Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၉.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာစစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေး အမေရိကန်အား တိုက်တွန်းစာတင်

(27 Sept 2011 ရက်စွဲပါ AFP ၏ “Petition urges US to press Myanmar war probe” ကို ဘာသာ ပြန်ဆိုသည်)

  1. ဒီမိုကရေစီလှုပ်ရှားသူများ၏ ဆန္ဒပြစမ်းသပ်မှုကို ဖမ်းဆီးခြင်း မရှိ

(Associated Press  မှ 26 Sept  2011 ရက်စွဲပါ “ Myanmar : activists rally without arrests ” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ အမှောင်ညမှ လွတ်မြောက်ခဲ့ပြီလော

(The Strait Times မှ 23 Sept 2011 ရက်စွဲပါ “Myanmar sees the light?” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာသမ္မတ အကြံပေးအဖွဲ့ AIPMC၊ အင်ဒိုနီးရှား ပါလီမန်အဖွဲ့ဝင်များနှင့် ယနေ့ တွေ့ဆုံမည်

(27 Sept 2011 ရက်စွဲပါ Asiatribune မှ Myanmar President’s advisors delegation to meet the AIPMC members Indonesian Parliament ကို ဘာသာပြန်ဆိုသည် )

  1. မြောက်ကိုရီးယားဝန်ကြီးချုပ် တရုတ်သို့သွား

(27 Sept 2011 ရက်စွဲပါ AFP သတင်းဌာနမှ N.Korea premier leaves for China ကို ဘာသာ ပြန်ဆိုသည်)

*********************************************************************************************************************

မြန်မာစစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေး အမေရိကန်အား တိုက်တွန်းစာတင်

(27 September 2011 ရက်စွဲပါ AFP ၏ “Petition urges US to press Myanmar war probe” ကို ဘာသာ ပြန်ဆိုသည်)

              တနင်္လာနေ့က ထောင်ပေါင်းများစွာသော အမေရိကန်လူမျိုးများ လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံရှိ စွပ်စွဲထားသော လူသားချင်းမစာနာသည့် ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂစုံစမ်းရေး အဖွဲ့အတွက် ဖိအား ပေးရန် အမေရိကန်ပြည်ထောင်စုအား တိုက်တွန်းခဲ့သည်။ အမေရိကန် အနေဖြင့် ရှေ့ဆက်တာဝန်ယူ လုပ်ဆောင်ရမည်ဟု ဆိုသည်။

              US Campaign for Burma က ပြောကြားရာတွင် အဆိုပါ တိုက်တွန်းတောင်းဆိုစာတွင် အမေရိကန်လူမျိုး (13000) ခန့် လက်မှတ်ရေးထိုးရာ အများစုမှာ U2 ဖျော်ဖြေပွဲတွင် ဖြစ်သည်။ U2 အဖွဲ့မှ Bono သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကာလရှည်ကြာကပင် ထောက်ခံခဲ့သူဖြစ်သည်။

US Campaign for Burma မှ အမှုဆောင်ဒါရိုက်တာ အောင်ဒင်က အဆိုပါတောင်းဆိုစာအား အမေရိကန် နိုင်ငံခြားရေးဌာနမှ စစ်ရာဇဝတ်မှု များအတွက် အထူးတာဝန်ယူထားသော သံအမတ်ကြီး စတီဖင်ရက်ပ် (Stephen Rapp) ထံသို့ ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သွေးထွက်သံယို နှိမ်နင်းခံရသော ဘုန်းတော်ကြီး အရေးအခင်း လေးနှစ်မြောက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် မြန်မာစစ်တပ်သည် ရွာများကို ဖျက်ဆီးခြင်း၊ ရွာသားများအား အလုပ်သမားများအဖြစ် အတင်းစေခိုင်းခြင်းနှင့် တိုင်းရင်းသားသူပုန်များနှင့် တိုက်ခိုက်ရာတွင် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက် သဖွယ် ကျင့်သုံးခဲ့သည်ဟု ဆိုသည်။

“မည်သည့်နိုင်ငံတွင်မဆို အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် တရားမျှတရေးသည် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ တိုက်ပွဲများ မရပ်မချင်း တရားဥပဒေစိုးမိုးမှုမရှိမချင်း မြန်မာနိုင်ငံအနေဖြင့် ရှေ့ဆက်နိုင်မည် မဟုတ်ပေ။” ဟု အောင်ဒင်က အဆိုပါစာတွင် Burma ဟု သုံးနှုန်း၍ ရေးသား ထားသည်။

“လွန်ခဲ့သော လေးနှစ်က ဘုန်းတော်ကြီးများ အသတ်ခံခဲ့ရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူများမှာ ယနေ့ထိ အရေးယူမခံရသေးပေ။ အိုဘားမား အစိုးရအနေဖြင့် တရားမျှတရေးကို ကူညီရန် အရေးယူဆောင်ရွက်ရေးအား မည်မျှ ကြာကြာ စောင့်နေမည်နည်း” ဟု ယင်းက ပြောသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင်အတွက် လူသိရှင်ကြား ထောက်ခံခဲ့ပြီး ဖြစ်သော်လည်း အမှန်တကယ် ပေါ်ပေါက်လာရေးအတွက် အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့သည်။ တာဝန်ရှိသူများက အာရှနိုင်ငံများ အနေဖြင့် ကန့်ကွက်မည်ဟု ယုံကြည်နေသည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့သည် မြန်မာအစိုးရအား အထီးကျန်ပြုထားရေးဝါဒသည် မအောင်မြင်ကြောင်း သုံးသပ်၍ ၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်ခဲ့သည်။ အမေရိကန် တာဝန်ရှိသူများက ယင်းတို့မြင်ရသော ကောင်းမွန်သည့် လက္ခဏာများကို ပြောခဲ့ကြ ပြီး ပိုမို လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဆိုသည်။

ပြီးခဲ့သည့်မေလက စစ်အစိုးရသည် အမည်ခံအရပ်သားအစိုးရသို့ အာဏာလွှဲပေးခဲ့သည်။ သို့သော် အဆိုပါ ပြောင်းလဲမှုသည် အပေါ်ယံသာ ဖြစ်ပြီး စစ်တပ်ကသာ ခိုင်မြဲစွာ အုပ်ချုပ်နေဆဲဖြစ်ကြောင်း အတိုက်အခံက ပြောသည်။

မကြာသေးမီက AFP နှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုသည် လက်စားချေမှုနှင့် မသက်ဆိုင်ဘဲ အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့် ခွင့်လွှတ်နိုင်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် International Crisis Group ၏ မကြာသေးမီက အစီရင်ခံစာတွင် အဆိုပါ ကော်မရှင်ကြောင့် မြန်မာအစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှ နောက်ဆုတ်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။

**********************************************************************

ဒီမိုကရေစီလှုပ်ရှားသူများ၏ ဆန္ဒပြစမ်းသပ်မှုကို ဖမ်းဆီးခြင်း မရှိ

(Associated Press  မှ 26 September  2011 ရက်စွဲပါ “ Myanmar : activists rally without arrests ” သတင်းကို ဘာသာ ပြန်ဆိုသည်)

              မြန်မာနိုင်ငံမှ ဒီမိုကရေစီ လှုပ်ရှားသူများသည် ရန်ကုန်မြို့လယ် အထင်ကရနေရာတွင် တနင်္လာနေ့က ငြိမ်းချမ်းစွာ စုဝေးခြင်းဖြင့် သဘောကွဲလွဲ ဆန့်ကျင်မှုများကို သည်းခံမည့် မြန်မာအစိုးရ၏ ကတိကဝတ်ကို စမ်းသပ်လိုက်ကြသည်။

              တနင်္လာနေ့က မြို့လယ်ခေါင် ဆူးလေဘုရားတွင် ဒီမိုကရေစီ လှုပ်ရှားသူ ၆၀ ခန့်က ငြိမ်းချမ်းစွာ ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ကြရာ ထရပ်ကား ၄ စီးက အဓိကရုဏ်း နှိမ်နှင်းရေးရဲများနှင့် အချုပ်ကား ၂ စီးတို့ ဆူးလေစေတီ အနီးတစ်ဝိုက်တွင် စောင့်ကြပ်ခဲ့သော်လည်း ရဲတပ်ဖွဲ့က အနှောင့်အယှက် ပေးခြင်း မရှိဟု သိရှိရသည်။

              သို့သော်လည်း မြို့တော်၏ အခြားနေရာများသို့ ချီတက်ခြင်းမပြုရန် ရဲတပ်ဖွဲ့က တားမြစ်ခဲ့သည်။ ဆန္ဒပြသူများက နိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးရန်နှင့် ဧရာဝတီမြစ်ပေါ်မှ ရေလှောင်တမံတည်ဆောက်မှုကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။

**********************************************

မြန်မာနိုင်ငံ အမှောင်ညမှ လွတ်မြောက်ခဲ့ပြီလော

(The Strait Times မှ 23 Sept 2011 ရက်စွဲပါ “Myanmar sees the light?” ကို ဘာသာပြန်ဆိုသည်)

                အကယ်၍ အမှတ်သင်္ကေတများသည် တစ်စုံတစ်ရာကို အဓိပ္ပာယ်ဖော်ဆောင်သည်ဆိုပါကပြီးခဲ့သည့် သြဂုတ်လသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အတွက် ကောင်းမွန်မှုများ ဆောင်ကြဉ်းပေးနိုင်မည့် အပြောင်းအလဲ တစ်ခုကို ကိုယ်စားပြုသော အမှတ်သင်္ကေတတစ်ခုဟုပင်ဆိုရမည်။ အဆိုပါ သြဂုတ်လတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ ပထမဆုံးအကြိမ်အဖြစ် တံခါးပိတ်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင် စစ်အစိုးရဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးလည်း ဖြစ်သူ  ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ခြင်း၊ ထို့နောက် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့မှောက်တွင် ၎င်းတို့နှစ်ဦး ရိုက်ကူးခဲ့ သော ဓာတ်ပုံကို နိုင်ငံပိုင်မီဒီယာ မျက်နှာဖုံးတွင်ဖော်ပြခဲ့ခြင်း အစရှိသည်တို့သည် မျှော်လင့်ချက်များစွာ ဖန်တီးပေးသော အရိပ်လက္ခဏာများပင် ဖြစ်သည်။

               ထိုမျှမကသေးပေ။ တစ်ချိန်က ပိတ်ပင်ထားခဲ့သော Reuters၊ The Bangkok Post၊ The Nation နှင့် The Straits Times အပါအဝင် ပြည်ပြေးမီဒီယာဝက်ဘ်ဆိုက်များစွာကို အစိုးရက ဖွင့်ပေးခဲ့သည်။ ယခုလ အစောပိုင်းကလည်း အလုပ်သမားများအနေဖြင့် အစည်းအရုံးနှင့် သမဂ္ဂများ ဖွဲ့စည်း ထူထောင်ခွင့်ရှိမည့် ဥပဒေတစ်ရပ်ကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးခဲ့သည်။ အဆိုပါဖြစ်ရပ်များအားလုံးကို အပြုသဘော ဆောင်သည့် ဖွံ့ဖြိုးမှုများ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုပြီး ခရီးရှည်ကြီးနှင်ရဦးမည်ဟုသုံးသပ်သည်။

ယခုကဲ့သို့သော အပြောင်းအလဲများက စစ်မှန်သော ပြောင်းလဲမှုများဖြစ်ရန် အချိန်ကာလကြာမြင့်စွာ ပင်ပန်းတကြီး စောင့်ဆိုင်းခဲ့ကြရသော မြန်မာ့အရေး စောင့်ကြည့် လေ့လာခဲ့သူများအား ဝေခွဲ၍ မရနိုင်လောက်အောင် ဖြစ်စေလိမ့်မည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများက စစ်တပ်ကျောထောက်နောက်ခံ ပုဂ္ဂိုလ်များကို အပြသဘောဖြင့် အာဏာလွှဲပြောင်းရန် စီစဉ်မှု တစ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။ လက်ရှိအနေအထားတွင် လေ့လာစောင့်ကြည့်နေသူများအကြား အငြင်းအခုန်ဖြစ်နေသည့် ကိစ္စမှာ အရပ်သားအစိုးရထံသို့ အကန့်အသတ်ဖြင့် အာဏာလွှဲပြောင်းပေးမှုက စစ်မှန်သော အပြောင်းအလဲ၏ ရှေ့ပြေးနိမိတ်ဖြစ်၊ မဖြစ် ဟူသောကိစ္စပင် ဖြစ်သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်ပင် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဆက်ဆံနေသည့်ကိစ္စများနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုမှုများ ခံနေရသည်။  အချို့က သူမသည် စစ်တပ်နှင့် ဆက်ဆံရာတွင် သဘောထားပျော့ပြောင်းမှုရှိသည်ဟု ဆိုကြပြီး အချို့ကမူ ပျော့ပြောင်းမှု မရှိဟု ဝေဖန်ကြသည်။ မည်သို့ဆိုစေကာမူ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ရေရှည် အကျိုးစီးပွားအတွက် အရေးပါသူ တစ်ဦး ဖြစ်သည်ဟူသောအချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ သံသယ မရှိကြပေ။

             AFP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမသည် အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်နေသော အာဏာရှင် ဖြုတ်ချမှု တော်လှန်ရေးမျိုးမြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာအောင် လှုံ့ဆော် စည်းရုံးနေခြင်း မရှိကြောင်း၊ အာရပ်ကမ္ဘာပုံစံ တော်လှန်ရေးမျိုးဖြင့် တိုင်းပြည်၏ ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာရပ်ကမ္ဘာတော်လှန်ရေးမျိုး မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာပါက သဘောထား တင်းမာသော စစ်ဗိုလ်ချုပ်ကြီးများ ထံမှ ဆိုးရွားသည့်တုံ့ပြန်မှုမျိုးထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် သူမ၏ အနေအထား ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်မဟာဗျူဟာ ရလဒ်မျိုးထွက်ပေါ်ရန် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အချို့သော လေ့လာစောင့်ကြည့်သူများက ဝေဖန်ကြသည်။ အချို့ လည်း လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများမှာ မည်ကာမတ်တ သဘောမျှသာဖြစ်ပြီး ခိုင်မာမှုရှိမည် မဟုတ်ကြောင်း ပြောဆိုကြသည်။

ထိုသို့ ပြောဆိုဝေဖန်ရန်လည်း သင့်သင့်လျောက်ပတ်သော သက်သေအထောက်များက အပြည့်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် နှစ်ပေါင်း ၂၁ နှစ်တာကာလအတွင်း ၁၅ နှစ်ခန့်မျှ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည် မဟုတ်ပါလော။ မကြာသေးခင် ကာလကပင် မြန်မာအစိုးရက ပြည်ပမီဒီယာတစ်ခုဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ(DVB) မှ ဂျာနယ်လစ်တစ်ဦးအား ထောင်ဒဏ် ၁၀ နှစ် ထပ်မံ တိုးမြှင့်ချမှတ်လိုက်သည်။ ၎င်းသည် မူလက ထောင်ဒဏ်ရှစ်နှစ်ဖြင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရာမှ ထောင်ဒဏ် ၁၀ နှစ် ထပ်မံ တိုးမြှင့်ခံလိုက်ရခြင်း ဖြစ် သည်။ ဝေဖန်သုံးသပ်သူများကမူ လတ်တလောဖြစ်ပေါ်နေသော အပြောင်းအလဲများသည် အများပြည်သူလူထု အပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်ရန်အလို့ငှာ အပေါ်ယံသဘော ကြိုးပမ်းမှုများပင်ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ရာထူးရယူရမည်ဖြစ်ရာ အစိုးရသစ်က နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်များနှင့်ဆက်ဆံရေး ပြေပြစ်ကောင်းမွန်အောင် ကြိုးပမ်း လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးသည့်အတိုင်းဆိုပါက မြန်မာနိုင်ငံသည် ပြောင်းလဲမှုများဖြစ်ပေါ်မည့် အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟုပင် ဆိုရမည်။ သို့သော်သတိပြုရမည့်အချက်မှာ ယင်းသို့ပြောင်းလဲမည့် အချိန်ကာလသို့ ရောက်ရှိနေခြင်းသည် အပြောင်းအလဲဖြစ်သွားပြီဟု ဆိုလိုခြင်းမဟုတ်ပေ။ မျှော်လင့်ချက်ရောင်နီတော့ သန်းစပြုပြီ၊ သို့သော် စိတ်ရှည်လက်ရှည်နှင့် စောင့်ရန်လိုသည်ဟုပင်ဆိုရမည် ဖြစ်သည်။

************************************************************************

မြန်မာသမ္မတ အကြံပေးအဖွဲ့ AIPMC၊ အင်ဒိုနီးရှား ပါလီမန်အဖွဲ့ဝင်များနှင့် ယနေ့ တွေ့ဆုံမည်

(27 Sept 2011 ရက်စွဲပါ Asiatribune မှ Myanmar President’s advisors delegation to meet the AIPMC members Indonesian Parliament ကို ဘာသာပြန်ဆိုသည် )

              AIPMC နှင့် အင်ဒိုနီးရှားပါလီမန် အဖွဲ့ဝင်များသည် မြန်မာသမ္မတ၏ အကြံပေးများနှင့် အင်ဒိုနီးရှားပါလီမန် အဆောက်အအုံတွင် ယနေ့ တွေ့ဆုံမည်ဖြစ်သည်။ အစည်းအဝေးမှာ တံခါးပိတ်အစည်းအဝေးဖြစ်ပြီး “အင်ဒိုနီးရှား ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အကြုံများအပေါ် ဆွေးနွေးသတင်းဖလှယ်ရေး အစီအစဉ်” အောက်မှ ဂျာမန် နိုင်ငံရေးဖောင်ဒေးရှင်းဖြစ်သော Friedrich Ehbert Stiftung က ကြီးမှူးကျင်းပခြင်းဖြစ်သည်။

အင်ဒိုနီးရှားတွင် ၁၉၉၈ ခုနှစ်က ငြိမ်းချမ်းသော နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု နိုင်ငံတကာက လက်ခံထားခဲ့သည်။ ယခုအခါ မြန်မာအစိုးရသစ်သည် ကဏ္ဍပေါင်းစုံ ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်သော စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။ ဒီမိုကရေစီနိုင်ငံပြုလုပ်ရေးအတွက် စိန်ခေါ်မှုများကို ရှာဖွေ၍ အသေအချာရင်ဆိုင်ဖြေရှင်းရန်နှင့် ပြောင်းလဲမှုများကို မည်သို့စတင်၍ မည်သို့ စီမံခန့်ခွဲမည် ဆိုသည့် အဓိက မေးခွန်းကို အဖြေပေးနိုင်ရန်ဖြစ်သည်။

AIPMC သည် ၂ဝဝ၄ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြောင်းလဲရေးနှင့် လူ့အခွင့်အရေး အကာအကွယ်ပေးရေး လုပ်ငန်းများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့သည်။ AIPMC ၏ လက်ရှိဥက္ကဋ္ဌမှာ အင်ဒိုနီးရှားမှ Eva Sundari ဖြစ်ပြီး ယခင်က ထိုင်းနိုင်ငံမှ Kraisak Choonhavan နှင့် မလေးရှားမှ Zaid Ibrahim တို့ တာဝန်ထမ်းဆောင် ခဲ့ဖူးသည်။ AIPMC နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေပြုရေး လုပ်ငန်း အဆင့်ဆင့်နှင့် ပတ်သက်သော အကြောင်းအရာများ၊ ဥပဒေပြုရေးတွင် ပညာရှင်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ အခန်း ကဏ္ဍ၊ ပါလီမန်အာဏာရှိရေး မဟာဗျူဟာများ အကြောင်း ဖြစ်သည်။

တွေ့ဆုံကြမည့် မြန်မာသမ္မတ၏ အကြံပေးကိုယ်စားလှယ်အဖွဲ့တွင် နိုင်ငံရေးအကြံပေး ခေါင်းဆောင် ဦးကိုကိုလှိုင်၊ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ်၊ စီးပွားရေးအကြံပေး ဝင်စတန်ဆက်အောင်နှင့် ဥပဒေအကြံပေး ဒေါ်ခင်မျိုးမြင့်တို့ ပါဝင်ကြသည်။

**************************************************************************

မြောက်ကိုရီးယားဝန်ကြီးချုပ် တရုတ်သို့သွား

(27 Sept 2011 ရက်စွဲပါ AFP သတင်းဌာနမှ N.Korea premier leaves for China ကို ဘာသာ ပြန်ဆိုသည်)

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် တရုတ်ပြည်သို့ သွားရောက်လည်ပတ်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်ခန့်အကြာတွင် ဝန်ကြီးချုပ် ချိုယောင်ရင်မ်လည်း ဘေဂျင်းသို့ အလည်အပတ်ခရီးစဉ်အဖြစ် စတင်ထွက်ခွာသွားကြောင်း ပြုံယမ်းအစိုးရအာဘော် သတင်းဌာနက ရေးသား ဖော်ပြသည်။

မြောက်ကိုရီးယားဝန်ကြီးချုပ် ချိုယောင်ရင်မ်သည် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထွက်ခွာသွားကြောင်း KCNA သတင်းဌာနကဆိုသည်။ သို့သော် ခရီးစဉ်အသေးစိတ်အစီအစဉ်ကိုမူ ဖော်ပြခြင်းမပြုပေ။ မစ္စတာ ချိုယောင်ရင်မ်သည် အာဏာရကွန်မြူနစ်ပါတီ၏ ပြုံယမ်းဌာနခွဲအကြီးအကဲအဖြစ် ယခင်ကတာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ပြည်နှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာသည်။ ၎င်းသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏သားဖြစ်သူ ကင်ဂျွန်အန်နှင့် နီးစပ်သူဟု ယူဆရကြောင်း၊ ကင်ဂျွန်အန် သည် ဖခင်ဖြစ်သူ၏အရိုက်အရာကိုဆက်ခံမည့်သူအဖြစ် သတ်မှတ်ပြောဆိုခံထားရသူ ဖြစ်ကြောင်း AFP သတင်းကဆိုသည်။

ဝန်ကြီးချုပ် ချိုသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း တရုတ်ပြည်အရှေ့မြောက်က်ပိုင်းဒေသသို့ သွားရောက် လည်ပတ်ခဲ့ဖူးကြောင်း၊ ယင်း ခရီးစဉ်အတွင်း တရုတ်လျှပ်စစ်နှင့် ဆေးဝါးကုမ္ပဏီကြီးများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီလ် သည်လည်း ပြီးခဲ့သည့် သြဂုတ်လတွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။ ၎င်းသည် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်ဖက်နှင့် မိတ်ဘက်နိုင်ငံ ဖြစ်သော တရုတ်ပြည်သို့ လပေါင်း ၁၆ လအတွင်း စတုတ္ထအကြိမ်အဖြစ်သွားရောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားက အဆက်အသွယ်အမြောက်အမြား ဖြတ်တောက်ခြင်း ခံလိုက်ရပြီး နောက် ယခုလများအတွင်း တရုတ်ပြည်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လာရသည်။ ပြီးခဲ့သည့် သြဂုတ်လတွင် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံမှ နျူကလီးယားဆိုင်ရာ သံတမန်များ တွေ့ဆုံပြီး ရပ်ဆိုင်းထားသော ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

*************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011
yangonchronicle 2011

  ၂၆.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ပြည်တွင်း INGO တစ်ခု လူကုန်ကူး
  2. ဗြိတိန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

  1. ရွှေဝါရောင်နှစ်ပတ်လည် ဝတ်ပြုသူများကို လုံခြုံရေးရဲက ၁၅မိနစ် ခွင့်ပြု
  2. ရပ်ကွက် ရုံးအသုံးစရိတ်အဖြစ် ပြည်သူများထံမှ ကောက်ခံမှု ပယ်ဖျက်
  3. ဧရာဝတီနှင့် ပတ်သက်၍ ဒီမိုကရေစီမိတ်ဆွေပါတီများ ကြေညာချက်နှစ်ရပ်ထုတ်ပြန်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. လူထုမီဒီယာဖွံ့ဖြိုးမှု သုံးမျိုးနှင့် မီဒီယာ မော်ဒယ်လေးမျိုး

***************************************************************************************

ပြည်တွင်းသတင်းများ

ပြည်တွင်း INGO တစ်ခု လူကုန်ကူး

မြန်မာနိုင်ငံအတွင်း လူမှုရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့် ကမ္ဘာကျော် INGO တစ်ခုဖြစ်သည့် Save The Children မှ ဝန်ထမ်းတစ်ဦးသည် နိုင်ငံရေးစေ့ဆော်လှုပ်ရှားမှုအရ ပြည်တွင်းရှိ ကလေးငယ်များအား လူမှောင်ခိုကူးခဲ့ကြောင်း သိရသည်။

၎င်း လူမှောင်ခိုကူးခဲ့သည့် ပြည်တွင်း INGO တစ်ခုဖြစ်သည့် Save The Children မှ ဝန်ထမ်းသည် ရှမ်းပြည်နယ်၊ နမ့်ခမ်း တွင်နေထိုင်သည့် ကလေးငယ် အနည်းဆုံးဆယ်ဦးနှင့် နမ့်ခမ်းမြို့အနီးပတ်ဝန်းကျင်မှ ကလေးငယ်ခြောက်ဦးအား  နိုင်ငံရေးစေ့ဆော်လှုပ်ရှားမှုအဖြစ် ပြည်ပသို့ မှောင်ခိုကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လူမှောင်ခိုကူးခဲ့သည့် Save The Children မှ ဝန်ထမ်းအား ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ပြီး ဖြစ်ပြီး နောင်ထပ်မံ၍ ကလေးလူကုန်ကူးမှုထပ်မံ မဖြစ်ပေါ်နိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Save The Children မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်းဖြစ်ရပ်တွင် ပြည်တွင်းရှိ ကလေးငယ်အနည်းဆုံး ၁၆ ဦးခန့် လူကုန်ကူးခံခဲ့ရပြီး အချို့ လူကုန်ကူးခံရသည့် ကလေးအချို့မှာ တရုတ်နိုင်ငံသို့ ထွက်ပြေးခဲ့ပြီး အချို့မှာ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ပြည်ပသို့ နိုင်ငံရေးအရ လူကုန်ကူးခံခဲ့ရသည့် အများစုမှာ ၁၈ နှစ်အောက်လူငယ်အများစုဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာသည့် လူငယ်များ၏ မိသားစုများအား သက်ဆိုင်ရာမှ ကူညီပံ့ပိုးမှုများပေးခဲ့ကြောင်း သိရသည်။

                                                            Ref:မြန်မာပို့စ်

   ***************************************************************************************

ဗြိတိန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အား ဆုချီးမြှင့်

ဗြိတိန်နိုင်ငံ၏ နိုင်ငံရေးလောကတွင် ဂုဏ်သိက္ခာရှိသော ဆုတစ်ဆုဖြစ်သည့် Chatham House Prize ဆုအား မြန်မာနိုင်ငံ၏ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်သည့် ဆုသည် ဗြိတိန်နိုင်ငံ နိုင်ငံတကာရေးရာ တော်ဝင်သိပ္ပံ (Royal Institute of International Affairs) မှ ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်း နိုင်ငံတကာဆက်ဆံရေးတိုးတက်လာနိုင်စေရန် အားသွန်ခွန်စိုက်ဆောင်ရွက်သည်ပာု ယုံကြည်ရသော ပုဂ္ဂိုလ်အား ဗြိတိန်နိုင်ငံမှ ပေးအပ်သည့် ဆုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဗြိတိန်နိုင်ငံမှ ချီးမြှင့်သည့် ဆုအား ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ ဆုသွားရောက်ယူမည်မပာုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အစား အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပောာင်း မန်ဒယ်လင်းအောလ်ဘရိုက်မှ ဆုကိုယ်စားလက်ခံယူမည်ဖြစ်ကြောင်း သိရသည်။

လန်ဒန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်အားချီးမြှင့်သည့် Chatham House Prize ဆုသည် အမျိုးသားရေးနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များအကြား အလွန်ထူးခြားသည့် တစ်ခုတည်းသော ပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း၊ ငြိမ်းချမ်းမှုနှင့် လွတ်လပ်မှုကို လိုလားတောင့်တလျက် ရှိသည့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် မိမိ၏ရုန်းကန်မှုမှာ Insight တစ်ခုပေးစွမ်းနိုင်ခဲ့ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ်အတွင်းက နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်ကာလများအတွင်းကလည်း ကမ္ဘာပေါ်ရှိ နာမည်ကြီး ဆုတစ်ဆုဖြစ်သည့် ငြိမ်းချမ်းရေှးနိုဘယ်ဆုအား ရရှိခဲ့ပြိး ၎င်း နိုဘယ်ဆုအား ဒေါ်အောင်ဆန်းစုကြည်၏ သားများဖြစ်သော အလက်ဇန်းဒါးနှင့် ကင်မ် တို့က ကိုယ်စားလက်ခံရယူခဲ့ကြောင်း သိရသည်။

                                                      Ref: မြန်မာပို့စ်

***************************************************************************************

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

ရွှေဝါရောင်နှစ်ပတ်လည် ဝတ်ပြုသူများကို လုံခြုံရေးရဲက ၁၅မိနစ် ခွင့်ပြု

လေးနှစ်ပြည့် သံဃာ့အရေးအခင်းနှစ်ပတ်လည်နေ့အား ဂုဏ်ပြုသောအားဖြစ် ရန်ကုန်မြို့လည်ရှိဆူးလေစေတီ ရင်ပြင်တော်တွင် လာရောက်ဝတ်ပြု ဆုတောင်းသူများကို အသင့်စောင့်ဆိုင်းနေသော လုံခြုံရေးရဲများက ၁၅မိနစ်သာဝတ်ပြုခွင့်ပေးခဲ့ကြောင်း လာရောက် ဝတ်ပြုသူ အဖွဲ့ခေါင်းဆောင်ကပြောသည်။

“၁၅မိနစ်ကြာရင် လူစုခွဲပေးကြပါ။” ဟု ဆူးလေရင်ပြင်တော်အပေါ်ရှိ လုံခြုံရေးရဲများက သံပြိုင်အော်ဆိုခဲ့သည်။

ယင်းလုံခြုံရေးရဲများသည် လက်နက်များ တပ်ဆင်မထားသည့်အပြင် ဆက်ဆံရေးပြေပြစ်သူများ ဖြစ်ကြောင်း၊ သို့သော်လည်း ကင်မရာ တစ်လုံးဖြင့် သတင်းယူနေသည့် ထောက်လှန်းရေး(SB) များမှာမူ အတော်ပင်ရိုင်းလှကြောင်း လာရောက်ဝတ်ပြုသူတစ်ဦးကပြောသည်။

အ၀ါရောင်ဝတ်ဆင်ထားသော ဝတ်ပြုဆုတောင်းသူ အယောက် ၄၀ကျော်သည် အ၀ါရောင်ပန်းခက်များ ကိုင်ကာ “ဒီမိုကရေစီ လှုပ်ရှားမှုများကြောင့် အကျဉ်းထောင်အသီးသီးတွင် ထောင်ကျအကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးပြန်လည်း လွတ်မြောက်ပါစေ၊ နယ်စပ်ဒေသ အသီးသီးတွင် ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသော တိုင်းရင်းသား ပြည်သူလူထုကြီး တရပ်လုံးငြိမ်းချမ်းသာယာစေရန်အတွက် တန်းတူညီမျှတဲ့ စစ်မှန်သော တွေ့ဆုံရှင်းလင်းမှုများနှင့် ဖြေရှင်းနိုင်ပါစေ တိုင်းပြည်နှင့်ပြည်သူလူထုကြီး အကျိုးနှင့် ဆန့်ကျင်သော ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံရေးကိစ္စ ပြည်သူလူထုကြီးဆန္ဒနှင့် အညီ ဖြစ်ပေါ်ပါစေ “ ဟု ဆုတောင်းခဲ့သည်။

ဆုတောင်းသူများသည် ယဉ်ကျေးသိမ်မွေ့စွာဆုတောင်းကြပြီး အော်ဟစ်ခြင်း၊ ရိုင်းပြခြင်းမျိုး မရှိခဲ့ကြောင်း၊ သတင်းသမားများ၊ ထောက်လှမ်းရေးများ၊ ရဲများနှင့် လာရောက်ကြည့်ရှုသူများဖြင့် စေတီရင်ပြင်တစ်ခုလုံး စည်ကားလျှက်ရှိကြောင်း ဘုရားလာရောက်ဖူးမျှော်သူတစ်ဦးက ပြောသည်။ အဆိုပါဝတ်ပြု အဖွဲ့သည် ညနေ ၃နာရီတွင် ဘုရားရင်ပြင်ပေါ်မှ ပြန်လည်ဆင်းသက်ခဲ့ပြီး လူစုခွဲခဲ့ကြသည်။

၎င်းအပြင် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ် ၁၅ ရပ်ကွက် ရှိ ၆ ၀ိုင်း ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ပြည်တွင်း နိုင်ငံရေးအင်အားစုများ တက်ရောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသော နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်။

Peace Press

***************************************************************************************

ရပ်ကွက် ရုံးအသုံးစရိတ်အဖြစ် ပြည်သူများထံမှ ကောက်ခံမှု ပယ်ဖျက်

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေနှင့် ရုံးအသုံးစရိတ်များအား ပြည်သူများထံမှကောက်ခံသည့် ဥပဒေအား ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်းသိရသည်။

ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ရပ်ကွက်(သို့) ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ရုံးအသုံးစရိတ်အား ပြည်သူများထံမှကောက်ခံခွင့်ပြုထားရှိခဲ့သော်လည်း အစိုးရသစ်တာဝန်ယူသည့်အချိန်တွင် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများ၏ ရုံးအသုံးစရိတ်များကို ပြည်သူလူထုထံမှ ကောက်ခံခြင်းမပြုရန် စက်တင်ဘာလ ၁၆ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(၁၉) ရက်မြောက်နေ့၌ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ အဆိုတင်သွင်းခဲ့သည်။

၎င်း ရပ်ကွက်ကျေးရွာ ရုံးအသုံးစရိတ်အား ပြည်သူထံမှ ကောက်ခံခြင်းမပြုရန် တင်သွင်းခဲ့သည့် အဆိုအား ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို က ကန့်ကွက်ခဲ့သည်။

ရပ်ကွက်(သို့မပာုတ်) ကျေးရွာ အုပ်ချုပ်ရေးမှူးများသည် ချီးမြှင့်ငွေနှင့် ရုံးအသုံးစရိတ်ကို နိုင်ငံတော်ဘဏ္ဍာမှ ထုတ်ယူသုံးစွဲထားခြင်းမရှိဘဲ မိမိတို့အစီအစဉ်ဖြင့်သာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူလူထုထံမှ ကောက်ခံခြင်းဖြင့် နိုင်ငံတော်ကုန်ကျစရိတ်မှာ သက်သာ သွားနိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ရှင်းလင်းတင်ပြခဲ့သည်။

၎င်း ရုံးအသုံးစရိတ် ပြည်သူလူထုထံမှ ကောက်ခံခွင့်ရှိ၊ မရှိ ကိစ္စရပ်အား လွှတ်တော်တွင်းမဲခွဲ၍ အဆုံးအဖြတ်ရယူရာတွင် မဲပေးခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၇၆ ဦးအနက် ထောက်ခံမဲ(၃၇၀) မဲ၊ ကန့်ကွက်မဲ (၁) မဲသာ ရရှိခဲ့သည့်အတွက် ပြည်သူလူထုထံမှ ရုံးအသုံးစရိတ် ကောက်ခံခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

                                                            Ref: Messenger

***************************************************************************************

ဧရာဝတီနှင့် ပတ်သက်၍ ဒီမိုကရေစီမိတ်ဆွေပါတီများ ကြေညာချက်နှစ်ရပ်ထုတ်ပြန်

ဧရာဝတီမြစ်ဆုံတွင် ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ဆောင်လျက်ရှိသည့် ကိစ္စရပ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့အတွက် ဒီမိုကရေစီမိတ်ဆွေပါတီများမှ သဘောထားကြေညာစာတမ်းနှစ်စောင်အား စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ဒီမိုကရေစီ မိတ်ဆွေပါတီများ အစည်းအဝေးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ဒီမိုကရေစီမိတ်ဆွေပါတီများ၏ သဘောထားကြေညာချက်တွင် ဧရာဝတီမြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းသည် တိုင်းပြည်အတွက် အရေးကြီးသော စီမံကိန်းဖြစ်သည့်အတွက် အစိုးရဘက်မှ ပညာရှင်များ၊ အစိုးရ မပာုတ်သည့် ပညာရှင်များက မြစ်ဆုံနှင့် ပတ်သက်သော ကိစ္စရပ်အား ကောင်းသည်၊ ဆိုးသည် များကို ပြည်သူလူထုအား အသိပေးသင့်ကြောင်း၊ ယခု စီမံကိန်းကဲ့သို့ အလားတူလုပ်ငန်း ပမာဏကြီးမားပြီး အချက်အလက်အရ ရှုတ်ထွေးသည့် နိုင်ငံတော်အဆင့်အရေးပါသော စီမံကိန်းများကို ဆောင်ရွက်ရာတွင်စီမံကိန်းဒေသခံများနှင့် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒများကို အခြေပြုစဉ်းစားစီမံဆောင်ရွက်သွားရန် စသည့်အချက်များပါဝင်ကြောင်း သိရသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ အစိုးရသစ်မှ ပြုလုပ်ပေးနေပြီဖြစ်သောကြောင့် လူအများ လက်ခံလာနိုင်ပြီ ဖြစ်သည်။ ဆက်လက်ကျန်ရှိနေသေးသော လုပ်ဆောင်ရန်ရှိသည့် ကိစ္စရပ်များကိုလည်း ဆက်လက်ဆောင်ရွက်ပေးပါရန် ဒီမိုကရေစီမိတ်ဆွေပါတီများမှ ထုတ်ပြန်ချက်တို့ကို ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲသို့ ဝင်ရောက်ခဲ့သည့် ဒီမိုကရေစီမိတ်ဆွေပါတီ(၁၀) ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ပင်ဖြစ်ကြောင်း သိရသည်။

                                                Ref: True News၊ မြန်မာပို့စ်

***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ပြည်သူတွေ ဗဟုသုတကြွယ်ဝမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်။ အခုစာဖတ်ခန်းမှာ ဗဟုသုတတွေရှာ စေချင်တယ်။ အထူးသဖြင့်တော့ လူငယ်တွေကို ပိုပြီး ပညာရှာစေချင်တယ်။ အဲဒီလိုပြောတာ လူကြီးတွေကို တော့ ပညာမရှာပါနဲ့လို့ပြောတာမဟုတ်ပါဘူး။ လူငယ်တွေဆိုတာ ပညာရှာတဲ့ အရွယ်မို့ ပညာဗဟုသုတရှာမှီးဖို့ အခွင့်အရေးတွေ၊ အချိန်တွေပိုရှိလို့ ပိုလေ့လာစေချင်တာပါ။ ကျွန်မတို့ စာဖတ်ခန်းကိုသုံးပြီး ဗဟုသုတရှာကြပါ။ အဆင့်မြင့်ပညာတွေရအောင်ရှာပါ။ လူငယ်တွေရဲ့ ပညာအဆင့်မြင့်မှ မြန်မာဟာ ကမ္ဘာ့အလယ်မှာ အဆင့် အတန်းမြင့်လာမှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်ဆိုတာ ကိုယ်တိုင်ပုံဖော်မှရမှာပါ။ ကိုယ်တိုင်ဆောင်ရွက်နိုင်ဖို့ ဆိုတာ စွမ်းအားရှိဖို့လိုပါတယ်။ ပညာဟာ အဓိက စွမ်းအားတစ်ခုပါပဲ”

စက်တင်ဘာ ၂၇ ထုတ် Flower News အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “ အောင်ဆန်းပင်လုံစာဖတ်ခန်း ကို ဒေါ်အောင်ဆန်းစုကြည် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 ***************************************************************************************

“ဒီမိုကရေစီနိုင်ငံ ဆိုကတည်းက ပြည်သူ့လက်ထဲမှာ အာဏာရှိတယ်။ ဒီမိုကရေစီရဲ့ အဓိပ္ပယ်ကိုက ပြည်သူက ရွေးကောက်ထားတဲ့ လူတွေလက်ထဲ အာဏာလွှဲပေးလိုက်တာပဲ။ ပြည်သူဆန္ဒအမှန်ကို ထုတ်ဖော်နိုင်ဖို့လိုတယ်။ ဒီမိုကရေစီ အနှစ်သာရမှာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ရရှိမယ်။ အဲဒီ အနှစ်သာရကိုလည်း အစိုးရပိုင်းက နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးဖို့လိုအပ်မယ်။ ဒီမိုကရေစီမှာ အားနည်းချက်အချို့လည်း ရှိမယ်။ ဥပမာအနေနဲ့ ပြောရရင် မြစ်ဆုံအရေးပေါ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရင်နိုင်တဲ့အဖွဲ့ရှိမယ်၊ အများရဲ့ ဆန္ဒအ တိုင်းက အလုပ်မဖြစ်ဘူး။ ပြည်သူ့ဆန္ဒဖော်ထုတ်နိုင်မှာမဟုတ်။ အများက သဘောတူသော်လည်း အကောင်း ဆုံး အဖြေမထုတ်နိုင်ဘူး”

စက်တင်ဘာ ၂၇ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၁) တွင်ပါသည့် “ဒီမိုကရေစီနိုင်ငံတော်နှင့် ပြည်သူ့ ဆန္ဒထုတ်ဖော်ခြင်းအပေါ် သူတို့အမြင်” သတင်းမှ ဦးဇိုဇမ်း(ချင်းအမျိုးသားပါတီ) သတင်းမှ ကောက်နှုတ်ချက်

*************************************************************************************** 

“ခေတ်တစ်ခေတ်တုန်းကလူငယ်တွေရဲ့ အသိမှာ နိုင်ငံရေးဆိုတာလုံးဝထိတွေ့ ကိုင်တွယ်စရာမဟုတ်တဲ့အရာ တွေလို့ မိဘတွေက အရိုးစွဲ မှတ်ထင်စေခဲ့တယ်။ အဲဒီအသိလေးတွေပျောက်ပြီး ကိုယ့်နိုင်ငံရေးအပေါ် စိတ်ဝင်စားလာတာကတော့ ကောင်းတဲ့အချက်ပါပဲ။ အဆင့်တစ်ခုတက်ဖို့ အဆင့်တိုင်း မှာတော့ အသိပညာရှိနေဖို့ လူငယ်တွေကိုချပြနိုင်ဖို့ ဦးစွာလုပ်သင့်တယ်လို့ ယူဆမိတယ်”

စက်တင်ဘာ ၂၈ ထုတ် Weekly ELEVEN အတွဲ (၁၆) အမှတ် (၅၂) တွင်ပါသည့် “၂၀၀၈ နောက်ပိုင်းမှစ၍ နိုင်ငံရေးနှင့်ဆက်နွှယ်သည့် ဘာသာရပ်များလေ့လာရန် လူငယ်များစိတ်ဝင်စား” သတင်းမှ နိုင်ငံတကာပညာ ရေးရာအတိုင်ပင်ခံ ဦးအောင်ကျော်ဆန်း (Crown Education)၏ ပြေကြားချက်အပေါ် ကောက်နှုတ်ချက်

 ***************************************************************************************

“နိုင်ငံမှာ ဒီမိုကရေစီအခွင့်အရေးတွေ ပိုမိုရလာဖို့က လွှတ်တော်က ဖွဲ့စည်းထားတဲ့ရေးရာကော်မတီတွေရဲ့ လုပ်ဆောင်မှု၊ ဖော်ဆောင်နိုင်မှုက အရေးကြီးပါတယ်။ တည်ဆဲဥပဒေတွေ မဖျက်သေးသမျှ ငါးဦးထက်ပိုပြီး  စုဝေးခွင့်မရှိတဲ့အတွက် လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့်တို့၊ ဟောပြောခွင့်တို့ ကမရနိုင်သေးဘူး။ ဒီမိုကရေစီနေ့ ကျင်းပတဲ့အတွက် ထူးထူးခြားခြားအပြောင်းအလဲမရှိနိုင်ဘူး။ ဒီနေ့ကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပတာပဲ။ ဒီမို ကရေစီနေ့ကျင်းပတဲ့အတွက် ထူးထူးခြားခြားအပြောင်းအလဲမရှိနိုင်ဘူး။ ဒီနေ့ကို ကမ္ဘာတစ်ဝန်းမှာ ကျင်းပတာ ပဲ။ ဒီမိုကရေစီအခွင့်အရေးနဲ့ပတ်သက်ပြီး မျှော်လင့်တာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံကို လက်ခံယုံကြည်ပြီး ရွေးကောက်ပွဲဝင်ခဲ့တာဖြစ်လို့ ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်း ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အဝရဖို့ မျှော်လင့် မိတယ်။ ဖွဲ့စည်းပုံအရ ပြည်နယ်တွေရရှိမယ့် အာဏာခွဲဝေမှုကိုလဲ လိုချင်တယ်။ ဒီအခွင့်အရေးတွေ ရအောင် လည်း တိုင်းရင်းသားပါတီတွေကြိုးစားဆောင်ရွက်နေပါတယ်”

စက်တင်ဘာ ၂၇ ထုတ် Flower News အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “ဒီမိုကရေစီနေ့မှသည်… ဒီမိုကရေစီနိုင်ငံဆီသို့…” သတင်းမှ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစောသန်းကျော်ဦး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

 ***************************************************************************************

ဆောင်းပါးကဏ္ဍ

လူထုမီဒီယာဖွံ့ဖြိုးမှု သုံးမျိုးနှင့် မီဒီယာ မော်ဒယ်လေးမျိုး

မြန်မာနိုင်ငံတွင် ၂၀၀၈ နောက်ပိုင်းမှ စတင်၍ သတင်းနှင့် မီဒီယာလွတ်လပ်ခွင့်ကို အနည်းငယ်ဖြေလျှော့မှုများ ရှိခဲ့သည်မျိုးမဟုတ်ဘဲနှင့် စာနယ်ဇင်းနယ်ပယ်တွင် (အထူးသဖြင့် သတင်းဂျာနယ်) ဖွံ့ဖြိုးတိုးတက်မှုများရှိလာ လေသည်။ သတင်းနှင့် သတင်းဆောင်းပါး ရေးသားရာတွင် အချက်အလက်ပိုင်း၊ အရေးသားပိုင်း၊ အရင်းအမြစ် တို့ကို ယခင်ထက်ပိုမို ကောင်းမွန်အောင် လုပ်ဆောင်လာနိုင်ကြောင်းတွေ့ရလေသည်။ ၂၀၁၀ နောက်ပိုင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အပြောင်းအလဲများအတွက် စတုတ္ထုမဏ္ဍိုင်အဖြစ် ခိုင်ခိုင် ခန့်ခန့်ရပ်တည်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများပြုလုပ်လာခဲ့ခြင်းဖြစ်ပါသည်။

မီဒီယာ၏ တာဝန်မှာ အချုပ်အခြာအာဏာသုံးရပ်ကို စောင့်ကြည့်ကာ ပြည်သူထံသို့တင်ပြခြင်း၊ အပြန်အလှန်အားဖြင့် ပြည်သူများ၏ အသံကို နားထောင်ကာ အစိုးရထံသို့ တင်ပြခြင်း အစရှိသည်ကို တာဝန်ခံ မှုအပြည့်၊ တာဝန်ယူမှုအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ဖို့ ဖြစ်လေသည်။ တချို့မှာ ဂျာနယ်တိုက် ၏ ရပ်တည်ချက်၊ ပေါ်လစီနှင့် အညီ သိသင့်သော သတင်းများကို ပြည်သူများထံတင်ပြပြီး တချို့မှာမူ မည်သို့သော ပေါ်လစီမျိုး မှမရှိဘဲ ဈေးကွက်တွင် မိမိဂျာနယ်ရောင်းအားတက်ရေးသာ အဓိကထားသည့်အတွက် ပြည်သူအများစုကြိုက်နိုင်သော သတင်းများကိုသာ ရွေးချယ် ရေးသားဖော်ပြသည်များလည်း ရှိပါသည်။

အထက်တွင် ဖော်ပြပြီးသကဲ့သို့ အချုပ်အခြာအာဏာသုံးရပ်၏ လုပ်ဆောင်ချက်များကို စောင့်ကြည့် ဝေဖန်ခြင်းသည် မီဒီယာ၏ တာဝန်ဖြစ်သည်နှင့် အညီ ဆက်သွယ်ရေးမှာ နိုင်ငံရေး၏ အသည်းနှလုံးဟု ဆိုလျှင် လွဲချော်နိုင်မည်မဟုတ်ပါချေ။ မီဒီယာမှ ထိန်းမတ်ပေးခြင်းဖြင့် ဒီမိုကရေစီ၏ အသီးအပွင့်ဖြစ်သော အချုပ်အခြာ အာဏာသုံးရပ် အပြန်အလှန်ထိန်းကျောင်းရေးဖြစ်စဉ်ကို ပို၍ ပီပြင်လာနိုင်သောကြောင့်ဖြစ်လေသည်။ လူထု မီဒီယာ အဘယ်ကြောင့် ဖွံ့ဖြိုးတိုးတက်လာသည်ကို စူးစမ်းကြည့်သော် အကြောင်းသုံးရပ်ကြောင့် ဖြစ်ကြောင်း တွေ့ရ လေသည်။

ပထမအကြောင်းရင်းမှာ နိုင်ငံရေး ယုံကြည်မှုများ၊ တန်ဖိုးများကို မျိုးဆက်တစ်ဆက်မှ တစ်ဆက် သို့ နိုင်ငံရေးဆိုင်ရာ လူမှုရေးပြုမှုဖြစ်စဉ် (Political Socialization) အရ ကူးပြောင်းနိုင်သည့် ကျောင်း၊ မိသားစု အစရှိသော အဓိက(ပထမ) အေးဂျင့်များ၏ အခန်းကဏ္ဍ လျော့နည်းလာမှုဖြစ်ပါသည်။ (ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဦးသန့်မှ မြန်မာနိုင်ငံရှိ ကျောင်းများတွင် အလယ်တန်းအဆင့်လောက်မှစ၍ ဒီမိုကရေစီ၏ အခြေခံ သဘောတရားများကို  ပြည်သူ့နီတိ အဖြစ်သင်ပေးရန် အကြံပြုခဲ့ခြင်းမျိုး ဖြစ်လေသည်။) အဓိက အေးဂျင့်များ၏ နိုင်ငံရေးယုံကြည်မှုများ၊ တန်ဖိုးများကို  ရရှိခဲ့ခြင်းမရှိသော လူငယ်များကို မဆိုထားနှင့် ယင်းတန်ဖိုးများကိုရရှိခဲ့သည့် လူငယ်များပင်လျှင် အရွယ်ရောက်၍ အသစ်သစ်သော နိုင်ငံရေး၊ လူမှုရေးတန်ဖိုး  ပြောင်းလဲမှုဖြစ်စဉ်များ ကြုံတွေ့လာရသောအခါ တော်တော်နှင့် အပြောင်းအလဲမပြုလုပ်နိုင်ဖြစ်လာရလေသည်။ ဤသို့နှင့် မီဒီယာမှာ ဒုတိယ အေးဂျင့်များအဖြစ် မူဝါဒရေးရာများ၊ အကြောင်းအရာကိစ္စရပ်များကို ပြည်သူလူထုထံ တင်ပြရင်း နိုင်ငံရေး အပြောင်းအလဲတစ်ခုကို ဖော်ဆောင်ရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လာခဲ့ရ လေသည်။ ဒုတိယအားဖြင့် အင်တာနက်၊ ဆိုရှယ်မီဒီယာ၊ အစရှိသည့် မီဒီယာအသစ်များ၏ အခန်းကဏ္ဍမြင့်မားလာမှုဖြစ်ပေသည်။ ယခုအရှေ့အလယ်ပိုင်းတွင် ကြုံတွေ့နေရသော အာရပ်နွေဦးကို ကြည့်ပါက မီဒီယာ အသစ်၏ သြဇာမှာ နိုင်ငံရေးနယ်ပယ်တွင် အလွန်သက်ရောက်မှုရှိကြောင်းတွေ့မြင်ရပေမည်။ နောက်ဆုံးတစ်ခုမှာ မီဒီယာလုပ်ငန်းများကိုယ်တိုင်ကိုက စီးပွားရေးအရ အင်အားကြီးမားလာခြင်းဖြစ်လေသည်။ စာအုပ်ထုတ်ဝေရေး၊ ရုပ်မြင်သံကြားနှင့် ရေဒီယိုအစီအစဉ်၊ ရုပ်ရှင်၊ တေးဂီတ၊ လူထုဆက်သွယ်ရေး လုပ်ငန်းများတွင် ကျယ်ပြန့်လာခြင်း အစရှိသည်တို့သည် ဖြေဖျော်ခြင်းနှင့် သတင်းပေးခြင်းကို ပေါင်းစပ်ပြုလုပ်ပေးသည့် “infotainment” လုပ်ငန်းစုကြီး အသွင်ဖြစ်သို့ ရောက်ရှိလာခဲ့ခြင်းကြောင့်ဖြစ်လေသည်။

ဤသို့ လူထုမီဒီယာ ဖွံ့ဖြိုးမှုနှင့်အတူ မီဒီယာ မော်ဒယ်လေးမျိုးထွက်ပေါ်လာလျက်ရှိပါသည်။ ပထမ မော်ဒယ်မှာ ဗဟုဝါဒ မော်ဒယ် (Pluralist model) ဖြစ်ပြီး နိုင်ငံရေးအတွေးအခေါ်စံတစ်ခုကို လက်ကိုင်ထားခြင်း မပြုဘဲ မြောက်များစွာသော နိုင်ငံရေးအမြင်များကို ပြည်သူလူထုရှေ့မှောက် ကျယ်ကျယ်ပြန့်ပြန့် ငြင်းခုံဆွေး နွေးခြင်းမျိုးကိုပြုလုပ်ခြင်းဖြစ်သည်။ ထို့အပြင် အာဏာပါဝါရှိသူများ၏ မည်သည့် အာဏာ အလွှဲသုံးစားလုပ်မှုမျိုးမဆို ရေးသားဖော်ထုတ်ခြင်းသည်လည်း ဗဟုဝါဒ မော်ဒယ်၏ လက္ခဏာတစ်ရပ်ဖြစ်လေသည်။ အရိုးရှင်းဆုံးဥပမာ တစ်ခုကို ဖော်ပြရလျှင်မူ ၁၉၇၄ခုနှစ်တွင် ဝါရှင်တန်ပို့စ် မှ စုံစမ်းထောက်လှမ်းရေး သတင်းပညာကို အသုံးပြု၍ ဝါးတားဂိတ်အရှုပ်တော်ပုံကို ဖော်ထုတ်စစ်ဆေးခြင်းမျိုးဖြစ် လေသည်။ ဒုတိယတစ်မျိုးမှာ လွှမ်းမိုးကြီးစိုးဆဲ နိုင်ငံရေးအတွေးအခေါ်ရှိသော မော်ဒယ် (dominant-ideology model) ဖြစ်ပြီး စီးပွားရေးနှင့် လူမှုရေးအထက်တန်းလွှာ၏ အကျိုးစီးပွားကို အဓိကထားသော ပုံစံမျိုးဖြစ်လေသည်။ မီဒီယာလုပ်ငန်းရှင်ကြီးများမှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး အထက်တန်းလွှာ အသိုင်းအဝန်းနှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသည့်အားလျှော်စွာ သူတို့၏ အကျိုးစီးပွားကို ဖြစ်စေသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး အကြောင်းအရာများကို အဓိက မီးမောင်းထိုးပြ ခြင်းဖြစ်လေသည်။ မီဒီယာလုပ်ငန်းကြီးများ၏ မီဒီယာ ထုတ်လုပ်မှုများကို ထိန်းချုပ်နိုင်သည်ဆိုသည့် အယူအဆမှ ခွဲထွက်ထားသောမော်ဒယ်မျိုးမှာ အီလစ် တန်ဖိုးထားမှု မော်ဒယ် (Elite-values model) ဖြစ်ပါသည်။ ဒီမော်ဒယ်၏ အဓိက ဆိုလိုရင်းမှာ အယ်ဒီတာများ၊ ဂျာနယ်လစ်များ၊ သတင်းထုတ်လွှင့်သူများမှာ သီးခြား ပရော်ဖက်ရှင်နယ်လွတ်လပ်မှုမျိုးရှိသည်၊ မီဒီယာလုပ်ငန်းကြီးများအနေဖြင့် ကျယ်ပြန့်သည့်နိုင်ငံရေး အာဂျင်ဒါကို ချမှတ်နိုင်သည်တိုင် နေ့စဉ်နှင့်အမျှ သတင်းတည်းဖြတ်မှုများကို ဆုံးဖြတ်နိုင်ခြင်းမရှိနိုင်ပါ။ ဤသို့ဖြင့် အယ်ဒီတာများ၊ ဂျာနယ်လစ်များမှာ သူတို့ထက် senior ကျသော ဂျာနယ်လစ်များ၏ ဘက်မလိုက် သည့် အမူအကျင့် ဖယ်ခွာ၍ လူအဖွဲ့အစည်း တိုးတက်ရေးအတွက် သူတို့တန်ဖိုးထားသည်များကိုသာ ဖော်ထုတ်တင်ပြခြင်းမျိုးဖြစ်လေသည်။ နောက်ဆုံးတစ်ခုမှာ နိုင်ငံရေးတန်ဖိုးနှုန်းစံများ၊ နိုင်ငံရေးဖြစ်စဉ်များကို  သိပ်အလေးမထားဘဲ လူထုသည်းခြေကြိုက် အကြောင်းအရာများကိုသာ ရေးသားတင်ပြပြီး ဈေးကွက်ဝေစုတော်တော်များများ ရရှိအောင် ဆောင်ရွက်သော ဈေးကွက် မော်ဒယ် (Market model) မီဒီယာလုပ်ငန်းမျိုးဖြစ်လေသည်။

မြန်မာနိုင်ငံတွင်းရှိ မီဒီယာလုပ်ငန်းများသည်လည်း (အထူးသဖြင့် ဂျာနယ်) လုပ်ငန်းများသည် အထက်ပါ မီဒီယာမော်ဒယ် လေးမျိုးလေးစား တွင်သာ အကြုံးဝင်ကြောင်း တွေ့ရလေသည်။ (အစိုးရပိုင် ကြေးမုံနှင့် မြန်မာအလင်းသတင်းစာမှာတော့ နောက်ထပ် မော်ဒယ်တစ်မျိုးဖြစ်သည့် ဝါဒဖြန့်ချီရေး (propaganda model) ထဲတွင်ပါဝင်ပါသည်။ ပြောင်းလဲအကောင်အထည်ဖော်နေသည့် ဒီမိုကရေစီစနစ်နှင့် အဟပ်မညီတော့သည့် အပြင် ကမ္ဘာ့နိုင်ငံအနည်းစုတွင်သာ ကျင့်သုံးတော့သည့်အတွက် ဒီမော်ဒယ်မျိုးကို ခြန်လှပ်ထားခဲ့ပါသည်)။ လွှတ်တော်နှင့်ပတ်သက်သည့် သတင်း၊ ကား၊ ဒေါ်လာအစရှိသည့် စီးပွားရေး သတင်းမျိုးကို မည်သည့် ဂျာနယ်က မည်သည့်အတိုင်းအတာထိဖော်ပြသည်၊ မည်သည်ဂျာနယ်ကတော့ လူထုအကြိုက် လိုက်၍ ဖော်ပြသည်ကို မော်ဒယ်များခွဲကာ စိစစ်သုံးသပ်၍ ရနိုင်ပါသည်။ မည်သည့် မော်ဒယ်ပင် သုံးသည်ဖြစ်စေ ပီပြင်သော စတုတ္ထုမဏ္ဍိုင် အဖြစ် ရပ်တည်ကာ နိုင်ငံဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းသွားနိုင်ဖို့ လိုအပ်ပါကြောင်း……….။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs