Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၁၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၁)

  1. နော်ဝေက မြန်မာအပေါ် အရေးယူမှုများ ပယ်ဖျက်

(The foreigner-Norwegian News in English မှ 14 Jan 2012 ရက်စွဲပါ Norway abolishes Burma sanctions ကို ဘာသာပြန်ဆိုသည်)

  1. ဟီလာရီကလင်တန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဖုန်းဖြင့် စကားပြော

(courant.com မှ 14 January 2012 ရက်စွဲပါ Reuters ၏  Cliton calls Myanmar's foreign minister, Aung San Suu Kyi ကို ဘာသာ ပြန်ဆိုသည်)

  1. တောင်ကိုးရီးယား သင်္ဘောပေါက်ကွဲမှုကြောင့် နစ်မြှုပ်၊ လူသုံးဦးသေဆုံး

(Alska Newspaper မှ 14 January 2012 ရက်စွဲပါ AP ၏ SKorean ship sinks after explosion, 3 crewmen die ကို သာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အုပ်စုလိုက် သွားရောက်ရန်စီစဉ်

(Kyodo News မှ 12 Jan 2012 ရက်စွဲပါ “ Asean foreign ministers plan group visit to Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်။)

  1. ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လည်ပတ်

(Radio Australia News မှ 13 Jan 2012 ရက်စွဲပါ “ French FM begins historic visit to Burma” သတင်းကို ဘာသာ ပြန်ဆိုသည်။)

********************************************

နော်ဝေက မြန်မာအပေါ် အရေးယူမှုများ ပယ်ဖျက်

(14 Jan 2012 ရက်စွဲပါ The foreigner-Norwegian News in English မှ Norway abolishes Burma sanctions ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရ၏ မကြာသေးမီက လုပ်ဆောင်မှုများကြောင့် နော်ဝေအစိုးရသည် မြန်မာနိုင်ငံအပေါ် ကုန်သွယ်မှု ပြုလုပ်ရန် တားမြစ်ထားခြင်းကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူများက စနေနေ့က အတည်ပြု ပြောကြားခဲ့သည်။

စိန်နှင့် သစ်ရောင်းဝယ်မှု ပိတ်ပင်ထားခြင်း အပါအဝင် လက်ရှိ ဥရောပ သမဂ္ဂ၏ အရေးယူမှုများကို လိုက်နာသွားမည် ဖြစ်သော်လည်း နော်ဝေ နိုင်ငံခြားရေးဌာနက နော်ဝေ ကုမ္ပဏီများ မြန်မာနိုင်ငံတွင် စတင် ရင်းနှီး မြှုပ်နှံကြရန် အားပေးမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ နော်ဝေ ပုဂ္ဂလိက ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်ဖို့ တင်းကြပ်စွာ ချမှတ်ထားတာကို ပယ်ဖျက်သွားမှာပါ" ဟု နိုင်ငံခြားရေး ဝန်ကြီး Jonas Gahr Store က NRK သို့ ပြောသည်။ "နော်ဝေ ကုမ္ပဏီတွေ အနေနဲ့ EU မူဝါဒ ဘောင်အတွင်းကနေ မြန်မာနိုင်ငံမှာ ပါဝင်ကြဖို့ စဉ်းစားနိုင်တယ်လို့ အစိုးရက အချက်ပေးခဲ့တာဟာ ကျိုးကြောင်း ဆီလျော်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲရေးနှင့် ဒီမိုကရေစီလမ်းကြောင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေ တွေ့ရလို့ပါပဲ" ဟု ယင်းက ပြောသည်။

ယခုကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အားပေးခြင်းမှာ မြန်မာအစိုးရက ဘုန်းတော်ကြီးများ၊ သတင်းစာဆရာများ၊ ၈၈ မျိုးဆက် ကျောင်းသား အုပ်စု ခေါင်းဆောင်များကို လွှတ်ပေးခြင်း၏ ရလဒ်အဖြစ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ "ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများကို လွှတ်ပေးခဲ့ခြင်းဟာ မြန်မာနိုင်ငံရဲ့ အရပ်သား အစိုးရအပေါ် ကျွန်ုပ်တို့ ယုံကြည်မှု ရစေရန် အရေးကြီးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီးက ကြေညာချက်တွင် ဖော်ပြထားသည်။ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Store သည်လည်း မကြာမီ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်သည်။

************************************************************

ဟီလာရီကလင်တန်က မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဖုန်းဖြင့် စကားပြော

(14 January 2012 ရက်စွဲပါ courant.com မှ Reuters ၏ Cliton calls Myanmar's foreign minister, Aung San Suu Kyi ကိုဘာသာ ပြန်ဆိုသည်)

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် စနေနေ့က မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား တယ်လီဖုန်းဖြင့် ပြောကြားခဲ့ရာတွင် အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံနှင့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် အတူလျှောက်လှမ်းမည်ဟု ကတိပြုခဲ့သည်ဟု ဆိုသည်။

သမ္မတ Barak Obama အစိုးရက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများ ရာနှင့်ချီ၍ လွှတ်ပေးခြင်းနှင့် အခြားပြုပြင် ပြောင်းလဲမှုများကို တုန့်ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို အဆင့်တိုးမြှင့်သွားမည်ဟု ပြောဆိုခဲ့ပြီး တစ်ရက်အကြာတွင် ဟီလာရီကလင်တန်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဝါရှင်တန်အနေဖြင့် လုပ်ဆောင်မှုတိုင်းကို တုန့်ပြန် လုပ်ဆောင်ရန် ပြင်ဆင်ထားသည်ဟု ပြောကြားခဲ့သည်။

သို့သော် သူမက ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ကျန်ရှိသော နိုင်ငံရေး အကျဉ်းသားများ ခြွင်းချက်မရှိ လွှတ်ပေးရန်၊ တိုင်းရင်းသား ဒေသများတွင် ရက်စက်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်ဆိုင်းရန်နှင့် မြောက်ကိုးရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုအတွက် စိုးရိမ် ပူပန်နေရမှု များကို ဆောင်ရွက်ပေးရန် အရေးကြီးသော လုပ်ဆောင်ပေးရန်များ ရှိနေကြောင်း ပြောကြားခဲ့သည်။

ဟီလာရီကလင်တန်၏ ဖုန်းဖြင့် ပြောဆိုမှု အသေးစိတ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး Victoria Nuland ၏ အီးမေးလ် ကြေညာချက်တွင် ဖော်ပြထားသည်။ ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲ အပေါ် အမြင်များနှင့် အမျိုးသား ပြန်လည် ပေါင်းစည်းရေး အတွက် ဆက်လက်လုပ်ကိုင်ရန် လိုအပ်ပုံများကို အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က သူမသည် အမေရိကန်၏ မြန်မာအစိုးရနှင့် ဆက်ဆံရေးအတွက် ကြိုးပမ်းမှုများကို ပံ့ပိုးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများ ကျင်းပပြီး စစ်တပ်ဖက်သို့ များစွာ အလေးသာသော အမည်ခံ အရပ်သား အစိုးရသည် စစ်အစိုးရထံမှ အာဏာ လွှဲယူခဲ့ပြီး နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို လျင်မြန်စွာ လုပ်ဆောင်လာခဲ့သည်။ လုပ်ဆောင်မှုများတွင် ၂၀၁၀ နိုဝင်ဘာ၌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်း၊ ဖိနှိပ်သော ဥပဒေများနှင့် မီဒီယာ ကန့်သတ်ချက်များ လျော့ပေးခြင်း၊ ကာလရှည်ကြာက ရှိနေသော တိုင်းရင်းသား ပဋိပက္ခများ ရပ်ဆိုင်းရေး လုပ်ဆောင်လာခြင်းတွင် ကရင်သူပုန်များနှင့် အပစ်အခတ် ရပ်စဲရေး ကြာသပတေးနေ့က လက်မှတ် ရေးထိုးခဲ့ခြင်းများ ပါဝင်သည်။

ကလင်တန်၏ ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ ခရီးစဉ်သည် နှစ်နိုင်ငံကြား တရားဝင် နှစ်ပေါင်း ငါးဆယ်ခန့် အဆက်အဆံ မပြုလုပ်ခြင်းကို အဆုံးသတ်စေခဲ့သည်။ အဆိုပါ ခရီးစဉ်တွင် သူမက အမေရိကန် ပြည်ထောင်စုသည် နောက်ထပ် ပြုပြင် ပြောင်းလဲမှုများကို တုန့်ပြန်မှုများ ပြုလုပ်မည်ဟု ကတိပြု ပြောကြားခဲ့သည်။

***************************************************************

တောင်ကိုးရီးယား သင်္ဘောပေါက်ကွဲမှုကြောင့် နစ်မြှုပ်၊ လူသုံးဦးသေဆုံး

(14 January 2012 ရက်စွဲပါ Alska Newspaper မှ AP ၏ SKorean ship sinks after explosion, 3 crewmen die ကို သာသာ ပြန်ဆိုသည်)

တောင်ကိုးရီးယား ကုန်တင်သင်္ဘောတစ်စင်းသည် အနောက်ဖက် ကမ်းခြေဘက်တွင် ပေါက်ကွဲမှု ဖြစ်၍ နစ်မြှုပ်သွားခဲ့ကြောင်း သုံးယောက် သေဆုံးပြီး၊ ရှစ်ဦး ပျောက်ဆုံးလျက်ရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ကမ်းခြေစောင့်တပ်မှ အရာရှိ Ko Jae-Young က ပြောကြားရာတွင် တနင်္ဂနွေနေ့က အကြောင်းရင်း မသိသေးသော ပေါက်ကွဲမှု ဖြစ်ပေါ်ရာတွင် အဆိုပါ ၄၁၉ တန် သင်္ဘောပေါ်တွင် တောင်ကိုးရီးယား သင်္ဘောသား (၁၁)ဦးနှင့် မြန်မာ သင်္ဘောသား (၅)ဦးတို့ ရှိနေသည်ဟု ဆိုသည်။ သင်္ဘောပေါ်မှ သဘောင်္သား ငါးဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေဆဲ ဖြစ်ကြောင်း ယင်းက ပြောသည်။ အဆိုပါသင်္ဘောသည် ဓာတုပစ္စည်း တင်သော သင်္ဘောဖြစ်ပြီး၊ နစ်မြှုပ်ချိန်တွင် မည်သည့် ပစ္စည်းမျှ ပါရှိခြင်း မရှိကြောင်း ယင်းက ပြောသည်။ သင်္ဘော ပေါက်ကွဲ နစ်မြှုပ်သော နေရာမှာ မြောက်ကိုးရီးယားနှင့် တင်းမာမှု ဖြစ်နေသော နေရာနှင့် ဝေးပြီး၊ မြောက်ကိုးရီးယား ပါဝင် ပတ်သက်သည်ဟု သံသယဖြစ်ဖွယ် မရှိကြောင်း ကမ်းခြေစောင့်က ဆိုသည်။

၂၀၁၀ ခုနှစ်က တောင်ကိုးရီးယား စစ်သင်္ဘောအား တော်ပီဒိုဖြင့် ပစ်ခတ်၍ သင်္ဘောသား ၄၆ ဦး သေဆုံးမှုတွင် မြောက်ကိုးရီးယားအား စွပ်စွဲခဲ့ခြင်းသော်လည်း မြောက်ကိုးရီးယားက စွပ်စွဲမှုအား ငြင်းဆိုခဲ့သည်။

*****************************************************

မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အုပ်စုလိုက် သွားရောက်ရန်စီစဉ်

(Kyodo News မှ 12 Jan 2012 ရက်စွဲပါ “Asean foreign ministers plan group visit to Myanmar” သတင်းကို ဘာသာပြန်ဆိုသည်။)

အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ အုပ်စုလိုက် ခရီးသွားရောက်၍ နောက်ပိတ်ဆုံး တိုးတက်ဖြစ်ပေါ်မှုများကို လေ့လာကြရန် စဉ်းစားနေကြသည်ဟု အာဆီယံ သတင်းရပ်ကွက်က ကျိုဒိုသတင်းဌာနသို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြားရေးဝန်ကြီးများအပါအဝင် နိုင်ငံခြားခေါင်းဆောင်အတော်များများ လတ်တလော မြန်မာနိုင်ငံသို့ သွားရောက်နေကြချိန်တွင် အာဆီယံနိုင်ငံများက ငြိမ်သက်နေသည်ဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီးက အစည်းအဝေးနားချိန်တွင် ပြောကြားခဲ့သည်ဟု သတင်းရပ်ကွက်က ဆိုသည်။

ယင်းကဲ့သို့ နှိုးဆော်မှုကို တုန့်ပြန်သည့်အနေဖြင့် အခြားနိုင်ငံခြားရေးဝန်ကြီးများက အာဆီယံ၏ စည်းလုံးမှုကို ပြသရန်အတွက် မြန်မာနိုင်ငံသို့ အုပ်စုလိုက်သွားရောက်ကြမည်ဟူသော အကြံဥာဏ်ကို တင်ပြခဲ့ကြသည်ဟုဆိုသည်။ ထိုကဲ့သို့ အုပ်စုလိုက်ခရီးစဉ်ကို တင်ပြဆွေးနွေးသောအခါ မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က “မြန်မာနိုင်ငံအနေဖြင့် ၎င်းခရီးစဉ်ကို ဂုဏ်ပြုကြိုဆိုသော်လည်း အထက်အကြီးအကဲ၏ နောက်ဆုံး ခွင့်ပြုချက် လိုအပ်ကြောင်း” ပြောကြားခဲ့သည်ဟု သိရှိရသည်။

ဦးဝဏ္ဏမောင်လွင်က ဆက်လက်၍ “မြန်မာနိုင်ငံ၌ ဧပြီလတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ထိုနောက်ပိုင်းမှသာ ခရီးစဉ်ကို စီစဉ်သင့်ကြောင်း” အကြံပြုခဲ့သည်ဟု အာဆီယံသတင်းရပ်ကွက်ကပြောကြားသည်။ မြန်မာနိုင်ငံ၏ လူမှု- စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သိသာစွာ ဖြစ်ပေါ်စေမည့် “စီးပွားရေး Sanctions များ ရုတ်သိမ်းရန် တောင်းဆိုထားမှု” ကို ထပ်မံကြေညာရန် အာဆီယံဝန်ကြီးများက သဘောတူခဲ့ကြသည်ဟုလည်း သိရှိရသည်။

အစည်းအဝေးအပြီး ထုတ်ပြန်သော ကြေညာချက်အရ “ကုလသမဂ္ဂနှင့် နီးနီးကပ်ကပ် ပူပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံက ကတိပေးထားခြင်းကို ထည့်သွင်းစဉ်းစားရေးနှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးလွှဲအပ်ထားသော လုပ်ငန်းတာဝန်များ အဆုံးသတ်ရေးတို့ကို တောင်းဆိုရန်ကိစ္စကိုလည်း ဝန်ကြီးများက သဘောတူခဲ့ကြသည်ဟုလည်း သိရသည်။

ကိုးရီးယားကျွန်းဆွယ်အရေးနှင့် ပတ်သက်၍လည်း ဇူလိုင်လတွင် ကမ္ဘေားဒီယားနိုင်ငံ၌ တောင်နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကြရန်အတွက် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံဥက္ကဋ္ဌအနေဖြင် အစွမ်းကုန် တိုက်တွန်းကြိုးပမ်းသွားမည်ဟု ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ဟော်နန်ဟောင်က ပြောကြားသည်။

ကမ္ဘောဒီးယားကို မြောက်ကိုးရီးယား နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးဆိုင်ရာ ၆ နိုင်ငံ ဆွေးနွေးပွဲ ကျင်းပရန်နေရာအဖြစ် ကမ်းလှမ်းမည်လားဟု မေးမြန်းသောအခါ ဝန်ကြီးဟော်နန်ဟောင်က “ဒီအစည်းအဝေးတွေကို တရုတ်နိုင်ငံမှာ အမြဲတမ်းကျင်းပခဲ့တာဖြစ်လို့ ဒီနေရာမှာ ကမ္ဘောဒီးယားဟာ တရုတ်နဲ့ ပြိုင်ဖက်မဟုတ်ပါဘူး၊ ဒါပေမယ့် သက်ဆိုင်ရာ နိုင်ငံအားလုံး ဆွေးနွေးပွဲတွေပြန်စနိုင်ဖို့အတွက် အဆင်ပြေစေမယ့် အရာမှန်သမျှကို ကမ္ဘောဒီးယားက ညှိနှိုင်း ကမ်းလှမ်းသွားမှာပါ” ဟု ဖြေကြားခဲ့သည်။

ထို့အပြင် ဇူလိုင်လ ဖနွမ်းပင် အာဆီယံဖိုရမ်မတိုင်မှီ ပြုံယမ်းသို့ သွားရောက်ရန် စီစဉ်ထားသော ခရီးစဉ်နှင့် ပတ်သက်၍ ဟော်နန်ဟောင်က လုပ်ဖော်ကိုင်ဖက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကို ရှင်းလင်းတင်ပြခဲ့သည်ဟုလည်း အာဆီယံ သတင်းရပ်ကွက်က ပြောကြားသည်။

ကမ္ဘောဒီးယားသည် ကင်အီဆွန်းနှင့် ကင်ဂျုံအီးတို့ ခေါင်းဆောင်ခဲ့သော မြောက်ကိုးရီးယားအစိုးရ အဆက်ဆက်နှင့် အထူးဆက်ဆံရေးများ ရှိခဲ့ဘူးသည်။ ယခု ကင်ဂျုံအန်း ခေါင်းဆောင်သည့်အချိန်တွင် ယခင်ကဲ့သို့ ဆက်ဆံရေး ဆက်လက် ကောင်းနေဦးမည်လား ဆိုသည့် အချက်ကို ရှင်းလင်းစွာ မသိနိုင်သေးပေ။

*******************************************************

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ်လည်ပတ်

(Radio Australia News မှ 13 Jan 2012 ရက်စွဲပါ “ French FM begins historic visit to Burma” သတင်းကို ဘာသာ ပြန်ဆိုသည်။)

မြန်မာခေါင်းဆောင်သစ်များ၏ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အားပေးထောက်ခံသည့်အနေဖြင့် ပြင်သစ်နိုင်ငံ၏ အမြင့်ဆုံးအဆင့် သံတမန် နိုင်ငံခြားရေးဝန်ကြီး Alain Juppe သည် မြန်မာနိုင်ငံသို့ သမိုင်းဝင်ခရီးစဉ် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အလန်ယု(ပ်) Alain Juppe အနေဖြင့်သမ္မတဦးသိန်းစိန်နှင့် မြန်မာအာဏာပိုင်များအား လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသား ပြန်လည် စေ့စပ်ရေးတို့ကို ဦးတည်သော ဆောင်ရွက်ချက်များဖြင့် လက်ရှိ ခြေလှမ်းကို ဆက်လက် ချဲ့ထွင်သွားကြဖို့ တိုက်တွန်းအားပေးရန် ဆန္ဒရှိသည်ဟု ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ယခု သီတင်းပတ်တွင် ပြောဆိုခဲ့သည်။

ထို့အပြင် အနောက်နိုင်ငံများက အတုအယောင်ဟု ပြစ်တင်ကန့်ကွက်ခဲ့သော ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲ၏ နောက်ဆက်တွဲအဖြစ် ကျင်းပမည့် လာမည့် ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲများကို ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများနှင့် တစ်သားတည်း ကိုက်ညီသောပုံစံဖြင့် ပြုလုပ်ကြဖို့ အလန်ယု(ပ်) က အခိုင်အမာ တောင်းဆိုဦးမည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားသော အစိုးရအတိုက်အခံများ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ကို လွတ်ပေးပြီး နောက်တစ်ရက် စနေနေ့ညပိုင်းတွင် မစ္စတာယု(ပ်) ရန်ကုန်မြို့တော်သို့ ရောက်ရှိခဲ့သည်ဟု သံတမန် သတင်းရပ်ကွက်က AFP သို့ပြောကြားသည်။

အနောက်နိုင်ငံများက ကာလကြာမြင့်စွာ တောင်းဆိုခဲ့သည့် ယခုလို လွတ်ငြိမ်းချမ်းသာခွင့်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းကြိုဆို ထောပနာ ပြုခဲ့ကြသည်။ ယခုဆောင်ရွက်ချက်ကို “အရေးကြီးသောခြေလှမ်း” အဖြစ် ပြင်သစ်နိုင်ငံက ထောက်ခံကြိုဆိုခဲ့သလို အမေရိကန် ပြည်ထောင်စုကလည်း ထိပ်တန်းအဆင့် သံတမန်ဆက်ဆံမှု ပြန်လည်ပြုလုပ်ရန် ဆန္ဒရှိသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။

မစ္စတာယု(ပ်)သည် တနင်္ဂနွေနေ့တွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် စီစဉ်ထားပြီး တနင်္လာနေ့တွင် သမ္မတ ဦးသိန်းစိန်ထံ သွားရောက်တွေ့ဆုံမည်ဖြစ်သည်။

မစ္စတာယု(ပ်)သည် ၁၉၄၈ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရရှိခဲ့သော အရှေ့တောင်အာရှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိလာသော ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးအဖြစ် မှတ်တမ်းဝင်သွားသည်။

ဒီဇင်ဘာလဆန်းတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၊ ဇန်နဝါရီလဆန်းတွင် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟေ့ဂ် စသော အထင်ကရ ခရီးစဉ်များ၏ နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။                

မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၅၀ ခန့် စစ်အုပ်ချုပ်ရေး ကျင့်သုံးခဲ့အပြီးတွင် တပ်မတော်အစိုးရ နောက်ဆုံးမင်းဆက်ကို နာမည်ခံ အရပ်ဖက် အစိုးရသစ်ဖြင့် အစားထိုးလိုက်ပြီ ဖြစ်သော်လည်း အစိုးရအဖွဲ့ကို စစ်ဗိုလ်ချုပ်ဟောင်းများက လွှတ်တော်အမတ်နေရာ လေးပုံတစ်ပုံကို တာဝန် ထမ်းဆောင်ဆဲ တပ်မတော်အရာရှိများက လွှမ်းမိုးထားကြဆဲပင် ဖြစ်သည်။ သို့ရာတွင် မြန်မာအစိုးရသစ်သည် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးကာ နိုင်ငံရေး ဆွေးနွေးခြင်း၊ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ပေးခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုများ အရှိန်တင်လာခြင်းဖြင့် နိုင်ငံရေးအကဲခတ်လေ့လာသူများကို အံ့အားသင့်စေခဲ့သည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့်လည်း ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး၊ ကမ္ဘာ့ အရှည်ကြာဆုံး ပြည်တွင်းစစ်ပွဲတစ်ခုကို ပါဝင်တိုက်ခိုက်နေသော ကရင်လက်နက်ကိုင်တပ်ဖွဲ့နှင့် အပစ်ရပ်စဲခြင်းစာချုပ်ကို ကြာသပတေးနေ့က လက်မှတ် ရေးထိုးလိုက်ပြီဖြစ်သည်။

ယင်းအပစ်ရပ်စာချုပ်ကို “အမျိုးသားပြန်လည်စေ့စပ်ရေးနှင့် တိုင်းရင်းသားတို့အား အသိအမှတ်ပြု လေးစားရေး လမ်းကြောင်းပေါ်မှ အရေးပါသော နောက်ထပ် ခြေလှမ်းတစ်ခု” အဖြစ် မစ္စတာယု(ပ်)က သောကြာနေ့တွင် ဂုဏ်ပြုကြိုဆိုခဲ့သည်။

**********************************************

 

              

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၁၆.၁.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မြန်မာ-အမေရိကန် ဆက်ဆံရေး သံအမတ်အဆင့် တိုးမြှင့်မည်
  2. နယ်စပ်ဂိတ်များရှိ ကုန်ပစ္စည်းစစ်ဆေးမှုအား အကောက်ခွန်မှ တာဝန်ယူရန် တင်ပြထား
  3. မြန်မာ့လယ်ယာကဏ္ဍ အကူအညီပေးရေးအတွက် IMF မှ လာရောက်ဆွေးနွေး
  4. မြန်မာနိုင်ငံအတွင်း နော်ဝေကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခွင့် ရရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆက်လက်ဆောင်ရွက်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

မြန်မာ-အမေရိကန် ဆက်ဆံရေး သံအမတ်အဆင့် တိုးမြှင့်မည်

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှစတင်၍ ကောင်းမွန်လာသည့် မြန်မာ-အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးတွင် သံရုံးယာယီတာဝန်ခံအဆင့်မှ နိုင်ငံတော်သမ္မတ၏ စတုတ္ထအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် ပြုပြီးချိန်တွင် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို သံအမတ်အဆင့်သို့ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် အစိုးရသစ်လက်ထက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများနှင့် အခြားအကျဉ်းသား (၆၅၁)ဦးအား စတုတ္ထအကြိမ်မြောက်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ကြောင်း သိရသည်။

ထိုသို့ မြန်မာနိုင်ငံ၏ အစိုးရသစ်မှ နိုင်ငံရေးအကျဉ်းသားအချို့အား လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးလိုက်သည့် အတွက် သမ္မတအိုဘားမား၏ ညွှန်ကြားချက်အောက်၌ အမေရိကန် ကွန်ကရက်အဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး၍ မြန်မာ-အမေရိကန်သံတမန် ဆက်ဆံရေးအဆင့်မှ သံအမတ်ကြီးအဆင့်သို့ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ သမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြောင်းလဲမှုများအား အသိအမှတ်ပြုသောအားဖြင့် မြန်မာ-အမေရိကန် သံတမန်ဆက်သွယ်မှုကို အပြည့်အဝ ပြုလုပ်မည်ဖြစ်ကာ အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတစ်ဦးကို မကြာမီ ရွေးချယ် စေလွှတ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က “ကျွန်မတို့အနေနဲ့ အမေရိကန်အစိုးရကို ကိုယ်စားပြုဖို့ မြန်မာဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ရွေးချယ်မှာဖြစ်ပြီး မြန်မာအစိုးရနဲ့ရော၊ မြန်မာပြည်သူတွေနဲ့ပါ ဆက်ဆံရေးမြှင့်တင်မှာဖြစ်ပါတယ်။ သံအမတ်ကြီးက မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား သမိုင်းဝင်မယ့် ခြေလှမ်းတွေကို ထောက်ခံဖို့ ကျွန်မတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အားပေးကူညီမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဆွေ မပာာမိတ် နိုင်ငံများနှင့် ပူးပေါင်းပြီး မြန်မာနိုင်ငံက ဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကျွန်မညွှန်ကြားထားပြီးဖြစ်ပါတယ်” ပာု ပြောကြားခဲ့သည်။

အမေရိကန်-မြန်မာ ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ထားရှိတော့ခြင်းမရှိဘဲ သံရုံးယာယီတာဝန်ခံအဆင့်သာ ထားရှိခဲ့ကြောင်း သိရသည်။

      YC 

*************************************************************************************

နယ်စပ်ဂိတ်များရှိ ကုန်ပစ္စည်းစစ်ဆေးမှုအား အကောက်ခွန်မှ တာဝန်ယူရန် တင်ပြထား

နယ်စပ်ဒေသများရှိ နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးဇုန်များတွင် ကုန်ပစ္စည်း စစ်ဆေးစိစစ်နေမှုများအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ ပြန်လည်တာဝန်ယူနိုင်ရန် တင်ပြထားကြောင်း သိရသည်။

ယခင် နယ်စပ်ဂိတ်များ၌ ကုန်ပစ္စည်းစစ်ဆေးစိစစ်မှုများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုနှစ်မှ စတင်၍ ၎င်း နယ်စပ်ဂိတ်နှင့် ကုန်သွယ်ရေး ဇုန်များအတွင်း ကုန်ပစ္စည်းစစ်ဆေး စိစစ်မှုများကို အကောက်ခွန်ဦးစီးဌာနမှ လွှဲပြောင်း တာဝန်ယူတော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိ နယ်စပ်ဂိတ်များ၌ ကုန်ပစ္စည်း စစ်ဆေးစီစစ်ရန် တရားဝင်ရုံးအမိန့်ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ဝန်ကြီးဌာန အချင်းချင်းတင်ပြဆောင်ရွက်မှုများရှိကြောင်း၊ ယခင်ကတည်းကပင် နယ်စပ်ဒေသကုန်ပစ္စည်း စစ်ဆေးစိစစ်မှုနှင့် ပတ်သက်၍ အဓိက တာဝန်ယူ ထားရသည်မှာ အကောက်ခွန်ဌာန၏ အလုပ်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၁၉၇၄ ခုနှစ် သွင်းကုန်၊ ထုတ်ကုန်ဥပဒေအရ အကောက်ခွန်ဦးစီးဌာနမှ ကုန်ပစ္စည်းစိစစ်စစ်ဆေးမှုနှင့် အခွန်ကောက်ခံမှုတို့ကို တာဝန်ယူ လုပ်ကိုင်ခဲ့ရပြီး ၂၀၀၆ ခုနှစ် နောက်ပိုင်းမှ စတင်၍ နယ်စပ်ဂိတ်များရှိ ကုန်ပစ္စည်းစစ်ဆေးမှုနှင့် အခွန်ကောက်ခံမှုတို့တွင် ဝန်ထမ်းအနေအထားနှင့် One Stop Service ပြောင်းလဲလိုက်ခြင်း တို့ကြောင့် စီးပွားကူးသန်းဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ဦးစီး၍ ဌာနပေါင်းစုံ ပူးပေါင်းစစ်ဆေးမှုဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထို မြို့နယ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဖွင့်လှစ်၍ အခွန်ကောက်ခံလျက်ရှိသော မရမ်းချောင်း စစ်ဆေးရေးဂိတ်၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော မုပ္ပလင် လမ်းဆုံ ပူးပေါင်း စစ်ဆေးရေးဂိတ်နှင့် စစ်တောင်းတံတား(မုပ္ပလင်)ထိပ် ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ကမ်းကြီးဆိပ်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်များကို ဇန်နဝါရီလ ၇ ရက်နေ့မှ စတင်၍ အခွန်ကောက်ခံခြင်း မပြုရန် စတင်ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မရမ်းချောင်းတွင် နယ်စပ်ကုန်သွယ်ရေးစစ်ဆေးရေးအဖွဲ့ကိုသာ ရုတ်သိမ်းခြင်းဖြစ်ပြီး ဂိတ်တွင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ အနောက်ပိုင်းခရိုင်မှ တပ်ဖွဲ့ဝင်များ၊ သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့၊ မူးယစ်အထူးတပ်ဖွဲ့နှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့တို့ကိုပြန်လည်ချထားကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

YC

*************************************************************************************

မြန်မာ့လယ်ယာကဏ္ဍ အကူအညီပေးရေးအတွက် IMF မှ လာရောက်ဆွေးနွေး

မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်စေရေးအတွက် ပြည်တွင်းဆန်စပါး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရာတွင် အကူအညီကောင်းများ ပေးလိုကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့၌ ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆန်စပါးအသင်းနှင့် ပဲလုပ်ငန်းအသင်းတာဝန်ရှိသူများ တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

၎င်း တွေ့ဆုံပွဲ၌ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အနေဖြင့် တောင်သူများ၏ စိုက်ပျိုးစရိတ် ကုန်ကျငွေ၊ ဓာတ်မြေသြဇာ သုံးစွဲမှုအခြေအနေ၊ စပါးအထွက်နှုန်း၊ ဈေးနှုန်းရရှိမှုအခြေအနေ၊ နိုင်ငံတော်နှင့် ဆန်စပါးအထူးပြုကုမ္ပဏီတို့၏ ကူညီပံ့ပိုးမှုများ၊ ပြည်တွင်း ပြည်ပ ဆန်စပါးဈေးကွက်အခြေအနေများကို အမှန်အတိုင်း သိရှိလိုကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာ့လယ်ယာကဏ္ဍတွင် အကူအညီကောင်းများပေးနိုင်ရန် IMF မှ Deputy Division Chief Mr.Meral Karasulu ဦးဆောင်သော အဖွဲ့ဝင် ၉ ဦးတို့သည် မြန်မာနိုင်ငံ ဆန်စပါး အသင်းမှ တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံအတွင်း ရာသီဥတုဖောက်ပြန်မှုများကို ကြုံတွေ့ခဲ့ရသည့်အတွက် ယခုနှစ် စပါးအထွက်နှုန်းလျော့နည်းခဲ့သော်လည်း မြန်မာနိုင်ငံရှိ ဆန်ကုန်သည်များနှင့် ဆန်စက်ပိုင်ရှင်များမှာလည်း ဆန်စပါး သိုလှောင်ထားခဲ့သည့်အတွက် လက်ရှိအချိန်တွင် ဆန် ၁ အိမ်လျှင် ကျပ် ၁၁၀၀၀၀ နှင့် စပါးတစ်တင်းလျှင် ကျပ် ၂၇၀၀ ကျော်သာရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ပြည်တွင်းစားသုံးမှုဖူလုံနိုင်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ အရန်ဆန် ဆန်တန်ချိန် တစ်သိန်း၊ တန်ဖိုးအားဖြင့် ကျပ် ၃၀ ဘီလီလျံခန့်ကို စပါးတစ်တင်းလျှင် ကျပ် ၃၀၀၀ ဖြင့် ဝယ်ယူနိုင်အောင် မြို့နယ်အဆင့်ကော်မတီများ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

YC 

*************************************************************************************

မြန်မာနိုင်ငံအတွင်း နော်ဝေကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်ခွင့် ရရှိ

ယခင်က နော်ဝေကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်မှုများ မပြုလုပ်ရန် နော်ဝေအစိုးရမှ ပိတ်ပင်ထားရှိခဲ့သော်လည်း မြန်မာအစိုးရသစ်၏ စတုတ္ထအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ပေးပြီး နောက်တစ်နေ့တွင် နော်ဝေအစိုးရမှ နော်ဝေကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်ခွင့် ကို ပြန်လည်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နော်ဝေ ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ကိုင်ခွင့် ပိတ်ပင်ထားမှုကို နော်ဝေအစိုးရမှ ရုတ်သိမ်းလိုက်ပြီဖြစ်သည့်အတွက် နော်ဝေကုမ္ပဏီများကို မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် တိုက်တွန်းသွားမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံအတွင်း နော်ဝေကုမ္ပဏီများ စီးပွားရေးလုပ်ကိုင်မှု ပြန်လည်ပြုလုပ်မည်ဖြစ်သော်လည်း စိန်နှင့် သစ်ကုန်သွယ်မှုအပါအဝင် ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုအဖြစ် လတ်တလောချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများမှာ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း နော်ဝေနိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် မကြာမီအချိန်အတွင်း မြန်မာနိုင်ငံသို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးတစ်ဦး လာရောက်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသည့် အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် အပြုသဘောဆောင်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့်အတွက် မြန်မာနိုင်ငံသည် နိုင်ငံတကာအလယ်တွင် ပြန်လည်နေရာရရှိခဲ့သည်။

Ref:Weekly Eleven

*************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကျန်ရှိနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆက်လက်ဆောင်ရွက်မည်

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့၌ နိုင်ငံတော်သမ္မတမှ ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသည့် အကျဉ်းသားအပါအဝင် အခြားအကျဉ်းသား (၆၅၁)ဦးကို စတုတ္ထအကြိမ်မြောက်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့သော်လည်း ၎င်းစာရင်းတွင် မပါဝင် သည့် ကျန်ရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားအတော်တော်များများ လွတ်မြောက်လာမှုအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသော်လည်း အကျဉ်းထောင်ထဲ၌ မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသားများအပေါ်တွင် တာဝန်ရှိသည်ပာု ခံယူထားသည့်အတွက် မိမိတို့အနေဖြင့် ၎င်းအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အကျဉ်းသားလွတ်မြောက်ခြင်းနှင့် ပတ်သက်၍ ဇန်နဝါရီလ ၁၄ ရက်နေ့၌ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည့်  သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှ နိုင်ငံတော်သမ္မတသည် ၎င်း တာဝန်ယူသည့် ၁၀ လတာကာလအတွင်း အကျဉ်းသားများအား လူသားချင်းစာနာထောက်ထားသော ကိုယ်ချင်းစာစိတ်များ၊ အကျဉ်းသားတို့၏ မိသားစုများကို ငဲ့ညာသော စေတနာများဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့်အဖွဲ့အစည်း မည်သည့် လူပုဂ္ဂိုလ်တို့၏ ပယောဂများ၊ တိုက်တွန်းချက်များကြောင့် ဆောင်ရွက်ခဲ့ခြင်းမပာုတ်ဘဲ လွှတ်ပေးသင့် လွှတ်ပေးထိုက်သူများကို စိစစ်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခု လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးလိုက်သူများ၏ စာရင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်ပြခဲ့သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ ၆၀၄ ဦးစာရင်းကို အတည်ယူ၍ လွတ်ပေးခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများစာရင်းရှိပါက ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့နိုင်ပြီး အချိန်မရွေး စိစစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုမှဆက်လက်ပြောကြားခဲ့သည်။

YC 

*************************************************************************************

သတင်းနှင့်ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- လက်ရှိအစိုးရသစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု အပေါ်သုံးသပ်ပေးပါဦး အဘ။

ဖြေ- လက်ရှိအစိုးရက ကောင်းတယ်လေ။ ကောင်းတယ်ဆိုတာက ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ပြီးပြီ။ သူတို့နှစ်ဦးရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေက တိုင်းပြည်အနာဂတ်အတွက် ကောင်းမယ်လို့မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲကို ဝင်မယ်ဆိုတော့ သူ့လို ပြောရဲဆိုရဲ ပြောတတ်တဲ့ လူကပါဝင်လာ ပြီဆိုတော့ နောင်အနာဂတ် တိုင်းပြည်အတွက် တကယ်အကျိုးရှိမယ့် ပုဂ္ဂိုလ်ပါဝင်လာတော့  သိပ်ကောင်းပါတယ်။ ထောက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို ထောက်ခံပါတယ်။

ဇန်နဝါရီ ၁၈ ထုတ် The Express Times အတွဲ (၁) အမှတ် (၁၆) တွင်ပါသည့် “လွတ်ငြိမ်းချမ်းသာခွင့်ရ နိုင်ငံ တော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်နှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

*************************************************************************************

ကျွန်တော်တို့ ကိုယ်စားလှယ်တွေအနေနဲ့ မေးခွန်း (၁၀)ခု၊ ဆို (၁၀)ခု ဥပဒေကြမ်းတွေကို ပြည်သူ့လွှတ်တော် နည်းဥပဒေနဲ့အညီ ပြည်သူ့လွှတ်တော်ကို တင်သွင်းခွင့်ရှိတယ်။ မေးခွန်း (၁၀) ရက်၊ အဆို (၁၅) ရက်နဲ့ ဥပဒေကြမ်းဆိုရင် နည်းဥပဒေပုဒ်မ (၁၄၈) အရ အနည်းဆုံးတစ်လကြိုတင်ရမယ်။ လွှတ်တော်ကိုယ်စားလှယ် တွေက မိမိဘာမေးချင်သလဲ။ ဘာအဆိုပြုချင်သလဲ။ ဘာတင်သွင်းချင်လဲဆိုတာကို လွှတ်တော်မခေါ်မီ နည်းဥပဒေမှာ သတ်မှတ်တဲ့ ရက်အတွင်း တင်သွင်းဖို့ လိုပါတယ်။ ကျွန်တော်တို့ ပါတီလမ်းစဉ်မူအရ ပြောရရင်တော့ ဒီမို ကရေစီစံနှုန်းတွေနဲ့ မကိုက်ညီတာနဲ့ လူ့အခွင့်အရေးကို ထိပါးစေတယ်ဆိုတဲ့ တည်ဆဲဥပဒေများကို ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ အသစ်ရေးဆွဲဖို့ တင်ပြသွားပါမယ်။ တစ်ကြိမ်တည်းမှာ ပြည်ထောင်စုဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအ ဆင့်တွေက တင်သွင်းလာတဲ့ဥပဒေတွေက ဒီမိုကရေစီစံနှုန်းတွေနဲ့ မကိုက်ညီရင်၊ လူ့အခွင့်အရေးအချို့ကို တိုးတက်မှုမဖန်တီးရင် ပြင်ဆင်ချက် အဆိုများပြုပြီး အဲဒီဥပဒေတွေကို ပြည်သူတွေလိုလားတဲ့ဥပဒေဖြစ်အောင်နဲ့ ဖိနှိပ်ခံဥပဒေမဖြစ်အောင် လွှတ်တော်အတွင်း တင်ပြဆောင်ရွက်သွားမှာပါ”

ဇန်နဝါရီ ၁၃ ထုတ် The STREET VIEW ဂျာနယ်တွင်ပါသည့် “လွှတ်တော်မှာ မေးစေချင်သည့် မေးခွန်းများ” သတင်းမှ ဦးသိန်းညွှန့် (New National Democracy Party) NNDP ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

*************************************************************************************

မေး- အားလုံးမျှော်လင့်ထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကြားဖြတ်ရွေးကောက်ပွဲက တစ်ဆင့် လွှတ် တော်ထဲ ရောက်လာရင် ဘယ်လိုမျိုးအပြောင်းအလဲတွေ ဖြစ်လာမယ်လို့ ယူဆပါသလဲ။

ဖြေ- လက်ရှိအစိုးရက ဘယ်လောက်စိတ်ကျေနပ်မှုပေးနိုင်မယ်။ ဘယ်လို နားလည်မှုပေးနိုင်မယ်။ ဒါတွေက အရေးကြီးပါတယ်။ ဒေါ်စုကလဲ သူ့ဘက်က တော်တော်လျှော့လာမယ်။ သဘာတူညီမှုတွေလုပ်မယ်။ အရင်က မလုပ်ခဲတဲ့ဟာတွေပေါ့။ စီးပွားရေးအတွက်လေ။ နှစ်ဖက်စလုံးအကျိုးရှိတဲ့အရာတွေ လုပ်လာဖို့များလာတယ်လို့ မြင်ပါတယ်။ အရင်လို မဟုတ်ဘူး။ အင်က တင်းကျပ်နေတယ်။ နှစ်ဖက်စလုံးက နည်းနည်းလေး ကြိုးကို လျှော့လာကြတယ်။ ဘာလို့လဲဆိုတော့ စီးပွားရေးက ဝင်လာပြီလေ။ ကိုယ်တို့မြင်တာတော့ Election ဖြစ်မယ်။ ဒေါ်စုက နေရာတော်တော်ရမယ်။ ရပြီးသူတို့က အသိအမှတ်ပြုမယ်။ ဒေါ်စုကလည်း တကယ့်အရေးပါအရာရောက်တဲ့ စီးပွားရေးသမားတွေနဲ့ အလုပ်လုပ်မယ်။ ဒီလိုပဲ မြင်ပါတယ်။ လက်ရှိစီးပွားရေးမှာ တစ်ခုနဲ့တစ်ခုကအကျိုးရှိကြတယ်။ Golbalization ပဲလေ။ အရောင်းအဝယ်လုပ် တဲ့ခါ ဇွတ်အတင်းခိုင်းလိုပရတာ မဟုတ်ပါဘူး။ အမေရိကန်က အီရတ်ကို တိုက်တယ်။ ရေနံကြောင့်လို တော် တော်များများ မြင်ကြတယ်။ ဒါပေမဲ့ အကိုမြင်တာက အဲလိုမဟုတ်ဘူး။ ရေနံဆိုတာ Open Market မှာ ရောင်းကြတယ်။ အမေရိကမဝယ်ရင် တခြားနိုင်ငံရောင်းမယ်။ ရောင်းကိုရောင်းရမယ့်ပစ္စည်းလေ။ ထိုင်စားလို့မှမရတာ။ အဲတော့ စီးပွားရေးနဲ့ပတ်သက်ရင် သီအိုရီကို သိပ်မမြင်ဘူး။ စီးပွားရေးသမားက အကျိုးအတွက်ပဲ လုပ်နေကြတယ်။ မြန်မာက အကျိုးရှိတယ်။ ထိုနည်းတူ အသေးစိတ်လဲအကျိုးရှိမယ်။ ကိုလိုနီခေတ်ကလို လက်ဝါးကြီး အုပ်တာလိုမျိုးတော့ မမြင်သေးဘူး။

ဇန်နဝါရီ ၁၇ ထုတ် The Flower News အတွဲ (၈) အမှတ် (၃) တွင်ပါသည့် “အမေရိကန်များနှင့် စီးပွားရေးလုပ် ငန်းလုပ်ကိုင်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည့် အမေရိကန်မှ ဦးကိုလေးထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း”မှ ကောက်နှုတ်ချက်

*************************************************************************************

 

 

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs