Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. လန်ဒန်က မြန်မာကို ကတိပေး

(UPI မှ 7 February 2012 ရက်စွဲပါ London committed to Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. စီအိုင်အေ အကြီးအကဲ မြန်မာသို့ လာရောက်ဖွယ်ရှိ

(New York Times မှ 7 February 2012 ရက်စွဲပါ CIA chief signals possible visit to Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဟန်ချက်ညီ

(7 February 2012 ရက်စွဲပါ The Daily Star မှ Larry Jaganရေးသားသော Burma’s reform process in the balance ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************************

လန်ဒန်က မြန်မာကို ကတိပေး

(UPI မှ 7 February 2012 ရက်စွဲပါ London committed to Myanmar ကို ဘာသာ ပြန်ဆိုသည်)

ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးရုံးတို့ တွေ့ဆုံဆွေးနွေးမှုသည် ဗြိတိသျှအစိုးရက ဆက်ဆံရေးအတွက် အလေးအနက်ထားကြောင်း ပြသလိုက်ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

ဗြိတိသျှနိုင်ငံခြားရေးရုံးဝန်ကြီး ဂျယ်ရမီဘရောင်း(Jeremy Browne)သည် မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်နှင့် လန်ဒန်တွင် ပထမဆုံး အကြိမ်အဖြစ် တွေ့ဆုံခဲ့ရာ “ဦးကျော်မျိုးထွဋ်နဲ့ ကျွန်တော် တွေ့ဆုံခြင်းဟာ မြန်မာအစိုးရ မကြာသေးမီက လုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး တွေကြောင့် ဗြိတိန်နိုင်ငံအနေနဲ့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးပြုလုပ်ဖို့ စိတ်အားထက်သန်တယ်ဆိုတာကို ပြလိုက်တာပါပဲ” ဟု ဘရောင်းက ပြောသည်။ “သံအမတ်ကြီးနဲ့ မြန်မာအစိုးရကို ပြောင်းလဲမှုအရှိန်အဟုန် ဆက်လက်ထိန်းသိမ်းဖို့ အားပေးခဲ့ပါတယ်” ဟုလည်း ဆက်လက်ပြောသည်။

မြန်မာအစိုးရသည် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲကျင်းပပြီးကတည်းက နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို စတင် လုပ်ဆောင်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည်ပင် ပြည်သူ့လွှတ်တော်သို့ ဝင်ရောက်ရန် ကြားဖြတ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်တော့မည် ဖြစ်သည်။ “ကျွန်တော်တို့ ပြောလိုတာကတော့ ဗြိတိသျှအစိုးရဟာ အနာဂတ် အပေါင်းလက္ခဏာဆောင်တဲ့ လုပ်ဆောင်မှုတွေအတွက် တုံ့ပြန်ဖို့ အဆင်သင့်ရှိနေပါတယ် ဆိုတာရယ်၊ ကမ္ဘာကြီးကလည်း လာမယ့် ကြားဖြတ်ရွေးကောက်ပွဲများ လွတ်လပ် တရားမျှတဖို့ မျှော်လင့်ပြီး စောင့်ကြည့်နေပါတယ်ဆိုတာကိုပါပဲ” ဟု ဘရောင်းက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး တာဝန်ရှိသူက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာမျှော်လင့်ချက်များအတွက် များစွာ လုပ်ဆောင်ရန် ကျန်ရှိ နေသေးကြောင်း မကြာခင်က ပြောကြားခဲ့သည်။

***************************************************************************

စီအိုင်အေ အကြီးအကဲ မြန်မာသို့ လာရောက်ဖွယ်ရှိ

(New York Times မှ 7 February 2012 ရက်စွဲပါ CIA chief signals possible visit to Myanmar ကို ဘာသာ ပြန်ဆိုသည်)

အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီ (CIA) အကြီးအကဲ David H. Petraeus သည် ယခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း တာဝန်ရှိသူများက မနေ့က ပြောကြားလိုက်ခြင်းသည် နှစ်ပေါင်းများစွာ စစ်ဖက်အုပ်ချုပ်မှုနှင့် သံတမန်ရေးအထီးကျန်မှုတို့မှ ရုန်းထွက်နေသော မြန်မာနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုတို့၏ ဆက်ဆံရေး တိုးတက်နွေးထွေးလာမှု၏ နောက်ဆုံးလက္ခဏာတစ်ရပ်ပင် ဖြစ်သည်။

Mr Petraeus သည် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆူပရာပေါင်နှင့်တနင်္လာနေ့က ဘန်ကောက်တွင် တွေ့ဆုံရာ၌ မြန်မာနိုင်ငံခရီးစဉ် အလားအလာကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ Mr Petraeus က မြန်မာနိုင်ငံသို့ သွားဖြစ်အောင်သွားမည် ဟု ပြောဆိုခဲ့ကြောင်း ဝန်ကြီးဆူပရာပေါင်က ထိုင်းသတင်း မီဒီယာများသို့ ပြောကြားသည်။

ယခုနှစ်နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့သွားရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ယင်းက ထိုင်းတာဝန်ရှိသူများကို ပြောကြားကြောင်း ဘန်ကောက်မှ အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ (မနေ့)က အတည်ပြု ပြောဆိုသည်။ ပြီးခဲ့သောနှစ်လအတောအတွင်း အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ၃ ဖွဲ့ခန့် သီးခြားစီ သွားရောက်ခဲ့ကြပြီး ဖြစ်သော်လည်း Mr. Petraeus ၏ ခရီးစဉ်က နှစ်နိုင်ငံအကြား ပိုမိုအသေးစိတ် ဆွေးနွေးခြင်း၊ ပိုမိုထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ဖြစ်ပေါ်စေလိမ့်မည်ဟု ဘန်ကောက် ချူလာလောင်ကွန်းတက္ကသိုလ်မှ အမေရိကန်လေ့လာမှု အစီအစဉ်ဒါရိုက်တာ ရောဘတ်ဖစ်(Robert Fitts)က မှတ်ချက်ပေးသည်။ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် လုပ်လို့ မရနိုင်တဲ့လိုင်းတွေကို သူတို့ဖွဲ့စည်းလုပ်ကိုင်နိုင်ပါတယ် ဟုလည်း မစ္စတာဖစ်က ဆိုသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံတို့သည် ၁၉၈ဝ ခုနှစ်များနှောင်းပိုင်းအထိ ထောက်လှမ်းရေးဆိုင်ရာ၊ စစ်ဖက်ဆိုင်ရာ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ်တွင် မြန်မာပြည်သူတို့၏ ဒီမိုကရေစီတောင်းဆိုမှု အရေးတော်ပုံကို မြန်မာ့တပ်မတော်က ရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့ပြီးနောက်ပိုင်း အနောက်နိုင်ငံများက မြန်မာတပ်မတော် အစိုးရအား ကိုယ့်ပြည်သူလူထုကို ပြန်လည်သတ်ဖြတ်သူများ ဟု သတ်မှတ်၍ နှစ်ပေါင်းနှစ်ဆယ်ခန့် အဆင့်နှိမ့်ချ ဆက်ဆံ ခဲ့ကြခြင်းဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သော လပိုင်းများအတွင်း မကြုံစဖူး အပြောင်းအလဲများ ရုတ်တရက် ပြသလာခဲ့သော မြန်မာနှင့် သံတမန်ဆက်ဆံရေး အဆင့်မြှင့်ကာ မြန်မာနိုင်ငံသို့ သံအမတ်ကြီး ခန့်အပ်စေလွှတ်တော့မည်ဟု ဝါရှင်တန်က ယခင်လတွင် ကြေညာခဲ့သည်။ “အမေရိကန်တွေ ဘာလုပ်ဖို့ ကြိုးစားနေသလဲ ဆိုတော့ မြန်မာနိုင်ငံက လစ်ဘရယ်လိုက်ဇေးရှင်းကို တွန်းအား ပေးနေကြတဲ့ အင်အားစုတွေကို အားပေးထောက်ခံတဲ့ လက္ခဏာတွေ ပြသနေတာပါ” ဟု ရောဘတ်ဖစ်က ပြောကြားသွားသည်။

*****************************************************************************

မြန်မာ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဟန်ချက်ညီ

(7 February 2012 ရက်စွဲပါ The Daily Star မှ Larry Jaganရေးသားသော Burma’s reform process in the balance ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်သည် ဟန်ချက်ညီနေပြီးဖြစ်ပြီး၊ အစိုးရအဖွဲ့အတွင်းမှ သဘောထား တင်းမာသူများနှင့် လစ်ဘရယ် သမားများမှာ အာဏာအားပြိုင်မှုဖြင့် ချုပ်မိနေပြီ ဖြစ်သည်။ ပြောင်းလဲမှုများမှာ အားတက်ဖွယ် လက္ခဏာများနှင့် သမ္မတဦးသိန်းစိန်အပေါ် နိုင်ငံတကာမှ ချစ်ကြည်မှုများရနေသော်လည်း၊ ပြောင်းလဲမှုများသည် အချိန်မရွေးပျက်ယွင်းသွားနိုင်သည့် အခြေအနေတွင် ရှိနေသေးသည်။ ယခုအချိန်အထိ ရည်ရွယ်ချက် ကောင်းများစွာ ရှိနေသော်လည်း၊ တကယ်တမ်းတွင် လက်တွေ့ပြောင်းလဲမှုများမှာအကန့်အသတ်နှင့် အနည်းငယ်သာ ရှိကြောင်း သုံးသပ်သူများ၏ အဆိုအရသိရှိရသည်။

အကြောင်းမှာ သမ္မတဦးသိန်းစိန်အား ထောက်ခံသော လစ်ဘရယ်သဘောထားရှိ ဝန်ကြီးများနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များမှ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး ဦးဆောင်သော သဘောထားတင်းမာသူများ၏ အမြဲတစေ ဖိအားပေးမှုကြောင့် လုပ်ရကိုင်ရကျပ်တည်းသော အခြေအနေတွင် ရှိခြင်းကြောင့် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးသည့် အဖြစ်အပျက်သည် ကန့်လန်ကာနောက်ကွယ်မှ တိုက်ပွဲကို မီးမောင်း ထိုးပြသည့်သဖွယ်ဖြစ်သည်။ အစိုးရဝန်ကြီးများ၊ အကြံပေးများနှင့် သမ္မတကိုယ်တိုင်ကပင် နိုင်ငံတကာအသိုင်းအဝိုင်းသို့ နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွှတ်ပေးမည်ဟု ကတိပေးခဲ့သည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးရွှေမန်းကလည်း ဒီဇင်ဘာလ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် လာရောက်စဉ်က ယခုနှစ်မကုန်မီ လွှတ်ပေးမည်ဟု လေသံပစ်ခဲ့သည်။

ယခုအခါ ၈၈ မျိုးဆက်ကျောင်းသားအုပ်စုများ အပါအဝင် နာမည်ကြီးများလွှတ်လာခဲ့ပြီဖြစ်သည်။ သို့သော် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲသို့ ဦးတည်နေချိန်တွင် အစိုးရထိပ်ပိုင်းတွင် အာဏာလွန်ဆွဲမှု ပိုမိုပြင်းထန်လာခြင်းကြောင့်၊ ထောင်ထဲတွင် နိုင်ငံရေးအကျဉ်းသားများကျန်ရှိနေသေးသည်။

ဇန်နဝါရီလ (13) ရက်နေ့က ၎င်းတို့အားလွှတ်မပေးမီက၊ ဇန်နဝါရီလ (4) ရက်နေ့ လွတ်လပ်ရေးနေ့ နှင့် ဖေဖော်ဝါရီလ (12) ရက် ပြည်ထောင်စုနေ့များတွင် နိုင်ငံရေးအကျဉ်းသားအများစု လွှတ်ပေးမည်ဟု သတင်းထွက်ခဲ့သည်။ သို့သော် တကယ်တမ်းဇန်နဝါရီလ (4) ရက် တွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်နှင့် အခြားအကျဉ်းသားများ ပြစ်ဒဏ် လျှော့ပေါ့မှုကြောင့် မြန်မာနိုင်ငံတွင်း လစ်ဘရယ်အသိုင်းအဝိုင်းတွင် စိတ်ပျက်ခဲ့ရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဦးဆောင်နေသော ရထားပို့ဆောင်ရေးဝန်ကြီးဦးအောင်မင်းသည် သိသိသာသာ စိတ်ဓါတ်ကျသွားခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးခင်မင်သူတစ်ဦး၏ အဆိုအရသိရှိရသည်။ လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းသည် ပြည်သူသို့ တောင်းပန်လုနီးပါး အခြေအနေတွင်ပင် ရှိခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ၏ ကံကြမ္မာသည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကိုဒုက္ခပေးမည့် အာဏာလွန်ဆွဲမှု ကျယ်ပြန့်လာခြင်း၏ ပုံရိပ်ပင်ဖြစ်သည်။ သမ္မတသည် နောက်ဆုံး၌ မည်သူတွေကိုလွှတ်မည်၊ မည်သည့်အချိန်တွင် လွှတ်မည်ကို ဆုံးဖြတ်ရမည်ဖြစ်သော်လည်း လူကြီးလူကောင်းဆန်စွာ မဲဆန္ဒပေးစေပြီး၊ သဘောထားတင်းမာသူများအား ရန်စခြင်း မရှိပေ။

ယခုမူဘာတွေဖြစ်ခဲ့သည်ဆိုသည့် သတင်းများထွက်ပေါ်လာသည်။ ဒီဇင်ဘာလ(30)ရက်နေ့က အမျိုးသား ကာကွယ်ရေးနှင့် ကောင်စီ အစည်းအဝေး ပြုလုပ်ရာကာကွယ်ရေးဦးစီးချုပ်ကလုံခြုံရေးနှင့် အခြား အမျိုးသားရေးများ ဆွေးနွေးရာ နိုင်ငံရေးအကျဉ်းသားများကိစ္စမှာ အချေအတင် ဖြစ်ခဲ့ရသည်ဟုဆိုသည်။ သဘောထားတင်းမာသူခေါင်းဆောင် ဒုသမ္မတဦးတင်အောင်မြင့်ဦးက နိုင်ငံရေးအကျဉ်းသားများကို ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီ မလွှတ်ရန် ပြင်းထန်စွာပြောဆိုခဲ့သည်။

စစ်အစိုးရလက်ထက်က တတိယထိပ်တန်းပုဂ္ဂိုလ်ဖြစ်ခဲ့သူ ဦးရွှေမန်းသည် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရေးတွင် ရှေ့ဆုံးမှ ပါဝင်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အစည်းအဝေးတွင် ယင်းက အကယ်၍ အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို ကတိအတိုင်း လွှတ်ပေးခြင်းမရှိပါက၊ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD သည် ရွေးကောက်ပွဲ မဝင်ရန် ဆုံးဖြတ်လိမ့်မည်ဟု ငြင်းချက်ထုတ်သည်။ ပြည်ထဲရေး ဝန်ကြီး ဗိုလ်ချုပ်ကိုကို ကလည်း အကျဉ်းသားများ ချက်ခြင်းလွှတ်ရေးကို ထောက်ခံခဲ့သည်။ ကျန်သူများအနက် အချို့က မင်းကိုနိုင်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင်များကဲ့သို့သော နိုင်ငံရေးအကျဉ်းသားများကို ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် စာရင်း မှတ်ပုံတင်ပြီးသည်အထိ လွှတ်ပေးခြင်းမပြုရန် အရေးကြီးကြောင်း အကြံပြုကြသည်။

သဘောထားတင်းမာသူများ၏ အကြီးမားဆုံး ကြောက်ရွံ့မှုမှာ ၈၈ အုပ်စုများ ပါတီထောင်၍ ရွေးကောက်ပွဲသို့ ဝင်ရောက်အရွေးခံမည်ကို ဖြစ်သည်။ အတိုက်အခံ ပြောလာသောအခါ သမ္မတသည် ယင်းဆုံးဖြတ်၍ ရသော ကိစ္စဖြစ်သော်လည်း ငြိမ်နေလိုက်သောသဘောရှိပြီး နောက်ဆုံးတွင် လွတ်လပ်ရေးနေ့၌ လက်တစ်ဆုပ်စာသာ လွတ်မြောက်လာခြင်း ဖြစ်သည်။ သို့သော် နှစ်ပတ်အကြာတွင် သဘောထားတင်းမာသူများ မနှစ်သက်သည့် ၈၈ ကျောင်းသားများနှင့် ဗိုလ်ချုပ်ခင်ညွန့်အပါအဝင် ထင်ရှားသော အကျဉ်းသားများကို လွှတ်ပေးခဲ့သည်။

သမ္မတက ရုတ်တရက် သဘောထားပြောင်းလဲသွားခြင်းမှာ တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး စကားပြောမှုတွင် KNU နှင့် အောင်မြင် သွားသောကြောင့် ဖြစ်သည်။ ထိုအချက်သည် ဦးသိန်းစိန်အား သတ္တိ ရှိသွားစေခဲ့ပြီး လုပ်သာကိုင်သာ ရှိသွားစေသည်။ ဇန်နဝါရီလ (၁၂)ရက်နေ့က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော မြန်မာ အစိုးရအဖွဲ့သည် KNU နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးပြီးလျှင်ပြီးခြင်း ရထားဝန်ကြီးက ဦးသိန်းစိန်ထံ ဖုန်းဆက်ကြောင်း အစည်းအဝေး တက်ရောက်သော သူများထံမှ သိရှိရသည်။ သမ္မတကလည်း စောင့်နေခြင်းဖြစ်ပြီး လေးနာရီအကြာတွင် အဓိကအကျဉ်းသားများ လွှတ်ပေးရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

အထက်ပါအချက်ကို ကြည့်ခြင်းဖြင့် အခြေအနေများမှာ မရေရာသော အခြေအနေတွင်ရှိသည်ဟု မြန်မာ အစိုးရအတွင်းမှ သတင်းများက ဆိုသည်။ သဘောထားတင်းမာသူများက သမ္မတကြီးအား ပြဿနာပေးလျက် ရှိပြီး လစ်ဘရယ်သမားများအနေဖြင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အနှောင့်အယှက်မရှိ လုပ်ဆောင်ရန် ခက်ခဲလှသည်။

သဘောထားတင်းမာသူများ အကြိုက်ဆုံးနည်းတစ်ခုမှာ ယခင်စစ်တပ် ခေါင်းဆောင်ဟောင်း ဦးသန်းရွှေကို ညွှန်းဆိုကြခြင်းပင် ဖြစ်သည်။ သဘောထား တင်းမာသူများ အထူးသဖြင့် ယခင် စစ်အစိုးရစက်မှုဝန်ကြီးနှင့် USDP ၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးအောင်သောင်းသည် အကျဉ်းသား အမြောက်အများ လွှတ်ပေးခြင်းသည် အဖိုးကြီးအား စိတ်ဆိုးစေနိုင်ကြောင်း အဆက်မပြတ်ဆိုခဲ့ပြီး နှောင့်နှေးအောင် ပြုလုပ်ခဲ့သည်။ အထက်ပါ ယခင်အစိုးရမှ ပြောင်းလဲရေး မလိုလားသော အဖိုးအိုများသည် ဦးသန်းရွှေနှင့် ရင်းနှီးပြီး မကြာခဏသွားရောက် တွေ့ဆုံလေ့ရှိသူများ ဖြစ်သည်။ ယင်းတို့သည် ပြုပြင် ပြောင်းလဲရေးများကို ကန့်သတ်ရန် ရှေ့ဆုံးမှ ကြိုးစားနေသူများ ဖြစ်သည်။

ယင်းတို့သည် လစ်ဘရယ်သမားများ လုပ်ရကိုင်ရ ခက်အောင် ပြဿနာများ ပြုလုပ်နေပြီး နှောင့်နှေးအောင် ပြုလုပ်လျက်ရှိသည်။ ကချင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်မှုမှာ ယင်းတို့အား ပိုမို အားကောင်းလာစေသည်။ ယခုအခါ ယင်းတို့သည် လူမှုရေးမငြိမ်သက်မှုများနှင့် နိုင်ငံရေး ဆန္ဒပြပွဲများ ဖြစ်ပေါ်ရန် စောင့်နေပြီး ဦးသိန်းစိန်နှင့် ယင်း၏ လစ်ဘရယ် ထောက်ခံသူများအား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုမှာ မှားယွင်းကြောင်း လက်ညှိုးထိုးရန် ဖြစ်သည်။ ကန့်လန့်ကာ နောက်ကွယ်တွင် ကြံစည်နေခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ယခု လောလောဆယ်တွင်မူ အခြေအနေမှာ ရှေ့မတိုး၊ နောက်မဆုတ်သာ ဖြစ်နေပြီး၊ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် အချိန်ထိ ဖြစ်နေနိုင်သည်။ ရွေးကောက်ပွဲများ၏ ရလဒ်သည် အနာဂတ် ပြုပြင် ပြောင်းလဲရေးများ၏ နှုန်းနှင့် အတိုင်းအတာကို အဆုံးအဖြတ် ပေးမည် ဖြစ်သည်။ ဝန်ကြီးများ၏ ၂၀% သည် လစ်ဘရယ်ဖြစ်ပြီး၊ ၂၀% မှာ သဘောထား တင်းမာသူများ ဖြစ်ပြီး ကျန် ၆၀%မှာ မည်သူ နိုင်မလဲ ဆိုသည်ကို စောင့်ကြည့်နေသော ခြံစည်းရိုးပေါ်တွင် ခွထိုင်နေသူများ ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးက မကြာမီက နိုင်ငံခြား သံတမန်များအား ပြောသည်။ မသေချာသော ကစားပွဲ တစ်ခုကို ကစားနေရသကဲ့သို့ရှိပြီး လစ်ဘရယ် သမားများသည် ယင်းတို့နှင့် ရင်းနှီးသော မြန်မာ အစိုးရ တာဝန်ရှိသူများအပေါ် မူတည်၍ လှုပ်ရှားနေရသည်။ "ကျွန်တော်တို့ ရှုံးရင်တော့ ထောင်ထဲပဲ" ဟု ယင်းတို့အထဲမှ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

*****************************************************************************

 

                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၈.၂.၂၀၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုကို အာဏာပိုင်များ ထိတ်လန့်တုံ့ပြန်

(Brisbane Times မှ 8 February 2012 ရက်စွဲပါ Suu Kyi’s campaign leaves Burmese leaders on edge ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာဒုက္ခသည်များ တရုတ်တွင် ခိုလှုံ

(Gulf Times မှ 8 February 2012 ရက်စွဲပါ Myanmar Refugees seek shelter in China ကို ဘာသာ ပြန်ဆိုသည်)

  1. ကမ္ဘာလှည့်ခရီးသည်များအတွက် တံခါးပွင့်လာသည့် မြန်မာ

(Channel News Asia မှ 6 Feb 2012 ရက်စွဲပါ Myanmar opening up to tourists ကို ဘာသာ ပြန်ဆိုသည်)

*******************************************************************************************

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုကို အာဏာပိုင်များ ထိတ်လန့်တုံ့ပြန်

(Brisbane Times မှ 8 February 2012 ရက်စွဲပါ Suu Kyi’s campaign leaves Burmese leaders on edge ကို ဘာသာ ပြန်ဆိုသည်)

အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရေပန်းစား ကျော်ကြားမှုဖြင့် ဗိုလ်ချုပ်ဟောင်းများ၏ အစိုးရသစ်ကို သိသိသာသာ တုန်လှုပ်စေခြင်းနှင့်အတူ ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို စတင်လျက်ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း သူမ၏ ပုသိမ်မြို့လူထုစည်းဝေးပွဲမတိုင်မီတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ဧရာဝတီတိုင်း နယ်ခံ ကျောင်းသားများအား ထုံးစံမဟုတ်သော အကြို အစမ်းစာမေးပွဲကျင်းပမည်ဟု ဒေသအာဏာပိုင်များက ရုတ်တရက်ကြေညာခဲ့ခြင်းမှာ သူမ ပုသိမ်၌ရှိနေစဉ် ကျောင်းသားမြောက်များစွာ စုဝေးခြင်း မပြုအောင် တမင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။

အလယ်ပိုင်းမြို့တော် မန္တလေးသို့ သွားမည့်ခရီးစဉ်တွင်လည်း လူထုတွေ့ဆုံပွဲအတွက် ဗထူးအားကစားကွင်း အသုံးပြုခွင့်ကို အာဏာပိုင်များက ငြင်းပယ်ခဲ့ကြခြင်းကြောင့် ထိုခရီးစဉ်ကို ယခင်အပတ်က ဆိုင်းငံ့ထားခဲ့ရပြီး ဖြစ်သည်။ လက်ရှိတွင် သူမ၏ NLD ပါတီသည် နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်တွင် လစ်လပ်နေသော အမတ်နေရာ ၄ဝ အတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ကျင်းပမည့် မဲဆန္ဒနယ်များမှာ နိုင်ငံအနှံ့ ဖြစ်သော်လည်း အများစုမှာ ဗမာလူမျိုးများ လွှမ်းမိုးထားသော အလယ်ပိုင်း မြေပြန့်ဒေသများ ဖြစ်ကြပြီး ထွက်ပေါ်လာမည့် ရလဒ်သည် ၂ဝ၁၅ ရွေးကောက်ပွဲ၏ ရှေ့ပြေးဖြစ်လာဖွယ် ရှိသည်။

အခြေခံဥပဒေစည်းမျဉ်းများအရ လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၅% ကို တပ်မတော်က ယူထားခြင်း၊ လွှတ်တော်တွင်း ၇၅% ထောက်ခံမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း စသော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထား သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ အနိုင်ရကာ အစိုးရဖွဲ့စည်းမည့် အလားအလာသည် တပ်မတော် ခေါင်းဆောင်ဟောင်းကြီးအတွက် ညအိပ်မက်ဆိုးကြီးတစ်ခု ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂ဝဝ၈ အခြေခံဥပဒေကို ကန့်ကွက်ခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ခြင်းအား ပြောင်းလဲ ပြင်ဆင်ကာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် NLD ပါတီက ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော လက်ရှိသမ္မတဦးသိန်းစိန်ကို မိမိကိုယ်မိမိ လူကြိုက်များ နိုင်ငံရေးခေါင်းဆောင် ဖြစ်လာအောင် တည်ဆောက်မည့်သူဟု ရှုမြင်ထားကြောင်း ထင်ဟပ်နေသည်။

သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေး၍ နိုင်ငံရေးနယ်ပယ်ထဲသို့ တွဲခေါ်လိုက်သည့်အပြင် နိုင်ငံရေး အကျဉ်းသား ရာဂဏန်းကျော် လွှတ်ပေးခြင်း၊ ပြည်သူတို့ ကန့်ကွက်သော ဧရာဝတီ မြစ်ဆုံတမံကို ရပ်ဆိုင်းခြင်း၊ မြန်မာ့စီးပွားရေးကို တံခါးဖွင့် ပြင်ဆင်ရန် စီစဉ်ခြင်းတို့ကိုလည်း အဆက်မပြတ် လုပ်ဆောင် ပြသလျက်ရှိသည်။

“ဒေါ်စုဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ ယုံကြည်တဲ့ ခေါင်းဆောင်၊ လွတ်လပ်မှုကို ကိုယ်စားပြုတဲ့ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ လက်ရှိခေါင်းဆောင်တွေကိုလည်း လေးစားသမှုနဲ့ မျှမျှတတ အမှတ်ပေးရပါလိမ့်မယ်” ဟု ထင်ရှားသော ပြည်တွင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လက်ရှိအစိုးရသစ်ဟာ ပုလင်းသစ်ထဲကို အရက်ဟောင်းထည့်ပြီး တံဆိပ်ကပ်ထားတာလို့ အရင်က ဝေဖန်ခဲ့ကြသူတွေဟာ အခုချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နိုင်ငံရေးရာသီဥတုနဲ့ လုံးဝ ကွဲပြား ခြားနားသွားပြီ ဆိုတာကို သိရှိ နားလည်သွားကြပါပြီ” ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး (တပ်မတော်အရာရှိဟောင်း) ဦးကိုကိုလှိုင်က ပြောကြားသည်။ “အခုကြားဖြတ်ရွေးကောက်ပွဲရဲ့ ရာသီဥတုပြောင်းလဲသွားရတဲ့ အကြောင်းရင်းကတော့ လက်ရှိသမ္မတနဲ့ ဒေါ်စု အကြားက ဆက်ဆံရေးပုံစံဟာ အရင်အကြီးအကဲလက်ထက်နဲ့ အလွန်ကွဲပြားခြားနားသွားလို့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အစိုးရသစ်၊ ပတ်ဝန်းကျင်အသစ် ဖြစ်နေပြီဆိုတာကို သတိရကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေကြားက နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အယူအဆ၊ ခံယူချက်၊ သဘောထားတွေဟာ အရင်ခေတ်နဲ့ မတူတော့ပါဘူး” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

သမ္မတဦးသိန်းစိန်သည် ပြန်လည်သင့်မြတ်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခြင်း၊ NLD ပါတီကိုအသိအမှတ်ပြုကာ မှတ်ပုံတင်ခွင့်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းနှင့်တွေ့ဆုံရန် နိုင်ငံခြားအစိုးရခေါင်းဆောင်များ တဖွဲဖွဲရောက်ရှိခဲ့သည်။

“တပ်မတော်သားတိုင်းဟာ အထက်မိန့်ကိုနာခံကြရပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်မှာ ဝန်ထမ်းကောင်းတစ်ဦး ပီသအောင် နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ အစိုးရအာဏာကို လွှဲပြောင်းယူပြီး နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သွားချိန်မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်ခဲ့ပါတယ်။ သူမှန်တယ်လို့ ယူဆတဲ့ အရာ မှန်သမျှကို သူလုပ်သွားမှာပါ” ဟု ဦးကိုကိုလှိုင်က ရှင်းလင်းပြောဆိုသည်။

“အခု နိုင်ငံရဲ့ အခြေအနေက အရင်နဲ့ မတူတော့ပါဘူး။ ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာ ကစားပွဲအသစ်ရဲ့ စည်းမျဉ်းတွေအရ ပါဝင် လှုပ်ရှားကြရမှာပါ” ဟုလည်း ယင်းက ပြောသည်။

************************************************************************

မြန်မာဒုက္ခသည်များ တရုတ်တွင် ခိုလှုံ

(Gulf Times မှ 8 February 2012 ရက်စွဲပါ Myanmar Refugees seek shelter in China ကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဖြစ်ပွားသော တိုက်ပွဲများကြောင့် ထောင်ပေါင်းများစွာသော ဒုက္ခသည်များသည် နယ်စပ် တရုတ်နိုင်ငံဘက်တွင် ယာယီတဲများဖြင့် နေကြရသည်ဖြစ်ရာ ဘေဂျင်းအတွက် လူသားချင်းစာနာသော ပြဿနာများဖြစ်စေခဲ့ပြီး ရှုပ်ထွေးပြီး သံတမန်ရေးအရ ကိုင်တွယ်ရ ခက်သော ကိစ္စရပ်များ ဖြစ်လာစေသည်။

မြန်မာစစ်တပ်နှင့် KIA တို့၏ တိုက်ပွဲများကြောင့် ဒုက္ခသည်တစ်သောင်းခန့်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အတွင်းသို့ ဝင်ရောက် ထွက်ပြေးသွားရကြောင်း အကူအညီပေးရေးအဖွဲ့ ၅ ဖွဲ့က ပြောကြားခဲ့သည်။ ဒုက္ခသည်အများစုမှာ အမျိုးသမီးများ၊ ကလေးများနှင့် အသက်ကြီးသူ ဖြစ်ကြသည်။ တိုက်ပွဲများမှာ ပြီးခဲ့သည့်ဇွန်လက စတင်ခဲ့ရာ ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲထားမှု ပျက်ပြယ်သွားခဲ့ပြီး ကချင် တိုင်းရင်းသားများကို နယ်စပ်ဒေသများသို့ ထွက်ပြေးစေခဲ့သည်။ ယခုပဋိပက္ခသည် မြန်မာအစိုးရက အီးယူနှင့်အမေရိကန်တို့၏ အရေးယူမှုများ ရုတ်သိမ်းရေးအတွက် လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ထိခိုက်စေသည်။

အီးယူနှင့် အမေရိကန်တို့က တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးသဘောတူညီမှုကို ယင်းတို့၏ အရေးယူမှုများ ရုတ်သိမ်းပေးရန် လိုအပ်သော အခြေအနေတစ်ခုအဖြစ် ထည့်သွင်းထားသည်။ တိုက်ပွဲပြင်းထန်မှုအခြေအနေများ လျော့ပါးသွားသော်လည်း ဒုက္ခသည်များ ဆက်လက် ထွက်ပြေး ဝင်ရောက်လာမှုကြောင့် ကူးစက်ရောဂါများ ဖြစ်ပွားလာမည်ကို အကူအညီပေးရေးအဖွဲ့များက စိုးရိမ်လျက်ရှိသည်။ တရုတ် အစိုးရသည် ဒုက္ခသည် စခန်းများကို စိတ်ရှည်စွာ လက်ခံထားသော်လည်း ယင်းတို့တည်ရှိနေမှုကို တရားဝင်အသိအမှတ်ပြုခြင်း မရှိသေးပေ။

“သူတို့အားလုံးမှာ သောက်ရေသန့်မရှိပါဘူး” ဟု ပြည်တွင်းအကူအညီပေးရေးအဖွဲ့တစ်ခုမှ ညှိနှိုင်းရေးမှူး La Rip က မြန်မာနိုင်ငံတွင်းမှ တယ်လီဖုန်းဖြင့် ပြောသည်။ “တချို့စခန်းတွေမှာ ဝမ်းရောဂါစဖြစ်နေပါတယ်။ သူတို့ကိုပေးဖို့ အစားအသောက် အစုံမရှိပါဘူး။ ကျွန်တော်တို့မှာ ဘတ်ဂျတ်က ကန့်သတ်ချက်နဲ့ပဲ ရှိတော့ မပြည့်စုံပါဘူး။ နောက်ပြီး သူတို့မှာ ပုံမှန်ဝင်ငွေလည်း မရှိပါဘူး။ အလုပ်လုပ်စရာနေရာလည်း မရှိပါဘူး” ဟု ယင်းက ပြောသည်။

တရုတ်-မြန်မာ နယ်စပ်တွင် တိုက်ပွဲများ များစွာ ဖြစ်ပွားနေခြင်းနှင့် ဒုက္ခသည်များ တိုးပွားလာခြင်းကို အမြဲတမ်း တည်ငြိမ်ရေးကိုသာ ရှေ့တန်းတင် စဉ်းစားသော တရုတ်အစိုးရအတွက် စိတ်ပူပန်လျက်ရှိသည်။

*****************************************************************************

ကမ္ဘာလှည့်ခရီးသည်များအတွက် တံခါးပွင့်လာသည့် မြန်မာ

(Channel News Asia မှ 6 Feb 2012 ရက်စွဲပါ Myanmar opening up to tourists ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ အထီးကျန်ဖြစ်ခဲ့ပြီးနောက် ယခုအခါ အရှေ့တောင်အာရှသို့ လာရောက်မည့် ခရီးသွားများအတွက် စိတ်ဝင်စားမှုများနှင့် ဆွဲဆောင်မှုများဖြစ်ပေါ်စေသည့် နေရာတစ်ခုဖြစ်လာသည်။

လက်ရှိ မြန်မာနိုင်ငံတွင်း လတ်တလောပြောင်းလဲမှုများနှင့်ပတ်သက်၍ အပြုသဘောဆောင်သော အမြင်နှင့် ပြောဆိုမှုများ တစ်ဖက်တွင် ရှိနေသော်လည်း အခြားတစ်ဖက်တွင်မူ အခြေခံအဆောက်အဦကောင်းများ မရှိသည့်အတွက် စိုးရိမ်စရာများဖြစ်ပေါ်စေသည်။ မြန်မာနိုင်ငံတစ်ဝန်း ကိုယ်ပိုင် ခြောက်ယောက်စီးဂျက်လေယာဉ်ဖြင့် လည်ပတ်မည် ဟူသည့်ကိစ္စမှာ ယခင်က ထူးဆန်းထွေလာသဖွယ်ဖြစ်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ ဖြစ်နိုင်ခြေရှိလာသည်။

မြန်မာသို့ သုံးညအိပ် လေးရက်ခရီးသွားရောက်ပြီး နိုင်ငံယဉ်ကျေးမှုများနှင့် မပျက်မစီးသေးသော ရှေးဟောင်း ဂူနှင့် ဘုရားကျောင်းများကို လေ့လာနိုင်သည်။ လူဦးခြောက်ဦးပါဝင်သော Tour အဖွဲ့တစ်ဖွဲ့အတွက် တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ အောက်ဖြင့် မြန်မာနိုင်ငံသို့ Package Tour နှင့်သွားရောက်နိုင်သည်။ “အခုလက်ရှိ မြန်မာနိုင်ငံထဲမှာ ဧရာမပြောင်းလဲမှုကြီးတွေ ဖြစ်ပေါ်နေပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံရဲ့ပုံစံက လွတ်လွတ်လပ်လပ်သွားလာလို့ရတယ်။ အရင်တုန်းက၊ ဖိနှိပ်ချုပ်ခြယ်မှုတွေရှိခဲ့တုန်းက အနေအထားမျိုးနဲ့ တခြားစီပါပဲ” ဟု Khiri Travel မှ စီအီးအိုဖြစ်သူ Willem Niemeijer ကပြောကြားသည်။

ထိုသို့ပြောင်းလဲမှုများရှိနေသည့်တိုင် ဖွံ့ဖြိုးတိုးတက်မှုနိမ့်ကျပြီး လူဦးရေ ၃၀ ရာခိုင်နှုန်းလောက် ဆင်းရဲမွဲတေမှုမျဉ်း အောက်ရှိဘဝဖြင့် နေထိုင်ကြသော မြန်မာသို့ ဇိမ်ခံခရီးစဉ်များအဖြစ် သွားရောက်နိုင်မည့်ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်စရာများရှိသည်။ ယမန်နှစ်ကဆိုလျှင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမှာ လေးသိန်းမျှသာရှိခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံသို့မူ ၁၇ သန်းထိဝင်ရောက်ခဲ့သည်။ စီးပွားရေးလုပ်ငန်း စောင့်ကြည့်လေ့လာသူများက မြန်မာ့ခရီးသွားလုပ်ငန်း အခန်းကဏ္ဍတွင် ဧရာမအလားအလာများရှိနေသည်ကို တွေ့မြင်ကြသည်။ သို့သော် အလားအလာ ရှိသည့် ပြဿနာများလည်း တစ်ပြိုင်နက်တည်းရှိနေသည်။

မြန်မာပြည်တွင်းလေကြောင်းခရီးစဉ်များ၊ ဟိုတယ်ခန်းများနှင့် ကျွမ်းကျင်အောင်လေ့ကျင့်ထားသော ဝန်ထမ်းများ လုံလောက်မှု မရှိခြင်းတို့က မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ပြဿနာများသဖွယ်ဖြစ်လာသည်။ နောက်ထပ်စိုးရိမ်စရာဖြစ်ရသည့်ကိစ္စမှာ ထိုသို့ ခရီးသွားလုပ်ငန်းကြီးထွားလာမှုကြောင့် လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများ လျင်မြန်စွာဖြစ်ပေါ်လာနိုင်ခြင်းပင်ဖြစ်သည်။

မြန်မာအစိုးရ၏ ခရီးသွားလုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သော ဒေါ်ကြည်ကြည်အေးက “ကျွန်မတို့ အနေနဲ့ တိုရစ်ဇင်လုပ်ငန်းကို အောင်မြင်ဖြစ်ထွန်းမှုရှိအောင် မဖြစ်မနေလုပ်ကိုင်ကြရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲကို ဝင်ရောက် လည်ပတ်လာတဲ့သူတွေအပေါ် တာဝန်ယူရုံသာမက ကမ္ဘာလှည့်ခရီးသည်တွေအတွက်ဝင်ဆောင်မှုတွေ လက်ခံလုပ်ဆောင်ပေးတဲ့သူတွေကိုပါ တာဝန်ယူလုပ်ကိုင်သွားရမှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင်မူ မြန်မာနိုင်ငံမှ ဆီးနှင်းများဖုံးလွှမ်းလျက်ရှိသော တောင်တန်းကြီးများနှင့် ကျယ်ဝန်းလှသော အပန်းဖြေကမ်းခြေများက ကမ္ဘာလှည့်ခရီးသွားများကို ဖိတ်ခေါ်လျက်ရှိသည်။

****************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs