Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၂၃.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

အာဆီယံနှင့် လူ့အခွင့်အရေး ဟန်ဆောင်ဖုံးကွယ်မှု

( 21 may 2011 ရက်စွဲပါ The Diplomat မှ Mong Palatino ရေးသားသော ASEAN and Rights Hypocrisy ကိုဘာသာပြန်ဆိုသည်)

                ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဌနေရာရယူရေးနှင့် ပတ်သက်၍မြန်မာနိုင်ငံ၏ အဆိုပြုချက်အပေါ် အင်ဒိုနီးရှား နိုင်ငံတွင် ယခုနောက်ဆုံး ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရှင်းလင်းပြတ်သားစွာ ဆုံးဖြတ် ချက်ချမှတ်ခြင်းမရှိပဲ လိမ္မာစွာနှင့် ငြင်းပယ်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများက အဖွဲ့ကြီးကို ခေါင်းဆောင်ရန် အခြေခံအဆောက်အဦများ ပိုမို ကောင်းမွန်အောင် ဦးစွာတည်ဆောက်ရန်သာ အကြုံပြုခဲ့ကြသည်။

                ငြင်းပယ်ရခြင်းနှင့် ပတ်သက်၍ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသော အကြောင်းပြချက်တစ်ခုမှာ လူ့အခွင့်အရေးကိစ္စများ တိုးတက်အောင် မပြုလုပ်နိုင်၍ ဖြစ်သည်။ အာဆီယံတွင်ရော၊ ကမ္ဘာကြီးတစ်ခုလုံး၏ အမြင်တွင် မြန်မာအစိုးရသည် ရိုးသားမှုမရှိခြင်း၊ အတိုက်အခံပါတီများ နှင့် နိုင်ငံရေးပြန်လည်ပေါင်းစည်းရန် ကြိုးစားမှုမရှိခြင်းကြောင့် ဒီမိုကရေစီလုပ်ငန်းစဉ်များမလုပ်နိုင်ဟု ရှုမြင်နေကြသည်။

                အနောက်နိုင်ငံအစိုးရများနှင့် အခြားအုပ်စုများက အာဆီယံအား အဖွဲ့ဝင်နိုင်ငံများကြား ဒီမိုကရေစီမောင်းနှင်အား ခြားနားနေမှု၊ မြန်မာနိုင်ငံ၏ ဆိုးရွားသော လူ့အခွင့်အရေးမှတ်တမ်းများအား ဖိအားပေး ပြောဆိုခဲ့သည်။ အကယ်၍ အာဆီယံသည် ၂၀၁၄ သို့မဟုတ် ၂၀၁၅ တွင် မြန်မာနိုင်ငံအား အာဆီယံ ဥက္ကဌရာထူးတွင် ခွင့်ပြုခဲ့ပါက နိုင်ငံတကာ အသိုင်းအဝိုင်းအလယ်တွင် ပျက်ရယ်ပြုစရာ အကြောင်းတစ်ခုဖြစ်လိမ့်မည် ဖြစ်ကြောင်း အားလုံးက လက်ညိုးထိုးလျက် ရှိသည်။

                အမှန်တကယ်ပင်၊ ယခုလို မော်ဒန်ခေတ်ကာလကြီးတွင် မြန်မာအစိုးရသည် ပြည်သူလူထုအပေါ် ရာဇဝတ်မှုများကျူလွန်ပြီး၊ အဆိုး ဆုံး လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ပြုလုပ်နေသည်။ စစ်အစိုးရသည် ရွေးကောက်ပွဲ ပြုလုပ်ပြီး ဇန်နဝါရီလက လွှတ်တော်ခေါ်ယူပြီး အရပ်သားများရပိုင်ခွင့်များ တိုးမြှင့်ပေးရန် ကြိုးစားလျက်ရှိသော်လည်း တိုင်းပြည်တွင်းတွင် ဒီမိုကရေစီဆိုသည်မှာ မရှိသလောက်ပင်ဖြစ်သည်။ မီဒီယာများကို တင်းကြပ်စွာ ထိန်းချုပ် ထားပြီး၊ နိုင်ငံပါတီများသည် တင်းကြပ်ပြီး သဘာဝမကျသော မှတ်ပုံတင်လုပ်ငန်းစဉ်များ ချမှတ်ထားသည်။ ထို့အပြင် ဝေဖန်သူများအား ထောင်ဒဏ် နှစ်ရှည်ချမှတ်လျက်ရှိရာ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ရှိနေသည်။

                မြန်မာနိုင်ငံအား အာဆီယံအား ဦးဆောင်ရေးကို ငြင်းပယ်ရန်ဆုံးဖြတ်ချက်အား ဝိုင်းဝန်းချီးကျူးကြရမည် ဖြစ်ပြီး၊ တိုင်းပြည်တွင် သိသာသော နိုင်ငံရေးပြောင်းလဲမှုများ တွေ့မြင်ရသည်အထိ ခွင့်မပြုသင့်ပေ။ သို့သော် ဒေသတွင်း အခြားတိုင်းပြည်များတွင် လူ့အခွင့်အရေးအခြေအနေများ တိုးမြှင့်ရေး ကိုလည်း လုပ်ဆောင်ရမည်ဖြစ်သည်။ ဒေသတွင်း နိုင်ငံများတွင်လည်း လူ့အခွင့်အရေးကျူးလွန်မှုများကို အစိုးရ ကြိုးကိုင်လှုပ်ရှားမှုပြုနေဆဲ ဖြစ်သည်။

                မြန်မာနိုင်ငံသည် စွပ်စွဲသကဲ့သို့ အာဆီယံတွင် ပြည်သူများ၏ ဒီမိုကရေစီပိုင်ခွင့်များကို ဂရုမပြုသော တစ်ခုတည်းသော နိုင်ငံမဟုတ်ပေ။ ဒေသ တွင်းတွင် လွတ်မြောက်မှုနှင့် လူ့အခွင့်အရေး၏ ရန်သူဟုပြောရနိုင်သည့် နာမည်းဆိုးရှိသော နိုင်ငံများရှိနေသေးသည်။

                မြန်မာနိုင်ငံက အာဆီယံဥက္ကဌနေရာကို ရဲရဲဝံ့ဝံ့အဆိုပြုဝံ့ခြင်းမှာ၊ မိမိ၏အိမ်နီးချင်းနိုင်ငံများတွင်လည်း ဒီမိုကရေစီချို့တဲ့မှုများ ရှိနေသေးသည် ဟူသော အဓိကအခြေခံခြင်းကြောင့်ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံအား ဒီမိုကရေစီခေါင်းဆောင်များအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့် ပတ်သက်၍ ရှင်းလင်းချက်တောင်းခဲ့ပါက၊ မြန်မာနိုင်ငံ ကလည်း အင်ဒိုနီးရှားတွင်သံသယရှိသူများ နှိပ်စက်မှုမှတ်တမ်းများ၊ မလေးရှားတွင် အတိုက်အခံ ခေါင်းဆောင် များအား တရားဝင်နှိပ်ကွပ်ခြင်းများ၊ ကမ္ဘောဒီယားနှင့်နယ်စပ်စစ်ပွဲတွင် ထိုင်းနိုင်ငံမှ လက်နက်ပေါင်းစုံ အသုံးပြုခြင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီယားတွင် မီဒီယာလွတ်လပ်ခွင့်မရှိခြင်းနှင့် စင်္ကာပူတွင်ပါတီစုံနိုင်ငံရေးစနစ်စစ်စစ်မရှိခြင်းနှင့် ဖိလစ်ပိုင်တွင်တရားဥပဒေပြင်ပ သတ်ဖြတ်ခြင်းများ တိုးပွားလာမှုများကို လက်ညိုးထိုးလာလိမ့်မည် ဖြစ်သည်။

                အမှန်တရားမှာ အာဆီယံတိုင်းပြည်များနှင့် မြန်မာနိုင်ငံမှဝေဖန်သူများက အမေရိကန်ကဲ့သို့ နိုင်ငံများသည် လူ့အခွင့်အရေးလေးစားရေး ပြောဆိုရန် စိတ်ဓာတ်ခွန်အားမရှိခြင်းဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံအားအရှေ့တောင်အာရှမှအစိုးရဆိုးများအနက် နမူနာအဖြစ် လက်ညိုး ထိုးနေခြင်းမှာ မှားယွင်းမှုဟု မဆိုနိုင်သော်လည်း ဒေသတွင်းအာဏာရှင်များကို ဖုံးကွယ်မထားနိုင်ပေ။ ထိုအချက်ကပင် ဒီမိုကရေစီစစ်စစ် တည်ဆောက် ရေး အတွက် အတားအဆီးတစ်ခုပင် ဖြစ်သည်။

************************************************************************************

တရုတ်-ပါကစ္စတန် စစ်ဖက်ဆက်ဆံရေး အိန္ဒိယ အထူးစိုးရိမ်

(AFP သတင်းမှ 21 May 2011 ရက်စွဲပါ “India says Sino-Parkistan ties a serious concern” ကို ဘာသာပြန်ဆိုသည်)

တရုတ်နှင့် ပါကစ္စတန်အကြား စစ်ဖက်ဆက်ဆံမှု ကြီးထွားလာခြင်းကို စိုးရိမ်တကြီးရှုမြင်နေသော အိန္ဒိယက အဆိုပါစိန်ခေါ်မှုကို ယှဉ်ပြိုင်နိုင်ရန် အိန္ဒိယ ကိုယ်ပိုင်စစ်ရေးစွမ်းရည်များကို အားပေးမြှင့်တင်ရမည်ဟု ပြောကြားလိုက် သည်။ “ဒီအခြေအနေဟာ ကျွန်တော်တို့အတွက် စိုးရိမ်စရာကိစ္စပါ၊ အဓိက အချက်ကတော့ ကျွန်တော်တို့ရဲ့ စွမ်းရည်ကို မြှင့်တင်ရမှာဖြစ်ပါတယ်၊ ဒါဟာ တစ်ခုတည်းသော အခြေအနေပါပဲ” ဟု ကာကွယ်ရေးဝန်ကြီး A.K Antony က နယူးဒေလီတွင် သတင်းထောက်များအား သောကြာနေ့က ပြောကြားသည်။

တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံအား JF-17 မိုးကြိုးဘက်စုံသုံး တိုက်ပွဲဝင် ဂျက်တိုက်လေယာဉ်သစ် အစင်း ၅၀ ကို ပူးတွဲထုတ်လုပ်ရေးစာချုပ်ဖြင့် ရောင်းချ ပေးမည့် အစီအစဉ်နှင့်ပတ်သက်၍ သတင်းများထွက်ပေါ်လာပြီးနောက် အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

Mr. Antony က ဆက်လက်၍ ပါကစ္စတန်သည်စစ်သွေးကြွများအတွက် ဘေးကင်းရာဘုံတစ်ခုဖြစ်နေခြင်းသည် လည်း နယူး ဒေလီ အတွက်စိုးရိမ်စရာ ကိစ္စတစ်ခုဖြစ်ကြောင်းနှင့် အကယ်၍ အစ္စလမ်မာဘတ် အနေဖြင့် အိန္ဒိယနှင့် ဆက်ဆံရေးကောင်းရန် ရိုးရိုးသားသား ဆန္ဒရှိပါက စစ်သွေးကြွများ၏ စခန်းအားလုံးကို ဖျက်သိမ်း၊ ဖျက်ဆီးပစ်သင့်ကြောင်း ပြောကြားခဲ့သည်။

“အမေရိကန် ကွန်မန်ဒိုတွေက ဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲမှာ တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ ကိစ္စကို ကြည့်မယ်ဆိုရင် တောင်အာရှဒေသရဲ့ အကြမ်းဖက် လှုပ်ရှားမှု ဗဟိုအဖြစ် ပါကစ္စတန်ကို နိုင်ငံတကာက သတ်မှတ်လိုက်တာကို တွေ့ရပါလိမ့်မယ်” ဟု ယင်းက ဆိုသည်။

ပါကစ္စတန်သည် အိန္ဒိယမြေကို တိုက်ခိုက်ရန်စီစဉ်နေသည့် စစ်သွေးကြွအုပ်စုများကို လက်ခံ ထောက်ပံ့ထားကြောင်း အိန္ဒိယက ယခင်ကပင် စွပ်စွဲ ပြောဆိုခဲ့ပြီး ထိုကိစ္စအတွက် ပါကစ္စတန်ကို ပြစ်တင်ရှုတ်ချရန် နိုင်ငံတကာ အသိုင်းအဝိုင်း (အထူးသဖြင့် အမေရိကန်) ကို တွန်းအားပေးခဲ့သည်။

နူကလီးယား လက်နက်ပိုင်ရှင် အိန္ဒိယနှင့် ပါကစ္စတန်နှစ်နိုင်ငံသည် ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း အငြင်းပွားကက်ရှမီးယား နယ်မြေ ပြဿနာနှင့် ပတ်သက်၍ စစ်ပွဲ ၃ ကြိမ် တိုက်ခိုက်ခဲ့ကြပြီး ဖြစ်သည်။

********************************************************************************

ပါကစ္စတန် ရေတပ်စခန်းကို တရုတ်လာဆောက်ပေးစေလို

(Reuter’s သတင်းမှ 22 May 2011 ရက်စွဲပါ “Pakistan says wants China to build naval base” သတင်းကို ဘာသာ ပြန်ဆိုသည်။)

ပါကစ္စတန်နိုင်ငံသည် ၀ါရှင်တန်နှင့် 2002 ဆက်ဆံရေးကျဲသွားချိန်တွင် ဘေဂျင်းနှင့် ဆက်ဆံရေးခိုင်မာရန် ကူးပြောင်းသည့် နောက်ဆုံး လက္ခဏာ အဖြစ် “တရုတ်နိုင်ငံက ပါကစ္စတန်တွင် ရေတပ်အခြေစိုက်စခန်း လာရောက် ဆောက်ပေးစေချင်ကြောင်း” တနင်္လာနေ့တွင် ပြောကြား လိုက်သည်။

                အစ္စလမ်မာဘတ်၏ အကြီးဆုံးလက်နက်ရောင်းချပေးသူ တရုတ်နိုင်ငံသို့ ပါကစ္စတန်ဝန်ကြီးချုပ် Yusuf Raza Gilani  ၅ ရက်ကြာ ခရီးစဉ် သွားရောက် ခဲ့ပြီး နောက်တစ်ရက်တွင် ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

                “ပါကစ္စတန်အတွက် ဂွါဒါမှာ ရေတပ်အခြေစိုက်စခန်း တည်ဆောက်ပေးမယ်ဆိုရင် တရုတ်အစိုးရကို ကျွန်တော်တို့ ကျေးဇူးတင်ရမှာပါ” ဟု ကာကွယ်ရေး ၀န်ကြီး Ahmad Muktar က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ပါကစ္စတန် အနောက်တောင်ပိုင်းမှ ရေနက်ဆိပ်ကမ်းကို ရည်ညွှန်း ပြောကြား လိုက်သည်။

                ဘာလူချစ်စတန်ပြည်နယ်ရှိ ရေနက်ဆိပ်ကမ်းကို တည်ဆောက်ပေးရန် ပါကစ္စတန်က တရုတ်နိုင်ငံကို တောင်းဆိုခဲ့ခြင်းရှိမရှိကိုမူ ကြေညာ ချက်တွင် ဖော်ပြခြင်းမရှိပါ။

                ယခုလအတွင်း ပါကစ္စတန်နိုင်ငံ၌ အယ်လ်ခိုင်းဒါးခေါင်းဆောင် အိုစမာဘင်လာဒင် အသတ်ခံရပြီးနောက်ပိုင်း အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေး ကျဲလာခြင်းကြောင့်  ဘေဂျင်းနှင့် ဆက်ဆံရေး ခိုင်မြဲအောင် ပါကစ္စတန်က ကြိုးစားနေခြင်းဖြစ်သည်။

                ပါကစ္စတန်တပ်မြို့လေးတွင် အိုစမာဘင်လာဒင် နှစ်ပေါင်းအတန်ကြာ ပုန်းအောင်းနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ပါကစ္စတန်အား အမေရိကန် ဒေါ်လာဘီလျံပေါင်းများစွာ ကူညီထောက်ပံ့နေခြင်းကို ပြန်လည် သုံးသပ်ရန် ၀ါရှင်တန်တွင် လူများစုက တောင်းဆိုလျက်ရှိသည်။

**********************************************************************

နျူကလီးယားဆိုင်ရာ စောစီးစွာ သတိပေးစနစ် ထူထောင်ရန် နာတိုခန်၊ လီမြောင်ဘတ်နှင့် ၀မ်ကျားပေါင်တို့ သဘောတူ

(BBC News မှ 22May 2011 ရက်စွဲပါ “Kan, Kee and Wen agree early warning” သတင်းကို ဘာသာပြန်ဆိုသည်။)

                ဂျပန်၊ တရုတ်နှင့် တောင်ကိုရီးယားခေါင်းဆောင်များသည် နျူကလီးယား အဆောက်အအုံများမှ အရေးပေါ် အခြေအနေများကို တစ်ဦးနှင့်တစ်ဦး တပ်လှန့်နှိုးဆော်ရန် စောစီးစွာသတိပေးသည့် စနစ်တစ်ခုထူထောင်ရေးကို သဘောတူလိုက်ကြပြီဖြစ်သည်။

                တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်၊ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့နှင့် တိုကျိုတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဂျပန်ဝန်ကြီး ချုပ် နာတိုခန်က အထက်ပါ အစီအစဉ်ကို သဘောတူလိုက်ခြင်းဖြစ်သည်။

                အနာဂါတ်တွင် နျူကလီးယား ပညာရှင်များကလည်း သတင်းအချက်အလက်များ ပိုမိုမျှဝေသွားကြမည်ဟု ခေါင်းဆောင်များက ပြောကြားသည်။ ပြီးခဲ့သော မတ်လ ၁၁ ရက်တွင် အင်အားပြင်း ငလျင်နှင့်ဆူနာမီလှိုင်းများက ဂျပန်နိုင်ငံကို ထိုးနှက်ခဲ့ခြင်းကြောင့် ဖူကူရှီးမားဒိုင်အိချိ နျူကလီးယား ဓါတ်အားပေး စက်ရုံ ပျက်စီးသွားခဲ့သည်။

                ဖူကူရှီးမား နျူကလီးယား ဓါတ်အားပေးစက်ရုံလုပ်သားများက ရေဒီယို သတ္တိကြွပစ္စည်းများ စိမ့်ထွက်နေသည့် ပျက်စီးသွားသော စက်ရုံကို ထိန်းချုပ်နိုင်ရန် ကြိုးစားလုံးပမ်းနေကြဆဲ ဖြစ်သည်။ တရုတ်နှင့်တောင်ကိုရီးယားတို့က လတ်တလောသီတင်းပတ်များအတွင်း ဂျပန်နိုင်ငံ၏ ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ သို့သော်လည်း ငလျင်နှင့်ဆူနာမီအပြီး ညီညွတ်ကြံ့ခိုင်မှုကို ပြသရန် ယခုထပ်သီးဆွေးနွေးပွဲကို ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်ဟု တိုကျိုမှ BBC သတင်းထောက် Roland Burek က ပြောကြားသည်။

                ထို့အပြင် နျူကလီးယားကိစ္စများနှင့် ပတ်သက်၍ ပိုမိုနီးကပ်စွာ ပူးပေါင်းလုပ်ဆောင်သွားကြမည် ဟု ခေါင်းဆောင် ၃ ဦးက ပူးတွဲ ကြေညာ ချက်တွင် ကတိပြုပြောကြားသည်။

                “သတင်းအချက်အလက် မျှဝေမှု ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်၊ အရေးပေါ် ကိစ္စတွေမှာ စောစီးစွာ သတိပေးစနစ်တစ်ခုထူထောင်ဖို့နဲ့ ပညာရှင်တွေ အပြန်အလှန် စေလွှတ်ဖို့ကို ဆွေးနွေးပွဲတွေ လုပ်ကြမယ်လို့လည်း ဆုံးဖြတ်ခဲ့ ပါတယ်” ဟု ကြေညာချက်တွင် ပြောကြားသည်။

                နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေဖြင့် ဖူကူရှီးမားပြဿနာကို သင်ခန်းစာယူရန် လိုအပ်သည်ဟုလည်း ခေါင်းဆောင်များက ဆိုသည်။ ဂျပန်နိုင်ငံမှ နျူကလီးယားယိုစိမ့်မှုသည် ဒေသတလွှား စားနပ်ရိက္ခာဘေးကင်းရေးအပေါ် ဆိုးကျိုးသက်ရောက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း တရုတ်နှင့်တောင်ကို ရီးယားက ယခင်ကပင် ထုတ်ဖော်ပြောဆို ထားကြသည်။ သို့သော်လည်း ဂျပန်ဝန်ကြီးချုပ် နာတိုခန်ကမူ သူ၏တိုင်းပြည်မှ အစားအသောက်များတွင် ရေဒီယို သတ္တိစိမ့်ဝင်ရောနှော မှုမရှိကြောင်းကိုသာ မီးမောင်းထိုးပြရန် စိတ်ဝင်စားပုံ ရသည်။ စနေနေ့က သတင်းထောက်များအား ဓါတ်ပုံရိုက်ခွင့်ပေးစဉ် သမ္မတလီနှင့် ၀န်ကြီးချုပ်ဝမ်တို့နှစ်ဦး ဖူကူရှီးမားစီရင်စုတွင် အစားအစာများ စားသောက်ပြ နေသည်ကို တွေ့ရှိရသည်။ ၀မ်နှင့်လီတို့နှစ်ဦးသည် တိုကျို အရှေ့ဖက် ၂၂၀ ကီလိုမီတာ အကွာရှိ ဖူကူရှီးမားသို့ ကပ်ဘေးသင့်ပြီးနောက်ပိုင်း ပထမဆုံး ရောက်ရှိလာသော နိုင်ငံခြားခေါင်းဆောင်များ ဖြစ်သည်။

                တောင်ကိုရီးယားအနေဖြင့် ဂျပန်နိုင်ငံ၏ ပြန်လည်တည်ဆောက်မှုလုပ်ငန်းတွင် ကူညီနိုင်သမျှ အရာအားလုံး လုပ်ဆောင်မည်ဟု သမ္မတလီက ပြောကြားသည်။ အရှေ့အာရှ အင်အားကြီး ၃ နိုင်ငံခေါင်းဆောင်များသည် ယခု ဆယ်စုနှစ် အတွင်း ခင်မင်ရင်းနှီးမှု အခြေခံကာ တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး ၂၀၀၈ မှစ၍ နှစ်စဉ် ထိပ်သီးအစည်းအဝေးများ ကျင်းပခဲ့ကြသည်။ မတ်လအတွင်းက ပြင်းထန်သော ငလျင်နှင့် ဆူနာမီဒဏ်ကြောင့် ဂျပန်နိုင်ငံတွင် လူပေါင်း ၂၄၀၀၀ ကျော် သေဆုံး (သို့) ပျောက်ဆုံးခဲ့ရသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

 

၂၃.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၁

မြန်မာကို နိုင်ငံတကာက ထောက်ခံ ပံ့ပိုးကြရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို

(21 May 2011 ရက်စွဲပါ DEUSCHE WELLE မှ Aung San Suu Kyi calls for more International Support for Burma ကို ဘာသာပြန်ဆိုသည်)

လူ့အခွင့်အရေးလှုပ်ရှားသူနှင့် အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ တိုးမြှင့်ပေးကြရန် တောင်းဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ Deusche Welle စားပွဲဝိုင်းဆွေးနွေးတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ အတွင်း နိုင်ငံတကာထောက်ခံပံ့ပိုးမှု ပိုမိုလိုအပ်ကြောင်း အလေးအနက် ပြောကြားခဲ့သည်။

မကြာခင်က ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း အဓိပ္ပာယ်ရှိသော နိုင်ငံရေးအရ ပြောင်းလဲမှုများ မရှိသေးကြောင်း သူမကဆိုသည်။ “ရွေးကောက်ပွဲတွေ လုပ်ခဲ့ပါတယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲကြောင့် ဖြစ်လာတဲ့ အစိုးရက လူတွေနဲ့ အရင်အစိုးရလူတွေနဲ့ အတူတူ ဒီလူတွေပါပဲ” ဟု DW-TV မှ စီစဉ်ပြီး Hertie School of Governnce နှင့်အတူ ပြုလုပ်သော ဖိုရမ်တွင် သူမက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ရှိ လျှို့ဝှက်သောနေရာမှ စကားပြောရာတွင် သူမက နိုင်ငံတကာထောက်ခံမှု မရှိခြင်းနှင့် နိုင်ငံတကာ အကူအညီများ နည်းပါးစွာ ရနေမှု ကို စိတ်မကောင်းစွာ ပြောခဲ့သည်။ ဥရောပသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကံမကောင်းစွာပင် သဘောမတူညီမှုများ၊ မညီညွတ်မှုများရှိကြောင်း သူမက ပြောသည်။ အခြားတိုင်းပြည်များ၊ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ပါဝင်လာကြရန် လိုအပ်ကြောင်းသူမက ဖြည့်စွက်ပြောသည်။ “ဥရောပကပဲ ဖြစ်ဖြစ်၊ အာဆီယံနိုင်ငံတွေကပဲဖြစ်ဖြစ်၊ အမေရိကန်ကပဲဖြစ်ဖြစ် တစ်ခုချင်း သီးသန့် မြန်မာနိုင်ငံအပေါ် ကူညီနိုင်လိမ့်မယ်လို့ ကျွန်မ မယုံကြည်ပါဘူး၊ အားလုံးညှိနှိုင်းပြီး တူညီတဲ့ ချဉ်းကပ်မှု လိုအပ်ပါတယ်” ဟု သူမက ကျောင်းသားများ၊ ကထိကများနှင့် သတင်းစာဆရာများ ပါဝင်သော အဖွဲ့သို့ ပြောကြားခဲ့သည်။

လူ့အခွင့်အရေးချိုးဖောက်မှုများ

ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ယခုအထိ သူမ၏နိုင်ငံတွင် ပြည်သူများသည် ဆင်ဆာမရှိသော မီဒီယာများကို ထိတွေ့ခွင့် မရသေး ကြောင်း ပြည်သူများသည် အာရပ်ကမ္ဘာမှ ဖြစ်ပေါ်တိုးတက်မှုများကို စိတ်ဝင်စားစွာ ကြည့်ရှုလျက် ရှိကြောင်းဆိုသည်။

ပြောင်းလဲမှုလိုချင်လျှင် မိမိကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်မှရမည်ဟု မြန်မာနိုင်ငံမှ လူငယ်များ သဘောပေါက် လာကြကြောင်း သူမက ပြော သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ နာမည်အကြီးဆုံး အစိုးရဆန့်ကျင်သူ ဖြစ်ပြီး စစ်အစိုးရ၏ ဖိနှိပ်မှုများကို ကန့်ကွက်မှုများကြောင့် နေအိမ် အကျယ်ချုပ် ကျခံခဲ့ရကာ ပြီးခဲ့သည့် ဆောင်းရာသီက ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နိုဝင်ဘာလက အနှစ်နှစ်ဆယ်အတွင်း ပထမဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့ သော်လည်း စစ်တပ်ကသာ ဩဇာ လွှမ်းမိုးမှု ကြီးစွာ ရှိနေဆဲဟု ယုံကြည်နေကြသည်။ ပြီးခဲ့သည့် သောကြာနေ့က မြန်မာနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမေရိကန် အကြီးတန်း သံတမန်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေးအတွက် စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun က အမေရိကန် ပြည်ထောင်စုက မြန်မာ အစိုးရနှင့် ဆက်ဆံရေး တိုးတက်ရန် လိုလားကြောင်းနှင့် ထိုမှတစ်ဆင့် ဒီမိုကရက်တစ်အုပ်ချုပ်ရေးသို့ အဓိပ္ပာယ်ရှိသော ခိုင်မာသည့် ခြေလှမ်းများ လှမ်းနိုင်ရန်၊ လူ့အခွင့်အရေးကိုလေးစားရန်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိုဖြစ်စေရန် ထပ်မံပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

*********************************************************************************

အင်ဒိုနီးရှားရိုင်ဖယ်များ မြန်မာဝယ်ဖွယ်ရှိ

(Jakarta Post မှ 21 May 2011 ရက်စွဲပါ Myanmar get RI rifles သတင်းကို ဘာသာ ပြန်ဆိုသည်)

                အင်ဒိုနီးရှားနိုင်ငံလုပ် ss-2 ချေမှုန်းရေးရိုင်ဖယ်များကို မြန်မာနိုင်ငံသို့ရောင်းချရန် အင်ဒိုနီးရှားအစိုးရက မျှော်လင့်နေသည်ဟု ကာကွယ်ရေး ဝန်ကြီး Purnomo Yusgiantoro က ပြောကြားလိုက်သည်။ ဂျကာတာတွင် ပြုလုပ်သော အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးအပြီး ကြာသ ပတေးနေ့တွင် Purnomo က “ကျွန်တော်တို့ ကမ်းလှမ်းထားတဲ့ ss-2 ရိုင်ဖယ်တွေကို မြန်မာတွေ လေ့လာနေပါတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

                အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ PT Pindad ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးစက်မှု လုပ်ငန်း မူဝါဒကော်မတီ (KK IP) တို့ကို ကိုယ်စားပြုထားသော Indonesian Incorporafed က အင်ဒိုနီးရှားနိုင်ငံ၏ လက်ရှိ စစ်လက်နက်ပစ္စည်း ကုန်သွယ်ရောင်းဝယ်မှုကို လုပ်ဆောင်နေသည်ဟု Purnomo က ဆိုသည်။

                “မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ထဲမှာ ရောက်နေပြီးသားပါ။ ရွေးကောက်ပွဲလည်း ကျင်းပခဲ့ပြီးပါပြီ။ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ခဲ့ကြတာပါ” ဟု Purnomo က ပြောကြားသည်။

                မူအားဖြင့်တော့ အင်ဒိုနီးရှားနိုင်ငံဟာ အာဆီယံနိုင်ငံတွေ အပါအဝင်ဘယ်နိုင်ငံကိုမဆို လက်နက်ရောင်း ချတာကို ကန့်သတ်မထားပါဘူး” ဟု ပြောကြား သူမှာ အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး၏ အထူးလက်ထောက် အရာရှိ ဗိုလ်မှူးကြီး Jan Pieter Atc. ဖြစ်သည်။

                “သူတို့အနေနဲ့ အာဆီယံအပြင်ဖက်က သူတို့နဲ့ဆိုင်တဲ့ ဈေးကွက်တွေကိုပဲ ထိန်းချုပ်သင့်ပါတယ်။ အင်ဒိုနီးရှားရဲ့ လက်နက်ရောင်းချရေးမူဝါဒက အာဆီယံကာကွယ်ရေးစက်မှုလုပ်ငန်း ပူပေါင်းဆောင်ရွက်ခြင်း အစီအစဉ်နှင့် ဆက်စပ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

                “တကယ်လို့ ကျွန်တော်တို့အနေနဲ့ မလေးရှား၊ လာအို၊ ဗီယက်နမ်၊ မြန်မာနိုင်ငံတွေကို လက်နက်ရောင်း ချင်တယ်ဆိုရင် ရောင်းလို့ရပါတယ်။ ဒီလက်နက်တွေကို အခြားနိုင်ငံတွေအပေါ် ခြိမ်းခြောက်ဖို့သုံးမှာလား ဆိုတဲ့ ကိစ္စကတော့ မျှော်လင့်ထားစရာမလိုသလို ညှိုနှိုင်းရမယ့် ကိစ္စမဟုတ်ပါဘူး”ဟု Jan Pieter က ပြောကြားသည်။

                ၎င်းက ဆက်လက်၍ “အင်ဒိုနီးရှား၏ သဘောထားသည် ခိုင်မာပြတ်သားကြောင်း၊ အင်ဒိုနီးရှားလုပ် လက်နက်များကို အရပ်သားများအပေါ် အသုံးပြုနိုင်သည်ဟူသော အလားအလာကို လက်မခံကြောင်း” ပြော ကြားခဲ့သည်။

                “လက်နက်တွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ တိုင်းပြည်ကို ကာကွယ်ဖို့ပါ။ ဒါဟာ ကျွန်တော်တို့ကို ကောင်းကောင်းဘဝင်ကျစေတဲ့ အချက်ပါပဲ”ဟု ပြောကြားသော Jan Pieter က “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကူး ပြောင်းမှုကို အင်ဒိုနီးရှားက ထောက်ခံအားပေးရာမှာ လက်နက် ရောင်းချပေးတဲ့ ကိစ္စက အထောက်အကူရပါလိမ့်မယ်”ဟု သုံးသပ်သည်။

                “ဒီလိုဆက်ဆံရေးမျိုးရှိနေမယ်ဆိုရင် ဒီမိုကရေစီတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံကို ကောင်းစွာထိ တွေ့ခွင့်ရလာမှာပါ။ တကယ်လို့ နိုင်ငံ တစ်ခုက တစ်ခြားနိုင်ငံတစ်ခုနဲ့ ဆက်ဆံမှုမရှိဘူးဆိုရင် အဲဒီတခြားနိုင်ငံအပေါ် သြဇာညောင်းဖို့ ခက်ခဲပါလိမ့်မယ်။ ကုန်သွယ်ရေးကတစ်ဆင့် ဆက်ဆံတာဟာ နည်းလမ်းတစ်ခုပါ။ ကာကွယ်ရေး ကဏ္ဍကလည်း ဒီထဲက နည်းတစ်နည်းပေါ့ဗျာ” ဟု Jan Pieter က ဆိုသည်။

                University of Indonesia မှ လုံခြုံရေးလေ့လာဆန်းစစ်သူ Andi Witjanto က “မြန်မာနိုင်ငံသို့ လက် နက်ရောင်းချပေးမည့် အင်ဒိုနီးရှား၏ အကြံဥာဏ်သည် အဆိုးဖက်ထက်စာလျှင် အပြုသဘောဆောင်ကြောင်း၊ မြန်မာနိုင်ငံအပေါ် အပေါ့စားလက်နက်များ ပိတ်ပင်မှုသည် မြန်မာတပ်မတော် အစိုးရကို မှောင်ခိုဈေးကွက်ကို တွန်းပို့သလို ဖြစ်နေကြောင်း” သုံးသပ် ပြောဆိုသည်။

                “မြန်မာနိုင်ငံကို နိုင်ငံတကာလက်နက်ဈေးကွက်ထဲမှာ ဝယ်ယူခွင့်ပေးထားတဲ့အတွက် နိုင်ငံဖြတ်ကျော်မှုခင်း ကွန်ယက်က အထောက်အကူ ပေး နေတဲ့ လက်နက်မှောင်ခိုလုပ်ငန်းကို ဝင်ငွေနည်းသွားစေပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

*********************************************************************************

မြန်မာအပေါ် အီးယူ အရေးယူမှု ဘာလဲ ဘယ်လဲ

(20 May, 2011 ရက်စွဲပါ The Straits The Eurasia Review မှ Sripathi Narayanan ရေးသားသော EU sanction on Burma: What next? - Analysis ကို ဘာသာပြန်သည်။ )

ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာအရေးယူမှုများကို နောက်ထပ်တစ်နှစ် ဆက်လက် ထားရှိ ရန် ဧပြီလ (၁၂)ရက်နေ့က ကြေညာခဲ့သည်။ သို့သော် မြန်မာ အစိုးရ၏ အရပ်သား အဖွဲ့ဝင်အချို့ကို ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကို ဖြေလျော့ပေးခဲ့သည်။ ယခု အရေးယူမှုများတွင် အီးယူအဖွဲ့ဝင် (၂၇)နိုင်ငံမှ အဆင့်မြင့် အရာရှိများ မြန်မာနိုင်ငံသို့ သွားရောက်မှုအား ကန့်သတ်ထားသည်။ အငယ်တန်း တာဝန်ရှိသူများ ကိုမူ ကန့်သတ်ထားခြင်းမရှိပေ။ အီးယူက မြန်မာနိုင်ငံအပေါ် တရားဝင်ရပ်တည်ချက်နှင့် ပတ်သက်၍ သိသာသော ပြောင်းလဲ မှုများ မရှိသေးသော်လည်း ယခုတိုးတက်ဖြစ်ပေါ်မှုများသည် အီးယူက မြန်မာနိုင်ငံအပေါ် ဆက်ဆံရေးနှင့် ပတ်သက်၍ ပြန်လည် ဆန်းစစ်ခြင်းအတွက် အကြောင်းပြချက် အဖြေပင် ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရသစ်အပေါ် ကန့်သတ်မှုများ ဖြေလျော့ပေးရန် ပြောကြား ခဲ့သော်လည်း အီးယူက ယင်း၏ Sanction များကို ဆက်လက်ထားရှိမည် ဖြစ်သည်။ (စာရေးသူ မှားယွင်း အဓိပ္ပာယ် ကောက်ယူခြင်းလော။ အယ်ဒီတာ) အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများကလည်း အီးယူနှင့် အမေရိကန်အား မြန်မာနိုင်ငံအပေါ် ထားရှိသော sanction များအား ရုတ်သိမ်းပေးရန် တောင်းဆိုခဲ့သော်လည်း တောင်းဆိုမှုများကြောင့် အီးယူက မြန်မာအစိုးရအဖွဲ့ဝင် အချို့အား ခရီးသွားလာခွင့် ကန့်သတ်ထားခြင်းကို ရုတ်သိမ်းပေး ခဲ့သော်လည်း တောင်းဆိုမှုကို အလုံးစုံ ဖြည့်ဆီးပေးနိုင်ခဲ့ခြင်း မရှိပေ။ အီးယူက ယင်း၏ရပ်တည်ချက်ကို ပြောင်းလဲခြင်း မရှိသော်လည်း မြန်မာနိုင်ငံကို ဆက်လက် ချုပ်ကိုင်နေသော စစ်အစိုးရအပေါ် သဘောထားပျော့ပြောင်းလာကြောင်း စွပ်စွဲလျက် ပြောဆိုခံနေရသည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ အီးယူ၏ဆုံးဖြတ်ချက်ကို သုံးသပ်ရလျှင် အီးယူသည် အာဏာရှင်အစိုးရ၏ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု မရှိခြင်းအတွက် ဆက်လက်ရှုတ်ချလျက် ရှိသည်ဟု ဆိုရမည်။ တစ်ခုတည်းသော ပြောင်းလဲသည့်အချက်မှာ မြန်မာနိုင်ငံခြားရေး ၀န်ကြီးနှင့် အချို့ အရပ်သား တာဝန်ရှိသူများအား ခရီးသွားလာမှု ကန့်သတ်ထားခြင်းအား တစ်နှစ်ဖြေလျော့ပေးခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အီးယူနှင့် မြန်မာနိုင်ငံကြား နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သံတမန်ရေးအရ ဆက်ဆံရေးကို ပြန်လည်ထူထောင်နိုင်မည် ဖြစ်သည်။ အီးယူက ယခု အနေအထားဖြင့် မြန်မာနိုင်ငံ တွင် ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်။ လူ့အခွင့်အရေးအခြေအနေများ တိုးမြှင့်နိုင်မည်ဟု မျှော်လင့်နေသည်။ သို့တည်းမဟုတ် မြန်မာနိုင်ငံအပေါ် နားလည်ပေးရန် ကြိုးစားခြင်းလည်း ဖြစ်နိုင်သည်။ ယခုကဲ့သို့ ခရီးသွားလာခွင့်ကို လျော့ပေါ့ပေးခဲ့ခြင်းမှာ ပြီးခဲ့သည့်နှစ်နိုဝင်ဘာလ ရွေးကောက်ပွဲ၏ မကောင်းသည့် နောက်ခံကို လျစ်လျူရှု၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲမှာ နှစ်ပေါင်း 20 အတွင်း ပထမဆုံး ကျင်းပခဲ့ခြင်း ဖြစ်သော်လည်း နိုင်ငံ တကာ အသိုင်းအ၀ိုင်းက အစိုးရက စီမံခန့်ခွဲပြီး စစ်အစိုးရအတွက် အတိုက်အခံပါဝင်ခြင်းမရှိအောင် လုပ်ထားသည်ဟု စွပ်စွဲခဲ့သည်။ 2010 နိုဝင်ဘာ ရွေးကောက်ပွဲများသည် မတရား တင်းကြပ်သော ဥပဒေများအောက်တွင် ကျင်းပခဲ့သည့်အပြင် ကိုယ်စားလှယ် တစ်ဦးခြင်းအတွက်လည်း ဈေးကြီးစွာ ပေးခဲ့ရသည်။ ထို့အပြင် အဓိကအတိုက်အခံပါတီဖြစ်သော NLD ကလည်း သပိတ်မှောက်ခဲ့သည်။ အစိုးရသည် ရွေးကောက်ပွဲကို စစ်တပ်အား သစ္စာရှိ သော ပုဂ္ဂိုလ်များဖြင့်သာ ပြုလုပ်ရန် စီစဉ် ခဲ့သည်။ ၀န်ကြီး ဦးရေ (၃၀)ရှိသည့်အနက် လေးဦးသာ စစ်တပ်နှင့် ပတ်သက်ဖူးခြင်း မရှိသူများ ပါဝင်သည်။ ထို့ကြောင့် လက်ရှိ မြန်မာ အစိုးရအား စစ်တပ်၏ အသုံးချခံများအဖြစ် ဝေဖန်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ အသွင်သဏ္ဍာန်နှင့်အနှစ်သာရတွင် ကန့်သတ် ချက်များ ရှိသော်လည်း မြန်မာ အစိုးရသည် ဒီမိုကရေစီကို ဖော်ဆောင်ရန် ကြိုးစားလျက်တော့ ရှိနေသည်။ ရွေးကောက်ပွဲမှာ ၂၀၀၃ ခုနှစ်က စစ်အစိုးရက ကြေညာခဲ့သော “ဒီမိုကရေစီလမ်းပြမြေပုံ (၇)ဆင့်”၏ အဆုံးသတ်ပိုင်း ဖြစ်သည်။ အဆိုပါ ဒီမိုကရေစီ လမ်းညွှန် ဒီမိုကရေစီ (guided democracy) ဖြစ်ပြီး စစ်တပ်၏ နေရာနှင့် အာဏာကို စိန်ခေါ်ခြင်း မရှိပေ။

ယခုကဲ့သို့ ခရီးသွားလာမှုကို ဖြေလျော့ပေးရခြင်းအကြောင်းတစ်ခုမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းသည် မြန်မာနိုင်ငံ အပေါ် ပြင်းထန်စွာ ကန့်သတ် ထားသော အရေးယူမှုများချမှတ်၍ ပစ်ပယ်ခဲ့ကြသည်။ သို့သော် အစိုးရမှာ သိသာသော ပြောင်းလဲမှုများ ဖော်ဆောင်ခဲ့ခြင်း မရှိပေ။ အစိုးရအား လုပ်ပုံ ကိုင်ပုံ ပြင်ဆင်ရန် အနီးကပ် တွန်းအားပေးရမည့်အစား နိုင်ငံတကာသည် မြန်မာ အစိုးရအား အထီးကျန်စေပြီး အာဏာရှင် စနစ်ကို ပိုမို ပီပြင်စေခဲ့သည်။ Sanction များသည် အစိုးရကို အခက်အခဲ မဖြစ်စေပဲ ပြည်သူများကိုသာ ဒုက္ခရောက်စေသည်။ စစ်အစိုးရ၏ ရည်မှန်းချက်သည် ပြည်သူများ သက်သာ ချောင်ချိရေး မဟုတ်ပဲ ယင်းအတွက်သာ ကောင်းစားရေး ဖြစ်သောကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းများနှင့် ဆက်ဆံရေး အလွန်ကောင်းမွန်ခဲ့ပြီး ရပ်တည်နိုင်ခဲ့ခြင်းကြောင့် sanction များက ဘာမျှမလုပ်နိုင်ခဲ့ပေ။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် ယင်းတို့၏ ဆက်ဆံရေးကို မူပေါ်တွင် အခြေမခံပဲ လက်တွေ့ကျသော အချက်များအပေါ် အခြေခံ၍ ပြုလုပ်ခဲ့ ကြခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် အလိုအလျောက်သော်လည်းကောင်း၊ စီမံ၍သော်လည်းကောင်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေးမပြုလုပ်၍ မရသော အခြေအနေ ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံသည် ပထ၀ီ မဟာဗျူဟာ (geo-strategic) အရ အသုံးမပြုရသေးသော သဘာဝ သယံဇာတများ ရှိနေသဖြင့် ယင်း၏ အိမ်နီးချင်းများ လျစ်လျူရှု၍ မရနိုင်သော အခြေ အနေတွင် ရှိပေသည်။

အီးယူ၏ အနာဂတ်လမ်းကြောင်းမှာ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးပြုလုပ်မည် ဖြစ်သည်။ ဆက်ဆံရေးကို တဖြည်းဖြည်း တိုး၍လုပ်ဆောင်ခြင်းဖြင့် စစ်တပ်အင်အား ဒီမိုကရေစီပုံစံဖြင့် အာဏာကို ခွဲဝေပေးသွားရန် အားပေးနိုင်မည် ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ရင်း အီးယူအနေဖြင့် စီးပွားရေးအရ အကျိုးအမြတ်များလည်း ရယူနိုင်ပေမည်။

***********************************************************************************

မြောက်ကိုရီးယားနှင့် ဆက်ဆံမှုအပေါ် မြန်မာကို အမေရိကန်သံတမန် ဖိအားပေး

(AFP သတင်းမှ 20 May 2011 ရက်စွဲပါ US Envoy Presses Myanmar on N.Korea ties သတင်းကို ဘာသာပြန်ဆိုသည်)

                အမေရိကန်ဝါရင့်သံတမန်က မြန်မာနိုင်ငံ၏ တပ်မတော်နောက်ခံအစိုးရသစ်အား မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံနေခြင်းနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက သောကြာနေ့တွင် ပြောကြားသည်။

                ၃ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း အရှေ့အာရှနှင့် ပစ္စဖိတ်ရေးရာ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Joseph Yun က ဒီမိုကရေစီ စနစ်သို့ ဦးတည်သည့် စစ်မှန်၊ ပြည့်ဝ၊ ခိုင်မာသော အဆင့်များ လုပ်ဆောင်ရန်၊ လူ့အခွင့်အရေးကို လေးစားရန်၊ နိုင်ငံရေးအကျဉ်းသားများ ကို လွှတ်ပေးရန် စသည့် ကိစ္စများကိုလည်း တောင်းဆိုခဲ့သည်ဟု သံရုံးကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

                မြန်မာအစိုးရက ပြုံးယမ်း၏ အကူအညီဖြင့် လျှိ့ဝှက် နျူကလီးယား အစီအစဉ်တစ်ခုလုပ်ဆောင်နေခြင်းကို ဝါရှင်တန်က နှစ်ပေါင်းများစွာ သံသယ ရှိနေကြောင်းကို Wiki Leaks က မနှစ်က ထုတ်လွှင့်ခဲ့သော အမေရိကန်သံတမန် ဌာနတွင်း ပေးစာများတွင် တွေ့ရှိရသည်။

                မြောက်ကိုရီးယားနိုင်ငံက ၂၀၀၆ နှင့် ၂၀၀၉ ခုနှစ်များတွင် နျူကလီးယား စမ်းသပ်ဖောက်ခွဲမှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ထိုနိုင်ငံအပေါ် အရေးယူဒဏ်ခတ်သည့် အစီအစဉ်များချ မှတ်ကာ နျူကလီးယားနှင့် ဒုံကျည်ပစ္စည်းများရောင်းဝယ်ခြင်းကို ပိတ်ပင်ထားခဲ့သည်။

                ပြီးခဲ့သော မတ်လတွင် နာမည်ခံအရပ်ဖက်အစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့သော တပ်မတော်အစိုးရက ၎င်း၏ နျူကလီးယားရည်မှန်းချက် များနှင့် ပတ်သက်သည့် အစီရင်ခံစာများကို ကန့်ကွက်ပယ်ချခဲ့သည့်အပြင် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ခြေအပေါ် အနောက်နိုင်ငံ များက စိုးရိမ်ပူပန်နေခြင်းကို မသိကျိုးကျွံပြုခဲ့သည်။

                နှစ်ပေါင်း ၂၀ တွင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲများကို နိုဝင်ဘာလက ပြုလုပ်ခဲ့သော မြန်မာတပ်မတော် အစိုးရကို တွေ့ထိဆက်ဆံရန် သမ္မတ အိုဘားမား အစိုးရက ၂၀၀၉ ခုနှစ်တွင် စတင်ကြိုးစားခဲ့သည်။

                သို့သော်လည်း မြန်မာအစိုးရနှင့် ဆွေးနွေးမှုရလဒ်များအပေါ် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဝါရှင်တန်က ထုတ်ဖော်ပြောဆိုခဲ့ပြီး တပ်မတော် နိုင်ငံရေး ကိုယ်စားလှယ်များအနိုင်ရအောင် လုပ်ကြံလိမ်လည်မှု တိုင်ကြားချက်၊ အစီရင်ခံစာများကြောင့် နာမည်ပျက်သိက္ခာကျခဲ့ရသည့် နိုဝင်ဘာ ရွေးကောက်ပွဲများ အပြီးတွင် Sanctions များ ဖြေလျော့ပေးရေး တောင်းဆိုမှုများကို ပယ်ချလိုက်သည်။

                မြန်မာအစိုးရသစ်ထံ အာဏာလွှဲပြောင်းပြီးနောက် အထက်ပါနှစ်နိုင်ငံအကြား အမြင့်ဆုံးအဆင့် တွေ့ဆုံ ဆွေးနွေးမှုအဖြစ် အမေရိကန်သံတမန် Joseph Yon က ၎င်း၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ဆွေးနွေးခဲ့သည်ဟု သိရှိရသည်။

*****************************************************************************

 မြန်မာက အမေရိကန်အား ဆက်ဆံရေး တိုးမြှင့်ရေး ချစ်ကြည်မှု ပြသရန် တောင်းဆို

(22 May 23, 2011 ရက်စွဲပါ The Straits Times မှ Myanmar calls for US ‘goodwill’ to improve ties ကို ဘာသာ ပြန်သည်။ )

နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်ရေးအတွက် ကြိုတင်လုပ်ဆောင်ရန်များအတွက် ကန့်သတ်မှုများ ပြုလုပ်ခြင်းအား လက်မခံနိုင်ကြောင်း မြန်မာ နိုင်ငံက အမေရိကန် ပြည်ထောင်စုအား ပြောကြားလိုက်သည်။ ၀ါရှင်တန်က ချမှတ်ထားသော Sanction များသည် ဆက်ဆံရေး ကောင်းမွန်ရေး အတွက် အကြီးမားဆုံး အတားအဆီးဖြစ်ကြောင်း တနင်္ဂနွေနေ့က သတင်းများတွင် ဖော်ပြခဲ့သည်။

“ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုကို တိုက်တွန်းလိုတာက နှစ်နိုင်ငံယုံကြည်မှုကို ပထမ တည်ဆောက်ပြီးမှ နှစ်နိုင်ငံဆက်ဆံရေးကောင်း မွန်ဖို့ နည်းလမ်းတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မှာပါ” ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်ကို ကိုးကား၍ မြန်မာတိုင်းမ် ဂျာနယ်က ဖော်ပြခဲ့သည်။ ဦးဝဏ္ဏမောင်လွင်က ဗုဒ္ဓဟူးနေ့က အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Joseph Yun အား ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြောကြားမှုများအား နေပြည်တော်ရှိ သမ္မတဦးသိန်းစိန်၏ရုံးမှ ထုတ်ပြန်ချက်အား သတင်းစာမှ ကိုးကားဖော်ပြခဲ့သည်။ အစိုးရ သစ်သည် ပိုမိုကောင်းမွန်သောနည်းများ ပါဝင်သည့် ဆက်ဆံရေး မူဝါဒကို ရှာဖွေသွားမည်ဟုဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် ကန့်သတ်ချက်များအား လက်မခံလိုကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြား ခဲ့ပြီး နှစ်နိုင်ငံ ပိုမိုနီးကပ်သော ဆက်ဆံရေး အတွက် အမေရိကန် sanction များသည် အဓိက အတားအဆီး ဖြစ်ကြောင်း ရှုမြင်၍ ပြောကြားခဲ့ သည်။

ထို့ကြောင့် အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ချစ်ကြည်မှု (goodwill) ရှိကြောင်း ပြသရန် လိုအပ်ပြီး မြန်မာနိုင်ငံအား Burma ဟု မသုံးပဲ Myanmar ဟု သုံးနှုန်းပါရန် ၀ါရှင်တန်အား တောင်းဆိုခဲ့သည်။

***********************************************************************************

မြန်မာ စစ်တပ်တွင်း အစာရေစာ ငတ်ပြတ်မှု

(19 May 2011 ရက်စွဲပါ Strategy Page မှ Myanmar; Starving your friends ကို ဘာသာ ပြန်သည်။)

မြန်မာစစ်တပ်နှင့် သူပုန်အုပ်စု အမျိုးမျိုးနှင့် စစ်ပွဲများသည် မြောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ထိုအထဲတွင် ရှမ်းပြည် တပ်မတော် (SSA) နှင့် ယင်း၏ မဟာမိတ်တပ် “၀”တပ် (UWSA) လည်း ပါဝင်သည်။ အမှန်တကယ်တွင်မူ SSA မှာ တောင်နှင့်မြောက်ဟု နှစ်ဖွဲ့ရှိပြီး အစိုးရဆန့်ကျင်ရေးအတွက် ပူးပေါင်းထားသည်။ ယင်းတို့အနက်တစ်ခုမှာ အစိုးရ မဟာမိတ် ဖြစ်သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်တွင် အစိုးရသည် လူမျိုးစု များ အတွင်း ငွေများ ပေးခြင်း၊ ပံ့ပိုးခြင်းများဖြင့် သွေးခွဲခဲ့ရာတွင် အတန်အသင့် အောင်မြင်မှု ရခဲ့သည်။ သို့သော် ထိုကြိုးပမ်းအားထုတ် မှုများသည် အချို့ ပြဿနာများကို ဖြစ်စေသည်။

လက်ရှိ တိုက်ပွဲများမှာ ယခုနှစ်မှစ၍ စတင် ဖြစ်ပေါ်နေခဲ့ခြင်း ဖြစ်သည်။ လူမျိုးစုများက ယင်းတို့မှာ လှည့်စားခံရသည်ဟု ခံစားရပြီး အစိုးရအပေါ် ယုံကြည်မှု လျော့နည်းလာသည်။ ရှမ်းပြည် နှင့် “၀” ပြည်တို့တွင် အချိန်မဟုတ်သော်လည်း စစ်သား အင်အား ၁၀၀၀၀ ကျော် ရှိသည်။ အဆိုပါ မြောက်ပိုင်း ဒေသများတွင် လမ်းများ ကောင်းမွန်မှု မရှိခြင်း၊ စရိတ် များပြားနိုင်ခြင်းကြောင့် အစိုးရ စစ်တပ်များ များစွာ နေရာချထားနိုင်ခြင်းမရှိပေ။ ထို့ကြောင့် နှစ်ပေါင်းများစွာ အဖြေမထွက်သော အခြေအနေမှာသာ ရှိနေသည်။ ယခုနောက်ဆုံး သွေးထွက်သံယို ထိခိုက်သော အဖြစ် အပျက်များမှာ အစိုးရ အရပ် သား ၀န်ထမ်းများထံတွင် ဖြစ်ပွားခဲ့သည်။ အရပ်သား ၀န်ထမ်းများ ဖြစ်သော ကျန်းမာရေး၊ ပညာရေးနှင့် အခြားဌာနများမှ ၀န်ထမ်းများသည် မြောက်ပိုင်း ဒေသတွင် တာဝန်ထမ်းဆောင်ရန် မြင့်မားသော လစာနှင့် အခြားအခွင့်အလမ်းများဖြင့် ဆွဲဆောင်ခဲ့သည်။ တိုင်းရင်းသား သူပုန်များက လည်း ထိုဗျူရိုကရက် များကို တိုး၍ သတ်ဖြတ်ခြင်း၊ ခြောက်လှန့်ခြင်းများ ပြုလုပ်လာခဲ့ ကြသည်။

နောက်ထပ် အကြောင်းတစ်ခုမှာ အစိုးရက လူကုန်ကူးမှုကို ပိုမိုနှိမ်နှင်းလာမှုကြောင့် တောင်ပိုင်းသားများကို ရက်စက်သော လုပ်ဆောင်မှုများ တိုး၍ လုပ်ဆောင်လာခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် အမျိုးသမီးအများအပြား လိုအပ်လျက်ရှိသည်။ ပြည့်တန်ဆာအလို့ငှာ သာမက မိန်းမအဖြစ် ပေါင်းသင်းရန် လိုအပ်နေခြင်း ဖြစ်သည်။ တရုတ်နိုင်ငံတွင် ကလေးတစ်ဦးသာ မွေးရမည်ဟု မူဝါဒကို လွန်ခဲ့သော ဆယ်စုနှစ်များကချမှတ်ခဲ့ရာ မိန်းကလေး ထက် စာလျှင် ယောက်ျားလေးမွေးသည့် ဦးရေမှာ ၂၀% ထက်ပိုသည်။ ထို့ကြောင့် တရုတ်နိုင်ငံတွင် သတို့သမီးများ ရှားပါးလာ ပြီး၊ မိန်းမလွန်စွာ လိုအပ် နေသော တရုတ်အမျိုးသားများသည် မြန်မာနိုင်ငံ မြောက်ပိုင်းမှ အမျိုးသမီးငယ်များကို ၀ယ်ယူရန် လိုလားလျက် ရှိသည်။ တရုတ်စစ်တပ်သည် ထိုကိစ္စကို လုပ်ဆောင်နေသည်မှာ နှစ်ပေါင်းထောင်ချီနေပြီ ဖြစ်ပြီး၊ တိုင်းရင်းသားများက ထိုအချက်ကို နှစ်သက်ခြင်း မရှိပေ။

မြန်မာနိုင်ငံအရှေ့တောင်ဖက် ကရင်လူမျိုးများ၏ ဒေသတွင်မူ ပြန်ပေးဆွဲခြင်းများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ် မရှိသော်လည်း မြန်မာ စစ်တပ်နှင့် တိုက်ပွဲများမှ ယခုနှစ်အတွင်း နေ့စဉ် ဖြစ်ပေါ်လျက်ရှိသည်။ ယင်းသည်လည်း မပြီးနိုင်သောစစ်ပွဲတစ်ခုပင် ဖြစ်သည်။ စစ်အာဏာရှင်သည် ကရင်များ တောင်းဆိုသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခွင့်ပြုရန် ငြင်းပယ်ခြင်းကြောင့် တိုက်ပွဲများ ဆက်ဖြစ်နေခြင်း ဖြစ်သည်။ ကရင်နှင့် ကိစ္စတွင် ရာသီဥတုဆိုးရွားခြင်းက အခြေအနေကို ပိုဆိုးစေပြီး အစာရေစာ ပြတ်လပ်မှုများကို ဖြစ်ပေါ်စေသည်။ ကရင် လူမျိုးများသည် ငတ်ပြတ်မှုနှင့် စစ်ပွဲများကို ရှောင်ရှားရန် ထိုင်းနိုင်ငံသို့ တစ်နေ့ထက်တစ်နေ့ ပိုမို ထွက်ပြေးလာကြသည်။

မြောက်ပိုင်းရှိ အစိုးရအုပ်ချုပ်သူများမှာ နှလုံးသားမဲ့သော တစိမ်းတရံများ မဟုတ်ကြပေ။ ယင်းတို့ကို လာဘ်ငွေပေး၍ ရသည်။ ထို့ကြောင့်ပင် ဘိန်းကို ပိုမိုစိုက်ပျိုးနိုင်ပြီး၊ မူးယစ်ဆေးဝါး ဂိုဏ်းများ ရှင်သန်လုပ်ကိုင်နိုင်ကြခြင်း ဖြစ်သည်။ မြောက်ပိုင်းရှိတိုင်းရင်းသားများသည် အာဖဂန်တွင် ဟီးရိုးအင်းထုတ်လုပ်မှု တိုးတက်လာခြင်းက ခြိမ်းခြောက်လျက်ရှိသည်ကို တွေ့မြင်လာကြသဖြင့် အဓိကဟီးရိုးအင်း ထုတ်လုပ်မှုအဖြစ် ပြန်လည်ရယူရန် ဆန္ဒရှိနေကြသည်။ (1980 ခုနှစ်များ ဆီက တရုတ်က မူးယစ်ဆေးဝါး လုပ်ငန်း ရပ်ဆိုင်းအောင် လုပ်ခဲ့ဖူးသည်) တရုတ်သည် ဘိန်းကို ဆန့်ကျင်လျက် ရှိသော် လည်း အကျင့်ပျက် ခြစားမှုနှင့် ဘိန်းလိုအပ်ချက်များက မူးယစ်ဆေးဝါး ဂိုဏ်းများကို စီးပွား ဖြစ်စေလျက် ရှိသည်။

မြန်မာ စစ်တပ်တွင် စားသောက်ကုန် ဈေးတက်မှုကြောင့် ပြဿနာ ဖြစ်လျက် ရှိသည်။ စစ်သား တစ်ယောက်၏ ပျမ်းမျှလစာမှာ ဒေါ်လာ (50) ခန့်သာ ရှိသဖြင့် စစ်သားမိသားစုများက အစိုးရကို ဆန်ထောက်ပံ့ရန် တောင်းဆိုလျက် ရှိသည်။ မိသားစုများအား ပေးဝေမည်ဆိုပါက အဆင့်အတန်း နိမ့်သော ဆန်များ ပေးဝေနိုင်သော်လည်း အစားအသောက် ဈေးနှုန်းများ မြင့်တက်မှုက ရှိနေပြန်သည်။ ထို့ကြောင့် အချို့တပ်များတွင် မိသားစုများအား အစားအသောက် အလကား ပေးဝေမှုကို ရပ်ဆိုင်းခဲ့ရသည်။ သို့ဖြစ်၍ အစာရေစာ ပြတ်လပ်မှု ကျယ်ပြန့်လာပါက အင်အား (350000)ခန့် ရှိသော စစ်တပ်တွင် သစ္စာ စောင့်သိမှုကို အန္တရာယ် ပြုလာနိုင်သည်။

******************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs