Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်ပရိတ်သတ်များခင်ဗျာ...

            သတင်းလွှာအမှတ် ၂၁ကို ပေးပို့လိုက်ပါတယ်။ ပဒုမ္မာ အားကစားကွင်းလေလံ အရှုပ်အရှင်းကိစ္စ သတင်းထူးနဲ့အတူ တပတ်အတွင်း မှတ်သားထားရမယ့် သတင်းများနဲ့ အတွေးအမြင်ဆောင်းပါးများကို ထည့်သွင်းဖော်ပြထားပါတယ်။ စာဖတ်သူများရဲ့ အကြံဥာဏ်များကိုလည်း လေးလေးစားစားမျှော်လင့်ပါကြောင်း....



လေးစားလျှက်..
သတင်းလွှာအဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle 2011
yangonchronicle 2011

၅.၈.၂၀၁၁

ပြည်တွင်းသတင်းများ

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေဖျော်ဖြေပွဲ ဇေယျာသော်ပါဝင်ခွင့်မရ

သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကျင်းပမည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေရှာဖွေပွဲတွင် အဆိုတော် ဇေယျာသော်ကို ပါဝင် သီဆိုခွင့် မပြုရန် ပွဲစီစဉ်သူများအား အာဏာပိုင်များမှ သြဂုတ်လ ၃ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း အရှေ့ဒဂုံ ၁၂ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေရှာဖွေပွဲကို သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကျင်းပရန် ပွဲပါမစ် ရရှိထားကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေရှာဖွေပွဲတွင် မကြာသေးမီက ထောင်မှလွတ်လာသော ဟစ်ဟော့(စ်) အဆို တော် ဇေယျာသော်အား သီချင်းဆိုခြင်း မပြုရန် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ ပွဲစီစဉ်သူများကို သြဂုတ်လ ၃ ရက်နေ့တွင် ဝန်ခံကတိ ရေးထိုးခိုင်း ကြောင်း သိရသည်။

ဟစ်ဟော့(စ်) အဆိုတော် ဇေယျာသော်သည် လူငယ်တေးဂီတအဖွဲ့တစ်ခုဖြစ်သည့် အက်စစ်အဖွဲ့ဝင်တစ်ဦးဖြစ် ပြီး မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Waves)အဖွဲ့အား ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ ပြီးခဲ့သည့်မေလက ထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဆည်းဆာရိပ်အလှဖန်တီးသူများ ခေါင်းစဉ်ဖြင့် ရန်ပုံ ငွေရှာဖွေပွဲတွင် အနုပညာရှင်များက စေတနာဖြင့် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးမှ ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ကြက်သားနှင့် ကြက်ကင်များတွင် ကင်ဆာဖြစ်နိုင်သော ဓာတုဆိုးဆေး သုံးစွဲထားကြောင်းတွေ့ရှိ

နေပြည်တော်ရှိ ဈေးအချို့တွင် ရောင်းချလျက်ရှိသော ကြက်သားနှင့် ကြက်ကင်များကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရေရှည်စားသုံးပါက ကင်ဆာ     ရောဂါ ဖြစ်ပွားစေနိုင်သည့် စက်မှုလုပ်ငန်းသုံး ဓာတုဆိုးဆေး အ၀ါရောင်(Auramine-O) သုံးစွဲထားကြောင်း တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ စားသောက် ကွပ်ကဲရေး ဌာန (FDA) တာဝန်ရှိသူများထံမှ သတင်းရရှိသည်။

အဆိုပါ စက်မှုလုပ်ငန်းသုံး ဓာတုဆိုးဆေး (Auramine-O)မှာ စားသုံးသူများအတွက် လတ်တလော အဆိပ်အတောက် မဖြစ်စေသော်လည်း ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ရောဂါများဖြစ်စေခြင်း၊ ခန္တာကိုယ် ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါတို့ကို ဖြစ်ပွားစေနိုင်သဖြင့် အရောင်ပါသည့် ကြက်သားများအား ၀ယ်ယူစားသုံးရန် မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

နေပြည်တော်ရှိ ကြက်သားနှင့် ကြက်ကင်အရောင်းဆိုင်များကို ဆိုးဆေးအသုံးပြုခြင်းရှိ၊ မရှိစစ်ဆေးလျက်ရှိပြီး ဆိုးဆေးအသုံးပြု ရောင်းချသည့် ဆိုင်များကို သက်ဆိုင်ရာမှ သတိပေးအရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင်း ရောင်းချလျက် ရှိသော ကြက်သားများနှင့် ကြက်ကင်များတွင်လည်း စက်မှုလုပ်ငန်းသုံး ဓာတုဆိုးဆေးများ သုံးစွဲထားခြင်း ရှိ၊ မရှိ စစ်ဆေးသင့်ကြောင်း ဆရာဝန်တစ်ဦးမှ ပြောကြားသည်။

                                                                                                                Ref  : Bi Weekly Eleven

-----------------------------------------------------------------------------------------------------------------------------------

အလုပ်သင်ဆရာဝန်များ လစဉ် ငွေငါးသောင်းငါးထောင်ကျပ်အထိ တိုးမြှင့်ရန်ရှိ

အလုပ်သင် ဆရာဝန်များအတွက် လစဉ်ချီးမြှင့် ငွေများတိုးမြှင့်ပေးမည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိရာ ယခုအခါ အလုပ်သင် ဆရာဝန်များ ရရှိနေသည့် ငွေကျပ်တစ်ထောင့်နှစ်ရာမှ ငွေကျပ် ငါးသောင်းငါးထောင်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အလုပ်သင် ဆရာဝန်များ လစဉ်ချီးမြှင့်ငွေ ၁၂၀၀ ကျပ်ချီးမြှင့်သော်လည်း တံဆိပ်ခေါင်းခ ၂၅ ကျပ် ကုန်ကျသဖြင့် အလုပ်သင် ဆရာဝန်များ အနေဖြင့် တစ်လလျှင် ၁၁၇၅ ကျပ်သာ ရရှိကြောင်း သိရသည်။ အဆိုပါ ငွေများကို လစဉ်ထုတ်ယူနိုင်ပြီး ခြောက်လအထိ စုပေါင်းထားနိုင်ကြောင်း သိရ သည်။

အလုပ်သင်ဆရာဝန်များ၏ ချီးမြှင့်ငွေများ တိုးမြှင့်ပေးမည်ဟူသောသတင်းများ မကြာခဏ ထွက်ပေါ်လေ့ရှိပြီး အစိုးရ၀န်ထမ်းများ၏ လစာငွေများ သာ အကြိမ်ကြိမ်တိုးမြှင့်ခဲ့ခြင်းများရှိခဲ့ပြီး အလုပ်သင် ဆရာဝန်များအတွက် ချီးမြှင့်ငွေများမှာ တိုးမြှင့်ခဲ့ခြင်းမရှိကြောင်း အလုပ်သင်ဆရာဝန်တစ်ဦးမှ ပြောကြားသည်။

                                                                                                                Ref : Bi Weekly Eleven

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းရင်းသားပဋိပက္ခဖြေရှင်းရေး ညီလာခံတစ်ရပ် ကျင်းပသင့်ဟုဆို

ရန်ကုန်၊ သြဂုတ် ၅။

နိုင်ငံတစ်ဝှမ်း ဖြစ်ပေါ်နေသော တိုင်းရင်းသား ပဋိပက္ခများ ချုပ်ငြိမ်းပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်လိုပါက တိုင်းရင်းသား အားလုံးက အမှန်တကယ် ကိုယ်စားပြုနိုင်သော အမျိုးသားညီလာခံတစ်ခု ကျင်းပခြင်းသည်သာ တစ်ခုတည်းသောနှင့် အမှန်ကန်ဆုံးနည်းလမ်း ဖြစ်နိုင် ကြောင်း ဝါရင့်နိုင်ငံရေးသမားအချို့က ပြောကြားသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ယခုကဲ့သို့ တိုင်းရင်းသားများနှင့် ပဋိပက္ခ ဖြစ်နေရခြင်းမှာ ၁၉၉၃ ခုနှစ်မှ စတင်ခဲ့သည့် အမျိုးသားညီလာခံကို အလွဲသုံးစားပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ဝါရင့်နိုင်ငံရေးသမားကြီးများက ပြောလိုက်သည်။

“အမျိုးသားရင်ကြားစေ့ရေးအတွက် အခွင့်ရေးကောင်းအဖြစ်ရခဲ့တဲ့ အမျိုးသားညီလာခံကို စစ်အစိုးရက အလွဲသုံးစားလုပ်ပြီး ကိုယ်ကြိုက်တဲ့ သူနဲ့ ကိုယ်ကြိုက်တဲ့ ဥပဒေကိုဆွဲပြီး အတင်းအတည်ပြုခဲ့တယ်။ အဲဒီဥပဒေရဲ့ အားနည်းချက်တွေကြောင့် အခုလို တိုင်းရင်းသား ပဋိပက္ခတွေ ဖြစ်နေရတာ” ဟု ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးထွေးမြင့်က ဆိုသည်။

ကချင်အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာကလည်း အထက်ပါအချက်ကို သဘောတူသည်။

“တကယ်တမ်း ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုရင် နိုင်ငံရေးပါတီတွေအားလုံးရော နိုင်ငံရေးသမားတွေ အားလုံးရော၊ တိုင်းရင်းသား ကိုယ်စား လှယ်တွေရော လက်ရှိအစိုးရ၊ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ ပါဝင်တဲ့ အမျိုးသားညီလာခံတစ်ခု ကျင်းပသင့်တယ်လို့ထင်တယ်” ဟု ၎င်းက ပြောကြား သည်။

၂၀၀၈ ခုနှစ်က စစ်အစိုးရက အတင်းအကျပ် အတည်ပြုခဲ့သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ အားနည်းချက်များကြောင့် ယခု စစ်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားနေရပြီး ယင်းဖွဲ့စည်းပုံဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးခင်မောင် ကြည်က ပြောကြားသည်။

“ကျွန်တော်တို့က အဲဒါကိုကြိုမြင်လို့ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ” ဟု သူက ဆိုသည်။

အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးမည်ဆိုပါက အစိုးရ အနေဖြင့် တန်းတူ သဘောထားပြီး ဆွေးနွေးသင့်ကြောင်း တိုင်ရင်းသားများအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည်ဟု မိမိယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အထက်တန်းရှေ့နေ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဥပဒေပိုင်းဆိုင်ရာ အားနည်းမှုများ ရှိ ကြောင်း၊ အထူးသဖြင့် ပြည်နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရတို့နှင့် ပြည်ထောင်စု အစိုးရကြားတွင် အာဏာခွဲဝေမှု အပိုင်း၌ မညီမျှမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အမျိုးသားညီလာခံ၏ အားနည်းမှုများကြောင့် ဖြစ်ကြောင်း ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် ပြီးခဲ့တဲ့အမျိုးသားညီလာခံဟာ စစ်အစိုးရက သူ့လူနဲ့သူပြန်ပေးဆွဲပြီး လုပ်ခဲ့တာလို့ ပြောလို့ရတယ်၊ အဲဒီရဲ့ အကျိုး ရလဒ်ကတော့ တိုင်းပြည်မငြိမ်မသက်ဖြစ်မှုဆိုတာပါပဲ” ဟု၎င်းကဆိုသည်။

PS

-----------------------------------------------------------------------------------------------------------------------------------

ကချင်နှင့် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲပျက်

ရန်ကုန်၊ သြဂုတ် ၅။

သြဂုတ် ၁ ရက် နှင့် ၂ ရက်နေ့များက ပြုလုပ်ခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် သဘောတူညီချက် တစုံတရာမရခဲ့ဘဲ ပျက်ပြားခဲ့ရကြောင်း ကချင်အတိုင်ပင်ခံအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအဖုံက ဆိုသည်။

“သွားဆွေးနွေးတဲ့သူတွေက တရားဝင်ပြောတာမရှိပေမယ့် ဆွေးနွေးပွဲပျက်သွားတယ်လို့ကြားပါတယ်” ဟု ၎င်းက ဆိုသည်။

အစိုးရဘက်မှ တိုင်းရင်းသားအားလုံးနှင့် ငြိမ်းချမ်းရေး ရယူရန်ထက် ကချင်လူမျိုးတစ်ခုတည်းနှင့် စံပြ ငြိမ်းချမ်းရေးယူရန် ကမ်းလှမ်းခဲ့ ခြင်းကြောင့် ဖြစ်ပြီး KIO အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်အပေါ် သံသယရှိသဖြင့် လက်မခံခဲ့ဘဲ ဆွေးနွေးပွဲ ပျက်ခဲ့ရကြောင်း KIO နှင့် နီးစပ်သူတစ်ဦးက ဆွေးနွေးပွဲ ပျက်ရခြင်း အကြောင်းကို ပြောကြားသည်။

“အပစ်အခတ်ရပ်ပြီး တကယ်ငြိမ်းချမ်းရေးမရရင် ဘယ်လိုလုပ်မလဲ ဆိုတာလဲ KIO က ကိုယ်စားလှယ်တွေ ထည့်စဉ်းစားခဲ့ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

အစိုးရစစ်တပ်နှင့် KIO ကြားတွင် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးသည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး တစ်ကြိမ်မျှ အောင်မြင်မှု မရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကချင်လူမျိုးတစ်ယောက်အနေနဲ့ စစ်မဖြစ်စေချင်ပါဘူး။ အပေါ်ယံအပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာထက် ဘာကြောင့် စစ်ဖြစ်ရတာလဲဆိုတဲ့ အဓိက အကြောင်းအရင်းကိုရှာပြီး နှစ်ဦးနှစ်ဖက်ဆွေးနွေးသင့်တယ်။ ဒါမှ တကယ် တည်တံ့ပြီး အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်မယ်ထင်ပါတယ်” ဟု ဦးအဖုံက မှတ်ချက်ပြုသည်။

ကချင်အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာကလည်း ၎င်း၏ ကချင်ပြည်နယ်ခရီးစဉ်တွင် စစ်ဘေးဒုက္ခသည်ပြည်သူများ၏ ဒုက္ခ ဆင်းရဲများကို ကိုယ်တွေ့သိမြင်ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် အမှန်တကယ် စစ်မှန်ပြီး အေးမြသော အေးချမ်းသော ငြိမ်းချမ်းရေးကို လိုလားလျက်ရှိ ကြောင်း၊ နှစ်ဦးနှစ်ဖက်မျှတစွာနှင့် အမြန်ဆုံးပြေလည်အောင် ဆွေးနွေးညှိနှိုင်းစေလိုကြောင်း ပြောကြားသည်။

လိုင်ဇာမြို့တွင်နေထိုင်သည့် အသက် ၅၀ အရွယ်ရှိ ကချင်လူမျိုးတစ်ဦးဖြစ်သူ ဦးဇော်ဆိုင်းကလည်း “ကျွန်တော့်တစ်သက်လုံး ဟိုပြေး ဒီလွှားနဲ့ပဲ နေခဲ့ရတာ။ ဒီအဖြစ်တွေကို ထပ်မကြုံချင်တော့ပါဘူး။ အမြန်ဆုံး မျှမျှတတရှိပြီး တာရှည်တည်တံ့နိုင်မယ့် သဘောတူညီမှုကို ရစေချင်ပါတယ်” ဟု ပြောကြား သည်။

ကချင်ပြည်နယ်တွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အကြောင်းပြုပြီး အစိုးရစစ်တပ်နှင့် KIO အကြား လက်နက် ကိုင်ပဋိပက္ခများ ဇွန်လလယ် ခန့်မှ စကာ ယခုအထိဖြစ်ပွားလျက်ရှိသည်။

PS

-----------------------------------------------------------------------------------------------------------------------------------

စစ်ပြေးဒုက္ခသည်များကို စာရင်းကောက်ယူမှုများ ပြုလုပ်နေ

ဇွန်လ ၁၀ ရက်နေ့မှစတင်ကာ ကေအိုင်အေနှင့် မြန်မာအစိုးရတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ပြေး ဒုက္ခသည်များကို စာရင်းကောက်ယူမှုများ ပြုလုပ်လျက်ရှိကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာကဆိုသည်။

စစ်ပြေးဒုက္ခသည် စာရင်းကောက်ယူမှုများ ပြုလုပ်နေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဆင်ပြေစေရန် ရည်ရွယ်၍ မြစ်ကြီးနားမြို့တွင် ကချင်ပြည်နယ် လူမှုအထောက်အကူပြုရုံးအား ဇူလိုင်လ ၂၇ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း ဒေါ်ဘောက်ဂျာက ဆက်လက်ပြောကြားသည်။

“တိကျတဲ့ အချက်အလက်ရမှသာ ထောက်ပံ့ရေးကိစ္စတွေ ဆက်လုပ်နိုင်မှာပါ။ အခုထိတော့ စာရင်းဇယားကို NDF ပါတီဝင်တွေကော၊ ကျွန်မတို့ လုပ်ငန်းကို စိတ်ဝင်တစားရှိတဲ့သူတွေ စုပြီး စာရင်းကောက်နေပါတယ်”ဟု ဆိုသည်။

တိုက်ပွဲများ ဖြစ်ပွားရာဒေသမှ တိမ်းရှောင်လာသူ ဒုက္ခသည်များဦးစွာ ကြုံရသည်မှာ စားနပ်ရိက္ခာအခက်အခဲဖြစ်ပြီး ဒုတိယအခက်အခဲမှာ နေထိုင်မှု အခက်အခဲဖြစ်သည့်အတွက် ယင်းဒုက္ခသည်များကို ပြည်သူတို့၏ ထောက်ပံ့ငွေများဖြင့် လူမှုကူညီရေးလုပ်ငန်းများ တိကျစွာ လုပ်ဆောင် နိုင်ရန် ဒုက္ခသည်စာရင်း ကောက်ရခြင်းဖြစ်ကြောင်း သိရသည်။

 “မြစ်ကြီးနားမြို့၊ ဝိုင်းမော်မြို့တို့မှာဆိုရင် ဒုက္ခသည်တွေ တစ်မြို့လုံးအနှံ့ပဲ။ မိုးကာစတွေရှိရင် ကျောခင်းပြီး စုပြုံအိပ်နေကြတာ၊ ထောက်ပံ့မှုတွေ ကလည်း တစ်ဦးချင်းအနေနဲ့ပဲ ထောက်ပံ့မှုတွေရှိတယ်။ ခေါင်မိုးလုံရင်ပဲ စုပြုံတိုးနေကြတာ။ ရာသီဥတုကလည်း အေးတော့ ဒုက္ခရောက်တယ်။ ကြာရင် ပိုဒုက္ခရောက်မယ်။ စစ်ပြေးဒုက္ခသည်လာခိုတာ များတဲ့နေရာတွေက မြစ်ကြီးနား၊ ဝိုင်းမော်၊ ဖားကန့်မြို့တွေမှာ များတယ်”ဟု ဝိုင်းမော်မြို့ခံတစ်ဦးက ဆိုသည်။

စစ်ပြေးဒုက္ခသည်များသည် တိုက်ပွဲဖြစ်ပွားရာဒေသများမှ မြို့များပေါ်သို့ တိမ်းရှောင်လာချိန်တွင် မြန်မာအစိုးရတပ်နှင့် တွေ့ဆုံပါက စစ်ဆေး မေးမြန်းမှုနှင့် ဖမ်းဆီးကာ ပေါ်တာအဖြစ် အသုံးချမှုများရှိနေသဖြင့် တောထဲတွင် ပုန်းရှောင်နေသူများလည်း ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်မှာ တရုတ်နိုင်ငံအတွက် ရေအားလျှပ်စစ် ပံ့ပိုးနိုင်ဖို့ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းကြီးတခု အနီးရှိ ကေအိုင်အေတပ်စခန်းအား မြန်မာအစိုးရတပ်များမှ နယ်မြေလုံခြုံရေး အကြောင်းပြ၍ တိုက်ခိုက်သိမ်းပိုက်ရာမှ  ကေအိုင်အေနှင့် မြန်မာ အစိုးရတပ်တွေ အကြား တိုက်ပွဲ များစတင်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

YC(KS)

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အရင်က ကွန်တိန်နာရွှေ့ပြီးလို့ ပစ္စည်းတွေကို စစ်ဖို့အတွက် နာရီဝက်လောက်ပဲ အချိန်ပေးရတယ်။ အခု X-ray ဖြတ်ဖို့အတွက် နေ့တစ်ဝက်ကျော် တစ်ရက်နီးပါးအချိန်ကုန်တယ်။ ဆိပ်ကမ်းရောက်နေတဲ့ ပစ္စည်းတွေ ထုတ်ယူဖို့ အချိန်ကြန့်ကြာမှုတွေ ဖြစ်နေတယ်"

သြဂုတ် ၄ ထုတ် 7DAY အတွဲ (၁၀) အမှတ် (၂၀) တွင်ပါသည့် "ဆိပ်ကမ်းရောက် ကွန်တိန်နာများကို X-ray အသုံးပြု စစ်ဆေး" သတင်းမှ သွင်းကုန်ပစ္စည်းများ အချိန်စောင့်ဆိုင်းထုတ်ယူနေရသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ပြီးခဲ့တဲ့လက မန္တလေးကို နယ်သတင်းထောင်ရွေးချယ်ခန့်ထားဖို့သွားခဲ့တယ်။ လာလျှောက်တဲ့သူ နည်းပါးတဲ့အတွက် ရွေးချယ်စရာနည်းတယ်။ ဒါက မန္တလေးမှမဟုတ်ပါဘူး။ တခြားနယ်တွေမှာလည်း ဒီလိုပဲကြုံခဲ့ရပါ တယ်။ ဘာကြောင့်လဲဆိုတော့ နယ်တွေမှာ သတင်းနဲ့ပတ်သက်ပြီး ပွင့်လင်းမှုတွေ မရှိသေးလို့ပါ။ တချို့နေရာတွေမှာ မရေးပါနဲ့လို့ တားတာတွေတောင် ရှိတယ်။ ပြီးခဲ့တဲ့လက ပြင်ဦးလွင်က သတင်းတစ်ခုကို ဂျာနယ်မှာ ထည့်သွင်းဖော်ပြ ခဲ့တယ်။ အဲဒီသတင်းပါပြီး ချိန်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အဲဒီသတင်းမှာဖြေကြားတဲ့ Source ကို သွားမေးကြတဲ့အခါ ဖိအားပေးသလို ဖြစ်စေ တယ်။ နယ်တွေမှာက အဲဒီလောက်ဆိုရင်ကို သတင်းဖြေဖို့ကြောက်နေပြီ။ နောက်တစ်ခုက နယ်တွေမှာက သတင်းထောက်ဘယ်သူဆိုတာ အလွယ်တကူ သိနိုင်တော့ သတင်းထောက်တွေအနေနဲ့အလိုလိုနေရင်း အကန့်အသတ်တွေရှိနေသလိုဖြစ်နေတယ်။ ဖိအားတွေ ရှိနေတယ်။ အဲဒီတော့ သတင်းကောင်း သင့်သလောက် မကောင်းတော့ဘူး"

သြဂုတ် ၅ ထုတ် BiWeekly ELEVEN အတွဲ (၄) အမှတ် (၁၈) တွင်ပါသည့် "နယ်သတင်းထောက်ရရှိရန်" ခက်ခဲလာ သတင်းဆောင်းပါးမှ Weekly ELEVEN News ဂျာနယ်မှ အယ်ဒီတာချုပ် ကိုဝေဖြိုး၏ ပြောကြားချက်အ ပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တိုင်းပြည်အကျိုးအတွက် ပေးထားတဲ့ တာဝန်ကို ကိုယ်ကျိုးအတွက် အသုံးပြုရင် ဒါ corruption ပဲ။ Use of Public Office for private gain အများပြည်သူ အကျိုးအတွက်၊ တိုင်းပြည်အကျိုးအတွက်၊ လူအများစုအတွက် ပေးထားတဲ့ တာဝန်ဝတ္တရား အာဏာတွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာ။”

သြဂုတ် ၃ ပါ VOA မြန်မာ သတင်းပါ "အကျင့်ပျက်ချစားမှု လျော့ပါးရေးအတွက် အချိန်ယူမည်" သတင်းမှ နိုင်ငံတော်သမ္မတရဲ့ စီးပွားရေး အကြံပေး ဦးမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အလုပ်နဲ့ အသက်မွေးမှုကို တချို့ကမကွဲပေမယ့် အဲဒီနှစ်ခုက မတူပါဘူး။ အလုပ်က ရေတိုဆန်ပြီး အသက်မွေးမှုကတော့ အချိန်နဲ့အမျှ လုပ်လေလုပ်လေ တန်ဖိုးတက်လာလေပါပဲ။ ကျွန်တော့်အမြင်ကတော့ လူငယ်တွေအနေနဲ့ ပညာတက်ဖြစ်ဖို့ အရင်ကြိုးစားစေချင်တယ်။ ပညာတက်ရင် အလုပ်က သူ့အလိုလို လိုက်လာမှာပဲ။ အလုပ်အတွက် ပညာသင်တာမျိုးတော့ မဖြစ်စေချင်ပါဘူး။ ပညာသင်တယ်ဆိုတာ ရေရှည်ရင်းနှီးရတာမျိုးပါ။ အလုပ်အကိုင် အခွင့်အလမ်း များတဲ့ ဘာသာရပ်နောက်ကိုပဲ လိုက်မနေသင့်ဘူး"

သြဂုတ် ၅ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၂၉) တွင်ပါသည့် "အလုပ်အကိုင်အတွက်ပညာသင်တာမျိုး မဖြစ်စေချင်ပါ" သတင်းမှ Crown Education Centre ရဲ့ အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ရစ်ပ်ဗန်ဝင်းကဲလ်

ကြည်မင်း

(သြဂုတ် ၄ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၅၄) မှ ထုတ်ယူဖော်ပြသည်။)

 

(၁)

ဇာတ်လမ်းကတော့ ဆောင်းဦးဇာတ်လမ်းဖြစ်သည်။ လူတစ်ယောက်က ဆောင်းဦးရာသီလေးမှာ တောလည်ထွက်ရင်း တောင်ပေါ် ရောက်သွား သည်။ တောင်ပေါ်မှာ အိပ်ပျော်သွားသည်။ ပြန်နိုးလာတော့ ရွာကို ပြန်လာရာ သူ့ကိုသိသူ မရှိ တော့။ နှစ်တွေဟောင်းပြီး ခေတ်တွေပြောင်းသွားပြီ။ ဤကား ရစ်ဗန် ဝင်းကဲလ်ဇတ်လမ်း။

 

(၂)

Rip Van Winkle ကိုရေးသူက အင်္ဂလိပ်လူမျိုး (နောင်တွင် အမေရိကားသို့ပြောင်းရွှေ့ အခြေစိုက်) စာရေးဆရာ ဝါရှင်တန်အာဗင်း ဖြစ်သည်။ သူ့ ဝတ္ထုထဲက ဇတ်ကောင်အမည်မှာ Rip Van Winkle ဖြစ်သည်။ နယူးယော့ပြည်နယ် Catskill တောင်ခြေတစ်ဝိုက်တွင် အခြေချနေထိုင်သော ဒတ်ခ်ျလူမျိုး အသိုင်းအဝိုင်းကလေးကို အခြေခံထားသည်။ ဒတ်ခ်ျလူမျိုးဖြစ်၍ ရစ်ပ် ဖှန် ဗင်းခဲလ်ဟု အသံထွက်မှ မှန်မည်။ လွယ်လွယ်ကူကူပင် ဝင်းကဲ ဆိုကြပါစို့။

ဤ ဝတ္ထုကို ကျွန်တော်တို့ ရှစ်တန်းတုန်းက သင်ရသည်။ နှစ်ဆယ်ရာစုအတွင်းအထိတော့ ဘယ်ရယ်မှ မဟုတ်။ နှစ်ဆယ့်တစ်ရာစု ရောက်ပြီ အမေ ရိကန် လွတ်လပ်ရေးတိုက်ပွဲကာလနှင့် ပြည်သစ်တည်ခြင်းများအကြောင်း ဖတ်မိတော့မှ ဝင်းကဲဝတ္ထုကို အမြင်တစ်မျိုးဖြင့် မြင်တက်လာပါသည်။

စာရေးဆရာက ထိုဝတ္ထုငယ်ကို ၁၈၁၉ တွင် ရေးသားထုတ်ဝေသည်။ အလွန်နာမည်ကြီးသွားပါသည်။ သူ့ဇာတ်အိမ်တည်သော ကာလက အမေရိ ကန်ပြည်လွတ်လပ်ရေး မရသေးမီ ကာလ။

 

(၃)

ဝင်းကဲက ပျော်ပျော်နေတက်သောလူကြီးတစ်ဦး။ ကလေးတွေကို ချစ်တက်သည်။ ရွာထဲမှာကလေးတွေအတွက် လက်ဖြစ်ကစားစရာလေးတွေ လုပ်ပေးတက်၊ ပုံပြောပြတက်၍ ကလေးတွေကလည်း ချစ်သည်။ မိန်းမကတော့ ဆူညံပူညံ အမျိုးအစား။ ဆင်းရဲသော တောင်ယသမား မိသားစုဖြစ်၍ ချမ်းသာချင်လှသော မိန်းမက အလွန်နားပူနားဆာ မြည်တွန်တောက်တီး လုပ်သည်။

တစ်နေ့တွင် မိန်းမက ဆူလွန်းပူလွန်းသည်ကို နားမခံနိုင်၍ သေနတ်ဆွဲပြီး အချစ်တော် အမဲလိုက်ခွေး Wolf ကိုခေါ်ကာ တောထဲ ထွက်သွားသည်။ တောထဲမှာ ရှေးကျကျ အဝတ်အစားနှင့် လူတစ်ဦးကို တွေ့သည်။ အိတ်လေးလေးကြီး ဆွဲပြီး လမ်းလျှောက်နေသည်။ ဘယ်ကိုသွားမှာလဲဆိုတော့ Catskill တောင်ကြောကို လက်ညှိုးထိုးပြသည်။ ဝင်းကဲက ကူဆွဲပေးပြီး လိုက်သွားသည်။ တောင်ခါးပန်းတွင် အသံတွေ ကြားလာရ၏။ သေသေချာချာ နားထောင် တာ့ ရစ်ဗန်ဝင်းကဲ/ ရစ်ဗန်ဝင်းကဲ ဟုလှမ်းခေါ်နေသံတွေဖြစ်နေ၏။ လူစိမ်းနှင့်ဝင်းကဲတို့ တရွေ့ရွေ့ တက်သွားရင်းနှင့် ကျောက်ဂူကြီးတစ်ခုထဲ ရောက်လာ သည်။ ထိုဂူထဲတွင် ထွေပစ်တမ်း(တိုင်ထောင်ဘော) ကစားနေကြသူ တစ်စုရှိသည်။ သူတို့ကလည်း ရှေးအဝတ်အစားတွေနှင့် ဖြစ်သည်။ လူစိမ်းက သယ်ယူလာ သည်မှာ အရက်ပုံးဖြစ်သည်။ ဝင်းကဲလည်းဧည့်ခံသော အရက်ကို သောက်ရင်းကစားပွဲကို ကြည့်နေရာမှ အိမ်ပျော်သွားခဲ့သည်။

သူ အိပ်ရာနိုးတော့ ဝန်းကျင်မှာ ဘယ်သူ့ကိုမျှ မတွေ့ရ။ ခွေးလည်း မရှိတော့။ သေနတ်က သံချေးတက်နေပြီ။ အဝတ်အစားတွေက နွမ်းဖတ်စုတ် ပြတ်နေပြီး မုတ်ဆိတ်မွေးက တစ်တောင်နီးပါးရှည်နေသည်။

တောင်ပေါ်မှ ဆင်းပြီး ရွာထဲဝင်သွားတော့ ရွာကလေးက အတော်ပြောင်းလဲနေပြီ။ သူတို့ အရူးတစ် ယောက်လို ဝိုင်းကြည့်နေကြ၏။ မိတ်ဆွေများ ကို စုံစမ်းကြည့်တော့ သေကုန်ကြပြီ။ သူ့မိန်းမလလည်းသေပြီ။ ရစ်ဗန်ဝင်းကဲလ်ဆိုတာ သိသလားဆိုတော့ လူကြီးတစ်ယောက် ရောက်လာသည်။ ထို လူကြီးမှာ သူ့သားဖြစ်နေသည်။ သမီးက အဖေ့ကို မှတ်မိ၍ အိမ်ခေါ်ထားလိုက်သည်။ ရွာလေးထဲမှာတော့ တောင်ပေါ်မှာ အနှစ် ၂၀ အိပ်ပျော်နေခဲ့သော ဝင်းကဲ၏ ဇတ်လမ်းက အထူးအဆန်းကြီး ဖြစ်နေသဖြင့် ညနေတိုင်လျှင် သူ့ကိုဘီယာတိုက်ပြီး  ဇာတ်ကြောင်း ပြန်ခိုင်းသူတွေကမရှား။

မြည်တွန်တောက်တီးတက်သော ဇနီးမယား ရထားသူများကတော့ ရစ်ဗန်ဝင်းကဲလ်တစ်ယောက် “တယ် ကံကောင်း တာပဲကွာ၊ အားကျလိုက်တာ” ဟု ပြောလေ့ရှိကြပါသတဲ့။

(၄)

ဝင်းကဲ တောင်ပေါ်တက်သွားစဉ်က အမေရိကန်ပြည်၏ အကြီးအကဲမှာ ဒုတိယမြောက်ဂျော့ဘုရင် (အင်္ဂလန်ပြည့်ရှင်) ဖြစ်သည်။ ထိုစဉ်က အမေရိ ကန်ပြည်သည် အင်္ဂလန်၏ ကိုလိုနီမျှသာ ရှိသေး၏။ ဝင်းကဲ ပြန်ဆင်းလာတော့ လွတ်လပ်ရေးရပြီး နေလေပြီ။ ရွာပြန်ရောက်တော့ သူ့ကို ဘယ်သူမှန်း မသိကြ၍ ဝိုင်းစစ်ဆေး မေးမြန်းကြသည်။ သူက a subject of King George 2 ဟု ဖြေသည်။ Subject ဆိုသည်မှာ သစ္စာခံ/ကျေးတော်မျိုး ကျွန်တော်မျိုးဟု အဓိပ္ပယ် ရသည်။ အမှန်တော့ တော်လှန်ရေးကြီးပြီးသွား၍ သမ္မတ ဂျော့ဝါရှင်တန်လက်ထက် ရောက်နေလေပြီ။ ဝင်းကဲအဖို့ ကတော့ ဘာမှမထူး။ King George 2 နေရာတွင် King George Washington ရောက်လာခြင်းသာ ဖြစ်သည်။ တောကြိုအုံကြားမှ ရိုးသားသော တောင်ယာလယ်လုပ်သစ်ခုတ် အမဲလိုက် လူတန်းစားများအဖို့တော့ ဒယ်အိုးမှ မီးပုံကူးရသလိုပင် ဖြစ်ကြောင်း 'အာဆာသွတ်' ထားခြင်းဖြစ်သည်။ ဂျော့ဘုရင်က အခွန်တွေ တိုးကောက်လို့ လူတွေဆင်းရဲပြီး မိန်းမက နားပူနားဆာရန် လုပ်နေတာပဲ ခံခဲ့ရသည်။ နောက်တစ်ဂျော့ကျတော့ကော။ နိုင်ငံရေးသမားတွေက လေကျယ်ကျယ်နှင့် တရားတွေ ဟောကြ၊ မစားရ ဝခမန်းကတိတွေပေးပြီး အခုပဲ လွတ်လပ်ခွင့်တွေ မိုးပေါ်က ကျလာတော့မလို လျှောက်ညာကြ။ အချိန်တန်တော့ ဆင်းရဲမြဲ ဆင်းရဲပြီး မယားဂျီတိုက်တာကို ခံမြဲခံနေရတာက သူတို့တစ်တွေပင်။ သူတို့တစ်တွေသာပင်။ တော်လှန်ရေးကြီးလုပ်ပြီး အမေရိကန် အောက်ခြေ လူတန်း စားတွေ အသက်ပေးခဲ့ရတာပဲ အဖတ်တင်သည်။ ထို့ကြောင့်ပင် ရစ်ဗန်ဝင်းကဲတို့များ ကံကေင်းလိုက်တာ (ခေတ်ကြီးတစ်ခေတ် ပြောင်းသွားတာမသိ လိုက်ရ လောက် အောင်) အိပ်ပျော်သွားခဲ့တယ်ဟု စာရေးဆရာ အားဗင်းက ရွာသားတွေ ပါးစပ်ဖျားမှတစ်ဆင့် သူ့သရော်ချက်ကို ပစ်ထည့် လိုက်လေသည်။

 

(၅)

ကျွန်တော်တို့ဆီမှာ တစ်ခေတ်ပြောင်းသွားပြီ။ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင်က လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အာမခံချက်တွေ ပေးသွားခဲ့ပြီ။ တိုင်းသူပြည်သားများ၌ ပြောရေးဆိုခွင့်တွေရှိလာပြီး မီဒီယာတို့တွင်လည်း မီဒီယာ တာဝန်ကိုကျေကျေပွန်ပွန် ထမ်းဆောင်ခွင့် ရလာတော့ မည်။ အချိန်ယူလုပ်ဆောင်ရမည့် အလုပ်မျိုးဖြစ်၍ အချိန်စောင့်ရန်သာ လိုတော့သည်။

သို့သော် ခေတ်တိုင်းမှာ ရစ်ဗန်ဝင်းကဲတွေရှိသည်။ အိပ်ပျော်နေခဲ့ကြသည်။ ခေတ်သစ်ကို ခေတ်ဟောင်းလို့ပင် ထင်နေကြသေးသည်။ ခေတ် ဟောင်းက အမြင်တွေအကျင့်တွေကို မပြောင်းနိုင်ကြသေး။ ကာတွန်းဦးဘဂျမ်း၏ နေမြဲ ဆိုသော ကာတွန်းလို နေမြဲ ဝါးမြဲ ညစ်မြဲ။

ဝင်းကဲတွေ အိပ်ရာနိုးပြီး ကြည်ကြည်လင်လင် မြင်နိုင်ကြပါစေသတည်း။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs