Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၈.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ယိုယွင်းပျက်စီးမှုများအကြား တွားသွားသွားနေရသည့် မြန်မာ့စီးပွားရေး

(Economist စာစောင်မှ 5 July 2012 ရက်စွဲပါ Myanmar’s economy, Crawling up through the wreckage ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ယိုယွင်းပျက်စီးမှုများအကြား တွားသွားသွားနေရသည့် မြန်မာ့စီးပွားရေး

(Economist စာစောင်မှ 5 July 2012 ရက်စွဲပါ Myanmar’s economy, Crawling up through the wreckage ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှနိုင်ငံဖြစ်သော မြန်မာသည် ဒေသတွင်းနိုင်ငံများ၏ တိုးတက်မှုနှင့်နှိုင်းယှဉ်ပါက နောက်ဘက်တွင်များစွာ ပြတ်ကျကျန်ရစ်ခဲ့ပြီ ဟူသောအချက်ကို မြန်မာပြည်သို့ သွားရောက်လည်ပတ်သူများ ရှင်းရှင်းလင်းလင်း သိမြင်ကြမည်မှာ အမှန်ပင်ဖြစ်သည်။

ယခင်မြို့တော်ဟောင်းဖြစ်သည့် ရန်ကုန်မြို့တွင် အခြားသောအာရှနိုင်ငံမြို့ကြီးပြကြီးများ တွေ့မြင်ရလေ့ရှိသည့် အအေးခန်း ရှော့ပင်းမောလ်ကြီး များနှင့် ကုန်တိုက်ကြီးများထက် ယိုယွင်းပျက်စီးနေပြီဖြစ်သော ကိုလိုနီခေတ်လက်ရာ အဆောက်အအုံဟောင်းများကိုသာ တွေ့မြင် ရသည်။ အမှန်ပြောရလျှင် အာဆီယံဒေသမှ မြို့ကြီးများဖြစ်သည့် ကွာလာလမ်ပူ သို့မဟုတ် ဘန်ကောက်ကဲ့သို့သော မြို့များနှင့် ရန်ကုန်ကို နှိုင်းယှဉ် ကြည့်ရသည်မှာ ဝမ်းနည်းစရာ ကောင်းလှသည်။

မြန်မာနိုင်ငံကို ဆယ်စုနှစ်များစွာ လွဲမှားစွာ အုပ်ချုပ်လာသည့် စစ်ဗိုလ်ချုပ်ကြီးများ အဘယ်ကြောင့် အပြောင်းအလဲဖြစ်ရန်

မလွဲမရှောင်သာ ပြုလုပ်လာကြသည်ဟူသော ကိစ္စအတွက် အကြောင်းပြချက်များစွာ ရှိသည့်အနက် ရန်ကုန်နှင့် ကွာလာလမ်ပူ သို့မဟုတ် ဘန်ကောက်အကြား ဝမ်းနည်းစရာကောင်းလောက်အောင် ကံတရားများ မတူညီမှုသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ လွန်ခဲ့သည့် ၁၉၆၄ ခုနှစ်တွင် ထုတ်ဖော်ခဲ့သော "မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ်စနစ်က ဖန်တီးပေးခဲ့သည့် ပျက်စီးယိုယွင်းမှုအတိုင်းအတာကို လက်ရှိအချိန်တွင် အပြည့်အဝ မြင်တွေ့နေရသည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလမှစတင်ကာ နိုင်ငံရေး၊ စီးပွားရေးတံခါးဖွင့် မူဝါဒကျင့်သုံးခဲ့ခြင်းကြောင့် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ပြည်တွင်းသို့ ဝင်ရောက်လုပ်ကိုင်ရန် အခွင့်အလမ်းများ ရရှိလာသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်ကာလ မတိုင်မီကဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေမှာ မြောက်ကိုရီးယားအတိုင်းပင် အထီးကျန် ဖြစ်နေခဲ့ရသည်။ မြန်မာ့စီးပွားရေး၏ ပကတိအခြေအနေမှန်များနှင့် ပတ်သက်၍ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)က ယခု ရက်သတ္တပတ်အတွင်း အစီရင်ခံစာတစ်ရပ်ထုတ်ပြန်သည်။ အစီရင်ခံစာတွင်ပါသော သုံးသပ်ချက်များမှာ တစ်ခုမှ အားရစရာမရှိပေ။

တစ်ချိန်တစ်ခါက ကြွယ်ဝချမ်းသာခဲ့သည့် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ တာမျှ ဗဟိုဦးစီးအုပ်ချုပ်မှု စနစ်ကြောင့် နိမ့်ကျ သွားရပုံများကို လှစ်ပြ ထားခြင်းဖြစ်သည်။ ကဏ္ဍအသီးသီးရှိနေသော အလားအလာများနှင့် အခွင့်အလမ်းများကြောင့် အဆီရစ်ကာ မူးယစ်ရီဝေနေသည့် အကောင်းမြင်လွန်းသူ ရင်းနှီးမြှုပ်နှံသူများကိုပင် ADB ၏ အစီရင်ခံစာက မျက်လုံးပြူးသွားအောင် လုပ်နိုင်လောက်သည်။ ထို့အတူ လက်ရှိဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို သဘောထားတင်းမာသူများအားချပြပြီး ပျက်စီးနေသောမြန်မာ့စီးပွားရေး ပြန်လည်ပြင်ဆင်နိုင်မည်ဟု မျှော်လင့်ထားကြသည့် အစိုးရ အဖွဲ့ဝင် ပြုပြင်ပြောင်းလဲရေးသမားများလည်း ယင်းအစီအရင်ခံစာဖတ်ကို ဖတ်မိပါက သောကဗျာပါဒစိတ်များ ဝင်ကောင်းဝင်သွားနိုင်သည်။ ADB အစီရင်ခံစာတွင် ယခုလို အခိုင်အမာဆိုထားသည်။

"မြန်မာနိုင်ငံသည် မြောက်မြားစွာသော စွမ်းအင်ရင်းမြစ်များ ပိုင်ဆိုင်ထားသည့် နိုင်ငံဖြစ်သည်။ သို့သော်ငြားလည်း မြန်မာနိုင်ငံ၏ ပြည်တွင်း စွမ်းအင်သုံးစွဲမှုမှာ အာရှနှင့် အရှေ့တောင်အာရှဒေသတွင် အနိမ့်ပါးဆုံး အဆင့်တွင်ရှိသည်။ မြန်မာပြည်၏ စုစုပေါင်း လျှပ်စစ်သုံးစွဲမှုပမာဏမှာ ၂၆ ရာခိုင်နှုန်းသာရှိသည်။ တွေ့ရှိချက်များအရ ဝေးလံခေါင်သီသောဒေသများအတွက် တစ်နေ့လျှင် နှစ်နာရီမျှသာ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးနိုင်သည်”ဟု ဆိုသည်။

အမှန်ပြောရလျှင် အင်အားကြီးဗမာတိုင်းရင်းသားများ အများစုနေထိုင်သော မြို့ပြဒေသအချို့နှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကွဲပြား ခြားနားနေသည်။ ဝေးလံသည့် ဒေသများတွင်မူ ကချင်၊ ရှမ်းနှင့် ကရင်ကဲ့သို့သော ဗမာမဟုတ်သည့် တိုင်းရင်းသား လူနည်းစုများအများစု နေထိုင်ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ရန်ကုန်မြို့သို့ လျှပ်စစ်ဓာတ်အား ပေးပို့မှုမှာ ၆၇ ရာခိုင်နှုန်းရှိပြီး ကျေးလက်ဒေသများမှာမူ ၁၆ ရာခိုင်နှုန်းသာဖြစ်သည်။ ဆင်းရဲနွမ်းပါးမှုမှာ ကျေးလက်ဒေသများသည် မြို့ပြဒေသများထက် နှစ်ဆခန့်မြင့်မားပြီး ဆင်းရဲနွမ်းပါးမှုစုစုပေါင်း ၈၅ ရာခိုင်နှုန်းရှိသည်။

ကျေးလက်ဒေသများတွင် နေထိုင်သော ကလေးသူငယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ မူလတန်းအဆင့်တွင် ပညာသင်ယူမှု အဆုံးသတ်ကြရသည်။ မြို့ပြဒေသတွင် မူလတန်းအဆင့်ပြီးဆုံးသူ ကလေးသူငယ် ၆၃ ရာခိုင်နှုန်းမှာ အထက်တန်းအဆင့်သို့ ဆက်လက်တက်ရောက်ကာ ပညာသင်ကြားနိုင်ကြသည်။ အဆိုပါ သာတူညီမျှမရှိမှုတို့က ဗမာနှင့် ကချင်၊ ကရင်တို့အကြား အဆုံးမသတ်နိုင်သည့် ပဋိပက္ခများကို ဖြစ်ထွန်းစေသည်။ ယင်းသို့သော ကွာဟချက်များကို မလျှော့ချနိုင်သမျှ တိုင်းရင်းသား လူနည်းစုများနှင့် ဗမာလူမျိုးများအကြား တင်းမာမှုကြီးမှာ ဆက်လက် တည်ရှိနေမည်သာပင်ဖြစ်သည်။

အရေးကိစ္စများစွာကျန်ပါသေးသည်။ စနစ်တကျစီမံခန့်ခွဲနိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမရှိသော လမ်းပန်းဆက်သွယ်ရေး စနစ်ဖြစ်သည်။ အစီရင်ခံစာတွင် အရှေ့တောင်အာရှနိုင်ငံများအတွက် လမ်းပိုင်းသိပ်သည်းမှုမှာ လူ ၁၀၀၀ လျှင် ၁၁ ကီလိုမီတာ ဖြစ်သည်။ မြန်မာတွင်မူ လူ ၁၀၀၀ အတွက် ၂ ကီလိုမီတာသာရှိသည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့သည် လူ ၁၀၀၀ လျှင် မော်တော်ယာဉ် ၂၅၀ နှင့် ၃၇၀ စီးခန့်ရှိကြသည်။ မြန်မာတွင်မူ ၁၈ စီး မျှသာရှိသည်။

အကယ်၍ ငွေကြေးနှင့် အတတ်ပညာသာရှိမည်ဆိုပါက လမ်းများကို အခြားနိုင်ငံများနည်းတူ လျှင်မြန်စွာ ဖောက်လုပ် သွားနိုင်မည်ဖြစ်သည်။ ပညာရေးစနစ်မှာလည်း ဆုတ်ယုတ်ပျက်စီးလျက်ရှိပြီး ပြန်လည် ကောင်းမွန်နိုင်ရေးအတွက် အချိန်ကာလများစွာ ယူရဦးမည်ဖြစ်သည်ဟု ADB ကဆိုသည်။ မြန်မာအစိုးရက ပညာရေးကဏ္ဍအတွက် အမျိုးသား ဘတ်ဂျက်၏ ၃ ဒဿမ ၇၄ ရာခိုင်နှုန်းသာ သုံးစွဲလျက်ရှိရာ နိုင်ငံတကာ စံချိန်စံနှုန်းများအရ ဆိုပါက အလွန်အမင်း နိမ့်ကျသည့် ပမာဏပင်ဖြစ်သည်။ မူလတန်းကလေးငယ်များ၏ လေးပုံတစ်ပုံမှာ မည်သည့်အခါမျှ အထက်တန်းပညာရေး ဆက်လက် သင်ယူနိုင်ကြခြင်းမရှိပေ။ သင်ကြားမှုနှင့် သင်ယူမှု အရည်အသွေးမှာလည်း လွန်စွာညံ့ဖျင်းလွန်းလှသည်။ လွန်ခဲ့သည့် ၂ နှစ်ခန့်က အထက်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း၏ ၆၁ ဒဿမ ၃ ရာခိုင်နှုန်းမှာ စာမေးပွဲကျရှုံးကြသည်။ စာသင်ကျောင်းများ၏ မစို့မပို့မျှသော ဘတ်ဂျက်များကို ကျောင်းဆရာ၊ ဆရာမများ၏ လစာငွေအဖြစ် အသုံးပြုသည်။ သင်ရိုးစာအုပ်နှင့် အခြားသော ထောက်ပံ့ပစ္စည်းများအတွက် မည်သည့်အခါကမျှ အသုံးမပြုနိုင်ပေ။

ADB ၏ အရှေ့နှင့်တောင်အာရှဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ Steven Groff က “သိသာထင်ရှားသော  တိုးတက် ဖြစ်ထွန်းမှုများ ကျွန်ုပ်တို့တွေ့မြင်နိုင်ရန် မျိုးဆက်တစ်ဆက် စောင့်ရဦးမည်”ဟု အစီရင်ခံစာတွင် နိဂုံးချုပ် ရေးသားသည်။

ထို့ပြင် ၎င်းက “အကယ်၍ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ကမောက်ကမဖြစ်မှုများနှင့် နောက်ကြောင်းပြန်လှည့်မှုများ ရှိမည်မဟုတ်ဟု ဆိုသည့်တိုင် မြန်မာအနေဖြင့် ယနေ့ထိုင်းနိုင်ငံ၏ အခြေအနေမျိုးသို့ ရောက်ရှိရန် နှစ်ပေါင်း ၃၀ ခန့် ကြာမြင့်လိမ့်မည်” ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့မှ ပြုပြင်ပြောင်းလဲရေးသမားများအနေဖြင့် ယခုကဲ့သို့သော ADB ၏ မြန်မာနိုင်ငံအပေါ် အကဲဖြတ်သုံးသပ်ချက်များကို ကောင်းစွာဖတ်ရှုကြမည့် သဘောတွင်ရှိသည်။ ထိုသို့ဖတ်ရှုပြီး တိုင်းပြည်အတွက် ပိုမိုကြိုးပမ်းရန် စေ့ဆော်မှုရရှိနိုင်သည်။ သို့သော် သောကဗျာပါဒလည်း ပိုမိုဖြစ်ထွန်းစေနိုင်သည်။

မည်သို့ပင်ဆိုစေ လက်ရှိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သစ်တစ်ရပ် ဖြစ်ထွန်ပွင့်လင်းလာမှုအပေါ် စစ်တပ် ကျောထောက်နောက်ခံ အရပ်သားအစိုးရအတွင်း မကျေမနပ်ဖြစ်နေသူများစွာ ရှိနေသည်ဟူသော အချက်မှာ လူတိုင်း သိသည့်ကိစ္စဖြစ်သည်။ သို့သော် ထိုသို့မကျေမချမ်းဖြစ်နေသူ အရာရှိကြီးများအား မြန်မာ့ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်အား လက်ခံသဘောတူရန် ပြုပြင်ပြောင်းလဲရေးသမားများက ကောင်းစွာဖျောင်းဖျ ပြောဆိုထားပြီး ဖြစ်ပါလိမ့်မည်။

စီးပွားရေးပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဆမတန်ဝင်ရောက်ကာ တိုင်းပြည် စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး သန်းပေါင်းများစွာသော ပြည်သူများအား ဆင်းရဲတွင်းထဲမှဆွဲထုတ်နိုင်မည်ဟူသော အကြောင်းပြချက်များဖြင့် ဖျောင်းဖျနှစ်သိမ့်ထားပြီး ဖြစ်လိမ့်မည်။ သို့သော် ADB ကထုတ်ပြသော အသေးစိတ် အချက်အလက်များကိုကြည့်လျှင် မြန်မာပြည်နှင့်ပတ်သက်သော မျှော်လင့်ထားချက်များ လက်တွေ့ သဘောနှင့် မည်မျှအတိုင်းအတာအထိ ကင်းကွာနေသည်မှာ ထင်ရှားသည်။ ထိုအမှန်တရားက သင့်အားလွတ်မြောက်ခွင့်ရအောင် လုပ်ဆောင်နိုင် ပေမယ့်လည်း မြန်မာပြည်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေလာနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။

                         *****************************************************************************************************                                


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. မူနှင့်စိန်ခေါ်မှု တိုက်ရိုက်တွေ့သောအခါ

*****************************************

ဆောင်းပါးကဏ္ဍ

မူနှင့်စိန်ခေါ်မှု တိုက်ရိုက်တွေ့သောအခါ

 အောင်ရဲမောင်မောင်

( ဇူလိုင်လ၇ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ်ဂျာနယ် အမှတ်(၆၆)တွင်ပါရှိသည့်ဆောင်းပါးမှ ထုတ်ယူဖော်ပြချက်)

မေလ(၃၀)ရက်နေ့က MICT ခန်းမအတွင်းမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲ တစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲဟာ လွှတ်တော်ဥက္ကဋ္ဌတစ်ဦးနဲ့ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ သာမန် တွေ့ဆုံပွဲတစ်ပွဲထက် ပိုခဲ့တာကတော့ မြန်မာ့စီးပွားရေးမူဝါဒတွေနဲ့ ပြဿနာအချို့ကြောင့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမှာ လုပ်ငန်းရှင်တွေ ဘယ်က အခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေတယ်ဆိုတာပါပဲ။

ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်း လုပ်နေကြတဲ့ လုပ်ငန်းရှင်များဘက်က လယ်ယာကဏ္ဍ၊သားငါးကဏ္ဍ မွေးမြူရေးကဏ္ဍမှာ လတ်တလော တွေ့ကြုံနေရတဲ့ အခက်အခဲတွေ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များဘက်ကလည်း ဘဏ်စနစ် မဖွံ့ဖြိုးသေးလို့သူတို့ လုပ်ငန်းတွေ တိုးတက်သင့်သလောက် မတိုးတက်တာတွေနဲ့ လတ်တလော ကုန်စည်ထုတ်လုပ်သယ်ပိုးမှုစရိတ်လို့ခေါ်တဲ့ Transaction Cost မြင့်တက် နေတာက လည်း သူတို့အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေရတယ်လို့လည်း ဆိုကြပါတယ်။

“အခုအချိန်မှာ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ လူကြီးကြိုက်လိုက်ပြောနေရမယ့် အချိန်မဟုတ်တော့ဘဲ အမှန်တကယ် လိုအပ်တဲ့ အကြောင်းအရာတွေ ရဲရဲတင်းတင်း ပြောဖို့လိုအပ်နေပြီ”လို့ ဆန်စပါးလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးချစ်ခိုင်က ပြောကြားခဲ့ပါတယ်။

“၁၀စုနှစ်တစ်ခုကြာမှန်ကန်တဲ့ မော်တော်ယာဉ်တင်သွင်းမှု ထုတ်လုပ်မှုဆိုင်ရာ ကိစ္စတွေ မဖွံ့ဖြိုးသေးတာကလည်း ယနေ့ခေတ် အချိန်အခါမှာ မြန်မာနိုင်ငံရဲ့ မော်တော်ယာဉ်ဆိုင်ရာ ခြိမ်းခြောက်မှုဆိုင်ရာ ပြဿနာတစ်ရပ်ကို ဦးတည်လာတယ်”လို့လည်း ကားတင်သွင်းသူများအသင်း ဥက္ကဋ္ဌ ဆာကူရာ ဦးသိန်းအောင်က ဆိုပါတယ်။

“ကျွန်တော်တို့နိုင်ငံရဲ့ ကားထုတ်လုပ်မှုအပိုင်းဟာ တိုးတက်မလာဘဲ မော်ဒယ်အဟောင်းများ ထုတ်တဲ့အဆင့်နဲ့ပဲ ရပ်တန့်သွားခဲ့တယ်။ ဒါအပြင် ကားအပိုပစ္စည်း Component Part တွေ ထုတ်လုပ်တဲ့အပိုင်းမှာလည်း စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့အဆင့် အခုအထိ မရောက်သေးပါဘူး“လို့ သူက ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း တိုးတက်မှုတွေဟာ စက်မှုထုတ်လုပ်မှုကဏ္ဍမှာသာ တိုးတက်မှု ရပ်ဆိုင်းနေတာမဟုတ်ဘဲ လယ်ယာနဲ့ သားငါး ကဏ္ဍတွေမှာလည်း အဖက်ဖက်ကကျဆင်းနေတယ်”လို့ဆန်စပါး လုပ်ငန်းရှင်များအသင်း ဦးချစ်ခိုင်နဲ့ ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ်ဥက္ကဌ ဦးဝင်းကြိုင်တို့က ထောက်ပြပါတယ်။

လက်ရှိအချိန်ဟာ မြန်မာလယ်မြေလောက ရဲ့အဆိုးဆုံးအချိန်လို့ ပြောလို့ရပါတယ် လို့ဦးချစ်ခိုင်က ဆိုပါတယ်။

“ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေဟာ တိုးတက်မှုတုံ့ဆိုင်နေတဲ့အချိန် အခြားစိန်ခေါ်မှု အကြောင်းတရားတွေ မြင့်တက်နေတဲ့အချိန် အခြား စိန်ခေါ်မှုတွေ မြင့်တက်လာတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။ ဒါတွေကတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေက ပြည်တွင်းစီးပွားရေး လုပ်ငန်းတွေအပေါ် စိန်ခေါ်လာသလို အဘက်ဘက်က ကြီးမြင့်လာတဲ့ Transaction Cost တွေက မူလထုတ်လုပ်သူ Primary Producers တွေအတွက် ဆက်လက်ထုတ်လုပ်မှုကို တားဆီးနေတဲ့ အဟန့်အတားတစ်ခုလိုဖြစ်နေပါတယ်”လို့ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ Transportation Cost တွေဘယ်လောက်မြင့်တက်နေလဲဆိုတာကို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက ကုန်ကျစရိတ်နဲ့ မြန်မာနိုင်ငံစက်မှုအသင်းချုပ် ဒုဥက္ကဌ ဦးလှမောင်ရွှေက နှိုင်းယှဉ်ပြပါတယ်။

“ရနောင်ကနေ ဘန်ကောက်အထိ ကုန်စည်တစ်တန်ကို ၃၅ကျပ်လောက်ပဲကျပြီး မန္တလေးကနေရန်ကုန်ကို ကုန်စည်တစ်တန်ကို ၈၀လောက် ကျနေပါတယ်”လို့ သူကထောက်ပြပါတယ်။ ဒီအတွက်မူလ ထုတ်လုပ်သူတွေအနေနဲ့ များစွာထိခိုက်လို့ Transaction Cost တွေကိုလျော့ချကောက်ခံ သင့်တယ်”လို့ ဦးလှမောင်ရွှေက ဆိုပါတယ်။

မူလထုတ်လုပ်သူများကိုမဖိစီးတဲ့Transaction Cost တွေဖြစ်ဖို့ လိုအပ်ပုံနဲ့ပတ်သက်ပြီး ဆန်စပါးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က အခုလိုပြောပြပါတယ်။  “အခြားသူတွေနဲ့နှိုင်းယှဉ်ရင်များတဲ့ အနေအထားရှိတယ်။ ဒါတွေ လျော့ချနိုင်မှသာ Primary Producer တွေအတွက်ကို အဆင် ပြေမှာပေါ့ ”လို့သူကဆိုပါတယ်။ Transaction Cost တွေမြင့်တက်နေမှုဟာ ကိုထုတ်လုပ်တဲ့ဟာ ကိုယ်အကျိုးအမြတ်မခံစားရတာလို့ လည်း ဦးချစ်ခိုင်က ဆိုပါတယ်။

မွေးမြူရေးကဏ္ဍမှာလည်း ဆုံးရှုံးမှုတွေဖြစ်ခဲ့တာကြောင့် လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့အတွက် ချေးငွေတွေ လိုအပ်နေတယ်လို့လည်း ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပါတယ်။

“ဘဏ်ချေးငွေတွေကလည်း အာဆီယံနဲ့ ကမ္ဘာပေါ်မှာကျင့်သုံးတဲ့ အတိုးနှုန်တွေ ရာခိုင်နှုန်းဖြစ်သင့်တယ်” လို့ လည်း သူကထောက်ပြပါတယ်။

နိုင်ငံ၉၀ရာခိုင်နှုန်းလောက်ဟာ အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေ ဖြစ်နေတာကြောင့် ဝိုင်ဝန်းပံ့ပိုးဖို့ လိုတယ်လို့လည်း ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နဲ့ ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနှင်းဦးတို့က ဆိုပါတယ်။

“နိုင်ငံရဲ့ ၉၀ရာခိုင်နှုန်းခန့်စီးပွားရေး လုပ်ငန်းတွေဟာ အသေးစားနှင့် အလတ်စားလုပ်ငန်းတွေ ဖြစ်နေတာကြောင့် သူတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ဖို့ လိုပါတယ်” လို့ ဦးဝင်းအောင်က ပြောပါတယ်။

“SME လုပ်ငန်းတွေ တိုးတက်ဖို့ ဘဏ်လုပ်ငန်းတွေက အရေးကြီးပါတယ်။ ဘဏ်ကနေ ဒီလုပ်ငန်းတွေအတွက် နည်းအမျိုးမျိုးနဲ့ ချေးနိုင်အောင် လုပ်ပေးထားရမယ်ဒါကို လွှတ်တော်နဲ့ အစိုးရအနေနဲ့လည်း ဘဏ်စနစ်ဆိုင်ရာ ဥပဒေတွေကို အသစ်ပြဋ္ဌာန်းပေးဖို့ လိုတယ်”လို့ ဦးနှင်းဦးက ထောက်ပြခဲ့ ပါတယ်။

ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် SME နဲ့ Micro Enterprise တွေ ဖွံ့ဖြိုးဖို့ လိုအပ်တယ်လို့ လည်း စီးပွားရေး လုပ်ငန်း ရှင်တွေက ထောက်ပြပြောဆိုခဲ့ပါတယ်။ SME လုပ်ငန်းများဖွံ့ဖြိုးတဲ့နိုင်ငံတွေ ကတော့ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေမှာ ဖြစ်ပြီး သူတို့နိုင်ငံရဲ့ ဘဏ်စနစ်နဲ့ SME ဖွံ့ဖြိုးရေးကို အသားပေးတဲ့ ဥပဒေတွေရှိတာကြောင့် ဖြစ်တယ်လို့ပြည်တွင်းလုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အသေးစားနှင့် အလတ်စားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် SME ဥပဒေတွေထွက်ဖို့ ဥပဒေရဲ့နောက်မှာ နည်းဥပဒေတွေ ထွက်ဖို့ လိုအပ်တယ်။ Transaction Cost ရယ်၊ SME ရယ် အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးတွေကို တစ်တွဲတည်း ထည့်စဉ်းစားဖို့ လိုပါတယ်”လို့ ဦးနှင်းဦးက ပြောခဲ့ပါတယ်။

“SME ဖွံ့ဖြိုးတိုးတက်ရေးသာမက ပြည်တွင်းရောပြည်ပမှာစားသုံးဖို့ အတွက်အရေးကြီးတဲ့ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးဟာဆိုရင် နေ့စဉ်နဲ့ အမျှ စက္ကန့်မလပ်ဆိုသလို  ခြိမ်းခြောက်မှုတွေရှိနေတယ်”လို့ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က အခုလိုပြောပါတယ်။ ငွေကြေး မတတ် နိုင်လို့ တာဝန်ကျေစိုက်တဲ့ အနေအထားပဲရှိတော့ ပဲစိုက်တယ်။ ဒီဟာက ပြည်တွင်းစားသုံးမှုရော ပြည်ပတင်ပို့မှုပါ စိုးရိမ်စရာပါလို့ သူက ဆိုပါတယ်။

မြန်မာတစ်နိုင်ငံလုံးရဲ့ ဆန်စပါးစိုက်ဧကဟာ  ၁၈သန်းရှိပြီး တစ်ဧကလျှင် တင်း၅၀ခန့်သာ ထွက်ရှိပေမယ့် ရာသီဥတုဒဏ်ကြုံပါက အခက် အခဲတွေ ရှိတယ်လို့လည်း သိရပါတယ်။

“လယ်ယာမြေကဏ္ဍမှ အရှုံးတွေ ရှိသလို မကြာသေးခင်က ကားတင်သွင်းမှုဆိုင်ရာမူဝါဒ တွေမှာလည်း လိုအပ်ချက် ရှိတယ်လို့ ပြည်တွင်းငွေ ဂျပန်ရောက်ပြီး ဆုံးရှုံးနစ်နာမှုတွေ များစွာဖြစ်ရတယ်”လို့ Sakura ဦးဌေးအောင်က ဆိုပါ တယ်။ “ကားတစ်စီးကို တစ်ထောင်ပဲထား။ တကယ်တော့ တစ်ထောင်မကဘူး။ အခုဆိုရင် ပြည်တွင်းရောက်တာ အစီး ၄၀၀၀၀ မြောက်ရင်သန်း၈၀ရှိတယ်။ မလိုအပ်ဘဲ ဆုံရှုံးသွားတဲ့ပိုက်ဆံ။ သန်း၈၀ဆိုတာ တိုင်းပြည်အတွက် အခုလိုအပ်တဲ့ လယ်ယာနဲ့ သားငါးကဏ္ဍ တွေမှာဖြည့်တင်းလို့ရပါတယ်” လို့ အခုလိုငွေတွေ ဆုံးရှုံးရတဲ့ အခြေခံကို ပြန်ကြည့်ရင် လွန်ခဲ့ တဲ့၁၀ စုနှစ် တစ်ခုကျော်က ကားတင်သွင်းထုတ်လုပ်မှုပိုင်းဆိုင်ရာ မူဝါဒအလွဲအမှားတွေကြောင့်လို့ သူကဆက်ပြောပါတယ်။

“နိုင်ငံပိုင်စက်ရုံတွေကလည်း ပုဂ္ဂလိကစက်ရုံတွေနဲ့ ပေါင်းပြီးဒီလိုပဲကား အတုတွေထုတ်ခဲ့ပါတယ်။ ရေရှည်စီးပွားရေးလုပ်ငန်း တိုးတက်မှုကို ရေတို စဉ်းစားလုပ်ကိုင်ခဲ့တာကြောင့် နည်းပညာတိုးတက်မှု အပိုင်းမှာ ဘာမှဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်တို့ဆီမှာ ကားဟောင်းတွေပဲပုံကျန်ခဲ့ပါတယ်။ အခုလည်း နိုင်ငံတကာမှာ ထိုးဖောက်နိုင်တဲ့ဈေးကွက်ရှိပြီးသား Brand စက်ရုံများတည်ဆောက်ဖို့ထက်အလွယ်တက ရင်းနှီးမြှပ်နှံကြမယ့် တရုတ်၊ အိန္ဒိယ ကားစက်ရုံတွေ တည်ဆောက်နေတာဟာလည်း ရေတိုတိုးတက်မှု ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်”လို့သူက ဆိုပါတယ်။

နောက် ကားတင်သွင်းခွင့်ပြုတဲ့ ကိစ္စမှာလည်း  ဈေးသတ်မှတ်ချက်နဲ့ Model သတ်မှတ်ချက်တွေဟာ စနစ်ကျမှု မရှိတဲ့အတွက် မျှတမှု မရှိတဲ့ အတွက် အခွန်များတာများပြီးနည်းတာတွေက နည်းနေပါတယ်။အချို့ ကားတွေဆိုရင် ဘယ် Model ဖြစ်ဖြစ်(၁၉၉၆မှ ၂၀၁၁)အထိ သတ်မှတ်တဲ့ဈေးက တစ်မျိုးတည်းဖြစ်နေတာ ကြောင့် အခွန်ကောက်ခံမှုမှာ နိုင်ငံ တော်နှင့် ပြည်သူဘက်မှ နှစ်ဘက်စလုံး နစ်နာမှုတွေဖြစ်ရတယ်။

နောက်ပြီးတရားဝင်ငွေဖြစ်တဲ့ Earningနဲ့ မော်တော်ကားတင်သွင်းခွင့် ကိုအကန့် အသတ်မရှိ ခွင့်ပြုရမည့် အစား Dollar Cash နှင့်မည်သူမဆို Account ဖွင့်ခွင့်ပေးသည့်အတွက် Dollar Cashဈေးနှုန်းဟာ Earning ဈေးအပေါ်မှာ ဖြစ် သွားပြီး Exporter တွေနဲ့ ပတ်သက်ဆက်နွယ်သူတွေအားလုံး နစ်နာကြရတယ်။ ဒါကြောင့်၂၀၀၇ Model အထက်ဝယ်တဲ့ ကားအားလုံးတင်သွင်းခွင့်ပြုခြင်းအား Earning ဖြင့်သာလျှင် အကန့်အသတ်မရှိ တင်သွင်းခွင့် ပြုသင့်ပါတယ်။ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင်လည်း Exchange Control Board ရှိပြီး ကားတင်သွင်းခွင့်များကို အကန့်အသတ်နှင့် ထိန်းချုပ် ထားပါတယ်။

အချုပ်အားဖြင့်ပြောရလျှင် မော်တော်ယာဉ်ဥပဒေနှင့် မော်တော်ကားတင်သွင်းခွင့်ပြုတဲ့ လက်ရှိမူဝါဒများကို ရေရှည်အကျိုးဖြစ်ထွန်းစေမယ့် စီမံချက်များရေးဆွဲပြီး ပြန်လည်ပြင်ဆင်သင့်ပါတယ်။ မော်တော်ကားထုတ်လုပ်သည့် လုပ်ငန်းများမှာလည်း ပြည်ပဈေးကွက် ရှိပြီးသား နာမည်ကြီး ကား ကုမ္ပဏီများကို မက်လုံပေးဖိတ်ခေါ်သင့်ပါတယ်။ နိုင်ငံတကာ မှာ ဈေးကွက်မရှိတဲ့ကုမ္ပဏီတွေဟာ ပြည်တွင်းမှာရောင်းချဖို့ပဲ ထုတ်လုပ်မှာဖြစ်ပြီး ဝယ်လိုအား မကောင်းတဲ့အတွက် စဉ်ဆက်မပြတ်တိုးတက်ဖို့ရာ မလွယ်ကူသလို အရေအတွက်များများ မထုတ်နိုင်ဘဲ ဖြုတ်တပ်အဆင့်နှင့်ပင် ချုပ်ငြိမ်း သွားမှာ ဖြစ်တဲ့အတွက် စဉ်းစားပြီး လုပ်ဆောင်သင့်ပါတယ်။ လတ်တလောအလုပ်ဖြစ်ရေးကို ဦးစားပေးပြီး ရင်းနှီးမြှပ်နှံခြင်းထက် ရေရှည်အကျိုး ဖြစ်ထွန်းပြီး ပြည်သူတစ်ရပ်လုံး အကျိုးခံစား ရရှိနိုင်တဲ့ ရင်းနှီးမြှပ်နှံမှုမျိုးကို ဦးစားပေးသင့်တယ်လို့ ဦးဌေးအောင်က ပြောပါတယ်။

ပြည်တွင်းမှာ အမျိုးမျိုးသော ပြဿနာတွေကို ဖြေရှင်းမပြီးသေးခင်မှာပဲ နိုင်ငံခြားက ရင်နှီးမြှပ်နှံမှုတွေ လာရောက်မယ် ဆိုတာကလည်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ခြောက်အိပ်မက်လိုဖြစ်နေပါတယ်။ ထွက်ပေါ်မလာသေးတဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေဘက်က အကာ အကွယ်ပေးတဲ့ ဥပဒေတွေဖြစ်ဖို့ကိုလည်း လုပ်ငန်းရှင်အများစုက လိုလားတောင့်တနေကြပါတယ်။

“FDI  Lawက ထွက်မလာသေးတော့ ပြောရခက်တယ်။ ပြိုင်ဆိုင်ဖို့ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေမှာ အာနည်းချက် ရှိတာပေါ့လေ။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုမှာ ပြည်တွင်းစီးပွားရေးသမားများအတွက် ထည့်သွင်းစဉ်းစားဖို့ တင်ပြ နေကြတာပေါ့ ”လို့ ဦးချစ်ခိုင်က ပြောပါတယ်။

FDI ဝင်ရောက်လာမယ်ဆိုရင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေအတွက် ကာကွယ်ပေးရာရောက်သည့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် (Joint)များနှင့် ဆောင်ရွက်သင့်တယ်လို့ ဆာကူရာ ဦးဌေးအောင်က အကြံပြုပြောကြားပါတယ်။ ယခင်အစိုးရလက်ထက်တုန်းက ယခုကဲ့သို့ ဆူညံသော စီးပွားရေးဆိုင်ရာ အကြံပြုချက်များ လုံလုံးမကြားခဲ့ရ။ ဒီမိုကရေစီနှင့်အတူ ယခုဆိုလွှတ်တော်ဥက္ကဋ္ဌ၏ အရှေ့တွင် ရဲရဲတင်းတင်းဖြင့်မြန်မာနိုင်ငံ၏ စီးပွား ရေးဆိုင်ရာ ကိစ္စ ပ်များကို ချပြလာခဲ့ပါတယ်။ မတိုးတက်တော့တဲ့ မူဝါဒတွေနဲ့ ဈေးကွက်ရဲ့စိန်ခေါ်မှုတွေ ထိပ်တိုက်တွေ့လာတဲ့ အခါမှာ တော့………

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs