Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၂.၁.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာအစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေး

(The Nation မှ 12 January 2012 ရက်စွဲပါ Burmese government and Karen insurgency meet for peace talks ကို ဘာသာ ပြန်ဆိုသည်)

  1. KNU နှင့် မြန်မာ ငြိမ်းချမ်းရေးစာချုပ်ချုပ်

(AP သတင်းမှ 12 January 2012 ရက်စွဲပါ Myanmar signs cease-fire with ethnic rebels ကို ဘာသာ ပြန်ဆိုသည်)

  1. အာဆီယံက မြန်မာအပေါ် အရေးယူမှုများ ဖြေလျော့ရန်တောင်းဆို

(Radio Australia News မှ 11 January 2012 ရက်စွဲပါ ASEAN calls for west to ease Burma sanctions ကို ဘာသာ ပြန်ဆိုသည်)

  1. ပြောင်းလဲရန် စပ်ကူးမတ်ကူးအချိန်သို့ မြန်မာရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

(Radio Netherlands မှ 11 January 2012 ရက်စွဲပါ Suu Kyi says Myanmar on verge of breakthrough ကို ဘာသာ ပြန်ဆိုသည်)

  1. ဘီလ်ဂိတ်နှင့် အမေရိကန်စီးပွားရေးဦးဆောင်ပုဂ္ဂိုလ်များ မြန်မာသို့ လာမည်

(Reuters မှ 11 January 2012 ရက်စွဲပါ Gates, US corporate captains to visit Myanmar ကို ဘာသာ ပြန်ဆိုသည်)

*************************************************************************************************

မြန်မာအစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေး

(The Nation မှ 12 January 2012 ရက်စွဲပါ Burmese government and Karen insurgency meet for peace talks ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရတာဝန်ရှိသူများနှင့် ကရင်အမျိုးသားယူနီယံ (Karen National Union – KNU) မှ ကိုယ်စားလှယ်များသည် ကြာသပတေးနေ့တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံစကားပြောခဲ့ကြသည်။ KNU သည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး လက်နက်ကိုင် သူပုန်ဖွဲ့ဖြစ်သည်။

ကရင်ပြည်နယ်အစိုးရနှင့် KNU တို့အကြား အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ဗဟိုအစိုးရ ငြိမ်းချမ်းရေးကော်မတီအဖွဲ့ခေါင်းဆောင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။

KNU ဗိုလ်ချုပ် မူတူးစေးပိုး ခေါင်းဆောင်သော အဖွဲ့ဝင် (၁၉) ဦးပါဝင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် ကရင်ပြည်နယ်မြို့တော် ဘားအံတွင် စကားပြောဆိုလျက်ရှိသည်။ ၁၉၄၉ ဇန်နဝါရီမှစ၍ မြန်မာအစိုးရနှင့် တိုက်ခိုက်လာခဲ့သော KNU က ယခုဆွေးနွေးစကားပြောမှုများမှာ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ယာယီခြေလှမ်းများဟု ယူဆထားသည်။ “အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် ကနဦးအဖြစ် အခု စကားပြောတာပါ။ ဒါဟာ မြန်မာအစိုးရနဲ့ တိုင်းရင်းသားများကြား ကာလရှည်ကြာက နိုင်ငံရေးအရ ပဋိပက္ခဖြစ်နေတာတွေ ဖြေရှင်းနိုင်ဖို့ ပထမခြေလှမ်း ဖြစ်နိုင်ပါတယ်” ဟု KNU ပြောခွင့်ရပုဂ္ဂိုလ်David Tharkabaw က ပြောကြားခဲ့သည်။

*****************************************************************************

KNU နှင့် မြန်မာ ငြိမ်းချမ်းရေးစာချုပ်ချုပ်

(AP သတင်းမှ 12 January 2012 ရက်စွဲပါ Myanmar signs cease-fire with ethnic rebels ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် ကာလရှည်ကြာ ဆွေးနွေးခဲ့ရသော ကရင်တိုင်းရင်းသားလက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး ငြိမ်းချမ်းရေးစာချုပ် တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အစိုးရဘက်က ငြိမ်းချမ်းရေးဆွေးနွေးသည့်အဖွဲ့သည် ကရင်အမျိုးသားယူနီယံ (Karen National Union-KNU) နှင့် ကရင်ပြည်နယ်မြို့တော် ဘားအံတွင် ကြာသပတေးနေ့ (ယနေ့)တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ အစိုးရအရာရှိများက သတင်းထောက်များကို ပြောကြားရာတွင် “အပစ်အခတ် ရပ်စဲရေး စာချုပ်တစ်ရပ်ကို လက်မှတ်ထိုးလိုက်ပါပြီ” ဟု ပါရှိသည်။

တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးမှုများသည် နိုင်ငံတကာ၏ ဖယ်ကြဉ်ထားမှုကို အဆုံးသတ်စေ လိုသည့် အစိုးရ၏ အားထုတ်မှု တစ်ရပ်ဖြစ်သည်။ တိုင်းရင်းသားသူပုန်များနှင့် စစ်ပွဲများအဆုံးသတ်လိုက်ခြင်းသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးတက်လာစေသော အကြောင်းရင်း တစ်ရပ်ဖြစ်သည်။

ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးလိုက်သော ကရင်လက်နက်ကိုင်အဖွဲ့သည် အာဏာရှင်အုပ်ချုပ်ရေးကို နှစ်ပေါင်း ၆၃ နှစ်ကြာ တိုက်ခိုက်ခဲ့သူများ ဖြစ်ပြီး အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူညီမှု ယခုမှ ပြီးမြောက်သွားသည့် အင်အားကြီး လက်နက်ကိုင်အဖွဲ့ကြီးတစ်ခု ဖြစ်သည်။

****************************************************************************

အာဆီယံက မြန်မာအပေါ် အရေးယူမှုများ ဖြေလျော့ရန်တောင်းဆို

(Radio Australia News မှ 11 January 2012 ရက်စွဲပါ ASEAN calls for west to ease Burma sanctions ကို ဘာသာ ပြန်ဆိုသည်)

အဖွဲ့ဝင် ၁ဝ နိုင်ငံပါဝင်သော ASEAN အဖွဲ့ကြီးက အနောက်နိုင်ငံများအား မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကို ရုတ်သိမ်း ပေးရန် တောင်းဆိုလိုက်သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ရှေ့သို့ ဆက်လက်လုပ်ဆောင်နေကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Hor Namhong က ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် မကြာသေးမီကမှ ဒေသတွင်းအဖွဲ့ကြီး၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူထားသူ ဖြစ်သည်။

အာဆီယံနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများသည် ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ Siem Reap တွင် တွေ့ဆုံ အစည်းအဝေး ပြုလုပ်လျက် ရှိသည်။ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုများ ရုတ်သိမ်းရန် မြန်မာနိုင်ငံခြားရေး ဝန်ကြီး၏ တောင်းဆိုမှုကို အာဆီယံကလည်း သဘောတူကြောင်း Hor Namhong က ပြောသည်။ အာဆီယံသည် လွန်ခဲ့သည့်နှစ်က အင်ဒိုနီးရှားနိုင်ငံ အပန်းခြေစခန်းတစ်ခုတွင် ထိုသို့သော အရေးယူမှုများ ဖယ်ရှားရန် တောင်းဆိုမှု ပြုလုပ်ခဲ့သေးသည်။

*******************************************************************************

ပြောင်းလဲရန် စပ်ကူးမတ်ကူးအချိန်သို့ မြန်မာရောက်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

(Radio Netherlands မှ 11 January 2012 ရက်စွဲပါ Suu Kyi says Myanmar on verge of breakthrough ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရပြုပြင်ပြောင်းလဲလာပြီးနောက် လွှတ်တော်တွင် နေရာယူရန် ပြင်ဆင်နေသော မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ နိုင်ငံသည် ဒီမိုကရေစီသို့ အကူးအပြောင်းလမ်းပေါ်တွင် ရှိနေပြီဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ (မနေ့)က ပြောကြားလိုက်သည်။

၂ဝ၁ဝ နိုဝင်ဘာလက သူမလွတ်မြောက်မလာမီ နှစ်ပေါင်းများစွာအကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်က နယူးယောက် အခြေစိုက် အာရှအဖွဲ့အစည်း၏ ဆုချီးမြှင့်မှုကို လက်ခံရရှိခြင်းကြောင့် ပင်လယ်ရပ်ခြား အားပေးထောက်ခံမှုများစွာကို ကျေးဇူးစကားပြောကြားခဲ့ရာတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဆုချီးမြှင့်ဂုဏ်ပြုညစာစားပွဲသို့ နှုတ်ခွန်းဆက်လွှာ အသံသွင်း ပေးပို့ခဲ့သော ဒေါ်အောင်ဆန်းစုကြည်က “မြန်မာ နိုင်ငံဟာ ဒီမိုကရေစီကို ကူးပြောင်းဖို့ စပ်ကူးမတ်ကူးကာလကို ရောက်နေပါတယ်။ ကျွန်မတို့ ခုထိ အပြောင်းအလဲ မလုပ်ရသေးပါဘူး။ ဒီလို ကူးပြောင်းဖို့ စပ်ကူးမတ်ကူးအချိန်ကို ရောက်နေတာပါ” ဟု ပြောကြားခဲ့သည်။ “ဆူးကြမ်းတွေနဲ့ ပြည့်နေပေမဲ့ ခက်ခဲတဲ့ လမ်းကြောင်းတလျှောက် ကျွန်မတို့ကို ကူညီမယ့် ရှင်တို့လို မိတ်ဆွေတွေကို ရှာဖွေနေပါတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီထွန်းကားမှု နယ်ပယ်ကျယ်ပြန့်လာမယ့်အချိန်၊ ကမ္ဘာတလွှားက မိတ်ဆွေတွေနဲ့ ဖလှယ်မှုတွေ အဆက်မပြတ် ပြုလုပ်နိုင်မယ့်အချိန်ကို ကျွန်မမျှော်လင့်နေပါတယ်” စသဖြင့် သူမက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ရန်ကုန်အနီးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေပြီဖြစ်၍ နှစ်ရှည် အထိန်းသိမ်းခံ နိုင်ငံရေးခေါင်းဆောင်အနေဖြင့် လွှတ်တော်တွင် ကိုယ်စားလှယ်အမတ်အဖြစ် ပါဝင်ဆောင်ရွက်တော့မည့် အဓိက ခြေလှမ်းအဖြစ် ရှုမြင်ထားကြသည်။

***************************************************************************

ဘီလ်ဂိတ်နှင့် အမေရိကန်စီးပွားရေးဦးဆောင်ပုဂ္ဂိုလ်များ မြန်မာသို့ လာမည်

(Reuters မှ 11 January 2012 ရက်စွဲပါ Gates, US corporate captains to visit Myanmar ကို ဘာသာ ပြန်ဆိုသည်)

မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဘီလ်ဂိတ်အပါအဝင် အမေရိကန်စီးပွားရေးလောက ဦးဆောင်ပုဂ္ဂိုလ်များ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ သည် မြန်မာနိုင်ငံသို့ မကြာမီ ရောက်ရှိလိမ့်မည်ဟု မြန်မာစီးပွားရေးကဏ္ဍ တာဝန်ရှိသူတစ်ဦးက မနေ့က ပြောကြားလိုက်သည်။

ယင်းမှာ Sanctions များရှိနေဆဲ၊ ကာလရှည်ကြာအပယ်ခံနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေး ခိုင်မာလာသော နောက်ထပ် လက္ခဏာတစ်ရပ်ပင် ဖြစ်သည်။ နှစ်ပေါင်း ၅ဝ အတွင်း ပထမဆုံးမြန်မာနိုင်ငံရောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို အားပေးထောက်ခံရန် ဝါရှင်တန်က အသင့်ရှိကြောင်း၊ Sanctions များ ရုတ်သိမ်းရန် အလားအလာရှိကြောင်း ပြောကြားခဲ့ပြီးနောက် ၃ လ မပြည့်မီမှာပင် ယခုခရီးစဉ်သတင်း ပေါ်ထွက်လာခြင်း ဖြစ်သည်။

ယခုခရီးစဉ်ကို ဖေဖော်ဝါရီလအတွင်းတွင် လာရောက်မည်ဟု မျှော်လင့်ထားပြီး အမေရိကန် Sanctions များ ချမှတ်ထားဆဲ အနေအထားတွင် ယင်းသို့ ထုံးစံမရှိဖူးသော်လည်း ၁၉၆၂ ကစ၍ တပ်မတော်က အာဏာသိမ်းထားခဲ့သော သယံဇာတကြွယ်ဝသည့် မြန်မာနိုင်ငံ၏ ကြီးကြီးမားမား ပြုပြင် ပြောင်းလဲလာမှုများနှင့် တိုက်ဆိုင်လျက်ရှိသည်။

“ဘီလ်ဂိတ်အပါအဝင် ထိပ်ပိုင်းအဆင့် အမေရိကန်လုပ်ငန်းရှင်များအဖွဲ့ မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်” ဟု မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းမှ အမည်မဖော်လိုသူ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။ ဘီလ်ဂိတ်၏ ပြောရေးဆိုခွင့်ရှိသူကမူ လတ်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။

အထူးသဖြင့် အာရှတိုက်မှ စီးပွားရေးလုပ်ငန်းရှင်အများစုသည် အာရှ၏ နောက်ဆုံးထွက်ပေါ်လာသော မြန်မာဈေးကွက်တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ လေ့လာစူးစမ်းရန်အတွက် လတ်တလော သီတင်းပတ်များအတွင်း ရန်ကုန်မြို့တော်သို့ အုပ်စုလိုက် ရောက်ရှိလျက် ရှိသည်။

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များသည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမည့်အပြင် အမေရိကန်အစိုးရ၏ အရေးယူမှုကို ရင်ဆိုင်နေရသော ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနှင့်လည်း တွေ့ဆုံကာ ကမ္ဘာလှည့်ခရီးသွားနေရာများကို လည်ပတ်ကြမည်ဟု မြန်မာ တာဝန်ရှိသူ နောက်တစ်ဦးက ပြောကြားသည်။

အချို့အကဲခတ်လေ့လာသူများက မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲမှုအခြေအနေကို ၁၉၉၄ ခုနှစ်က ဗီယက်နမ်တွင် အမေရိကန် Sanctions များ ရုတ်သိမ်းပေးခဲ့ချိန်နှင့် နှိုင်းယှဉ်သုံးသပ်ကြသည်။ သို့သော် အင်အားကြီး အိန္ဒိယနှင့် တရုတ်အကြားတွင် ညပ်နေကာ အိန္ဒိယသမုဒ္ဒရာ ကမ်းခြေ ဆိပ်ကမ်းများ ရှိနေသော မြန်မာနိုင်ငံ၏ တည်နေရာက ပို၍ မဟာဗျူဟာမြောက်သည်ဟု သတ်မှတ်ကြသည်။

ပြုပြင်ပြောင်းလဲမှု အရှိန်ရလာသော ပြီးခဲ့သည့်နှစ်ကုန်မတိုင်မီအထိ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့၊ ကျွန်းသစ်နှင့် ကျောက်မျက်ရတနာများ စသော သဘာဝသယံဇာတများကို တရုတ်နိုင်ငံကသာ လက်ဝါးကြီးအုပ် ရယူခဲ့သည်။ မြန်မာနိုင်ငံ၏၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာရေးနှစ်အတွင်း တရုတ်က ဒေါ်လာ ၁၄ ဘီလျံကျော် ရင်းနှီးမြှုပ်နှံရန် ကတိပြုထားသော ရေနံ၊ ဓာတ်ငွေ့ပိုက်လိုင်းများ၊ ရေအားလျှပ်စစ်တမံများ၊ အမြန်လမ်းမစီမံကိန်းများကို တရုတ်လုပ်သားများက လာရောက် တည်ဆောက်လျက်ရှိပြီး လွန်ခဲ့သောတစ်နှစ်က နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃ဝဝ မျှသာ ရှိရာမှ ထိုနှစ်တွင် ဒေါ်လာဘီလျံ ၂ဝ သို့ ရောက်ရှိသွားခဲ့ကြောင်း တရားဝင် ကိန်းဂဏန်းများက ပြသနေသည်။

ဂျပန်ကုမ္ပဏီများ၏ ဦးဆောင်ပုဂ္ဂိုလ်များကလည်း အလားတူ စိတ်ဝင်စားမှုများ ပြသခဲ့သည်။ ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီး ယူကီယိုအီဒါနိုသည် ဟီတာချီ၊ တိုရှိဘာ၊ မစ်ဆုအီ၊ အီတိုချု၊ ဂျေအိတ်စ် နီပွန် ရေနံ စွမ်းအင် ကော်ပိုရေးရှင်း၊ မာရူဘီနီကော်ပိုရေးရှင်းတို့မှ တာဝန်ရှိသူများ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ ယခု သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။

ပြီးခဲ့သော သီတင်းပတ်အတွင်းကလည်း အမေရိကန်သန်းကြွယ် လုပ်ငန်းရှင် ဂျော့ဆိုရော့စ်သည် မြန်မာနိုင်ငံသို့ လာရောက်၍ သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံကာ ဆွေးနွေးပြီးနောက် မြန်မာနိုင်ငံတွင် သူ၏ လှူဒါန်းကူညီမှုလုပ်ငန်းအတွက် တရားဝင် အခြေစိုက်ရန် သဘောတူညီမှု ရရှိခဲ့သည်။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၁.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ပြည်ပန်းညို ချိုပါလျက် ဆားဖျက်တဲ့ မိုဘိုင်းကဒ်  

*******************************

ဆောင်းပါးကဏ္ဍ

ပြည်ပန်းညို ချိုပါလျက် ဆားဖျက်တဲ့ မိုဘိုင်းကဒ်

ယနေ့ ပြည်သူတွေ စိတ်အဝင်စားဆုံးသတင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်ကဝင်ပြိုင်မှာလဲဆိုသည့် သတင်းမဟုတ်၊ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဘာတွေပြောသွားလဲဆိုသည့် သတင်းလည်းမဟုတ်၊ မာစီးဒီးလို တန်ဖိုးကြီးကားတွေ သွင်းခွင့်ပြုလိုက်ပြီဆိုသည့် သတင်းကလည်း သာမန်လက်လုပ်လက်စား တွေအတွက် စိတ်ဝင်စားစရာ သတင်းမဟုတ်ပေ။ သို့သော် ပြည်သူလူထု အများစု သိချင်နေကြသည့် သတင်းတစ်ခု အရပ်တကာထဲတွင် ဟိုးဟိုးကျော်နေပြီ။

ငါးထောင်တန် ဖုန်းကဒ်များ ရောင်းချတော့မည့်သတင်းမှာ အင်တာနက်စာမျက်နှာများမှ ပုံနှိပ်ဂျာနယ်များပေါ် အထိ ရောက်ရှိလာသည်။ ရွှေပြည်တံခွန် ကုမ္ပဏီမှ မိုဘိုင်ဆင်းကဒ် တစ်ကဒ်လျှင် ငါးထောင်ကျပ်နှင့် ရောင်းချပေးနိုင်မည့် Proposal ကို နိုင်ငံတော်သမ္မတကြီးထံ တင်ပြထားသည်ဟု အဆိုပါကုမ္ပဏီ၏ ထိပ်တန်းအရာရှိကြီးတစ်ဦးက မီဒီယာများကို ဖိတ်ခေါ်၍ အသိပေးလိုက်သည်။ သမ္မတကြီးမှ ခွင့်ပြုသည်နှင့်တပြိုင်နက် စတင်ဖြန့်ချိတော့မည်ဟုလည်း အသိ ပေးလိုက်သည်။ ဈေးနှုန်းနှင့် ခေါ်ဆိုခမှာ မြန်မာ့ဆက်သွယ်ရေးမှ GSM, CDMA, ကမ်းရိုးတမ်းတွေထက် အံသြဖွယ်ကောင်းလောက်အောင် နည်းပါးသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်သည့်အပြင် အရှိန်ရလာလျှင် ဆင်းကဒ်ဖိုး ငါးထောင်ကိုပင် ယူတော့မည်မဟုတ်ဘဲ ခေါ်ဆိုခကိုသာ ကောက်ခံတော့မည်ဟုလည်း ၎င်းအရာရှိကြီးက ဆက်လက်ပြောကြားလိုက်သေးသည်။ ခေါ်ဆိုခပင်လျှင် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင်များပြားနေသေးကြောင်းလည်း ဝန်ခံသွားခဲ့သည်။

ပြည်သူတွေအနေဖြင့် ထိုကိစ္စ အမှန်တကယ် အကောင်အထည်ဖော်လာရန် ဆုတောင်းနေကြရပါည်။ မည်သည့်နိုင်ငံတွင်မှ မပေးရသည့် ဖုန်းဈေးနှုန်းနှင့် ကြီးမြင့်လှသော ခေါ်ဆိုခတွေကို ဆင်းရဲသောပြည်သူတွေ ပေးဆောင်နေကြရသည်။ စီးပွားရေးလုပ်ငန်းတွေမှာလည်း မလိုလားအပ်သည့် အပိုကုန်ကျစရိတ်( Transaction Cost) တွေကြောင့် ဒေသတွင်းနိုင်ငံတွေနှင့် ယှဉ်ပြိုင်ရောင်းချနိုင်စွမ်းမရှိ ဖြစ်နေရသည်။ Transaction Cost တွေ လျော့ချရမည့် ကိစ္စကို တိုင်းပြည်အခြေပြုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည့် သမ္မတကြီးအနေဖြင့်လည်း ယခုကိစ္စကို သဘောတွေ့လိမ့်မည် ထင်ပါသည်။

ပြည်ပန်းညိုချိုပါလျှက် ဆားကဖျက်ဆိုသကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထိုကိစ္စကို အနှုတ်လက္ခဏာဆောင်သည့်အမြင်ဖြင့် ရှုမြင်သည်။ ဆက်သွယ်ရေးမပါဘဲ လုပ်၍မရကြောင်း မီဒီယာများကို အသိပေးသည်။ ဆက်သွယ်ရေးကဏ္ဍမှာ နိုင်ငံတော်ကသာ လုပ်ခွင့်ရှိသည့် ကိစ္စဟူ၍လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ကိုးကားပြောဆိုပြန်သည်။ မြန်မာ့ဆက်သွယ်ရေး၏ ကွန်ယက်ပေါ် ဖြတ်သန်းခြင်းမရှိဘဲ မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများနှင့် ချိတ်ဆက်၍မရ၊ နိုင်ငံတကာ ဖုန်းများနှင့် ချိတ်ဆက်၍မရဟူ၍လည်း နည်းပညာပိုင်းအရ မဖြစ်နိုင်ပါဟူ၍လည်း ငြင်းဆိုလိုက်သေးသည်။ အကယ်၍ ပုဂ္ဂလိက လုပ်ငန်းက ကိုယ်ပိုင် ဆက်သွယ်ရေး ပစ္စည်များ၊ တိုင်များ၊ ဂြိုလ်တုများနှင့် လုပ်ကိုင်မည်ဆိုလျှင် မြန်မာ့ဆက်သွယ်ရေးမှ ဖုန်းများကို မည်သူမျှ သုံးကြတော့မည်မဟုတ်ပေ။ အစိုးရမှာ တပ်မတော် အစိုးရကို ဆက်ခံသော အစိုးရဖြစ်၍ လုံခြုံရေးအမြင်အရဆိုလျှင်လည်း ထိုပုဂ္ဂလိကကုမ္ပဏီများမှာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေမည့် ကိစ္စရပ်များ အတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီပြီးဖြစ်ပါလိမ့်မည်။ အမေရိကန် ပြည်ထောင်စုကဲ့သို့ နိုင်ငံကြီးများပင်လျှင် ၉/၁၁ အရေးအခင်းအပြီးတွင် တယ်လီဖုန်းများ ကြားဖြတ်နားထောင်သည့်ကိစ္စကို ပြုလုပ်ခဲ့ရသည်ဖြစ်ရာ လုံခြုံရေးအမြင်ဖြင့် ကြည့်လွန်းသော အစိုးရအနေဖြင့် ထိုကိစ္စကို ပူပန်စရာမလိုပါဟုသာ ဆိုရပေလိမ့်မည်။

သို့ရာတွင် အစိုးရဘက်မှ တစ်စုံတစ်ရာ သဘောထားထုတ်ပြန်ချက်မရှိသေးဘဲ မြန်မာ့ဆက်သွယ်ရေးကသာ ထိုကိစ္စကို ငြင်းဆိုနေခြင်းဖြစ်ရာ မည်သို့ ဆက်ဖြစ်မည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းနေပေသည်။ ခြစားမှုများလွန်းသော ကဏ္ဍများကို ပြုပြင်ပြောင်းလဲရေးလုပ်ရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။ ဆိုရလျှင် မြန်မာ့ဆက်သွယ်ရေးသာ မဟုတ်၊ အစိုးရ၏ လုပ်ငန်းတော်တော်များများတွင် ခြစားမှုတွေမှာ သူ့နည်းသူ့ဟန်နှင့် ရှိနေကြပြီး ဖြစ်ပါသည်။ မြန်မာ့ဆက်သွယ်ရေးကို ဥပမာပေးရလျှင်ပင် မြန်မာစာ၊ ရုက္ခဗေဒ စသည်ဖြင့် လုပ်ငန်းသဘောသဘာဝနှင့် မည်သို့မျှဆက်စပ်ခြင်းမရှိသည့် ဝန်ထမ်းတွေ အမြောက်အများရှိနေသည်။ သို့ရာတွင် ပြန်တမ်းဝင်ဝန်ထမ်းအဖြစ်မဟုတ်ဘဲ အကူ၊ နေ့စား ဝန်ထမ်းအဖြစ်၊ အချို့ဆိုလျှင် လခမရဘဲ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ သက်ဆိုင်ရာအရာရှိကြီးများ၏ နီးစပ်မှုဖြင့် ထိုသို့ ဝင်ရောက်နေကြသည့် ဝန်ထမ်းတွေ မနည်းမနောရှိပါသည်။ သူတို့၏ ရည်ရွယ်ချက်မှာလည်း ဖုန်းပွဲစားလုပ်ခြင်း၊ ဖုန်းဘီလ်ဆောင်ခြင်း၊ ပီစီအို တည်ထောင်ခြင်း၊ လိုင်းပြင်ခြင်း စသည်ဖြင့် ကြားပေါက်ရမည့် ကိစ္စတွေ အတွက်သာ ထိုကဲ့သို့ လစာကို မက်မောခြင်းမရှိဘဲ ဝင်ရောက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် မြန်မာ့ဆက်သွယ်ရေး၏ ခြစားမှု မည်မျှကြီးမားနေသည်ကို ခန့်မှန်း နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် မြန်မာ့ဆက်သွယ်ရေး ရှုထောင့်မှကြည့်လျှင် လုပ်ငန်းအတွကသာမက၊ ဝန်ကြီးအစ၊ အရာရှိအလယ် အောက်ခြေဝန်ထမ်းအဆုံး ကိုယ်ကျိုးစီးပွား ထိခိုက်နိုင်ကြသည်ဖြစ်၍  ယခုကိစ္စကို လက်မခံနိုင်ကြသေးခြင်း ဖြစ်ပါလိမ့်မည်။

ဥပမာပေးရလျှင် ကြေးနန်းပို့သည့် ခေတ်ကုန်သွားပြီဖြစ်၍ ကြေးနန်းကဏ္ဍမှာ နှစ်စဉ်အရှုံးပေါ်လျှက်ရှိသည်။ ထို့ကြောင့်  ကြေးနန်းဝန်ထမ်းတွေ အလုပ်ပြုတ်မည့်အရေးမှ အကာအကွယ်ပေးနိုင်ရန် ကြေးနန်းဝန်ထမ်းများကို အင်တာနက်၊ အီးမေးလ်သင်တန်းများပေး၍ မြန်မာ့ဆက်သွယ်ရေး၏ အများပြည်သူ သုံး အင်တာနက်စခန်းများ၊ အင်တာနက်ကြေးနန်း ဝန်ဆောင်မှုလုပ်ငန်းများကို ပြုလုပ်ကြရသည်။ အစိုးရရှုထောင့်မှကြည့်လျှင် အစိုးရဝန်ထမ်းများ အစုလိုက် အပြုံလိုက် အလုပ်ပြုတ်မည့်အရေးကို ထည့်သွင်းစဉ်းစားရခြင်းလည်း ရှိနိုင်ပါသည်။ သို့ရာတွင် ပုဂ္ဂလိကဆက်သွယ်ရေး ကုမ္ပဏီများ အပြိုင်အဆိုင် ပေါ်လာသည် နှင့်အမျှ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမည်ဖြစ်ရာ ထိုကိစ္စမှာ စိုးရိမ်ပူပန်ဖွယ်မရှိနိုင်ပါ။ သို့ရာတွင် ထိုက်တန်သော လုပ်ခလစာနှင့် လုပ်ရမည်ဖြစ်၍ လိုအပ်သည်ထက် အခွင့်အရေးပိုယူလွန်းသော ဝန်ထမ်းများအတွက်မူ ဆက်သွယ်ရေးကုမ္ပဏီများထက် မြန်မာ့ဆက်သွယ်ရေးကို ပို၍ ဖက်တွယ် လိုကြပါလိမ့်မည်။ အထူးသဖြင့် အကျိုးအမြတ်များစွာရရှိနေသာ ထိပ်တန်းအရာရှိများက ပိုပါလိမ့်မည်။ စီမံကိန်း ဒါရိုက်တာရာထူး၊ ညွှန်ကြားရေးမှူးရာထူး စသူတို့မှာ အများအားဖြင့် တပ်မတော်မှ အငြိမ်းစားများဖြစ်လေ့ရှိပြီး နည်းပညာအကြောင်း နကန်းတစ်လုံးမျှ နားမလည်သူတွေလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ရှိနေပါသေးသည်။ ထိုကဲ့သို့ ပုဂ္ဂိုလ်မျိုးတွေကို ငဲ့ညာနေလျှင် ကျန်သန်းခြောက်ဆယ်သော ပြည်သူတို့၏ ဘဝကို မညှာတာရာ ရောက်ပေလိမ့်မည်။ ယနေ့ခေတ်မှာ မိမိကိုယ်ကို တာဝန်ခံရသောခေတ်ဖြစ်ရာ လုပ်ငန်းအမှန်တကယ် တတ်ကျွမ်းခြင်းမရှိလျှင်၊ ခေတ်နှင့်အညီ လိုက်ပါနိုင်ခြင်းမရှိလျှင် ကျန်ရစ်ခဲ့မည်မှာ လည်း ဓမ္မတာပင်ဖြစ်ပါသည်။

စာရေးသူတို့ နိုင်ငံအနေဖြင့် ထိုကိစ္စအပေါ် အသစ်အဆန်းဖြစ်နေသော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင်  ဆက်သွယ်ရေးနှင့် သတင်းပျံ့နှံ့ စီးဆင်းမှုတို့မှာ အဓိကမောင်းနှင်အားဟုဆိုရမည်ဖြစ်ရာ ဆက်သွယ်ရေးအတွက် တယ်လီဖုန်းနှင့် အင်တာနက်တို့ကို ကောင်းနိုင်သမျှ ကောင်းအောင် လုပ်နေကြ ရသည်။ ဆရာကျော်ဝင်း၏ စာအုပ်များထဲက စကားနှင့်ဆိုရလျှင် ယခင်က တစ်နိုင်ငံနှင့် တစ်နိုင်ငံ မည်သည့်နိုင်ငံ၏ ဒုံးပျံက ပိုမြန်သလဲ ပြိုင်ကြရင်းမှ ယခုအခါတွင် ကွန်ပျူတာချိပ်စ်တွေ ဘယ်လောက်မြန်သလဲ၊ ထိုနိုင်ငံ၏ အင်တာနက်ဒေါင်းလုပ် ဘယ်လောက်မြန်သလဲဆိုတာတွေနှင့် ပြိုင်လာကြရပြီဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့်လည်း ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဟု တလျှောက်လုံး ကြွေးကြော်ကြုံးဝါးနေခဲ့စေကာမူ လျှပ်စစ်မီး၊ အင်တာနက်၊ တယ်လီဖုန်းတို့ကို ယနေ့တိုင် အဆင်ပြေပြေလုပ်ဆောင်ပေးနိုင်ခြင်း မရှိသေးသည်ကို တွေ့ရသည်။ ထိုကဏ္ဍကြီးသုံးခုမှာ နိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကအကျဆုံးသော လုပ်ငန်းကြီး သုံးရပ်လည်း ဖြစ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများသည် ကနဦးပိုင်းတွင် အခက်အခဲများနှင့် ရင်ဆိုင်ရလေ့ရှိသော်လည်း ရေရှည်တွက် အကျိုးများ သည့် ကိစ္စရပ်များဖြစ်ကြောင်းကို မော်တော်ကားအသစ်များ လဲလှယ်ခွင့်ပြုခဲ့သည့် ဖြစ်ရပ်က သက်သေပြခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ယခုကဲ့သို့ ဈေးနှုန်း သက်သာသော ဖုန်းများကိစ္စလည်း မကြာမီ အကောင်အထည်ပေါ်လာဖွယ် ရှိပါသည်။ လက်ဝါးကြီးအုပ်ရုံမျှမက အမြတ်ကြီးပါစားလိုသော ခရိုနီများနှင့် ကိုယ်ကျိုးစီးပွား ကြည့် လွန်းသော အုပ်စုများမှလွဲ၍ လူတိုင်းနှစ်သက်လက်ခံသောကိစ္စပင် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားရမည် မှန်သော်လည်း မြစ်ဆုံကဲ့သို့ သော ကိစ္စ၊ ဝန်ကြီးများရုံးကိစ္စ၊ မော်တော်ယာဉ်တင်သွင်းခွင့် စသည့် ကိစ္စရပ်များသည် နိုင်ငံတိုးတက်ရေးကို လိုလားသော သမ္မတကြီးနှင့် အစိုးရထိပ်တန်း ပုဂ္ဂိုလ်ကြီး များထံမှ တိုက်ရိုက်လာသည်ကို မမေ့မလျော့ရှိကြရန်လည်း လိုအပ်သည်ဟု ဆိုရပေလိမ့်မည်။

*************************************************************************************

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs