Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011- (1)
yangonchronicle 2011- (1)

 

၁၅.၇.၂၀၁၂

ဘာသာပြန်သတင်းများ

  1. ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ပါဟု ကလင်တန်ကတိုက်တွန်း

( 13 July 2012 ရက်စွဲပါ Reuters  မှ Arshad Mohammed ရေးသားသော Keep up reforms, Clinton urges Myanmar ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓါတ်အားကဏ္ဍသည် အရေးပါသောကဏ္ဍမှ ပါဝင်ဟု ရှူမြင်

(13 July 2012 ရက်စွဲပါ Bangkok Post မှ Power sector seem as crucial to Myanmar development ကိုဘာသာပြန်သည်)

  1. မြန်မာပြည်မှ ရိုဟင်ဂျာများအတွက် ဂျီဟတ်စစ်ဆင်နွှဲမည်ဟု သဘောထားတင်းသူ အင်ဒိုနီးရှား အစ္စလာမစ်များကြွေးကြော်

(Jakarta Globe မှ 13 July 2012 ရက်စွဲပါ Indonesian Islamic Hard-Liners Vow Jihad for Myanmar's ohingyas ကိုဘာသာပြန်ဆိုသည်)

*****************************************

ဘာသာပြန်သတင်းများ

ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ပါဟု ကလင်တန်ကတိုက်တွန်း

( 13 July 2012 ရက်စွဲပါ Reuters  မှ Arshad Mohammed ရေးသားသော Keep up reforms, Clinton urges Myanmar ကိုဘာသာပြန်ဆိုသည်)

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံသမ္မတအား စီးပွားရေးနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ဖက်တွယ်ထားရန် တိုက်တွန်းခဲ့သည်။

“ကျွန်မတို့ကတော့ ဒီအတိုင်း ဆက်သွားစေလိုပါတယ်။ ကျွန်မတို့အားလုံး ကတိတွေပေးပြီးသားပါ”ဟု ကလင်တန်က ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ကလင်တန်နှင့် ဦးသိန်းစိန်တို့သည် အမေရိကန်ပြည်ထောင်စုက အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေး ဝန်ဆောင်မှုများပေးခွင့်ပြုရန် အရေးယူမှုများဖြေလျော့ပေးပြီး နှစ်ရက်အကြာတွင် ကမ္ဘောဒီးယားနိုင်ငံ Siem Reap ၌ ပြုလုပ်သော စီးပွားရေးကွန်ဖရင့်တွင် တွေ့ဆုံခဲ့ကြသည်။

“ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ရုတ်ခြည်းတိုးတက်လာတာတွေ့ရတာ ကျေနပ်အားရမိပါတယ်။ သမ္မတအိုဘားမားက အရေးယူမှုတွေ ဖြေလျော့ပေးတာကိုလည်း ဝမ်းသာပါတယ်”ဟု ၎င်းတို့နှစ်ဦး စကားမပြောမီ ဓါတ်ပုံအရိုက်ခံရာတွင် ဦးသိန်းစိန်က ပြောကြားခဲ့သည်။

“ရာစုနှစ်တဝက်ခန့်အကြာ ယနေ့အချိန်မှာတော့ မြန်မာနိုင်ငံဟာငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေးကတဆင့် နိုင်ငံတော်အသစ်တည်ဆောက်ဖို့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပါပြီ၊ စစ်အုပ်ချုပ်ရေးမှ တဖြည်းဖြည်း ပြောင်းလဲပြီး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ကိုင်ရင်း ဒီမိုကရေစီခေတ်သစ်ဆီကိုသွားနေတဲ့အချိန်မှာ မြန်မာနိုင်ငံဟာအရေးကြီးလှတဲ့ လမ်းဆုံလမ်းခွကိုရောက်နေပါပြီ”ဟု ဦးသိန်းစိန်က ကွန်ဖရင့်တွင် ပြင်ဆင်လာသော မိန့်ခွန်းအား ပြောကြားသည်။

သမ္မတအိုဘားမားက အရေးယူမှုများ ဖြေလျော့ပေးခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးများကိုထောက်ခံသော အားကောင်းသည့် လက္ခဏာတစ်ခု ဖြစ်သည်။ သို့သော် အိုဘားမားကပြောကြားရာတွင် မြန်မာနိုင်ငံ၏ မပြီးဆုံးသေးသော လုပ်ဆောင်မှုများတွင် ပွင့်လင်းမြင်သာမှုမရှိသော ရင်းနှီးမြှုပ်နှံမှုဝန်းကျင်စီးပွားရေးတွင် စစ်တပ်၏ကဏ္ဍတို့နှင့်ပတ်သက်၍ ကြီးစွာစိုးရိမ်မှုများရှိဆဲ ဖြစ်ကြောင်းပြောခဲ့သည်။

သစ်၊ ကျောက်မျက်ရတနာ၊ ဓါတ်ငွေ့တို့ကြွယ်ဝသော နိုင်ငံတွင်ကျယ်ပြန့်စွာ ဆင်းရဲမွဲတေလျက်ရှိသော်လည်း မိသားစု(၂၀)ပင်မရှိသော မြန်မာခရိုနီ အရင်းရှင်များသည် စစ်အာဏာရှင်ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကူအညီဖြင့် ကြီးပွားချမ်းသာလျက်ရှိကြသည်။

ကလင်တန်နှင့် ဦးသိန်းစိန်တို့သည် တစ်နာရီခန့်တွေ့ဆုံခဲ့ကြောင်း အကြီးတန်းအမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက သတင်းထောက်များသို့ ပြောကြားခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် ကလင်တန်က ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်း(၁၀)ဦးခန့်ကို ဖမ်းဆီးထားပြီး၊ အချို့ကို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ သတင်းများအပေါ် စိုးရိမ်မှုကိုပြောခဲ့ကြောင်း ပြောသည်။

ကလင်တန်က ကွန်ဖရင့်တွင်စကားပြောကြားခဲ့ရာတွင် ဦးသိန်းစိန်အားအချိန်တိုအတွင်း ခရီးအများကြီးရောက်အောင် ရွေ့နိုင်ခဲ့သောခေါင်းဆောင်ဟု ချီးကျူးခဲ့သည်။

ကလင်တန်က မြန်မာဟုအမည်တပ်ခြင်းမရှိဘဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး၏အရေးကြီးမှု၊ စီးပွားရေးနှင့်ပတ်သက်၍ ကောင်းမွန်သော လုပ်ပုံကိုင်ပုံများ၏ အရေးကြီးမှုနှင့် ၎င်းတို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပုံတို့ကို အလေးအနက်ထား ပြောကြားခဲ့သည်။

“အစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသောဒေသနှင့် ရေတိုအတွက်သာတိုးတက်မှုရှိသော တစ်ဦးနှင့်တစ်ဦးကြားမှ ခြားနားချက်များမှာစံများနှင့် တစ်ဦးချင်းပိုင်ဆိုင်မှုအကာအကွယ်ပေးခြင်း၊ လူတိုင်းအတွက်ညီမျှသော လုပ်သာကိုင်သာမှု သေချာစေမည့်ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများဖြင့် ခန့်မှန်းရလွယ်ကူစေခြင်းတို့ဘဲ ဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

ဦးသိန်းစိန်ကပြောကြားရာတွင် ၎င်းသည်ပြုပြင်ပြောင်းလဲရေးအတွက် ကတိကဝတ်များပေးပြီးဖြစ်ကြောင်း၊ စီးပွားရေးကို လစ်ဘရယ်ဖြစ်စေခြင်း၊ ဆန္ဒပြခြင်းများ၊ ခွင့်ပြုခြင်းနှင့် ဒီမိုကရေစီစနစ်ဆီသို့ ချီတက်ခြင်းများကို ကြိုးပမ်း လုပ်ဆောင်ခဲ့ကြောင်း သို့သော် နိုင်ငံခြားတိုင်းပြည်များက မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုများနှင့် နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ ရန်ပုံငွေများမရရှိမှုနှင့်ပတ်သက်၍ စောဒကတက်ခဲ့သည်။

“မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာပြီးတဲ့နောက် မြန်မာပြည်သူများဟာ တိုင်းပြည်မှာ စစ်မှန်တဲ့ ပြောင်းလဲမှုများကို မြင်တွေ့လိုပါတယ်”ပာု သမ္မတဦးသိန်းစိန်က အင်္ဂလိပ်ဘာသာဖြင့် ပြောကြားခဲ့သည်။

                                                                    **********************************

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် လျှပ်စစ်ဓါတ်အားကဏ္ဍသည် အရေးပါသောကဏ္ဍမှ ပါဝင်ဟု ရှူမြင်

(13 July 2012 ရက်စွဲပါ Bangkok Post မှ Power sector seem as crucial to Myanmar development ကိုဘာသာပြန်သည်)

အနောက်နိုင်ငံများသည် မကြာမီက မြန်မာနိုင်ငံအပေါ်အရေးယူမှုများ ဖြေလျော့ပေးခဲ့ရာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း သက်သေပြပါလိမ့်မည်။

အတိုင်ပင်ခံကုမ္ပဏီဖြစ်သော Frost & Sullivan က ပြောကြားရာတွင် စီးပွားရေးသည် လက်ရှိအခြေအနေမှ ထိုးတက်ရန်ကြိုးစားလျက်ရှိရာ စွမ်းအင်ပြတ်လပ်နေသော တိုင်းပြည်တွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် လျှပ်စစ်ကဏ္ဍသည် အဓိကအထောက်အကူပြုမည့်နေရာတွင် ရှိနေသည်ဟု ဆိုသည်။

Frost & Sullivan ၏ အာရှ-ပစိဖိတ်စွမ်းအင် လုပ်ငန်းများအတွက် သုံးသပ်သူ Vishal Narain ကပြောကြားရာတွင် မြန်မာနိုင်ငံတွင် ၂၂၅၄ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ပြီး ၂၀၀၇ မှစဿ ၁၀% စီ တိုး၍ ထုတ်နိုင်ခဲ့သည်။

“၂၀၁၂ခုနှစ်မှာ လျှပ်စစ်မီး ၁၅% လိုအပ်ချက်ကြောင့် လက်ရှိလျှပ်စစ်မီး ပြဿနာဖြစ်ရတာပါ။”ဟု ၎င်းကပြောသည်။

“ပြီးခဲ့တဲ့ကာလတွေက စီမံကိန်းအမြောက်အမြားဟာ လျှပ်စစ်မီးကို ပိုမိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုင်းပြည်တစ်ခုလုံးမှာရှိတဲ့ လူဦးရေရဲ့ ၁၃ % ကသာ လျှပ်စစ်မီးကိုအသုံးပြုနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် လူတစ်ဦးချင်းလျှပ်စစ်အသုံးပြုနိုင်မှုမှာ ၁၀၄ kilowatt-hours သာရှိရာ ထိုင်းနိုင်ငံတွင် လူတစ်ဦးချင်း ၂၀၀၀ kwh နှင့် အင်ဒိုနီးရှားတွင် ၆၀၀ kwh အသီးသီးအသုံးပြုနိုင်သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၇၀% ကို ရေအားလျှပ်စစ်စက်ရုံ(၁၈)ခုမှထုတ်လုပ်ပြီး မိုးရာသီတွင် ၁၂၇၀ မဂ္ဂါဝပ်ထုတ်လုပ်ပြီး၊ နွေရာသီတွင် ၁၀၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သည်။ ဓါတ်ငွေ့သုံးဓါတ်အားပေးစက်ရုံများမှ ၃၅၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သည်။

လက်ရှိမြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးမြင်ကွင်းကို ကြည့်လျှင်၊ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကာလအတွင်း လျှပ်စစ်မီးသုံးစွဲမှုပမာဏ မြင့်တက်လာခြင်းကြောင့် လျှပ်စစ်မီး ၅၀ gigawatts ထုတ်လုပ်ရန် လိုအပ်သည်။ ထိုလိုအပ်ချက်ပမာဏ ထုတ်လုပ်နိုင်ရန် ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅၀ ဘီလီယံ လိုအပ်နေပါသည်။

“ဒါကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မှုနဲ့သုံးစွဲမှုကြားက ကြီးမားတဲ့ကွာဟချက်ကြီးဟာ ပြည်တွင်းရော၊ နိုင်ငံစုံကုမ္ပဏီတွေအတွက်ပါ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကြီး ရှိပါတယ်။ လျှပ်စစ်မီးထုတ်လုပ်ဖြန့်ဖြူးပြီး၊ ငှားရမ်းတဲ့ကဏ္ဍအထိ လုပ်ကိုင်နိုင်ပါမယ်”ဟု Dr. Narain ကပြောသည်။

အိုဟောင်း၍ခေတ်မမှီတော့သည့် ဓါတ်အားပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလိုင်းများတွင် အလယ်အလတ်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းပေါ်နိုင်သည်။ အချို့ကေဘယ်ကြိုးများမှာ ဓါတ်အား ၂၃၀ ကီလိုဝပ်ထက် လျော့နည်းခဲ့ရာ၊ ဓါတ်အားဆုံးရှုံးမှုများမှာ အရေးကြီးသည်။

“ဒါကြောင့် ဓါတ်အားပို့လွှတ်ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံမှာ ကြီးမားစွာရင်းနှီးမြှုပ်နှံမယ်ဆိုရင် အစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အားဆုံးရှုံးမှု လျော့ချရေးမှာ အထောက်အကူပြုနိုင်ပြီး၊ လျှပ်စစ်မီးပြဿနာတွေကို ပိုပြီးထိထိရောက်ရောက် စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်”ဟု Dr.Narain ကပြောသည်။

အချိုးအစားပြောင်းလဲတိုးတက်လာစေရန် မြန်မာအစိုးရသည် ၂၃၀ kv ဓါတ်အားလိုင်း မိုင် ၅၀၀၀ နှင့် ဓါတ်အားခွဲရုံ(၈)ခု တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောသည်။

အခြားရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းမှာ လျှပ်စစ်ဓါတ်အားစက်ရုံအသေးစားများ ကွန်ယက်ဖွဲ့ဖြန့်ဖြူးခြင်း( distributed power generation)ဖြစ်ပြီး၊ လျှပ်စစ်ဓါတ်အား လိုအပ်ချက်အတွက် ရေတိုဖြေရှင်းနည်း ဖြစ်သည်။

နိုင်ငံခြားခရီးသွားများ ဝင်ရောက်လာခြင်းနှင့် ပညာရှင်များကလည်း ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်ရန် စိုင်းပြင်းလျှက်ရှိရာ နေအိမ်နှင့် ရုံးခန်း နေရာများကို လိုအပ်ချက်မြင့်တက်လာမည် ဖြစ်သည်။

အဆိုပါနေအိမ်နှင့် ရုံးခန်းများသည် လျှပ်စစ်ဓါတ်အားလိုအပ်ချက်ကို ကြုံတွေ့ရတော့မည် ဖြစ်သည်။ အစိုးရကမူ လျှပ်စစ်ဓါတ်အား လိုအပ်ချက်အတွက် ပြည်ပမှ မီးစက်ကြီးများ မှာယူရမည် ဖြစ်သည်။

နေအိမ်နှင့် ရုံးခန်းငှားရမ်းမည့် ပုဂ္ဂလိက အိမ်ခြံမြေကုမ္ပဏီများကမူ လျှပ်စစ်ဓါတ်အားငှားရမ်းသုံးစွဲမှုကိုအားကိုး၍ အဖြေရှာရမည် ဖြစ်သည်ဟု Dr.Narain က ပြောသည်။

အထက်ပါ ဓါတ်အားပေးစက်ရုံလေးများမှ လျှပ်စစ်မီးငှားရမ်းခြင်းမှာ ၂၀၁၅ အထိ လိုအပ်ချက်မြင့်မားနေဦးမည် ဖြစ်ပြီး ရေနွေးငွေ့၊ ဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် စက်ရုံအသစ်များ လည်ပတ်အသုံးပြုနေရချိန်တွင် လိုအပ်ချက်ကျဆင်းသွားနိုင်သည်။

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲရေး တံခါးဖွင့်လှစ်မှုနှင့် ပုဂ္ဂလိကကဏ္ဍ ပါဝင်လာမှု နိုးထလာချိန်တွင် နိုင်ငံခြား ကုမ္ပဏီများအတွက် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးမှုတွင် ရေတိုရော ရေရှည်ပါ အရေးကြီးသည့် ရင်းနှီးမြှပ်နှံမှုအခွင့်အလမ်းများ ရှိနေသည်ဟု Dr Narain က ပြောသည်။

သို့သော် ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှပ်နှံမှုအစီအစဉ်များကို ကမောက်မက ဖြစ်စေနိုင်သည့် လျှပ်စစ်ဓါတ်အားစီမံကိန်းကြီးများတွင် ပါဝင်နေသော နိုင်ငံစုံကုမ္ပဏီများ၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား၍ ဈေးကွက်ကို သတိရှိကြစေရန် လိုအပ်သည်။                               

                                                            *************************************

မြန်မာပြည်မှ ရိုဟင်ဂျာများအတွက် ဂျီဟတ်စစ်ဆင်နွှဲမည်ဟု သဘောထားတင်းသူ အင်ဒိုနီးရှား အစ္စလာမစ်များကြွေးကြော်

(Jakarta Globe မှ 13 July 2012 ရက်စွဲပါ Indonesian Islamic Hard-Liners Vow Jihad for Myanmar's ohingyas ကိုဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်ရှိ မြန်မာနိုင်ငံသံရုံးရှေ့တွင် ဇူလိုင်လ ၁၃ ရက်နေ့က သဘောထားတင်းမာသော  အစ္စလာမစ် ရာပေါင်းများစွာစုဝေးပြီး ရခိုင်ပြည်နယ်တွင်း ဆူပူသောင်းကျန်းမှုများအတွင်း ရိုဟင်ဂျာမွတ်စလင်များကို လူမျိုးဖြုတ်သတ်ဖြတ်နေမှုအားရပ်ဆိုင်းရန် ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

အစ္စလာမ်ကာကွယ်သူများတပ်ဦး(FPI)နှင့် ဂျမားအစ္စတော်ရွတ်တူးဟစ်(JAT)အဖွဲ့အပါအဝင် သဘောထားတင်းမာသော အစ္စလာမစ် ၃၀၀ ခန့်ကဂျာကာတာအခြေစိုက် မြန်မာနိုင်ငံသံရုံးကို စီးနင်းဝင်ရောက်မည်ဟု ခြိမ်းခြောက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်က သံရုံးအဆောက်အအုံကို အကာအကွယ်ပေးခဲ့ရသည်။

"တကယ်လို့ သံရုံးကအရာရှိတွေက ကျုပ်တို့နဲ့ဆွေးနွေးပြောဆိုဖို့ ငြင်းဆိုနေမယ်ဆိုရင် သံရုံးထဲကိုအင်အားသုံးဝင်ရောက်ပြီး အားလုံးကိုပြောင်းပြန်လှန်ပစ်မယ်"ဟု ဆန္ဒပြအုပ်စုခေါင်းဆောင်က အသံချဲ့စက်ဖြင့်အော်ဟစ်ပြောဆိုသည်။

ထို့နောက် "အလ္လာအရှင်မြတ်သည် အမြင့်မြတ်ဆုံးဖြစ်သည်"ဟု အော်ဟစ်ပြန်သည်။

"မွတ်စလင်တစ်ဦးတစ်ယောက်စီက ကျတဲ့သွေးစက်တိုင်းအတွက် ပြန်လည်ပေးဆပ်ရလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ ဘာမှအလကားမရပါဘူး"ဟု အော်ဟစ်ပြောဆိုသည်။ ဆန္ဒပြအုပ်စုများမှာမူ "FPI သည် ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန်အသင့်ဖြစ်နေသည်"ဟူသော စာတန်းကို ကိုင်ဆောင်ထားကြသည်။

"သင်တို့ရဲ့မွတ်စလင်ညီနောင်များအတွက် မြန်မာနိုင်ငံကိုသွားပြီး ဂျီဟတ်မြင့်မြတ်စစ်ပွဲဆင်နွှဲကြပါ"ဟု အစ္စလာမ်အမျိုးသား တစ်ဦးကဆိုသည်။

သို့သော် အဆိုပါသဘောထားတင်းမာသူ အစ္စလာမ်များမှာ သံရုံးထဲသို့ဝင်ရောက်ခြင်းမပြုဘဲ  ကုလသမဂ္ဂအဆောက်အအုံ ရှိရာဘက်သို့ ဆန္ဒပြရန်သွားရောက်ခဲ့ကြသည်။

မကြာသေးခင်က ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာမွတ်စလင်များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် လူပေါင်း ဒါဇင်နှင့်ချီ၍သေဆုံးပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသည်။

ကမ္ဘာပေါ်တွင်ဖိနှိပ်မှုအများဆုံးခံရသည့် လူမျိုးစုငယ်ဖြစ်သော ရိုဟင်ဂျာရှစ်သိန်းခန့်မှာ မြန်မာနိုင်ငံတွင် နေထိုင်လျက်ရှိသည်။

မြန်မာသမ္မတဦးသိန်းစိန်က ကုလသမဂ္ဂသို့ ဇူလိုင်လ ၁၂ ရက်နေ့က ပြောဆိုရာတွင် "မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးများမဟုတ်ဘဲ တရားမဝင် ဝင်ရောက်လာသည့်ရိုဟင်ဂျာများကို လက်သင့်ခံရန်မဖြစ်နိုင်ကြောင်း" ထည့်သွင်း ပြောဆိုသည်။ ၎င်းတို့ကို ဒုက္ခသည်စခန်းသို့စေလွှတ်ခြင်း သို့မဟုတ် ပြည်နှင်ဒဏ်ပေးခြင်းမျိုးပြုလုပ်သင့်သည်ဟု ဆိုသည်။

 *****************************************************************************************************                                


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စင်ပေါ်မှပွဲ

*****************************************

ဆောင်းပါးကဏ္ဍ

စင်ပေါ်မှပွဲ

အောင်မြင်သူ

(ဇူလိုင်လ ၁၄ ရက်နေ့ထုတ် နေပြည်တော်တိုင်းမ်ဂျာနယ် အတွဲ ၁၊ အမှတ်(၃၃) မှ ထုတ်ယူဖေါ်ပြချက်။)

စကိုင်းနက်ရုပ်သံလိုင်းကို ဖွင့်လိုက်ချိန်တွင် မီဒီယာများဆွေးနွေးနေသည်ကို တွေ့လိုက်ရသည်။ အစမှနားမထောင်လိုက်ရသဖြင့် မီဒီယာ လွတ်လပ်ခွင့်ကို ဆွေးနွေးနေခြင်းလားဟု မသိလိုက်ပါ။ မည်သို့ပင်ဖြစ်စေ ဆရာဦးမြတ်ခိုင် တရားစွဲဆိုမှုအပေါ် အခြေခံပြီး ဆွေးနွေးပွဲလေးဖြစ်လာ သည်ဟု ယူဆမိပါသည်။

ဆွေးနွေးပွဲကိုနားထောင်ရင်း တစ်ချိန်က “ဝေဖန်ရေးနှင့် မိမိကိုယ်မိမိဝေဖန်ရေး”ဆိုသည့်စကားရပ်ကို သွားသတိရမိသည်။

တစ်ပါးသူကို ဝေဖန်ချိန်တွင် ရက်ရက်စက်စက်ဝေဖန်ရင်း သာသာထိုးထိုး ဖြစ်သွားသည်။ ယခုလည်း ဝေဖန်ဆွေးနွေးသူများမှာ မီဒီယာလောက သားများ ဖြစ်သည်။ နိုင်ငံတော်အပိုင်းကို ဝေဖန်ချင့်ချိန် ခပ်လန့်လန့်ဖြင့် မပွင့်တပွင့် ဝေဖန်သွားသော်လည်း မိမိကိုယ်မိမိဝေဖန်ချိန်တွင် ပြည်သူလူထုကို အကာအကွယ် ယူလိုက်ကြသည်။ ပြည်သူ့ဘက်မှ ရပ်တည်သည်။ မင်းတုန်းမင်းကြီးကိုယ်တိုင်က ပြောခဲ့တယ် စသဖြင့် မင်းတုန်းမင်းကြီးကိုလည်း ကာဗာ ယူလိုက်ကြသည်။ ယခုကိစ္စမှာ ဆွေတော်မျိုးတော်များ မှူးကြီးမတ်ရာများကိစ္စ မဟုတ်ပါ။ မီဒီယာလောကားများသည် သုံးယောက်ပေါင်း ၇ တန်းဆိုသည့် လူမျိုး တစ်ယောက်မှမရှိပါ။ အများစုသည် နိုင်ငံတကာအတွေ့အကြုံရှိသူ ပညာတတ်များ ဖြစ်သည်။

ရုပ်ရှင်မင်သားကြီးများဆွေးနွေးသည့် စကားရပ်ကို ကျွန်တော်အလွန်သဘောကျသည်။ မီဒီယာများ ပြည်သူ့ဘက်က ရပ်တည်ရမည်။ မီဒီယာ သည် ပြည်သူ့အတွက်။ ပြည်သူ့အတွက်။ အားလုံးပြည်သူ့အတွက်ဖြစ်၍ ကျွန်တော်သဘောကျခြင်းဖြစ်သည်။ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက် ကလည်း ပြည်သူ့အတွက်၊ ပြည်သူ့အတွက်ဟု ပြောခဲ့ရသည်ကို သတိရမိပါသည်။ အားလုံးပြောနေရုံဖြင့် ပြီးသွားကြသည်မှာ စိတ်မကောင်းစရာ ဖြစ်သည်။

ကျွန်တော် စကိုင်းနက်မှပြသသော ကချင်ဒုက္ခသည်များအတွက် ပဒေသာကပွဲကို ကြည့်ခဲ့သည်။ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများ ကြောင့် ဒုက္ခရောက်သူများအတွက် ပြည်သူများအတွက် ပြည်သူချစ်သောအနုပညာသည်များမှ ရံပုံငွေရှာသည့်ပွဲ ဖြစ်သည်။

ပြည်သူချစ်သောမင်းသမီးလေးက ပြည်သူချစ်သောမင်းသားကို တွေ့သည့်အချိန်တွင် “ရွှေပန်းကလေးကိုင်ပါရစေ” ပြည်သူချစ်သောစင်ပေါ်မှ မင်းသမီးတစ်ဦးက မင်းသားတစ်ဦးအား “ငှက်ပျောသီးစားချင်တယ်” ရင်သားတစ်ဝက်ဖော်ထားသည့် သင်္ကြန်မင်းသမီးမှလည်း “နို့တိုက်ဖို့ နို့နှစ်လုံးပါလာ တယ်” “ထီးနီလေးအောက်မှာ အတူတူနေချင်တယ်”ဆိုသည့် အပြောအဆိုအသုံးအနှုန်းများမှာ မည်သို့သော ပြည်သူအတွက်ဟု မသိသဖြင့် ကျွန်တော် တီဗွီပိတ်မိလိုက်သည်။ ကျွန်တော်တီဗွီပိတ်လိုက်သဖြင့် ကျွန်တော် အစော်ကားမခံလိုက်ရပါ။ လမ်းဘေးက ကသော လူရွှင်တော်များပင် ခါးအောက်ပိုင်း ပြက်လုံးများ မသုံးကြတော့ပါ။

တက္ကသိုလ်ကျောင်းသားဘဝက တွေ့ခဲ့သည့် အမှန်တရားလေးတစ်ခုရှိသည်။ အုပ်ချုပ်သည့်မင်းမှစ၍  လူသားများအားလုံးအတွက်ဖြစ်သည်။ မှားသည်မှန်သည် သုံးသပ်ကြည့်နိုင်ပါသည်။ တက္ကသိုလ်ကျောင်းသားတစ်ဦး စာလေးတစ်ကြောင်းလက်ဆော့ထားသည် “`ဤနေရာရောက်သူတိုင်း လှန်ရသည်” ဟူ၍ ဖြစ်သည်။ လမ်းမပေါ်တွင် လှန်မပြပါနှင့် လမ်းမပေါ်တွင် လှန်မပြပါနှင့်။

အနုပညာသည် ပြည်သူအတွက် ဖျော်ဖြေနေရုံမဟုတ်ပါ။ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းဖို့ ယနေ့ချီတက်နေသော ဒီမိုကရေစီနှင့်ပတ်သက်ပြီး ပညာပေးဖို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ လူကုန်ကူးမှု၊ လူကုန်ကူးမှု ပညာပေးရေး ဆောင်ရွက်ဖို့ လိုသည်။

ပြည်သူအတွက် စကိုင်းနက်လည်း ယုံပြီး မပုံလိုက်ပါနှင့်။ အင်္ဂလိပ်ရုပ်ရှင်များထဲမှ ကျောဗြောင်ဖြစ်နေလျှင်ပင် လိုက်ဖျက်သည်။ မြန်မာမင်းသမီး များ ရင်သားမပေါ်တပေါ်ကို မဖျက်ရဲ၍လား၊ ကြည့်ကောင်းရဲ့လားမသိပါ။ ထိုထက်ပိုဆိုးသည်မှာ “ပြည်သူ့အတွက် စကိုင်းနက်ကြော်ငြာ” ပေါင်းနှစ်လုံးဖြဲ ကားပြီး ကပြသွားသည်။ ပါးလွှာလွှာအသားကပ်ဘောင်းဘီဖြင့် မမြင်မတော်၍ ပြောခြင်းမဟုတ်ပါ။ အင်္ဂလိပ်ကားများကို ဝိနည်းလွတ်ရုံ မလုပ်ပါနှင့်။ ကြည့်ရသူများ ဇိမ်ပျက်ပါသည်။ လုံးဝမကြည့်သင့်သည်များပါလျှင် ဖြတ်သင့်ပါသည်။

မီဒီယာများ၏ ပထမဖွင့်ပွဲမှာ Hot News ဖြစ်သည်။ ကျွန်တော်စိတ်ဝင်စားသည်မှာ ကိုယ်တွေ့လေးများရှိ၍ဖြစ်သည်။ ကျွန်တော့်ဝမ်းပွဲအစ်ကို သင်္ဘောပေါ်တွင် ချော်လဲပြီး ပေါင်ကျိုးသွားသည်။ ပုဂ္ဂလိကဆေးရုံတွင် စတီးရိုးထည့်ရသည်။ ခွဲစိတ်ခန်းမှ ဆရာဝန်ကြီး လက်မထောင်ပြီး ထွက်လာ သည်။ ညနေ ၅နာရီခန့်တွင် ချမ်းတုံလာသဖြင့် ဆရာဝန်ခေါ်သည်။ လရောက်စစ်ဆေးထားသော သွေးသွင်းထားသောပိုက်ကို ဖြုတ်ပေးသည်။ မကြာမီ ပုံမှန် ဖြစ်သွားသည်။ ညည့် ၈ နာရီခန့်တွင် ဆရာမရောက်လာပြီး သွေးပိုက်ကို ပြန်တပ်ပေးသွားသည်။ နာရီဝက်ခန့်အကြာတွင် ချမ်းတုံလာသဖြင့် ဆရာ ဝန်ကို ထပ်ခေါ်သည်။ ဆရာဝန်လက်ထဲမှာပင် ဆုံးသွားသည်။ သားဖြစ်သူ (ဒုညွန်ချုပ် အလုပ်သမား) မှ သွင်းထားသော သွေးအိပ်ကို ကြည့်လိုက်သည် Expire Date ဖြစ်နေကြောင်းကို တွေ့လိုက်ရသည်။

သူမဖြစ်သူ သိရီမြတ် ဗိုက်အောင့်သဖြင့် ပုဂ္ဂလိကဆေးရုံသို့သွားပြသည် ကောင်းသွားမှာပါမှာဆိုပြီး ဆေးရုံကုတင်ပေါ်တွင် နားခိုင်းထားသည်။ ၂ ရက်ခန့်ကြာချိန်တွင် ပိုအောင့်လာသည်။ အားလုံးစစ်ဆေးပြီး ဗိုက်ခွဲရသည်။ ခွဲစိတ်ခန်းမှ ဆရာဝန်ကြီး အိုကေဆိုပြီး ထွက်လာပါသည်။ လူနာက လုံးဝ သတိမရတော့ပါ။ နောက်ဆုံး မေ့ဆေးကြောင့်လိုလိုဘာလိုလိုဖြင့် ကွယ်လွန်သွားပါသည်။

ကျွန်တော်တို့ မြန်မာလူမျိုးများ အလွန်တရားရှိပါသည်။ သေသူတဲ့သူကလည်း သေသွားပြီလေဟု တရားနှင့် ဖြေကြသည်။ Hot News နှင့် ဖြစ်သည့်ပွဲမှာ ကြည့်ကောင်းမည့်ပွဲဟု စောင့်စားနေစဉ် ပွဲပျက်သွား၍ ကျွန်တော် စိတ်မကောင်းဖြစ်မိပါသည်။ ယခုလည်း ကြည့်ကောင်းမည့်ပွဲ စနေပြီ ဖြစ်သည်။

ကျွန်တော် “နေရာ” ဆိုတဲ့ ဆောင်းပါးလေးတစ်ပုဒ် ရေးဖူးပါသည်။ တို့လူတွေ ဆင်းရဲတဲ့ဒဏ်ကို ခံနိုင်တယ် ချမ်းသာတဲ့ဒဏ်ကို မခံနိုင်ဘူးဟု တချိန်က နိုင်ငံခေါင်းဆောင်ကြီးတစ်ဦး ပြောခဲ့ပါသည်။ ကျွန်တော်တို့မီဒီယာများလည်း ပိတ်ဆို့တင်းကြပ်သည့်ဒဏ်ကို ခံနိုင်ခဲ့သည်။ ယခုလွတ်လပ်သည့် ဒဏ်ကို ခံနိုင်ဖို့ လိုသည်။ နေရာလည်း ပျောက်မသွားအောင် ထိန်းသိမ်းဖို့ ရေးခဲ့ပါသည်။ ကိုယ့်နေရာကိုယ် မစောင့်ရှောက်နိုင်လျှင် ပြည်သူကို စောင့်ရှောက်ဖို့ ခက်ပါမည်။

မာရ်နဲ့ မန် ဆိုသည့် ဆောင်းပါးလေးတစ်ပုဒ် ရေးဖူးသည်။ တက္ကသိုလ်ကျောင်းသား ကျွန်တော်တို့သူငယ်ချင်းတစ်စု လမ်းသွားရင်း သူဖုန်းစား၏ ခွက်ကို တိုက်မိသည်။ လက်သီးလက်မောင်းတန်းပြီး ရန်တွေ့ခံရသည်။ သူ့မှာလည်း မာန်နှင့်ဖြစ်သည်။ ကျွန်တော်တို့ မတော်တဆဖြစ်သွားကြောင်း တောင်းပန်လိုက်ပါသည်။  တိုက်ပုံဖြူဖွေးဖွေးနှင့် တက္ကသိုလ်ကျောင်းသားဖြစ်သော ကျွန်တော်တို့ စွပ်ကျယ်ကျောစုတ်နှင့် သူဖုန်းစားကို တောင်းပန်ခဲ့ပါ သည်။

နိုင်ငံရေးစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်များ အနုပညာစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်များ စာပေလောကစင်မြင့်ပေါ်မှ ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။ ပရိတ်သတ်က တော့ စင်ပေါ်မှလူများ၏ပွဲ ကြည့်ကောင်းမည်ဟု စောင့်မျော်နေမည်ဖြစ်သည်။ မည်သို့လုပ်သင့်သည်ကို ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ဖို့ လိုပါသည်။

ကျွန်တော်တို့ ဘက်လိုက်ရန်မရှိပါ။ ကိုယ်ဖာသာလုပ်သည်ကို ကိုယ်အသိဆုံး ဖြစ်ပါသည်။ ကိုယ်ဘာကိုရည်ရွယ်သည်ကိုလည်း ကိုယ်အသိဆုံး ဖြစ်သည်။ စာပေစိစစ်ရေးက ညွှန်ကြားရေးမှူးနှင့် လျှပ်တပြက်ဂျာနယ်မှ တာဝန်ရှိသူများ ပြောနေပုံဖြစ်သည်။ ကိုယ်ဘာပြောခဲ့သည်ကို ပြန်စဉ်းစားကြည့် ပါ။ မည်သူမှားသည်ကို သိပါလိမ့်မည်။ ကိုယ့်သမီးလေး ပိုးစိုးပက်စက်ပုံ ဂျာနယ်ထဲတွင်ပါလာလျှင် မည်သို့ခံစားရမည်ကို ကိုယ်ချင်းစာကြည့်ဖို့ လိုပါမည်။ ဒီပုံကြောင့် ဘာတွေဆက်ဖြစ်နိုင်သည်ကိုလည်း မြော်မြင်ကြည့်ဖို့ လိုပါမည်။

စနစ်ကိုမကြိုက်သဖြင့် အနစ်အနာခံ ဖမ်းဆီးချုပ်နှောင် ထောင်ဒဏ်ဘဝတစ်ခုလုံးနဲ့ရင်းပြီး ပြည်သူတို့အတွက် ရုန်းကန်ခဲ့ကြသော ၈၈မျိုးဆက် ကျောင်းသားများ ယနေ့ သူတို့လိုလားသော လူ့အခွင့်အရေး/စနစ်ရရှိရေးအတွက် ဆက်လက်ဆောင်ရွက်နေကြသည်။ သူတို့လိုချင်သောလမ်းသို့ လျောက်လှမ်းနေသည့် သမ္မတကြီးကို သူတို့ဝန်းရံထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများနှင့် လက်တွဲပြီး ဝန်းရံထား သည်မှာ ဦးဆောင်ချီတက်နေသာ သမ္မတကြီး သူတို့ကြားမှ ပျောက်သွားမည်စိုး၍ ဖြစ်ပါသည်။ ယနေ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲသို့ ဝင်သွား ခြင်းမှာ ခေါင်းငုံ့အရှုံးပေး လက်မြှောက်ပြီး ဝင်သွားခြင်း မဟုတ်ပါ။ ပြည်သူအကျိုးအတွက် ဒီမိုကရေစီအရေးအတွက် ဆောင်ရွက်နေသော သမ္မတကြီးနှင့် လက်တွဲဆောင်ရွက်နိုင်ရန် ရင်ကော့ပြီး ဝင်သွားခြင်းဖြစ်သည်။

နောက်ဆုံးဖြစ်ခဲ့သည် အရေးအခင်းကို လူမျိုးရေး၊ ဘာသာရေးအသွင် မရောက်အောင် ညင်ညင်သာသာ ဆောင်ရွက်ခဲ့မှုကို ကမ္ဘာ့နိုင်ငံများမှ အသိအမှတ် ပြုကြပါသည်။ မှတ်မိကြပါဦးမည်။ ကုန်စည်ပြပွဲပြုလုပ်နေစဉ် ရန်ကုန်မြို့လည် ကုန်တိုက်ကြီး ၃ခု အချိန်ကိုက် အင်အားပြင်းထန်သည့်ဗုံး များ တစ်ချိန်တည်း ပေါက်ကွဲသည်။ ပြည်သူများ သေကျေ ပျက်စီးခဲ့ကြရသည်။ ကုန်စည်ပြပွဲ လာရောက်ဆောင်ရွက်သည့်နိုင်ငံ၏ တောင်ပိုင်းတွင် ဖြစ် ပျက်နေမှုများနှင့် ဆက်စပ်မှုမရှိဟု မည်သူမျှ မပြောနိုင်ပါ။

နိုင်ငံတော်အကြီးအကဲများအနေဖြင့် ပြည်သူများအတွက် အဖက်ဖက်မှ စဉ်းစားသုံးသပ်ပြီး ဆောင်ရွက်နေချိန်ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူ များအတွက်လည်း စင်ပေါ်မှပွဲထက် ပို၍အရေးကြီးသော ကိစ္စများ ရှိပါသည်။ နှစ်ပေါင်း ၆၀ ကျော် ကျွန်ဘဝဖြင့်နေခဲ့ရပြီး နှစ်ပေါင်း ၅၀ ကျော် တစ်ပါတီ စနစ် စစ်အုပ်ချုပ်ရေးအောက်တွင် ဘဝကို ရုံးကန်ခဲ့ရသည်။ ယနေ့ ရရှိလာသော အကောင်းဆုံး အခြေအနေအချိန်အခါကို အဆုံးအရှုံးမခံဘဲ ပြည်သူ တစ်ရပ်လုံးလိုလားသည့် ဒီမိုကရေစီစနစ် အောင်မြင်စွာ တည်ဆောက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် လိုအပ်ပါသည်။ စင်ပေါ်မှ ဒီမိုက ရေစီစနစ်နှင့် မကိုက်ညီသူများ ဆင်းပေးဖို့ လိုအပ်သကဲ့သို့ ပြည်သူများကြားထဲမှ သာကူးများကိုလည်း ဖယ်ရှားဖို့ လိုအပ်ပါသည်။

*****************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive