Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (4)
yangonchronicle 2011 - (4)

၂၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၄)

  1. မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုများ အလောတကြီးမဖယ်ရှားသင့်ဟု မက်ကိန်းပြောကြား

(New Kerala မှ 22 Jan 2012 ရက်စွဲပါ John McCain says US shouldn't rush to lift sanctions against Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. ကင်ဂျုံအီလ်ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ်စားနပ်ရိက္ခာထောက်ပံ့

(CNN သတင်းဌာနမှ South Korea to allow food aid North for first time since Kim’s death ကို ဘာသာပြန်ဆိုသည်)

  1. အိန္ဒိယစာပေပွဲတော်၌ မြန်မာ့အရေးဟောပြော

(Times of India မှ 23 Jan 2012 ရက်စွဲပါ Burma event at JLF ကို ဘာသာပြန်ဆိုသည်။)

*******************************

ဘာသာပြန်သတင်းများ

မြန်မာအပေါ်ပိတ်ဆို့အရေးယူမှုများ အလောတကြီးမဖယ်ရှားသင့်ဟု မက်ကိန်းပြောကြား

(New Kerala မှ 22 Jan 2012 ရက်စွဲပါ John McCain says US shouldn't rush to lift sanctions against Myanmar ကို ဘာသာပြန်ဆိုသည်)

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များ မတွေ့မြင်ရသေးသရွေ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ပိတ်ဆို့အရေးယူမှုများကို မရုပ်သိမ်းသင့်ကြောင်း ဆီနိတ်တာ ဂျွန်မက်ကိန်းက သုံးသပ်ပြောကြားသည်။

"ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးအမြင်ကိုပြောရရင် ပိတ်ဆို့အရေးယူမှုတွေကို ဧပြီလမတိုင်မီ မဖယ်ရှားသင့်ပါဘူး။ လုံလောက်တဲ့ တိုးတက် ဖြစ်ထွန်းမှုတွေ ဖြစ်မလာသေးသရွေ့ ပိတ်ဆို့မှုဖယ်ရှားမယ့်ကိစ္စဟာ ဖြစ်နိုင်ခြေမရှိပါဘူး" ဟု မစ္စတာ မက်ကိန်း၏ ပြောကြားချက်ကို ကိုးကားပြီး The Wall Street Journal ကဖော်ပြသည်။

"မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အရေးကိစ္စတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တတွေ ကောင်းချီးသြဘာ ပြုသင့်ပါတယ်။ ဒါပေမဲ့ အတိတ်သမိုင်း ကြောင်းကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ထင်မှတ်ခဲ့တာတွေနဲ့ ကျွန်တော်တို့ လက်တွေ့မြင်တွေ့ရတာနဲ့ တခြားစီဖြစ်ခဲ့တဲ့ ဥပမာတွေ အများကြီး ရှိပါတယ်။ အဲဒီတော့ မြန်မာ့အရေးအပေါ် အလောတကြီး အကဲမဖြတ်မိဖို့လိုပါတယ်။ မဟုတ်ရင် နောင်အနာဂတ်မှာ ကျွန်တော်တို့ နောင်တရသွား နိုင်ပါတယ်" ဟု မစ္စတာ မက်ကိန်းက ပြောသည်။

မြန်မာနိုင်ငံ၌ ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများအား အစိုးရကလွှတ်ပေးမှုအပါအဝင် လတ်တလောဖြစ်ရပ်များကြောင့် မိမိအနေဖြင့် များစွာစိတ်အားတက်ကြွမိပါကြောင်း ၎င်းကဆိုသည်။ မြန်မာအစိုးရသည် ယခုအခါ မီဒီယာများအပေါ် တင်းကြပ်မှုများ ဖြေလျှော့ပေးမှု၊ တိုင်းရင်းသား လက်နက်ကိုင်များအား အလျှော့ပေးကာ စေ့စပ်ဆွေးနွေးပွဲများ ပြုလုပ်မှု အပါအဝင်အခြားသော ပြုပြင်ပြောင်းလဲမှုများကို တွန်းအားပေး လုပ်ကိုင်လျက်ရှိရာ အမေရိကန်နှင့် ဥရောပတို့၏ ပိတ်ဆို့အရေးယူမှုများ မကြာမီကာလအတွင်း ရုပ်သိမ်းဖွယ်ရှိသည်ဟူသော ထင်ကြေးပေးပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။

The Wall Street Journal အဆိုအရ မြန်မာအစိုးရခေါင်းဆောင်များ ပြုပြင်ပြောင်းလဲမှုများကို အလွန်သွက်လက် လျင်မြန်စွာ လုပ်ကိုင် ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ဂျွန်မက်ကိန်းက ပဟေဠိဖြစ်လျက် ရှိသည်။ အစိုးရခေါင်းဆောင်များ ယခုလို ပြုပြင်ပြောင်းလဲမှုများ လုပ်ကိုင် နေရသည့်အကြောင်းမှာ ၎င်းတို့အနေဖြင့် အထီးကျန်ဖြစ်မည်ကို စိုးရိမ်မိသောကြောင့်ဖြစ်ဟန်ရှိသည် ထင်မိကြောင်း ဂျွန်မက်ကိန်းက ပြောကြားသည်။

******************************

ကင်ဂျုံအီလ်ကွယ်လွန်ပြီးနောက် မြောက်ကိုရီးယားသို့ ပထမဆုံးအကြိမ်စားနပ်ရိက္ခာထောက်ပံ့

(CNN သတင်းဌာနမှ South Korea to allow food aid North for first time since Kim’s death ကို ဘာသာ ပြန်ဆိုသည်)

အာဏာရှင်ခေါင်းဆောင် ကင်ဂျုံအီလ် သေဆုံးသွားပြီးနောက် မြောက်ကိုရီးယားနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် စားနပ်ရိက္ခာ အကူအညီ အထောက်အပံ့များ ပေးအပ်ရန် တောင်ကိုရီးယားအစိုးရက ဇန်နဝါရီလ ၂၀ရက်နေ့တွင် သဘောတူခွင့်ပြုလိုက်ကြောင်း သိရသည်။

ကိုရီးယား ငြိမ်းချမ်းရေးဖောင်ဒေးရှင်းမှ မြောက်ကိုရီးယား စာသင်ကျောင်းများနှင့် စောင့်ရှောက်ရေးစင်တာများသို့ ဂျုံမှုန့်တန်ချိန် ၁၈၀ ပေးအပ် လှူဒါန်းမည့် အစီအစဉ်အား တောင်ကိုရီးယားနိုင်ငံ ပေါင်းစည်းရေးဝန်ကြီးဌာနက ခွင့်ပြုပေးလိုက်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံကလည်း ပေးအပ် လှူဒါန်းမည့် စားနပ်ရိက္ခာများကို လက်သင့်ခံရန်သဘောတူညီ ထားကြောင်း ယင်းဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Kim Hyung-suk ကပြောကြားသည်။

ပြုံယမ်းအစိုးရသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် သေဆုံးကြောင်းပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ကင် သေဆုံးမှုကြောင့် ဖိနှိပ်ချုပ်ခြယ်လွန်းသော မြောက်ကိုရီးယားနိုင်ငံတွင် မတည်မငြိမ်မှုများ ဖြစ်ပေါ်ပြီး နယ်စပ်ဒေသများသို့ ကူးစက်ပျံ့နှံ့ သွားနိုင်သည်ဟု ထင်ကြေးပေးပြောဆိုမှုများထွက်ပေါ်ခဲ့သည်။ ကင်ဂျုံအီလ်၏နေရာကို အငယ်ဆုံးသားဖြစ်သူ ကင်ဂျွန်အန်ကရယူခဲ့ပြီး ပြံယမ်းအစိုးရက “မြင့်မြတ်သော ခေါင်းဆောင်ကြီး”အဖြစ် ၎င်းအား သတ်မှတ်ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ညံ့ဖျင်းသော စီးပွားရေးမူဝါဒများ၊ နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကြောင့် တိုင်းပြည်စီးပွားရေးမှာ များစွာ ခြွတ်ချုံကျခဲ့ပြီး ဆယ်စုနှစ် ၂ ခုတာကာလအတွင်း အငတ်ဘေး ဆိုက်ရောက်ခဲ့ကာ အဟာရ မပြည့်ဝမှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ရသည်။ နိုင်ငံတကာ အဖွဲ့အစည်းများက မြောက်ကိုရီးယားနိုင်ငံသို့ စားနပ်ရိက္ခများ ထပ်ခါတလဲလဲ ပေးပို့ထောက်ပံ့ခဲ့သည်။ လတ်တလောကာလများတွင်လည်း နိုင်ငံတွင်းမှ လိုအပ်ချက်ရှိသော နေရာဒေသများသို့ ထောက်ပံ့လျက်ရှိသည်။

ယခု ဇန်နဝါရီလအတွင်း တောင်ကိုရီးယားက ပေးပို့မည့်အကူအညီမှာ ငြိမ်းချမ်းရေးဖောင်ဒေးရှင်မှ ဖြစ်သည်။ တောင်ကိုရီးယားသည် တရားဝင် စားနပ်ရိက္ခာ ထောက်ပံ့ရေးအစီအစဉ်ကို သမ္မတလီမြောင်ဘတ်အစိုးရ တက်ရောက်လာသည့် ၂၀၀၈ ခုနှစ်တွင် စတင်ရပ်ဆိုင်းပစ်ခဲ့သည်။ လီမြောင်ဘတ် အစိုးရသည် ယခင်တောင်ကိုရီးယားအစိုးရများထက် မြောက်ကိုရီးယားနိုင်ငံအပေါ် သဘောထားတင်းမာသည်။

အမေရိကန်ပြည်ထောင်စုသည် ၂၀၀၉ ခုနှစ်အတွင်း ပြုံယမ်းအစိုးရက နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ စမ်းသပ် လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း၊ ထောက်ပံ့ပေးပို့သော ရိက္ခာများ အလုံအလောက် မရရှိခြင်း အစရှိသော အကြောင်းပြချက်ဖြင့် ထောက်ပို့မှုများ အားလုံးကို ရပ်ဆိုင်းပစ်လိုက် သည်။ ကင်ဂျုံအီလ်သေဆုံးပြီးနောက် မကြာမီ ရက်သတ္တပတ်အတွင်းမှာပင် အမေရိကန်ပြည်ထောင်စုက မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာ ထောက်ပံ့မည့် ကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံဘေဂျင်းမြို့တော်၌ ပြုံယမ်းအစိုးရမှ အရာရှိကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။

မြောက်ကိုရီးယား ပြည်သူများအတွက် လိုအပ်သောစားနပ်ရိက္ခာများ ထောက်ပံ့ပေးမှုများ မပြုလုပ်မီ လိုအပ်သည့် ထောက်ပို့မှုစနစ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ တောင်ကိုရီးယား ပြန်လည်သင့်မြတ်ရေးဝန်ကြီးဌာန အဆိုအရ ငြိမ်းချမ်းရေးဖောင်ဒေးရှင်းမှ အရာရှိကြီးများ အနေဖြင့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် မြောက်ကိုရီးယားသို့ သွားရောက်ကာ စားနပ်ရိက္ခာထောက်ပံ့ပေးပို့မှု အခြေအနေများကို စောင့်ကြည့်လေ့လာ ကြမည် ဖြစ်သည်။

*************************

အိန္ဒိယစာပေပွဲတော်၌ မြန်မာ့အရေးဟောပြော

(Times of India မှ 23 Jan 2012 ရက်စွဲပါ Burma event at JLF ကို ဘာသာပြန်ဆိုသည်။)

အိန္ဒိယနိုင်ငံ Jaipur မြို့တွင် ဇန်နဝါရီလ ၂၀ ရက်နေ့က Jaipur Literature Festival အမည်ရ စာပေပွဲတော်ကြီးကို စတင်ဖွင့်လှစ်ခဲ့သည်။ ယင်းပွဲတော်သို့ စာရေးဆရာများနှင့် ထင်ရှားကျော်ကြားသူပေါင်း ၂၅၀ ကျော်တက် ရောက်ခဲ့သည်။

Myanmar ဟု အာဏာရှင်ခေါင်းဆောင်များက တရားဝင်သတ်မှတ်ခေါ်ဆိုကြသည့် Burmaခေါ် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၄၀ တာမျှ အခြား ကမ္ဘာ့နိုင်ငံများနှင့် အဆက်ဖြတ် တံခါးပိတ်ခဲ့ပြီးနောက် ယခုအခါ ဖြည်းဖြည်းနှင့် ပုံမှန်သဘောဖြင့် ပြန်လည်ပွင့်လင်းလာနေပြီ ဖြစ်သည်။ မြန်မာ အစိုးရသစ်သည် စစ်ခေါင်းဆောင်များ၏ ထိန်းချုပ်မှုအောက်တွင် ရှိသော်လည်း နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို အစွမ်းကုန် လုပ်ဆောင် လျက်ရှိသည်။

အစိုးရ၏ ပြုပြင်ပြောင်းလဲမှုများနှင့် ဆက်နွှယ်သည့် လုပ်ရပ်များအနက် ထူးခြားသည့်အချက်မှာ နှစ်ပေါင်း ၁၅ နှစ်တာကြာမျှ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမှုနှင့် ပါလီမန်လွှတ်တော်တွင် အမတ်နေရာ ရရှိရန် လမ်းဖွင့်ပေးခြင်းတို့ပင် ဖြစ်သည်။

မြန်မာ့သမိုင်းပညာရှင် ဦးသန့်မြင့်ဦး မကြာသေးမီကရေးသားထုတ်ဝေခဲ့သော Where China Meets India စာအုပ်တွင် မြန်မာနိုင်ငံသည် ကမ္ဘာ့ဇာတ်ခုံတွင် များစွာအရေးပါသောနေရာသို့ ရောက်ရှိလာကြောင်း အဆိုပြု ရေးသားထားသည်။

"မြန်မာနိုင်ငံသည် ယခုအခါ စစ်ရေးတွင် ဦးစီးဆောင်ရွက်ရမည့် အနေအထားမျိုးသို့ ရောက်ရှိလာသည့် သဘောတွင် ရှိသည်" ဟု ဦးသန့်မြင့်ဦးက အိန္ဒိယနိုင်ငံ၏ အကြီးဆုံးစာပေပွဲတော်ဖြစ်သည့် Jaipur Literature Festival တွင်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအားလုံးအနက် သိသာထင်ရှားသော အညွှန်းတစ်ခုမှာ စီးပွားရေး ကောင်းမွန်လာမှုပင် ဖြစ်သည်။ "မြန်မာ့ စီးပွားရေးဟာ ယခင်နှစ်များကထက် ပိုပြီးကောင်းမွန်လာပါတယ်။ ဒါပေမဲ့ ခရီးရှည်ကြီးတော့ ဆက်လျှောက်ရဦးမှာပါ" ဟု ဦးသန့်မြင့်ဦးက ဖြည့်စွက်ပြော ဆိုသည်။

မြန်မာ့နိုင်ငံရေးမှာလည်း ထိုနည်းလည်းကောင်းပင် ကောင်းမွန်လာပြီဖြစ်ပြီး လေ့လာဆန်းစစ်သူများကမူ အရပ်သားဟန်ဆောင်ထားသော အစိုးရသစ်အနေဖြင့် လာမည့်နှစ်များအတွင်း ဒီမိုကရေစီသို့ ဦးတည်သွားမည်ဟု ခန့်မှန်းရကြောင်း သုံးသပ်ပြောဆိုကြသည်။

ယင်း စာပေပွဲတော်သို့ တက်ရောက်ဟောပြောခဲ့သူ တစ်ဦးဖြစ်သည့် စာရေးဆရာ၊ သတင်းစာဆရာ Peter Popham က အယူအဆ သဘောထား ကွဲလွဲမှုများအတွက် သည်းခံမှုအတိုင်းအတာများ မြင့်တက်လာပြီဖြစ်သော်လည်း ရှေ့ဆက်ရမည့်ခရီးမှာ ရှည်လျားသေးကြောင်း ပြောဆိုသည်။

"မြန်မာနိုင်ငံသမ္မတ ဖြစ်ချင်သလားလို့ ဒေါ်အောင်ဆန်း စုကြည်ကို မေးတော့ သူမကငြင်းခဲ့ပါတယ်။

နောက်တော့ သူသာဖြစ်ချင်စိတ်ရှိတယ်ဆိုရင် သမ္မတဖြစ်နိုင်မယ့် နိုင်ငံတစ်နိုင်ငံကို နှစ်သက်မိမှာပါလို့ ဖြည့်စွက်ပြောသွားပါတယ်" ဟု Peter Popham ကပြောကြားသည်။ Peter Popham သည် ဒေါ်အောင်ဆန်းစုကြည်၏ အထ္ထုပတ္တိကို မကြာသေးခင်က ရေးသားခဲ့သူဖြစ်သည်။

********************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (3)
yangonchronicle 2011- (3)

၂၆.၁.၂ဝ၁၂

ဘာသာပြန်သတင်းများအပိုင်း(၃)

  1. အီးယူက မြန်မာနိုင်ငံအတွက် ယူရိုသန်း(၁၅၀) အကူအညီပေးရန် စဉ်းစားလျက်ရှိ

(25 Jan 2012 ရက်စွဲပါ Radio Netherland Worldwide ၏ EU mulling 150- min- euro aid package for Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်က Sanctions များရုတ်သိမ်းတော့မည်ဖြစ်သော်လည်း နှေးကွေးဖွယ်ရှိ

(Reuters မှ 24 Jan 2012 ရက်စွဲပါ “US Hopeful on Myanmar Sanctions but action may be slow” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

အီးယူက မြန်မာနိုင်ငံအတွက် ယူရိုသန်း(၁၅၀) အကူအညီပေးရန် စဉ်းစားလျက်ရှိ

( 25 Jan 2012 ရက်စွဲပါ Radio Netherland Worldwide ၏ EU mulling 150- min- euro aid package for Myanmar ကို ဘာသာပြန်သည်)

ဥရောပသမဂ္ဂသည် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းနေသော မြန်မာနိုင်ငံ၏ စစ်တပ်နောက်ခံပြု အစိုးရသစ်အား ယူရိုသန်း ၁၅၀ ပါဝင်သော အကူအညီပေးရေး အစီအစဉ်ကို စဉ်းစားလျက်ရှိသည်ဟု ဥရောပသမဂ္ဂသံတမန်များက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်သည်။

အဆိုပါအကူအညီပေးရေးတွင် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေးနှင့် လူ့စွမ်းရည်မြှင့်တင်ရေး အဖွဲ့အစည်းဆိုင်ရာများ ပါဝင်မည်ဖြစ်ပြီး ၎င်းကိစ္စများအား အီးယူနိုင်ငံခြားရေးဝန်ကြီးများက ဘရပ်ဆဲတွင် တနင်္လာနေ့က ဆွေးနွေးခဲ့ကြောင်း၊ နီးစပ်သူအမည်မဖော်လိုသူ သတင်းရင်းမြစ် တစ်ခုက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် အီးယူဝန်ကြီးများသည် မြန်မာနိုင်ငံအပေါ် အရေးယူမှုများ ရုတ်သိမ်းရေး ပထမအဆင့် အနေဖြင့် မြန်မာခေါင်းဆောင်များ အပေါ် ခရီးသွားလာမှု ပိတ်ပင်ထားခြင်းအား ပယ်ဖျက်ပေးရန် သဘောတူခဲ့သည်။

နိုင်ငံ ၂၇ နိုင်ငံ ပါဝင်သော ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံတွင် အမည်ခံအရပ်သားအစိုးရက လုပ်ဆောင်လျက်ရှိသော အံ့အားသင့်ဖွယ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုခဲ့ပြီး၊ နောက်ထပ်နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများအတွက် အပေါင်းလက္ခဏာ ဆောင်သော နောက်ထပ်ခြေလှမ်းများ အတွက် နောက်ထပ်ဖြေလျှော့မှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းတို့က လာမည့်နှစ် အနည်းငယ်အတွင်း ကျန်ရှိသောနိုင်ငံရေးအကျဉ်းသားများအား ချွင်းချက်မရှိ လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမိုင်းဝင်ပါဝင်ယှဉ်ပြိုင်မည့် ဧပြီလ ၁ ရက်နေ့ ရွေးကောက်ပွဲ လွတ်လပ်၍ တရားမျှတရေးအတွက် တောင်းဆိုခဲ့သည်။

လက်ရှိအားဖြင့် အရေးယူပိတ်ဆို့မှုများတွင် လက်နက်ရောင်းဝယ်ခြင်းများ၊ သစ်လုံးနှင့် သတ္တုပစ္စည်းများ ပိတ်ပင်ထားပြီး၊ ကုမ္ပဏီ ၉၀၀ ကျော်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားသည်။

*****************************

 အမေရိကန်က Sanctions များရုတ်သိမ်းတော့မည်ဖြစ်သော်လည်း နှေးကွေးဖွယ်ရှိ

( Reuters မှ 24 Jan 2012 ရက်စွဲပါ “US Hopeful on Myanmar Sanctions but action may be slow” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော Sanctions များကိုရုတ်သိမ်းပေးရန် စဉ်းစားနေပြီဖြစ်သော်လည်း နှစ်ပေါင်းများစွာ စီးပွားရေး၊ နိုင်ငံရေးပိတ်ဆို့မှုများကိုစတင် မဖြေလျှော့မှီ ဒီမိုကရေစီကူးပြောင်းမှု ပိုမိုတိုးတက်လာခြင်းကို မြင်တွေ့ရန်လိုအပ်သည်ဟု အမေရိကန်လွှတ်တော်အမတ်များက အင်္ဂါနေ့တွင် ပြောကြားသည်။

အီးယူနှင့် သြစတြေးလျားတို့က ယင်းတို့နှင့် ပတ်သက်သော Sanctions များ စတင်ဖြေလျှော့အောင် စေ့ဆော် ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသား ရာဂဏန်းမျှ လွှတ်ပေးခြင်းအပါအဝင် ယခုအချိန်ထိ မြန်မာအစိုးရ၏ ပြောင်းလဲပြုပြင်မှုများအပေါ် ကျေနပ်အားရမှုရှိသည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားသည်။

သို့သော် မြန်မာအစိုးရ၏ ဒီမိုကရေစီကူးပြောင်းမှု၊ အရပ်ဖက်ဆိုင်ရာ လွတ်လပ်ခွင့်များကို အားပေးမြှင့်တင်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခကို အဆုံးသတ်မှုတို့သည် အမှန်တကယ်ဟုတ်ရဲ့လားဆိုသည်ကို အိုဘားမားအစိုးရက လေ့လာစောင့်ကြည့်နေသည့်အလျောက်၊ ယခင် ၁၉၈၈ က စတင်ချမှတ်ကာ ဥပဒေ ၅ချက်၊ သမ္မတ၏ ညွှန်ကြားချက် ၄  ချက်တို့ဖြင့် တိုးချဲ့ထားသော Sanctions များ လျင်မြန်စွာဖယ်ရှားရေးခက်ခဲမည ဖြစ်ကြောင်း ပြသနေသည်။

“ကျွန်တော်တို့ ဒီကိစ္စကို လေ့လာနေပါတယ်။ သမ္မတကြီးဘာလုပ်လို့ရနိုင်မလဲ၊ ကွန်ဂရက်က ဘာလုပ်လို့ရနိုင်မလဲ၊ ဘယ်လိုလုပ်ရန် အကောင်းဆုံး ဖြစ်မလဲဆိုတာကို ကျွန်တော်တို့ အခုလောလောဆယ် ပြန်လည် စဉ်းစားသုံးသပ်နေကြပါတယ်”ဟု အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဒီမိုကရက်တစ် လွှတ်တော်အမတ် John Kerry က ပြောကြားသည်။

“မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေကိုအသိအမှတ်ပြု တုန့်ပြန်ဖို့ ကျွန်တော်တို့ တစ်ခုခုလုပ်ရမယ်လို့ ထင်ပါတယ်။ ဒါပေမယ် ဘာတွေ ဖြစ်နေတာလဲဆိုတာကို အတိအကျ ဆုံးဖြတ်ပေးနိုင်သူရှိတယ်လို့ ကျွန်တော်မထင်ပါဘူး” ဟု John Kerry က ဆိုသည်။

ယခင်က Burma ဟုခေါ်ဝေါ်ခဲ့ကြသော မြန်မာနိုင်ငံနှင့် မြန်ဆန်သော်လည်း မြေစမ်းခရမ်းပျိုးဆဲ ပြန်လည်ဆက်ဆံမှုတွင် သိသာထင်ရှားသော ဆောင်ရွက်မှုအဖြစ် သံအမတ်ကြီးအဆင့် အပြန်အလှန်ထားရှိသော သံတမန်ဆက်ဆံရေးကို ဝါရှင်တန်က ပြန်လည်ထူထောင်တော့မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ယခုလအတွင်း ကြေညာခဲ့သည်။

မြန်မြန်ဆန်ဆန်ပြောင်းလဲနေ

ဒီဇင်ဘာလက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ဝန်ကြီးဟီလာရီကလင်တန်က မြန်မာနိုင်ငံ၏ ဆက်လက် ပြုပြင်ပြောင်းလဲမှုများကို အမေရိကန် ပြည်ထောင်စုက ပိုမိုသိသာစွာ တုန့်ပြန်အသိအမှတ်ပြုမည်ဟု ကတိပြုပြောကြားခဲ့ပြီး စစ်အုပ်ချုပ်ရေးအလွန် အရပ်ဖက် အစိုးရသစ်၏ နိုင်ငံရေး ပြုပြင်မှုများကို အားပေးတိုက်တွန်းရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိလပိုင်းများအတွင်း အံ့အားသင့်ဖွယ် ရုတ်တရက်ထွက်ပေါ်လာသော ပြုပြင်ပြောင်းလဲမှုများတွင် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဒိုင်ယာလော့ဆွေးနွေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် ငြိမ်းချမ်းရေးညှိနှိုင်းခြင်း၊ တင်းကြပ်သော မီဒီယာဆင်ဆာကို ဖြေလျှော့ ပေးခြင်း၊ အလုပ်သမားသမဂ္ဂများဖွဲ့စည်းခွင့်ပြုခြင်း၊ အိမ်နီးခြင်းတရုတ်နိုင်ငံ၏ အားပြင်းသော စီးပွားရေး၊ နိုင်ငံရေးစက်ကွင်းမှ ရုန်းထွက်ခြင်းစသည်တို့ ပါဝင်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဗိုလ်ချုပ်ကြီးများ (အမှန်စင်စစ် ယခင်နိုင်ငံအကြီးအကဲ တစ်ဦးတည်းကို ဆိုလိုသည်)သည် နိုင်ငံရေးတွင် တပ်မတော်၏ ကဏ္ဍကိုဦးစားပေးထားသော ၂၀၀၈ အခြေခံဥပဒေကို အဓမ္မအတည်ပြုကာ ၂၀၁၀ ရွေးကောက်ပွဲကို လှည့်ဖြားကျင်းပပြီးနောက် လွှတ်တော်နှင့် အစိုးရအဖွဲ့အတွင်း အာဏာကို ထိထိရောက်ရောက် ဖြန့်ကျက်ထားဆဲပင် ဖြစ်သည်။

ပြည်သူအပေါ်လူမဆန်မှုကို အကြောင်းပြုကာ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော Sanctions များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တားမြစ်ခြင်း၊ မြန်မာအာဏာပိုင် အသိုင်းအဝိုင်း၏ ပိုင်ဆိုင်မှုများကိုထိန်းချုပ်ခြင်း၊ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းများက မြန်မာအစိုးရကိုငွေမချေးအောင် ဝါရှင်တန်က ပိတ်ဆို့ထားခြင်းစသည့် တားမြစ်ချက်များ ပါဝင်သည်။

“ကာလကြာရှည် ဖွဲ့စည်းတည်ဆောက်ထားတဲ့ ရှုပ်ထွေးတဲ့ Sanctions အစီအစဉ်တွေကိုဖျက်သိမ်းဖို့အတွက် အချိန်ယူပြီး လုပ်ဆောင်ရပါ လိမ့်မယ်” ဟု Asia Society မှ ကမ္ဘာလုံးဆိုင်ရာ မူဝါဒအစီအစဉ် ဒုတိယဥက္ကဋ္ဌ Suzanne DiMaggio က ပြောကြားသည်။

ကွန်ဂရက်လွှတ်တော်ထဲမှ ထိပ်သီးလွှတ်တော်အမတ်များကလည်း “အမေရိကန် ပြည်ထောင်စုအနေဖြင့် မကြာမီ အတွင်း Sanctions များစတင် ရုတ်သိမ်းနိုင်ဖွယ် ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် ယှဉ်ပြိုင်မည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် မဖြစ်နိုင်သေးပါ” ဟုပြောဆိုကြသည်။

“ကျွန်တော်တို့ မကြာမီအတွင်း မျှမျှတတဖြစ်အောင် လုပ်နိုင်မှာပါ၊ နိုင်ငံရေးပါတီ နှစ်ခုစလုံးနဲ့ အိုဘားမားအစိုးရအဖွဲ့တို့ အားလုံး ရှေ့ဆက် လုပ်ရမယ့်အဆင့်တွေကို တိုင်ပင်ညှိနှိုင်းနေကြပါတယ်” ဟုပြောကြားသူမှာ မြန်မာခရီးစဉ်မှ ပြန်ရောက်ကာစ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် John McCaim ဖြစ်သည်။

သမ္မတကြီးက တချို့ကိစ္စတွေ လုပ်နိုင်သလို၊ ကွန်ဂရက်က လုပ်ရမယ့်ကိစ္စတွေလည်း ရှိပါတယ် ဟု John McCaim က Reutersကို ပြောကြားသည်။

အမေရိကန်တာဝန်ရှိသူများက ပြောကြားရာတွင် “၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၌ နိုင်ငံရေးအကျဉ်းသားများ ကုန်အောင် လွှတ်ပေးခြင်း၊ တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေး အဆက်မပြတ် ညှိနှိုင်းခြင်း၊ မြောက်ကိုရီးယားနှင့် စစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းခြင်းစသည်တို့ အပါအဝင် အဓိကကဏ္ဍများမှ သိသာခိုင်မာသော ပြောင်းလဲတိုးတက်မှုကို လေ့လာစောင့်ကြည့်နေသည်” ဟုဆိုသည်။

မြန်မာအစိုးရအပေါ် အရေးယူထားသော Sanctionsများ နှစ်စဉ်သက်တမ်းတိုးခြင်းကို ၂၀၀၃ မှစ၍ ပူးတွဲစည်းရုံးဆော်သြခဲ့သူ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Mitch McConnell က “ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲသည် ပြုပြင်ပြောင်းလဲမှု ရေရှည်ခံခြင်းအပေါ် အရေးကြီးသည့် စမ်းသပ်မှု ဖြစ်လိမ့်မည်” ဟု ပြောကြားသည်။

“ရွေးကောက်ပွဲမှာ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေ ရှိဖို့လိုတယ်လို့ သူတို့ကို ကျွန်တော် အကြံပေးခဲ့ပါတယ်၊ ပထမဆုံး ရွေးကောက်ပွဲ ကျင်းပတဲ့ နိုင်ငံတွေမှာဒီကိစ္စဟာ အထူးအဆန်းမဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံသို့ ယခုလအတွင်း ပထမဆုံးလာရောက်ခဲ့သော McConnell က သတင်းထောက်များကို ပြောကြားသည်။

“တကယ်လို့ ရွေးကောက်ပွဲတွင် ချောချောမောမော ပြီးသွားမယ်ဆိုရင် Sanctionsအချို့ (သို့) အကုန်လုံး ရုတ်သိမ်းပေးဖို့အတွက် သူတို့ဘက်က ဘာဆက်လုပ်ဖို့ လိုသလဲဆိုတာကို ကျွန်တော်တို့ စဉ်းစားကြမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။

ခြွင်းချက်များနှင့် အခြားအဆင့်များ

အကဲခတ်လေ့လာသူများကမူ “အမေရိကန်ပြည်ထောင်စုအနေဖြင့် ယခုသီတင်းပတ်အတွင်း အီးယူက လုပ်ဆောင်ခဲ့သည့်အတိုင်း ထိပ်ပိုင်း တာဝန်ရှိသူများအား ခရီးသွားလာခွင့် ဗီဇာပေးခြင်းအပါအဝင် ချမှတ်ထားပြီး Sanctions များကို ခြွင်းချက်အားဖြင့် မကျင့်သုံးခြင်းကဲ့သို့သော ကနဦး ဆောင်ရွက်ချက်များကို လုပ်ဆောင်နိုင်သည်” ဟု ပြောကြားသည်။

နောက်ထပ် အလားအလာရှိသောဆောင်ရွက်ချက်မှာကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMFတို့က မြန်မာနိုင်ငံနှင့် အပြည့်အဝ ဆက်ဆံခြင်းကို အမေရိကန်ပြည်ထောင်စုအနေဖြင့် ကန့်ကွက်ပိတ်ဆို့ရန် ချမှတ်ထားသော ဥပဒေကို မကျင့်သုံးဘဲထားရန် အိုဘားမား အစိုးရက တောင်းဆိုခြင်းပင် ဖြစ်သည်။

Sanctionsအချို့ကို ပြင်ဆင်ပေးနိုင်ဖွယ်ရှိသော်လည်း မူးယစ်ဆေးဝါးတရားမဝင် ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုမှသည် ကလေးစစ်သား အသုံးပြုမှုအထိ ကျယ်ပြန့်သော ပြဿနာကိစ္စရပ်များတွင် ပြောင်းလဲတိုးတက်မှုများရှိလာရန် လိုအပ်နေဆဲပင် ဖြစ်သည်။

Asia Society မှ မြန်မာ့ရေးရာကျွမ်းကျင်သူ Di Maggio က အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံ၌ အထူးသဖြင့် စီးပွားရေး မျက်နှာစာ၌ ဆက်လက်ပြုပြင်ပြောင်းလဲရေးကို တိုက်တွန်းအားပေးနေစဉ် နားလည်၊ သီးခံ၊ စိတ်ရှည်မှုကို ဆက်၍ထိန်းထားရန် အရေးကြီးသည်ဟု မှတ်ချက် ပေးပြောဆိုသည်။

“အခုလောလောဆယ် လိုအပ်နေတာကတော့ ဘယ်လိုနည်းလမ်းတွေနဲ့ မြန်မြန်ဆန်ဆန် တုန့်ပြန်အသိအမှတ် ပြုကြမလဲဆိုတဲ့ ကိစ္စပါပဲ။ ဘာကြောင့်လဲဆိုရင်အခု မြန်မာနိုင်ငံမှာအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ချမှတ်နေကြတယ်။ ပြုပြင်ပြောင်းလဲမှုများစွာကို အကောင်အထည် ဖော်နေကြတယ်။ ဒါကြောင့် အကူအညီ၊ အထောက်အပံ့တွေကို သူတို့ အပူတပြင်းလိုအပ်နေပါတယ်” ဟု Di Maggio က သုံးသပ်ပြောကြားသည်။

                            *******************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs