Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

၎.၅.၂ဝ၁၂

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းက လက်တွေ့ နိုင်ငံရေး ကျင့်စဉ်ကို ထင်ဟပ်

(Peninsula မှ 4 May 2012 ရက်စွဲပါ Suu Kyi's move hints at political pragmatism ကို ဘာသာ ပြန်ဆိုသည်)

  1. တပ်မတော်က အဓိကထိုးစစ်ဆင်ရန် ကြံရွယ်ဟု KIA ပြော

(The Washington Times မှ 3 May 2012 ရက်စွဲပါ Rebels say Myanmar army poised for major assault ကို ဘာသာ ပြန်ဆိုသည်)

  1. အရှိန်မြင့်လာသည့် ဂျပန်-မြန်မာဆက်ဆံရေးခြေလှမ်းများ

(Kyodo သတင်းဌာနမှ 1 May 2012 ရက်စွဲပါ Japan, Myanmar make rapid strides ကို ဘာသာ ပြန်ဆိုသည်)

  1. ဒေါ်အောင်ဆန်းစုကြည်၏ အပြုအမူကို ဝေဖန်သုံးသပ်ခြင်း

(Khaleej Times သတင်းစာမှ 2 May 2012 ရက်စွဲပါ Suu Kyi's gesture ကို ဘာသာ ပြန်ဆိုသည်)

************************************

ဒေါ်အောင်ဆန်းစုကြည်၏ ခြေလှမ်းက လက်တွေ့ နိုင်ငံရေး ကျင့်စဉ်ကို ထင်ဟပ်

(Peninsula မှ 4 May 2012 ရက်စွဲပါ Suu Kyi's move hints at political pragmatism ကို ဘာသာ ပြန်ဆိုသည်)

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ဖက် အုပ်ချုပ်သူများ၏ သံလက်သီးကို နှစ်ပေါင်း ၂ဝ ကျော် အာခံခဲ့သော်လည်း ကျင့်ဝတ်ကို ဘေးဖယ်သည့် သဘော သက်ရောက်သည့် တိုင်အောင် အလျှော့ပေး ညှိနှိုင်းမှုကို အားသန်လျက် ရှိသည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ် စိတ်ကြိုက် ရေးဆွဲထားသော အခြေခံဥပဒေပါ စကားလုံးကို အစပိုင်းတွင် အငြင်းပွားခဲ့ပြီးနောက် တစ်ပတ်ခန့်အကြာ ဗုဒ္ဓဟူးနေ့တွင်မူ လွှတ်တော်တက်၍ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်သည်။

ယင်းသို့ အလျှော့ပေးမှုက "အံ့အားသင့်စရာ အပြောင်းအလဲဖြင့် ဒီမိုကရေစီလမ်းဆီ တရွေ့ရွေ့ ချဉ်းကပ်နေသော မြန်မာနိုင်ငံတွင် အလျှော့ပေး ညှိနှိုင်းမှုသည် ပစ္စုပ္ပန် အထူးလိုအပ်ချက် ဖြစ်သည်"ဟု ညွှန်ပြနေသည်။

သို့သော် ယင်းကဲ့သို့ လွှတ်တော်တက်ရန် နှောင့်နှေးမှုကြောင့် တနင်္လာနေ့က လွှတ်တော်တွင် ကုလအကြီးအကဲ ဘန်ကီမွန်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ ပျက်ကွက်မှုကို သိသိသာသာ ပေါ်လွင်စေခဲ့သည်။

"ရထား လွတ်သွားတော့မည် ဟူသော အတွေးကို NLD က နောက်တစ်ကြိမ် ထပ်ပေးခဲ့သည်" ဟု University of Hong Kong မှ မြန်မာ့ရေးရာ အကဲခတ်တစ်ဦး ဖြစ်သူ ရီနော့ အီဂရပ်တူက ဆိုသည်။ နာမည်ပျက်ခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် မျှမျှတတ ကျင်းပပေးခဲ့သော ဧပြီ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲတွင် NLD အနိုင်ရရှိပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သမိုင်းဝင် လွှတ်တော် တက်ခြင်းကို သူမအပေါ် ထောက်ခံသူများကလည်း ကြိုဆိုကြပါလိမ့်မည်။

သို့သော် NLD ပါတီတွင်းတွင် တပ်မတော်နှင့် လက်တွဲမည့် လက်တွေ့အုပ်စုနှင့် လက်တွဲရန် မလိုလားသော ခေါင်းမာသူ အုပ်စု ဟူ၍ နှစ်ခြမ်း ကွဲနေသော လက္ခဏာ ရှိသည်ဟုလည်း ယင်းက ဆိုသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီတွင်းက ခေါင်းမာသူတွေ ဆီကနေ နောက်ဆုံးမှာ လွတ်မြောက်လာတာကို ကျွန်တော်တို့ မြင်ရမှာပါ။ ဒါပေမဲ့ NLD အန်ကယ်ကြီးတွေဟာ အများလေးစားမှုကိုတော့ ခံယူနေရတုန်းပါပဲ။ မြန်မာ့ ယဉ်ကျေးမှုမှာ သက်ကြီးရွယ်အိုတွေရဲ့ အခွင့်အာဏာကို မေးခွန်းထုတ်ဖို့ မလွယ်ကူပါဘူး" ဟု အီဂရက်တူက မှတ်ချက် ပေးသည်။

တပ်မတော်၏ အာဏာကို အာမခံချက် ပေးထားသော ၂ဝဝ၈ အခြေခံဥပဒေကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အမတ် ဖြစ်လာသော ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သယံဇာတ ကြွယ်ဝ၍ ဆင်းရဲသော နိုင်ငံတွင် နိုင်ငံခြားအကူအညီ၊ ဖွံ့ဖြိုးရေး၊ ကျန်းမာရေး၊ ပညာရေး စသော ကျယ်ပြန့်သည့် ကိစ္စရပ်များကို ယင်းဥပဒေဘောင်ထဲမှပင် ဆောင်ရွက်သွားရတော့မည် ဖြစ်သည်။

သို့သော် အမတ်နေရာ ၁ဝ% သာ ရှိသေးသော အနေအထားကြောင့် အခြားကိစ္စများတွင် အနိုင်ရရန် အချို့ကိစ္စများတွင် အလျှော့ ပေးရလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ ယင်းသို့ အပေးအယူ လုပ်ရသည့် အခြေအနေသည် သူမ၏ ၈၈ ခုနှစ်က ရဲရဲတောက် မိန့်ခွန်းများနှင့် များစွာ ကွာလှမ်းသွားပြီလည်း ဖြစ်သည်။

နှစ်ပေါင်း ၂ဝ ကျော် ကိုယ်ကျိုးစွန့်၍ ခိုင်မာစွာ ရပ်တည်မှုကြောင့် သူမအား နိုင်ငံတကာက ခြိမ့်ခြိမ့်သဲ ချီးကျူး ဂုဏ်ပြုခဲ့ကြသော်လည်း မြန်မာတပ်မတော်အစိုးရကမူ ခေါင်းမာစွာ ငြင်းဆန်တတ်သူဟု သူမကို သိက္ခာချ စွပ်စွဲခဲ့သည်။

*******************************

တပ်မတော်က အဓိကထိုးစစ်ဆင်ရန် ကြံရွယ်ဟု KIA ပြော

(The Washington Times မှ 3 May 2012 ရက်စွဲပါ Rebels say Myanmar army poised for major assault ကို ဘာသာ ပြန်ဆိုသည်)

အစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို လောင်းရိပ်မိုးထားသော တိုက်ပွဲများအား အဆုံးသတ်ရန်အတွက် ဝိုင်းဝန်း တောင်းဆိုမှုများ ရှိနေသော်လည်း မြန်မာ့တပ်မတော်က ကချင် လက်နက်ကိုင်များကို အဓိက ထိုးစစ်ဆင်ရန် ကြံရွယ်နေသည်ဟု ကချင်အုပ်စုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

ကချင်အုပ်စု ဌာနချုပ် အခြေစိုက်သော နိုင်ငံမြောက်ပိုင်း လိုင်ဇာမြို့အနီးတဝိုက်သို့ အစိုးရတပ်ဖွဲ့ အင်အား နှစ်ထောင်ခန့် ရွှေ့ပြောင်း တပ်စွဲထားသည်ဟု ကချင်လွတ်မြောက်ရေး တပ်မတော် KIA တာဝန်ရှိသူ တစ်ဦးက ပြောခြင်း ဖြစ်သည်။

အိမ်နီးချင်း တရုတ်ဘက်သို့ စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ရောက်ရှိသွားစေခဲ့သော တိုက်ပွဲကို အဆုံးသတ်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း တနင်္လာနေ့တွင် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တပ်အင်အား သိသိသာသာ တိုးချဲ့သည်ဆိုသောအမှု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

"အစိုးရတပ်ဟာ လိုင်ဇာဌာနချုပ်ကို တိုက်ဖို့ ပြင်ဆင်နေပါတယ်။ ခြေလျင်တပ်တွေ၊ အမြောက်တပ်တွေ အများကြီး အင်အား ဖြည့်နေပါတယ်။ ခုထိတော့ မတိုက်သေးပါဘူး။ ကေအိုင်အေ ဌာနချုပ်မှာတော့ တပ်ဖွဲ့ဝင် အင်အား ၃ ထောင်လောက် ရှိပါတယ်" ဟု KIA တာဝန်ရှိသူက ပြောသည်။

လက်ရှိအစိုးရ လက်ထက်တွင် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာနှင့် အပစ်ရပ် သဘောတူညီမှုများ ရရှိခဲ့သည်။ ပြီးခဲ့သော ဇန်နဝါရီတွင် သမ္မတဦးသိန်းစိန်က စစ်ဘေးသင့် တိုင်းရင်းသား နယ်မြေအားလုံးတွင် ထိုးစစ်ဆင်မှုများ ရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။

သို့သော် ၁၇ နှစ်ကြာ အပစ်ရပ်ထားပြီး ပြန်လည် တိုက်ခိုက်ခဲ့ကြသော ကချင်ပြည်နယ်တွင်မူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး အမျိုးသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံးကို အဟန့်အတား ဖြစ်သွားနိုင်သည်ဟူသော စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာစေခဲ့သည်။

*********************************

အရှိန်မြင့်လာသည့် ဂျပန်-မြန်မာဆက်ဆံရေးခြေလှမ်းများ

(Kyodo သတင်းဌာနမှ 1 May 2012 ရက်စွဲပါ Japan, Myanmar make rapid strides ကို ဘာသာ ပြန်ဆိုသည်)

ဂျပန်နှင့် မြန်မာ ဆက်ဆံရေးသည် ပြီးခဲ့သည့် ဧပြီလအတွင်း နှစ်နိုင်ငံထိပ်ပိုင်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အပြန်အလှန် ဆက်ဆံရေးများ ပိုမို အားကောင်းမောင်းသန် ဖြစ်လာသည်ကို တွေ့ရသည်။

ဧပြီလ ၂၁ ရက်၊ မြန်မာသမ္မတ ဦးသိန်းစိန် နှင့်တွေ့ဆုံဆွေးနွေးမှုကို ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကိုနိုဒါက "သမိုင်းဝင်" ဖြစ်ရပ်အဖြစ် သတ်မှတ် ဖော်ပြပြီး မြန်မာနိုင်ငံ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အစရှိသည့် လုပ်ငန်းစဉ်များ အတွက် ဂျပန်အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ပြီးနောက် ဂျပန်ဝန်ကြီးချုပ်နှင့်အတူ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာသမ္မတ ဦးသိန်းစိန်က "နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်နိုင်ပြီ" ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားသည်။ အဆိုပါခရီးစဉ်ကြောင့် သမ္မတ ဦးသိန်းစိန်သည် နှစ်ပေါင်း ၂၈ နှစ်အတွင်း ဂျပန်နိုင်ငံသို့ ပထမဆုံး သွားရောက်လည်ပတ်သော မြန်မာခေါင်းဆောင်တစ်ဦး ဖြစ်သွားသည်။

ဂျပန်ဝန်ကြီးချုပ် နိုဒါက မြန်မာနိုင်ငံအနေဖြင့် ဂျပန်သို့ပေးရန်ရှိသည့် ကြွေးမြီ ယန်းငွေ ၅၀၀ ဘီလီယံ၏ ၆၀ ရာခိုင်နှုန်း(ယန်း ၃၀၀ ဘီလီယံခန့်) ကို လျှော်ပစ်မည့် အစီအစဉ်ကို ထုတ်ပြန်ကြေညာသလို မြန်မာသို့ တရားဝင်ချေးငွေ ပြန်လည် စတင်မည့် အစီအစဉ်ကိုလည်း ကြေညာသည်။ သို့အတွက်ကြောင့် ဂျပန်သည် မြန်မာနိုင်ငံ၌ အရပ်သားအစိုးရ အာဏာရရှိလာသည့် နောက်ပိုင်း ဘဏ္ဍာရေးဆိုင်ရာ အကူအညီအထောက်အပံ့များ စတင် ပေးအပ်သည့် ပထမဆုံး စီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာသည်။

ထိုသို့ မြန်မာ့ဒီမိုကရေစီအသွင် ကူးပြောင်းရေးဖြစ်စဉ် ကောင်းမွန်စွာလုပ်ကိုင်နိုင်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးရေးအတွက် ဂျပန်အစိုးရ၏ တက်ကြွသော လုပ်ရပ်များကို အစိုးရအကြီးတန်းအရာရှိကြီးများက ချီးမွမ်းပြောဆိုသည်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ(အီးယူ) တို့က မြန်မာအပေါ် ကာလကြာရှည်စွာ ချမှတ်ခဲ့သည့် ဘဏ္ဍာရေး ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးလျက်ရှိသော်လည်း ဂျပန်ကမူ မြန်မာနိုင်ငံအား နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပြန်လည် ဝင်ရောက်နိုင်ရေးအတွက် ကမ္ဘာ့နိုင်ငံများကို ဦးဆောင်လျက်ရှိသည်။

မြန်မာသမ္မတ ဦးသိန်းစိန်၏ "နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးတွင် သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်ပြီ" ဟူသော သုံးသပ်ပြောဆိုမှုကြောင့် ဂျပန်အစိုးရက အလွန်အမင်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက်ရှိကြောင်း နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ရေးအတွက် ဆောင်ကြဉ်းခဲ့သူ အစိုးရအရာရှိတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံ၊ နေပြည်တော်သို့ ပြီးခဲ့သည့် ဇွန်လအတွင်းသွားရောက်ခဲ့သူ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မီကီကို ကီကုတာသည်လည်း ထိုနည်းအတိုင်းပင် မှတ်ချက်ပေး ပြောဆိုခဲ့ဖူးကြောင်း ၎င်းကဆိုသည်။

"ဦးသိန်းစိန်ကလည်း အလားတူသဘောထားမျိုး ထုတ်ဖော်ပြောဆိုတော့ ကျွန်တော့်အနေနဲ့ အင်မတန် အံ့အားသင့်မိပါတယ်။ အဲဒီလို ပြောဆိုချက်တွေကို ကြည့်ရင် ဂျပန်-မြန်မာ ဆက်ဆံရေးဟာ အလွန်အမင်း နက်ရှိုင်းနေတယ်ဆိုတာကို ဖော်ကျူးရာရောက်သလို အပြန်အလှန် ယုံကြည်မှုတွေလည်း တိုးပွားနေတယ် ဆိုတာ ပေါ်လွင်လှပါတယ်" ဟု ၎င်းကဆိုသည်။ မြန်မာသမ္မတ ဦးသိန်းစိန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် နေထိုင်နေစဉ် ဂျပန်နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များထံမှ တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှုများကို လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဦးသိန်းစိန်ထံသို့ ဖုန်းဆက်သူများသည် မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေး အသွင်ကူးပြောင်းမှုများ သိသိသာသာ ပေါ်ထွန်းလာမှုကို ဧရာမ အခွင့်အလမ်းများအဖြစ် ရှုမြင်သူများ ဖြစ်ကြောင်း အစိုးရအရာရှိကြီးများက ဆိုသည်။ မြန်မာနိုင်ငံကို အခွင့်အလမ်းအဖြစ် ရှုမြင်သူများတွင် ဂျပန်တစ်နိုင်ငံတည်း မဟုတ်ပေ။ အခြားသော နိုင်ငံအတော်များများကလည်း မြန်မာနိုင်ငံကို အရှေ့တောင်အာရှ၏ အကျိုးအမြတ်ဖြစ်ထွန်းမှု အရှိနိုင်ဆုံး ဈေးကွက်ကြီးတစ်ခု အဖြစ် ရှုမြင်ကြသည်။

သို့သော် မြန်မာနိုင်ငံမှ လမ်း၊ တံတား၊ ဆိပ်ကမ်း၊ လေဆိပ် အစရှိသော အခြေခံအဆောက်အဦများမှာ ဖွံ့ဖြိုးမှု အလွန်အမင်း နိမ့်ကျလျက်ရှိသလို တယ်လီ ဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားဝန်ဆောင်မှုများမှာလည်း ညံ့ဖျင်းလွန်းလှသည်။ ယခု ဂျပန်နိုင်ငံမှ ရရှိမည့်ချေးငွေများကို ရန်ကုန်တိုင်း ဒေသကြီးရှိ သီလဝါဆိပ်ကမ်းအား အဆင့်မြင့် စက်မှုနယ်မြေအဖြစ် ပြောင်းလဲရာတွင် အသုံးပြုသွားရန် မြန်မာအစိုးရက စဉ်းစားလျက်ရှိသည်။ သီလဝါ ဆိပ်ကမ်း အနောက်ဘက်ရှိ ၂၄၀၀ ဟက်တာ ကျယ်ဝန်းသော မြေများကို သီလဝါအထူးစီးပွားရေးဇုန်အဖြစ် တည်ဆောက်ရန် နှစ်နိုင်ငံ သဘောတူစာချွန်လွှာ ရေးထိုးထားပြီးလည်း ဖြစ်သည်။ ဂျပန်လုပ်ငန်းကြီးများနှင့် အစိုးရအဖွဲ့အစည်း အတော်များများသည် မြန်မာနိုင်ငံမှ ပြည်တွင်း လိုအပ်ချက်များကို သိရှိနိုင်ရန် သုတေသနအဖွဲ့များကို စေလွှတ်ထားပြီးဖြစ်သည်။

မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်လိုသူများလည်း ဂျပန်နိုင်ငံတွင် မြင့်တက်လျက်ရှိပြီး All Nippon Airways(ANA) လေကြောင်းက ယခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့သို့ ပုံမှန်လေကြောင်းခရီးစဉ်များ ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်း ကြေညာထားသည်။

****************************************

ဒေါ်အောင်ဆန်းစုကြည်၏ အပြုအမူကို ဝေဖန်သုံးသပ်ခြင်း

(Khaleej Times သတင်းစာမှ 2 May 2012 ရက်စွဲပါ Suu Kyi's gesture ကို ဘာသာ ပြန်ဆိုသည်)

မြန်မာ့နိုင်ငံရေးသည် တန်ဖိုးကြီးလှသည့် အပေးအယူ သို့မဟုတ် တန်းမြင့်လွန်းသော ညှိနှိုင်းမှုတစ်ရပ် ဖြစ်သည်ဟုပင် ဆိုရမည်။ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) သည် ဧပြီလ ၁ ရက်နေ့၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သော လွှတ်တော် ကိုယ်စားလှယ်နေရာ ရယူနိုင်ရေးအတွက် ဝင်ရောက်ယှဉ်ပြိုင်ရာ ပြိုင်ဘက်ပါတီများကို အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာကျန်ဆိုမည့်စာသား ပြုပြင်ပြောင်းလဲပေးပါမှ လွှတ်တော်သို့ဝင်မည်ဟု မူလက တောင်းဆိုခဲ့သည်။ သို့သော် မကြာမီ ရက်သတ္တပတ်အတွင်းမှာပင် ဒေါ်အောင်ဆန်းစုကြည်က သူမကိုယ်တိုင် ငြင်းပယ်ခဲ့သော ကျမ်းသစ္စာကျိန်ဆိုရမည့် စာသားကို လက်သင့်ခံခဲ့သည်။ မူဝါဒသဘောထားအရ ဆိုပါက သူမ၏ ပြုမူဆောင်ရွက်မှုမှာ ကာလကြာရှည်စွာ အငြင်းအခုန်လုပ်စရာ ဖြစ်နေပေလိမ့်မည်။

သို့သော် များစွာသေချာသည့်အချက်မှာ ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်မရှိ ကြောင်ရေချိုးသော အသေးအဖွဲကိစ္စမျိုးနှင့် ပတ်သက်၍ လိပ်ခဲတည်းလည်း ပြဿနာမျိုး ဖန်တီးရန်ကြိုးပမ်းခြင်းထက် အမျိုးသား ပြန်လည် သင့်မြတ်ရေးကိစ္စကို ထပ်မံ လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည်။ စစ်တပ်က ရေးဆွဲထားခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံတော်နှင့် အမျိုးသားရေးကို သစ္စာစောင့်သိရန် ဦးတည်ထားပြီး ရွေးကောက် တင်မြှောက်ခံ လွှတ်တော် ကိုယ်စားလှယ်များအတွက် အငြင်းပွားမှု၏ အကြောင်းအရင်းတစ်ရပ် ဖြစ်နေပေသည်။ သို့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က ပြဿနာပြေငြိမ်းရန် ဆုံးဖြတ်လိုက်ပြီး ကုလသမဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံပြီးနောက် လွှတ်တော်သို့ တက်ရောက်ခဲ့သည်။ စစ်တပ်ကို ဦးစားပေးထားသည့် မြန်မာ့နိုင်ငံရေးစနစ်ကို ပြုပြင်လိုလျှင် သို့မဟုတ် ပြောင်းလဲလိုလျှင် စစ်တပ်၏ အရိပ်အာဝါသသို့ ဝင်ရောက်ပါမှ လုပ်ဆောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ထားဟန် ရှိသည်။ သူမ၏ လုပ်ကိုင်ဆောင်ရွက်မှု အပေါ် နားလည်သဘောပေါက်ရန် လွယ်ကူသလို အသိအမှတ်ပြုရန်လည်း လိုအပ်ပေသည်။ ထူးခြားချက်တစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည် ပေါင်းစည်းရေးအတွက် မိုဒယ်လ်တစ်ခုသဖွယ် ဖြစ်နေခြင်းပင် ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း သူမ ကိုယ်တိုင်က မြန်မာပြည်ကို စစ်အာဏာရှင်ဟူသော အရိပ်အောက်မှ လွတ်မြောက်အောင် အစဉ်တစ်စိုက် ကြိုးပမ်းလာခဲ့ပြီး ထိုသို့လွတ်မြောက်နိုင်ရန် နောက်ဆုံးတွင် စစ်ဗိုလ်ချုပ်ကြီးများနှင့် လုံးလုံးလျားလျား စေ့စပ်ညှိနှိုင်းလိုက်ရသည်။ မည်သို့ပင်ဆိုစေ ရွေးကောက်တင်မြှောက်ခံရသူ လွှတ်တော် ကိုယ်စားလှယ်သစ်များ အနေဖြင့် မည်မျှ အတိုင်းအတာအထိ စွမ်းဆောင်နိုင်မည် ဟူသောကိစ္စကို ဆက်လက် တွေ့မြင်ရတော့မည် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဥမှ အကောင်ပေါက်ခါစ သာသာ ရှိသေးသည့် မြန်မာ့ဒီမိုကရေစီ ရှင်သန်နိုင်ရေးအတွက် အပြုအမူကောင်းများ၊ စိတ်စေတနာကောင်းများ ရှိကြောင်း ထုတ်ဖော်ပြသလာလျက် ရှိသည်။ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေသည့် ပိတ်ဆို့အရေးယူမှုများကိုလည်း တဖြည်းဖြည်းချင်း ဖယ်ရှားပေးလျက် ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ပထမဆုံး လုပ်ဆောင်သင့်သည့် အာဂျင်ဒါမှာ ဒီမိုကရေစီရေး ပျော်ပွဲရွှင်ပွဲမျိုး မဟုတ်ဘဲ မြန်မာပြည်သူအများစုကို စွမ်းအားပေးနိုင်မည့် အစီအစဉ်သာ ဖြစ်သင့်သည်။

ကြမ်းတမ်းသော လမ်းကို လျှောက်လမ်းခဲ့ရသည့် မြန်မာပြည်သူများ၏ ကျိုးနွံမှုနှင့် ဒူပေနာပေ ခံနိုင်မှုတို့ကို မဖြစ်မနေ ဂုဏ်ပြု ချီးမြှောက်သင့်ပါသည်။

******************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃.၅.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ကျွန်တော်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

*****************************************

ဆောင်းပါးကဏ္ဍ

ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

မိုးမြင့်ငြိမ်း

လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံသည် ကိုလိုနီစနစ်အမွေဆိုးဟု ဆို၍ရနိုင်သည့် ဗမာနှင့် တိုင်းရင်းသားများအကြား သွေးကွဲ နေမှုကို ခံစားခဲ့ရသည်။ သို့နှင့် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ပွားခဲ့ရသည်။ တပ်မတော်မှ အင်အားကြီးမားလာခဲ့ရသည့် အကြောင်း ရင်းမှာလည်း ယင်းပြည်တွင်းစစ်ပေါ်တွင် များစွာ မူတည်သည်။ ထိုပြည်တွင်းစစ် အရှိန်တက်လာတိုင်း စစ်တပ်မှ နိုင်ငံတော်တည်ငြိမ်ရေးအတွက် အာဏာ သိမ်းခဲ့ရခြင်းကို ၁၉၄၉၊ ၁၉၅၈၊ ၁၉၆၂ အတွေ့အကြုံများအရ သိနိုင်သည်။ ပါလီမန်ဒီမိုကရေစီခေတ် ပထစအစိုးရလက်ထက် ပမညတ အမတ်တစ်ဦးဖြစ် သည့် ဝိဓူရသခင်ချစ်မောင် ပြောခဲ့သလိုပင် “စစ်ဘောင်ကျယ်လျှင် ဒီမိုကရေစီဘောင်ကျဉ်းတယ်”ဟူသည့် စကားအတိုင်း ဒီမိုကရေစီမှာ ရင့်ကျက်မှုအဆင့် ထိ ရောက်မလာနိုင်ဘဲ လမ်းခုလတ်မှာပင် နောက်ကြောင်းပြန်သွားခဲ့ရသည်။ ပါလီမန်ခေတ် နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှု အပိုင်းကိုလည်း သုံးသပ် ကြည့်ပါဦး။ ပြည်တွင်းစစ်ကြီးကြောင့် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို အားယူလုပ်ဆောင်၍ မရနိုင် ဖြစ်ခဲ့သည်။ နိုင်ငံတစ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးမရှိ လျှင် ဖွံ့ဖြိုးရေးကို လုပ်ဆောင်နိုင်ဖို့ ခဲယဉ်းနေမည်သာဖြစ်သည်။

နိုင်ငံတကာ သတင်းမီဒီယာများတွင် မြန်မာနိုင်ငံ၏ တိုင်းရင်းသားအရေးကို ဝေဖန်ပြောကြားတိုင်း ဖယ်ဒရယ်စနစ်ဆိုသည့် စကားကို လိုလားနှစ် ခြိုက်သည့်ဟန်ဖြင့် အမြဲတစေ ထည့်သွင်း ပြောကြားလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ကာစကဆိုလျှင်လည်း စက္ကန်းပင်လုံဆိုပြီး အိုဒီယာတစ်ခု ဖော်ဆောင်ခဲ့ခြင်းမျိုးလည်း ရှိသည်။ အမှန်စင်စစ် လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖဆပလညီလာခံ တွင် တင်သွင်းခဲ့သည့် ၁၉၄၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဖယ်ဒရယ်ပုံစံမျိုးမဟုတ်။  ဗိုလ်ချုပ်အောင်ဆန်းသည် လက်တွေ့ကျသည့် ခေါင်းဆောင်တစ် ဦး ဖြစ်သည်နှင့်အညီ အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်ခဲ့မှု၊ မြန်မာတို့၏ စရိုက် သဘောသဘာဝကိုလည်း သိသည့်အားလျှော်စွာ တိုင်းရင်းသားများ၏ ဆန္ဒကို လုံးလုံး မပစ်ပယ်ဘဲ ပြည်ထောင်စုစနစ်တစ်ရပ်ကို ဖော်ဆောင်ခဲ့သည်။

ယခု ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမေရိကန်လို အာဏာခြင်း တန်းတူရှိသည့် အားကောင်း သည့် ဗဟိုအစိုးရနှင့် အားကောင်းသည့် ဒေသန္တရအစိုးရမျိုး မဟုတ်သည့်တိုင် ပြည်နယ်နှင့် တိုင်းဒေသကြီးတစ်ခုစီတွင် ကိုယ်ပိုင်အစိုးရအဖွဲ့၊ ကိုယ်ပိုင် လွှတ်တော်နှင့် ကိုယ်ပိုင်တရားစီးရင်ရေးတို့ ရှိကြသည်။ ဖွဲ့စည်း ပုံအခြေခံဥပဒေဇယား ၂ အရ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်လွှတ်တော်များ ဥပဒေ ပြုခွင့်ရှိသည့် ကဏ္ဍများကို ထည့်သွင်း ရေးဆွဲထားခြင်းဖြင့် ပြည်ထောင်စုမှ တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များကို စည်းမျဉ်းစည်းကမ်း ဖြေလျှော့ကာ (deregulation) လုပ်ပိုင်ခွင့်များ ပေးအပ်ထားခြင်းဖြစ်သည်။ နိုင်ငံအုပ်ချုပ်မှုစနစ်ဆိုရာမှာ ကိုယ့်ရဲ့ ပကတိအခြေအနေ၊ ရေခံမြေခံသဘောတရားများ (local context) အရသာဖန်တီးပုံဖော်မှ အောင်မြင်နိုင်မှာဖြစ်ပြီး အခြားနိုင်ငံတစ်နိုင်ငံမှ စနစ်ကို သွပ်သွင်းပုံဖော်လျှင် အောင်မြင်နိုင်ဖို့ ခဲယဉ်းမည်သာ ဖြစ်သည်။ ကိုယ်နှင့်မတော်သည့် အကျီကို ဝတ်ရသည့်အတွက် ပုံမကျ၊ ပန်းမကျ ဖြစ်နေမည်သာ ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံမှာ အမေရိကန်လို ဖယ်ဒရယ်စနစ် အပြည့်အဝ ကျင့်သုံးရန် အဆင်သင့် မဖြစ်သေးပါ။ တစ်ပြည်ထောင်စနစ် (unitary system) မှအစ ဖယ်ဒရယ်စနစ် (federal system) အ လယ် မဟာမိတ်စနစ် (confederation) အဆုံး ပူးစည်းမှုသဘောအရ (integration theory) နိုင်ငံတစ်နိုင်ငံသည် ကိုယ့်နိုင်ငံနှင့် ကိုက်ညီသည့်စနစ်ကို ဆီလျှော်သလို နှိုင်းရသဘောအားဖြင့် ကျင့်သုံးအကောင်အထည်ဖော်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားများတွင် ဗမာတိုင်းရင်းသားများမှာ လူများစုဖြစ်သော်လည်း လူနည်းစု တိုင်းရင်းသားများအပေါ် ယေဘူယျအားဖြင့် လူမျိုးကြီးပုံစံ ဆက်ဆံရေးမျိုး မထားရှိပါ။ လူမျိုးကြီးပုံစံမျိုး မရှိသော်လည်း ဗမာအများစု မှီတင်းနေထိုင်သည့်အတွက် လွှမ်းမိုးကြီးစိုးမှု ရှိနေသည့်သဘော သက်ရောက်မှု ရှိနေသည်။ ဤသည်မှာ လူနည်းစုတိုင်းရင်းသားများ ခွဲခြားဆက်ဆံလိုသည့် စိတ်ထားမျိုးမဟုတ်ဘဲ မတူကွဲပြားခြင်းဆိုသည့် သဘောကို အလေးထားမှု အားနည်းခဲ့သောကြောင့် ဖြစ်သည်။ ထိုအတွက်ကြောင့်ပင်လျှင် တိုင်ရင်းသားများအနေဖြင့် ဗမာလူမျိုးများကို လူမျိုးကြီးဟူ၍ ကြည့်မြင် သလို ၎င်းတို့၏ တိုင်းရင်သားဖြစ်တည်မှု အမှတ်အသားသရုပ်အပေါ် (identity) ထိန်းသိမ်းကာကွယ်လိုသည့် သဘောလည်း ရှိသည်။  အမှတ်အသား သရုပ်ဆိုသည်မှာလည်း အသိုင်းအဝိုင်းစိတ်ဓာတ်၊ စုစည်းညီညွတ်မှုစိတ်ဓာတ် များပြားထွန်းကားခြင်း အစရှိသည့် အလင်းဘက်အခြမ်းရှိသလို၊ အကြမ်း ဖက်လိုစိတ်၊ ပျက်စီးလိုစိတ် အစရှိသည့် အမှောင်ဖက်အခြမ်းလည်း ရှိသည်။

ယခုအခါတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့နှစ်ဖွဲ့မှ တာဝန်ယူ၍ စွမ်းစွမ်းတမံ ဆောင်ရွက်နေလေသည်။ လက်ရှိ တိုင်းရင်းသားခေါင်းဆောင်များမှလည်း မိမိတို့၏ အမှတ်အသားသရုပ်အတွက် လက်နက်ကိုင် ၍ အစိုးရနှင့် ထိပ်တိုက် ရင်ဆိုင်နေခြင်းသည် မိမိတို့ လူမျိုးစုတို့၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူမဖြစ်ပုံကို သိရှိနားလည်လာပြီ ဖြစ်သည်။ ထို့ကြောင့်လည်း နှစ်ဖက်စလုံးမှ ၎င်းတို့၏ လိုလားချက်များကို အပြန်အလှန် ညှိနှိုင်းလျော့ချ၍ ငြိမ်းချမ်းရေး သဘောတူလက်မှတ်များ ချုပ်ဆို နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် တစ်နှစ်သာသာရှိသေးသော ဒီမိုကရေစီစနစ်ကို လက်တွေ့အလုပ်ဖြစ်အောင်တနည်း ရင့်ကျက်သည့် ဒီမိုကရေစီဖြစ် အောင် အသွင်ကူးပြောင်း ကြိုးစားနေရသည့် အစဦးကာလလည်း ဖြစ်သည်။ ဒီမိုကရေစီဆိုသည်မှာ လူအများစုဆန္ဒဖြင့် အုပ်ချုပ်သည်ဟု ဆိုသော်ငြား လည်း လူနည်းစု၏ ဆန္ဒကို အလေးထားရသည်။ လူနည်းစု တိုင်းရင်းသားလူမျိုးများ၏ အမှတ်အသားသရုပ်လက္ခဏာ(identity) ကို အလေးထားခြင်း သည် အသွင်ကွဲ အဆင်ကွဲဖြစ်မှုအပေါ် (diversity) နှလုံးသွင်းလက်ခံနိုင်ခြင်း (tolerance) ဖြစ်ပြီး တိုင်းရင်းသားအားလုံးကို စုပေါင်း၍ မြန်မာလူမျိုးများဟု သဘောထားနိုင်ခြင်းသည်လည်း စုစည်းညီညွတ်မှု(unity) ရှိလာမည်ဖြစ်သောကြောင့် ထိုသို့ ဒီမိုကရေစီစိတ်အခြေခံများဖြင့် ပဒေသာစုံယဉ်ကျေးမှု (multi -culturalism) ထွန်းကားအောင် ဆောင်ရွက်ခြင်းနှင့်အတူ နိုင်ငံတည်ဆောက်ရေးကိုလည်း စွမ်းစွမ်းတမံ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း။

*****************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs