Transparency Myanmar

transparency.myanmar@gmail.com

၈.၃.၂၀၁၁
 
ပြည်တွင်းသတင်းများ


ထားဝယ် အထူးစီပွားဇုန် ဥပဒေ ထုတ်ပြန်
မတ် ၇။


နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထားဝယ် အထူးစီးပွားရေးဇုန်ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန် ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို အခန်း ၁၂ ခန်း၊ ပုဒ်မ ၅၈ ခုဖြင့် ပြဋ္ဌာန်းထားပြီး အခန်း ၁၂ ခန်း၏ ခေါင်းစဉ်များမှာ အခန်း(၁) အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်၊ အခန်း(၂) ရည်ရွယ်ချက်များ၊ အခန်း(၃) ထားဝယ် အထူးစီးပွားရေး ဇုန်၊ အခန်း(၄) ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ အခန်း(၅) ရင်းနှီးမြှုပ်နှံသူ၏ အထူးအခွင့်အရေးများ၊ အခန်း(၆) ရင်းနှီး တည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များ၊ အခန်း(၇) မြေအသုံးပြုခြင်း၊ အခန်း(၈) ဘဏ်နှင့် ငွေရေးကြေးရေး စီမံခန့်ခွဲခြင်းနှင့် အာမခံလုပ်ငန်း၊ အခန်း(၉) အကောက် ခွန် ဦးစီးဌာနက စီမံခန့်ခွဲ ခြင်းနှင့်ကုန်ပစ္စည်းများ စစ်ဆေးခြင်း၊ အခန်း(၁၀) ကူးစက်ရောဂါ ရှိ မရှိ စစ်ဆေးခြင်းနှင့် ကူးစက် ရောဂါပြန့် ပွားမှုမရှိစေရန် သီးသန့်ထားရှိခြင်း၊ အခန်း(၁၁) အလုပ်သမားရေးရာ ကိစ္စရပ်များ၊ အခန်း(၁၂) အထွေထွေတို့ ဖြင့် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူ၏ သီးခြားတာဝန်များနှင့်ပတ်သက်၍ မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေနှင့် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ နှစ်ခုစလုံးတွင် ပြဋ္ဌာန်းထားသော်လည်း အချို့ပြဋ္ဌာန်းချက်များသည် မြန်မာ့ အထူး စီးပွားရေးဇုန် ဥပဒေတွင် မပါဝင်ဘဲ ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေတွင်သာ ပါဝင်သည်ကို တွေ့ရှိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေတွင် ရင်းနှီးမြှုပ်နှံသူ၏ အထူး အခွင့်အရေးများကို အသေးစိတ် ပြဋ္ဌာန်းထားသည်ကို ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၁၂ အရ သိရသည်။
 
ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေအရ ထားဝယ် အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့် ဇုန်များမှာ ၁။ အဆင့်မြင့် နည်းပညာစက်မှု ဇုန်များ၊၂။ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဇုန်များ ၃။ ပို့ကုန် ပစ္စည်း ထုတ်လုပ်မှု ဇုန်များ ၄။ ဆိပ်ကမ်းနယ်မြေ ဇုန်များ ၅။ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်များ ၆။ သိပ္ပံနှင့် နည်းပညာ သုတေသနနှင့် ဖွံ့ဖြိုး တိုးတက်ရေးဇုန်များ
၇။ ဝန်ဆောင်မှု လုပ်ငန်း ဇုန်များ  ၈။ တစ်ဆင့်ခံ ကုန်သွယ်မှု ဇုန်များနှင့် ၉။ အစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် ဇုန်များ ပါဝင်ကြောင်း သိရသည်
   
မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေအမှတ် ၈/၂၀၁၁ ဖြင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန် ကြေညာခဲ့ပြီးနောက် ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေကို ဥပဒေ အမှတ် ၁၇/၂၀၁၁ ဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။


--------------------------------------------------------------------------------------------

တန်ပိုတင်သည့် ကုန်တင်ယာဉ်နှင့် ကုန်တင်ဆောင်ပေးသည့် ကားဂိတ်ကိုပါ အရေးယူမည်
မတ် ၇။


၂၀၁၁ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံ၏ အဝေးပြေး လမ်းမကြီးများပေါ်တွင် သတ်မှတ်တန် ချိန်ထက် ပိုမိုတင်ဆောင် သွားလာသည့် ကုန်တင်ယာဉ်ကြီးများ ကုန်တင်ဆောင်ခြင်းနှင့် ပတ်သက်၍ အာဆီယံ စံနှုန်းနှင့် အညီ ဝင်ရိုးအလိုက်သာ ကုန်တင်ဆောင်ရန် သတ်မှတ်ထားပြီးဖြစ်ရာ အဆိုပါ အာဆီယံစံနှုန်းထက် ပိုမို တင်ဆောင်လာပါက ကုန်တင်ယာဉ်အပြင် ကုန်တင်ဆောင်ပေးသော ကားဂိတ်ကိုပါ အရေးယူမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သတိရသည်။

ကားဂိတ် လုပ်ငန်းရှင်များထံသို့လည်း ကုန်စည် တင်ဆောင်ရာတွင် အာဆီယံနှုန်းအတိုင်း ဝင်ရိုးအလိုက်သာ တင်ဆောင်ပေးကြရန် သက်ဆိုင်ရာက မတ်လ ၁ရက်နေ့မှ စတင်ကာ ညွှန်ကြားထာပြီး ဖြစ်ကြောင်းလည်း သိရသည်။

ထို့အတူ လမ်းတံတား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များမှ အာဆီယံ စံချိန်စံညွှန်းအတိုင်း သတ်မှတ် ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို ဆောင်ရွက်နေမှုအား မည်သူမဆို အနှောင့်အယှက်ပေး ခြင်း ဖြစ်ပေါ်ပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

တန်ပိုတင်ဆောင်ခြင်းအား အရေးယူမှုများကို မတ်လ ပထမအပတ်အတွင်း စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

-------------------------------------------------------------------------------------------------------------

အစိုးရ ငွေတိုက်စာချုပ် အတိုးငွေများ မတ်လ ၁၅ ရက် စတင် ထုတ်ပေးမည်
မတ် ၇။


၂၀၁၀​ ပြည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ကာ စနစ်သစ်ဖြင့် ရောင်းချခဲ့သော အစိုးရ ငွေတိုက်စာချုပ်များကို ရောင်းချခဲ့ရာ ငွေကျပ် ၂၃၅၃ သန်းကျော် ရရှိပြီး ရောင်းချထားသည့် အစိုးရ ငွေတိုက်စာချုပ်များအပေါ် အတိုးငွေ ကျပ် ၁၁၃ သန်းကျော်ကို မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များကို ဘဏ်များသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တိုက်ရိုက်ရောင်းချပြီး ဘဏ်မဟုတ် သည့် အဖွဲ့အစည်းများနှင့်တစ်ဦးချင်းသို့ ဗဟိုဘဏ်၏ အရောင်းကိုယ်စားလှယ်ဖြစ်သော မြန်မာ့ ငွေချေး သက်သေခံလက် မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက်(MSEC)မှ  ရောင်းချလျက်ရှိသည်။

အစိုးရ ငွေတိုက်စာချုပ်များသည် နှစ်နှစ်၊ သုံးနှစ်၊ ငါးနှစ် သက်တမ်းရှိ စာချုပ်များ ဖြစ်ကြပြီး အတိုးနှုန်းများမှာ ၁၀ ဒဿမ ၅ ရာခိုင်နှုန်း၊ ၁၁ ရာခိုင်နှုန်းနှင့် ၁၁ဒဿမ ၅ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာ ငွေတိုက်စာချုပ်ရဲ့ အတိုးနှုန်းက ဘဏ်တိုးထက် နိမ့်နေတော့ ဝယ်ယူဖို့ အားမသန်တာပါ။ ရေရှည်မှာ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးလာတာနဲ့အမျှ အတိုးနှုန်းကို ဈေးကွက်က ပြဌာန်းလာမှာဖြစ်လို့ ဈေးကွက်ရဲ့ တောင်းဆိုမှုအရ အတိုးနှုန်း အတက်အကျတွေ အထိုက်အလျောက် ရှိလာနိုင်ပါတယ်။ မျှော်မှန်းဖို့ စောသေးတယ်ဆိုရင်တောင် အတိုးနှုန်းရဲ့ သဘာဝဖြစ်တဲ့ အပ်ငွေ ဒါမှမဟုတ် ရင်းနှီးငွေ ကာလကြာရှည် ရင်းနှီးမှုအပေါ် မူတည်သတ်မှတ်တဲ့ အတိုးနှုန်း ပေါ်ပေါက်လာဖို့ သိပ်မဝေးတော့ဘူးထင်တယ်”ဟု (MSEC)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။  
 

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


ထို့ပြင် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြုပ်နှံသူသည် ထားဝယ် အထူးစီးပွားရေး ဇုန်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် မြေဌားရမ်းခများ၊ မြေအသုံးချမှု ပရီမီယံကြေးများကို တည်ဆဲဥပဒေများ၊ သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းသို့ ပေးချေရမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေး ဇုန် ပုဒ်မ ၃၆ တွင် ပြဋ္ဌာန်းထားသော်လည်း မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိ သည်ကို တွေ့ရသည်။

အလားတူ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် မဆန့်ကျင်ပါက တည်ဆဲ ဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ ဤဥပဒေပါ ပြဋ္ဌာန်းချက် တရပ်ရပ်နှင့်  သက်ဆိုင်သည့် ကိစ္စရပ်များကို ဤဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဤဥပဒေတွင် ပြဋ္ဌာန်းထားခြင်းမရှိသည့် ကိစ္စရပ်များသည် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေတွင် ပါရှိပါက ယင်း ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ ၅၅ တွင်ပြဋ္ဌာန်းထားသည်။

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် ထားဝယ်အထူးစီးပွားရေးဇုန် ဥပဒေကို ထုတ်ပြန် သတင်း ဆောင်းပါးမှ ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"သုံးချင်သလောက်လည်း သုံးနိုင်ချင်မှ သုံးနိုင်မှာဆိုတော့ မျှမျှတတသုံးစေချင်တယ်။ နိုင်ငံတော်ရဲ့ ရသုံးငွေကိုကြည့်ရင် ရငွေမှာလည်း အခွန်ဘယ်လိုကောက်တယ်၊ နည်းနေလား၊ များသွားလား၊ စီးပွားရေးလုပ်ငန်းတွေ ဘယ်လိုလုပ်သင့်တယ် စတာတွေကို ဆွေးနွေးတဲ့အခါကျမှ ဘတ်ဂျက်က ဘယ်လောက်ရနိုင်တယ်ဆိုတာ ရငွေကို တွက်ရမယ်၊ တွက်ပြီးတော့မှ ဘယ်ဌာနမှာ ဘယ်လောက် သုံးသင့်တယ်ဆိုတာမျိုး လုပ်ရတာကိုး။ ရှိတဲ့ငွေပေါ်မှာ မူတည်ပြီးမှ သုံးရတာဆိုတော့ ကိုယ် သုံးချင်သလောက်တော့ ဘယ်သုံးလို့ရနိုင်မလဲ"

မတ် ၉ ထုတ် Myanmar Post မှာပါသည့် ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် အင်တာဗျူး ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"လယ်သမားတွေကို ပြည်သူ့လွှတ်တော် အမတ်တွေက လိုအပ်ချက်တွေကိုမေးမယ်။ သက်ဆိုင်ရာ လွှတ်တော်ကို တင်ပြ ပြီး ကြိုးစားရမယ်။ လယ်သမားတွေအတွက် အကျိုးရှိရင် တိုင်းပြည်အတွက်လည်းရှိရင် ဥပဒေကို အတည်ပြုရမှာ ဖြစ် တယ်။ သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းတွေကလဲ လိုက်နာဆောင်ရွက်သွားရမှာဖြစ်တယ်"

မတ် ၈ ထုတ် Flower news မှာပါသည့် တောင်သူလယ်သမားအရေး အစိုးရသစ်ဖော်ဆောင်ဖို့လို သတင်းဆောင်းပါးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-------------------------------------------------------------------------------------------------------------

"အခု တရုတ်၊ စင်ကာပူ၊ ထိုင်း၊ တောင်ကိုရီးယား စတဲ့နိုင်ငံတွေက နာမည်ကြီးဘဏ်တချို့က မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်နိုင်ဖို့အတွက် လာညှိနှိုင်းနေတယ်။  လောလောဆယ် ရှေ့ပြေးညှိနှိုင်းရေး ရုံးလေးတွေ ဖွင့်ပြီး လုပ်ငန်းဆောင်ရွက် နေပါ တယ်။ သူတို့ဘက်ကတော့ မြန်မာပြည်မှာ ဖွင့်ခွင့် ရချင်နေကြတယ်။ မြန်မာပြည်နဲ့ စီးပွားရေးဆက်နွယ်မှုရှိတဲ့သူတို့နိုင်ငံ ကလုပ်ငန်းကို ပံ့ပိုးပေးနိုင်ဖို့ အဓိကထားပြင်ဆင်နေတာပါ"

မတ် ၉ ထုတ် Weekly ELEVEN မှာပါသည့် နိုင်ငံတကာ ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ဖွံ့ဖြိုးရေး ဘဏ်အချို့ ဖွင့်လှစ်ခွင့်ရရှိနိုင်ရန် လာရောက်ညှိနှိုင်းနေ သတင်းမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်
 
×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းဆောင်းပါး

လွှတ်တော်သို့ ဥပဒေကြမ်းတွေတင်သွင်းတော့မည်.........

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် လွှတ်တော်ကော်မတီ လေးခု၌ တစ်ခု အပါအဝင်ဖြစ်သော ဥပဒေကြမ်း ကော်မတီများကို မတ်လ ၁ရက်နေ့က အတည်ပြု ဖွဲ့စည်းရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ၁၀ ဦးနှင့် ကျန်ပါတီများမှ ၁၅ဦးပါဝင်ကြောင်း မတ်လ ၂ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းမီဒီယာများတွင် တရားဝင် ထုတ်ပြန် ထားချက်အရ သိရသည်။

ဥပဒေကြမ်းကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လိုက်နာရန်အချက်များတွင် "ကော်မတီသည် ဥပဒေ ကြမ်းတစ်ရပ်နှင့် စပ် လျဉ်း၍ ပြင်ဆင်ရန် အကြံပြုချက်များသည် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့် စပ်လျဉ်းသော အကြံပြုချက်များ ဖြစ်ရမည့် အပြင် ထိုဥပဒေကြမ်း၏ သဘောတွင် အကျုံးဝင်သော အကြံပြု ချက်များလည်း ဖြစ်ရမည်။ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့် ညှိနှုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်း ဆွေး နွေးနိုင်သည်" တို့ပါဝင်သည်။

အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော်တို့တွင် ဥပဒေကြမ်း ကော်မတီများ ဖွဲ့စည်းပြီးဖြစ်ရာ ကော်မတီ လုပ် ပိုင်ခွင့် ၂(ခ) အရ ပြည်သူများနှင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ပညာရှင်များက ဥပဒေရေးရာ အကြံပြုချက်များကို လွှတ်တော် ဥပဒေကြမ်း ကော်မတီများသို့ ပေးပို့ အကြံပြုခွင့် ရှိမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဝင် လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုး (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF) ၏ ပြောပြချက်အရ သိရ သည်။ "ကျွန်တော်တို့ ဥပဒေကြမ်း ကော်မတီက ကော်မတီလုပ်ပိုင်ခွင့် ၂(ခ) မှာဖော်ပြထားသလို ပြည်သူတွေ၊ သက်ဆိုင် ရာ ကျွမ်းကျင်သူတွေဆီက ဥပဒေရေးရာ အကြံပြုချက်တွေ၊ ဝေဖန်သုံးသပ်ချက်တွေကို စိစစ်ပြီး အမျိုးသား လွှတ်တော်ကို တင်ပြခွင့်ရှိတယ်။ ပြည်သူတွေရဲ့ အကြံပြုချက်တွေ ကျွန်တော်တို့ဆီပို့ရင် ဆွေးနွေးမယ်၊ ဥပဒေပြုမယ်ပေါ့" ဟု ယင်းမှ ရှင်း လင်း ပြောကြားသွားသည်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် အခြားလွှတ်တော်အသီးသီးတွင် လွှတ်တော်အမတ်များ အဆိုနှင့် မေးခွန်းများ တင်သွင်းခွင့်ရရှိခြင်းမှာ ဥပဒေပြုလုပ်ငန်းများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ကြောင်း လွှတ် တော်အမတ်အချို့နှင့် နိုင်ငံရေး သုံးသပ်ဝေဖန်သူများက ထောက်ပြ ပြောကြားသည်။ "လွှတ်တော် အစည်းအဝေးရဲ့ ပထမ တစ်နာရီကို မေးခွန်း မေးခွင့် ရမယ်။ နောက်အဆိုလည်း တင်သွင်းခွင့် ရှိတယ်လို့ လွှတ်တော် နည်းဥပဒေတွေမှာ ဖော်ပြထား ပြီးသားပဲ။ သူတို့တင်တဲ့ မေးခွန်းတွေ ၊ အဆိုတွေက ဥပဒေတွေ ဖြစ်သွားတယ်။ ဒါမှ ပြည်သူ့အကျိုး သယ်ပိုးတယ်လို့ ဆိုနိုင်မှာ။ လွှတ်တော်ထဲမှာ ငူငူကြီးထိုင်နေလို့ကတော့ မထူးဘူး" ဟု ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်နေ အငြိမ်းစား တရားသူကြီးဟောင်းတစ်ဦးက ဆိုသည်။

လွှတ်တော်သို့ ဥပဒေကြမ်းများ ပေးပို့ရာတွင်လည်း ဥပဒေကြမ်း တင်သွင်းခွင့် ရှိသူများသည် ဥပဒေကြမ်း၏ ရည် ရွယ်ချက်နှင့် အကျိုးအကြောင်း ဖော်ပြချက်တို့နှင့်အတူ မိတ္တူသုံးစောင်ပြုစု၍ လွှတ်တော်ရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ်ထံ ပေးပို့ရမည်။ ထို့ပြင် ဥပဒေကြမ်းတစ်ရပ် ပေးပို့ရာတွင် သာမန်အားဖြင့် လွှတ်တော်အစည်းအဝေး မကျင်းပမီ အနည်းဆုံး ရက်ပေါင်း ၃၀ ကြိုတင်၍ ပေးပို့ရမည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်က ပေးပို့သောဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ပါက ဥက္ကဋ္ဌသည် ယင်းဥပဒေကြမ်းကို နိုင်ငံတော် ပြန်တမ်းတွင် ကြေညာစေရမည်ဟု သိရသည်။

 ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ထို့အပြင် မတ်လ ၁ ရက်နေ့၌ ကျင်းပခဲ့သော တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ် လွှတ်တော် ပုံမှန် အစည်း အဝေး အသီးသီး၌ ဥပဒေပြုရေး ကော်မတီများနှင့် တိုင်းရင်းသား လူမျိုးများအရေး ဆိုင်ရာ ကော်မတီတို့၏ အဖွဲ့ဝင် ဦးရေ နှင့် အမည်စာရင်းတို့ကို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က တင်ပြခဲ့ကြောင်း သိရသည်။

 ဥပဒေပြုရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အသီးသီးမှ အနည်းဆုံး အဖွဲ့ဝင် ၅ဦးနှင့် အများဆုံး ၁၀ ဦးအထိ လွှတ်တော် ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများကို အမည်စာရင်း တင်သွင်းခဲ့ပြီး တိုင်းရင်းသား လူမျိုးများ အရေးဆိုင်ရာ ကော်မတီအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ အသီးသီးမှ အနည်းဆုံး  အဖွဲ့ဝင် ၅ဦးမှ  အများဆုံး ၇ဦးထိ လွှတ်တော်ကိုယ်စားလှယ်များနှင့် သင့်လျှော်သည့် နိုင်ငံသားများ၏ အမည်စာရင်းကို တင်သွင်းခဲ့သည်။

ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းလျာထားချက်များကိုပါ သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များကို တင်ပြခဲ့သည်။ ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မတ် ၃ ရက်တွင် ကျင်းပမည့် လွှတ်တော် အစည်းအဝေး အသီးသီး၌ ဆွေးနွေးနိုင်ကြောင်း ဆွေးနွေးလိုပါက သက်ဆိုင်ရာ လွှတ်တော်ရုံးသို့ အမည်စာရင်းပေးပို့ရန် သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌများက ကြေညာခဲ့သည်။

Ref:  True News အတွဲ(၃)၊ အမှတ် (၂၈)

          The Voice weekly အတွဲ(၇)၊ အမှတ် (၁၃)

          Weekly ELEVEN NEWS အတွဲ(၆)၊ အမှတ်(၂၃)
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၇-၃-၂၀၁၁

ဘာသာပြန်သတင်းများ - ၂

ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ ဘရာဇီးမှ Rare Earth ဝယ်မည်


(3 March 2011 ရက်စွဲပါ BBC News မှ “Japanese and Korean Firms Look to Brazil For Rare Earth” ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နှင့် တောင်ကိုရီးယား ကုမ္ပဏီများ စုပေါင်း ထားသော အဖွဲ့ကြီး (Consortium) သည် ဘရာဇီ ရှားပါး သတ္တုမြေ (Rare Earth) တူးဖော်ရေး ကုမ္ပဏီတွင် ရှယ်ယာ ပါဝင်မည် ဖြစ်သည်။

အဆိုပါ အဖွဲ့တွင် ဂျပန်၏ Nippon Steel နှင့် တောင်ကိုရီးယား၏ Posco နှင့် National Pension Service (NPS) တို့ ပါဝင်သည်။ ယင်းကုမ္ပဏီ များသည် ဘရာဇီး၏ Companhia Brasileira de Metalurgie e Mineracao (CBMM) တွင် ၁၅% ရှယ်ယာ ပါဝင်ရန် ဒေါ်လာ ၁.၉၅ ဘီလီယံ (ပေါင် ၁.၉ ဘီလီယံ) ပေးရမည် ဖြစ်သည်။

ဂျပန်နှင့် တောင်ကိုရီးယား တို့သည် အဆင့်မြင့် နည်းပညာသုံး ပစ္စည်းများ ထုတ်လုပ် ရာတွင် အသုံး ပြုသည့် တန်ဖိုး ကြီးမားသည့် သတ္တုများ လုံလောက်စွာ ရရှိ နိုင်ရေး အတွက် ထိုသို့ ပါဝင် ရခြင်း ဖြစ်သည်။

တရုတ် နိုင်ငံသည် လက်ရှိ အားဖြင့် ကမ္ဘာ ပေါ်တွင် လိုအပ်သော Rare Earth ၏ ၉၀% ကို တင်ပို့လျက် ရှိသည်။ သို့သော် တရုတ် နိုင်ငံသည် Rare Earth ကို ပြည်တွင်း အသုံး ပြုမှု တက်လာ သဖြင့် မကြာ သေးမီက နိုင်ငံခြား သို့ တင်ပို့မှုကို လျှော့ချ ခဲ့သည်။
ဂျပန်နှင့် တရုတ် နိုင်ငံ ကြား သံတမန် ရေးရာ အရ အဆင် မပြေမှု ကြောင့် ပြီးခဲ့သည့် စက်တင် ဘာလက တရုတ် နိုင်ငံက Rare Earth တင်ပို့မှုများ လုံးဝ ရပ်ဆိုင်း သွားခဲ့သည်။

အငြင်း ပွားနေသော အရှေ့ တရုတ် ပင်လယ် ကျွန်းများ အနီးတွင် ဂျပန် ရေတပ်က တရုတ် ငါးဖမ်း သင်္ဘော ကပ္ပတိန် အား ဖမ်းဆီး ခဲ့သော အခါ အငြင်းပွားမှု များစတင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အငြင်းပွား မှု ဖြစ်ပြီး နောင်နှစ်လ ကြာသော အခါ ပြဿနာ ဖြေရှင်း ပြီးချိန်တွင် တရုတ်သည် Rare Earth သင်္ဘော တင်မှုကို ပြန်လည် ပြု လုပ် ခဲ့သည်။

ဖေဖော်ဝါရီ လက ဂျပန် နိုင်ငံသည် တရုတ် နိုင်ငံမှ ရှားပါးမြေ တွင်းထွက် သတ္တုများ တင်သွင်း ရမှု အပေါ် မှီခို နေရခြင်းအား လျှော့ချ သွားမည်ဟု ပြော ခဲ့သည်။

တောင်ကိုရီးယား၏ National Pension Service မှ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြား ရာတွင် Nippon Steel ၊ JFE ဦးပိုင်နှင့် Sojitz ကော်ပိုရေးရှင်း တို့ ပါဝင်သော ဂျပန် ရင်းနှီး မြှုပ်နှံ သူများသည် CBMM တွင် ၁၀% ပါဝင် နိုင်ရန် ဝယ်ယူ ကြမည် ဟု ဆိုသည်။
တောင်ကိုရီးယား၏ Posco နှင့် NPS တို့ ပူးပေါင်း၍ အဆိုပါ စတော့ ဈေးကွက်တွင် မပါဝင်သော ဘရာဇီး ကုမ္ပဏီ တွင် ၅% ဝယ်ယူ မည် ဖြစ်သည်။

CBMM သည် ကားနှင့် အခြား ထုတ်ကုန်များတွင် အသုံး ပြုသော အဆင့်မြင့် သံမဏိ ထုတ်လုပ် ရာတွင် အသုံး ပြုသော ရှားပါး သတ္တု Niobium ကို ထုတ်လုပ်သော ကုမ္ပဏီ ဖြစ်သည်။

-----------------------------------------------------------------

လာအိုတွင် မူးယစ် ဆေးဝါးမှု မြင့်တက်ပြီး မြန်မာတွင် မူးယစ် ဆေးဝါး ဖမ်းဆီးရမှု ကျဆင်း

(4 March 2011 ရက်စွဲပါ The Strait Times မှ “Drug Violence Up in Laos, Seizures Down in Myanmar” ကို ဘာသာ ပြန်ဆိုသည်)

ကွန်မြူနစ် နိုင်ငံ တစ်ခု ဖြစ်သော လာအို နိုင်ငံ အနေဖြင့် အိမ်နီးချင်း မြန်မာ၊ တရုတ် နှင့် ဗီယက်နမ် နိုင်ငံ များတွင် မူးယစ် ဆေးဝါး ရောင်းဝယ်မှု ရုတ်တ၏ရက် အံ့အား သင့်ဖွယ် မြင့်တက် လာမှု ကြောင့် ပြင်းထန်သော ရာဇဝတ် မှုများ မကြုံ ဖူးအောင် ဖြစ်ပွားလျက်  ရှိကြောင်း အမေရိကန် အစိုးရက ကြာသ ပတေး နေ့က သတင်း ထုတ်ပြန် ခဲ့သည်။

ဟီးရိုးအင်း၏ ကုန်ကြမ်း ဖြစ်သော ဘိန်း စိုက်ပျိုးမှု မှာ အရှေ့တောင် အာရှ၏ ရွှေတြိဂံ နယ်မြေတွင် လွန်ခဲ့သော ဆယ်စု နှစ် အတွင်း ကျဆင်း ခဲ့သည်။ သို့သော် အက်ဖက် တမင်း အမျိုး အစား မူးယစ် ဆေးဝါး နှင့် ရှု၍ ရသော မူးယစ် ဆေးဝါး ရောင်းဝယ်မှု ကြီးထွား လာသည်။

မြန်မာ စစ်ခေါင်းဆောင် များသည် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ တိုင်းရင်းသား လက်နက်ကိုင် များနှင့် စစ်ပွဲများ ဖြစ်လာမည်ကို မလိုလား သောကြောင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွင် အကြီး အကျယ် ပတ်သက် နေသော တိုင်းရင်းသား လက်နက် ကိုင်များ နှင့် ထိပ်တိုက် ရင်ဆိုင် မှုများကို ရှောင်ရှား သည့် အနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို တားဆီးခြင်း ပြုပုံမရ ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ၂၀၁၀ အတွင်း ကမ္ဘာ့ မူးယစ် ဆေးဝါး ထုတ်လုပ်မှုနှင့် နှိမ်နင်းရေး ကြိုးပမ်း မှုများကို အကဲ ဖြတ်သော နှစ်ပတ်လည် အစီရင် ခံစာတွင် ဖော်ပြ ထားသည်။

မြန်မာ အစိုးရသည် ၂၀၁၀ ဇန်နဝါရီလမှ အောက်တိုဘာ လအတွင်း အင်ဖက် တမင်း အမျိုး အစား မူးယစ်ဆေးပြား နှစ်သန်း နီးပါး ဖမ်းဆီး ခဲ့ရာ ၂၀၀၉ ခုနှစ် အဆိုပါ ကာလ အတွင်း ဆေးပြား ၁၃ သန်းကျော် ဖမ်းဆီး ခဲ့ခြင်းနှင့် နှိုင်းယှဉ် အတော် နည်းသည်ကို တွေ့ရမည် ဖြစ်သည်။

မြန်မာ နိုင်ငံမှ မူးယစ် ဆေးဝါး ထုတ်လုပ် သူများ အတွက် အဓိက ဈေးကွက် ဖြစ်သော အိမ်နီးချင်း ထိုင်းနိုင်ငံသည် ၂၀၁၀ ခုနှစ် အတွင်း အင်ဖက် တမင်း ဆေးပြား ၃၂ သန်းကျော် ဖမ်းဆီး ရမိ ခဲ့သည်။
လာအို အစိုးရသည် မဲခေါင် မြစ်နှင့် တောင် ထူထပ်သော သစ်တော အုပ်ကြီးများ ရှိသည့် နိုင်ငံ တကာ နယ်စပ် ကီလိုမီတာ ငါးထောင်ကျော် ရှိသဖြင့် ထို ဒေသ တွင် ရဲတပ်ဖွဲ့မှ လုံခြုံရေး နှင့် တရား ဥပဒေ ကိစ္စများ ထိန်းချုပ်ရန် ကြီးမားသော အတား အဆီးများ ရှိနေသည်။ ထို့ကြောင့် လာအိုသည် ဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ညီလာခံများတွင် ပါဝင် သော်လည်း မူးယစ် ဆေးဝါး အမှုများနှင့် ပတ်သက်၍ သတင်း အချက် အလက် ပံ့ပိုးမှု အားနည်း လှသည်ကို တွေ့ရသည်။

-------------------------------------------------------------

မြန်မာ နိုင်ငံတွင် မြောက်ကိုရီးယား အကူအညီဖြင့် စကာ့ဒ် ဒုံးကျည် ထုတ်လုပ်နေ

(The Chosunilbo မှ 7th Mar 2011 ရက်စွဲပါ Myanmar Developing Scud Missiles with N. Korea Assistance သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံသည် မြောက်ကိုရီးယား၏ အကူ အညီဖြင့် ကိုယ်ပိုင် စကာ့ဒ် ဒုံးကျည်များ ထုတ်လုပ်ရန် ကြိုးစား နေကြောင်း ဂျပန် နေ့စဉ် သတင်းစာ ဆန်ကိုင်း ရှင်ဘွန်း၏ အဆိုအရ သိရှိ ရသည်။

လွန်ခဲ့သော နှစ်များ အတွင်း အဆိုပါ နှစ်နိုင်ငံ အကြား ဆက်ဆံရေး သိသိ သာသာ ကြီးထွား လာခဲ့သည့် အလျောက် ၂၀၀၈ ခုနှစ် နောက်ပိုင်းတွင် ၎င်းတို့ နှစ်နိုင်ငံက ရင်းနှီးသော စစ်ဖက် ဆက်ဆံရေးကို ထူထောင် ထိန်းသိမ်းလျက် ရှိကြသည်။

မြန်မာ နိုင်ငံ အလယ်ပိုင်း မင်းလှမြို့ အနီးရှိ ခဲယမ်း မီးကျောက် စက်ရုံမှာ အမှန် တကယ်တွင် မြောက်ကိုရီးယား ဒုံးကျည် ကျွမ်းကျင် ပညာရှင်များ အလုပ် လုပ်နေသော နေရာ ဖြစ်သည်ဟု ဆန်ကိုင်း ရှင်ဘွန်းက တနင်္ဂနွေနေ့တွင် ဖော်ပြ လိုက်သည်။

မြန်မာ အစိုးရ၏ လျှို့ဝှက် စစ်ရေး ရည်မှန်းချက် များသည် ဒေသတွင်း လက်နက် ပြိုင်ဆိုင်မှုကို အစပျိုး ပေးနိုင်ဖွယ် ရှိပြီး ထိုင်းနိုင်ငံ ကဲ့သို့ အိမ်နီးချင်း တိုင်းပြည် များအား ၎င်းတို့၏ ကိုယ်ပိုင် ဒုံးကျည် စီမံကိန်းများ အကောင် အထည် ဖော်အောင် လှုံ့ဆော် ပေးသလို ဖြစ်မည်ကို အကဲခတ် ကျွမ်းကျင် သူများက စိုးရိမ် ပူပန်လျက် ရှိသည်။

---------------------------------------------------------------

တောင်တရုတ် ပင်လယ်တွင် တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် ကန့်ကွက်

(Monsters and Critics မှ 4th Mar 2011 ရက်စွဲပါ Vietnam protests Chinese military exercise in South China Sea သတင်းကို ဘာသာ ပြန်ဆိုသည်)

တောင်တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား စပရက်တလီ ကျွန်းစုများ အနီး လတ်တလော ပြုလုပ် ခဲ့သော တရုတ် စစ်ရေး လေ့ကျင့်မှုကို ဗီယက်နမ် တာဝန်ရှိ ပုဂ္ဂိုလ်များက ကန့်ကွက် ခဲ့ကြ ကြောင်း ဗီယက်နမ် နိုင်ငံပိုင် မီဒီယာက သောကြာနေ့တွင် သတင်း ထုတ်ပြန် လိုက်သည်။

တရုတ် ရေတပ်က ပင်လယ် ဓားပြ နှိမ်နင်းရေး စစ်ရေး လေ့ကျင့်ခန်းကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြုလုပ် ခဲ့သည်။

အဆိုပါ စစ်ရေး လေ့ကျင့် မှုသည် ဗီယက်နမ်ပိုင် ကျွန်းများ၏ အချုပ် အခြာ အာဏာကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း တရုတ် နိုင်ငံနှင့် ပြုလုပ်သော အစည်း အဝေးတွင် ဗီယက်နမ်က ပြောကြား ခဲ့သည်ဟု နိုင်ငံ ခြားရေး ဝန်ကြီး ဌာနကို ကိုးကားကာ နိုင်ငံပိုင် သတင်းစာ Viet Nam News က ဖော်ပြ ထားသည်။

၂၀၀၂ ခုနှစ်က အာဆီယံ အဖွဲ့နှင့် တရုတ် နိုင်ငံတို့ လက်မှတ် ရေးထိုး ခဲ့ကြသည့် တောင်တရုတ် ပင်လယ် ဆိုင်ရာ စီမံ ခန့်ခွဲမှု ကြေညာ စာတမ်းကို ယခု စစ်ရေး လေ့ကျင့်စဉ်က တုန့်ပြန် ဆန့်ကျင်သည့် သဘော သက်ရောက် နေသည်ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆို လိုက်သည်။

ဗီယက်နမ် အစိုးရက ကြာသ ပတေးနေ့တွင် အစိုးရ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပကာ ပင်လယ်ပြင်၊ ကျွန်းစုများ၊ နယ်နိမိတ် မျဉ်းနှင့် နယ်ခြား မှတ်တိုင် ဆိုင်ရာ ဗီယက်နမ်ပိုင် အထောက် အထား စာရွက် စာတမ်း များကို ပြန်လည် သုံးသပ်မှု ပြုလုပ် နေသည်။
ပင်လယ်ပြင်နှင့် ကျွန်းစုများ ဆိုင်ရာ သတင်း အချက် အလက် ထုတ်ပြန်မှု များသည် တိုင်းပြည်၏ ပုံရိပ်ကို မြှင့်တင် ပေးနိုင်ပြီး မမှန်ကန်သော အချက် အလက်နှင့် အငြင်းပွားမှု များကို မှားယွင်းကြောင်း သက်သေ ပြနိုင်သည်ဟု ကွန်မြူနစ် ပါတီ တာဝန်ရှိ ပုဂ္ဂိုလ် ဒင်သီဟုယင် ပြောကြား သည့် အတိုင်း Viet Nam News သတင်းစာက ဖော်ပြခဲ့သည်။

တောင်တရုတ် ပင်လယ် ရေပြင် တဝိုက်နှင့် စပရက်တလီ ကျွန်းများ၏ ပိုင်နက် အချုပ်အချာ ကိစ္စရပ် များနှင့် ပတ်သက်၍ ဗီယက်နမ်နှင့် တရုတ်၊ မလေးရှား၊ ဘရူနိုင်း၊ ဖိလစ်ပိုင် နိုင်ငံများ အကြား ယခင် ကပင် အငြင်းပွား မှုများ ရှိနေခဲ့သည်။
အဆိုပါ ကျွန်းများနှင့် ပတ်ဝန်းကျင် ရေပြင်တွင် ပင်လယ် ကြမ်းပြင် အောက် သယံဇာတများ ရှိနေ သည်ဟု ယုံကြည် ထားကြသည်။

--------------------------------------------------------------------------------

ဆန္ဒပြရန် လှုံ့ဆော်မှုများကို တရုတ် နိုင်ငံပိုင် သတင်းစာ ရှုတ်ချ

(AFP သတင်း ဌာနမှ 6 Mar 2011 ရက်စွဲပါ Chinese state media slams calls for protests သတင်းကို ဘာသာ ပြန်ဆိုသည်)

တနင်္ဂနွေ နေ့တွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ ချီတက်ပွဲများ ပြုလုပ်ရန် လတ်တလော တောင်းဆို လှုပ်ရှား မှုများ အပေါ် ပြစ်တင် ဝေဖန်မှုကို တရုတ် နိုင်ငံပိုင် မီဒီယာက အရှိန် မြှင့်တင် လိုက်ပြီး အရှေ့ အလယ် ပိုင်းတွင် ပျံနှံ့ နေသည့် လူထု အုံကြွမှုများ တရုတ် နိုင်ငံသို့ ကူးစက် လာနိုင်ဖွယ် ရှိကြောင်း စိုးရိမ် ပူပန်နေသည့် ကြားမှပင် နိုင်ငံတော် တည်ငြိမ် ရေးသည် အရေးကြီး ကြောင်း သတိပေး ဖော်ပြခဲ့သည်။

တနင်္ဂနွေ လမ်းလျှောက် ချီတက်ပွဲ များတွင် ပါဝင်ရန် အတွက် တရုတ်နိုင်ငံ မြို့ကြီး များစွာတွင် နိုင်ငံသား များ စုဝေး ကြရန် Online တွင် ထပ်မံ လှုံဆော်မှုများ ပေါ်ထွက် လာခြင်းကြောင့် နိုင်ငံ သတင်းစာတွင် အလားတူ မှတ်ချက် ပေးမှုကို ပထမဆုံး အကြိမ် ဖော်ပြခဲ့ပြီး တစ်ရက် အကြာတွင် ယခုပြစ်တင် ဝေဖန်မှု ပေါ်ထွက် လာခြင်း ဖြစ်သည်။

ပြည်တွင်း၊ ပြည်ပရှိ လျို့ဝှက် လှုပ်ရှားသူ အချို့က လမ်းပေါ် နိုင်ငံရေး (သို့) ဆန္ဒ ပြပွဲများကို တိုက်တွန်း လှုံ့ဆော်ရန် နည်းလမ်း ပေါင်းစုံ အသုံးပြု နေကြ သည်ကို အရေးတကြီး သတိထား ကြရမည်ဟု ဘေဂျင်း လူငယ် နေ့စဉ် မျက်နှာဖုံး ဆောင်းပါးက ဆိုသည်။

ဆူပူ လှုံ့ဆော် လိုသူ များသည် သတင်းမှားများ ဖန်တီး ဖြန့်ချိရန်၊ အရှေ့ အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းမှ ဗရုတ် သုတ်ခ အခြေ အနေမျိုး တရုတ် နိုင်ငံတွင် ဖြစ်ပွား စေလိုသည့် ရည်ရွယ် ချက်ဖြင့် တရားမဝင် စုဝေး ချီတက်ပွဲ များကို တိုက်တွန်း လှုံဆော်ရန်၊ တရုတ် နိုင်ငံကို ဖျက်ဆီးရန် အတွက် အင်တာနက်ကို အသုံးပြု နေကြ သည်ဟု အဆိုပါ ဆောင်းပါးတွင် ပြစ်တင် ဝေဖန်ထားသည်။

ရှန်ဟိုင်း မြို့တော်မှ အစိုးရ ကွန်မြူနစ် ပါတီ အာဘော် ဂျီဖန်း နေ့စဉ် သတင်းစာ ကလည်း အလားတူ ဝေဖန် ချက်မျိုးကို ဖော်ပြကာ လူမှု အဖွဲ့ အစည်း ညီညွှတ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းကြရန် ပြည်သူ များကို တိုက်တွန်းခဲ့သည်။ ပြည်သူများ အနေဖြင့် မိမိတို့၏ ကိုယ်ကျိုး စီးပွားကို ဂရုစိုက်သည့် နည်းတူ ခက်ခဲစွာ ထူထောင် ထားသော တည်ငြိမ် အေးချမ်း နေမှုကို အမြတ်တနိုး ရင်ဝယ် ပိုက်ကာ ဂရုတစိုက် ထိန်းသိမ်း ကြရမည်ဟု အဆိုပါ သတင်းစာတွင် ဖော်ပြ ထားသည်။

အာရပ် ကမ္ဘာတွင် ရေပန်း စားနေသည့် လူထု အုံကြွမှုများ၏ လှုံဆော်မှုကြောင့် တရုတ် နိုင်ငံတွင် တနင်္ဂနွေ ချီတက်ပွဲများ ကျင်းပရန် တောင်းဆို လှုံ့ဆော်မှုများ မရေတွက် နိုင်အောင် များပြား လာခြင်းကြောင့်  တရုတ် အာဏာ ပိုင်များက လူထု မငြိမ်သက်မှု ဖြစ်ပေါ်မည်ကို ပိုမို စိုးရိမ် ပူပန်လျက် ရှိပြီး ဓနဥစ္စာ ကွာဟမှု၊ အဂတိ လိုက်စားမှု စသော ကိစ္စရပ်များ အပေါ် မကျေနပ်မှုများ ကြီးထွား နေသည့် ကြားတွင် ဗူးလေးရာ ဖရုံဆင့် မည်ကို တရုတ် အစိုးရက ကြောက်ရွံ့လျက် ရှိသည်။

----------------------------------------------------------------------

မြန်မာ၊ မလေးရှား ကုန်သွယ်ရေး ဆက်ဆံမှု တိုးမြှင့်မည်

(Daily News မှ 7 Mar 2011 ရက်စွဲပါ Myanmar Malaysia boost business ties သတင်းကို ဘာသာ ပြန်ဆိုသည်)

          မြန်မာ နိုင်ငံနှင့် မလေးရှား နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင် များသည် လာမည့် အပတ် ရန်ကုန် မြို့တော်တွင် ကုန်သွယ်၊ စီးပွား ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ကာ ကဏ္ဍ ပေါင်းစုံတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် နည်းလမ်းများ ရှာဖွေ ကြမည်ဟု နိုင်ငံပိုင် နေ့စဉ် သတင်းစာက တနင်္ဂနွေနေ့တွင် ဖော်ပြသည်။ ပြည်ထောင်စု မြန်မာ နိုင်ငံ ကုန်သည်ကြီး များနှင့် စက်မှု လုပ်ငန်း ရှင်များ အသင်း UMFCCI နှင့် တန်ချောင် အုပ်စု ဦးဆောင်သော မလေးရှား စီးပွားရေး ကိုယ်စားလှယ် အဖွဲ့တို့ အကြား ဆွေးနွေးမှုကို လာမည့် ကြာသ ပတေးနေ့တွင် ပြုလုပ်မည်ဟု အစိုးရ အာဘော် New light of Myanmar သတင်းစာက ဆိုသည်။

          ပြီးခဲ့ သည့်နှစ် မတ်လက အလားတူ မလေးရှား ကုန်သွယ်ရေး ကိုယ်စားလှယ် အဖွဲ့ မြန်မာ နိုင်ငံသို့ လာ ရောက်ခဲ့စဉ် အတော အတွင်း လျှပ်စစ် အသုံး အဆောင် ပစ္စည်း၊ သတင်း နည်းပညာနှင့် လယ်ယာ စိုက်ပျိုးရေး စသော ကဏ္ဍရပ်များတွင် ကျယ်ကျယ် ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်မှု ရရှိခဲ့ကြသည်။ နောက်ပိတ်ဆုံး ဖြစ်ပေါ် တိုးတက်မှု အဖြစ် မလေးရှား လုပ်ငန်းရှင်များက ရန်ကုန်တွင် ကျင်းပ ခဲ့သည့် ကုန်စည် ပြပွဲနှင့် ထွက်ကုန် မိတ်ဆက် ရှင်းလင်းပွဲမှ တစ်ဆင့် ၎င်းတို့၏ စားအုန်းဆီကို တင်သွင်း မိတ်ဆက် ခဲ့ကြသည် ဟုလည်း သိရှိ ရသည်။

          တရားဝင် ကိန်းဂဏန်းများ အရ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ် အတွက် နှစ်နိုင်ငံ ကုန်သွယ်မှု တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၃၁၂ သန်း ရှိခဲ့သည်ဟု ဆိုသည်။

          မလေးရှား နိုင်ငံသည် မြန်မာ နိုင်ငံ၏ ဆဌမမြောက် အကြီးဆုံး ပြည်ပ ကုန်သွယ်ဖက် ဖြစ်သော ထိုင်း၊ စင်ကာပူ၊ တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင် တို့၏ နောက်တွင် ရပ်တည်လျက် ရှိသည်။

-------------------------------------------------------------------------

အပြောင်းအလဲ ကာလ အတွက် အကြမ်း မဖက်သော လုပ်ငန်းစဉ်

(4 March 2011 ရက်စွဲပါ Marila Bulletin မှ Dr.Florangel Rosario Braid ရေးသားသော Nonviolence ကို ဘာသာ ပြန်သည်)

ကမ္ဘာကြီးသည် အစောပိုင်းက ယူကရိန်း၊ ဆားဘီးယား၊ ယခု အရှေ့ အလယ်ပိုင်း တို့တွင် တော်လှန်ရေး ပြောင်းလဲမှုများ တသီ တတန်းကြီး ဖြစ်လိမ့်မည်ဟု ထင်မထား ခဲ့ပေ။ သို့သော် ထိုသို့ ဖြစ်ရန် အခြေ အနေ များတော့ ရှိခဲ့သည်။ ထိုသို့သော လှုပ်ရှားမှုများ ပေါ်ပေါက် လာရန် အီဂျစ်၊ အီရန်၊ တူနီးရှား၊ ဘာရိန်း၊ ယီမင်တို့မှ အတွေး အခေါ် ကောင်းသူ လူငယ် အုပ်စုများက ဦးဆောင် ခဲ့ကြပြီး သတင်း အချက် အလက်နှင့် ဆက်သွယ်ရေး နည်းပညာ များက အားကောင်း အောင် ပံ့ပိုး ခဲ့သည်။

ထင်ရှားသော အချက် တစ်ခုမှာ အာဏာရှင် အစိုးရ များမှာ ဆက်လက် မရှင်သန် နိုင်တော့ ဟူသော အချက်ပင် ဖြစ်သည်။ အင်အား သုံးခြင်းထက် စာလျှင် အကြမ်း မဖက်ခြင်း နည်းလမ်းသည် ဒီမိုကရေစီ အောင်မြင်ရေး အတွက် သင့်တော်သော မဟာဗျူဟာ ဖြစ်ပေသည်။

အသက် (၈၃) နှစ် ရှိပြီ ဖြစ်သော ပညာရှင်နှင့် အကြမ်း မဖက်ရေး မူဝါဒများ အမှတ် ပေးခဲ့သည်။ ၎င်းသည် အမြတ် အတွက် မဟုတ်သည့် Albert Einstein Institution ကို တည်ထောင် ခဲ့ပြီး ကမ္ဘာ တလွှား ပဋိပက္ခများကို အကြမ်း မဖက်သော နည်းဖြင့် တုန့်ပြန်ရန် ပညာ ပေးခဲ့သည့် အဖွဲ့ ဖြစ်သည်။ အီဂျစ်တွင် ဧပြီ ၆ လှုပ်ရှားမှုနှင့် ပတ်သက်သော သတင်း မှတ်တမ်းတွင် လူငယ် မျိုးချစ် အဖွဲ့ ခေါင်းဆောင်က ၎င်းတို့သည် Gene Shorp ၏ မဟာ ဗျူဟာကို အသုံးပြု ခဲ့ကြောင်း ဝန်ခံ ခဲ့သည်။ ထိုနည်း တူပင် ဆားဗီးယားရှိ otpor လှုပ်ရှားမှုတွင်လည်း Gene Sharp နည်းကို သုံး၍ Milosevic ကို အောင်မြင်စွာ ဖြုတ်ချ နိုင်ခဲ့သည်။ Sharp ၏ မက်ဆေ့ခ်ျမှာ ရိုးရိုးလေး ဖြစ်ပြီး အာဏာရှင်၏ ပါဝါသည် အအုပ်ချုပ်ခံ ပြည်သူ၏ နာခံရန် လိုလားမှုမှ ဆင်းသက် လာကြောင်း၊ အကယ်၍ ပြည်သူ လူထုက နာခံရန် ငြင်းဆန်ခဲ့ပါက အစိုးရသည် တစစီ ပြိုကွဲမည်ဟု ဆိုသည်။ ထိုမက်ဆေ့ခ်ျကို ၁၉၉၃ ခု နှစ်က  မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားမှုများ အတွက် ၎င်းရေးသား ခဲ့သော “From Dictatorship to democracy စာအုပ်တွင် ထပ်မံ ထည့်သွင်း ရေးသား ခဲ့သည်။ အဆိုပါ မက်ဆေ့ခ်ျမှာ ထိုင်းနိုင်ငံနှင့် အင်နိုနီးရှား နိုင်ငံများသို့ ပျံ့နှံသွား ခဲ့သည်ဟု ဆိုခဲ့ပြီး၊ စစ်အာဏာရှင် စနစ်အား ဆန့်ကျင်ရာတွင် အသုံးပြု ခဲ့သည်။

၎င်း၏ စာအုပ်တွင် အကြမ်း မဖက်သော လက်နက် (၁၉၈) မျိုးကို ဖော်ပြ ထားရာ အရောင်များ သင်္ကေတ များ အသုံး ပြုပုံကို ပါဝင်သည်။ အဆိုပါ စာရင်းမှ အဓိက အချက် များကို ဖော်ပြ ရမည် ဆိုလျှင်
  • လွတ်မြောက်ခြင်း (Freedorm အောင်မြင် ရေးနှင့် လူ့အဖွဲ့ အစည်း အမြင် အတွက် မဟာ ဗျူဟာ တိုးတက်ရန် ပြုလုပ်ပါ။
  • အငယ်စား ပြန်လည် တွန်းလှန် မှုများ ပြုလုပ်ပြီး ကြောက်စိတ်ကို ကျော်လွှားပါ။
  • ပြန်လည် ခုခံမှုများ ညီညွှတ်မှု ရှိကြောင်း ပြသရန် အရောင်များ၊ သင်္ကေတများကို အသုံးပြုပါ။
  • သမိုင်းတွင် အကြမ်း မဖက်သော လှုပ်ရှားမှုများ၏ အောင်မြင်ခဲ့ပုံ ဥပမာများကို လေ့လာပါ။
  • အကြမ်း မဖက်သော လက်နက် များကို အသုံးပြုပါ။
  • အာဏာရှင် စနစ်ကို အထောက် အကူ ပြုနေသော ဒေါက်တိုင်များကို ဖော်ထုတ်၍ ၎င်းတို့ကို အားနည်းအောင် ပြုလုပ်သော မဟာ ဗျူဟာများ ချမှတ်ပါ။
  • အစိုးရ၏ ဖိနှိပ်မှု၊ သွေးထွက် သံယို ရက်စက် မှုများကို သင်တို့၏ လှုပ်ရှားမှုများ အတွက် အားအင် ဖြည့်တင်း ပေးသော လက်နက် အဖြစ် အသုံးပြုပါ။
  • လှုပ်ရှားမှုတွင် အကြမ်း ဖက်ရန် လုပ်ဆောင် သူများကို ဖယ်ရှား ပစ်ရမည်။
အီဂျစ်တွင် အောင်မြင်စွာ အသုံးပြု နိုင်ခဲ့သော မဟာ ဗျူဟာမှာ မူဘာရက်၏ အကြီးဆုံး အထောက် အပံ့ ဖြစ်သော စစ်တပ် ကဲ့သို့သော အစိုးရ၏ အဓိက ဒေါက်တိုင်ကို ဖော်ထုတ် နိုင်ခဲ့ခြင်း ကြောင့် ဖြစ်သည်။ ပြည် သူများက မိမိတို့၏ ကိုယ်ပိုင် စွမ်းအားဖြင့် အာဏာရှင်ကို ဖယ်ရှား နိုင်လိမ့် မည်ဟု ယုံကြည် နေသ၍ ကာလ ပတ်လုံး ကြောက်ရွံ့ နေခြင်းနှင့် စိတ်မဝင် စားမှုတို့ မဖြစ်အောင် ထိန်းချုပ် ထားနိုင်မည် ဖြစ်သည်။ သို့သော် အာဏာ ရှင်များ မရှိတော့လျှင် ဘာဆက် လုပ်ရမည် ကိုမူ Sharp က အကြံပြု နိုင်ခဲ့ခြင်း မရှိပေ။ ထို့ကြောင့် အကြမ်း မဖက် သော ဝါဒကို ကိုင်စွဲ ထားသူ များသည် တော်လှန်ရေး ပြီးနောက် နောက်ထပ် ခြေလှမ်း အဖြစ် လုပ်ကိုင်ရန် များကို ထင်ရှားသော အတွေး အခေါ် ပညာရှင် များထံ အကြံဥာဏ် တောင်းခံ နေရသည်။

          ၎င်းတို့ ပြောကြားသော အချို့ အချက် များတွင် အကြီးမား ဆုံးသော စိန်ခေါ်မှုမှာ အရှိန်ကို ဆက်လက်၍ မည်သို့ ထိန်းသိမ်းမည် ဆိုသည်နှင့် စစ်တပ်ကို အာဏာရှင်တွင် မယစ်မူး အောင် ပြုလုပ်ရေးပင် ဖြစ်ကြောင်း ဆိုသည်။ ဒီမိုကရေစီကို ဆက်လက် ရှင်သန်ရေး မစုစည်း ရသေးသော လှုပ်ရှားမှုများ အတွက် ရှေ့ဆက်ရမည့် ခြေ လှမ်း အချို့မှာ          
(၁) အကြမ်း မဖက်ရေး နည်းဗျူဟာ များကို အသုံးပြု၍ ဆက်လက် စုစည်းထားကာ ရွှေ့လျား စေရန်
(၂)အခြေခံ ဥပဒေ ဆိုင်ရာများ ပြန်လည် သုံးသပ်ရာတွင် တရား မျှတပြီး ထိရောက်သော လုပ်ငန်းစဉ် များ ချမှတ် နိုင်ရန် အစိုးရ၏ ကျန်ရှိသော ထိရောက်သော လုပ်ငန်းစဉ်များ ချမှတ် နိုင်ရန် အစိုးရ၏ ကျန်ရှိသော အဓိက ပုဂ္ဂိုလ်များနှင့် မဟာဗျူဟာ ကျကျ မည်သို့ ဆွေးနွေး ညှိနှိုင်း နိုင်မည် ဆိုသည်ကို လေ့လာရန်
(၃) ပိုလန်နှင့် တောင်အာဖရိကမှ အသွင် ကူးပြောင်းရေး များကို လေ့လာရန်
(၄)အရှိန်ကို ဆက်ထိန်း နိုင်ရန် လေ့လာပါ။ အထူးသဖြင့် အသွင် ပြောင်းရေးနှင့် အချိန်နှင့် အမျှ အဓိပ္ပါယ် ကောက်ယူနိုင်ရေး (Transformation and deconatruction) စသော အသေးစိတ် အချက် များက အစ ထိန်းသိမ်း ထား နိုင်ရန်
(၅) တန်ပြန် အာဏာ မသိမ်း နိုင်ရေးကို ကာကွယ်ရန် လုံ့လ စိုက်ထုတ်ရန်
(၆) လူအဖွဲ့ အစည်း အတွက် စိန်ခေါ်မှု တစ်ခု ဖြစ်သော အသွင် ကူးပြောင်းရေးကို ပြီးစီးအောင် ပြုလုပ်ရန်၊ ဥပမာ အားဖြင့် မူဘာရတ်က အာဏာကို စစ်တပ်သို့ ပေးရာမှ၊ နောက်ဆုံး ပြည်သူထံ ရောက်ရှိရေး ဆောက်ရွက် ရန်၊
(၇) တော်လှန်ရေးမှ ရရှိသော အောင်မြင်မှု များကို စွမ်းအားနှင့် ကြံ့ခိုင်မှုတို့ အဆက် မပြတ် ဖြည့်ဆီးပြီး ထိန်းသိမ်း ထားရန်
(၈) အကြီးဆုံး စိန်ခေါ်မှုများ အကြမ်း မဖက်သော လုပ်ဆောင်မှု များကို နားမလည် သူများ၏ ယုံကြည် ချက်များ ကို နားလည်အောင် ထိန်းချုပ် ထားနိုင်ရေး စသည်များ ဖြစ်သည်။

----------------------------------------------------------------------------
 
အငြင်းပွားဖွယ် ကျွန်းစုအနီးသို့ ကပ်လာသော တရုတ်သင်္ဘောကို ဂျပန်သတိပေး

(AFP သတင်းဌာနမှ 5 Mar 2011 ရက်စွဲပါ Japan Warns China Ship mear disputed isles သတင်းကို ဘာသာ ပြန်ဆိုသည်)

ဒေသတွင်း ပြိုင်ဖက်များ ဖြစ်သော တရုတ်နှင့် ဂျပန်တို့ အကြားရှိ အစာ မကြေသော ရေပြင် နယ်နမိတ် စည်းပေါ်ရှိ အငြင်းပွား ကျွန်းစု အနီးသို့ တရုတ် ကမ်းခြေစောင့် သင်္ဘော ချဉ်းကပ် လာခဲ့ခြင်းကြောင့် ဂျပန် နိုင်ငံတွင် စနေနေ့က တပ်လှန့် သတိ ပေးမှုများ ဖြစ်ပေါ် ခဲ့သည်။

အရှေ့ တရုတ် ပင်လယ် တွင်းမှ ဂျပန်လို ဆင်ကာကူ၊ တရုတ်လို ဒေါင်ယု ဟု ခေါ်ကြသော လူသူ မနေသည့် ကျွန်းစု အနီးသို့ ချဉ်းကပ် လာသည့် တရုတ် သင်္ဘောကို ကင်းလှည့် လေယာဉ်က ထောက်လှမ်း တွေ့ရှိ ခဲ့ခြင်း ဖြစ် သည်ဟု ဂျပန် ကမ်းခြေ စောင့်တပ်က ပြောကြားသည်။

ဂျပန် ကမ်းခြေ စောင့်တပ်၏ ကြေညာ ချက်တွင် “ဂျပန် နိုင်ငံက ပိုင်ဆိုင်ကြောင်း ကြေညာ ထားသည့် ရေပြင် ပိုင်နက် အတွင်းသို့ တရုတ် သင်္ဘော ဝင်မလာ အောင် ဂျပန် အစိုးရ ကမ်းခြေစောင့် လေယာဉ်နှင့် သင်္ဘောများက သတိပေးမှု ပြုလုပ် ခဲ့ရသည်” ဟု ဖော်ပြ ထားသည်။

အထက်ပါ ရေပြင် ပိုင်နက်သို့ ဝင်ရောက် ခဲ့ခြင်း မရှိသည့် တရုတ် သဘောက နယ်မြေ ကင်းလှည့် ခြင်းသာ ဖြစ်ကြောင်း တုန့်ပြန် ခဲ့သည်ဟု သိရှိ ရသည်။

          ယခု ကဲ့သို့ အငြင်းပွား ကျွန်းစုများ အနီး အထိ တရုတ်သင်္ဘော ခုတ်မောင်း ချဉ်းကပ် လာခြင်းသည် ယခုနှစ် အတွင်း ယခုနှစ် အတွင်း ဒုတိယ အကြိမ် မြောက် ဖြစ်ပြီး တရုတ် နိုင်ငံ၏ ရေတပ် လှုပ်ရှားမှု တိုးမြှင့် လာခြင်းကြောင့် အိမ်နီးချင်း နိုင်ငံများနှင့် တင်းမာမှုကို အဆက် မပြတ် ဖြစ်ပေါ် စေမည်ဟု ဆိုသည်။

          ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဘေဂျင်းက ၎င်း၏ ငါးဖမ်း နယ်မြေကို ကာကွယ်ရန် အတွက် အငြင်းပွား ကျွန်းစု များအနီး ကင်းလှည့်မှု များကို တိုးမြှင့် မည်ဟု ပြောကြားခဲ့ရာ၊ အလား အလာ ရှိသော ရေအောက် စွမ်းအင် သယံ ဇာတ များအား ရှာဖွေ နေခြင်းကို ပြနေသည်။

-----------------------------------------------------------------
အစိုးရနှင့် အတိုက် အခံများ တိုက်ပွဲ ဝင်ရန် အသင့်ပြင်

(The straits Times မှ 5 Mar 2011 ရက်စွဲပါ Govt , opposition get ready for battle သတင်းကို ဘာသာ ပြန်ဆိုသည်)

          ဖေဖော်ဝါရီ ၂၆ ရက်နေ့က ချက်တူ ချောက်ရို နာမည်ကျော် ဘန်ကောက် စနေ-တနင်္ဂနွေ ဈေးသို့ ထိုင်းဝန်ကြီးချုပ် အဘီဆစ်မဲ့ ဂျာဂျီးဗား ရောက်ရှိ လာခဲ့ရာ ယင်းသို့ လာရောက် လည်ပတ် ခြင်းသည် သူ၏ ဒီမိုကရက် ပါတီ အတွက် ရွေးကောက်ပွဲ မဲဆွယ်ရန် ညင်ညင် သာသာ စတင် လိုက်ခြင်း ဖြစ်သည်ဟု ကျယ်ကျယ် ပြန့်ပြန့် ရှုမြင်လျက် ရှိကြသည်။

          ပြုံးနေသော အောက်စဖို့ ထွက် ဝန်ကြီးချုပ်ကို ဓာတ်ပုံထဲတွင် နှင်းဆီနီ တစ်ပွင့် ကိုင်ကာ ဝမ်းမြောက် ပျော်ရွှင်နေသော ဒေသခံ ပြည်သူများ ဝိုင်းရံလျက် မြင်တွေ့ရသည်။ အချက် ၄ ချက်ပါ မဲဆွယ် ဂတိ ပေးမှု ကိုလည်း အဆိုပါ သီတင်း ပတ်ကုန်တွင် ထုတ်ပြန် ခဲ့သည်။ ဝန်ကြီးချုပ် အဘီဆစ်က ဒီဇင်ဘာလအထိ ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆို ခဲ့ခြင်း မရှိသော်လည်း ဒုတိယ ဝန်ကြီးချုပ် ဆူသက် သောင်ဆူဗန်က ဇွန်လ မတိုင်မီ ရွေးကောက်ပွဲများ ကျင်းပ နိုင်ဖွယ် ရှိသည်ဟု ပြောကြား ခဲ့သည်။

          မည်သို့ပင် ဖြစ်စေ အစိုးနှင့် အတိုက် အခံ ပါတီများ နှစ်ဖက်စလုံး ရွေးကောက်ပွဲ ဝိဥာဉ် ပူးကပ် နေကြပြီ ဖြစ်ကာ၊ ကောင်းပေ့ ဆိုသော အရာများကို ကတိ ပြုခြင်း၊ ပါတီများ တစ်စုနှင့် တစ်ခု စည်းရုံး လှုပ်ရှား မဲဝယ်ခြင်း များနှင့် ပတ်သက်၍ အပြန် အလှန် စွပ်စွဲ ကြခြင်း စသည် တို့ကို ပြုလုပ် နေကြပြီ ဖြစ်သည်။

          အစိုးရ ကလည်း ဆင်းရဲ မွဲတေသူများကို ရည်ရွယ်သည့် စီးပွားရေး အစီအစဉ်များ၊ ချေးငွေ အစီ အစဉ်များ၊ ရထား ပို့ဆောင်ရေးနှင့် လျှပ်စစ် ဓာတ်အား ကဏ္ဍအပေါ် ထောက်ပံ့ ရန်ပုံငွေ တိုးချဲ့မည့် အစီ အစဉ်များ၊ လူမှု ဖူလုံရေး အလှူငွေ အစီ အစဉ် များကို ကြေညာ ခဲ့ပြီး ဖြစ်သည်။

          ပြီးခဲ့သည့် သီတင်း ပတ်ကုန်က ကြေညာ ကတိ ပေးမှု မှာလည်း မဲဆွယ်သည့် သဘောပင် ဖြစ်ပြီး အနိမ့်ဆုံး လုပ်ခ လစာ ၂၅% တိုးမြှင့်မှု၊ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့သစ် ဖွဲ့စည်းမှု၊ တက္ကသိုလ် ကျောင်းသား နှစ်သိန်းခွဲ အတွက် ချေးငွေ အစီအစဉ်များ၊ လယ်သမား ၂၅၀၀၀ ခန့်ကို အကျိုး ဖြစ်ထွန်း စေမည့် စိုက်ပျိုး မွေးမြူရေး အသိုင်း အဝိုင်းနှင့် ဆိုင်သည့် ပိုင်ဆိုင်မှု စာချုပ် စာတမ်း ကိစ္စများ စသည့် အစီ အစဉ်များ ပါဝင်သည်။ ယင်းသို့ ထုတ်ပြန် ကြေညာ မှုများသည် မဲဝယ်ခြင်းနှင့် သဘော တရား အတူတူပင် ဖြစ်ကြောင်း အတိုက် အခံ ထိုင်း ပါတီက ပြောကြား လိုက်သည်။
 
 
 
 
 
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၇-၃-၂၀၁၁

ဘာသာပြန်သတင်းများ - ၁

ရုရှားနိုင်ငံမှ MiG-29 ဂျက်တိုက် လေယာဉ်များ မတ်လတွင်း မြန်မာသို့ရောက်မည်

(Flight Global မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ နိုင်ငံသည် ယခု မတ်လ အတွင်း ရုရှား နိုင်ငံမှ RSK MiG-29 အမျိုး အစား ဂျက်တိုက် လေယာဉ် အစင်း ၂၀ လက်ခံ ရယူမည် ဖြစ်ကြောင်း Flight Global သတင်း ဌာန ရေးသားချက် အရ သိရသည်။ အမေရိကန် ဒေါ်လာ ၅၅၃ သန်း တန်ဖိုးဖြင့် အရောင်း အဝယ် ဖြစ်ထားသော အဆိုပါ ဂျက်တိုက် လေယာဉ် အစင်း ၂၀ ရောက်ရှိ လာပါက မြန်မာ နိုင်ငံ တွင် MiG အမျိုး အစား လေယာဉ် စင်းရေ နှစ်ဆ ပိုဖြစ် လာမည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင် ဘာလတွင် အော်ဒါ မှာယူ ခဲ့သည့် အဆိုပါ လေယာဉ်များကို မြန်မာ နိုင်ငံသို့ သုံးသုတ် ခွဲကာ တင်ပို့မည် ဖြစ်ကြောင်း၊ ပထမ အသုတ်တွင် MiG-29B အမျိုးအစား ၁၀ စင်း၊ ဒုတိယ အသုတ်တွင် ပိုင်းလော့ တစ်ဦးသာ မောင်းနှင် နိုင်သည့် MiG-29SE အမျိုး အစား ခြောက်စင်း၊ တတိယ အသုတ်တွင် MiG-29UB အမျိုး အစား လေးစင်း ပါဝင်မည် ဖြစ်ကြောင်း Flight Global ကဆိုသည်။ ယခု အရောင်း အဝယ် ဖြစ်မှုကြောင့် MiG-29 ထုတ်လုပ် သောRSK Lukhovitsy စက်ရုံ၌ MiG-29B/SE အမျိုး အစားများ လက်ကျန် ရှိတော့မည် မဟုတ်ပေ။

မြန်မာ နိုင်ငံမှ ဝယ်ယူသော အဆိုပါ ဂျက်တိုက် လေယာဉ်များကို သာမန် ပြည်ပ တင်ပို့မှု အစီ အစဉ်ဖြင့် လွှဲပြောင်း ပေးပို့မည် ဖြစ်ပြီး Analogue Instruments နှင့် Phazotron N-019 အမျိုး အစား ရေဒါများလည်း ပါဝင်မည် ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် ယခင်က ဘီလာရုစ် နိုင်ငံမှ အသုံးပြု ပြီးသား MiG-29 ဂျက်တိုက် လေယာဉ်များကို ဝယ်ယူ ခဲ့သော်လည်း နောက်ပိုင်း ကာလ များတွင် ယင်းလေယာဉ်များ ထုတ်လုပ်သည့် မူလ ကုမ္ပဏီနှင့် ရုရှား စစ်လက်နက် တင်ပို့ ရောင်းချရေး ကုမ္ပဏီ တစ်ခု ဖြစ်သော Rosoboronexport ကို ဆက်သွယ် ခဲ့သည်။

မော်စကို အစိုးရကလည်း လက်နက်များနှင့် အပို ပစ္စည်းများ ရောင်းဝယ် ရာတွင် လည်းကောင်း၊ လေ့ကျင့်ရေး သင်တန်းများ ပေးရာတွင် လည်းကောင်း မြန်မာ နိုင်ငံကို အကူ အညီ ပေးခဲ့သည်။ ထို့ပြင် မြန်မာ နိုင်ငံရှိ လေတပ် အခြေစိုက် စခန်း တစ်ခုတွင်လည်း Stimulator တစ်ခု တပ်ဆင် ပေးခဲ့သည်။

ယခုလို RSK MiG မှ ဂျက်တိုက် လေယာဉ်များ ထပ်မံ ဝယ်ယူ လိုက်ခြင်းသည် မြန်မာ နိုင်ငံရှိ လေတပ် အင်အားကို ပိုမို ကောင်းမွန် သွားစေပြီး စစ်မက် ဖြစ်ပွားရန် ပြင်ဆင် ပေးလိုက် သကဲ့သို့ ဖြစ်ကြောင်း သတင်း ရင်းမြစ် များက ဆိုသည်။ လက်ရှိ အနေ အထားတွင် မြန်မာ့ တပ်မတော် (လေ) ၌ MiG-29 အမျိုးအစား ဂျက်တိုက် လေယာဉ် ၁၂ စင်း ပိုင်ဆိုင် ထားကြောင်း Flight Global ၏ MiliCAS သတင်း အချက် အလက်များ အရ သိရသည်။

ဤအတော အတွင်းမှာပင် RSK MiG က အိန္ဒိယ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ထောက်ပံ့ ပို့ဆောင်ရေး စနစ်သစ် တစ်ခုကို ထူထောင်မည် ဖြစ်ကြောင်း၊ အဆိုပါ စနစ်သစ်က အိန္ဒိယရှိ MiG-29 ဂျက်တိုက် လေယာဉ်များ အပါအဝင် မြန်မာနှင့် မလေးရှား နိုင်ငံ လေတပ်များမှ ဂျက်တိုက် လေယာဉ်များ အတွက် Customer Support များ ပြုလုပ် ပေးနိုင် မည် ဖြစ်ကြောင်း ပြောကြား လိုက်သည်။

 
----------------------------------------------------------------
လောင်စာဆီ ဈေးနှုန်း တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ အထက်သို့ ရောက်

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် ရေနံစိမ်းနှင့် ဓာတ်ဆီ ထောက်ပံ့ တင်ပို့မှုသည် လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း မမျှော်လင့်ဘဲ ကျဆင်းခဲ့ သောကြောင့် အာရှ ဒေသ၌ လောင်စာဆီ ဈေးနှုန်းမှာ မတ်လ ၂ ရက်နေ့တွင် တစ်ပေပါလျှင် ဒေါ်လာ ၁၀၀ အထက်သို့ မြင့်တက် ရောက်ရှိသွားပြီး ဝယ်လိုအား များလည်း မြင့်တက် လာဖွယ် ရှိကြောင်း AP သတင်းက ဆိုသည်။

နယူးယောက် အခြေစိုက် Mercantile Exchange ရှိ အီလက် ထရွန်နစ် ကုန်သွယ်ရေး ဈေးကွက်တွင် မတ်လ ၂ ရက်နေ့ (နေ့ခင်းပိုင်း စင်ကာပူ စံတော်ချိန်) ၌ ရေနံစိမ်း တင်ပို့ မှုမှာ ၅၁ ဆင့် တက်သွားပြီး တစ်ပေပါ လျှင် ၁၀၀ ဒဿမ ၁၄ ဒေါ်လာသို့ ရောက်ရှိ သွားသည်။ လန်ဒန် အခြေစိုက် ICE Futures Exchange တွင်မူ  ရေနံစိမ်း တင်ပို့မှုမှာ ၂၃ ဆင့် မြင့်တက် သွားပြီး တစ်ပေပါလျှင် ၁၁၅ ဒဿမ ၆၅ ဒေါ်လာသို့ ရောက်ရှိ သွားသည်။

American Petroleum Institute က မတ်လ ၁ ရက် နေ့တွင် ထုတ်ဖော် ပြောဆိုချက် အရ ရေနံစိမ်း ပေပါ လက်ကျန် ၁ ဒဿမ ၁ သန်းသာ ရှိတော့သည်။ သို့သော် McGraw-Hill Cos စွမ်းအင် သတင်း အချက် အလက် ဆိုင်ရာ အဖွဲ့က ပြုလုပ်သော စစ်တမ်း အရ ရေနံစိမ်း ကုန်ကြမ်းလက်ကျန် ပေပါ ၁ ဒဿမ ၆ သန်းထိ မြင့်တက် လာမည်ဟု ခန့်မှန်း သည်။ သိုလှောင် ထားသော ဓာတ်ဆီ ပေပါ လက်ကျန်မှာ ၄ ဒဿမ ၉ သန်း ဖြစ်ပြီး ဓာတ်ဆီ အဖြစ် ချက်လုပ် နိုင်မည့် လောင်စာကြမ်း စုစု ပေါင်းမှာ ပေပါ ၁ ဒဿမ ၄ သန်းသာ ရှိကြောင်း API က ဆိုသည်။

လက်ရှိ အနေ အထားတွင် စွမ်းအင် ကုန်သည်ကြီး များသည် မွမ်မာ ကဒါဖီ ဆန့်ကျင်ရေး ဆန္ဒ ပြမှု များနှင့် လူထု အုံကြွမှုများ ဖြစ်ပေါ် နေသည့် လစ်ဗျား နိုင်ငံကို အနီးကပ် စောင့်ကြည့် လေ့လာလျက် ရှိသည်။ အိုပက် အဖွဲ့ဝင် နိုင်ငံ တစ်ခု ဖြစ်သော လစ်ဗျား နိုင်ငံမှ ကဒါဖီ ဆန့်ကျင်ရေး သမားများက ရေနံ ထုတ်လုပ် မှုကို ဖြတ်တောက် လိုက် ကြသည်။ စွမ်းအင် ရင်းနှီး မြှုပ်နှံရေး သမား များက အကြမ်းဖက် တိုက်ခိုက် မှုများ၊ လူထု အုံကြွမှု များနှင့် နိုင်ငံရေး အလှုပ် အရမ်း များက အခြားသော ဒေသများသို့ ကူးစက် ဖြစ်ပေါ် သွားမည်ကို စိုးရိမ်လျက် ရှိသည်။ အကြောင်းမှာ အီရန်၊ အီရတ်၊ အာရပ် စော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်း၊ ကူဝိတ်၊ ကာတာ၊ အိုမန် နှင့် ဆော်ဒီ အာရေဗျ တို့တွင် ကမ္ဘာ့ အရန် ရေနံ စုစု ပေါင်း၏ ၆၀ ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားသော ကြောင့် ဖြစ်သည်။

"လက်ရှိ ဖြစ်နေတဲ့ စိုးရိမ် ထိတ်လန့်မှု ကတော့ မတည် မငြိမ်မှုတွေ၊ နိုင်ငံရေး အလှုပ် အရမ်းတွေ တခြား ဒေသတွေကို ကူးစက် ပျံ့နှံ့ သွားမလား ဆိုတာပါ" ဟု ကင်မရွန်း ဟန်အိုဗာက ဆိုသည်။

 
------------------------------------------------------------
 
ထိုင်းနိုင်ငံရောက် မြန်မာ ဒုက္ခသည်များ အငတ်ဘေးနှင့် ရင်ဆိုင်နေရ

(Asia News မှ သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာ စစ်တပ်နှင့် သူပုန် တပ်ဖွဲ့ ဝင်များ အကြား ပစ်ခတ် တိုက်ခိုက်မှု များကြောင့် တိုင်းရင်းသား လူနည်းစု အရပ်သား ထောင်ပေါင်း များစွာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင် သွားကြ ရကြောင်း သိရသည်။ ဒုက္ခသည် တစ်သောင်းခန့်မှာ နေထိုင် စရာနှင့် စားစရာ အလောက် အငှ မရရှိမှုနှင့် ကြုံတွေ့ နေရပြီး အမျိုးသမီးများ၊ သက်ကြီးပိုင်း များနှင့် ကလေး ငယ်များမှာ ပိုမို ဒုက္ခ တွေ့နေ ရသည်ဟု ဆိုသည်။

ထွက်ပြေး တိမ်းရှောင် သွားရသူ တိုင်းရင်းသား အများစုမှာ ကရင်များ ဖြစ်ကြပြီး ထိုင်း နိုင်ငံတွင်း အစာ ရေစာ ငတ်မွတ်မှုကြောင့် သေဆုံး ရမည့် အခြေ အနေသို့ ဆိုက်ရောက် နေသည်။ ဒုက္ခသည်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ မှစ၍ ထိုင်းနိုင်ငံ၊ တက် ပြည်နယ်တွင်း ယာယီ တဲများဖြင့် နေထိုင် ကြရကြောင်း၊ ၎င်းတို့သည် မြန်မာ စစ်တပ်နှင့် ကရင် သူပုန် များ အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် အိုးအိမ်များ စွန့်ပစ်ကာ နယ်စပ် ဒေသကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ ဘက်သို့ ဝင်ရောက် သွားကြခြင်း ဖြစ်သည်။

မြန်မာ အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဒုက္ခသည်များ အနေဖြင့် မြန်မာ နိုင်ငံတွင်းသို့ အမြန်ဆုံး ပြန်လည် ဝင်ရောက် နိုင်ပြီး ကောင်းမွန်သော လူမှုဘဝ အဆင့် အတန်းများဖြင့် နေထိုင် သွားနိုင် လိမ့်မည်ဟု မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် ခိုလှုံ နေထိုင် ရသော ကရင် တိုင်းရင်းသား ဒုက္ခသည် ဦးရေ ခန့်မှန်းခြေမှာ တစ်သောင်းခန့် ရှိပြီး ၎င်းတို့သည် အလုပ် အကိုင် လုပ်ကိုင်ခွင့် မရရှိ သောကြောင့် ဝင်ငွေ မရရှိဘဲ ဖြစ်လျက် ရှိသည်။

"ကျွန်တော်တို့ ဆန်ပဲရပါတယ်။ တစ်နေ့ကို ဆန်နှစ်ခွက် ရတာပါ" ဟု နယ်စပ်မြို့ တစ်မြို့ ဖြစ်သော မဲဆောက်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။ စေတနာရှင်များ အနေဖြင့် အဆိုပါ ဒုက္ခသည် များကို ဆန်လှူဒါန်း ရန်ပင် ခက်ခဲလျက် ရှိသည်။ အကြောင်းမှာ ထိုင်းအစိုးရက ဒုက္ခသည် များအား လှူဒါန်းမှုများကို တရားဝင် ခွင့် မပြုသော ကြောင့် ဖြစ်သည်။ သက်ကြီး ရွယ်အို များနှင့် ကလေးငယ် များသည် အာဟာရ ချို့တဲ့မှု ဖြစ်ပေါ်မည့် အန္တရာယ်နှင့် ကြုံတွေ့ နေရသော ဒုက္ခသည်များ ဖြစ်သည်။ ဒုက္ခသည် အချို့မှာ ထိုင်းနိုင်ငံ တွင်းရှိ သစ်တောများတွင် ယာယီတဲများ ထိုးကာ နေထိုင်လျက် ရှိသကဲ့သို့ အချို့က လယ်ယာမြေ များထဲတွင် နေထိုင်လျက် ရှိသည်။

ဒုက္ခသည် အများစုမှာ ယခုအခါ မြန်မာ နိုင်ငံ တွင်းရှိ ၎င်းတို့ နေထိုင်ရာ ကျေးရွာ များသို့ ပြန်ရန် ဆန္ဒ ရှိနေ ကြသော်လည်း နယ်စပ် ဒေသတွင် မြေမြှုပ်မိုင်းများ ပြည့်နှက် နေသော ကြောင့် အခက် အခဲနှင့် ရင်ဆိုင် နေရသည်။ ဥပမာ ပြရလျှင် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အသက် ၇ နှစ် အရွယ် မိန်းကလေး တစ်ဦးမှာ မိုင်းထောင် ထားသည့် နေရာကို စက်ဘီးဖြင့် နင်းမိ သောကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ ပို၍ ဆိုရလျှင် ဒုက္ခသည် အများစု အတွက် မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်မည့် ခရီးစဉ်မှာ ထိခိုက် နစ်နာမှု များပြားမည် ဖြစ်သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန် သောမတ် အိုဂျာ ကန်တားနားက အရှေ့တောင် အာရှ ဒေသတွင် မြန်မာ နိုင်ငံမှ ဒုက္ခသည်နှင့် ခိုလှုံခွင့် တောင်းခံသူ ဦးရေ တိုးမြှင့် လာခြင်းကို ကြည့်လျှင် မြန်မာ စစ်အစိုးရသည် ပြည်တွင်းရေး အကြပ် အတည်း များနှင့် ဆိုးရွားစွာ ကြုံတွေ့ နေရပြီး အဆိုပါ အရေး ကိစ္စသည် ဒေသတွင်း ပြဿနာ တစ်ရပ် ဖြစ်လာသည် ဟူသော သက်သေ အထောက် အထားပင် ဖြစ်ကြောင်း ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က မြန်မာ နိုင်ငံမှ ထွက်ပြေး သွားကြ ရသော ရောင်းရင်း နိုင်ငံသားများ အပေါ် စည်းလုံးမှု ရှိပါကြောင်း ထုတ်ဖော် ပြောဆိုသည်။

"မြန်မာ ပြည်သူတွေ ဒုက္ခသည် ဘဝ ရောက်သွားအောင် ဖိအားပေး ခံရတဲ့ အခြေ အနေ မျိုးတွေ ကျွန်မတို့ နိုင်ငံထဲမှာ ရှိနေတာ အင်မတန် ဝမ်းနည်း မိပါတယ်။ သူတို့ တတွေ လုံခြုံ ချောမွေ့ စွာနဲ့ အိမ်ပြန် နိုင်မယ့် နေ့တစ်နေ့တော့ ရောက်လာ မယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်" ဟု ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။


---------------------------------------------------------------
 
မြန်မာ စစ်အာဏာရှင်စနစ် တော်လှန်ရေး အတွက် နာမည်ကျော် Facebook ကို စတင် အသုံးပြု

(thenextweb.com မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား ဆော်သြ သူများ ပါဝင်သည့် အုပ်စု တစ်စုက နာမည်ကျော် အင်တာနက် ကွန်ယက် တစ်ခု ဖြစ်သော Facebook တွင် "စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး လုပ်ကြစို့" Just Do It Against Military Dictatorship-JD ဟူသော နာမည်ဖြင့် အစိုးရ ဆန့်ကျင်ရေး ဝက်ဘ် စာမျက်နှာ တစ်ခုကို ဖွင့်လှစ် လိုက်ကြောင်း သိရသည်။ အရှေ့ အလယ်ပိုင်း အီဂျစ် နိုင်ငံတွင် ဖြစ်ပွား ခဲ့သော လူထု အုံကြွမှုမျိုး အတိုင်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ပြပွဲကြီး တစ်ရပ် ဖြစ်ပေါ်ရန် ယင်းသို့ အင်တာနက် စာမျက်နှာ ဖွင့်လှစ် လိုက်ခြင်း ဖြစ်သည် ဟု ဆိုသည်။

Asia Sentinel မှ သတင်း ဆောင်းပါး တစ်ပုဒ် အဆိုအရ အွန်လိုင်း လူမှု ကွန်ယက်မှ တစ်ဆင့် နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ပေါ်ရန် စည်းရုံးမှုသည် အီဂျစ် နိုင်ငံ၌ သမ္မတ မူဘာရက် ရာထူးမှ ဆင်းပေး လိုက်ရ ပြီးနောက် နှစ်ရက် အကြာတွင် ထွက်ပေါ် ခဲ့ခြင်း ဖြစ်သည်။ Facebook မှ အဆိုပါ စာမျက်နှာတွင် စစ်အာဏာရှင် စနစ်ကို ပြစ်တင် ရှုတ်ချထားပြီး စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး သန်းရွှေနှင့် ၎င်း၏ မိသားစု များအား မြန်မာ ပြည်မှ ထွက်သွားရန်၊ တပ်မတော် အနေဖြင့် ပြည်သူ လူထုနှင့် လာရောက် ပူးပေါင်းရန် ဆော်သြ ရေးသား ထားသည်။

JD ဟု လူသိ များသော အဆိုပါ Facebook စာမျက်နှာကို ထောက်ခံ အားပေးသူ ပရိသတ် ၁၀၀၀ ကျော် ရရှိခဲ့ပြီး မြန်မာ နိုင်ငံ တစ်ဝန်း အစိုးရ ဆန့်ကျင်ရေး ဝါဒများ ဖြန့်ချိရာ ဝက်ဘ် စာမျက်နှာ တစ်ခု ဖြစ်လာ ခဲ့သည်။ အီဂျစ် နိုင်ငံတွင် ဖြစ်ပေါ် ခဲ့သော လူထု အုံကြွမှုကို အခြေခံပြီး JD ကို ထောက်ခံ သူများ ယုံကြည် ကြသည်မှာ မည်သည့် အာဏာရှင် တစ်ဦး တစ်ယောက်မျှ ပေါ်ပြူလာ လှုပ်ရှားမှုကို မတွန်းလှန်နိုင် ဟူသော အချက်ပင် ဖြစ်သည်။

သို့ရာတွင် မြန်မာ နိုင်ငံတွင်း အင်တာနက် ရရှိမှုမှာ ကန့်သတ် ချက်များ ရှိနေ ပေရာ Facebook မှတစ်ဆင့် စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး စည်းရုံး ဆော်သြမှု မည်မျှ အတိုင်း အတာ အထိ သက်ရောက်မှု ရှိမည် ဟူသည်မှာ မသေချာ မရေရာ ဖြစ်နေသည်။ Facebook သည် အင်တာနက် အသုံးပြုသူ လေးသိန်းခန့် ရှိသော မြန်မာ နိုင်ငံတွင် ဒုတိယ ရေပန်း အစားဆုံး ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည်။ ယခုလို အတိုက် အခံ အင်အားစု အနည်းငယ်က အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများ လုပ်ကိုင် နေစဉ် မှာပင် စစ်အစိုးရ ကလည်း မြန်မာ နိုင်ငံ၏ အကြီးဆုံး မြို့တော် ဖြစ်သော ရန်ကုန်အား လုံခြုံရေး တင်းကြပ် ထားသည်။

JD စာမျက်နှာနှင့် ပတ်သက်၍ ဆန့်ကျင် ကန့်ကွက်ရန် တစ်စုံ တရာ မရှိသော်လည်း Facebook အသုံးပြုသူ များ၏ လုံခြုံရေး အတွက် အထူးပင် စိုးရိမ်ရသည်ဟု ပြည်တွင်းမှ လေ့လာ သုံးသပ်သူ တချို့က ဆိုသည်။ မြန်မာ နိုင်ငံတွင်း ငြိမ်းချမ်းမှု ရှိသော တော်လှန် ရေးမျိုး ပေါ်ထွန်း လာရန် လိုအပ်သည် ဟုလည်း ဆိုကြသည်။


---------------------------------------------------------------------

မြန်မာ၊ ဘိုလီးဗီးယားနှင့် ဗင်နီဇွဲလားတို့အား မူးယစ် တိုက်ဖျက်ရန် ပျက်ကွက်သော နိုင်ငံများအဖြစ် ဝါရှင်တန် ဖော်ပြ

(AFP သတင်းကို ဘာသာ ပြန်ဆိုသည်)

အမေရိကန် အစိုးရက ထုတ်ပြန်သော အစီရင် ခံစာသစ် တစ်ရပ်အရ မြန်မာ၊ ဘိုလီးဗီးယား နှင့် ဗင်နီဇွဲလား နိုင်ငံ တို့အား မူးယစ် ဆေးဝါး ကုန်သွယ်မှု တိုက်ဖျက်ရေး လုပ်ငန်းများ ကို လက်တွေ့ အကောင် အထည် ဖော်ရန် ပျက်ကွက် ခဲ့သည့် နိုင်ငံများအဖြစ် သတ်မှတ်ရန် သမ္မတ အိုဘားမားက ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

အစီရင် ခံစာထဲတွင် အာဖဂန် နစ္စတန်၊ ကိုလံဘီယာ၊ မက္ကဆီကို အပါ အဝင် နိုင်ငံပေါင်း ၂၀ ကို "တရားမဝင် မူးယစ် ဆေးဝါး ထုတ်လုပ်သည့် နိုင်ငံ သို့မဟုတ် ယင်းမူးယစ် ဆေး တစ်ဆင့်ခံ ရောင်းချသည့် နိုင်ငံ" များ အဖြစ် စာရင်း သွင်းထား သည်ကို တွေ့ရသည်။ သမ္မတ အိုဘားမားက စက်တင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့သော စာတစ်စောင် ကိုလည်း အစီရင် ခံစာတွင် ထည့်သွင်း ထားသည်။ "ဘိုလီးဗီးယား၊ မြန်မာ နှင့် ဗင်နီဇွဲလား နိုင်ငံ တို့သည် နိုင်ငံတကာ မူးယစ် ဆေးဝါး တိုက်ဖျက်ရေး သဘော တူညီ ချက်များ အတိုင်း မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင် သွားပါမည်ဟု ရည်မှန်း ချက်များ ထားရှိ ခဲ့သော် ငြားလည်း လွန်ခဲ့သည့် ၁၂ လ အတွင်း လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်မှု ပြုလုပ်ရန် ပျက်ကွက် ခဲ့သည်ကို တွေ့သည်။ သို့ပါ၍ မူးယစ် တိုက်ဖျက်ရေး ဆောင်ရွက်မှုများ ပြုလုပ်ရန် ပျက်ကွက်သည့် နိုင်ငံများ အဖြစ် ကျွန်ုပ် အနေဖြင့် သတ်မှတ် ဖော်ပြလိုက်သည်" ဟု အမေရိကန် သမ္မတ အိုဘားမားက ၎င်း၏ စာတွင် ရေးသား ဖော်ပြ ထားသည်။

အမေရိကန် အစိုးရ အရာရှိ ကြီးများ အတိုင်းပင် နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မဟာ ဗျူဟာ အစီရင် ခံစာ (INCSR) ကလည်း အစီရင် ခံစာ တစ်ရပ် ကလည်း မြန်မာ နိုင်ငံကို အာဖဂန် နစ္စတန် ပြီးလျှင် ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံ အဖြစ် သတ်မှတ် ဖော်ပြသည်။ "ဥပဒေ သက်ရောက်မှုနှင့် တရား စွဲဆိုမှု လျော့နည်း နေခြင်း ကြောင့် ရာဇဝတ် ဒုစရိုက်မှုများ ဖြစ်ပေါ် စေသည်" ဟု အစီရင်ခံစာက ဆိုသည်။

"မူးယစ် မှောင်ခို ကူးသူများနှင့် အာဏာရ စစ်အစိုးရတို့ အကြား နိုင်ငံရေး အရ စီစဉ် ဆောင်ရွက်မှု များက အစီ အစဉ် တကျ ဖွဲ့စည်း ထားသော ဒုစရိုက် အဖွဲ့များ၊ အုပ်စုများကို ဖြစ်ပေါ် စေပြီး တရား ဥပဒေရုံး၏ အခန်း ကဏ္ဍကို မှေးမှိန် သွားစေသည်" ဟုလည်း ဖော်ပြသည်။ တောင် အမေရိက ဒေသမှ ကိုလံဘီယာ အနောက်ဘက် နယ်စပ် ဒေသသည် ဒုစရိုက် သမားများ စိမ့်ဝင် ပျံ့နှံ့ရန် လွယ်ကူပြီး တရား စီရင်ရေး စနစ် လျော့တိ လျော့ရဲ ဖြစ်နေ ခြင်းက နိုင်ငံ တကာ မူးယစ် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်ရန် အခက် အခဲများ ဖြစ်ပေါ် စေသည်ဟု ဆိုသည်။

လူငယ် လူရွယ်များ အပေါ် အလွန် အမင်း လွတ်လပ်ခွင့် ပေးထားမှုနှင့် ခြစားသော အလေ့ အထများက ဗင်နီ ဇွဲလားအား မူးယစ် ဆေးဝါး တစ်ဆင့်ခံ ရောင်းချသည့် နိုင်ငံ အဖြစ် သွတ်သွင်း ပေးနေ သလို ဖြစ်စေ သည်ဟုလည်း ဆိုသည်။ ဘိုလီး ဗီးယား နိုင်ငံနှင့် ပတ်သက်၍ အစီရင် ခံစာက ဖော်ပြ ရာတွင် ငွေကြေး ခဝါ ချသည့် လုပ်ဆောင် ချက်များက မူးယစ် ဆေးဝါး ကုန်ကူးမှု၊ လာဘ်စားမှု၊ အခွန် ရှောင်မှု၊ မှောင်ခို ကူးမှု၊ လူကုန် ကူးမှု အစ ရှိသည် တို့နှင့် ဆက်နွှယ် နေသည်ဟု ဆိုသည်။ ယခု ကဲ့သို့ အဆင့် သတ်မှတ်မှုများ ပြုလုပ် ခဲ့သော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့် လက်တင် အမေရိက နိုင်ငံ နှစ်နိုင်ငံနှင့် မူးယစ် တိုက်ဖျက် မှုများ ပူးပေါင်း ဆောင်ရွက်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။ မြန်မာ နိုင်ငံ နှင့်မူ တိုက်ဖျက်ရေး လုပ်ငန်းများ စတင်ရန် ပူးပေါင်း ဆောင်ရွက်မှုပင် မရရှိ သေးကြောင်း အမေရိကန် အရာရှိကြီး များက ပြောကြားသည်။

------------------------------------------------------------------------
အရှေ့ တီမောသည် အာဆီယံအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုမဟုတ်ဟု ဆို

(Jakarta Post မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့ (အာဆီယံ) အတွက် ထွန်းသစ်စ နိုင်ငံ ဖြစ်သော အရှေ့ တီမောသည် ဝန်ထုပ် ဝန်ပိုး တစ်ခု ဖြစ်လာမည် မဟုတ်ကြောင်း အရှေ့ တီမော နိုင်ငံ ခြားရေး ဝန်ကြီး Zacarias da Costa က ထုတ်ဖော် ပြောဆို လိုက်သည်။ ၎င်းသည် အရှေ့ တီမော နိုင်ငံ အာဆီယံ အဖွဲ့သို့ ဝင်ရောက် နိုင်ရေး အတွက် တရားဝင် လျှောက်လွှာ တင်သွင်း ပြီးနောက် ယင်းသို့ ထုတ်ဖော် ပြောဆိုခြင်း ဖြစ်သည်။

"ကျွန်တော်တို့ နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှု အင်မတန် မြန်ဆန်ပါတယ်။ အာဆီယံ အဖွဲ့နဲ့ နိုင်ငံတွေ ကြားမှာ အခုချိန်ထိ ပြဿနာ တွေနဲ့ ကွာဟ မှုတွေ ရှိနေဆဲ ဆိုတာကို ကျွန်တော် နားလည် သဘော ပေါက်ပါတယ်။ ဒါပေမဲ့ အရှေ့ တီမောကို လာရောက် လည်ပတ် ဖူးတွေ့တိုင်း ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုး တိုးတက်မှုတွေ ရှိနေပြီ ဆိုတာကို မြင်တွေ့ ဖူးကြပါတယ်" ဟု ၎င်းက အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် အတူ ပူးတွဲ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားသည်။

"အရှေ့ တီမောဟာ အာဆီယံ အတွက် ဝန်ထုပ် ဝန်ပိုး တစ်ခု ဖြစ်မှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် အလေး အနက် ယုံကြည်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ အဖွဲ့ဝင် ၁၀ နိုင်ငံ ပါရှိသော အာဆီယံ၏ လက်ရှိ ဥက္ကဌ ရာထူးကို ရယူ ထားသော အင်ဒိုနီးရှား နိုင်ငံက အရှေ့ တီမော နိုင်ငံ အာဆီယံသို့ ဝင်ရောက် နိုင်ရေး အတွက် ခိုင်မာသော ထောက်ပံ့မှုများ ပေးထားသည်။ သို့သော်လည်း အရှေ့ တီမောနှင့် ပတ်သက်၍ စီးပွားရေး ကွာဟမှုများ ရှိ၊မရှိ ဟူသော ကိစ္စ အပေါ် အာဆီယံ အဖွဲ့ဝင်များ စိုးရိမ် မကင်း ဖြစ်လျက် ရှိသည်။

"အရှေ့ တီမောဟာ အာဆီယံ လူ့အဖွဲ့ အစည်း တည်ဆောက်ရေး ကြိုးပမ်း ချက်တွေ အပေါ် ထိခိုက် မှုတွေ ပေးလာဖွယ် ရှိတယ်လို့ တချို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တွေက ယုံကြည် နေကြတယ် ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ အင်ဒို နီးရှား နိုင်ငံ ကတော့ အဲဒီလို မဟုတ်ပါဘူး။ ပြဿနာ တစ်ခုကို ဖြေရှင်း နိုင်မယ့် အခြား တစ်ဖက်က နည်းလမ်းတွေကို သိထားတဲ့ နိုင်ငံ တစ်ခုပါ" ဟု အင်ဒို နီးရှား နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa က ပြောကြားသည်။

အဖွဲ့ဝင် ၁၀ နိုင်ငံသည် လာမည့် ၂၀၁၅ ခုနှစ်တွင် အာဆီယံကို တစ်ခု တည်းသော ဒေသတွင်း ဈေးကွက် သို့မဟုတ် အာဆီယံ စီးပွားရေး အသိုင်း အဝိုင်းကြီး တစ်ခု ဖြစ်လာရန် အစီ အစဉ် ဆွဲထားသည်။ "အာဆီယံ အဖွဲ့ဝင်တွေ ကြားမှာ ဖွံ့ဖြိုး တိုးတက်မှု ကွာဟ ချက်တွေ ရှိနေတယ် ဆိုတဲ့ ကိစ္စဟာ ထူးခြားမှု တစ်ခု မဟုတ်သလို ပုံမှန် မဟုတ်တဲ့ ကိစ္စ တစ်ခုလည်း မဟုတ်ပါဘူး" ဟု အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။ အာဆီယံတွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ကွဲပြား ခြားနားသည့် အရေး ကိစ္စများကို ဖြေရှင်း လုပ်ဆောင်ခဲ့သည့် မှတ်တမ်းများ ရှိခဲ့ကြောင်း၊ အထူးသဖြင့် အာဆီယံ မူလ နိုင်ငံများနှင့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်တို့ အကြား ကွဲပြား ခြားနား မှုများနှင့် ပတ်သက်၍ ရှိခဲ့ ဖူးကြောင်း မစ္စတာ Marty Natalegawa က ပြောကြားသည်။

အရှေ့ တီမောသည် ယခင် ပေါ်တူဂီ ကိုလိုနီ နိုင်ငံ ဖြစ်ခဲ့ဖူးပြီး ၁၉၇၅ ခုနှစ်မှ စ၍ နှစ်ပေါင်း ၂၄ နှစ်တာ ကြာမျှ အင်ဒိုနီးရှား နိုင်ငံ လက်အောက်သို့ ရောက်ရှိခဲ့ကာ ယင်း ကာလများ အတွင်း လူ့အခွင့် အရေး ချိုးဖောက်မှု များစွာဖြင့် ရင်ဆိုင် ခဲ့ရသည်။ ဆင်းရဲ နွမ်းပါးသော အရှေ့တီမောသည် ၁၉၉၉ ခုနှစ် ကုလ သမဂ္ဂ ကျောထောက် နောက်ခံ ပေးသော ဆန္ဒ ခံယူမှု၊ လူထု အုံကြွမှုတို့ ပေါ်ပေါက် ခဲ့ပြီးနောက် ၂၀၀၂ ခုနှစ် အရောက်တွင် ပုံမှန် လွတ်လပ်ရေး ရရှိခဲ့သည်။

Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp
 

၇.၃.၂၀၁

 
ပြည်တွင်းသတင်းများ



၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေး ပမာဏ လေးဆယ်ရာခိုင်နှုန်း လျော့ချမည်

ရန်ကုန်၊ မတ် ၆။


မြန်မာနိုင်ငံGDP၏ စတုတ္ထအဆင့်ဝင်ငွေရှိသော ရေချိုငါးမွေးမြူထုတ်လုပ်ရေး ပမာဏကို ယခု ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် လေးဆယ် ရာခိုင်နှုန်း အထိ လျော့ချမွေးမြူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရေချိုငါး မွေးမြူထုတ်လုပ်မှုကဏ္ဍ လုံးဝပြိုလဲသွားသည်အထိ အရှုံးပေါ်နိုင်သည့်အတွက် ကြောင့် ယင်းသို့ စဉ်းစားရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ရုံးတွင် မတ်လ ၆ ရက်နေ့၊ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည့် ငါးလုပ်ငန်း အစည်းဝေး၌ ဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်သည်။

“မလျော့ရင် ရှုံးမယ်။ တိုးမွေးရင် ဈေးကျမယ်။ ရှုံးသူချင်း ညှိပြီးလျှော့မွေးဖို့ ဆုံးဖြတ်တာပါ။” ဟု မြန်မာနိုင်ငံ ငါး မွေးမြူရေး အသင်းဥက္ကဌ ဦးသန်းလွင်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရေချိုငါး မွေးမြူထုတ်လုပ်ရေးကို နိုင်ငံအနှံ့ ဧကနှစ်သောင်းနှစ်ထောင်ခန့် မွေးမြူ ထုတ်လုပ်နေပြီး ယင်းအနက် ရန်ကုန်တိုင်း ပတ်ဝန်းကျင်တွင် ဧကတစ်သိန်းခွဲခန့် မွေးမြူကြောင်း သိရသည်။ ရေချိုငါး မွေးမြူထုတ်လုပ်ရေး စုစုပေါင်း၏ ရှစ်ဆယ်ရာနှုန်းမှာ ငါးမြစ်ချင်း မွေးမြူထုတ်လုပ်ခြင်း ဖြစ်သည်။

 ယခုနှစ် ပြည်ပသို့ ရေချိုငါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရရှိနိုင်ပြီး ယင်းပမာဏမှာ စံချိန်တင် ဈေးရရှိသည့် နှုန်းထားဖြစ်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုနှစ် မတ်လ ၃၁ မှာ ရနိုင်တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၁၀ က စံချိန်တင်ဈေးရတဲ့ ပမာဏ ဖြစ်ပါတယ်။ မနှစ်က ၁၀၃.၆၆ သန်းရတယ်။ နှစ်အလိုက် တိုးတက်ရလာတဲ့ ဈေးနှုန်းပမာဏကို ကြည့်ရင် ၂သန်း၊ လေးသန်း၊ ခြောက် သန်း တဖြည်းဖြည်းနဲ့ တိုးလာတာပဲ။ အခုနှစ်ဆိုရင် ခြောက်သန်းကျော်တက်ပြီး ရလာတယ်။ နိုင်ငံခြားကို ပို့လို့ရမယ့် ဈေး ကွက် သတ်မှတ်ချက်အနေနဲ့လည်း အခုက အများဆုံးရနိုင်တဲ့ ပမာဏ ဖြစ်တယ်။ အဲထက်တော့ မကျော်နိုင်တော့ဘူး။” ဟု ရေချိုငါး တင်ပို့ရောင်းချမှုမှ နှစ်စဉ် တိုးတက်ရရှိငွေကို အထက်ပါ ပုဂ္ဂိုလ်က သုံးသပ်ပြသည်။

လက်ရှိ ငါးမွေးကန်များတွင် ကုန်လက်ကျန်များ ရှိနေသေးပြီး ဆက်လက် မွေးမြူမည်ဆိုပါက ငါးလုပ်ငန်း ကဏ္ဍ တစ်ခုလုံး လဲပြိုသွားသည်အထိ အရှုံးပေါ်နိုင်ကြောင်း ငါးမွေးမြူရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ငါးလုပ်ငန်းကဏ္ဍတွင် ထုတ်လုပ်နိုင်စွမ်းက ဈေးကွက် လိုအပ်ချက်ထက် ပိုလွန်နေသည့် အတွက်ကြောင့်လည်း ထုတ်လုပ်မှု ပမာဏကို လျှော့ချ ရန် စဉ်းစားရခြင်းဖြစ်ကြောင်း ယင်းက ဆိုသည်။

“အစက တစ်ဧကကို ငါးသားပေါက် နှစ်ထောင်ထည့်မွေးရင် အခုက ၁၂၀၀ လောက်ပဲ ထည့်မွေးတော့မယ်။ အဲလို လျှော့လိုက်တဲ့အတွက် တစ်ဧက ထွက်ကုန်လျော့မယ်။ ကုန်ချိန်ပိုမထွက်ဘူး။ တစ်ဧက ကုန်ကျစရိတ် သက်သာတဲ့အတွက် အစာလိုအပ်ချက်လဲ လျော့သွားမယ်။ အစာလိုအပ်ချက် လျော့သွားတဲ့ အတွက် ငါးစာဖြစ်တဲ့ ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ် ဈေးနှုန်းတွေမှာ ဈေးကျ လာ
မယ်။ ထုတ်လုပ်မှု လျော့လိုက်တဲ့ အတွက်ကြောင့် ပြည်ပ ပို့ကုန်အတွက်ရော၊ ပြည်တွင်း စား သောက်ကုန်အတွက်ပါ ကွက်တိ ဖြစ်သွားမယ့် အတွက်ကြောင့် ဈေးကွက်အတွင်းမှာ ထိခိုက်စရာ အကြောင်း မရှိပါဘူး။” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးဖြစ်သော ဦးဝင်းကြိုင်က ပြောကြားသည်။

ရေချိုငါးမွေးမြူထုတ်လုပ်ရေးသည် စုစုပေါင်းရေထွက်ပစ္စည်း တင်ပို့မှု တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းခန့်ကို နှစ်စဉ် တင်ပို့ ရောင်းချနေသည်။

-----------------------------------------------------------------------------

 
အထူးစီးပွားရေးဇုန်အတွင်း ဝင်ငွေခွန် သက်သာခွင့် လျှောက်ထားရာ၌ ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတုဗေဒ လုပ်ငန်းများ မပါဝင်

မတ် ၅။

 မြန်မာ့ အထူးစီးပွားရေးဇုန် ဥပဒေ၌ ပါရှိသည့် အထူးစီးပွားရေးဇုန် ရင်းနှီးမြှုပ်နှံမှု ဝင်ငွေသက်သာခွင့် လျှောက် ထားရာတွင် ဝင်ငွေသက်သာ ကင်းလွတ်ခွင့်ရရှိမှု၌ ခြွင်းချက်အနေဖြင့် ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတု လုပ်ငန်းများ မပါဝင်ကြောင်းသိရသည်။

အထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမည့်သူများသည် လုပ်ငန်းစတင်သည်နှင့် ပထမ(၅)နှစ် ကာလအတွင်း ပြည်ပ ရောင်းရငွေအပေါ် ဝင်ငွေ ကင်းလွတ်ခွင့် လျှောက်ထားနိုင်ကြောင်း၊ ဒုတိယငါးနှစ်ကာလတွင် ပြည်ပရောင်းရငွေပေါ် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့် လျှောက်ထားနိုင်ကြောင်း၊ တတိယ(၅) နှစ်ကာလတွင်လည်း Export ရောင်းချခြင်းမှ ရရှိသည့် အမြတ်ငွေအား အထူး စီးပွားရေးဇုန်အတွင်း ပြန်လည် မြှုပ်နှံ မည်ဆိုပါက ထိုရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေနှုန်းထား၏ ၅၀ ရာခိုင်နှုန်း သက်သာခွင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရ သည်။

ထို့ပြင် အခွန်ကင်းလွတ် သက်သာခွင့် သတ်တမ်းကုန်ဆုံးသွားသည်ဆိုပါက ပို့ကုန်ပစ္စည်း တန်ဖိုးသည် ထုတ်လုပ်သည့် ပစ္စည်းတန်ဖိုးထက် အကြီးစား စက်မှုလုပ်ငန်းတွင် ၅၀ ရာခိုင်နှုန်း ကျော်လွန်နေလျှင်သော် လည်းကောင်း၊ အလတ်စား ရင်းနှီးမြှုပ်နှံမှုတွင် ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်နေလျှင်သော် လည်းကောင်း၊ အသေးစား ရင်းနှီးမြှုပ်နှံမှုတွင် ၇၀ ရာခိုင်နှုန်းထက် ကျော်လွန်နေ လျှင်သော်လည်းကောင်း အဆိုပါ ပို့ကုန်လုပ်ငန်း လုပ်ကိုင်မှုနှစ်အတွက် ဝင်ငွေ သက်သာခွင့် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ရာ ၎င်းရင်းနှီးမြှုပ်နှံမှု ပမာဏအား မည်ရွေ့ မည်မျှ သတ်မှတ် ထားသည်ကို မသိရသော်လည်း နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ဝန်ထမ်းဦးရေ၊ လျှပ်စစ်သုံးစွဲမှုအပေါ်မူတည်၍ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းများကို ခွဲခြားထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏ စီးပွားရေး ကျွမ်းကျင်သူ ပညာရှင်တစ်ဦးမှ ပြောကြားသည်။

ရေနံ၊ သဘာဝဓါတ်ငွေ့နှင့် ရေနံဓါတုလုပ်ငန်းများအတွက် ဝင်ငွေခွန် သက်သာခွင့် မပေးခြင်းမှာ ၎င်းလုပ်ငန်များသည် အကျိုးအမြတ် များစွာရသော လုပ်ငန်းများဖြစ်ပြီး အမျိုးသား အကျိုးစီးပွားပေါ်မူတည် မပေးခြင်းဖြစ်နိုင်ကြောင်း စီးပွားရေး ပညာရှင်များမှ သုံးသပ် ပြောကြားခဲ့သည်။


------------------------------------------------------------------------------------
 
စက်သုံးဆီ ဝယ်ယူမှုများအား အွန်လိုင်းမှ စိစစ်၍ ကန့်သတ်တော့မည်

မတ် ၅။


 
နိုင်ငံတွင်းရှိ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အချင်းချင်း အွန်လိုင်းစနစ် အသုံးပြုကာ စက်သုံးဆီ ရောင်းချနေမှုများအား စိစစ်ကန့်သတ်တော့မည် ဖြစ်ကြောင်း မတ်လအတွင်း၌ ကျင်းပခဲ့သည့် စက်သုံးဆီ ရောင်းချသူများအသင်း အစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌ ဦးဇော်လေး မှပြောကြားခဲ့သည်။

ယခုကဲ့သို့ ပုဂ္ဂလိက စက်သုံးဆီရောင်းချမှု ကန့်သတ်ရသည်မှာ စက်သုံးဆီမှောင်ခိုဈေးကွက် ပပျောက် သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ မိမိဝယ်ယူရသည့် နေရာတိုင်း၌ စက်သုံးဆီများ ဈေးမှန်ကန်မှု ရှိစေရန်ဖြစ်ကြောင်း၊ လိုအပ်သည့်နေရာတိုင်း၌ စက်သုံးဆီများအား လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးလိုက် မည်ဆိုပါက မှောင်ခိုဈေးကွက်မှ ပပျောက်သွားနိုင်ကြောင်း၊ နိုင်ငံအတွင်း စက်သုံးဆီများအား တရားမဝင် ရောင်းချခြင်းများ တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း၊ ဗပိာုတရားရုံးချုပ်မှ ရှေ့နေတစ်ဦးက ပြောခဲ့သည်။

 အဆိုပါ အသုံးပြုမည့် အွန်လိုင်းစနစ်မှာ မြန်မာနိုင်ငံ၌ ရောင်းချလျှက်ရှိသည့်  CDMA ဖုန်းများကို အင်တာနက် ချိတ်ဆက်၍ စက်သုံးဆီ ရောင်းချပြီးသော ယာဉ်များ နံပါတ်ကို (UMFCCI) သို့ တစ်ဆင့်ပေးပို့၍ ရရှိသည့် အချက်အလက်များကို ထိန်းချုပ်၍ စက်သုံးဆီ ဝယ်ယူမှုများကို ကန့်သတ်သွားမည်ပာု သိရသည်။

စက်သုံးဆီ မှောင်ခိုဈေးကွက် ပပျောက်ရန်နှင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အကန့်အသတ်မရှိ ရောင်းချနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ဆွေးနွေး တိုင်ပင်လျှက်ရှိကြောင်း သိရသည်။

စက်သုံးဆီဆိုင်ဖွင့်စ၌ အကန့်အသတ်မရှိ ရောင်းချ ပေးနိုင်ခဲ့ကြောင်း၊ ဈေးကွက်အတွင်း စက်သုံးဆီ မှောင်ခို ရောင်းချသည့်သူများ ရှိလာသည့်အခါ၌ အကန့်အသတ်ဖြင့်သာ ရောင်းချရတော့ကြောင်း၊ ယခု တာဝန်ရှိသူများနှင့် အွန် လိုင်းစနစ်အသုံးပြု၍ ရောင်းချရန် ညှိနှိုင်းမှုများ ပြုလုပ်နေသည်ပာု ကြားရသော်လည်း ယင်းကိစ္စမှာ ဖြစ်မြောက်ရန် သေချာကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။

ယနေ့ကမ္ဘာပေါ်ရှိ ရေနံ အများဆုံး ထွက်ရှိသည့် နိုင်ငံများဖြစ်သည့် တူနီးရှား၊ လစ်ဗျား နှင့် အီရန် အစရှိသည့် နိုင်ငံများ၏ နိုင်ငံရေး တည်ငြိမ်မှုမရှိသည့် အခြေအနေများအရ ကမ္ဘာ့ရေနံဈေးကွက် မြင့်တတ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
-------------------------------------------------------------------------------

ပုဂ္ဂလိက ကုမ္ပဏီအများစု တစ်ဆင့်ခံ ကုန်သွယ်မှုလုပ်ငန်းများကို ဦးစားပေး လုပ်ဆောင်လာ

မတ် ၆။


 
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ စတင်၍ ပြောင်းလဲလာသည့် စီးပွားရေး ပေါ်လစီ အသစ်များအရ ပြည်တွင်းကုမ္ပဏီအများစုသည် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများအပြင် ပုဂ္ဂလိကကုမ္ပဏီများမှ တစ်ဆင့်ခံ ကုန် သွယ်မှုလုပ်ငန်းအား ဦးစားပေး လုပ်ဆောင်လာကြကြောင်း အခွန်ဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

တစ်ဆင့်ခံ ကုန်သွယ်မှုလုပ်ငန်းမှာ အိန္ဒိယမှ ထွက်ရှိသည့် ကုန်ပစ္စည်းများအား မြန်မာနိုင်ငံမှ တစ်ဆင့်ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ ပြန်လည်တင်ပို့ခြင်း အစရှိသည့် လုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေး အခင်းအကျင်းသစ်များအရ စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းရှင်အများစု လွတ် လပ်စွာလုပ်ကိုင်ခွင့် ရလာပြီဖြစ်သည့်အတွက် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများ ပိုမိုကောင်းမွန်လာတော့မည် ဖြစ်ကြောင်း၊ မိမိ နိုင်ငံတွင်းသို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီ ဖြစ်သည့်အတွက် နိုင်ငံတွင်း ပိုမိုဖွံ့ဖြိုးတော့မည်ဖြစ်ကြောင်း၊ ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံသည် မဝေးသော အနာဂါတ်ကာလတွင် အာဆီယံနိုင်ငံများနှင့် စီးပွားရေး၌ ဒုတိယ အင်အား အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသော တရုတ်၊ စီးပွားရေး တောင့်တင်း ခိုင်မာသည့် အိန္ဒိယနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်တော့မည်ဖြစ်ရာ နိုင်ငံအတွင်း၌ ကုန်သွယ်မှု လုပ်ငန်းများ ပိုမိုလွတ်လပ် လာတော့မည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုလည်း ပိုမိုများပြား လာနိုင်မည်ပာု မျှော်လင့်ရကြောင်း ယင်းမှ ပင်ထပ်မံသုံးသပ်ပြောကြားခဲ့သည်။
      
 
×××××××××××××××××××××××××××××××××××××


ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ 

 
ပြည်ခိုင်ဖြိုးပါတီဝင် အမတ်နှစ်ဦး ထုတ်ပယ်ခံရ

နေပြည်တော်၊ မတ် ၄။



ပြည်ခိုင်ဖြိုးပါတီဝင် အမတ်နှစ်ဦးသည် ဧည့်နိုင်ငံသားများ ဖြစ်နေသည်ကို တွေ့ရှိရသဖြင့် လွှတ်တော်အမတ် အဖြစ်မှ မတ်လ ၄ ရက်နေ့က ထုတ်ပယ် ခံလိုက်ရကြောင်း သတင်းရရှိသည်။

ထုတ်ပယ်ခံရသူများမှာ အမျိုးသား လွှတ်တော် ပဲခူးတိုင်း မဲဆန္ဒနယ် (၇) မှ ပြည်ခိုင်ဖြိုးအမတ် ဒေါ်ချိုနွယ်ဦးနှင့် ပဲခူးတိုင်း သနပ္ပင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် အမတ် ဦးအံ့ကြီးတို့ ဖြစ်ကြောင်း သိရသည်။

အမျိုးသား လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ဒေါ်ချိုနွယ်ဦးသည် ပြည်သူ့ငွေစာရင်း ကော်မတီဝင်အဖြစ် မတ်လ ၃ ရက် နေ့က ခန့်အပ်ခဲ့ခြင်း ခံခဲ့ရသူဖြစ်သည်။

အမျိုးသား လွှတ်တော်မှ လစ်ဟသွားသည့် ကော်မတီဝင်နေရာကို အခြား ပြည်ခိုင်ဖြိုး အမတ်တစ်ဦးဖြစ်သူ ပဲခူးတိုင်း မဲဆန္ဒနယ် အမှတ် (၈)မှ အနာကြီးရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ ဦးခင်မောင်လေး နှင့် အစားထိုး လိုက်ကြောင်း သိရသည်။

နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသော နိုင်ငံသားဖြစ်သူသာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့်ရှိကြောင်း ၂ဝဝ၈ ခုနှစ်က ပြဋ္ဌာန်းလိုက်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။

-------------------------------------------------------------------------

လွှတ်တော် အခွင့်အရေး ကော်မတီတွေကို ဖွဲ့စည်း


မတ်လ ၄ရက်နေ့တွင် သီးခြား ပြုလုပ်ခဲ့ကြသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေး များတွင် အဖွဲ့ဝင် ၁၅ ဦးစီပါသည့် လွှတ်တော် အခွင့်အရေး ကော်မတီများကို ဖွဲ့စည်းခဲ့ကြကြောင်း သတင်းရရှိသည်။

ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီ၌ ပြည်ခိုင်ဖြိုးက ၁၁ နေရာ ရရှိပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုနှင့် ဖလုံစဝေါ် ပါတီတို့က တစ်နေရာစီ ရခဲ့ကြောင်း၊ အမျိုးသား လွှတ်တော် အခွင့်အရေး ကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီက ၉ နေရာ ရရှိပြီး တစည၊ ကရင်ပြည်သူ့ ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်တို့က တစ်နေရာစီ ရခဲ့ကြောင်းသိရသည်။

လွှတ်တော် အခွင့်အရေး ကော်မတီ၏ တာဝန်များသည် လွှတ်တော်၊ လွှတ်တော် ကော်မတီနှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ အခွင့်အရေးကို ဖောက်ဖျက်ကျူးလွန်ရာ ရောက်သည့် ကိစ္စများကို စုံစမ်းစစ်ဆေးရန် ဖြစ်ကြောင်း၊ ယင်း အခွင့်အရေးများသည် အခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေများက ပေးအပ်ထားသည့် အခွင့်အရေးများ ဖြစ်ကြောင်း သိရသည်။

လွှတ်တော် အဖွဲ့အစည်းများ ဥပဒေအရ အမတ်တစ်ဦးသည် ကော်မတီ ၂ ခုတွင် ပါဝင်ခွင့်ရှိသော်လည်း လွှတ်တော်ကော်မတီများဆိုင်ရာ နည်းဥပဒေအရမူ ကော်မတီဝင်များသည် လွှတ်တော် ဒုဥက္ကဋ္ဌများ ဖြစ်ခွင့်မရှိသဖြင့် အမတ်များအကြား ဒွိဟ ဖြစ်နေကြ ကြောင်းလည်း သိရသည်။

 
××××××××××××××××××××××××××××××××××××××

 

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ


“အခု နောက်ပိုင်းမှာ သဘာဝ ဓာတ်ငွေ့သုံး ဘတ်စ်ကားတွေနဲ့ ပတ်သက်ပြီး ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ယာဉ်ပိုင်ရှင်အချို့ရဲ့ အသိပညာနည်းပါးမှု၊ ကားပြင်သမားတချို့ရဲ့ ပြင်ဆင်မှု အပိုင်းမှာ မကျွမ်းကျင်မှုတွေကြောင့် ဂက်စ်ပိုက်လိုင်းတွေ ပြုတ်ထွက်တာ၊ ပြတ်တာနဲ့ဂက်စ်ယိုစိမ့်မှု တွေဖြစ်ပေါ်ပြီးတော့ ယာဉ်တွေမကြာခဏ မီးလောင် ပေါက်ကွဲမှုတွေ ဖြစ်ပွား လာပါတယ်" ဟု မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်း ကြီးကြပ်မှု ကော်မတီ(မထသ)မှ တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။ 

မတ်  ၄ ထုတ် မြန်မာတိုင်း(မ်) မှာပါသည့် “စီအင်န်ဂျီသုံးယာဉ်များတွင် မတော်တဆဖြစ်မှုများလာ၍ ပိုမို ဂရုစိုက်ရန် သက်ဆိုင်ရာမှ သတိပေးပြောကြား” သတင်းမှ ကောက်နှုတ်ချက်

------------------------------------------------------------------------

“၂၁ရာစုဟာ IT ခေတ်ဖြစ်တဲ့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အစိုးရကလည်း Information သတင်းအချက် အလက်တွေ ရအောင် လုပ်ရမယ်။ မီဒီယာကလည်း လိုတယ်။ တချို့တောင်သူလယ်သမားတွေက အရိုးစွဲနေတယ်။ မြင်မှ လုပ်တတ်တယ်။ ဒါကြောင့် သူတို့ကို လက်တွေကပြဖို့လိုတယ်။ မြန်မာ့စိုက်ပျိုးရေးဝန်ထမ်းတွေ၊ ပုဂ္ဂလိက ကုမ္ပဏီတွေက လက်တွေ့ပြဖို့ လိုတယ်။ ပုဂ္ဂလိက ကုမ္ပဏီတွေက နည်းပေးလမ်းပြလုပ်ပြီး ခေါ်သွားဖို့ လိုတယ်။ တောင်သူလယ်သမား တွေအနေနဲ့ ဖောက်ထွက်နိုင်တဲ့ အတွေးအခေါ် ရှိရမယ်။ ဘယ်နိုင်ငံက ဘာကမ်းလှမ်းတယ်ဆိုတာ သိရမယ်” ဟု လယ် ယာစီးပွားသတင်းမှ အယ်ဒီတာချုပ် ဦးမြတ်စိုး(လှိုင်)က ဆက်လက် ပြောကြားသည်။

မတ်လ (၆) ရက်နေ့ထုတ် ဖလားဝါးနယူး(စ်)ဂျာနယ်တွင် ပါသည့် “တောင်သူလယ်သမားအရေး အစိုးရသစ် ဖော်ဆောင် ဖို့လို” သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်

------------------------------------------------------------------------

ဘဏ်အသစ် လုပ်ကိုင်ခွင့်ရသည့် ကုမ္ပဏီ လေးခုအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်း ကမ်းများအရ လုပ်ကိုင်ခွင့်ရသည့် ဘဏ်အသစ်များသည် ရင်းနှီးငွေ၏ ၁၀ ဆကိုသာ ဘဏ်အပ်ငွေအဖြစ် လက်ခံရမည်ဖြစ် ပြီး ဘဏ်အပ်ငွေ၏ ၇၀ ရာခိုင်နှုန်း ချီးငွေအဖြစ် ဗဟိုဘဏ်က သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း ချေးငွေ ထုတ်ပေးခွင့် ပြုထားသည်။

“မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဘဏ်အသစ်တွေကို ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံငွေ ထားရှိရမယ်လို့  ထုတ်ပြန်ထားတယ်။ ကျွန်တော်တို့ ADGဘဏ်က ၂၀ ဘီလီယံ ရင်းနှီးမြှုပ်နှံငွေ ထည့်ထားတဲ့အတွက် ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ရင်း နှီးမြှုပ်နှံငွေ ၁၀ ဆဖြစ်တဲ့ ၂၀၀ ဘီလီယံကို ဘဏ်အပ်ငွေအဖြစ် လက်ခံထားခွင့် ရပါတယ်” ဟု AGD ဘဏ်၏ မန်နေးဂျင်း ဒါရိုက်တာ ဦးရဲမင်းဦးက ပြောကြားသည်။

မတ်လ (၆)ရက်နေ့ထုန် True News တွင် ပါသည့် “ထူးထရေးဒင်း ကုမ္ပဏီပိုင် AGDဘဏ် ရင်းနှီးမြှုပ်နှံငွေ ၂၀ ဘီလီယံ ထားရှိ”  သတင်းမှ ကောက်နှုတ်ချက်
 
××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ


လောင်စာဆီဈေးကွက် အပြောင်းအလဲများ

အီဂျစ်၊ လစ်ဗျား အစရှိသည့် နိုင်ငံတစ်ချို့၏ နိုင်ငံရေး အခြေအနေကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်လာသလို ပြည်တွင်း လောင်စာဆီဈေးအချို့လည်း အခုရက်ပိုင်းမှာ ဆက်တိုက် တက်လာသည်ကို တွေ့ရ သည်.” မတ်လ ၂ ရက်နေ့ ဒီဇယ် တစ်ပီပါ (ဂါလန် ၅၀) ဈေးက နှစ်သိန်းနှစ် သောင်းပါ။ ဆိုင်ထုတ်ဈေးကလည်း တစ်ဂါလန် ၄၀၀၀ လောက် ရှိနေ တယ်” ဟု ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းမှ ယာဉ်လိုင်း တာဝန်ခံတစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဖေဖော်ဝါရီလ ဒုတိယအပတ်ကစ၍ ပြည်တွင်း စက်သုံးဆီဈေးသည် ကျပ် ၃၃၀၀မှ ကျပ် ၃၄၀၀ သို့ စတင်မြင့် တက်လာသည်။ ဖေဖော်ဝါရီ ဒုတိယပတ်နှင့် တတိယပတ်အတွင်းတွင် ဒီဇယ်ဈေးသည် အမြင့်ဈေးဖြင့် ငြိမ်နေခဲ့သည်။ ဖေဖော်ဝါရီ ၂၀၊ ၂၄၊ ၂၅၊ ၂၇ ရက်နေ့များမှာ တစ်နေ့ကို ၁၀၀ ကျပ်နှုန်းဖြင့် ကျပ်လေးထောင်အထိ ဆက်တိုက် တက်လာခဲ့ သည်။ ကမ္ဘာ့လောင်စာဆီဈေး အဓိက မြင့်တက်လာရခြင်းမှာ အရှေ့အလယ်ပိုင်းနိုင်ငံများထဲက ရေနံတင်သွင်းသည့် နိုင်ငံများအဖွဲ့(OPEC) ဝင်နိုင်ငံ ဖြစ်သည့် လစ်ဗျားနိုင်ငံ၏ နိုင်ငံရေးမငြိမ်သက်ဖြစ်မှုနှင့် ဆက်စပ်နေသည်ဟု ဖေဖော်ဝါရီ ၂၁ ရက် AFP သတင်းမှာဖော်ပြထားပါသည်။ လစ်ဗျားနိုင်ငံ၏ ဓာတ်ငွေနှင့်ရေနံထုတ်လုပ်မှုသည် တရက်ကို စုစု ပေါင်း ၂၄၄၀၀၀ ထုတ်လုပ်သည်ဟု သိရသည်။

ယခုနှစ် ဒီဇယ်ဈေးသည် ဖေဖော်ဝါရီ လလယ်ပိုင်းက (ဂါလန် ၅၀) တစ်ပီပါလျှင် ကျပ်တစ်သိန်း ခွဲခန့်ရှိရာမှ တစ်ပီ ပါလျှင် ကျပ်ခုနှစ်သောင်းအထိ ယခုရက်ပိုင်းအတွင်း ဈေးတက်လာခြင်းဖြစ်ကြောင်း၊ ဒီဇယ်ဈေး ထူးကဲမှုကြောင့် ပြည်တွင်း ကုန်ထုတ်လုပ်မှု ကဏ္ဍအသီးသီးနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများတွင် သက်ရောက်မှုများ ရှိနိုင်ကြောင်းလည်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။ “အခုရက်ပိုင်း ဒီဇယ်ဈေးအပါအဝင် တန်ပိုကိစ္စကြောင့် ကုန်ပို့ခ တွေပေါ်မှာလည်း အပြောင်းအလဲရှိပါတယ်။ အရင် ရန်ကုန်- မန္တလေး ကုန်တစ်ပိဿာ ၁၃၀ ကျပ်ကနေ ၁၄၀ ကျပ် လောက် ဖြစ်သွားတယ်” ဟု ဘုရင့်နောင် ခရေလမ်းကုန်စည်ပွဲရုံလုပ်ငန်းရှင်တစ်ဦးထံမှသိရသည်။ ယခင်က ခြောက်ဘီး ကုန်တင်ယာဉ်တစ်စီး ကုန်တန်ချိန် ၂၀၊ ၁၀ ဘီး ကုန်တန် ချိန် ၃၀၊ ၁၂ ဘီးကုန်တင်ယာဉ် တစ်စီး ကုန်တန်ချိန် ၄၀ တင်ဆောင်နိုင်သည်။ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဆီယံ စံချိန်စံညွှန်းအရ ခြောက်ဘီးကုန်တင်ယာဉ် တစ်စီးပျဉ်းမျှ ကိုး တန်၊ ၁၀ဘီးက ပျဉ်းမျှ ၁၁ တန်နှင့် ၁၂ဘီက ပျဉ်းမျှ ၁၃ တန်အထိပဲ တင်ဆောင်ခွင့်ရှိ၍ နောက်ပိုင်းကုန်ပို့ခများ နှစ်ဆခန့် တက်ခဲ့ခြင်း ဖြစ်သည်ဟု ဘုရင့် နောင်ကားဝန်းမှ ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးထံမှ သိရသည်။

ဒီဇယ်ဆီမှာ တင်ရားဝင်ဈေး တစ်ဂါလန် ၄၀၀၀ သတ်မှတ်ရောင်းချနေခြင်းကြောင့် ရန်ကုန်ပြင်ပ စက်သုံးဆီ ဈေးကွက်တွင် တွင်ကျယ်ခြင်းမရှိသော်လည်း နယ်ဒေသများသို့ ပို့ဆောင်ရောင်းချသော ပြင်ပလက်ကား စက်သုံးဆီ ရောင်းဝယ်သူများ ရှိလာကြောင်း သိရှိရသည်။ “ စက်သုံးဆီကို ရန်ကုန်ကနေ နယ်တွေဆီ ပီပါလိုက်ပို့ပြီး ရောင်းဝယ်တဲ့သူတွေ ရှိတယ်။ ရန်ကုန်မှာ ဒီဇယ် တစ်ဂါ လန် ၄၀၀၀ပဲရှိပေ မယ့်  မန္တလေးမှာတောင် ဒီဇယ်တစ်ဂါလန် ၅၀၀၀ အထက်မှာပဲရှိတော့ ဈေးက တစ်ထောင်လောက် ကွာတယ်။ ဒီကနေ နယ်ကို သယ်ပို့ရောင်းချတဲ့သူတွေလည်းများတယ်။ နယ်တွေမှာ ဒီဇယ်ဈေးက တော်တော်မြင့်တယ်။ နောက်ပြီး ဓာတ်ဆီ ပြင်ပဈေးကွက်တွေက နယ်ဒေသတွေမှာလည်း တော်တော် ကြီးကြီးကျယ်ကျယ်နဲ့ကို အရောင်းအဝယ်ဖြစ်နေတယ်” ဟု ပြင်ပ စက်သုံးဆီ အရောင်းအဝယ် ဈေးကွက်တွင် ကျင်လည် လှုပ်ရှားနေသူ ရန်ကုန်ဒေသခံ အသက် ၄၀ ကျော်အရွယ် စီးပွားရေးသမာတစ်ဦးက ရှင်းပြသည်။

ထို့အပြင် စက်သုံးဆီကို အကြောင်းပြပြီး တက္ကစီယာဉ်တစ်ချို့ ဈေးပိုတောင်းလာသည်ကို တွေ့ရသည်။ တက္ကစီ ယာဉ်တွေက မီတာဈေးအတိုင်း မဌားသည့်အပြင် ယခင်ဈေးထက် ပိုတောင်းလာသည်။ “တာမွေကနေ ပုဇွန်တောင်ကို ပုံမှန် ကျပ် ၁၅၀၀ နဲ့ စီးနေကျ ဒီနေ့မှာကျပ် ၂၀၀၀ အထိတိုး တောင်းတယ်။ CNGကားတွေပါရောပြီးတိုးတောင်းတယ်” ဟု ခရီးသည် အမျိုးသမီး တစ်ဦးကဆိုသည်။ ၅၂လမ်းထပ်က တက္ကစီသမားတစ်ဦးက” ဆီဈေးက တစ်နေ့ထက် တစ်နေ့ တက် နေတော့ ဈေးပိုတောင်းကြတာနေမှာ၊ CNG ကားကဈေးမတက်ပေမဲ့ တက္ကစီကားအချင်းချင်းဈေးညှိပြီး ပုံမှန်ထက် ကျပ် ၅၀၀ လောက်တိုးတောင်းနေကြတာ၊ ကျွန်တော်တို့ကတော့ အပြောင်းအလဲမရှိပါဘူး။ ဒီရက်ပိုင်းတော့ ကားဌားတဲ့သူတွေ လျော့သွားတာတော့ရှိတယ်” လို့ဆိုသည်။

×××××××××××××××××××××××××××××××××××××××××××××××
 

ဘာသာပြန်သတင်း


တရုတ်ငါးနှစ်စီမံကိန်း ကမ္ဘာကို သက်ရောက်မှု ရှိမည်လော


တရုတ်နိုင်ငံက စွမ်းအင်ကို ပိုမိုအကျိုးရှိစွာအသုံးပြုနိုင်ရန်၊ ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စပ်လျဉ်း၍ စွမ်းအင် သုံးစွဲမှုကြောင့် ဖြစ်ပေါ်သည့် ညစ်ညမ်းမှုများကို ဖြေရှင်းနိုင်ရန်အတွက် အရေးယူ ဆောင်ရွက်မှုများကို နောင်ငါးနှစ်အတွင်း ထိရောက်စွာဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပေး ပြောကြားလိုက်သည်။

စနေနေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်ထုတ်ပြန်သည့် အစိုးရ၏ ၂၀၁၁ မှ ၂၀၁၅ ခုနှစ်အတွက် ၁၂ကြိမ်မြောက် ငါးနှစ်စီမံကိန်း မူကြမ်းတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၏ ယူနစ်တစ်ခုချင်း စီတိုင်းအတွက် စွမ်းအင်သုံးစွဲမှုနှင့် ကာဗွန်ဒိုင် အောက်ဆိုက်ထုတ်လွှတ်မှု ပမာဏကို ၁၆ ရာနှုန်းမှ ၁၇ ရာနှုန်းအထိ အသီးသီးလျော့ချမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

စွမ်းအင်သုံးစွဲမှုတွင် ဒီဇယ်၊ ဓါတ်ဆီကဲ့သို့ ရုပ်ကြွင်းလောင်စာမဟုတ်သည့် လောင်စာဆီသုံးစွဲမှုပမာဏ တိုးမြှင့်နိုင်ရန် အတွက် နေစွမ်းအင်၊ လေစွမ်းအင်ကဲ့သို့ သန့်စင်သောစွမ်းအင်ကို ၂၀၁၀ခုနှစ်က ၈.၃ရာခိုင်နှုန်းသာ သုံးစွဲခဲ့ရာမှ ၁၁.၄ ရာခိုင်နှုန်း အထိတိုး၍ ရောနှော သုံးစွဲရန်လည်း ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါ မူကြမ်းကို အမျိုးသားပြည်သူ့ကွန်ဂရက်နှင့် တရုတ်ပြည်သူနိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရန့်၏ အမျိုးသား ကော်မတီတွင် မကြာမီရက်များအတွင်း ပြန်လည်သုံးသပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရည်မှန်းချက်များသည် ရာသီဥတုပြောင်းလဲမှုအပေါ် အဓိကသက်ရောက်နေသည့် အစိတ် အပိုင်း ဖြစ်သော ကာဗွန်ထုတ်လွှတ်မှု ပမာဏကို ၂၀၀၅ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ၄၀မှ ၄၅ရာနှုန်း အထိ လျှော့ချနိုင်ရေးအတွက် နိုင်ငံအနှံ့ ကျယ်ပြန့်စွာ ဆောင်ရွက်မည့် စီမံချက်များ၏ အစိတ်အပိုင်း ဖြစ်သည်ဟု ဝမ်ကျားပေါင်က ပြောကြားခဲ့သည်။

ပေကျင်းရှိ ရာသီဥတုဆိုင်ရာအဖွဲ့၏ ဒါရိုက်တာဖြစ်သူ ဝူချမ်းဝှါက ဝန်ကြီးချုပ်ပြောသည့် စွမ်းအင်နှင့် ကာဗွန်ထုတ်လွှတ်မှု ပမာဏဆိုင်ရာ ရည်မှန်းချက်များသည် လေထုတွင်းရှိ ဖန်လုံအိမ်ဓါတ်ငွေ့ ပမာဏကို ချိန်ညှိ နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီက ခန့်မှန်းထုတ်ပြန်ထားမှုများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ခြင်းဖြစ်သည် ဟု ဆိုသည်။

အေဂျင်စီ၏ ပြောဆိုချက်အရ ကာဗွန်ဒိုင်အောက်ဆိုက်ပါဝင်မှုကို တစ်သန်းအောက် ၄၅၀ ပုံတစ်ပုံ အထိ ထိမ်းသိမ်းထားသင့်ပြီး ယင်းသည် အပူချိန်မြင့်မား လာမှုကြောင့် ဖြစ်ပေါ်နိုင်ဖွယ် ရှိသော ပြင်းထန်သည့် သဘာဝ ဘေးအန္တရာယ်များမှ ကမ္ဘာကြီးကို ကာကွယ် နိုင်ပေးနိုင်မည့် အနိမ့်ဆုံး အမှတ်ဖြစ်သည်ဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ မှ ၂၀၁၀ ခုနှစ်တွင် တရုတ်သည် စွမ်းအင်သုံးစွဲမှုကို GDP ၏ တစ်ယူနစ်ဖြစ်သော ၁၉.၁ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီး ၎င်း၏ ငါးနှစ်အတွင်း နှစ်ဆယ်ရာနှုန်းလျှော့ချရေး ရည်မှန်းချက်ကို ပြည့်လု နီးပါးအထိ နီးကပ်ခဲ့ကြောင်း ဝမ်ကျားပေါင်၏ အဆိုအရ သိရသည်။ နိုင်ငံ၏ နှစ်စဉ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အလားတူ ကာလအတွင်း ၇.၅ ရာခိုင်နှုန်း ရည်မှန်းခဲ့သော်လည်း ၁၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။

ဒေသတွင်း အစိုးရများသည် စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရည်မှန်းချက်များကို အနိမ့်ဆုံး လိုအပ်ချက်အဖြစ် ရှေ့ရှုဆောင်ရွက်နေစဉ်တွင် ထိပ်ပိုင်းခေါင်းဆောင်များက သတ်မှတ်ထားသည့် ဖွံ့ဖြိုးရေး ရည်မှန်း ချက်ကို မျက်နှာလိုအားရ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းမျိုး မလုပ်သင့်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားများက ဆိုသည်။

တရုတ်လူမျိုး ပါမောက္ခတစ်ဦးကလည်း တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်သည် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ပျမ်းမျှလိုအပ်ချက်ထက် ၁.၅ဆ ပိုများနေသည့်အတွက်ကြောင့် ရေရှည်တွင် စွမ်းအင်လိုအပ်ချက် ဆက်လက်ရှိ နေဦးမည်ဟု ဆိုသည်။

သို့သော် အခြားအကြီးတန်း သုတေသနသမားတစ်ဦးက တရုတ်နိုင်ငံသည် စွမ်းအင်ပိုမိုအကျိုးရှိစွာ အသုံးချနိုင်ရန်အတွက် လွန်ခဲ့သည့် ငါးနှစ်က ဈေးနှုန်းမြင့်မားစွာ ပေးခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

၂၀၁၁ ခုနှစ်တွင် တရုတ်သည် ကာဗွန်နှင့် စွမ်းအင်ထုတ်လွှတ်မှုကို ယမန်နှစ်ကနှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ရည်ရွယ်ထားသည်ဟု အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ဖွဲ့စည်းရေး ကော်မရှင်ကထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ပြောကြားခဲ့သည်။

အဆိုပါ ငါးနှစ်စီမံချက်သည် သဘာဝပတ်ဝန်းကျင်ကို အဓိကညစ်ညမ်းစေသည်များအား ထုတ်လွှတ်မှု ကို ၂၀၁၅တွင် ၈ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ သိသိသာသာ လျှော့ချရန် အတွက်လည်း ရည်မှန်းထားသည်။
 

ဆင်ဟွာသတင်းဌာနမှ China's five-year blueprint significant to whole world ကို ဘာသာပြန်ဆိုသည်။

××××××××××××××××××××××××××××××××
Sent to transparency.myanmar@gmail.com: unsubscribe | update profile | forward to a friend
Email Marketing Powered by MailChimp