Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၈.၇.၂၀၁၁

ဘာသာပြန်သတင်းများ

အောင်ပွဲရအမတ်လောင်းများကို ထောက်ခံချက်ပေးရန် ထိုင်းရွေးကောက်ပွဲကော်မရှင်နှောင့်နှေး

(AFP သတင်းမှ 13 July 2011 ရက်စွဲပါ Thai Election Board Holds Back nod for Winners” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံတွင် အစိုးရအဖွဲ့သစ်ထံ မြန်မြန်ဆန်ဆန် အာဏာလွှဲပြောင်းနိုင်မည့် အခွင့်အရေးများပျက်ပြားအောင် နိုင်ငံတော် ရွေးကောက်ပွဲ ကော်မရှင်က ပြုလုပ်လျက်ရှိသည်။

ဇူလိုင် ၃ ရက်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အမတ်လောင်းများအနက်မှ လေးပုံတစ်ပုံကျော်ကျော်၏ အောင်မြင်မှုများကို အသိအမှတ်ပြုရန် အဆိုပါကော်မရှင်က နှောင့်နှေးကြန့်ကြာနေခြင်း ဖြစ်သည်။

ထိုင်းပါလီမန်၏ လွှတ်တော်အမတ် ၅၀၀ အနက်မှ ၁၆၅ နေရာကို ဖြူးထိုင်းပါတီက အနိုင်ရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ်ဖြစ်လာတော့မည့် ယင်လပ် ရှင်နာဝပ်ထရာ အပါအဝင် အခြားအမတ်လောင်းအချို့အား ထောက်ခံလျက်ပေးရန် အဆင်သင့်မဖြစ်သေးပါဟု ယင်းကော်မရှင်က အင်္ဂါနေ့တွင် ကြေညာ ချက်ထုတ်ပြန်ထားသည်။

လက်ရှိအောင်ပွဲရ နိုင်ငံရေးခေါင်းဆောင် ယင်လပ်သည် ၂၀၀၆ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ဝန်ကြီးချုပ်နေရာကို ဖယ်ပေးခဲ့ရသူ သက်ဆင်ရှင်နာဝပ်ထရာ၏ အငယ်ဆုံးညီမဖြစ်သည်။

ရွေးကောက်ပွဲနိုင် အမတ်လောင်းများကို စည်းကမ်းမကိုက်ညီမှုဖြင့် ပယ်ချနိုင်ခွင့်ရှိသော ထိုင်းရွေးကောက်ပွဲက ၎င်းတို့ထောက်ခံချက် မပေးရ သေးသည့် အမတ်လောင်းများ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့ခြင်း ရှိ/မရှိကို ဆက်လက်စုံစမ်းစစ်ဆေးဦးမည်ဖြစ်သည်။ ထို့လုပ်ရခြင်း၏ အကြောင်း အရင်းကို ရှင်းလင်းပြောကြားခြင်း မရှိပါ။

ဝန်ကြီးချုပ်တာဝန်လွှဲပြောင်းရယူရန်စောင့်ဆိုင်းနေသည့် ယင်လပ်က သူမအနေဖြင့် ပြစ်ချက်ကင်းရှင်းသည့် ထောက်ခံချက်ရရှိမည်ဟု ယုံကြည်စိတ်ချမှုရှိကြောင်း ပြောဆိုထားသည်။

**********************************************************************************

ဗီယက်နမ်တွင် နှိမ်နှင်းနေသည့်ကြားမှ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲများဖြစ်

(17 July 2011 ရက်စွဲပါ AP သတင်းဌာန၏ Vietnamese Hold anti-China march despite crack down ကို ဘာသာပြန်ဆိုသည်)

တနင်္ဂနွေနေ့က ဗီယက်နမ်လူမျိုးအုပ်စုလေးတစ်ခုသည် တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ ကန့်ကွက်ချီတက် ဆန္ဒပြကြသည်။ ယင်းမတိုင်မီကလည်း ဆန္ဒပြသူနှစ်ဒါဇင်ခန့်အား ရဲများက ဝိုင်းထားသဖြင့် ဘတ်စ်ကားများပေါ်သို့ တက်၍မောင်းပြေးကြပါသည်။

ချီတက်ဆန္ဒပြရန် ခွင့်ပြုချက်ရသူများအား တရုတ်သံရုံးအနီးမလှမ်းမကြမ်းမှ ရဲများက စောင့်လျက်ရှိသည်။ အချို့ကို နောက်ပိုင်းမှ ဖမ်းဆီးလိုက် သည်။ အချို့အုပ်စုများမှာ ခဏတာသာ ဆန္ဒပြကြပြီး အချို့ကို မစတင်မီ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အချို့မှာ မှန်အမည်းပါသော ဘတ်စ်ကားများပေါ်သို့ တက်၍ထွက်ပြေးကြပြီး လူတစ်ဦးကိုမူ ရဲများက မြေကြီးပေါ်ကန်ကျောက်၍ခေါ်ဆောင်သွားသည်။

ကွန်မြူနစ်တိုင်းပြည်ဖြစ်သော ဗီယက်နမ်တွင် ဆန္ဒပြမှုများမှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး၊ ရဲများက အမြန်ဆုံး ဖမ်းဆီးလေ့ရှိသည်။ သို့သော် ယခု တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို အာဏာပိုင်များက ခွင့်ပြုခဲ့သည်မှာ ရက်သတ္တပတ် အနည်းငယ်ရှိခဲ့ပြီးဖြစ်သည်။ သို့သော်ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်က AP သတင်းဌာနအပါအဝင် နိုင်ငံခြားသတင်းထောက်များ ပါဝင်သော ဆန္ဒပြသူများအား ခေတ္တထိန်းသိမ်းခဲ့သည်။

ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့သည် ပြီးခဲ့သည့် မေလမှစ၍ တောင်တရုတ်ပင်လယ်တွင် နယ်မြေပိုင်ဆိုင်မှု တောင်းဆိုမှုများကြောင့် သဘောထား ခြင်း မတိုက်ဆိုင်မှုများဖြစ်ပွားခဲ့သည်။ ဗီယက်နမ်ကမ်းရိုးတန်းတွင် ရေနံရှာဖွေရေး လုပ်ငန်းများအား Beijing က နှောင့်နှေးအောင်ပြုလုပ်သည်ဟု ဗီယက်နမ်က နှစ်ကြိမ်စွပ်စွဲခဲ့သည်။ တရုတ်ကလည်း အငြင်းပွားနေသော Spratly ကျွန်းများအနီးတွင် ၎င်း၏ငါးဖမ်းသမားများအား ဗီယက်နမ်က အန္တရာယ် ပေးသည်ဟု စွပ်စွဲခဲ့သည်။

ပြီးခဲ့သည့်လကုန်ပိုင်းက နှစ်ဖက်တွေ့ဆုံပြီး ငြိမ်းချမ်းသောအဖြေရရှိရေးအတွက် ညှိနှိုင်းရန် အစီအစဉ်များကို ကြေညာခဲ့ခြင်းကြောင့် အခြေအနေ အေးဆေးစွာသယောင်ရှိခဲ့သည်။ သို့သော် ပြီးခဲ့သည့်အပတ်က နှစ်ဖက်အငြင်းပွားနေသော Paracel ကျွန်းများအနီးတွင် ဗီယက်နမ် ငါးဖမ်းလှေအား တရုတ်စစ်သားများက နောက်မှလိုက်၍ တိုက်ခိုက်သည်ဟု နယ်စပ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ငါးဖမ်းလှေကပ္ပတိန်မှာ ရိုက်ခံရသော်လည်း ဒဏ်ရာကြီးကြီးကျယ်ကျယ်မရဟု တာဝန်ရှိသူက ပြောသည်။

တနင်္ဂနွေနေ့က ဆန္ဒပြသူများသည် တရုတ်ကို ဆန့်ကျင်ကြဟု ကြွေးကြော်ခဲ့ပြီး၊ တရုတ်၊ ဗီယက်နမ်နှင့် အင်္ဂလိပ်လိုရေးထားသော စာတမ်းများ ကိုင်ဆောင်ထားသည်။ စာတမ်းတစ်ခုတွင် “တရုတ်ကျူး ကျော်မှုရပ်တန်းကရပ်၊ ဗီယက်နမ်ငါးဖမ်းသဘောများကို သတ်ဖြတ်နေမှု ရပ်တန်းကရပ်ဟု ရေး သားထားသည်။

ပြီးခဲ့သည့် အပတ်က တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးဟောင်း အပါအဝင် ဝန်ထမ်းဟောင်းများ၊ ပညာရှင်များ ၂၀ ခန့်သည် တိုင်းပြည်ခေါင်း ဆောင်များထံသို့ တရုတ်နှင့် ကိစ္စပွင့်လင်းမြင်သာမှုရရှိရန်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ပြုရန် စာတင်ပြခဲ့ကြသည်။

**********************************************************************************

ထိုင်းတွင် တရားမဝင်ရွှေ့ပြောင်းအလုပ်သမား ၈၂၈၀၀၀ ကျော်မှတ်ပုံတင်

(Pernama News မှ 15 July 2011 ရက်စွဲပါ Thailand registers over 828000 migrant workers သတင်းကို ဘာသာပြန်ဆိုသည်)

                ပြီးခဲ့သော တစ်လလုံးတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံသားအများစု ပါဝင်သော ရွှေ့ပြောင်း အလုပ်သမား ၈၂၈၀၀၀ ကျော်သည် ထိုင်း အလုပ်သမားဝန်ကြီးဌာနသို့ မှတ်ပုံတင်ခွင့်လျှောက် လွှာများတင်ခဲ့ကြပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိအောင် ကြိုးစားခဲ့ကြသည်ဟု သိရှိရသည်။

ဇွန်လ ၁၅ ရက်နေ့နောက်ပိုင်းစတင်ကာ ယခုတစ်ပတ်ကြာသပတေးနေ့တွင် ပြီးဆုံးသွားသည့် ထူးခြားသောကာလ အပိုင်းအခြားသည် ထိုင်း အစိုးရက ပြည်ပအလုပ်သမားများ တရားမဝင်အလုပ်လုပ်ခြင်းကို ကိုင်တွယ်ရန် ကြိုးစားသည့် နောက်ဆုံးပတ်ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း Thai News Agency က သောကြာနေ့တွင် ကြေညာသည်။

နောက်ဆုံးသတ်မှတ်ရက် ကျော်လွန်သွားသော အလုပ်သမားများမှာမူ အမြင့်ဆုံးဒဏ်ငွေ ဘတ်တစ်သိန်းနှင့် ထောင်ဒဏ်ကျခံရခြင်း၊ အလုပ် ထုတ် ပယ်ခံရခြင်းတို့နှင့် ရင်ဆိုင်ရမည်ဟုဆိုသည်။ သို့သော်လည်း ငါးဖမ်းလုပ်ငန်းမှ အလုပ်သမားများအတွက်မူ သက်ညာမှုကာလကို လာမည့်လအထိ နောက်ဆုတ် ပေးထားသည်ဟုသိရှိရသည်။

**********************************************************************************

PTTEP က မြန်မာကမ်းလွန်ထုတ်လုပ်ရေးပလက်ဖောင်းတည်ဆေက်ပေးရန် Sembcorp ကို ကန်ထရိုက်ပေး

(Offshore magazine မှ 15 July 2011 ရက်စွဲပါ PTTEP Taps Sembcorp for myanmar production plafform သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ PTTEP ရေနံကုမ္ပဏီက မြန်မာကမ်းလွန်တွင် အသုံးပြုရန်အတွက် ကမ်းလွန်ရေနံ ဓာတ်ငွေ့ထုတ်လုပ်ရေး ပလက်ဖောင်း (ရေနံတွင်း တူးစင်) တည်ဆောက်တပ်ဆင်ပေးရန် Sembcorp Marine Ltd ကို ကန်ထရိုက်ပေးလိုက်သည်။

အမေရိကန်ဒေါ်လာ ၄၉၂ သန်းတန်ဖိုးရှိသော ကန်ထရိုက်စာချုပ်တွင် အင်ဂျင်နီယာလုပ်ငန်း၊ ကိုယ်စား စီမံခန့်ခွဲခြင်း၊ တည်ဆောက်ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ တပ်ဆင်ခြင်းနှင့် တစ်ဆင့်လုပ်ငန်းအပ်နှံခြင်းတို့ပါဝင်သည်ဟု Sembcorp ကုမ္ပဏီထံမှ သိရှိရသည်။

**********************************************************************************

မြန်မာအပေါ် ကမ္ဘာ့ထင်မြင်ချက်ကို အာဆီယံသတိကြီးစွာထား

(Inter Aksyon News မှ 14 July 2011 ရက်စွဲပါ Asean Sensitive to world opinion on Myanmar သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

အာဆီယံအဖွဲ့အနေနှင့် မြန်မာနိုင်ငံအား အဖွဲ့၏အလှည့်ကျဥက္ကဋ္ဌတာဝန်ပေးရန် သင်မသင့်ဆုံးဖြတ်ချိန်တွင် အာဆီယံ၏ ထိပ်တန်းသံတမန် ပုဂ္ဂိုလ်များက နိုင်ငံတကာ၏သဘောထားကို ထည့်သွင်းစဉ်း စားကြလိမ့်မည်ဟု မျှော်လင့်ရသည်။

“ကျွန်တော်တို့ဟာ ကျန်တစ်ကမ္ဘာလုံးနဲ့ ဆက်ဆံပြီးတော့ ရှင်သန်နေထိုင်ကြ၊ အတူလုပ်ကိုင်ကြ၊ ပေါင်းစည်းအားဖြည့်ကြ၊ အကျိုးဖြစ်ထွန်းကြရ တာပါ။ သူတို့ရဲ့ ထင်မြင်ချက်သဘောထားတွေကို ကြားသိရဖို့အတွက် ကျွန်တော်တို့ အသေအချာတံခါးဖွင့်ထားမှာပါ” ဟု အာဆီယံ အထွေထွေအတွင်း ရေးမှူးချုပ် ဒေါက်တာဆူရင်ပစ်ဆူဝမ်က ဗုဒ္ဓဟူးနေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆွေးနွေးဖော် ဆွေးနွေးဖက်တွေရဲ့ စိတ်ရင်းစေတနာ ကြောင့်လည်း အာဆီယံအဖွဲ့ ဒီနေ့ရပ်တည်နေနိုင်တာပါဟု ၎င်းက အလေးထား ပြောကြားသည်။

ဇူလိုင် ၁၅ ရက်မှ ၂၃ ရက်အထိ ပြုလုပ်မည့် အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးများတွင် အထွေထွေ အတွင်းရေးမှူးချုပ်လည်း ပါဝင်တက် ရောက်နေပြီး နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အထက်ပါကိစ္စကို ဆွေးနွေးသုံးသပ်ကြမည်ဖြစ်သည်။

မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပါက အနောက်နိုင်ငံအစိုးရများထံမှ တုန့်ပြန်လာနိုင်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီ ယံလွှတ်တော်များ ညှိနှိုင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော်အမတ် ကူဆူမာဆန်ဒါရီက အစောပိုင်းတွင် သတိပေးခဲ့သည်။

သြစတြးလျ၊ အမေရိကန်ပြည်ထောင်စုနှင့် အီးယူတို့မှ အစိုးရတာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးမှုများကို အခြေခံသုံးသပ်ပါက ဖြစ်လာနိုင် သော အကျိုးသက်ရောက်မှုမှာ အာဆီယံ တစ်ဖွဲ့လုံးအတွက် ကောင်းကျိုး မရှိနိုင်ဟု ဆန်ဒါရီက ပြောကြားသည်။

“ဒီကိစ္စကို ကူညီလို့မရနိုင်ပါဘူး၊ ဒီအစိုးရတွေက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ ရှုမြင်နေကြတုန်းပါ” ဟု သူမက ဆက်လက်ပြောဆိုသည်။

သို့ရာတွင် အာဆီယံ၏ ယင်းကဲ့သို့လုပ်ဆောင်မှုအပေါ် မကျေနပ်ကြောင်းကို အနောက်နိုင်ငံအစိုးရများက မည်သို့ပြသ တုန့်ကြမည်ဆိုသည်ကို ရှင်းလင်းပြောကြားကြခြင်း မရှိဟု ဆန်ဒါရီက ဆိုသည်။

မြန်မာလွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည်သည် အဓိက အတိုက်အခံပါတီ NLD ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအောင် ဦးဆောင်ခဲ့သော်လည်း တပ်မတော်အစိုးရက အာဏာလွှဲယူခွင့် မပေးခဲ့ပါ။

ထို့နောက် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးကျင်းပသည့် နိုဝင်ဘာလရွေးကောက်ပွဲများအပြီး တစ်ပတ်ခန့်အကြာတွင်မူ တပ်မတော်အစိုးရက အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခဲ့သော သူမကို အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

အစီအစဉ်ရှေ့တိုးလာခြင်း

မြန်မာနိုင်ငံသည် ယခုနှစ်အတွက်အလှည့်ကျ အာဆီယံဥက္ကဋ္ဌနေရာကို တာဝန်ယူလိုခြင်းဖြစ်သော်လည်း ၂၀၀၆ ထိပ်သီးညီလာခံတွင် ယင်း ကိစ္စကို ၂၀၁၆ သို့ရွေ့ဆိုင်းခဲ့ကြသည်။

ပြီးခဲ့သော ဇန်နဝါရီလကမူ ထိုအစီအစဉ်ကို ၂၀၁၄ သို့ ရှေ့တိုးပေးရန် မြန်မာနိုင်ငံက တောင်းဆိုခဲ့သည်။ ထို့နောက် ပြီးခဲ့သော မေလက ၁၈ ကြိမ် အာဆီယံထိပ်သီးညီလာခံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားအား အဖွဲ့ကိုဦးဆောင်၍ မြန်မာနိုင်ငံ၏ အဆင်သင့်ဖြစ်မှုကို အကဲဖြတ်ရန် တောင်းဆိုခဲ့ကြသည်။

နေပြည်တော်မှ လတ်တလောပြသသော လက္ခဏာများက အင်ဒိုနီးရှား သံတမန်မစ်ရှင်ကဲ့သို့သော အဖွဲ့များကို ပင်လက်ခံရန် အဆင်သင့် ဖြစ်နေ ကြောင်း ရည်ညွှန်းလျက်ရှိသည်ဟု ဆူရင်ပစ်ဆူဝမ်က ဆိုသည်။ အဆိုပါ သံတမန်မစ်ရှင်သည် “တခါးဖွင့်မည့်လမ်းကြောင်းပေါ်မှ မြန်မာနိုင်ငံအား အာဆီယံ ၏ ထောက်ခံအားပေးမှု” ကို ထင်ဟပ်နေသည်ဟု ဆက်လက်ပြောကြားသည်။

၂၀၀၇ ခုနှစ်တွင် အာဆီယံခေါင်းဆောင်များက ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကိစ္စက အာဆီယံအဖွဲ့၏ ပေါင်းစည်းရေးကြိုးပမ်းမှုများကို ပိတ်ဆို့နေ ခြင်းအား တားဆီးရန် အပတ်တကုတ်ကြိုးစားသွားကြမည်ဟု အလေးထားပြောကြားခဲ့ကြသည်။

သော့ချက်ကျသော စဉ်းစားသုံးသပ်မှုများ

                NLD ပါတီ၊ တိုင်းရင်းသားလူမျိုးအုပ်စုများနှင့် တပ်မတော်အစိုးရတို့ ၃ ပွင့်ဆိုင်ဆွေးနွေးခြင်းဖြင့် စတင်ရမည့် အမျိုးသားပြန်လည်စေ့စပ်ရေး ကိစ္စသည် ကိစ္စရပ်များစွာအနက်အဓိကပင်မအကျဆုံးဖြစ်ပြီး ကုလသမဂ္ဂက ယင်းကိစ္စကို တောင်းဆိုထားသည်မှာကြာလှပြီဖြစ်သော်လည်း ယခုတိုင် ဆက် လက်၍ လမ်းချော်အတွေးချော်နေဆဲ ဖြစ်သည်။

အခြားကိစ္စရပ်များထဲတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် ပြည်တွင်းအိုးမဲ့အိမ်မဲ့ပြစ်မှုကို ဖြေရှင်းရန် ကိစ္စများ ပါဝင်သည်။

မြန်မာနိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်အတွက် အာဆီယံခေါင်းဆောင်များက ၂၀၀၅၊ ၂၀၀၇ နှင့် ၂၀၀၉ ထိပ်သီးညီလာခံများတွင် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြဘူးသည်။ လက်ရှိတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအုပ်စုများက ခန့်မှန်းထား ကြသည်။ ထို့ အပြင်ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်ချုပ်ချယ်မှုများရုတ်သိမ်းပေးရန်လည်း ၎င်းတို့ကတောင်းဆိုထားကြသည်။

အချို့သောအဖွဲ့ဝင်နိုင်ငံများကမူ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးအထူးအရာရှိတစ်ဦး ၁၀ နှစ်ကျော် တာဝန်ပေးခန့်အပ်ထားသည့် ကုလသမဂ္ဂ ကဲ့သို့သော နိုင်ငံတကာအသိုင်းအဝိုင်းနှင့် မြန်မာနိုင်ငံတို့ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရမည့် အခြေအနေမျိုးကို ဖန်တီးမြင်တွေ့လိုသည့် ဆန္ဒရှိကြ သည်ဟု ဆူရင် ပစ်ဆူဝမ်က ပြောကြားသည်။

သတင်းမီဒီယာများကို ဖိနှိပ်ချုပ်ချယ်ထားခြင်းသည်လည်း ထည့်သွင်းစဉ်းစားရမည့် အဓိကကိစ္စ တစ်ခု ဖြစ်သည်ဟု ဆန်ဒါရီကပြောကြားသည်။

အရေးကြီးသော အရည်အချင်းများ

ယခုနှစ်အစောပိုင်းက လွှတ်တော်ခေါ်ယူကာ အခြေခံဥပဒေသစ်ကို အသက်ဝင်စေခြင်းဖြင့် တပ်မတော်အစိုးရလက်ရာ ဒီမိုကရေစီလမ်းပြမြေပုံ ၇ ဆင့်ကို အပြီးသတ်ခဲ့သော မြန်မာနိုင်ငံအတွက် အရေးကြီးသော အရည်အချင်းများကို ၂၀၁၄ ဥက္ကဋ္ဌ တာဝန်ဆောင်ရွက်ခြင်းဖြင့် ရရှိလာစေမည်ဖြစ်သည်။

သတင်းမီဒီယာများနှင့် နိုင်ငံရေးအတိုက်အခံများကို ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်ချုပ်ချယ်ထားခြင်းကြောင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်စသော အစိုးရ များနှင့်အတူ ဒီမိုကရေစီလူ့အခွင့်အရေး လှုပ်ရှားမှုများက အတုအယောင်အဖြစ် ဝေဖန်ပြစ်တင်ခဲ့ကြသည့် ၂၀၁၀ နိုဝင်ဘာ လွှတ်တော်ရွေးကောက်ပွဲများ၏ ရလဒ်များ လက်ရှိနိုင်ငံရေ အသွင်ပြောင်းမှုနှင့် အာဆီယံဥက္ကဋ္ဌရာထူး မျှော်မှန်းခွင့်တို့ပင် ဖြစ်သည်။

၂၀၁၄ တွင် လက်ရှိ မြန်မာလွှတ်တော်အမတ်များမှာ သူတို့၏ရွေးချယ်တင်မြောက်ခံ သက်တမ်းတစ်ဝက်ကျော်ကျော်တို့ ရောက်နေကြမည် ဖြစ်သည်။ အဆိုပါလွှတ်တော်နှစ်ရပ်ပေါင်း အမတ်နေရာ ၆၆၄ နေရာ၏ လေးပုံတစ်ပုံမှာ တပ်မတော်သားအမတ်များဖြစ်ရမည်ဟု အခြေခံဥပဒေက သတ်မှတ်ထားသည်။

အာဆီယံအနေဖြင့် နိုင်ငံတကာ၏ သဘောထားကို ထည့်သွင်းစဉ်းစားရန် တံခါးဖွင့်ထားသည်ဆို သည့်တိုင်အောင် မြန်မာနိုင်ငံ ဥက္ကဋ္ဌတာဝန် ယူရေးပြဿနာကို အာဆီယံခေါင်းဆောင်များကသာလျှင် အဆုံးသတ် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ဆူရင်ပစ်ဆူဝမ်က ပြောကြားသည်။ နိုင်ငံခြားရေး ဝန်ကြီးများအနေဖြင့် အာဆီယံ၏ အကျိုးစီးပွားကို ဆုံးဖြတ်ကြလိမ့်မည်ဟု မိမိယုံကြည်စိတ်ချကြောင်း ဆူရင်က ဆက်လက် ပြောဆိုခဲ့သည်။

**********************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

၁၇.၇.၂၀၁၁

ပြည်တွင်းသတင်းများ

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏သား သောင်းကျန်း

ရန်ကုန်၊ ဇူလိုင် ၁၇။

ပြီးခဲ့သည့် ဇူလိုင် ပထမရက်သတ္တပတ်က ရန်ကုန်မြို့ရှိ MRTV 4 ရုပ်သံလွှင့်ဝင်းတွင် ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဦးကျော်ဆန်း၏သားသည် MRTV-4 ဝန်ထမ်းနှစ်ဦးအား ထိုးနှက်ခဲ့ကြောင်း ယင်းရုံးမှဝန်ထမ်းတစ်ဦးကဆိုသည်။

ဦးကျော်ဆန်း၏သားက မိဘအရှိန်အဝါကို အသုံးပြု၍ ယင်းဝန်ထမ်းနှစ်ဦးအား ရုံးကြမ်းပြင်တွင် ဒူးထောက်ထိုင်ခိုင်းကာ ၎င်းက အပေါ်မှစီးမိုး၍ ထိုးနှက်ခြင်းဖြစ်ကြောင်း သိရသည်။

MRTV-4 မှ ဝန်ထမ်းတစ်ဦးက “တစ်ယောက်ကလည်း ထိုးတာများလာတော့ ပြန်ခံထိုးတယ်။ ဒါပေမယ့် ထိုးတဲ့သူက ဘာမှမဖြစ်သွားဘူး”ဟု ဆိုသည်။

ဦးကျော်ဆန်းသည် စစ်အစိုးရတာဝန်ယူချိန်တွင် ပြန်ကြားရေးဝန်ကြီးဝန်ကြီးနှင့် စစ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ကာ နိုင်ငံ  တော် သတင်းစာရှင်းလင်းပွဲများအား စီစဉ်သူအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ အစိုးရသစ်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနဝန်ကြီးများ အဖြစ်တာဝန်ပေးခြင်းခံရသူဖြစ်သည်။

ရန်ကုန်ခရော်နီကယ် အယ်ဒီတာအဖွဲ့ အစိုးရသစ်အပေါ်သုံးသပ်ချက်တွင်လည်း ဦးကျော်ဆန်းသည် ပြည်ခိုင်ဖြိုးပါတီအား တစ်ပါတီ အာဏာ ရှင်စနစ်သို့ အမြင်ရှိစေမည့် ဝါဒဖြန့်မှုများအား နိုင်ငံပိုင်သတင်းစာများမှနေ၍ ဖော်ပြထားသည့်အတွက် ရရှိထားသည့် ဝန်ကြီးဌာနများနှင့် ကိုက်ညီမှု မရှိဆုံးသော ဝန်ကြီးအဖြစ် သုံးသပ်ထားသူဖြစ်သည်။

တင်္နသာရီတိုင်းဝန်ကြီးချုပ် အဖြစ်တာဝန်ယူထားသူ ဦးခင်ဇော်သည်လည်း ပြည်ထောင်စုအစိုးရခန့် အရာရှိကြီးအား ပါးရိုက်ခဲ့သည့် ဖြစ်ရပ် တစ်ခုလည်း ပြုလုပ်ခဲ့ဖူးသည်။

ကျော်စွာ

------------------------------------------------------------------------------------------------------------------------

Friends of Bagan အဖွဲ့ ဖွဲ့စည်း

မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေ နှစ်မြို့တော်တစ်ခုဖြစ်သော ပုဂံမြို့ဟောင်းတွင် ရှေးဟောင်းအမွေအနှစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် ပုဂံမိတ်ဆွေများအဖွဲ့(Friends of Bagan) အဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း အဆိုပါ အဖွဲ့တည်ထောင်သူ များထံမှ သိရသည်။

ယင်းအဖွဲ့အား ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဇူလိုင် ၁၁ ရက်နေ့က ၎င်း၏နေအိမ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

ပုဂံမိတ်ဆွေများအဖွဲ့သည် ပုဂံဒေသရှိရှေးဟောင်း အဆောက်အအုံများကို ပြုပြင်ရာတွင်လည်း နိုင်ငံတကာအဆင့်မီ နည်းပညာနှင့် ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ပြည်တွင်းပြည်ပညာရှင်များနှင့် တိုင်ပင်ဖွဲ့စည်းသွားမည့်အပြင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ UNESCO အဖွဲ့များအပြင် မြန်မာအစိုးရ၏ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားဖွယ်ရှိကြောင်း ပုဂံမိတ်ဆွေများအဖွဲမှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ဝေသော စာအုပ်စာတမ်းများအရ ပုဂံမြို့ဟောင်းသည် အေဒီ ၁၁ ရာစုက မြို့တော်ဖြစ်ခဲ့ပြီး အနော်ရထာ၊ ကျန်စစ်သားအပါအ၀င် ပုဂံမင်း ၅၅ ဆက် အုပ်ချုပ်ခဲ့ကြောင်း သိရသည်။

YC

------------------------------------------------------------------------------------------------------------------------

မြစ်ချောင်းများအတွင်း အမှိုက်ပစ်လျှင် ဒဏ်ရိုက်မည်

ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်ပါက ဒဏ်ငွေကျပ်သုံးသောင်း ဒဏ်ရိုက်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြစ်ချောင်းများ အမှိုက်ကင်းစင်ရေး စီမံချက်များအဖြစ် မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်ပါက ဒဏ်ရိုက်ခြင်းကို ဇွန်လတတိယပတ်မှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ချောင်းများအတွင်း အမှိုက်များကို စည်းကမ်းမဲ့စွာ စွန့်ပစ်နေမှုများ ပပျောက်ရန် ဒဏ်ငွေကျပ် တစ်သောင်းမှ ကျပ်သုံးသောင်းအထိ ဒဏ်ရိုက်အရေးယူသွားမည်ဖြစ်ကာ သက်ဆိုင်ရာမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးရုံးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ “ဒီကိစ္စဟာလုပ်သင့်တဲ့ကိစ္စပဲ၊ ရန်ကုန်တိုင်းဒေသကြီးတင်မကဘဲ တိုင်းဒေသကြီးအားလုံးတွင် ပါလုပ်သင့်ပါတယ်” ဟု ပြောကြားကာ မြစ်ချောင်းများသို့ အမှိုက်များချသောကြောင့် ရေနေသတ္တဝါများ အစာအဖြစ် စားသုံး ရာမှ သေကျေပြီး ရေထုညစ်ညမ်းကာ အဆိုပါ ရေများဝင်ရောက်ခြင်းကြောင့် စိုက်ပျိုးမြေများပျက်စီးနိုင်ကြောင်း သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မြစ်ချောင်းများ အတွင်း အမှိုက်စွန့်ပစ်ပါက ရေလမ်းကြောင်းပိတ်ဆို့၍ ရေကြောင်းပြောင်းလဲသွားခြင်း၊ အမှိုက်များကြောင့် မြစ်များတိမ်ကောလာခြင်း၊ မြစ်ကြမ်းပြင် မြင့်တက်လာခြင်းတို့ ဖြစ်ပေါ်လာပြီး၊ယင်းကြောင့် မိုးရာသီ၌ ရေကြီးရေလျှံမှုများလည်း ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။

YC

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည် (၆၄) နှစ်မြောက် အာဇာနည်နေ့အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားခံရ

ဇူလိုင်လ ၁၉ရက်နေ့တွင် ကျရောက်သည့် ၆၄ နှစ်မြောက်အာဇာနည်နေ့အခမ်းနားသို့ တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားခံ ရကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို တက်ရောက်ရန် အစိုးရ၏ ဆက်ဆံရေးအရာရှိတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ကြာသာပတေးနေ့ က လာရောက်ဖိတ်ကြားခဲ့ကြောင်း NLD မှတာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၇ ရက်နေ့တွင် ပြောကြားသည်။

၆၄ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ရန် အာဇာနည်နေ့ ကျင်းပရေးကော်မတီမှ နိုင်ငံရေးပါတီများသို့  ဖိတ်စာများ ပေးပို့ ထားပြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းကလည်း မြောက်ဥက္ကလာပမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီ ရုံးခန်းတွင်လည်း အာဇာနည်နေ့အခမ်းအနားအား ကျင်းပရန် အစီအစဉ်ရှိကြောင်း သိရသည်။

ဦးသိန်းညွှန့်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီသစ်ပါတီမှလည်း အာဇာနည်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ပါတီဌာနချုပ်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ ဘဝ၊ အတွေးအခေါ်နဲ့စွမ်းရည်တို့နှင့် ပတ်သက်သည့် ဟောပြောပွဲတစ်ခုပြုလုပ် ရန်စီစဉ်ထားကြောင်း သိရှိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းကျော်အုန်းက ရန်ကုန်ရုံးတွင် လူအင်အားနည်း ပါးသဖြင့် အဆိုပါ အခမ်းအနားသို့  ယခုနှစ်တွင် တက်ရောက်ရန် အစီအစဉ်မရှိကြောင်း ဖြောကြားခဲ့သည်။

ယမန်နှစ် (၆၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို ရွေးကောက်ပွဲမှတ်ပုံတင် နိုင်ငံရေးပါတီများမှ တစ်ပါတီလျှင် လူ ငါးဦးတက်ရောက်ရန် ခွင့်ပြုခဲ့သည်။

YC

------------------------------------------------------------------------------------------------------------------------

အာဇာနည်နေ့ အခမ်းအနားအစီအစဉ်များ ထုတ်ပြန်ကြေငြာ

၆၄ နှစ်မြောက်အာဇာနည်နေ့ အခမ်းအနားအစီအစဉ်များအား နိုင်ငံပိုင်သတင်းစာများမှတဆင့် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

ယင်း ထုတ်ပြန်ချက်တွင် အာဇာနည်နေ့အခမ်းအနားအား ဇူလိုင် ၁၉ ရက်နေ့ မနက် ၈ နာရီမှ မနက် ၁၀ နာရီအချိန်ထိ ဗဟန်းမြို့နယ်၊ ရွှေတိဂုံ ဘုရားမြောက်ဘက်မုဒ်ရှိ အာဇာနည်ကုန်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပါရှိသည်။

အာဇာနည်နေ့အခမ်းအနားအား တက်ရောက်ရန် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် ရွှေတိဂုံဘုရား တောင်ဘက်မုဒ်၊ အာဇာနည် လမ်းမှတဆင့် အာဇာနည်ကုန်းသို့ သွားရောက်ရမည်ဖြစ်ကာ၊ အနောက်ရွှေဂုံတိုင်လမ်းမှ ပြန်လည်ထွက်ခွာရမည်ဖြစ်ပြီး၊ အများပြည်သူများက လာ ရောက်အလေးပြုလိုပါက ယင်းနေ့မနက် ၁၀ နာရီမှညနေ ၄ နာရီ အထိ အနောက်ရွှေဂုံတိုင်လမ်းနှင့် အာဇာနည်လမ်းဆုံရှိ ဂိတ်ပေါက်မှ ဝင်ရောက်ရမည် ဖြစ်ကာ၊ ပြန်လည်ထွက်ခွာရာတွင် ရွှေတိဂုံဘုရားအရှေ့မုဒ်မှ ပြန်လည်ထွက်ခွာရမည်ဖြစ်ကြောင်း သိရှိရသည်။

အာဇာနည်ခေါင်းဆောင်ကြီးတို့၏ မိသားစုဝင်များ၊ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် အခြားဖိတ်ကြားထားသူ စုစုပေါင်း ၁၀၀ ခန့်အား အာဇာနည်နေ့ အခမ်းအနားတက်ရောက်ရန် ဖိတ်ကြားထားကြောင်းသိရသည်။

အာဇာနည်နေ့အခမ်းအနားအား စစ်အစိုးရလက်ထက်တွင် ရန်ကုန်မြို့တော်ဝန်မှ ဦးစီးဆောင်ရွက်ပြီး၊ ယခုအစိုးရသစ်တွင် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှဦးစီးတာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။

ကျော်စွာ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

 ယင်းစားပွဲဝိုင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အသေးစားချေး၊ ငွေလမ်းပန်းဆက်သွယ်မှု၊ မျိုးကောင်းမျိုးသန့်နှင့် နည်း ပညာအထောက်အပံ့စသဖြင့် ပံ့ပိုးမှုများစွာ လိုအပ်ကြောင်း စတစ်ဂလစ်က ဆွေးနွေးခဲ့သည်။ ယင်းဆွေးနွေးပွဲပြီးနောက် ချေးငွေနှင့် နည်းပညာ၊ မျိုးစေ့ အထောက်အပံ့များ တိုးတက်လာသည်ကို မြင်တွေ့ရကြောင်း လယ်သမားနှင့် စားသုံးသူ ဈေးကွက်အကြားက အဆင့်များစွာကိုမူ လျှော့ချရန် လိုအပ်နေ သေးကြောင်း သို့မှသာလျှင် လယ်ယာထွက်ကုန်ဈေးနှုန်း မတည်ငြိမ်မှုကို လယ်သမားများ ခုသာခံသာရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးက အကြံပြုပြောကြားသည်။ မြန်မာ့လယ်ယာကဏ္ဍအပြောင်း အလဲအတွက် ၂၀၀၃ခုနှစ်တွင် ဆန်စပါးမူဝါဒပြောင်းလဲပေးခဲ့ပြီး  အစိုးရကို အစိုးရဈေးဖြင့် တစ်ဧက စပါး ၁၀ တင်း၊ ၁၂ တင်းနှုန်းစသည်ဖြင့် ပေးသွင်းရသည့် ဒိုင်စနစ်ကို ပယ်ဖျက်ခဲ့ကာ လွတ်လပ်စွာဝယ်ယူ ကြိတ်ခွဲ ရောင်းချခွင့်ပြုခဲ့ကြောင်း၊ အစိုးရဆန်စက်များကိုလည်း ပုဂ္ဂလိကပိုင်ပြုလုပ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် လယ်ယာကဏ္ဍ အထိုက်အလျောက် တိုးတက်လာခဲ့ကြောင်း သို့သော်လည်း ဆန်စပါးအရည်အသွေးနှင့် ထုတ်လုပ်နိုင်မှုများက  ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို စိန်ခေါ်မှုဖြင့် တည်ရှိနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက် အရသိရသည်။

ဇူလိုင်  ၁၄ ထုတ် 7DAY NEWS အတွဲ ၁၀၊ အမှတ် ၁၇ တွင်ပါသည့် "ကမ္ဘာကျော်စီးပွားရေးပညာရှင်၏ အကြံပြုချက်များကို မြန်မာအစိုးရ က အကောင်အထည်ဖော်ရန် သုံးသပ်နေဟုဆို" သတင်းမှ ကောက်နှုတ်ချက်

------------------------------------------------------------------------------------------------------------------------

"အခု ပြင်ဆင်ရတော့မယ်လေ။ ဒီနေ့ ဒေါက်တာထွန်းလွင်ကို ဖိတ်ကြားပြီး ဟောပြောပွဲလုပ်တယ်။ ဟောပြောလိုက်တဲ့နေရာမှာကို တို့အသိတွေရလိုက်ပြီ။ ဘာဖြစ်လာနိုင်သလဲ။ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလတွေမှာ ဘာဖြစ်နိုင်လဲ ခန့်မှန်းလာတယ်ဆို ဒီစပါးမှည့်လာတဲ့အချိန် မြန်မြန်ရိတ်သိမ်း နိုင်အောင် အတတ်နိုင်ဆုံး ကိုယ်တို့ဘက်က ပြင်ဆင်ရမယ်။ ဝိုင်းပြီး လယ်သမားတွေအတွက် ပြင်ဆင်ပေးရမယ်။ အခြေအနေက အထူးပြုကုမ္ပဏီ လုပ်ပြီ ဆိုရင် ရှေ့လျှောက် ကိုယ်တို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ရဲ့ ဖောက်ပြန်လာမှုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စဉ်းကိုစဉ်းစားရတော့မယ်။ အခု ဒါကြောင့်မို့လို့ ကုန်ထုတ်လမ်းတွေ အတင်းတွန်းတွန်းတိုက် တိုက်လုပ်နေတာ။ မလုပ်ခဲ့တဲ့အတွက်ကြောင့် နွေးစပါးမှာ မိုးရွာလာတဲ့အတွက်ကြောင့် နွေ စပါးမှာ မိုးရွာလာတဲ့ အတွက်ကြောင့် လယ်သမားလက်ပိုက်ကြည့်နေတယ်။ အဲဒါကို ဝင်ဖြေ ရှင်းရမယ်လေ"

ဇူလိုင်  ၁၄ ထုတ် 7DAY NEWS အတွဲ ၁၀၊ အမှတ် ၁၇ တွင်ပါသည့် "မြန်မာနိုင်ငံ ဆန်စပါးအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်နှင့် တွေ့ဆုံခြင်း" သတင်းမှ ကောက်နှုတ်ချက်

------------------------------------------------------------------------------------------------------------------------

"သူဌေးကြီးများက သတင်းမီဒီယာကို စိန်ခေါ်တယ်လို့ယူဆတယ်။ နောက် မရေးရဲအောင်လုပ်တဲ့ ပုံစံပါပဲ။ အဲဒါကြောင့် အမှုဆက်လက်ဖြစ်ပွားခဲ့ရင် ကျွန်မ ဥပဒေနဲ့ မူဝါဒဘောင်အတွင်းကပဲ ပြန်လည်ဖြေရှင်းသွားမှာပါ" ဟု သူမက ပြောပါသည်။

အဆိုပါဆောင်းပါး၏ အဆက်ဒုတိယပိုင်းကို ဂျာနယ်တွင် ဆက်လက်ဖော်ပြခွင့်မရခြင်းနှင့် ပတ်သက်ပြီး True News Weekly မှ မေးမြန်းရာ "စိစစ်ရေးကို အထောက်အထား ပြည့်ပြည့်စုံစုံ တင်ပါတယ်။ အထောက်အထား ပြည့်စုံလွန်းလို့ ပြည်သူကို ချမပြသင့်ပါဘူးဆိုပြီး အဖြုတ်ခံရပါတယ်" ဟု သူမက ဖြေကြားပါသည်။

ဇူလိုင် ၁၂ ထုတ် True News အတွဲ (၃) အမှတ် (၄၂) တွင်ပါသည့် "SSCမှ တရားစွဲဆိုပါက ပြန်လည်ဖြေရှင်းရန်" သတင်းမှ ကောက်နှုတ် ချက်

------------------------------------------------------------------------------------------------------------------------

"ဥပဒေဆိုတာကတော့ ဥပဒေရဲ့ဂုဏ်အင်္ဂါရပ်နဲ့ ညီညွတ်အောင် ရေးဆွဲမှာပဲ။ ကျွန်တော်တို့ တိုင်းပြည်မှာ ဘာဖြစ်နေတာလဲဆိုတော့ ဥပဒေတွေကို ပြန် စိစစ်တဲ့အခါ ဥပဒေတွေက မကောင်းတာမဟုတ်ဘူး။ ကျွန်တော်တို့ ဒီခေတ်မှာ အမြဲတမ်းသုံးနေတဲ့ စကားတစ်ခွန်းရှိပါတယ်။ လူနဲ့မအုပ်ချုပ်ဘူး၊ မူနဲ့ အုပ်ချုပ်မယ်။ မူနဲ့အုပ်ချုပ်မယ်ဆိုတာ ဥပဒေအတိုင်းပဲ သွားမယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဘာကအားနည်းတာလဲဆိုတော့ ဥပဒေက ရှိတယ်။ လိုက်နာမှုက အားနည်းတာ။ ကျင့်သုံးဆောင်ရွက်မှုက အင်မတန်အားနည်းတာပါ။ ဥပမာ- ဆေးလိပ်နဲ့ ဆေးရွက်ကြီး ဥပဒေပြဋ္ဌာန်းထားပါတယ်။ ဒါပေမဲ့ ယနေ့အထိ ဘယ်နေရာမဆို တစ်လိပ်ချင်းဝယ်ယူလို့ ရနေပါသေးတယ်။ အဲဒီသဘောမျိုးပါပဲ။ ဥပဒေရဲ့ ဟာကွက်တွေဆိုတာထက် ဥပဒေကို တိတိကျကျလိုက်နာခြင်း မရှိတာကို တွေ့နေရတာပါ"

ဇူလိုင် ၁၅ ထုတ် The Hot News အတွဲ (၁) အမှတ် (၄၈) တွင်ပါသည့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းရေးရာ ကော်မတီဝင်၊ လွှတ်တော် နှစ်ရပ်ပူးပေါင်း ဥပဒေကြမ်းရေးရာကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးနှင့် တွေ့ဆုံခြင်း ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဆောင်းပါးရှင် ဗညားအောင်သို့ အိတ်ဖွင့်ပေးစာ

 ဆောင်းပါးရှင် ဗညားအောင်ခင်ဗျား

                ဇူလိုင်လ ၈ ရက်နေ့က ဦးဗညားအောင်ရဲ့ “မျှော်လင့်ချက် ရက်ပေါင်း ၁၀၀” ဆိုတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ မတင်မကျ ဖြစ်နေတာလေးတွေကို ဆွေးနွေးပါရစေ။ မဆွေးနွေးခင်မှာ ကျွန်တော်ဟာ သမ္မတကြီး ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရဦးရွှေမန်းတို့ကို အလွန်လေးစားနှစ်သက်သူဖြစ်ကြောင်း ကြိုပြီးစကားခံထားပါရစေ။ ဒါပေမယ့် နှစ်သက်တာကတကြောင်း၊ ဘဝင်မကျတာကတကြောင်းမို့လို့ ခုလို အိတ်ဖွင့်ပေးစာနဲ့ ဆွေးနွေးရ ခြင်းဖြစ်ပါတယ်။ ဦးဗညားအောင်ရဲ့ ဆောင်းပါးထဲမှာပါသလို သမ္မတကြီးဟာ ၎င်းရဲ့ မိန့်ခွန်းပါ အချက်အလက်တွေကို လုပ်လိုတဲ့ဆန္ဒမရှိဘူး၊ နိုင်ငံတကာက စောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုတဲ့ အောက်ကလိအာသဘောမဟုတ်ကြောင်းလည်း ကြိုတင်ပြောပါရစေ ခင်ဗျား။

သမ္မတကြီး ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းတွေအားလုံးကို ကျွန်တော့်အနေနဲ့ အင်မတန်မှပဲ နှစ်သက်မိပါတယ်။ မူအားဖြင့် သဘောတူတယ်ဆိုပါတော့ ခင်ဗျာ။ ဦးဗညားအောင် ရေးထားသလိုပါပဲ သမ္မတကြီးမိန့်ခွန်းမှာ အပြစ်အနာအဆာမရှိဘူး၊ အမိန့်အာဏာသံ မပါဘူး ဆိုတာတွေ တွေ့ရပါတယ်။ တကယ်ဖြစ်အောင် လုပ်နိုင်ဖို့ဆိုတာက နိုင်ငံရေးစေတနာ မည်မျှပင်ကောင်းစေကာမူ လွယ်ကူမှာမဟုတ်ဘူးဆိုတာကိုလဲ တစ်ဆက်တည်း တွေးမိခဲ့ပါတယ်။ ဒါ ကြောင့် သမ္မတကြီးအနေနဲ့ မိန့်ခွန်းရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်ကို သူ့သက်တမ်း ၅ နှစ်အတွင်းမှာ အကောင် အထည် ဖော်နိုင်ရင်ပဲ ကျေနပ်စရာကောင်းလှပြီလို့ပဲ တွေးခဲ့မိပါတယ်။ ဒါပေမယ့် အချို့အချို့သော ကိစ္စရပ်များမှာ မိန့်ခွန်းပြောကြားစဉ်ကထက် ဖြောင့် ဖြောင့်ကြီး ဆန့်ကျင်လျက်ရှိနေတာတွေလည်း တွေ့ရမှဖြစ်ပါတယ်။

ပထမဆုံး သမ္မတကြီးပြောကြားခဲ့တဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ရင် အစိုးရကိ သံသယရှိသူတွေ ရှိနေတာကို လက်ခံ တယ်ဆိုတာရယ်၊ ၎င်းတို့ရဲ့ သံသယတွေပျောက်ပြီး အမျိုးသားအကျိုးစီးပွားအတွက် ပူးပေါင်းပါဝင်လာအောင် လုပ်ဆောင်မယ်ဆိုတာရယ်နဲ့ နိုင်ငံရေးကို ဖွဲ့စည်းပုံအတိုင်း တရားမျှတစွာရယူဖို့ တိုက်တွန်းပါ တယ်ဆိုတဲ့ ကိစ္စများကို ဆွေးနွေးပါရစေခင်ဗျ။

လက်တွေ့မှာ နိုင်ငံရေး ပါတီတွေကနေ တည်ဆဲဥပဒေကို ဖောက်ဖျက်ကျူးလွန်တဲ့ အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၁၄၇၅၈ဦးကို လွှတ်ပေးခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်တောင် ပါသလဲဆိုရင် အယောက်ငါးဆယ် မကျော်ပါဘူးခင်ဗျ။ ဒီ နေရာမှာလဲ ကျွန်တော့်အနေနဲ့ နိုင်ငံရေးအကျဉ်းသားလို့ပဲ သုံးနှုန်းရပါမယ်။ သုံးနှုန်းတာကလဲ စစ်အစိုးရလက်ထက်မဟုတ်တော့လို့ တရားဝင် သုံးနှုန်း ရခြင်း ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်ကတော့ နိုင်ငံရေးအကျဉ်းသားမရှိအောင် ရာဇဝတ်မှုတွေနဲ့ အမှုဆင် ထောင်ချခဲ့တာဖြစ်ပါတယ်။ လက်ရှိ အရပ် သားအစိုးရအနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားမရှိပါဘူးလို့ တလျှောက်လုံးကာကွယ်ခဲ့တဲ့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အခက်အခဲ ရှိတဲ့အတွက်ကြောင့်သာ အခြားရာဇဝတ်သားများနဲ့ ရောနှောလွှတ်ပေးလိုက်တယ်ဆိုတာလည်း သဘောပေါက်မိပါတယ်။ ဒါပေမယ့်ခင်ဗျာ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားထဲမှာ နိုင်ငံတော် အစိုးရကို မထိတထိ သရော်တဲ့သူ၊ အစိုးရက အမြင်မကြည်တဲ့ အဖွဲ့အစည်းတွေကို ပေးကမ်းထောက်ပံ့ကူညီသူ၊ သွေးလှူဒါန်းသူ စသည်ဖြင့် ကျောက်ဆောင်ကို ခေါင်းနဲ့တိုက်သူတွေလောက်ပဲ ပါဝင်ပါတယ်။ ဒီလူတွေဟာ အစိုးရအတွက် လုံးဝအန္တရာယ်မကြီးဘူး ဆိုတာ သိသာစေပါတယ်။ အပြင်ရောက်လို့လဲ ဘာမှမထူးခြားပါဘူး။ ဒါပေမယ့် အုတ်တစ်ချပ်၊ သဲတပွင့် တတ်အားသမျှ ပါဝင်ခဲ့တဲ့သူတို့တွေ လွတ် မြောက်လာတဲ့အတွက် ဝမ်းသာစရာပါ၊ သမ္မတကြီးကိုလဲ ကျေးဇူးတင်မိပါတယ်။

ဒါပေမယ့် ဦးဇာဂနာတို့၊ ကိုမင်းကိုနိုင်တို့လို နာမည်ကြီးနိုင်ငံရေးသမားတွေနဲ့ ရွှေဝါရောင်အရေးအခင်းတုန်းက အဖမ်းဆီးခံရတဲ့ သံဃာတော် တွေ ပါမလာတာ အင်မတန်ကို အရုပ်ဆိုးအကျဉ်းတန်တဲ့ ကိစ္စဖြစ်ပါတယ်။ သံဃာတော်တွေဟာ အင်မတန်ကို သနားစရာကောင်းလှပါတယ်။ သူတို့ဟာ လူထုကျပ်တည်းမှုအတွက် လမ်းပေါ်ထွက်ခဲ့ကြတာပါ။ မေတ္တာပို့ရုံကလွဲပြီး အစိုးရကို မဆန့်ကျင်ခဲ့ပါဘူး။ ဒါကြောင့် အကျဉ်းသားတွေလွှတ်တဲ့ကိစ္စမှာ သံဃာတော်တွေဟာ ဦးစားပေး ဖြစ်သင့်ပါတယ်။ နောက်ထပ်ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုက်နာဖွယ်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား အချို့လည်း ထောင်ထဲမှာ ရှိနေနိုင်ပါတယ်။ သူတို့ကိုလည်း အထူးအခွင့်အရေး ခံဝန်ကတိတွေနဲ့ လွှတ်ပေးနိုင်မယ်ဆိုရင် သမ္မတကြီးလဲ သဘောထား ကြီးကြောင်း ပြသရာရောက်သလို ပြည်သူလူထု ထောက်ခံတဲ့သူတို့ ဖွဲ့စည်းပုံကိုလိုက်နာပြီး နိုင်ငံရေးနယ်ထဲ ဝင်လာကြမယ်ဆိုရင် သမ္မတကြီးပြောတဲ့ မိန့်ခွန်းအတိုင်း အာဏာကို တရားသဖြင့်ယူကြပြီး နတ်လူသာဓုခေါ်စေမယ့် အလုပ်ပဲဖြစ်ပါတယ်ခင်ဗျ။ ဆက်လက်ပြီး နိုင်ငံရေးအကျဉ်းသားဆိုတာ ရုရှားနဲ့ တရုတ်လို နိုင်ငံကြီးတွေမှာတောင်ရှိတဲ့အတွက် ဖွဲ့စည်းပုံကို မလိုက်နာနိုင်တဲ့ နိုင်ငံရေးအကျဉ်းသားများကို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်နေတယ် ဆိုတာ စိတ်ချယုံကြည်လာတဲ့အထိ ထောင်ထဲမှာပဲ လူသားဆန်စွာ၊ လူ့အခွင့်အရေးနဲ့အညီ ကျန်းမာရေး၊ နေထိုင်စားသောက်ရေးတွေ ရရှိအောင် စီစဉ် ပေးမယ်ဆိုရင် သမ္မတကြီးကို နတ်လူအပေါင်း သာဓုခေါ်ကြမှာ ဖြစ်ပါတယ်ခင်ဗျ။ဒါကြောင့် အကျဉ်းသားတွေလွှတ်တဲ့ကိစ္စဟာ မိန့်ခွန်းကို တာဝန်ခံတာ မျိုးထက် နိုင်ငံရေး စေတနာရှိမှုကို ရှေ့တန်းတင်ပြီး နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေးကိစ္စကို အခုထက်ပိုမို ဆောင်ရွက်သင့်တယ်ဆိုတာ တွေ့ရပါတယ်။

နောက်တစ်ခု အမျိုးသားပြန်လည်စည်းလုံး ညီညွတ်ရေးနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံကို လက်မခံတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ကိုလည်း ငြိမ်းချမ်းရေး တံခါးဖွင့်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးပါရစေခင်ဗျာ။ ဦးဗညားအောင်ရဲ့ ဆောင်းပါး ထဲကလို ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံတဲ့ လက်နက်ကိုင်အဖွဲ့များ၊ ရရှိထားပြီးဖြစ်တဲ့ ငြိမ်းချမ်းရေးကို ပယ်ဖျက်ပြီး လက်နက်ကိုင်တိုက်ပွဲများ၊ ဗုံးခွဲ တိုက်ခိုက်သည့် လုပ်ရပ်များ ကျူးလွန်နေသည့် တိုင်းရင်းသားအဖွဲ့များကိုလည်း ငြိမ်းချမ်းရေးတံခါးဖွင့်ထားပါတယ်ဆိုတာ သမ္မတကြီးရဲ့ မိန့်ခွန်းမှာ မတွေ့ရပါဘူးခင်ဗျ။ သမ္မတကြီးရဲ့မိန့်ခွန်းမှာ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးနဲ့ပတ်သက်ပြီး ဒီကနေ့အထိ မူဝါဒလမ်းစဉ် ၇ ရပ်နဲ့ ဖွဲ့စည်းပုံကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပရှိ လူပုဂ္ဂိုလ်အဖွဲ့အစည်းများ၊ ဥပဒေပြင်ပရှိ အဖွဲ့အစည်းများရှိကြပြီး ၎င်းတို့ဟာလည်း မိမိတို့နိုင်ငံသား၊ မိမိ တိုင်းရင်းသားလူမျိုးများဖြစ်ကြသလို သမ္မတကြီးရဲ့ အစိုးရကလည်း ၎င်းတို့ရဲ့အစိုးအဖြစ် မြင်နိုင်ကြဖို့လိုကြောင်းနဲ့ ကမ္ဘာ့အလယ်မှာ ကိုယ့်နိုင်ငံရဲ့ ဂုဏ် သိက္ခာကျဆင်းအောင် မပြုလုပ်ကြဖို့ ၊ ကိုယ့်နိုင်ငံသားတွေ ထိခိုက်နစ်နာ အောင်မလုပ်ဖို့ဆိုတာသာ တွေ့ရပါတယ်။ ဒါကြောင့်မို့ ဦးဗညားရဲ့ ဆောင်း ပါးမှာ လက်နက်ကိုင်တိုက်ခိုက်နေတဲ့၊ ဗုံးခွဲနေတဲ့စသည်ဖြင့် သုံးနှုန်းထားတာဟာ ကေအိုင်အေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်မှာ ကေအိုင်အေကို ဇာတ်နာအောင် အချိန်ကိုက် သမ္မတမိန့်ခွန်းမှာ ပါသယောင်ရေးလိုက်တဲ့ပုံစံ ဖြစ်နေပါ တယ်ခင်ဗျ။

ကျွန်တော်ဆွေးနွေးလိုတာကလဲ အဲ့ဒီကိစ္စပါပဲခင်ဗျာ။ သမ္မတကြီးအနေနဲ့ ဘယ်လိုပင် ကတိပေးထားစေကာမူ အစိုးရသစ်လက်ထက်မှာ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲတွေ ပိုမိုစိပ်လာတာကို တွေ့ရပါတယ်ခင်ဗျ။ ဒါဟာ မိန့်ခွန်းထဲမှာပါတဲ့အချက်နဲ့ လုံးဝကို ဆန့်ကျင်နေပါတယ်။ ဒါပေမယ့် သမ္မတကြီးမိန့်ခွန်းမှာ အခြေခံဥပဒေပြင်ပက လုပ်ဆောင်မှုများ အားလုံးကို လက်ခံမှာမဟုတ်တဲ့အပြင် ထိရောက်စွာ ကာကွယ်တားဆီးသွားမယ်လို့ ပါထားပြန်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အစိုးရအမိန့်ကို မနာခံရင် ထိရောက်စွာ နှိမ်နှင်းခံရမယ်လို့လဲ သဘောသက်ရောက်နေပါတယ်။ ဒါကြောင့်မို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ဖိပြီး ထိုးစစ်ဆင်လာတာများလားလို့ တွေးမိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်များကိစ္စမှာ နယ်ခြားစောင့်တပ်အသွင်မပြောင်းတဲ့ အဖွဲ့တွေကို ဖိအားပေးနေတာ တွေ့ရပြီး ဖိအားပေးလို့မရရင် အပြုတ်တိုက်မယ့်အခြေအနေပါ။ ကချင်နဲ့ဖြစ်တဲ့ ပြဿနာကတော့ တမျိုးပါ။ အဓိကတော့ တာပိန်မြစ်ပတ်လည်မှာ ရေအားလျှပ်စစ် စီမံကိန်း လုပ်ကိုင်နေတဲ့ တရုတ်ဝန်ထမ်းတွေကို ကချင်စစ်တပ်က ခြိမ်းခြောက်လို့ အစိုးရက ထိန်းသိမ်းရခြင်းဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။ ရေအားလျှပ်စစ် စီမံကိန်းလုပ်နေရင်းကပဲ တူးဖော်လို့ရတဲ့နေရာတွေမှာ တရုတ်တွေဟာ ရွှေနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကို တူးယူနေကြလို့ ကချင် စစ်တပ်က တားဆီးဖို့ ကြိုးပမ်းတယ် ဆိုတာကိုရော အစိုးရသိပါသလားခင်ဗျာ။ ပြီးတော့ ရေအားလျှပ်စစ်ဆိုတဲ့နေရာမှာ ပြဿနာ အကြီးဆုံးကတော့ မြစ်ဆုံမှာဆောက်မယ့်ဆည် ဖြစ်ပါတယ်။ အကျယ်အဝန်းဟာ စင်္ကာပူနိုင်ငံထက်ကြီးပြီး နယူးယောက်မြို့နီးပါး ရှိပါတယ်။ ဒါ့အပြင် ဒီဆည်ကြောင့် ဧရာဝတီမြစ်ပျောက်သွားနိုင်ပြီး နိုင်ငံအတွက် ဘယ်လောက်အန္တရာယ်ကြီးမားတယ်၊ ဝမ်းနည်းဖွယ်ရာတွေ ကြုံတွေ့ရမယ်ဆိုတာ ကမ္ဘာ့ပညာရှင်တွေ၊ တရုတ်နဲ့ မြန်မာပညာရှင်တွေ တားဆီးနေတဲ့ကြားက အစိုးရအနေနဲ့ အဓမ္မအကောင်အထည် ဖော်ဖို့ကြိုးစားနေတာရယ်၊ ဒီဆည်ဟာ ကချင်အတွက်သာ မဟုတ်ဘူး ပြည်ထောင်စုတစ်ဝှမ်းလုံးအတွက် ဖြစ်တယ်၊ ဒီကိစ္စသာ ဖျက်ပေးနိုင်ရင် ကချင်စစ်တပ်အနေနဲ့ လက်နက်စွန့်ပါမယ်လို့ အတိအလင်း ကြေငြာ ထားတာတောင် အစိုးရအနေနဲ့ လုံးဝလက်မခံတာကို တွေ့ရပါတယ်။ ဒီပြဿနာဟာ နက်နဲစွာရှင်းလင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ အကျိုးအမြတ်ရမယ့် သူတွေက တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတွင်းက ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးရဲ့ လက်ဝေခံ အေးရှားဝါးလ်ကုမ္မဏီဖြစ်ပါတယ်။ ဒါဟာ သမ္မတကြီး မိန့်ခွန်းထဲက လက်ဝါးကြီးအုပ်မှုနဲ့ အရှင်းရှင်၊ ဓနရှင်ကြီးများက လက်ဝါးကြီးအုပ်ခြယ်လှယ်တာမျိုး မဖြစ်အောင် ထိန်းကျောင်းတည့်မတ်သွားမယ်ဆိုတဲ့ အချက်နဲ့လည်း လွဲချော်လျက်ရှိပါတယ်။ တစ်မျိုးသားလုံး ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ကြီး ဖြစ်နိုင်တဲ့အပြင် နိုင်ငံပါပျောက်သွားနိုင်တဲ့အထိ အန္တရာယ် ရှိနေတာသိပါရက်နဲ့ ကိုယ့်မြေကိုယ့်ရေကို ကာကွယ်နေတဲ့ တိုင်းရင်းသားတွေကို ချေမှုန်းဖို့ကြိုးစားပြီး တရုတ်နိုင်ငံကို မျက်နှာလုပ်နေရတာဟာ အမျိုး သားသွေးစည်းရေးကို အစိုးရကိုယ်တိုင်က အမေကျော်ဒွေးတော်လွမ်းနေရသလိုပါ။ ရှမ်းတပ်တွေကို တိုက်ခိုက်ရတာဟာလဲ တရုတ်နိုင်ငံကို တင်ပို့မယ့် ဓာတ်ငွေ့ပိုက်လိုင်းတွေ လုံခြုံရေးအတွက်သာဖြစ်တယ်ဆိုတာ ရှင်းလင်းနေပါတယ်။ တကယ်တော့ ဒီစီမံကိန်းကြောင့် သမ္မတကြီး ဦးသိန်းစိန် တစ်ကျပ် တစ်ပြားမှ မရသလို သွားလေသူ ဦးသန်းရွှေမိသားစုနဲ့ လက်ဝေခံစီးပွားရေး လုပ်ငန်းသမားတွေသာ ကြီးပွားသွားတာပါ။ ဦးတင်အောင်မြင့်ဦးကြီးနဲ့ သူ့ရဲ့ လက်ဝေခံတွေလဲ အထက်မှာပြောခဲ့သလို ထိပ်ဆုံးက ပါတာပေါ့ခင်ဗျာ။ ဒါကြောင့် သမ္မတကြီးအနေနဲ့   သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အချိန်ကောင်း အခါကောင်းမှာ နိုင်ငံအတွက်  အန္တရာယ် အလွန်ကြီးမားတဲ့ မြစ်ဆုံပြဿနာကို ရပ်တန့်နိုင်ရင် ကချင်စစ်တပ်တွေ လက်နက်စွန့်သွားမယ်၊ အဲ့ဒီအခါကျရင် နိုင်ငံကို ကယ်တင်ခဲ့သူ သူရဲကောင်း သမ္မတကြီးနဲ့၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို လက်တွေ့ဖော်ဆောင်ခဲ့သူ သမ္မတကြီးအဖြစ် နိုဗယ်ဆုရှင်တောင် ဖြစ်နိုင်သလို သမိုင်းမှာလည်း ဦးသိန်းစိန်ဆိုတာ နာမည်ကောင်းနဲ့ ကျော်ကြားတဲ့ သမ္မတကြီးအဖြစ်လည်း ကဗျည်းထိုးနိုင်တော့မှာ ဖြစ်ပါတယ်။ ဝမ်းနည်းစရာကတော့ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်လာနိုင်ချေမရှိတာပါပဲ။ သို့ပေမယ့်လည်း ပေါ်ပေါက်နိုင်တဲ့ အခွင့်ကောင်းများလည်း လုံးဝမရှိတော့တာ မဟုတ်ပြန်ပါဘူး။ ဒါကြောင့် သမ္မတကြီးအနေနဲ့ အခု လို တိုင်းရင်းသားပြဿနာကို နိုင်ငံရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတရာထူး ရယူထားသူပီပီ မိမိရဲ့လုပ်ပိုင်ခွင့်ကို ရဲရဲတင်းတင်းအသုံးချပြီး နိုင်ငံကို ကယ်တင်ဖို့ အချိန်မဆွဲသင့်တော့တဲ့ အကြောင်း တိုက်တွန်းချင်ပါတယ်။

ကျွန်တော့်အနေနဲ့ ဦးဗညားအောင်ရဲ့ ဆောင်းပါးထဲကအတိုင်း သမ္မတကြီးဟာ ရက်ပေါင်းတစ်ရာအတွင်းမှာ တိုးတက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ် ဆိုတဲ့အထဲမှာ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး အကျဉ်းသားတွေ လွှတ်ပေးတဲ့ကိစ္စနဲ့ တိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေး တံခါးဖွင့်ထားပါတယ်ဆိုတဲ့အချက်တွေကို သဘောမတူတဲ့ အတွက် ဆွေးနွေးရခြင်း ဖြစ်ပါတယ်။

ကျန်တဲ့ အချက်အလက်တွေဖြစ်တဲ့ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ မီဒီယာလွတ်လပ်ခွင့်တွေမှာတော့ လူသားအရင်းအမြစ်တွေ မွေးထုတ်ဖို့နဲ့ ဒီမိုကရေစီနဲ့ ယဉ်ပါးအောင် အချိန်အတိုင်းအတာတစ်ခုထိ ယူရဦးမှာဖြစ်တဲ့အတွက် သမ္မတကြီးရဲ့ ရက် ၁၀၀ အတွင်းမှာ ကြိုးပမ်းခဲ့တဲ့ စီးပွားရေး၊ နိုင်ငံတကာဆက်ဆံရေးနဲ့ မီဒီယာလွတ်လပ်ခွင့်တွေကတော့ မျှော်မှန်းထားတာထက် ပိုမိုကျေနပ်စရာဖြစ်ခဲ့ပါတယ်လို့ ဆွေးနွေးလိုပါတယ် ခင်ဗျား။

 လေးစားစွာဖြင့်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs