Transparency Myanmar

transparency.myanmar@gmail.com

သတင်းလွှာ စာဖတ်သူများခင်ဗျာ..

သတင်းလွှာ အတွဲ (၂) အမှတ် (၁၁) ကို ပေးပို့လိုက်ပါတယ်။ ယခုတစ်ပတ်မှာ
၁။ ၁ပတ်သာ လိုတော့သည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီများအခြေအနေ
၂။ မတ် ၂၄ ရက်တွင် ဖဒိုမန်းငြိမ်းမောင်အား ကေအင်ယူထံ အပ်နှံမည်
၃။ ရွေးကောက်ပွဲ စောင့်ကြည့်မည့် နိုင်ငံခြားသားငါးဦးအား အစိုးရနှင်ထုတ်
၎။ ဗကသအတွင်း ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေး
၅။ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ လူ့အခွင့်အရေးချိုးဖောက်ခံရ
၆။ ပြည်ခိုင်ဖြိုးအား မဲပေးရန် မန်ပန်ပြည်သူ့စစ် လက်နက်အားကိုး ခြိမ်းခြောက်
၇။ နိုင်ငံခြားသားပိုင် ကုမ္ပဏီ၏ အနိုင်ကျင့်မှုကို စက်ရုံအလုပ်သမားများ
တိုင်ကြားရန် ပြင်ဆင်
၈။ နိုင်ငံပေါင်း ၁၀ နိုင်ငံသို့ ရွှေညဝါ ဆရာတော် သွားရောက်မည်
၉။ တာမွေ(ယာယီ)ဈေးအား ဈေးသူ/ဈေးသားများ၏ဆန္ဒအရ လုပ်ဆောင်မည်ဟု
ဝန်ကြီးချူပ် ဦးမြင့်ဆွေ ကတိပေး
၁၀။ ပောာင်းနွမ်းဒေါ်လာများကိုငွေလဲကောင်တာမှ လက်မခံသည့်အတွက်
မှောင်ခိုအဖြစ် ရောက်ရှိစတဲ့သတင်းတွေအပြင်
အင်တာဗျူးကဏ္ဍ၊ ဆောင်းပါးများကဏ္ဍ၊ နိုင်ငံတကာ သတင်းများကဏ္ဍကိုလည်း
ထူးထူးခြားခြား ထည့်သွင်းထားပါတယ်။

လေးစားလျှက်
သတင်းလွှာ အဖွဲ့

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ
သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည်
မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား
မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be
reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။

The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၃.၃.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ရွေးကောက်ပွဲနဲ့ မေးတော့မယ့် ဒီမိုကရေစီ

*****************************************

ဆောင်းပါးကဏ္ဍ

ရွေးကောက်ပွဲနဲ့ မေးတော့မယ့် ဒီမိုကရေစီ

နောင်ကျော်

(မတ် ၂၂ ထုတ် Popular News အတွဲ (၄) အမှတ် (၁၂) တွင်ပါမှ ထုတ်ယူဖော်ပြသည်။)

အခု ၂ဝ၁၂ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှာလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းမျိုးစုံကို ကြားနေဖတ်နေရတယ်။ ကျွန်တော့် တစ်ယောက်တည်းရဲ့ အမြင်ကိုပြောရရင် ဒီရွေးကောက်ပွဲဟာ ကြားဖြတ်ရွေးကောက်ပွဲ ဆိုပေမယ့် ပိုစိတ်ဝင်စားစရာ ကောင်းတယ်။ ဘာကြောင့်လဲ ဆိုတာတော့ မမေးပါနဲ့။ မေးမယ့်သူ ကိုယ်တိုင်သိနေပြီးတဲ့အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်)က ဒီကြားဖြတ်ရွေးကောက်ပွဲ ကွင်းထဲမှာဝင်ပြီး ကစားလာလို့ပါ။ ဒီချုပ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီကြီး။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ အသီးအပွင့်ဖြစ်တဲ့ အင်အား အကြီးမားဆုံး အတိုက်အခံပါတီကြီးဖြစ်တဲ့အပြင် အားလုံးသိကြပြီးတဲ့အတိုင်း ၁၉၉ဝ (အရင်အစိုးရလက်ထက်) ရွေးကောက်ပွဲမှာ အမတ်နေရာအများဆုံးနဲ့ အနိုင်ရခဲ့ပေမယ့် အစိုးရအဖွဲ့ဖြစ်မလာခဲ့ရတဲ့ ပါတီကြီးလည်း ဖြစ်ပါတယ်။ အဲဒီလို ပါတီကြီးက လွှတ်တော်အားလုံးပေါင်းမှ အမတ်နေရာ ၄၈ နေရာပဲ ရွေးမယ့် ကြားဖြတ်ရွေးကောက်ပွဲထဲကို ဝင်လာတာမို့ ပိုစိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောလိုက်တာပါ။ စာဖတ်သူလည်း စိတ်ဝင်စားနေလိမ့်မယ် ထင်ပါတယ်။ အခု ဘယ်လိုအခြေအနေတွေ ဖြစ်လာနေသလဲ။ နောက်ထပ် ဘာတွေဖြစ်လာဦးမလဲ။ ချောမွေ့ပြေပြစ်တဲ့လမ်းကြောင်းပေါ် တက်လာနိုင်ပါ့ မလားဆိုတဲ့ စိုးရိမ်စိတ်ပေါ် အခြေခံတဲ့မေးခွန်းတွေ အများကြီးတောင်ရှိလာ၊ ဖြစ်လာနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ တချို့ဆိုရင် သံသယစိတ်နဲ့ပါ စောင့်ကြည့်ကြဦးမယ် ထင်ပါရဲ့။

သဘောတူပါတယ်

မတ်လ ၁ ရက်နေ့က ပြောခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်း နိဂုံးပိုင်းနားမှာ ဒီလိုပြောခဲ့ပါတယ်။ "မိဘပြည်သူ များကလည်း ကျွန်တော်တို့ အစိုးရကို ထိန်းကျောင်းတည့်မတ်ပေးကြပါ။ အားလုံးသော Stakeholder များအနေနဲ့လည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီး တိုးတက်ခိုင်မာလာအောင် ဝိုင်းဝန်းဆောင်ရွက် ပေးကြပါလို့ အလေးအနက် တိုက်တွန်းပြောကြားလိုပါတယ်” (၂-၃-၂ဝ၁၂၊ ကြေးမုံသတင်းစာ၊ စာ-၅)အဲဒီနေ့က ပြောတဲ့ သမ္မတရဲ့ မိန့်ခွန်းကို နားထောင်ကြသူတွေ၊ ဖတ်ရသူတွေထဲမှာ အများစုက သဘောကျပြီး ကြိုဆိုခဲ့ကြပါတယ်။ အဲဒီထဲက တချို့ရဲ့ မှတ်ချက်ကလည်း စိတ်ဝင် စားစရာ ကောင်းပါတယ်။ ”ပြောတဲ့အတိုင်း တကယ်လုပ်ရင် ကောင်းမှာပဲ”…တဲ့။ ဒီမှတ်ချက်က သံသယစိတ်ရှိသူတွေရဲ့ မှတ်ချက်လို့ ပြောရင်ရပါတယ်။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်ကတော့ အခုနကိုးကားထားတဲ့ စကားထဲက စာတစ်ကြောင်းကိုရွတ်ပြပြီး "သမ္မတကြီးက သူတို့အစိုးရကို ထိန်းကျောင်းတည့်မတ် ပေးကြပါလို့ပြောတာ သဘောကျတယ်။ ဒါပေမဲ့ တို့က ဘယ်စာမျက်နှာ၊ ဘယ်မီဒီယာကနေ အကြံပေးတိုက်တွန်း၊ ဝေဖန်လို့ရမှာလဲ” ဆိုပြီး မေးခွန်းထုတ် ပါတယ်။ အဲဒီတော့မှ ကျွန်တော်လည်း သတိထားမိသွားပြီး "သြော်…ဟုတ်သားပဲ” လို့ တွေးမိပါတော့တယ်။ သမ္မတရဲ့ မိန့်ခွန်းထဲမှာ "ကျွန်တော်တို့ အစိုးရ အပေါ် သံသယရှိနေသူတွေ၊ မယုံမကြည် ဖြစ်နေသူတွေ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အများကြီး ရှိနေတဲ့အတွက် ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင် နေပါတယ်” ဆိုတာကိုပါ ဖတ်ရတော့ ”သြော်… ဒီအခြေအနေကိုလည်း သမ္မတကြီးက သိနေသားပဲ”လို့ တစ်ခါထပ်ပြီး "သြော်..” မိပြန်ပါသေးတယ်။ ဒီလို သံသယတွေ၊ မယုံကြည်တာ တွေကို ဖျောက်နိုင်အောင်၊ ပျောက်သွားအောင်ဆိုရင် တိုင်းပြည်မှာ မဖြစ်သင့် မဖြစ်ထိုက်တာတွေ၊ မရှိသင့်မရှိထိုက် တာ တွေကို ပြည်သူလူထု အကျိုးစီးပွားရှုထောင့်က ရပ်တည်ပြီး ကောင်းသထက်ကောင်းအောင် မေတ္တာစေတနာ အရင်းခံထားပြီး လက်တွေ့လုပ်ပြ၊ ချေဖျက်ပြတာကပဲ အကောင်းဆုံးသော သက်သေဖြစ်မယ်ဆိုတာ အစိုးရအဖွဲ့က သိနေပြီးသားဖြစ်မယ် ထင်ပါတယ်။ စာဖတ်သူတွေလည်း သဘောတူ နိုင်ကြမယ်ထင်ပါရဲ့။

ဒီလို၊ဒီလိုရှိပါတယ်

အခု ကြားဖြတ်ပွဲက အချိန်နီး လာလေလေ၊ အသံတွေ ကြားလာ ရလေလေပါပဲ။ အသံတွေမျိုးစုံ ကြားလာရတယ် ဆိုကတည်းက စိတ်ဝင်စားမှု ပိုမိုပြီးများလာတဲ့သဘောလို့ ပြောနိုင်တယ်။ လွတ်လပ်ပြီး တရားမျှတဖို့ကိစ္စကို အစိုးရ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အာမခံတယ်ဆိုပြီး  ကြားနေရတုန်းမှာပဲ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေဆီကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ဆိုတာကိုပါ ထပ်ကြားနေရတယ်။ တစ်ချိန်တည်းမှာ နိုင်ငံတကာ ကရော၊ အာဆီယံကပါ ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်ခွင့်ပေးဖို့ ပြောဆိုနေတယ်ဆိုတဲ့ အသံတွေလည်း ကြားနေရပါသေးတယ် ခင်ဗျ။ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကိစ္စတွေ၊ ပါတီရုံးဖွင့်ပွဲ သတင်းတွေဖတ်နေရတဲ့ တစ်ချိန်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးပွဲတွေ အကြောင်းကို ကြားနေရသေးတယ်။ စကားပြောမယ့် နေရာအတွက် ခွင့်ပြုတာ တွေ၊ ခွင့်မပြုတာတွေ၊ သွားလေရာရာမှာ ပြည်သူ လူထုကြီးက သောင်းသောင်းဖြဖြ၊ အားရဝမ်းသာ ကြိုဆိုကြတာတွေကိုလည်း ဂျာနယ်တွေမှာ တွေ့နေ ဖတ်နေရပါသေးတယ် ခင်ဗျ။ ကြားဖြတ်ရွေးကောက်ပွဲ နီးလာချိန်မှာပဲ ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်များ စာရင်းနဲ့ပတ်သက်တဲ့ မကျေမလည် ဖြစ်သံတွေကိုပါ ကြားလာရတယ်။ ရွေးကောက်ပွဲဝင်မယ့် တစညပါတီနဲ့ ဒီချုပ်က ကိုယ်စားလှယ် တစ်ယောက်စီ အပယ်ခံရတဲ့ သတင်းတွေ ဖတ်ရတယ်။ (တခြားပါတီတွေက ကိုယ်စားလှယ်တွေ ရှိသေးလားဆိုတာ သတိမထားမိ လို့ မသိရသေး ပါဘူး)။

ကောင်းပါသည်၊သို့သော်

              အဲဒီလို ကြားဖြတ် ရွေးကောက်ပွဲ အကြိုကာလတွေထဲမှာပဲ အနှစ်ခြောက်ဆယ်ကျော်ရှိလာတဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အစိုးရဘက်က ကိုယ်စားလှယ်နှစ်ဖွဲ့ ဖွဲ့စည်းတာဝန်ပေးပြီး အစိုးရအဆက်ဆက်နဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ပါတီအဖွဲ့အစည်းတွေ၊ ပြည်ပက လက်နက်မကိုင်ထားတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ဖတ်နေ ကြားနေရပါသေးတယ်။ ငြိမ်းချမ်းရေး တို့၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ အမျိုးသားပြန်လည် ပေါင်းစည်းညီညွတ်ရေးဆိုတာတွေဟာ စကားလုံးအနေနဲ့တင် သဘောကျစရာ ကောင်းတာမဟုတ်ပါဘူး။ အနှစ်သာရကပါ သဘောကျ ကျေနပ်အားရစရာ ကောင်းတာပါ။ ဒါကို "ပညတ်သွားရာ ဓာတ်သက်ပါ”အောင် လုပ်နိုင်ကြဖို့ နှစ်ဖက်စလုံးက အားထုတ်နေကြတာလည်း ဖြစ်ပါတယ်။ အဲဒီလို အားထုတ်ကြိုးပမ်းနေကြချိန်မှာ "ဗမာပြည် ကွန်မြူနစ်ပါတီ”နဲ့ ဆွေးနွေးတယ်ဆိုတဲ့ သတင်း ကိုတော့ မဖတ်ရ၊ မကြားရ သေးတာဟာလည်း စိတ်ဝင်စားစရာ ကောင်းနေပါသေးတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့ငယ်တစ်ဖွဲ့ချင်းနဲ့ ဆွေးနွေးနေကြတဲ့ အချိန်မှာ "ဗမာပြည်ကွန်မြူနစ်ပါတီ”နဲ့ ဆွေးနွေးတဲ့သတင်း မကြားရတာ ဟာ အဲဒီပါတီ မရှိတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား  ဆိုတာကိုပါ တွေးမိပါသေးတယ် ခင်ဗျ။

နိုင်တော့မယ်၊နိုင်တော့မယ်

အခုတော့ ရွေးကောက်ပွဲရက်က တရွေ့ရွေ့နဲ့ နီးကပ်လာနေပါပြီ။ အခု ဆောင်းပါးရေးနေတဲ့ရက်နဲ့ ဂျာနယ်မှာ ဖော်ပြမယ့်ရက်တွေကြားမှာ ဘယ်လိုတိုးတက်ဖြစ်ထွန်းမှုတွေ၊ ဆုတ်ယုတ်မှုတွေ ဖြစ်လာဦးမလဲဆိုတာ သိပ်ပြီးတော့ တွေးကြည့်နေစရာ ရှိမယ်မထင်ပါဘူး။ ကြားဖြတ်ရွေးကောက်ပွဲက ဖြစ်ကိုဖြစ်လာမှာပါ။ အခု ရွေးကောက်ပွဲ ဝင်ပြိုင်မယ့်ပါတီတွေ၊ တစ်သီးပုဂ္ဂလတွေကလည်း ရွေးကောက်ပွဲကို ဦးတည်တဲ့ လှုပ်ရှားမှုတွေကို ပိုပြီး လုပ်လာ ကြမှာပါ။  ရွေးကောက်ပွဲ ကော်မရှင်နဲ့ ရွေးကောက်ပွဲဝင်မယ့် ပါတီအားလုံးလို လိုကလည်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာရေး ဆီကို ဦးတည်နေကြပါပြီ။ တကယ်လား၊ အဟုတ်လား၊ တကယ်မဟုတ်ဘူးလားဆိုတာ ရွေးကောက်ပွဲမတိုင်ခင် အခင်းအကျင်း၊ ရွေးကောက်ပွဲနေ့ရဲ့ မဲစာရင်း ကြေညာချိန်တွေကနေ အဖြေထုတ်ယူကြရပါလိမ့်မယ်။ အာဏာရပါတီက မဲဆန္ဒနယ် အများစုမှာ အနိုင်ရနိုင်မလား။ အခုကြားဖြတ် ရွေးကောက်ပွဲကျမှ ကစားကွင်းထဲ ဝင်ကစားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နေရာအများစုမှာ အနိုင်ရသွားမှာလား။ အများက မထင်ထားတဲ့ ပါတီတစ်ခုခုက နေရာ အများစုမှာ အနိုင်ရ သွားမှာလား။ ဒါတွေက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော်တစ်ယောက်တည်း စိတ်ဝင်စားတာမဟုတ်ဘဲ တိုင်းရေး ပြည်ရာ ကိစ္စတွေမှာ စိတ်ပါဝင်စားသူတိုင်း စိတ်ဝင်စားကြလိမ့်မယ် ထင်ပါတယ်။

ဘောလုံးပွဲမျိုးကြည့်ချင်တာ

ကျွန်တော့်တစ်ဦးချင်း သဘောပြောရရင် ဒီရွေးကောက်ပွဲကို ဘောလုံးကွင်းထဲမှာ ကစားကြတဲ့အသင်း နှစ်သင်းရဲ့ အပြိုင်အဆိုင် အနိုင်ကန်ကြတဲ့ ဘောပွဲတစ်ပွဲလိုမျိုး ကြည့်ချင်တာပါ။ ကျွန်တော်က ဒီလိုပြောလိုက်တာဟာ ပါတီစုံဒီမိုကရေ စီစနစ်ဆိုတာကို ဆန့်ကျင်ချိုးဖောက်တဲ့ အဓိပ္ပာယ်ဆီ ရောက် သွားပါပြီ။ တခြားပါတီတွေရဲ့ တည်ရှိမှုကို အသိအမှတ်မပြုတဲ့ သဘော ဖြစ်သွားပါပြီ။ တခြားပါတီတွေရဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ပြောနေတဲ့အသံကို တိမ်ဝင်သွားအောင်၊ ပျောက်သွားအောင် လုပ်လိုက်သလိုလည်း ဖြစ်သွားနိုင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော်က အသင်းနှစ်သင်းမှာ ဘယ်သူကတကယ် ခြေသာပြီး အပေးအယူကောင်းကောင်းနဲ့ စနစ်တကျ သန့်သန့်ရှင်းရှင်း ကစားနိုင်သလဲ ဆိုတာကို သိချင်တာပါ။ ပရိသတ်က ဘယ် အသင်းကို ပိုပြီးအားပေးမလဲဆိုတာကို သိချင်တာပါ။ ဘောပွဲနဲ့ ကွာတဲ့တစ်ချက်ကတော့ ပရိသတ်ကြီးကိုယ်တိုင်က အားပေးရုံတင်မကဘဲ ကွင်းထဲမှာ ဝင်ကန်လို့ရတဲ့ အခွင့်အရေးရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကို နှစ်ဖက်သော ဘောလုံးသမားများနဲ့ ပရိသတ်ကြီးက ဘယ်လိုသဘောရပါသလဲ ဆိုတာလည်း သိချင်ပါသေးတယ်ခင်ဗျ။

မမေးကြပါနဲ့တော့

ရွေးကောက်ပွဲတစ်ခုဟာ လွတ်လပ်ပြီး တရားမျှတတာမျိုး ဖြစ်ဖို့ဆိုရင် မဲပေးတဲ့ နေ့တစ်နေ့တည်း (မဲရေတွက်ပြီး စာရင်းထုတ်ပြန်တာ အပါ အဝင်)ကို ကြည့်ရုံတင်မကဘဲ ရွေးကောက်ပွဲအကြိုကာလရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းတွေ၊ ရွေး ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်နဲ့ ပတ်သက်တာတွေ၊ မဲစာရင်းထုတ်ပြန်ကြေညာခြင်းနဲ့ ဆက်စပ်တာတွေ၊ ပါတီတည်ထောင်ခွင့် ကိစ္စတွေကိုပါ ဆက်စပ်လေ့လာ အကဲဖြတ်ဖို့ လိုအပ်တယ်လို့ ဆိုကြ ပါတယ်။ အခု ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီအချက်တွေ အပါအဝင် အကဲဖြတ်ရေးဆိုင်ရာ စံနှုန်းတွေနဲ့ တိုင်းတာကြည့်ရင် ဘယ်လို အခြေအနေ ရှိနေလိမ့်မယ်လို့ ထင်ပါသလဲ။ ဒီမေးခွန်းက ကျွန်တော့်ကိုယ် ကျွန်တော်မေးကြည့်လိုက်တဲ့ မေးခွန်းပါ။ စာဖတ်ပရိသတ်တွေထဲက စိတ်ဝင်စားသူ ရှိရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ မေးကြည့်စေချင်ပါတယ်။ တခြားသူတွေကို လိုက်ပြီး လေ့လာစုံစမ်း မေးမြန်းတာမျိုးမလုပ်ကြဖို့မေတ္တာရပ်ခံပါရစေခင်ဗျ။

ခွထိုင်ရမည့်အချိန်လား

အခု ဆောင်းပါးကို ဖတ်နေချိန်မှာ ကြားဖြတ်ရွေးကောက်ပွဲကြီးဟာ စာဖတ်သူရဲ့ မလှမ်းမကမ်းကို ရောက်နေလောက်ပြီ ထင်ပါတယ်။ လစ်လပ် နေတဲ့ မဲဆန္ဒနယ်အားလုံးမှာ ဝင်ပြိုင်မယ့်ပါတီ ဘယ်နှပါတီရှိသလဲ။ အဲဒီပါတီတွေထဲမှာ ဘယ်ပါတီက ခင်ဗျားဘဝရဲ့ အနာဂတ် (သားသမီးတွေရဲ့ အနာဂတ် လည်း ပါပါတယ်)ကို ကောင်းမွန်အောင်၊ ခင်ဗျားရဲ့ဘဝကို လုံခြုံအေးချမ်း စိတ်ချရအောင်၊ တိုင်းပြည်ကို အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးရအောင်၊ ခင်ဗျား မိသားစုရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဘဝ အလားအလာကောင်းတွေရှိအောင် ဆောင်ကြဉ်းပေးနိုင်စွမ်း ရှိမယ့်ပါတီမျိုးကို ရွေးရ မယ့် အချိန် ရောက်ပါတော့မယ်။ အဲဒီပါတီဟာ အာဏာရ ပါတီဖြစ်မလား၊ အတိုက်အခံပါတီကြီး တစ်ခုခုဖြစ်မလား။ မဖြစ် မနေ ဘက်လိုက်ရတော့မှာ သေချာနေပါပြီ။ ခပ်ရဲရဲ ဘက်လိုက်ပစ်ကြဖို့ပါပဲ။ ကျွန်တော်ကတော့ ၁၉၉ဝ ရွေးကောက်ပွဲကနေ ပြီးခဲ့တဲ့ရွေးကောက်ပွဲအထိ (ဆန္ဒခံယူပွဲအပါအဝင်) အကြောင်းကြောင်း သော   အကြောင်းကြောင်းတွေကြောင့် မဲထည့်သူထဲမှာ မပါခဲ့ဖူးပါဘူး။ တွေးကြည့်ရင် ဝမ်းနည်းစရာများ ဖြစ်နေမလားပဲနော်။ ဒါကြောင့် ဒီတစ်ပွဲမှာ မဲရုံကို ပြေးပြီး မဲပေးဖို့ စဉ်းစားထားပါတယ်။ ခင်ဗျားတို့ကိုတော့ ရွေးချယ်စရာ လမ်းစတွေပေးပြီးပါပြီ။ ဘယ်လိုပါတီကို ရွေးချယ်မဲပေးကြ မှာလဲ။ ကျွန်တော်ကရော ဘယ်ပါတီကို မဲပေးလိမ့်မယ်လို့ ထင်ပါသလဲခင်ဗျ။

**********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၂၃.၃.၂၀၁၂

ပြည်တွင်းသတင်းများ

  1. နိုင်ငံပေါင်း ၁၀ နိုင်ငံသို့ ရွှေညဝါ ဆရာတော် သွားရောက်မည်
  2. နိုင်ငံခြားသားပိုင် ကုမ္ပဏီ၏ အနိုင်ကျင့်မှုကို စက်ရုံအလုပ်သမားများ တိုင်ကြားရန် ပြင်ဆင်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မတ် ၂၄ ရက်တွင် ဖဒိုမန်းငြိမ်းမောင်အား ကေအင်ယူထံ အပ်နှံမည်
  2. ရွေးကောက်ပွဲ စောင့်ကြည့်မည့် နိုင်ငံခြားသားငါးဦးအား အစိုးရနှင်ထုတ်
  3. ဗကသအတွင်း ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေး

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

နိုင်ငံပေါင်း ၁၀ နိုင်ငံသို့ ရွှေညဝါဆရာတော် သွားရောက်မည်

နိုင်ငံတော်သံဃာ မဟာနာယကအဖွဲ့၏ အမိန့်ဖြင့် သာဓုပရိယတ္တိ စာသင်တိုက်မှ နှင်ထုတ်ခံရသော ရွှေညဝါဆရာတော် ဦးပညာသီဟသည် ဧပြီလဆန်းမှ စတင်ကာ အာရှနိုင်ငံများနှင့် ဥရောပနိုင်ငံ ၁၀ နိုင်ငံသို့ သာသနာပြု ထွက်ခွာရန်ရှိကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်ကို နိုင်ငံခြားတွင် ရောက်ရှိနေသည့် မြန်မာလူမျိုးများ၏ စီစဉ်မှုဖြင့် ထွက်ခွာခြင်းဖြစ်ကာ၊ထိုင်း၊ စင်ကာပူ၊ ဂျပန်နှင့် အခြားသော အာရှနိုင်ငံများသို့ ဦးစွာထွက်ခွာမည်ဖြစ်ကာ ဆက်လက်၍ သြစတေးလျသို့လည်းကောင်း၊ အမေရိကားသို့လည်းကောင်း၊ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေ၊ အင်္ဂလန်နှင့် အခြားဥရောပနိုင်ငံများသို့ သွားရောက်မည် ဖြစ်ကြောင်း  သိရသည်။

“ဘုန်းဘုန်းက သွားချင်တာ မဟုတ်ဘူး။ မြန်မာပြည်မှာ တရားဟောပြီး ငွေရှာလို့မရလို့ ပြည်ပသွားပြီး ငွေရှာရမှာ၊ ဒါမှ မှော်ဘီမှာ ကျောင်း ဆောက်ပြီး သာသနာပြုနိုင်မှာ”ဟု ရွှေညဝါ ဆရာတော် ဦးပညာသီဟက ဆိုသည်။

ဆရာတော် ဦးပညာသီဟ သီတင်းသုံးနေထိုင်ရာ မှော်ဘီ၊တောရကျောင်းကို တိုက်ကျောင်းအဖြစ် တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် ဆရာတော်၏ ဒါကာ၊ ဒါယကာမများသာမက ဗုဒ္ဓဘာသာဝင်များလည်း ပါဝင်လှူဒါန်းစေလိုပါကြောင်း ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီက ပြောကြား သည်။

“ကျွန်တော်တို့လဲ ဆရာတော့် ကျောင်းဆောက်ဖို့ကို ဝိုင်းဝန်းဆောင်ရွက်နေတယ်။ အလှူခံနေပါတယ်”ဟု ယင်း က ဆက်လက်ပြောကြားသည်။

ရွှေညဝါဆရာတော်သည် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် တရားဟောမှုဖြင့် ပတ်သက်ပြီး နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့မှ ယင်းဆရာတော် သီတင်းသုံးနေထိုင်သည့် ကျောင်း တိုက်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်။

KP

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားသားပိုင် ကုမ္ပဏီ၏ အနိုင်ကျင့်မှုကို စက်ရုံ အလုပ်သမားများ တိုင်ကြားရန် ပြင်ဆင်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်တွင် ဖွင့်လှစ်ထားသည့် တရုတ်လူမျိုးပိုင် ရန်ကုန်သရဖူ သံမဏိစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများက စုပေါင်း၍ ကုမ္ပဏီပိုင်ရှင်၏ အနိုင်ကျင့်မှုကို စုပေါင်းတိုင်ကြားရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

အလုပ်ရှင်နှင့်အလုပ်သမားများကြား သဘောတူညီထားသည့် စာချုပ်ပါအချက်အလက်များကို အလုပ်ရှင်ဘက်မှ ဖောက်ဖျက်ရုံသာမက ပြီးခဲ့ သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း ပြည်ခိုင်ဖြိုးပါတီအား ကြိုတင်မဲပေးရန် အတင်းအကျပ် ဖိအားပေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က ပြဿနာတစ်ရပ်ကို အကြီးအကျယ် မဖြစ်စေချင်တော့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို ဝင်ညှိခိုင်းတာ၊ ညှိတုန်းခဏပဲ၊ ပြီးရင် အချိန်ပိုကြေး မပေးတာတွေ၊ လစာကို လဝက်ရောက်မှ ပေးတာတွေ ပြန်ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ကစပြီး သတင်းမီဒီယာရဲ့အားကို အသုံးပြုမယ်ဆိုပြီး ဆုံးဖြတ်လိုက်တာ”ဟု ယင်းစက်ရုံမှ သံရည်ကြိုဌာနတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။

                အဆိုပါ စက်ရုံပိုင်ရှင်မှ အလုပ်သမားများအပေါ် အနိုင်ကျင့်ဖိနှိပ်သည့်ကိစ္စရပ်များကို ဒေသဆိုင်ရာအာဏာပိုင်များထံ တိုင်ကြားရာ၌ ထိရောက် သည့် တုံပြန်မှု မရရှိသည့်အပြင်၊ ယင်းတိုင်ကြားမှုကို ဦးစီးဦးဆောင်တိုင်ကြားသူများကို ပြစ်ချက်တစုံတရာ ပြနိုင်ခြင်းမရှိဘဲ အလုပ်မှထုတ်ပစ်ခြင်းများကို ပြုလုပ်ခြင်းများရှိကြောင်း သိရသည်။

“ကျွန်တော်တို့က ဒီလို အခြေအနေမှ မဖြစ်ရင် ဒေသန္တရသမဂ္ဂတစ်ခုဖွဲ့ပြီး စက်ရုံပိုင်ရှင်ကို ရင်ဆိုင်မယ်။ ကျွန်တော်တို့ ရသင့်တဲ့အခွင့်အရေးကို ရအောင် တောင်းဆိုမယ်”ဟု ယင်းစက်ရုံပိုင်ရှင်အား ရင်ဆိုင်ရန်ပြင်ဆင်နေသူ အလုပ်သမားတစ်ဦးက ဆိုသည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ ရန်ကုန်သရဖူ သံမဏိစက်ရုံသို့ ဆက်သွယ်မေးမြန်းရာတွင် စည်းကမ်းဖောက်ဖျက်သည့် အလုပ်သမားများကို သတ်မှတ်ထားသည့် စည်းကမ်းများအရ အရေးယူရခြင်း ဖြစ်ကြောင်း ပြန်လည် ဖြေကြားသည်။

                ၂၀၁၀ ခုနှစ်နှောင်းပိုင်းမှစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် အလုပ်သမား အခွင့်အရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ပြီး ယင်းတောင်းဆိုမှုများ၏ ငါးဆယ်ရာခိုင်နှုန်းကျော်သည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့်  အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၏ညှိနှိုင်းပေးမှုကြောင့် အောင်မြင်ခဲ့သည်။

TN

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

မတ် ၂၄ ရက်တွင် ဖဒိုမန်းငြိမ်းမောင်အား ကေအင်ယူထံ အပ်နှံမည်

မတ် ၂၄ ရက်တွင် ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှုဆောင်နှင့်မဟာမိတ် ဆက်သွယ်ရေးတာဝန်ခံအဖြစ် တာဝန်ယူထားသည့် ဖဒိုမန်းငြိမ်းမောင်အား မိခင်အဖွဲ့အစည်းထံ ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း သိရသည်။

“ကေအင်ယူကို သွားတွေ့ရင်းနဲ့ ဖဒိုမန်းငြိမ်းမောင်ကို ပြန်အပ်မှာပါ။ ပြီးတော့လည်း ငြိမ်းချမ်းရေး ကိစ္စတစ်ချို့ကို ကေအင်ယူနဲ့ ဆွေးနွေးဖို့ ရှိပါ သေးတယ်”ဟု ယင်းတို့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

၂၀၁၁ ခုနှစ်၊ဇူလိုင်လ တတိယရက်သတ္တပတ်တွင် တရုတ်ပြည်၊ ကူမင်းမြို့မှ မြန်မာနိုင်ငံသို့ လေကြောင်းခရီးစဉ်ဖြင့် ဝင်ရောက်လာသည့် ဖဒို မန်းငြိမ်းမောင်အား စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ ဖမ်းဆီးရမိခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် တရာစွဲ အရေးယူခဲ့သည်။

ဆက်လက်၍ စစ်ဆေးရာ တရားမဝင် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းခံထားရသည့် ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက်နေကြောင်းကို ဆက်လက် စစ်ဆေးရခြင်းကြောင့် ရဲသတင်းတပ်ဖွဲ့မှ ရဲမှုးတစ်ဦးက တရားလိုပြုလုပ်၍ တရားစွဲရာ မင်္ဂလာဒုံမြို့နယ် တရားရုံးက တရားမဝင်အသင်းအဖွဲ့ နှင့် ဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံစေရန် မတ်လ ၁၃ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပြီး မတ်လ  ၁၉ ရက်နေ့တွင် နိုင်ငံတော် သမ္မတမှ ပေး ပိုင်ခွင့်ရှိသည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဖဒိုမန်းငြိမ်းမောင် အကျဉ်းထောင်မှ လွတ်မြောက်သည့်အခါ မီးရထားဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက လာရောက်ကြိုဆိုပြီး နေပြည် တော်သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ဘာပဲ ဖြစ်ဖြစ်တော့ သူ့ကိုလွှတ်လိုက်ပြီဆိုတာနဲ့ ကေအင်ယူနဲ့ရတော့မယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ခြေတစ်လှမ်း လှမ်းလိုက်တာ ပဲဗျ”ဟု မြန်မာ့နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုသည်။

ဖဒိုမန်းငြိမ်းမောင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကလည်း ကိုးကိုးကျွန်းတွင် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကို ကျခံခဲ့ရသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲ စောင့်ကြည့်မည့် နိုင်ငံခြားသားငါးဦးအား အစိုးရနှင်ထုတ်

ဧပြီ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲအားစောင့်ကြည့်လေ့လာမည့် နိုင်ငံခြားသား ငါးဦးအား မြန်မာအစိုးရက မတ်လ ၂၂ ရက် နေ့ညတွင် နှင်ထုတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ထိုင်းနိုင်ငံ အခြေစိုက် Asia Network For Free Electios (ANFREL)မှအမှုဆောင် ဒါရိုက်တာ Ms. Somsri Han anuntasuk နှင့် ယင်း၏ အဖွဲ့သားဖြစ်သည့် သြစတေးလျလူမျိုး မစ္စ အလက်ဇန်းဒါး၊ ထိုင်းလူမျိုး မစ္စဘန်းနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူနှစ်ဦးအား ဗီဇာတွင် ပါရှိသည့် စည်းမျဉ်း၊စည်းကမ်းကို ဖောက်ဖျက်ခဲ့ကြောင်း ဝန်ခံသည့် လက်မှတ်များရေးထိုးစေကာ မြန်မာနိုင်ငံမှ တစ်ရက်ခြားစီ နှင်ထုတ်ခဲ့ကြောင်း လေဆိပ် လုံခြုံရေး အရာရှိတစ်ဦးက ဆိုသည်။

Asia Network For Free Electios (ANFREL)မှ  အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk အား အင်္ဂါ နေ့ညနေငါးနာရီတွင် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာစေခဲ့ပြီး ယင်း၏ အဖွဲ့သားနှစ်ဦးနှင့် အခြားသော အဖွဲ့သားများအား ဗုဒ္ဓဟူးနေ့ညနေတွင် ထိုင်းလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာစေခဲ့သည်။

ယင်းအဖွဲ့အစည်းများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ခရီးသွားဗီဇာများဖြင့် ဝင်ရောက်လာပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနှင့် သက် ဆိုင်သည့် ကိစ္စရပ်များ လုပ်ကိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ နှင်ထုတ်ခံခဲ့ရကြောင်း ခိုင်လုံသည့် သတင်းရင်းမြစ်က ဆိုသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ဗကသအတွင်း ဖွဲ့စည်းပုံနှင့် ပတ်သက်၍ အကြိတ်အနယ် ဆွေးနွေး

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ ကျောင်းသားများအား စုစည်းရန် ဆုံးဖြတ်ထားသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအတွင်း ဖွဲ့စည်းပုံနှင့် ပက်သက်၍ အကျေအလည် ဆွေးနွေးနေကြကြောင်း သိရသည်။

ယင်းအဖွဲ့တွင်း ကိုကျော်ကိုကိုခေါင်းဆောင်သည့် အင်အားစုနှင့် ကိုဒီငြိမ်းလင်း၊ ကိုရဲမင်းဦးတို့ ခေါင်းဆောင်သည့် အင်အားစုဟူ၍ ကွဲပြားလျက် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

“ကျွန်တော်တို့ကတော့ အဖွဲ့တွင်းမှာ အကျေအလည် ဆွေးနွေးမှာပါ။ ဒါမှ အဖွဲ့ရဲ့နောင်ရေးနဲ့ လုပ်ငန်းဆောင်တာတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ပေးနိုင်မှာပါ”ဟု ကိုရဲမင်းဦးက ဆိုသည်။

အသင်းဖွဲ့စည်းပုံနှင့်ပက်သက်၍ အကျိတ်အနယ် ဆွေးနွေးခြင်းကို မတ်လ နောက်ဆုံးရက်သတ္တပတ်အတွင်း ဆွေးနွေးမည်ဖြစ်ကာ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အနှံ့မှ ဗဟိုအလုပ်အမှုဆောင်များပါဝင်သည့် ဗဟိုအလုပ် အမှုဆောင် ကော်မတီကိုလည်း ဖွဲ့စည်းမည် ဖြစ်ကြောင်း သိရသည်။

TN

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီရွေးကောက်ပွဲဟာ ဘာလို့အရေးကြီးသလဲဆိုတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်တာရယ်၊ အစိုးရက ဒီမိုကရေစီ အစိုးရ ဖြစ်တာရယ်၊ ဒီမိုကရေစီအခွင့်အရေးတွေ ပေးနေပြီဆိုတာရယ်၊ ဒီပွဲဟာ ဒီမိုကရေစီကို တကယ်သွားနေပြီလားဆိုတဲ့ စမ်းသပ်ပွဲပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကိုကျင်းပပေးခြင်းအားဖြင့် ဒီမိုကရေစီစံနှုန်းတွေနဲ့ သွားနေလားဆိုတာရယ်၊ အစိုးရရဲ့ အတိမ်အနက် ကိုဒီပွဲက အဆုံးအဖြတ် ပေးပါလိမ့်မယ်။ ဒီပွဲမှာ လွဲသွားရင်တော့ နိုင်ငံတကာ ဆက်ဆံရေး၊ အနာဂတ်မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေအတွက် ပြောင်းလဲသွားနိုင်တယ်။ အောင်မြင်တဲ့ ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုရင် အာဏာရပါတီကရာခိုင်နှုန်း ၆၀ ရှိပြီးအတိုက်အခံက ရာခိုင်နှုန်း ၄၀ ရှိရမယ်လို့ဆိုတယ်။ ဒါမှ ဒီမိုကရေစီ ပိုပြီး ပီပြင်စွာသွားနိုင်မယ်”

မတ် ၂၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၂) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်) ရွှေတံခါးကြီး အဖွင့်” သတင်း ဆောင်း ပါးမှ သတင်းစာဆရာမောင်ဝံသ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကြားဖြတ်ရွေးကောက်ပွဲဟာ တိုင်းပြည်အနာဂတ်အတွက် ခြေလှမ်းအသစ်ပါ။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ဥပဒေအတိုင်း လုပ်ကြဖို့၊ ဥပဒေနဲ့အညီ မလုပ်ဘူးဆိုရင် စုံစမ်းစစ်ဆေးပြီး ဥပဒေနဲ့အညီ တိကျစွာအရေးယူဖို့ တရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုလျှင် ဥပဒေအရကိုထိရောက်စွာ အရေးယူမှု လုပ်ဖို့ လိုပါတယ်”

မတ် ၂၂ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၈) အမှတ် (၁၂) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲ (သို့မဟုတ်) ရွှေတံခါးကြီး အဖွင့်” သတင်းဆောင်း ပါးမှ NLD ပါတီအတွင်းရေးမှူး ဦးဉာဏ်ဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

Venus: Corruption ကိစ္စနဲ့ ပတ်သက်ပြီးကိုင်တွယ်တာမျိုးကစီးပွားရေးတိုးတက်ရေးမှာဘယ်လောက်ထိအရေးကြီးပါသလဲ။

Dr.MMS: Corruption နဲ့ Bribery နှစ်မျိုး။ အခုကဘယ်လိုမျိုးကိုင်တွယ် တိုက်ဖျက်နေသလဲ။ ငတ်လို့ စားတာလား၊ လောဘကြောင့် စားတာလား။ ငတ်လို့ စားတဲ့သူတွေအတွက် အခြေခံဝန်ထမ်းလစာတွေ လောက်ငအောင် တိုးပေးထားလိုက်ရင်ရပြီ။ လောဘကြောင့် စားနေတာက ဘယ်လောက် လစာတိုးတိုး ပျောက်မှာမဟုတ်ဘူး။ အကျင့်ပျက်နေပြီ၊ အကျင့်ဖြစ်နေပြီလေ။ လစာများပြီးဂုဏ်ရှိတော့ ငါဘာကောင်လဲဆိုပြီးပိုပြီးတော့ ခြစားတယ်။ အောင်မလေး၊ ဒီလို ရာထူးမျိုး ရခဲလိုက်လေခြင်းဆိုပြီး ပိုပြီးတောင်စားဦးမယ်။ အခု ဘယ်လိုနေရာမျိုးတွေမှာ Corruption နည်းလဲလို့ ကြည့်လိုက်လို့ရှိရင် ပုဂ္ဂလိက လုပ်ငန်း တွေမှာ Corruption နည်းတယ်။ မလုပ်ရဲဘူး။ လုပ်တာနဲ့ အတွယ်ခံရတယ်။ ကျွန်တော်တို့ဆီမှာ မှတ်မှတ်ရရ ခြစားမှုတွေနဲ့ ပတ်သက်လို့ အရေးယူကိုင်တွယ် တာမျိုး မရှိသေးဘူး။ တွယ်မယ်ဆိုရင်လည်းကိုယ့်ကိုယ်ကိုယ် အရင် ပြန်တွယ်ရမလိုဖြစ်နေတယ်။ ဂျာအေးသူ့အမေရိုက်ဖြစ်မယ်။ Bribery လုပ်နေတဲ့သူက Corruption ကို ကိုင်တွယ်နေလို့၊ နှိမ်နင်းလို့ လည်းရမှာ မဟုတ်ဘူး။ ဌက်ပျောခြံ မျောက်စောင့်ခိုင်းသလိုပဲ။ အဲဒီမျောက်ကို မရှင်းမချင်းတော့ ဌက်ပျောသီး တွေ ပျောက်နေဦးမှာပဲ။ မျိုးဆက်နဲ့ချီပြီး ရှင်းရမယ်။ ဒါကအချိန်ယူပြီးလုပ်သွားရမယ်။ သူခိုးရှိနေတဲ့ အိမ်ကတော့ ဘယ်တော့မှ ပြောင်ပြောင်ရောင်ရောင် ရှိမှာ မဟုတ်ဘူး။မတ် ၂၂ ထုတ် Venus News အတွဲ (၃) အမှတ် (၃၆) တွင်ပါသည့် “စီးပွားရေးပညာရှင် ဒေါက်တာမောင်မောင်စိုးနှင့် အင်တာ ဗျူး” ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs