Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၆.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဦးစားပေးပြုပြင်ပြောင်းလဲရေး အစီအစဉ်များ

*****************************************

ဆောင်းပါးကဏ္ဍ

ဦးစားပေးပြုပြင်ပြောင်းလဲရေး အစီအစဉ်များ

မောင်ရန်အေး

(ဇွန်လ(၁၃)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂)၊အမှတ်(၉၈)တွင်ပါရှိသည့် ဆောင်းပါးမှ ကူးယူဖော်ပြသည်)

ဒီဘက်ပိုင်းတွေမှာ ကျွန်တော်စိတ်အဝင်စားဆုံး အကြောင်းအရာက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုအပိုင်းပါ။ ကျွန်တော် စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့် ပတ်သက်လို့၊ ဘာတွေလုပ်ကြလဲ၊ ဘာတွေလုပ်ကြမလဲ။ ဘာတွေလုပ်ဖို့ အကြံဥာဏ်တွေပေးကြသလဲ ဆိုတာတွေဟာ အတော်လေး စိတ် ဝင်စားစရာ ကောင်းပါတယ်။

ပြုပြင် ပြောင်းလဲရေးတွေဟာ မြန်မာနိုင်ငံစီပွားရေး တိုးတက်မှုအတွက် အဓိကကျတယ်ဆိုတာတော့ ကျွန်တော်တို့အားလုံး လက်ခံယုံကြည် ထားပြီးသားပါ။ လုပ်ပြီးသမျှ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါ မြန်မာနိုင်ငံက နည်းနည်းလေးပဲလုပ်မှာပါလို့ တွက်ဆတာနည်းပါတယ်။ ဟိုဟာလည်း လုပ်ပါလား။ ဒီဟာလေးလည်း လုပ်ပါလားလို့ ဝိုင်းပြီးတောင်းဆိုနေကြတာ အများကြီးပါ။ မြန်မာနိုင်ငံကလည်း အားလုံး ပြုပြင်ပြောင်းလဲမှု လုပ်ချင်တာပါ။ ဒီနေရာမှာ တောင်းဆိုမှုတွေ များလွန်းမှာရယ်၊ ပြင်ဆင်တာတွေ များပြီး မတည်မငြိမ်ဖြစ်လို့  မပြင်မဆင်ချင်သူတွေရဲ့ အကြိုက်ဖြစ်သွားမှာကို စိုးရိမ် လာ ကြပါတယ်။အရေးအကြီးဆုံးက ရှေ့ တက်တယ်ဆိုတာ နောက်ပြန်ဆုတ်ဖို့မှ မဟုတ်တာ။

ငွေလဲနှုန်းပြောင်းတာဟာ ဧရာမ ပြုပြင်ပြောင်းလဲမှုကြီးပါ။ ဒါပေမယ့် လူများစုက ဆင်းရဲနေကြသေးတယ်။ စီပွားရေး မူဝါဒ အပြောင်းအလဲတွေ ကြောင့် ပေါ်ပေါက်လာနိုင်တဲ့ ဒုက္ခတွေကနေ သက်သာရာ သက်သာကြောင်း ပိုက်ကွန်သဖွယ် ဖြစ်စေမယ့် လူမှုဖူလုံရေးအစီအစဉ်တွေ မရှိသေးပါဘူး။ ဒါကြောင့် ပညာရှင်အများစုက အကျိုးသက်ရောက်မှု မြန်ဆန်တဲ့ ဝင်ငွေချက်ချင်း တိုပွားစေနိုင်ပြီး ဆင်းရဲနွမ်းပါစေမယ့် ပြုပြင်ပြောင်းလဲမှုတွေကို ဦးစား ပေးလုပ်ဖို့  အကြံပြုနေကြတာပါ။ ဒါမှသာ စီပွားရေးပြုပြင်ပြောင်းလဲမှုတွေဟာ ကြွယ်ဝအောင် ဆောင်ရွက်နိုင်တယ်လို့ လက်ခံပြီး ဆက်ပြီးပြုပြင် ပြောင်းလဲဖို့ ထောက်ခံမှုတွေ တိုးပွားလာနိုင်ပါတယ်။ ခေတ်ပေါ် ဘောဂဗေဒစကားနဲ့ပြောရရင် အစိုးရဟာ အဟန့်အတား ဖြစ်နေတာတွေ ဖယ်ရှား ပြုပြင်ရမှာပါ။

မြန်မာနိုင်ငံရဲ့ စီးပွားရေးကိုကြည့်တဲ့အခါ ဖယ်ရှားရမယ့် အဟန့်အတား(၃)ခု တွေ့ရပါတယ်။အဲဒါက အစိုးရနဲ့  အခြေခံ အဆောက်အအုံတွေ အတွက် ငွေကြေး လုံလုံလောက်လောက် မရှိတာ၊ပုဂ္ဂလိကရဲ့ကြိုးပမ်း အားထုတ်မှုကို အဟန့်အတားဖြစ်စေတဲ့ လိုင်စင်တွေ၊ ထိန်းချုပ်မှုတွေ ရှိနေတာ၊ ဒီလိုင်စင်တွေ၊ အထိန်းအချုပ်တွေကြောင့်ပဲ ဝန်ထမ်းတွေကို အကျင့်ပျက်စေတာပါ။ နောက်ထပ်အဟန့်အတား တစ်ခုကတော့ စိုက်ပျိုးရေးနဲ့ စက်မှု ကုန်စည်ရောင်းဝယ်မှုကို အဟန့် အတားဖြစ်နေတဲ့ အခွန်အကောက်နဲ့ အခွန်အကောက်မဟုတ်တဲ့ အတားအဆီးတွေ ဖြစ်တယ်လို့ ပညာရှင် တစ်ဦးက ရှုမြင်ပါတယ်။

ပြီးတော့တိုးတက်မှု စဉ်ဆက်မပြတ် ဖြစ်ပေါ်ဖို့ တိုးတက်ရေးခရီးလမ်းမှာ ဘယ်သူဘယ်ဝါမှ မကျန်ခဲ့စေဖို့အတွက် သဘာဝသံယံဇာတ စီမံ ခန့်ခွဲမှုနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။

ပထမဦးစားပေးရမယ့် ပြုပြင်ပြောင်းလဲမှု နဲ့ပတ်သက်လို့ အစိုးရဟာ ငွေကြေးအင်အား ပြည့်စုံဖို့ လိုပါတယ်။ ဒေသန္တရ အစိုးရဟာ ငွေကြေး အင်အား ပြည့်စုံဖို့လိုပါတယ်။ ဒေသန္တရ အစိုးရတွေနဲ့ စစ်ဖက် အဖွဲ့အစည်းတွေကို မှန်မှန်ကန်ကန်နဲ့ သင့်တင့်လျောက်ပတ်စွာ ဘတ်ဂျတ်ကနေ ထည့်ဝင် ပေးဖို့ လိုပါမယ်။ ဒါမှသာ တခြားနည်းနဲ့  ပြည်သူလူထုဆီက ငွေရအောင် ကြံစည်အားထုတ်နေတာ တွေဖယ်ရှားနိုင်ပါတယ်။ ဒီ့အပြင် အလွန်တရာ လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံတွေ၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမှလည်း ထုတ်လုပ်မှုစရိတ်တွေ သက်သာမယ်၊ နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားလာမယ်၊ သဘာဝဓာတ်ငွေ့ မဟုတ်တဲ့ အခြားပို့ကုန်တွေ မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ ပို့နိုင် ဖို့အတွက် ကျေးလက်ဒေသ တွေကို ဆက်သွယ်ထားတဲ့ လမ်းတွေ၊ ဆိပ်ကမ်းတွေကောင်းမွန်ဖို့ အရေးကြီးတယ်။ အစီအစဉ်ကတော့ ပညာရှိများ အကြံပြုကြတဲ့ ဒုတိယဦးစားပေး အစိုးရ (ဒါမှမဟုတ်) တပ်မတော်ရဲ့  အုပ်ချုပ်မှုအောက်က ကင်းလွတ်တဲ့ ပုဂ္ဂလိက လုပ်ငန်းတွေ တည်ထောင်ခွင့် ပြုဖို့ ဘဏ်တွေက သူတို့ကို ချေးငွေတွေ ထပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေဟာ သူ့ဥပဒေ၊ သူ့နိယာမသဘောအတိုင်း မလည်ပတ်နိုင်ကြ၊ မလိုက်နာနိုင်ကြဘူး။ ဒီနေရာတွေမှာ လက်ရှိ တွေ့ကြုံနေရသေးတဲ့  အစိုးရရဲ့လုပ်ရပ်တွေဟာ အဟန့်အတား တစ်ခုလို ဖြစ်၊ ကမောက်ကမဖြစ်စေနိုင်ပြီး ဘယ်အချိန် ဘာလုပ်မလဲဆိုတာလည်း ကြိုတင်တွက်ဆထားလို့၊ မှန်းဆထားလို့ မရဘူးလို့ ရှုမြင်ကြပါတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိက ရင်းနှီးမြှပ်နှံသူ တွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကို လေးစားမှု၊ အသိအမှတ်ပြုမှု ရှိမှသာ ရင်းနှီးမြှပ်နှံမှုနဲ့ ထုတ်လုပ်မှု တိုးတက်လာပြီး ကြွယ်ဝချမ်းသာလာနိုင်တယ်ဆိုတာကို သဘောပေါက် ထားဖို့ လိုပါတယ်။

တတိယဦးစားပေး ဖို့ကောင်းတဲ့ အစီအစဉ်ကတော့ အခု အစိုးရက ကြေငြာထားသလို သွင်းကုန်ပို့ကုန်အပေါ် ချမှတ်ထားတဲ့ အချုပ်အချယ် အတားအဆီးတွေ ပယ်ဖျက်ဖို့ပါ။ အဟန့်အတား တွေဖယ်လိုက်၍ အဝင်အထွက် စီးဆင်းမှု ချောမွေ့နိုင်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိုပါ အားကိုး အားထားလုပ်ရာကနေ ထုတ်လုပ်မှု အခြေခံကျယ်ပြန့် လာနိုင်ပါတယ်။

စတုတ္ထဦးစားပေးအစီအစဉ်က သဘာဝသံယံဇာတ စီမံခန့်ခွဲမှုပါ။ သဘာဝသံယံဇာတတွေဟာ နိုင်ငံအဆင့် စီးပွားရေး အခြေအနေ အပြောင်း အလဲတွေရဲ့ဒဏ်ကို ခံရချင်ပါက ဒေသခံပတ်ဝန်းကျင်နဲ့ ဒေသခံ ပြည်သူတွေကို ထိခိုက်မှု မဖြစ်စေရပါဘူး။ ကုန်ခမ်းနိုင်တဲ့ သဘာဝ သံယံဇာတ တွေက နေရရှိတဲ့ ဝင်ငွေတွေကို ပြန်လည်ထုတ်လုပ်နိုင်စွမ်းရှိတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေအတွက် မြှပ်နှံရပါမယ်။ အထူးသဖြင့် သဘာဝ သံယံဇာတတွေဟာ တိုင်းရင်းသားလူနည်းစုတွေ နေထိုင်ရာမှာ ရှိနေတဲ့ မြန်မာနိုင်ငံအတွက် ဒီကိစ္စဟာ အထူးအရေးကြီးပါတယ်။ သေသေချာချာ ထိန်းသိမ်းမှုမရှိရင် ရေရှည် တိုးတက်ဖွံ့ဖြိုး တစ်စုံတစ်ရာမရှိဘဲ သဘာဝ သယံဇာတတွေ အလျင်အမြန်ကုန်ခမ်းသွားနိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် သဘာဝ သံယံဇာတတွေက နေရတဲ့ အကျိုးအမြတ်တွေကို သီးခြားရံပုံငွေတစ်ခုခွဲထား၊တိကျရှင်းလင်းတဲ့ စည်မျဉ်းစည်းကမ်းတွေနဲ့ သေသေချာချာ စီမံအုပ်ချုပ်သင့်ပါတယ်။ သဘာဝ သံယံ ဇာတတွေကနေ ရေရှည်ရလာမယ့် ဝင်ငွေတွေကို တိုင်းရင်းသားလူနည်းစု ဒေသဖွံ့ဖြိုးရေးအပါအဝင် အများပြည်သူအတွက် ရင်းနှီးမြှပ်နှံမှု စဉ်ဆက်မပြတ် ဆောင်ရွက်ရာမှာ အသုံးပြုနိုင်ပါတယ်။

ပဉ္စမဦးစားပေး အစီအစဉ်က အာရှဖွံ့ဖြိုးရေးဘဏ်တို့ ကမ္ဘာ့ဘဏ်တို့မှာ တင်နေတဲ့ အကြွေးကိုဆပ်တဲ့အခါ အကူအညီရဖို့ နိုင်ငံတကာ အဝိုင်းအဝန်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ပါ။ ကြွေးဟောင်းတွေဆပ်နိုင်မှ ချေးငွေတွေရနိုင်မှာ ဖြစ်ပါတယ်။ အခုလောလောဆယ် မြန်မာနိုင်ငံရဲ့ပြည်ပ အကြွေးဟာ ဒေါ်လာသန်း၅၅၀၀ လောက် ရှိပါတယ်။ မြန်မာအစိုးရဟာ ဒီအကြွေးကို ဆပ်နိုင်တဲ့ အရင်းအမြစ်မရှိပါဘူး။ ဒါ့ကြောင့် ဒီအကြွေးတွေကို ဆပ်ဖို့ အစိုးရချင်းအကူအညီပေးမှုကို အားကိုး အားထား လုပ်ရပါမယ်။

ဦးစားပေးအစီအစဉ် ၅ခု အထိ ချုံ့ပစ်လိုက်တာတောင်မှ ပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှုတွေဟာသိပ်လွယ်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ သန္နိဌာန်ချမှတ်ထားတဲ့ အတွက်အရှိန်ရသွားနိုင်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေဟာ မလုပ်လို့မရပါဘူး။ သေသေချာချာလည်း စီစဉ်ဖို့ လိုပါတယ်။ နိုင်ငံရဲ့ အကောင်အထည် ဖော်နိုင်စွမ်းနဲ့လည်း ကိုက်ညီရပါမယ်။ နိုင်ငံတကာ အဝိုင်းအဝန်းအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်။ မြန်မာအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး။ မြန်မာ့ စည်းမျဉ်းစည်း ကမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်ဘက် မဖြစ်စေရပါဘူး။ လိုက်လျောညီထွေဖို့ အထောက်အကူဖြစ်ဖို့ လိုပါတယ်။

တစ်ခါတစ်လေမှာ နောက်ဘက်ကိုပြန်ပြီး တွန်းပို့တာမျိုးတွေ၊ မလွှဲသာမရှောင်သာ ကြုံတွေ့ရတတ်ပေမယ့် နိုင်ငံ တကာအဝိုင်းအဝန်အနေနဲ့ ရေရှည်မြင်ဖို့၊ ကွဲဖို့လိုပါတယ်။ မြန်မာနိုင်ငံရဲ့ မဟာဗျူဟာမြောက် ပထဝီအနေအထားရယ်၊ သဘာဝသံယံဇာတ ကြွယ်ဝမှုရယ်က နိုင်ငံနည်းနည်းပဲ ရရှိ ပိုင်ဆိုင်နိုင်တဲ့ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ အဲဒီ အခွင့်အလမ်းတွေကို စဉ်ဆက်မပြတ်တိုးတက်ဖို့ ဘယ်သူမှ ကျန်မနေတဲ့ တိုးတက်မှုဖြစ်ဖို့ ခိုင်မာတဲ့ အုတ်မြစ်တွေ ဖြစ်လာအောင် အသုံး ပြုနိုင်တဲ့ ထူးခြားတဲ့ အခွင့်အရေး ရှိနေပါတယ်။

ရည်ညွှန်း-Vinom Nehru- Myanmar five economic priorities

 *****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

၁၃.၆.၂၀၁၂

ပြည်တွင်းသတင်းများ

  1. မိုးထိမိုးမိဒေသ ချီတက်ဆန္ဒထုတ်ဖော်သူ ရွှေလုပ်သားများ ရွှေမြင်တောင်ဒေသတွင် ပိတ်ဆိုခံရ
  1. ကျုးကျော်အိမ်များ ဖယ်ရှားမှုပြဿနာကြောင့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မှု ယာယီရပ်နား
  2. မွေးမြူရေးဇုန်မြေကွက်များ လုပ်ကိုင်ခြင်းမရှိပါက ပြန်သိမ်းယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ရခိုင်အရေးနှင့် ပတ်သက်၍ NDFပါတီသဘောထား ထုတ်ပြန်ကြေညာ
  2. ကိုယ်စားလှယ်ဖြိုးမင်းသိန်းအား ကန့်ကွက်မှုပလပ်ရန် ဇွန် ၁၁ တွင်ဆုံးဖြတ်မည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

************************

ပြည်တွင်းသတင်းများ

မိုးထိမိုးမိဒေသ ချီတက်ဆန္ဒထုတ်ဖော်သူ ရွှေလုပ်သားများ ရွှေမြင်တောင်ဒေသတွင် ပိတ်ဆိုခံရ

မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ မိုးထိမိုးမိဒေသရှိ ချီတက်ဆန္ဒထုတ်ဖော်သူ ရွှေလုပ်သားများ ရွှေမြင်တောင်အနီးတွင် ပိတ်ဆို့ ခံထားရကြောင်း သိရသည်။

၎င်းတို့၏ ဆုံးရူံးနစ်နစ်နာမူများကို တောင်းဆိုရန် နေပြည်တော်ရှိ သမ္မတအိမ်တော်နှင့် သတ္ထုတွင်းဝန်ကြီးဌာနအထိ ချီတက်တောင်းဆိုရန် ရည်ရွယ်ထားပြီး ဇွန်လ(၁၁)ရက်နေ့ နံနက်ပိုင်းတွင် စတင်ထွက်ခွာခဲ့ကြပြီး ယင်းနေ့ နံနက်ပိုင်း၌ တောင်ခြေနှင့်မိုင်(၄၀)ခန့် ကွာဝေးသော ရွှေမြင်တင် ဒေသတွင် ပိတ်ဆိုခံထားရ ခြင်းဖြစ်ကြောင်း သိရသည်။

"လုံခြုံရေးအင်းအား (၆၀၀)ကျော်မယ်၊ မနေ့က ည၁နာရီလောက်ကစတင်ပြီး ပိတ်ဆို့ထားတာပါ၊ ခုတော့ ကျွန်တော်တို့ ခေါင်းဆောင်တွေနဲ့ သတ္ထုတွင်းဝန်ကြီးဌာနက လူတွေ ဆွေးနွေးနေပါပြီ"ဟု ရွှေလုပ်သားများအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ (၁၂)ရက် နေ့လည်(၂)နာရီတွင် ပြောကြား သည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုများကို ယခုလ(၁)ရက်နေ့ စတင်ခဲ့သော်လည်း အာဏာပိုင်များနှင့် အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီတို့မှ လိုက်လျောမှု တစ်ခုမှမရှိသေးကြောင်းမှုကြောင့် နေပြည်တော်အထိ ချီတက်တောင်းဆိုရန် စီစဉ်ခြင်းဖြစ်ကြောင်း၊ အဓိက တောင်းဆိုထားသော အချက် ငါးချက်မှာ (၁) လေးပေကျင်းများနှင့် အက်တာများ ယခင် အတိုင်း ပြန်လည်ရရှိရေး (၂) ဇုန်အတွင်း စက်များ ပြန်လည်လည်ပတ်နိုင်ရေး (၃) ရွေလုပ်သား များ ယခင်အကျိုးခံစားခွင့်များ ပြန်လည်ရရှိရေး (၄) လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ပပျောက်ရေး (၅) ဒီမိုကရေစီ စီးပွားရေးစနစ် အကောင်အထည် ပေါ်ရေးတို့ ဖြစ်ပြီး ရွှေလုပ်သားများအဖွဲ့ကို ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်၊ အတွင်းရေးမှူး ဦးသက်လွင်၊ဘဏ္ဍာရေးမှူး ဦးသိန်းတို့ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

မိုးထိ၊ မိုးမိဒေသတွင်း ယခင်နှစ် စက်တင်ဘာလမှ ရွှေတူးဖော်ခြင်းလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ပြီး အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ပြည်ထောင်စုအစိုးရမှ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ လီမိတက်ကို ကန်ထရိုက်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုလိုက်ခြင်းကြောင့် ယခင် လယ်ယာကျွဲနွားများ ရောင်းချလုပ်ကိုင်ခဲ့ရသော ကနဦး ရင်းနှီးမြုပ်နှံသူများမှာ များစွာ အခက်အခဲ ဖြစ်နေရကြောင်း သိရ သည်။

PL

-----------------------------------------------------------------------------------------------------------------------------------

ကျုးကျော်အိမ်များ ဖယ်ရှားမှုပြဿနာကြောင့် တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်မှု ယာယီရပ်နား

အင်းစိန်မြို့နယ်အတွင်း တော်ဝင်မိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်သည့် တန်ဖိုးနည်းအိမ်ရာ မုဒိတာ(၁)နှင့် (၂)တွင် တန်ဖိုးနည်းအိမ်ရာ မုဒိတာ (၂)မြေပေါ်တွင် ကျုးကျော်အိမ်များ လျော်ကြေးပေးဖယ်ရှားမှု ပြဿနာများကြောင့် ဆောက်လုပ်မှု ယာယီ ရပ်နားထားရ ကြောင်း တော်ဝင်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တန်ဖိုးနည်းအိမ်ရာတွေ ဆောက်လုပ်တာ မုဒိတာ(၁)ကတော့ အဆင်ပြေပြေနဲ့ပြီးသွားပေမယ့် မုဒိတာ(၂)ကတော့ ပြဿနာနည်းနည်း ရှိနေ သေးတဲ့အတွက် ဆောက်လုပ်ခွင့်မရသေးလို့ ရပ်ထားရတာ နှစ်လလောက်ရှိပြီ။ ခုချိန်ထိ အခန်းသော့တွေကို မအပ်နိုင်သေးဘူး”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

တန်ဖိုးနည်းအိမ်ရာ မုဒိတာ(၂) ဆောက်လုပ်ခွင့်ရပ်နားထားရခြင်းမှာ ကျူးကျော်အိမ်များအား လျော်ကြေးပေးဖယ် ရှားသည့် ပြဿနာများကို အစပြု၍ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး တန်ဖိုးနည်းအိမ်ရာများဖြစ်သည့် မုဒိတာ(၁)နှင့် မုဒိတာ(၂) အိမ်ရာများကို လစဉ်အရစ်ကျ စနစ်ဖြင့် ရောင်းချပေးသွား မည်ဖြစ်ကြောင်း သိရသည်။

“ဦး ဝယ်လိုက်တဲ့မြေထဲမှာ ကျူးကျော်တွေပါလာပြီး သူတို့မြေကို ဝယ်တုန်းက သုံးသောင်းနဲ့ဝယ်ပြီး လာပြန်ရောင်းတော့ သုံးသိန်းနဲ့ ရောင်း တယ်။ ဒီလိုနဲ့ ဖြစ်လာတာ သိန်း ၈၀အထိ ဖြစ်သွားတယ်။ ဒီတော့ သုံးသိန်းနဲ့ ရောင်းခဲ့တဲ့သူတွေက သူတို့ကို ဦးကိုကိုထွေးက ဈေနှိမ်ပြီး ဝယ်ပါတယ်ဆိုပြီး ဖြစ်လာတယ်။ ပြီးတော့ ပိာုးအပေါ်မြောင်းတွေက ရေလျှံတာလည်း ဦးကြောင့်ပါဆိုပြီး လိုက်အော်တယ်”ပာု တော်ဝင်ကုမ္ပဏီမှ ဦးကိုကိုထွေးက ပြောကြား ကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် Venus ဂျာနယ်တွင် ဖော်ပြပါရှိသည်။

တန်ဖိုးနည်းအိမ်ရာ မုဒိတာ(၁)၏ အရောင်းဈေးနှုန်းမှာ ၁၂၈ သိန်းဖြစ်ပြီး စရန်ပေးချေရမည့် ငွေကြေးပမာဏမှာ ၂၈ သိန်းဖြစ်၍ လစဉ် အရစ် ကျသွင်းရမည့် ပမာဏမာ သုံးသိန်းဖြစ်ပြီး မုဒိတာ(၁)အား အခန်းပေါင်း ၁၅၇၅ ခန်းဖြင့် ဖွဲ့စည်းထားပြီး မုဒိတာ(၂)တွင် အခန်းပေါင်း ၁၈၀၀ ခန်းဖြင့် ဖွဲ့ စည်းထားကြောင်း တော်ဝင်မိသားစုဆောက်လုပ်ရေး လုပ်ငန်းမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။

Ref:Venus

-----------------------------------------------------------------------------------------------------------------------------------

မွေးမြူရေးဇုန်မြေကွက်များ လုပ်ကိုင်ခြင်းမရှိပါက ပြန်သိမ်းယူမည်

နိုင်ငံတော်မှ ၂၀၀၇ ခုနှစ်ကတည်းက အခမဲ့လုပ်ကိုင်ခွင့်ပေးထားသော မွေးမြူရေးဇုန်မြေများကို နှစ်လအတွင်း လုပ်ဆောင်ခြင်းမရှိပါက သြဂုတ်လအတွင်း ပြန်လည်သိမ်းယူသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီး ဌာနက သတင်းထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်မှ အခမဲ့လုပ်ကိုင်ခွင့်ပြုထားသော မွေးမြူရေးဇုန်မြေကွက်များမှာ နေပြည်တော် တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်နှင့် ရမည်းသင်း မြို့နယ်တို့မှ မြေကွက်များဖြစ်ပြီး သြဂုတ်လနောက်ဆုံးထား၍ ယင်းမြေကွက်များအတွင်း မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

“အဲဒီဇုန်တွေက အခမဲ့ ပေးထားတာပါ။ အစိုးရက အခမဲ့ပေးထားတဲ့အတွက် တကယ်လို့ ပြန်သိမ်းသွားရင်လည်း လုပ်ကွက် ရယူထားသူတွေက အရမ်းကြီး မထိခိုက်နိုင်ကြပါဘူး။ ပြီးရင် ပြန်သိမ်းပြီးတာနဲ့ တကယ်လုပ်နိုင်တဲ့ သူတွေကို ပြန်ခွဲပေးမယ်လို့ သိထားတယ်” ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောကြားကြောင်း ပြည်တွင်း အပတ်စဉ်ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြပါရှိသည်။

ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်မှ အခမဲ့လုပ်ကိုင်ခွင့်ပေးထားသော မွေးမြူဇုန်မြေကွက်များအား လက်ခံ သူများမှာ မွေးမြူရေးအမှန် တကယ်လုပ်ကိုင်ရန်မပာုတ်ဘဲ လုပ်ကွက်ရရှိရေး အတွက်သာ ဦးစားပေး ရယူခဲ့ခြင်းဖြစ်သည့်အတွက် အမှန်တကယ် မွေးမြူ ရေးလုပ်ကိုင်သူများကို မြေကွက်များ ပြန်လည်ခွဲ ဝေပေးမည်ဖြစ်ကြောင်းကြေညာချက်တွင် ဖော်ပြပါရှိသည်။

မွေးမြူရေးဇုန်များမှာ တပ်ကုန်းမြို့နယ်တွင် ကံကြီးဇုန်၊ ရွှေမြို့ဇုန်၊ လယ်ဝေးမြို့နယ်တွင် ပြောင်ခေါင်းကြီးဇုန်၊ မီးပြင်ဇုန်၊ ရမည်းသင်းမြို့နယ် တွင် နဘူးကျင်းဇုန်၊ ထီးလှိုင်ဇုန်နှင့် ရေဦးဇုန်များဖြစ်ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြပါရှိသည်။

Ref:ပြည်မြန်မာ

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ရခိုင်အရေးနှင့် ပတ်သက်၍ NDFပါတီသဘောထား ထုတ်ပြန်ကြေညာ

ဇွန်လ ၁၁ ရက်နေ့ ရက်စွဲဖြင့် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီမှ ရခိုင်အရေးကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထား ကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာခဲ့ကြောင်း NDF ပါတီမှ ဗဟိုအလုပ်အမှုဆောင် တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

"ဒီသဘောထားထုတ်ပြန်ကြေညာချက်ထဲမှာ အရင်စဖြစ်တုန်းက သက်ဆိုင်ရာက အချိန်မီ မဆောင်ရွက်နိုင်တာ ကြောင့် အခုလိုမျိုး ဝမ်းနည်း ဖွယ်ရာတွေ ကြုံတွေ့နေရတာဖြစ်တယ်ဆိုတာ၊ ဒီအဖြစ်အပျက်က လူမျိုးရေး၊ဘာသာရေးကို အခြေခံပြီး ဖြစ်တာမဟုတ်ပဲ လူတစ်စုနဲ့ တစ်စု ခိုက်ရန် ဖြစ်ပွားတာကနေပြီး စတာဖြစ်တဲ့အတွက် အဲဒီရာဇဝတ်မှုကို တရားဥပဒေအရ အမြန်ဆုံးဆောင်ရွက်ဖို့ဆိုတာတွေကို ထည့်သွင်း ထားပါတယ်"ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယင်းကြေညာချက်ထဲ၌ ယခုဖြစ်ပွားသည့် အကြမ်းဖက်မှုများသည် ဘာသာရေး၊ လူမျိုးရေးတို့နှင့် ပတ်သက်၍ ဖြစ်ပွားခြင်း မဟုတ် ကြောင်း၊ ယင်းအဖြစ်အပျက်အား ရှုထောင့်ပေါင်းစုံမှ မရှုမြင်ဘဲ ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်စေရန်၊ ယင်းအဖြစ်အပျက်များအား အမြန်ဆုံးချုပ် ငြိမ်းစေရန်၊ မြန်မာပြည်သူများရရှိသင့်သည့် အခြေခံအခွင့်အရေးများ၊ တရားဥပဒေစိုးမိုးရေးနှင့် မျှတသည့်တရားစီရင်ရေးစနစ်တို့ ရရှိစေရန်တို့ကို ထည့်သွင်းပြောကြားထားပြီး ယခုအရေးကိစ္စသည် ပြည်တွင်းရေးသာဖြစ်ပြီး အခြားပြင်ပနိုင်ငံများမှ ဝင်ရောက်စွက်ဖက်မှု လှုံ့ဆော်မှု မပြုလုပ်ရန် ပြည်သူများအနေဖြင့် လိုလားကြောင်းတို့ ပါဝင်သည်ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

အဆိုပါရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းအချို့မှ ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ကြေညာခဲ့ကြပြီး ဇွန်လ ၁၀ ရက်နေ့၌ ရန်ကုန်မြို့ ရွှေတိဂုံဘုရားကုန်းတော်ပေါ်ရှိ ရခိုင်တန်ဆောင်းတွင် ရခိုင်ဒုက္ခသည်များအတွက် လေးရပ်ဝတီ ငြိမ်းချမ်းရေးအဖွဲ့ ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ထို့နောက် အမျိုးသားဒီမိုကရေစီအင်အားစုပါတီသည် လာမည့် ဇွန်လ ၁၆ ရက်နေ့ မနက် ၁၀နာရီမှစတင်၍ တတိယအကြိမ် ဗဟိုဦးစီး ကော်မတီအစည်းအဝေးအား ကျင်းပပြုလုပ်ရန်ရှိကြောင်း သတင်းရရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ကိုယ်စားလှယ်ဖြိုးမင်းသိန်းအား ကန့်ကွက်မှုပလပ်ရန် ဇွန် ၁၁ တွင်ဆုံးဖြတ်မည်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လှည်းကူးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ပြည်ခိုင်ဖြိုးပါတီမှ ကန့် ကွက်မှုကို ပလပ်ပေးရန် ဦးတည်လျှောက်ထားမှုအား ဇွန်လ ၁၁ ရက်နေ့တွင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လှည်းကူးမြို့နယ်ကနေ NLD ပါတီက ဦးဖြိုးမင်းသိန်း၊ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူနဲ မြန်မာ့လူ့ဘောင်သစ်ပါတီက ဦးဇင်အောင်တို့က ဝင်ပြိုင်ပါတယ်။ ဦးဖြိုးမင်းသိန်းက အနိုင်သွားတော့ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာအောင်မြတ်သူက ရွေးကောက်ပွဲမသမာမှုဆိုပြီး အချက် ၈ ချက်နဲ့ ကန့်ကွက်ထားပါတယ်။ ကော်မရှင်ခုံရုံက အချက် ၃ ချက်ကိုပဲ အတည်ပြုခဲ့ပါတယ်။ လက်ရှိအချိန်တော့ ရုံးချိန်း ၅ ကြိမ်သွားပြီးပါပြီ”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၂ ဇွန်လ ၄ ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းအား ကန့်ကွက်မှုနှင့် ပတ်သက်၍ ငြင်းချက်ထုတ်ရာတွင် ပြည်ခိုင်ဖြိုးပါတီမှ ဒေါက်တာအောင်မြတ်သူ လာရောက်ခဲ့ခြင်း မရှိသည့်အတွက် ယင်းအမှုအား ပလပ်ရန် ဦးတိုက်လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းမှ တရားစီရင်ရေးလမ်းကြောင်းနှင့် တရားစီရင်ရေးလုပ်ထုံး လုပ်နည်းများအရ လျှောက်ထုံးဖြတ်ထုံးများနှင့်တကွ လျှောက်ထုံးနမူနာသုံးခုဖြင့် ရွေးကောက်ပွဲကော်မရှင်ခုံရုံးတွင် ကိုးကားတင်ပြထားကြောင်း သိရ သည်။

“ပြီးခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း မဲဆွယ်စည်းရုံးခဲ့ရာမှာ အသုံးပြုခဲ့တဲ့ လက်ကမ်း ကြေငြာနဲ့ ဗွီနိုင်းတွေမှာ ပုံနှိပ်ထုတ်ဝေခွင့်နဲ့ ပုံနှိပ်ထုတ်ဝေသူ အမည်မပါရှိတာ၊ မဲဆန္ဒရှင်တွေနဲ့ ဦးဖြိုးမင်းသိန်း တွေ့ဆုံစည်းရုံးစဉ်မှာ ဘာသာရေး၊ လူမျိုး ရေးနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ ရွာတစ်ရွာမှာ တစ်ရွာလုံးကို ထမင်းကျွေးပြီး မဲဆွယ်စည်းရုံးတာတွေကို  ရွေးကောက်ပွဲကော်မရှင်ခုံရုံးက လက်ခံစစ်ဆေး နေတာပါ”ပာု ၎င်းက ဆက် လက်ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် လစ်လပ်မဲဆန္ဒနယ် (၄၅)နေရာအနက် မဲဆန္ဒနယ် (၄၃) နေရာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အနိုင်ရရှိခဲ့သည်။

Ref:ရန်ကုန်တိုင်းမ်

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ရိုဟင်ဂျာပြဿနာကို ဘယ်တော့မှလက်ခံနိုင်တဲ့ နိုင်ငံမရှိဘူး ဖြစ်နေတယ်။ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုအရ ကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လူမျိုးရဲ့ သဘောကောင်းမှုကို အခွင့်အရေးယူပြီး နိုင်ငံကြီးတွေက အားနည်းတဲ့နိုင်ငံတွေက ဒီပြဿနာကို လက်ခံရမယ်လို့ ဖိအားပေးတာ မျိုးကို ကျွန်တော် လုံးဝသည်းခံမှာ မဟုတ်ဘူး။

ဇွန်လ(၁၄)ရက်နေ့ထုတ် Messengerဂျာနယ်၊ အတွဲ(၃)အမှတ်(၃)ပါ ဘူးသီးတောင်မောင်တော ကိစ္စသည် နယ်စပ်မှ တရားမဝင် ဖြတ်ကျော်လာသည့် ရိုဟင်ဂျာများနှင့် ပြည်ပသွေးထိုးလှုံ့ဆော်နေမှုပါဟု ၈၈ကျောင်းသား များဆို သတင်းမှ ဦးကိုကို ကြီး၏ ပြောကြားချက် အပေါ်ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

လူမှုလှုပ်ရှားမှုတွေနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့လှုပ်ရှားမှုတွေက ဘယ်နိုင်ငံပဲဖြစ်ဖြစ် ရှိပါတယ်။ ဒါပေမယ့် ဒီလိုလှုပ်ရှားမှုက အဆုံးအဖြတ်ကြီးတွေ ပေးနိုင်လောက်အောင် ကြီးမားတဲ့ လှုပ်ရှားမှုကြီးတွေ ဖြစ်တာရှိတယ်။ အဆုံးအဖြတ် မပေးနိုင်ဘူး။ ဖြစ်တော့ဖြစ်နေတယ်။ တစ်ခုလုံး မပြောင်းလဲဘူး။ ဥပမာ-စက်ရုံတစ်ခုမှာ ဆန္ဒပြတယ်ဆိုရင် အဲဒီစက်ရုံမှာတော့ ပြောင်းလဲသွားတယ်ပေါ့။ ဒီလောက်လေးတွေက ဖြစ်နေမှာပဲ။ တစ်ခုလုံးကို ပြောင်းဖို့ တစ်ခုလုံးကို ဖြစ်ပေါ်တိုးတက်မှု ရဖို့ဆိုရင် တစ်ခုလုံး အမြင်တော့ ရှိဖို့လိုလိမ့်မယ်။ တစ်ခုလုံးအမြင်ဆိုတာကလည်း အင်း….ကမ္ဘာပေါ်မှာ နိုင်ငံတွေဟာ ဒီမိုကရေစီကို ဘယ်လိုအသွင် ကူးပြောင်းကြလဲဆိုတဲ့ ဗဟုသုတနဲ့ လဲဆက်စပ်နေတယ်။ ဗဟုသုတမရှိတဲ့ အခါကျရင် ကိုယ့်မှာရှိတဲ့ အခံနဲ့ လုပ်ကြ ရတာပဲ။ လုပ်ကြတဲ့အခါကျတော့ စဉ်းစားပုံတစ်ခါတစ်လေ ကျဉ်းနေတာလေးတွေ ရှိတယ်။ ကိုယ်တို့လဲ ဒီလိုပဲဖြတ်ခဲ့ရတာပဲ။

ဇွန်လ(၁၄)ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၈)၊ အမှတ်(၂၂)ပါ "Smart Politics ကို ရောက်အောင် ဘယ်လိုမြှင့်တင်မလဲ" ဆောင်းပါးမှ သင့်ဘဝဦးတင်မောင်သန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

ပညာရှင်တစ်ယောက်အနေနဲ့ မဟုတ်ဘဲ သာမန်လေ့လာသူ တစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် အရင်က တစ်ထောင် တန်နဲ့ ငါးထောင်တန်ထုတ်တဲ့ အခါမှာ ၅၀တန် အောက်ကတန်ဖိုးသေး ငွေစက္ကူနဲ့ အကြွေတွေဟာ လုံးဝမျိုးတုံး သွားတယ်။ အခုတစ်သောင်းတန် ငွေစက္ကူထွက်လာမယ် ဆိုရင် မကြာ ခင်မှာ ကျပ်၅၀၀ တန်ကနေ ၅၀တန်အထိ မျိုးတုံးပျောက်ကွယ်သွားနိုင်တယ်လို့ ကျွန်တော် ယူဆပါတယ်။ ဘဏ်စနစ် အကောင်အထည် မဖော်နိုင် ခြင်းဟာ ငွေကြေးချမ်းသာတဲ့ လုပ်ငန်းရှင်များ အခွန်ရှောင်တိမ်းပြီး လုပ်နိုင်ဖို့ အတွက်လမ်းဖွင့်ပေးရာ ရောက်တယ်။ ဘဏ်စနစ်ကို အသုံးပြုမယ်ဆိုရင် ငွေကြေး အလွှဲအပြောင်းလုပ်တဲ့ ကိစ္စတွေမှာ နည်းနည်းလေး ထင်သာမြင်သာ ရှိလာနိုင်တယ်။ အဲဒီတော့ တိုင်းပြည်အတွက်ကို အခွန်စည်းကြပ်တဲ့ နေရာမှာ ငွေကြေးအလွှဲအပြောင်းတွေဟာ ဘဏ်စနစ်နဲ့သွားတဲ့အတွက်ကြောင့် အထောက် အထားတွေရလာနိုင်တယ်။

ဇွန်လ(၁၄)ရက်နေ့ထုတ် အတွဲ(၂)၊အမှတ်(၉၀)ပါ"တစ်သောင်းတန်ငွေစက္ကူကို ထုတ်ဝေမည့် အစားဘဏ်စနစ်ကိုသာ ပြုပြင်ပြောင်းလဲသင့်"သတင်းမှ ဦးဟန်ထွန်း (အခွန်)၏ပြောကြားချက် အပေါ်ကောက်နှုတ်ချက်။

******************************

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs