Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၇.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လယ်သမားထုကြီးကြွေးတင်နေပြီ

*****************************************

ဆောင်းပါးကဏ္ဍ

လယ်သမားထုကြီးကြွေးတင်နေပြီ

ခွန်ရွှေတောင်ကြီး

(ဇူလိုင်လ၂၆ရက်နေ့ထုတ် 7Day News ဂျာနယ် အတွဲ (၁၁) အမှတ် (၂၀) မှ ထုတ်ယူဖော်ပြချက်။)

ဒီရာသီဟာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ဦးကြီးလယ်သမားများ လယ်ယာလုပ်ငန်းခွင်ဝင်ရမယ့် လယ်ယာစိုက်ပျိုးရေးစနစ်မရှိဘဲ လယ်သမား တွေက အများဆုံးလို ဖြစ်နေပါတယ်။ စိုက်ပျိုးစရိတ်မပြောနဲ့ ပြီးခဲ့တဲ့ရာသီက အစိုးရဆီကယူထားတဲ့ အမတော်ကြေး ဆန်အထူးပြုကုမ္ပဏီများက ချေးငွေ တွေမဆပ်နိုင်ကြသေးပါဘူး။ အစိုးရရော ဆန်အထူးပြုကုမ္ပဏီတွေပါ။ လယ်သမားတွေဆီက ချေးငွေအဟောင်းမရဘဲနဲ့ မကျသေးဘဲနဲ့ စိုက်ပျိုးစရိတ် ချေးငွေပေးဖို့ အင်အားရှိတော့မှာ မဟုတ်ပါဘူး။

ဘာ့ကြောင့် လယ်သမားအများစု စိုက်စရိတ်ချေးငွေ ပြန်မဆပ်နိုင်ကြတာလဲ။ စပါးရောင်းရငွေကို လောင်းကစားပစ်ကြလို့လား။ အသုံးကြမ်းပြီး အဖြုန်းသာပါနေလို့လား။ တစ်ခုမှမဟုတ်ပါဘူး။ ဒါဆို ကြွေးမဆပ်နိုင်တဲ့အကြောင်းက ဘာလဲ။ ကြိုးစာပမ်းစားစိုက်ပျိုးထုတ်လုပ်ထားတဲ့ စပါးတွေကို ရောင်းချင်တယ်။ ရောင်းလို့ မရဘူး။ စိုက်စရိတ်ကြွေးတွေကို ဆပ်ချင်နေကြတယ်။

ဝယ်သူပေးတဲ့ဈေးနဲ့ ရောင်းချင်တယ်။ ဈေးပဲနှိမ်နှိမ် အရှုံးပဲပေါ်ပေါ် ရောင်းချတယ်။ စပါးဝယ်မယ့်သူမရှိဘူး။ စပါးဝယ်သူတွေ လုံးဝမရှိဖြစ်နေ တာ ဘာဖြစ်လို့လဲ။ ပြည်တွင်းမှာ ဆန်အရောင်း မကြုံဘူးအောင် အေးနေတယ်။ စားသူတွေထုံးစံအတိုင်း ဆိုင်မှာ ဆန်တွေပုံနေပြီဆိုရင် ဆန်ဈေးဆက် ကျနေသေးတယ်။  လိုသလောက်ပဲဝယ်စားတယ်။ ငွေကြေးတတ်နိုင်သူတွေလည်း ဆန်ရှားရိပ်ရှိတဲ့အချိန်တုန်းကလို များများဝယ်မထားကြဘူး။ လိုသ လောက်ပဲ ဝယ်စားကြတယ်။

ပြည်ပဝယ်လိုအား၊ နိုင်ငံခြားဈေးကွက်အနေအထားကတော့ ဘယ်လိုရှိသလဲ။ စပါးပေါ်စက နိုင်ငံခြားဈေးကွက်ကို အစိုးရဖွင့်ဖွင့်ပေးခဲ့တယ်။ ပို့ကုန်အခွန်တွေလည်း လျှော့ပေးတယ်။ ဝယ်သူအသင့်အတင့်ရှိခဲ့တယ်။ ဒါပေမယ့် မကြာလိုက်ပါဘူး။ ဈေးကွက်အခြေအနေက မှန်းဆထားတာနဲ့ ပြောင်းပြန် ဖြစ်သွားပါတယ်။ အရောင်းအဝယ်စာချုပ်ချုပ်ထားတဲ့ နိုင်ငံတွေ အဝယ်ယုတ်သွားကြတယ်။ အရည်အသွေးမမီဘူး။ ဟိုအပြစ်ဒီအပြစ်တွေ လျှောက်ပြောလာကြတယ်။ ဥပမာ- အင်ဒိုနီးရှားဆန် တန်ချိန် ငါးသိန်းဝယ်မယ်။ စာချုပ်ချုပ်ပြီး တန်ချိန် တစ်သိန်းမပြည့်ခင် ဆန်အမျိုးအစားညံ့တယ် ပြောပြီး အဝယ်ရပ်ထားတယ်။ မြန်မာဆန်ကိုဝယ်ယူကြတဲ့ အာဖရိကနိုင်ငံများ ဈေးကွက်ကို တချိန်က ဆန်တင်သွင်းစားသုံးရတဲ့ နိုင်ငံတွေထဲမှာပါဝင်တဲ့ အိန္ဒိယနိုင်ငံဟာ ယခုအခါ ဆန်တင်ပို့ရောင်းချတဲ့နိုင်ငံအဖြစ် ပြောင်းသွားပြီး သူရဲ့အရံဆန်ထဲက ဆန်တန်ချိန်နှစ်သန်းကို အောက်ဈေးနဲ့ ဝင်တိုးတယ်။ မြန်မာ့ဆန်ဈေးကွက် ပျောက်ကွယ်သွားမတတ် ဖြစ်သွားတယ်။ အဲဒါ မြန်မာ့ဆန်ကုမ္ပဏီများ ဆန်အထူးပြုကုမ္ပဏီတွေ စပါးဆက်မဝယ်နိုင်တဲ့  အဓိက အကြောင်းတရားလို့ပဲ မှတ်ယူရမှာ ဖြစ်ပါတယ်။  ဒီလို ဘာကြောင့်ဖြစ်သလဲ။ ဒီနေ့ ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်က ပြည်တွင်းစားသုံးမှုထက် ပိုလျှံလာ တယ်။ ပိုလျှံဆန်ကို ရောင်းဖို့ အပြိုင်အဆိုင် ဈေးကွက်ရှာလာတယ်။ ဆန်ဈေးကိုလည်း ဈေးကွက်ရှာပြီး ရောင်းလာတယ်။ ဆန်ဈေးကိုလည်း အပြိုင် လျှော့ပြီး ရောင်းလာတယ်။

ဒီအခြေအနေမှာ ကျွန်တော်တို့ ကျေးဇူးရှင်လယ်သမားတွေ လက်ထဲမှာကျန်ရှိနေတဲ့ စပါးကို ဘယ်လိုလုပ်ပေးကြမလဲ။ မျှော်လင့်ခြင်းကင်းပြီး ကြွေးတင်လယ်သမားအဖြစ်ဆိုးနဲ့ ပစ်ထားကြတော့မှာလား၊ ဒီလိုပဲပစ်ထားရင် နိုင်ငံတော်အစိုးရ မျှော်မှန်းလုပ်ဆောင်နေတဲ့ပြည်သူများ ဆင်းရဲနွမ်းပါးမှု လျှော့ပါးရေးစီမံချက်ဟာ စာရွက်ပေါ်မှာပဲတင်ကျန်ပြီး လက်တွေ့ဘဝမှာ လယ်သမားဦးကြီးများဟာ ဆင်းရဲတွင်းနက်သထက်နက်ဖို့ ရှိပါတယ်။ သူတို့ တတွေတင်မက လက်လုပ်လက်စားအလုပ်သမများ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ဖို့ရာ အသက်ဆက်နိုင်ဖို့ရာ ကမ္ဘာသုံးဆေးချက် ရှိပါတယ်။ အဲဒီဆေး ချက်က တစ်ခြားမဟုတ်ပါဘူး။ လယ်သမားကြီးလက်ထဲက ကျန်ရှိတဲ့ ပိုလျှံစပါးကို လယ်သမားတွေ လယ်လုပ်စားရိတ်လောက် ပြန်ကာမိတဲ့ဈေးနဲ့ အစိုးရ ဝယ်ယူသိမ်းဆည်းပေးတဲ့ ဆေးချက်ပဲ ဖြစ်ပါတယ်။ လယ်သမားတွေလက်ထဲမှာ ခံနေ၊ ကျန်နေတဲ့ စပါးတွေ ရောင်းရမှ အစိုးရကြွေး ဆန်အထူးပြုကုမ္ပဏီ ကြွေးတို့ ဆပ်နိုင်မှာဖြစ်ပါတယ်။ ဒီနှစ်အတွက် လယ်ယာစရိတ်လည်း ထွက်လာမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ သမ္မတကနေ ဒီလက်ထက်ကရာသီဥတု ညီညွတ်မျှတတဲ့အတွက် ဂျုံအကြီးအကျယ် ရခဲ့တယ်။ အထွက်ကောင်း အထွက် တိုးဂျုံတွေကို ဂျုံရောင်းဝယ်ရေးကုမ္ပဏီကြီးတွေ ကုန်အောင်မသိမ်းနိုင်ခဲ့ဘူး။ နိုင်ငံခြားဈေးကွက်မှာလည်း ဈေးတွေကျနေတယ်။ ဂျုံဈေးအဆမတန်ကျပြီး အမေရိကန်လယ်သမားတွေ စီးပွားပျက်မယ့်အခြေအနေ စိုက်ခဲ့ပါတယ်။ ကနေဒီအစိုးရက နိုင်ငံခြားဂျုံတင်ပို့တဲ့ ကုမ္ပဏီကို ရုရှားစတဲ့ ကွန်မြူနစ်နိုင်ငံ တွေကို တောင်တင်ပို့ခွင့်ပေးခဲ့တယ်။ ကုမ္ပဏီတွေက အနိမ့်ဈေးနဲ့ ထုတ်ရောင်းတယ်။ အရှုံးခံပြီးရောင်းလိုက်တယ်။ အကြီးအကျယ်ပိုလျှံနေတဲ့ ဂျုံထွက်ဖို့ က အဓိကကျတယ်မဟုတ်လား။ ကုမ္ပဏီတွေအရှုံးကို အစိုရက ကျခံပေးလိုက်တယ်။ ကျွန်တော်တို့လည်း အဲဒီလမ်းအိုကို မဖြစ်မနေ လိုက်ရမယ့် အခြေအ နေရောက်နေပြီလို့ ယူဆပါတယ်။ တနည်းအားဖြင့် လယ်သမားဦးကြီးအများစု အကြွေးတင်နေပြီ ရှင်ဘုရင်အစိုးရက ဆပ်ပေးလိုက်ဖို့ ဖြစ်ပါတယ်။

လယ်သမားတွေရဲ့ကြွေး ရှင်ဘုရင်ဆပ်လိုက်ပြီလို့ ဆိုကြပါစို့။ နောက်တစ်ကြိမ် ထပ်မဆပ်ရအောင်၊ နောက်ဆုံး အသက်ကယ်ဆေး ထပ်မပေး ရအောင် ကြွေးတင်ရောဂါ ထပ်မဖြစ်ရအောင် ရောဂါဖြစ်စေတဲ့ အကြောင်းတရားတွေကို ဝေးဝေးရှောင်ကြရပါလိမ့်မယ်။ စပါးအထွက်တိုးစီမံကိန်းချပြီး ဈေးကွက်မရှာတာ၊ စပါးပြီးစပါးဆိုပြီး စပါးသီးနှံတစ်မျိုးတည်းကိုပဲ စိုက်ပျိုးလုပ်ကိုင်နေတာမျိုးကို ရှောင်ပြီး သီးနှံအမယ်စုံ စိုက်ပျိုးရပါမယ်။ ပို့ကုန် ဈေးကွက် ခိုင်မာတဲ့သီးနှံတွေကို အဓိက စိုက်ပျိုးရပါမယ်။ ဆန်ဈေးကွက်ထဲကို အိန္ဒိယနိုင်ငံဝင်လာတာနဲ့ ဈေးကွက်ကမောက်ကမ ဖြစ်နေပြီ၊ တရုတ် နိုင်ငံလည်း စပါးကိုအများဆုံး စိုက်ပျိုးတဲ့ နိုင်ငံကြီးတစ်နိုင်ငံပါ။

တရုတ်နိုင်ငံလည်း ဒီဈေးကွက်ဝင်လာရင် ဈေးကွက်က ကျဉ်းသထက်ကျဉ်းပြီး ကမ္ဘာ့ဆန်ဈေးလည်း အောက်ကြမ်းပြင်အထိ ဆင်းသွားနိုင်ပါ တယ်။

ကမ္ဘာစပါးစိုက်ပျိုးထုတ်လုပ်မှုဟာ တဖြည်းဖြည်းတက်လာလိုက်တာ ၁၉၆၀ခုနှစ်မှာ စပါးတန်ချိန် သန်း ၂၀၀ကျော်ကနေ ၂၀၀၉ခုနှစ်မှာ တန် ချိန် သန်း ၉၇၈အထိ တက်လာခဲ့ပါတယ်။ နှစ် ၅၀လောက်မှာ ဆန်စပါးထုတ်လုပ်မှုနှုန်းက ၃ဆကျော်တက်လာတဲ့ အနေအထားဖြစ်ပါတယ်။ ဆန်စားသုံး သူဦးရေက အဲဒီနှုန်းအတိုင်း တက်မလာပါဘူး။ စားသုံးမှုထက် ထုတ်လုပ်မှုက ပိုလျှံနေပြီဆိုတဲ့သဘော ဖြစ်ပါတယ်။

ဆန်တင်သွင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း ဒီ ၂၀၁၂ခုနှစ်မှာ ဆန်တန်ချိန် တစ်သိန်း တင်သွင်းဦးမှာဖြစ်ပေမယ့် လာမယ့်နှစ် တွေမှာ သူလည်း ဆန်ကို တင်ပို့ရောင်းချလိမ့်မယ်လို့ ကြွေးကြော်နေပါပြီ။

စပါးအထွက်စံချိန်တင်တဲ့ မျိုးတွေကလည်း တစ်မယ်ပြီးတစ်မယ် ထွက်လာနေတယ်။ ဖိလစ်ပိုင်နိုင်ငံအခြေစိုက်တဲ့ ကမ္ဘာဆန်အထွက်တိုးမျိုး သုတေသနက ထုတ်ပေးတဲ့ စကူဘာ (Scuba) မျိုးနဲ့ ၂၀၀၉ခုနှစ်ကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက စိုက်လိုက်ပါတယ်။ အထွက် ၅၀ရာခိုင်နှုန်းတိုးပြီး ဘင်္ဂလီ လယ်သမားတွေ တပြုံးပြုံး ဖြစ်နေကြတယ်တဲ့။

ဆန်စားသုံးမှုအပိုင်းမှာတော့ လျော့ကျလာတယ်။ ယနေ့မြို့နဲ့တော့ လူဦးရေဖြန့်ကျက်မှုမှာ တောနေလူဦးရေက လျော့ကျပြီး မြို့ပြတွေမှာ အဆမတန်တိုးလာတယ်။ ဆန်စားသုံးတဲ့ နိုင်ငံတွေမှာ တောနေပြည်သူတွေက ဆန်ကို အားပြုစားသုံးကြပေမယ့် မြို့ပြနေမြို့သားတွေကျတော့ ဆန်ကို လျှော့စားလာကြတယ်။ ထမင်းများများစားရင် တောသားစရိုက်မပျောက်သေးဘူးဆိုတဲ့ အယူအဆကိုတောင် လက်ခံလာကြတယ်။ ကျန်းမာရေးအယူ အဆတစ်မျိုးကလည်း ပေါ်လာတယ်။ ထမင်းများများစားရင် ဆီးချိုရောဂါ ဖြစ်နိုင်ချေများတယ်တဲ့။ ဒီအကြောင်းကြောင့် ဗီယက်နမ်နဲ့ အင်ဒိုနီးရှား စတဲ့နိုင် ငံတွေမှာ ၇ရက်တစ်ပတ်မှာတစ်ရက်ထမင်းမစားဘဲ အခြားအစားအသောက်တွေကို စားသုံးတာတွေ ရှိလာတယ်။

ဗီယက်နမ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ကို ထမင်းမစားနေ့လို့ စတင်သတ်မှတ်နေပါပြီ၊ ဆိုလိုတာက စပါးအထွက်တိုးလာတယ်။ စပါးပိုလျှံနိုင်ငံတွေလည်း တိုးတိုးလာတယ်။ ဆန်စားသုံးတဲ့အပိုင်း လျော့ကျလာတယ်။

ဒါ့ကြောင့်မို့ စိုက်ပျိုးရေးအဓိကထားတဲ့ နိုင်ငံအဖြစ်ကနေပြီး စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံဖြစ်အောင် ရည်မှန်းချက်ထားလုပ်ကိုင်သွားဖို့လည်း လိုအပ်ပါ တယ်။ ယနေ့ ကမ္ဘာရာသီဥတုက အပြောင်းအလဲကြီး ပြောင်းလဲနေပါတယ်။ မိုးများလွန်းတာ မိုးနည်းလွန်းတာ၊ အေးလွန်းတာ ပူလွန်းတာတွေဖြစ်နေတဲ့ ရာသီဥတုအခြေအနေမှာ စိုက်ပျိုးရေးသမားတွေက အဖြစ်ထက် အပျက်က များနေတယ်။ စိုက်ပျိုးရေးကိုပဲ အဓိကထား လုပ်ကိုင်နေရင် နိုင်ငံအနေနဲ့ အထွေထွေ ဆင်ရဲတွင်းက ရုန်းထွကနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့နိုင်ငံအနေနဲ့ စပါးတစ်မယ်တည်းမဟုတ်ဘဲ သီးနှံစုံစိုက်ပျိုးရေး၊ စိုက်ပျိုး ရေးနိုင်ငံကနေ စက်မှုနိုင်ငံဖြစ်ရေးမျှော်မှန်းရင်း လက်ကျန် ပိုလျှံစပါးရောင်းဝယ်ရေးစီမံချက်ချပြီး ကျင်းပဆဲလွှတ်တော်မှာ “အရေးပေါ်ဘတ်ဂျတ်” တောင်းခံပြီး လယ်သမားကြွေးကို ရှင်ဘုရင်ဆပ်ပါတော့လို့ ဆန္ဒပြုလိုက်ပါတယ်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၇.၇.၂၀၁၂

ပြည်တွင်းသတင်းများ

  1. ကင်တာနား၏ ခြောက်ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် စတင်မည်
  2. ကာတွန်းလက်ရာနှစ်ခုကို ဆင်ဆာလုပ်၍ ပြပွဲကျင်းပခွင့်ပေး

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဦးအောင်သိန်းလင်းအား မကျေနပ်သဖြင့် ပြည်သူတစ်ချို့  ဆန္ဒပြရန် စီစဉ်လျက်ရှိ
  1. လွှတ်တော်က လယ်သမားများ၏ နစ်နာမှုအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့မည်
  2. ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးအဖွဲ့မှာ "ဗကသ"မဟုတ်ကြောင်း ဒီငြိမ်းလင်းဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*************************

ပြည်တွင်းသတင်းများ

ကင်တာနား၏ ခြောက်ကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ် စတင်မည်

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများ၊ လူမျိုးရေးပဋိပက္ခများကိုလေ့လာရန် ကုလသမဂ္ဂ၏  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စတာကင်တားနားသည့် ဇူလိုင် ၃၀ ရက်မှ သြဂုတ်လ ၄ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

သူ၏ခရီးစဉ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ လူမှုရေး၊ အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများကို တွေ့ ဆုံရန်ရှိကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"ရခိုင်ပြည်နယ်အရေးတွေ၊ ကချင်ပြည်နယ်အရေးတွေကို အထူး လေ့လာသုံးသပ်ဖို့ ရောက်လာတာလို့ ထင်တယ်"ဟု နိုင်ငံရေးလေ့လာအကဲ ဖြတ်သူတစ်ဦးက ပြောကြားသည်။

မစ္စတာသောမတ်ကင်တားနားသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများကို လေ့လာသုံးသပ်ရန် အဓိက တာဝန် ရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရန် အဓိက တွန်းအားပေးခဲ့သူတစ်ဦး ဖြစ်သည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

ကာတွန်းလက်ရာနှစ်ခုကို ဆင်ဆာလုပ်၍ ပြပွဲကျင်းပခွင့်ပေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တည်ထောင်ထားသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား လှူဒါန်းရန် ရည် ရွယ်ပြုလုပ်သည့် ကာတွန်းကွန်ရက်၏ပြပွဲတွင် ပြသမည့် ကာတွန်းလက်ရာနှစ်ခုအား စာပေစိစစ်ရေးက ဆင်ဆာပြုလုပ်ခဲ့ကြောင်း ပြပွဲတာဝန်ရှိသူများ က ထုတ်ဖော်ပြောကြားသည်။

"ကာတွန်းရွှေဘိုနဲ့ ကာတွန်းအာယုတို့ရဲ့ လက်ရှိတရားရေးစနစ်၊ ဆင်ဆာစနစ်ကိုဝေဖန်တဲ့ ကားတွန်းနှစ်ကွက်ကို ပြသခွင့် ပိတ်ပင်ခဲ့ပါ တယ်"ဟု Cartoon Network Myanmar မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကာတွန်းဆရာ ၇၂ ဦး၏ ကာတွန်းလက်ရာ ၁၆၀ ကျော်ကို ပန်းဆိုးတန်းရှိ လောကနတ်ပန်းချီပြခန်းတွင် ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၂၉ ရက်အထိ ပြသထားမည်ဖြစ်ကာ ရရှိသည့် ရောင်းရငွေထဲမှ တစ်ဝက်ကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကာတွန်းလက်ရာများပြုလုပ်၍ ပရဟိတအဖွဲ့အစည်းသို့ လှူဒါန်းသည့်အစီအစဉ်မှာ ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး၊ ကျေးလက်ဒေသ ဖွံဖြိုးရေးကို အဓိကလုပ်ကိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

အောင်စည်

        *************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဦးအောင်သိန်းလင်းအား မကျေနပ်သဖြင့် ပြည်သူတစ်ချို့  ဆန္ဒပြရန် စီစဉ်လျက်ရှိ

ပြည်သူများ၏ မြစ်ဆုံကိစ္စပေါ် ထင်မြင်ယူဆခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားမီဒီယာတစ်ခုနှင့် အင်တာဗျူးတစ်ခုတွင် ဝေဖန်ပြောကြားမှုကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ အင်တာနက်စာမျက်နှာများနှင့် ပြည်တွင်းမီဒီယာတို့၏ သတင်းစာမျက်နှာဖုံးများတွင် ဖော်ပြဝေဖန်ခံခဲ့ရသည့် တောင် ဥက္ကလာပမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းအား ဇူလိုင်လ ၃၁ရက်နေ့၌ ဆန္ဒပြမှုများပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း အဆိုပါဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်သူတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

"မီဒီယာဆိုတာ ပြည်သူကို ထိခိုက်တာပဲဖြစ်ဖြစ် တိုင်းပြည်ကိုထိခိုက်တာပဲဖြစ်ဖြစ် အော်စရာရှိရင်တော့ အော်မယ်၊ ပြောစရာရှိရင် ပြောမှာပဲ။ ဒီကိစ္စကလည်း ပြည်သူကို မထီမဲ့မင်ပြုမူပြောဆိုတဲ့အတွက် မီဒီယာကအော်တာ အော်သင့်ပါတယ်။ ပြည်သူ့လွှတ်တော်အမတ်ဖြစ်နေတဲ့အတွက်လည်း ပိုတောင်ပြောရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့ရဲ့ဆန္ဒမဲနဲ့ ပြည်သူ့လွှတ်တော်အမတ်တစ်ဦးဖြစ်နေတဲ့အတွက် ဖြစ်ပါတယ်"ဟု ရန်ကုန်မြို့ တောင် ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦး က ပြောကြားသည်။

ယင်းသို့ ဆန္ဒပြလှုပ်ရှားမှုအား မန္တလေးတိုင်း၊ ပခုက္ကူ၊ ပြည်မြို့နှင့် ပေါင်းတည်မြို့များ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါ ဆန္ဒပြလှုပ်ရှားရန်အတွက် သက်ဆိုင်ရာသို့ တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။

"ဒါက မဲပေးတဲ့ ပြည်သူကို မလေးစားရာရောက်တယ်လို့ ပြောလို့ရတယ်။ အဲဒါကြောင့် အခုလိုဆန္ဒပြတာတွေ ပြုလုပ်မှာပါ။ ဆန္ဒပြဖို့အတွက် လည်း သက်ဆိုင်ရာကို ကြိုတင်ပြီးသွားပါပြီ။ ဒီလ ၃၁ ရက်နေ့ ဆန္ဒပြလှုပ်ရှားမှာပါ။ ဒါက လုံးဝမဖြစ်သင့်ဘူးလို့ထင်လို့ အခုလို လုပ်ရမှာပါ"ဟု ၎င်းက ဆိုသည်။

ပြည်တွင်းသတင်းမီဒီယာများ၏ စာမျက်နှာအရှေ့ဆုံးပိုင်းတွင် ဖော်ပြဝေဖန်ခံရသည့် ကိစ္စရပ်နှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးမှ ယင်းပြောကြား ချက်သည် ပါတီနှင့် လုံးဝမသက်ဆိုင်ကြောင်းနှင့် ပါတီ၏သဘောတရား လုံးဝမပါဝင် မပတ်သက်ကြောင်း ပြည်တွင်း မီဒီယာစာမျက်နှာများ၌ ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

"ဒီကိစ္စကို ပြည်သူလူထုက မကျေနပ်လို့ ထုတ်ဖော်ဆန္ဒပြတယ်ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သိပ်မသိလို့လို့ ထင်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြမယ့်အစား အခြေခံဥပဒေရဲ့ နိုင်ငံသားတွေရဲ့ မူလအခွင့်အရေးနဲ့ ပတ်သက်ပြီး မူလမဲဆန္ဒနယ်က မဲဆန္ဒရှင် ၀.၁ ရာခိုင်နှုန်းနဲ့ တာဝန်ကနေ ရပ်ဆိုင်းခွင့် လျှောက်လို့ရတယ်ဆိုတာကိုမသိလို့ အခုလို အန္တရာယ်ရှိတဲ့ပုံစံနဲ့ လုပ်တာ။ ဥပဒေပြဋ္ဌာန်းချက်အတိုင်းလုပ်ရင် ဘယ်သူမှ ထိခိုက်စရာမရှိဘူး"ဟု ပြည် တွင်းနိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပြောကြားသည်။

နိုင်ငံသားအခွင့်အရေးနှင့် ပတ်သက်၍ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန် များဆိုသည့်ကဏ္ဍတွင် ပုဒ်မ ၃၆၉ (ခ)အရ သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှ ပြန်လည်ရုပ်သိမ်းခွင့်ရှိသည်ဆိုသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် ပတ်သက်၍ ထည့်သွင်းဖော်ပြထားသည်။

ယင်းသို့ ဆန္ဒဖော်ထုတ်ခြင်းများ ဖြစ်ရသည့် အဓိကအကြောင်းအရင်းသည် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်အမတ်ဖြစ်သည့် ဦးအောင်သိန်းလင်းသည် နိုင်ငံခြားသတင်မီဒီယာတစ်ခုနှင့် အင်တာဗျူး၌ မြစ်ဆုံဆည်ကိစ္စနှင့် ပတ်သက်၍ ပြည်သူများ၏ သဘောထား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ကော့မှူးမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ပေါ် ပြည်သူများ၏ ယုံကြည်မှုသဘောထားချက်များအား မထီမဲ့မြင်ပြစ်တင်ပြောဆိုမှုများကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

ထို့ပြင် ၎င်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ပါတီအဖွဲ့ဝင်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိကာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အမတ်တစ်ဦးအဖြစ် လွှတ်တော်၌ ပါဝင်ခဲ့ကြောင်းသိရပြီး ယင်းအချိန်၌ တောင်ဥက္ကလာပမြို့နယ်တွင် "လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း" အမည်ဖြင့် နာမည်ကြီးခဲ့သူတစ်ဦးဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

လွှတ်တော်က လယ်သမားများ၏ နစ်နာမှုအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့မည်

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ လယ်သမားများ ကြုံတွေ့နေရသည့် နစ်နာမှုများကို ပြေလည်စွာဖြေရှင်းနိုင်ရန် ရည်ရွယ်၍ တောင်သူလယ်သမား တို့၏ နစ်နာမှုအတွက်စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန်ကိုဇူလိုင် ၂၆ ရက်နေ့က ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ၏ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကိုယ်စားလှယ် (ဝန်ကြီးဟောင်း) ဦးတင်ထွဋ် တင် သွင်းသည့် လယ်ယာမြေတွေသိမ်းဆည်းခံရခြင်းကိစ္စရပ်နဲ့ ပတ်သက်ပြီး စုံစမ်းလေ့လာဖော်ထုတ်ရန်နှင့် တောင်သူလယ်သမားတွေ နစ်နာမှုမရှိစေရေး ကို တရားမျှတစွာဖြေရှင်းပေးဖို့ အဆိုကို လွှတ်တော်ကိုယ်စားလှယ် ၄၆ ဦးက ဝင်ရောက် ဆွေးနွေးခဲ့ကြောင်းသိရသည်။

"ကျွန်တော့်အဆိုနဲ့ ပက်သက်ပြီး စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ  ထောက်ခံမဲ (၃၉၅)မဲ ကန့်ကွက်မဲ (၁၇၆) မဲနဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ဘက်က နိုင်သွားတယ်"ဟု ၎င်းက ရန်ကုန်ခရော်နီကယ်သို့ ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ ကော်မရှင်ဖွဲ့စည်းပါက ပြင်ပမှ ကျွမ်းကျင်ပညာရှင်များအား ထည့်သွင်း ဖွဲ့စည်းရမည်ဖြစ်သည့် အတွက် လွှတ်တော်စတုတ္ထအကြိမ် အစည်းအဝေး ပြီးဆုံးမည့် ကာလနီးကပ်မှသာ အကောင်အထည်ဖော်နိုင်ကြောင်း လွှတ်တော်ရေးရာကိစ္စရပ်များကို စောင့်ကြည့်နေသူတစ်ဦးက သုံးသပ်သည်။

"ဘာပဲဖြစ်ဖြစ် လယ်သမားတွေအတွက် လွှတ်တော်က ဒီလိုလုပ်ပေးတာကို ကြိုဆိုတယ်၊ သူတို့ဘယ်လောက် လုပ်နိုင်မယ်ဆိုတာကို စောင့် ကြည့်ရဦးမယ်"ဟု လယ်သမားအခွင့်အရေးတိုက်ပွဲများတွင် ဦးဆောင်တိုက်ပွဲဝင်နေသူတစ်ဦးဖြစ်သည့် ရှေ့နေ ဦးရန်နိုင်အောင်(ခ)ဦးဖိုးဖြူက ဆိုသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ လယ်သမားများ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်သည့် လယ်ယာမြေများကို ယခင်တပ်မတော် အစိုးရလက်ထက်က ရေနက်ကွင်းစီမံကိန်းများ၊ စက်မှုဇုန်စီမံကိန်းများ၊ တည်ဆောက်ပြုပြင် မြန်ပြည်တခွင် စီမံကိန်းများအကြောင်းပြု၍ သိမ်းယူခဲ့ကြပြီး၊ ယခုအစိုးရ လက်ထက်တွင် အစိုးရနှင့်နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်ကြီးများက တစ်ပတ်လှည့် သိမ်းယူလျက်ရှိသည်။

အောင်စည်

-----------------------------------------------------------------------------------------------------------------------------------

ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးအဖွဲ့မှာ "ဗကသ"မဟုတ်ကြောင်း ဒီငြိမ်းလင်းဆို

မြန်မာတစ်နိုင်ငံလုံးရှိတက္ကသိုလ်များတွင် ကျောင်းသားသမဂ္ဂများပေါ်ပေါက်အောင် လှုပ်ရှားနေသည့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး အဖွဲ့မှာ ပြည်သူများအကြားတွင် နှုတ်ကျိုးနေသည့် "ဗကသ"မဟုတ်ကြောင်း ယင်းအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေသည့် ကိုဒီငြိမ်းလင်း က ဆိုသည်။

"ကျွန်တော်တို့အဖွဲ့က ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီပါ။ ဗကသမဟုတ်ပါဘူး"ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

အကျဉ်းထောင်မှ လွတ်မြောက်လာအပြီးတွင် ကျောင်းသားသမဂ္ဂများပေါ်ပေါက်ရန် ဦးတည်လှုပ်ရှားခဲ့သော်လည်း တစ်ချို့သောအဖွဲ့ဝင်များ နှင့် သဘောထားတိုက်ဆိုင်ခြင်းမရှိသဖြင့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေးကော်မတီကို ကိုစည်သူမောင်၊ ကိုရဲမင်းဦး၊ ကိုရဲမြတ်ဟိန်းစသည့် ရဲဘော်ရဲဘက်များနှင့် လက်တွဲဖွဲ့စည်းခဲ့ကြောင်းကို ဒီငြိမ်းလင်းက ပြောသည်။

"ကျွန်တော်တို့ အဖွဲ့ဖွဲ့ကြတော့ ဗဟိုကော်မတီဝင်  လေး ငါးယောက်ပဲ ပါလာတယ်။ ကျွန်တော်တို့ လုပ်နိုင်သလောက် အင်အားနဲ့ လုပ်လာကြ တာ အခုဆို ကျောင်းသားသမဂ္ဂ ၂၀ နီးပါးဖွဲ့စည်းဖြစ်ခဲ့ပြီ"ဟု ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်သူ ကိုစည်သူမောင်က ဆိုသည်။

ကျောင်းသားထုကိုအခြေခံနိုင်သည့် သမဂ္ဂအဖွဲ့အစည်းများတွင် ဗကသများအဖွဲ့ချုပ်နှင့် ကျောင်းသားသမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ ဟူ၍ နှစ်ဖွဲ့ကွဲကာ လှုပ်ရှားမှုများကို အပြိုင် ဆောင်ရွက်နေကြသည်။

အောင်စည်

**************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ပါတီတစ်ခုတည်းကို မဲပေးမယ်ဆိုရင် ဘယ်တော့မှ တိုင်းပြည်တည်ဆောက်နိုင်မှာမဟုတ်ဘူး။ အရည်အသွေးရှိတဲ့လူ၊ ကိုယ့်ဒေသကို လုပ်ပေးနိုင်တဲ့သူ  နိုင်ငံတည်ဆောက်ရေးမှာ ဒီမိုကရေစီလမ်းကြောင်းကို ကောင်းကောင်း တည်ဆောက်နိုင်မယ့်လူတွေကို ရွေးချယ်တတ်ဖို့  လိုလာပြီလို့ ကျွန်တော်မြင် တယ်။ သင်္ဃန်းကျွန်းက ဦးသိန်းညွန့်ကို ကျွန်တော်ကြိုက်တယ်၊ ကော့မှူးက ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော်ကြိုက်တယ်၊ ကွာလတီရှိတဲ့လူတွေ ပေါ့။ ဒီလူတွေဟာ လွှတ်တော်ထဲမှာ ဥပဒေပြုဖို့ ဘယ်သူ့မျက်နှာမှမထောက်ပဲ မှန်တာတွေ ပြောတယ် ဒီလိုလူတွေကို ရွေးချယ်ဖို့လိုတယ်။

ဇူလိုင် ၂၇ရက်နေ့ထုတ် News Watch ဂျာနယ် အတွဲ (၇) အမှတ် (၅၆) တွင်ပါရှိသည့် “နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမည့် ၁၉၉၀ ပြည့်ကာလက အနိုင်ရပါတီများအပါအဝင် ပါတီ ၁၄ခုနှင့် ဝန်ကြီးနှစ်ဦး ကနဦးတွေ့ဆုံမှု” သတင်းမှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------------

၈၈အနေနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးကို ပိုပြီးလုပ်သင့်တယ်လို့ မြင်တယ်။ လွှတ်တော်တွင်းနိုင်ငံရေးကို လွှတ် တော်အမတ်တွေ လုပ်ကြလိမ့်မယ်။ အဲဒီအပေါ်မှာ လွှတ်တော်ပြင်ပကနေ ကူညီပေးနိုင်ရမယ်။ လွှတ်တော်ပြင်ပနိုင်ငံရေးက အားကောင်းတယ်ဆိုရင် စည်းရုံးလို့ရမယ်။ ဆွဲဆောင်လို့ရ မယ်။၂၀၁၅ နောက်ပိုင်းမှာ ၂၀၀၈ဖွဲ့ စည်းပုံကိုပြင်ဖို့ ပိုသေချာမယ်။

ဇူလိုင် ၂၇ရက်နေ့ထုတ် Unity ဂျာနယ် အတွဲ (၁) အမှတ် (၁၈) တွင်ပါရှိသည့် “၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကိုမင်းဇေယျာနှင့် တွေ့ဆုံခြင်း”အင်တာဗျူးမှ ကိုမင်းဇေယျာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

နိုင်ငံတစ်နိုင်ငံက တစ်နိုင်ငံအပေါ် သြဇာလွှမ်းမိုးဖို့ဆိုတာ တော်တော်ခက်ပါတယ်။ နိုင်ငံမပြောနဲ့ ကျွန်တော်တို့လို အဖွဲ့အစည်းကိုတောင် သြဇာသက် ရောက်ဖို့ ခက်ခဲပါတယ်။

ဇူလိုင် ၂၇ရက်နေ့ထုတ် Unity ဂျာနယ် အတွဲ (၁) အမှတ် (၁၈) တွင်ပါရှိသည့် “ကချင်ဒေသငြိမ်းချမ်းရေး နှောင့်နှေးနေမှု တရုတ်နှင့်မဆိုင်ဟု ကေအိုင် အေ ဗိုလ်မှူးချုပ်ဂွမ်မော် ပြောကြား” သတင်းမှ ဗိုလ်မှူးချုပ်ဂွမ်မော်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

**************************

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive