Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၁.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၃)

  1. တစ်စက်ပြီးတစ်စက် ဒီမိုကရေစီ(သို့) အထက်မှစသော မြန်မာ့ပြုပြင်ပြောင်းလဲမှု

(Jakarta Post မှ 16 Feb 2012 ရက်စွဲပါ Drip, Drip, Democracy Myanmar’s revolution from above သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

**********************************************************************************

တစ်စက်ပြီးတစ်စက် ဒီမိုကရေစီ(သို့) အထက်မှစသော မြန်မာ့ပြုပြင်ပြောင်းလဲမှု

(Jakarta Post မှ 16 Feb 2012 ရက်စွဲပါ Drip, Drip, Democracy Myanmar’s revolution from above သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

-မြန်မာ့အပြောင်းအလဲကို ပြည်ပဆောင်းပါးရှင်တစ်ဦးက သုံးသပ်ပြထားခြင်းဖြစ်သည်-

ယခုအချိန်သည် မြန်မာနိုင်ငံအပေါ် သတိကြီးကြီးဖြင့် အကောင်းမြင်ကာ အခွင့်အရေးပေးရမည့် အချိန် ဖြစ်ပေသည်။ အာဆီယံအနေဖြင့် လုပ်ရပ် မှန်ကန်မှု မရှိသော်ငြားလည်း မြန်မာနိုင်ငံနှင့်များစွာ စွန့်စား၍ အပြုသဘော ဆက်ဆံခြင်းသည် အမှားအယွင်းတော့ ဖြစ်မလာနိုင်ပါ။ အမှန်စင်စစ် အပြောင်းအလဲသည် မြန်မာနိုင်ငံတွင် အသေအချာပင်ဖြစ်ပေါ်နေပေပြီ။ ယိုယွင်းနေသော ကိုလိုနီခေတ် အဆောက်အဦးများ၊ လမ်းဟောင်းများမှသည် ရွှေတိဂုံစေတီတော် တည်ရှိရာ ကုန်းမြင့်အထိ အခွင့် အလမ်း၊ မျှော်လင့်ချက်နှင့် အဆင်သင့်ပြင်မှုအငွေ့အသက်ကို ထိတွေ့ခံစားရနိုင်သည်။

ထိုမျှမက ကမ္ဘာကြီးကလည်း အံ့သြတကြီးဖြင့် အာရုံစိုက်လျက်ရှိသည်။ နိုင်ငံခြားအစိုးရများ၊ ကုမ္ပဏီကြီးများသည်လည်း အားတက်စရာ ကောင်းသော အပြောင်းအလဲကို ချီးကျူးရန် ဆန္ဒစောစွာ(သို့) အာရှ တွင် နောက်ထပ်ပေါ်မည့် အသစ်ကလေးအား လက်လွတ်သွားမည်ကို စိုးရိမ်စွာဖြင့် ရန်ကုန် နိုင်ငံတကာလေဆိပ် (သို့) နေပြည်တော်လေဆိပ်တွင် တန်းစီလျက်ရှိကြသည်။ ယခုကဲ့သို့ နိုင်ငံရေးရုတ်တရက်ပြောင်းလဲမှု၏ အကြောင်းရင်း များမှာမူ မြန်မာနိုင်ငံ၏ တိုင်းရင်းသား ပေါင်းစုံကဲ့သို့ပင် များပြားရှုပ်ထွေးနေလျက် ရှိသည်။

အံ့အားသင့်စရာအပြောင်းအလဲသည် အကြောင်းရင်းတစ်ခုထဲကြောင့်၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့် ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ပါ။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း၊ ဦးသိန်းစိန်သည်လည်းကောင်း သော့ချက်ကျ အကွက်ရွှေ့သူများမဟုတ်ပါ။ အဆုံးစွန်ပွင့်လင်းစွာဆိုရလျှင် အပြောင်းအလဲသည် အကြောင်းရင်းများစွာ ပေါင်းစုံထိန်းချုပ်သွားမှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်လေသည်။

အနောက်နိုင်ငံများ၏ နှစ်ပေါင်း ၂၀ အရေးယူပိတ်ဆို့မှု Sanctions များသည် အပြောင်းအလဲကို မဆောင်ကြဉ်းနိုင်ခဲ့သော်လည်း မြန်မာ့ လူ့အဖွဲ့အစည်းအပေါ် Sanctions များ၏ ဆိုးကျိုးသက်ရောက်မှုက ဖွံ့ဖြိုးရေး အလားအလာကို ဟန့်တားကာ မြန်မာနိုင်ငံအား အာဆီယံ အိမ်နီးချင်းများ၏ အောက် အနိမ့်ဆုံးအဆင့်တွင် ကျန်ရစ်စေခဲ့သည်။ လှောင်ပိတ်၍ မွဲပြာကျနေသော စီးပွားရေး၊ ဆင်းရဲမွဲတေမှုအဆင့် မြင့်မားလာခြင်း၊ ငွေကြေးကြွယ်ဝမှု ကွာဟချက် ကြီးမားလာခြင်းစသော အချက်များကလည်း နိုင်ငံရေးယမ်းအိုးကြီးဖြစ်အောင် အမြဲတစေ ပြုလုပ်ပေးနေသည်။ အင်ဒိုနီးရှားမှဖြစ်ပျက်မှုနှင့် များစွာ ဆင်တူသော မြန်မာနိုင်ငံမှ ၁၉၈၈ နှင့် ၂၀၀၇ လူထုအုံကြွမှုများသည် အခြေခံ စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်းများမြင့်တက်မှုကြောင့် အစပျိုးခဲ့ခြင်း ဖြစ်လေသည်။

ဖွံ့ဖြိုးရေးရန်ပုံငွေ ရရှိခွင့်ကန့်သတ်ခံရခြင်းသည်လည်း မြန်မာနိုင်ငံ၏ စွမ်းဆောင်ရည်တည်ဆောက်မှုကို ဟန့်တားပိတ်ဆို့ထားခဲ့သည်။ မြန်မာနိုင်ငံက ရရှိနေသော ဖွံ့ဖြိုးရေးအထောက်အပံ့(လူတစ်ဦးလျှင် ၆ ဒေါ်လာ) နှုန်းထားကို ဗီယက်နမ်အတွက် ၄၂ ဒေါ်လာ၊ ကမ္ဘောဒီယားအတွက် ၅၂ ဒေါ်လာ၊ လာအိုအတွက် ၆၂ ဒေါ်လာ စသောနှုန်းများဖြင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များမှတစ်ဆင့် နိုင်ငံတိုင်း အကျိုးအမြတ် ဖြစ်ထွန်းနေ ကြချိန်တွင် မိမိတို့နိုင်ငံအထီးကျန်စွာကျင့်၍ မရနိုင်တော့သည်ကို မြန်မာခေါင်းဆောင်များ နားလည်သိမြင် သဘော ပေါက်သွားကြလေပြီ။ ထို့အပြင် အာရှတိုက်၏ စိတ်မနှံ့သူဘွဲ့အတွက် မြောက်ကိုရီးယားနှင့် အပြိုင်နွှဲလိုခြင်း မရှိကြတော့ပေ။

မြန်မာနိုင်ငံပြန်လည်နိုးထရန်အတွက် Sanctions များ ဦးစွာရုတ်သိမ်းရန် လိုအပ်သည်။ ထို့ကြောင့် ပြည်ပအကူအညီ၊ နိုင်ငံခြားငွေကြေးတို့ကို ဆွဲဆောင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု ပင်မရင်းမြစ်များကို ခွဲဖြန့်ရန်အတွက် အပြောင်းအလဲ(သို့) ပြုပြင်ပြောင်းလဲမှုကို ပြုလုပ်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ်တွင် ဗြိတိသျှတို့က မန္တလေးမြို့တော်အထိ ဧရာဝတီကို ဆန်တက်ကာ သီပေါဘုရင်ကို ဖယ်ရှားခဲ့ချိန်မှစ၍ ဗမာလူမျိုးတို့၏ စိတ်ထဲတွင် နိုင်ငံခြားအပေါ် မှီခို အားထားမှုကို ပယ်ချလိုစိတ်ကြီးကြီးမားမား ကိန်းအောင်းနေခဲ့သည်။ သို့သော် မြန်မာတို့လတ်တလော စိုးရိမ်နေသည်မှာ ဗြိတိသျှရန်စွယ်မဟုတ်ပဲ တရုတ်ရန်စွယ်သာ ဖြစ်သည်။ အပြန်အလှန် ယုံကြည်မှုနှင့် သံသယများကြောင့် နေပြည်တော်အစိုးရသည် ဂျာဗားကျွန်းထက် ၂ ဆ ခန့် ရှည်သော ကီလိုမီတာ ၂၁၈၅ ထိစပ်နေသည့် ဖြောက်ဖက်အိမ်နီးခြင်း အင်အားကြီးနိုင်ငံ၏ သြဇာလွှမ်းမိုးလာမှုကို စတင် ဖယ်ရှားရန် ကြိုးစားခဲ့သည်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံနေသော ဒေါ်လာ ၃.၆ ဘီလျံသည် အငြင်းပွားဖွယ်မြစ်ဆုံတမံစီမံကိန်းကို သမ္မတဦးသိန်းစိန်က ရပ်ဆိုင်းလိုက်ခြင်းသည် တရုတ်သြဇာခံပြည်နယ်တစ်ခု ဖြစ်မလာအောင် သတိကြီးကြီးဖြင့် ကြိုးပမ်းလိုက်ခြင်းဖြစ်ကြောင်း ပြည်တွင်းပြည်ပက ရှုမြင်ခဲ့ကြသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၌ အများဆုံးရင်းနှီးမြှုပ်နှံထားသော်လည်း မြန်မာတို့အတွက် များစွာလိုအပ်နေသော အလုပ်သမား အသုံးပြု ထုတ်လုပ်ရေး ကဏ္ဍများထက် သယံဇာတထုတ်ယူရေး ကဏ္ဍကိုသာ ရွေးချယ် လုပ်ဆောင်နေခြင်း ဖြစ်သည်။ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်စသော နိုင်ငံများသည်လည်း မြန်မာနိုင်ငံ၏ လစ်ဘရယ်ပြောင်းလဲမှု မှ စီးပွားရေး အကျိုးအမြတ်များကို ရိတ်သိမ်းရန် အသင့်ပြင်ဆင်ထားကြပြီးဖြစ်သည်။ မြန်မာအစိုးရ၏ ဆက်လက် ပြုပြင်ပြောင်းလဲမှုများနှင့် အနောက်နိုင်ငံအရေးယူမှုများ ရုတ်သိမ်းမှုသည် အခြားနိုင်ငံများကို သေချာပေါက် တံခါး ဖွင့်ပေးတော့မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် ဖွဲ့စည်းတည်ဆောက်ပုံ အပိုင်း၌များစွာပြုပြင်ပြောင်းလဲရန် လိုအပ်နေဆဲဖြစ်သော်လည်း မြန်မာ့စီးပွားရေး ကဏ္ဍတွင် နောက်ထပ် အားသာချက် တစ်ခုရှိနေသည်။ ကမ္ဘာကြီးသည် စားသောက်ကုန် ဈေးနှုန်း အလွန်အကျွံ မြင့်တက်မှုနှင့် သယံဇာတထုတ်ကုန်လုပ်ငန်းကို အတွေ့အကြုံ ရှိထားပြီး ဖြစ်ပေရာ မြန်မာသည် ထိုနှစ်ချက်လုံးနှင့် ပြည့်စုံနေပေသည်။ အာရှတိုက်၏ သမိုင်းဝင်ဆန်ကုန်သည် ဖြစ်ခဲ့ဖူးသော မြန်မာနိုင်ငံ၏ လူဦးရေ လေးပုံသုံးပုံသည် အရှေ့ တောင်အာရှ၏ မြေသြဇာအကောင်းဆုံးမြေပေါ်တွင် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးကြသူများဖြစ်သည်။

နိုင်ငံခြားကုမ္ပဏီများသည် မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာများအပြင် ရေနံနှင့် ဓာတ်ငွေ့သိုက်များကို တူးဖော်ရန် စိတ်ဝင်စားနေကြသည်။ ကမ္ဘာ့ကနဦး ရေနံတင်ပို့သော နိုင်ငံများထဲတွင် ပါဝင်သော မြန်မာနိုင်ငံသည် ၁၉ ရာစု အလယ်တွင် ရေနံကို ပထမဦးဆုံး နိုင်ငံခြားသို့ တင်ပို့ခဲ့ဖူးသည်။ ပြီးခဲ့သော လအတွင်း မြန်မာအစိုးရက ကုန်းတွင်း ရေနံ၊ ဓာတ်ငွေ့လုပ်ကွက် ၁၈ ခုကို ကုမ္ပဏီ ၈ ခုထံ လုပ်ကိုင်ခွင့် ပေးခဲ့ရာတွင် အင်ဒိုနီးရှားကုမ္ပဏီ PT Itstech Resources Asia ကလည်း လုပ်ကွက်တစ်ခုရရှိခဲ့ သည်။ ဓာတ်ငွေ့အရံသိုက် ကုဗမီတာ ၂၈၃.၂ ဘီလျံရှိသော မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့တွင် အင်ဒိုနီးရှားနှင့် မလေးရှားပြီးလျှင် အကြီးဆုံးဓာတ်ငွေ့သိုက်များကို ပိုင်ဆိုင်ထားသူဖြစ်သည်။ လက်ရှိမြန်မာနိုင်ငံ၏ လစ်ဘရယ်ပြောင်းလဲမှုသည် ရေရှည်တွင် ပြည်သူများကို အကျိုးဖြစ်ထွန်းစေမည် ဖြစ်သော်လည်း လတ်တလော ရေတိုအနေဖြင့် ပြည်တွင်း ဓာတ်အားပေးစနစ်ကို ပြုပြင်ပြောင်းလဲရန် များစွာ လိုအပ်နေသည်။ လက်ရှိပြုပြင်ပြောင်းလဲမှုများသည် ဖောက်ပြန်ယိုယွင်းလာသော တပ်မတော်အစိုးရအတွက် ရှင်သန် ရပ်တည်ရေး မဟာဗျူဟာ တစ်ရပ် ဖြစ်သည်ဟူသော သံသယကို အလွယ်တကူကန့်ကွက်ဝေဖန်၍ မရနိုင်ပါ။

လွန်ခဲ့သော ၂ နှစ်ခန့်က နိုင်ငံပိုင်လုပ်ငန်းများ တိတ်တဆိတ်ပုဂ္ဂလိကပိုင်ပြုလုပ်မည့် အစီအစဉ်တွင် အစိုးရနှင့် အဆက်အသွယ် ရှိသူများအား အဓိကလုပ်ငန်းကြီးများစွာကို လက်သိပ်ထိုး ရောင်းချပေးခဲ့သည်ဟု ကြားသိရသည်။ အဆိုပါကိစ္စမျိုးသည် ဒီမိုကရေစီ ကူးပြောင်းနေဆဲနိုင်ငံများတွင် အထူးအဆန်း မဟုတ်သော်ငြားလည်း အသွင် ကူးပြောင်းမှု၏ နောက်ကွယ်မှ အကြောင်းရင်းအချို့ကို ထင်ဟပ်ပြသလျက်ရှိသည်။

အကဲခတ်လေ့လာသူများကမူ မြန်မာစစ်အစိုးရသည် အင်ဒိုနီးရှားစစ်တပ်၏ လမ်းစဉ်၊ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ၊ မကြာမီ ထွန်းကားလာတော့မည့် မြန်မာ့စီးပွားရေးနယ်ပယ်တွင် အကျိုးဆောင်ပွဲစားများအဖြစ် လုပ်ကိုင်ရန် ဗိုလ်ချုပ်ဟောင်းများအသွင်ပြောင်းကြခြင်း စသည့် နည်းလမ်းများကို အတုယူဆောင်ရွက်နေသည်ဟု ဆက်စပ် သုံးသပ်ပြကြသည်။ အချို့ကမူ နိုင်ငံရေးအပြောင်းအလဲလုပ်မှု နောက်ကျသွားသော သူတို့၏ ကျဆုံးမှုကို သင်ခန်းစာယူခြင်း ဖြစ်သည်ဟု မှတ်ချက်ပေးကြသည်။

သို့သော် ယင်းနိုင်ငံများအကြား သိသာသော ကွဲပြားမှုတစ်ခုမှာ မြန်မာတို့၏ ပြောင်းလဲမှုသည် ဖြည်းဖြည်းမှန်မှန် စီမံခန့်ခွဲခြင်း၊ နေပြည်တော် အာဏာပိုင်များက အထက်အောက် အဆင့်ဆင့် အကောင်အထည်ဖော်ခြင်း တို့ပင်ဖြစ်သည်။ ထိပ်ပိုင်းမှ အရာရာကို ချမှတ်ပေးနေသောကြောင့် ထိပ်ပိုင်းတွင် ပြောင်းလဲသွားပြီဟု အလွယ် တကူတွေးမိသွားစေသည်။ အင်ဒိုနီးရှားတို့၏ ၁၉၉၈ ခုနှစ်က ပြောင်းလဲမှုသည် အစီအစဉ်မကျဘဲ ပရမ်းပတာ ဖြစ်ခဲ့သောကြောင့် ဖိနှိပ်ရန် ဖြစ်နိုင်သလို မှန်းဆရန်လည်း မလွယ်ကူခဲ့ပေ။ မိမိတို့ အာဆီယံအသိုင်းအဝိုင်းအတွက်မူ မြန်မာ့အပြောင်းအလဲ၏ သဘာဝအမှန်နှင့် အတွင်းသရုပ်ကို သိရှိနိုင်မည့် တစ်ခုတည်းသော သော့ချက်ကျ “ပြချက်” မှာ ပြည်တွင်းလူ့အဖွဲ့အစည်းအတွင်း ဖြစ်ပွားနေသော ငြင်းခုန်မှု အတိုင်းအဆ၊ အထူးသဖြင့် သတင်းစာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုခွင့်ဒီဂရီပင်ဖြစ်ပေသည်။

မည်သို့ဖြစ်စေ၊ မြန်မာတို့၏ အပြောင်းအလဲကို မျှော်မှန်းကူညီရေးမိမိတို့ အာဆီယံ၏ တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့် ကစ်ပလင်၏ ကဗျာမှ Come You Back to Mandalay စကားလုံးများကို နားလည်သိရှိနိုင်ရန်အတွက် မိမိတို့၏ သံသယဖြင့် အဆိုးမြင်နေသည့် အကျင့်ကို ချိုးနှိမ် ဆိုင်းငံ့ထားရပါလိမ့်မည်။

***********************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၁.၂.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. တရုတ်နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်များကို သတိပေး

(BBC News မှ 20 February 2012 ရက်စွဲပါ Foreign correspondents’ Club in China warns reporters ကိုဘာသာ ပြန်ဆိုသည်)

  1. တရုတ်မြန်မာ ရေနံပိုက်လိုင်း ဆောက်လုပ်ရေး အဓိက စီမံကိန်းတစ်ခု ပြီးစီး

(People’s daily မှ 20 February 2012 ရက်စွဲပါ Key project of China-Myanmar oil pipeline completed ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံသို့ စောစီးစွာ ရဲရဲဝံ့ဝံ့ ခြေချခဲ့သော ကယ်ဗင်ရုဒ် ရွေးချယ်စရာ

(ABC News မှ 20 February 2012 ရက်စွဲပါ “Rudd’s bold advance into Burma” ကို ဘာသာပြန်ဆိုသည် )

***********************************************************************************************

တရုတ်နိုင်ငံခြားသတင်းထောက်များအသင်းက သတင်းထောက်များကို သတိပေး

(BBC News မှ 20 February 2012 ရက်စွဲပါ Foreign correspondents’ Club in China warns reporters ကိုဘာသာ ပြန်ဆိုသည်)

ပြီးခဲ့သောအပတ်က ဥရောပမီဒီယာ ကုမ္ပဏီများမှ ဝန်ထမ်းသုံးဦး တိုက်ခိုက်ခံရပြီးနောက် တရုတ်နိုင်ငံရှိ နိုင်ငံခြားသတင်းထောက်များအသင်းက ၎င်း၏အဖွဲ့ဝင်များကို သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

သတင်းထောက်များသည် အရှေ့ဖက် Zhijiang ပြည်နယ်ရှိ Panhe ရွာ တွင် မြေယာပိုင်ခွင့် ဆန္ဒပြမှုအား သတင်းယူလျက် ရှိသည်။ အဖြစ်အပျက် တစ်ခု၌ ပြင်သစ်သတင်းထောက်သည် ၎င်း၏ ကားတိုက်မှုဖြစ်ရာ ၎င်း၏ လက်ထောက် တရုတ်လူမျိုးမှာ လူတစ်စု၏ ရိုက်နှက်ခြင်းကို ခံရသည်။ နောက်သီးခြားအဖြစ်အပျက်တစ်ခုတွင် ဒတ်ခ်ျလူမျိုး သတင်းထောက်တစ်ဦးသည် အရပ်ဝတ် ဝတ်ထားသည်ဟု ယူဆရသော ရဲများ၏ တိုက်ခိုက်ခြင်းကို ခံရသည်။ တရုတ်အာဏာပိုင်များက နိုင်ငံခြားသတင်းထောက်များသည် တိဗက်ဒေသမှလွဲ၍ တရုတ်နိုင်ငံတွင် လွတ်လပ်စွာ သတင်း ယူနိုင်ကြောင်း ပြောကြားခဲ့သော်လည်း BBC မှ Martin Patience က ဘေဂျင်းမှ ပြောကြားရာတွင် ယခု တိုက်ခိုက်မှုများသည် နိုင်ငံခြား သတင်းထောက်များအပေါ် ရက်စက်မှုများ ပိုမိုအသုံးပြုလာသည်ဟု ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။  အကဲခတ်သည့် သတင်းများယူရာတွင် သတင်းထောက်များ အနေဖြင့် အနှောက်အယှက်ပေးမှုများ ပိုလာကြောင်း ၎င်းက ပြောသည်။

BBC အပါအဝင် သတင်းဌာန အချို့မှ သတင်းထောက်များသည် တိဗက်ဒေသမှ မတည်ငြိမ်မှုများကို သတင်းယူရန် ကြိုးစားစဉ်တွင် အဖမ်းခံခဲ့ရသည်။ သို့သော် အကြီးမားဆုံးသော ခြိမ်းခြောက်မှုမှာ အရပ်ဝတ် ဝတ်ထားသောရဲများဟု ယူဆရသော လူအုပ်ကြီး၏ တိုက်ခိုက်မှုများ ဖြစ်သည်ဟု BBC သတင်းထောက်က ပြောသည်။ အာဏာပိုင်များကမူ တိုက်ခိုက်သူများမှာ စိတ်ဆိုးနေသော ရွာသားများသာဖြစ်သည်ဟု အမြဲတမ်း ငြင်းဆိုခဲ့သည်။

**************************************************************************

တရုတ်မြန်မာ ရေနံပိုက်လိုင်း ဆောက်လုပ်ရေး အဓိက စီမံကိန်းတစ်ခု ပြီးစီး

(People’s daily မှ 20 February 2012 ရက်စွဲပါ Key project of China-Myanmar oil pipeline completed ကို ဘာသာ ပြန်ဆိုသည်)

တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်း၏ အဓိက စီမံကိန်းတစ်ခုဖြစ်သော ဧရာဝတီမြစ်ကို ဖြတ်သော စီမံကိန်း (Irrawaddy River Crossing Project) သည် ဖေဖော်ဝါရီလ (15) ရက်နေ့က ပြီးစီးသွားပြီ ဖြစ်သည်။

ထိုသို့ ပြီးစီးသွားခြင်းသည် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းဆောက်လုပ်ခြင်းတွင် အရေးကြီးသော အောင်မြင်မှုကို ညွှန်ပြလျက် ရှိသည်။

****************************************************************************

မြန်မာနိုင်ငံသို့ စောစီးစွာ ရဲရဲဝံ့ဝံ့ ခြေချခဲ့သော ကယ်ဗင်ရုဒ် ရွေးချယ်စရာ

(ABC News မှ 20 February 2012 ရက်စွဲပါ “Rudd’s bold advance into Burma” ကို ဘာသာပြန်ဆိုသည်)

နောက်တစ်ကြိမ် ဩစတြေးလျဝန်ကြီးချုပ် ပြန်ဖြစ်လာနိုင်သည့် ကယ်ဗင်ရုဒ်သည် နှစ်ပေါင်းများစွာ အပယ်ခံ မြန်မာနိုင်ငံသို့ ပြီးခဲ့သော ဇွန်လက စောစောစီးစီး သွားရောက်ခဲ့သော သူ၏ အမြော်အမြင်အတွက် ကျေနပ်နှစ်သိမ့်နေပုံ ရသည်။

ကယ်ဗင်ရုဒ်၏ ခရီးစဉ်သည် မြန်မာအစိုးရ၏ အပျံသင်စ ပြုပြင်ပြောင်းလဲမှုများကို အခြား ဒီမိုကရေစီနိုင်ငံများက အလားတူ အသိအမှတ်ပြုလက်ခံခြင်းမပြုမှီ လအတန်ကြာ စော၍ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

                ထိုနောက်ပိုင်း မြန်မာတို့၏ အဝေးမြို့တော် နေပြည်တော်သို့ ရောက်လာကြသူများမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ဂ် တို့ပင် ဖြစ်သည်။ ဤအတွက် မေးစရာရှိသည်မှာ မြန်မာအစိုးရအား စောစီးစွာ အသိအမှတ်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းသည် ကယ်ဗင်ရုဒ်၏ ကြိုတင်သိမြင်မှုလား (သို့) မြန်မာ့တပ်မတော်ခေါင်းဆောင်များက ၎င်းကို အသုံးချသွားသည်လား ဆိုသည့် ကိစ္စပင် ဖြစ်သည်။ မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်မှ လွှတ်ပေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်း၊ မီဒီယာ ဆင်ဆာနှင့် အင်တာနက်ကို ဖြေလျှော့ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့် ပြုခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲရန် အစပျိုးခြင်း စသည်တို့ကို အမှန်တကယ်ပင် လုပ်ဆောင်ပြသခဲ့ကြသည်။

ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာရုဒ်သည် မြန်မာနိုင်ငံသို့မသွားမီ ဒေါ်အောင်ဆန်းစုကြည်ထံမှ အကြံဉာဏ် ရယူခဲ့သည်ဟုလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အဆင်သင့် ဖြစ်နေပြီး အစိုးရအဖွဲ့တွင် ပါဝင်နိုင်လိမ့်မည် ဟုလည်း အာဏာပိုင် သတင်းရပ်ကွက်က ဆိုထားသည်။ ဤအခြေအနေသည် ယခင်လွတ်လပ်မျှတသော ၁၉၉၀ ရွေးကောက်ပွဲတွင် သူမ၏ပါတီ အနိုင်ရရှိပြီးနောက် အစိုးရက အာဏာမလွှဲပဲ နှစ်ပေါင်းများစွာ ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးနောက်ပိုင်း မကြုံစဖူး အထင်ကရ တိုးတက် ပြောင်းလဲမှုတစ်ခု ဖြစ်သည်။ သို့သော်လည်း မြန်မာတပ်မတော်ခေါင်းဆောင်များ၏ လှုပ်ရှားမှုများ၊ လုပ်ဆောင်မှုများ၊ အကြံအစည်များနှင့် ပတ်သက်၍ သံသယများစွာ ကျန်ရှိနေဆဲပင် ဖြစ်သည်။

တရုတ်နယ်စပ်အနီးမှ ကချင် တိုင်းရင်းသားအုပ်စုကို မြန်မာ့တပ်မတော်က ဆက်လက်တိုက်ခိုက်နေခြင်းကို သတိပေးပြောဆိုရာ၌ ကယ်ဗင်ရုဒ် တစ်ဦးတည်း မဟုတ်ခြင်းသည် သာဓကတစ်ခုဖြစ်သည်။ “တိုက်ပွဲဆက်လက်ဖြစ်ပွားနေသော ကချင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် မြန်မာအစိုးရအား ကျွန်ုပ်တို့ တောင်းဆိုသည်” ဟု ကယ်ဗင်ရုဒ်က ယခင်လက ရေးသား ထုတ်ပြန်ခဲ့သည်။ ဤကိစ္စကို အလားတူ စိုးရိမ်ပူပန်သော ကုလသမဂ္ဂ၏ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားကလည်း “ကချင်ပြည်နယ်က အနေအထားက စိုးရိမ်စရာပါပဲ။ အစိုးရတပ်တွေသာမကပဲ တိုင်းရင်းသား တပ်တွေကပါ လူ့အခွင့်အရေး ညှင်းပန်းချိုးဖောက်မှုတွေ ပြုလုပ်နေတဲ့ သတင်းတွေကို ကျွန်တော်တို့ လက်ခံ ရရှိထားပါတယ်။ မြန်မာအစိုးရဟာ ဒီပြဿနာတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် မထင်ပါဘူး” ဟု ABC သတင်းဌာန၏ News line အစီအစဉ်သို့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံခရီးစဉ်မှ ပြန်ရောက်လာကာစ မစ္စတာ ကင်တာနာက ဧပြီလကြားဖြတ်ရွေးကောက်ပွဲများကို အမှန်တကယ် လွတ်လပ်မျှတစွာ၊ ပွင့်လင်း မြင်သာစွာ၊ အားလုံးကို ဖိတ်ခေါ်၍ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပရန် လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန်၍ မေတ္တာရပ်ခံ တောင်းဆိုထားသည်။ မစ္စတာ ကင်တားနားက ဆက်လက်၍ "မြန်မာအာဏာပိုင်များသည် ရွေးကောက်ပွဲတွင် နိုင်ငံတကာ လေ့လာ စောင့်ကြည်သူများအား ခွင့်ပြုရန် ယခုတိုင် သဘောတူခြင်း မရှိသေးကြောင်း၊ ဤကိစ္စသည် ရွေးကောက်ပွဲ၏ စိတ်ချယုံကြည်ရမှု သိက္ခာနှင့်ပြုပြင်ပြောင်းလဲမှု၏ အတွင်းသရုပ်ကို ဆန်းစစ်ဆုံးဖြတ်ရန် အရေးကြီးသည့်အချက် ဖြစ်ကြောင်း" ပြောကြားသွားသည်။

အလားတူ ကချင်ပြည်နယ်မှ ပြန်ရောက်ကာစ Global Mail သတင်းထောက် အော်ဘရီ ဘဲလ်ဖို့ကလည်း "ကတုတ်ကျင်းတွေ၊ မြေမြှုပ်မိုင်းတွေ၊ တင်းမာနေတဲ့ ပဋိပက္ခတွေကြားထဲမှာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အကောင်းမြင်ကြည့်ဖို့ဆိုတာ တော်တော်ခက်ခဲတဲ့ ကိစ္စပါ" ဟု ရေးသားတင်ပြထားသည်။ "ကချင်ပြည်နယ်က အနေအထားနဲ့ ဆန့်ကျင်ဖက် မြန်မာပြည်မ နိုင်ငံရေးနယ်ပယ်မှာ မြင်တွေ့နေရတာကို ယုံကြည်ပေးရမလားလို့ စဉ်းစားဖို့အတွက် အကြောင်းပြချက်ရှိဖို့ လိုပါတယ်" ဟူသော မြန်မာ့ရေးရာ အကဲခတ်တစ်ဦး ဖြစ်သော နီကိုလပ်ဖယ်ရယ်လီ၏ မှတ်ချက်ကိုလည်း ဘဲလ်ဖို့က ကိုးကား ဖော်ပြထားသည်။

လက်ရှိသမ္မတဦးသိန်းစိန်၏ ထိုးစစ်ရပ်ရန် အမိန့်ကိုစစ်တပ်က လျစ်လျူရှုနေသော အချက်က သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့် လစ်ဘရယ်လမ်းစဉ် ပြောင်းလဲမှုတို့တွင် အကန့်အသတ်ရှိနေကြောင်း ညွှန်ပြနေသည်။ အဆိုပါကိစ္စများမှ ထင်ဟပ်ပေါ်လွင်နေသော အမှန်တရားမှာ မြန်မာတို့ကို သတိထား၍ ကိုင်တွယ်ရမည် ဆိုသော အချက်ဖြစ်သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် အနောက်နိုင်ငံအရေးယူမှုများ ဆက်လက်ဖြေလျော့ပေးမည်လား သို့မဟုတ် ပြန်လည် သက်တမ်း တိုးပေးမည်လား ဆိုသည်ကို ဆုံးဖြတ်ပေးရန် အရည်အချင်းရှိသူ ဖြစ်သည်။ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများ၊ လက်ရှိသက်တမ်းအပြီးတွင် ရပ်ဆိုင်းသွားအောင် ကြိုးစားရန် မြန်မာခေါင်းဆောင်များက ဆုံးဖြတ်ထားကြပုံ ရသည်။ တခြားတစ်ဖက်တွင်လည်း နိုင်ငံရေးအကျဉ်းသား ရာဂဏန်းကို ဆက်လက်ထိန်းသိမ်းထားကာ သယံဇာတ ကြွယ်ဝသောနိုင်ငံနှင့် ပြန်လည်ဆက်ဆံခြင်း၏ အကျိုးအမြတ်အလားအလာကို မျှော်ကိုးနေသော အနောက် နိုင်ငံများအား ဈေးညှိရန် ဝှက်ဖဲအဖြစ် ဆက်လက် အသုံးပြုနိုင်ဖွယ် ရှိနေသည်။

မကြာသေးမီက လစ်ဗျားကိစ္စတွင် မစ္စတာရုဒ်သည် သမိုင်း၏ မှန်တဲ့ဘက်မှာ ရွေးချယ်ရပ်တည်နိုင်ခဲ့သည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သော မစ္စတာရုဒ်၏ ကြိုတင်ခြေလှမ်းများသည်လည်း အလားတူ မှန်ကန်လိမ့်မည်ဟု မျှော်လင့်ရပါတော့သည်။

**************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs