Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၁.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ-မွတ်ဆလင် ရန်ပွဲမှ ပဋိပက္ခများ

(10 June 2012 ရက်စွဲပါ News York Times မှ Thomas Fuller ရေးသားသော Crisis in Myanmar over Buddhist-Muslim clash သတင်းကိုဘာသာပြန်ဆိုသည်)

  1. ရွှေလီနယ်စပ် မူဆယ်မြို့တွင် ဗုံးများဆက်တိုက်ကွဲ

(Hindustar Times မှ 10 Jun 2012 ရက်စွဲပါ “Serial bombings Git Myanmar border town”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတိုးမြှင့်

(AFP သတင်းဌာနမှ 10 Jun 2012 ရက်စွဲပါ “Bangladesh steps up security along Myanmar border”သတင်းကို ဘာသာပြန်ဆိုသည်)

****************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ-မွတ်ဆလင် ရန်ပွဲမှ ပဋိပက္ခများ

(10 June 2012 ရက်စွဲပါ News York Times မှ Thomas Fuller ရေးသားသော Crisis in Myanmar over Buddhist-Muslim clash သတင်းကိုဘာသာပြန်ဆိုသည်)

(နိုင်ငံတကာ မီဒီယာများ၏ ရပ်တည်ချက်ကို သိစေရန် ဘာသာပြန် ဖော်ပြခြင်းဖြစ်သည်။)

မြန်မာနိုင်ငံ၏ အနောက်ဘက်ပိုင်းပြည်နယ်တွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များအကြား ပြင်းထန်သော အကြမ်းဖက်မှုများကြောင့် လူ(၁၇)ဦး သေဆုံးရမှုအပြီးတွင်၊ တနင်္ဂနွေနေ့က မြန်မာအစိုးရသည် အဆိုပါ ပြည်နယ်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

ယခု ပြင်းထန်သော ဖြစ်ရပ်သည် သမ္မတဦးသိန်းစိန်အစိုးရ၏ မြန်မာနိုင်ငံအား တံခါးဖွင့်ရန် ကြိုးစားနေမှုတွင် အတားအဆီးတစ်ခု ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ရွာများအတွင်း ဖြစ်ပွားနေသော ရန်ပွဲများကြောင့် သောကြာနှင့် စနေ နှစ်ရက်တည်းနှင့်ပင် လူအများအပြား ဒဏ်ရာရရှိပြီး၊ အိမ်ခြေ ၅၀၀ ခန့် မီးလောင်ခဲ့ရာ စစ်တပ်နှင့် ရဲအရာရှိများ သည် တည်ငြိမ်မှုရရှိရန် ကြိုးပမ်းလျှက်ရှိသည်။ တနင်္ဂနွေနေ့တွင် ဖြစ်ပွားသော ရန်ပွဲများကြောင့် လူလေးဦး ဒဏ်ရာ ရရှိကြောင်း Associated Press မှ သတင်းဖော်ပြခဲ့သည်။

ဦးသိန်းစိန်သည် တနင်္ဂနွေနေ့ ညနေတွင် နိုင်ငံပိုင်ရုပ်မြင်သံကြားမှတဆင့် အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ ထိုသို့ အရေးပေါ်အုပ်ချုပ်ရေးကြောင့် မည်သည့်လက်တွေ့ရလဒ်များ ထွက်ပေါ်လာမည် ဆိုသည်ကို မသဲကွဲသေးပေ။ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းကို သွားနေသည် ဆိုသော်လည်း စစ်တပ်နှင့် ရဲတွင် အရေးပါသော ပါဝါများ ရှိနေဆဲဖြစ်သည်။

ဦးသိန်းစိန်သည် မြန်မာအများစုနှင့် အမျိုးမျိုးသော တိုင်းရင်းသား အုပ်စုများကြား အမျိုးသာ ပြန်လည် စည်းလုံးမှုရရှိရေးကို ၎င်း၏ သမ္မတသက်တမ်းအတွင်း ဦးစားပေး ဆောင်ရွက်လျှက် ရှိသည်။

သို့သော် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ရှိ တင်းမာမှုများသည် အထက်ပါ ပြန်လည်စည်းလုံးရေးကြိုးပမ်းမှုနှင့် မသက်ဆိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် မွတ်ဆလင် တိုင်းရင်းသားအုပ်စုဖြစ်သော ရိုဟင်ဂျာများ ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ မြန်မာအစိုးရက ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ် အသိအမှတ်မပြုပေ။

အဆိုပါဒေသမှ တင်းမာမှုများမှာ လွန်ခဲ့သော လအနည်းငယ်ကတည်းက စတင်ဖြစ်ပေါ်နေခဲ့ခြင်းဖြစ်ကြောင်း Chris Lewa ကပြောသည်။ ၎င်းသည် ရိုဟင်ဂျာများအကြောင်း ကျွမ်းကျင်သူ ပညာရှင်ဖြစ်ပြီး ရိုဟင်ဂျာများကို ထောက်ခံ ရေးသားပေးနေသူ ဖြစ်သည်။

မြန်မာအစိုးရသည် လူဦးရေ (၈)သိန်းခန့်ရှိသော ရိုဟင်ဂျာများအတွက် အဖြေရှာရန် လုပ်ဆောင်ခြင်း မရှိသေးပေ။ ၎င်းတို့သည် ဒုက္ခသည်စခန်းနှင့်တူသော နေရာများတွင် မျှော်လင့်ချက် ကင်းမဲ့သော အခြေအနေတွင် နေထိုင်နေရပြီး၊ အာရှတိုက်တွင် အကြီးမားဆုံးနိုင်ငံမဲ့ အုပ်စုတစ်ခုဖြစ်သည်။

အဆိုပါရန်ပွဲများ ကျယ်ပြန့်သော ဘာသာရေးပဋိပက္ခ အသွင်ဆောင်လာမည်ကို မြန်မာနိုင်ငံတွင်းမှ စိုးရိမ်လျှက် ရှိသည်။ မကြာသေးမီ ရက်များကလည်း ရန်ကုန်မြို့တွင် ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အုပ်စုများသည် သီးခြားစီ ဆန္ဒပြမှုလေးများ ပြုလုပ်ခဲ့ကြသည်။

ခံစားမှုများ မြင့်တက်လျက်ရှိသည့် လက္ခဏာတစ်ခုလည်း တွေ့ရကြောင်း Eleven Media Group ၏ ဝက်ဆိုဒ်တွင် ဖော်ပြထားပြီး စာဖတ်သူများ မွတ်ဆလင်မုန်းတီးရေးကို ဖြစ်စေမည့် မှတ်ချက်များကိုလည်း ဖော်ပြထားသည်။

“အကြမ်းဖက်သမားက အကြမ်းဖက်သမားပဲ။ သတ်ပစ်လိုက်”ဟု Maungpho ဟု အမည်တပ်ထားသော စာဖတ်သူတစ်ဦးက ရေးသားထားသည်။

ဘာသာရေးအရ တင်းမာမှု ဖြစ်ပေါ်လာမည့် အရေးကို ဖြေလျော့သည့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကိုကိုကြီးက အဆိုပါ ရန်ပွဲများကို စိတ်ခံစားမှုဖြင့် တုန့်ပြန်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ စိတ်အေးအေးထားပြီး၊ ပြဿနာကို ပညာနဲ့ယှဉ်တဲ့ အဖြေရှာရပါမယ်”ဟု ၎င်းက ပြောသည်။

မွတ်ဆလင်ခေါင်းဆောင်များကလည်း မကြာသေးမီက အေးဆေးတည်ငြိမ်ရန် တိုက်တွန်းခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း စနေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ရာ အစိုးရအား တည်ငြိမ်မှု ပြန်လည်ရရှိရေး လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၉၀%သည် ဗုဒ္ဓဘာသာများဖြစ်ပြီး၊ မွတ်ဆလင်များမှာ ၄%ခန့်သာ ရှိသည်။

ယခုအချိန်ထိမူ အစိုးရသည် ယခုကိစ္စကို ထိန်းသိမ်းနိုင်မည်ဟု ယုံကြည်နေပုံရသည်။

“ပျံ့နှံ့သွားမယ့် လက္ခဏာတော့ မရှိပါဘူး”ဟု ရန်ကုန်ရှိ သုတေသနအဖွဲ့အစည်းတစ်ခု၏ ဥက္ကဌဖြစ်သူ၊ အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကူညီနေသူ ဦးတင်မောင်သန်းက ပြောသည်။ “မြန်မာနိုင်ငံတွင်းက မွတ်ဆလင်အသိုင်းအဝိုင်းဟာ ဗုဒ္ဓဘာသာ အများစုကြားမှာ ကောင်းစွာနေထိုင်လာတဲ့ နှစ်တွေအများကြီး အတွေ့အကြုံ ရှိနေပါပြီ”ဟု ၎င်းကပြောသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်းက ဦးသိန်းစိန်အစိုးရသည် မြို့ကြီးအချို့တွင် လျှပ်စစ်မီးများ ပြတ်တောက်မှုကြောင့် ဆန္ဒပြမှုများ၊ ရန်ကုန်မြို့ပြင်ရှိ စက်ရုံအချို့တွင် ဆန္ဒပြမှုများတွင် အစိုးရက သည်းခံခဲ့မှုသည် မြန်မာနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော စစ်အာဏာရှင် စနစ်နှင့် ဝေးခဲ့ပြီဆိုသည့် သဘောထားကို ပိုမိုခိုင်မာစေသည်။ သို့သော် အဆိုပါ ဆန္ဒပြမှုများသည် ဦးသိန်းစိန်က ပြောင်းလဲမှုများ ပြုလုပ်ရန် ကြိုးစားနေချိန်တွင် တွေ့ကြုံရမည်။ စိန်ခေါ်မှုများနှင့် တောင်းဆိုမှုများကို မီးမောင်းထိုး ဖော်ပြလိုက်ခြင်းဖြစ်သည်။

ယခု ရခိုင်ပြည်နယ်မှ ပြင်းထန်သော ဖြစ်ရပ်များသည် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခြင်းကြောင့် စတင်ဖြစ်ပွားခဲ့ပြီး၊ လက်စားချေ တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ခဲ့ကြောင်း Ms Lewa က ပြောသည်။ ဇွန်လ( ၃ )ရက်တွင် မွတ်ဆလင်(၁၀) ဦးမှာ ဘတ်စ်ကားထဲမှ ဆွဲထုတ်၍ အသတ်ခံခဲ့ရသည်။ သောကြာနေ့တွင် မွတ်ဆလင်အုပ်စုကြီးသည် ဗုဒ္ဓဘာသာရွာများကို တိုက်ခိုက်ခဲ့ရာ လူ(၇)သေဆုံးခဲ့ကြောင်း၊ မြန်မာသတင်းမီဒီယာ၏ အဆိုအရ သိရှိရသည်။

ယခုအပတ်အကုန်က ထွက်ပေါ်လာသော ဓါတ်ပုံများအရ တိုက်ခိုက်ခံရသော ရွာသားများသည် ဓါးများ၊ ဝါးချွန်များ ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။

ယေဘူယျအားဖြင့် ဆင်းရဲသော မြန်မာနိုင်ငံတွင် ရိုဟင်ဂျာအများစုသည် နေထိုင်လာရာ မျိုးဆက်အချို့ ရှိခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် သနားစရာ အကောင်းဆုံး လူနည်းစုစင်စစ်ဖြစ်ပြီး ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦးက “ကာလရှည်ကြာက ဖြစ်နေသော ပဋိပက္ခ(Chronic crisis)”ဟု ပြောခဲ့သည်။

၎င်းတို့ကို မြေပိုင်ဆိုင်ခွင့်မပြုဘဲ၊ စားနပ်ရိက္ခာ ပြတ်လပ်မှုကိုလည်း မကြာခဏ ခံစားရသည်။ ရခိုင်ပြည်နယ် ပြင်ပသို့ ခရီးသွားခြင်းကိုလည်း ကန့်သတ်ထားသည်။ ပြီးခဲ့သည့် နှစ်များအတွင်း ရိုဟင်ဂျာ ထောင်ပေါင်း များစွာသည် လှေများဖြင့် ထွက်ပြေး၍ မလေးရှားနှင့် အခြားအိမ်နီးချင်းနိုင်ငံများတွင် အလုပ်ရှာဖွေခဲ့ကြသည်။ နယ်စပ်၏ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်တွင်လည်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာများ နေထိုင်ကြသည်။

ရိုဟင်ဂျာကိစ္စသည် မြန်မာလူ့အဖွဲ့အစည်း၏ လစ်ဘရယ် ဖြစ်သူများကြားတွင် အမျိုးသားရေးစိတ်များ ပြင်းပြစွာ ခံစားရစေသည်။ စစ်အစိုးရ ဆန့်ကျင်မှုကြောင့် ထောင်ထဲတွင် ၁၈ နှစ်ခန့် နေထိုင်ခဲ့ရသူ ဦးကိုကိုကြီးက ရိုဟင်ဂျာများသည် တိုင်းပြည်က လက်ခံထားသော လူမျိုးများတွင် မပါဝင်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အဆိုပါ နိုင်ငံမဲ့သူများ ပြဿနာကို အဖြေရှာရမည် ဖြစ်ကြောင်း ပြောခဲ့သည်။

“မြန်မာနိုင်ငံသား ဖြစ်လိုသူဟာ မြန်မာနိုင်ငံရဲ့ အမျိုးသားဘာသာစကားတစ်ခုခုကို သင်ကြားရပါမယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုကို လေ့လာ ရပါမယ်။ ဒါဟာ အမျိုးသား အချုပ်အခြာအာဏာအတွက် မေးခွန်းပါပဲ”ဟု ၎င်းကပြောသည်။

၂၀၀၈ ဇွန်လက ကုလသမဂ္ဂ ကွင်းဆင်းကောက်ယူမှုအရ ရိုဟင်ဂျာ တစ်ဝက်ကျော်ကျော်သည် စာမတတ်ကြောင်း တွေ့ရှိရသည်။

ရိုဟင်ဂျာများ၏ ဖြစ်တည်မှုအတွက် အဓိပ္ပါယ်ဖွင့်ဆိုမှု မရှိပေ။ ရခိုင်ပြည်နယ်မြောက်ဖျားတွင် နေထိုင်သည့် မွတ်ဆလင်များကို ယေဘူယျ ရိုဟင်ဂျာများဟု ခေါ်ပြီး၊ ၎င်းတို့ မည်သည်က ဆင်းသက်လာသည်ကို မသိရှိကြပေ။ အစိုးရတာဝန်ရှိသူများက ၎င်းတို့ကို ဘင်္ဂါလီများဟု ရည်ညွှန်းလေ့ရှိသည်။

***********************************

ရွှေလီနယ်စပ် မူဆယ်မြို့တွင် ဗုံးများဆက်တိုက်ကွဲ

(Hindustar Times မှ 10 Jun 2012 ရက်စွဲပါ “Serial bombings Git Myanmar border town”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအရှေ့မြောက်နယ်စပ် မူဆယ်မြို့၌ စနေနေ့ည သန်းခေါင်တွင် ဗုံး ၅ လုံး ဆက်တိုက် ပေါက်ကွဲခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှု သတင်းများ မရရှိပာု တနင်္ဂနွေနေ့ ဆင်ပွာာသတင်းက ဆိုသည်။

ပြည်ထောင်စုလမ်းမကြီးပေါ်တွင် အသွားအလာ နည်းချိန်တွင် ကျယ်လောင်စွာ ပေါက်ကွဲသော ဗုံးများကြောင့် လမ်းအနည်းငယ် ပျက်စီးသွားသည်ပာု သိရှိရသည်။ ဗုံးခွဲသော လက်သည် တရားခံကိုမူ ဖော်ထုတ်နိုင်ခြင်း မရှိသေးပါ။

အရှေ့မြောက်နယ်စပ် မူဆယ်မြို့သည် တရုတ်နိုင်ငံနှင့် အဓိကကုန်သွယ်မှု ပြုလုပ်သော နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်ပြီး ဧပြီလက ၎င်း ၁၀၅ မိုင်နယ်စပ် စစ်ဆေးရေးဂိတ်တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ခြင်းကြောင့် လူဝင်မှုကြီးကြပ်ရေး အရာရှိတစ်ဦး သေဆုံးခဲ့ရသည်။

***********************************

မြန်မာနယ်စပ်တစ်လျှောက် ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတိုးမြှင့်

(AFP သတင်းဌာနမှ 10 Jun 2012 ရက်စွဲပါ “Bangladesh steps up security along Myanmar border”သတင်းကို ဘာသာပြန်ဆိုသည်)

အိမ်နီးခြင်း မြန်မာနိုင်ငံတွင် ရိုပာင်ဂျာမွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်များအကြား အကြမ်းဖက်ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြှင့်လိုက် သည်ပာု တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်များက ကော့ဘဇားခရိုင် ဒုက္ခသည်စခန်းများ(UNHCR ဒုက္ခသည်စခန်းများ)ကို အထူး သတိထားစောင့်ကြည့်နေသည်ပာု အုပ်ချုပ်ရေးမှူး ဂျေဆင်အူဒင်က ပြောကြားသည်။

မြန်မာနိုင်ငံ အနောက်ဖက်ဒေသတွင် ရိုပာင်ဂျာမွတ်ဆလင်များနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်များ နှစ်ရက်ကြာ အဓိကရုဏ်း ဖြစ်ပွားမှုအတွင်း ၇ ဦးသေဆုံး၊ ၁၇ ဦး ဒဏ်ရာရကာ အိမ်ခြေ ၅၀၀ ခန့် ဖျက်ဆီးခံခဲ့ရပြီးနောက်တွင် ယခုကဲ့သို့ ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးတင်းကြပ်မှု အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်ပာု နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည်။

အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ရိုပာင်ဂျာများ နယ်စပ်ဖြတ်ကူးထပ်မံ ဝင်ရောက် လာနိုင်ခြင်းကို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြသည်ပာု သိရသည်။

နယ်နိမိတ်မျဉ်း အများစုကို မြစ်ကြောင်းဖြင့် ပိုင်းခြားထားသော ကီလိုမီတာ ၂၀၀(၁၂၅ မိုင်)အရှည် မြန်မာနယ်စပ်တစ်လျှောက် ပိုမိုကင်းလှည့် စောင့်ကြပ်ရန်ညွှန်ကြား ထားသည်ပာု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှူး ဗိုလ်မှူးချုပ် အန်နဝါပောာ့စိန်က Daily star သတင်းဌာနသို့ ပြောကြားသည်။

ယင်းသို့ လုံခြုရေးတင်းကြပ်ထားသည့်ကြားမှ စနေနေ့က ကျည်ဆံ ထိမှန်ထားသော ရိုပာင်ဂျာတစ်ဦး တရားမဝင် ဖြတ်ကူးလာသည်ကို ဖမ်းဆီးရမိခဲ့သည်ပာု ကော့ဘဇားခရိုင် ဒုတိယရဲတပ်ဖွဲ့မှူး အူတမ်ကူးမားက AFP သို့ ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံမှ အကြမ်းဖက် ဖြစ်စဉ်များအပေါ် ပြန်လည်တုန့်ပြန်မှုများ မဖြစ်အောင် တားဆီးရန်အတွက် ကော့ဘဇားရှိ ရခိုင်ဘုန်းကြီးကျောင်းများကိုလည်း လုံခြုံရေးတိုးမြှင့် ပေးထားသည်ပာု အူတမ်ကူမားက ဆက်လက်ပြောကြားခဲ့သည်။

****************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၀.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ထိုင်းကွန်ဒိုကုမ္ပဏီ မြန်မာနိုင်ငံသို့ ခြေလှမ်းရန် စဉ်းစားနေ

(Bankok post မှ 8 Jun 2012 ရက်စွဲပါ "Fragrant consider Myanmar move" သတင်းကို ဘာသာပြန်ဆိုသည်)

  1. အခြေခံဥပဒေ ပြင်ဆင်ရန်ဆွေနွေးမှုကိုအောက်လွှတ်တော် ဥက္ကဋ္ဌ လမ်းဖွင့်ပေးမည်

(Asahi Shimbu မှ 8 June 10, 2012 ရက်စွဲပါ "Speaker of Myanmar's Lower house open to constitutional revisions" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ဂျပန်ငွေရေးကြေးရေး ကုမဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စောင့်စား

(9 June 2012 ရက်စွဲပါ The Japan Times မှ Junko Horiuchi ရေးသားသော “Financial firms await Myanmar entry”  ကိုဘာသာပြန်ဆိုသည်။)

  1. လောလောဆယ်နျူကလိယ လက်နှက်ရောင်းချရန် အစီအစဉ်မရှိဟု မြောက်ကိုးရီးယာပြော

(9 June 2012 ရက်စွဲပါ BBC News မှ North Korea မှ “North Korea No plan for nuclear test 'at present” ကိုဘာသာပြန်ဆိုသည်။)

*****************************************

ဘာသာပြန်သတင်းများ

ထိုင်းကွန်ဒိုကုမ္ပဏီ မြန်မာနိုင်ငံသို့ ခြေလှမ်းရန် စဉ်းစားနေ

(Bankok post မှ ၈ရက် ဇွန် ၂၀၁၂ နေ့စွဲပါ "Fragrant consider Myanmar move" သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းနိုင်ငံမှ ကွန်ဒိုမီနီယံ တည်ဆောက်သောကုမ္ပဏီ Fragrant property Co သည် မြန်မာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြင့် မြန်မာ့ ဈေးကွက်သို့ ဝင်ရောက်ဖွယ် ရှိနေသည်။

"မြန်မာနိုင်ငံမှာ မြေပေါတဲ့အတွက် ကွန်ဒိုမီနီယံတွေဟာ ဆွဲဆောင်မှုအရှိဆုံး ရင်းနှီးမြှုပ်နှံမှု ဖြစ်နေပါတယ်။ မြန်မာနိုင်ငံက ကွန်ဒိုမီနီယံ ဝယ်သူတွေဟာ များသောအားဖြင့် ၂၅ ရာခိုင်နှုန်း စရံသတ်ပြီး ၅၀ ရာခိုင်နှုန်း တစ်ခါတည်း ငွေချေလေ့ရှိတဲ့အတွက် ဆုံးရှုံးနိုင်ခြေကလည်း အရမ်းနည်းပါတယ်။ "ဟု ထိုင်း Fragrant ကုမ္ပဏီ အကြီးအကဲ ဂျိမ်းဒူယွမ် ကမနေ့က ပြောကြားသည်။ Fragrant အိမ်ခြံမြေကုမ္ပဏီက မြန်မာအစိုးရဌာန တစ်ခု  ဖွင့်လှစ်ခဲ့ဖူးသော ရုံးအဆောက်အအုံတစ်ခု လေလံပစ်ခြင်းကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။ အကယ်၍ ၎င်းလေလံအောင်သွားပါက အခန်း ၂၀၀ ပါ ဟော်တယ်အဖြစ် ပြုပြင်မွမ်းမံရန် ဘတ်ငွေသန်း ၃၀၀ သုံးစွဲသွားမည်ဖြစ်သည်။ Fragrant ကုမ္ပဏီအနေဖြင့် ထိုင်းနိုင်ငံအတွင်း၌မူ ဘတ်ငွေ ၃ ဘီလီယံတန်ဖိုးရှိ ဆူခွန်ဗစ် ၁၁နှင့်၁၂ ကွန်ဒိုစီမံကိန်းသစ်နှစ်ခုကို တတိယ သုံးလပတ်အတွင်း လုပ်ငန်းစတင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူ မစ္စတာဂျိမ်းဒူယွမ်က  ၎င်း၏ ကုမ္ပဏီသည် ယင်းစီမံကိန်းများ တည်ဆောက်မည့် မြေကွက်များအတွက် ဘတ်ငွေ သန်း ၆၀၀ ပေးချေခဲ့ရပြီး နောက်ထပ် တည်ဆောက်မည့် ကွန်ဒိုမီနီယံ စီမံကိန်းများအတွက် နောက်ထပ်နေရာကောင်း နှစ်ကွက်ကို နောက်ထပ် ဘတ်ငွေ သန်း ၈၀၀ ရင်းနှီးမြှုပ်နှံထားသည်ဟု ပြောကြားသည်။ တည်ဆောက်မည့် စီမံကိန်းများ၏ ကုန်ကျစရိတ်မှာ တစ်မီတာပတ်လည်အတွက် ဘတ် ၁၄၀၀၀၀ ခန့်ရှိသည်။ ထိုင်းနိုင်ငံ အိမ်ခြံမြေဈေးကွက်သည် ကြီးထွားရန်အလားအလာရှိနေပြီး အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ဈေးသက်သာနေဆဲဖြစ်သည်ဟု ဒူယွမ်က မှတ်ချက်ပေးသည်။ ဒါပေမဲ့လည်း ဥရောပစီးပွားရေး ကျဆင်းမှုနှင့် ထိုင်းနိုင်ငံရေကြီးမှု အပါအ၀င် ဆုံးရှုံးနိုင်ခြေ အချက်တွေလည်း ရှိနေပါတယ်ဟု ဒူယွမ်က ဆိုသည်။

လတ်တလောတွင် Fragrant ကုမ္ပဏီသည် ဘန်ကောက် ပတ်ချာဘူရီလမ်းသစ်တွင် ဘတ်ငွေ ၇.၈ ဘီလျံတန် Circle Living Prototype ကွန်ဒိုစီမံကိန်းကို အကောင်အထည်ဖော် နေရာတွင် ပထမတာဝါမှာ အခန်း၈၀ (သို့မဟုတ်) ၁၀ ရာခိုင်နှုန်းခန့်သာ ရောင်းရန်ကျန်ရှိပြီး ၂၀၁၄ တွင်ပြီးစီးမည့် ဒုတိယတာဝါမှာလည်း ၇၀ ရာခိုင်နှုန်း ရောင်းချပြီး ဖြစ်သည်။

ကုမ္ပဏီသည် Circle ကွန်ဒို ပထမတာဝါမှ ယခုနှစ် ၅ လအတွင်း ဘတ်ငွေ ၁.၃ဘီလျံရရှိခဲ့ပြီး ယခုနှစ်ကုန်တွင် စုစုပေါင်း ၃ ဘီလီယံ ရရှိမည်ဟု မျှော်လင့်ရသည်။

ဆူခွန်ဗစ်ရပ်ကွက်ကို နိုင်ငံခြားသားများ ကြိုက်နှစ်သက်သောကြောင့် ကွန်ဒိုတွင် နိုင်ငံသားများ ရောင်းချ ပေးမည့် ကိုတာပြည့်သွားမည်ဟု သိရသည်။

နိုင်ငံခြားသားဖောက်သည် အများစုမှာ အနောက်နိုင်ငံသားများ သာမကဘဲ တရုတ်၊ ဟောင်ကောင်၊ စင်ကာပူတို့မှ အာရှသားများလည်း ပါဝင်ကြသည်။ ဝယ်ယူသူများ၏ တစ်ဝက်ခန့်မှာ ကိုယ်တိုင်နေထိုင်ရန်ဖြစ်၍ ကျန်တစ်ဝက်ခန့်မှာ ရေရှည်မြှုပ်နှံထားရန် ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သော သုံးနှစ်အတွင်း ပတ်ချာပူရီလမ်းသစ်တွင် ကုမ္ပဏီပေါင်းစုံ တည်ဆောက်ခဲ့သော ကွန်ဒိုအားလုံး၏ ရောင်းရငွေတန်ဖိုးမှာ စုစုပေါင်း ဘတ်ငွေ ၃၀ ဘီလျံခန့်ရှိပြီး ဈေးနှုန်းများမှာ တစ်စတုရန်းမီတာလျှင် ဘတ် ၈၀၀၀၀ မှ ၁၃၀၀၀၀ အထိရှိသည်ဟု သိရသည်။

*****************************************

အခြေခံဥပဒေ ပြင်ဆင်ရန်ဆွေနွေးမှုကို အောက်လွှတ်တော် ဥက္ကဋ္ဌ လမ်းဖွင့်ပေးမည်

(Asahi Shimbu မှ 8June 10, 2012 ရက်စွဲပါ "Speaker of Myanmar's Lower house open to constitutional revisions"သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးမှုများကို လွှတ်တော်တွင် ခွင့်ပြုသွားမည်ဟု အောက်လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်းက အဆာဟီရှင်ဘွန်းနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

တပ်မတော်သားများကို လွှတ်တော်အမတ်နေရာ ပေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အကြီးဆုံးအတိုက်အခံပါတီ NLD က ယခင်ကပင် တောင်းဆိုထားခဲ့သည်။

ဇွန်လ(၇)ရက်နေ့က နေပြည်တော်လွှတ်တော် အဆောက်အဦးတွင် ဂျပန်သတင်းစာဌာနနှင့် ပြုလုပ်သော အင်တာဗျူး၌ ဦးသူရရွှေမန်းက "တကယ်လို့ အခြေခံဥပဒေကပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့မကိုက်ညီတော့ဘူးဆိုရင် ဘာလုပ်ဖို့လိုသလဲ ဆိုတာကို စဉ်းစားသုံးသပ်ကြရမှာပေါ့"ဟု ပြောကြားသည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား သီးသန့်နေရာပေးထားရန် လိုအပ်မှုနှင့် ပတ်သက်၍ သူ၏ ကိုယ်ပိုင်အမြင်ကိုမေးသောအခါ သူရဦးရွှေမန်းက"အခြေခံဥပဒေကို ပြင်ဆင်ဖို့ လို/မလို ကိုဆုံးဖြတ်ခြင်း ဟာ တစ်ဦးချင်းကိစ္စမဟုတ်ဘဲ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် အမတ်တွေရဲ့ ကိစ္စဖြစ်ပါတယ်"ဟု သွယ်ဝိုက်ပြောဆိုခဲ့သည်။

လာမည့်လတွင် ခေါ်ယူမည့် အောက်လွှတ်တော်အစည်းအဝေး၌ ယခုအခါ NLD ပါတီ ပါဝင်လာတော့မည် ဖြစ်သည်။

NLD နှင့်ပတ်သက်၍ မေးမြန်းသောအခါ  သူရဦးရွှေမန်းက "NLD ကိုအတိုက်အခံပါတီလို့ ကျွန်တော်မစဉ်းစားပါဘူး။ နိုင်ငံနှင့် ပြည်သူ ကိုယ်စားပြု လုပ်ကိုင်ရာမှာ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ပဲ မျှော်လင့်ပါတယ်။ နိုင်ငံရေးပါတီတွေအကြား အမြင်ကွဲလွဲမှုတွေကို ဆွေးနွေးငြင်းခုန်တာတွေ ဖြစ်လာနိုင် တာပေါ့"ဟု ပြောကြားသည်။

ထို့အပြင် သမ္မတဦးသိန်းစိန် အစိုးရက လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုများကိုလည်း သူက ချီးမွမ်းပြောဆိုသည်။

"ဒီလိုဖြစ်နေတာကို မြင်ရတာ တကယ်ကို ဝမ်းသာပါတယ်။ အပြောင်းအလဲဖြစ်စဉ် ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ရွေ့နေလိမ့်မယ်လို့လည်း မျှော်လင့်နေပါတယ်"ပာု ဦးရွှေမန်းက ဆိုသည်။

အစိုးရဝန်ကြီးအချို့နှင့် လွှတ်တော်အမတ်အချို့က ဒီမိုကရေစီပြောင်းလဲခြင်းကို သံသယဖြင့် စောင့်နေသည်ဟူသော ဝေဖန်မှုများကို အရေးမပါသယောင် လျှော့ပေါ့ပြောဆိုသည်။

"'ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးကို ဦးတည်ဖို့ လိုအပ်ချက်ကို အခြေခံဥပဒေက ဖွင့်ဆိုထားတာပါ။ ဒါကို ထည့်တွက်မယ့်သူ မရှိပါဘူး"ဟု သူကဆိုသည်။ ဂျပန် အပါအဝင် နိုင်ငံခြားအစိုးရများ၊ နိုင်ငံခြားကုမ္ပဏီများက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနှင့် အထူးစီးပွားရေးဇုန်ဥပဒေများကဲ့သို့သော စီးပွားရေးဆိုင်ရာ ဥပဒေကြောင်း ပြင်ဆင်မှုများကို ဇောင်းပေးပြောဆိုလျက်ရှိသည်။

သို့သော်လည်း မြန်မာလွှတ်တော်သည် ယင်းဥပဒေများကို ပြဌာန်းရန် မနှစ်က ပျက်ကွက်ခဲ့ပြီး ယခုဆက်လက် ဆွေးနွေးကြလိမ့်မည်ဟု မျှော်လင့်ရသည်။

"ဒီဥပဒေတွေကို လက်တွေ့၊ကျယ်ကျယ်ပြန့်ပြန့် ဘယ်လိုအသုံးပြုနိုင်မလဲ ဆိုတာကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ ဌာနဆိုင်ရာတွေက ထိထိရောက်ရောက် စဉ်းစားပေးဖို့ လိုအပ်နေပါတယ်"ဟု သူရရွှေမန်းက ပြောဆိုကာ အချိန်လိုအပ်ကြောင်း ထောက်ပြသည်။

လွှတ်တော်အနေဖြင့် ပြုပြင်ပြောင်းလဲရေးကို အားပေးရန် အစိုးရနှင့် အဓိက ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဦးရွှေမန်းက ဆိုသည်။

"အောက်လွှတ်တော်ဟာ ဒီလိုဥပဒေတွေကို အတည်ပြုဖို့သာမကဘဲ သက်ဆိုင်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေကို အသေးစိတ် ဆွေးနွေးနိုင်ဖို့လည်း ကြိုးပမ်းသွားမှာပါ"ဟု အောက်လွှတ်တော် ဥက္ကဌက ပြောကြားသည်။

၂၀၀၈ ခုနှစ်က ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌတာဝန်ယူစဉ်အချိန်က ဗိုလ်ချုပ်ကြီးသူရရွှေမန်းသည် စစ်ဖက်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြောက်ကိုးရီးယားသို့ သွားရောက်ခဲ့ဖူးပြီး ၊ထိုစဉ်က ပြုံးယမ်းနှင့်စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာအောင် တာဝန်ယူခဲ့သည်ဟု ယုံကြည်ရသည်။

ဦးရွှေမန်းက မြောက်ကိုးရီးယားနှင့် ယခင် စစ်ဖက်ဆက်ဆံရေးကို ဝန်ခံခဲ့သော်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့ အမြဲတမ်း တိတိကျကျ လေးစားလိုက်နာခဲ့တယ်ဟု ပြောကြားသည်။

အမှန်စင်စစ် ဦးရွှေမန်းသည် မြောက်ကိုးရီယားထံမှ ဒုံးကျည်နည်းပညာ အစိတ်အပိုင်းများ၊ နျူကလိယားလက်နှက် အစီအစဉ်တို့ကို မြန်မာက လက်ခံရရှိခဲ့သည်ဟူသော သံသယသတင်းများကို ငြင်းဆန်ခဲ့ဖူးသည်။

ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးနှင့် နိုင်ငံရေးမူဝါဒများ၊ မဟာဗျူဟာများကို တိတ်တဆိတ် ကြိုးကိုင်နေသည်ဟု နိုင်ငံရေးဂုရုဟောင်းများ၏ သံသယဝင်ခြင်းကိုခံနေရဆဲဖြစ်သော ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ ဦးဆောင်ခဲ့သော ယခင် တပ်မတော်အစိုးရ လက်ထက် တွင် နံပါတ်(၃)အဆင့် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် ယခင်အစိုးရအကြီးအကဲ၏ အစီအစဉ်အရ ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲမတိုင်မီ တပ်မတော်မှ အငြိမ်းစားယူကာ အရပ်ဖက်နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

*****************************************

ဂျပန်ငွေရေးကြေးရေး ကုမ္မဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စောင့်စား

(9 June 2012 ရက်စွဲပါ The Japan Times မှ Junko Horiuchi ရေးသားသော Financial firms await Myanmar entry ကိုဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ပိတ်ပင်ထားဆဲ ဖြစ်သော်လည်း၊ အဓိက ဂျပန်ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ယခုထက်ပို၍ ပါဝင်ပတ်သက်ရန် ခြေလှမ်းလျှက်ရှိပြီး၊ မြန်မာအစိုးရက ၎င်းတို့ အပြည့်အဝ လုပ်ကိုင်ရန် မီးစိမ်းပြမည့် အချိန်ကို စောင့်ဆိုင်းလျှက် ရှိသည်။

“လောလောဆယ်တော့ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် စုဆောင်းဖြန့်ဝေခြင်းအတွက် အကန့်အသတ်နဲ့ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ပင်မငွေကြေးစီးပွားရေးလုပ်ငန်းကို ထူထောင်နိုင်လိမ့်လို့ ထင်ပါတယ်”ဟု Mizuho Corporate Bank မှ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးဌာနခွဲ ဒုအထွေထွေမန်နေဂျာ Tetsuya Akutsu က ပြောကြားသည်။

အဆိုပါဘဏ်သည် ၂၀၀၃ မှစ၍ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်တွင် ဧပြီလက ကိုယ်စားလှယ်ရုံးတစ်ရုံး ပြန်လည် ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် နိုင်ငံခြားဘဏ်များမှာ တင်းကြပ်သော စည်းမျဉ်းများအောက်တွင် ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ကိုယ်စားလှယ်ရုံးသာ ဖွင့်လှစ်ခွင့်ရှိပြီး၊ ဘဏ်လုပ်ငန်း သို့မဟုတ် နိုင်ငံခြား ငွေလဲလှယ်ခြင်းလုပ်ငန်းများကို လုပ်ကိုင်ခွင့် လိုင်စင်ခွင့်ပြုခြင်း မရှိသေးပေ။

“ကျွန်တော့်ကိုယ်ပိုင် အမြင်ကိုပြောရရင်၊ မြန်မာနိုင်ငံမှာ အစိုးရိမ်ရဆုံးကိစ္စက၊ ငွေကြေးကဏ္ဍမှာ တိုးတက်မှု အရမ်းနှေးကွေးတဲ့ ကိစ္စဖြစ်ပါတယ်။”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန နိုင်ငံတကာဗျူရို ဒုတိယညွှန်ကြားရေးမှူးချုပ် Daikichi Monma က ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဗဟိုဘဏ်အပါအဝင် သက်ဆိုင်တဲ့ အာဏာပိုင်တွေဟာ ငွေကြေးကဏ္ဍအတွက် ဦးတည်ချက် တစ်ခုချမှတ်ပြီး၊ ဘဏ်လုပ်ငန်း ကဏ္ဍမှာ စည်းမျဉ်းတွေ ဖြေလျော့ပေးဖို့ ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု Monma က ပြောသည်။

၎င်းက ပြောကြားရာတွင် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ဂျပန်ဘဏ်များသည် ထိုနိုင်ငံများတွင် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၌ အကြံပေးသော နေရာတွင် လုပ်ဆောင်ကြရကြောင်း၊ ထိုမှတဆင့် အလုပ်အကိုင် ဖန်တီးပေးမှုများ ဖြစ်စေကြောင်းပြောသည်။

အခြေအနေအရပ်ရပ် ကောင်းမွန်ခြင်း မရှိသေးသော်လည်း Mizuho၊ Sumitomo Mitsui Banking Corp၊ Bank of Tokyo-Mitshbishi UFJ၊ အပါအဝင် အဓိက ဂျပန်ဘဏ်များသည် ကိုယ်စားလှယ်ရုံးများဖွင့်၍ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွင် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကြိုတင်သိမြင်နိုင်ရန် သတင်းယူလျှက် ရှိသည်။

“မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်ရုံးရှိတဲ့အတွက်၊ ပြုပြင်ပြောင်းလဲမှုတွေရဲ့ ကနဦး လက္ခဏာတွေကို မြင်နိုင်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းနဲ့ မပတ်သက်ပေမယ့်လည်း၊ ကျွန်တော်တို့လုပ်ငန်း မပတ်သက် ပေမယ့်လည်း၊ ကျွန်တော်တို့ ကိုယ်စားလှယ်ရုံးတွေဟာ ဖောက်သည်တွေ မြန်မာနိုင်ငံကို လာတဲ့အခါ လမ်းညွှန်ပေးလို့ ရပါတယ်”ဟု Akutsu က ပြောသည်။

Sumitomo Mitsui Bankingက ပြောကြားရာတွင် မေလနှောင်းပိုင်းက ၎င်းသည် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်အား ဘဏ်ပညာရပ်များနှင့် စီမံခန့်ခွဲမှု နည်းပညာများ ပေးအပ်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။ အဆိုပါ လုပ်ဆောင်မှုမှာ မြန်မာနိုင်ငံတွင် မကြာသေးမီက ဒီမိုကရေစီ တိုးတက်မှုများတွင် ဂျပန်ဘဏ်များအနက် ပထမဆုံး လုပ်ဆောင်မှုဖြစ်ကြောင်း ၎င်းကပြောသည်။

ငွေကြေးဆိုင်ရာ စာချုပ်စာတမ်းများနှင့် သက်ဆိုင်သော ကဏ္ဍတွင်လည်း Daiwa Securiies Group Inc ၏ သုတေသနဌာနခွဲဖြစ်သော Daiwa Research Institute နှင့် Tokyo Stock Exchange Group Inc. တို့သည် မြန်မာနိုင်ငံတွင် ပထမဆုံး စတော့အိတ်ချိန်းထူထောင်ရန်နှင့် ငွေအရင်းအနှီး ဈေးကွက် တစ်ခုပျိုးထောင်ရန် သဘောတူခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အနာဂါတ်တွင် ဈေးကွက်အမှန်တကယ် ဖွံ့ဖြိုးလာပါက ပြိုင်ဆိုင်မှုအတွက် လက်ဦးမှုရရန် ရည်ရွယ်ခဲ့သည်။

ပြီးခဲ့သည့်လက Daiwa၊ TSE နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်တို့ လက်မှတ်ရေးထိုးခဲ့သည့် MOU တွင် ငွေကြေးဆိုင်ရာ စာချုပ်များလဲလှယ်ရေး ဒီဇိုင်းတွင် နည်းပညာဆိုင်ရာ အကူအညီပေးရေး၊ စတော့အိတ်ချိန်း စည်းမျဉ်းများ သတ်မှတ်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးရေးတွင် ထောက်ပံ့ကူညီရေး၊ ဘဏ္ဍာရေးနှင့် အရင်းအနှီးဈေးကွက်အတွက် ဆွေးနွေးပွဲများ ကျင်းပရေးပါဝင်သည်။

“ကျွန်တော်တို့နဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ ဆက်ဆံရေး အလွန်တရာ ချောမွေ့နေပါတယ်”ဟု TSEဥက္ကဌ Atsushi Saito က မကြာမီက ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “စတော့အိတ်ချိန်း ဈေးကွက် ဖွံ့ဖြိုးရေးကတော့ နှစ်အတန်ကြာ လိုအပ်ဦးမှာပါ၊ ၂၀၁၅ ဒါမှမဟုတ်၂၀၁၆ မှဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့ အခုမှစတာပါ”ဟု ၎င်းကပြောသည်။

စတော့အိတ်ချိန်းကဲ့သို့သော ရည်မှန်းချက်များ ထားရှိလင့်ကစား၊ မြန်မာပြည်သူများ၏ နေ့စဉ်ဘဝများသည် အခက်အခဲများနှင့် ရုန်းကန်နေရဆဲဖြစ်သည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ် မြန်မာနိုင်ငံ၏ စီးပွားရေးရာသီဥတု တိုးတက်ရေးအတွက် အရေးပါဖွယ်ရာ ရှိသည်။ သို့သော် ကြီးမားစွာ လိုအပ်ချက်များရှိနေသော အခြေခံအဆောက်အအုံများအတွက် ချက်ခြင်းဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပေ။

“ဂျပန်ကုမ္ပဏီများသည် မြန်မာနိုင်ငံတွင် ကဏ္ဍစုံ၌ ပါဝင်ရန်ကြီးစွာ စိတ်ဝင်စားလျက်ရှိကြပါတယ်။ ဒါပေမယ့် အမှန်တကယ် အလုပ်ဖြစ်လိမ့်မယ် ဆိုတဲ့အပေါ် ကျွန်တော် သံသယရှိနေပါတယ်။ လုပ်အားခ ဈေးပေါတယ်။ လူတွေကြိုးစားကြပါတယ်”ဟု Akutsu က ပြောသည်။

ထိုနေရာတွင် ဂျပန်အစိုးရက နှစ်ပေါင်း(၂၅)နှစ်အတွင်း အကူအညီများ အပြည့်အဝ ပြန်လည်ပေးအပ်ရန် မကြာမီက ဆုံးဖြတ်ခဲ့ရာ မြန်မာနိုင်ငံ၏ လူမှုရေးအခြေခံအဆောက်အဦး တိုးတက်ရေးအထောက်အကူ ဖြစ်ပြီး၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆွဲဆောင်လိမ့်မည် ဟု ၎င်းကပြောကြားခဲ့သည်။        

*****************************************

လောလောဆယ်နျူကလီယား လက်နှက်ရောင်းချရန် အစီအစဉ်မရှိဟု မြောက်ကိုးရီးယားပြော

(9 June 2012 ရက်စွဲပါ BBC News မှ North Korea မှ North Korea No plan for nuclear test 'at present'ကိုဘာသာပြန်ဆိုသည်။)

မြောက်ကိုးရီးယားက လက်ရှိအားဖြင့် တတိယအကြိမ် နျူကလီးယားစမ်းသပ်မှုပြုလုပ်ရန် အစီအစဉ် မရှိကြောင်း ပြောကြားခဲ့ပြီး ၎င်း၏ ပြောစကားအရ တောင်ကိုးရီးယား၏ ရန်စမှုကို လက်တုန့်ပြန်ခြင်းသာဖြစ်ကြောင်း ပြောခဲ့သည်။

ဆိုးလ်သည် DPRK အား စိတ်ဆွပေးရန် ကြိုးစားနေမှုကြောင့် နျူးကလီးယားစမ်းသပ်ရန် အကြောင်းဖန်လာစေသည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အဆိုပါ မှတ်ချက်များကို ပြုံးယမ်း၏ တရားဝင် အေဂျင်စီဖြစ်သော KCNA ကပြောခဲ့သည်။ ယခု မှတ်ချက်များမှာ ဂြိုလ်တုမှ ဒုံးပှံလွှတ်တင်သည့် နေရာတွင် အကြီးစား အဆင့်မြှင့်တင်မှုပုံများ ပေါ်ထွက်လာပြီး ရက်သတ္တပတ်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

Musudai-ri တွင် လုပ်ကိုင်နေမှုများမှာ ၂၀၁၂ နှစ်လယ်မှစတင်၍ လျင်မြန်စွာ တိုးတက်မှုရှိသည်ကို တွေ့ရကြောင်း အမေရိကန် အဖွဲ့အစည်း တစ်ခုက သုံးသပ်ထားသည်

ထို့ကြောင့် မြောက်ကိုရီးယားအနေဖြင့် တတိယအကြိမ် နျူကလီးယားစမ်းသပ်မှုများ ပြုလုပ်နိုင်သည်ဟု မှန်းဆချက်များ ထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယား ဧပြီလက မအောင်မြင်နိုင်သော ဒုံးပျံလွှတ်တင်မှု အပြီးတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း ပြုံးယမ်းအပေါ် အရေးယူမှုများပိုမို တင်းကျပ်ခဲ့ပြီး နောက်မှန်းဆချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုးရီးယား၏ ဒုံးပျံလွှတ်တင်မှုများကြောင့် ကုလသမဂ္ဂက အရေးယူမှုများ ချမှတ်မှုအပြီးတွင် ပြုံးယမ်းသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်တွင် နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်၍ တုန့်ပြန်ခဲ့သည်။

နျူကလီးယား စမ်းသပ်မှုများ ပြုလုပ်ခဲ့ပါက ဒေသတွင်းမှ လျင်မြန်သော သေချာသည့် တုန့်ပြန်မှုများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းအမေရိကန်က သတိပေးခဲ့ပြီး ပြုံးယမ်း၏ ထိုသို့လုပ်ဆောင်မှုသည် ကြီးမားသည့် တွက်ချက်မှု မှားယွင်းချက်တစ်ခုဖြစ်ကြောင်း ပြောခဲ့သည်။ ခေါင်းဆောင်ကင်ဂျုံအီ ဒီဇင်ဘာလက သေဆုံးပြီး ၎င်း၏သား ကင်ဂျုံအွန်းကို ဆက်ခံစေအပြီးတွင် ပြုံးယမ်း၏ ဒုံးကျည်နှင့် နျူကလီယား ရည်မှန်းချက်များကို အများက သေချာစွာစောင့်ကြည့်နေခဲ့ကြသည်။

--------------------------------------------------------------------------------------------------------------------------------


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs