရွေးကောက်ပွဲများ ကျင်းပ ပေးရုံမျှဖြင့် ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို အကောင် အထည် မဖော်နိုင်သည့် အနေ အထားတွင် ရှိသောကြောင့် ဖြစ်သည်။

NLD ပါတီ ပြန်လည် အသက်ဝင် နိုင်ရေးအား ဥပဒေ အကြောင်း ဆိုင်ရာ အငြင်းပွားမှု တစ်ခုအဖြစ် သတ်မှတ် ပြောဆို၍ ရသည် ဆိုသော်ငြားလည်း ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ်များဖြင့် အသစ် ဖွဲ့စည်း ပေါ်ပေါက်လာသော လွှတ်တော် ဆွေးနွေးပွဲ စတင်နေပြီ ဖြစ်ရာ စံချိန် စံနှုန်း သတ်မှတ် ပြဋ္ဌာန်းရေး၊ မြန်မာနိုင်ငံတွင်းရှိ လူမှု နိုင်ငံရေး အင်အားစုများ အားလုံး ဖြစ်ပေါ်လာမည့် နိုင်ငံရေး စနစ်သစ်တွင် လွပ်လပ်ပြီး တက်ကြွစွာ ပါဝင် လှုပ်ရှားခွင့် ရရှိရေး ဟူသော ကိစ္စမှာ အစိုးရ၏ တာဝန် ဝတ္တရား တစ်ခုသာ ဖြစ်သည်။

ဒီမိုကရေစီရေး ရုန်းကန် လှုပ်ရှားမှုများကို ကာလ ကြာရှည်စွာ ခဲရာခဲဆစ် လုပ်ဆောင်ခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အတွက် လိုအပ်နေသည့် အချက်မှာ ရပ်တည် လှုပ်ရှားခွင့် ရရှိရေးပင် ဖြစ်သည်။ သို့ရာတွင် NLD အနေဖြင့် စစ်ဗိုလ်ချုပ်ကြီးများနှင့် ပြန်လည် ရင်ကြားစေ့ နိုင်ခဲ့သည့်တိုင် မြန်မာ့ နိုင်ငံရေးတွင် ခရီးရှည်ကြီး လျှောက်လှမ်း ရဦးမည်သာ ဖြစ်သည်။ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုရန် ဆုံးဖြတ်ခဲ့ခြင်းသည် စစ်ဘက်-အရပ်ဘက် ဗျူရိုကရေစီ အုပ်ချုပ်ရေးစနစ် အပေါ် ယုံကြည်မှု လျော့နည်းမှုကို ပြသခဲ့ခြင်းပင် ဖြစ်သည်။ မြန်မာ နိုင်ငံတော် တရားရုံးချုပ်က NLD ပါတီ ဥပဒေ ကြောင်းအရ တရားဝင် ရပ်တည်နိုင်မှု မရရှိအောင် လုပ်ဆောင်ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့သော် မြန်မာ လူ့အဖွဲ့အစည်း အတွင်း NLD ပါတီကို အခန်းကဏ္ဍ နှင့် ဖြစ်တည်မှု ပျောက်ကွယ်သွားမည့် သဘောတွင် မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က လူအများ၏ ထောက်ခံမှုသည်သာ အဓိက အရေးကိစ္စ တစ်ရပ် ဖြစ်ကြောင်း၊ NLD အပေါ် လူအများ၏ ထောက်ခံမှုမှာ ရှင်းလင်း လွန်းလှပြီး အငြင်းပွားဖွယ်ရာ မရှိဟု ထုတ်ဖော် ပြောဆိုထားသည်။

မကြာသေးခင်က ကျင်းပသွားသော ဒါဗို့စ်တွင် ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်အတွက် ဒေါ်အောင်ဆန်းစုကြည်က အသံဖိုင် တစ်ခု ပေးပို့ခဲ့သည်။ ယင်းအသံဖိုင်ထဲတွင် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် မြန်မာနိုင်ငံသား သန်း ၅၀ နောက်မှ လိုက်ပါကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ထားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ကာလ ကြာရှည်စွာ ဖြစ်ပေါ်ခဲ့သော ပြည်တွင်း နိုင်ငံရေး ပဋိပက္ခများကြောင့် အခွင့် အလမ်းပေါင်း မြောက်မြားစွာ လက်လွတ် ဆုံးရှုံးခဲ့ရကြောင်း သူမက ဆိုသည်။ ဆယ်စုနှစ် နှစ်ခုတာ အတွင်း ဖြစ်ပေါ်ခဲ့သည့် ပဟေဠိ ဆန်ဆန် မြန်မာနိုင်ငံရေး အရေးကိစ္စများက နိုင်ငံတကာ ပိတ်ဆို့ အရေးယူ ဒဏ်ခတ်မှုများ နှင့် ကန့်သတ် ပိတ်ပင်မှုများသာ ဖြစ်ထွန်းစေခဲ့ပြီး ပြည်တွင်း၌လည်း လူမှုဘဝ ကျပ်တည်းမှုများကိုသာ ဖြစ်ပေါ်စေခဲ့သည်။ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က တာဝန် ယူလိုစိတ် အပြည့်အဝဖြင့် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။ ဆိုရလျှင် ယခုအချိန်သည် မြန်မာ နိုင်ငံတွင်း လူသား ဖွံ့ဖြိုးရေး နှင့် အရည်အသွေး ပြည့်ဝသော လူ့အဖွဲ့အစည်း တစ်ရပ် တည်ထောင်ရေးတို့  ပြုလုပ်ပေးရန် ကမ္ဘာ့ ခေါင်းဆောင်များ အာရုံစိုက်ရမည့် အချိန်ပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်က အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် လုပ်နိုင်သမျှ အားလုံး လုပ်ဆောင်ထားပြီး ဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း တန်ပြန် ဆောင်ရွက်မှုများ ထုတ်ဖော်ရမည့် အချိန်သို့ ရောက်နေပြီ ဖြစ်သည်။

Khaleej Times မှ ခေါင်းကြီးပိုင်းကို ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နယ်စပ်ဒေသတွင် မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများမှ ဗုံးဆံ၊ အမြောက်ဆံနှင့် လက်နက်ကြီး ကျည်ဆံများ ကျရောက် လာသောကြောင့် ထိုင်းနိုင်ငံ၊ Tak ပြည်နယ် Phop Phra ခရိုင်၊ Ban Mo Ker Thai ကျေးရွာတွင် နေထိုင်သူ တစ်ထောင်ခန့် အရေးပေါ် ပြောင်းရွှေ့ ခဲ့ကြရကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသားသည်။

Ban Mo Ker Thai ကျေးရွာဦးစီး Chamroen Khiewja က နယ်စပ်ဒေသ မြန်မာနိုင်ငံ ဘက်အခြမ်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်သံများ ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် ကြားရကြောင်း၊ မော်တာကျည်ဆံ ၂၀ ခန့် မိမိတို့ နယ်မြေထဲသို့ ကျရောက်လာကြောင်း ပြောကြားသည်။ မြန်မာဘက်မှ ကျရောက်လာသော မော်တာကျည်ဆံများ အနက် လေးခုမှာ ကျေးရွာထဲသို့ ရောက်ရှိ လာသောကြောင့် နေအိမ်အချို့ ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

မြန်မာ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု ဖြစ်သော ကရင် ဗုဒ္ဓဘာသာ ဒီမိုကရက်တစ် တပ်ဖွဲ့ (ဒီကေဘီအေ) တပ်ရင်းများကို ပြင်းပြင်း ထန်ထန် ချေမှုန်း တိုက်ခိုက်လျက် ရှိသည်ဟု မစ္စတာ Chamroen Khiewja က ပြောသည်။ ယင်းသို့ လက်နက်ကြီးများ ကျရောက်မှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာ ရရှိမှုများ ဖြစ်ပေါ်ခြင်း မရှိသော်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အပါအဝင် ကျေးရွာနေပြည်သူပေါင်း ၁၀၀၀ ခန့်အား အရေးပေါ် ရွှေ့ပြောင်း ပေးလိုက်ရသည်ဟု ဆိုသည်။

ရွှေ့ပြောင်းရများကို Chamroen Khiewja ကျေးရွာနှင့် ၃ ကီလိုမီတာမျှ ဝေးကွာသည့် ဒုက္ခသည် စခန်းတွင် ခေတ္တ ယာယီ ထားရှိထားကြောင်း မစ္စတာ Chamroen Khiewja က ဆိုသည်။

Bangkok Post သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Washington Posts မှ 2 February 2011 ရက်စွဲပါ "The Right Way to Help Burma's Democracy Movement" ကို ဘာသာ ပြန်ဆိုသည်)

အချို့ လေ့လာ စောင့်ကြည့် သူများက ယခု အပတ်တွင် ကျင်းပသော ပါလီမန် အသစ် စတင် ကျင်းပခြင်းအား မြန်မာ နိုင်ငံတွင် ဒီမိုကရေစီ ခေတ် တစ်ခု ဖြစ်နိုင်သည့် အလား အလာများ ရှိသည်ဟု ကောင်းချီး ပေးခဲ့ကြသည်။

ပါလီမန် အစည်းအဝေးကို ဗေဒင် ဆရာများ အကြံ ပေးမှု အရ ငွေကြေး ကုန်ကျမှု များစွာ အကုန်ခံ ဆောက်လုပ် ထားသော ဝေးလံသော အရပ်မှ မြို့တော် အသစ်တွင် ကျင်းပခြင်း ဖြစ်သည်။ မြို့တော်ကြီး၏ အဓိက လက္ခဏာ တစ်ရပ်မှာ မြို့တွင် လူများ နေထိုင်ခြင်း မရှိခြင်း ဖြစ်သည်။ ပါလီမန် စည်းမျဉ်းများမှာလည်း လူကြောက်ခြင်း ဟူသော ခံယူချက်နှင့် တစ်ထပ်တည်း ဖြစ်သည်။ ပါလီမန် အစည်း အဝေးသို့ သတင်းစာ ဆရာများ၊ ရိုးရိုး သာမန် ပြည်သူများပင် မလာနိုင်အောင် တားမြစ် ထားသည်။

ပါလီမန် အမတ်များကိုပင် ဆယ်လူလာ ဖုန်းများ၊ ကင်မရာများ၊ အသံဖမ်း နိုင်သော အရာများ ယူဆောင်ခွင့် မပြုပေ။ မေးခွန်း မေးလိုသော အမတ်များသည် ၁၀ ရက် ကြိုတင်၍ တင်ပြ ကြရမည် ဖြစ်ပြီး စစ်အစိုးရသည် ၎င်းအဆင် ပြေမည့် ပုံစံကိုသာ ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။

ဆိုးဆိုး ဝါးဝါး မည်သည့် အရာမျှ မဖြစ်ခဲ့လျှင်ပင် စိတ်ချမ်းသာ ရမည် ဖြစ်သည်။ မြန်မာ ပြည်သူများသည် ၁၉၈၈ နှင့် ၂၀၀၇ တွင် ၎င်းတို့၏ ရဲရင့်မှုကို ပြသခဲ့ကြပြီး ဖြစ်သည်။ ပြည်သူ များသည် မိမိ တို့ အလိုကျ အုပ်ချုပ်ရန် စိတ်အား ထက်သန် ခဲ့ကြသည်။ သို့သော် ယခု အချိန်ထိ အီဂျစ် နှင့် မတူသော အချက်မှာ မြန်မာ စစ်တပ်သည် မိမိ အာဏာ တည်မြဲရေး အတွက် အရပ်သားများကို မည်မျှ ဖြစ်ဖြစ် သတ်ပစ် နိုင်သည်ဟု သက်သေ ပြခဲ့ပြီး ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေါင်းဆောင်သော စစ်အစိုးရသည် ကမ္ဘာပေါ်တွင် အရက်စက် အကြမ်းကြုတ်ဆုံး အစိုးရများတွင် တစ်ခု အပါအဝင် ဖြစ်ပြီး လူဦးရေ သန်းငါးဆယ် ရှိသော တစ်ချိန်က အာရှ တိုက်၏ ချမ်းသာပြီး ပညာတတ်များ ပေါသော နိုင်ငံ ဖြစ်ခဲ့သော မြန်မာ နိုင်ငံအား အောက်သို့ မှန်မှန် ဆင်းသွား ရအောင် ပြုလုပ်ခဲ့သည်။

ယခု နောက်ဆုံး ကျင်းပခဲ့သော ခပ်ညံ့ညံ့ ဇာတ်လမ်း တစ်ခု ဖြစ်သည့် ချုပ်ကိုင် ထားသည့် ရွေးကောက်ပွဲမှ အစစ်အမှန် မဟုတ်သော ပါလီမန်သည် မည်သို့ ဆိုစေ မျှော်လင့်ချက် တစ်ခု အတွက် အဓိပ္ပာယ် ရှိနေသည်။ မြန်မာ စစ်ဗိုလ်ချုပ်များသည် အနည်းဆုံး အားဖြင့် ဒီမိုကရေစီ ရှိဟန် ဆောင်ပြီး ကမ္ဘာကြီး၏ အမြင်ကို အလေးထား ဂရုပြုခဲ့သည်ဟု ပြသ ခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်မှ လှည့်တွေးပါက ပြည်ပ နိုင်ငံများသည် ၎င်းတို့၏ ဩဇာဖြင့် တစ်စုံ တစ်ခု ခိုင်း၍ ရနိုင်သေးကြောင်း အဓိပ္ပာယ် ကောက်ယူနိုင်သည်။

ဆက်ဆံရေးနှင့် ပစ်မှတ်ထားသော အရေးယူမှုများ ပါဝင်သည့် အိုဘားမား အစိုးရ၏ မူဝါဒသည် မအောင်မြင်ခဲ့ပေ။ လက်တွေ့တွင် ဆက်ဆံရေးမှာ စိတ်မပါသောကြောင့် ရလဒ် မရှိခဲ့ပေ။ စစ်အစိုးရကလည်း စိတ်ဝင်စားပုံ မရပေ။ အရေးယူမှုများသည်လည်း ခက်ခဲသော အခြေအနေများတွင် ဖြတ်သန်း နေရဆဲ ဖြစ်သည်။ မြန်မာ ဗိုလ်ချုပ်များသည် တရုတ်၊ ထိုင်း ကဲ့သို့သော နိုင်ငံများမှ ကုမ္ပဏီများနှင့် ဒေါ်လာ သန်းချီတန်သော သဘော တူညီချက်များ လက်မှတ် ရေးထိုးလျက် ရှိရာ အိုဘားမား အစိုးရသည် ၎င်း၏ ဘဏ္ဍာရေး ဌာန မြန်မာ နိုင်ငံ အရေးယူမှု စာရင်းတွင် မြန်မာနှင့် စီးပွားရေး ပြုလုပ်သည့် ပုဂ္ဂိုလ် အမည် သို့မဟုတ် ဘဏ်၏ အမည်ကို ထည့်သွင်းခြင်း မရှိသေးပေ။

Sanction များသည် အုပ်ချုပ်သူ လူတန်းစားထက်စာလျှင် သာမန် ပြည်သူများကို ထိခိုက်ခြင်း ရှိ မရှိ ရိုးသားစွာ ငြင်းခုံသော ဆွေးနွေးပွဲများ ရှိသင့်ပါသည်။ သို့သော် အစိုးရနှင့် ၎င်း၏ အပေါင်းပါများကို ချိန်ရွယ်သော အရေးယူမှုများအတွက် ကြိုးပမ်းရာတွင် သာမန် ပြည်သူများ အတွက် လူသားချင်း စာနာသော အကူ အညီများ ပိုမို ပေးနိုင်ရေး အတွက်မူ လမ်းဖွင့် ပေးထားသင့်သည်။ ယခုမူ အစိုးရသည် ကမ္ဘာပေါ်တွင် အဆိုးဆုံး ဖြစ်နေသည်။ လုပ်ဆောင်ချက်များသည် ဩဇာ လွှမ်းမိုး နိုင်သော လုပ်ရပ်များ မဟုတ်ပေ။ ပြည်သူ လူထု အတွက်လည်း အကူ အညီ မရပေ။

အခြား ငြင်းခုံ ရမည့် အချက် တစ်ခုမှာ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပေါ် အမေရိကန် အစိုးရ၏ အင်အား အပြည့်ဖြင့် စွမ်းဆောင် ပေးမှု လျော့နည်းခြင်းကို အပြစ် တင်ရမည် ဖြစ်သည်။ Sanction များနှင့် ပတ်သက်၍ သူမထံမှ ရှင်းလင်းသော ကြေညာချက်ကို စောင့်သင့်သည် ဆိုသည့် အချက်ကိုလည်း ငြင်းချက် ထုတ်သင့်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီကမှ နေအိမ် အကျယ်ချုပ်မှ လွတ်ခဲ့သော်လည်း အလွယ် တကူ သက်သောင့်သက်သာ နေနိုင်သော အခြေအနေတွင် မရှိပါ။ အကယ်၍ သူမကသာ Sanction များ ပိုမို ချမှတ် သင့်သည်ဟု ရိုးရိုးသားသား တိုက်ရိုက် ပြောဆိုခဲ့ပါက နိုင်ငံပိုင် သတင်းစာများတွင် သူမအား ဆိုးဆိုး ဝါးဝါး ရေးသား ကြပေလိမ့်မည်။ ဒီမိုကရေစီ လှုပ်ရှားမှုများ အပေါ် အနောက်နိုင်ငံများမှ အကြီးဆုံး ကူညီ နိုင်မှုမှာ အုပ်ချုပ်သူ များနှင့် ၎င်းတို့၏ ဆွေမျိုးများ၏ ဘဏ်စာရင်းများကို ပိတ်ထားခြင်းဖြင့် ၎င်းတို့ တိုင်းပြည်၏ အမွေ အနှစ်များကို မခိုးယူ နိုင်အောင် ပြုလုပ် ပေးနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် လုပ်ကိုင်ရ လွယ်ကူမှု အတွက် တောင်းဆို နိုင်စေရန်လည်း ဖြစ်စေသင့်ပါသည်။ စစ်ဗိုလ်ကြီးများ ကြီးစိုးသော ပါလီမန်သည် ပါလီမန် တစ်ရပ်အဖြစ် အဆင့်အတန်းကား မဝင်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Reuters မှ 2 February 2011 ရက်စွဲပါ Walter Brandimarte နှင့် Doug Palmer တို့ ရေးသားသော "US Presses China to Honor Trade Promises" ကို ဘာသာ ပြန်ဆိုသည်)

တရုတ် နိုင်ငံသည် ၎င်း၏ ဈေးကွက်ကို ဖွင့်ပေးမည်ဟု ကတိ ပြုချက်ကို လိုက်နာရန် ပျက်ကွက်ကြောင်း အမေရိကန် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး Gary Locke က ဗုဒ္ဓဟူးနေ့က ဝေဖန် ပြောကြားခဲ့ပြီး အမေရိကန် ပြည်ထောင်စု အနေဖြင့် ၂၀၁၁ တွင် ရလဒ်ကောင်းများ ထွက်ပေါ်လာရေး အတွက် ဘေဂျင်းအား ဆက်လက် ဖိအားပေး သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

"ရိုးရိုးလေး ပြောရရင် ဒီလို အပြုအမူ မျိုးတွေကို ပြောင်းလဲ ပစ်ရပါမယ်" ဟု Locke က ပြင်းထန်သော စကားလုံးများ သုံး၍ မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်း ပြောကြား ခဲ့သည်။ ထိုသို့ ပြောကြား ခဲ့ခြင်းမှာ တရုတ် သမ္မတ ဟူကျင်းတောင်သည် အမေရိကန် သမ္မတ အိုဘားမားနှင့် ကွန်ဂရက် အဖွဲ့ဝင်များကို ဝါရှင်တန်တွင် တွေ့ဆုံ အပြီး နှစ်ပတ် အကြာတွင် ပြောခဲ့ခြင်း ဖြစ်သည်။

Locke က ပြောကြား ရာတွင် အမေရိကန် ကုမ္ပဏီများသည် တရုတ် ကုန်သွယ်ရေး နှင့် ပတ်သက်၍ လုပ်ဆောင်နေမှု များကို စိုးရိမ် ပူပန် နေကြောင်း၊ အခြေခံ ကျသော ပြဿနာမှာ တရုတ် အစိုးရ၏ ကတိ ကဝတ်များနှင့် ၎င်း၏ လုပ်ဆောင်ချက် များအကြား ကွာဟမှုပင် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံတွင် စီးပွားရေး အခြေအနေနှင့် ပတ်သက်၍ အမေရိကန် ကုမ္ပဏီများသည် တိုး၍ စိတ် မသက် မသာ ဖြစ်လျက် ရှိရာ ထိုကိစ္စ အတွက် အဓိပ္ပာယ် ရှိသော ရလဒ်များ အောင်မြင်စွာ ရရှိရေး အတွက် အိုဘားမား အစိုးရမှာ ဖိအားများ ဖြစ်ပေါ်လျက် ရှိရာ အထက်ပါ ပြင်းထန်သော ပြောဆိုမှုများသည် အဆိုပါ အချက်ကို ထင်ဟင်လျက် ရှိသည်။

အမေရိကန် အစိုးရ တာဝန် ရှိသူက ပြောကြားရာတွင် ဟူကျင်းတောင်သည် ၎င်း၏ ဇန်နဝါရီလ ခရီးစဉ်တွင် ကတိ အချို့ ပေးခဲ့ကြောင်း၊ တရုတ် နိုင်ငံ အနေဖြင့် ငွေ အမြောက် အမြား ရရှိနိုင်သည့် အစိုးရ ပစ္စည်း ဝယ်ယူရေး စာချုပ်များ ချုပ်ဆိုရာတွင် နိုင်ငံခြား နည်းပညာသုံး ပစ္စည်းများကို ခွဲခြားခြင်း မပြုပါ ဟူသော ကတိလည်း ပါဝင်ကြောင်း ပြောခဲ့သည်။

တရုတ် အစိုးရ ပစ္စည်း ဝယ်ယူရေးတွင် ပြည်တွင်း နည်းပညာ တီထွင်မှုကို အားပေးရန် ဦးစား ပေးထားရာ ၎င်းတို့သည် နည်းပညာကို လွှဲပြောင်း ရယူ၍ ပြည်တွင်း ဈေးကွက်တွင် အသာ ရနိုင်ရေး ပြုလုပ်ခြင်းကို အမေရိကန် ကုမ္ပဏီများက စိုးရိမ်နေသည်။

Locke က မီးမောင်းထိုး ဖော်ပြသော အချက်မှာ ပြီးခဲ့သည့် ဒီဇင်ဘာလက တရုတ် အစိုးရ တာဝန်ရှိသူများသည် အမေရိကန် စီးပွားရေး ဆော့ဝဲများအား အစိုးရ အေဂျင်စီများက ခိုးထားသော Pirate Copy များအား အသုံး ပြုခြင်းအား တိုက်ဖျက်၍ နိုင်ငံပိုင် ကော်ပိုရေးရှင်းကြီးများက တရားဝင် ဆော့ဝဲများ အသုံးပြုရေး စီစဉ် ခဲ့သည်ဟူသော အချက် ဖြစ်သည်။

"အမှန်တကယ်ပါပဲ၊ ၂၀၀၆ ခုနှစ်က ဒီကိစ္စ ဖြေရှင်း ခဲ့စဉ်ကလည်း ပြဿနာနဲ့ ကြုံခဲ့ရတယ်၊ အဲဒီ အချိန်က တရုတ်က အစိုးရ ဝန်ကြီးဌာနတွေ တရားဝင် လိုင်စင်ပါ ဆော့ဝဲပါတဲ့ ကွန်ပျူတာတွေ ဝယ်ဖို့ စည်းမျဉ်း ထုတ်ပြန်ခဲ့ပါတယ်၊ သူတို့က ကတိ ပေးပြီးရင် နောက်က ငွေ ဘယ်တော့မှ မလိုက်ဘူး" ဟု နယူးယောက်တွင် Bloomberg News က ကြီးမှူး ကျင်းပသော ကွန်ဖရင့်တွင် Locke က ပြောကြားခဲ့သည်။

Locke ကလည်း ပြီးခဲ့သည့် အပတ်က State of the Union တွင် အိုဘားမား မိန့်ခွန်း ပြောခဲ့သည့် အတိုင်း အမေရိကန် ပြည်ထောင်စုသည် တရုတ်က ပြန်လည် ဖိအားပေးမှုကို တုံ့ပြန်ရန် ပိုမို လုပ်ဆောင်ရန် လိုအပ်သည်ဟု ဆိုခဲ့သည်။

"တရုတ် ဘာလုပ်တယ် ဆိုတာ ကြည့်ကြည့်ပါ၊ သူတို့ ကျောက်မီးသွေး လုပ်ငန်းမှာ ဘယ်လို အာရုံ ပြုပြီး လုပ်တယ် ဆိုတာ ကြည့်ပါ၊ သူတို့ မူဝါဒရော၊ ငွေရေး ကြေးရေး ရော ဒီလုပ်ငန်းထဲမှာ ထည့်ပြီး လုပ်တော့ ရလဒ်ကောင်းတွေ ထွက်လာ ပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ အဲဒီလို ဗျူဟာမျိုးကို အမေရိကန်မှာ ပညာရေး မူဝါဒ၊ သန့်ရှင်းတဲ့ စွမ်းအင် ကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေး တို့မှာ သုံးသင့်ပါတယ်" ဟု Locke က ဆိုသည်။

တရုတ်က ဝါရှင်တန်တွင် မကြာသေးမီက သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပေးခဲ့သော ကုန်သွယ်ရေး ဆိုင်ရာ ကတိပြုချက်များကို တင်းကြပ်စွာ စောင့်ကြည့်ရန် လိုအပ်သည်ဟု အမေရိကန် ကုန်သွယ်ရေး ဆိုင်ရာ အကြီးတန်း တာဝန် ရှိသူ နှစ်ဦးက ပြောကြား ခဲ့သည်။

ဟူကျင်းတောင်၏ ဝါရှင်တန် ခရီးစဉ်သည် တစ်နှစ်ခန့် ခရီး ပေါက်ခဲ့သော တရုတ်၏ ပြည်တွင်း နည်းပညာ ဦးစားပေး မူဝါဒ အတွက် အကန့် အသတ် ဖြစ်ခဲ့ကြောင်း၊ ထိုမူဝါဒကို တရုတ် အစိုးရက အမေရိကန် ကုမ္ပဏီများသည် တန်ဖိုး ရှိသော နည်းပညာများ လွှဲပြောင်း ပေးရန် သဘော တူညီမှု မရှိဘဲ ချမှတ် အသုံး ပြုခဲ့ခြင်း ဖြစ်ကြောင်း၊ မူဝါဒကြောင့် တရုတ် အစိုးရ၏ ကြီးမားသော ပစ္စည်း ဝယ်ယူမှု ဈေးကွက်တွင် အမေရိကန် ကုမ္ပဏီများ မပါဝင် နိုင်အောင် ခြိမ်းခြောက်ကြောင်း အမေရိကန် ဒုတိယ ကုန်သွယ်ရေး ကိုယ်စားလှယ် Demetrios Marantis က ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ်တွင် အဓိက စိန်ခေါ်မှုမှာ တရုတ်သည် ၎င်း၏ ကတိ အတိုင်း လိုက်နာ စောင့်ထိန်းလျက် နိုင်ငံခြား တိုင်းပြည်များနှင့် အမေရိကန်တို့ ငွေကုန် ကြေးကျ ခံထားသော နည်းပညာများကို တရုတ် ကုမ္ပဏီ အမည် တပ်၍ အစိုးရက ဗဟို အစိုးရ ပြည်နယ်များ၊ မြူနီစပယ် အဆင့်တွင် ပစ္စည်း ဝယ်ယူရာ၌ ဦးစား ပေးမှုကို ရပ်ဆိုင်း သွားမှု ရှိ မရှိ ပင် ဖြစ်သည်ဟု ၎င်းက ပြောသည်။

အမေရိကန် ပြည်ထောင်စုကလည်း တရုတ်က ကတိ အတိုင်း တရားဝင် ဆော့ဝဲများ ပိုမို အသုံး ပြု မပြု၊ 3G နှင့် 4G ဆက်သွယ်ရေး ပစ္စည်း အတွက် ဈေးကွက် ဖွင့်ပေး မပေး၊ အင်တာနက် မူပိုင်ခွင့် ချိုးဖောက်ခြင်း ရှိ မရှိ တို့ကို အနီးကပ် စောင့်ကြည့်ရမည် ဖြစ်ကြောင်း တရုတ် နိုင်ငံ အတွက် အမေရိကန် လက်ထောက် ကုန်သွယ်ရေး ကိုယ်စားလှယ် Claire Reade က ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(FAO report news မှ 3 February 2011 ရက်စွဲပါ "India Adding 300,000 Hectares of Forests Every Year" ကို ဘာသာ ပြန်ဆိုသည်)

အိန္ဒိယ နိုင်ငံသည် တရုတ်၊ ဩစတြေးလျ၊ အင်ဒိုနီးရှား၊ မြန်မာ နိုင်ငံ တို့နှင့် အတူ ကမ္ဘာ့သစ်တော ဧရိယာ ၇၄ ရာခိုင်နှုန်း ခန့်ကို ပိုင်ဆိုင် ထားသည့် တိုင်အောင် နှစ်စဉ် သစ်တော ဧရိယာ ဟတ်တာ သုံးသိန်း တိုးချဲ့ စိုက်ပျိုးနေသည်ဟု ကုလ သမဂ္ဂ အစီရင်ခံစာ အရ သိရှိရသည်။

"နိုင်ငံတကာ သစ်တောများနှစ်" တွင် ကမ္ဘာ့သစ်တော ဖုံးလွှမ်းဧရိယာ တိုးတက် လာသည့် အတွက် ဂုဏ်ပြုရခြင်း ဖြစ်သည်ဟု ကုလသမဂ္ဂ စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့ (FAO) က ၂ နှစ် တစ်ကြိမ် ထုတ်ဝေသော "State of the World Forest" အစီရင်ခံစာက ဆိုသည်။

ကမ္ဘာပေါ်တွင် အကြီးမားဆုံး သစ်တော ဖုံးလွှမ်း ဧရိယာကို ပိုင်ဆိုင်ထားသည့် အဆိုပါ ငါးနိုင်ငံ အနက် တရုတ်နှင့် ဩစတြေးလျ နှစ်နိုင်ငံတည်းကပင် အာရှ-ပစိဖိတ် ဒေသ၏ သစ်တော ဧရိယာ ထက်ဝက်ခန့်ကို ပိုင်ဆိုင် ထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

အာရှတိုက်သည် ကမ္ဘာ့သစ်တော ပြန့်ပွားရေး လှုပ်ရှားမှုတွင် သိသိ သာသာ ပါဝင် ဆောင်ရွက်ခြင်းဖြင့် ဦးဆောင် နေသည်ဟု FAO ၏ သစ်တော ဒါရိုက်တာ အက်ဒူရာဒို ရိုဂျာစ် ဘရာလက်စ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

"အရေးကြီးတဲ့ အပင် အရေအတွက် တိုးချဲ့ရေးကို ဆောင်ရွက်နေတဲ့ အိန္ဒိယကို ချီးကျူး လိုပါတယ်၊ အိန္ဒိယရဲ့ သစ်တော ဧရိယာဟာ တစ်နှစ်ကို ဟတ်တာ သုံးသိန်း စိုက်ပျိုး တိုးချဲ့ နေပါတယ်" ဟု ၎င်းက ဆိုသည်။

၁၉၉၀ ခုနှစ်များ အတွင်းက တစ်နှစ်လျှင် ပျမ်းမျှ သစ်တော ဧရိယာ ဟတ်တာ ၀.၇ သန်း ဆုံးရှုံးခဲ့သည့် အာရှ- ပစိဖိတ် ဒေသသည် ထို အနေအထားကို ပြောင်းပြန် လှန်ပစ် နိုင်ခဲ့သည်ဟု ယူဆ ရပြီး ၂၀၀၀-၂၀၁၀ ကာလ အတွင်း နှစ်စဉ် သစ်တော ဧရိယာ ဟတ်တာ ၁.၄ သန်း တိုးပွား လာခဲ့သည်ဟု သိရှိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(Thai Political Prisoners.wordpress.com မှ 2 February 2011 ရက်စွဲပါ "Abhisit Regime Again Targets Refugees" ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံတွင် ကြမ်းကြုတ်သော ရက်စက် ညှဉ်းပမ်းမှု အန္တရာယ်နှင့် ကြုံတွေ့ ရဖွယ် ရှိနေသော အထိန်းသိမ်းခံ ရိုဟင်ဂျာ လှေစီး ဒုက္ခသည် ၂၀၀ ကျော်ကို ကုလ သမဂ္ဂ ဒုက္ခသည် အေဂျင်စီက တွေ့ဆုံလိုခြင်းကို အရေး တကြီး ခွင့်ပြုရန် Human Rights Watch က ထိုင်းအစိုးရအား တောင်းဆိုထားသည်။

ယခု လတ်တလော ထိုင်းနိုင်ငံတွင် ထိန်းသိမ်း ထားသည့် ရိုဟင်ဂျာ ၂၂၆ ဦးကို မြန်မာ နိုင်ငံသို့ ပြန်ပို့ရန် စီစဉ်နေပြီ ဖြစ်ရာ "ဒုတိယ အကြိမ် အဓမ္မ ပြန်မောင်းထုတ်မှု" ဟု ဆိုရမည် ဖြစ်သည်။

အထက်ပါ အထိန်းသိမ်းခံ ဒုက္ခသည်များအား ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က တွေ့ဆုံ လိုခြင်းကို ထိုင်းနိုင်ငံက အကြိမ်ကြိမ် ငြင်းပယ် ခဲ့သည်ဟု HRW က ပြောကြားသည်။ အနေအထား မည်သို့ ရှိစေ အစိုးရ၏ မူဝါဒသာ ဖြစ်သည်ဟု ထိုင်းတို့က ပြောဆိုခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

(The Straits Times မှ 3 Feb 2011 ရက်စွဲပါ Thailand invites Obama to patch up" သတင်းကို ဘာသာ ပြန်ဆိုသည်။

အမေရိကန် ပြည်ထောင်စုက အရှေ့တောင် အာရှ အပေါ် အာရုံ ထားမှုကို အရှိန်မြှင့်လျက် ရှိပေရာ ရှေးကပင် ဝါရှင်တန်၏ မဟာမိတ် ဖြစ်ခဲ့သော ထိုင်းနိုင်ငံက ယခင်နှစ် နိုင်ငံရေး အကြမ်းဖက်မှု ပုံရိပ်များကို ခွာချရန် ကြိုးစားသည့် အနေဖြင့် သမ္မတ ဘားရက် အိုဘားမားကို လာရောက် လည်ပတ်ရန် ဖိတ်ကြားလိုက်သည်။

ထိုင်းနိုင်ငံ အနေဖြင့် တည်ငြိမ်မှုဆီ ပြန်လည် ဦးလှည့်နေပြီ ဖြစ်ပြီး ထစ်ကနဲရှိ လမ်းပေါ် ရောက်လာသော ထိုင်းနိုင်ငံ အရေးကို မဲပုံးများဆီသို့ ပြန်ပို့ရန် ဆုံးဖြတ်ထားကြောင်း အမေရိကန် လွှတ်တော် အမတ်များအား စည်းရုံးရန် အတွက် ဝန်ကြီးချုပ် အဘီဆစ် ဂျာဂျီဗားက ဝါရှင်တန်သို့ ယခု တစ်ပတ်တွင် အထူး ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။

ထိုင်းအစိုးရ အဖွဲ့၏ ယာယီ ပြောရေးဆိုခွင့် ရှိသူ အဖြစ် ဆောင်ရွက်နေသော အထူး ကိုယ်စားလှယ် ပန်နီတန် ဝပ်တာနရာဂုံက "ကျွန်တော်တို့ တာဝန် ကတော့ ကျွန်တော်တို့ စီးပွားရေး ဖက်ကို ပြန်လှည့်နေပြီလို့ သူတို့ကို ပြောဖို့ လိုပါတယ်" ပာု ဗုဒ္ဓပာူးနေ့တွင် AFP သို့ ပြောကြားသည်။

ဝါရှင်တန်၏ အရှေ့ အလယ်ပိုင်းနှင့် အာဖဂန် နစ္စတန် ကိစ္စရပ်များကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အရင်းနှီးဆုံး ဖြစ်သည့် အပြင် အရှိန် အပာုန် ကောင်းသော ဒေသကို လျစ်လျူ ရှုသလို ဖြစ်ခဲ့သည်ပာု ယူဆထားသည့် သမ္မတ အိုဘားမား အစိုးရက အရှေ့တောင် အာရှ ဒေသနှင့် ဆက်ဆံရေး တည်ဆောက်မှုကို ဦးစားပေး လုပ်ဆောင်လျက် ရှိသည်။

          အင်ဒိုနီးရှား အပန်းဖြေကျွန်း ဘာလီတွင် အောက်တိုဘာလ၌ ကျင်းပရန် အကြမ်းဖျင်း သတ်မှတ်ထားသော အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲကို တက်ရောက်မည် ဖြစ်ကြောင်း အိုဘားမားက ကတိပြုထားပြီး ထိုမှ နောက်တစ်လ အကြာတွင် သမ္မတ အိုဘားမား က ၎င်း၏ ဇာတိ ပာာဝိုင်ရီတွင် နှစ်ပတ်လည် ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်လာကြမည့် အာရှ ပစိဖိတ် ခေါင်းဆောင်များကို ကြိုဆိုမည် ဖြစ်သည်။

          ကြီးမား ကျယ်ပြန့်ပြီး သဘောထား ပျော့ပြောင်းသော မွတ်ဆလင် နိုင်ငံ ဖြစ်ကာ ဒီမိုကရေစီ စနစ်သို့ လျှင်မြန်စွာ ကူးပြောင်း နိုင်ခဲ့ခြင်းကြောင့် "စံပြ မိတ်ဖက်" အဖြစ် အိုဘားမား အစိုးရက ရှုမြင်ထားသော အင်ဒိုနီးရှား နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နွေးထွေးသော ဆက်ဆံရေးကို ထိုင်းနိုင်ငံက ကြိုဆိုမည်ပာု အထူး ကိုယ်စားလှယ် ပန်နီတန်က ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.