Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၉.၅.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာအား ဥက္ကဌ ရာထူးပေးရေး အာဆီယံ သတိထားရန် UK ပြော

(18 May, 2011 ရက်စွဲပါ AP ၏ “UK cautions ASEAN from allowing Myanmar Leadership ကို ဘာသာ ပြန်ပါသည်)

ဗြိတိသျှ အစိုးရက အရှေ့တောင် အာရှ နိုင်ငံများအား မြန်မာနိုင်ငံအား ယင်းတို့ အဖွဲ့ကြီးကို ဦးဆောင်ရန် ခွင့်မပြုကြရန် သတိပေး ပြောကြားခဲ့ သည်။ မြန်မာနိုင်ငံအနေဖြင့် ထိုကဲ့သို့သော ဂုဏ်တင့်တယ်စေမည့် ရာထူးနှင့် ထိုက်တန်အောင် ကြီးမားသော နိုင်ငံရေး တိုးတက်မှု ရှိကြောင်း ပြသရန် လိုအပ်သည်ဟု ဗြိတိသျှတို့က ပြောသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် 2014 တွင် အလှည့်ကျ ဥက္ကဌ တာဝန်ယူရန် ကြိုးစားလျက် ရှိသည်။ အခြားအဖွဲ့ဝင် နိုင်ငံ များက ကန့်ကွက်မှု တစ်စုံတစ်ရာ မပြုသေးသော်လည်း ဒီမိုကရေစီနှင့် ပတ်သက်၍ လုပ်ဆောင်မှုများ မရှိသေးကြောင်း သဘောပေါက် ကြရန် အဖွဲ့ဝင် နိုင်ငံများအား တိုက်တွန်းမှုများ ရှိနေသည်။

အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး David Carden က ပြောကြားရာတွင် မြန်မာနိုင်ငံ အား ဥက္ကဌ ရာထူးပေး မပေး မှာ အာဆီယံက ဆုံးဖြတ် ရမည့် ကိစ္စသာ ဖြစ်သည်ဟု ဆိုသည်။ ၀ါရှင်တန်က မြန်မာနိုင်ငံ အနေဖြင့် လူ့အခွင့်အရေး ကိစ္စ မြှင့်တင်ရေး အပါအ၀င် အာဆီယံ ချာတာ အသစ် ကို လေးလေး နက်နက် ခံယူရန် မျှော်လင့်ကြောင်း ယင်းက ပြောသည်။

****************************************************************************

အာဆီယံက မြန်မာကို ငြင်းဆန်လေမည်လား

(18 May 2011 ရက်စွဲပါ The Diplomat မှ Baroness Grenys Kinnock ရေးသားသော ASEAN stands up to Burma ကို ဘာသာပြန်ဆိုသည်)

ဦးသိန်းစိန်သည် မြန်မာနိုင်ငံတွင် သမတအဖြစ် စတင်သည်နှင့် အခက်အခဲများ၊ အကျပ်အတည်းများ ကြုံတွေ့ လာရသည်။ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌအဖြစ်မှ ငြင်းဆိုခဲ့မည်ဆိုလျှင် ဖိအားပိုမိုတိုးလာခြင်း၏ အစဖြစ်လိမ့်မည် ဖြစ်သည်။ သဘောထားတင်းမာသူ မြန်မာနိုင်ငံ၏ အာဏာရှင် အသစ် သမ္မတဦးသိန်းစိန်သည် နိုင်ငံတကာ အသိုင်းအဝိုင်း အား မြန်မာနိုင်ငံတွင် အမှန်တကယ် ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း ပြသရန် ကြိုးစား ရာတွင် ပြဿနာများစွာနှင့် ကြုံတွေ့နေရသည်။

ပထမဦးစွာ အမေရိကန်နှင့် ကနေဒါတို့က ယင်းတို့၏ စီးပွားရေး Sanctions များ ရုတ်သိမ်းရန် အချိန်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး သိသာ ထင်ရှားသော ပြောင်းလဲမှုများ ပထမမြင်တွေ့လိုကြောင်း ပြောကြားခဲ့ကြသည်။ ထို့နောက် အီးယူကလည်း ယင်း၏ စီးပွားရေး Sanctions များကို ဆက်လက် ထားရှိခဲ့ပြီး အစိုးရတာဝန်ရှိ ပုဂ္ဂိုလ်အချို့အပေါ် သံတမန်ရေးရာ အရေးယူမှုကိုသာ ယာယီဖြေလျော့ပေးခဲ့သည်။

အထက်ပါ ပြဿနာများကပင် ဦးသိန်းစိန်ကို စိတ်ပျက်လက်ပျက် ဖြစ်စေမည်ဖြစ်သည်။ ယင်းသည် ပြီးခဲ့သည့် အာဏာရှင်စနစ်တွင် (၁၄) နှစ် ခန့် ထိပ်ပိုင်းပုဂ္ဂိုလ်များထဲ၌ ပါဝင်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကို ပုံဖော်ကြသူများတွင် တစ်ဦးအပါအဝင်ဖြစ်သည်။ အခြေခံဥပဒေမှာ အစိုးရအား နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးမှု လျော့နည်းသွားစေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ယင်းသည် နောက်ထပ်ပြဿနာတစ်ခုနှင့် ကြုံတွေ့ရပြန်ပြီ ဖြစ်သည်။ အာဆီယံခေါင်းဆောင်များသည် ၂၀၁၄ တွင် အာဆီယံဥက္ကဌ တာဝန်ယူရန် မြန်မာနိုင်ငံ၏ အဆိုပြုချက်ကို ဆုံးဖြတ်ရန် ရွှေ့ဆိုင်းခဲ့ကြသည်။ ထိုကိစ္စသည် ဦးသိန်းစိန်အတွက် ပြည်သူကြားတွင် အရှက်ရစေသော ကိစ္စဖြစ်သည်သာမက သံတမန်ရေးအရ မှားယွင်းသော တွက်ချက်မှုကြီးပင် ဖြစ်သည်။

၎င်းသည် ထိုသို့အဆိုပြုခြင်း မပြုမီ အာဆီယံအဖွဲ့ဝင်များအား တီးခေါက်မေးမြန်းခြင်း မပြုခဲ့လေသနည်း။ အာဆီယံသည် မြန်မာနိုင်ငံမှ အာဏာရှင်စနစ်ကိုအချိန်အတော်ကြာကပင် အကာအကွယ်ပေးခဲ့သည်။ အာဆီယံသည် ဥက္ကဌနေရာအတွက် အတည်ပြုပေးကောင်း ပေးမည်ဖြစ်သော် လည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပွင့်ပွင့်လင်းလင်း မှတ်ချက်ပြုရာတွင် မြန်မာနိုင်ငံတွင် ပါတီအားလုံးပါဝင်သော စစ်မှန်သည့် ဒီမိုကရေစီနှင့် ပြန်လည် ပေါင်းစည်းရေးကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံကလည်း မြန်မာနိုင်ငံ၏ အဆိုပြုချက်ကို ငြင်းပယ်ခဲ့ပါက တကယ့်နိုင်ငံရေးကိစ္စကို အကြောင်းပြနိုင်ရန် ပြင်ဆင်ထားသည်။ အာဆီယံ ဥက္ကဌ နေရာမယူမီ လိုအပ်သောသန်စွမ်းရမည့် အခြေခံအဆောက်အဦများရှိရမည်ဟု ဖော်ပြထားသည်။ မြန်မာအစိုးရ၏ အနီးစပ်ဆုံး မဟာမိတ်ဖြစ် သော အာဆီယံကပင်လျှင် မြန်မာနိုင်ငံတွင် စစ်မှန်သောပြောင်းလဲမှုများ ရှိနေကြောင်း လက်မခံဘဲရှိနေရာ ကျန်သော ကမ္ဘာပေါ်မှ နိုင်ငံများကို အဘယ် သို့ ရှင်းပြနိုင်ရန် မျှော်လင့်ချက် ရှိပါအံ့နည်း။

မြန်မာနိုင်ငံတွင် ခံယူချက်နှင့် အရှိတရားတို့မှာ ဝေးကွာနေသောဆွေမျိုးများကဲ့သို့ရှိနေသည်။ အာဏာရှင်ထံမှကောင်းမွန်သော စကားအနည်း ငယ်ခန့် နှင့် ဝေဝေဝါးဝါးကတိပြုချက်များအပေါ် ရင်ခုန်ခဲ့ရသည်မှာများလှပြီဖြစ်သည်။ နာမည်ကြီးနိုင်ငံရေးသမားကို လွှတ်ပေးလိုက်ခြင်းကြောင့် သံတမန် များနှင့် မီဒီယာများအကြားတွင် အပြောင်းအလဲများ လာတော့မည်ဟု ပြောဆိုနေကြလိမ့်မည်ကို ဗိုလ်ချုပ်များက သိနေကြသည်။ အဘယ် ကြောင့် ဆိုသော် ဆယ်စုနှစ်များစွာ ယင်းတို့က ဤနည်းနှင်နှင် လှည့်စားခဲ့ကြသောကြောင့် ဖြစ်သည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ပြောင်ပြောင်တင်းတင်း မသမာမှုများ ပြုလုပ်ပြီးနောက် အာဏာရှင်သည် ဒေါ်အောင်ဆန်းစုကြည်ကို တတိယ အကြိမ်လွှတ်ပေးလိုက်ပြီး မသမာမှုကို ဖုံးကွယ်ရန် ကြိုးစားခဲ့သည်။ အစပိုင်းတွင်မူ ၎င်းတိုက်ဗျူဟာသည် အလုပ်ဖြစ်ခဲ့သည်။

ပြည်သူများသည် မသမာသော ရွေးကောက်ပွဲကို မေ့ပျောက်ခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကလည်း အကျဉ်းထောင်ထဲတွင် ရှိနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင်လည်း တိုင်းရင်းသားအရပ်သားများ အား တိုး၍ တိုက်ခိုက်နေဆဲဖြစ်သည်။

 **************************************************************

အမေရိကန်ကိုယ်စားလှယ် မြန်မာအစိုးရသစ်နှင့် စကားပြော

(19 May 2011 ရက်စွဲပါ The Peninsula မှ US envoy holds talk with new Myanmar Govt. ကို ဘာသာပြန်ဆို သည်)

                  အမေရိကန်ကိုယ်စားလှယ်သည် ယမန်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစကားပြောခဲ့ရာ စစ်တပ် နောက်ခံပြုသော အစိုးရသစ် တက်ပြီးနောက် နှစ်နိုင်ငံကြား အဆင့်မြင့်ဆုံး ပုဂ္ဂိုလ်များ တွေ့ဆုံမှုဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

                  အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun သည် ယင်း၏ လေးရက်တာ ခရီးစဉ်အတွက် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်မည်ဟု မျှော်လင့်ထားသည်။

                  အမေရိကန်သမ္မတ ဘားရက်အိုဘားမား အစိုးရအဖွဲ့သည် ၂၀၀၉ ခုနှစ်က မြန်မာအစိုးရနှင့် ဆက်ဆံရေး ပြုလုပ်ရန် စတင်ခဲ့သည်။ ထိုသို့ ဆက်ဆံခြင်းမှ ရလဒ်များသည် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ဝါရှင်တန်က ပြောခဲ့ပြီး Sanctions များ လျော့ပေါ့ရန်ကိစ္စအား နိုဝင်ဘာ ရွေးကောက်ပွဲအပြီး တွင် ငြင်းဆန်ခဲ့သည်။ ရွေးကောက်ပွဲများသည် မသမာမှုများ၊ ဇွတ်အတင်းခြိမ်းခြောက်မှုများ ရှိသောကြောင့် အများပြောစရာ ဖြစ်ခဲ့ရသည်။

                  အမေရိကန်နိုင်ငံခြားရေးဌာ ပြောခွင့်ရပုဂ္ဂိုလ်က ဝါရှင်တန်တွင် ယမန်နေ့က ပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် လေးလေး နက်နက် စဉ်းစားရမည့် စိန်ခေါ်မှုများ ရှိကြောင်း ဆိုခဲ့သည်။ “ကျွန်တော်တို့ကတော့ ဖိအား ပေးမှုရော မူရှိတဲ့ ဆက်ဆံရေးရော ပါဝင်တဲ့ လမ်းနှစ်သွယ် မူဝါဒ ကို ဆက်လက် ကျင့်သုံးသွားမှာပါ” ဟု ယင်းက ဖြည့်စွက် ပြောကြားခဲ့သည်။

                  မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် Yun သည် ယမန်နှစ်ကနေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သို့သော် သမ္မတဦးသိန်းစိန် နှင့် တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်။ Yun က နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်လည်း မျှော်လင့်နေသည်။

                  Yun ၏ ယခုခရီးစဉ်သည် ကုလသမဂ္ဂ ကိုယ်စားလှယ် လာရောက်ပြီး ရက်မကြာမီ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကုလကိုယ်စားလှယ်က မကြာသေးမီက အစိုးရသစ်ထံမှ ထွက်ပေါ်လာသော အချက်ပြမှုများသည် စိတ်အားတက်ဖွယ် ဖြစ်ကြောင်း၊ သို့သော် အပြောနှင့် အလုပ်ညီရန် လိုကြောင်း ပြောကြားခဲ့သည်။

 ****************************************************************

အမေရိကန် စစ်အင်အားကို တရုတ်ယှဉ်နိုင်မည် မဟုတ်

(BBC သတင်းမှ 19 May 2011 ရက်စွဲပါ “China will not match US Military Power - general” သတင်းကို ဘာသာပြန်ဆိုသည်။)

တရုတ် ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီက ၀ါရှင်တန်တွင် စကားပြောကြားရာ၌ “လတ်တလော နှစ်များအတွင်း တရုတ် တပ်မတော်သည် အတော် အတန် တိုးတက် ပြောင်းလဲလာသည် ဆိုသော်ငြားလည်း အမေရိကန် လက်နက်ကိုင် တပ်ဖွဲ့များက တရုတ်တပ်ဖွဲ့များထက် များစွာ သာလွန် နေဆဲဖြစ် သည်”ဟု ပြောဆိုလိုက်သည်။ သို့သော်လည်း အမေရိကန် လက်နက်များ ထိုင်ဝမ်သို့ ဆက်လက် ရောင်းချပါက အမေရိကန်- တရုတ် စစ်ဖက် ဆက်ဆံ ရေးကို ထိခိုက် စေနိုင်ကြောင်း ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီက သတိပေး ပြောကြားသည်။

တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံကို ပြန်လည် ပေါင်းစည်းရမည့် ခွဲထွက် ပြည်နယ် တစ်ခု အဖြစ်သာ သတ်မှတ်ထားသည်။ “တရုတ်နိုင်ငံက အမေရိကန် ပြည်ထောင်စုကို စိန်ခေါ်ဖို့ ရည်ရွယ်ချက် လုံးဝ မရှိပါဘူး” ကာကွယ်ရေးနဲ့ စစ်ရေး တိုးတက်မှုတွေ ထွက်ပေါ်လာတယ် ဆိုပေမယ့်လည်း ခင်ဗျားတို့နဲ့ ကျွန်တော်တို့ရဲ့ ကြားက ကွာဟနေတဲ့ ဟာကွက်က ရှိနေတုန်းပါ” ဟု ယင်းက ဆိုသည်။

သို့သော်လည်း ဗိုလ်ချုပ်ကြီး ချန်က အကယ်၍ ၀ါရှင်တန်က ထိုင်ဝမ်သို့ လက်နက်များ ထပ်မံ ရောင်းချပါက အမေရိကန် - တရုတ် ဆက်ဆံ ရေးများကို ထိခိုက် စေလိမ့်မည်ဟု သတိပေးသည်။ “ဘယ်လိုဆိုးဝါးတဲ့ သက်ရောက်မှုမျိုး ရှိလာမလဲ ဆိုတာကတော့ ထိုင်ဝမ်ကို ရောင်းချပေးတဲ့ လက်နက်တွေရဲ့ သဘော သဘာဝ အပေါ်မှာ မူတည်နေပါတယ်” ဟု ယင်းက ပြောကြားသည်။

မနှစ်က ထိုင်ပေသို့ ဒေါ်လာ 6 ဘီလျံကျော် တန်ဘိုးရှိ လက်နက်များ ရောင်းချခြင်းကို ၀ါရှင်တန်က ကြေငြာခဲ့ပြီးနောက် ဘီဂျင်းက အမေရိကန် ပြည်ထောင်စုနှင့် တပ်မတော်ခြင်း ဆက်ဆံမှု အတော်များများကို ဖြတ်တောက် ပစ်ခဲ့သည်။ ဗိုလ်ချုပ်ကြီး ချန်ဘိုင်ဒီ၏ အမေရိကန် ခရီးစဉ်ကို တရုတ် နိုင်ငံတွင် အထူးဦးစားပေး သတင်းအဖြစ် ဖော်ပြလျက်ရှိပြီး တရုတ် အာဏာပိုင်များက ယခုအခါ ပိုမို ကောင်းမွန်သော စစ်ဖက် ဆက်ဆံမှုများ ထူထောင် နေသည် ဟူသော အရေးကြီးသည့် လက္ခဏာ တစ်ရပ်ဖြစ်သည် ဟု BBC သတင်းထောင် Jonathan Macus က ပြောကြားခဲ့သည်။ သို့ရာတွင် သိသိ သာသာ မူလ ရှိရင်းစွဲ တင်းမာမှုများကို အပေါ်ယံ ညွှန်ပြခြင်းဖြင့် လုံခြုံအောင် မဖုံးနိုင် ဟူသော အချက်မှာမူ ဒွိဟ ဖြစ်စရာ မရှိပါ ဟု BBC သတင်း ထောက်က ပြောကြားသည်။

တရုတ် တပ်မတော် အားကြိုးမာန်တက် ခေတ်မှီ ပြောင်းလဲရေးလုပ်ငန်း၏ ရည်ရွယ်ချက်မှာ တရုတ်ကမ်းလွန်ရေပြင်အပေါ် တရုတ် တပ်မတော် ၏ လက်လှမ်းမှီမှုကို ချဲ့ထွင်ရန်နှင့် အမေရိကန် ပြည်ထောင်စုက သိသိသာသာ အသာစီးရေနေသော လက်နက် စနစ်များကို ချေဖျက်နိုင်ရန် ပင် ဖြစ်သည်ဟု BBC သတင်းထောက်က ဆက်လက် ပြောကြားသည်။

***************************************************************

တရုတ်နှင့် ဆက်ဆံရေး တိုးတက်နေသော်လည်း လေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း ထိုင်ဝမ် ပြုလုပ်

(Associated Press မှ 18 May, 2011 ရက်စွဲပါ “Tiwan holds air raid drill as china ties improve” သတင်းကို ဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး နွေးထွေးနေသော်ငြားလည်း နှစ်စဉ်ပြုလုပ်နေကျလေကြောင်းရန် ကာကွယ်ရေး လေ့ကျင့်ခန်း ကို စတင် ပြုလုပ်လျက် ရှိပြီး လေ့ကျင့်ခန်း က ရည်ရွယ်သော ရန်သူမှာ တရုတ်နိုင်ငံ ဖြစ်သည်။

ဝန်အန်း (သို့မဟုတ်) လူတိုင်းအတွက် ဘေးရန် ကင်းရှင်းရေး အမည်ရှိ လေ့ကျင့်ခန်းကို ပြိုင်ဘက် တရုတ်နိုင်ငံ၏ လေကြောင်း တိုက်ခိုက်မှု များအား ကြိုတင် မှန်းဆ ကာကွယ်သည့် အနေဖြင့် တစ်ကျွန်းလုံး အနှံ့ ပြုလုပ်ခြင်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းတွင် အချက်ပေး ဥသြသံ များထွက် လာချိန်၌ တိုင်ပေ ကျွန်းပေါ်ရှိ မော်တော်ယာဉ်များ လမ်းသွားလမ်းလာများ အားလုံး သွားလာမှု ရပ်ဆိုင်းလိုက်ကြပြီး ဆိုင်များအားလုံး တံခါးပိတ်ခြင်း၊ လျှပ်စစ်မီးများ ငြိမ်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

`        အဆိုပါ လေ့ကျင့်ခန်းကို ယခု လကုန်နှင့် ဇွန်လဆန်းတွင် ထိုင်ဝမ်ကျွန်း နေရာတိုင်း၌ ထပ်မံ ပြုလုပ် ဦးမည် ဖြစ်သည်။ ထိုင်ဝမ်နှင့် တရုတ်နိုင်ငံ တို့သည် 1949 ခုနှစ် ပြည်တွင်းစစ်အတွင်း နှစ်ပိုင်း ကွဲသွားကြခြင်း ဖြစ်ပြီး ဘီဂျင်းက ထိုင်ပေကျွန်းကို ယင်းတို့ ပိုင်ဆိုင်ကြောင်း၊ လိုအပ်ပါက အင်အား သုံး၍ ပြန်လည် ရယူရန် ဆုံးဖြတ်ထားကြောင်း ယခုတိုင် ပြောဆိုနေဆဲ ဖြစ်သည်။ သို့သော်လည်း ထိုင်ဝမ် သမ္မတ မာရင်ကျိုးက လွန်ခဲ့သော ၃ နှစ် အတွင်း တရုတ်ပြည်မကြီးနှင့် စီးပွားရေးအရ ပိုမို ရင်းနှီးစွာ ဆက်ဆံခဲ့သကဲ့သို့ ဆက်ဆံရေးလည်း သိသိသာသာ တိုးတက်စေခဲ့သည်ကို တွေ့ရှိရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

 

၁၈.၅.၂၀၁၁

ပြည်တွင်းသတင်းများ

ကမ်းနားလမ်းသစ်တစ်လျှောက် ဓာတ်မီးတိုင် ၃ဝဝ ကျော် စိုက်မည်

ရန်ကုန်ဆိပ်ကမ်း ကမ်းနားလမ်းသစ် မပြီးသေးသော်လည်း လမ်းတစ်လျှောက်တွင် ဓာတ်မီးတိုင် ၃၂၆ တိုင် စိုက်ထူကာ ၂၅ဝ ဝပ် အားရှိသည့် Sodium  Lamp များ တပ်ဆင်ရန် လျာထားထားပြီဖြစ်ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းကြက်လျာစွန်းမှ ဗိုလ်တထောင်  မြို့နယ်ဈေးအထိဖောက်လုပ်ခဲ့သော ကမ်းနား လမ်းသစ်ကို ယခုနှစ်နွေ အကုန် တွင်ပြီးစီးရန် လျာထားခဲ့သော်လည်း ရာသီဥတုဖောက်ပြန်မှုကြောင့် လက်ရှိအချိန်ထိ အပြီးမသတ်နိုင်သေးကြောင်း၊ လမ်းဖောက် လုပ်ရေးစီမံကိန်းများ အရ လမ်းတစ်လျှောက်တွင် လျှပ်စစ်မီးတိုင်များ တပ်ဆင်ရန်နှင့် 0.22 KV 15 KVA Transformer ၉ လုံးတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လမ်းသစ်၏တချို့အပိုင်းများတွင် ဒုတိယအဆင့် ကွန်ကရစ်ထပ်ခင်းရန်သာလိုအပ်ပြီး ချောင်းကူးတံတားများတွင် အခြေခံ အုတ်မြစ် ချပြီးပြီဖြစ်ကြောင်း၊ လျှပ်စစ်မီးထွန်းညှိမည့်ပုံစံနှင့်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးမည့် အခြေပြပုံစံများအား ရွေးချယ်စိစစ်၍ သက်ဆိုင်ရာအစိုးရအဖွဲ့သို့ တင်ပြ ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ကမ်းနားလမ်းသစ်ကို ပြီးခဲ့သည့်  အောက်တိုဘာလလယ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ကုန်တင်ယာဉ်၊ ကုန်သေတ္တာတင်ယာဉ်နှင့် သစ်လုံးတင်ယာဉ်ကဲ့သို့သော ကုန်တင်ယာဉ်ကြီးများ မောင်းနှင်ရန် လျာထားခဲ့ကြောင်း၊ လက်ရှိသွားလာနေသော ကမ်းနားလမ်း (ကတ္တရာ) လမ်းဟောင်း အား အိမ်စီးယာဉ်၊ ခရီးသည်ပို့ဆောင်ရေးယာဉ်များနှင့် ယာဉ်ငယ်များသာ မောင်းနှင်ရမည်ဖြစ်ကြောင်း၊ လမ်း၏အကျယ်မှာ ၄၈ ပေဖြစ်ပြီး လမ်းဟောင်းနှင့် လမ်းသစ်ကြားရှိ လမ်းလယ်ကျွန်းမှာ အလုံသစ်တောလမ်းမှ ကြာဖြူလမ်းအထိ ပေ ၃ဝ သတ်မှတ်ထားကြောင်း၊ ကမ်းနားလမ်းသစ် ဖောက်လုပ်ရေး  စီမံ ကိန်းအတွက် လူနေအိမ် ၈ဝ၇ လုံး၊ ဆိပ်ကမ်းအာဏာပိုင်မှ ၅၅ လုံး၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ၃၆ လုံး၊ စွမ်းအင်ဝန်ကြီးဌာနမှ ၂၅ လုံး၊ စည်ပင်မှ ၃ လုံး၊ ရေတပ် တပ်ထိန်းမှ ၄ လုံး၊ သစ်တောမှ ၆၅၈ လုံးနှင့် လျှပ်စစ် ၂ မှ ၂၆ လုံး နေရာပြောင်း ရွှေ့ခဲ့ရကြောင်း သိရသည်။

-----------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားငွေ ကိုင်တွယ်ခွင့် မရသေး

မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများတွင် အစိုးရဘဏ် သုံးဘဏ်မှလွဲ၍ အခြား ပုဂ္ဂလိကဘဏ်များမှာ နိုင်ငံခြားငွေကြေး ကိုင်တွယ်ခွင့် မရရှိသေးကြောင်းနှင့် ပို့ကုန်သွင်းကုန် လုပ်ငန်းဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် ပုဂ္ဂလိကဘဏ်များမှာ ပိုမိုအရေးပါကြောင်း စီးပွားရေး အသိုင်းအဝိုင်းတွင် သုံးသပ်မှုများရှိနေကြောင်း သိရသည်။

လက်ရှိ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရရှိထားသော အစိုးရဘဏ်များမှာ မြန်မာနိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB)၊ မြန်မာ့စီးပွားရေးဘဏ်(MEB)တို့ ဖြစ်သည်။

အဆိုပါ ဘဏ်များသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေကြေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးလျှက်ရှိပြီး အခြားနိုင်ငံများတွင် လုပ်ဆောင် လျက်ရှိသော ပို့ကုန်လုပ်ငန်းဆိုင်ရာ ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်များကို ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရသည်။

နိုင်ငံတကာရှိ ဘဏ်များသည် အဆိုပါ ပို့ကုန်လုပ်ငန်း ငွေကြေးထောက်ပံ့ရေးဆိုင်ရာ အစီအစဉ်များဖြင့် လုပ်ငန်းများကို ကူညီထောက်ပံ့မှုများ ပြုကြပြီး အစိုးရဘဏ်များအပြင် ပုဂ္ဂလိကဘဏ်များကပါ ဝင်ရောက်လုပ်ကိုင်လျက်ရှိကြောင်း နှင့် ပို့ကုန်အားပြု နိုင်ငံများနှင့် ပို့ကုန်အင်အားကြီး နိုင်ငံများ တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့ရှိနိုင်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများတွင် လုပ်ကိုင်လျက် ရှိသော ပို့ကုန်လုပ်ငန်းဆိုင်ရာ ငွေကြေးအထောက်အပံ့များတွင် ပို့ကုန်မတင်ပို့မီ ငွေကြေးထောက်ပံ့ခြင်း (Pre Shipment)နှင့် ပို့ကုန်တင်ပို့ပြီး ထောက်ပံ့ခြင်း (Post Shipment Financing) အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

ပို့ကုန်တင်ပို့ပြီး ထောက်ပံ့ခြင်းတွင် အယ်လ်စီငွေပေးချေစနစ်ဖြင့် ကုန်တင်ပို့သော လုပ်ငန်းကိုသာမက ပို့ကုန်ဘီလ် ကောက်ခံရေးစနစ်နှင့် တင်ပို့ သည့်လုပ်ငန်းကိုပါ ပေးအပ်လေ့ရှိကြောင်း သိရသည်။ အဆိုပါ စနစ်၏လည်ပတ်ပုံမှာ တစ်ဖက်ကုန်ဝယ်သူမှ အယ်လ်စီ ဖွင့်ပြီးချိန်တွင် ပို့ကုန်လုပ်ငန်းရှင်က အယ်လ်စီပါ တောင်းဆိုချက်များနှင့် ကိုက်ညီအောင်လုပ်ဆောင်ပြီး ကုန်ပစ္စည်းတင်ပို့ကာ ဘဏ်မှပို့ကုန်တန်ဖိုးပေးခြင်း (Negotiate) လုပ်ရန် ညှိနှိုင်းခြင်း ဖြင့် ကုန်ဝယ်သူ၏ ဘဏ်ထံမှငွေ ပေးချေသည်အထိ စောင့်ဆိုင်းရန်မလိုဘဲ ကြိုတင်ငွေရမည် ဖြစ်ကြောင်း သိရသည်။

ယင်း ပို့ကုန်တင်ပို့ပြီး ငွေကြေးထောက်ပံ့ခြင်း စနစ်များတွင် ခြွင်းချက်ဖြင့် ငွေပေးခြင်း (Payment Under Reserve)၊ ကောက်ခံရေးဘီလ် (Collection Bills) များကို ဝယ်ယူခြင်း နည်းလမ်းဖြင့် ငွေကြေး ထောက်ပံ့ခြင်း စသည့် စနစ်များလည်း ရှိကြောင်း သိရပါသည်။

(Weekly ELEVEN အတွဲ(၁) အမှတ်(၃၃) တွင်ပါသည့် " အစိုးရဘဏ် သုံးဘဏ်မှလွဲ၍ ပုဂ္ဂလိကဘဏ်များ နိုင်ငံခြားငွေကြေး ကိုင်တွယ်ခွင့် မရသေး ပို့ကုန်သွင်းကုန် လုပ်ငန်းဆိုင်ရာ ငွေကြေးထောက်ပံ့မှုများ ရရှိနိုင်ရန်အတွက် ပုဂ္ဂလိက ဘဏ်များမှာ ပိုမိုအရေးပါကြောင်း သုံးသပ် မှုများ ရှိနေ" သတင်းအား  အကျဉ်းကျုံး ဖော်ပြသည်။)

-----------------------------------------------------------------------------------------------------------------------------------

ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ကြန့်ကြာနေသေး

မြန်မာနိုင်ငံအတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြားစီးပွားရေးလုပ်ငန်းများအတွက် ကုမ္ပဏီတည်ထောင်ရန် မှတ်ပုံတင်ရာတွင် ယခုထက် ပိုမိုလျင်မြန်စွာ စီစဉ်ဆောင်ရွက်သင့်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။

အဆိုပါ လုပ်ငန်းစဉ်ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများအား ဟန့်တားနေသည့် အခက်အခဲတစ်ခုအဖြစ် ပြုပြင် ဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိကုမ္ပဏီ မှတ်ပုံတင်ရန် ခြောက်လခန့် အချိန်ကြာမြင့်တတ်ပြီး ထိုသို့ဖြစ်ရခြင်းမှာ လိုအပ်သည်ထက် ပိုမိုသည့် စစ်ဆေးမှု များ၊ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ ထောက်ခံချက် အဆင့်ဆင့်တို့ကို ရယူရခြင်း၊ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသော ကုမ္ပဏီအတွက် ၎င်းနိုင်ငံရှိ မြန်မာ သံရုံးမှ တစ်ဆင့်စုံစမ်းခြင်းစသည့် အခြေအနေရှိနေခြင်း ကြောင့်ဖြစ်ကြောင်း တရားရုံးချုပ်ရှေ့နေတစ်ဦးက ပြောကြားသည်။

ကုမ္ပဏီဥပဒေအရ မှတ်ပုံတင်ရုံးသို့ စာရွက်စာတမ်းပို့ရုံဖြင့် လုံလောက်သော်လည်း ဥပဒေ၌မပါဝင်သည့် လုပ်ထုံးလုပ်နည်းများကြောင့် မလိုလား အပ်ဘဲ ကြန့်ကြာနေရကြောင်း သိရသည်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေသည့် စင်ကာပူနိုင်ငံတွင် ကုမ္ပဏီတစ်ခုတည်ထောင်ရန် တစ်ရက်မှ အများဆုံး သုံးရက်အထိသာ ကြာမြင့်တတ်ပြီး တရုတ်နှင့် မလေးရှားနိုင်ငံတို့တွင်တစ်ပတ်အတွင်းရတတ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ကုမ္ပဏီများမှတ်ပုံတင်ခွင့် ဥပဒေပြုသည့်အချိန်တွင် ကုမ္ပဏီတည်ထောင်ရသည်မှာ အလွန်လွယ်ကူ ခဲ့ကြောင်းနှင့် တစ်ပတ်မှအများဆုံး တစ်လဖြင့်ရရှိခဲ့ဖူးကြောင်း သိရသည်။

ငွေကြေးဆိုင်ရာဥပဒေအရ ရရှိတဲ့နိုင်ငံခြားငွေဖြင့် မြန်မာငွေကြေးအား အရှုံးအမြတ်ဆွဲသည့်အခါ တရားဝင်တန်ဖိုး ခြောက်ကျပ် အခြေခံပြီး ဆွဲတိုင်း အရှုံးပေါ်သကဲ့သို့ဖြစ်သည်မှ အစပြုပြီး ကုမ္ပဏီအားလုံးလိုလို ရှုံးသည်ဟုထင်သည့် အခြေအနေတွင် အမြတ်ခွန်ရှောင်သည်ဆိုသည့် ခံယူချက်များ၊ ၎င်းနောက် အစိုးရမှထုတ်လုပ်မှု ကုမ္ပဏီများကိုသာ ခွင့်ပြုသည့်နောက် တိုင်းရင်းသားကုမ္ပဏီများ ပေါများလာခြင်း၊ တိုင်းရင်းသားကုမ္ပဏီမှာလည်း နိုင်ငံခြားသား ကျောထောက် နောက်ခံပြုထားသည့် အမည်ခံတိုင်းရင်းသား ကုမ္ပဏီများ ပေါ်ပေါက်လာခြင်း၊ အမြတ်ခွန်တိမ်းရှောင်ခြင်း၊ ၎င်းနောက် နိုင်ငံ ခြားသားများနှင့် တိုင်းရင်းသားကုမ္ပဏီချင်း၊ အငြင်းပွားမှုများစွာ ဖြစ်ပေါ်ခြင်း စသည့်ပြဿနာများအား သိရှိနိုင်ရန် ကုမ္ပဏီများမှ နောက်ကြောင်းရှင်း မရှင်းအား ပြန်လည်စိစစ်သည့် ရာဇဝင်ပေါ်လာပြီး ကြန့်ကြာမှုများ ဖြစ်ပေါ်လာရကြောင်း သိရသည်။

လူနည်းစုမှ အခွင့်အရေးအသုံးချကာ မဟုတ်မမှန်လုပ်ခြင်းအား ကာကွယ်ရန်အတွက် စည်းမျဉ်းစည်းကမ်းအား ဖော်ဆောင်သည့်အသွင်အဖြစ် ပေါ်လာခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

လုပ်ငန်းရှင်များဘက်မှ တာဝန်ရှိသကဲ့သို့ ဌာနဆိုင်ရာများကလည်း ထိထိရောက်ရောက် အရေးယူမှု အားနည်းခြင်း၊ အရေးမယူ နိုင်ခြင်းများ၏ အကျိုးဆက်ဖြစ်ကြောင်းလည်း ကျွမ်းကျင်သူများက ပြောကြားသည်။

၎င်းပြင် ကုမ္ပဏီထောင်မည့်သူနှင့် တာဝန်ရှိသူအကြား တိုက်ရိုက်ဆက်ဆံမှု လုပ်ခွင့်မရခြင်းမှာလည်း အားနည်းချက်တစ်ရပ် ဖြစ်ကြောင်း သိရ သည်။

မကြာသေးမီက ကုမ္ပဏီထောင်ထားသည့် နိုင်ငံခြားကုမ္ပဏီ နောက်ခံတိုင်းရင်းသားကုမ္ပဏီတစ်ခုကမူ ၎င်းအနေဖြင့် ခေါင်းရှုပ်မခံနိုင်ဘဲ သက်ဆိုင်ရာရှေ့နေဖြင့်သာ ကုမ္ပဏီမှတ်ပုံတင်ရန် အပ်လိုက်သဖြင့် မှတ်ပုံတင်သည့်စနစ်မှာ ခက်ခဲသည်ဟု မမြင်ကြောင်း ပြောကြားသည်။

ထို့ပြင် ကုမ္ပဏီမှတ်ပုံတင်ရန် ရှေ့နေ သို့မဟုတ် လက်မှတ်ရ ပြည်သူ့စာရင်းကိုင်အားအပ်လျှင် ကျပ်တစ်သိန်းခွဲမှ နှစ်သိန်းခန့်အထိ ပေးရကြောင်း လည်း သိရသည်။

ကုမ္ပဏီဖွဲ့သည့်အခါကြန့်ကြာရသည့် အကြောင်းရင်းမှာ အစိုးရိမ်ကြီးနေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ထိခိုက်နစ်နာမည့်အရာများအား တွေးကြောက်ကာ ခံဝန်ချက်များ ပြုလုပ်စေသည့်အတွက် ကြာမြင့်ခြင်းဖြစ်ကြောင်း သိရ သည်။

 (Myanmar Times အတွဲ(၂၆) အမှတ်(၅၁၇) တွင်ပါသည့် " ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် ယခုထက် ပိုမို မြန်ဆန်ရန်လိုအပ်" သတင်းအား  အကျဉ်းကျုံး ဖော်ပြသည်။)

 -----------------------------------------------------------------------------------------------------------------------------------

စားအုန်းဆီဈေးမြင့်တက်

ဘုရင့်နောင် လက်ကားဈေးကွက်တွင် စားအုန်းဆီများ အဝင်လျော့နည်းသဖြင့် ဈေးနှုန်းသိသာစွာမြင့်တက်လာကြောင်း ဆီကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

ယခင်သီတင်းပတ်အစပိုင်းက စားအုန်းဆီ တစ်ပိဿာ လက်ကားဈေး ကျပ် ၂,၆၃၀ နှင့် လက်လီဈေး ၃,၀၀၀ တွင် ရှိခဲ့သော်လည်း မေလ ၉ ရက် နေ့မှစ၍ လက်ကားဈေးမှာ ကျပ် ၃,၀၀၀ နှင့် လက်လီ ကျပ် ၃,၃၀၀ အထိ မြင့်တက် လာသည်။ ဧပြီလလယ်မှစ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ဝန်ကြီးက စားအုန်းဆီတင်သွင်းခွင့်ကို ပုဂ္ဂလိကကုမ္ပဏီများအား တင်သွင်းနိုင်ရန် ခွင့်ပြုပေးခဲ့ရာ ကုမ္ပဏီကြီး ၁၀ ခုကို ကနဦးခွင့်ပြုခဲ့ပြီး နောက် အခြားကုမ္ပဏီများကိုလည်း အစုအဖွဲ့ဖြင့် တင်သွင်းခွင့် ပြုခဲ့သည်။

ယခင်ခွင့်ပြုပြီး ကုမ္ပဏီ ၁၀ ခုကို ဆီ တန်ချိန် ၃,၀၀၀ စီ တင်သွင်းခွင့်ပြုထားပြီး လက်ရှိအစုအဖွဲ့ကုမ္ပဏီများအား တန်ချိန် ၃,၀၀၀ စီခွင့်ပြုထား သည်။ ကုမ္ပဏီများတင်သွင်းလာသည့် ဆီတန်ချိန်ပမာဏ၏ ၆၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းမှ တစ်ဆင့်ပြန်လည်ရောင်းချရန် သတ်မှတ်ထားပြီး ကျန် ၄၀ ရာခိုင်နှုန်းကို တင်သွင်းလာသည့် သက်ဆိုင်ရာကုမ္ပဏီများက ၎င်းတို့ ကိုယ်တိုင် ပြန်လည်ရောင်းချရန် သတ်မှတ်ထားသည်။

စားအုန်းဆီများ ပေါများစွာရောက်ရှိ လာမည်ဆိုပါက ဈေးနှုန်း ကျပ် ၂၃၀၀ အောက်တွင်သာရှိမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စားအုန်းဆီဈေး မြင့်တက်လာချိန်တွင် ပြည်တွင်းထုတ် ပဲဆီနှင့်နှမ်းဆီဈေးမှာ တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ ကျော် ဝန်းကျင်၌ ပုံမှန်ရှိနေသည်။

ဆီလုပ်ငန်းရှင်များ၏ ခန့်မှန်းချက်အရ ပြည်တွင်းထုတ် ပဲဆီအစစ်၊ နှမ်းဆီအစစ် စားသုံးသူများမှာ ငါးရာခိုင်နှုန်းထက် မပိုကြောင်း၊ ပဲဆီအရော စားသုံးသူဦးရေမှာ ၂၅ ရာခိုင်နှုန်းဝန်းကျင်နှင့် စားအုန်းဆီစားသုံးသူမှာ ၇၀ ရာခိုင်နှုန်း ဝန်းကျင်ရှိကြောင်း သိရသည်။

 (Myanmar Times အတွဲ(၂၆) အမှတ်(၅၁၇) တွင်ပါသည့် " အဝင်နည်းသဖြင့် စားအုန်းဆီဈေးမြင့်တက်" သတင်းအား  အကျဉ်းကျုံး ဖော် ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သတင်းစာရှင်းလင်းပွဲရက်ရွေ့ဆိုင်း

ရန်ကုန်၊ မေ ၁၈။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အပတ်စဉ် သတင်းစာရှင်းလင်းပွဲအား ဒုတိယအကြိမ် ကျင်းပပြီးနောက်တွင် ရက်ရွေ့ဆိုင်းလိုက်ကြောင်း အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတာဝန်ရှိသူက “ဒုတိယအကြိမ်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမတိုင်မှီမှာ တာဝန်ရှိသူအချို့ပါဝင်တဲ့ အစည်းအဝေးတစ်ခုလုပ်တယ်။ ဒီ အစည်းအဝေးက ထွက်လာတဲ့ ဆုံးဖြတ်ချက်ကတော့ အပတ်စဉ်လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲကို တတိယအကြိမ်ကျရင် အပတ်စဉ်အင်္ဂါနေ့ မလုပ်ဘဲ၊ နောက်တစ်ခါ အစည်းအဝေး ထိုင်ပြီးမှ ဆုံးဖြတ်မယ်ဆိုတာပါပဲ” ဟု ဆိုသည်။

ယင်း သတင်းစာရှင်းလင်းပွဲသည် မေလဒုတိယပတ်မှ စတင်ကာ ပြည်လမ်းရှိ လွှတ်တော်အဆောက်အဦးများတွင် ပြုလုပ်ခြင်း ဖြစ်ပြီး၊ အပတ်စဉ် အဂါင်္နေ့တိုင်း ပြုလုပ်မည်ဖြစ်ကြောင်း ပထမဆုံးအကြိမ် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲအား တက်ရောက်သတင်းယူခဲ့သည့် ပြည်တွင်းသတင်းဂျာနယ်မှ အယ်ဒီတာတစ်ဦးက “ ကျွန်တော်တို့ မေးတဲ့ မေး ခွန်းတွေကို ဒီအပတ်မဖြေဘဲ၊ နောက်အပတ်ကျမှ ပေါင်းဖြေတာတွေရှိတော့ ဒီအပတ်မေးတဲ့ မေးခွန်းကို နောက်အပတ်မှ အဖြေရတယ်” ဟု ဆိုသည်။

ယင်း သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်ခွင့်ရသူမီဒီယာ အသိုင်းအဝိုင်းမှ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်နေသည့် ပြဿနာများ၊ စီမံ ခန့်ခွဲမှု ပြဿနာများကို ထောက်ပြခဲ့သော်လည်း တိုင်းဒေသကြီးအစိုးရကိုယ်စား ပြန်လည်ဖြေကြားသူနှစ်ဦးက အချက်အလက်များစုဆောင်း၍ တင်ပြရန် လုပ်ဆောင်စေလိုကြောင်း ပြန်လည်ပြောဆိုသည်မှတပါး အဖြေကိုပြောပြခြင်း မရှိကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦးမှ ဆိုသည်။

ယင်းကဲ့သို့ ဌာနဆိုင်ရာမှ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲများကို YCDC မှ အပတ်စဉ်ပြုလုပ်ခဲ့ခြင်း ရှိသော်လည်း မီဒီယာများမှ မေးမြန်း သည့် မေးခွန်းများအား ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသည့် အတွက်ယင်းအစီအစဉ်အား ဖျက်သိမ်းခဲ့ရသည်လည်း ရှိခဲ့သည်။

ကျော်စွာ

-------------------------------------------------------------------------------------------------------------

ပြည်ခိုင်ဖြိုးမှ ငွေချေးခြင်းသည် စည်းရုံးရေးလုပ်ခြင်းမဟုတ်ဟု ဦးဌေးဦးဆို

ရန်ကုန်၊ မေ ၁၇။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် တစ်နိုင်ငံလုံးတွင် အသေးစား ငွေချေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းသည် ပါတီ၏ စည်းရုံးရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ဆိုသည်။

၎င်းက “ တစ်နိုင်ငံလုံးမှာ ငွေချေးဖို့ ဗဟိုက ကျပ်ဘီလီယံနဲ့ချီပြီး ချပေးထားပါတယ်။ ဒီလိုငွေချေး လုပ်ငန်းဆောင်ရွက်ရတာ ပါတီအကျိုးအတွက် မရည်ရွယ်ပါဘူး။ ပြည်သူတွေ သက်သာချောင်ချိစေရေးအတွက်ပါ” ဟု ပြည်တွင်းမီဒီယာများနှင့် မေလ ၁၅ ရက်နေ့တွင် တက္ကသိုလ်ရိပ်သာလမ်းရှိ ပြည်ခိုင်ဖြိုးပါတီ ရုံးချုပ်တွင်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီမှ အသေးစားငွေချေးလုပ်ငန်းကို တာဝန်ခံဆောင်ရွက်နေသူတစ်ဦးက “အရင်အသင်းအနေနဲ့တုန်းက စိုက်ပျိုးရေးစရိတ် ချေးငွေ၊ ဈေးချေးငွေနဲ့ တစ်ဦးချင်း တစ်သီးပုဂ္ဂလ ချေးငွေတွေ ထုတ်ပေးခဲ့ပါတယ်။ အခုပါတီအနေနဲ့ ဒီအသေးစားငွေ စုငွေချေးလုပ်ငန်းလုပ်တာက လူတန်းစား ဆင်းရဲချမ်းသာကွာဟမှုကို လျော့နည်းစေဖို့ရယ်၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာဖို့ရယ်ငွေခေးလုပ်ငန်း ဆောင်ရွက်နေတာပါ။ အတိုးနှုန်းက နှစ် ရာခိုင်နှုန်းပါ။ ဒီလုပ်ငန်းမှာ အဓိက အပေါင်ပစ္စည်းက ယုံကြည်မှုပါ။ ကျွန်တော်တို့က လူမျိုးမရွေး ချေးပေးနေပါတယ်။ ပါတီအတွက် စည်းရုံးရေး လုပ်ငန်း တစ်ခုလို လုပ်နေတာမဟုတ်ပါဘူး”ဟု ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီသည် အသင်းအဖွဲ့မှ ပါတီအဖြစ်ကူးပြောင်းပြီး နောက်ပိုင်းတွင် အသေးစားငွေစုငွေချေး လုပ်ငန်းအား တစ်နိုင်ငံလုံးတွင် လုပ်ကိုင်ဆောင်ရွက်နေပြီး၊ ရန်ကုန်တိုင်း ဒေသကြီးတွင် ၄၅ မြို့နယ်တွင် လုပ်ဆောင်နေလ၊ျှက် ရှိ ပြီး၊ လက်ရှိအချိန်အထိ ကျပ်ငွေ သိန်းပေါင်းသုံးသောင်း ကျော်ဝန်းကျင်အထိ လုပ်ငန်းလည်ပတ်လျက်ရှိပြီး ပါတီ၏ ရန်ပုံငွေဖြင့်သာ သုံးစွဲလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ယင်းတာဝန်ရှိသူက “ငွေချေးတဲ့သူတွေကို စစချင်း သုံးသောင်းက နေစချေးပေးတယ်။ ပထမတစ်လမှာ အရင်း တစ်သောင်း၊ အတိုး ၆ဝဝ၊ စုငွေ က ကြိုက်သလောက်ပြန်စုပေါ့။ ဒုတိယလမှာ အရင်းတစ်သောင်းနဲ့ အတိုး ၄ဝဝ၊နောက်ဆုံး လကျတော့ အရင်းတစ်သောင်းနဲ့ အတိုး ၂ဝဝ ပဲကျန်မယ်။ လစဉ်သူတို့ ပြန်ထည့်ရတဲ့စုငွေက ဒီငွေထဲမှာ ပြန်ရင်းနှီး မြှုပ် နှံသွားမယ်။ အဲဒီစုငွေပေါ်ကိုမှ တစ်ကျပ် ပြား ၂ဝ နှုန်းအတိုးပြန် ပေးပါတယ်။ အဲဒီတော့ ရေရှည်မှာ သူတို့ရဲ့ ကိုယ်ပိုင်ငွေကြေးတွေ ပိုတိုးပွားလာပြီး ကျွန်တော်တို့က သူတို့ငွေကို ပြန်ချေးပြီး လုပ်ကိုင်ရ တာမျိုးဖြစ်လာမှာပါ” ဟု ၎င်းက ထပ် လောင်း ပြောကြားသည်။

ယင်းလုပ်ငန်းအား လက်ရှိအချိန်အထိ လူဦးရေနှင့် ငွေပမာဏ ကန့်သတ်ထားခြင်းမရှိဘဲ လိုအပ်ချက်ရှိသည့် မည်သူ့ကိုမဆို ကူညီပေးနိုင်ရန် မျှော်လင့်ထားကြောင်းနှင့် ယခင်အသင်းအနေဖြင့် ဆောင်ရွက်ခဲ့သည့် စိုက်ပျိုးစရိတ် ချေးငွေ၊ ဈေးချေးငွေနှင့် တစ်ဦးချင်းချေးငွေ လုပ်ငန်းများကိုပါ ချိတ် ဆက်ကာ အသေးစား ငွေစုငွေချေးလုပ်ငန်းအ နေဖြင့် ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"ပြည်ပ အဝင်အထွက်တွေက ပုံမှန်စစ်ဆေးနေတာပဲ။ ခုချိန်ထိတော့ လက်ကိုင်ဖုန်းသေနတ်တွေတော့ ဖမ်းမိတယ်လို့ မကြားရဘူး။ တော်တော်များများကို အသေးစိတ်စစ်ရတာ။ နည်းပညာရော ပစ္စည်းပါ တိုးတက်လာတဲ့ခေတ်ဆိုတော့ အတိုင်းထက်အလွန် စစ်ရတယ်။ ပြီးတော့ ဟိုဘက်နိုင်ငံမှာလည်း အစစ်အဆေးမရှိဘဲ ဒီကို ရောက်မလာနိုင်ပါဘူး"

မေ ၁၉ ထုတ် Popular New အတွဲ(၃) အမှတ် (၁၉) တွင်ပါသည့် "လက်ကိုင်ဖုန်းသေနတ် ပေါ်ပေါက်နေသဖြင့် တင်းကြပ်စွာ စစ်ဆေးနေ" သတင်းမှ လေဆိပ်ရှိ စစ်ဆေးရေးအရာရှိတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်မတို့ နယ်ကနေပြီး ဒီမှာ အလုပ်လုပ်နေတဲ့ သူဆီကအဆက်အသွယ်ရလို့ လိုက်လာကြတာ။ တချို့ဝန်ထမ်းတွေ နေစရာအဆောင်လေးတွေရတယ် လို့လည်း ပြောတယ်။ ခြိုးခြိုးခြံခြံနေရင်အပိုငွေလေးစုမိတယ်လို့ သိရတယ်။ ဟိုမှာနေ တာထက်စာရင် အတွေ့အကြုံရမယ်လို့လည်း ထင်တယ်။ အခု အလုပ်ဝင်တာ ၂ ပတ်လောက်တော့ ရှိပြီ။ လစာက ဘယ်လောက်ရမယ်မှန်း မသိသေးဘူး။ ပြောသံကြားတာကတော့ လေးသောင်း လောက်ရမယ်လို့ ထင်တယ်"

မေ ၁၉ ထုတ် Popular New အတွဲ(၃) အမှတ် (၁၉) တွင်ပါသည့် "အထည်ချုပ်ဝန်ထမ်းအချို့ လစာမသိဘဲ အလုပ်လုပ်နေရ" သတင်းမှ အလုပ်သမားအမျိုးသမီးတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

----------------------------------------------------------------------------------------------------------------------------------

ငွေကြေးတက်နိုင်သူများက အမှုအခင်းတစ်စုံတစ်ရာဖြစ်ခဲ့သော် ပိုက်ဆံဖြင့် လိုက်လံဖြေရှင်းမှုမျိုးနှင့် ပိုက်ဆံပေးလျှင် အမှုလွတ်သည်ဆိုသည့် အခြေအနေ မျိုးအား ယခု အစိုးရလက်ထက်တွင် မကျင့်သုံးတော့ဘဲ မည်သူဖြစ်စေ၊ ပြစ်မှုကျူးလွန်ပါက ဥပဒေနှင့် အညီအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောသည်။

ယင်းအခြေအနေတွင် အမှုအခင်း သို့မဟုတ် ယာဉ်တိုက်မှုတစ်စုံတစ်ရာဖြစ်ပွားပါက မည်သည့်သူဌေး၏ကားဖြစ်စေ အမှုအခင်းဖြစ်ပွားမည်ဆိုပါက လက်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံမည်မဟုတ်ဟု သိရသည်။

မေ ၁၉ ထုတ် 7DAY NEWS အတွဲ(၁၀) အမှတ်(၉) တွင်ပါသည့် "ငွေရှိတိုင်းပြစ်မှုမလွတ်နိုင်တော့" သတင်းမှ ကောက် နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"နိုင်ငံရေး အကျဉ်းသားကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ တရားဝင်ရပ်တည်မှုအရ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူး၊ အရေးပေါ်စီမံရေး အက် ဥပဒေ ဆိုတာက ကျွန်တော်တို့သာမက ဗြိတိသျှဥပဒေကို ဆက်ခံတဲ့ မလေးရှား၊ စင်ကာပူ နိုင်ငံတို့မှာလည်း ရှိပြီးသားဖြစ်ပါတယ်"

မေ ၁၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၁) အမှတ်(၄၃) တွင်ပါသည့် "မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမရှိကြောင်း သမ္မတအကြံပေး အဖွဲ့ ခေါင်းဆောင် ထုတ်ဖော်ပြောဆို" သတင်းမှ သမ္မတနိုင်ငံရေး အကြံပေးခေါင်းဆောင် ဦးကိုကိုလှိုင်၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အတည်ပေါက်နဲ့ နောက်တဲ့သူ

ဤခေါင်းစဉ်မှာ စာရေးဆရာ အကြည်တော်၏ ဝတ္ထုကို ပြန်လည်ရိုက်ကူးသည့် အတည်ပေါက်နဲ့နောက်တဲ့သူ ရုပ်ရှင်ကားမဟုတ်ပါ။ ကျွန်ုပ်တို့၏ သဘောထားပြည့်ဝလှသော၊ ခြစားမှုကင်းလှသော သမ္မတကြီး ဦးသိန်းစိန်ကို  ရည်ညွှန်းခြင်းဖြစ်သည်။ သမ္မတကြီးကို နောက်ပြောင်ခြင်းသည်းခံပါဟု ပြောကြသည်။ သမ္မတကြီးက ထိပ်ပြောင်ခြင်းသာ ဖြစ်သည်ဟု ဟာဿစကားရှိသော်လည်း ယခုမူ သမ္မတကြီး၏ အတည်ပေါက်နှင့် နောက်လိုက်သည့် လုပ်ရပ်ကြီးက ပြည်တွင်းသာမက ပြည်ပနိုင်ငံများမှ ခေါင်းဆောင်များပါ တအံ့တသြဖြစ်ကြ ရသည်။ သမ္မတကြီး အတည်ပေါက်နှင့် နောက်ပုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။

သမ္မတကြီး ကျန်းကျိမ်သည့်နေ့က  ပြောသွားသည့် မိန့်ခွန်းထဲတွင် ပြည်တွင်းပြည်ပ အတိုက်အခံများအားလုံး နှင့် လက်တွဲလုပ်ကိုင်သွားမည်၊ တရားဥပဒေစိုးမိုးရေးအတွက် မည်သို့ကြိုးပမ်းရမည် စသည်ဖြင့် အားပါးတရ ပြောကြားခဲ့ရာ နှစ်ပေါင်းများစွာ မရခဲ့သော အမျိုးသား ပြန်လည်သင့်မြတ် ရေးတွက် လမ်းစပေါ်ပြီဟု အားလုံးက ထင်မှတ်ခဲ့ကြသည်။ ထို့ပြင် လွှတ်တော်တွင် နိုင်ငံရေးအကျဉ်းသားများကိစ္စကို တရားဝင်ဆွေးနွေးခွင့် ရရှိခဲ့ပြီး ထို ကိစ္စသည် လွှတ်တော်တွင် ဆွေးနွေးရမည့်ကိစ္စထက် သမ္မတက အမျိုးသားလုံခြုံရေးကောင်စီနှင့် တိုင်ပင်၍ တိုက်ရိုက်ဆောင်ရွက်ပိုင်ခွင့်ရှိသည့် ကိစ္စ ဖြစ်ပြီး သမ္မတတက်လာပြီးနောက် ထိုကိစ္စကို ဆောင်ရွက်ပါလိမ့်မည်ဟု အဖြေရရှိခဲ့ရာ ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီးချုပ်နှောင်ခံရသူများ လွတ် မြောက်ရန် လမ်းစပေါ်တော့မည်ဟု အားလုံးက ထင်မှတ်ခဲ့ကြပါသည်။

ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပြည်သူများက သမ္မတကြီးထံသို့ ဆန္ဒပြုလွှာများ လက်မှတ်ထိုး ပေးပို့ခဲ့ကြရာ  အနှောင့်အယှက် တစ်စုံတစ်ရာမရှိ သမ္မတရုံးက လက်ခံခဲ့သဖြင့်  ယခင်က အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဖမ်းဆီးခံခဲ့ကာ တနင်္ဂနွေနေ့တွင် အင်္ကျီအဖြူဝတ်ဆင်၍ ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်သည့်လှုပ်ရှားမှုကြောင့် ရသည့်ဖြစ်ရပ်များသည် ယခုအခါတွင် လက်တွေ့ အကောင်အထည် ပေါ်လာတော့မည်ဟု ဝမ်းပန်းတသာ ဖြစ်ခဲ့ရပါသည်။

ထို့ပြင် နိုင်ငံတကာမှလည်း နိုင်ငံရေးအကျဉ်းသားများ ကိစ္စအတွက် တောင်းဆိုဆွေးနွေးလာခြင်း၊ မြန်မာအာဆီယံဥက္ကဋ္ဌ ရာထူးရယူရေးအတွက် သိသာထင်ရှားသော အပြောင်းအလဲများ ပြသရန် တောင်းဆိုလာခြင်းနှင့် အာဆီယံ ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် သွားနေသည့်ကာလပတ်လုံး ထောက်ခံမည်ဟူ ပြောကြားခဲ့ခြင်း၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်စားလှယ် နမ်ဘီးယား လာရောက်ခဲ့ ခြင်းတို့က  နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်တော့မည့် လက္ခဏာကို ပြသနေခဲ့သည်။ ထိုစဉ်အတောအတွင်း သမ္မတကြီးသည် မည်သို့မျှ ပြောကြား ခြင်းမရှိဘဲ နှုတ်ဆိတ်နေခဲ့ရာ ဆိတ်ဆိတ်နေခြင်းဖြင့် ဝန်ခံလိုက်သည့်ပုံစံ သက်ရောက်သွားပြီး မျှော်လင့်ချက်များ ပိုမိုလာခဲ့ကြပါသည်။

သို့ရာတွင် သမ္မတကြီး အာဆီယံထိပ်သီး ဆွေးနွေးပွဲမှပြန်ရောက်ပြီး မကြာမီပင် သမ္မတကြီးက နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး အတွက် လှုပ်ရှားသူများနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များကို နောက်ပြောင်သည့် လုပ်ရပ်တစ်ခုကို ပြုလုပ်လိုက်ခြင်းဖြင့် အဆိုပါလှုပ်ရှားမှု ကိစ္စမှာ ငိုအား ထက် ရယ်အားသန် ဖြစ်ခဲ့ရပါသည်။

သမ္မတကြီးက လွတ်ငြိမ်းချမ်းသာခွင့် ခေါင်းစဉ်တပ်၍ အကျဉ်းသားများ လွှတ်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းမဟုတ်ဘဲ ထောင်ဒဏ်ကျခံနေရသူအားလုံးကို တစ်နှစ်လျော့သည့် ဘောနပ်စ်သာ ပေးခဲ့ခြင်းဖြစ်ရာ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ကြိုးပမ်းသူများအတွက် လွန်စွာပင် အံ့သြဘနန်း ဖြစ်သွားရလေသည်။  နှစ်ပေါင်းခြောက်ဆယ်ကျော်၊ နှစ်ပေါင်းတစ်ရာကျော် ကျခံရသော နိုင်ငံရေး အကျဉ်းသားများအတွက် ထိုတစ်နှစ်လျော့သည့် ခံစားခွင့်သည် ဆင်ပါးစပ် နှမ်းပက်ယုံသာရှိပြီး မည်သို့မျှ အလုပ်မဖြစ်သည့် ကိစ္စတစ်ရပ်ကို နိုင်ငံတကာ သိအောင် ရေးကြီးခွင်ကျယ်လုပ်ပြလိုက်ခြင်း ဖြစ်သည်။

ယခုလွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာကြသူများတွင် နိုင်ငံရေးအကျဉ်းသားဆိုသည်က လက်ချိုးရေတွက်နိုင်ပြီး ရာဇဝတ်မှုကြောင့် ထောင်ကျသူများက အများစုဖြစ်သည်။ ခန့်မှန်းခြေအားဖြင့်  အကျဉ်းသား တစ်သောင်းလျှင် နိုင်ငံရေး အကျဉ်းသား ၁၀ယောက်ခန့်သာရှိပြီး ထိုအထဲတွင် နာမည်ကြီး နိုင်ငံရေးသမားများ မပါဝင်သေးသည်ကို တွေ့ရပါသည်။ ဤကိစ္စသည်  အရပ်သားအစိုးရသစ်ကိုပြောင်းလဲခြင်း၊ ဒီမိုကရေစီ အစိုးရဖြစ် ကြောင်းပြသခြင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာခြင်း၊ အာဆီယံအပါအဝင် နိုင်ငံတကာတွင် မြန်မာနိုင်ငံ၏ပုံရိပ် တိုးတက်လာရန် ပြုလုပ်ခြင်း တို့အတွက် ပြည့်စုံလုံလောက်သော ကိစ္စမဟုတ်ပါ။  အဖြစ်သဘော ဆောင်ရွက်သင့်သည့်ကိစ္စလည်း မဟုတ်ပါ။ ဆင်ကောင်ကြီး လိုချင်လျှင် လဲလှယ်ရ မည့်အရာသည် ချွန်းလောက်နှင့်တော့ မရနိုင်ပါ။ နိုင်ငံတကာနှင့် ပြည်သူလူထုသည် စဉ်းစားဥာဏ်တုံးသူများ မဟုတ်ဆိုသည်ကို ဂရုမစိုက်ဘဲ ကလေး အတွေးနှင့် လုပ်ချလိုက်သော သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့် ဖြစ်သည်။

သမ္မတကြီး၏လုပ်ရပ်ကြောင့် သမ္မတကြီးကို အကောင်းမြင်ခဲ့သူ အင်ဒိုနီးရှားသမ္မတကြီးလည်း နောက်ပြောင်ခံလိုက်ရခြင်းအတွက် စိတ်မကောင်း ရှိနေပါလိမ့်ဦးမည်။ အခြားအခြားသော နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားသူများလည်း အောင့်သက်သက် ဖြစ်ကြရသည်။ သို့ရာတွင် သမ္မတကြီးက မသိချင်ယောင်ဆောင်ကာ ၎င်း၏အကြံပေးကိုယ်စားလှယ် ဦးကိုကိုလှိုင်မှတဆင့် နိုင်ငံရေးအကျဉ်းသားမရှိကြောင်း၊ အားလုံးကို ခိုးမှု၊ ရာဇ ဝတ်မှု၊ မှောင်ရိပ်ခိုမှုတို့ဖြင့် ပုဒ်မတပ်ထားကြောင်း ရုပ်တည်ဖြင့် ပြောကြားစေခဲ့ပါသည်။

လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်အပြီး နိုင်ငံတကာနှင့် ပြည်သူများကြားတွင် သမ္မတကြီး ကျမ်းကျိန်စဉ်တည်းက အမျှော်လင့်ကြီး မျှော်လင့်ခဲ့ကြ သူများမှာ ပြောတော့ ရွှေမန်းတင်မောင်၊ ကတော့ ချိုမိုင်မိုင်၊ အတည်ပေါက်နဲ့ နောက်တဲ့ ဦးသိန်းစိန်ဟုသာ ဖြေသိမ့်နေကြပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

Attached: yangonchronicle 2011
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs