Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

ရထားလမ်း စီမံကိန်းအတွက် တရုတ်-မြန်မာ MoU လက်မှတ်ထိုး

(27th April 2011 ရက်စွဲပါ China Daily မှ Xinhua ၏ China, Myanmar sign MoU on rail transport project ကို ဘာသာပြန်သည်။)

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် တရုတ်နှင့်မြန်မာတို့သည် ရခိုင်ပြည်နယ် ဆိပ်ကမ်းမြို့ ကျောက်ဖြူမှ မြန်မာနိုင်ငံ နယ်စပ်မြို့ မူဆယ်သို့ ရထား လမ်း ပူးတွဲ ဖောက်လုပ်ရန် MoU လက်မှတ် ရေးထိုးခဲ့ကြသည်။

China Railways Engineering Corporation နှင့် မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနတို့ MoU လက်မှတ်ရေးထိုးရာသို့ ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Li Junhua၊ ရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းနှင့် China Railways Engineering Corporation မှ ဥက္ကဋ္ဌ Li Changjin တို့ တက် ရောက်ခဲ့ကြသည်။

MoU တွင် ရထားလမ်းတစ်လျှောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ ပါဝင်သည်။ MoU အရ မူဆယ်- လားရှိုး -ကျောက်ဖြူ ရထားလမ်း စီမံကိန်းကြီး၏ ပထမအဆင့် အနေဖြင့် ရှမ်းပြည်နယ် မူဆယ်မှ လားရှိုး သို့ ၁၂၆ ကီလိုမီတာ အရှည် ရထားလမ်း စတင် အကောင်အထည် ဖော်မည်ဖြစ်ရာ တံတားအကြီးအသေး ၄၁ ခု၊ ဥမင် လှိုဏ် ၃၆ ခုနှင့် ဘူတာ ၇ ခု တို့ ပါဝင်မည် ဖြစ်သည်။

အဆိုပါ စီမံကိန်းကို သုံးနှစ်အတွင်း အပြီးသတ်ရန် ရည်မှန်းထားပြီး၊ ကျောက်ဖြူမှ ယူနန်ပြည်နယ်သို့ ဆက်သွယ် သော ပိုက်လိုင်းစီမံကိန်း နှင့် အတူ လုပ်ဆောင်သွားမည် ဖြစ်သည်။

************************************************************************************************************

တရုတ်တွင် မယ်လမင်း ပါဝင်သော နို့မှုန့်(၂၆) တန် ဖမ်းဆီးရမိ

(27 April 2011 ရက်စွဲပါ CNN မှ Helena Hong ရေးသားသော China seizes 26 tons of melemine-tainted milk power ကို ဘာသာပြန်သည်)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းရှိ ရဲတပ်ဖွဲ့သည် ရေခဲမုန့်ပြုလုပ်ရန် ရည်ရွယ်ထားသော မယ်လမင်းပါဝင်သော နို့မှုန့် (၂၆) တန်ကို ဖမ်းဆီးရ မိခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

Chongqing မြို့ရှိ လူထုလုံခြုံရေး ဗျူရိုက ပြောကြားရာတွင် အဆိုပါ နို့မှုန့်ဝယ်သူသော စက်ရုံအား စက်ပစ္စည်း များ ထိန်းသိမ်းရေးအတွက် ပိတ် ထားကြောင်း၊ ထို့ကြောင့် မယ်လမင်းနို့မှုန့်များ ပါဝင်သော ပစ္စည်းများ ဈေးကွက်အတွင်း သို့ မရောက်ရှိသေးကြောင်း ဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်သူ သုံးဦးအား ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသည်။ မယ်လမင်းမှာ သာမန်အားဖြင့် အပေါ်ယံ လွှာ ထပ်ခြင်း၊ ကော်များတွင် အသုံးပြုခြင်း၊ မီးမကူးအောင်အပေါ်လွှာတင်ခြင်းများတွင်သာ အသုံးပြုသည်။

အချို့တရုတ် နို့ထွက်ပစ္စည်း စက်ရုံများသည် မယ်လမင်းအား နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် ထည့်သွင်းပြီး ပရိုတင်းဓာတ် ပါဝင်မှုများ စေရန် ပြုလုပ်ခဲ့သည်။

အဆိုပါ အမှုကိစ္စမှာ ၂၀၀၈ ခုနှစ်က မယ်လမင်းနို့မှုန့်ကြောင့် ကလေးခြောက်ဦး သေဆုံးပြီး၊ ထောင်ပေါင်းများစွာသော ကလေးများမှာ ကျောက် ကပ်တွင် ကျောက်တည်ပြီး ဆီးလမ်းကြောင်းရောဂါများ ဖြစ်ခြင်းကြောင့် ထုတ်ဖော်နိုင်ခဲ့ သည်။ အဆိုပါအမှုကိစ္စကြောင့် နှစ်ဦးအား သေဒဏ်ပေးခဲ့ပြီး၊ (၂၁)ဦးမှာ အရေးယူအပြစ်ပေးခံခဲ့ရပြီး အမှုနှင့် တိုက်ရိုက် ပတ်သက်သော ကုမ္ပဏီမှာ ဒေဝါလီခံခဲ့ရသည်။

ယခု Chongqing တွင် ဖမ်းဆီးရမိမှုမှာ မတ်လ(၂၅) ရက်နေ့က ဖြစ်ပြီး၊ မြို့မှ တာဝန်ရှိသူများက အင်္ဂါနေ့ကမှ ကြေညာခဲ့သည်။ ၎င်းတို့သည် ရက် (၁၀၀) အစားအသောက် ဘေးကင်းရေး စီမံချက်ကို အင်္ဂါနေ့ကစတင်ခဲ့သည်။

**********************************************************************************************************

ထိုင်း-ကမ္ဘောဒီးယားစစ်ပွဲများကြောင့် ဆွေးနွေးပွဲ ဖျက်သိမ်း

(27 Apirl 2011 ရက်စွဲပါ BBC News မှ Talks cancelled as Thailand- Cambodia clashes continues ကို ဘာသာ ပြန်သည်)

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံမှ တပ်များသည် နှစ်နိုင်ငံ အငြင်းပွားနေသော နယ်စပ်တွင် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိရာ ခြောက်ရက်မြောက်နေ့ အထိ (၁၄)ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ တိုက်ပွဲများ အများဆုံးဖြစ်ပွားသည့် နေရာများမှာ Ta Moan နှင့် Ta Krabey ဘုရား ကျောင်းများ အနီးတွင် ဖြစ်သည်။

ထိုင်းနိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောကြားရာတွင် အင်္ဂါနေ့က ဒုံးကျည်ထိမှန်မှုကြောင့် ထိုင်းရွာသား တစ်ဦး သေဆုံးခဲ့သည်ဟု ဆို သည်။

နှစ်ဖက်စလုံးက တစ်ဦးကို တစ်ဦး ပဋိပက္ခ စတင်ကျူးလွန်အဖြစ် စွပ်စွဲလျက်ရှိကြသည်။ အငြင်းပွားမှုနှင့် ပတ်သက်၍ ဝန်ကြီးအဆင့် အစည်း အဝေးကို ယနေ့ ကျင်းပရန် စီစဉ် ထားသော်လည်း ထိုင်းနိုင်ငံမှ ဖျက်သိမ်းခဲ့သည်။

“တချို့ ကမ္ဘောဒီးယား မီဒီယာတွေမှာ ထိုင်းနိုင်ငံက ရှုံးနှိမ့်မှုကြောင့် အပစ်အခတ်ရပ်ဖိုး သဘောတူခဲ့တယ်လို့ သတင်းတွေ ထုတ်ပြန် နေကြတယ်။ ဒါကြောင့် မနက်ဖန် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝပ်ရဲ့ ဖနွမ်းပင် ခရီးစဉ်ကို ဖျက်သိမ်းဖို့ မနေ့ညက ဆုံးဖြတ်ခဲ့ပါတယ်” ဟု စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sunsern Kaewkumnerd ကပြော ကြားခဲ့သည်။

ထိုင်း-ကမ္ဘောဒီးယားနယ်စပ် အစိတ်အပိုင်းများတွင် နယ်နိမိတ် သတ်မှတ်ထားခြင်းမရှိသဖြင့် တင်းမာမှုများ ဖြစ်ပြီး၊ ပစ်ခတ်မှုများကို ဖြစ်စေ ခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သည့်နှစ်များအတွင်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ပဋိပက္ခမှာလွန်ခဲ့သည့် သုံးနှစ် ကမ္ဘောဒီးယားတွင် အထွေထွေ ရွေးကောက် ပွဲ ကျင်းပစဉ်က ဖြစ်ပွားခဲ့ပြီး၊ ယခု နောက်ဆုံးတိုက်ပွဲများမှာ လာမည့်ရက် သတ္တပတ်များ အတွင်း ထိုင်းနိုင်ငံက ရွေးကောက်ပွဲက်ု ကျင်းပရန် ပြောကြား ခဲ့စဉ် ဖြစ်ပွားခဲ့သည်။

ယခုနောက်ဆုံး တိုက်ပွဲများမှာ သောကြာနေ့က  စတင်ခဲ့ပြီး နှစ်ဖက်စလုံး အငြင်းပွားနေသော ဘုရားကျောင်း နှစ်ခု အနီးတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့က ဖြစ်ပွားသော တိုက်ပွဲများမှာ အငြင်းပွားမှု၏ အဓိကဖြစ်သော တောင်ထပ်မှ Preah Vhear ဘုရား ကျောင်း ၏ အရှေ့ဖက် ကီလို ၁၆၀ (မိုင် ၁၀၀) အကွာတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းများက ဆိုသည်။

ကမ္ဘောဒီးယား တာဝန်ရှိသူများက ပြောကြားရာတွင် ဗုဒ္ဓဟူးနေ့က တိုက်ပွဲများသည် နံနက်စောစောတွင် စတင် ဖြစ်ပွားပြီး၊ နာရီအတန်ကြာ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထောင်ပေါင်းများစွာသော ရွာသားများမှာ တိုက်ပွဲများကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ ကမ္ဘောဒီးယား (၈)ဦး နှင့် ထိုင်းစစ်သား (၅)ဦး သေဆုံးခဲ့သည်။

****************************************************************************************************

အင်ဒိုနီးရှားတွင် ပြင်းအား ၆.၃ မဂ္ဂနီကျူ ငလျင် လှုပ်

(AFP သတင်းမှ 26 April 2011 ရက်စွဲပါ “6.3 magnitude aquake hits Indonisia” သတင်းကို ဘာသာပြန်ဆိုသည်)

အင်္ဂါနေ့ ဂျာဗားကျွန်း အလယ်ပိုင်း ဆီလာကက်ပ်၏ အနောက်တောင်ဖက် ကီလိုမီတာ ၁၂၀ အကွာ နေရာ တဝိုက်ကို ဗဟိုပြုကာ မြေအောက် အနက် ၂၄ ကီလိုမီတာခန့်တွင် ၆.၃ မဂ္ဂနီကျူ ပြင်းအားရှိသော မြေငလျင် တစ်ခု လှုပ်သွားခဲ့ကြောင်း ဒေသ အာဏာပိုင်များက ပြောကြားသည်။

ပြည်တွင်း မိုးလေဝသနှင့် မြေငလျင်တိုင်းတာရေး ဌာနက “ဆူနာမီ သတိပေးမှု မရှိကြောင်း” ဆိုသည်။ “အဆိုပါ ဒေသတွင် တုန်လှုပ် ခြောက်ခြား သွားခဲ့ကြသော်လည်း ထိခိုက်ပျက်စီးမှု သတင်းများ ယခုထိ မရရှိသေးပါ” ဟု ဆီလာကက်ပ်မှ သဘာဝဘေးအန္တရာယ် ကွပ်ကဲရေး တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားသည်။

“ငလျင်လှုပ်တဲ့အချိန်မှာ ခပ်ပြင်းပြင်း တုန်ခါသွားတာကို ခံစားလိုက်ရတယ်ဗျ၊ လူတော်တော်များများကတော့ အိမ်တွေရဲ့ အပြင်ဖက်ကို ပြေးထွက်လာကြတယ်၊ လောလောဆယ်တော့ သဘာဝ ဘေးအန္တရာယ်ကွပ်ကဲရေး တာဝန် ရှိသူတွေက ဆူနာမီ သတိပေးမှု မရှိပါဘူးလို့ ပြောကြား အသိပေးရင်းနဲ့ ဒီကပြည်သူတွေ စိတ်အေးလက်အေး ဖြစ်အောင် ကြိုးစားနေကြပါတယ်” ဟု တာဝန်ရှိသူတစ်ဦးဖြစ်သူ ဆူဟာမန်က ပြောကြားသည်။

ဆီလာကက်ပ်ရှိ “ပါတာမီနာ” နိုင်ငံပိုင် ရေနံနှင့် ဓါတ်ငွေ့လုပ်ငန်းပိုင် ရေနံချက် စက်ရုံတွင်လည်း ထိခိုက်ပျက်စီးမှု သတင်းမရရှိပါဟု AFP သတင်းထောက်က ပြောကြားသည်။

ကမ္ဘာ့တိုက်ကြီးများ၏ မြေလွှာကြီးများ ဆုံတွေ့ကာ ပြင်းထန်သော မြေအောက်လှုပ်ရှားမှုများ ရှိနေသည့် ပစိဖိတ် မီးတောင်စက်ဝန်းပေါ်တွင် အင်ဒိုနီးရှားနိုင်ငံ တည်ရှိနေပြီး ထိုဒေသတွင် မကြာခဏ ငလျင်များ လှုပ်လေ့ရှိသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၂၈.၄.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာနိုင်ငံကို  မသက်မသာ ကျားကန်ပေးနေသည့် အာဆီယံ မဟာမိတ်များ

(IPS သတင်းဌာနမှ 26 April 2011 ရက်စွဲပါ Larry Jagan ၏ “Asean Allies Back Burma Uneasily” ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ အရပ်ဖက်အစိုးရသစ်သည် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ထောက်ခံသူ  ရရှိအောင် ကြိုးစားခြင်း အားဖြင့် ၎င်း၏ အာဆီယံ မဟာမိတ်များကို ပြဿနာများ ပေးလျက်ရှိသည်။ သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် တစ်လ သက်တမ်းရှိသွားပြီ ဖြစ်သော အရပ်ဖက်အစိုးရသည် “အရပ်သားအစိုးရသစ်” ဟူသော အသွင်အပြင် အောက်တွင် စတင် မိတ်ဆက် ပြုလုပ်သည့် အပေါ်ယံ ပြောင်းလဲမှုများကို နိုင်ငံတကာ၏ ထောက်ခံမှု ရရှိအောင် ကြိုးပမ်းသည့်အနေဖြင့် သံတမန် ထိုးစစ်စင် တစ်ရပ်ကို စတင်ဆင်နွှဲခဲ့သည်။

ယင်းပြောင်းလဲမှုများကို အရှေ့တောင်အာရှဒေသက အားပေးထောက်ခံရေးမှာ သမ္မတကြီး၏ ပထမ ဦးစားပေး ကိစ္စဖြစ်ပေရာ ယင်းကိစ္စ ခိုင်မာအောင် ပြုလုပ်သည့်အနေဖြင့် သမ္မတဦးသိန်းစိန်က အာဆီယံ အထွေထွေ အတွင်းရေးမှူး ချုပ် ဆူရင်ပစ်ဆူဝမ်ထံ စာတစ်စောင် ရေးသားပြီး ဖြစ်ကာ အာဆီယံဥက္ကဋ္ဌ နေရာ ရရှိရေး ကြိုးပမ်းမှုကို ထပ်မံ ဆောင်ရွက် ခဲ့သည်။

ထိုကဲ့သို့ အစိုးရသစ်အတွက် ဒေသတွင်းနှင့် နိုင်ငံတကာ လက်ခံယုံကြည်မှု ရရှိရေး၊ နိုင်ငံတကာ အပယ်ခံဘဝမှ ရုန်းထွက်ရေးအတွက် ရည်ရွယ်သော သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုအသစ်သည် ပထမဆုံးဖွင့်သည့် စစ်မျက်နှာပင် ဖြစ် သည်။

“ဦးသိန်းစိန်အစိုးရက နိုင်ငံတကာ အသိအမှတ်ပြုမှုကို အပူတပြင်း လိုအပ်နေပါတယ်။ အရပ်ဖက်လို့ခေါ်တဲ့ သူတို့ အစိုးရသစ်အတွက် နိုင်ငံတကာက ယုံကြည်လက်ခံမှု ရရှိရေးဟာ သူတို့အတွက် သိပ်ကို အရေးကြီးနေပါတယ်” ဟု လက်ရှိ အမေရိကန် အခြေစိုက် မြန်မာ့ရေးရာ ပညာရှင် ဦးဝင်းမင်းက ပြောကြားသည်။

သို့သော်လည်း မြန်မာခေါင်းဆောင်များ ပြုလုပ်သော ယခုသံတမန်ရေး ကြိုးပမ်းမှုသည် sanctions များကို ထောက်ခံနေဆဲ အနောက် နိုင်ငံများနှင့် မြန်မာနိုင်ငံကို ဒေသတွင်း စီးပွားရေးဆိုင်ရာ မဟာဗျူဟာမြောက် ဖွဲ့စည်းပုံ အတွင်းသို့ သွတ်သွင်းလိုသည့် အာရှနိုင်ငံများအကြား တင်းမာမှုကို မလွှဲမရှောင်သာ ကြီးထွားစေပါလိမ့်မည်။ မြန်မာတို့၏ သံတမန်ရေး ကြိုးပမ်းမှုသည် သူတို့၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များက ပေးသော ပြဿနာများကို မည်သို့ နိုင်နင်း စွာ ကိုင်တွယ်မည်ဆိုသည့် အပေါ် အာရှနိုင်ငံများနှင့် အနောက်နိုင်ငံများ(အထူးသဖြင့် အမေရိကန် ပြည်ထောင်စု) အကြား သဘောကွဲလွဲမှုများကိုသာ ပိုမိုပြင်းထန်စေမည့် အလားအလာ ရှိသည်။

လတ်တလောတွင် အမေရိကန်ပြည်ထောင်စုက အထူးကိုယ်စားလှယ် Derek  Mitchell ကိုခန့်အပ်ခြင်း၊ မြန်မာ အစိုးရ ဝန်ကြီးအချို့အပေါ် ဗီဇာ ပိတ်ပင်မှုကို အီးယူက ပြင်ဆင် ပယ်ဖျက်ပေးခြင်းတို့သည် မြန်မာအစိုးရသစ်နှင့် ဆက်ဆံ ရန် ကြိုတင်ပြင်ဆင်မှုအသစ်ဖြစ်ကြောင်း အချက်ပြ နေချိန်၌ မြန်မာတို့က ထို့ထက်ပို၍ လိုချင်နေသော အရာမှာ နိုင်ငံ တကာ၊ အထူးသဖြင့် ဒေသတွင်းမှ လက်ခံယုံကြည်မှုနှင့် အားပေးထောက်ခံမှုပင် ဖြစ်သည်။

သမ္မတအဖြစ် ကျမ်းသစ္စာ ကျိမ်ဆိုပြီးနောက် ချက်ခြင်းပင် ဦးသိန်းစိန်က အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ထံ စာတစ်စောင် ရေးသား ပေးပို့ကာ ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌ ဖြစ်လာရေး၊ မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုကို လက်ခံပေးရန် တောင်းဆိုထားသည်။

၂၀၀၆ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌ အဖြစ်တာဝန်ယူရမည့် မြန်မာနိုင်ငံ၏ အလှည့်ကို ပယ်ချရန် နိုင်ငံတကာက ဖိအားပေးမှုများကြောင့် ထိုအခွင့်အရေးကို မြန်မာအစိုးရက ၂၀၀၄ခုနှစ်တွင် လက်လွှတ်ခဲ့ရသည်။ ယခုအခါ မြန်မာအစိုးရ က ထပ်မံအလှည့်ကျလာသည့် အခွင့်အရေးကို ယူရန် ဆန္ဒပြင်းပြနေပြီး နောက်လ အင်ဒိုနီးရှားတွင် ကျင်းပမည့် အာဆီယံ ထိပ်သီးညီလာခံတွင် အာဆီယံအဖွဲ့၏ အတည်ပြုထောက်ခံမှုရရှိရန် လိုလားနေ သည်။

သို့သော်လည်း ယခု အစိုးရသစ်သည် ယခင် အာဏာရှင် စစ်အစိုးရ စစ်စစ်မှ အများနှင့် ဆိုင်သော အာဏာ ဖွဲ့စည်းပုံသို့ သိသိသာသာ ပြောင်းလဲခြင်းဖြစ်ကြောင်း သက်သေပြမည့် မြန်မာအစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ မစ်ရှင်တွင် နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးတော်ခံနေရခြင်းအပေါ် အချို့သော မြန်မာအိမ်နီးချင်းနိုင်ငံများက စိုးရိမ်ပူပန်နေကြဆဲဖြစ် သည်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံအများစုအတွက် အဓိက ပဓာန ကျသောအချက်မှာ မြန်မာနိုင်ငံသည် ၁၉၉၇ သည် အာဆီယံသို့ ဝင်ရောက်ချိန်မှစ၍ အာဆီယံ အဖွဲ့တွင် အမြဲတမ်း ဆူးတစ်ချောင်း ဖြစ်နေခဲ့ခြင်းနှင့် အာဆီယံ၏ မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်များ (အထူး သဖြင့် ဥရောပနှင့် အမေရိကန်ပြည်ထောင်စု)နှင့် ချောမွေ့နက်ရှိုင်း သော ဆက်ဆံရေးတွင် အဓိက အတားအဆီး တစ်ခုဖြစ်နေခြင်း ဟူသောအချက်ပင် ဖြစ်သည်။

ဦးသိန်းစိန် ခေါင်းဆောင်သည့် အရပ်ဖက် အစိုးရသစ် ပေါ်ထွက်လာခြင်းသည် လက်ရှိအနေအထားကို ရှုတ်ထွေး သွားစေရုံသာ သက်ရောက်မှု ရှိပြီး အထူးသဖြင့် တရားဝင် ရွေးကောက်သော အစိုးရအဖြစ် နိုင်ငံတကာက အသိအမှတ်ပြု အောင် စည်းရုံး အားထုတ်ခြင်း၊ ဒေသတွင်း ထောက်ခံမှု ရအောင် ကြိုးစားခြင်းတို့ကြောင့် သဘောထားကွဲလွဲမှုများ ကြီး ထွားစေသည်။

တရုတ်နိုင်ငံကမူ မတောင်းခင်ကပင် ပေးချင်နေခဲ့ပြီး အစိုးရ အဖွဲ့ဝင် ကျမ်းသစ္စာ ကျမ်ဆိုပြီးနောက် ရက်ပိုင်း အတွင်း၌ပင် ထိပ်ပိုင်း နိုင်ငံရေး ခေါင်းဆောင် တစ်ဦးကို ပထမဆုံး နိုင်ငံတကာ ဧည့်သည်တော် အဖြစ် နေပြည်တော်သို့ စေလွှတ်ခဲ့သည်။ သို့သော် မြန်မာတို့ တောင်းတနေသော အရာ မှာ အာဆီယံ၏ ထောက်ခံမှုသာဖြစ်သည်။

မနှစ်က ဟနွိုင်းအာဆီယံ ထိပ်သီးညီလာခံတွင် ဦးသိန်းစိန်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်အရ ၂၀၁၁ တွင် ဥက္ကဋ္ဌ တာဝန်ယူရေး အတွက် တွန်းအားပေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး၏ ရည်ရွယ်ချက်မှာ အာဆီယံအဖွဲ့က ဥက္ကဋ္ဌ တာဝန်ပေးခြင်းအားဖြင့် အရပ်ဖက် အစိုးရသစ် အတွက် အာဆီယံထောက်ခံမှု ရရှိရေးပင်ဖြစ်သည်။ သို့သော်လည်း ယင်းသို့ တောင်းဆိုမှု ပယ်ချခံခဲ့ရပြီး အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းတို့က လာမည့် ၃ နှစ် အတွက် ဥက္ကဋ္ဌ တာဝန်များကို အလှည့်ကျရရှိသွားခဲ့ကြကာ မြန်မာနိုင်ငံအနေဖြင့် အစောဆုံး ၂၀၁၄မှသာလျှင် အာဆီယံဥက္ကဋ္ဌ ဖြစ်ရန် မျှော်လင့် နိုင်တော့သည့် အခြေအနေကို ကြုံခဲ့ရသည်။

ဤအချက်သည် မြန်မာအစိုးရသစ်အား အာဆီယံဥက္ကဋ္ဌ မဖြစ်နိုင်ခင် ခိုင်မာ ထင်ရှားသော ပြောင်းလဲမှု အရင် ပြုလုပ်ရန် မျှော်လင့်နေကြ ကြောင်း ရှင်းလင်းစွာ အသိပေးခဲ့ခြင်းပင် ဖြစ်သည်။ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က အစည်းအဝေး ပြီးလျှင်ပြီးချင်း ဟနွိုင်းတွင် ပြုလုပ်သော IPS သတင်းဌာနနှင့် အင်တာဗျူးတွင် “ ဒါဟာ မြန်မာတွေ စီစဉ်ထားတဲ့ ရွေးကောက်ပွဲတွေ၊ နိုင်ငံရေးပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ သိုသိပ်ထားရတဲ့ ကျွန်တော်တို့ရဲ့ မခံချိမခံသာ ဖြစ်မှုကို ပြသနိုင်တဲ့ တစ်ခုထဲသော နည်းလမ်းပါပဲ” ဟုပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ အမျိုးသားပြန်လည် စေ့စပ်ညှိနှိုင်းမှု ဖြစ်ပေါ်စေဖို့ အာဆီယံက အလွန့်အလွန် စိတ် ဝင်စားပါတယ်။ ဘာတွေပဲ ဖြစ်လာ ဖြစ်လာ၊ အာဆီယံအပေါ်မှာ သက်ရောက်မှုရှိလာမှာပါ၊ အပေါင်းဖြစ်ချင်ဖြစ်မယ်၊ အနှုတ် ဖြစ်ချင်ဖြစ်မယ်” ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

ယခုအခါ အာဆီယံနိုင်ငံများအနေဖြင့် ဘာလုပ်ရမှန်းမသိအောင် နက်ရှိုင်းသည့် အကျပ်အတည်းတွင် ကျရောက် နေကြသည်။ သူတို့အနေဖြင့် မြန်မာ အစိုးရ အပါ် တတ်နိုင်သမျှ လွှမ်းမိုးထားရင်း ပိုမို ဒီမိုကရေစီဆန်သော၊ ပိုမိုပွင့်လင်း မြင်သာသော နိုင်ငံဖြစ်လာအောင် မြန်မာအစိုးရကို ဖိအားပေးချင်ကြ သည်။

မကြာသေးမီကပင် ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားက ဘန်ကောက်တွင် သတင်းထောက်များအား “ကျွန်တော်တို့ (အာဆီယံ) အနေနဲ့ မြန်မာအစိုးရကို ဆက်လက် တွေ့ဆုံဆွေးနွေးသွားမှာပါ။ တကယ်လို့ ကျွန်တော်တို့မှာ ဒီလိုသဘောထား မရှိဘူးဆိုရင် မြန်မာနိုင်ငံအတွင်းက အနေအထားဟာ ပိုပြီးဆိုးဝါး သွားပါလိမ့်မယ်” ဟုပြောကြားခဲ့ သည်။

ယခုအခါ မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ အိပ်မက်သည် လွန်ခဲ့သော ၁၀နှစ်ကအတိုင်း အာဆီယံအဖွဲ့ကို ပြန်လည် ခြောက်လှန့်နေပုံရသည်။ သို့သော် ဤအကြောင်းအရာသည် ဒေသတွင်းနိုင်ငံများက နေပြည်တော်အစိုးရအပေါ် လွှမ်းမိုးနိုင်သည့် တစ်ခုထဲသော အရှိန်အဝါပင်ဖြစ်သည်။

“သူတို့ကို ခြိမ်းခြောက်တာ၊ ချော့တာ၊ ဆုံးမတာတွေဟာ ဘယ်လိုမှ ထိရောက်မှု မရှိပါဘူး” ဟု မြန်မာ ခေါင်းဆောင်ပိုင်းနှင့် ကာလရှည်ကြာ ထိတွေ့ဆက်ဆံဘူးသော အာရှ သံတမန်တစ်ဦးက ပြောကြားသည်။ “တကယ်လို သူတို့ကို ပြင်းပြင်းထန်ထန် ဖိအားပေးမယ်ဆိုရင် ကျွန်တော်တို့ကို ခပ်တည်တည်နဲ့ တံခါးပိတ်ထားလိုက်မှာပါ၊ အာဆီယံ အနေနဲ့ လက်တစ်ဖက်တည်းနဲ့ လက်ခုပ်တီးသလိုဖြစ်ပြီး အခြေအနေ ပိုဆိုးသွားမှာပါ” ဟု၎င်းက ဆိုသည်။

အာဆီယံဥက္ကဋ္ဌကိစ္စသည် မြန်မာအစိုးရအပေါ် အာဆီယံက သက်ရောက်သည့် တစ်ခုထဲသော သြဇာအာဏာ သာလျှင် ဖြစ်ပေသည်။ သို့သော် လည်း ပို၍အရေးကြီးသည်မှာ အာဆီယံ၏ အဓိက မဟာဗျူသာမြောက် လုပ်ဖော် ကိုင်ဖက်များ (အထူးသဖြင့် သြစတြေးလျ၊ အီးယူ၊ အမေရိကန် ပြည်ထောင်စု နှင့် ဆက်ဆံမှုများတွင် မလွဲမရှောင်သာ ထိခိုက်နိုင်မည် ဆိုသည့်အချက် ဖြစ်ကြောင်းကိုလည်း အာဆီယံအဖွဲ့က သိရှိကြသည်။

အဆိုပါ အငြင်းပွားဖွယ်ပြဿနာတွင် ဝါရှင်တန်က ပါဝင်နှင့်ပြီး ဖြစ်ကာ မြန်မာနိုင်ငံကသာ ဥက္ကဋ္ဌ တာဝန်ယူပါက အနီးကပ် ပူးပေါင်း လုပ် ဆောင်ရန် မလိုလားကြောင်း ပြောကြားထားပြီး ဖြစ်သည်။ “မြန်မာနိုင်ငံက ဥက္ကဋ္ဌနေရာယူမယ့်ကိစ္စ အပေါ် ကျွန်တော်တို့ စိုးရိမ်ပူပန်နေတယ် ဆိုတာ ကတော့ ပြောစရာမလိုလောက်အောင် အသိသာကြီးပါ။ အကြောင်းက တော့ သူတို့ရဲ့ ဆိုးဝါးညံ့ဖျင်းလှတဲ့ လူ့အခွင့်အရေးမှတ်တမ်းနဲ့ ပြည်တွင်းရေး အခြေအနေကြောင့်ပေါ့” ဟုနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့် ရှိသူ Mark Toner က ဝါရှင်တန်တွင် သတင်းထောက်များအား မကြာသေးမှီကပင် ပြောကြားခဲ့သည်။

သို့ဖြစ်ရာ မြန်မာတို့၏ သံတမန်ရေး လုံးပမ်းမှုသည် အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများအကြား မြန်မာနိုင်ငံကို ကိုင်တွယ်နည်းအပေါ် အငြင်း ပွားနေမှု မီးစကို ဓါတ်ဆီလောင်းပေးသလို ဖြစ်လာမည့်အပြင် မြန်မာတို့က အရပ်သားအစိုးရ ဟု ခေါ်သော အစိုးရအဖွဲ့သစ်သည် အထက်ပါ အသိုင်းအဝိုင်း နှစ်ခုကြားမှ တင်းမာမှုကို လျှော့ချမည့်အစား သူတို့အကြား နောက်ထပ် ငြင်းခုံစရာ ကိစ္စတစ်ခုသာ ဖြစ်လာခဲ့သည်။

*********************************************************************************************************

အာဆီယံ၏ မည်သည့် ဆုလဒ်မျိုးနှင့်မှ မထိုက်တန်သည့် မြန်မာ

(The Nation သတင်းစာ၏ အာဘော်(Editorial) ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်)

အာဆီယံ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံကို ဥက္ကဌရာထူး လွှဲပြောင်းမှုမပြုမီ လွန်စွာ အရေးကြီးသည့် ပြုပြင် ပြောင်း လဲမှုများ ပြုလုပ်ရန် ဦးစွာ ပထမ တောင်းဆိုသင့်သည်။

မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့(အာဆီယံ)၏ အဖွဲ့ဝင် ဖြစ်လာသည့် အချိန် မှစ၍ အာဆီယံဂုဏ်သိက္ခာ ကျဆင်းအောင်ပြုလုပ်ခဲ့သည်။ အာဆီယံခေါင်းဆောင်များက မိသားစုဝင်သစ် (အဖွဲ့ဝင် သစ် ဖြစ်သော မြန်မာနိုင်ငံအပေါ်နှစ် ပေါင်း ၁၄ နှစ် လုံးလုံး စိတ်ရှည်လက်ရှည်ဖြင့် ဆက်ဆံလာခဲ့သည်။ မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာရေးအတွက် အာဆီယံက ဆယ်စုနှစ် တစ်ခုကျော် ကြာစောင့်စားခဲ့သည်မှာ အချည်းနှီးသာ ဖြစ်ရသည်။

မြန်မာစစ်အစိုးရသည် ၎င်းရေးဆွဲခဲ့သော အဆင့် ၇ ဆင့်ပါ နိုင်ငံရေးလမ်းပြမြေပုံကို အပြီးသတ် အကောင် အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပြီး လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဌရာထူးနေရာရယူရန် စောင့်ဆိုင်းနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပါဝါအရှိဆုံးပုဂ္ဂိုလ်ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အရပ်ဘက်အစိုးရ တစ်ရပ်ကို ပြီးခဲ့သည့် လအတွင်း အောင်မြင်စွာ ဖွဲ့စည်းပေးလိုက်သည်။ သို့သော် ယင်းအစိုးရသစ်ဖွဲ့စည်းမှုကို မသမာ သော ရွေးကောက်ပွဲ တစ်ရပ်ကျင်းပပြီးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

အသစ် ထွက်ပေါ်လာသော မြန်မာပါလီမန် လွှတ်တော်မှာ စစ်ဘက်မှပုဂ္ဂိုလ်များ၊ စစ်အစိုးရ လက်ဝေခံများဖြင့် ပြည့်နှက်နေသည်။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေသည် ယခုအခါ မြန်မာနိုင်ငံအပေါ် အာဆီယံ၏ အသိအမှတ်ပြုမှုကို ပြီးစလွယ် ရယူလိုလျက်ရှိသည်။ လျှို့ဝှက်ဖုံးကွယ်တတ်သော နေပြည်တော်အစိုးရသစ်ကလည်း အာဆီယံဥက္ကဌ ရာထူးတာဝန် ရယူမှုဟူသည် အလိုအလျောက် ရသည့်ဖြစ်စဉ်တစ်ခုဟု ထင်မှတ်နေသည်။ ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်၊ လာအိုနိုင်ငံတွင် ကျင်းပသော အာဆီယံ ထိပ်သီးဆွေးနွေးပွဲ၌ မြန်မာနိုင်ငံက ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း များကြောင့် မိမိတာဝန်ယူရမည့် ဥက္ကဌရာထူးကို အလှည့်ကျော်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် ယခုအခါ မြန်မာ အစိုးရသစ်လည်း ဖွဲ့စည်းပြီးသွားပြီဖြစ်ရာ အာဆီယံက မြန်မာကိုယခင်ကထက်ပို၍ ယုံကြည်စိတ်ချရသော နိုင်ငံတစ်ခု အဖြစ် တွေ့မြင်လိုလျက်ရှိသည်။ ပေးထားသောကတိစကားများကို အမှန်တကယ် အကောင်အထည် ဖော်ပေးသော နိုင်ငံတစ်ခုအဖြစ်လည်းတွေ့မြင်လိုသည်။ သို့သော် ယခုနှစ်အစောပိုင်းကာလ၊ ဖေဖော်ဝါရီလတွင် အာဆီယံက ထုတ်ဖော် ခဲ့သော အဆိုပြုချက်ကို နေပြည်တော်အစိုးရက ယခုအချိန်အထိ တစ်စုံတရာ တုံ့ပြန်မှုမပြုသေးပေ။ ယင်းအဆိုပြုချက်မှာ မြန်မာ နိုင်ငံတွင်း အခြေအနေများကို အကဲဖြတ်ရန် အာဆီယံကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရန်ဖြစ်သည်။

မကြာသေးခင်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသွားသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲ၌ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆာဝမ်က လာမည့် မေလ ၇ ရက်မှ ၈ ရက်နေ့အထိ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာတွင် ကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲတွင် ဥက္ကဌရာထူးကိစ္စအတွက် ဆုံးဖြတ်မှုမပြုမီ မြန်မာနိုင်ငံတွင်း အဖြစ်မှန် ဖော်ထုတ်ရေးမစ်ရှင်တစ်ရပ်ကို ဝင်ရောက်ခွင့် ပြုရန် ထပ်မံအဆိုပြုခဲ့သည်။

ဖြစ်နိုင်ခြေရှိသည့်အချက်မှာ အဆိုပါ အဆိုပြုမှုအတွက် မြန်မာနိုင်ငံမှ အပြုသဘောဆောင်သော အဖြေမရရှိပါက အာဆီယံခေါင်းဆောင်များက ဥက္ကဌရာထူးအတွက် ဆုံးဖြတ်ချက်ကို ယခုနှစ်ကုန်ပိုင်းသို့ ရွှေ့ဆိုင်းဖွယ်ရှိသည်။ အမှန်တိုင်း ဆိုရပါက အာဆီယံခေါင်းဆောင်များအနေဖြင့် အဆိုပါ ကိစ္စကို အလျင်စလို နိဂုံးချုပ်ဆုံးဖြတ်ချက်မပြုသင့်ပေ။ အကြောင်းမှာ ၂၀၁၄ ခုနှစ်၊ အာဆီယံဥက္ကဌရာထူးကို မြန်မာကရယူထားမည်ဆိုပါက အဖွဲ့၏ ဒိုင်ယာလော့ခ်မိတ်ဘက်များ၊ အထူးသဖြင့်အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ(အီးယူ)၊ သြစတြေးလျ၊ ကနေဒါအစရှိသောနိုင်ငံတို့နှင့်ပို၍ ရှုပ်ထွေး လိမ်ပွေသော ဆက်ဆံရေးမျိုးများ ဖြစ်ပေါ်လာနိုင်သောကြောင့်ဖြစ်သည်။

ဝါရှင်တန်၏ သဘောထားကိုကြည့်လျှင် ခပ်ရှင်းရှင်းနှင့် ခပ်ပြတ်ပြတ်ဖြစ်သည်ကိုတွေ့ရသည်။ ဝါရှင်တန်က အကယ်၍သာမြန်မာနိုင်ငံတွင် အလားထူအခြေအနေမျိုး ဆက်လက်ရှိနေဦးမည်ဆိုပါက အမေရိကန်ခေါင်းဆောင်များ အနေဖြင့် အာဆီယံကကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲများနှင့် အခြားသောပုံမှန်တွေ့ဆုံဆွေးပွဲများကို တက်ရောက်မည် မဟုတ်ကြောင်း၊ အထူးသဖြင့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အာဆီယံ-အမေရိကန် ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲများ ဖြစ်ကြောင်းထုတ်ဖော်အသိပေးထားသည်။

အမှန်စင်စစ် မြန်မာနိုင်ငံ၏ အနာဂတ်ဟူသော ကိစ္စမှာ အာဆီယံအတွက်လတ်တလော သံသယဝင်စရာ ဖြစ်နေသည်။ အကယ်၍ အမေရိကန် ပြည်ထောင်စုကသာ ယင်းသို့လုပ်ကိုင်လာပါက အီးယူအဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ နှင့် နယူးဇီလန်တို့လည်း လိုက်ပါလုပ်ဆောင်ကောင်း လုပ်ဆောင် လာနိုင်သည်။ သို့အတွက်ကြောင့် အာဆီယံအနေဖြင့် မြန်မာနိုင်ငံတွင် ခိုမာပြီးယုံကြည်စိတ်ချရသော တိုးတက်ဖြစ်ထွန်းမှုများ အမှန်တကယ်ပေါ်ထွန်းမှု ရှိ၊မရှိကို အသေအချာ သိရှိအောင်လုပ်ထားရမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ဦးဆောင်သော မြန်မာအစိုးရသစ်ကလည်း မိမိတို့သည် စစ်မှန်သောအရပ်ဘက်အစိုးရဖြစ်ပြီး ပြည်သူထု၏ သဘောထားကို အမှန်တကယ်ထည့်သွင်းစဉ်းစားကာ လုပ်ကိုင်ဆောင်ရွက်ပေးသည် ဟူသော ကိစ္စကိုပေါ်လွင်အောင် လုပ်ဆောင်ပြသရမည်ဖြစ်သည်။ ထိုအစိုးရသစ်က မိမိသည် ပါလီမန်စနစ်အောက်မှ ပြည်သူ့ကိုယ်စားပြု အရပ်သားအစိုးရ ဖြစ်ပါသည်ဟု မိမိကိုယ်ကိုယ် အခိုင်အမာ ထုတ်ဖော်ပြောဆိုထားသည် မဟုတ်ပါလော။ အကယ်၍ ပြောသည်တိုင်းသာ ဟုတ်မှန်မည်ဆိုပါက လက်တွေ့လည်းသက်သေပြနိုင်ရမည်ဖြစ်သည်။ ထိုသို့ လက်တွေ့ကျကျမပြနိုင် လျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အတုအယောင်သဘောဖြင့် စီမံထားသော အဖွဲ့တစ်ခုအဖြစ်သာ ရှုမြင်ခံရမည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင် အာဆီယံအနေဖြင့်လည်း ယခင်အမြဲတစေလုပ်ခဲ့သလိုမျိုး ဝေ့လည်ကြောင်ပတ်လုပ်နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ အာဆီယံ၏ နာမည်ကျော်ကြားမှုသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် ပိုမိုမြင့်တက်လာပြီး အာဆီယံအပေါ် ယုံကြည်စိတ်ချသည့် အတိုင်းအတာလည်း ပိုမိုကြီးမားလာသောကြောင့် ဖြစ်သည်။ အကယ်၍ အာဆီယံကသာ မိမိ၏ အာဆီယံချာတာနှင့် ချာတာတွင်ပါသော ပြဌာန်းချက်များကို လေးစား လိုက်နာမှုမပြုပါက များစွာ မဝေးကွာသော အနာဂတ်တွင် အဆီယံအဖွဲ့ကြီးနိဂုံးချုပ်ပါပြီ ဟူသော သဘောမျိုးကို သက်ရောက်လာလိမ့်မည်ဖြစ်သည်။ ကာလကြာရှည်စွာ ညှဉ်းဆဲသတ်ဖြတ်မှုများ ရှိခဲ့သော မြန်မာနိုင်ငံသည် ယခုအခါတွင် အမှန်တကယ် လွတ်မြောက်မှု ရရှိသွားပြီ ဖြစ်သည်။ အာဆီယံ အဖွဲ့ဝင်များအနေဖြင့် အပယ်ခံနိုင်ငံဖြစ်သော မြန်မာနှင့် အများအလယ်တွင် ယှဉ်တွဲ ရပ်တည်နိုင်မည့်သတ္တိမျိုး မလွဲမသွေရှိရတော့မည်ဖြစ်သည်။ ထို့အတူ "ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုတ်နဲ့ ထွက်ရသည်" ဟူသော ဆိုရိုးစကားအတိုင်းဖြစ်လာမည့် အခြေအနေမျိုးကိုလည်း မဖြစ်မနေ ဖယ်ရှားပစ်ရမည်သာပင် ဖြစ်၏။

*************************************************************************************************************************

ပထမဆုံး အမေရိကန်သံအမတ်ကို အာဆီယံ ကြိုဆို

(AFP သတင်းမှ 26 April 2011 ရက်စွဲပါ “Asean welcomed first US ambassador” သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စု၏ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံဆိုင်ရာ ပထမဆုံး သံအမတ်ကြီး ၎င်း၏ ကိုယ်ရေး အချက်အလက် များကို ဂျာကာတာရှိ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ထံ အင်္ဂါနေ့က တင်ပြခဲ့ သည်။

ယခင်က ရှေ့နေတစ်ဦးဖြစ်သော David Lee Carden က အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်ထံ သူ့ကိုယ်သူ တရားဝင် မိတ်ဆက်ခဲ့ပြီးနောက် “အာဆီယံ ၁၀နိုင်ငံ အဖွဲ့သည် အကြံကြီး၊ ဥာဏ်ကြီးများဖြင့် ပြည့်နေသည်” ဟုသတင်းထောက်များကို ပြောဆိုလိုက်သည်။

၎င်းက ဆက်လက်၍ “ပေါင်းစည်းထားသော၊ လုံခြုံမှုရှိသော ကြွယ်ဝသော၊ ဒီမိုကရေစီထွန်းကားသော အရှေ့တောင်အာရှ ဟူသော အမြင်ကို သိရှိနားလည်ခြင်းအားဖြင့် ခွန်အားပြည့် အာဆီယံ၏ကဏ္ဍကို အဆင့်အားလုံး၌  အားပေး ထောက်ခံသွားရန် အမေရိကန်ပြည်ထောင်စုက ကတိပြု သည်” ဟုပြောဆိုခဲ့သည်။

ဂျကာတာရှိ အာဆီယံ ဌာနချုပ်တွင် အမြဲတမ်း သံအမတ်ထားရှိ အခြေစိုက်သော အာဆီယံ မဟုတ်သည့် နိုင်ငံ များစာရင်းတွင် ဂျပန်နိုင်ငံ၏ နောက်တွင် အမေရိကန်ပြည်ထောင်စုက ဒုတိယမြောက်နိုင်ငံဖြစ်လာသည်။

ယခင် သမ္မတဟောင်း ဂျော့ဒဗလျူဘွတ်ရှ်၏ လက်ထက်တွင် အာရှဒေသမှ ခြေတစ်လှမ်းဆုတ်ခဲ့ပြီးနောက် ယခု အိုဘားမားအစိုးရက အာရှ ဒေသနှင့် ထိတွေ့ဆက်ဆံမှုများ မြှင့်တင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ယခု အစီအစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

အာဆီယံအဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများ ပါဝင် ကြသည်။ ယခုကဲ့သို့ လူဦးရေသန်း ၅၀၀ ကျော်သော အဖွဲ့အစည်းနှင့် ဆက်ဆံရေး ထူထောင်မြှင့်တင်ခြင်းအတွက် ကြီးမားသော ကုန်သွယ်ရေးနှင့် စီးပွားရေး အခွင့်အလမ်းများကို ရရှိရန် အမေရိကန် ပြည်ထောင်စုက စိတ်ဝင်စားနေသည့်အပြင် ဒေသတွင်း တန်ခိုးထွားလာသော အင်အားကြီး တရုတ် နိုင်ငံကို ရင်ဆိုင်မည့် မဟာဗျူဟာမြောက် ခံစစ် တံတိုင်းတစ်ခု အဖြစ် အာဆီယံကို ရှုမြင်ထားသည်။

***************************************************************************************************

တိုင်းရင်းသားများ၏ ယုံကြည်မှု ရရှိရန် လိုအပ်

(Associated Press မှ 21st  Aprial 2011 ရက်စွဲပါ “Myanmar Leader: Government must win minorities trust” သတင်းကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံ၏ သမ္မတသစ် ဦးသိန်းစိန်က ၎င်း၏အစိုးရ အနေဖြင့် တိုင်းပြည်၏ တိုင်းရင်းသား လူမျိုးစုများစွာအား သူတို့အပေါ် ကောင်းမွန်သော ရည်ရွယ်ချက်၊ စေတနာများ ထားရှိကြောင်းကို စည်းရုံး သိမ်းသွင်းရမည်ဟု ပြောကြားလိုက် သည်။

သမ္မတ ဦးသိန်းစိန်က “၎င်း၏ အစိုးရသည် နယ်စပ်ဒေသတွင် နေထိုင်သော တိုင်းရင်းသား လူမျိုးစု အုပ်စုများ အပေါ် ကောင်းမွန်သော စေတနာများ ထားရှိကြောင်းကို ဆွေးနွေး စည်းရုံးရမည် ဖြစ်ပြီး သို့မှသာ ဖွံ့ဖြိုးတိုးတက်ရေး ကြိုး ပမ်းမှုများနှင့် အိမ်နီးခြင်းနိုင်ငံများ အပေါ် မျက်နှာ ပျက်ရသော ကိစ္စများတွင် တိုင်းရင်းသားအုပ်စုများက ပါဝင်ပူးပေါင်း ကူညီ ကြလိမ့်မည်” ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ New Light of Myanmar က တနင်္ဂနွေနေ့တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားအုပ်စု အတော်များများသည် ကိုယ်ပိုင်အုပ်ချုပ်ရေး ရရှိအောင် ဆယ်စုနှစ်များစွာ တော်လှန် လှုပ်ရှားခဲ့ကြသော် လည်း ၎င်းတို့၏ ကြိုးပမ်းမှုများမှာ မြန်မာ့တပ်မတော်၏ ဖိနှိပ် နှိမ်နင်းမှုနှင့် ရင်ဆိုင် ကြုံတွေ့ခဲ့ ကြရသည်။ အဆိုပါ အုပ်စုများအနက် ကရင်နှင့် ရှမ်းစသော အုပ်စုများက အိမ်နီးချင်း တိုင်းပြည်များ အထူးသဖြင့် ထိုင်း နိုင်ငံတွင် ထောက်ပံ့ရေး ကွန်ယက်များ ထားရှိကြသည်။

ဦးသိန်းစိန်၏စကားများက စေ့စပ်ညှိနှိုင်းမှုကို ရည်ညွှန်းပုံရသော်လည်း မြန်မာတပ်ဖွဲ့များကမူ တိုင်းရင်းသား တော် လှန်ရေး သူပုန်များ အပေါ် စစ်ဆင်ရေးများ ဆက်လက် ဆင်နွှဲ တိုက်ခိုက်လျက် ရှိသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs