Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၉.၆.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. ဒုတိယရန်ကုန်လေဆိပ်သစ်အတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေ

(Reuters သတင်းမှ 28 June 2012 ရက်စွဲပါ "Myanmar seeks investors for second Yangon Airport" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. သူမ၏ပါတီ အနိုင်ရရှိပါက မြန်မာနိုင်ငံကို ဦးဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် AFP သို့ ပြောကြား

(Bangkok Post မှ 28 June 2012 ရက်စွဲပါ " Suu Kyi tells AFP willing to lead Myanmar if her party wins " သတင်းကိုဘာသာပြန်ဆိုသည်။)

                                ***************************************************************

ဘာသာပြန်သတင်းများ        

ဒုတိယရန်ကုန်လေဆိပ်သစ်အတွက် ရင်းနှီးမြှုပ်နှံသူများကို ရှာဖွေ

(Reuters သတင်းမှ 28 June 2012 ရက်စွဲပါ "Myanmar seeks investors for second Yangon Airport" သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာအစိုးရသည် ဒုတိယကမ္ဘာစစ်တွင်း ဂျပန်လေယာဉ်ကွင်းဟောင်းနေရာတွင် ရန်ကုန်မြို့တော်အတွက် ဒုတိယလေဆိပ်သစ်တစ်ခု တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေသည်ဟု နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ပြောကြားသည်။

လက်ရှိ ရန်ကုန်လေဆိပ်သည် နိုင်ငံတကာအပယ်ခံ တပ်မတော်အစိုးရများလက်ထက်မတိုင်မီ ၁၉၅၀ ခုနှစ်များအတွင်းက ဒေသတွင်း အလုပ်အများဆုံး လေဆိပ်တစ်ခုဖြစ်ခဲ့သည်။

ယခုအခါ ၁၅ လသား အရပ်ဖက်အစိုးရက နိုင်ငံကို တံခါးစတင်ဖွင့်ပေးနေသောကြောင့် မကြာမီဝေါခနဲစီးဝင်လာတော့မည့် တိုးရစ်များကို မနိုင်မနင်း ကိုင်တွယ်ရင်း တစ်ဖန်ပြန်လည်အလုပ်ရှုပ်ပေဦးတော့မည်။

"ပို့ဆောင်ရေးဝန်ကြီးဌာနသည် ဟံသာဝတီလေဆိပ်တည်ဆောက်ရန်နှင့် အခြားပြည်တွင်းလေဆိပ်များကို အဆင့်မြှင့်ရန်အတွက် ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်"ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။

ဟံသာဝတီလေဆိပ်ကို ရန်ကုန်နှင့် မိုင် ၅၀ အကွာ ပဲခူးမြို့အနီး လေယာဉ်ကွင်းဟောင်းတစ်ခုနေရာတွင် တည်ဆောက်မည်ဟု သိရှိရသည်။

အဆိုပါ လေဆိပ်ကိုတည်ဆောက်ရန် တောင်ကိုရီးယားကုမ္ပဏီတစ်ခုက ယခင်က စီစဉ်ခဲ့သော်လည်း ပန္နက်တင် အခမ်းအနားအပြီး ၁၉၉၄ ခုနှစ်တွင် ဘာမှန်းမသိနိုင်သော အကြောင်းရင်းများကြောင့် ရပ်ဆိုင်းသွားခဲ့သည်။ ထိုစဉ်က လေဆိပ်ဒီဇိုင်းအရ တစ်နှစ်လျှင်ခရီးသည် ၁၀ သန်း ကိုင်တွယ်နိုင်ရန် စီစဉ်ထားသည်။

လက်ရှိရန်ကုန်လေဆိပ်ကို ၂၀၀၇ ခုနှစ်က ပြင်ဆင်မွမ်းမံခဲ့သောကြောင့် ရန်ကုန်မြို့တော်၏ လစ်လျူရှုခံ အခြားအစိုးရ အဆောက်အဦးများစွာနှင့် မတူပဲ ခေတ်မီသစ်လွင်လျက်ရှိသည်။ ယင်းလေဆိပ်သည် တစ်နှစ်လျှင် ခရီးသည် ၂.၇ သန်း ကိုင်တွယ်နိုင်သော်လည်း ၂၀၁၁ ခုနှစ်အတွင်း ခရီးသည် ၁.၄၅ သန်းခန့်သာဝင်၊ ထွက်ခဲ့သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် အထက်အညာ မန္တလေးမြို့တော်တို့တွင်လည်း နိုင်ငံတကာလေဆိပ် ကိုယ်စီရှိကြသည်။

"ဒီလေဆိပ် ၃ ခုစလုံးမှာ ခရီးသည်တွေ၊ ခရီးစဉ်တွေ မြန်မြန်ဆန်ဆန် တိုးပွားလာတော့မှာပါ၊ အထူးသဖြင့် ရန်ကုန်နိုင်ငံတကာလေဆိပ်ပါ၊ လက်ရှိ ရန်ကုန်နိုင်ငံတကာလေဆိပ်ဟာ ဒီနှစ်ကုန်မှာ ခရီးသည်ကိုင်တွယ်နိုင်စွမ်း ကျော်လွန်သွားမယ်ဆိုရင် နောက်ထပ်လေဆိပ်သစ်တစ်ခု မရှိမဖြစ် လိုအပ်လာတော့မှာပါ"ဟု အမည်မဖော်လိုသော အကြီးတန်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်သို့ နိုင်ငံတကာလေကြောင်းလိုင်း ၁၄ လိုင်းပျံသန်းလျက်ရှိပြီး၊ မကြာမီအတွင်း နောက်ထပ် ၄ လိုင်း တိုးလာမည့်အပြင် လက်ရှိ လေကြောင်းလိုင်းများကလည်း ခရီးစဉ်များတိုးချဲ့ပျံသန်းရန် ဆန္ဒရှိနေကြသည်ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

                                                            **********************************

သူမ၏ပါတီ အနိုင်ရရှိပါက မြန်မာနိုင်ငံကို ဦးဆောင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည် AFP သို့ ပြောကြား

(Bangkok Post မှ 28 June 2012 ရက်စွဲပါ " Suu Kyi tells AFP willing to lead Myanmar if her party wins " သတင်းကိုဘာသာပြန်ဆိုသည်။)

အံ့မခန်းအောင်မြင်သော ဥရောပခရီးစဉ်ကို အပြီးသတ်အဖြစ် ပဲရစ်မြို့တွင် ရောက်ရှိနေသော မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနှင့်ပြောဆိုရာတွင်“သူမအနေဖြင့် တစ်နေ့နေ့တွင် နိုင်ငံကိုခေါင်းဆောင်ရန် ပြင်ဆင်ထားကြောင်း" ကြာသပတေးနေ့က ပြောကြားလိုက်သည်။

နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရပြီးနောက် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပသို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ဥရောပ ၅ နိုင်ငံခရီးစဉ်တွင် နွေးနွေးထွေးထွေး ကြိုဆိုခံရခြင်းအပေါ် ကျေနပ်ပျော်ရွှင်မိသည်ဟုလည်း ပြောဆိုခဲ့သည်။

Burma ဟုလူသိများသော မြန်မာနိုင်ငံကို တစ်နေ့နေ့တွင် ခေါင်းဆောင်ရန်အတွက် အဆင်သင့်ဖြစ်ပြီလားဟု မေးမြန်းသောအခါ သူမက "ပါတီတွေအားလုံးရဲ့ ခေါင်းဆောင်တိုင်းဟာ ဒီမိုကရေစီ ပြောင်းလဲမှုဖြစ်စဉ်ကို အမှန်တကယ် ယုံကြည်ကြတယ်ဆိုရင် ဒီအလားအလာအတွက် သူတို့ကိုယ် သူတို့ ပြင်ဆင်ထားကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်"ဟု ပြောကြားသည်။

"ဒါပေမယ့် ကျွန်မတစ်ချိန်လုံး စဉ်းစားနေတာကတော့ အဲဒီကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ကျွန်မစဉ်းစားနေတာကတော့ အနာဂတ်အတွက် ပြင်ဆင်နေတာထက် လက်ရှိပစ္စုပ္ပန်မှာ အာရုံစိုက်ဖို့ပါပဲ။ လက်ရှိပစ္စုပ္ပန်ဟာ လူတစ်ဦးရဲ့ အနာဂတ်မျှော်လင့်ချက်တွေကို ဆက်စပ်ပေးတာပါပဲ"ဟု ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်ကဆိုသည်။

ကမ္ဘာကျော် မြန်မာ့နိုင်ငံရေးခေါင်းဆောင်သည် ဆွစ်ဇာလန်၊ နော်ဝေး၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများတွင် နိုင်ငံခေါင်းဆောင်များက ကြိုဆိုနှုတ်ဆက်ကာ ကြီးမားသောလူထုပရိသတ်က ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုခြင်းခံရသော ဥရောပခရီးစဉ်ကိုအဆုံးသတ်ကာ သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

"ကမ္ဘာတစ်လွှားနေရာတိုင်းက ပြည်သူတွေအားလုံးဆီက ရရှိတဲ့နွေးထွေးမှုကို ကျွန်မအသိအမှတ်ပြုပါတယ်။ ကမ္ဘာတစ်လွှား၊ မတူညီတဲ့ နေရာတွေက ပြည်သူများစွာဟာ မြန်မာနိုင်ငံမှာ ကျွန်မတို့ရုန်းကန်ခဲ့ရတာကို သိရှိထားကြပုံရပါတယ်။ ကျွန်မတို့နဲ့ တစ်သားထဲရှိနေကြတယ်ဆိုတဲ့ အင်အားကြီးမားတဲ့ အသိမျိုးကို ကျွန်မခံစားမိပါတယ်။ ဒါဟာတစ်ကယ်ကိုအံ့အားသင့်စရာပါ"ဟု သူမကဆက်လက်ပြောကြားသည်။

တစ်ချိန်က ဖိနှိပ်အုပ်ချုပ်သော စစ်အုပ်ချုပ်ရေးလက်အောက်သို့ ကျရောက်ခဲ့သော မြန်မာနိုင်ငံကို ယခုအခါ အရပ်သားတစ်ပိုင်းအစိုးရက စီမံခန့်ခွဲလျက်ရှိပြီး၊ ၂၀၁၅ တွင်ကျင်းပရန်ရှိသော အထွေထွေရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီတို့ ဝင်ရောက် ယှဉ်ပြိုင် မည် ဖြစ်သည်။

သို့သော်လည်း ယခုအချိန်တွင် ပိုမိုကြိုးစားလုပ်ကိုင်ရန် လိုအပ်နေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။

"ကောင်းတဲ့အရာတွေ ထွက်ပေါ်လာတာကမြင်ရဖို့ ၂၀၁၅ အထိ ကျွန်မတို့ မစောင့်နိုင်တော့ဘူးလို့ ကျွန်မထင်ပါတယ်"ဟု သူမက AFP သို့ ပြောကြားသည်။

"အရေးကြီးဆုံးကတော့ အခုလက်ရှိအချိန်ပါပဲ။ ၂၀၁၅ မှာ ဘယ်လိုပုံပေါ်လာမှာလဲဆိုတာကို အခုလာမယ့် ၃ နှစ်က ဆုံးဖြတ်ပေးလိမ့်မယ် ဆိုတဲ့အချက်ဟာ ကမ္ဘာကြီးသိအောင် ကျွန်မကြိုးစားနေတဲ့ မက်ဆေ့ခ်ျပါပဲ။ ဒါကြောင့် ပြည်သူတွေဟာ သူတို့နဲ့သက်ဆိုင်တဲ့လိုလားချက်တွေကို အကောင်အထည် ဖော်နိုင်မယ့် အင်အားပြည့်ဝလာအောင် လာမယ့် ၃ နှစ်အတွင်း သေချာလုပ်ဆောင်ကြရမှာဖြစ်ပါတယ်"ဟု မြန်မာဒီမိုကရေစီ ခေါင်းဆောင်က ပြောကြားသွားခဲ့သည်။

                                           ******************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၂၉.၆.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ကလေးစစ်သားပပျောက်ရေး မြန်မာကြိုးပမ်း

(UPI သတင်းဌာနမှ 27 June 2012 ရက်စွဲပါ Myanmar ending practice of child soldiers ကိုဘာသာပြန်ဆိုသည်)

  1. တံခါးဖွင့်စနစ်ကျင့်သုံးသော်လည်း နိုင်ငံတကာအလှူရှင်များ မြန်မာသို့ ဝင်ရောက်မှုမရှိ

(The Nation သတင်းစာမှ 28 June 2012 ရက်စွဲပါ Myanmar: International aid not coming despite 'open door' ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အမေရိကန်အစိုးရကို ဆီနိတ်တာများဖိအားပေး

(AP သတင်းဌာနမှ 28 June 2012 ရက်စွဲပါ Senators press US on Myanmar petroleum investment ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ကလေးစစ်သားပပျောက်ရေး မြန်မာကြိုးပမ်း

(UPI သတင်းဌာနမှ 27 June 2012 ရက်စွဲပါ Myanmar ending practice of child soldiers ကိုဘာသာပြန်ဆိုသည်)

စစ်တပ်ထဲသို့ဝင်ရောက်ရန် ကလေးသူငယ်များစုဆောင်းခြင်းနှင့် ကလေးသူငယ်စစ်မှုထမ်းခြင်းတို့ အဆုံးသတ်နိုင်ရေး အတွက် ကုလသမဂ္ဂ အရာရှိများနှင့် မြန်မာစစ်ဘက်အရာရှိကြီးများ စီမံချက်တစ်ရပ်ကို ဇွန်လ ၂၇ ရက်နေ့က သဘောတူလက်မှတ်ရေးထိုးလိုက်ကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

အဆိုပါသဘောတူညီချက်တွင် ကလေးသူငယ်များအား လက်နက်ကိုင်တပ်ဖွဲ့များ သို့မဟုတ် တပ်မတော်တွင် စစ်မှုထမ်းရခြင်းမှ ကာကွယ် ပေးနိုင်မည့် အထူးစီမံချက်များနှင့် အစီအစဉ်များကို ကုလသမဂ္ဂနှင့် မြန်မာအစိုးရ ပူးတွဲအကောင်အထည်ဖော်ရန် ဖော်ပြထားကြောင်း သတင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

"ပထမဆုံးလုပ်ဆောင်ရမယ့် အရေးအကြီးဆုံးအလုပ်ကတော့ တပ်မတော်ထဲမှာရှိတဲ့ ကလေးသူငယ်တွေ အမြန်ဆုံး ပြန်ထွက်နိုင်ဖို့နဲ့ သူတို့ရဲ့ မိသားစုတွေနဲ့ အသိုက်အမြုံတွေဆီ ပြန်သွားနိုင်အောင်လုပ်ပေးဖို့ရယ်၊ သူတို့တတွေ ပညာသင်ကြားရေး၊ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ရရှိရေး၊ ဓနပေါကြွယ်ဝရေး စတာတွေအတွက် အထောက်အပံ့ပေးဖို့ပဲ ဖြစ်ပါတယ်" မြန်မာအခြေစိုက် ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့(ယူနီဆက်)၏ ဌာနေကိုယ်စားလှယ် Ramesh Shrestha ကပြောကြားသည်။

မြန်မာသည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏ အစီရင်ခံစာတွင် ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်မှုရှိပြီး စစ်မက်ပဋိပက္ခ ဖြစ်ပွားသော နိုင်ငံများစာရင်းတွင်ပါဝင်သည်။

"ဒါဟာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ အရေးကိစ္စတစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ကုလသမဂ္ဂရဲ့ ဦးတည်ချက် ကြီးမားတဲ့ စီမံချက်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ အခုကိစ္စကို မဖြစ်မနေ ကျောထောက်နောက်ခံ ပေးရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ဒါဟာ ကလေးသူငယ်တွေ အတွက် မြန်မာအစိုးရရဲ့ စေ့စပ်ညှိနှိုင်းလုပ်ကိုင်ပေးမှု အပေါ် စမ်းသပ်ချက်တစ်ရပ်လည်း ဖြစ်ပါတယ်"ဟု ၎င်းကပြောကြားသည်။

                                                                *********************************

တံခါးဖွင့်စနစ်ကျင့်သုံးသော်လည်း နိုင်ငံတကာအလှူရှင်များ မြန်မာသို့ ဝင်ရောက်မှုမရှိ

(The Nation သတင်းစာမှ 28 June 2012 ရက်စွဲပါ Myanmar: International aid not coming despite 'open door' ကိုဘာသာပြန်ဆိုသည်)

နိုင်ငံတကာ အလှူရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော တံခါးဖွင့်မူဝါဒ၏ အခွင့်အလမ်းများကို ရယူပြီး အကူအညီ အထောက်အပံ့များ ပေးပို့သင့်သည်ဟု သမ္မတဦးသိန်းစိန်က ဇွန်လ ၂၈ ရက်နေ့တွင် ပြောကြားသည်။

မြန်မာသမ္မတဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် မတ်လ၊ သမ္မတရာထူး ရယူသည့်အချိန်မှစ၍ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ရာ အမေရိကန် ပြည်ထောင်စုနှင့် အီးယူတို့က တုံ့ပြန်သည့်အနေဖြင့် ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးခဲ့သည်။ သို့ရာတွင် နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ သိသိသာသာ ဝင်ရောက်လာခြင်း မရှိသေးပေ။

"ကျွန်တော်တို့အစိုးရဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့မှုရှိအောင် တံခါးဖွင့်ခဲ့ပါတယ်။ အဲဒီအတွက် သင်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေကို အပြုသဘောဆောင်တဲ့အမြင်နဲ့ ကြိုဆိုသင့်သလို ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုသင့်ပါတယ်"ဟု နေပြည်တော်တွင်ပြုလုပ်သော ကွန်ဖရင့်၌ သမ္မတဦးသိန်းစိန်ကပြောကြားသည်။

"အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လျစ်လျူရှုခံခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ အခွင့်အရေး တွေလည်း ငြင်းပယ်ခံခဲ့ရပါတယ်"ပာု ၎င်းက မြန်မာ့လူမှုကာကွယ်ရေးဆိုင်ရာ ကွန်ဖရင့်တွင် ပြောကြားသည်။

အဆိုပါကွန်ဖရင့်သို့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ တက်ရောက်ကြသည်။

အကူအညီပေးမည့်သူများ၊  အလှူရှင်များအနေဖြင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားအတွက် အကောင်အထည်ဖော်ခဲ့သော "တံခါးဖွင့်မူဝါဒသစ်"ကို အသိအမှတ်ပြုသင့်ကြောင်း ဦးသိန်းစိန်ကဆိုသည်။

                                                                        ***********************************

မြန်မာ့စွမ်းအင်ကဏ္ဍတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံရန် အမေရိကန်အစိုးရကို ဆီနိတ်တာများဖိအားပေး

(AP သတင်းဌာနမှ 28 June 2012 ရက်စွဲပါ Senators press US on Myanmar petroleum investment ကိုဘာသာပြန်ဆိုသည်)

ယခုအခါ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် သတ်မှတ်ပြဋ္ဌာန်းခဲ့သော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဆိုင်းငံ့လိုက်ပြီဖြစ်သည့် အတွက် ရီပတ်ဘလီကန်၊ ဒီမိုကရက် ဆီနိတ်တာများနှင့် စီးပွားရေးလုပ်ငန်းကြီးများက အမေရိကန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများအား မြန်မာပြည်တွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံခွင့်ပြုရန် ဝါရှင်တန် အစိုးရကို ဖိအားပေးတောင်းဆိုလျက် ရှိကြောင်းသိရသည်။

ဒီမိုကရက်ပါတီဆီနိတ်တာ Jim Webb နှင့် ရီပတ်ဘလီကန်ပါတီဆီနိတ်တာ James Inhofe တို့က ဇွန်လ ၂၇ ရက်နေ့တွင်ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ခန့်အပ်အတည်ပြုရေးအတွက် ကြားနာမှုတွင် ထိုသို့ အမေရိကန်ကုမ္ပဏီများ မြန်မာ့စွမ်းအင်အခန်းကဏ္ဍ၌ ရင်းနှီးမြှုပ်နှံခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ကြသည်။

အမေရိကန်သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က စစ်တပ်သြဇာ လွှမ်းမိုးမှုအောက်တွင်ရှိသော မြန်မာအစိုးရသစ်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပိတ်ဆို့အရေးယူမှုများကို လျှော့ချမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလအတွင်းကြေညာခဲ့သည်။ နှစ်ပေါင်း ၂၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအမေရိကန် သံအမတ်ကြီးအဖြစ် နာမည်စာရင်းတင်သွင်းခံရသူ Derek Mitchell ၏အဆိုအရ အိုဘားမား အုပ်ချုပ်ရေးအဖွဲ့သည် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများ အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်မည့် အထွေထွေလိုင်စင်ချထားပေးရေးအတွက် အသေးစိတ် အချက်အလက်များကို စဉ်းစားချင့်ချိန်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ မည်သည့်စီးပွားရေးအခန်းကဏ္ဍကိုမျှ ချန်လှပ်ထားခဲ့မည်မဟုတ်ကြောင်း၊ သို့သော် စွမ်းအင်လုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်ရမည့် နိုင်ငံပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ အဂတိလိုက်စားမှုများနှင့် ပွင့်လင်းမြင်သာခြင်း မရှိမှုများနှင့်ပတ်သက်၍ စိုးရိမ်ကြောင်း ၎င်းက ပြောကြားသည်။

Derek Mitchell သည်ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေးအတွက်  အမေရိကန်အစိုးရ၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ဦးဆောင်ခဲ့သူဖြစ်သည်။ ၎င်းအား မြန်မာဆိုင်ရာအမေရိကန် သံအမတ်ကြီးအဖြစ်ခန့်အပ်ရေးကို ဆီးနိတ်လွှတ်တော်က အတည်ပြုပေးလိမ့်မည်ဟု အားလုံးက ခန့်မှန်းထားပြီးဖြစ်သည်။

Jim Webb ကမူ အတည်ပြုမှုကို ယခုရက်သတ္တပတ်အတွင်းပြုလုပ်ဖွယ်ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှကင်းလွတ်လာကာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သည့်တိုင် စိန်ခေါ်မှုပေါင်း မြောက်မြားစွာနှင့် ရင်ဆိုင်နေရဆဲပင်ဖြစ်သည်။

ဒီမိုကရေစီအသွင်ကူးပြောင်းမှုများကို ဦးဆောင်လုပ်ကိုင်နေသည့် သမ္မတဦးသိန်းစိန်အား Derek Mitchell က "သာမန်မဟုတ် ထူးခြား ပြောင်မြောက်သော အမြော်အမြင်နှင့် ဦးဆောင်မှုစွမ်းရည်ရှိသူ"ဟု မှတ်ချက်ပေးပြောဆိုသည်။

နိုင်ငံရေးတက်ကြွစွာလှုပ်ရှားသူများကမူ ပြည်တွင်းသို့ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုများက မြန်မာစစ်တပ်နှင့်ဆက်နွှယ်မှုရှိသော စီးပွားရေးလုပ်ငန်းရှင် အီလစ်အလွှာများ အကျိုးအမြတ်ဖြစ်ထွန်းအောင်သာ လုပ်ဆောင်ပေးသွားနိုင်ကြောင်း၊ အချို့သောဒေသများတွင် ဖြစ်ပေါ်နေသော တိုင်းရင်းသားလူမျိုးများ၏ ဆူပူ အုံကြွမှုများကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း စိုးရိမ်တကြီးပြောဆိုကြသည်။

ပြီးခဲ့သည့် မေလကုန်ပိုင်းကဆိုလျှင် အနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း ဆူပူအုံကြွမှုများနှင့် အကြမ်းဖက်မှုများဖြစ်ပေါ်ခဲ့ရာ လူပေါင်း ၅၀ ခန့် သေဆုံးခဲ့သည်။

တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသတွင် စစ်တပ်၏ စိတ်ကြိုက်လုပ်ပိုင်ခွင့်ရရှိမှုအပေါ် Derek Mitchell ကစိုးရိမ်မိကြောင်း ပြောဆိုသည်။ စစ်တပ်သည် ပါလီမန်လွှတ်တော်၏ ၂၅ ရာခိုင်နှုန်း(လေးပုံတစ်ပုံ)ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်တင်မြှောက်ခံစရာမလိုဘဲ ရယူ ထားပြီဖြစ်သည်။

အစိုးရနှင့် တစ်နှစ်ကျော်ကာလအတွင်း ပြန်လည်သင့်မြတ်မှုရရှိထားသူ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမှုရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုပါကြောင်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)က တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည်ဟူသော အချက်ကို ကောင်းစွာပြနိုင်မှ သာလျှင် နိုင်ငံခြားအစိုးရများက မိမိတို့နိုင်ငံမှကုမ္ပဏီများကို MOGE နှင့် အကျိုးတူဖက်စပ်လုပ်ကိုင်ခွင့်ပြုသင့်ကြောင်း သတိပေး ပြောဆိုထားသည်။

အမေရိကန် ကုန်သည်ကြီးများအသင်းက အဆိုပါကိစ္စကြောင့် မြန်မာ့စွမ်းအင်အခန်းကဏ္ဍတွင်"တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အတည် ဖြစ်နေသည့် ရင်းနှီးမြှုပ်နှံမှုပိတ်ပင်ကန့်သတ်ချက်"မျိုးဖြစ်အောင် လုပ်ဆောင်မည့်သဘောသို့ သက်ရောက်ကြောင်း ကြေညာချက်ထုတ်ပြန်သည်။

လုပ်ငန်းပေါင်း ၃ သန်းခန့်ကို ကိုယ်စားပြုသည့် ယင်းကုန်သည်ကြီးများအသင်းက မြန်မာအပေါ်အမေရိကန် ပိတ်ဆို့အရေးယူမှုများ ဆိုင်းငံ့ကြောင်းကြေညာခဲ့သည့် မေလ ၁၇ ရက်နေ့နောက်ပိုင်း အချိန်အတွင်း အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည့် အထွေထွေလိုင်စင်ကိစ္စကို လျင်မြန်စွာဆောင်ကြဉ်းမပေးသော အမေရိကန်အစိုးရကို ဝေဖန်ပြောဆိုခဲ့သည်။

ထို့ပြင် အမေရိကန်ကုမ္ပဏီများအပေါ် ဖိစီးမှုဖြစ်စေမည့် အစီရင်ခံမှုလိုအပ်သည်ဟူသော သတ်မှတ်ပြဋ္ဌာန်းမှုများ မပြုလုပ်ရန်လည်း သတိပေး ပြောဆိုသည်။

လူ့အခွင့်အရေးအဖွဲ့အစည်းများကမူ ကော်ပိုရိတ် လူမှုတာဝန်ယူမှုဆိုင်ရာ တင်းကြပ်သည့်စံချိန်စံနှုန်းများ သတ်မှတ်ပေးရန်နှင့် အဆိုပါကိစ္စကို ဥပဒေအရ စည်းနှောင်မှုရှိအောင် လုပ်ကိုင်ပေးရန် အမေရိကန်အစိုးရကို တောင်းဆိုထားသည်။

                                ******************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs