Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၀.၄.၂၀၁၁

ဘာသာပြန်သတင်းများ

ရှမ်းလက်နက်ကိုင်များကိစ္စ မြန်မာစစ်တပ်နှင့် KIA ထိပ်တိုက်တွေ့

(Asia Correspondent မှ 27th April 2011 ရက်စွဲပါ “Burm Army and KIA meet head-on over shan fighters” သတင်းကို ဘာသာ ပြန်ဆိုသည်)

ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်-မြောက်ပိုင်း SSA (N) နှင့်ပတ်သက်၍ ရှမ်းပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တင်းမာမှု ထပ်မံ ပေါ်ပေါက်လျက် ရှိသည်ဟု Kachin News Group (KNG) က မနေ့က ပြောကြားသည်။ ဧပြီ လဆန်း ပိုင်းတွင် မြန်မာ အစိုးရ တပ်ဖွဲ့များက ရှမ်းစစ်သားများကို ရှာဖွေရန် အတွက် KIA အမှတ် ၄ တပ်မဟာ၏ နယ်မြေများဖက်သို့ ဦးတည်လာခဲ့ခြင်းကြောင်း ရှမ်းပြည် မြောက်ပိုင်းတွင် အချိန်မရွေး စစ်ဖြစ်လာနိုင်ကြောင်း KIA တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။

KIA တပ်မဟာ ၄ အခြေစိုက်သော ဒေသမှာ ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် အနီးမှ လွိုင်ကန်ဖြစ်သည်။ KIA တပ်မဟာ ၄ သည် ရှမ်းပြည် မြောက်ပိုင်းတွင် တပ်ရင်း ၅ ရင်း ဖွဲ့စည်းထားပြီး တပ်ရင်း ၁၇၊ တပ်ရင်း ၂၉ တို့နှင့် အနီးဆုံး နယ်မြေများတွင် မြန်မာအစိုးရ တပ်ဖွဲ့များနှင့် SSA-N တို့ လတ်တလော တိုက်ပွဲ ဖြစ်ပွားနေသည်။

တစ်ချိန်ထဲတွင် KIA တပ်ရင်း ၂ ၊ တပ်ရင်း ၈၊ တပ်ရင်း ၉ နှင့် လွိုင်ကန် တပ်မဟာ ဌာနချုပ် တို့၏ နယ်နမိတ်စည်းများ အပြင်ဖက်တွင် မြန်မာ အစိုးရ တပ်ဖွဲ့များ နေရာယူ တပ်စွဲထားကြောင်း၊ သို့သော်လည်း ယခုအချိန်ထိ KIA နယ်မြေများထဲသို့ ဝင်လာခြင်း မရှိသေးကြောင်း တပ်မဟာ ၄ သတင်းရပ်ကွက် အဆိုအရ သိရှိရသည်။ မြန်မာနိုင်ငံ၏ ဒုတိယ အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အုပ်စု ဖြစ်သည့် KIA တွင် တပ်မဟာ ၅ ခုရှိ၍ ၎င်းတို့အနက် တပ်မဟာ ၄ ခုမှာ ကချင်ပြည်နယ်တွင် အခြေစိုက်သည်။ ၎င်းတို့တွင် တပ်ရင်း ၃၀ ခန့် ဖွဲ့စည်းထားကာ အမြဲတမ်းနှင့် အရံ တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း အင်အား ၃၀၀၀၀ ကျော် ရှိသည်ဟု KIA က ပြောကြားသည်။

KIA တပ်ဖွဲ့များသည် မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် တိုက်ခိုက်ရန် အသင့်အနေအထား ရှိနေကြောင်းနှင့် တားမြစ်ထားသော နယ်မြေ ပိုင်နက် များထဲသို့ မြန်မာအစိုးရတပ်များ ဝင်ရောက်လာပါက KIA အနေဖြင့် အခြား ရွေးချယ်စရာ မရှိကြောင်း KIA  တပ်မဟာ ၄ ဥက္ကဌ  လဖိုင်ဇော်ရော်က ပြော ကြားခဲ့သည်ဟု KNG သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ တပ်မဟာ ထိန်းချုပ် နယ်မြေထဲသို့ မြန်မာ အစိုးရတပ်ဖွဲ့များ ထိုးဖောက် ဝင်ရောက်လာသည်နှင့် စစ်ရေးအရ တုန့်ပြန် ဆောင်ရွက်ရန် တပ်မဟာ ၄ ကို ညွှန်ကြားထားသည်ဟုလည်း KIA တာဝန်ရှိသူများက ပြောကြားသည်။

“တပ်မဟာ ထိန်းချုပ် နယ်မြေအတွင်းသို့ ဝင်ရောက် လွတ်မြောက်သွားသော SSA-N တပ်သားများကို ရှာဖွေမည့် မြန်မာ အစိုးရတပ်များ၏ အကြောင်းပြချက်ကို တပ်မဟာ ၄ က ပယ်ချခဲ့သည်။ KIA နယ်မြေထဲသို့ မြန်မာ အစိုးရတပ်များ မည်သည့် အကြောင်းပြချက်နှင့်မှ ဝင်ရောက်ခွင့် မရှိပါ” ဟု လဖိုင်ဇော်ရော်က ဆိုသည်။

မြန်မာ အစိုးရတပ်များနှင့် SSA-N အကြားမှ နောက်ဆုံး တိုက်ပွဲ အခြေအနေများကို KIA က အနီးကပ် စောင့်ကြည့်နေကြောင်း KIA တာဝန်ရှိ သူများ၏ ပြောကြားမှုအရ သိရှိရသည်။ KIA နှင့် SSA-N နှစ်ဖွဲ့စလုံးသည် တိုင်းရင်းသား လက်နက်ကိုင် ၁၂ ဖွဲ့ဖြင့် အသစ် ထူထောင်ထားသော နိုင်ငံရေးနှင့် စစ်ရေး မဟာမိတ် ကောင်စီ United Nationalities Federal Council (UNFC) တွင် အဖွဲ့ဝင်များ အဖြစ် ပါဝင်ကြသည်။ မြန်မာစစ်တပ်နှင့် SSA-N အကြား ဖြစ်ပွားသော လက်ရှိ တိုက်ပွဲသည် ယခင်လက ဖွဲ့စည်းခဲ့သည့် UNFC ကောင်စီကို အကဲစမ်းခြင်း ဖြစ်သည်ဟု တရုတ် နယ်စပ်မှ စစ်ရေး အကဲခတ်များက မှတ်ချက်ပေးကြသည်။

ရှမ်း-မြောက် အခြေစိုက် KIA တပ်မဟာ ၄ ၏ လက်အောက်တွင် တပ်ရင်း ၅ ရင်းနှင့် ပြည်သူ့စစ် ကာကွယ်ရေး တပ်ဖွဲ့ ၅ ဖွဲ့ရှိပြီး အင်အား ၄၀၀၀ ကျော်ရှိသည်။ အစောပိုင်းတွင် မြန်မာ အစိုးရက KIA တပ်မဟာ ၄ ကို မြန်မာ့တပ်မတော် လက်အောက်ခံ ဒေသခံ ပြည်သူ့စစ် တပ်ရင်း ၃ ရင်း အဖြစ် အသွင်ပြောင်းရန်နှင့် သို့မဟုတ်ပါက ကချင်ပြည်နယ် အတွင်းသို့ ပြောင်းရွှေ့ ဆုတ်ခွာရန် ဖိအားပေးခဲ့သည်။

ထိုကဲ့သို့ တပ်မတော် အစိုးရ၏ အဆိုပြုချက်ကို KIA က ပယ်ချခဲ့ပြီး အကယ်၍ ရှမ်း-မြောက် အခြေစိုက် တပ်မဟာ ၄ ကို မြန်မာစစ်တပ်က စတင် ထိုးစစ်ဆင် တိုက်ခိုက်ပါက ကချင်ပြည်နယ်တွင် စစ်ပွဲ ဖြစ်ပွားလိမ့်မည်ဟု ပြန်လည် သတိပေးခဲ့သည်။

မြန်မာ တပ်မတော် အစိုးရက မနှစ်က အောက်တိုဘာ ၁၅ ရက်တွင် KIA တပ်ဖွဲ့ကို “သောင်းကျန်းသူများ” ဟု ခေါ်ဝေါ်ခဲ့သည်။ ယင်းစွပ်စွဲချက် ကို KIA က ပယ်ချကာ ၁၉၉၄ အပစ်ရပ် သဘောတူညီချက်ကို ယနေ့တိုင် ထိန်းသိမ်းလျက် ရှိသည်။ ယာယီ စစ်ပြေငြိမ်းမှုသည် မြန်မာ အစိုးရကြောင့် ၂၀၁၀ စက်တင်ဘာတွင် ပျက်ပြားသွားရသည်ဟု KIA တာဝန်ရှိသူများက ဆိုသည်။

ဘန်ကောက် အခြေစိုက် KIO နိုင်ငံခြား ဆက်ဆံရေး လက်ထောက် ဌာနမှူး ဂျိမ်းစ်လွမ်ဒေါင်က သတင်းထောက်များအား ပြောကြားရာ၌ မြန်မာ စစ်တပ်နှင့် ဖြစ်ပွားနိုင်သည့် စစ်ပွဲသည် မြန်မာ အစိုးရ၏ ဆုံးဖြတ်ချက်ပေါ်တွင်သာ လုံးဝ မူတည်နေကြောင်းနှင့် KIA တပ်ဖွဲ့၏  စတင် ကျူး ကျော် တိုက်ခိုက်မှု လုံးဝ ရှိလိမ့်မည် မဟုတ်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ယခုကဲ့သို့ စစ်ရေး တင်းမာမှု ကြီးထွားနေသည့် အတောအတွင်း KIA ၏ နိုင်ငံရေး ဌာနခွဲ KIO က တပ်မတော် ကျောထောက်နောက်ခံပြု မြန်မာ အစိုးရ အဖွဲ့သစ်နှင့် နိုင်ငံရေး ဒိုင်ယာလော့ ဆွေးနွေးရန် လိုလားနေကြောင်း လိုင်ဇာ ဌာနချုပ်မှ KIO တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရ သည်။

အပစ်အခတ် ရပ်စဲမှု ၁၆ နှစ်တာ ကာလအတွင်း နိုင်ငံရေး ဒိုင်ယာလော့ လုံးဝ မရှိခဲ့ပဲ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ လက်နက်ချ ရန် နှင့် မြန်မာ့တပ်မတော် လက်အောက်ခံ နယ်ခြားစောင့် တပ်အဖြစ် အသွင်ပြောင်းရန် KIO ကို ခြိမ်းခြောက်မှုသာ ရှိခဲ့သည်။

KIO က နယ်ခြားစောင့်တပ် အစီအစဉ်ကို ငြင်းပယ်ခဲ့ပြီး ၎င်း၏ လက်နက်ကိုင်အဖွဲ့ အသွင်ပြောင်းရမည့် အစီအစဉ်ကို လက်မခံနိုင်ဟု ပြောကြားခဲ့သည်။

******************************************************************************

တောင်ကိုရီးယားလှုပ်ရှားသူများက မြောက်ကိုရီးယား နယ်စပ်တစ်ဖက်သို့ လက်ကမ်းစာစောင်များ ပို့ဆောင် ဖြန့်ကြဲ

(AFP သတင်းမှ 29th April 2011 ရက်စွဲပါ “Activists Launch Leaf lets across North Korea border” သတင်းကို ဘာသာ ပြန်ဆိုသည်)

ဆန္ဒပြသူများကို ညှာတာမှု ကင်းမဲ့စွာ တုန့်ပြန်မည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး လှုပ်ရှားမှုအဖြစ် တောင်ကိုရီးယား တက်ကြွ လှုပ်ရှားသူများက မြောက်ကိုရီးယား အာဏာရှင် အစိုးရကို ဝေဖန် တိုက်ခိုက်ထားသည့် လက်ကမ်း စာစောင်များကို သောကြာနေ့တွင် နယ်စပ်တစ်လျှောက် ကြဲဖြန့်ခဲ့ကြသည်။

တောင်ကိုရီးယား ခေါင်းဆောင်နှင့် ထိပ်သီး ဆွေးနွေးပွဲ အပါအဝင် အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယားတို့နှင့် စည်းကမ်း ကြိုတင် သတ်မှတ်ခြင်း မရှိသော ဆွေးနွေးပွဲများ ပြုလုပ်ရန် လိုလားကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးက ထုတ်ဖော် ပြောဆိုခဲ့ပြီး နောက် တစ်ရက်တွင် အထက်ပါ လှုပ်ရှားမှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

ကင်ဂျုံအီး၏ အသိပေးလွှာကို ပြုံယမ်းသို့ ရောက်ရှိနေသော အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာထံ ၎င်း၏ငြိမ်းချမ်းရေး အကျိုးဆောင် ခရီးစဉ် မပြီးဆုံးမှီ တွေ့ဆုံခြင်း မရှိပဲ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ယင်းကမ်းလှမ်းမှုကို တောင်ကိုရီးယား အစိုးရက လတ်တလော တုန့်ပြန်ခြင်း မရှိသေးပါ။ သို့သော်လည်း ဂျင်မီကာတာသည် ကြာသ ပတေးနေ့က ဆိုးလ် သတင်းစာ ရှင်းလင်းပွဲတွင် မှတ်ချက်ပေးရာ၌ ပြုံယမ်း၏ အာဘော်အဖြစ် အသုံးတော်ခံနေကြောင်း တောင်ကိုရီးယား ကွန်ဆာ ဗေးတစ် သတင်းစာများနှင့် တက်ကြွ လှုပ်ရှားသူများက စွပ်စွဲခဲ့ကြသည်။

သောကြာနေ့တွင် နယ်စပ်အနီး တိုးရစ်များ လည်ပတ်ရာ “အင်ဂျင်ဂတ်”၌ မြောက်ကိုရီးယား ပြည်ပြေး ၅၀ ခန့်နှင့်အတူ တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက လက်ကမ်းစာစောင် ၂ သိန်းခန့်ကို ကြီးမားသော ဓာတ်ငွေ့သွင်း မိုးပျံဘောလုံး ၁၀ လုံး၏ အောက်တွင် ချိတ်ဆွဲကာ လွှတ်တင်ခဲ့ကြသည်။

        လုံခြုံရေး ထူထပ်စွာ စောင့်ကြပ်နေသည့် နယ်စပ်၏ မြောက်ဖက်တွင် လက်ကမ်းစာစောင်များ ပြန့်ကျဲသွားစေရန် အတွက် အချိန်ကိုက် ကိရိယာများ တပ်ဆင် ပေးလိုက်သည်ဟုလည်း သိရှိရသည်။ အဆိုပါ လက်ကမ်းစာစောင်များတွင် အာရပ်ကမ္ဘာ အုံကြွမှု သတင်းများ ပါဝင်ပြီး ကင်ဂျုံအီး အာဏာရှင် အစိုးရကို ဖြုတ်ချရန် တောင်းဆိုထားသည်။ လက်ကမ်းစာစောင်များကို ကောက်ယူခြင်းကြောင့် အပြစ်ဒဏ် ပေးခံရမည်ကို ကြောက်ရွံ့ နေသော မြောက်ကိုရီးယား ပြည်သူများအား မက်လုံးပေးသည့် အနေဖြင့် ဒီဗီဒီ အချပ် ရာပေါင်း များစွာနှင့်အတူ USB Flash Drives များ၊ တစ်ဒေါ်လာတန် ငွေစက္ကူများကိုပါ ထည့်သွင်း ပေးလိုက်ကြသည်ဟု သိရှိရသည်။

******************************************************************************

တရုတ်က ၂၀၁၁ တွင် လေယာဉ်တင် သင်္ဘော ရေချမည်

(AFP သတင်းမှ 25th April 2011 ရက်စွဲပါ “China to Launch Carrier in 2011” သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်ဝမ် ထောက်လှမ်းရေး အကြီးအကဲက တနင်္လာနေ့တွင် “တရုတ်နိုင်ငံသည် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကို ယခုနှစ် မတိုင်မီ စတင် တာဝန် ထမ်းဆောင်ရန် ဆောင်ရွက် နိုင်ခဲ့ပြီ” ဟု ပြောကြားခဲ့ပြီး ဘေဂျင်း၏ ရေတပ် အင်အား ဆက်တိုက် တိုးချဲ့မှုများ နှင့်ပတ်သက်၍ ထိုင်ပေတွင် စိုးရိမ် ပူပန်မှုများ ကြီးထွားလျက် ရှိသည်။

ယူကရိန်းထံမှ ၁၉၉၈ တွင် ဘီဂျင်းက ရရှိခဲ့သော ဆိုဗီယက်ခေတ် လေယာဉ်တင် သင်္ဘော “Varyrag” သည် ပြင်ဆင်မှု ထက်ဝက်ခန့် ပြီးစီး နေပြီ ဖြစ်ကာ ၂၀၁၁ နှစ်ကုန် မတိုင်မီ ရေချ အခမ်းအနား ပြုလုပ်မည်ဟု မျှော်လင့်ရကြောင်း ထိုင်ပေကျွန်း၏ အမျိုးသား လုံခြုံရေး ဗျူရို အကြီးအကဲ ဆိုင်တရှန်းက ပြောကြားသည်။

အဆိုပါ လေယာဉ်တင် သင်္ဘောကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဒါလီယန် ဆိပ်ကမ်းတွင် ဒေါက်တင်ထားပြီး ၂၀၀၂ ခုနှစ်မှစ၍ အသစ်ပြင်ဆင် မွမ်းမံမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“Varyrag က သူ့ရဲ့ခုတ်မောင်းမှု စွမ်းရည်ကို ပြန်ရနေပါပြီ။ ၂၀၁၁ မကုန်ခင်မှာ လေ့ကျင့်ရေး မစ်ရှင်တွေကို တာဝန် စတင် ထမ်းဆောင်မယ်လို့ မျှော်လင့်ရပါတယ်” ဟု လွှတ်တော်တွင် အာဏာရ ကူမင်တန် ပါတီမှ လင်ယုဖန်၏ မေးမြန်းမှုကို ဆိုင်တရှန်းက ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၎င်းလေယာဉ်တင် သင်္ဘောသည် တိုက်ပွဲဝင် စွမ်းရည် သေချာပေါက် ရရှိမည်ဖြစ်၍ ရုရှားလုပ် SU-33 ကို ပုံတူကူးထားသည့် တရုတ်ပြည် တွင်းဖြစ် ဂျက်တိုက်လေယာဉ်များ (အရေအတွက် မသိရ) အတွက် အခြေစိုက် သင်္ဘောအဖြစ် တာဝန်ထမ်းဆောင်လိမ့်မည်ဟု ဆိုင်တရှန်းက ဆက် လက် ပြောကြားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် PLA အနေဖြင့် ၎င်းတို့၏ ပထမဆုံး လေယာဉ်တင် သင်္ဘောကို တိုက်လေယာဉ်များနှင့်အတူ စစ်ဆင်ရေး ဆောင်ရွက်ရန် အချိန် တော်တော်ကြာဦးမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားထားသော်လည်း တရုတ်နိုင်ငံ၏ ရေတပ် အင်အား တိုးချဲ့နေမှုကို ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

စာဖတ်သူများ ခင်ဗျာ..

ရန်ကုန် ခရော်နီကယ် သတင်းလွှာ အမှတ် (၇) ကို ရောက်လာပါပြီ။ အခုတပတ်မှာ မှတ်မှတ်ရရ အလုပ်သမားနေ့နဲ့ တိုက်ဆိုင်နေတဲ့အတွက် ထူးခြားမှုရှိပါတယ်။ သတင်းလွှာဟာ အရမ်းထူးခြားမနေပေမယ့် အမှတ်ရစရာတော့ ဖြစ်နေမှာပါ။ သတင်းလွှာကို အချိန်ပေးဖတ်ခြင်းအားဖြင့် စာဖတ်သူများ အကျိုးအမြတ်ပင် မရစေဦးသော်မှ တစ်ခုခုသော စဉ်းစားစရာကို ပေးလိုက်နိုင်မယ်ဆိုရင် ဝမ်းမြောက်ရပါကြောင်း ပြောလိုပါတယ်ခင်ဗျာ။ စာဖတ်သူများကို အစဉ်လေးစားလျှက်...

ရန်ကုန်သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၂၉.၄.၂၀၁၁

ပြည်တွင်းသတင်းများ

နိုင်ငံတကာ အင်ဂျီအိုများ ပြည်ပမီဒီယာများနှင့် မဆက်ဆံလို

ရန်ကုန်၊ ဧပြီ ၂၉။

               မြန်မာနိုင်ငံတွင် ဖွံဖြိုးရေးလုပ်ငန်းမျိုးစုံအား လုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံတာအင်ဂျီအိုများသည် ပြည်ပမီဒီယာများနှင့် ဆက်ဆံလိုခြင်း မရှိကြောင်း နိုင်ငံတကာအင်ဂျီအို အသိုင်းအဝိုင်းမှ သိရှိရသည်။

               အဓိက ဆက်ဆံလိုခြင်း မရှိသော မီဒီယာများမှာ အသံလွှင့်မီဒီယာများ ဖြစ်ကြောင်း သိရှိရသည်။

               မြန်မာနိုင်ငံတွင် ၁၉၉၇ မှစတင်ကာ လူမှုထောက်ပံ့ကူညီမှု အစီအစဉ်များပြုလုပ်နေသည့် နိုင်ငံတကာ အင်ဂျီအိုတစ်ခုမှ ဆက်သွယ်ရေး တာဝန် ခံက “အသံလွှင့်ဌာနတွေက အင်တာဗျူးလုပ်ဖို့ အရင်တုန်းက ဖုန်းလာရင် ကျွန်တော်တို့ မေးသမျှကို ဖြေပေးတယ်။ ဒီလိုဖြေတဲ့ အသံတွေကို ကိုယ့်ဆီကို မေးတုန်းက မေးခွန်းတစ်မျိုး၊ သူတို့က ပြန်အသံလွှင့်တော့ မေးခွန်းတစ်မျိုး၊ ဒီတော့ ကိုယ်ဖြေလိုက်တာတွေကို အဓိပ္ပာယ်တစ်မျိုးဖြစ်အောင် လုပ်လိုက် တော့ အဖွဲ့အစည်းကလုပ်နေတဲ့ စီမံကိန်းတွေကို အနှောင့်အယှက် ဖြစ်စေတယ်လေ။ ဒီတော့ ဒီဘက်မှာ အာဏာပိုင်တွေနဲ့ ဆက်ဆံရတဲ့အခါ လုံးဝအဆင် မပြေတော့ဘူး။ ဒီတော့ ပြည်ပသတင်းဌာနက ဖုန်းလာရင် မသိသေးပါဘူး။ on going case ပါလို့ ပြန်ဖြေကြဖို့ ဌာနတွင်း ဆုံးဖြတ်ထားကြတယ်” ဟု ဆိုသည်။

               နိုင်ငံတကာ အင်ဂျီအိုတစ်ချို့ကလည်း ပြည်ပသတင်းဌာနများမှ မေးမြန်းစုံစမ်းပါက ယင်းအင်ဂျီအို၏ Country Director ကိုယ်တိုင်ဖြေဆိုပြီး မြန်မာဝန်ထမ်းများအား ဖြေဆိုခိုင်းခြင်း မရှိကြောင်း သိရှိရသည်။

               ယင်းကဲ့သို့ ပြည်ပသတင်းဌာနများမှ နိုင်ငံတကာအင်ဂျီအိုများမှ ပြန်လည်ဖြေကြားချက်များအား ပြန်ဖော်ပြရာတွင် နားလည်မှုလွဲမှားစေရန် ဖော်ပြချက်များ ရှိသဖြင့် ယခုအခါ နိုင်ငံတကာ အင်ဂျီအိုများအား သတင်းအချက်အလက် မေးမြန်းစုံစမ်းရာတွင် အခက်အခဲများစွာ တွေ့ကြုံရပြီး ပြန်လည် ဖြေကြားချက်အား စောင့်ဆိုင်းရချိန်မှာလည်း ကြာမြင့်ကြောင်း ပြည်တွင်း သတင်းဂျာနယ် သတင်းထောက်များက ဆိုသည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

နာရေးကူညီမှုအသင်း လုပ်ငန်းဆောင်ရွက်ရာတွင် အနှောင့်အယှက်ကြုံနေရဆဲ

ရန်ကုန်၊ ဧပြီ ၂၉။

နာရေးကူညီမှု အသင်းတည်ထောင်လာသည်မှာ ၁၀နှစ် ကျော်ကာလရှိပြီဖြစ်သော်လည်း ယခုအချိန်ထိ အာဏာပိုင်အဖွဲ့အစည်းများသည်  အသင်းမှလုပ်ဆောင်နေသည့် ပရဟိတလုပ်ငန်းများအား အဟန့်အတားပြုနေသည်မှာ လက်ရှိအချိန်ထိဖြစ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နာရေးကူညီမှုအသင်းအား လှူဒါန်းသည့်ပစ္စည်းများအား ဖြတ်ယူခြင်း၊ လှူဒါန်းသည့် အလှူရှင်များအား နေ့စဉ်ရက်ဆက် စစ်ဆေးမေးမြန်း ခြင်းများ ပြုလုပ်ခြင်းများအား အမြဲတစေ ပြုလုပ်နေသည်ကို တွေ့ရှိရကြောင်း အဆိုပါ  တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။

“အသင်းဥက္ကဋ္ဌ ဦးကျော်သူ ဘယ်သွားသွား၊ ဘာလုပ်လုပ် အနောက်ကနေ စောင့်ကြည့်နေတာလည်း နေ့စဉ်နဲ့အမျှပဲ၊ အလှူရှင်တွေက လှူဒါန်း တာကို ဘုန်းကြီးကျောင်းမှာ ရေစက်ချပွဲလုပ်တဲ့အခါ နာရေးကူညီမှုအသင်းက တာဝန်ရှိသူတွေ အဲဒီပွဲတွေ မတက်ရအောင် နည်းမျိုးစုံနဲ့ အလှူရှင်တွေ ကိုရော ဘုန်းကြီးကျောင်းကိုရော အနှောင့်အယှက်ပေးတာတွေ လုပ်တာတွေရှိတယ်။ ဒီလိုတွေကြောင့် အခုနောက်ပိုင်း နာရေးကူညီမှုအသင်းက တာဝန်ရှိ သူတွေအနေနဲ့ ဖြစ်နိုင်ရင် အပြင်ဘက်မှာ အလှူလက်ခံတာတို့ မလုပ်တော့ဘူး။ လှူချင်တန်းချင်တဲ့လူတွေကို ရုံးမှာလာလှူခိုင်းတော့လည်း လာလှူတဲ့ အလှူရှင်တွေရဲ့ အိမ်တွေမှာသွားပြီး ဘယ်လောက်လှူတယ်၊ ဘယ်သူ့ကိုလှူတယ်ဆိုတာ သွားပြီး တရားခံစစ် စစ်သလို သွားမေးတာတွေ ရှိတယ်”ဟု တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နာရေးကူညီမှု အသင်း(ရန်ကုန်)သည် နာရေးကူညီမှု လုပ်ငန်းများအပါအဝင်၊ လူတန်းစားမရွေးအား ကျန်းမာရေး ကူညီစောင့်ရှောက်မှုများ ပေး  နိုင်ရန်လည်း ဆောင်ရွက်လျှက်ရှိပြီး၊ သုခကုသိုလ်ဖြစ်ဆေးခန်း(ရန်ကုန်)အား ဖွင့်လှစ်အောင်မြင်ပြီးနောက်ပိုင်းတွင်လည်း သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) အား ဆက်လက်ဖွင့်လှစ်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သိရသည်။

ကျော်စွာ

--------------------------------------------------------------------------------------------------------------------------------

ဓာတ်ဆီဈေးကြီးမြင့်မှု မန္တလေး၌ကြုံတွေ့နေရ

မန္တလေး၊ ဧပြီ ၂၈။

၂၀၁၀ ခုနှစ် ရိုးရာမြန်မာသင်္ကြန်အပြီး ဧပြီလကုန်အချိန်အထိတိုင်ပင် မန္တလေးမြို့၌ စက်သုံးဆီဈေးနှုန်းများ မြင့်တတ်လျှက်ပင် ရှိနေသေး ကြောင်း သိရသည်။

သင်္ကြန်မတိုင်မီ ကာလအတွင်း၌ စက်သုံးဆီဈေးနှုန်းများမှာ ၆၀၀၀ နီးပါးခန့်ထိ ရှိနေပြီး ယခု သင်္ကြန်အပြီးကာလအထိတိုင် စက်သုံးဆီဈေးနှုန်း များမှာ ၅၀၀၀ ဝန်းကျင်မှ ပြန်ဆင်းခြင်းမရှိသေးကြောင်းသိရသည်။

သင်္ကြန်အပြီး တစ်ရက်၊ နှစ်ရက်တိုင် ဓာတ်ဆီဈေးနှုန်းများ ကျဆင်းသွားကြောင်း၊ ယခုအခါ မည်သို့သော အကြောင်းကိစ္စရပ်များကြောင့် ပြန် တတ်လာခြင်းမသိကြောင်း၊ ယခင်နှစ်များနည်းတူ ပုံမှန်ဆိုပါက ဓာတ်ဆီဈေးနှုန်းများမှာ ကျဆင်းသွားသင့်ကြောင်း၊ သင်္ကြန်အပြီး လုပ်ငန်းများသို့ အသွား အလာလုပ်နေမှုမှာ ပုံမှန်အတိုင်းတိုင် လည်ပတ်နေပြီဖြစ်ကြောင်း၊ ယခုရက်ပိုင်းအတွင်း ပြန်ကျရန်ဆိုသည်မှာလည်း လွယ်ကူလိမ့်မည်ပာုမထင်ကြောင်း မန္တလေးမြို့ရှိ ယာဉ်ပိုင်ရှင် ပုဂ္ဂိုလ်တစ်ဦးကလည်းပြောကြားခဲ့သည်။

ယခင်နှစ်များနည်းတူ ပုံမှန်ဆိုပါက သင်္ကြန်မတိုင်မီကာလများအတွင်းကသာ ဓာတ်ဆီဈေးနှုန်း အတတ်ဘက်သို့ ရောက်ရမည်ဖြစ်ပြီး သင်္ကြန်ပြီး ကာလများတွင် ဆီဈေးပြန်ဆင်းသွားရမည်ဖြစ်ပြီး ယခုအခြေအနေမှာ ပုံမှန်မပာုတ်သည့် အခြေအနေမျိုးပင်ဖြစ်ကြောင်းသိရသည်။

ယခုကဲ့သို့ ရက်သတ္တပတ်ကျော် ကာလများထိ စက်သုံးဆီဈေးကြီးမြင့်နေမှုများမှာ သင်္ကြန်ကာလများအတွင်း အသွားအလာများသည့်အတွက် စက်သုံးဆီပြတ်လတ်သွားမှုများကြောင့်ပင် ဖြစ်နိုင်ကြောင်း ယာဉ်ပိုင်ရှင်အများစုက သုံးသပ်ကြပြီး ယခုကဲ့သို့ စက်သုံးဆီဈေးကြီးမြင့်နေသည့်အတွက် မန္တလေးမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်အများစုမှ လုပ်ငန်း လုပ်ကိုင်ရန် အခက်အခဲရင်ဆိုင်နေရကြောင်းသိရသည်။

တစ်နေ့လျှင် ဓာတ်ဆီ ၁၅၀၀ ဖိုးဝယ်ယူ၍ ရုံးအသွားအပြန် သွားနိုင်ကြောင်း၊ ရသည့်လစာမှာလည်း နည်းပါးသည့်အတွက် အဆင်မပြေနိုင် ကြောင်း၊ စက်သုံးဆီတန်းစီစောင့်ဆိုင်းရန်လည်း အချိန်မပေးနိုင်ကြောင်း မန္တလေးမြို့ရှိ ရုံးဝန် ထမ်းတစ်ဦးက လည်းပြောကြားခဲ့သည်။

(အတွဲ-၁၊ အမှတ်-၆၊ ၂၉ ဧပြီ ၂၀၁၁ မြန်မာပို့စ်(ဂလိုဘယ်) ပါ “မန္တလေးတွင် စက်သုံးဆီဈေးနှုန်းများမြင့်တတ်” သတင်းအား အကျဉ်းချုံး ဖော်ပြသည်)

--------------------------------------------------------------------------------------------------------------------------------

စနစ်ပြောင်းသော်လည်း အချုပ်သားတစ်ယောက်ထောက်ပံကြေးစရိတ် ကျပ်(၃၀)သာရရှိနေသေး။

ရန်ကုန်၊ဧပြီ ၂၈။

             မြန်မာနိုင်ငံတွင် အစိုးရအသစ်ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီစနစ်သို့ကူးပြောင်းခဲ့ပြီဖြစ်သော်လည်း ရဲစခန်းတွင် အချုပ်သားတစ်ယောက်၏ တစ်ရက် ထောက်ပံ့ စားရိတ်မှာ ငွေကျပ် ၃၀ သာရရှိနေသေးကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နီးစပ် သောအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

               “တကယ်ဆိုရင်တော့ စီးကရက် တစ်လိပ်ကို(၅၀)လောက်ပေးနေရချိန်မှာ ပိုက်ဆံ ၃၀ ဆိုတာ ဘာအရာရောက် မှာလည်းဗျာ ဒီမှာအချုပ်လာကျတဲ့ လူတွေအများစု တတ်နိုင်တဲ့သူတွေက အိမ်က စားစရာလာပို့လို့ပေါ့ လုံးဝအိမ်ကမလာနိုင်တဲ့သူတွေကြတော့ ကျွန်တော်တို့ အစီအစဉ်နဲ့ပဲ ကြွေးရတာပေါ့ အဲဒီလိုမျိုးရှိနေတာကို လူတွေက မသိကြဘူးဗျ ကျွန်တော်တို့ရဲတွေ လာဘ်စားတာကိုတော့ လူတွေကမြင်တယ်”ဟု ရန်ကုန်မြို့ ရဲစခန်းတစ်ခုမှ စခန်းမှူး တစ်ဦးက ဆိုသည်။

               မြန်မာနိုင်ငံရှိ အခြားသောနယ်မြို့များမှ ရဲစခန်းများမှာ ၎င်းတို့စခန်းရှိ ရဲဝန်ထမ်းများ၏လစာကို ယင်းဒေသတွင်သာ ရှာဖွေနေရပြီး လစဉ်ရရှိ သော လိုင်းကြေးများကို ပြန်လည်အဆင့်ဆင့်ခွဲဝေယူရကြောင်းသိရသည်။

               “ကျွန်တော်တို့ဆီမှာ နယ်ထိန်းအဖွဲ့ပေါ့ ဒုရဲအုပ်တစ်ယောက် ခေါင်းဆောင်တဲ့အဖွဲ့က အဓိကငွေရှာရတယ်။ KTV တွေ အနှိမ်ခန်းတွေ နှစ်လုံး သုံးလုံးလောင်းကစားဒိုင်တွေ ဘောလုံးပွဲဒိုင်တွေ စသည့်ဖြင့် နောက်အချုပ်သားတွေဆီက ရတာတွေကို ရသမျှစုပြီး စခန်းမှူးကိုစုပေးရတယ် စခန်းမှူးက လကုန်ရင် ပြန်ခွဲပေးတယ်”ဟု မြို့နယ်တစ်ခုရှိ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

               ရဲစခန်းတစ်ခုတွင်လည်း တစ်လလျှင် အမှုပေါင်း ဘယ်လောက်ဆိုတာမျိုးတာဝန်သတ်မှတ် ပေးထားတာမျိုး မရှိသင့်တော့ကြောင်း ၎င်းကပင် ဆိုသည်။ “တကယ်ဆိုရင် ဘာအမှုမှမရှိရင် ပိုမကောင်းဘူးလား ရပ်ရွာအေးချမ်းတယ်ဆိုရမှာပေါ့။ ခုတော့တစ်လကို အနည်းဆုံး ၄၀၊၅၀ ဆိုတာမျိုး သတ်မှတ်ထားတော့ မဖြစ်မနေ ပြဿနာကိုလိုက်ရှာနေရတာမျိုးတွေ ဖြစ်နေပြီ အဲဒီတော့ ကျွန်တော်တို့က ဒီမှာရှိတဲ့ အရက်ပုံးဆိုင်တွေ အနှပ်ခန်းတွေ ချဲထီသမားတွေကို အလှည့်ကျ အဖမ်းပြပေးရတယ် ကိုယ့်အလှည့်ကြရင် ကိုယ်သွားတာပေါ့ ဒါပေမယ့် တစ်ခါတစ်ခါ ဒ/န တို့လို့ အထက်ကအဖွဲ့တွေက ဝင်ပြီး လာနှောက်သွားတာတွေလည်း ရှိသေးတယ်ဟု”ရဲသားတစ်ဦးကဆိုသည်။

The CJS News

--------------------------------------------------------------------------------------------------------------------------------

ရန်ကုန်တိုင်းဒေသကြီး၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုတားမြစ်ပြီ

ရန်ကုန်၊ ဧပြီ ၂၇။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စူပါမားကတ်၊ စတိုးဆိုင်၊ ဈေးဆိုင်နှင့် အခြားအခြေခံဆိုင်များ၌ အသုံးပြုလျှက်ရှိသော ကြွပ်ကြွပ်အိတ် သုံးစွဲ ခြင်းများကို ပိတ်သိမ်းရန်နှင့် ကြွပ်ကြွပ်အိတ်များ သိုလှောင်ရောင်းချခြင်းများမပြုလုပ်ရန် တားမြစ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများ၌ ဖော်ပြချက်များ အရ သိရှိရသည်။

ကြွပ်ကြွပ်အိတ်များရောင်းချခွင့်အား ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း၊ ယင်းကိစ္စရပ်အားလည်း မြို့နယ်၌ ဝန်ခံကတိ လက်မှတ်ထိုးပြီးသွားပြီ ဖြစ် ကြောင်း၊ အချိန်တိုင်း ဝင်စစ်ဆေး၍ တွေ့ရှိပါက အရေးယူသွားမည်ပာု ပြောကြောင်း၊ ကြွပ်ကြွပ်အိတ်နေရာ၌ အစားထိုးရန် အိတ်မရှိသည့်အတွက် အခက် အခဲ တွေ့နေရကြောင်း ရန်ကုန်မြို့၌ ကုန်စုံဆိုင်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အတော်များများ၌လည်း ကြွပ်ကြွပ်အိတ်များဆက်လက်သုံးစွဲခြင်းမပြုရန် ကြော်ငြာစာများကပ်၍ သတိပေးထား ကြောင်းသိရသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြွပ်ကြွပ်အိတ်မျိုးစုံ ထုတ်လုပ်လျှက်ရှိသည့်လုပ်ငန်းများကိုလည်း ဖျက်သိမ်းရန်ကြေညာထားပြီး ဖျက်သိမ်းခြင်းမပြုပါက လုပ်ငန်းလိုင်စင်လုပ်ကိုင်ခွင့်များကို ပယ်ဖျက်မည်ဖြစ်ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများ၌ ပါရှိသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရွေးကောက်ပွဲမသမှုများ ပြန်လည်ကြားနာ

ရန်ကုန်၊ ဧပြီ ၂၉။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် လွှတ်တော်အစည်းအဝေးများကျင်းပချိန် ကာလအခိုက်အတန့်တွင် ရပ်နားထားသော ရွေးကောက် ပွဲမသမှုများကို ဧပြီလ ၂၈ ရက်နေ့တွင် ပြန်လည်ကြားနာတော့မည်ဖြစ်ကြောင်း ကန့်ကွက်ခံထားရသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

ဦးတင်အေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော မတ် ၃၀ တွင် အဖွဲ့ဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းထားသည့် ယင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်သည် လွှတ်တော်မစတင်မီက တစ်ကြိမ်တည်းသာ စုံးစမ်းကြားနာမှုများရှိခဲ့သည်။

ရွေးကောက်ပွဲမသမာမှုများနှင့်ပတ်သက်၍ ပဲခူတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် ဝင်ရောက်ရွေးချယ် အနိုင်ရရှိကြောင်းကြေညာခံရသူ ပြည်ခိုင်ဖြိုးပါတီမှ ဦးသန့်ဇင်အား ကန့်ကွက်ထားသည့် ဒီမိုကရက်တစ်ပါတီမှ ဒေါ်ချိုချိုကျော်ငြိမ်းက ၎င်း၏ အမှုနှင့်ပတ်သက်ပြီး မေ ၁၁ ရက်မှ နောက်ဆုံး အဆင့်အနေဖြင့် ကြားနာစစ်ဆေးမည်ဟု သိရသည်။

“အန်တီကတော့ နိုင်တဲ့အချိန်ထိ ရင်ဆိုင်သွားမှာပါ” ဟုဒေါ်ချိုချိုကျော်ငြိမ်းကဆိုသည်။ ဒေါ်ချိုချိုကျော်ငြိမ်းသည် မဲများကိုမဲရုံပြင်ပ၌ ရေတွက် ခဲ့မှုနှင့် ပတ်သက်၍ ဦးသန့်ဇင်အား တရားစွဲဆိုထားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ်(၄)တွင် ယှဉ်ပြိုင်ခဲ့သူ ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်ဇင်ညွှန့်အား ကန့်ကွတ်ခဲ့သူ NDF ပါတီ မှ မြတ်ဉာဏစိုးက "ရုံးချိန်းအတွက် ထူးထူးထွေထွေ ပြင်ဆင်စရာမရှိပါဘူး။ တရားကို နတ်စောင့်ပါတယ်။ အုပ်ချုပ်ရေးအဖွဲ့အစည်းအဆင့်၊ ကော်မရှင် အဆင့်ဆင့်သိတယ်။ မဲဆန္ဒရှင်ပြည်သူတွေလည်း သိပါတယ်။ တစ်ဖက်က ကန့်ကွက်လျှာက်ထားလာပြီဆိုတော့ ဖြေရှင်းဖို့တာဝန်ရှိလာပြီ။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကို အကြွင်းမဲ့ယုံကြည်တယ်။ မျှမျှတတနဲ့ အမှန်အတိုင်းဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောကြားသည်။

ကော်မရှင်သို့ လာရောက်တိုင်တန်းသောအမတ်များသည် ပြည်ခိုင်ဖြိုးပါတီမှ ဖြစ်ကြပြီး၊ အတိုက်ခံပါတီဘက်မှ ဒေါ်ချိုချိုကျော်ငြိမ်းတစ်ဦးသာ ရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ ကန့်ကွက်မှုများအားလုံးမှာ မဲမသမာမှုများသာဖြစ်ပြီး အားလုံးကို ပထမရုံးချိန်တွင် ပယ်ချထားခဲ့သည့် ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်သည် ဧပြီ ၅ရက်နေ့၌လည်း တရားဝင်ရပ်တည်လျက်ရှိသည့် နိုင်ငံရေး ပါတီများအားလုံးသို့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (မတရားအသင်း ကြေညာခံထားရသည့် အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပတ်သတ်ခြင်း)ကို မကျူးလွန်ရန် စာပို့သတိပေးခဲ့သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"လွှတ်တော်မစခင်က တစ်ခါပဲ စုံစမ်းစစ်ဆေးရသေးတယ်။ အဲဒီတစ်ခါမှာ တစ်ဖက်ကတင်ထားတဲ့ ကန့်ကွတ်တဲ့ အချက် ရှစ်ချက်အနက် ခုနှစ်ချက်ကို ပြန်ပြင်ဆင်ပြီးတင်တယ်။ အဲဒီအချက်က မဲမသမာမှုနဲ့ ပတ်သက်တာတွေချည်းပဲ။ အဲဒါတွေကို ပထမရုံးချိန်းမှာ ပယ်ချခံရတယ်။ အခုတစ်ချက်ပဲ ဖြေရှင်းဖို့ ကျန်တော့တယ်"

ဧပြီ ၂၉ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ်(၅၁၅) တွင်ပါသည့် "ခေတ္တရပ်နားထားခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ကန့် ကွက်မှုများကို" NDF ပါတီမှ ဒေါက်တာ မြတ်ဉာဏစိုး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အတိုးနှုန်းသက်သက်သာသာနဲ့ငွေးချေးပေးတာရှားပါတယ်။ အရင်းတုန်းကရှိခဲ့ပေမယ့်လည်း သူက ဈေးသည်တစ်ယောက်ကိုမှ ငွေသုံးသောင်းလောက် ချေးပေးတာဆိုတော့ မကိုက်ဘူးဗျ။ ကျွန်တော်တို့လို လမ်းဘေးအထိုင်ဈေးဆိုင်မပြောနဲ့ ခေါင်းရွက်ဗျက်ထိုးဈေးသည်တောင် ဈေးဗန်းတစ်ဗန်းကို အရင်းက လေး၊ ငါးသောင်း အနည်းလေးရှိတာ။ တစ်ခါချေး သုံးသောင်းလောက်ပေးတော့ ငွေရင်းက ဘယ်လိုမှအဆင်ပြေဘူး။ နောက်ပြီး ဒီသုံးသောင်း ချေးရဖို့အတွက်လည်း အချိန်တော်တော်ပေးရတယ်။ ဝန်ခံလက်မှတ်တွေထိုးရ၊ ဌာနဆိုင်ရာတွေမှာစောင့်ရနဲ့။ ဘယ်မှာမှ မရတာထက်စာရင်တော့ ချေးပေး တာမျိုးရှီတာပဲတော်သေးတာပေါ့လေ။ အခုဒီလိုချေး ပေးတာလည်း မရှိတော့ပါဘူး။ တော်တော်လေး ကြာပါပြီ"

ဧပြီ ၂၉ ထုတ် BiWeekly ELEVEN အတွဲ(၄) အမှတ်(၄) တွင်ပါသည့် "အခြေခံလူတန်းစားများ အရင်းအနှီးရှားပါးသည့် ပြဿနာများ အတွက် အသေးစားချေးငွေလုပ်ငန်းများအပေါ် မှီခိုနေရသော်လည်း အတိုးနှုန်းကြီးမြင့်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရ" သတင်းမှ ကုန် ဈေးတန်းတွင် သီးနှံရောင်းချသူတစ်ဦး၏ ပြောကြားချက်အ ပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်တော်တို့ဆီမှာ နှစ်လုံးထီဒိုင်တွေက တဲတွေအထိလာတယ်၊ လယ်သမားတချို့ဆိုရင် စပါးတင်းတစ်ရာဖိုးလုံး ထိုးကြတယ်၊ နှစ်လုံးထီက မနက်နဲ့ ညနေ နှစ်ကြိမ်ထွက်တယ်၊ တချို့က စပါးရောင်းပြီး ထီအကြွေးဆပ်သလို တချို့က ၁၅ ကျပ်တိုး၊ ၂၀ကျပ်တိုး အတိုးကြီးနဲ့ ချေးယူပြီး အကြွေးဆပ်ကြ တော့ အကြွေးပိုနစ်လာတယ်"

ဧပြီ ၂၉ ထုတ် မော်ဒန် အမှတ်(၂၅၅) တွင်ပါသည့် "တောင်သူအချို့ နှစ်လုံးသုံးလုံးဒဏ်ကြောင့် အကြွေးဝန်ပိ နေ" သတင်းမှ ပဲခူးတိုင်း ဒေသကြီး ဝေါမြို့နယ်မှ တောင်သူ ဦးမျိုးကြည်၏ ပြောကြားချက်အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ငွေလဲနှုန်းကို တရားဝင်သတ်မှတ်ပြီး ဈေးကွက်နဲ့အညီ တစ်ပတ်တစ်ကြိမ် ကြေညာပေးရင်အပြင်က ဒေါ်လာပွဲစားတွေနဲ့ ဒေါ်လာဈေးကစား သူတွေ နည်းလာနိုင်မယ်လို့ သိရတယ်။

အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကလည်း 'အခုက ဒေါ်လာဈေးကတစ်မျိုး၊ ပို့ကုန်ဝင်ငွေဈေးကတစ်မျိုးဆိုတော့ စာရင်းဆွဲရင် ရှုပ်တယ်၊ ငွေလဲ လှယ်နှုန်းကို တစ်ပတ်တစ်ခါ သတ်မှတ်မယ်ဆိုရင် ကောင်းပါတယ်၊ ဒေါ်လာကို အစိုးရဆီမှာပဲ လွတ်လွတ်လပ်လပ်ပေးလဲရင်တော့ ပိုကောင်းမယ်၊ တစ်ဆင့်ချင်းပြောင်းလဲဖို့ကို ကြိုဆိုပါတယ်' လို့ သူ့အမြင်ကို ပြော ပါတယ်။

ဧပြီ ၂၉ ထုတ် မော်ဒန် အမှတ်(၂၅၅) တွင်ပါသည့် "လုပ်ငန်းရှင်တချို့ ဒေါ်လာလဲလှယ်နှုန်း တည်ငြိမ်ရေးကို ကြိုဆို" သတင်းမှ ကောက် နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အခြေအနေနှင့် ဆီလျော်သော ပြောင်းလဲမှု

အရပ်သားအစိုးရသစ်လို့ ခေါ်ရမယ့် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ်ပွဲထွက်လာခဲ့တဲ့ အစိုးရအဖွဲ့ဟာ အရင်စစ်အစိုးရကို သိဒ္ဓိ တင်ပေးလိုက်ယုံကလွဲပြီး ဘာမှ ထူးခြားမလာပါဘူးလို့ ဆိုတဲ့သူတွေရှိသလို ယခင် စစ်အစိုးရ ဗိုလ်ချုပ်ဟောင်းများပါဝင်သည့် အစိုးရဖြစ်သော်ငြားလည်း သီအိုရီများအရ ထူးခြားသွားပါပြီ၊ ယူနီဖောင်းချွတ်လိုက်တဲ့အတွက် အရပ်သားအစိုးရလို့ပဲ ခေါ်ရမယ်လို့ သုံးသပ်ကြသူများလည်း ရှိပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ အရပ်သားအစိုးရလို ကျင့်ကြံတော့မှာလားဆိုတဲ့ အသံတွေထွက်ပေါ်လာသလို ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ လောင်းရိပ်ကရော လွတ်ပြီလား၊ သမ္မတပြောသွားတဲ့ မိန့်ခွန်းတွေအရတော့ အရင်စစ်အစိုးရနဲ့ အများကြီးခြားနားသွားတယ်၊ အရပ်သားကို တာဝန်ခံတဲ့ အစိုးရဖြစ်ဖို့ မျှော်လင့်နိုင်ပြီလို့ တွေးတောကြသူများလည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ်မှူးကြီးရဲ့ အခန်းကဏ္ဍက မေးခွန်းထုတ်စရာပါ။

ခုရေတွင်းတူး၊ ခုရေကြည်သောက်ချင်လို့ မရတာကို နားလည်သဘောပေါက်ရင် ဗိုလ်ချုပ်မှူးကြီးရဲ့သြဇာဟာ အတိုင်းအတာတစ်ခုထိ ရှိနေဦး မယ်ဆိုတာ  မြန်မာ့နိုင်ငံရေးကို နားလည်သူတိုင်း သိကြပါလိမ့်မယ်။ ပြောရရင် မြန်မာအကြောင်း အပါးဝနေတဲ့ကလေးကို မေးရင်တောင် သိပါတယ်၊ နောက်ကွယ်မှာ ဦးသန်းရွှေရှိနေသေးတယ်လို့ ဖြေပါလိမ့်မယ်။ ဒီကိစ္စကို လွှတ်တော်နဲ့ဖွဲ့စည်းပုံက လက်မခံတဲ့ အင်အားစုတွေမှ မဟုတ်ပါဘူး၊ ရွေး ကောက်ပွဲ ဝင်ခဲ့ကြတဲ့ ဒီမိုကရက်ပါတီများ ကိုယ်တိုင်ပင်လျှင် သိနေပါတယ်။ သိသိကြီးနဲ့ ဝင်ခဲ့ရတာလဲ ရွေးစရာလမ်းမရှိလို့ဆိုတာ အပ်ကြောင်းထပ်အောင် ပြောနေကြတဲ့ စကားပါပဲ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အခန်းကဏ္ဍဟာ ဘယ်မှာရှိသလဲလို့မေးရင် ပြည်ခိုင်ဖြိုးပါတီရဲ့ နာယကကြီးရာထူးကလွဲပြီး ဘာမှမရှိတော့ဘူးလို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အရပ်သားအစိုးရသစ်ကို ငြိမ်းချမ်းစွာ အာဏာလွှဲပေးသွားတယ်ဆိုတာ နောင်တစ်ချိန်မှာ သမိုင်းစာအုပ် တွေထဲမှာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သင်ရတော့မှာဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးဟာ သူအုပ်ချုပ်ခဲ့တဲ့ ၂၂နှစ်တာကာလအတွင်း ပြည်သူလူထုကို ဘာ ကတိမှ ပေးခဲ့တာမရှိသလို ဘယ်တော့ ဆင်းမယ်ဆိုတာလဲ မပြောခဲ့ပါဘူး။ နောက်ဆုံး ဆင်းသွားတာတောင် အနားယူသွားပြီဆိုတာ ကြေငြာချက် ထုတ် ပြန်မသွားတဲ့အတွက် လက်ရှိမြန်မာ့နိုင်ငံရေးမှာ သူ့ရဲ့အခန်းကဏ္ဍဘာလဲဆိုတာ တော်တော်စဉ်းစားရခက်ပါတယ်။  လိုအပ်ရင် တရားဝင်ပြန်လာဖို့ စစ်မှု ထမ်းဥပဒေမှာ ကာကွယ်ရေးဦးစီးချုပ်ဟာ လိုအပ်ရင် အငြိမ်းစားတပ်မတော်ဝန်ထမ်းကို မူလရာထူးနဲ့ ပြန်လည်ခန့်အပ်ပိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားတဲ့ အတွက် သူမျိုးစေ့ချခဲ့တဲ့ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံတော်ကြီး မဖြစ်ခဲ့ရင် တနည်းတဖုံ ပြန်လာမယ်လို့လဲ မျှော်လင့်ရပြန်တယ်။

တလောက ပြည်ပအခြေစိုက် မီဒီယာတွေ အဖွကောင်းခဲ့တဲ့ နိုင်ငံ့ဥသျှောင်အဖွဲ့လို့ခေါ်တဲ့ အမျိုးသားလုံခြုံရေးကောင်စီကို ကြည့်ရအောင်။ တရား ဝင်အရတော့ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီးတို့နဲ့ ဖွဲ့စည်းထားတယ်ဆိုသော်ငြား တကယ့်တကယ် အမျိုး သားလုံခြုံရေးကောင်စီရဲ့ ရုံးခန်းဟာ ဗိုလ်ချုပ်မှူးကြီး လက်ရှိအနားယူနေထိုင်တဲ့ နေပြည်တော် ပုဗ္ဗသီရိဟိုတယ်ဇုန်နားက အိမ်မှာရှိပါတယ်။  အဲ့ဒီရုံးခန်း မှာ ဦးသန်းရွှေ၊ ဦးမောင်အေး၊ ဦးသိန်းစိန်၊ သီဟသူရ ဦးတင်အောင်မြင့်ဦးနဲ့ တပ်ချုပ်အသစ် မင်းအောင်လှိုင်တို့ ပါဝင်တဲ့ ငါးဦးကော်မတီကသာ အမျိုးသား လုံခြုံရေးကောင်စီရဲ့ တကယ့်အမြုတေဖြစ်ပါတယ်။ ဒီငါးဦးကောင်စီကသာ လက်ရှိပြောင်းလဲထားတဲ့ ဒီမိုကရေစီနိုင်ငံအတွက် တနည်းပြောရရင် ဦးသန်းရွှေ မဖြစ်ဖြစ်အောင်လုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့  အသွင်ကူးပြောင်းရေးဆိုတာကို ထိန်းကျောင်းမယ့် အဖွဲ့ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ အာဏာကိုအကုန်သုံးလို့ မရသလို လက်ရှိအခြေအနေမှာ ဒီမိုကရေစီရပြီဆိုပြီး  ဦးသန်းရွှေကိုမေ့လိုက်လို့ မရနိုင်သေးပါ။ ဒါကြောင့် အစိုးရသစ် ဖြစ်သော်ငြားလည်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေဟာ အတိုင်းအတာတစ်ခုထိ နောက်ကွယ်မှာရှိနေမယ်လို့ မျှော်လင့်ရပါတယ်။

ကျွန်တော်ဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ရွေးကောက်ပွဲကို မျက်စိစုံမှိတ်ထောက်ခံခဲ့သူပါ။ အခုထက်ထိလဲ လက်ခံနေတုန်းပါပဲ။ လက်ခံနိုင်တဲ့ အကြောင်းအရင်းကလဲ ရှိနေပါတယ်။ မည်သို့ပင် ဗိုလ်ချုပ်မှူးကြီးရှိနေ သေးသည်ဖြစ်စေ၊ ပြည်ခိုင်ဖြိုးက အင်အားကြီးပြီး ဒီမိုကရက်ပါတီက အင်အားနည်း နေသည်ဖြစ်စေ၊ အရပ်သားအစိုးရ ပြောင်းလဲခြင်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာနိုင်ငံဟာ အပြောင်းအလဲတွေ ဖြစ်ခဲ့ပြီလို့ပဲ ယုံကြည်မိပါတယ်။ အနည်းဆုံး စစ်အုပ်ချုပ်ရေးမဟုတ်တော့ဘဲ ဖွဲ့စည်းပုံရှိတဲ့ အစိုးရဖြစ်လာပါတယ်။ သမ္မတပြောသွားတဲ့ မိန့်ခွန်းတွေအရ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ လူကအုပ်ချုပ်တဲ့အစား မူကအုပ်ချုပ်တဲ့ စနစ်ဖြစ်ဖို့၊ ခြစားမှုတွေ တိုက်ဖျက်ဖို့စတဲ့ အပြောင်းအလဲများဟာ စစ်အစိုးရလက် ထက်မှာ ဘယ်တုန်းကမှ မပြောဘူးခဲ့တဲ့ စကားတွေဖြစ်ပါတယ်။ အနည်းဆုံး တိုင်းပြည်မှာ ယိုယွင်းနေတဲ့အပေါက်တွေ ဖာထေးရတော့မယ်ဆိုတာ စစ်ဗိုလ် ချုပ်ဟောင်းကြီးများ သဘောပေါက်နေကြပြီ ဖြစ်ပါတယ်။ လုံးဝအပြောင်းအလဲ မဖြစ်နိုင်တဲ့ နိုင်ငံမှာရှိတဲ့သူနဲ့ အပြောင်းအလဲ ဖြစ်အောင်လုပ်ရသလို၊ ကိုရီး ယား ၊ အင်ဒိုနီးရှား နိုင်ငံတွေဟာလဲ စစ်ဗိုလ်ချုပ်တွေနဲ့ဦးစီးပြီး ဒီနေ့အခြေအနေထိ ချီတက်ခဲ့ရတာကိုလဲ ဖတ်မိပါတယ်။

ဒါကြောင့် ကျွန်တော်တို့ မျှော်မှန်းခဲ့တာကလည်း ဒီမိုကရေစီ ဆိုတာထက် ဖွံ့ဖြိုးတိုးတက်မှု အပြောင်းအလဲဆိုတာမျိုး(Development) ဖြစ်တဲ့ အတွက် ခုရေတွင်းတူး ခုရေကြည်သောက်မရနိုင်တာကို သဘောပေါက်တဲ့အတွက် လက်ရှိအခြေအနေမှာ ဘယ်သူပဲအုပ်ချုပ်သည်ဖြစ်စေ၊ ရှိနေသေး သည်ဖြစ်စေ ကျွန်တော်တို့ မျှော်မှန်းခဲ့တာတွေ ဖြစ်လာတဲ့အတွက် လက်ရှိအခြေအနေက လက်သင့်ခံနိုင်တဲ့ အနေအထားလို့ပဲ ထင်မိပါတယ်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs