Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၁.၄.၂၀၁၁

ပြည်တွင်းသတင်းများ

ယာဉ်များအား ခြိမ်းခြောက် ငွေတောင်းမှု  တရားခံ မပေါ်သေး

ရန်ကုန်၊ ဧပြီ ၂၂။

မတ်လ ၃၀ ရက်နေ့တွင် သာကေတမြို့နယ်မှ (၁)ဈေးကွေ့မှတ်တိုင်တွင် ဖြစ်ပွားခဲ့သည့် အမှတ် ၂၃၂ ပါရမီယာဉ်များအား ခြိမ်းခြောက် ငွေတောင်းရမ်းခဲ့မှုနှင့်ဆက်စပ်သည့် တရားခံများကို ယခုအချိန်ထိ ရှာဖွေဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးမှုးရုံးမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မော်တင်မှ ယုဇနဥယျာဉ်မြို့တော်သို့ နေ့စဉ် ပုံမှန်ပြေးဆွဲနေသော ပါရမီယာဉ် ၅ စီးအား မတ်လ ၃၀ ရက်နေ့ ည၇ နာရီခွဲနှင့် ည ၉ နာရီကြား ကာလတွင် လူအုပ်စုနှင့်ဝိုင်းကာ လုယက်ခဲ့ခြင်း ဖြစ်သည်။

ကိုယ်တွေ့ကြုံခဲ့ရသူတစ်ဦးက “ယာဉ်နောက်လိုက်ကို ဓားထောက်ပြီး လုတာပါ။ ဓားထောက်တဲ့သူဘေးမှာလည်း သူ့ အဖော်တွေကလည်း တော် တော်များပါတယ်။ ဖြစ်တဲ့နေရာကလည်း (၁) ဈေးကွေ့မှတ်တိုင်ရဲ့ သာကေတကနေ ယုဇနကိုအသွား အမှောင်ဘက်ခြမ်းကျတဲ့ နေရာမှာပါ။ ရန်ကုန်ကို သွားတဲ့ဘက်ကကျတော့ ဒံပေါက်ဆိုင်က မီးထိန်နေအောင် လင်းနေတယ်”ဟု သူ မြင်တွေ့ခဲ့ရသည်များကို ပြောပြသည်။

အဆိုပါ  ပြစ်မှုများကို  ကျူးလွန်ခဲ့သောအဖွဲ့သည်  “ရာဇာ”ဟု အမည်ရသော အဖွဲ့ဖြစ်ပြီး၊ လူအင်အား ၁၀ဦး ထက်မနည်းရှိကြောင်း စုံစမ်းသိရှိ ရသည်။

(၁)ဈေးကွေ့ မှတ်တိုင်သည် သာကေတမြို့နယ်ရဲစခန်းနှင့် ဒေါပုံရဲစခန်းတို့မှ ၅ မိနစ် ခရီးအကွာတွင်ရှိသော လူစည်ကားသည့် ဈေးရှေ့မှတ်တိုင် တစ်ခုဖြစ်သည်။ အဆိုပါ လူအုပ်စုနှင့် ဝိုင်းဝန်းလုယက်မှုကြောင့် ကာလတန်ဖိုး ၁ သိန်းခွဲဝန်းကျင်ခန့် ဆုံးရှုံးခဲ့ပြီး သာကေတရဲစခန်းသို့ အမှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် လက်အောက်ရှိ ဗန္ဓုလ သယ်ယူပို့ဆောင်ရေးလီမိတက်မှ တာဝန်ရှိသူများက အမှုဖွင့်တိုင်ကြားခဲ့ ကြောင်း သတင်း ရရှိရသည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

အထက်တန်းလွန် မွန်အမျိုးသား စာသင်ကျောင်းများ ဖွင့်လှစ်မည်

ဧပြီ ၂၂။

လာမည့်ဇွန်လဆန်းပိုင်း စာသင်နှစ်မှ စတင်၌ Post-Ten အထက်တန်းလွန် မွန်အမျိုးသား စာသင်ကျောင်း ၃ ကျောင်း ဖွင့်လှစ်သွားမည်ဟု မွန်အမျိုးသား ပညာရေးကော်မတီမှ သတင်းရရှိသည်။

မွန်အမျိုးသား စာသင်ကျောင်းများ မပျောက်ပျက်စေရန်နှင့် ရေရှည်တည်တံ့နိုင်ရေးအတွက် အဆိုပါ စာသင်ကျောင်းများ ဖွင့်လှစ်ရခြင်းဖြစ်သည် ဟု အထက်ပါ ပညာရေးကော်မတီက ဆိုသည်။

ဧပြီလ ၃-၄-၅ ရက်ပိုင်းများ၌ မွန်အမျိုးသား ပညာရေးကော်မတီ အစည်းအဝေးကိုကျင်းပခဲ့ပြီး မွန် အထက်တန်းကျောင်းများ ဖွင့်လှစ်ထားရာ ညီစားစခန်း၊ မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်ကျေးရွာ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကဘာကျေးရွာ အသီသီးတို့တွင် ကျောင်းသား ၂၀ ဦးစီ လက်ခံပြီး ဖွင့်လှစ်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

Post Ten ပထမနှစ် ပြီးဆုံးသော ကျောင်းသားများကို ပြန်လည်စိစစ်ရွေးချယ်ပြီး ထိုင်းနိုင်ငံ စံခလပူရီမြို့ရှိ မွန် အမျိုးသားပညာရေးဌာနခွဲတွင် ဒုတိယနှစ်ကျောင်းသားအဖြစ် ဆက်လက်ပညာသင်ကြားစေပြီး ကျောင်းပြီးသူများသည် မွန်အမျိုးသား ပညာရေးဌာန၌ ၂ နှစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ စတင်၍ ညီစားစခန်း တခုတည်း၌ Post Tenအထက်တန်းလွန်ကျောင်းကို နှစ်စဉ် ဇွန်လမှ မတ်လကုန် အထိ တနှစ်လျှင် ၁၀ လတိုင်တိုင် ဖွင့်လှစ်လာခဲ့ကြောင်း သိရသည်

၁၉၇၂ ခုနှစ်မှ စ၌ မွန်အမျိုးသား ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ရာ မွန်စာပေကို အတန်းပညာရေးစနစ်ဖြင့် အဓိကထား သင်ကြားပေးခဲ့ပြီး ၁၉၈၄- ၈၅ ခုနှစ်တွင် ဗဟို ပညာရေး အဖွဲ့ငယ်ကို ဆက်လက်ဖွဲ့စည်းနိုင်ခဲ့သည်။

၂၀၁၀ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သောစာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းတွင် တွဲဖက်သင် ကြားသည့်ကျောင်း ၁၁၆ ကျောင်းရှိပြီး စုစုပေါင်း မွန်စာပေသင်ကျောင်း ၂၇၂ ကျောင်း ရှိကြောင်း သိရသည်။

မွန်အမျိုးသားကျောင်းတွင် ကျောင်းသားဦးရေ တစ်သောင်းခွဲခန့် ရှိပြီး အစိုးရနှင့်တွဲဖက်ပညာသင်ကြားသည့် ကျောင်း၌ ကျောင်းသားဦးရေ နှစ်သောင်းကျော် ရှိသည်။

မွန်ပြည်သစ်ပါတီနှင့် အစိုးရတို့ အပစ်ရပ် ပျက်ပြယ်ခဲ့သော်လည်း ပြည်တွင်းရှိ မွန်အမျိုးသားကျောင်းများကို မွန်အမျိုးသား ပညာရေးကော်မတီ လက်အောက်တွင် ဆက်လက်ထားရှိမည်ဟု ပြီးခဲ့သည့် မွန်အမျိုးသား ပညာရေးကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ချက်ချခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တရားမဝင်သူများနှင့် မဆက်သွယ်ရန် ကော်မရှင်က ထပ်မံသတိပေး

ရန်ကုန်၊ ဧပြီ ၂၂။

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများကို တရားမဝင်သော အဖွဲ့အစည်းများနှင့် မဆက်သွယ်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မ ရှင်က ထပ်မံအသိပေးလိုက်ကြောင်း သိရသည်။

“တရားမဝင် အဖွဲ့အစည်းဆိုတာက ဘယ်လိုအဖွဲ့အစည်းဆိုတာမျိုး သေချာရှင်းပြထားတာ မပါဘူး။ အရင်တုန်းကတော့ ပြည်ပက မြန်မာ့နိုင်ငံ ရေးအဖွဲ့တွေ၊ တောတွင်းလက်နက်ကိုင်တွေ ကိုဆိုလိုတယ်” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

နိုင်ငံရေးပါတီများ အနေဖြင့်လည်း တရားမ၀င်သည့် အဖွဲ့အစည်းများကို တိတိကျကျသိထားရန် လိုအပ်ကြောင်း၊ တရားမဝင်သည့်အဖွဲ့များကို သိရှိရန် အစိုးသစ်ထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ယာယီဥက္ကဋ္ဌ ဦးနေမျိုးဝေက ပြောကြားသည်။

တရားမဝင် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှုမပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲကော်မရှင်က ဧပြီ ၅ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ သတိပေးသည်ကို မသိရသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နှင့် မဆက်သွယ်ရန် ရည်ရွယ်သည်ဟု ယူဆရကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက သုံးသပ်ပြောဆိုသည်။

အဆိုပါ သတိပေးစာသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ပါရှိသည့် စည်းကမ်းချက်များကို ပြန်လည် သတိပေးခြင်းသာဖြစ်ကြောင်း၊ တရား မဝင်အဖွဲ့အစည်းဆိုသည်မှာ ပြည်ပရောက်အဖွဲ့များနှင့် နယ်စပ်ဒေသ လက်နက်ကိုင်အဖွဲ့များကို ရည်ညွှန်းသည်ဟု ယူဆကြောင်း NDF မှ ဦးခင်မောင် ဆွေက ပြောကြားသည်။

ယင်းစာ၌ NLD ပါတီအား ရည်ညွှန်းထားခြင်း မရှိကြောင်း၊ ပါတီ၏ လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည် ဖြစ် ကြောင်း NLD မှဦးဥာဏ်ဝင်းက ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၀) ၌ နိုင်ငံရေးပါတီတရပ်ရပ်သည် တည်ဆဲဥပဒေအရ မတရားအသင်း ကြေညာခံရခြင်း၊ နိုင်ငံတော် အား လက်နက်ကိုင်ပုန်ကန်နေသောအဖွဲ့ဟု နိုင်ငံတော်ကသတ်မှတ်ထားသော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပတ် သက်ပါက တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ဖျက်ခံရမည်ဟု ဖော်ပြထားကြောင်းသိရသည်။

သတိပေးစာတွင် နိုင်ငံရေးပါတီ ၃၇ ခု၊ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်နှင့် ပြည်ထဲရေး ဝန်ကြီးဌာနစသည့်ဖြင့် လိပ်မူ ပေးပို့ထားပြီး ပြည်ထဲ ရေးဌာနအနေဖြင့် သေချာစွာစောင့်ကြည့်ရန် ဖော်ပြထား ကြောင်းသိရသည်။

NLD အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုအား ၂၀၁၀ ရွေးကောက်ပွဲတွင် မှတ်ပုံတင်ခြင်းမရှိ၍ နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ပြီး ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလက ကြေညာခဲ့ကြောင်းသိရသည်။

Peace Press

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အရင်က အဓိပတိကားတွေက စည်းကမ်းရှိကြတယ်။ စပယ်ယာတွေကလည်း တခြားလိုင်းတွေနဲ့စာရင် ယဉ်ကျေးတယ်လို့ ပြောလို့ရတယ်။ ဒါပေမယ့် အခု စည်းကမ်းအရမ်းပျက်လာတယ်။ တစ်ခါကဆိုရင် မှတ်တိုင်မဟုတ်တဲ့နေရာမှာဆင်းခိုင်းလို့ ခရီးသည်ကောင်လေးက တုံ့ဆိုင်းဆိုင်းဖြစ်နေတာကို ဆဲဆိုပြီး ရန်လုပ်တာ တွေ့ရတယ်။ ထိုင်ခုံမရှိတော့တာကို ထိုင်ခုံရှိသေးတယ်ဆိုပြီး ညာခေါ်၊ ကားပေါ်ကျရင် မတ်တတ်စီးခရီးသည်ကို နှစ်ထပ်အထိ မရမက တင် ကြတယ်။ တခြားလိုင်းတွေထက်စာရင် အဓိပတိစီးရတာ ပိုပြီးတောင် အသက်ရှူကျပ်လာတယ်။ ဒါပေမယ့် ရွေးစရာလိုင်းမရှိတော့လည်း နေ့တိုင်း သည်းခံ နေရတယ်"ဟု တောင်ဥက္ကလာပမှမြို့ထဲသို့ လာရောက် အလုပ်ဆင်းသူတစ်ဦးကဆိုသည်။

Myanmar Times Journal အတွဲ (၂၆)၊အမှတ် (၅၁၄) တွင်ပါရှိသည့် “အထူးယာဉ်လိုင်းများ ဝန်ဆောင်မှု အားနည်း” သတင်းမှ ကောက် နှုတ်ချက်

--------------------------------------------------------------------------------------------------------------------

''တိုင်းပြည်အတွက် အဓိကကျတဲ့ လျှပ်စစ်ကဏ္ဍလုပ်ငန်းကြီးတွေကလွဲပြီး နောက်ပိုင်းမှာ လျှပ်စစ်ဓာတ်အား လုပ်ငန်းငယ်တွေမှာ ပုဂ္ဂလိကတွေ ဝင်လာဖို့ ရှိနေတာပေါ့။ အခုက တည်ဆောက်တဲ့အပိုင်းမှာ ပုဂ္ဂလိကတွေ ပါဝင်တည်ဆောက်နေတယ်။ ထုတ်လုပ်ဖြန့်ဝေ ရောင်းချတဲ့အပိုင်းကတော့ ရေအား လျှပ် စစ်မှာ မရှိသေးဘူးပေါ့။ လက်ရှိ လျှပ်စစ်ကဏ္ဍမှာ ပုဂ္ဂလိကတွေ ပါဝင်တည်ဆောက်နေတာက ရေအားလျှပ်စစ်စီမံကိန်းနဲ့ မဟာဓာတ်အားလိုင်း သွယ်တန်း မှု အပိုင်းတွေမှာပါ။ မဟာဓာတ်အားလိုင်း သွယ်တန်းမှုကလည်း အခုဆို ရာခိုင်နှုန်းတော်တော်များများ ပြီးနေပြီ။ ရွှေလီကနေ ရန်ကုန်တစ်လျှောက် အကုန် ပြီးနေသလို ရခိုင်ဘက်မှာပါ အတော်များများ သွယ်တန်းပြီးနေပြီလေ။ ဒါတွေက ပုဂ္ဂလိကလုပ်ငန်းတွေက ကန်ထရိုက်ယူ လုပ်ပေးနေတာ။ နောက်ပိုင်း ကျရင်တော့ ဖြန့်ဖြူးတဲ့အပိုင်းမှာပါ ပုဂ္ဂလိကတွေ ဝင်လာနိုင်တာပေါ့။ နိုင်ငံတော်သမ္မတ ပြောခဲ့သလို နောက်ကွယ်က နိုင်ငံခြားသားတွေနဲ့ ငွေမည်းတွေ ဝင်မလာအောင် ဂရုစိုက်နိုင်ရင်တော့ အကောင်းဆုံးပေါ့''ဟု မဟာဓာတ်အားလိုင်း သွယ်တန်းရာတွင် ပါဝင်သည့်ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ရှင်း ပြခဲ့သည်။

Bi Weekly Elven Journal အတွဲ (၃)၊အမှတ် (၄) တွင်ပါရှိသည့် “လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဝေ ရောင်းချသည့်လုပ်ငန်းများတွင် ပုဂ္ဂလိကနှင့် အစုအဖွဲ့လုပ်ငန်းများ များများလုပ်ကိုင်နိုင်အောင် အားပေးမည် နိုင်ငံခြားသားများနှင့် ငွေမည်းများ ဝင်မလာနိုင်အောင် ဂရု စိုက်ရမည်ဟု နိုင်ငံတော် သမ္မတ ပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အခုချိန်ဟာ မိုးကြိုကာလဖြစ်တဲ့အတွက် မုန်တိုင်းဝင်တတ်လို့ မုန်တိုင်း ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သတိထားဖို့က အရေးကြီးပါတယ်။ ပြည်သူ လူထုအနေနဲ့ ဒီနေ့လောက်ကနေ စပြီးနောက် မေလ ၂၀ လောက်ထိကာလမှာ မိုးလေဝသ သတင်းတွေကို သတိပြုစေချင်ပါတယ်”

Bi Weekly Elven Journal အတွဲ (၃)၊အမှတ် (၄) တွင်ပါရှိသည့် “လက်ရှိကာလသည် မိုးကြိုကာလဖြစ်သည့်အတွက် မုန်တိုင်း ဝင်ရောက် လေ့ ရှိတတ်ရာ မုန်တိုင်း အခြေအနေ၊ ရာသီဥတု အခြေအနေများနှင့် ပတ်သက်၍ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နှင့် တွေ့ဆုံမေး မြန်းခြင်း” သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၂၀.၄.၂၀၁၁

ပြည်တွင်းသတင်းများ

သင်္ကြန်အပြီး ဒေါ်လာဈေး ပြန်တက်

၇န်ကုန်၊ ဧပြီ ၁၉။

မြန်မာနှစ်ဆန်း ၁ရက်နေ့ ဧပြီလ (၁၇)ရက်အထိ အမေရိကန်ဒေါ်လာငွေ လဲလှယ်နှုန်း ပြင်ပပေါက်ဈေးမှာ သင်္ကြန်မကျခင်ကဈေးအတိုင်း ရပ်တန့် နေရာမှ နှစ်ဆန်း ၂ရက်နေ့တွင် ပြန်လည်မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၂ရက်နေ့က ပြင်ပပေါက်ဈေးမှာ ၁ဒေါ်လာ ၈၅၅ကျပ်နှင့် ဈေးပိတ်ခဲ့ပြီး နှစ်ဆန်း ၂ရက်နေ့ ဈေးပြန်ဖွင့်ချိန်တွင် ၈၅၈ကျပ်သို့ မြင့်တက် သွားကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

အခြားငွေလဲလှယ်နှုန်းများမှာ ယခင်ပေါက်ဈေးအတိုင်း ဆက်လက်တည်ရှိနေပြီး စင်ကာပူ ၁ဒေါ်လာလျှင် အဝယ်ဈေး ၆၇၅ ကျပ်၊ အရောင်းဈေး ၆၉၀ကျပ်၊ မလေးရှား ၁ရင်ဂစ်လျှင် အဝယ်ဈေး ၂၇၅ကျပ်၊ အရောင်းဈေး ၂၈၅ကျပ်၊ ထိုင်း ၁ဘတ်လျှင် ၂၉ကျပ် ဈေးဖြင့် ဆက်လက်တည်ရှိနေကြောင်း သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

သင်္ကြန်မဏ္ဍပ်များတွင် ဗုံးရှာဖွေရေးကိရိယာများ တပ်ဆင်ထားခြင်းမရှိ

ရန်ကုန်၊ ဧပြီ ၁၈။

သင်္ကြန်ကာလမတိုင်မီက ရေကစားမဏ္ဍပ်များတွင် ဗုံးရှာဖွေရေးကိရိယာများနှင့် စီစီတီဗီများတပ်ဆင်၍ စောင့်ကြည့်သွားမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း သင်္ကြန်ရက်များအတွင်း လက်တွေ့လုပ်ဆောင်ခြင်းမရှိဟု မဏ္ဍပ်များတွင် သွားရောက်ရေကစားခဲ့ကြသော လူငယ်များထံမှ စုံစမ်း သိရှိရသည်။

ကမ္ဘာအေးဘုရားလမ်းရှိ ပလေးဘွိုင်းမဏ္ဍပ်တွင် မဏ္ဍပ်ထိုင်သော လူငယ်တစ်ဦးက “အစတုန်းကတော့ ဗုံးကွဲမှာကြောက်လို့ အိမ်က မဏ္ဍပ် မထိုင်ရဘူးလို့ ပြောထားတာ။ သင်္ကြန်နားနီးတော့ Bomb Detector တွေဘာတွေရှိမယ်၊ လုံခြုံရေးတင်းကျပ်မယ်ဆိုလို့ အိမ်ကိုအတင်းပြောပြီး မဏ္ဍပ် လာထိုင်တာ။ ဒါပေမဲ့ ဒီမှာအဲလိုမျိုးတွေ ဘာမှမရှိဘူး။ အဓိက သူတို့ မဏ္ဍပ်ကဒ်ဝယ်ပြီးလာတာလား၊ ကဒ်အတုလား ဆိုတာကိုပဲ စစ်တယ်။ ကျန်တာ ဘာမှ စစ်ဆေးတာ မရှိဘူး။ လုံခြုံရေးတွေကလဲ မူးနေကြတာများတယ်။ ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေးနဲ့ပြီးသွားလို့ တော်ပါသေးတယ်။ ဒီနှစ်သင်္ကြန်က သိပ်မစည်သလိုပဲ” ဟုပြောကြားခဲ့သည်။

ကန်တော်ကြီး ကန်ပါတ်လမ်းရှိ Black Culture မဏ္ဍပ်တွင် မဏ္ဍပ်ထိုင်သော လူငယ်တစ်ဦးကလည်း “ ရဲတွေတော့ မဏ္ဍပ်အောက်မှာ စောင့်နေ ကြတာ ရှိတယ်။ ကျွန်တော်တို့မဏ္ဍပ်က မနှစ်တုန်းကတည်းက ရန်ခဏခဏဖြစ်တော့ ရဲတွေက အမြဲစောင့်ကြည့်နေကြတာ။ ဒီမှာတော့ ဗုံးစစ်တာဘာညာ မရှိပေမဲ့ ရဲတွေ၊လုံခြုံရေးတွေ အရမ်းများတယ်” ဟု ပြောကြားခဲ့သည်။

ယမန်နှစ် သင်္ကြန်အကြတ်နေ့က ကန်တော်ကြီး ကန်ပါတ်လမ်းရှိ X2O မဏ္ဍပ်တွင် ဗုံး၂လုံးဆင့် ပေါက်ကွဲခဲ့သဖြင့် ယခုနှစ် သင်္ကြန်မဏ္ဍပ်များတွင် CCTV ကင်မရာများတပ်ဆင်ရန်၊ သီးခြားဓါတ်ပုံရိုက်သမား ထားရှိရန်၊ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများမှ လုံခြုံရေးဝန်ထမ်းများကို စည်းကမ်း ထိန်းသိမ်း ရေးနှင့် လုံခြုံရေးကော်မတီက သတ်မှတ်ပေးထားသည့် အင်အားအတိုင်းထားရှိရန်၊ မိုင်းရှာကိရိယာများ စီစဉ်ထားရန်၊ မိုင်းစွန့်ကျင်း၊ သဲအိတ်၊ တာယာ ကွင်းများ ထားရှိရန်၊ အရေးပေါ် အသုံးပြုရန် Light Truck တစ်စင်းထားရှိရန် စသည့် အချက်၂၅ချက်ပါ စည်းကမ်းချက်များကို ထုတ်ပြန်ခဲ့သောကြောင့် ကုန်ကျစာရိတ်အထူးများပြားပြီး မဏ္ဍပ်ဆောက်လုပ်မှုများ နည်းပါးခဲ့သည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

သင်္ကန်းကျွန်းသောက်သုံးရေဘေးသင်္ကန်းကျွန်းအမတ်များက ကူညီပေးမည်ဟုဆို

ရန်ကုန်၊ ဧပြီ ၂၀။

သင်္ကန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်အများစုတွင် သောက်သုံးရေအခက်ခဲများ ပြေလည်စေရန် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကူညီဆောင်ရွက်ပေးသွား မည်ဟု သင်္ကန်းကျွန်းပြည်သူ့လွှတ်တော်အမတ် ဦးသိန့်ညွန့်က ပြောကြားသည်။

သင်္ကန်းကျွန်းမြို့နယ်သည် ငမိုးရိပ်ဆည်နှင့် ဂျိုးဖြူတို့မှရရှိသောရေကို အဓိကအားထားနေရပြီး အဝီစိတွင်းအသုံးပြုမှုမှာ အလွန်နည်းပါးကြောင်း သိရသည်။

ရွေးကောက်ပွဲပြီးနောက် သင်္ကန်းကျွန်းမြို့နယ်ရှိ ရပ်ကွက်တချို့ကို မြို့တော်စည်ပင်က ရေပေးဝေမှုကို စတင်ရပ်ဆိုင်းလိုက်ကြောင်း ဒေသခံ များက တညီတညွှတ်ပြောဆိုသည်။

“ရွေးကောက်ပွဲ မဲဆွယ်တဲ့ကာလတုန်းကတော့ ပြည်ခိုင်ဖြိုးပါတီကရေဝေပေးတယ်။ အခုတော့ မဝေပေးတော့ဘူး။” ဟု သင်္ကန်းကျွန်း၌ နေထိုင် သူတစ်ဦးက ဆိုသည်။

ယခုတက်ရောက်လာသော သမ္မတသိန်းစိန်လက်ထက်တွင် ရန်ကုန်၌ မီးပြဿနာ မရှိတော့သော်လည်း၊ ရေပြဿနာများ ရှိနေသေးကြောင်း ဦးသိန်းညွန့်က ပြောကြားသည်။

“ ရေအကြောင်းတော့ မပြောပါနဲ့ဗျ” ဟု သင်္ကန်းကျွန်းမြို့နယ်ပြည်သူများက စိတ်ပျက်ဟန်ဖြစ် ပြောဆိုသည်။ ယင်း အကြောင်းများကြောင့် အဝီစိ တွင်းရှိသူများက သောက်သုံးရေများကိုမျှဝေ သုံးစွဲလျှက်ရှိပြီး၊ ကိုယ်ထူကိုယ်ထ အဝီစိတွင်းများကို တူးဖော်သွားမည်ဖြစ်ကြောင်း ဦးသိန်းညွန့်က ပြော ကြားသည်။

Peace Press

--------------------------------------------------------------------------------------------------------------------------------

UDPKS ကချင်ပါတီ စီးပွားရေးလုပ်ငန်း ထူထောင်

မြစ်ကြီးနား၊ ဧပြီ ၁၉။

ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါသီ-ကချင်ပြည်နယ် (UDPKS) က “တော်ဝင်မနောသစ္စာ” အလုပ် သမားရှာဖွေရေးကုမ္ပဏီ တည်ထောင်ကာ စီးပွားရေးလုပ်ကိုင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ်တွင်းရှိ လူငယ်၊ လူလတ်ပိုင်းများတွင် အလုပ်လက်မဲ့ဦးရေ များပြားနေသဖြင့် အလုပ်ရှာဖွေရေး လုပ်ငန်းကို ဦးစားပေးရခြင်း ဖြစ်ကြောင်း ကုမ္ပဏီ စီမံအုပ်ချုပ်ရေး ဒါရိုက်တာ ဦးခင်မောင်လှက ပြောကြားသည်။

“အခုလောလောဆယ်တော့ အလုပ်သမားရှာဖွေစုစည်းရေး ကုမ္ပဏီပေါ့။ အလုပ်သမားလိုအပ်ရင် ရှာပေးတဲ့သဘောပါ၊ ကချင်ပြည်နယ်မှာ အလုပ် လိုအပ်တာကြောင့် အလုပ်ရှာပေးဖို့လည်း ဖွင့်ရတာပါ။” ၎င်းက ဆက်လက်ပြောကြားသည်။

ဦးခင်မောင်လှသည် ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဟောင်း ဗိုလ်မှူးချုပ် သိန်းဇော်၏ အစ်ကိုဖြစ်ပြီး၊ ကုမ္ပဏီအုပ်ချုပ်ရေး အဖွဲ့ဝင် များတွင် ပါတီဥက္ကဋ္ဌ ဦးခက်ထိန်နန် နှင့်အတူ ဦးစိုင်းရင်ကျန်၊ ဦးရင်မြင့်၊ ဦးရင်စိန်တို့ ပါဝင်ကြောင်း သိရသည်။ ၎င်းတို့၏ မတည်ငွေ ကျပ်သိန်း (၁၁၀)ဖြင့် စတင် ထူထောင်ထားသည် ဟု ဦးခင်မောင်လှက ဆိုသည်။

၂၀၁၀ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၁၅)တွင် နိုင်ငံရေးပါတီများသည် “ပါတီပိုင်”  စီးပွား ရေးလုပ်ငန်းများမှ တရားဝင် ရရှိ သောငွေနှင့် အမြတ်အစွန်းများမှ ရန်ပုံငွေရှာခွင့်ရှိသည်ဟု ပါရှိသည်။

နိုင်ငံရေးပါတီများမှ စီးပွားရေး လုပ်ကိုင်လာခြင်းအပေါ် စီးပွားရေးသမားများအကြား၌ စိုးရိမ်မှုအချို့ ရှိသော်လည်း နိုင်ငံရေးပါတီများ ဝင်ငွေရရှိ ရန်အတွက် စီးပွားရေးလုပ်သင့်သည် ဟူသော အမြင်များလည်း ရှိနေသည်။

UDPKS ပါတီဥက္ကဋ္ဌနှင့် မြစ်ကြီးနား မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်အမတ် ဦးခက်ထိန်နန်သည် အခြားတစ်ဖက်တွင် တော်ဝင်ရတနာ ကုမ္ပဏီဖြင့် ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်နေသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ သဘာဝ ဘေးအန္တရာယ်ဖြစ်တဲ့ ဧရိယာတိုင်းမှာ လူကုန်ကူးမှုက အနည်းနဲ့ အများဆိုသလို ရှိတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဘေးဒဏ်ခံခဲ့ရ သူတွေဟာ ရွေးချယ်ရမယ့် အခွင့်အလမ်းတွေ အရမ်းနည်းသွားတဲ့အတွက် လူကုန်ကူးပွဲစားတွေက သူတို့ကို လိမ်ညာဖြားယောင်းရတာ အရမ်းလွယ်သွား လို့ပဲ။ အဲဒီလို လိမ်ညာပြီးလူကုန်ကူးမှုတွေ မဖြစ်အောင် လူကုန်ကူးမှုနဲ့ ပတ်သတ်ပြီး ဒေသခံတွေက သိဖို့လိုသလို ပတ်ယန်းကျင်မှာနေတဲ့သူတွေကလည်း ကာကွယ်ပေးဖို့ လို တယ်။”

POPULAR NEWS JOURNAL အတွဲ(၃)၊ အမှတ်(၁၅) တွင်ပါရှိသည့် “တာချီလိတ်ငလျင်ကြောင့် လူကုန်ကူးမှုများ ဖြစ်ပေါ်လာနိုင်၍ သတိ ပြုရန် လိုအပ်” သတင်းမှ ကုလသမဂ္ဂလူကုန်ကူးမှု တိုက်ဖျက်ရေးစီမံချက်အဖွဲ့ (UNIAP)မှ ဒေါ်ဥမ္မာ၏ ပြောကြားချက်အား ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“အစိုးရ လစာတိုးတာနဲ့ မချိန်ပါဘူး။ ကျွန်တော်တို့က ကုန်ဈေးနှုန်းကိုပဲ  ချိန်ပါတယ်။ အစိုးရက လစာတိုးလို့ ကုန်ဈေးနှုန်း တက်လာမယ်။ အဲဒါဆိုရင်တော့ အခြေအနေကို ချိန်ဆပြီး တိုးပေးရမှာပေါ့ ကုန်ဈေးနှုန်း မတက်ဘူးဆိုရင် တိုးပေးစရာ မလိုဘူး။ အဓိကက ကုန်ဈေးနှုန်းအရ ဝန်ထမ်းတွေ မလောက်မငှ ဖြစ်မယ်။ အဆင်မပြေနိုင်ဘူးဆိုရင် တိုးပေးရမယ်။ အမှန်တော့ အစိုးရဝန်ထမ်းတွေ လစာတိုးတာနဲ့ ကုမ္ပဏီတွေနဲ့ မဆိုင်ပါဘူး”

POPULAR NEWS JOURNAL အတွဲ(၃)၊ အမှတ်(၁၅) တွင်ပါရှိသည့် “ပုဂ္ဂလိက ဝန်ထမ်းများ လစာတိုးမတိုး ကုန်ဈေးနှုန်းအပေါ်သာ ချိန်ထိုးမည်” သတင်းမှ AGDဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းဦး၏ပြောကြားချက်အား ကောက်နှုတ်ချက်

------------------------------------------------------------------------------------------------------------------------------

“ပြည်သူများ မလုပ်နိုင်သည့် တိုင်းပြည်အတွက် အဓိကကျသည့် အလုပ်ရုံ၊ စက်ရုံများမှအပ အစိုးရပိုင်ကျန်သည့် အလုပ်ရုံ၊စက်ရုံများကို ပြည်သူများထံ လွှဲပြောင်း ပေးလိုပါကြောင်း၊ ထို့ကြောင့် ကိုယ့်တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စီးပွားရေးလုပ်ငန်းရှင်များ များများပေါ်ထွက်လာအောင် မိမိတို့ အစိုးရ အဖွဲ့အသီးသီးက ဝိုင်းဝန်း မြေတောင်မြှောက်ပေးကြရန် တိုက်တွန်းလိုကြောင်း”

WEEKLY ELEVEN JOURNAL အတွဲ (၆)၊အမှတ် (၂၉) တွင်ပါရှိသည့် “ကျန်ရှိနေသည့် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်သွားရန် အစီအစဉ်ရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောကြား” သတင်းမှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs