Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၄.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူငယ်နှင့် ပါတီ၊ အဖွဲ့အစည်း

****************************************

ဆောင်းပါးကဏ္ဍ

လူငယ်နှင့် ပါတီ၊ အဖွဲ့အစည်း

ထက်မြတ်

(ဧပြီ ၂၆ ထုတ် Popular News အတွဲ (၄) အမှတ် (၁၆) မှ ထုတ်ယူဖော်ပြသည်။)

လွတ်လပ်မှုပင် ပြောပြော၊ ဒီမိုကရေစီအခွင့်အလမ်းများ ပွင့်လင်းလာသည်ဟုပင်ဆိုဆို ၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံတွင် အသင်းအဖွဲ့များ လွတ်လွတ်လပ်လပ် ပေါ်ပေါက်လာသည်မှာ အချိန်နှစ်ချိန်သာ ရှိပါသည်။ တစ်ချိန်မှာ ၁၉၈၈၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနှင့် ရှစ်လေးလုံးတိုက်ပွဲများ အပြီး အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရခြင်းပင် ဖြစ်သည်။ အုပ်ချုပ်ရေး ယန္တရားမှာလည်း ယိုယွင်းပျက်ပြားနေပြီဖြစ်၏။ ဒီမိုကရေစီအဟုန်ဖြင့် လူတန်းစား အသီးသီးသည် အလုပ်သမား၊ လယ်သမားအဖွဲ့၊ ကျောင်းသားများကလည်း အဖွဲ့များ ဖွဲ့ခဲ့ကြသည်။ အာဏာသိမ်း စစ်ကောင်စီအောက်တွင် နိုင်ငံရေး ပါတီ အများအပြား ပေါ်ပေါက်ခဲ့၏။ ထို့နောက် ထိုအဖွဲ့များမှာ ပြန်လည် အားနည်းသွားကြပြန်ပါသည်။ လူတန်းစားအဖွဲ့အစည်း အသီးသီးမှာ ပျက်ပြား သွားသလို၊ ကျောင်းသားအဖွဲ့အစည်းများမှာလည်း တရားမဝင်အဖွဲ့အစည်းများ ဖြစ်သွားပါသည်။ NLDလို နိုင်ငံရေးပါတီသာ ကျန်ရှိခဲ့သည်။ သို့သော် နိုင်ငံရေးလှုပ်ရှားမှု မရှိသလောက် နည်းပါးခဲ့၏။ သို့သော် ၂ဝ၁ဝအကုန်နှင့် ၂ဝ၁၁ခုနှစ်တွင်ကား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ဥပဒေအရ ပါတီအသီး သီး၊ အဖွဲ့အစည်းအသီးသီး ပေါ်ပေါက်လာခဲ့သည်။

၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသမိုင်းတွင် နိုင်ငံရေးအခွင့်အလမ်း ပွင့်လန်းလာသည်မှာ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ယခုအထိ နှစ်ကြိမ်သာရှိ၏။ ၁၉၈၈ နှင့် ၂ဝ၁၁ ခုနှစ်ကာလများဖြစ်သည့် ယနေ့ကာလတွင် ပွင့်လာသော ပါတီဖွဲ့စည်းခွင့်၊ အသင်းအ ဖွဲ့များ ဖွဲ့စည်းမှတ်ပုံတင်ခွင့် စသော ဥပဒေပြဋ္ဌာန်းချက်များကြောင့် NLDလို အင်အားကောင်းသော အဖွဲ့ကြီးမှာလည်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး ယခုမူ လွှတ်တော်တွင်းသို့ပင် ရောက်လေတော့မည်။ လူငယ်များသည် မြန်မာ့နိုင်ငံရေးဖြစ်ပေါ်မှုတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်သူများချည်း ဖြစ်၏။ လွတ် လပ်ရေးတိုက်ပွဲ ကာလက ဗိုလ်ချုပ်အောင်ဆန်းလို၊ ကိုဗဟိန်းလို၊ ဦးနုလို၊ သခင်စိုး၊ သခင်သန်းထွန်းလို၊ သခင်သိန်းဖေလို စသည့် ပညာတတ်အများ အပြားမှာ နိုင်ငံရေးကို ဦးဆောင်ခဲ့သည်။ တို့ဗမာအစည်းအရုံးလို တပ်ဦးကြီးကိုလည်း လူငယ်များက ပါဝင်ဖွဲ့စည်းခဲ့သည်။ ဖဆပလလို တပ်ပေါင်းစုကြီးကို လူငယ်များပင် ဦးဆောင်၍ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတွင် ပြတ်ပြတ်သားသား ပါဝင် တိုက်ပွဲဝင်ခဲ့ကြပါသည်။ ထိုအချိန်က လူငယ်များ၏ စိတ်ဓာတ်ထဲတွင် နိုင်ငံရေးသည်အမိ၊ နိုင်ငံရေးသည်အဖ လွတ်လပ်ရေးရဖို့ နိုင်ငံရေးလုပ်ရမည်ဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ ထိုလူငယ်များကပင် နယ် ချဲ့ဆန့်ကျင်ရေး ဖက်ဆစ်ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ ဒီမိုကရေစီရေးများအတွက် စွန့်လွှတ်ကာ အသက်ပေးခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များသည် လွတ်လပ်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်များ ဖြစ်သည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ ထိုကဲ့သို့ပင် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတိုက်ပွဲများ၊ ဆိုရှယ်လစ်ရေးအတွက် တိုက်ပွဲများ၊ ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး တိုက်ပွဲများတွင် လူငယ်များ ပင် ပါဝင်ခဲ့ကြလေသည်။ ယခုလို အသင်းအဖွဲ့များ ဖွဲ့စည်းခွင့် အခွင့်အလမ်းများ ထွက်ပြူစတွင် လူငယ်များအဖို့ အသင်းအဖွဲ့များကို မှန်မှန်ကန်ကန် အသုံးချဖွဲ့စည်းနိုင်ဖို့ လိုအပ်ပါသည်။ ကျွန်တော့်အတွေ့အကြုံနှင့် ကျွန်တော်၏အမြင် အရဆိုလျှင် မြန်မာနိုင်ငံတွင် နိုင်ငံရေးစံနှုန်းနှင့် စနစ်အကျဆုံး ဖွဲ့စည်းခဲ့သောပါတီမှာ နှစ်ခုသာရှိပါသည်။ တစ်ခုမှာ ‘ဗမာပြည် ကွန်မြူနစ်ပါတီ’ ဖြစ်သည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျ ဖွဲ့စည်းပြီး ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၁၅ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သော ပါတီဖြစ်၏။ ထိုအချိန်က ဖွဲ့စည်းပုံစနစ်တကျ ရှိချင်မှရှိမည် ဖြစ်သော်လည်း နောင်အခါတွင် ဌာနအသီးသီး ထားရှိခဲ့သည်။ သုတေသနဌာန၊ ပြန်ကြားရေးဌာန၊ စည်းရုံးရေးဌာန၊ ရန်ပုံငွေရှာဖွေရေးဌာန စသည်၊ စသည်ဖြင့် ပါတီတစ်ရပ်၏ ဖွဲ့စည်းပုံအတိအကျဖြင့် ဖွဲ့စည်းထားသည်ကို နိုင်ငံရေးသမားများ (လက်ဝဲဖြစ်စေ၊ လက်ယာဖြစ်စေ) အတုယူသင့်သလို နမူနာ ယူ ဖွဲ့စည်းသင့်သော ဖွဲ့စည်းပုံဖြစ်သည်။ နောင်လက်နက်ကိုင်တိုက်ပွဲသို့ ကူးပြောင်းပြီး ယခု ပါတီပြိုကွဲသွားသည်အထိ ဗကပသည် စနစ်တကျဖွဲ့ထား သော နိုင်ငံရေးပါတီဖြစ်သည်ကိုကား ငြင်းကွယ်၍ မရနိုင်ပေ။

နောက် နိုင်ငံရေးပါတီတစ်ခုမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဖြစ်ပါသည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ(မဆလ)ကို စတင် ဖွဲ့စည်းခဲ့က တည်းက အမြုတေပါတီအဖြစ် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းပုံဥပဒေကို စနစ်တကျရေးဆွဲပြီးမှသာ ပါတီဝင်၊ အရန်၊ မိတ်ဆွေ စသည်ဖြင့် ခွဲခြားသတ်မှတ်ပြီး ဖွဲ့စည်းခဲ့ခြင်းဖြစ်၏။ အာဏာရစစ်အစိုးရက ဦးဆောင်ဖွဲ့စည်းသည်ဖြစ်၍ ရန်ပုံငွေနှင့် အဆောက်အအုံ အတွေ့အကြုံရှိသူများဖြင့် စနစ်တကျ ဖွဲ့စည်းခဲ့ပါ သည်။ ပါတီအောက်တွင် အလုပ်သမားဌာန၊ လယ်သမားဌာန၊ စည်းရုံးရေးဌာန၊ သုတေသနဌာန၊ နိုင်ငံခြားဆက်ဆံရေးစသည့် ဌာနအဆင့်ဆင့် ခွဲခြားကာ တာဝန်ပေးခဲ့သည်။ ပါတီ၏ သဘောတရားနှင့် မူဝါဒကိုလည်း ရေးဆွဲခဲ့၏။ လူနှင့် ပတ်ဝန်းကျင်တို့၏ အပြန်အလှန် ဆက်ဆံရေး၏ အညမည သဘော    တရားမှာ မဆလပါတီ၏ လမ်းညွှန်သဘောတရား ဖြစ်ပါသည်။ ကွန်မြူနစ်ပါတီသည် လမ်းစဉ် သဘောတရားအနေဖြင့် မာ့က်စ်လီနင်ဝါဒနှင့် မော်စီတုန်း အတွေးအခေါ်ကို ကိုင်စွဲထားသလို အလုပ်သမားလူတန်းစားကိုလည်း ပင်မအခြေခံ အင်အားအဖြစ် သတ်မှတ်၏။ မဆလကမူ အညမည သဘောတရား ကို လမ်းညွှန်သဘောတရားအဖြစ် သတ်မှတ်ပြီး လယ်သမားလူတန်းစားကို အခြေခံအင်အားအဖြစ် သတ်မှတ်ခဲ့၏။ ဆိုလိုသည်မှာ ယခုကာလ နိုင်ငံရေး လှုပ်ရှားမှုများ ပွင့်လင်းစအချိန်မျိုးတွင် လူငယ်များသည် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ တည်ထောင်မည်ဆိုလျှင် မိမိနိုင်ငံနှင့် ကိုက်ညီသော လမ်းစဉ်သဘောတရားများနှင့် ဖွဲ့စည်းရန်လိုအပ်သည်။ ဒီမိုကရေစီဆိုသော ဝေါဟာရတစ်ခုနှင့် နိုင်ငံရေးလုပ်၍ မရနိုင်ပေ။ ဒီမိုကရေစီဆို သည်မှာ ဝါဒမဟုတ် လမ်းညွှန်သဘောတရားလည်း မဟုတ်ပေ။ ဒီမိုကရေစီကို အခြေခံသည်ဆိုတိုင်း ပီပြင်သော နိုင်ငံရေးပါတီတစ်ရပ်ကို ထူထောင်၍မရ နိုင်၊ လက်ဝဲလက်ယာ နိုင်ငံရေး အဖွဲ့အစည်းများတွင် ဒီမိုကရေစီကိုကား လက်ခံကြသည်ဖြစ်၏။ လက်ဝဲသမားများက ပြည်သူ့ဒီမိုကရေစီကို လက်ခံကြ သလို လယ်သမားများက လစ်ဘရယ်ဒီမိုကရေစီကို လက်ခံကြသည်။ တစ်ခုနှင့်တစ်ခု ခြားနားမှုရှိ၏။ သို့သော် ဒီမိုကရေစီကတော့ အတူတူပင် ဖြစ်၏။ လွတ်လပ်စွာရေးသားခွင့်၊ ပြောဆိုခွင့်များဖြစ်သည်။ နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ်၊ လူမှုရေးအဖွဲ့အစည်းတစ်ရပ်၊ နိုင်ငံရေးပါတီတစ်ရပ် ထူထောင်မည်ဆို လျှင် ထို့ထက် စနစ်ကျသော ဖွဲ့စည်းပုံရှိရန် လိုအပ်သည်။

အခြေခံအတွေးအခေါ်သစ် သဘောထားရှိရန် လိုအပ်သည်။ အခြေခံလူတန်းစားရှိရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံတွင် ယခုအချိန်၌ အင်အား အကောင်းဆုံးသော ပါတီကြီးနှစ်ရပ် ရှိလာသည်။ ပါတီတစ်ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပြီး နောက်တစ်ခုမှာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီ ဖြစ်လေသည်။ ထိုပါတီများသည် ဘယ်လူတန်းစားကို အခြေခံပြီး ပြည်သူများကို ဘယ်လိုစည်းရုံးနိုင်မည်။ ပြည်သူလူထု၏ အကျိုးစီးပွား ကို ဘယ်လောက်ထမ်းဆောင်နိုင်မည်။ ပြည်သူလူထုအတွက် ဘယ်လောက် အကျိုးစွန့် အနစ်နာခံနိုင်မည်ကို နောင်လာမည့် မြန်မာ့သမိုင်းတွင် လူငယ်များ ကရော၊ ကျွန်တော်တို့ကပါ စောင့်ကြည့်နေရပေမည်။ လူအင်အားမည်မျှပင် တောင့်တင်း၊ မည်မျှပင်ငွေအင်အား ကြွယ်ဝကြွယ်ဝ ပြည်သူ့အကျိုးစီးပွားကို အထူးသဖြင့် မြန်မာနိုင်ငံရှိ အလုပ်သမား၊ လယ်သမားများ၏ အကျိုးစီးပွားကို အမှန်တကယ် ဆောင်ရွက်မပေးနိုင်လျှင် ထိုပါတီသည် ကျဆုံးသွားပေမည်။ ကိုယ်ကျိုးအတွက် တည်ထောင်သော ဘယ်ပါတီမဆို ပြည်သူလူထုက ဖယ်ရှားပစ်မည်မှာ သေချာပေသည်။ သမိုင်းတွင် ပြည်သူ့အကျိုးစီးပွားကို ဆန့်ကျင် သော ပြည်သူလူထု၏ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတိုက်ပွဲများတွင် ရှေ့ကတားဆီးသော မည်သည့်နိုင်ငံရေးပါတီကိုမဆို ပြည်သူလူထုက ဆွဲယူဖယ်ရှားပြီး မြောင်းထဲပစ်ချခဲ့သည်ကို သမိုင်းတွင် တွေ့ကြုံခဲ့ရပြီးပြီ။ ထို့ကြောင့် နိုင်ငံရေးလှုပ်ရှားမှုနှင့် လူထုလှုပ်ရှားမှုများကို ဆောင်ရွက်တော့မည့် လူငယ်များအဖို့ စိတ်ခံစားမှုသက်သက်ဖြင့် လုပ်ဆောင်၍ မရနိုင်ပေ။ အလေးအနက်ထားပြီး စနစ်တကျ လုပ်ဆောင်ရမည်ဖြစ်၏။ လက်တွေ့ကျသော၊ ဘဝကပေးသော သင်ခန်းစာများ၊ အတွေ့အကြုံများဖြင့် မိမိတို့နှင့် လိုက်လျောညီထွေသော အဖွဲ့အစည်း၊ နိုင်ငံရေးပါတီများကို ဖွဲ့စည်း၍ လှုပ်ရှားသင့်ပါ သည်။ သမိုင်း၏ ဖြစ်ရပ်မှန်များကိုလည်း အမှန်အတိုင်း ဂဃနဏ သိရှိနားလည်ရန် လိုပါသည်။ လူငယ်များသည် ယခုအချိန်မှစပြီး ပေးလာသော နိုင်ငံရေး အခြေအနေ၊ ပေးလာသော စီးပွားရေးအခြေအနေ၊ ပေးလာသော ပွင့်လင်းမှုများကို အမိအရ ဆုပ်ကိုင်ကာ တိုင်းပြည်နှင့်လူမျိုးအတွက် ရှင်းရှင်းလင်းလင်း၊ မှန်မှန်ကန်ကန် လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ ဂိုဏ်းဂဏကင်းကင်း၊ အာဃာတကင်းကင်းဖြင့် ရှေ့ခရီးကို ဆက်ကြရပေလိမ့်မည်။

****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၂၇. ၄.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်
  2. ရွေးကောက်ပွဲအကြိုကာလ ညောင်ကုန်းဓါးထိုးမှု ရုံးတင်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ပြည်ထောင်စုလွှတ်တော်တွင် ကုလအတွင်းရေးမှုးချုပ် မိန့်ခွန်းပြောမည်
  2. ကျမ်းသစ္စာ ကျိန်ဆိုရမည့် ကိစ္စရပ်သည် နိုင်ငံရေးပြဿနာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို
  3. ဦးခင်ညွန့် နိင်ငံရေးလုပ်မည်ကို အစိုးရစိုးရိမ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*****************************************

ပြည်တွင်းသတင်းများ

ဦးအောင်သောင်း ငြိမ်းချမ်းရေးပါမစ်ဖြင့် နယ်စပ်မှ ကားများဝင်ရောက်

ထိုင်းမြန်မာနယ်စပ် မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် မိသားစုစီးနိုင်သည့် ဂျပန်တစ်ပတ်ရစ်ကားများကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်း၏ပါမစ်ဖြင့် ဝင်ရောက်နေကြောင်း ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

သိန်းခြောက်သောင်းဖိုးအထိ တင်သွင်းခွင့်ရထားကြောင်း ယခုကားတင်သွင်းခွင့်သည် ယခင် DKBA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များ တင်သွင်းသော ကားများမဟုတ်ဘဲ ဦးအောင်သောင်းနှင့်နီးစပ်သူ ငြိမ်းချမ်းရေး အကျိုးဆောင်များက တင်သွင်းသောကားများဟု သိရကြောင်း ကား ဝယ်ရောင်းတစ်ဦးက ဆိုသည်။

ထိုင်းနိုင်ငံကို ဖြတ်ကျော်ကာ ကားမှောင်ခိုများ တင်သွင်းသည့်လမ်းကြောင်း မဲဆောက်မြဝတီနယ်စပ်တွင် စီးပွားဖြစ်ခဲ့သူများ ရှိကြောင်း၊ နောက် ပိုင်းတွင် ယာဉ်အိုယာဉ်ဟောင်းဖျက်သိမ်းရေး စီမံချက်အရ ဂျပန်ကားများကို ဆိပ်ကမ်းမှ တင်သွင်းချိန်တွင် မဲဆောက်ကားတင်သွင်းမှု ပပျောက်သွား ကြောင်း မြဝတီမြို့မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

ယခုတင်သွင်းသည့်ကားများမှာ ထိုင်းဘတ်ငွေငါးသောင်းခန့်တန်ကြေးရှိ ကားများဖြစ်ပြီး မြန်မာကျပ်ငွေနှင့် သိန်း ဆယ်ဂဏန်းသာရှိကြောင်း မိသားစုအိမ်သုံး အင်ဂျင်ပါဝါနည်း တူးစီ(2c) ကားများဖြစ်ပြီး ဖားအံမြို့ပေါ်တွင် စီးကြကြောင်း တရက်ကို ကားအစီးတစ်ရာကျော် မြန်နိင်ငံသို့ဝင်နေ ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

MP

-----------------------------------------------------------------------------------------------------------------------------------

ရွေးကောက်ပွဲအကြိုကာလ ညောင်ကုန်းဓါးထိုးမှု ရုံးတင်

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်တွင် ပြီးခဲ့သည် ဧပြီလ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင်က ဟိုးလေးတစ်ကျော် ဖြစ်ခဲ့သော ညောင်ကုန်းဓါးထိုးမှုကို ရုံးတင်စစ်ဆေးနေပြီဖြစ်ကြောင်း မုံရွာမှ သတင်းထောက်တစ်ဦးက ပြောကြားသည်။

"ဓါးနဲ့ထိုးသူလို့ စွပ်စွဲခံတဲ့လူတွေကို ဘယ်မှာ ထိန်းသိမ်းထားမှန်းမသိဘူး အခုမှရုံးတင်တာ”ဟု ၄င်းကဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃၁ရက်နေ့က ကြံ့ခိုင်ရေးပါတီဝင် ဦးမင်းသန့် ပိုင်ဆိုင်သည့် ဗီဒီယိုရုံတွင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ဖိုတိုရှော့နှင့် ဖန်တီး ထားသော ညစ်ညမ်းပုံများ ပြနေရာ NLD ပါတီဝင်တစ်ဦးက MP 4 ဖြင့် သက်သေထူရန် ရိုက်ကူးနေသည်ကို ဦးမင်းသန့်က တွေ့ရှိပြီး MP4 ကို လုယက် ရာမှ ရန်ဖြစ်ကြကြောင်း ဝိုင်းဝန်းဖြန်ဖြေသဖြင့် လူစုကွဲသွားကြောင်း ညောင်ကုန်းရွာသားတစ်ဦးက ပြောကြားသည်။

ဗီဒီယိုရုံပြင်ပရောက်ပြီးမှ ဦးမင်းသန့် ရင်ဘတ်တွင် ထိုးသွင်းဒဏ်ရာနှင့် သေဆုံးသွားသဖြင့် ဦးဖိုးကျော် (မဲရုံမှူး)နှင့် ရန်မျိုးဆိုသူတို့အား ဖမ်းထား ကြောင်း ၎င်းတို့ ဓါးနှင့်ထိုးသည့် တွေ့မြင်သူ မျက်မြင်သက်သေမရှိကြောင်း မည်သည့်နေရာတွင် ထိန်းသိမ်းထားမှန်းမသိဘဲ ယခုတစ်လနီးပါကြာမှ ရုံး ထုတ်ခြင်းသည် ရိုးသားမှုမရှိကြောင်း ညောင်ကုန်းရွာသားတစ်ဦးက သုံးသပ်ပြောဆိုသည်။

MP

*****************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ထောင်စုလွှတ်တော်တွင် ကုလအတွင်းရေးမှုးချုပ် မိန့်ခွန်းပြောမည်

ဧပြီ ၃၀ရက်နေ့တွင် ကျင်းပမည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း တက်ရောက်၍ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။

မစ္စတာ ဘန်ကီမွန်း၏ တတိယအကြိမ်မြောက် ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ် စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများကို တွေ့ဆုံရန်ရှိကြောင်း သိရသည်။

"သမ္မတကြီး ဖိတ်ခေါ်လို့ မစ္စတာ ဘန်ကီမွန်း ရောက်လာတာပါ"ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လာမည့် ဧပြီ ၂၈ ရက်နေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် နေပြည်တော်သို့ ရောက်ရှိမည် ဖြစ်ကာ၊ ဧပြီ ၃၀ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

ဘန်ကီမွန်းသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ပြီးနောက်တွင် တကြိမ်၊ ၂၀၀၉ ခုနှစ်တွင်တကြိမ် မြန်မာနိုင်ငံသို့ သွားရောက် ခဲ့သည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ကျမ်းသစ္စာ ကျိန်ဆိုရမည့် ကိစ္စရပ်သည် နိုင်ငံရေးပြဿနာ မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို

ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်တက်ရောက်ရာတွင် ကျိန်ဆိုရသည့် စကားရပ်ကိစ္စရပ်သည် နိုင်ငံရေး ပြဿနာ မဟုတ်ဘဲ၊ လုပ်ထုံးလုပ်နည်း ကိစ္စရပ်သာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၂၆ ရက်နေ့တွင် သတင်းမီဒီယာများအား ပြောကြားသည်။

"NLD လွှတ်တော်ထဲ ၀င်ရောက်ဖို့ အတားအဆီးဖြစ်နေရတဲ့ အကြောင်းရင်းဟာ နည်းစနစ်ပိုင်း မှားယွင်းမှုသက်သက်ပါ။ နိုင်ငံရေးကိစ္စအနေနဲ့ မချဲ့ကားစေချင်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က အီတလီနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ပြောကြား သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သမ္မတဦးသိန်းစိန် ဖော်ဆောင်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းကို ယုံကြည်သည့်အတွက် မြန်မာနိုင်ငံရေး ပြူပြင်ပြောင်းလဲမှုကိစ္စရပ်တွေမှာ သမ္မတကြီးနှင့် ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အီတလီနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးလမ်းကြောင်း နောက်ပြန်မလှည့်သွားစေရန် အပြည့်အဝ ထောက်ပံ့ကူညီမည်ဖြစ်ကြောင်း၊ အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် နယ်စပ်ဒေသများရှိ တိုက်ခိုက်မှုများ ရပ်တန့်ရေးကိစ္စရပ်များကို အထူးကူညီပေး မည်ဖြစ်ကြောင်း အီတလီနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Giulio Terziက ပြောကြားသည်။

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် ပိတ်ဆို့ အရေးယူမှုများကို တစ်နှစ်ရပ်ဆိုင်းလိုက်ကြောင်း ပြီးခဲ့သည့် ဧပြီ ၂၃ရက်နေ့တွင် ထုတ်ဖော်ပြောကြားထားသည်။

KP

-----------------------------------------------------------------------------------------------------------------------------------

ဦးခင်ညွန့် နိင်ငံရေးလုပ်မည်ကို အစိုးရစိုးရိမ်

တပ်မတော်အစိုးရလက်ထက်တွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နိုင်ငံရေးဝင်ရောက်လုပ်ကိုင်မည် ကို လက်ရှိဦးသိန်းစိန်အစိုးရမှ စိုးရိမ်မကင်းဖြစ်နေပုံရကြောင်း ဦးခင်ညွန့်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဒီပဲယင်းအရေးအခင်းတွင် စစ်ထောက်လှမ်းရေးက ဒေါ်အောင်ဆန်းစုကြည်ကို ကယ်တင်သည်ဟု ဦးခင်ညွန့်က ပြောကြောင်း ဘန်ကောက်ပို့စ် တွင်ပါလာသောသတင်းကို မှားယွင်းကြောင်း ဦးခင်ညွန့် မဖြေရှင်းဘဲ ပြည်ထဲရေးက သွေးရူးသွေးတန်းထရှင်းသည်မှာ ဦးခင်ညွန့် နိုင်ငံရေးသိက္ခာ ပြန်တက် လာပြီး နိုင်ငံရေးလောကသို့ တကျော့ ပြန်ခြေချမည်ကို စိုးရိမ်၍ဖြစ်သည်ဟု ၎င်းက ထောက်ပြသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီလက ပုဇွန်တောင်မြို့နယ်ရှိ ORCHID ဟော်တယ်တွင် ဦးခင်ညွန့် သတင်းစာရှင်းလင်းပွဲလုပ်မည့် သတင်းထွက် ပေါ်စဉ်က စသုံးလုံးအပါအဝင် ထောက်လှမ်းရေးတာဝန်ရှိသူများ မျက်ကလဲဆန်ပြာ ဖြစ်ခဲ့ဖူးကြောင်း မရမ်းကုန်းမြို့နယ်မှ ဒုရဲအုပ်တစ်ဦးက ထောက်ပြ သည်။

"ကျွန်တော်တို့ စုံစမ်းခိုင်းလို့ ဘိုးတော်အိမ်မှာ ရှိပါတယ်။ ဘယ်မှမသွားပါဘူးလို့ ပြောတာ စသုံးလုံးမယုံဘူး”ဟု ၎င်းက ဆိုသည်။

တပ်မတော်အစိုးရလက်ထက်တွင် ဗိုလ်ချုပ်ခင်ညွန့်သည့် တန်ခိုးကြီးထွားခဲ့ပြီး ဒေသတွင်းနိုင်ငံများကလည်း မြန်မာနိုင်ငံ၏ အလားအလာအရှိဆုံး စစ်ခေါင်းဆောင်အဖြစ် ရှုမြင်ထားကြောင်း အာဏာရှင်စနစ်ဆိုးကြောင့် ဗိုလ်ချုပ်ခင်ညွန့် ဖြုတ်ထုတ်သတ် လုပ်ခံရသည့်သတင်းကို လူအများ မယုံကြည်နိုင် ဖြစ်ခဲ့ကြောင်း မြန်မာ့နိုင်ငံရေး အကဲခတ်သူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံကို ဖျက်စီးခဲ့သူများထဲတွင် ဗိုလ်ချုပ်ခင်ညွန့်သည် ရှေ့တန်းမှပါဝင်ခဲ့ပြီး ဒီမိုကရေစီအင်အားစုများကို ဝေးလံသောဒေသများရှိ ထောင် များသို့ပို့ခြင်း၊ တက္ကသိုလ်များကို သင်ထောက်ကူပစ္စည်းမရှိသည့် မြို့စွန်မြို့ဖျားသို့ပို့ကာ အနာဂါတ်မျိုးဆက်ကျောင်းသားများ နိုင်ငံရေးသင်းသတ် နှိပ်ကွပ် ခဲ့သည့် အစီအစဉ်များကိုလည်း ဗိုလ်ချုပ်ခင်ညွန့်က ရေးဆွဲခဲ့ကြောင်း၊ နိုင်ငံအတွက်မဟုတ်ဘဲ ဂိုဏ်းဂဏတိုက်ပွဲ အဏာလွန်ဆွဲပွဲကြောင့် မြောင်းထဲရောက် ခဲ့သည့် စစ်အာဏာရှင်တစ်ဦး၏ ပရိယာယ်ကို လျှော့တွက်ပြီး နိင်ငံရေးသိဒ္ဓိပြန်တင် သိက္ခာပြန်မထပ်ပေးရန် လိုကြောင်း ဦးသန့်အရေးအခင်းတွင် ပါဝင်ခဲ့ သူတစ်ဦးက သုံးသတ်ပြောကြားသည်။

MP

****************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“NLD လွှတ်တော် တက်သင့်ပါတယ်။ လွှတ်တော်ထဲမှာ နိုင်ငံရေးနဲ့ စီးပွားရေးပြုပြင်ရေးဗျူဟာတွေကို အဆိုတင်သွင်းနိုင်တာပဲ။ ဒီစကားပိုဒ်က ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ကိုယ်တိုင်ပါနေတာဖြစ်တော့ သမ္မတအနေနဲ့ ဘယ်လိုမှ ပြောင်းလဲမပေးနိုင်ပါဘူး”

ဧပြီ ၂၇ရက်နေ့ထုတ် မြန်မာတိုင်းမ် အတွဲ (၂၉) အမှတ် (၅၆၆)တွင်ပါသည့် “ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ နောက်ပြန်လှည့်သွားမည် မဟုတ်ဟု သမ္မတပြောကြား”သတင်းမှ ဦးအောင်သူငြိမ်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“ကျွန်တော်တို့က ကုမ္ပဏီထောင်တာ မဟုတ်ပါဘူး။ တိုင်းပြည်ကိုချစ်လွန်းလို့ နိုင်ငံရေးထဲကို ဝင်ရောက်လာတာပါ။ အခု ကျွန်တော်နဲ့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ပြိုင်တော့ ဘယ်သူနိုင်မယ်ထင်လဲ။ အမှန်တော့ ဘယ်သူမှမနိုင်ပါဘူး။ တိုင်းပြည်အတွက် အလုပ်လုပ်ပေးမယ့်သူတွေ ဆုံးရှုံးတယ်လို့ခံစားရပါတယ်။ ကျွန်တော်တို့က ဗိုလ်ချုပ်ကမွေးတာမဟုတ်ပါဘူး။ ဒါပေမယ့် တိုင်းပြည်ကိုချစ်ပါတယ်”

ဧပြီ ၂၇ရက်နေ့ထုတ် မြန်မာတိုင်းမ် အတွဲ (၂၉) အမှတ် (၅၆၆)တွင်ပါသည့်“အဖက်ဖက်မှ မျက်နှာသာ ပေးခံရမှုများကြောင့် NLD အနိုင်ရခဲ့ခြင်းဟု ဗမာ နိုင်ငံရေး မိတ်ဆွေပါတီများကဆို” သတင်းမှ ဦးကောင်းမြင့်ထွဋ်၏ ပြာကြားချက်အပေါ် ကောက်နှုတ်ချက

--------------------------------------------------------------------------------------------------------------------------------

''လျော့ချလိုက်တဲ့ အခွန်ဥပဒေအရ ညွှန်ကြားရေးမှူးချုပ်တောင် တစ်လ ကျပ်နှစ်ထောင့်နှစ်ရာဝန်းကျင်ပဲ အခွန်ဆောင်ရချိန်မှာ တစ်လ ဒေါ်လာ ၂၅၀ပဲရ တဲ့ ကျွန်တော်က တစ်လ ငါးဒေါ်လာ(၄၁၀၀ကျပ်ခန့်)ဆောင်ရတော့ များနေသလိုပါပဲ။ အခုက ၀င်ငွေခွန် လျော့ချထားတဲ့ အချိန်မို့လို့ ၂ရာခိုင်နှုန်းပဲ ဆောင် ရတာ သြဂုတ်လကစပြီး ၁၀ရာခိုင်နှုန်း အခွန်ပြန်ဆောင်ရရင် တစ်လကျပ် ၂၀၀၀၀ကျော် အခွန်ဆောင်ရမှာ အရမ်းများပါတယ်။ အားလုံးကို အခွန်လျော့ချ ပေးသလို ကျွန်တော်တို့လို နိုင်ငံခြားငွေနဲ့ လစာရသူတွေကိုလည်း လျော့ပေးစေချင်ပါတယ်''

ဧပြီ ၂၆ရက်နေ့ထုတ် BiWeekly ELEVEN အတွဲ (၇) အမှတ် (၂၉)တွင်ပါသည့် ခေတ်နှင့်လျှော်ညီမှုမရှိသည့် အခွန်ဥပဒေများ ပြင်ဆင်ခဲ့သော်လည်း နိုင်ငံခြားငွေဖြင့် လစာရရှိသူများ ပေးဆောင်ရမည့် ဝင်ငွေခွန်ဥပဒေများ ပြင်ဆင်နေဆဲဖြစ်ကာ ယင်းဥပဒေ ပြင်ဆင်ပြီးပါက မြန်မာကျပ်ငွေဖြင့် ပြောင်းလဲ ကောက်ခံမည်”သတင်းမှ ရေနံကုမ္ပဏီတစ်ခုမှ ကိုဉာဏ်စိုးက ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs