Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၉.၄.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၁)

  1. မြန်မာပြည်မှ စီးပွားရေးအခွင့်အလမ်းများကို အပြေးအလွှားရယူရန် ဗြိတိန်ကုမ္ပဏီကြီးများ လျှို့ဝှက်စွာဆွေးနွေး

(The Independent သတင်းစာမှ 10 April 2012 ရက်စွဲပါ UK firms in secret talks on joining Burma gold rush ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရန် အမေရိကန်မျှော်လင့်ချက်အသစ်ထား

(AFP News မှ 8 Apr 2012 ရက်စွဲပါ In new tact, US hopes to reform Myanmar military သတင်းကို ဘာသာပြန်ဆိုသည်)

 

************************************************************

မြန်မာပြည်မှ စီးပွားရေးအခွင့်အလမ်းများကို အပြေးအလွှားရယူရန် ဗြိတိန်ကုမ္ပဏီကြီးများ လျှို့ဝှက်စွာဆွေးနွေး

(The Independent သတင်းစာမှ 10 April 2012 ရက်စွဲပါ UK firms in secret talks on joining Burma gold rush ကို ဘာသာ ပြန်ဆိုသည်)

ယခုအခါ ဗြိတိန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းကြီးများသည် အနောက်တိုင်းကုမ္ပဏီကြီးများကဲ့သို့ပင် အရှေ့တောင်အာရှ ဒေသဆီမှ မြန်မာနိုင်ငံသို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းလျက်ရှိသည်။ အမြတ်အစွန်း ခပ်များများ ရရှိမည့် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် ၎င်းတို့ ကြိုးပမ်းနေသည်မှာ ရွှေထွက်ရာနေရာသို့ လူအများ အပြေးအလွှားသွားကြသည့်နှယ်ဖြစ်၏။

မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံရန်ကြိုးပမ်းနေကြသည့် ဗြိတိန်စီးပွားရေးလုပ်ငန်းကြီးများထဲတွင် JCB၊ Shell၊ HSBC  နှင့် Standard Chartered တို့ပါဝင်ပြီး ၎င်းတို့က မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာများကို စိတ်ဝင်တစား ရှိနေကြသည်ဟု ယုံကြည်ရသည်။

ဗြိတိန်သတင်းစာ တစ်စောင်ဖြစ်သော The Independent အဆိုအရ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာပြည်၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် အချို့သော ဗြိတိန်ကုမ္ပဏီကြီးများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။ တရားဝင်အရဆိုပါက မြန်မာနိုင်ငံ၌ ရင်းနှီး မြှုပ်နှံရန် နှင့် မြန်မာနှင့် ကုန်သွယ်မှုပြုရန် ဗြိတိန် ကုမ္ပဏီကြီးများအား အစိုးရက အားပေးအားမြှောက်ပြုလုပ်ခွင့် မရှိပေ။ သို့သော် အကယ်၍ မြန်မာအပေါ် သတ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကို အီးယူက ရုပ်သိမ်းပေးပြီး မြန်မာ့ပြုပြင်ပြောင်းလဲမှုများ အမှန်တကယ် ဖြစ်ပေါ်လာမည် ဆိုပါက ဗြိတိန်စီးပွားရေးလုပ်ငန်းကြီးများ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စဉ်းစားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင် နှစ်ကာလကြာမြင့်စွာ အထီးကျန်ဖြစ်ခဲ့ပြီးနောက် ယခုအခါ အစိုးရသစ်အဖွဲ့မှ ပြုပြင် ပြောင်းလဲရေး သမားများက စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ကိုင်ပေးမည်ဟု ကတိကဝတ်များပြုလာကာ အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့၏ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန် မျှော်လင့်လျက်ရှိကြသည်။ အမေရိကန်အစိုးရကမူ မြန်မာစစ်အစိုးရအပေါ် ယခင်က သတ်မှတ် ပြဋ္ဌာန်းခဲ့သည့် ပိတ်ဆို့အရေးယူမှုအချို့အား စတင်ဖယ်ရှားပေးမည့် အရိပ်အယောင်များ ပြသလာပြီဖြစ်သည်။ အီးယူအနေဖြင့်လည်း မကြာမီ ရက်သတ္တပတ်အတွင်း ပိတ်ဆို့အရေးယူမှုများ စတင်ဖယ်ရှားပေးရန် ဆုံးဖြတ်မည်ဖြစ်သည်။

အိမ်နီးချင်းနိုင်ငံများကလည်း သယံဇာတကြွယ်ဝချမ်းသာသည့် မြန်မာနိုင်ငံထဲသို့ ဝင်ရောက်ရင်းနှီးမှုများ ပြုလုပ်ထားပြီးဖြစ်ရာ အာရှစီးပွားရေး ပြိုင်ဘက်များ ခြေလှမ်းသာနေမည့်အရေးကို အနောက်ကုမ္ပဏီကြီးများက စိုးရိမ်လျက် ရှိသည်။ ဈေးကွက်ကျွမ်းကျင်သူ ပညာရှင်တစ်ဦးကမူ "မြန်မာနိုင်ငံကို တရုတ်၊ စင်ကာပူ၊ ကိုရီးယားနဲ့ ဂျပန်တွေက အုံခဲနေကြတယ်" ဟု ဆိုသည်။ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများကမူ နိုင်ငံတကာ အသိုင်းအဝိုင်းအား မြန်မာစစ်အစိုးရ၏ လိမ်လည်လှည့်စားမှု ခံရမည့် အရေးကို စိုးရိမ်ပူပန်လျက်ရှိသည်။ အကြောင်းမှာ မြန်မာစစ်အစိုးရတွင် နောက်ကြောင်း ပြန်လှည့်ပြီး ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်လေ့ရှိသည့် မှတ်တမ်းများ ရှိနေသောကြောင့်ဖြစ်သည်။ အထင်ရှားဆုံးသော ဥပမာပြရလျှင် လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီသည် ပြုပြင်ပြောင်းလဲရေး ကတိကဝတ်များ ပေးပြီး အနောက်စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင် ခဲ့သော်လည်း ၎င်း၏ သြဇာအာဏာအပေါ် လစ်ဗျားပြည်သူ များက ခြိမ်းခြောက်လာချိန်တွင် ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွင်းနှိမ်နင်းခဲ့ခြင်းပင် ဖြစ်သည်။

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားမည့် ကိစ္စအပေါ် သတိကြီးစွာဖြင့် ထောက်ပံ့လျက် ရှိသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကမူ မြန်မာနိုင်ငံကို "အာရှ၏ စီးပွားရေးနယ်မြေသစ်" ဟု ခေါ်ဆိုသည်။

ဗြိတိန်နိုင်ငံ၏ အကြီးဆုံးဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော JCB ၏ ဒေသဆိုင်ရာ အကြီးအကဲ Rajen Nair က "မြန်မာနိုင်ငံဟာ လာမယ့်နှစ်တွေထဲမှာ စီးပွားရေးတိုးတက်ဖို့ အလားအလာတွေ အရမ်းကောင်းနေတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု Irrawaddy သတင်းဌာနသို့ ပြောကြားသည်။

Standard Chartered မှ ပြောရေးဆိုခွင့်ရှိသူကလည်း "ကျွန်တော်တို့ဝင်ငွေရဲ့ ၇၀ ရာခိုင်နှုန်းက အာရှကနေ လာတာပါ။ အာရှမှာ ရင်းနှီးမြှုပ်နှံမှု မရှိတဲ့နိုင်ငံဆိုလို့ မြန်မာပြည်ပဲရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ လုပ်ငန်းတွေ လည်ပတ်လုပ်ကိုင်လို့ရမယ့် ဘယ်နိုင်ငံမှာမဆို ဈေးကွက် ရှာသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်စီးပွားရေး လုပ်ကိုင်နိုင်ပြီး လုံခြုံမှုရှိကာ စီးပွားရေးလုပ်ငန်းတွေအတွက် တံခါးဖွင့်ထားတဲ့ နေရာမျိုးပေါ့ဗျာ" ဟု The Independent သို့ ပြောကြားသည်။

Shell ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူကမူ "Shell အနေနဲ့ မြန်မာပြည်နဲ့ ခုချိန်ထိ ပတ်သက်မှုမရှိသေးပါဘူး။ ကျွန်တော်တို့အနေနဲ့ အစိုးရ အသီးသီးရဲ့ လိုအပ်ချက်တွေ၊ သတ်မှတ်ပြဋ္ဌာန်းချက်တွေကို အပြည့်အဝ လေးစားလိုက်နာလျက် ရှိပါတယ်။ လောလောဆယ်တော့ အာရှဒေသတွင်းဆီက လက်ရှိ စီးပွားရေး၊ နိုင်ငံရေးနဲ့ ဘိဇနက်လုပ်ငန်းဆိုင်ရာ အနေအထားတွေကို ကောင်းစွာ နားလည်သဘောပေါက်နိုင်ဖို့ သက်ဆိုင်သူတွေနဲ့ ဒိုင်ယာလော့ခ် လုပ်နေပါတယ်" ဟု ပြောဆိုသည်။ HSBC ကမူ တစ်စုံတရာ ထင်မြင်ချက်ပေးခြင်းမရှိပေ။

မကြာသေးမီကာလအတွင်း The Independent သတင်းစာက ဗြိတိန်ကုမ္ပဏီကြီး ၂၀ အား မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာနှင့် ယင်းနိုင်ငံတွင် စီးပွားရေးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စဉ်းစားထားခြင်းရှိ၊မရှိ ဟူသောအချက်ကို စစ်တမ်း ကောက်ယူခဲ့ရာ ကုမ္ပဏီအနည်းငယ်ခန့်သာ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် ဆန္ဒရှိကြောင်း တွေ့ရှိခဲ့ရသည်။

ကုမ္ပဏီအများစုကမူ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားမည်ဆိုပါက ဝင်ရောက်ရင်းနှီးမြှုပ်နှံရေးအတွက် နည်းလမ်းရှာဖွေရန် ဆန္ဒ ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။

***************************************************

မြန်မာ့တပ်မတော်ကို ပြုပြင်ပြောင်းလဲရန် အမေရိကန်မျှော်လင့်ချက်အသစ်ထား

(AFP News မှ 8 Apr 2012 ရက်စွဲပါ In new tact, US hopes to reform Myanmar military သတင်းကို ဘာသာပြန်ဆိုသည်)

အမေရိကန်ပြည်ထောင်စုသည် မြန်မာကြားဖြတ်ရွေးကောက်ပွဲများကို အသိအမှတ်ပြုချီးကျူးပြီး နောက်တွင် ထိုနိုင်ငံ၏ အင်အားကြိး တပ်မတော်အား ဆယ်စုနှစ်ချီတိုင်းရင်းသားပဋိပက္ခနှင့် လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ အဆုံးသတ်အောင် ဖိအားပေးရန် ဦးတည်ချက် ပြောင်းလျက် ရှိသည်ဟု တာဝန်ရှိ သူများနှင့် လေ့လာသူများက ပြောကြားသည်။

အတိုက်အခံများအနိုင်ရရှိသွားသော ကြားဖြတ်ရွေးကောက်ပွဲများအပြီးတွင် မြန်မာနိုင်ငံကို ချီးကျူးပြော ဆိုခဲ့သော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က “မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုကို တားမြစ်ထားခြင်း အပါအဝင် သတ်မှတ်ရွေးချယ်ထားသော Sanctions များကို ဖြေလျော့ပေးတော့မည်ဟု ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အတိုက်အခံများနှင့် တိုင်းရင်းသားအုပ်စုများကို သမ္မတဦးသိန်းစိန်က ဆွေးနွေးညိနှိုင်းလျက်ရှိသော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို တိုက်တွန်း အားပေးနေသည့် အိုဘားမားအစိုးရ၏ အစီအစဉ်များထဲတွင် Sanctions ဖြေလျော့မည့် အစီအစဉ်သည် ယခုအချိန်ထိ အကြီးမားဆုံး ဆောင်ရွက်ချက် တစ်ခု ဖြစ်သည်။

သို့သော်လည်း ကချင်ပြည်နယ်ထိုးစစ်ရပ်ဆိုင်းရန် ဒီဇင်ဘာလက သမတထုတ်ပြန်သော အမိန့်ကို နာခံခြင်းမရှိသည့် တပ်မတော်သည် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှ ဘေးထွက်နေသည့် လက္ခဏာရှိသည်ဟု အမေရိကန်အစိုးရအကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

မြန်မာ့တပ်မတော်ကို ကမ်းလှမ်းညှိနှိုင်းဖို့ သူတို့ပါဝင်လာအောင် ခေါ်ယူဖို့၊ ဒီမိုကရေစီအပြောင်းအလဲမှာ သူတို့လည်း ပါဝင်ရမယ်ဆိုတဲ့ အချက်ကို သိမြင်နားလည် လာစေဖို့အတွက် လုပ်ဆောင်သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု အမည်မဖော်လိုသူ အရာရှိက AFP သို့ ပြောကြားသည်။

ကရင်ပြည်နယ် ငြိမ်းချမ်းရေး အစီအစဉ်ကို သောကြာနေ့က သဘောတူညီမှုရရှိခဲ့သော်လည်း ကချင်ပြည်နယ်၌ မုဒိန်းမှုကို စစ်လက်နက်သဖွယ် သုံးခြင်း၊ အရွယ်မရောက်သေးသော ကလေးစစ်သားများ သုံးခြင်း၊ အဓမ္မလုပ်သားများကို သုံးစွဲခြင်းတို့ ဖြစ်ပွားနေကြောင်း ခိုင်ခိုင်မာမာရရှိထားသော သတင်း အစီရင်ခံစာများအပါအဝင် နိုင်ငံအနှံ့ လူ့အခွင့်အရေး ချိုးဖောက်ညှင်းပန်းမှုများ ဖြစ်ပွားနေဆဲဖြစ်သည်ဟု အဆိုပါ အရာရှိက ပြောကြားသည်။

အမေရိကန်ပြည်ထောင်စုက ကချင်ပြည်နယ်အတွင်းသို့ သွားရောက်ကယ်ဆယ်ခွင့်ပေးရန် မြန်မာအစိုးရထံ တောင်းဆိုထားသည်။ မကြာသေးမီက ကုလကိုယ်စားလှယ် ၂ ဖွဲ့သွားရောက်ခဲ့သော တရုတ် နယ်စပ်အနီးမှ ကချင်ဒေသများတွင် အကူအညီလိုအပ်နေဆဲ ထွက်ပြေးစွန့်ခွာသူ အနည်းဆုံး ၅၀၀၀၀ မှ ၆၀၀၀၀ အထိရှိနေသည်ဟု ယင်းက ဆိုသည်။ “အခုလို အရေးပေါ်အကူအညီ များစွာ လိုအပ်နေတဲ့ ကိစ္စကို ကျွန်တော်တို့ ဆွေးနွေးနေပါတယ်” ဟု ယင်းအရာရှိက ဆိုသည်။

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆက်မပြတ်ဖြစ်ပွားနေခဲ့သော ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ်ပွဲကြောင့် မြန်မာနိုင်ငံ၏ ဒေသများ (အထူးသဖြင့် တောင်တန်းတိုင်းရင်းသားပြည်နယ်များ) မှာ ရစရာမရှိအောင် စုတ်ပြတ်ကြေမွနေပြီ ဖြစ်လေသည်။

အမေရိကန်ပြည်ထောင်စု ထပ်မံမျှော်မှန်းမှုများကို ထုတ်ပြန်ကြေညာခဲ့သော ဟီလာရီကလင်တန်က “သမိုင်းဝင် ပြုပြင်ပြောင်းလဲရေး ကြိုးပမ်း အားထုတ်မှုများတွင် မပါဝင်ပဲ မှားတဲ့ဖက်မှာ ကျန်နေခဲ့သူများ အဖွဲ့အစည်းများ၊ အင်အားစုများကို Sanctions များ ဆက်လက် ချမှတ်အရေးယူဦးမည်ဟု သတိပေး ပြောကြား လိုက်သည်။

ထို့အပြင် မြန်မာနိုင်ငံ၌ ပြုပြင်ပြောင်းလဲရေးမစတင်မှီအချိန်က လျို့ဝှက်စစ်ဖက်ဆက်ဆံရေးရှိခဲ့သော မြောက်ကိုရီးယားနှင့် စစ်ဖက် ပူးပေါင်း ဆောင်ရွက်မှု မှန်သမျှ ရပ်ဆိုင်းရန် မြန်မာအစိုးရကို ကလင်တန်က တောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်ကို သမိုင်းဝင်ထောက်ပံ့ခဲ့သော ကျောက်မျက်ရတနာ၊ သဘာဝဓာတ်ငွေ့နှင့် ကျွန်း၊ သစ်မာနှင့် စသည့် အမြတ်အစွန်းကြီးသော ကဏ္ဍများ အပေါ်တွင် ပြင်းထန်သော Sanctions များဆက်လက် ချမှတ်ထားသည်ဟု ဝါရှင်တန် အခြေစိုက် HKW မှ ဒါရိုက်တာတွမ် မာလီနောစကီးက ပြောကြားသည်။ သို့သော်လည်း ပုဂ္ဂိလိကကဏ္ဍပါဝင်သည့် တယ်လီဖုန်းဆက်သွယ်ရေး၊ လယ်ယာစိုက်ပျိုးရေးခရီးသွား လုပ်ငန်းတို့အပေါ် ချမှတ် ထားသော Sanctions များ ဖြေလျော့ပေးခြင်းကြောင့် သာမန်ပြည်သူများအပေါ်တွင် ကြီးမားသော အကျိုးသက်ရောက်မှု ရှိလာလိမ့်မည်ဟု ဆိုသည်။

“ဒီအိုင်ဒီယာရဲ့ လိုရင်းကတော့ မြန်မာ့တပ်မတော်ကို အရပ်ဖက်အာဏာပိုင်းတွေအပေါ် အဆုံးစွန် သစ္စာစောင့်သိတဲ့ အဖွဲ့အစည်း ဖြစ်လာ စေချင်တာပါပဲ”ဟု မာလီနော်စကီးက ပြောကြားသည်။ အခု Sanctions တွေကို အသုံးချပုံက ပါးပါးလေးပြောင်းလဲသွားတာကို တွေ့ရပါတယ်။ မြန်မာ အစိုးရရဲ့ မူဝါဒ ပြောင်းလဲအောင် တွန်းအားပေးတာမျိုးထက် နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်မှာ အဓိကပါဝင်သူတွေကို ဦးစားပေး၊ အခွင့်အရေး ပေးဖို့ ပြောင်းလဲ အသုံးပြုနေတာပါဟု ယင်းက ဆက်လက်ပြောကြားသည်။

ယခုကြားဖြတ်ရွေးကောက်ပွဲသည် အစမ်းစာမေးပွဲသာ ဖြစ်ပြီး ၁၉၆၂ ကထဲက စစ်တပ်က အုပ်ချုပ်ခဲ့သော နိုင်ငံတွင် မှန်ကန်သော အာဏာပါဝါ အပြောင်းအလဲ ဖြစ်လာနိုင်မည့် ၂၀၁၅ ရွေးကောက်ပွဲများ ကို တပ်မတော်က လွတ်လပ်၊ မျှတ၊ ပွင့်လင်းစွာ ကျင်းပခွင့်ပေးမှာလားဆိုသည့် ကိစ္စသည်သာ အမှန်တကယ် စမ်းသပ်စစ်ဆေးမှုဖြစ်လာလိမ့်မည်ဟု မာလီနော့စကီးက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံသည် ဝါရှင်တန်၏ အမေရိကန်ရန်ဖက်များနှင့် တွေ့ထိညှိနှိုင်းခြင်း၊ မူဝါဒတွင် မြင်သာသော အောင်မြင်မှုတစ်ခု ဖြစ်သောကြောင့် အိုဘားမား အစိုးရက အဓိက အာရုံစိုက်လျက် ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံအပေါ် မျှော်မှန်းစီမံခန့်ခွဲခြင်းသည် နာတာရှည်ရောဂါများကို မှော်ကြိမ်လုံးက ဖယ်ရှားပေးလိမ့်မည်ဟု မျှော်လင့်ချက်ပေးခြင်း မဟုတ်ပါဟု အမေရိကန်အစိုးရ တာဝန်ရှိသူက ဆိုသည်။

စုတ်ယူနိုင်စွမ်း နည်းပါးပြီး၊ အာဂတိလိုက်စားမှုကြီးမားသော မြန်မာနိုင်ငံအပေါ် ဝါရှင်တန်က ပိုက်ဆံများ ပစ်စလက်ခတ် ကြဲဖြန့်မည် မဟုတ်ပါဟု ယင်းတာဝန်ရှိသူက အလေးထား ပြောကြားသည်။

                "မြန်မာနိုင်ငံရဲ့ လက်တွေ့ပကတိ စီးပွားရေး၊ နယ်ပယ်အနေအထားက ချို့ယွင်းချက်တွေ များနေပါတယ်။ ဒီလိုသာ မဟုတ်ရင် တစ်ကမ္ဘာလုံး ဝင်ပြီး ဖျာခင်းပြီးသား ဖြစ်နေမှာပေါ့။ ရုတ်တရက်ပေါ်လာတဲ့ အလားအလာတွေ အပေါ်မှာ အလွန်အကျွံ စိတ်အား ထက်သန်နေတာမျိုးကို သတိထား ဂရုစိုက်ဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ယင်းက သုံးသပ် ပြောကြားသွားသည်။

********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

yangonchronicle2011
yangonchronicle2011

၉. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ယခင်အခွန်ကင်းလွတ်ခွင့်ရထားသော စီးပွားရေးလုပ်ငန်းများ အခွန်ဆောင်ရတော့မည်
  2. ဒေါ်လာဈေးအပြောင်းအလဲများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်
  3. ရန်ကုန်လျှပ်စစ်ဓာတ်အားပိုမိုရရှိနိုင်ရန် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ် ပြန်လည် ဝယ်ယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်မှ ဖယောင်းသုတ် မဲလက်မှတ်များနှင့်ပတ်သက်၍ စစ်ဆေးမည်
  2. ဧပြီ ၇ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ကြေညာချက်ထုတ်ပြန်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ယခင်အခွန်ကင်းလွတ်ခွင့်ရထားသော စီးပွားရေးလုပ်ငန်းများ အခွန်ဆောင်ရတော့မည်

ဧပြီလ ၁ ရက်နေ့မှစတင်၍ မြန်မာအခွန်ကောက်ခံမှု စနစ်နှစ်ရပ်ဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်နှုန်းထားများကို လျှော့ချကောက် ခံတော့မည်ဖြစ်ပြီး ထိုသို့ အခွန်ကောက်ခံရန် ပြင်ဆင်သတ်မှတ်လိုက်သည့်အတွက် ယခင် အခွန်ကင်းလွတ်ခွင့် ရရှိထားသော စီးပွားရေးလုပ်ငန်းကြီးများပါ အခွန် ပေးဆောင်ရတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက အရင်က ကုန်ပစ္စည်းတန်ဖိုးရဲ့ ၂၀ရာခိုင်နှုန်းကို ၄၅၀နဲ့မြှောက်ပြီး ပေးသွင်းရတဲ့ အကောက်ခွန်နှုန်းတွေကို ကုန်ပစ္စည်းတန်ဖိုးရဲ့ ၅ရာခိုင်နှုန်းကို ၈၁၅ကျပ်နဲ့မြှောက်ပြီး ပေးသွင်းရမယ်လို့ သတ်မှတ်ခဲ့ပါတယ်။ ဒီလို အခွန် ပြောင်းလဲပြင်ဆင် ကောက်ခံတဲ့နေရာမှာ အရင်အခွန်ဆောင်ပြီး တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကော၊ အခွန်ကင်းလွတ်ခွင့်ရရှိထားတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး အခုတန်းတူ အခွန်ဆောင်ရတော့မှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ထို့ပြင် ယခင် ၂၅ရာခိုင်နှုန်း၊ ၂၀ရာခိုင်နှုန်းနှင့် ၁၀ရာခိုင်နှုန်း ကောက်ခံလျက်ရှိသော အခွန်နှုန်းထားများကို ယခုအခါ ၅ရာခိုင်နှုန်းအဖြစ်သို့ လျှော့ ချပြောင်းလဲကောက်ခံရန် သတ်မှတ်ခဲ့ပြီး တစ်နှစ်လျှင် ကျပ်သိန်း ၃၀၀အထက် လစာငွေရရှိသူများထံမှ ၃၀ရာခိုင်နှုန်း အခွန်စတင်ကောက်ခံရန် သတ်မှတ် ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“အခုလို နိုင်ငံတော်က အခွန်နှုန်းထားတွေကို ပြင်ဆင်ကောက်ခံတော့မယ်ဆိုတာ လုပ်ငန်းရှင်ကြီးတွေအတွက်ကော၊ အခုမှစတင်ဖို့ ကြိုးစား နေတဲ့ လုပ်ငန်းငယ်လေးတွေအတွက်ပါ တော်တော်ကို အဆင်ပြေပါတယ်။ အားလုံးကို တန်းတူရည်တူ အခွန်ကောက်ခံတော့မှာဆိုတော့ ဘယ်သူ့ ဘယ်သူမှ နစ်နာမှုမရှိတော့ဘူးပေါ့”ပာု ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် အခွန်အရပ်ရပ်ပေါင်း ၁၂၂၂၈၇၅ သန်းရရှိခဲ့ပြီး မြန်မာနိုင်ငံ၏ သွင်းကုန်တင်သွင်းမှုပမာဏမှာ ဒေါ်လာ ၈ ဘီလျံဝန်းကျင်ခန့်ရှိသည့်အတွက် ယခင်နှစ်များထက် သွင်းကုန်ပမာဏမြင့်တက်လျက်ရှိကြောင်း သိရသည်။

  YC

--------------------------------------------------------------------------------------------------------------------------------

ဒေါ်လာဈေးအပြောင်းအလဲများကြောင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်

စက်သုံးဆီ တင်သွင်းသည့် အခွန်နှုန်းထားများ လျှော့ချလိုက်သော်လည်း မြန်မာနိုင်ငံအတွင်း ငွေကြေးလဲလှယ်မှုနှုန်းထားများကို နှုန်းရှင်စနစ် ကျင့်သုံးရန် တရားဝင် ပြောင်းလဲ သတ်မှတ်လိုက်သည့်အတွက် ဓာတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်းဆီဈေးနှုန်းများမှာ ဆက်လက်မြင့်တက်လျက်ရှိကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စက်သုံးဆီဈေးတွေက မြင့်တက်လာမယ်လို့ ဘာကြောင့်ပြောလဲဆိုရင် ရှင်းပြစရာတွေရှိနေပါတယ်။ အရင်က စက်သုံးဆီတင်သွင်းတဲ့လူတွေ အတွက် လုပ်သာကိုင်သာရှိအောင် ဒေါ်လာဈေးနဲ့ အခွန်မှာ အထူးလျှော့ပေါ့ခွင့်တွေ ရှိပါတယ်။ အခုတစ်ပြေးညီ သတ်မှတ်လိုက်တဲ့ အခွန်နှုန်းထားနဲ့ ငွေလဲလှယ်နှုန်းတွေကြောင့် စက်သုံးဆီတင်သွင်းတဲ့ လူတွေအတွက် အခက်အခဲဖြစ်စေတာ မပာုတ်ပေမယ့် အထူးလျှော့ပေါ့ခွင့်တွေ မရတော့လို့ ဈေးနှုန်း ပြောင်းပြီး အတက်ဘက်ကို ဈေးကသွားနေတာပါ”ပာု မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဇော်လင်းက ပြောကြားခဲ့ကြောင်း ဧပြီ ၁၀ ရက်နေ့ထုတ် The Nation ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြည်တွင်း စက်သုံးဆီရောင်းချမှုများတွင် ဆိုင်များပေါများလာခြင်း၊ မည်သည့်ကုမ္ပဏီမဆိုလွတ်လပ်စွာ စက်သုံးဆီတင်သွင်းရန် ခွင့်ပြုထား ခြင်းနှင့် မှောင်ခိုစက်သုံးဆီရောင်းချမှုများကြောင့် စက်သုံးဆီရောင်းချမှုများတွင် ပေါက်ဈေးအတိုင်းသာရောင်းချနိုင်ပြီး ဈေးနှုန်းကြီးမြင့်၍ ယခင်ကဲ့သို့ ဈေးကစား၍ မရနိုင်တော့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အရင်က တစ်ဒေါ်လာကို (၄၅၀)ကျပ်နဲ့ စက်သုံးဆီတင်သွင်းတဲ့လူတွေအတွက် သတ်မှတ်ချက်က အခုကျတော့ နှုန်းရှင်အဖြစ် တစ်ပြေးညီ  သတ်မှတ်ပြီး (၈၁၈)ကျပ်ဖြစ်သွားလို့ ဒေါ်လာဈေးတက်လာတယ်။ နောက်အခွန်ကိစ္စမှာလဲ ဒီဇယ်ကို နိုင်ငံတော်ကနေ အထူးလျှော့ပေါ့ခွင့်ဆိုပြီး (၉)ရာခိုင် နှုန်းပဲ အခွန်ကောက်တယ်။ ဓာတ်ဆီနဲ့ အောက်တိန်းကို (၁၇၀)ရာခိုင်နှုန်းသတ်မှတ်ထားပေးတယ်။ (၁၇) ရာခိုင်နှုန်းပဲကောက်တယ်။ အခုကျတော့ ဒီဇယ်က အရင်က (၉)ရာခိုင်နှုန်းကနေ တရားဝင်ဖြစ်သွားလို့ (၁)ရာခိုင်နှုန်းတိုးသွားတယ်။ ဓာတ်ဆီကတော့(၇)ရာခိုင်နှုန်းကျသွားတယ်။ အခွန်က အတိုင်းအတာ တစ်ခုထိ ကျပေမယ့် ဒေါ်လာဈေးက ယခု (၈၂၁)ကျပ်ထိဖြစ်နေတော့ ကျွန်တော်တို့ သွင်းရတဲ့ဈေးတင် ဒီဇယ်တစ်ဂါလံကို (၁၂၀)ကျပ်နဲ့ ဓာတ်ဆီတစ်ဂါ လံကို(၄၀)ကျပ်လောက် ဈေးမြင့်သွားတယ်”ပာု စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းမှ ဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့ကြောင်း ဧပြီ ၁၀ရက် နေ့ထုတ် The Nation ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်း အစိုးရသစ်လက်ထက်မှ စတင်၍ ပုဂ္ဂလိကလုပ်ငန်းရှင်မျး စက်သုံးဆီလွတ်လပ်စွာ တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရန် တရားဝင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

Ref:The Nation

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်လျှပ်စစ်ဓာတ်အားပိုမိုရရှိနိုင်ရန် ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ် ပြန်လည် ဝယ်ယူမည်

ရန်ကုန်မြို့တွင်း ပြည်သူများလျှပ်စစ်ဓာတ်အား ပိုမိုရရှိနိုင်စေရန် တရုတ်နိုင်ငံနှင့် ဖက်စပ်လုပ်ကိုင်လျှက်ရှိသော ရွှေလီရေအားလျှပ်စစ်မှ လျှပ်စစ် ဓာတ်အားများကို ပြန်လည်ဝယ်ယူ၍ ပြည်တွင်းလျှပ်စစ်ဓာတ်အား သုံးစွဲနိုင်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၂၀၁၂ ဧပြီ ၆ရက်နေ့တွင် ပြု လုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်စေရေးအတွက် လက်ရှိ ရပ်နားထားသည့် သဘာဝဓာတ်ငွေ့ တာဘိုင်စက်ငါးလုံးကို ပြန် လည် လည်ပတ်နိုင်ရေးအတွက် သဘာဝဓာတ်ငွေ့များပြန်လည် တောင်းခံသွားမည်ဖြစ်ပြီး သဘာဝဓာတ်ငွေ့ရရှိ၍ ယင်းတာဘိုင်စက်များ ပြန်လည် လည် ပတ်နိုင်ပါက ရန်ကုန်မြို့တွင်းသို့ ၆၉ မဂ္ဂါဝပ် ထပ်မံထုတ်လွှတ်နိုင်မည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

“ကျွန်တော်တို့မှာ လက်ရှိ ရပ်နားထားတဲ့ သဘာဝဓာတ်ငွေ့တာဘိုင်စက်ငါးလုံးရှိပါတယ်။ ဒါတွေ လည်ပတ်နိုင်ဖို့အတွက်က သဘာဝဓာတ်ငွေ့ လိုပါတယ်။ အဲဒီဓာတ်ငွေ့ရရင် ၆၉ မဂ္ဂါဝပ်လောက် လျှပ်စစ်ဓာတ်အား ထပ်ထုတ်နိုင်မှာပါ။ အခုရပ်ထားတဲ့ သဘာဝဓာတ်ငွေ့ တာဘိုင်စက်ငါးလုံးအတွက် သဘာဝဓာတ်ငွေ့လိုအပ်ချက်က ကုန်တွင်းဓာတ်ငွေ့ ကုဗပေ ၂၄သန်း၊ ကမ်းလွန်ဓာတ်ငွေ့ကုဗပေ ၁၁သန်းကို တောင်းထားပါတယ်”ပာု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့နေ လူနေရပ်ကွက်အားလုံးကို ညနေ ၅ နာရီမှ နံနက် ၅ နာရီထိတိုင် လျှပ်စစ်မီးပေးသွားမည်ဖြစ်ပြီး ထိုသို့ ရန်ကုန်မြို့ ရပ်ကွက်အား လုံးကို လျှပ်စစ်ဓာတ်အားပေးချိန်တွင် စက်မှုဇုန်များရှိ စက်မှုလုပ်ငန်းများကို လျှပ်စစ်မီးပေးမှု ယာယီရပ်ထားမည်ဖြစ်ကြောင်း ယင်းသတင်းစာရှင်းလင်း ပွဲတွင် ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ကျွန်တော်တို့ ပြည်သူကိုပေးနိုင်ဖို့ လိုအပ်တဲ့ လျှပ်စစ်ကိုရနိုင်တဲ့ဘက်ကရှာမယ်။ ရေအားလျှပ်စက်ရုံ ရွှေလီကနေ ဓာတ်အား ထပ်တိုးတောင်း မယ်။ သူတို့ဆီက ဝယ်ထားတဲ့ စက်နှစ်လုံးကို အပြည့်မောင်းပေးပါဆိုပြီး လုပ်ပါမယ်။ မနေ့က ရွှေလီကို ၁၈၀မဂ္ဂါဝပ်အထိ တိုးထုတ်ခိုင်းပါတယ်။ လက်ရှိ ရှိနေတဲ့ စက်တွေကို တိုးထုတ်ခိုင်းပါတယ်။ အရန်ရလာတဲ့ မဂ္ဂါဝပ် ၁၀၀နဲ့ ညဦးပိုင်းမှာ အုပ်စုသုံးအုပ်စုလုံးကို မနေ့ညကစပြီး စမ်းပြီးမီးပေးပါတယ်။ အများ ပြည်သူကို ပေးနိုင်ပါတယ်။ လက်ရှိအခြေအနေအရ ညပိုင်းကိုမီးပေးပါမယ်။ ညပိုင်းမှာ အုပ်စုသုံးအုပ်စုလုံးကို ပေးပါမယ်။ ညနေ ၅ နာရီကနေ နံနက် ၅ နာရီထိ လူနေရပ်ကွက်အားလုံးကို ညပိုင်းမီးပေးသွားမှာပါ။ နေ့ခင်းပိုင်းမှာ အုပ်စုနှစ်အုပ်စုစီခွဲပေးပါမယ်။ ဒါကလည်း ပြည်သူတွေရဲ့ အသံကြောင့်ပါ။ ဒီ လောက်ပူတဲ့အချိန် လျှပ်စစ်မီးမရှိဘဲ အိပ်ရတာ ဘယ်လောက်ဆိုးတယ်ဆိုတာ ကျွန်တော်တို့ကြားပါတယ်။ သို့သော် တစ်ချိန်ထဲမှာ စက်မှုဇုန်တွေ၊ စက်မှု လုပ်ငန်းတွေကို မီးပိတ်ထားရပါမယ်”ပာု ပြောကြားခဲ့သည်။။

YC

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်မှ ဖယောင်းသုတ်မဲလက်မှတ်များနှင့် ပတ်သက်၍ စစ်ဆေးမည်

ဧပြီလ ၉ရက်နေ့မှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြားဖြတ်ရွေးကောက် ပွဲကျင်းပခဲ့သည့် မဲဆန္ဒနယ် ၄ခုတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့များဖွဲ့၍ မဲပြားများပေါ်တွင် ဖယောင်းသုတ်ထားခြင်းနှင့် ပတ်သက်သည့် သတင်းများအား ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းသို့ စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုမှ “မဲဆန္ဒနယ် ၄ခုမှာ အဖွဲ့လေး ဖွဲ့ဖွဲ့ပြီး စုံစမ်းဖော်ထုတ်သွားမှာပါ။ ဒီတနင်္လာနေ့ကစပြီး လုပ်မှာပါ”ဟု ဒီဗွီဘီသတင်းဌာနမှ မေးမြန်းထားမှုအား ပြန်လည်၍ ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။

ထို့ကဲ့သို့ မဲပြားများပေါ်တွင် ဖယောင်းသုတ်ထားခြင်းနှင့် ပတ်သက်၍ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၄၃နေရာ အနိုင်ရရှိသည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွေးကောက်ပွဲကော်မရှင်ထံသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့ပြီး တစ်ချို့တိုင်းနှင့် ပြည်နယ်အသီးသီမှ မဲဆန္ဒနယ်အချို့များ တွင်လည်း မဲပေးခွင့်ရှိသည့် နာမည်စာရင်းများ မပါရှိခြင်းနှင့် ပတ်သက်၍လည်း ယင်း NLDရုံးချုပ်သို့ သက်ဆိုင်ရာ NLDရုံးခွဲများမှ သတင်းပေးပို့မှုများ ရှိသည်ဟုလည်း NLDပါတီမှ အဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ဧပြီ ၇ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲအနိုင်ရ NLD ပါတီမှ ကြေညာချက်ထုတ်ပြန်

၂၀၁၂ ဧပြီ ၇ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်အများဆုံးအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ရွေးကောက်ပွဲအနိုင်ရကြေညာစာတမ်းကို ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ယင်းကြေညာစာတမ်း၌ ဧပြီ ၁ရက်နေ့တွင် ကျင်းပပြီးစီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲသည် ပြည်သူများ၏ အောင်ပွဲတစ်ခုဖြစ်သည်ကို NLD ပါတီမှ အခိုင်အမာ ယုံကြည်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဖြစ်စဉ်ဆိုသည်မှာ ပြည်သူများ ပါဝင်ပတ်သက်မှသာလျှင် ပြည်သူများအားလုံး တမ်းတ နေသည့် စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဧပြီ ၁ရက်နေ့၌ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက် ပွဲဖြစ်စဉ်တွင် ရှေ့ဆုံးမှ ပါဝင်ခဲ့သော ပြည်သူလူထု၊ နိုင်ငံတော်သမ္မတကြီးနှင့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သော နိုင်ငံရေးပါတီ များ၊ အခြားအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်းမီဒီယာသမားများကို ကျေးဇူးတင်စွာဖြင့် ဂုဏ်ပြုအပ်ပါကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် ရွေးကောက်ပွဲရလဒ်များပေါ်မှ ပေါ်ထွက်လာသည့် ပြည်သူလူထု၏ဆန္ဒနှင့် မျှော်လင့် ချက်များကို အလေးထားကာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အုတ်မြစ်ပေါ်တွင် အခြေခံသော ဒီမိုကရေစီအဆောက်အအုံများ ထူထောင်ရေး ပြည်သူ များ၏  စားဝတ်နေရေး ချောင်လည်တိုးတက်ရေးများကို ရွေးကောက်ပွဲမူဝါဒများပါ ဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင် ဆင်ရေးဘောင်အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီ ထုတ်ပြန်ကြေညာချက်၌ ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံ၌ ယခုအခါ လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ပြီးဆုံးသွားပြီဖြစ်သည့်အ တွက် အဖွဲ့ချုပ်အနေဖြင့် ပြည်သူများ လိုလားတောင့်တနေသော စီးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲရေးများကို ဒီမိုကရေစီမူများနှင့် ကိုက်ညှိပြီး အမြန် ဆုံး စတင်လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့၌ ကျင်းပခဲ့သည့်လွှတ်တော်တွင်း လစ်လပ်နေရာပြန်လည်ဖြည့်တင်းသည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲ ဆန္ဒနယ် (၄၅)နေရာအနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ မဲဆန္ဒနယ်(၄၃)နေရာတွင် အနိုင်ရရှိခဲ့သည်။

Ref:Envoy

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဒီနေ့ ကျွန်မတို့ ကရင်အမျိုးသားကိုယ်စားလှယ်များအဖွဲ့အနေနဲ့ NLD ပါတီခေါင်းဆောင်များနဲ့အတူဒေါ် အောင်ဆန်းစုကြည်ကိုတွေ့ခွင့်ရတဲ့အတွက် အများကြီးဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီနေ့ ကျွန်မတို့ရဲ့ တွေ့ဆုံပွဲဟာအဓိကအားဖြင့်တော့ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး အကောင်အထည် ဖော်ဖို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီးတော့ ပြောခဲ့တယ်။ ပြီးလို့ရှိရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး ပေါ်ပေါက်ဖို့အတွက်ကို ကရင်တိုင်းရင်းသားများအနေနဲ့ရောတိုင်းရင်းသားတွေရဲ့လိုအပ်ချက်တွေကဘာလဲ၊ လိုလားချက်တွေကဘာလဲလို့ ဆွေးနွေးတာဖြစ်တယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုဖော်ထုတ်တဲ့အခါမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍဟာအများကြီးအရေးကြီးပါတယ်။ ထိုနည်းတူစွာပဲ နိုင်ငံတော်အစိုးရရဲ့ ပါဝင်မှုနဲ့ လုပ် ဆောင်မှုတွေဟာလည်းအများကြီးအရေးပါတယ်ဆိုတာ ကျွန်မတို့ လက်ခံထားပါတယ်”

ဧပြီ ၁၁ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၂၈) တွင်ပါသည့် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့တွေ့ဆုံ”သတင်းမှ ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၅ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှဝ်တွေရဲ့ အင်အားကိုရယူပြီး လွှတ်တော်ကို ပိုမိုတောင့်တင်းလာ အောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ပါသလား။

ဖြေ- ၂၅ ရာခိုင်နှုန်းကတော့ လောလောဆယ်ရှိနေနိုင်သေးတယ်။ လွှတ်တော်နိုင်ငံရေး စတယ်ဆိုတာကလည်း အခုမှ အစပဲရှိသေးတာလေ။ အတိုင်း အတာတစ်ခုအထိ လွှတ်တော်နိုင်ငံရေးနဲ့ ကျင့်သားရသွားပြီဆိုရင် လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေသူတွေအားလုံး နိုင်ငံရေးပါတီ၊ ပြည်သူတွေရဲ့ အနေအထားပေါ်မှာမူတည် ပြီးဒီ ၂၅ရာခိုင်နှုန်းဟာ နည်းသွားနိုင်တယ်လို့ ကျွန်တော်ခန့်မှန်းပါတယ်။ ပါသင့်တယ်၊ မပါသင့်ဘူး ဆိုတာကတော့ နောင်တစ် ချိန်မှာ ပြည်သူတွေကအဆုံးအဖြတ်ပေးမယ်လို့ ကျွန်တော်ထင်တယ်။ လွှတ်တော်နိုင်ငံရေးမှ တစ်ဆင့် ပြည်သူတွေကအဆုံးအဖြတ်ပေးလာနိုင်တယ်လို့ ယူဆပါတယ်။

ဧပြီ ၁၁ ထုတ် The Myanmar Post အတွဲ (၄) အမှတ် (၁၅) တွင်ပါသည့် “ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)နှင့် အင်တာဗျူးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ဒီဥပဒေမှာ ကျူးလွန်တဲ့ ပြစ်ဒဏ်ကစီမံကိန်းအနေနဲ့ ကြည့်ရင် မတန်ဘူးပေါ့။ ဥပမာ စီမံကိန်းတွေက သိန်းနဲ့ သန်းနဲ့ချီ အလုပ်လုပ်ရတာ၊ တစ်နှစ်၊ နှစ်နှစ် အများဆုံး ထောင်ငါးနှစ်ကျမယ်။ ၁၀သိန်း၊ အလွန်ဆုံးသိန်း ၂၀ဒဏ်ငွေဆိုတာက စီမံကိန်းနဲ့ယှဉ်ရင် ရတဲ့ငွေနဲ့ယှဉ်လိုက်ရင် ဘာမှမဟုတ်ဘူးလေ။ စီမံ ကိန်းကြောင့် ပေးလိုက် ရတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုက အများကြီးဖြစ်တယ်။ ဆုံးရှုံးမှုက စီမံကိန်းကြီးလေ ပတ်ဝန်းကျင်ကို ထိခိုက်မှုများလေပဲ။ ပေးထားတဲ့ပြစ်ဒဏ်နဲ့ မတန်ဘူးလို့ထင်တယ်

ဧပြီ ၁၂ ထုတ် Venus News အတွဲ(၃) အမှတ် (၃၉) တွင်ပါသည့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ပြည့်စုံခြင်းမရှိဟု ပညာရှင်များသုံး သပ်” သတင်းမှ မြန်မာ့အစိမ်းရောင်ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ဝီသန့်စင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs